ကံကြမ္မာ၏ စီမံမှု
Vol. 10 Ch. 123
လီယွမ်သည် သိုင်းလမ်းစဉ်နှင့် ပတ်သက်၍ သိရှိနားလည်မှု အလွန်ပင် နည်းပါးလှသည်။ အထူးသဖြင့် ခေတ်ပြိုင် သိုင်းလောက၏ အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်သော ညဇီးကွက်ဘုရင်၏ နည်းလမ်းများကိုကား သူ လုံးဝ မှန်းဆ၍ မရနိုင်ပေ။ ဤကိစ္စတွင်မူ အပြင်လောကနှင့် အမြဲတစေ ထိတွေ့ဆက်ဆံနေရသော စီနီယာအစ်မကြီး နင်ဟုန်ယွီက ပို၍ နားလည်သည်။
“ဖြစ်နိုင်တာပေါ့..”
နင်ဟုန်ယွီက သေသေချာချာ ခွဲခြမ်းစိတ်ဖြာလျက် ဆိုလိုက်သည်။
“မင်းက ညဇီးကွက်ဘုရင်ရဲ့ သိုင်းပညာအနှစ်သာရ ပုံရိပ်ယောင်ကို ဒီမှာတင် အပိုင်းပိုင်း ဖြတ်တောက်လိုက်တာဆိုတော့... အဲဒါ ဘယ်သူလဲဆိုတာ သူ ချက်ချင်း မသိနိုင်ရင်တောင် ပုံရိပ်ယောင် ပျောက်ကွယ်သွားတဲ့ နေရာကိုတော့ သူ အာရုံခံမိမှာပဲလေ..”
“ညဇီးကွက်ဘုရင်ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် သူသာ အဆုံးအစထိ လိုက်ရှာမယ်ဆိုရင်တော့ ဒီကိစ္စက လွတ်ဖို့ မလွယ်ဘူး.. ဒါဟာ တကယ်ကို ခေါင်းခဲစရာ ပြဿနာပဲ..”
နင်ဟုန်ယွီက ပြဿနာ၏ အချက်အခြာကို တည့်တည့်မတ်မတ်ပင် ထောက်ပြလိုက်လေတော့၏။
“ဒါကတော့ ဟုတ်သားပဲ..”
လီယွမ်က တွေးတောနေမိသည်။ သူ၏ တစ်ခဏတာ ပေါ့ဆမှုကြောင့် ယခုကဲ့သို့ အခြေအနေမျိုး ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်သော်လည်း တကယ့် ‘တရားခံ’ ဖြစ်သော ရှောင်ချိုက်မှာမူ လှပသော အိပ်မက်များအတွင်း၌ နစ်မြုပ်နေခဲ့တော့၏။
‘ကိုယ်တိုင် မွေးထားတာဆိုတော့လည်း ကိုယ်ပဲ အလိုလိုက်ရမှာပေါ့လေ..’ ပင်မကူကောင်ဆိုသည်မှာ သူ၏ ဒုတိယ အသက် မဟုတ်ပါလော။ ရှောင်ချိုက် အလွန်တရာ တောင့်တနေသော အရာ ဖြစ်နေသဖြင့် အခြေအနေက နောက်တစ်ကြိမ် ထပ်ဖြစ်လာဦးမည်ဆိုလျှင်ပင် သူသည် ဤအတိုင်းသာ ဆုံးဖြတ်မည်မှာ သေချာလှသည်။
သူသည်လည်း အခြေအနေများကြားတွင် ပိတ်မိနေခဲ့သည် မဟုတ်ပါလော။ ဇာတ်ကွက်ကြီးကို ကြိုတင် မမြင်နိုင်ခဲ့သလို ညဇီးကွက်ဘုရင်သည် ထိုသို့သော အခြေအနေမျိုးတွင်ပင် လင်းယွဲ့အပေါ်၌ လက်လှမ်းထားနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
“ဂျူနီယာမောင်လေး... မင်းအတွက် တကယ်ပဲ အခက်အခဲ ဖြစ်နေမယ်ဆိုရင်တော့ အရာရာကို ငါ့အပေါ်မှာပဲ ပုံချလိုက်ပါ” နင်ဟုန်ယွီက ပြုံးလျက် ဆိုလိုက်သည်။
“ငါပဲ တာဝန်ယူလိုက်ပါ့မယ်..”
လီယွမ်အတွက်တော့ ၎င်းက အကောင်းဆုံးသော ရွေးချယ်မှုပင်။ သူသည် ညဇီးကွက်ဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်သလို စစ်ဆေးမေးမြန်းမှုများကိုလည်း ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မကြီး” ဤကဲ့သို့သော အရေးကြီးသည့် အချိန်တွင် လီယွမ်က တွန့်ဆုတ်မနေတော့ပေ။
“ကျွန်တော် အစ်မကြီးကို အကြွေးတစ်ခု တင်သွားပြီပေါ့လေ..”
နင်ဟုန်ယွီက မျက်တောင်လေး တစ်ချက် ခတ်လိုက်ရင်း ဆိုလိုက်သည်။
“ဒါဆိုရင်တော့... မင်းရဲ့ ကိုယ်ခန္ဓာနဲ့ပဲ ပြန်ဆပ်ပါလား.. အဲဒါဆိုရင် ငါတို့တွေ မိသားစုတွေ ဖြစ်သွားပြီလေ.. ကိုယ့်လင်ယောကျ်ားအတွက် မိန်းမက ရှေ့က ရပ်တည်ပေးတယ်ဆိုတာ သဘာဝပဲ မဟုတ်လား..”
“အဲဒါတော့ မဖြစ်နိုင်ဘူး” လီယွမ်က ပြန်လည် တုံ့ပြန်လိုက်သည်။
“ကျွန်တော်က ပညာကိုပဲ ရောင်းတာပါ... ကိုယ်ခန္ဓာကိုတော့ မရောင်းနိုင်ပါဘူး..”
နင်ဟုန်ယွီ၏ နှုတ်ခမ်းထောင့်များက စနောက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
“ဂျူနီယာမောင်လေး... ဒီလျှို့ဝှက်ချက်ကိုတော့ ငါ တစ်သက်လုံး သိမ်းထားပေးပါ့မယ်..”
“စနောက်နေတာတွေ ရပ်ပြီးတော့ ဒါတွေကိုပဲ အရင် ရှင်းကြရအောင်လေ..”
လီယွမ်က စကားလမ်းကြောင်းကို အမြန်ပင် လွှဲလိုက်ရတော့၏။
“ဂျူနီယာမောင်လေး... ငါက လူတိုင်းကို အကုန်ပြောပြလိုက်မှာ မင်း မကြောက်ဘူးလား..”
နင်ဟုန်ယွီသည် မြေပြင်ပေါ်မှ လင်းယွဲ့၏ ကြေမွနေသော ဦးခေါင်းခွံကို ကောက်ယူကာ ထုပ်ပိုးလိုက်သည်။ သူမက အပြစ်ကို တာဝန်ယူမည်ဖြစ်ရာ အထောက်အထားများမှာလည်း သူမ၏ လက်ထဲတွင်သာ ရှိနေသင့်သည် မဟုတ်ပါလော။
“ကျွန်တော် စီနီယာအစ်မကြီးကို ယုံကြည်ပါတယ်..” လီယွမ်က မရေမရာဖြင့် ပြန်လည်ဖြေကြားလိုက်ရ၏။ စီနီယာအစ်မကြီးကို ကတိသစ္စာကူကောင် မျိုခိုင်းဖို့လည်း သူ မတတ်နိုင်သည်မှာ အမှန်ပင်။
“အမှန်တော့... ငါ့ဆီမှာ ကတိသစ္စာထက် ပိုပြီးတော့ ခိုင်မာတဲ့ ဖြေရှင်းနည်းတစ်ခု ရှိသေးတယ်လေ.. အဲဒါက မင်းရဲ့ စိတ်ကိုလည်း အေးချမ်းသွားစေမှာပါ မင်း အဲဒါကို ရွေးချယ်မလား..” နင်ဟုန်ယွီက ပါးနပ်စွာ ပြုံးလိုက်သည်။
“ရွေးချယ်စရာ မရှိတော့ပါဘူး..” လီယွမ်က ခေါင်းခါယမ်းလိုက်၏။ ကတိသစ္စာထက် ပို၍ ခိုင်မာသော အရာမှာ စီနီယာအစ်မကြီး၏ ပင်မကူကောင်ဖြစ်သော ‘စစ်မှန်သောချစ်ခြင်းကူ’ ပင် ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည်။ သို့သော် ထိုသံယောဇဉ်ကို လက်ခံရန်မှာမူ ခက်ခဲလွန်းလှသည်။
“မင်း ရွေးချယ်သင့်ပါတယ်..” နင်ဟုန်ယွီသည် ရုတ်တရက် လေးနက်သွားတော့၏။
“ညဇီးကွက်ဘုရင်ရဲ့ နည်းလမ်းတွေက မှန်းဆလို့ မရနိုင်ဘူးလေ.. ငါ မင်းအတွက် ဖုံးကွယ်ပေးထားရင်တောင် သူက အဲဒီကနေတစ်ဆင့် သဲလွန်စတွေကို ရှာတွေ့သွားနိုင်တာပဲ..”
“စစ်မှန်သောချစ်ခြင်းကူနဲ့ သစ္စာဆိုလိုက်ခြင်းအားဖြင့် မင်းရဲ့ ဘေးကင်းမှုကို ငါ အာမခံနိုင်လိမ့်မယ်.. မမျှော်လင့်ဘဲ ဆိုးရွားတဲ့ အခြေအနေတွေ ကြုံလာခဲ့ရင်တောင်မှ မင်းကိုတော့ ငါ ကာကွယ်ပေးနိုင်မှာပေါ့.. အားလုံး အမြစ်ပြတ် သုတ်သင်ခံရမယ့် ဘေးကနေလည်း လွတ်မှာပေါ့လေ..”
“ဒါကတော့...” လီယွမ်က တွေဝေနေမိသည်။
“ကဲပါ... ထားလိုက်ပါတော့” နင်ဟုန်ယွီက နောက်ပြောင်လိုက်ပြန်သည်။
“မင်းက တာဝန်မယူချင်လို့ မဟုတ်လား.. စီနီယာအစ်မကတော့ အတင်းအကြပ် ကပ်တွယ်တတ်တဲ့ မိန်းမစားမျိုး မဟုတ်ပါဘူး.. ငါက စိတ်ထား တော်တော်လေး ကျယ်ပြန့်ပါတယ်နော်..”
ထိုသို့ ပြောပြီးသည်နှင့် သူမသည် စစ်မှန်သောချစ်ခြင်းကူဖြင့် ကတိသစ္စာ တစ်ခုကို ဆိုလိုက်လေတော့၏။ လီယွမ်အား ဘယ်သောအခါမှ ဒုက္ခမပေးဘဲ သစ္စာရှိသွားပါမည် ဟူ၍ ဖြစ်သည်။
“စီနီယာအစ်မကြီး တစ်ခုခု လိုအပ်လာရင်လည်း ကျွန်တော့်ကိုသာ ပြောပါ.. အစ်မကြီးရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်..” လီယွမ်မှာ တကယ်ပင် စိတ်လှုပ်ရှားသွားရတော့၏။
အေးစက်လှသော ဤကမောက်ကမ လောကကြီးအတွင်း၌ မွေးဖွားလာခဲ့ပြီး (၁၆) နှစ်တိုင်တိုင် ထွက်ပြေးပုန်းအောင်းရင်း လူသားတို့၏ အားပြိုင်မှုများကို သူ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ သူသည် သတိကြီးစွာ ထားတတ်ပြီး ကြောက်ရွံ့တတ်သော်လည်း လောကကြီးတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာများ ရှိနေသေးသည်ဟု အမြဲတမ်း ယုံကြည်ခဲ့သူ ဖြစ်သည်။
ကိုယ့်အတွက် အသက်ပေးဝံ့သူ တစ်ဦးဦးတော့ အမြဲတမ်း ရှိနေတတ်သည် မဟုတ်ပါလော။
ထိုနွေးထွေးမှုမျိုးကို သူ၏ မယ်တော် အန်းမူချိုး၊ သူ၏ အဘိုး တော်ဝင်သမားတော်ကြီး၊ သူ၏ အဒေါ် အန်းမူယောင် တို့ထံမှ သူ ခံစားခဲ့ဖူးသည်။ ယခုမူ စီနီယာအစ်မကြီး နင်ဟုန်ယွီ ထံမှလည်း ရရှိခဲ့ပြန်လေပြီ။
ထိုသို့ တွေးမိရင်း သူသည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးလေးတစ်ခုကို ဖန်တီးလိုက်မိလေ၏။
‘ငါ့မှာတော့ သူများတွေရဲ့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့ အခွင့်အရေးတောင် မရသေးပါလား..’
---
တာ့ယန် နယ်စပ်ဂိတ်။
ကောင်းကင်ယံ တစ်ခွင်၌..
ကြာပန်းနက် နတ်ဆိုးဧကရာဇ်သည် ညဇီးကွက်ဘုရင်နှင့် ပထမနန်းတော်သခင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနေရတော့၏။
“မင်းတို့ နှစ်ယောက်... နတ်ဆိုးနယ်မြေထဲအထိ ခြေလှမ်းလှမ်းရဲရဲ့လား..”
သွေးများကို အဆက်မပြတ် အန်ထုတ်ရသည်အထိ အရိုက်ခံရပြီးနောက် ကြာပန်းနက် နတ်ဆိုးဧကရာဇ်သည် ထိပ်တိုက် ရင်ဆိုင်ရန် မဝံ့တော့ပေ။ သူသည် တိုက်ရင်း ဆုတ်ရင်းဖြင့် နတ်ဆိုးနယ်မြေဘက်သို့ ဦးတည်ထွက်ပြေးနေတော့၏။
ညဇီးကွက်ဘုရင်နှင့် ပထမနန်းတော်သခင်တို့မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း မည်သူကမျှ ရှေ့သို့ ဆက်မတိုးကြတော့ပေ။ နတ်ဆိုးနယ်မြေဆိုသည်မှာကား နက်ရှိုင်းလှသော လျှို့ဝှက်ချက်များနှင့် ကြောက်မက်ဖွယ်ရာများ ပြည့်နှက်နေသည့် နေရာတစ်ခု မဟုတ်ပါလော။
လူသားမျိုးနွယ် သမိုင်းတစ်လျှောက်တွင် ကူအင်မော်တယ် အပါအဝင် အစွမ်းထက်လှသော သိုင်းသမားပေါင်းများစွာသည် နတ်ဆိုးများကို အမြစ်ပြတ် သုတ်သင်ရန် နတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြဖူးသော်လည်း အားလုံးမှာ လက်ဗလာနှင့်သာ ပြန်လာခဲ့ကြရသည် မဟုတ်ပါလော။
ညဇီးကွက်ဘုရင်သည် မိမိကိုယ်ကိုယ် မည်မျှပင် ယုံကြည်ချက် ရှိစေကာမူ တာ့ယန်အင်ပါယာကိုသာ အလေးထားသူ ဖြစ်သဖြင့် နတ်ဆိုးနယ်မြေ၏ ဗဟိုချက်ဆီသို့တော့ စွန့်စားဝင်ရောက်ရန် ဆန္ဒမရှိပေ။
အတိတ်ကာလ တော်ဝင်မိသားစု သွေးစွန်းခဲ့စဉ်က သူသည် နတ်ဆိုးများ၏ လှည့်စားမှုကို ခံရကာ နတ်ဆိုးနယ်မြေ၏ ကြောက်မက်ဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသည်။ ကြာပန်းနက် နတ်ဆိုးဧကရာဇ် ဆိုသည်မှာ အပေါ်ယံတွင်သာ အစွမ်းအထက်ဆုံး ဖြစ်နေသော်လည်း... အမှောင်ထဲတွင်မူ ထိုသူထက် ပို၍ ကြောက်စရာကောင်းသော အင်အားစုများ ရှိနေနိုင်ချေ ရှိသည်။
“သူ့ကို လွှတ်ပေးလိုက်တော့”
ညဇီးကွက်ဘုရင်က လိုက်လံဖမ်းဆီးမှုကို ရပ်တန့်လိုက်သည်။
ပထမနန်းတော်သခင်မှာမူ အသေအလဲ တိုက်ခိုက်လိုစိတ် ပို၍ပင် မရှိပေ။ သူသည် တောင်ဝှေးကို အားပြုလျက် အဆက်မပြတ် ချောင်းဆိုးနေရှာတော့သည်။ သူ၏ ပုံစံမှာ လေထဲမှ မီးအိမ်လေးနှယ် လှုပ်ခတ်နေပြီး အချိန်မရွေး ငြိမ်းသတ်ခံရနိုင်သည့်အလား ဖြစ်နေတော့၏။
“တာ့ယန်အင်ပါယာအတွက် ဂုဏ်ယူပါတယ်... ညဇီးကွက်ဘုရင်..နတ်ဆိုးတွေကို နှင်ထုတ်နိုင်ခဲ့သလို တောင်ပိုင်းနယ်စပ်က ကမောက်ကမတွေကိုလည်း ငြိမ်သက်သွားအောင် လုပ်နိုင်ခဲ့ပြီပဲ..”
သူက လက်ယှက်ကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။
“အရာရာတိုင်း ငြိမ်သက်သွားဖို့ဆိုတာ ခြေတစ်လှမ်းပဲ လိုတော့တာပါ”
ညဇီးကွက်ဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေရင်းမှ ဆိုလိုက်သည်။
“အခု အခါမှာ ချန်းလန်နယ်မြေနဲ့ ယူနယ်မြေတို့ဟာ ပြိုကွဲနေခဲ့ပြီ.. စစ်တပ်ကို ဦးဆောင်မယ့်သူ မရှိသလို နတ်ဆိုးတွေကို ခုခံဖို့လည်း အင်အား မရှိကြတော့ဘူး..”
“တောင်ပိုင်းနယ်စပ် ဒေသအသီးသီးမှာ တပ်စွဲထားတဲ့ စစ်သည်တွေဟာလည်း အထိနာခဲ့ကြပြီး ထက်ဝက်ကျော်လောက်က သေကြေကုန်ကြပြီ..”
“ဒီလောကမှာ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ပြီး ပြည်သူတွေကို စောင့်ရှောက်နိုင်မယ့် တစ်ခုတည်းသော အင်အားစုကတော့ နဝမကူနန်းတော်ပဲ ရှိပါတော့တယ်.. ဒါကြောင့် ငါ ညဇီးကွက်က တောင်းဆိုချင်တာကတော့... ကူသခင် မျိုးဆက်တွေအနေနဲ့ တောင်ပေါ်က ဆင်းလာပြီးတော့ လောကကြီး ငြိမ်းချမ်းအောင် ကူညီပေးကြဖို့ပါပဲ..”
တောင်းဆိုနေခြင်း ဖြစ်သော်ငြားလည်း ညဇီးကွက်ဘုရင်မှာမူ အထက်စီးမှ အမိန့်ပေးနေသည့် ဟန်ပန်ကိုသာ အမြဲတမ်း ထိန်းသိမ်းထား၏။
“အဟွတ်... အဟွတ်.....”
ပထမနန်းတော်သခင်က ထပ်မံ၍ ချောင်းဆိုးလိုက်ရင်းမှ အားယူကာ ဆိုလိုက်ရတော့၏။
“ညဇီးကွက်ဘုရင်ကိုယ်တိုင် ဖိတ်ခေါ်နေမှတော့... ငါတို့ နဝမကူနန်းတော်က ဘယ်လိုလုပ်ပြီး ငြင်းရဲပါ့မလဲ”
“ငါ့မှာ အကြံတစ်ခု ရှိသေးတယ်..”
ညဇီးကွက်ဘုရင်က ဆက်လက် ဆိုလိုက်သည်။
“နဝမကူနန်းတော်ဟာ သိုင်းလောက အင်အားစု တစ်ခုပဲ ဖြစ်ခဲ့တာဆိုတော့... စစ်တပ်ကို ဦးဆောင်ဖို့နဲ့ စစ်ဆင်ရေးတွေ ပြုလုပ်တဲ့နေရာမှာ အတွေ့အကြုံတွေ နည်းပါးလိမ့်မယ်.. အဲဒါကြောင့် ရှေ့ကနေ ဦးဆောင်ပေးမယ့်သူ တစ်ယောက်တော့ လိုအပ်လိမ့်မယ်..”
“မင်း ပြောတာ မှန်ပါတယ်..”
သူတို့အားလုံးမှာ ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည် မဟုတ်ပါလော။ ညဇီးကွက်ဘုရင်၏ အစီအစဉ်ကို ပထမနန်းတော်သခင် မရိပ်မိဘဲ မနေနိုင်ပေ။
ညဇီးကွက်ဘုရင်က ဆက်ပြောလေ၏။
“ဒီလူကို ရွေးချယ်ဖို့ သတ်မှတ်ချက်ကတော့ တော်တော်လေး မြင့်မားလိမ့်မယ်.. စစ်မြေပြင်မှာ ဗျူဟာခင်းပြီး စစ်တပ်ကို ဦးဆောင်နိုင်တဲ့ အရည်အချင်း ရှိရမှာ ဖြစ်သလို... နဝမကူနန်းတော်က ကူသခင်တွေ အားလုံးကလည်း ယုံကြည်လေးစားရမယ့်သူ ဖြစ်ရမယ်..”
“မင်းရဲ့ စိတ်ထဲမှာတော့ လူတစ်ယောက်ကို အဆင်သင့် ရွေးထားပြီးသား ဖြစ်မှာပါလေ..”
ပထမနန်းတော်သခင်က ခပ်ဖွဖွလေး ပြုံးလိုက်သည်။
“ငါ ကြိုတင် ရွေးထားတာ မဟုတ်ပါဘူး.. ဒီလောကမှာ ဒီအရည်အချင်းတွေနဲ့ ကိုက်ညီသူက တစ်ဦးတည်းသာ ရှိလို့ပါလေ..”
ညဇီးကွက်ဘုရင်သည် သူ၏ တကယ့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသလိုက်တော့၏။
“ညဇီးကွက်ဘုရင် ဆိုလိုတာက... နဝမနန်းတော်ရဲ့ သူတော်စင်မလေး ဖြစ်ခဲ့တဲ့ ချန်းလန်မင်းသမီး ရှောင်ချင်အာ ကိုလား..”
အခြေအနေများက ဤသို့ ဖြစ်လာပြီဖြစ်ရာ ပထမနန်းတော်သခင် အနေဖြင့်လည်း အခြေအနေနှင့်အညီ လိုက်ပါစီးဆင်းရန်သာ ရှိတော့၏။ သူသည် ညဇီးကွက်အစောင့်တပ်နှင့် အသေအလဲ တိုက်ခိုက်ရန် ဆန္ဒမရှိပေ။ ကူသခင် အချို့ကို အပြင်လောကသို့ လွှတ်ကာ တောင်ပိုင်းနယ်စပ်ကို စောင့်ရှောက်စေခြင်းမှာလည်း ဂိုဏ်းတော်ကြီးအတွက် ဆုံးရှုံးမှု မဟုတ်သည်မှာ သေချာလှသည်။
နဝမကူနန်းတော်ကြီးသည် တော်ဝင်မိသားစု၏ လက်ကိုင်တုတ် ဖြစ်သွားမလား ဆိုသည်မှာကား နောက်ထပ် ကိစ္စတစ်ခုသာ ဖြစ်တော့၏။
သမိုင်းတစ်လျှောက်တွင် ကူသခင် မျိုးဆက်များသည် ယခုထက် ပိုမို ခက်ခဲသော အခြေအနေများကို ကြုံတွေ့ခဲ့ဖူးသည်။ သို့သော်ငြားလည်း အမှန်တရားက စကားပြောသည် မဟုတ်ပါလော။ နှစ်ပေါင်း သုံးထောင်တိုင်တိုင် အတက်အကျပေါင်းစုံ၊ မင်းဆက် အပြောင်းအလဲပေါင်းစုံနှင့် စစ်မီးများကြားတွင် နဝမကူနန်းတော်ကြီးသည် တောင်ပိုင်းနယ်စပ်၏ ပြိုင်ဘက်ကင်း အရှင်သခင်အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။
“မှန်ပါတယ်.. ရှောင်ချင်အာဟာ တောင်ပိုင်းနယ်စပ်အတွက် မိုးနတ်မင်းက ရွေးချယ်လိုက်တဲ့သူလို့ ငါ ယုံကြည်တယ်..”
ညဇီးကွက်ဘုရင်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပီလေ..”
ပထမနန်းတော်သခင်က သက်ပြင်းချလိုက်သည်။
“ချင်အာလေးရဲ့ ဖခင်ကတော့ ကြီးမြတ်လှတဲ့ ချန်းလန်ဘုရင် ရှောင်ယွမ် ဖြစ်သလို... သူ့ရဲ့ မယ်တော်ကလည်း တစ်ခါက နဝမကူနန်းတော်ရဲ့ ပါရမီအရှိဆုံး ကူသခင်မလေး ဖြစ်ခဲ့တာပဲ..”
“အခုတော့ အဲဒီ အမွေအနှစ်တွေ အားလုံးက ချင်အာလေးဆီကို ကျရောက်လာခဲ့ပြီပေါ့.. ဒါတွေအားလုံးကို ပုခုံးထမ်းဖို့ဆိုတာ သူ့ရဲ့ ကံကြမ္မာပဲ ဖြစ်မှာပါ..မင်းက စီစဉ်ထားပြီးမှတော့... ငါတို့ နဝမကူနန်းတော် အနေနဲ့လည်း အစွမ်းကုန် ထောက်ခံပေးသွားပါ့မယ်..”
ရှောင်ချင်အာ၏ အမှတ်အသားက အလွန်ပင် ထူးခြားလွန်းလှသည် မဟုတ်ပါလော။
နှလုံးသားမေးခွန်းကူကောင်၏ ပိုင်ရှင်ဖြစ်သောကြောင့် သူမ ကြီးပြင်းလာချိန်တွင် မည်သည့်ဘက်ကမှ သူမအား အမြစ်ပြတ် သုတ်သင်ရန် စိုးရိမ်နေစရာ မလိုတော့ပေ။ ရှောင်ချင်အာ ရှိနေသရွေ့ ပထမနန်းတော်သခင် အနေဖြင့် နဝမကူနန်းတော်ကြီးသည် တော်ဝင်မိသားစု၏ လက်ကိုင်တုတ် ဖြစ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
နှလုံးသားမေးခွန်းကူကောင် ရှိနေသရွေ့တော့... ညဇီးကွက်ဘုရင်ပင်လျှင် သူမ၏ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။
“ငါကတော့ ရှောင်ချင်အာကို ‘တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး’ အဖြစ် ရာထူးခန့်အပ်မယ်.. သူဟာ တောင်ပိုင်းနယ်စပ်ရဲ့ အရေးကိစ္စ အားလုံးကို စီမံခန့်ခွဲရမှာ ဖြစ်သလို မြို့နယ်အသီးသီးက ဘုရင်ခံတွေထက် အဆင့်အတန်း မြင့်မားပြီးတော့ တော်ဝင်မိသားစုထံကိုသာ တိုက်ရိုက် အစီရင်ခံရမှာ ဖြစ်တယ်..”
ညဇီးကွက်ဘုရင်က ဆက်လက် ပြောလိုက်သည်။
“နောက်တစ်လအကြာမှာ ကျိုးကျင်း မြို့တော်မှာ ကြည့်ရှုစစ်ဆေးရေးမှူး ခန့်အပ်ပွဲ အခမ်းအနားကို ကျင်းပကြရင် ဘယ်လိုလဲ”
“မင်း စီစဉ်တဲ့အတိုင်းပါပဲ..”
ပထမနန်းတော်သခင်က အရိုအသေပေးလိုက်သည်။ သူသည်လည်း မြေကြီးထဲ ခြေတစ်ဖက် ရောက်နေပြီဖြစ်ရာ အကြာကြီး တောင့်ခံထားနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူသည် အပေးအယူ လုပ်ဆောင်လိုက်ရခြင်း ဖြစ်သလို ကူသခင် မျိုးဆက်များကို ရှေ့ဆောင်ဦးရွက် ပြုနိုင်မည့်သူ တစ်ဦးကိုလည်း အသည်းအသန် ပြုစုပျိုးထောင်လိုနေခဲ့လေ၏။
သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါတွင်မူ ရှောင်ချင်အာ တစ်ဦးတည်းသာလျှင် သူ၏ မျှော်လင့်ချက်များနှင့် ကိုက်ညီနေခဲ့သည်။
သို့သော်လည်း...
ထိုမိန်းကလေးမှာ စိတ်နှလုံး ကောင်းမွန်သော်လည်း အတွေ့အကြုံ နည်းပါးလှသေးသလို ဇာတ်ကွက်ကြီးကို ဆုံးဖြတ်နိုင်စွမ်းလည်း မရှိသေးပေ။ သူမ၏ ထက်မြက်လှသော ဟန်ပန်များကြောင့် နောင်တစ်ချိန်တွင် များစွာ ဒုက္ခရောက်ကောင်း ရောက်နိုင်ပေလိမ့်မည်။
ဘာတွေ ဆက်ဖြစ်လာမည် ဆိုသည်မှာကား ကံကြမ္မာအပေါ်တွင်သာ မူတည်နေပါတော့၏။
နှစ်ဦးသဘောတူညီမှု ရရှိပြီးနောက်တွင်မူ ပထမနန်းတော်သခင်သည် တောင်ဝှေးကို အားပြုလျက် ထွက်ခွာသွားတော့သည်။
ညဇီးကွက်ဘုရင်သည် သူ၏ ရင်ဘတ်ကို ဖိထားလျက် ပါးစပ်အတွင်းမှ လေပူများကို မှုတ်ထုတ်လိုက်လေ၏။
“ဘယ်သူလဲ...”
“ငါ့ရဲ့ သိုင်းပညာအနှစ်သာရ ပုံရိပ်ယောင်ကို ဘယ်သူကများ ဖျက်ဆီးလိုက်ပါလိမ့်...”