နဝမနယ်ပယ်၏ ပုံရိပ်ယောင်ကို သုတ်သင်ခြင်း
Vol. 10 Ch. 122
နဝမနယ်ပယ်ရှိ သိုင်းအရှင်သခင်ကြီး နှစ်ဦးနှင့် စောစီးစွာ ထိပ်တိုက်ရင်ဆိုင်ရခြင်းမှာ လီယွမ်၏ ရည်ရွယ်ချက် မဟုတ်ခဲ့သည်မှာ သေချာလှသည်။
‘ဒီနည်းလမ်း တစ်ခုပဲ ရှိတော့တယ်’
အဆက်မပြတ် ကျရောက်နေသော တိုက်ကွက်များကြောင့် ဆန်းကြယ်ပုံရိပ်ကူကောင်၏ စွမ်းအားများမှာ တဖြည်းဖြည်း တိုက်စားခြင်း ခံနေရသဖြင့် လီယွမ်အနေဖြင့် ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်ရတော့၏။
“သိုင်းလမ်းစဉ် ကောင်းကင်ဖြစ်စဉ်”
လီယွမ်နှင့် ဓားနတ်သမီးတို့မှာ တစ်ဦးနှင့်တစ်ဦး တွဲဖက်ညီသွားကြပြီး ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို နားလည်သဘောပေါက်သွားကြသည်။ သူတို့၏ နောက်ကွယ်တွင် တိမ်တိုက်များနှင့် မြူခိုးများမှာ လိပ်တက်လာခဲ့ပြီး ထူးခြားလှသော နတ်အငွေ့အသက်များနှင့်အတူ ဧရာမ နတ်သမီးပုံရိပ်ကြီး တစ်ခုမှာ ကောင်းကင်ယံမှ သက်ဆင်းလာခဲ့တော့၏။
“ဓား... လာစမ်း”
လီယွမ်သည် ဓားမည်းကြီးကို သူ၏ ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်စွဲလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားကျောရိုးတစ်လျှောက် ညင်သာစွာ ပွတ်ဆွဲလိုက်သည်။
သူ၏ နောက်ကွယ်ရှိ နတ်သမီးပုံရိပ်ကြီးမှာလည်း မြူခိုးများအတွင်း၌ အသင့်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်၌ လီယွမ်၏ ဟန်ပန်မှာ လုံးဝ ပြောင်းလဲသွားခဲ့တော့၏။ သူသည် မိမိ၏ အရည်အချင်းများကို ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ ထက်မြက်လှသော ဓားတစ်လက်နှယ် မာန်အပြည့်ဖြင့် ရှိနေတော့၏။
ဓားချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး လေနှင့် တိမ်တိုက်များမှာလည်း လှိုင်းထလာခဲ့လေပြီ။
“ခုတ်ပိုင်းမယ်”
သိုင်းသူတော်စင် နယ်ပယ်၏ စွမ်းအားဖြစ်သော ကောင်းကင်ဖြစ်စဉ်မှာ ယခုအခါ အဆင့် (၇) ကူသခင် လီယွမ်၏ လက်ထဲတွင် ပိုမို ရဲတင်းပြီး ပြင်းထန်လှသော အရှိန်အဝါများဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့၏။
“ဝှီး”
ဓားတစ်ချက် အဝှေ့တွင် တောက်လောင်နေသော နေမင်းကြီးနှင့် နှင်းပွင့်ကြွေများမှာ တောင်တန်း၏ ဘေးတစ်ဖက်တစ်ချက်တွင် တစ်ပြိုင်နက်တည်း ထင်ဟပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အညစ်အကြေးကင်းစင်သည့် ဓားမည်းကြီးမှာ ညဇီးကွက်ဘုရင်၏ ပုံရိပ်ရှေ့သို့ ရောက်ရှိသွားခဲ့တော့၏။ ညဇီးကွက်ဘုရင်ကမူ လက်သီးနှစ်ဖက်ကို အစွမ်းကုန် ပစ်လွှတ်လိုက်ပြီး ရွှေနဂါးဟောက်သံနှင့်အတူ လီယွမ်၏ ဓားချက်အား ရှေ့သို့ ဆက်မတိုးနိုင်အောင် ဟန့်တားထားသည်။
ထူးခြားလှသော ကောင်းကင်ဖြစ်စဉ် နှစ်ခုမှာ လေထုအတွင်း၌ အဆက်မပြတ် ရိုက်ခတ်နေကြတော့၏။ ညဇီးကွက်ဘုရင်၏ သိုင်းပညာ အနှစ်သာရမှာ လီယွမ် ထင်ထားသည်ထက် များစွာ ပိုမို ကိုင်တွယ်ရ ခက်ခဲလှသည်။
“ဓားနတ်သမီး... ကောင်းကင်ဖြစ်စဉ် အသင်္ချေဓားသိုင်းကို သုံး”
တာ့ယန်တော်ဝင်မိသားစု၏ အထွတ်အထိပ် သိုင်းပညာ သုံးမျိုးအနက် ကောင်းကင်ဖြစ်စဉ် အသင်္ချေဓားသိုင်းမှာ အရှုပ်ထွေးဆုံး ဖြစ်သည်မှာ သေချာလှသည်။
၎င်းက ကောင်းကင်တုန်ခါ နတ်လက်သီးသိုင်းမှတစ်ဆင့် ဆင့်ပွား ဖန်တီးထားသည် မဟုတ်ပါလော။
ဓားနတ်သမီးက ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ဓားကွက်များကို ပြောင်းလဲလိုက်၏။
ကောင်းကင်ဖြစ်စဉ် အသင်္ချေဓားသိုင်းမှာ စိတ်နှလုံးနှင့်အညီ လှုပ်ရှားပြီး စိတ်ဆန္ဒအတိုင်း လိုက်ပါစီးဆင်းခြင်း ဖြစ်ရာ စိတ်အခြေအနေမှာ အလွန်ပင် အရေးကြီးလှသည်။ သီအိုရီအရဆိုလျှင် ၎င်းသည် စိတ်အာရုံဖြင့် ဓားကွက်များကို အဆက်မပြတ် တွက်ချက်ဖော်ထုတ်နိုင်ပြီး မည်သည့် တိုက်ပွဲနှင့်မဆို လိုက်လျောညီထွေ ရှိကာ လောကရှိ ရန်သူအားလုံးကို နှိမ်နင်းနိုင်စွမ်း ရှိ၏။
လောကရှိ အရာရာတိုင်းတွင် ၎င်းနှင့် ဆန့်ကျင်ဘက် အရာများ ရှိနေသလို နည်းစနစ်တိုင်းတွင်လည်း ၎င်းအား ပြန်လည် တုံ့ပြန်နိုင်မည့် နည်းလမ်းများ ရှိနေသည်သာ။
သို့သော်လည်း ကောင်းကင်ဖြစ်စဉ် အသင်္ချေဓားသိုင်းမှာမူ တစ်ဖက်လူ၏ နည်းစနစ်ကို အမြဲတမ်း ပြန်လည် နှိမ်နင်းနိုင်သည့် နည်းလမ်းအဖြစ် အသွင်ပြောင်းလဲနိုင်သည်။
‘ညဇီးကွက်ဘုရင်... မင်းက ဒီခေတ်ရဲ့ ထိပ်သီး သိုင်းအရှင်သခင် ဖြစ်နေရင်တောင်မှ... အခုက အသိဉာဏ်မရှိတဲ့ ပုံရိပ်ယောင် တစ်ခုပဲလေ.. ငါ မင်းကို သေချာပေါက် ဖျက်ဆီးပစ်မယ်’
လီယွမ်သည် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်ပြီး သူ၏ စိတ်ထဲရှိ ညဇီးကွက်ဘုရင်အပေါ် ကြောက်ရွံ့နေမှုများကို အတင်းအကြပ် မောင်းထုတ်ပစ်လိုက်သည်။
သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့၏။
သူ့ကို နှိမ်နင်းရမယ်.. သူ့ကို လဲကျသွားအောင် လုပ်ရမယ်..
“ခုတ်ပိုင်းစမ်း.. ခုတ်ပိုင်းစမ်း.. ခုတ်ပိုင်းစမ်း..”
သို့သော်လည်း သူသည် ညဇီးကွက်ဘုရင်၏ ပြိုင်ဘက်ကင်းလှသော ယုံကြည်ချက်ကို လျှော့တွက်ခဲ့မိသည်။ ကောင်းကင်ဖြစ်စဉ် အသင်္ချေဓားသိုင်းက မည်မျှပင် ပြောင်းလဲနေပါစေ... ညဇီးကွက်ဘုရင်၏ ကာကွယ်ရေးကိုမူ လုံးဝ ဖောက်ထွက်နိုင်ခြင်း မရှိချေ။
‘ဒီထက် ပိုပြီး အချိန်ဆွဲနေမယ် ဆိုရင်တော့... ညဇီးကွက်ဘုရင်က သူ့ရဲ့ အာရုံ ခံစားမှုနောက်ကို လိုက်ပြီး ဒီကို ရောက်လာနိုင်တယ်’
လီယွမ်၏ မျက်နှာမှာ လေးနက်နေခဲ့တော့၏။ သူသည် ဤခေတ်ကာလ၏ ထိပ်သီး သိုင်းပညာရှင် တစ်ဦး၏ လွှမ်းမိုးထားသော အစွမ်း ပြိုင်ဘက်ကင်းလှသော ဖိအားနှင့် အသက်ရှူကျပ်မတတ် ဖြစ်စေသော စွမ်းအားကြီးမားပုံကို အမှန်တကယ် ခံစားလိုက်ရသည်။
လီယွမ်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ စတင် ဝင်ရောက်လာမည့် အခိုက်အတန့်မှာပင်... နှင်းပွင့်လေး တစ်ပွင့်မှာ ကျဆင်းလာခဲ့တော့၏။ သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီးနောက် သူသည် ညဇီးကွက်ဘုရင်၏ စိတ်ဆန္ဒအောက်တွင် လွှမ်းမိုးခြင်း ခံရတော့မည့် ဆဲဆဲ ဖြစ်နေကြောင်း ရိပ်မိသွားတော့၏။
ကံကောင်းထောက်မစွာဖြင့် ဓားနတ်သမီးက သူ့အား ကာကွယ်ပေးခဲ့သဖြင့် သူ၏ စိတ်အာရုံမှာ ပြန်လည် ကြည်လင်လာခဲ့သည်။
ဓားနတ်သမီးမှာမူ ကြောက်ရွံ့မှုဟူသည်ကို မသိပေ။
မင်းက ဒီလောကမှာ ပြိုင်ဘက်ကင်း ဖြစ်နေရင်လည်း... ငါကလည်း တစ်ခါက ပါရမီမှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့တာပဲ.. ငါတို့က ခေတ်ချင်း မတူတော့ ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ။
‘ခင်ဗျား ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းနေပါစေ... ခင်ဗျားဟာ ကျုပ်ရဲ့ လီမိသားစု တော်ဝင်မျိုးနွယ်တွေက ပြုစုပျိုးထောင်ပေးခဲ့တဲ့ တာ့ယန်အင်ပါယာရဲ့ လက်အောက်ခံ တစ်ယောက်ပဲ မဟုတ်လား’
ရုတ်တရက် လီယွမ်သည် ဖြေရှင်းနည်းတစ်ခုကို တွေးမိသွားသည်။ ညဇီးကွက်ဘုရင်အား ကျော်လွန်နိုင်မည့် တစ်ခုတည်းသော စွမ်းအား..။
အရင်က သူသည် ထိုသို့ တစ်ခါမျှ မတွေးတောခဲ့ဖူးသော်လည်း ယခုအခါတွင်မူ သူသည် ထိုသို့ တွေးတောရန် မိမိကိုယ်ကိုယ် အတင်းအကြပ် ဖိအားပေးလိုက်ရတော့၏။ သူသည် ခိုင်မာသော ယုံကြည်ချက်ကို တည်ဆောက်လိုက်ပြီး ညဇီးကွက်ဘုရင်၏ အထက်တွင် ရပ်တည်ရန် ပြင်လိုက်တော့သည်။
ဤခေတ်ပြိုင် သိုင်းအရှင်သခင်ကြီးကို အထက်စီးမှ ငုံ့ကြည့်ရန်ပင်..။
ထိုအခိုက်အတန့်၌ လီယွမ်သည် သူ တစ်ခါမျှ အသုံးမပြုခဲ့ဖူးသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်လေတော့၏။
စစ်နတ်ဘုရား.. ဘိုးဘေးထိုက်ဇူ၏ သွေးစွမ်းအင်များ..။
သူ၏ တစ်ကိုယ်လုံးမှာ ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းသွားခဲ့ပြီး သူ၏ မျက်လုံးများမှာလည်း နတ်ဘုရားတစ်ပါးနှယ် တောက်ပလာခဲ့တော့၏။
လီယွမ်သည် ညဇီးကွက်ဘုရင်၏ ပုံရိပ်ယောင်အား နတ်ဘုရားတစ်ပါးနှယ် အထက်စီးမှ ငုံ့ကြည့်လိုက်တော့သည်။
“ညဇီးကွက်... ဒူးထောက်စမ်း”
ကောင်းကင်ဖြစ်စဉ် အသင်္ချေဓားသိုင်းမှာ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားခဲ့တော့၏။
စစ်နတ်ဘုရား၏ စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့လေပြီ။
လီယွမ်သည် သူ၏ ဓားကို အားပါပါဖြင့် ထိုးသွင်းလိုက်ရာ ခြေသည်းငါးခုရှိသော ရွှေနဂါးကြီးမှာ ဟိန်းဟောက်သွားပြီးနောက် ညဇီးကွက်ဘုရင်၏ ပုံရိပ်ယောင် ကာကွယ်ရေးကို နောက်ဆုံးတွင်တော့ ဖောက်ထွက်နိုင်ခဲ့လေပြီ။ ဓားအလင်းတန်းက ဖွေးခနဲ လင်းလက်သွားပြီး ပုံရိပ်ယောင်အား အစအနမကျန် ကြေမွသွားစေတော့၏။
အခြားတစ်ဖက်တွင်မူ ဓားနတ်သမီးသည်လည်း ကြာပန်းနက် နတ်ဆိုးဧကရာဇ်၏ ပုံရိပ်ယောင်အား ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးရှိ ထူးဆန်းသော ဖြစ်စဉ်များမှာလည်း ရုတ်ချည်းပင် ပျောက်ကွယ်သွားရလေတော့၏။
“ဝုန်း”
လီယွမ်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့ပြီး အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရရှာတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် ရွှဲနစ်နေခဲ့တော့၏။
အတင်းအကြပ် စုစည်းခဲ့သော ပြိုင်ဘက်ကင်း ယုံကြည်ချက်မှာလည်း ထိုအခိုက်အတန့်၌ ပျောက်ကွယ်သွားခဲ့လေပြီ။ အခုတင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းကို ပြန်လည် စဉ်းစားကြည့်ရင်း သူသည် ထိတ်လန့်နေမိဆဲ ဖြစ်သည်။
ညဇီးကွက်ဘုရင်မှာ တကယ်ကို အစွမ်းထက်လွန်းလှသလို သူ၏ ပြိုင်ဘက်ကင်း အရှိန်အဝါမှာလည်း လူသားတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည် မဟုတ်ပါလော။
“တော်သေးတာပေါ့... ဖြေရှင်းနိုင်သွားလို့”
ဤတိုက်ပွဲက လီယွမ်အား တစ်စုံတစ်ခုကို နားလည်သွားစေခဲ့သည်။
မြင့်မားလှသော နယ်ပယ်အဆင့်များကြား တိုက်ခိုက်ရာတွင် ယုံကြည်ချက်မှာ အလွန်ပင် အရေးကြီးလှပြီး ညဇီးကွက်ဘုရင်၏ ဂုဏ်သတင်းက သူ့အား မသိစိတ်မှ လွှမ်းမိုးနေခဲ့လေ၏။ လင်းယွဲ့နှင့် ရင်ဆိုင်စဉ်ကမူ သူသည် ထိုကဲ့သို့ ခံစားချက်မျိုး မရှိခဲ့သည်မှာ သေချာလှသည်။
“ဟင်”
သူ သက်ပြင်းချနိုင်ရုံသာ ရှိသေး၏။
လီယွမ်သည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် လက်နှစ်ဖက်ကို ပိုက်လျက် သူ့အား ပြုံးကြည့်နေသော အနီရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတော့၏။
“စီနီယာအစ်မကြီးလား”
လီယွမ်မှာ လန့်ဖျတ်သွားရတော့သည်။
“ကောင်းတယ်.. ကောင်းတယ်.. တကယ်ကို ကောင်းလှတယ်” နင်ဟုန်ယွီက ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။
“မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတဲ့ ဝမ်းကွဲမောင်လေး တစ်ယောက်ပါလားနော်.. အဆင့် (၇) နဲ့တင် နဝမနယ်ပယ်ကို ပြန်တိုက်နိုင်တာကတော့ တကယ့်ကို အံ့မခန်း မြင်ကွင်းကြီးပါပဲ”
“စီနီယာအစ်မကြီး အားလုံးကို မြင်သွားတာလား” လီယွမ်က မေးမြန်းလိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... နောက်ဆုံးအခန်းကိုတော့ ငါ မြင်လိုက်ရတယ်လေ”
နင်ဟုန်ယွီသည် လီယွမ်၏ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်ရင်း မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။
“ ဝမ်းကွဲမောင်လေးရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါ့ကို ရှင်းပြစရာတွေ မရှိဘူးလားဟင်”
ဆီးနှင်းပွင့်များ လွင့်ပျံနေသော ထိုနတ်ဓားမှာ လောကသားတို့၏ အာရုံစိုက်မှုကို ခံထားရသော အရာ ဖြစ်လေရာ နင်ဟုန်ယွီအနေဖြင့်
‘နှင်းပွင့်ကြွေ’ ဓားကို အလိုအလျောက် မှတ်မိမည်မှာ သေချာလှသည်။
ဖြူလွလွ ဝတ်စုံဝတ် မိန်းကလေး၏ အမှတ်အသားမှာလည်း ပိုမို ပြတ်သားလာခဲ့တော့၏။
ပျောက်ဆုံးနေသော ဓားနတ်သမီး..။
စီနီယာအစ်မကြီး အနေဖြင့် ဓားနတ်သမီး၏ ရုပ်အလောင်းမှာ အမှန်တကယ်တွင်မူ ဂျူနီယာမောင်လေး၏ ခိုးယူခြင်းကို ခံထားရသည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ အေးဆေးတည်ငြိမ်ပြီး ကြင်နာတတ်သည်ဟု ထင်ရသော ဂျူနီယာမောင်လေးက ဤကဲ့သို့ ယုတ်ညံ့ပြီး အရှက်ကင်းမဲ့သော လုပ်ရပ်မျိုးကို လုပ်ဝံ့လိမ့်မည်ဟု သူမ မတွေးဝံ့ခဲ့ချေ။
ဒါဟာ ကြိုတင် ကြံစည်ထားတာလား..
နဝမကူနန်းတော်ထဲကို ဝင်လာကတည်းက သူတို့ဟာ ဓားနတ်သမီးရဲ့ ရုပ်အလောင်းကို မျက်စိကျနေခဲ့ကြတာလား..။
သူမအနေဖြင့် ဤဂျူနီယာမောင်လေး၏ အမှတ်အသားကို ထပ်မံ၍ မေးခွန်းထုတ်ရတော့မည် ဖြစ်သလို သူသည် နဝမကူနန်းတော်သို့ မကောင်းသော ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာခြင်း ရှိ မရှိကိုလည်း ပြန်လည် သုံးသပ်ရတော့မည် ဖြစ်သည်။
သို့သော်လည်း သူမ၏ အာရုံခံစားမှုအရဆိုလျှင် ဂျူနီယာမောင်လေးမှာ တကယ့် လူဆိုးတစ်ယောက် မဟုတ်ကြောင်း သိနေပြန်သည်။ မဟုတ်ပါက ဆရာဖြစ်သူ ပြန်လည်ကျန်းမာလာရန်အတွက် ဤမျှအထိ အဖိုးတန်လှသော ဆေးဝါးများကို သူ ပေးအပ်မည် မဟုတ်သည်မှာ သေချာလှ၏။
“ဓားနတ်သမီး.. ကျွန်တော့်နောက်ကို လိုက်လာတာက မတော်တဆ ဖြစ်ရပ်တစ်ခုပါလို့ ပြောရင် စီနီယာအစ်မကြီး ယုံမလား”
လီယွမ်က လေးနက်သော လေသံဖြင့် ရှင်းပြလိုက်သည်။
“ကူအင်မော်တယ် ပြောခဲ့သလိုပါပဲ... အရာရာတိုင်းဟာ ကံကြမ္မာရဲ့ စီမံမှုပါပဲ.. ကျွန်တော်က ဓားနတ်သမီးရဲ့ ရုပ်အလောင်းကို ခိုးယူခဲ့တာ မဟုတ်ပါဘူး... သူ့ကို ဘဝသစ်တစ်ခု ပြန်ပေးခဲ့တာပါ”
နင်ဟုန်ယွီသည် ဓားနတ်သမီးအား ယုံတဝက် မယုံတဝက်ဖြင့် စိုက်ကြည့်လိုက်သည်။
သူမသည် ဓားနတ်သမီး၏ ကိုယ်တွင်းမှ အသက်ဓာတ် အချို့နှင့် သိမ်မွေ့လှသော စိတ်ဝိညာဉ် လှုပ်ခတ်မှုများကို အာရုံခံမိနေသဖြင့် သူမသည် အလောင်းတစ်ခုအဖြစ် ပြောင်းလဲခံထားရခြင်း မဟုတ်ကြောင်း သိလိုက်သည်။
ဂျူနီယာ မောင်လေး အနေဖြင့် ဓားနတ်သမီးအား အမှန်တကယ် ထိခိုက်စေလိုသည့် ဆန္ဒ မရှိနိုင်သည်မှာလည်း သေချာလှသည်။ မဟုတ်ပါက လင်းရှောင်ဓားဂိုဏ်း၏ စစ်ဆေးမှုများမှ သူ လွတ်မြောက်နိုင်မည် မဟုတ်ပါလေ။
“အဲဒီနေ့က ကူအင်မော်တယ် လျှို့ဝှက်နယ်မြေကနေ လူတိုင်းကို လှည့်စားပြီး မင်း ဘယ်လို ထွက်လာနိုင်ခဲ့တာလဲ” နင်ဟုန်ယွီက အသေးစိတ်ကို ထပ်မံ၍ မေးမြန်းလိုက်သည်။
“ဒါတွေ အားလုံးက ကူအင်မော်တယ်ရဲ့ စီစဉ်မှုတွေပါပဲ”
ပြဿနာတစ်ခုနှင့် ကြုံတွေ့ရတိုင်း လီယွမ်သည် ကူအင်မော်တယ်ကိုသာ အကြောင်းပြလေ့ ရှိသည်။ သူသည် မိမိ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားနိုင်သည်ကို အမြဲတမ်း သတိပြုမိနေခဲ့သဖြင့် သူ၏ စကားလုံးများကို သူ၏ စိတ်ထဲ၌ အကြိမ်မြောက် အဖန်ဖန် လေ့ကျင့်ထားခဲ့သည် မဟုတ်ပါလော။
နင်ဟုန်ယွီမှာလည်း ထိုအချက်ကို ယုံကြည်လိုက်ရုံမှတစ်ပါး အခြားမရှိပေ။ သူမလည်း ထပ်တူ ခံစားရသည်မှာ... ကူအင်မော်တယ်၏ စိတ်ဆန္ဒမှာ ကျန်ရှိနေသေးသည် ဖြစ်ရာ သူ၏ သမီးတော်၏ ရုပ်အလောင်းအား မကောင်းသော ရည်ရွယ်ချက်ရှိသူ တစ်ဦးက ခိုးယူ စော်ကားသည်ကို ခွင့်ပြုထားစရာ အကြောင်း မရှိသောကြောင့်ပင်။
သူတို့နှစ်ဦးမှာ တစ်ဦးကို တစ်ဦး စိုက်ကြည့်နေကြလေ၏။
“ကောင်းပြီလေ”
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နင်ဟုန်ယွီက ပြုံးလျက် ဆိုလိုက်သည်။
“ဂျူနီယာ မောင်လေး... ငါ မင်းကို ယုံပါတယ်.. ကူသခင် လမ်းစဉ်က လူတစ်ယောက် အနေနဲ့လည်း ကူအင်မော်တယ်ရဲ့ ရွေးချယ်မှုကို ငါ လေးစားပါတယ်”
“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မကြီး” လီယွမ်က သက်ပြင်းချနိုင်သွားခဲ့လေပြီ။
နင်ဟုန်ယွီသည် မြေပြင်ပေါ်ရှိ ကြေမွနေသော ဦးခေါင်းခွံကို ကြည့်လိုက်ရင်း ဆိုလိုက်သည်။
“မင်းက လင်းယွဲ့ကို သတ်လိုက်တာလား.. ပြီးတော့ အခုတင်... အဲဒါ ညဇီးကွက်ဘုရင်နဲ့ ကြာပန်းနက် နတ်ဆိုးဧကရာဇ်တို့ရဲ့ ပုံရိပ်ယောင်တွေလား”
နင်ဟုန်ယွီသည်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ခဏတာ အာရုံခံမိလိုက်သဖြင့် ဂျူနီယာမောင်လေး တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်ကာ ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာခြင်းပင်။
“အင်း” လီယွမ်က ခေါင်းညိတ်လိုက်သည်။
“မင်းကတော့ တကယ်ပါပဲ”
နင်ဟုန်ယွီက အာမေဋိတ်သံဖြင့် ဆိုလိုက်သည်။
“ကြည့်ရတာ ကူအင်မော်တယ်က မင်းကို ရတနာတွေ အများကြီး ပေးထားခဲ့ပုံရတယ်.. အဆင့် (၇) နဲ့တင် နဝမနယ်ပယ်က ပြိုင်ဘက်ကို ယှဉ်နိုင်တာကတော့... ပုံရိပ်ယောင်ပဲ ဖြစ်နေရင်တောင်မှ တစ်သက်လုံး ကြွားလို့ရမယ့် ကိစ္စပဲ”
“စီနီယာအစ်မကြီး... ကျွန်တော့်မှာ မေးစရာတစ်ခု ရှိသေးတယ်”
လီယွမ်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“ညဇီးကွက်ဘုရင်က သဲလွန်စအချို့ကနေတစ်ဆင့် ကျွန်တော့်ကို ရှာတွေ့သွားနိုင်မလားဟင်”