← Chapters

တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး

Vol. 10 Ch. 124

တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး

Vol. 10 Ch. 124

ကျိုးကျင်း မြို့တော် တိုက်ပွဲအတွင်း၌ ညဇီးကွက်ဘုရင်သည် လင်းယွဲ့အား အပြင်းအထန် ဒဏ်ရာ ရရှိစေခဲ့သည်။ လင်းယွဲ့၏ အသိစိတ်ကို ရိုက်ခွဲလိုက်သည့် ခဏ၌ သူသည် မိမိ၏ သိုင်းပညာ အနှစ်သာရ ပုံရိပ်ယောင်တစ်ခုကို လင်းယွဲ့၏ ကိုယ်တွင်း၌ တိတ်တဆိတ် ထည့်သွင်းထားခဲ့လေ၏။

သူ၏ မူလရည်ရွယ်ချက်မှာ လင်းယွဲ့ တစ်ယောက် နတ်ဆိုးနယ်မြေအတွင်းသို့ ပြန်လည် ရောက်ရှိသွားချိန်တွင်မှ အရေးကြီးသော အခိုက်အတန့်၌ ထိုပုံရိပ်ယောင်ကို အသက်သွင်းကာ နတ်ဆိုးတို့၏ အစီအစဉ်ကြီးကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ သို့သော်ငြားလည်း မမျှော်လင့်ဘဲ သူ၏ သိုင်းပညာ အနှစ်သာရမှာ တိုက်ရိုက်ပင် အပိုင်းပိုင်း ဖြတ်တောက် ဖျက်ဆီးခြင်း ခံလိုက်ရလေပြီ။

‘နဝမကူနန်းတော်က ကူသခင် တစ်ယောက်များလား’

သူ၏ သိုင်းပညာ အနှစ်သာရ ပုံရိပ်ယောင်ကို ဖျက်ဆီးနိုင်စွမ်း ရှိသူမှာ အနည်းဆုံးတော့ အဋ္ဌမနယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်ရပေလိမ့်မည်။ ၎င်းအပြင် ထိုသူမှာ သာမန် အဋ္ဌမအဆင့် ကျင့်ကြံသူမျိုး မဟုတ်သည်မှာ သေချာလှသည်။ မဟုတ်ပါက တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း သူ အာရုံခံမိလိမ့်မည် ဖြစ်သော်လည်း တစ်လျှောက်လုံး မည်သည့် လှုပ်ခတ်မှုကိုမျှ သူ ခံစားမိခြင်း မရှိခဲ့ပါချေ။

ပုံရိပ်ယောင် ပျောက်ကွယ်သွားပြီး အဖြေက ထွက်ပေါ်လာချိန်တွင်မှ သူ သတိပြုမိလိုက်လေ၏။

‘နဝမကူနန်းတော်က ဒီကူသခင်တွေကတော့ တကယ်ကို ရဲတင်းလွန်းတာပဲ.. ကြည့်ရတာ သူတို့တွေ ညဇီးကွက်အစောင့်တပ်အပေါ်မှာ မကျေနပ်ချက်တွေ အတော်များနေပုံရတယ်’

ကူသခင်များက သူ၏ ပုံရိပ်ယောင်အား ဖျက်ဆီးပစ်ခြင်းကို ညဇီးကွက်ဘုရင် အနေဖြင့် နားလည်ပေးနိုင်သည်။ သို့သော်လည်း မည်သူက ဤမျှအထိ တိတ်တဆိတ် လုပ်ဆောင်နိုင်ခဲ့သနည်း ဆိုသည်ကိုမူ သူ အလွန်ပင် စူးစမ်းလိုစိတ် ဖြစ်နေမိတော့၏။

သူ၏ ပုံရိပ်မှာ ကောင်းကင်ယံထက်မှ ပျောက်ကွယ်သွားခဲ့လေပြီ။ သူ ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ ညဇီးကွက်ဘုရင်သည် နဝမကူတောင်တန်းများအတွင်းရှိ သူ၏ ပုံရိပ်ယောင် နောက်ဆုံး ပျောက်ကွယ်သွားခဲ့သော နေရာသို့ ရောက်ရှိနေခဲ့တော့၏။

‘ဟင်...’

ညဇီးကွက်ဘုရင်မှာ အနည်းငယ် အံ့အားသင့်သွားရတော့၏။

‘တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ သဲလွန်စတွေကိုတောင် ဖျောက်ဖျက်ထားတာလား.. ဒီလောက်အထိ သတိကြီးတာကတော့ ကူသခင်တွေရဲ့ စရိုက်နဲ့ တကယ်ကို ကိုက်ညီတာပဲ’

ညဇီးကွက်အစောင့်တပ် ဆိုသည်မှာ ဤလောကဝယ် အစွန်းရောက်လှသော အမှောင်ထုကြီးနှယ်ပင်။ အမှောင်ကျလာသည်နှင့် အမျှ ကြောက်ရွံ့မှုများမှာလည်း မွေးဖွားလာရမည်သာ။

ကျိုးကျင်း မြို့တော်သို့ ပြန်လည် ရောက်ရှိချိန်တွင်မူ ညဇီးကွက်ဘုရင်သည် တောင်ပိုင်းတပ်မှူး ဇီနုန်အား ဆင့်ခေါ်လိုက်သည်။

“ဇီနုန်... နဝမကူတောင်တန်းတွေဆီကို သွားလိုက်.. အမှတ် (၉) နန်းတော်က အမှတ် (၁၂) ဂူစံအိမ်အသစ်ဆီကို သွားပြီးတော့ သူတို့ကို ဆုလာဘ်တွေ ပေးအပ်လိုက်ပါ”

“အရှင်မင်းကြီး... ဒါက ဘာကို ဆိုလိုတာပါလဲရှင်” ဇီနုန်က နားမလည်နိုင်သဖြင့် မေးမြန်းလိုက်သည်။

“လင်းယွဲ့ သေသွားပြီ.. သူဟာ နတ်ဆိုးနယ်မြေကို ထွက်ပြေးဖို့ ကြိုးစားရင်း ကျိုးကုန်းတောင်တန်းတွေကို ဖြတ်ကျော်ချိန်မှာ ကူသခင် တစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာပဲ.. အဲဒီလူဟာ နိုင်ငံတော်ကို ကာကွယ်ခဲ့သလို ရာဇဝတ်သားကိုလည်း ကွပ်မျက်နိုင်ခဲ့တဲ့အတွက်... သေချာပေါက် ဆုလာဘ်တွေ ရသင့်တာပေါ့”

ညဇီးကွက်ဘုရင်၏ တည်ကြည်လေးလံလှသော အသံမှာ လေထုအတွင်း ပဲ့တင်ထပ်သွားသည်။ ဇီနုန်ကလည်း သတိကြီးစွာဖြင့် ထပ်မံ မေးမြန်းလိုက်ရ၏။

“ဘာဆုလာဘ်တွေ ပေးရမလဲရှင်”

“ကူသခင်တွေဆိုတာ ကောင်းကင်မြေကြီးရဲ့ ရတနာတွေကို သုံးပြီး ကူကောင်တွေ သန့်စင်ရတာကို အကြိုက်ဆုံး မဟုတ်လား.. ဒါဆိုရင်တော့... လင်းယွဲ့ ပိုင်ဆိုင်ခဲ့တဲ့ အရှေ့ပိုင်း ယူနယ်မြေက ရတနာသိုက်ကြီး တစ်ခုလုံးကို အဲဒီကူသခင်ကို ပေးအပ်လိုက်ပါ” ညဇီးကွက်ဘုရင်က အမိန့်တော် ချမှတ်လိုက်သည်။

“ရှင်.....”

ဇီနုန်မှာ အံ့ဩတုန်လှုပ်သွားရတော့၏။ လင်းယွဲ့၏ ရတနာသိုက် ဟုတ်လား.. အထဲမှာ အဖိုးတန်လှသော အရာများစွာ ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုအရာများကို ကူသခင် တစ်ယောက်အား ဆုလာဘ်အဖြစ် ပေးအပ်လိုက်ခြင်းမှာ တကယ်ပဲ သင့်တော်ပါ့မလား..

“အမိန့်တော်အတိုင်းပါရှင် ကျွန်မ အခုချက်ချင်းပဲ အရှေ့ပိုင်း ယူနယ်မြေကို သွားပြီးတော့ စာရင်းစစ်ဆေးလိုက်ပါ့မယ်”

ထိတ်လန့်နေမိသော်ငြားလည်း ဇီနုန်မှာမူ ငြင်းဆန်ရန် မဝံ့ရဲပေ။ နဝမကူနန်းတော်အား သတိပေးချက် တစ်ခု ပေးပြီးနောက်တွင် အရှင်မင်းကြီး အနေဖြင့် တပ်မတော်အား ချိုသာသော လက်ဆောင်အချို့ဖြင့် ပြန်လည် သိမ်းသွင်းလိုနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည် မဟုတ်ပါလော။

အမှတ် (၁၂) ဂူစံအိမ်ဝယ်..

လင်းယွဲ့၏ ကိစ္စကို ဖြေရှင်းပြီးနောက်တွင် လီယွမ်နှင့် နင်ဟုန်ယွီတို့မှာ အခြားသော တောင်ထိပ်များဆီသို့ အပြေးအလွှား သွားရောက် ကူညီခဲ့ကြသည်။ သူတို့သည် ခံစစ်စည်းများကို ဖြတ်ကျော်ကာ တောင်တန်းများအတွင်းသို့ ထွက်ပြေးဝင်ရောက်လာသော နတ်ဆိုးများအားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ကြတော့၏။

နှစ်ပတ်အကြာတွင်မူ..

တောင်တန်းများအတွင်း၌ ငြိမ်းချမ်းရေးမှာ တစ်ဖန် ပြန်လည် စိုးမိုးလာခဲ့တော့၏။ နဝမကူနန်းတော်အတွင်းရှိ ကူသခင်များ အားလုံးမှာလည်း သတင်းစကား တစ်ခုကို လက်ခံရရှိခဲ့ကြသည်။

လက်ရှိ နဝမနန်းတော်၏ သူတော်စင်မလေး နှလုံးသားမေးခွန်းကူကောင်၏ ပိုင်ရှင် ချန်းလန်မင်းသမီး ရှောင်ချင်အာသည် နဝမကူနန်းတော်အား ကိုယ်စားပြု၍ တောင်ပိုင်းနယ်စပ်သို့ ဝင်ရောက်သွားမည် ဖြစ်သည်။ သူမသည် တောင်ပိုင်းနယ်စပ်၏ ကြည့်ရှုစစ်ဆေးရေးမှူး အဖြစ် တာဝန်ယူရမည်ဖြစ်ပြီး အဓိက စစ်ရေး ခံစစ်စည်းများအားလုံးကို တာဝန်ယူ စီမံခန့်ခွဲရမည်။

“ချင်အာ... မင်း ကြောက်နေတာလား”

ဝါးတောလေးအတွင်းရှိ စားပွဲတစ်ခုတွင် လူတစ်စု ဝိုင်းဖွဲ့ထိုင်နေကြသည်။ လီယွမ်၊ ဝမ်ကျောက်ကျောက်၊ ယွီဟန်ချွမ်း၊ နင်ဟုန်ယွီ၊ ဖေးလော့ချန် နှင့် ရှောင်ချင်အာ တို့အားလုံး ရှိနေကြလေ၏။

လူတိုင်းက ရှောင်ချင်အာအား စိုက်ကြည့်နေကြလေ၏။ ဤမျှအထိ အရေးကြီးလှသော ရာထူးနေရာကို လောကီအတွေ့အကြုံ နည်းပါးလှသေးသော အမျိုးသမီးငယ်လေး တစ်ဦးအား ပေးအပ်လိုက်ခြင်းမှာ ကြီးမားလှသော တာဝန်ဝတ္တရားကြီး တစ်ခု ဖြစ်သလို ဖိနှိပ်မှု တစ်မျိုးလည်း ဖြစ်နေသည် မဟုတ်ပါလော။ သို့သော်လည်း အသင့်တော်ဆုံးသော ကိုယ်စားလှယ်မှာကား ရှောင်ချင်အာ တစ်ဦးတည်းသာ ရှိနေခဲ့ခြင်းပင်။

“ကြောက်တာပေါ့ရှင်”

ရှောင်ချင်အာက ခေါင်းငုံ့လျက် ဆိုလိုက်သည်။

“ကျွန်မရဲ့ စစ်ရေးစွမ်းရည်က သာမန်ပဲ ရှိတာလေ.. ဗျူဟာခင်းပြီး အဝေးကနေ တိုက်ပွဲကို အောင်နိုင်အောင် လုပ်ဖို့ဆိုတာ ကျွန်မအတွက် ခက်ခဲလွန်းပါတယ်.. စစ်ပွဲအတွင်းမှာဆိုရင် မျက်စိတစ်မှိတ်အတွင်းမှာတင် လူပေါင်း ထောင်နဲ့ချီပြီး အသက်ဆုံးရှုံးနိုင်တာ မဟုတ်လား”

“ကျိုးကျင်း မြို့တော်ရဲ့ ခံစစ်က တကယ်ကို ပျက်စီးသွားခဲ့တာပါ။ အဲဒါဟာ ကျွန်မရဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့် ဇာတ်ကွက်ကြီးကို မမြင်နိုင်ခဲ့လို့ပါပဲ.. အဲဒီအတွက်ကြောင့်လည်း ချန်းလန်တပ်မတော်ဟာ အထိနာခဲ့ရသလို ကျွန်မရဲ့ ဆရာမပါ အသက်ပေးသွားခဲ့ရတာပါ”

ဤဖြစ်ရပ်မှာ ရှောင်ချင်အာ၏ စိတ်ထဲတွင် အမြဲတစေ နောင်တနှင့် အပြစ်ရှိစိတ်များကို ခံစားစေခဲ့လေ၏။

“ဘယ်သူမှ မွေးကတည်းက အရာရာကို တတ်မြောက်လာတာ မဟုတ်ပါဘူးကွယ်..

ကူလမ်းစဉ်မှာ ပါရမီထူးရုံတင် မကဘဲ လောကကြီးကို ဂရုစိုက်တဲ့ စိတ်ထားရှိဖို့နဲ့ ဗျူဟာကျွမ်းကျင်သူ တစ်ယောက် ဖြစ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလှပါတယ်.. ဒါတွေ အားလုံးက ကြိုးစားအားထုတ်မှုတွေကနေတစ်ဆင့် ရရှိလာမှာပါ”

ယွီဟန်ချွမ်းက ညင်သာစွာ နှစ်သိမ့်လိုက်သည်။ လူငယ်များအနေဖြင့် အမှားအယွင်းများ ရှိတတ်ကြသော်လည်း လောကကြီးကို ဂရုစိုက်သည့် စိတ်ထားမျိုး ပိုင်ဆိုင်ထားရန်မှာကား အလွန်ပင် ရှားပါးလှသည်။

“ဒါပေါ့...” ဖေးလော့ချန်က ရယ်ရင်း ဆိုလိုက်၏။

“ဘယ်သူကမှ တစ်သက်လုံး အနိုင်ပဲ ရနေတာ မဟုတ်ဘူးလေ.. ညဇီးကွက်ဘုရင်တောင်မှ တစ်ခါတလေမှာ အရေးနိမ့်ခဲ့ဖူးတာပဲ မဟုတ်လား”

“အဲဒီ ညဇီးကွက်ဘုရင်ကတော့ တကယ်ကို မုန်းဖို့ကောင်းတာပဲ..”

နင်ဟုန်ယွီက ဒေါသတကြီးဖြင့် ဆိုလိုက်သည်။

“သူတို့က ချင်အာကို တောင်ပိုင်းနယ်စပ်ရဲ့ ကြည့်ရှုစစ်ဆေးရေးမှူး အဖြစ် ခန့်အပ်မယ်သာ ပြောတာ.. ဒါပေမဲ့ ဘာဖြစ်လဲ... စစ်သည် တစ်ယောက်တောင်မှ သူ့လက်ထဲကို ထည့်မပေးဘူးလေ..”

“သူတို့ လိုချင်တာက နဝမကူနန်းတော်နဲ့ ကျန်ရှိနေတဲ့ ချန်းလန်တပ်မတော်ကို အသုံးချပြီးတော့ ခံစစ်စည်းက လစ်ဟင်းနေတဲ့ နေရာတွေကို ဖြည့်ခိုင်းချင်တာ သက်သက်ပဲ.. ဒါဟာ မြို့စားဘုရင်တွေကို အားနည်းအောင် လုပ်ပြီး တော်ဝင်အာဏာကို အားကောင်းအောင် လုပ်တဲ့ နောက်ထပ် ပြဇာတ်တစ်ခုပဲ မဟုတ်လား”

“ဟို မင်းသားလေးလည်း တကယ်ပဲ အဖမ်းခံထားရတာ ဖြစ်ပါစေလို့ပဲ ကျွန်မ ဆုတောင်းပါတယ်.. တကယ်လို့ ဒါဟာ သူ့ရဲ့ အကွက်ဆိုရင်တော့... သူ့မှာ ကလေး မရပါစေနဲ့လို့ ကျွန်မ ကျိန်စာတိုက်လိုက်မယ်ရှင်”

နင်ဟုန်ယွီသည် စိတ်တိုလာလျှင် ဤသို့ပင် ကျိန်ဆဲတတ်သည် မဟုတ်ပါလော။

“ညဇီးကွက်အစောင့်တပ်နဲ့ ထိပ်တိုက် သွေးမြေကျ တိုက်ခိုက်ရတာထက်စာရင်တော့ ဒါဟာ အတော်လေး ကောင်းမွန်တဲ့ ရလဒ်ပါပဲ”

လီယွမ်က ဝင်ရောက်ပြောဆိုလိုက်သည်။

“အနည်းဆုံးတော့ ကူသခင် လမ်းစဉ်ရဲ့ အင်အား အမြောက်အမြားက ကိုယ့်လက်ထဲမှာပဲ ကျန်ရှိနေသေးတာပဲလေ.. ဘယ်သူ့ရဲ့ အသုံးချခံ လက်နက်မှ မဖြစ်သွားသေးဘူး မဟုတ်လား”

ယွီဟန်ချွမ်းက ခေါင်းညိတ်ပြလိုက်သည်။

“နန်းတော်သခင် အချို့ဆီက ငါ ကြားတာတော့... အဘိုးအိုကြီးက ချင်အာကို အတော်လေး တန်ဖိုးထားတယ်တဲ့.. နောင်တစ်ချိန်မှာ ပထမနန်းတော်သခင် ရာထူးကို ဆက်ခံဖို့အတွက် ချင်အာဟာ အလားအလာ အရှိဆုံးသူလို့တောင် ဆိုကြတယ်”

“ဒါကြောင့် နဝမကူနန်းတော်ကြီးရဲ့ လက်ရှိ ဗျူဟာအားလုံးက ချင်အာအတွက် လမ်းခင်းပေးဖို့ကိုပဲ အဓိက အာရုံစိုက်ထားကြတာ.. ချင်အာရဲ့ အစွမ်းတွေက အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားပြီ ဆိုရင်တော့... ပြဿနာ အားလုံးက ပြေလည်သွားမှာပါပဲ”

သူ၏ သွေးကြောများ ပြန်လည် ရှင်သန်လာပြီးနောက်တွင် ယွီဟန်ချွမ်း၏ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့တော့၏။ ထို့အပြင် သူသည် တောင်တန်းအသီးသီးမှ အကြီးအကဲများနှင့် နန်းတော်သခင်များ၏ မိတ်ဆွေဟောင်း တစ်ဦး ဖြစ်သဖြင့် သတင်းအချက်အလက် မြောက်မြားစွာကို သိရှိထားသည်။

“ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီး မပေးပါနဲ့ ချင်အာရယ်”

လီယွမ်က ရှောင်ချင်အာ၏ ပုခုံးကို ခပ်ဖွဖွလေး ပုတ်ရင်း ဆိုလိုက်သည်။

“မင်းကို ကူညီပေးမယ့် လူကြီးမိဘတွေ အများကြီး ရှိနေသလို... ကူသခင်တွေထဲမှာလည်း ဗျူဟာကျွမ်းကျင်တဲ့သူတွေ၊ တိုက်ခိုက်ရေး တော်တဲ့သူတွေ အများကြီး ရှိပါတယ်.. သူတို့တွေ အားလုံးက မင်းကို ဝိုင်းဝန်း ကူညီပေးကြမှာပါ”

လူတိုင်း၏ နှစ်သိမ့်စကားများကြောင့် ရှောင်ချင်အာ၏ စိတ်နှလုံးမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေတော့၏။

ညဉ့်နက်သန်းခေါင်ယံ အချိန်ကာလ။

လီယွမ်သည် လူသူကင်းဝေးလှသော ဝါးတောလေးအတွင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်လာခဲ့သည်။ ရှောင်ချိုက် တစ်ယောက် ‘ငရဲမီးလျှံ’ ကို စားသုံးခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူမမှာ အိပ်မောကျနေဆဲ ဖြစ်သည်။

“မင်းကတော့ ကောင်းကောင်းကြီး စားသောက်ပြီး အိပ်ပျော်နေတာပဲပေါ့လေ”

လီယွမ်သည် အိပ်ပျော်နေသော ရှောင်ချိုက်အား ကြည့်ရင်း အနည်းငယ် စိုးရိမ်နေမိသည်။ ထိုစဉ်က လင်းယွဲ့နှင့် တိုက်ခိုက်နေရသဖြင့် သူသည် ပေါင်းစပ်စနစ်ကို အသုံးမပြုနိုင်ခဲ့သလို ငရဲမီးလျှံကို ထည့်သွင်းရန် ရတနာ တစ်ခုလည်း မရှိခဲ့သဖြင့် ရှောင်ချိုက်အား အရင်ဆုံး မြိုချခိုင်းလိုက်ရလေ၏။

ထိုသို့ကြောင့်ပင် ရှောင်ချိုက်မှာ ယခုတိုင် ဆင့်ကဲပြောင်းလဲမှု မပြီးဆုံးနိုင်သေးခြင်း ဖြစ်ရမည်။ လီယွမ်၏ အတွေ့အကြုံအရဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးမှာ ကူကောင်ကိုယ်တိုင်က ရတနာကို ထိန်းချုပ်ရန် ခက်ခဲနေချိန်တွင် ဖြစ်ပေါ်တတ်ပြီး ဆင့်ကဲပြောင်းလဲမှုကို ရပ်တန့်သွားစေတတ်သည်။

“ငါ မင်းကို ကူညီပေးရတော့မှာပေါ့”

ဤတိုက်ပွဲအတွင်း လီယွမ်သည် နတ်ဆိုး ရုပ်အလောင်း အမြောက်အမြားကို စုဆောင်းနိုင်ခဲ့သည်။ ဒါက အရင်ကလို ချန်းလန်တပ်မတော် စွန့်ပစ်ခဲ့သည့် အကြွင်းအကျန်များကို ကောက်ယူခဲ့ရခြင်း မဟုတ်ပေ။ အလောင်းအများစုမှာ အကောင်းပကတိ ရှိနေကြပြီး အလွန်တရာ တန်ဖိုးရှိလှသလို... အထဲတွင် မဖော်ထုတ်ရသေးသော ရတနာများပင် ပါရှိနေနိုင်ချေ ရှိသည်။

ရှောင်ချိုက်၏ အကူအညီ မပါဘဲ လီယွမ်သည် နတ်ဆိုး ရုပ်အလောင်းများကို ကိုယ်တိုင်ကိုယ်ကျ ခွဲခြမ်းစိတ်ဖြာကာ ရှောင်ချိုက်၏ ဆင့်ကဲပြောင်းလဲမှုအတွက် အထောက်အကူ ဖြစ်စေမည့် ရတနာများကို တစ်ခုပြီးတစ်ခု ရှာဖွေနေတော့၏။

အသင့်တော်ဆုံးသော အစိတ်အပိုင်းများမှာကား မီးဓာတ်ရှိသော နတ်ဆိုးများ၏ အတွင်းကလီစာများနှင့် စွမ်းအင်ကျောက်များပင်။

‘ငရဲမီးလျှံ ဆိုတာက မီးဓာတ် အမျိုးအစား ဖြစ်ပေမယ့်လည်း... ယင်ဓာတ် ရှိတဲ့ ရတနာ တစ်ခု ဖြစ်နေတာပဲ.. ပုံမှန် ဆင့်ကဲပြောင်းလဲမှု သီအိုရီအရဆိုရင်တော့ ငါးရောင်ခြယ် မီးတောက်စပါးအုံးဟာ ခုနစ်ရောင်ခြယ် မီးတောက်စပါးအုံး အဖြစ် ပြောင်းလဲသွားမှာပဲ.. အဲဒါက ဒီအမျိုးအစားတွေထဲမှာတော့ အမြင့်ဆုံး အဆင့်ဖြစ်တဲ့ ရှားပါးကူကောင် အဆင့်ပေါ့’

လီယွမ်သည် မီးတောက်စပါးအုံး၏ ဆင့်ကဲပြောင်းလဲမှု စနစ်ကို အကြိမ်ကြိမ် လေ့လာဖူးသဖြင့် ကောင်းစွာ ကျွမ်းကျင်နေခဲ့တော့၏။ စီနီယာများ၏ အတွေ့အကြုံများအရဆိုလျှင် ငါးရောင်ခြယ် မီးတောက်စပါးအုံးသည် နောက်ထပ် မတူညီသော မီးလျှံ (၂) မျိုးကို ထပ်မံ စားသုံးနိုင်ပါက ခုနစ်ရောင်ခြယ် မီးတောက်စပါးအုံး အဖြစ်သို့ သေချာပေါက် ပြောင်းလဲသွားမည် ဖြစ်သည်။

စိန်ခေါ်မှုကြီးမှာကား ပိုမို အစွမ်းထက်လှသော ထူးခြားကူကောင် တစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်ရန်ပင် ဖြစ်တော့၏။

‘ငရဲမီးလျှံက အဆင့်အတန်း မြင့်မားလွန်းနေတော့... ရှောင်ချိုက် အနေနဲ့ အလွယ်တကူ မချေဖျက်နိုင်ဘဲ ဖြစ်နေတာပဲ.. အဲဒါကြောင့်လည်း မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်နေရတာပေါ့’

‘ရှောင်ချိုက်ရဲ့ ဆင့်ကဲပြောင်းလဲမှုကို ကူညီပေးဖို့ဆိုရင်... ငရဲမီးလျှံရဲ့ ယင်စွမ်းအင်တွေကို ပြန်လည် တုံ့ပြန်ပေးနိုင်မယ့် ရတနာအချို့ကို ရှာဖွေပြီးတော့ ရှောင်ချိုက်ရဲ့ ကိုယ်ထဲကို ထည့်ပေးရမယ်.. အဲဒီအခါကျရင်တော့ အံ့ဩစရာကောင်းတဲ့ ရလဒ်တစ်ခု ထွက်လာနိုင်တာပေါ့’

All Chapters