အခန်း (၂၉၁-၂၉၂)
Vol. 30 Ch. 291-292
အခန်း။ ၂၉၁
မသေမျိုးတောင်ကုန်း၏ ပြင်ပ၌...
"ဝေတုလုံ... သူ ဘာလုပ်ချင်နေတာလဲ"
အခြေအနေကို စောင့်ကြည့်နေကြသော ကျင့်ကြံသူအားလုံးမှာ ဆွံ့အသွားကြပြီး အကြောင်းရင်းမရှိဘဲ ရင်တုန်ပန်းတုန် ဖြစ်လာကြတော့သည်။
ဇီဝေချန်မိသားစု၏ ဧရာမ လေသင်္ဘောကြီးအတွင်း၌မူ ချန်မိသားစု၏ အကြီးအကဲအားလုံးသည် ဒေါသတကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ယခုအချိန်တွင် ချန်ကျီရှင်းမှာ အားအနည်းဆုံး ဖြစ်နေသည်ကို မည်သူမဆို အထင်အရှား မြင်နိုင်သည်။
"ဝေတုလုံက... ဒီနေရာကို ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘဲ ဒီအတိုင်း ရောက်လာတာပါလို့ ပြောရင် ဘယ်သူက ယုံမှာလဲ"
"ခဏစောင့်ဦး"
ချန်တောက်ယန်က လက်ကာပြလိုက်ပြီး ချန်မိသားစုအကြီးအကဲများ၏ ဒေါသတကြီး အော်ဟစ်သံများကို တားဆီးလိုက်သည်။
သူသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး ကြည့်မှန်ပြင်ပေါ်ရှိ ဝေတုလုံ၏ ပုံရိပ်ကို ဇဝေဇဝါဖြင့် စိုက်ကြည့်နေမိ၏။
"မဟူရာအကြီးအကဲတို့... မင်းတို့ကော ငါ့လိုပဲ ခံစားရလား..."
"ဒီဝေတုလုံက... ကြည့်ရတာ ကျောက်ရှင်းနဲ့ နည်းနည်း မတူဘူးလား"
ထိုစကားကို ကြားသောအခါ မဟူရာအကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။
"အကြီးဆုံးသခင်လေး..."
အကြီးအကဲမဟူရာက မျက်မှောင်ကြုတ်လျက် ခါးသီးသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်... အကြီးဆုံးသခင်လေး ထွက်ခွာသွားတာ သုံးလေးနှစ်တောင် ရှိပြီပဲ။ အခုချိန်ဆိုရင်တော့... ဟူး... ဒါက ကံကြမ္မာပဲပေါ့"
အကြီးအကဲမဟူရာသည် သူ၏ နောက်ဆုံးအတွေးကို ထုတ်မပြောခဲ့ပေ။ သို့သော်လည်း ချန်တောက်ယန်မှာ အကြီးအကဲ၏ ဆိုလိုရင်းကို နားလည်သည်။
"သုံးလေးနှစ်ဆိုတဲ့ ကာလအတွင်းမှာ... ချန်ကျောက်ရှင်းရဲ့ ခန္ဓာကိုယ်က အရိုးစုပဲ ကျန်တော့မှာ။ အဲဒီလိုလူက ဒီနေရာမှာ ဘယ်လိုနည်းနဲ့ ပြန်ပြီး ပေါ်လာနိုင်မှာလဲ"
"ဒါလည်း ဟုတ်တာပါပဲ"
ချန်တောက်ယန်က ခေါင်းယမ်းလိုက်ပြီး ဆုံးရှုံးမှုတစ်ခုကို ခံစားရသည့်အလား သက်ပြင်းချလိုက်မိသည်။
အကယ်၍ ကျောက်ရှင်းသာ ယနေ့တိုင် အသက်ရှင်နေဦးမည်ဆိုလျှင် သူသည် ချန်ကျီရှင်းလောက် မသန်မာနိုင်သော်လည်း လောကတွင် ထိပ်တန်းပါရမီရှင်တစ်ဦးတော့ ဖြစ်နေနိုင်သည်။
နောက်ဆုံးတွင် ချန်တောက်ယန်က တိုးညှင်းသော လေသံဖြင့် စကားသုံးခွန်းကိုသာ ရေရွတ်လိုက်တော့သည်။
"နှမြောစရာကောင်းလိုက်တာ"
...
...
ရှေးဟောင်းနယ်မြေငယ်အတွင်း၌...
ရှူး...
ရုတ်တရက်ဆိုသလို ပရမ်းပတာ မြူခိုးများ ပေါက်ကွဲထွက်လာပြီး ချန်ကျီရှင်းနှင့် ချန်ကျောက်ရှင်းတို့ကို ဖုံးလွှမ်းသွားကာ ပြင်ပမှ စုံစမ်းစစ်ဆေးမှုအားလုံးကို ဖြတ်တောက်လိုက်တော့သည်။
ထို့နောက်တွင် ချန်ကျောက်ရှင်းက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားအာရုံများကို ကာကွယ်ပေးသည့် အစီအရင်များကို ချမှတ်လိုက်၏။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချန်ကျောက်ရှင်းသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး သူ၏ ညာလက်ဖြင့် မျက်နှာထက်မှ ရွှေရောင်မျက်နှာဖုံးကို ဖြည်းညှင်းစွာ ခွာလိုက်ရာ ချန်ကျီရှင်းနှင့် နှစ်ပုံသုံးပုံခန့် ဆင်တူသော်လည်း ပို၍ ခန့်ညားတည်ကြည်သော လေးထောင့်ကျကျ မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူက ချန်ကျီရှင်းကို ကြည့်လိုက်ပြီး ချန်ကျီရှင်းကလည်း သူ့ကို ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲတွင် ဆုံစည်းသွားကြ၏။
ချန်ကျောက်ရှင်း၏ အမူအရာမှာ အတန်ငယ် ရှုပ်ထွေးနေသည်။ သူသည် ထိုစဉ်က ချင်းနင်းအဝတ်ထဲမှ ကလေးငယ်ကို ပထမဆုံး မြင်တွေ့ခဲ့ရစဉ်ကပင် သူတို့၏ အနာဂတ်မှာ မရေမတွက်နိုင်သော နည်းလမ်းများဖြင့် ရစ်ပတ်နှောင်ဖွဲ့နေလိမ့်မည်ဟု ခံစားခဲ့ရဖူးသည်။
ယခုမူ အချိန်များ ကုန်ဆုံးသွားခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိခဲ့သည်။ သူတို့နှစ်ဦးလုံး အရွယ်ရောက်လာကြပြီး သူတို့၏ သက်ဆိုင်ရာ ကမ္ဘာငယ်များတွင် တောက်ပစွာ လင်းလက်နေခဲ့ကြသည်။
"ချင်းနင်းအဝတ်စုတ်လေးထဲက အဲဒီကလေးငယ်က... အခုအချိန်မှာ ဒီခေတ်ကြီးရဲ့ အတောက်ပဆုံး ကြယ်ပွင့်အသစ်တစ်ပွင့် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။ ဒါက... တကယ့်ကို အိပ်မက်တစ်ခုလိုမျိုး စိတ်ကူးယဉ်ဆန်လွန်းနေပြီ"
"တကယ်ပဲ... အချိန်တွေက အပြောင်းအလဲ မြန်လွန်းသလို ကံတရားကလည်း တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
ချန်ကျီရှင်း၏ ဘေးတွင် လဲလျောင်းနေသော စိမ်းပြာရောင် ဓားဝိညာဉ်မှာ ဤမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ ပြူးသွားတော့သည်။
"သူ... သူ... သူက အဲဒီတုန်းက ချန်ကျောက်ရှင်းလား"
ဓားခန္ဓာကိုယ်အတွင်းရှိ အာကာသထဲ၌ စိမ်းပြာရောင် ဓားဝိညာဉ်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ကာ သူမ သူ့ကို မှတ်မိသည်။
ထိုအရာမှာ သူမ ချန်ကျီရှင်းနှင့် ပထမဆုံးဆုံတွေ့ပြီး မိသားစုစမ်းသပ်ပွဲသို့ ခေါ်ဆောင်သွားခဲ့သည့် နှစ်အတွင်းက ဖြစ်သည်။
"ဒါ... ဒါက ဘယ်လိုမှ မဖြစ်နိုင်တာ။ ငါ့ မျက်စိနဲ့တပ်အပ် မြင်ခဲ့တာလေ အဲဒီတုန်းက အသက်မရှိတော့တဲ့လူက... အခု ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာရတာလဲ"
"တစ်ခုခု ဖြစ်လို့လား"
ချန်ကျီရှင်းသည် မြေပြင်ထက်မှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ချန်ကျောက်ရှင်းကို ကြည့်လိုက်သည်။
ချန်ကျောက်ရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
"ငါ အခုလေးတင် သတင်းရထားတယ်။ မီးခဲအဖွဲ့အစည်းရဲ့ အစီအစဉ်ကို အချိန်စောပြီး ရွှေ့လိုက်ပြီ"
"အချိန်စောလိုက်တာ ဟုတ်လား"
ချန်ကျီရှင်း၏ မျက်ဝန်းထဲ၌ အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
ချန်ကျောက်ရှင်းက ခေါင်းညိတ်ပြကာ "အင်း... မီးခဲအဖွဲ့က မနက်ဖြန်မနက်မှာ ပြာကျခြင်းအစီအစဉ်ကို စတင်ဖို့ ပြင်ဆင်နေကြပြီး ရှေးဟောင်းနယ်မြေငယ်ထဲမှာရှိတဲ့ ပါရမီရှင်အားလုံးကို သွေးချောင်းစီး သတ်ဖြတ်ပစ်ဖို့ ရည်ရွယ်ထားကြတယ်"
ထိုစကားကို ကြားရသောအခါ ချန်ကျီရှင်း၏ မျက်နှာမှာ ညှိုးမှိန်သွားပြီး ခန့်မှန်းရခက်သော အမူအရာ ဖြစ်သွားတော့သည်။ ပထမဆုံးအနေဖြင့် ဝတ်ရုံညစ်နှင့် နိဗ္ဗာနအဆင့် အဘိုးအို ပေါ်လာခဲ့ပြီး ယခုမူ မီးခဲအဖွဲ့အစည်းက မနက်ဖြန်တွင် ကပ်ဘေးကြီးတစ်ခုကို ဖန်တီးရန် စီစဉ်နေကြပြန်သည်။
မသေမျိုးတောင်ကုန်းရှိ ဤရှေးဟောင်းနယ်မြေငယ်မှာ မည်သူမဆို စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သည့် နေရာတစ်ခု ဖြစ်နေသည့်အလားပင်။ သို့သော်လည်း ချန်ကျီရှင်း သိသည်။
"ဒီရှေးဟောင်းနယ်မြေငယ်က တစ်ကြိမ် ဖွင့်လှစ်ပြီးသွားတာနဲ့ ပြင်ပကလူတွေ အလွယ်တကူ ဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲ။
မသေမျိုး တာအိုလမ်းစဉ်ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက လူတွေတောင်မှ... ပြိုင်ပွဲကြီး ကျင်းပနေတဲ့ အချိန်အတွင်းမှာပဲ ဒီနေရာကို ဝင်မယ့်တံခါးပွင့်အောင် သော့ချက်တွေကို တစ်ပြိုင်နက်တည်း အသက်သွင်းကြရတာ။
ဒီလောက်အထိ အလွန်အမင်း တင်းကျပ်တဲ့ ပိတ်ဆို့မှုကြီး ရှိနေလို့သာ ဒီရှေးဟောင်းနယ်မြေငယ်ထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် ငြိမ်းချမ်းမှု ရှိနေခဲ့တာပေါ့။ အင်အားကြီး အဖွဲ့အစည်းတွေကလည်း ဒါမျိုးကြောင့်ပဲ သူတို့ရဲ့ ထိပ်တန်း ပါရမီရှင်တွေကို ကံတရားရှာဖွေဖို့ ဒီနေရာထဲကို ယုံယုံကြည်ကြည်နဲ့ စေလွှတ်ရဲကြတာ။
"ဒါပေမဲ့... အခုတော့... ဒီနေရာရဲ့ စည်းမျဉ်းတွေက ထပ်ခါတလဲလဲ ချိုးဖောက်ခံနေရပြီ။ ဒါက တကယ့်ကို ပုံမှန်မဟုတ်တော့ဘူး။ နောက်ကွယ်မှာ ဘာတွေ ဖြစ်ပျက်နေတာလဲ..."
"မီးခဲအဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာ မင်းသိလား"
ချန်ကျီရှင်းက အသက်ကို ဝဝရှူလိုက်ပြီး သူ၏ အတွေးများကို စုစည်းကာ မေးလိုက်သည်။
"ငါမသိဘူး။ အဲဒီလူက အလွန်အမင်း နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေပြီး ငါတို့ကို ဘယ်တော့မှ တိုက်ရိုက် ဆက်သွယ်တာမျိုး မရှိဘူး"
ချန်ကျောက်ရှင်းက စဉ်းစားဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး ဆက်ပြောသည်။
"ဒါပေမဲ့ ငါ သံသယဝင်တာကတော့... အဲဒီလူက မသေမျိုး တာအိုလမ်းစဉ် ဂိုဏ်းကြီးသုံးဂိုဏ်းထဲက ဖြစ်ပြီး အဲဒီဂိုဏ်းတွေထဲမှာ ရာထူးအရမ်းမြင့်တဲ့သူ ဖြစ်လိမ့်မယ်"
"ငါ တွေးထားသလိုပါပဲ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် စဉ်းစားဆင်ခြင်နေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက စကားလမ်းကြောင်းကို ပြောင်းလိုက်၏။
"ဒီရှေးဟောင်းနယ်မြေငယ်က ဒီလောက်ပဲ ကျယ်တာ။ ငါ့ကို ဘယ်နေရာမှာ ပုန်းခိုင်းချင်လို့လဲ"
ထိုစကားကို ကြားသောအခါ ချန်ကျောက်ရှင်းက ခပ်ဖွဖွ ပြုံးလိုက်သည်။ သူသည် ဤကိစ္စအတွက် ဖြေရှင်းနည်းကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ကြောင်း ထင်ရှားလှ၏။
"စိတ်မပူပါနဲ့။ မင်းပုန်းဖို့ နေရာကို ငါ စီစဉ်ပြီးသားပါ။ အရှေ့ဘက်တည့်တည့်အတိုင်း လမ်းဆုံးအထိသာ ဆက်လျှောက်သွားလိုက်။ အဲဒီနေရာမှာ ပရမ်းပတာ မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ မြေရိုင်းပြင်တစ်ခု ရှိတယ်။ မင်းအဲဒီမှာ ခေတ္တမျှ သွားနားနေရုံပဲ။ ဒီပြိုင်ပွဲကြီး ပြီးဆုံးသွားတာနဲ့ မင်းက သဘာဝအတိုင်းပဲ ဒီရှေးဟောင်းနယ်မြေငယ်ထဲကနေ ထွက်ခွာခွင့် ရလိမ့်မယ်"
"ကောင်းပြီ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ချန်ကျောက်ရှင်းသည် သူ၏ ညာလက်ကို လှန်လိုက်ရာ သူ၏ လက်ဖဝါးထဲ၌ မသေမျိုးစစ်မိန့်တော်ငါးဆယ်နီးပါး ခန့် ပေါ်ထွက်လာပြီး ချန်ကျီရှင်းထံသို့ ကမ်းပေးရင်း ပြောလိုက်၏။
"ဒါနဲ့... ဒါတွေက ဒီကာလအတွင်းမှာ ငါ စုဆောင်းထားတဲ့ မသေမျိုးစစ်မိန့်တော်တွေပဲ။ ဘယ်တစ်ခုမှ အသက်မသွင်းရသေးဘူး"
ဤနေရာတွင် ချန်ကျောက်ရှင်းက စကားကို ခေတ္တရပ်လိုက်ပြီး နှမြောတသသော အမူအရာဖြင့် ဆက်ပြောသည်။
"အစီအစဉ်က အချိန်စောပြီး ရွှေ့သွားတာပဲ နှမြောဖို့ကောင်းတာ။ မဟုတ်ရင် ငါ မသေမျိုးစစ်မိန့်တော်တွေ နောက်ထပ်အများကြီး ပိုရနိုင်ဦးမှာ"
"မသေမျိုးစစ်မိန့်တော်တွေ ဟုတ်လား"
ချန်ကျီရှင်းသည် တောင်ငယ်တစ်ခုပမာ စုံပုံနေသော မသေမျိုးစစ်မိန့်တော်များကို တစ်ချက်
ကြည့်လိုက်ပြီးနောက် ချန်ကျောက်ရှင်းကို ကြည့်ကာ မျက်ခုံးပင့်လျက် မေးလိုက်၏။
"မိသားစုအတွက်လား"
ထိုစကားကြောင့် ချန်ကျောက်ရှင်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဘာလဲ... မင်းအတွက် ဖြစ်လို့မရဘူးလား ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါက ညီအစ်ကိုတွေပဲလေ။ ငါတို့ရဲ့ သွေးကြောထဲမှာ တူညီတဲ့ ဇီဝေမျိုးနွယ် သွေးတွေ စီးဆင်းနေတာ။ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ညီလေးကို လက်ဆောင်အချို့ ပေးတယ်ဆိုတာ သဘာဝကျပါတယ် မဟုတ်ဘူးလား"
ချန်ကျီရှင်းသည် တစ်ခဏမျှ ဆွံ့အသွားရသည်။ သူ၏ မှတ်ညဏ်ထဲတွင် ချန်ကျောက်ရှင်းသည် အမြဲတမ်း တည်ကြည်အေးစက်နေတတ်ပြီး ဤကဲ့သို့သော စကားမျိုးကို ခဲယဉ်းစွာ ပြောတတ်သူ ဖြစ်သည်။
"မတွေ့ရတာ နှစ်တွေအတော်ကြာတော့ မင်းလည်း ပြက်လုံးထုတ်တတ်နေပြီပဲ"
ချန်ကျီရှင်းက ခပ်တိုးတိုး ရယ်မောလိုက်၏။
ချန်ကျောက်ရှင်းက ခေါင်းယမ်းလိုက်ပြီး အဆုံးမရှိသော ကောင်းကင်ယံကြီးကို မော့ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။
"အဲဒီတုန်းက မိသားစုက သူတို့မှာရှိတဲ့ ရင်းမြစ်အားလုံးကို ငါ့အတွက် ပုံအောပေးခဲ့ကြတာ။ နောင်တစ်ချိန်မှာ ငါ ကျင့်ကြံခြင်း အောင်မြင်သွားရင် မိသားစုကို ပြန်ပြီး ကျေးဇူးဆပ်ဖို့ ငါ ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ ဒီလိုအခွင့်အရေး မရခင်မှာပဲ မျှော်လင့်မထားတဲ့ အပြောင်းအလဲကြီး ကြုံခဲ့ရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"
"ဒီမသေမျိုးစစ်မိန့်တော်တွေကို မိသားစုအတွက် ငါ့ရဲ့ ပြန်လည်ပေးဆပ်တဲ့ လက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး အားနာဟန်ဖြင့် ငြင်းဆန်မနေတော့ဘဲ ညာလက်ကို ဝှေ့ယမ်းကာ ၎င်းတို့ကို သူ၏ သိုလှောင်မှုလက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်တော့သည်။
"မိသားစုဆီ ဘယ်တော့ပြန်မလဲဆိုတာ မင်း စဉ်းစားပြီးပြီလား"
ချန်ကျီရှင်းက မေးလိုက်၏။
"ဘယ်သူသိမှာလဲ"
ချန်ကျောက်ရှင်းက ဂရုမစိုက်ဟန်ဖြင့် လက်ကို ဖြန့်ပြလိုက်သည်။
"တစ်နေ့နေ့ကျရင်... ငါ ဝေတုလုံဆိုတဲ့ နာမည်ကို လုံးဝ စွန့်လွှတ်နိုင်တဲ့ အချိန်မျိုး ဒါမှမဟုတ် မင်းနဲ့ငါ ကမ္ဘာ့အထွတ်အထိပ်မှာ ပြန်ဆုံနိုင်တဲ့ အချိန်မျိုးကျရင် အဲဒီအချိန်က မိသားစုဆီ ပြန်ရမယ့် အချိန်ဖြစ်လိမ့်မယ်"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပင် ထပ်မံမေးလိုက်သည်။
"မင်း လူအများကြီးရဲ့ မျက်စိရှေ့မှာ ငါ့ကို လာရှာတာ။ ပြီးတော့မှ ငါက ဒီရှေးဟောင်းနယ်မြေငယ်ထဲကနေ ပျောက်ကွယ်သွားရင် မီးခဲအဖွဲ့ကလူတွေ မင်းကို သံသယဝင်မသွားဘူးလား"
ချန်ကျောက်ရှင်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ မျက်နှာဖုံးကို ပြန်လည် စွပ်လိုက်၏။
"ဒါကြောင့်မလို့ ငါတို့က ပြဇာတ်တစ်ခန်း ကပြဖို့ လိုတာပေါ့"
"ပြဇာတ်တစ်ခန်း ဟုတ်လား"
ချန်ကျီရှင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဝုန်း …
ချက်ချင်းဆိုသလိုပင် ချန်ကျောက်ရှင်း၏ ခန္ဓာကိုယ်မှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် နဝမအဆင့်၏ အရှိန်အဝါများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။
သူ၏ နောက်ကွယ်တွင် နဂါးနက်ကိုးကောင်မှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ နဂါးနက်တစ်ကောင်ချင်းစီမှာ အေးစက်သော အနက်ရောင် အလင်းတန်းများ တဖျပ်ဖျပ် တောက်ပနေပြီး အနက်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေ၏။
နက်ရှိုင်းလှစွာသော ချောက်ကမ္ဘာကြီးအလား၊ ကျယ်ပြောလှစွာသော ငရဲခန်းကြီးအလားပင်။
"လာစမ်း"
ချန်ကျီရှင်း၏ မျက်ဝန်းများထဲတွင် စိတ်ဝင်စားဖွယ် အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။
ဒိုင်း ….
တစ်ခဏချင်းမှာပင် ချန်ကျီရှင်း၏ ပတ်ဝန်းကျင်၌ တောက်ပသော ကြယ်အလင်းတန်းများ ဆူပွက်လာပြီး သူ၏ နောက်ကွယ်တွင် မြင့်မားလှသော တောင်တန်းကြီးများပမာ ခန့်ညားလှသည့် ရှေးဦးမိစ္ဆာနွားသိုးကြီး ပေါ်ထွက်လာခဲ့သည်။
သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း လက်သီးများကို ပစ်လွှတ်လိုက်ကြရာ အပြန်အလှန် ထိမှန်သွားကြတော့သည်။
နောက်တစ်ဆက်တည်းတွင်မူ မသေမျိုးတောင်ကုန်း၏ ပြင်ပရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကြည့်မှန်ပြင်မှတစ်ဆင့် မြင်တွေ့လိုက်ကြရသည်။
ပရမ်းပတာ မြူခိုးများအတွင်းမှနေ၍ နဂါးနက်ဧကရာဇ်ဝတ်ရုံကို ဆင်မြန်းထားပြီး ကျောပြင်တွင် အေးစက်သော နဂါးနက်ကိုးကောင် ပေါ်ထွက်နေသည့် ဝေတုလုံ၏ ပုံရိပ်မှာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
သူ၏နောက်တွင် ဆံပင်နက်များကို ဖားလျားချထားပြီး ဆီးနှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားသည့် သွယ်လျသော ပုံရိပ်တစ်ခုက ကပ်လျက် လိုက်ပါလာ၏။
သူတို့နှစ်ဦးသည် လေထုထဲတွင် အပြင်းအထန် တိုက်ခိုက်မိကြရာ ကောင်းကင်ယံကြီး ပြိုလဲလုမတတ် ဖြစ်သွားပြီး ကြယ်တာရာများပင် တုန်ခါသွားရသည်။ ဟင်းလင်းပြင် အပိုင်းအစများမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး ကြောက်မက်ဖွယ် ဟင်းလင်းပြင် မုန်တိုင်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လေနှင့်မိုးတို့ ရောပြွမ်းနေပြီး မိုးကြိုးများ တဂျုန်းဂျုန်း မြည်ဟည်းနေ၏။ အမျိုးမျိုးသော ကြောက်မက်ဖွယ် နိမိတ်များ ပေါ်ပေါက်လာခဲ့သည်။
"နတ်ဘုရားချီစွမ်းအင် ထွန်းတောက်အလင်း"
"မိစ္ဆာနွားသိုး ကောင်းကင်ဖြိုခွဲခြင်း"
သူတို့နှစ်ဦးသည် လက်သီးချင်း ထပ်မံ ထိပ်တိုက်တွေ့ဆုံလိုက်ကြပြန်ရာ ကမ္ဘာမြေကြီးမှာ အမှုန့်အဖြစ်သို့ ကြေမွသွားမတတ် ခံစားရစေသည်။
အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးရမည့် အချိန်အကြာတွင် ချန်ကျီရှင်းသည် ကောင်းကင်ကို ခွဲဖြတ်မည့် ဧရာမ ပုဆိန်ကြီးတစ်ခုအလား သူ၏ခြေထောက်ဖြင့် အရှိန်ပြင်းစွာ ကန်ချလိုက်ရာ နဂါးနက်ကိုးကောင်စလုံး ကြေမွသွားပြီး ဝေတုလုံမှာလည်း အဝေးသို့ လွင့်စင်သွားခဲ့ရတော့သည်။
"ဝေတုလုံ... မင်းမှာ ဒီလောက် အစွမ်းလေးပဲ ရှိတာကို ချန်ရဲ့ မသေမျိုးစစ်မိန့်တော်တွေကို လုချင်သေးတာလား"
ကောင်းကင်ယံ ထက်တွင် ချန်ကျီရှင်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အသံကျယ်ကြီးဖြင့် ပြောဆို လိုက်သည်။
"ဟွန့်... ငါ အချက်အလက် တွက်ချက်မှု မှားသွားတာပဲ။ စိမ်းလန်းတဲ့ တောင်တန်းတွေ ကျန်ရှိနေသရွေ့ မြစ်ရေတွေ စီးဆင်းနေသရွေ့တော့ ငါတို့ နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်ကြသေးတာပေါ့"
အဝေး၌ ချန်ကျောက်ရှင်းသည် သွေးတစ်လုတ်ကို အတင်းအကျပ် အန်ထုတ်လိုက်ပြီးနောက် လှည့်ထွက်သွားကာ အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကျယ်ပြောလှသော ကောင်းကင်ယံကြီးအတွင်းသို့ ပျောက်ကွယ်သွားခဲ့တော့သည်။
"နောက်တစ်ကြိမ် ငါတို့ တိုက်ခိုက်တဲ့အခါကျရင် ချန်က မင်းရဲ့ ခေါင်းကို ဖြတ်ပစ်မှာ သေချာတယ်"
ချန်ကျီရှင်းသည် စကားတစ်ခွန်း ချန်ထားရစ်ခဲ့ပြီး သူလည်းပဲ ရှေ့သို့ လှမ်းတက်လိုက်ကာ ကြည့်မှန်ပြင်၏ ပုံရိပ်ထဲမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူတို့နှစ်ဦး ပျောက်ကွယ်သွားသည်နှင့်အမျှ မသေမျိုးတောင်ကုန်း၏ ပြင်ပ၌ လှောင်ပြောင် သရော်သော ရယ်မောသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
"ငါ သိသားပဲ ဒီဝေတုလုံက အခွင့်အရေးကို အသုံးချပြီး တတိယသခင်လေးရဲ့ မသေမျိုးစစ်မိန့်တော်တွေကို ပစ်မှတ်ထားဖို့ ကြံစည်နေတာကိုး"
"ဟားဟားဟား... ဒီဝေတုလုံက ချန်ကျီရှင်းက နိဗ္ဗာနအဆင့်ရှိတဲ့သူကိုတောင် သတ်ခဲ့တဲ့သူဆိုတာကို မသိရှာဘူး ထင်တယ်။ တတိယသခင်လေးဆီက မသေမျိုးစစ်မိန့်တော်တွေကို ခိုးဖို့ ကြံစည်တာက အဘိုးကြီး အဆိပ်သောက်သလိုပဲ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"
"ဟွန့်... တတိယသခင်လေးက မကြာသေးခင်က တိုက်ပွဲကြောင့် ဒဏ်ရာတွေ လုံးဝ ပြန်မကောင်းသေးလို့ ဖြစ်လိမ့်မယ်။ မဟုတ်ရင် သူက ဘယ်လိုလုပ် လွတ်မြောက်သွားနိုင်မှာလဲ"
"ဝေတုလုံကတော့ အတွက်အချက် ကောင်းသားပဲ။ တိုက်ချင်ရင် တိုက်၊ ပြေးချင်ရင် ပြေးနိုင်တယ်ဆိုတော့ သူကလည်း လူစွမ်းကောင်းတစ်ယောက်ပဲ"
ကျင့်ကြံသူတစ်ဦးပြီးတစ်ဦး ရယ်မောပြောဆိုနေကြပြီး ဤကိစ္စကို စိတ်ထဲ သိပ်မထားကြပေ။ ၎င်းကို သာမန် ဖြစ်ရပ်ဆန်းလေးတစ်ခုအဖြစ်သာ သဘောထားလိုက်ကြသည်။
ထိုအချိန်တွင် ရှေးဟောင်းနယ်မြေငယ်အတွင်း၌မူ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ချန်ကျီရှင်းသည် ဟင်းလင်းပြင်အတွင်းသို့ သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ စိမ်းပြာရောင်ဓားသည် သူ၏ လက်ထဲသို့ အလိုအလျောက် ကျရောက်လာခဲ့သည်။
"မြေကျုံ့ခြေလှမ်း"
ချန်ကျီရှင်းသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ခြေဖဝါးအောက်ရှိ အဆုံးမရှိသော ကမ္ဘာမြေကြီးမှာ တစ်ခဏချင်းအတွင်း လက်မဝက်ခန့်အထိ ကျုံ့ဝင်သွားပြီး သူသည် အရှေ့ဘက် အစွန်ဆုံးဆီသို့ လျင်မြန်စွာ ဦးတည်၍ ထွက်ခွါသွားတော့သည်။
အခန်း။ ၂၉၂
ဤရှေးဟောင်းနယ်မြေငယ်ကြီးမှာ အလွန်တရာ ကျယ်ပြောသည်။
ကျယ်ပြောလွန်းလှသဖြင့် ချန်ကျီရှင်းက မြေကျုံ့ခြေလှမ်းကို အသုံးပြု၍ ခရီးနှင်ခဲ့လျှင်ပင် ဤရှေးဟောင်းနယ်မြေငယ်၏ အစွန်အဖျားသို့ ရောက်ရှိရန် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။
"သ... သခင်လေး ဒါက အရှေ့ဘက်မဟုတ်ဘဲ တောင်ဘက်ဖြစ်နေပုံပဲနော် ကျွန်မတို့ လမ်းကြောင်းမှားပြီး ပျံသန်းလာမိတာလား"
ဓားဝိညာဉ် ချင်းလွမ်၏ ဇဝေဇဝါဖြစ်နေသော အသံလေး ထွက်ပေါ်လာခဲ့သည်။ ချန်ကျောက်ရှင်းဆိုသူက အရှေ့ဘက်အစွန်ဆုံးဟု ပြောခဲ့သည်ကို သူမ သေချာမှတ်မိနေပြီး သခင်လေးသည်လည်း အစပိုင်းတွင် အရှေ့ဘက်သို့ ပျံသန်းခဲ့ခြင်းပင်။
ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး တောင်ဘက်ကိုရောက်လာရတာလဲ။
"လမ်းကြောင်း မမှားပါဘူး"
ချန်ကျီရှင်းက ခေါင်းယမ်းလိုက်ပြီး သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူက ရှေ့တည့်တည့်သို့ မော့ကြည့်လိုက်ရာ သူ၏ရှေ့တွင် စီးဆင်းနေသော ရေလှိုင်းများနှင့်တူသည့် အကာအကွယ်အတားအဆီးတစ်ခု ရှိနေသည်။ ဤအရာသည် ဤရှေးဟောင်းနယ်မြေငယ်၏ အစွန်အဖျားမှ အတားအဆီးတံတိုင်း ဖြစ်ရပေမည်။
"လမ်းမမှားဘူး ဟုတ်လား"
ဓားဝိညာဉ် ချင်းလွမ်မှာ ဆွံ့အသွားရသည်။
ချန်ကျီရှင်းကမူ ဘာမှမပြောဘဲ ခပ်ဖွဖွသာ ပြုံးလိုက်တော့သည်။ သူသည် အခြားသူများပြောသမျှကို မည်သည့်စစ်ဆေးမှုမျှမလုပ်ဘဲ မျက်စိမှိတ်ယုံကြည်ကာ ဇွတ်တရိုး တိုးဝင်သွားတတ်လောက်အောင် ကလေးမဆန်လှပေ။
ဤလောကတွင် လူတို့၏ စိတ်နှလုံးဆိုသည်မှာ ငါး၏ဝမ်းဗိုက်ကဲ့သို့ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတတ်သည်။ သတိကြီးကြီးထားပြီး ဆင်ခြင်တုံတရားရှိရှိ လုပ်ဆောင်ခြင်းက ဘယ်သောအခါမှ အမှားမရှိနိုင်ချေ။
"လွင့်ပျံပန်းမန်"
ချန်ကျီရှင်းက တိုးညှင်းစွာ ခေါ်ဆို လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်အတွင်း၌ ကြည်လင်တောက်ပသော အဖြူရောင် ပန်းပွင့်ဖတ်များစွာ ပေါ်ထွက်လာခဲ့သည်။
"သွားတော့"
ချန်ကျီရှင်းက လက်ဖြင့် အသာအယာ တွန်းလွှတ်လိုက်ရာ ထိုလွင့်ပျံပန်းမန် ပွင့်ဖတ်များသည် ရေပြင်ပေါ်တွင် မျောပါနေသော သစ်ရွက်ခြောက်များအလား အရှေ့ဘက်သို့ ချက်ချင်းပင် လွင့်ပါးသွားကြတော့သည်။
ဤလုပ်ဆောင်ချက်အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် ချန်ကျီရှင်းသည် အသက်ကို ဝဝရှူလိုက်ပြီး သူ၏လက်သူကြွယ်ရှိ သိုလှောင်မှုလက်စွပ်ကို တစ်ချက်လက်ခနဲ ဖြစ်စေလိုက်သည်။
ထိုအခါ ချန်ကျောက်ရှင်း ပေးခဲ့သော မသေမျိုးစစ်မိန့်တော်များစွာသည် သူ၏ရှေ့မှောက်တွင် ပေါ်လာတော့သည်။
"စကြစို့"
ချန်ကျီရှင်းသည် မသေမျိုးစစ်မိန့်တော်တစ်ခုကို အသာအယာ ကောက်ကိုင်လိုက်ပြီး စစ်မှန်သောချီစွမ်းအင်ကို အသက်သွင်းလိုက်သည်။
ဝုန်း ….
ဖြူစင်သော အလင်းတန်းတစ်ခုသည် သေးသွယ်ရာမှ တဖြည်းဖြည်း တုတ်ခိုင်လာပြီး ကောင်းကင်ယံကြီးကို ချက်ချင်းပင် ထိုးဖောက်သွားတော့သည်။
မကြာမီမှာပင် ကောင်းကင်ယံထက်မှနေ၍ ကောင်းကင်နှင့်မြေကြီး၏ ရတနာတစ်ပါးသည် ဖြည်းညှင်းစွာ ကျဆင်းလာခဲ့သည်။
...
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဟင်းလင်းပြင်ထဲတွင် တရားထိုင်နေသော ချန်ကျီရှင်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား သူ၏မျက်လုံးများကို ရုတ်တရက် ပွင့်ဟလိုက်သည်။
"အရာအားလုံး အဆင်ပြေရဲ့လား"
လွင့်ပျံပန်းမန် ဓားချီထံမှ ပြန်လည်ပေးပို့လာသော သတင်းအချက်အလက်များကို လက်ခံရရှိပြီးနောက် ချန်ကျီရှင်းက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
ထို့နောက် သူက ထရပ်လိုက်ပြီး သူ၏ရှေ့ရှိ ကောင်းကင်နှင့်မြေကြီးရတနာ တောင်ပုံရာပုံကြီးကို ကြည့်ကာ ကျေနပ်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
ကောင်းကင်နှင့်မြေကြီး၏ ရတနာ အပိုင်းအစပေါင်း ငါးဆယ်ကျော်နှင့် ရှေးဟောင်းနတ်ဘုရားပညာရပ်အချို့ပင် ပါဝင်သေးသည်။
အကယ်၍ သူ ယခင်က ရရှိထားသော ဟင်းလင်းပြင်နတ်ဘုရားနွယ်ပင်နှင့် အခြားအရာများကိုပါ ပေါင်းစပ်လိုက်လျှင် ကျင့်ကြံခြင်းလောက၏ အောက်ခြေအဆင့်တွင်ရှိသော သာမန်ဂိုဏ်းတစ်ခုကို ထိပ်တန်းဂိုဏ်းကြီးတစ်ခုအဖြစ်သို့ တစ်ခဏချင်းအတွင်း မြှင့်တင်ပေးနိုင်ရန် လုံလောက်သည်။
ဤအရာများသည် ဇီဝေချန်မိသားစု၏ အင်အားကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ပေးရန်လည်း အပြည့်အဝ လုံလောက်လှသည်။
နောက်တစ်ခဏတွင်...
ချန်ကျီရှင်းသည် သူ၏ဝတ်ရုံလက်အင်္ကျီအကျယ်ကြီးကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ ကောင်းကင်နှင့်မြေကြီးရတနာ အားလုံးကို သူ၏ သိုလှောင်မှုလက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်တော့သည်။
"မိုးလင်းဖို့အတွက် သုံးနာရီထက်မနည်း လိုသေးတာပဲ"
ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ အရှေ့ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
အချိန်များက ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ကာ ကောင်းကင်ယံတွင် မိုးသောက်အလင်းဦး၏ အရိပ်အယောင်များ စတင်ပေါ်ပေါက်လာသည်။
ချန်ကျီရှင်းသည်လည်း နောက်ဆုံးတွင် ဤရှေးဟောင်းနယ်မြေငယ်၏ အရှေ့ဘက်အစွန်ဆုံး အနားသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုနေရာရှိ အတားအဆီးတံတိုင်းမှာ စီးဆင်းနေသော ရေလှိုင်းတံတိုင်းမျိုး မဟုတ်တော့ဘဲ အမြင်အာရုံနှင့် နတ်ဘုရားအာရုံတို့ဖြင့်ပင် ထိုးဖောက်မမြင်နိုင်သော ဝေဝါးနေသည့် ပရမ်းပတာ မြူခိုးထုကြီးသာ ဖြစ်နေတော့သည်။
"ဒီအချိန်ကာလကို အသုံးချပြီး မဟာတာအိုလမ်းစဉ် ဖိုကျမ်းစာကို ကျင့်ကြံပြီး မဟာတာအိုလမ်းစဉ် ကိုးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖို့ အချိန်ကိုက်ပဲ"
"ငါ ဒီအခွင့်အရေးကို အသုံးချပြီး နိဗ္ဗာနတာအိုလမ်းစဉ်ဆိုတာ တကယ်တမ်း ဘာလဲဆိုတာကို နားလည်အောင် ကြိုးစားကြည့်ရမယ်"
ထိုသို့ တွေးတောရင်း ချန်ကျီရှင်းသည် နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ ပရမ်းပတာ မြူခိုးထုကြီးအတွင်းသို့ ခြေလှမ်းလှမ်း၍ ဝင်ရောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းနယ်မြေငယ်အတွင်း၌ တိုက်ပွဲများမှာ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။
"ဖုချင်းရွှီ... မသေမျိုးစစ်မိန့်တော်ကို အသာတကြည် အပ်စမ်း ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်"
"မှန်တယ်... ငါတို့က အသေအလဲ တိုက်ခိုက်ချင်တာ မဟုတ်ဘူး။ မသေမျိုးစစ်မိန့်တော်ကိုပဲ လိုချင်တာ။ မင်းသာ အဲဒါကို ပေးမယ်ဆိုရင် ဘေးကင်းကင်းနဲ့ ထွက်သွားခွင့်ပြုမယ်"
"ဖုချင်းရွှီ... ဇွတ်မှိတ်ပြီး အတင်းမရုန်းကန်ပါနဲ့။ မင်းဘယ်လောက်ပဲ သန်မာပါစေ... ငါတို့အားလုံး စုပေါင်းတိုက်ခိုက်တာကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
"ဖုချင်းရွှီ... မင်းသာ အားအင်ပြည့်ဝနေတဲ့ အချိန်ဆိုရင် ငါတို့တွေ ဝေးဝေးက ရှောင်ကြမှာ သေချာပါတယ်။ ဒါပေမဲ့ အခုတော့ မင်းက အားအင်ကုန်ခမ်းပြီး ဖယောင်းတိုင်မီးလို ဖြစ်နေပြီပဲ။ ငါတို့ကို ဘာနဲ့ ယှဉ်တိုက်မှာလဲ"
ရေကန်ကြီးတစ်ခု၏ အလယ်ဗဟိုတွင် ဓားတစ်လက်ကဲ့သို့ မတ်မတ်ရပ်နေပြီး နက်မှောင်သော ဆံနွယ်များ ဖားလျားလွင့်ပျံနေကာ မျက်မှောင်ကြုတ်လျက် အေးစက်သော အမူအရာရှိသည့် ပုံရိပ်တစ်ခုသည် ဓားကို ဆုပ်ကိုင်ရင်း ရေပြင်ထက်တွင် ရပ်နေသည်။
သူ၏ခြေရင်းတွင်မူ ရွှေရောင်ဘီလူးကြီးတစ်ကောင်၏ အလောင်းမှာ ရေပြင်ပေါ်၌ ပေါ်လိုက်မြုပ်လိုက် ဖြစ်နေ၏။ ထိုအလောင်း၏ လည်ပင်းတွင်မူ ခေါင်းတစ်ခုလုံး ပြတ်လုနီးပါး ဖြစ်သွားစေသည့် စူးရှသော ဓားရာကြီးတစ်ခု ရှိနေသည်။
လည်ပင်းမှ ရွှေရောင်သွေးများမှာ အဆက်မပြတ် ပန်းထွက်နေပြီး ရေကန်တစ်ခုလုံးကို ရွှေရောင်ဆိုးထားသည့်အလား ဖြစ်နေတော့သည်။
ထိုရွှေရောင်ဘီလူးကြီးမှာ အခြားသူမဟုတ်ဘဲ ဘီလူးမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင် နိုအာပင်။
"မသေမျိုးစစ်မိန့်တော်ကို လိုချင်ရင်... လာလုကြလေ"
ဖုချင်းရွှီ၏ အကြည့်များမှာ လျှပ်စီးလက်သည့်အလား စူးရှနေပြီး သူ့ကို ထပ်ဆင့်ကာ ဝိုင်းရံထားကြသော ပါရမီရှင် လူအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။
သူသည် အမှန်တကယ်ပင် အားအင်ကုန်ခမ်းနေပြီး ဓားကိုပင် မနည်းဆုပ်ကိုင်ထားရသည့်
တိုင်အောင် ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် ဘယ်သောအခါမှ အရှုံးပေးဒူးထောက်မည့်သူ မဟုတ်ပေ။
"ခေါင်းမာလှချေလား"
"ကောင်းပြီ... ဖုချင်းရွှီ မင်းက အသေခံချင်မှတော့ ငါတို့ကို အပြစ်မတင်နဲ့တော့"
ပါရမီရှင် လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်မှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်အရှိန်အဝါများကို ရုတ်တရက် ထုတ်လွှတ်လိုက်ကြရာ သူတို့၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဓာတ်များ ဆူပွက်လာကြသည်။
နှစ်ဦးနှစ်ဖက် တင်းမာမှုများ မြင့်တက်လာပြီး အပြင်းအထန် စတင်တိုက်ခိုက်တော့မည့် အခိုက်အတန့်မှာပင်...
ဂျုန်း ဂျုန်း
ရုတ်တရက်ဆိုသလိုပင် ဤကမ္ဘာငယ်၏ ကောင်းကင်ထက်တွင် တိမ်တိုက်များမှာ လိပ်ပြာမတတ် လူးလွန့်လာခဲ့သည်။ တောက်ပသော အဖြူရောင် ဝဲကရက်ကြီးတစ်ခုသည် လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ပေါ်ပေါက်လာတော့သည်။
"ဒါ... ဒါက ဘာကြီးလဲ"
ပါရမီရှင် လူအုပ်ကြီးမှာ ခေါင်းမော့ကြည့်လိုက်ကြပြီး တစ်ခဏမျှ ဆွံ့အသွားကြသည်။ ဖုချင်းရွှီသည်လည်း ခေါင်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွား၏။
နောက်တစ်ခဏတွင်မူ ထိုတောက်ပသော အဖြူရောင် ဝဲကရက်ကြီးအတွင်းမှနေ၍ ရွှေရောင်တိမ်တိုက် ပန်းထိုးမှုန်များ ပါရှိသည့် ဝတ်ရုံနက်ကျယ်ကြီးကို ဆင်မြန်းထားသော ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
သူ၏ မျက်နှာတွင် ရွှေရောင်ပင့်ကူမျက်နှာဖုံးကို စွပ်ထားပြီး နောက်ကျောဘက်တွင် နက်မှောင်သော ဆံနွယ်များ ဖားလျားကျနေ၏။
"ဒါက ဘာကောင်လဲ..."
ပါရမီရှင် လူအုပ်ကြီးက စကားလှမ်းပြောရန် ပြင်လိုက်စဉ်မှာပင် ထိုပုံရိပ်၏ ဦးခေါင်းမှာ ထူးဆန်းဆန်းပြားစွာဖြင့် သုံးရာ့ခြောက်ဆယ် ဒီဂရီ လည်ပတ်သွားသည်ကို မြင်တွေ့လိုက်ကြရသည်။
ထူထပ်သော ဆံနွယ်များမှာ အလိုအလျောက် ဘေးသို့ကွဲသွားပြီး ဦးခေါင်း၏ နောက်စေ့ဖြစ်ရမည့် နေရာတွင် မျက်လုံးပေါင်းများစွာ ပါရှိသော မျက်နှာကြီးတစ်ခုမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပေါ်ထွက်လာတော့သည်။
ချက်ချင်းဆိုသလိုပင် ပါရမီရှင် တစ်ဦးချင်းစီ၏ စိတ်နှလုံးထဲတွင် အေးစက်သော အငွေ့အသက်များ ဖြတ်သန်းသွားခဲ့သည်။
"အင်း..."
"လွတ်လပ်မှုရဲ့ အနံ့အသက်... သားကောင်ရဲ့ အနံ့အသက်ပဲ"
ဤကြောက်မက်ဖွယ် မျက်နှာနှစ်ဖက်နှင့် ပုံရိပ်သည် မျက်နှာနှစ်ခုလုံးတွင် ငိုအားထက်ရယ်အားသန် အမူအရာမျိုးကို ပြသလိုက်ပြီး ပါးစပ်ထောင့်နှစ်ဖက်လုံးကို နားရွက်ချိတ်မတတ် တွန့်ကွေးလိုက်တော့သည်။
"ဒါ... ဒါက ဘာမိစ္ဆာကြီးလဲ"
"ဒီလို သရဲသဘက်သတ္တဝါမျိုးက ဘယ်ကနေ ရောက်လာတာလဲ"
"ဟွန့်... လှည့်စားပြီး ငါတို့ကို ခြောက်လှန့်နေတာပဲ။ ငါတို့ကို မောင်းထုတ်ပြီး မသေမျိုးစစ်မိန့်တော်ကို တစ်ယောက်တည်း ကြံစည်မလို့လား"
ပါရမီရှင်အချို့မှာ သတိပြန်ဝင်လာပြီး နှာခေါင်းရှုံ့လျက် အေးစက်စွာ ပြောလိုက်ကြသည်။
"မသေမျိုးစစ်မိန့်တော် ဟုတ်လား"
ထိုကြောက်မက်ဖွယ် မျက်နှာနှစ်ဖက်နှင့် သတ္တဝါသည် ထိုစကားကို ကြားသောအခါ တဟားဟား ရယ်မောလိုက်တော့သည်။
နောက်တစ်ခဏတွင်...
ဝုန်း
သူသည် လက်ဖဝါးတစ်ဖက်ကို ရုတ်တရက် အောက်သို့ ရိုက်ချလိုက်ရာ ကောင်းကင်နှင့် လမင်း၊ နေမင်းတို့ကိုပါ ဖုံးလွှမ်းသွားပြီး ရေကန်တစ်ခုလုံးနှင့် ပါရမီရှင် အားလုံးကိုပါ အုပ်မိုးသွားတော့သည်။
"ငါ အလိုရှိတာက... မင်းတို့ရဲ့ အသက်တွေကွ ဟားဟားဟား"
ရူးသွပ်ပြီး သွေးပျက်ဖွယ် ရယ်မောသံကြီးမှာ ဟိန်းထွက်သွားတော့သည်။ မကြာမီမှာပင် ရေကန်တစ်ခုလုံးတွင် စူးစူးဝါးဝါး အော်ဟစ်ညည်းတွားသံများ ဆူညံစွာ ပေါ်ထွက်လာခဲ့သည်။
အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးရမည့် အချိန်အကြာတွင် ရေကန်၏ မျက်နှာပြင်မှာ တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့ပြီ။ ထိုမျက်နှာနှစ်ဖက်နှင့် သတ္တဝါသည် ရေပြင်ပေါ်တွင် ပေါ်လိုက်မြုပ်လိုက် ဖြစ်နေသော ပါရမီရှင် လူအုပ်ကြီးကို ကြည့်လိုက်၏။
"တစ်ဆယ့်သုံးယောက်"
မျက်နှာနှစ်ခုလုံးက ခပ်ဖွဖွ ပြုံးလိုက်ကြပြီးနောက် သူ၏ ညာလက်ကို လှန်လိုက်ရာ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေပြီး ရှေးဟောင်း ကြေးဝါခေါင်းလောင်းလေးများ ဆွဲချိတ်ထားသည့် တုတ်ကောက်ရှည်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ဂျ….လင်...
သူက တုတ်ကောက်ကို အသာအယာ လှုပ်ခါလိုက်ရာ သာယာကြည်လင်သော ခေါင်းလောင်းသံလေး ထွက်ပေါ်လာခဲ့သည်။
"သိမ်းဆည်းစို့"
ထိုမျက်နှာနှစ်ဖက်နှင့် သတ္တဝါသည် ဝတ်ရုံနက်ကျယ်ကြီး အောက်မှနေ၍ ဖြူဖျော့သော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အစီအရင် လက်ကွက်တစ်ခုကို အသာအယာ ပြုလုပ်လိုက်သည်။
တစ်ခဏချင်းမှာပင် ထိုအနက်ရောင် ရှေးဟောင်းတုတ်ကောက်ဆီမှနေ၍ စုပ်ယူမှုစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
သတိမေ့မြောနေကြသော ပါရမီရှင် လူအုပ်ကြီးသည် ထိုအနက်ရောင် ရှေးဟောင်းတုတ်ကောက်ဆီသို့ ချက်ချင်း ပျံသန်းသွားကြပြီး သေးငယ်သွားကာ ၎င်း၏အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။