အခန်း (၂၉၉-၃၀၀)
Vol. 30 Ch. 299-300
အခန်း။၂၉၉
ဤအခိုက်အတန့်တွင် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ငိုကြွေးသံများ၊ ဒေါသတကြီး ဟိန်းဟောက်သံများနှင့် နောင်တရရွတ်ဆိုသံများသည် မသေမျိုးတောင်ကုန်းတစ်ခုလုံးတွင် ဆူညံစွာ ပဲ့တင်ထပ်နေခဲ့သည်။
တောင်ဘက်ပင်လယ် အရပ်ရပ်မှ ရောက်ရှိလာကြသော ကျင့်ကြံသူများသည် နေရာတွင်ပင် ကျောက်ရုပ်အလား ဆွံ့အလျက် ကောင်းကင်ယံကြီးကို ငေးမောကြည့်နေမိကြတော့သည်။
သူတို့အားလုံးသည် ယခုအကြိမ် အရှေ့ဘက်လျှို့ဝှက်နယ်မြေ၏ ပြိုင်ပွဲကြီးမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားခဲ့ကြသော်လည်း ရှေးဟောင်းနယ်မြေငယ်အတွင်းရှိ ပြိုင်ဘက်ကင်း ပါရမီရှင် သုံးရာထဲမှ ချန်ကျီရှင်းနှင့် ဖန်းနိုင် နှစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ပြီး ကျန်ရှိသူအားလုံး သေဆုံးသွားလိမ့်မည်ဟုကား မည်သူမျှ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
"အရှေ့ဘက်လျှို့ဝှက်နယ်မြေရဲ့ နှစ်ပေါင်းတစ်ထောင်စာ ကံကြမ္မာက ဒီနေရာတင်တင်ကို ပြတ်တောက်သွားခဲ့ပြီ"
တစ်စုံတစ်ဦးက တုန်ရင်နေသောအသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ချန်... မိတ်ဆွေချန် ဒီကမ္ဘာငယ်ရဲ့ အတွင်းထဲမှာ တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ကျွန်တော်တို့ကို ပြောပြပေးနိုင်မလား"
သန့်စင်သောမြေမှ ရိုသေခန့်ညားဖွယ်ကောင်းလှသော ဂိုဏ်းချုပ်အရှင်သခင်ကြီးတစ်ဦးသည် အသက်ကို ဝဝရှူလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် မျိုသိပ်လျက် ကောင်းကင်မြင့်ထက်ရှိ ချန်ကျီရှင်းထံသို့ လှမ်းမြော်ကြည့်ကာ မေးလိုက်သည်။
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက်...
ဝှူး... ဝှူး... ဝှူး
ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အကြည့်များသည် ချန်ကျီရှင်းထံသို့ ထပ်မံစုပြုံ၍ ရောက်ရှိသွားကြပြန်သည်။ သူတို့အားလုံးသည် ထိုရှေးဟောင်းနယ်မြေငယ်အတွင်း၌ မည်
သည့်အရာက ဤမျှအထိ ပါရမီရှင်အမြောက်အမြားကို သေဆုံးစေခဲ့တာလဲဟူသော အဖြေကို အသည်းအသန် သိရှိချင်နေကြသည်။
ချန်ကျီရှင်းသည် သူ၏ လက်နှစ်ဖက်ကို ပူးယှက်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် "အမှန်အတိုင်း ပြောရရင်... ဒီကမ္ဘာငယ်ထဲမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း သေသေချာချာ မသိပါဘူး။ လျှို့ဝှက်ဆန်းပြားတဲ့ ဝတ်ရုံနက်လူသားတွေ ရောက်မလာခင်
ကတည်းက ကျွန်တော်က ပရမ်းပတာ မြူခိုးထုကြီးရဲ့ အတွင်းထဲမှာပဲ တံခါးပိတ် တရားထိုင်နေခဲ့တာပါ။ ဒါပေမဲ့ စီနီယာညီလေး ဖန်းနိုင်ကတော့ ဒီကပ်ဘေးကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမို့ သူ့ကိုပဲ အားလုံးကို ပြောပြခိုင်းလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
"ဒါဆိုရင်တော့ တကယ်ပဲ ကျေးဇူးတင်ရမှာပါပဲ"
လူအုပ်ကြီးက ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ အကြည့်များကို ဖန်းနိုင်ထံသို့ လွှဲပြောင်းလိုက်ကြသည်။
လူတိုင်းက မေးခွန်းများ စတင်မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်...
ဝုန်း
ရုတ်တရက်ဆိုသလို မမြင်နိုင်သော ကြောက်မက်ဖွယ် ဖိအားအရှိန်အဝါတစ်ခုက နေရာတစ်ခုလုံးသို့ တရွေ့ရွေ့ ပျံ့နှံ့လွှမ်းမိုးလာခဲ့တော့သည်။
ထိုဖိအားအောက်တွင် နေရာ၌ ရှိနေကြသော နိဗ္ဗာနအဆင့် အထွတ်အထိပ်ရှိ ရှေးဟောင်း သန့်စင်သောမြေမှ ဂိုဏ်းချုပ်ကြီးများအပါအဝင် လူတိုင်းသည် သူတို့၏ နှလုံးသားကို တစ်စုံတစ်ဦးက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်အလား ခံစားလိုက်ကြရပြီး ကြောက်မက်ဖွယ်ကောင်းလှသော သေခြင်းရှင်ခြင်း အာရုံကြီးမှာလည်း ရင်ထဲ၌ ဆူပွက်လာခဲ့ရသည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးက အေးခဲသွားခဲ့သည့်အလားပင်။
ရောက်ရှိနေကြသော ထောင်ပေါင်းများစွာသော လူအုပ်ကြီးမှာလည်း တစ်စုံတစ်ဦးက ရပ်တန့်ခြင်းခလုတ်ကို နှိပ်လိုက်သည့်အလား ခြေတစ်လှမ်းမျှပင် မရွေ့လျားနိုင်တော့ချေ။
ရှေးဟောင်း ကြေးမုံပြင်ကြီးတစ်ခုသည် ဟင်းလင်းပြင်အတွင်းမှနေ၍ တရွေ့ရွေ့ ပေါ်ထွက်လာခဲ့သည်။
ထိုရှေးဟောင်းကြေးမုံ၏ မျက်နှာပြင်မှာ မညီမညာ ဖြစ်နေပြီး နှစ်ပေါင်းထောင်ချီ တည်တံ့နေခဲ့သော်လည်း ပျက်စီးသွားခြင်းမရှိသည့် မည်းနက်နေသော သွေးကွက်များ စွန်းထင်နေခဲ့၏။ ၎င်းမှာ သက်ရှည်အဆင့်ရှိ ပုဂ္ဂိုလ်ကြီးများ၏ သွေးပင်။
ဘုန်း …
နောက်တစ်ခဏတွင် မသေမျိုးအလင်းတန်းပေါင်း သောင်းခြောက်ထောင်နှင့်အတူ လောကတစ်ခုလုံးကို ဝါးမြိုပစ်နိုင်လောက်သည့် ဧရာမ ဖိအားကြီးတစ်ခုသည် ကောင်းကင်ယံထက်သို့ တစ်ဟုန်ထိုး ပျံတက်သွားခဲ့ပြီး ကောင်းကင်ကိုးထပ်နှင့် မြေကမ္ဘာတစ်ခွင်လုံးကို တုန်ဟုန်သွားစေခဲ့တော့သည်။
ထိုပြင်းထန်လှသော ဖိအားအောက်တွင် ကြေးမုံပြင်ထက်၌ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းမျိုးစုံ တဖျပ်ဖျပ် ထင်ဟပ်လာခဲ့၏။ မိစ္ဆာများ ငိုကြွေးခြင်း၊ နတ်ဘုရားများ ဟိန်းဟောက်ခြင်း၊ ကောင်းကင်ကြီး ပြိုကျပြီး မြေကြီးများ အစိတ်စိတ်အမွှာမွှာ ကွဲအက်ခြင်း၊ သွေးမြစ်များ စီးဆင်းပြီး ကြယ်တာရာများ ကြွေကျခြင်းများပင်။
စကြဝဠာ၏ ထောင့်စွန်းတစ်ခုမှာပင် ဖုန်မှုန့်အလား ပြိုပျက်သွားခဲ့ရပြီး ထာဝရအသက်ရှည်ခြင်းအဆင့်ရှိ ပုဂ္ဂိုလ်ကြီးများ သွေးအိုင်ထဲလဲ၍ ကျဆုံးသွားကြရသည့် ကြောက်မက်ဖွယ်ရာ ကပ်ဘေးပုံရိပ်များမှာ တဖျပ်ဖျပ် ပေါ်ထွက်နေခဲ့သည်။
"မသေမျိုးလက်နက်..."
ရှေးဟောင်း သန့်စင်သောမြေမှ ဂိုဏ်းချုပ်ကြီးတစ်ဦးသည် အလွန်အမင်း ခက်ခဲစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ ထိုရှေးဟောင်းကြေးမုံပြင်ကြီးကို မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရရှာသည်။ ဤသည်မှာ စစ်မှန်လှသော မသေမျိုးလက်နက်စစ်စစ် ဖြစ်သည်။
အချို့သောသူများသည် ထွက်ပြေးရန် ကြိုးစားကြသော်လည်း ဤရှေးဟောင်းကြေးမုံ၏ ဖိအားအောက်တွင် နေနှင့်လကိုပင် ခြေတော်တင်နိုင်ပြီး လောကကို ငုံ့မိုးကြည့်နိုင်စွမ်းရှိသော ပြိုင်ဘက်ကင်း အရှင်သခင်ကြီးများပင်လျှင် ရွှံ့နွံအိုင်ထဲသို့ ကျရောက်သွားသည့်အလား အလွန်အမင်း တုံ့ဆိုင်းကာ နှေးကွေးသွားခဲ့ရတော့သည်။
"အားလုံးကို တောင်းပန်ပါတယ်ဗျာ"
စီကုန်းရွှမ်းကျီသည် ခရမ်းရောင်ဝတ်ရုံကို ဆင်မြန်းလျက် ခရမ်းရောင်ဆံနွယ်များ လေထဲတွင် ဝဲကျနေရင်း ထိုရွှေရောင်ရထားလုံးအတွင်းမှ လှမ်းထွက်လာခဲ့သည်။
သူသည် ပထမဦးစွာ မသေမျိုးဂိုဏ်း၏ တံခါးဝရှေ့တွင် မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ တည်ငြိမ်စွာ ရပ်နေကြသော အပြင်ပန်းကိုယ်ပွား သုံးခုနှင့် လျစ်လျူရှုထားသော အမူအရာများရှိကြသည့် ခရမ်းရောင်ရွှေဘုရင် အပါအဝင် လူသုံးဦးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်၊ အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကို တောင်းပန်သည့်အနေဖြင့် လက်ပူးယှက်ပြလိုက်သည်။
နောက်ဆုံးတွင်မူ သူသည် ကောင်းကင်မြင့်ထက်ရှိ ချန်ကျီရှင်းကို မော့ကြည့်လိုက်ပြီး တည်ငြိမ်အေးစက်စွာ ပြောဆိုလိုက်တော့သည်။
"ချန်ကျီရှင်း... မင်းအနေနဲ့ ငါတို့ စီကုန်းမိသားစုရဲ့ မသေမျိုးလက်နက်အောက်မှာ သေခွင့်ရတာကိုပဲ ဂုဏ်ယူသင့်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့စီကုန်းမိသားစုရဲ့ ဒီမသေမျိုး ကောင်းကင်
အင်ပါယာကြေးမုံက တစ်ချိန်က သက်ရှည်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ သွေးကို သောက်သုံးခဲ့ဖူးလို့ပဲ"
ချန်ကျီရှင်းသည် စီကုန်းမိသားစု၏ သခင်ကြီးကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မည်သည့်အံ့ဩတုန်လှုပ်မှုမျှ ရှိမနေခဲ့ချေ။ စီကုန်းရွှမ်းကျီက သူ့အပေါ် လှုပ်ရှားလာလိမ့်မည်ဟူသောအချက်မှာ သူ ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင်။
"မင်းပြောတာ မှန်ပါတယ်။ အကယ်၍ ထာဝရအသက်ရှည်ခြင်းအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကသာ အသုံးပြုမယ်ဆိုရင် မသေမျိုးလက်နက်ဆိုတာ လောကတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်
လောက်အောင် အနှိုင်းမဲ့စွမ်းအား ရှိတာပေါ့။ ဒါပေမဲ့ မင်းကော ဒီစွမ်းအားရဲ့ တစ်ထောင်ပုံ တစ်ပုံလောက်ကိုတောင် ထုတ်ဖော်နိုင်လို့လား"
စီကုန်းရွှမ်းကျီ၏ မျက်နှာပေါ်တွင် ရက်စက်လှသော လှောင်ပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ တုံ့ဆိုင်းမနေဘဲ ထိုမသေမျိုးလက်နက်ကို ချက်ချင်း အသက်သွင်းလိုက်ရင်း ပြန်လည်ပြောဆိုလိုက်တော့သည်။
"မင်းပြောတာ မှန်တာပေါ့။ ဒါပေမဲ့ ဒါရဲ့ စွမ်းအား တစ်ထောင်ပုံ တစ်ပုံတောင်မှ မင်းလိုကောင်ကို အလွယ်တကူ သတ်ပစ်နိုင်ဖို့အတွက် လုံလောက်တာထက်ကို ပိုပါသေးတယ်"
"သေစမ်း"
ဘုန်း …
တစ်ခဏချင်းမှာပင် တစ်မိုးအောက် လောကတိုက်ကြီးတစ်ခုလုံးကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်လောက်သည့် မရေမတွက်နိုင်သော ဆိတ်ငြိမ်ပျက်သုဉ်းခြင်း နတ်ဘုရားအလင်းတန်းများသည် ထိုရှေးဟောင်းကြေးမုံပြင်ထက်မှနေ၍ တဟုန်ထိုး ပေါက်ကွဲ၍ ထွက်ပေါ်လာပြီး ချန်ကျီရှင်းထံသို့ ရူးသွပ်စွာ ပြေးဝင်သွားတော့သည်။
ထိုနတ်ဘုရားအလင်းတန်းများ ရောက်ရှိရာ အရပ်တိုင်းရှိ ဟင်းလင်းပြင်များအားလုံးက အစိတ်စိတ်အမွှာမွှာ ပြိုပျက်သွားခဲ့ရ၏။ ယခုတိုက်ကွက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြရန် မစွမ်းသာချေ။
ဤတိုက်ချက်အောက်တွင် ကောင်းကင်နှင့် မြေကြီးမှာ ပွတ်တိုက်ချေဖျက်ခြင်း ခံရတော့မည့်အလား၊ မဟာတာအိုလမ်းစဉ်ကြီးတစ်ခုလုံး ချုပ်ငြိမ်းသွားတော့မည့်အလား အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းသည်။
ရောက်ရှိနေကြသော မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်တောင်များ တဆတ်ဆတ် တုန်ခါသွားခဲ့ကြပြီး စိတ်ဝိညာဉ်များပင် လွင့်စင်လုနီးပါး ဖြစ်သွားခဲ့ရသည်။
"မသေမျိုးသက်ရှည်မိသားစုရဲ့ ဂုဏ်သရေရှိ သခင်ကြီးတစ်ယောက်က သာမန် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ပဲရှိသေးတဲ့ မျိုးဆက်သစ်လူငယ်လေးတစ်ယောက်ကို သတ်ဖို့အတွက် မသေမျိုးလက်နက်ကို အားကိုးတကြီး ထုတ်သုံးရတယ်လို့လား"
"ဒီစီကုန်းမိသားစုက တကယ့်ကိုပဲ ရည်ရွယ်ချက်အောင်မြင်ဖို့ဆို ဘာမဆို လုပ်မယ့်သူတွေပဲ"
"ဒါကို... စီကုန်းသခင်ကြီးက အစစအရာရာ သေချာကျနလွန်းတယ်လို့ ပြောရမလား ဒါမှမဟုတ် သိက္ခာမဲ့စွာနဲ့ မျက်နှာအပျက်ခံရဲတယ်လို့ပဲ ပြောရမလား"
"မူလက ဒါက လူငယ်တွေကြားထဲက ပဋိပက္ခသက်သက်ပဲလေ။ ထိုစီကုန်းနန်က ချန်ကျီရှင်းကို အရင်သွားပြီး ရန်စလို့ သူ့လက်ထဲမှာ သေသွားခဲ့တာ။ အကယ်၍ စီကုန်းမိသားစုဘက်က သူတို့ရဲ့ ကံဆိုးမှုကို အသာတကြည် လက်ခံလိုက်ရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ အခုတော့ သူတို့က ဒီအမုန်းတရားကို မြိုမချနိုင်ဘဲ လုပ်ကြံသတ်ဖြတ်သူတွေကို စေလွှတ်ခဲ့ရုံတင်မကဘူး။ အခုလို လူကြီးက လူငယ်ကို အနိုင်ကျင့်တဲ့အပြင် မသေမျိုးလက်နက်ကိုပါ ထုတ်သုံးလာတယ် တကယ့်ကို အော့နှလုံးနာဖို့ ကောင်းတယ်"
"အဲလိုလည်း ပြောလို့မရဘူးလေ ရှေးစကားပုံလည်း ရှိတာပဲ... ရက်စက်တတ်တဲ့သူမှ သူရဲကောင်းစစ်စစ် ဖြစ်နိုင်တယ်ဆိုတာ။ ချန်ကျီရှင်းက ရန်သူ ဖြစ်သွားပြီဆိုမှတော့ ပြီးတော့ သူ့ရဲ့ ပါရမီကလည်း ဒီလောက်အထိ ထင်ရှားနေတာကို နောင်တစ်ချိန် သူ ပိုပြီး သန်မာလာတဲ့အထိ စောင့်ပြီးမှ သွားသတ်ရမှာလား"
"မှန်တယ်... ကျွန်တော်ကတော့ စီကုန်းသခင်ကြီးရဲ့ ဒီလို ပြတ်သားရဲရင့်တဲ့ လုပ်ရပ်ကို ပိုပြီး သဘောကျမိတယ်"
ကျင့်ကြံသူများ၏ ရင်ထဲ၌ အတွေးအမျိုးမျိုး တဖျပ်ဖျပ် ပေါ်ထွက်လာခဲ့ကြသည်။
တစ်ခဏချင်းမှာပင် လူအုပ်ကြီးသည် မတူညီသော အမူအရာများကို ပြသလာကြတော့သည်။ အချို့ကမူ အထင်အမြင်သေးစွာဖြင့် တိတ်တဆိတ် ခေါင်းယမ်းမိကြပြီး အချို့ကမူ ခြားနားသော အတွေးများဖြင့် စီကုန်းရွှမ်းကျီ၏ လုပ်ရပ်မှာ အမြော်အမြင်ရှိသည်ဟု ယူဆကြသည်။
သို့သော်လည်း လူအများစုမှာမူ နှမြောတသခြင်းနှင့် သနားဂရုဏာသက်ခြင်း အမူအရာများကိုသာ ပြသနေကြဆဲပင်။
မည်သူမျှ ချန်ကျီရှင်းအနေဖြင့် မသေမျိုးလက်နက်၏ တိုက်ချက်အောက်တွင် အသက်ရှင်နိုင်လိမ့်မည်ဟု မယုံကြည်ကြချေ။
"ရိုင်းစိုင်းလှချည်လား"
နတ်ဘုရားနန်းတော်၏ မသေမျိုးဂိုဏ်းတံခါးဝရှေ့တွင် ဆံပင်ငွေရောင်နှင့် အဘွားအိုက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။
"စီကုန်းရွှမ်းကျီ... မင်းအနေနဲ့ နတ်ဘုရားနန်းတော်ရဲ့ ရန်သူ မဖြစ်ချင်ဘူးဆိုရင် ချက်ချင်း လက်စသိမ်းစမ်း"
စီကုန်းရွှမ်းကျီကမူ ထိုအဘွားအိုကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး "တောင်းပန်ပါတယ်။ အခုအကြိမ်မှာတော့ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျွန်တော် မလိုက်လျောနိုင်ပါဘူး" ဟု ပြောလိုက်သည်။
ဘုန်း
ထိုမရေမတွက်နိုင်သော ဆိတ်ငြိမ်ပျက်သုဉ်းခြင်း နတ်ဘုရားအလင်းတန်းများသည် ဟင်းလင်းပြင်အားလုံးကို ချေဖျက်လျက် ပရမ်းပတာ နယ်မြေအဖြစ် ပြောင်းလဲပစ်ကာ ချန်ကျီရှင်းထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ချန်ကျီရှင်းသည် သူ၏ အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည့် သိပ်သည်းလှသော နတ်ဘုရားအလင်းတန်းများကို မော့ကြည့်လိုက်သည်။
သူသည် အသက်ကို ဝဝရှူလိုက်ပြီးနောက် ဟင်းလင်းပြင်ကို ဖိနှိပ်လျက် တည်ရှိနေသည့် ဇီဝေချန်မိသားစု၏ ဧရာမ သင်္ဘောကြီးရှိရာ အရပ်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းမှုတစ်ခု တဖြည်းည်း ပေါ်ထွက်လာခဲ့တော့သည်။
နောက်တစ်ဆင့်အနေဖြင့် သူ ဘေးသို့ ခေတ္တဖယ်ပေးရမည့် အချိန်ရောက်ပြီ ဖြစ်ကာ သူ၏ အဘိုးဖြစ်သူ ချန်တောက်ယန် စင်မြင့်ထက်သို့ တက်ရောက်ရမည့် အချိန်ဖြစ်သည်။
"မသေမျိုးလက်နက် တဲ့လား... ဟွန်း တကယ့်ကို ကြီးကျယ်ခမ်းနားလှချည်လား"
"မင်းက... ငါတို့ရဲ့ ဇီဝေချန်မိသားစုမှာ ဘာစွမ်းအားမှ မရှိဘူးလို့ ထင်နေတာလား"
နိမ့်ရှိုင်းပြီး အမိန့်ပေးသံဆန်ကာ လျစ်လျူရှုထားသော လေသံကြီးတစ်ခုသည် ကိုးထပ်ကောင်းကင်ဘုံ၏ တိမ်တိုက်များကြားမှနေ၍ မိုးခြိမ်းသံအလား ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
ထို့နောက်တွင်မူ လူတိုင်း မြင်တွေ့လိုက်ရသည်မှာ ဆံပင်ဖြူခေါင်းဖြူနှင့် မျက်ဝန်းများအတွင်း၌ လျှပ်စီးအလင်းတန်းများ ကိန်းအောင်းနေကာ လောကဖန်ဆင်းခြင်း အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသော အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသည့် ခန့်ညားထည်ဝါသော ပုံရိပ်ကြီးတစ်ခုသည် ထိုဧရာမ သင်္ဘောကြီးပေါ်မှနေ၍ လှမ်းထွက်လာခြင်းပင်။
ပြင်းထန်လှသော လေရိုင်းများသည် ဝူးဝူးဝါးဝါး တိုက်ခတ်လာခဲ့ပြီး သူ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်ဖြူကြီးများကို လေထဲတွင် အရူးအမူး လွင့်ပျံစေခဲ့၏။
ဘုန်း
တစ်ခဏချင်းမှာပင် ကောင်းကင်ယံထက်၌ ရောင်ခြည်တော်စက်ဝန်းများ ပေါ်ထွက်လာခဲ့ပြီး သောင်းခြောက်ထောင်မကသော မင်္ဂလာအလင်းတန်းများ တဖျပ်ဖျပ် လက်ခနဲ ဖြစ်သွားခဲ့သည်။
မဟာတာအိုလမ်းစဉ်၏ နတ်ဘုရားမြည်တမ်းသံများနှင့် ဗုဒ္ဓဂါထာသံကဲ့သို့သော အသံများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့ရ၏။ စည်းမျဉ်းဥပဒေပေါင်းများစွာ ယှက်လိမ်လာခဲ့ကြပြီး မရေမတွက်နိုင်သော မဟာတာအိုလမ်းစဉ် သံကြိုးကြီးများသည်လည်း ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့ကြသည်။
နောက်ဆုံးတွင်မူ သိပ်သည်းလှသော ခရမ်းရောင်အလင်းတန်းများသည် ကောင်းကင်ယံထက်၌ လိမ်ယှက်ကာ စုစည်းမိသွားခဲ့ကြပြီး ကိုးထပ်ကောင်းကင်ဘုံ၏ နဂါးငွေ့တန်းဂလက်ဆီဆီမှနေ၍ တိုက်ရိုက် စီးဆင်းသက်ဆင်းလာသော မသေမျိုး ရေတံခွန်ကြီးအလား ပုံသဏ္ဌာန် ပြောင်းလဲသွားခဲ့ကာ ချန်ကျီရှင်း၏ ရှေ့မှောက်တွင် မတ်မတ်ကြီး ကာဆီး၍ ကာကွယ်လိုက်သည်။
အခန်း။ ၃၀၀
ဝုန်း ….
ဤခေတ်ကာလ၏ အကြောက်မက်ဖွယ်ကောင်းလှသော ထိပ်တိုက်တွေ့ဆုံမှုကြီး ဖြစ်ပွါးခဲ့ခြင်းပင်။
မဟာဖိအားကြီးများကို သယ်ဆောင်လာသော မရေမတွက်နိုင်သည့် ဆိတ်ငြိမ်ပျက်သုဉ်းခြင်း နတ်ဘုရားအလင်းတန်းများသည် ချန်ကျီရှင်း၏ ရှေ့မှောက်တွင် မသေမျိုးရေတံခွန်ကြီးအလား ဆိုင်းငံ့ကာဆီးထားသည့် ခရမ်းရောင်နတ်ဘုရားအလင်းတန်းကြီးအား ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။
စည်းမျဉ်းဥပဒေများ၏ မူလအစအစိပ်အပိုင်းများမှာ ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့ရပြီး မဟာတာအိုလမ်းစဉ်၏ သံကြိုးကွင်းဆက်ကြီးများလည်း အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားခဲ့ရ၏။
ကောင်းကင်နှင့် မြေကြီးသည် ဖြတ်ပိုင်းခံလိုက်ရသည့်အလား ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီး ကောင်းကင်ကြီး ပြိုကျကာ မြေကြီးများ လှုပ်ခတ်ပြိုပျက်ကုန်တော့သည်။ ခရမ်းရောင်နတ်ဘုရားအလင်းတန်းကြီး ပြိုကွဲကျဆင်းလာပုံမှာ ဧကရာဇ်ကြယ်တစ်ပွင့် ကောင်းကင်ယံထက်မှနေ၍ ပင်လယ်ပြင်ထဲသို့ ထိုးစိုက်ကျဆင်းလာပြီး အမြင့်ပေပေါင်း သောင်းချီရှိသော လှိုင်းလုံးကြီးများကို ပေါက်ကွဲထွက်ပေါ်စေသည့်အလား ရှိနေခဲ့သည်။
လောကကြီးကို တုန်လှုပ်စေနိုင်လောက်သော ဤထိပ်တိုက်တွေ့ဆုံမှုအောက်တွင် ကြောက်မက်ဖွယ်ရာ တုန်ခါမှုအရှိန်အဝါများမှာ ပတ်ဝန်းကျင်သို့ တဟုန်ထိုး လွှမ်းမိုးသွားခဲ့ပြီး ဟင်းလင်းပြင်ကြီးမှာလည်း တစ်လက်မချင်းစီ အစအနဖျောက် ပျက်စီးသွားခဲ့ရသည်။
ထိုလှိုင်းလုံးကြီးများအလား ဆူပွက်လာသော စွမ်းအားများသည် ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် ကမ္ဘာမြေကြီးတစ်ခုလုံးကို ပရမ်းပတာ အရပ်ဒေသအဖြစ်သို့ ပြောင်းလဲပစ်တော့မည့်အလား ရှိနေခဲ့သည်။
"ဖိနှိပ်စမ်း"
ခရမ်းရောင်ရွှေဘုရင် အပါအဝင် လူသုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြကာ လျင်မြန်စွာ ပျံ့နှံ့နေသော ကြောက်မက်ဖွယ် တုန်ခါမှုအရှိန်အဝါများကို အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်လိုက်ကြသည်။
အခြားသော အင်အားကြီးအဖွဲ့အစည်းများမှ ခေါင်းဆောင်များသည်လည်း သူတို့၏ မျက်ဝန်းများကို မှိတ်လျက် ထိုတုန်ခါမှုလှိုင်းများကို တားဆီးရန်အတွက် စွမ်းအားများကို ထုတ်ဖော်လိုက်ကြတော့၏။
ဘုန်း ဘုန်း ဘုန်း
ဘုန်း ဘုန်း ဘုန်း
အသက်တစ်ရှူစာမျှသော အချိန်တိုလေးအတွင်းမှာပင် ထိုမရေမတွက်နိုင်သော ဆိတ်ငြိမ်ပျက်သုဉ်းခြင်း နတ်ဘုရားအလင်းတန်းများနှင့် ခရမ်းရောင် မသေမျိုးရေတံခွန်ကြီးတို့သည် အကြိမ်ပေါင်း သန်းနှင့်ချီ၍ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီ ဖြစ်သည်။
နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် စဉ်ဆက်မပြတ် ဆူညံစွာ ထွက်ပေါ်နေခဲ့၏။
ဤမသေမျိုးလက်နက်နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုအောက်တွင် လောကကြီးတစ်ခုလုံး ပျက်စီးသွားတော့မည့်အလား ရှိနေခဲ့ပြီး မြေ၊ ရေ၊ လေ၊ မီး ဒြပ်စင်လေးပါးစလုံးမှာ ပြောင်းလဲကွဲအက်လျက် ပရမ်းပတာ ကမ္ဘာဦးအစ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံပင်။
မည်မျှကြာသွားသည်ကို မည်သူမျှ မသိရှိနိုင်တော့ချေ။
နောက်ဆုံးကျန်ရှိနေသော ဆိတ်ငြိမ်ပျက်သုဉ်းခြင်း နတ်ဘုရားအလင်းတန်းသည် ခရမ်းရောင် မသေမျိုးရေတံခွန်ကြီးအား ရိုက်ခတ်မိပြီးနောက် မရေမတွက်နိုင်သော အလင်းမှုန်မိုးစက်များအဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် ထိုခရမ်းရောင် မသေမျိုးရေတံခွန်ကြီးသည်လည်း ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ တစ်လက်မချင်းစီ အက်ကွဲလာခဲ့ကာ နောက်ဆုံးတွင်မူ မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံကြီးနှင့်အတူ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားခဲ့ရတော့သည်။
လောကကြီးမှာ တရွေ့ရွေ့နှင့် မူလအတိုင်း ပြန်လည်ကြည်လင်လာခဲ့သည်။
ရှေးဟောင်း မီးအိမ်တစ်လုံးသည် ဟင်းလင်းပြင်အတွင်းမှနေ၍ တရွေ့ရွေ့ ထွက်ပေါ်လာခဲ့သည်။ ထိုရှေးဟောင်းမီးအိမ်မှာ အမြင့် ကိုးလက်မခန့် ရှိပြီး တစ်ကိုယ်လုံးတွင် ပယင်းရောင်သန်းနေသော ခရမ်းရောင် ရှိကာ ဇီဝေပန်းပွင့်ချပ် တစ်ဆယ့်နှစ်လွှာဖြင့် ဖုံးလွှမ်းထားလျက် ရှိသည်။
၎င်းသည် လှပစွာ ပွင့်လန်းနေသော ပန်းပွင့်ကြီးတစ်ပွင့်အလား ရှိနေပြီး ထိုပန်းငုံ၏ အလယ်ဗဟိုမှာမူ မီးအိမ်၏ မီးစာအဖြစ် တည်ရှိနေခဲ့၏။
ထိုရှေးဟောင်းမီးအိမ်သည် မီးတောက်ကို စတင်အသက်မသွင်းရသေးသော်လည်း ကောင်းကင်ကိုးထပ်နှင့် မြေကမ္ဘာတစ်ခွင်လုံးကို ဖိနှိပ်ချုပ်ချယ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို အဆက်မပြတ် ထုတ်ဖော်နေခဲ့ပြီး ကျယ်ပြောလှသော တောင်တန်းများနှင့် ပင်လယ်ပြင်ကြီးတစ်ခုလုံးကိုပင် လွှမ်းမိုးတိုက်ခတ်သွားနိုင်လောက်သည့် အရှိန်အဝါမျိုး ရှိနေခဲ့သည်။
"ဒါက... ဇီဝေချန်မိသားစုရဲ့ မသေမျိုးလက်နက်ပဲ... ဇီဝေဧကရာဇ် မီးအိမ်"
"ဇီဝေမီးအိမ်တစ်လုံး... ပန်းပွင့်ပေါင်း သောင်းခြောက်ထောင်နဲ့ ရေမြေတောတောင်တွေကို လင်းထိန်စေတယ် ဒါက ဇီဝေချန်မိသားစုကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီး ချန်ရွှမ်းဖုန်းရဲ့ မသေမျိုးနတ်ဘုရားလက်နက်ပဲ…."
"ကောလာဟလတွေအရတော့... ဒီဇီဝေဧကရာဇ်မီးအိမ်ကိုသာ စတင်ပြီး မီးညှိလိုက်မယ်ဆိုရင် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေနိုင်သလို ကောင်းကင်နဲ့ မြေကြီးကိုပါ ပြောင်းပြန်လှန်ပစ်
နိုင်လောက်တဲ့ အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိတယ်လို့ ပြောကြတယ်"
"အား... ဒီခေတ်ကာလကြီးထဲမှာ မသေမျိုးလက်နက်တွေရဲ့ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
"ဇီဝေဧကရာဇ်မီးအိမ်နဲ့ မသေမျိုး ကောင်းကင်အင်ပါယာကြေးမုံ... ဒါတွေက တစ်ချိန်က ထာဝရအသက်ရှည်ခြင်းအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုပင် သွေးအိုင်ထဲလဲစေခဲ့ဖူးတဲ့ ကြောက်မက်ဖွယ် တာအိုလမ်းစဉ် ရတနာတွေပဲ"
တစ်ခဏချင်းမှာပင် မသေမျိုးတောင်ကုန်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့ရသည်။
ကြည့်ရှုနေကြသော မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံးမှာ ခေါင်းကိုမော့လျက် မသေမျိုး ကောင်းကင်အင်ပါယာကြေးမုံနှင့် ဇီဝေဧကရာဇ် မီးအိမ်တို့ကို စိုက်ကြည့်ရင်း သူတို့၏ စိတ်ဝိညာဉ်များ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကြရပြီး ကြီးစွာသော ရုတ်ရုတ်သဲသဲ ဖြစ်မှုကြီး ပေါ်ထွက်လာခဲ့တော့သည်။
မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်းမှ ရောက်ရှိနေကြသော ခရမ်းရောင်ရွှေဘုရင် အပါအဝင် လူသုံးဦးပင်လျှင် သူတို့၏ မျက်ဝန်းများကို အသာအယာ မှေးလိုက်ကြမိပြီး သူတို့၏ မျက်သူငယ်အိမ်အတွင်း၌လည်း နက်ရှိုင်းလှသော စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ရသည်။
ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင် ထာဝရအသက်ရှည်ခြင်းအဆင့်ရှိသူများကို ရှာဖွေရန် မစွမ်းသာတော့ပြီ ဖြစ်သော်လည်း ထိုမသေမျိုးလက်နက်များသည်ကား ကမ္ဘာမြေကြီး၏ ထာဝရတည်တံ့ခြင်းကို ဆက်လက်၍ ဖိနှိပ်ချုပ်ချယ်ထားနိုင်ဆဲပင်။
"တောက်... အစုတ်အလုတ်ပဲ"
စီကုန်းရွှမ်းကျီသည် ဟင်းလင်းပြင်အတွင်း၌ တည်ငြိမ်စွာ အေးချမ်းစွာ ပေါလောပေါ်နေသည့် ဇီဝေဧကရာဇ်မီးအိမ်ကို ကြည့်ရင်း သူ၏ မျက်နှာမှာ ချက်ချင်းပင် အလွန်အမင်း ပြာနှမ်းဆိုးဝါးသွားခဲ့ရသည်။
မသေမျိုးလက်နက်….
ဇီဝေချန်မိသားစုဘက်က ယခုအကြိမ်တွင် မသေမျိုးလက်နက်ကို အမိအရ သယ်ဆောင်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
"သခင်ကြီး... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
ဝတ်ရုံနက်ဝတ် အစေခံအဘိုးအိုက အလွန်အမင်း ပူပန်သော လေသံဖြင့် ကမူးရှူးတိုး မေးလိုက်သည်။ ဤအခိုက်အတန့်တွင် ချန်ကျီရှင်းကို လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ် ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလှသော ရူးသွပ်သည့် ကလဲ့စားချေမှုများနှင့် ရင်ဆိုင်ရတော့မည်ကို အလွယ်တကူပင် ခန့်မှန်းနိုင်သည်။
အကယ်၍ ဤကလဲ့စားချေမှုများသည် ဇီဝေချန်မိသားစု တစ်ခုတည်းဆီမှသာ လာမည်ဆိုပါက သူတို့ဘက်က အနည်းငယ် တောင့်ခံနိုင်သေးသည်။
သို့သော်လည်း အစောပိုင်းတင်တင်ကတင် မသေမျိုး တာအိုလမ်းစဉ်ဂိုဏ်းဖြစ်သော နတ်ဘုရားနန်းတော်ကလည်း ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ ဖြစ်ရာ အကယ်၍ စီကုန်းမိသားစုအနေဖြင့် ချန်ကျီရှင်းအပေါ် ဆက်လက်၍ အရေးယူရန် ကြိုးစားနေဦးမည်ဆိုပါက ၎င်းမှာ နတ်ဘုရားနန်းတော်တစ်ခုလုံးကို ရန်မူသည်ဟု သတ်မှတ်မည်ပင်။
"ငါ..."
စီကုန်းရွှမ်းကျီသည် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်...
"စီကုန်းရွှမ်းကျီ... မင်းက ကိုယ့်ဘာသာကိုယ် သေကြောင်းကြံဖို့ပဲ စိတ်အားထက်သန်နေမှတော့ ငါကပဲ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါ့မယ်"
ချန်တောက်ယန်၏ မျက်ဝန်းအတွင်း၌ အေးစက်လှသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်ဖြူကြီးများသည်လည်း လေထဲတွင် အရူးအမူး လွင့်ပျံနေခဲ့ကာ ရှေ့သို့ ရက်စက်ကြမ်းကြုတ်သော ခြေလှမ်းတစ်ချက် ပြင်းပြင်းထန်ထန် လှမ်းလိုက်တော့သည်။
"ကမ္ဘာဦး နတ်ဘုရား လက်သီးချက်"
ချန်တောက်ယန်သည် သူ၏ လက်သီးကို လပြည့်ဝန်း အလား နောက်သို့ အစွမ်းကုန် ဆွဲဆန့်
လိုက်ရာ နိဗ္ဗာနအဆင့် အထွတ်အထိပ်ထက် များစွာ သာလွန်သော်လည်း အထွတ်အထိပ် နယ်ပယ်စစ်စစ်သို့မူ လုံးဝ ရောက်ရှိမနေသေးသည့် ဖိနှိပ်ချုပ်ချယ်မှု အရှိန်အဝါကြီးတစ်ခုသည် နေနှင့်လ၊ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို လွှမ်းမိုးလျက် တိုက်ခတ်သွားခဲ့တော့သည်။
သူ၏ လက်သီးကို မြှောက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ အနောက်ကွယ်၌ အဆုံးအစမရှိသော ရူပါရုံများ ပေါ်ထွက်လာခဲ့ပြီး နေနှင့်လတို့ ဆိုင်းငံ့နေကာ လျှပ်စီးအလင်းတန်းများ လိမ်ယှက်နေလျက်၊ နဂါးစစ်စစ်နှင့် ဖီးနစ်ငှက်တို့မှာလည်း ကောင်းကင်နှင့် မြေကြီးကြားတွင် ဟိန်းဟောက်မြည်တမ်းနေကြသည်။
၎င်းပြင် ဒြပ်စင်ငါးပါး၏ စွမ်းအားများမှာလည်း တရွေ့ရွေ့ ဆူပွက်လာပြီး လောကတစ်ခုလုံးကို ဖြာထွက်လင်းထိန်စေကာ အဆုံးအစမရှိသော ဟင်းလင်းပြင်ကြီးကို အစိပ်စိပ်အမွှာမွှာ ချေဖျက်ပစ်တော့မည့်အလားပင်။
နောက်ဆုံးတွင်မူ ဤစွမ်းအားအားလုံးသည် ရွှေရောင် မဟာလက်သီးတံဆိပ်တော်ကြီးတစ်ခုအဖြစ် ပုံသဏ္ဌာန် ပြောင်းလဲသွားခဲ့သည်။
ဘုန်း ……..
ဧရာမ ရွှေရောင်လက်သီးတံဆိပ်တော်ကြီးသည် တစ်ခဏချင်းမှာပင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး စီကုန်းရွှမ်းကျီထံသို့ ပြင်းထန်စွာ ထိုးစိုက်၍ ကျဆင်းသွားတော့သည်။
"ကောင်းကင်ချောက်နက်"
စီကုန်းရွှမ်းကျီ၏ မျက်နှာမှာ သိသိသာသာကြီး ပျက်ပြားသွားခဲ့ရပြီး သူ၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များအားလုံး ထောင်ထသွားခဲ့ရသည်။ တုံ့ဆိုင်းမနေဘဲ သူ၏ လက်နှစ်ဖက်ကို လျင်မြန်စွာ ပူးယှက်လျက် အရှေ့သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်၏။
အဆုံးအစမရှိသော တောက်ပမှုများသည် သူ၏ လက်ဝါးပြင်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာပြီး အရာအားလုံးကို တားဆီးနိုင်စွမ်းရှိသော အလင်းကြေးမုံပြင်ကြီးတစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။
ဖျတ်….
သို့သော်လည်း စူးရှလှသော အက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားခဲ့ပြီး အဆုံးအစမရှိသော အလင်းရောင်များဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်ချောက်နက် အလင်းကြေးမုံမှာ ရွှေရောင်မဟာလက်သီးတံဆိပ်တော်ကြီးနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ပြိုကွဲပျက်စီးသွားခဲ့ရရှာသည်။
စီကုန်းရွှမ်းကျီသည် ဧရာမ တူကြီးတစ်ဦး၏ ထုရိုက်ခြင်းကို ခံလိုက်ရသည့်အလား ခန္ဓာကိုယ်ကြီး တဆတ်ဆတ် တုန်ရင်သွားခဲ့ပြီး သူ၏ မျက်နှာမှာလည်း စက္ကူအလား ဖြူလျော်သွားခဲ့ရ၏။ တောက်ပလှသော သွေးနီရောင်လိုင်းတစ်ခုသည် သူ၏ နှုတ်ခမ်းထောင့်မှနေ၍ စီးကျလာခဲ့သည်။
သို့သော်လည်း သူ့ကို မည်သည့်တုံ့ပြန်မှုမျှ ပြုလုပ်ရန် အချိန်မပေးတော့ဘဲ...
"ငါ့ရဲ့ မြေးဖြစ်သူ ချန်ကျီရှင်းကို ရန်မူဖို့ ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ"
ချန်တောက်ယန်သည် သူ၏ မျက်ခုံးအစုံကြားတွင် အေးစက်လှသော လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေလျက် နောက်ထပ် ခြေလှမ်းတစ်ချက်ကို လှမ်းလိုက်ရာ အဆုံးအစမရှိသော ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့ပြီး စီကုန်းရွှမ်းကျီ၏ ရှေ့မှောက်တွင် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
သူ၏ တစ်ကိုယ်လုံးတွင် အဆုံးအစမရှိသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေပြီး သူ၏ မျက်ဝန်းများအတွင်း၌လည်း စူးရှလှသော တာအိုလမ်းစဉ် အလင်းတန်းများ တဖျပ်ဖျပ် လက်နေကာ လောကကို ငုံ့မိုးနိုင်စွမ်းရှိသော စွမ်းအားကြီးမှာ ပြင်းထန်စွာ ဆူပွက်နေခဲ့ရာ သူသည် ဤလူ့လောကသို့ ဆင်းသက်လာသော အနှိုင်းမဲ့ နတ်ဘုရားဘုရင်ကြီးတစ်ပါးအလား ရှိနေခဲ့သည်။
"ပိုင်းဖြတ်စမ်း"
ချန်တောက်ယန်၏ လက်တစ်ပြင်လုံးတွင် အဆုံးအစမရှိသော နတ်ဘုရားအလင်းတန်းများ ပြည့်နှက်သွားခဲ့ပြီး သူ၏ လက်ဝါးကို ဓားတစ်စင်းအလား ပြောင်းလဲလျက် စီကုန်းရွှမ်းကျီထံသို့ ဒေါင်လိုက် ပိုင်းချလိုက်တော့သည်။
ဤဓားချက်မှာ ဂလက်ဆီနဂါးငွေ့တန်းကြီးကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိပုံရပြီး စီကုန်းရွှမ်းကျီ၏ ခန္ဓာကိုယ်စောင့်ရှောက် ကာကွယ်ရေးချီစွမ်းအင်ကို တိုက်ရိုက် ဖောက်ထွက်ကာ စီကုန်းရွှမ်းကျီ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့၏။
"မလုပ်နဲ့"
ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး စီကုန်းရွှမ်းကျီသည် သူ၏ လက်မောင်းနှစ်ဖက်ကို မြှောက်ကာ ခေါင်းပေါ်တွင် ကြက်ခြေခတ်ပုံစံဖြင့် အသည်းအသန် ကာကွယ်လိုက်သည်။
ရှူး...
တောက်ပလှသော သွေးနီရောင်များ ဖြာထွက်သွားခဲ့ပြီး ကောင်းကင်မြင့်ထက်မှနေ၍ အောက်သို့ စီးကျလာခဲ့သည်။
စီကုန်းရွှမ်းကျီ၏ လက်မောင်းနှစ်ဖက်စလုံးမှာ ထိုတိုက်ချက်ကြောင့် ပျက်စီးသွားခဲ့ရရုံတင်မက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဤလက်ဝါးဓားချက်ကြောင့် ဘယ်ညာ နှစ်ခြမ်း ကွဲအက်သွားခဲ့ရရှာတော့သည်။
"သခင်ကြီး"
ဝတ်ရုံနက်ဝတ် အစေခံအဘိုးအို၏ မျက်နှာမှာ အကြီးအကျယ် ပျက်ပြားသွားခဲ့ရပြီး ရှေ့သို့ အလျင်အမြန် ပြေးဝင်လာခဲ့သည်။
ကိုးထပ်ကောင်းကင်ဘုံ၏ အထက်တွင်မူ ချန်တောက်ယန်၏ မျက်နှာမှာ အေးစက်နေဆဲဖြစ်ပြီး သူ၏ ဆံပင်ဖြူ သုံးထောင်မှာလည်း လေထဲတွင် ဝဲကျနေခဲ့သည်။
သူ၏ သွင်ပြင်မှာ ခန့်ညားထည်ဝါလွန်းလှပြီး သူ၏ အရိုးအသား အရေပြားတစ်လက်မချင်းစီမှနေ၍ ရွှေရောင်နတ်ဘုရားရောင်ခြည်များ ထုတ်ဖော်နေခဲ့ရာ သူသည် ဤလူ့လောကသို့ ဆင်းသက်လာသော မသေမျိုး စစ်နတ်ဘုရားကြီးတစ်ပါးအလား တည်ရှိနေခဲ့သည်။
"လွင့်စမ်း"
ဝတ်ရုံနက်ဝတ် အစေခံအဘိုးအိုသည် အနားသို့ ကပ်ရုံမျှသာ ရှိသေးသော်လည်း ချန်တောက်ယန်၏ လက်သီးချက်တစ်ချက်ကိုသာ ခံလိုက်ရပြီး သူ၏ အရိုးများ အစိပ်စိပ်အမွှာမွှာ ကြေမွကာ သွေးများကို တောက်လျှောက် အန်ထုတ်လျက် နောက်သို့ လွင့်ထွက်သွားခဲ့ရရှာသည်။
"ချန်တောက်ယန်"
မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ မူလက ဘယ်ညာနှစ်ခြမ်း ကွဲအက်သွားခဲ့သော စီကုန်းရွှမ်းကျီသည် သူ၏ အသားအရေများကို ပြန်လည် ဆန်းသစ်ဖြစ်ပေါ်စေခဲ့ပြီး ဟင်းလင်းပြင်အတွင်း၌ တစ်ဖန် ပြန်လည်ရပ်တည်လာခဲ့ပြန်သည်။
သူ၏ တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ရင်နေခဲ့ပြီး အသက်ကို လုရှူနေရလျက် သူ၏ မျက်ဝန်းအတွင်း၌လည်း ထိတ်လန့်တုန်လှုပ်မှုများနှင့် ဒေါသတရားများဖြင့် ပြည့်နှက်နေခဲ့၏။
ဝှူး ဝှူး ဝှူး
ရုတ်တရက်ဆိုသလို အရပ်မျက်နှာအသီးသီးမှ ပုံရိပ်ခုနစ်ခုသည် တစ်ဟုန်ထိုး ပြေးဝင်လာကြပြီး စီကုန်းရွှမ်းကျီ၏ အနောက်ကွယ်တွင် မတ်မတ်ကြီး ရပ်လိုက်ကြသည်။
ထိုခုနစ်ဦးစလုံးမှာ မြင့်မားသော ဦးထုပ်များနှင့် ခရမ်းရောင်ဝတ်ရုံများကို ဆင်မြန်းထားကြပြီး အချို့ကမူ သားမြီးယပ်ကို ကိုင်ဆောင်ထားကြကာ အချို့ကမူ သံကြိုးကြီးများကို ဆွဲငင်ထားကြလျက် တစ်ဦးချင်းစီတွင် မတူညီသော တာအိုလမ်းစဉ် ရတနာများကို ကိုင်ဆောင်ထားကြသည်။
၎င်းပြင် ထိုခုနစ်ဦးစလုံး၏ ခန္ဓာကိုယ်အတွင်းမှနေ၍ နိဗ္ဗာနအဆင့်ရှိ ဖိအားအရှိန်အဝါများမှာ တရွေ့ရွေ့နှင့် ပေါက်ကွဲ၍ ထွက်ပေါ်နေခဲ့၏။
ထိုနိဗ္ဗာနအဆင့်ရှိ ပုဂ္ဂိုလ်ကြီး ခုနစ်ဦးစလုံးမှာ ခေါင်းကိုမော့လျက် ချန်တောက်ယန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ကြသည်။
"စီကုန်းမိသားစုရဲ့ အကြီးအကဲ ခုနစ်ဦးပေါ့ ဟုတ်လား"
ချန်တောက်ယန်က ပြုံးလိုက်သည်။ စီကုန်းမိသားစု၏ အကြီးအကဲ ခုနစ်ဦးဆိုသည်မှာ စီကုန်းမိသားစုကို တစ်လောကလုံးတွင် နာမည်ကျော်ကြားစေခဲ့သည့် ဝှက်ဖဲများထဲမှ တစ်ခုဖြစ်ကာ နိဗ္ဗာနအဆင့်ရှိသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီး ခုနစ်ဦးစလုံးပင်။
ဘုန်း ….
တစ်ခဏချင်းမှာပင် မူလကတည်းက နိဗ္ဗာနအဆင့်ထက် များစွာ သာလွန်နေခဲ့ပြီးဖြစ်သော ချန်တောက်ယန်၏ ဖိအားအရှိန်အဝါကြီးမှာ တစ်ဖန် ပြန်လည်၍ ပိုမိုမြင့်မားစွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြန်တော့သည်။
တာအိုလမ်းစဉ်ပေါင်း သောင်းခြောက်ထောင် တုန်လှုပ်သွားခဲ့ရပြီး ကောင်းကင်နှင့် မြေကြီးမှာလည်း တပြိုင်နက်တည်း တုန်ခါသွားခဲ့ရ၏။ ကြီးမားလှသော အကျဉ်းထောင်ကြီးတစ်ခု သို့မဟုတ် နက်ရှိုင်းလှသော ချောက်နက်ကြီးတစ်ခုအလား ကြောက်မက်ဖွယ်ကောင်းလှသော ဧကရာဇ်အရှိန်အဝါကြီးမှာ သူ့ကို ဗဟိုချက်မပြုလျက် ပတ်ဝန်းကျင် အရပ်ရပ်သို့ လှိုင်းလုံးကြီးများအလား တရဟော လွှမ်းမိုးရိုက်ခတ်သွားခဲ့တော့သည်။
"ကျီအာ... မင်းရဲ့ အဘိုးဖြစ်သူက မင်းကို တစ်ခါက ပြောခဲ့ဖူးတဲ့ စကားတွေကို မင်း မှတ်မိသေးရဲ့လား"
ချန်တောက်ယန်သည် အနောက်သို့ လှည့်ကြည့်လိုက်ပြီး ချန်ကျီရှင်းကို ပြုံးလျက် လှမ်းမေးလိုက်သည်။
"သေချာတာပေါ့... ကျွန်တော် မှတ်မိပါတယ်ခင်ဗျာ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်၏။
“အထွတ်အထိပ် နယ်ပယ်ရဲ့ အောက်မှာ... ဘယ်သူပဲလာလာ သေရမယ်”
"ကောင်းတယ်"
"ဒါဆိုရင် ဒီနေ့... မင်းရဲ့ အဘိုးက မင်း အရှေ့ဘက်လျှို့ဝှက်နယ်မြေရဲ့ ပြိုင်ပွဲကြီးမှာ ပထမဆု ရရှိခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနိဗ္ဗာနအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီး ခုနစ်ဦးစလုံးကို သတ်ဖြတ်ပြီး ပွဲခံပေးလိုက်ပါ့မယ်"
ချန်တောက်ယန်သည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မရေမတွက်နိုင်သော လျှပ်စီးအလင်းတန်းများဖြင့် ဖွဲ့စည်းထွင်းထုထားသည့် ကောင်းကင်ဖွင့် ပုဆိန်ကြီးတစ်စင်းသည် သူ၏ လက်ဝါးအတွင်း၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။