← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း။ ၂၉၃

"တစ်ယောက် လွတ်သွားတာလား..."

သူ၏ ထူးဆန်းဆန်းပြားသော အလုပ်ကို အဆုံးသတ်ပြီးနောက် ထိုမျက်နှာနှစ်ဖက်နှင့် သတ္တဝါသည် ဝေးလံသော အရပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။

ဓားတစ်လက်ကဲ့သို့ စူးရှထက်မြက်ပြီး သွယ်လျသော ပုံရိပ်တစ်ခုသည် ဓားအလင်းတန်းတစ်ခုပေါ်တွင် စီးနင်းလျက် သူ၏ စစ်မှန်သောချီစွမ်းအင်အားလုံးကို အစွမ်းကုန် ထုတ်လွှတ်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ထွက်ပြေးလွတ်မြောက်နေ၏။

"ဒီကောင်လေးက တော်တော်လေး ပါးနပ်သားပဲ"

ထိုထူးဆန်းသော မျက်နှာနှစ်ဖက်နှင့် သတ္တဝါက ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ ပထမဆုံး ပေါ်လာသည့် အခိုက်အတန့်ကတည်းက ဖုချင်းရွှီဟု ခေါ်သော ဤကောင်လေးသည် တုံ့ဆိုင်းမနေဘဲ ဓားအလင်းကို အသုံးပြုကာ အသက်လု ထွက်ပြေးခဲ့သဖြင့် ကပ်ဘေးကြီးမှ သီသီလေး လွတ်မြောက်သွားခြင်းပင်။

"ဒါပေမဲ့ နှမြောစရာကောင်းတာက... ဒါတွေအားလုံးက အချည်းနှီး ရုန်းကန်မှုတွေပဲ ဖြစ်လိမ့်မယ်"

ဘုန်း …

သူသည် ခြေလှမ်းတစ်ချက် ပြင်းပြင်းဆောင့်လိုက်ပြီးနောက် ထိုသူ့နောက်သို့ လျင်မြန်စွာ လိုက်လံ ဖမ်းဆီးတော့သည်။

အခြားတစ်နေရာတွင် ဖန်းနိုင်နှင့် ခန်ရုံတို့သည် တောင်ပတ်လမ်းတစ်ခုအတိုင်း လျှောက်လှမ်းနေကြ၏။

"အစ်ကိုကြီး... အစ်ကိုကြီး မသေမျိုးစစ်မိန့်တော် ဘယ်နှခု ရပြီးပြီလဲ"

ဖန်းနိုင်က မေးလိုက်သည်။

"အများကြီး မရသေးပါဘူး။ အခုထိတော့ အခုနှစ်ဆယ်ပဲ ရှိသေးတယ်"

ခန်ရုံက ခေါင်းယမ်းလိုက်ရင်း ခပ်ဖွဖွ ပြုံးကာ ပြန်ပြောလိုက်၏။

ယခုအကြိမ် ကျင်းပသည့် အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြီးတွင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ဖြင့် နိဗ္ဗာနအဆင့်ကို တန်ပြန်တိုက်ခိုက်ခဲ့သော ချန်ကျီရှင်းသည် သဘာဝအတိုင်းပင် အတောက်ပဆုံးသော ကြယ်ပွင့် ဖြစ်လာခဲ့ပြီး လူအများဆုံး အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ချန်ကျီရှင်းအပြင် ဤပြိုင်ပွဲအတွင်း၌ ထူးခြားပြောင်မြောက်သော စွမ်းရည်များဖြင့် နာမည်ကျော်ကြားလာခဲ့ကြသည့် ပါရမီရှင်များစွာလည်း ရှိနေသေးသည်။

ထိုအထဲတွင် ခန်ရုံသည် ထင်ရှားသော ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ မူလက သူသည် ကောင်းကင်လှိုင်းမြတ်စွာဘုရားနယ်မြေအတွင်း၌သာ နာမည်ကြီးခဲ့သော်လည်း အရှေ့ဘက်လျှို့ဝှက်နယ်မြေတွင် တိုက်ပွဲအနည်းငယ် ဆင်နွှဲပြီးနောက် ယခုအခါ ဤရှေးဟောင်းနယ်မြေငယ်အတွင်း၌ သူ၏ နာမည်မှာ ဟိန်းထွက်နေခဲ့ပြီ ဖြစ်သည်။

သူသည် မသေမျိုး တာအိုလမ်းစဉ် ဂိုဏ်းကြီးတစ်ခု၏ အာရုံစိုက်မှုကိုပင် ခံခဲ့ရပြီး သူတို့က သူ့ကို ဂိုဏ်းအတွင်းသို့ သိမ်းသွင်းရန်ပင် ကြံစည်နေကြသည်။

"အခုနှစ်ဆယ်က မနည်းပါဘူးနော်..."

ဖန်းနိုင်က အနည်းငယ် မနာလိုသော လေသံဖြင့် ပြန်ပြောလိုက်၏။

ယခုအချိန်တွင် အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြီး၏ သက်တမ်းမှာ တစ်ဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူကမူ မသေမျိုးစစ်မိန့်တော် အနည်းငယ်မျှသာ ရရှိထားသေးသည်။

"နိုင်အာ... မင်းက ငယ်ပါသေးတယ်။ နောက်တစ်ကြိမ် အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကျရင်တော့ မင်းအလှည့် ဖြစ်လာမှာပါ"

ခန်ရုံက ပြုံးလျက် ဖန်းနိုင်၏ ပခုံးကို အားပေးသည့်အနေဖြင့် ပုတ်ပေးလိုက်သည်။ သူတို့နှစ်ဦးသည် စကားတပြောပြောဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့ကြသည်။

ဂျုန်း …

ကွက်တိဆိုသလိုပင် ကောင်းကင်ယံထက်၌ ဖြူဖျော့သော ဝဲကရက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ဟင်"

ခန်ရုံနှင့် ဖန်းနိုင်တို့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။

ထိုဝဲကရက်ကြီး၏ အလယ်ဗဟိုတွင် တိမ်တိုက်ပုံစံများ ပါရှိသော ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး မျက်နှာကိုမူ နဖူးပြင်ဘယ်ဘက်တွင် နံပါတ် ရှစ်ဟု ရေးထိုးထားသည့် ရွှေရောင်မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားကာ လက်ထဲတွင် အနက်ရောင် ကြာပွတ်အရှည်ကြီးကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုသည် ဝဲကရက်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

"အို... တစ်ယောက်က မလှုပ်မယှက် တောက်ပသော ဧကရာဇ်ကျမ်းစာကို ကျင့်ကြံထားပြီး ရုပ်ခန္ဓာရဲ့ အချုပ်အနှောင်တွေကို ဖောက်ထွက်ထားတာပဲ။ နောက်တစ်ယောက်ကကျတော့ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းမိစ္ဆာကြီးတွေရဲ့ သွေးအမျိုးမျိုး ကိန်းအောင်းနေတာကိုး..."

"စိတ်ဝင်စားစရာပဲ"

ထိုပုံရိပ်က တိုးညှင်းစွာ ရယ်မောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို လက်ထဲမှ ကြာပွတ်ရှည်ကြီးကို လွှဲယမ်းကာ ဖန်းနိုင်နှင့် ခန်ရုံတို့ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

"လာကြစမ်း ငါတို့ရဲ့ ဘုန်းကြီးလှတဲ့ ဆင့်ကဲပြောင်းလဲခြင်းထဲကို လာပူးပေါင်းကြစမ်း"

တစ်ခဏချင်းမှာပင် ဖန်းနိုင်နှင့် ခန်ရုံတို့နှစ်ဦးလုံး၏ မျက်နှာများမှာ ဖြူလျော်သွားကာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။

...

...

ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ရှေးဟောင်းနယ်မြေငယ်တစ်ခုလုံးတွင် အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။

ထိုထူးဆန်းပြီး လျှို့ဝှက်ဆန်းပြားသော ရွှေရောင်မျက်နှာဖုံးစွပ် ဝတ်ရုံနက်ဝတ်ဆင်ထားသူများ ဆင်းသက်လာသည်နှင့်အမျှ အရှေ့ဘက်လျှို့ဝှက်နယ်မြေတွင် တောက်ပခဲ့ကြသော ထိပ်တန်းပါရမီရှင် အများအပြားမှာ အလျင်အမြန်ပင် အမဲလိုက်ခြင်းကို ခံခဲ့ရပြီး ထိုအနက်ရောင် တုတ်ကောက်အလံကြီးများအတွင်းသို့ စုပ်ယူခြင်း ခံခဲ့ကြရသည်။

ဤရွှေရောင်မျက်နှာဖုံးစွပ် ဝတ်ရုံနက်ဝတ်ဆင်ထားသူများ၏ ရှေ့မှောက်တွင် လောက၏ ထိပ်တန်းပါရမီရှင်ဆိုသူများက ခုခံနိုင်စွမ်း အလျဉ်းမရှိကြပေ။

တစ်ခဏတာအတွင်းမှာပင် တစ်လောကလုံး၌ နာကျင်စွာ အော်ဟစ်သံများ၊ အသက်ချမ်းသာပေးရန် တောင်းပန်သံများ၊ ဒေါသတကြီး ဟိန်းဟောက်သံများနှင့် တိုက်ပွဲဝင် အော်ဟစ်သံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့ပြီး ရှေးဟောင်းနယ်မြေငယ်တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။ ရှေးဟောင်းနယ်မြေငယ်ကြီးတစ်ခုလုံးမှာ ငရဲခန်းအလား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

မသေမျိုးတောင်ကုန်း၏ ပြင်ပ၌...

ဝူး ဝူး ဝူး

ဟင်းလင်းပြင်ထဲတွင် ဆွဲချိတ်ထားသော ကြည့်မှန်ပြင်ကြီးမှာ တဖျပ်ဖျပ် တုန်ခါသွားပြီး ဝေဝါးသွားခဲ့သည်။ ထို့နောက်တွင် ပုံရိပ်အားလုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မရေမတွက်နိုင်သော အနက်ရောင် လှိုင်းတွန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဝှူး

တစ်ခဏချင်းမှာပင် မသေမျိုးတောင်ကုန်းတစ်ခုလုံး၏ ပြင်ပ၌ ပြင်းထန်သော ရုတ်ရုတ်သဲသဲ ဖြစ်မှုကြီး ပေါ်ပေါက်လာခဲ့သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြတော့၏။

"အမလေး... အဲဒီလူတွေက ဘယ်သူတွေလဲ"

"သူတို့... သူတို့တွေက ဘယ်လိုလုပ်ပြီး ရှေးဟောင်းနယ်မြေငယ်ထဲကို ဝင်သွားနိုင်တာလဲ"

"ဒါ... ဒါက... အဲဒီလူတွေက ပါရမီရှင်တွေကို အမဲလိုက်နေကြတာပဲ"

ထိတ်လန့်တုန်လှုပ်ဖွယ် အာမေဍိတ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

ဤပွဲတော်ကြီးကို လာရောက်ကြည့်ရှုရန် အရပ်မျက်နှာအသီးသီးမှ တကူးတက လာရောက်ခဲ့ကြသော ကျင့်ကြံသူလူအုပ်ကြီးမှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားကြပြီး သူတို့၏ မျက်နှာများမှာ တစ်ဦးမကျန် ပျက်ယွင်းသွားကြတော့၏။

"တောက်... ခွေးမသားတွေ"

"မင်းတို့ သတ္တိရှိလှချေလား"

သုတို့၏ အဖိုးတန်လှသော ပါရမီရှင် သားသမီးများ အမဲလိုက်ခံနေရသည်ကို မြင်လိုက်ရသောအခါ အမျိုးမျိုးသော ရှေးဟောင်းနယ်မြေများမှ အရှင်သခင်များ၊ မြင့်မြတ်သော မိသားစုများမှ မျိုးနွယ်စုခေါင်းဆောင်များနှင့် အခြားသော အင်အားကြီး ပုဂ္ဂိုလ်များသည် ချက်ချင်းပင် ဒေါသအမျက်ချောင်းချောင်း ထွက်ကာ အော်ပြောလိုက်ကြတော့သည်။

ချန်မိသားစု ရှိနေသည့် ဧရာမ လေသင်္ဘောကြီးပေါ်တွင်မူ...

ဘုန်း…

ချန်တောက်ယန်သည် ရုတ်တရက် ထရပ်လိုက်ပြီး ပုံရိပ်များ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ကြည့်မှန်ပြင်ကြီးကို စူးစိုက်ကြည့်နေမိကာ သူ၏ မျက်သူငယ်အိမ်များမှာ အဆက်မပြတ် ကျုံ့ဝင်နေခဲ့သည်။

"မီးခဲ"

ချန်တောက်ယန်သည် အံတင်းတင်းကြိတ်လျက် ဤစကားလုံးကို မနည်းညှစ်ထုတ်ကာ ပြောဆိုလိုက်ပြီး သူ၏ မျက်ဝန်းထဲ၌ ဒေါသမီးလျှံများ တဖျပ်ဖျပ် တောက်ပလာခဲ့သည်။

မီးခဲအဖွဲ့အစည်း….

ထိုစဉ်က ဇီဝေချန်မိသားစုသည် တောင်ဘက်နယ်စပ်၌ လေ့ကျင့်ရေးပွဲတစ်ခု ပြုလုပ်စဉ်ကလည်း ဤ မီးခဲအဖွဲ့အစည်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။

ထိုပွဲတွင် ချန်မိသားစု၏ သားကြီးဖြစ်သူ ချန်ကျောက်ရှင်းမှာ အသတ်ခံရပြီး အလောင်းကိုပါ လုယူခြင်း ခံခဲ့ရကာ နှစ်ပေါင်းများစွာတိုင်အောင် မည်သည့် သတင်းအစအနမျှ မရရှိဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

နောက်ပိုင်းတွင် သူက အပတ်တကုတ် စုံစမ်းထောက်လှမ်းခဲ့ရာ အရှေ့ဘက်လျှို့ဝှက်နယ်မြေမှ ပါရမီရှင်များသည်လည်း ဤ မီးခဲအဖွဲ့အစည်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးကြောင်း ကြားသိခဲ့ရသည်။

ထို့ကြောင့် ဤလျှို့ဝှက်ဆန်းပြားသော အဖွဲ့အစည်း၏ ပစ်မှတ်မှာ အရှေ့ဘက်လျှို့ဝှက်နယ်မြေမှ ပါရမီရှင်များ ဖြစ်နိုင်ကြောင်း သူ၏ စိတ်ထဲ၌ ရိပ်မိနေခဲ့သည်။

သို့သော် သူ လုံးဝ ထင်မထားခဲ့သည်မှာ ဤအဖွဲ့အစည်းသည် ဤမျှအထိ သတ္တိကောင်းလှပြီး ပါရမီရှင်များကို သွေးချောင်းစီး သတ်ဖြတ်ရန်အတွက် ရှေးဟောင်းနယ်မြေငယ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ဝံ့ကြလိမ့်မည် ဟူ၍ပင်။

နောက်တစ်ခဏတွင် မသေမျိုးတောင်ကုန်းတစ်ခုလုံးရှိ မရေမတွက်နိုင်သော အကြည့်များသည် ဝေဝါးနေသော မသေမျိုး တာအိုလမ်းစဉ် ဂိုဏ်းကြီးသုံးဂိုဏ်းရှိရာဘက်သို့ တစ်ပြိုင်နက်တည်း လှည့်သွားကြတော့သည်။

"မသေမျိုး တာအိုလမ်းစဉ် ဂိုဏ်းကြီးတွေအနေနဲ့... ငါတို့ကို ရှင်းလင်းချက်တစ်ခု ပေးသင့်တယ် မဟုတ်လား"

ချင်းထျန်းကျန့်သည် သူ၏ ရင်ထဲမှ ဒေါသများကို အတတ်နိုင်ဆုံး ထိန်းချုပ်လျက် ပထမဆုံးအကြိမ်အဖြစ် အသံထွက်၍ ပြောဆို လိုက်သည်။

မကြာသေးမီက ဝတ်ရုံနက်ဝတ်ဆင်ထားပြီး ကြာပွတ်ကို ကိုင်ဆောင်ထားသူတစ်ဦးသည် ခန်ရုံနှင့် ဖန်းနိုင်တို့ကို ပြင်းထန်စွာ တိုက်ခိုက်၍ ဖမ်းဆီးသွားသည်ကို သူ ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ခဲ့ရသည်။

ရှူး... ရှူး... ရှူး...

မသေမျိုး ဂိုဏ်းကြီးများ၏ တံခါးဝများမှာ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။ ထို့နောက် ထိုဂိုဏ်းကြီးများအတွင်းမှနေ၍ ပုံရိပ်သုံးခု ထွက်ပေါ်လာခဲ့၏။

ဆံပင်ငွေရောင်များနှင့် အဘွားအိုတစ်ဦး၊ မသေမျိုး အငွေ့အသက်များ လွှမ်းခြုံနေသော သက်ကြီးရွယ်အို အဘိုးအိုတစ်ဦးနှင့် အခြားတစ်ဦးမှာမူ ခရမ်းရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ခရမ်းရောင်ရွှေသရဖူကို ဆောင်းထားသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

ဤသုံးဦးသည် ယခုအကြိမ် ကျင်းပသည့် ပြိုင်ပွဲကြီးကို တာဝန်ယူ ကြီးကြပ်နေကြသူများ ဖြစ်ကြ၏။

သူတို့ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ အလွန်အမင်း တည်ကြည်အေးစက်နေခဲ့သည်။

"မသေမျိုး အရှင်သခင်သုံးပါး... မသေမျိုးတောင်ကုန်းရဲ့ ရှေးဟောင်းနယ်မြေငယ်ကို အရှင်သခင်တို့ရဲ့ အထက်ဂိုဏ်းကြီးသုံးဂိုဏ်းကပဲ အစဉ်အဆက် ထိန်းချုပ်လာခဲ့တာပါ။ အရှင်သခင်တို့ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ ပြင်ပလူတွေဟာ ဒီရှေးဟောင်းနယ်မြေငယ်ထဲကို ဘယ်လိုနည်းနဲ့မှ မဝင်နိုင်ပါဘူး"

"အခု ဘာတွေဖြစ်နေလဲဆိုတာကို ရှင်းပြပေးနိုင်မလား"

ထာဝရအသက်ရှည်ခြင်း မိသားစုတစ်ခုမှ မျိုးနွယ်စုခေါင်းဆောင်တစ်ဦးသည် သူတို့၏ ရှေ့သို့ ပထမဆုံး တိုးထွက်လာပြီး ရိုသေလေးစားဟန် ပြုမူနေသော်လည်း သူ၏ လေသံထဲတွင်မူ ပြင်းထန်သော ဒေါသများ ကိန်းအောင်းနေခဲ့သည်။

သူတို့၏ ထိပ်တန်းပါရမီရှင်များ ဤကဲ့သို့ အမဲလိုက်ခံနေရသည်ကို မြင်တွေ့နေရသဖြင့် မသေမျိုး တာအိုလမ်းစဉ် ဂိုဏ်းကြီးသုံးဂိုဏ်းကို ကြောက်ရွံ့ရိုသေစိတ် ရှိသော်လည်း သူသည် ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ပေ။

"မှန်တယ် ပထမဆုံးအနေနဲ့ နိဗ္ဗာနအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦးက ချန်ကျီရှင်းကို သတ်ဖို့အတွက် ရှေးဟောင်းနယ်မြေငယ်ထဲကို ဝင်သွားခဲ့တယ်။ အခုကျတော့လည်း အခြားအုပ်စုတစ်စုက ပါရမီရှင်တွေကို အမဲလိုက်ဖို့အတွက် ထပ်ပြီး ဝင်သွားကြပြန်ပြီ။ ဒီအတွက်ကြောင့် အထက်ဂိုဏ်းကြီးသုံးဂိုဏ်းအနေနဲ့ ငါတို့ကို ရှင်းလင်းချက်တစ်ခု ပေးကိုပေးရမယ်"

သန့်ရှင်းသော မြေရိုင်းတစ်ခုမှ အရှင်သခင်တစ်ဦးကလည်း သူ၏ မျက်ဝန်းများအတွင်း အေးစက်လှသော အငွေ့အသက်များဖြင့် ခံပြင်းစွာ ပြောဆို လိုက်သည်။

တစ်ခုပြီးတစ်ခုဆိုသလိုပင် အင်အားကြီး အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်အားလုံးသည် ခရမ်းရောင်ရွှေသရဖူကို ဆောင်းထားသည့် အသက်လတ်ပိုင်း အမျိုးသားကြီးထံသို့ အကြည့်များကို လွှဲပြောင်းလိုက်ကြပြီး သူ့ကို စူးစိုက်၍ ကြည့်နေကြတော့သည်။

"မိတ်ဆွေတို့... အခုလို အခြေအနေမျိုး ဘာဖြစ်လို့ ဖြစ်ပျက်လာရတာလဲဆိုတာကို... ကျွန်တော်လည်းပဲ မိတ်ဆွေတို့လိုပါပဲ... ဘာတစ်ခုမှ ကြိုတင်ပြီး မသိထားခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အတွေးတွေရော၊ တုံ့ပြန်မှုတွေကပါ... မိတ်ဆွေတို့ ကြုံတွေ့နေရတဲ့ ခံစားချက်တွေနဲ့ ထပ်တူထပ်မျှပါပဲ"

မသေမျိုးစိမ်းလန်းစိုပြည်ရေးဂိုဏ်းမှ အဘိုးအိုက အနည်းငယ် ဦးညွှတ်လျက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ ထိုဂိုဏ်းမှ အဘိုးအိုနှင့် အခြားသော အထင်ကရ ပုဂ္ဂိုလ်များ၊ ဆံပင်ငွေရောင်နှင့် အဘွားအိုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏ အကြည့်အားလုံးကို ခရမ်းရောင်ရွှေသရဖူကို ဆောင်းထားသည့် အမျိုးသားကြီးထံသို့ ပြန်လည် လွှဲပြောင်းကာ သူ့ကိုသာ စူးစိုက်ကြည့်နေကြတော့သည်။

ခရမ်းရောင်ရွှေသရဖူကို ဆောင်းထားသည့် သက်လတ်ပိုင်း အမျိုးသားကြီးသည် ထိုအကြည့်များကို ခံစားမိသောအခါ သူ၏ စိတ်ထဲ၌ ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာလိုက်မိတော့သည်။

တောက်... ခွေးမသားတွေ….

ငါ့အပေါ်ကိုပဲ အပြစ်တွေ အကုန်ပုံချဖို့ ကြံစည်နေကြတာလား။

သူသည် ချန်ကျီရှင်းကို လုပ်ကြံသတ်ဖြတ်ရန်အတွက် ထိုရှေးဟောင်းနယ်မြေငယ်အတွင်းသို့ လူလွှတ်ခဲ့သည်မှာ အမှန်ပင်။

"ဒါပေမဲ့လည်း... ဒီရွှေရောင်မျက်နှာဖုံးစွပ် ဝတ်ရုံနက်ဝတ်ဆင်ထားတဲ့သူတွေက... ဒီရှေးဟောင်းနယ်မြေငယ်ထဲကို ဘယ်လိုနည်းနဲ့ ဘယ်ပုံစံနဲ့ ရောက်ရှိလာကြတာလဲဆိုတာကိုတော့... ငါတကယ်ကို မသိတာဟ"

အခန်း။ ၂၉၄

"မိတ်ဆွေတို့အားလုံးခင်ဗျာ... ကျွန်တော့်အနေနဲ့ မိတ်ဆွေတို့ရဲ့ ခံစားချက်ကို အပြည့်အဝ နားလည်ပါတယ်။ ဒါပေမဲ့ ဒီလူတွေ ဘာကြောင့် ဒီနေရာကို ရောက်လာရတာလဲ။ ပြီးတော့ သူတို့ ဘယ်ကနေ လာကြတာလဲဆိုတာကို ကျွန်တော် တကယ်ကို လုံးဝ မသိပါဘူး"

ခရမ်းရောင်ရွှေဘုရင်သည် အသက်ကို ဝဝရှူလိုက်ပြီး စစ်မှန်သော လေသံဖြင့် ပြောဆို လိုက်သည်။

"အကယ်၍ မိတ်ဆွေတို့က ကျွန်တော့်ကိုမယုံကြည်ဘူးဆိုရင်... ကျွန်တော် ကောင်းကင်

တာအိုလမ်းစဉ်ကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်။ ကျွန်တော်ပြောတဲ့ စကားတွေထဲမှာ မဟုတ်မမှန်တာ တစ်ခုလောက်ပါဝင်ခဲ့မယ်ဆိုရင်... ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်ခြင်းကို ခံယူဖို့၊ ကောင်းကင်နဲ့ မြေကြီးကြားမှာ ခန္ဓာကိုယ် ပျက်စီးသွားဖို့နဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်ကလည်း အဝီစိငရဲသို့ ထာဝရ ကျရောက်သွားဖို့ အဆင်သင့်ပါပဲ"

"ကျွန်တော်လည်းပဲ ကောင်းကင်တာအိုလမ်းစဉ်ကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်"

"ကျွန်တော်လည်း အတူတူပါပဲ"

မသေမျိုး အငွေ့အသက်များ လွှမ်းခြုံနေသော သက်ကြီးရွယ်အို အဘိုးအိုနှင့် ဆံပင်ငွေရောင်နှင့် အဘွားအိုတို့သည်လည်း တစ်ပြိုင်နက်တည်း သစ္စာဆိုလိုက်ကြတော့သည်။

ထိုသို့ သစ္စာဆိုလိုက်ကြသောအခါ မသေမျိုးဂိုဏ်းကြီးများ၏ လက်အောက်တွင်ရှိသော အမျိုးမျိုးသော အင်အားကြီးအဖွဲ့အစည်းများမှ ခေါင်းဆောင်အားလုံးမှာ မျက်မှောင်ကြုတ်သွားကြ၏။

ခရမ်းရောင်ရွှေဘုရင် အပါအဝင် ထိုသုံးဦးစလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ တစ်ဦးချင်းစီ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်နေသော အမူအရာများကို မြင်တွေ့နေကြရသည်။

ကောင်းကင်တာအိုလမ်းစဉ်ကို တိုင်တည်ပြီး သစ္စာဆိုခြင်းမှာ နောက်ပြောင်ရမည့် ကိစ္စမဟုတ်ပေ။ သူတို့ကဲ့သို့ ကမ္ဘာမြေကြီး၊ ကောင်းကင်ဘုံတို့နှင့် တာအိုလမ်းစဉ်ချင်း ရစ်ပတ်

နှောင်ဖွဲ့ထားပြီးသားဖြစ်သော အဆင့်မြင့် ကျင့်ကြံသူကြီးများအတွက်မူ သူတို့ပြောသမျှ စကားလုံးတိုင်းမှာ စည်းမျဉ်းဥပဒေတစ်ခုကဲ့သို့ ဖြစ်တည်နေခြင်းပင်။

ဤကဲ့သို့သော သစ္စာဆိုမှုမျိုးကို မဟာတာအိုလမ်းစဉ်က အလိုအလျောက် မှတ်တမ်းတင် စစ်ဆေးမည်ဖြစ်ရာ သစ္စာဖောက်ဖျက်ပါက ပြင်းထန်သော တန်ပြန်သက်ရောက်မှုများကို ခံစားရမည် ဖြစ်သည်။

"ဒါဆိုရင်... တကယ်လို့ သူတို့သုံးယောက်စလုံးက တကယ်ကိုပဲ ဘာမှမသိကြဘူးဆိုရင်...

အဲဒီ လျှို့ဝှက်ဆန်းပြားလွန်းတဲ့ ဝတ်ရုံနက်ဝတ်ဆင်ထားတဲ့သူတွေက... ဒီရှေးဟောင်းနယ်မြေငယ်ထဲကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ဝင်ရောက်သွားကြတာလဲ"

သူတို့ သုံးဦးစလုံး တစ်ယောက်ပြီးတစ်ယောက် သစ္စာဆိုလိုက်ကြပြီးနောက်တွင်မူ အမျိုးမျိုးသော အင်အားကြီးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။

မြင့်မြတ်သော မိသားစုတစ်ခုမှ မျိုးနွယ်စုခေါင်းဆောင်တစ်ဦးက "ဒီပြိုင်ပွဲကြီးကို အထက်ဂိုဏ်းကြီးသုံးဂိုဏ်းက ဦးစီးကျင်းပတာပါ။ အရှင်သခင်တို့အနေနဲ့ အခြေအနေကို မသိရှိဘူးဆိုရင်တောင်... ဒီအတိုင်းပဲ ပစ်ထားတော့မှာလား တစ်ခုခုတော့ လုပ်ဆောင်သင့်တယ် မဟုတ်ဘူးလား" ဟု မေးမြန်းလိုက်၏။

"စိတ်ချပါ... ကျွန်တော်တို့ သုံးဦးစလုံး ဒီကိစ္စအတွက် တာဝန်အပြည့်အဝ ယူပါ့မယ်"

ခရမ်းရောင်ရွှေဘုရင် အပါအဝင် ထိုသုံးဦးစလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ အလွန်အမင်း တည်ကြည်လေးနက်သွားကြသည်။

ယခုအကြိမ် ကျင်းပသည့် ပြိုင်ပွဲကြီးသည် အရှေ့ဘက်လျှို့ဝှက်နယ်မြေတစ်ခုလုံးရှိ ပါရမီရှင်အားလုံးကို စုစည်းထားခြင်းပင်။

ဤအရာသည် အရှေ့ဘက်လျှို့ဝှက်နယ်မြေ၏ နှစ်ပေါင်းထောင်ချီ ကံကြမ္မာကို ကိုယ်စားပြုနေသည်ဟု ဆိုလျှင်ပင် အနည်းငယ်မျှ ပိုလွန်ခြင်းမရှိချေ။ အကယ်၍ ဤပါရမီရှင်အားလုံးသာ ဤရှေးဟောင်းနယ်မြေငယ်အတွင်း၌ သေဆုံးသွားခဲ့ကြမည်ဆိုပါက ၎င်းသည် အရှေ့ဘက်လျှို့ဝှက်နယ်မြေအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာရုံသာမက သူတို့၏ မသေမျိုး တာအိုလမ်းစဉ် ဂိုဏ်းကြီးသုံးဂိုဏ်းအပေါ်တွင်လည်း ကြီးမားစွာ သက်ရောက်မှု ရှိလာမည် ဖြစ်သည်။

"လူတိုင်း သေသေချာချာ နားလည်ထားရမှာက သစ်ပင်ကြီးတစ်ပင်က ကမ္ဘာမြေကြီးပေါ်မှာ အမြစ်တွယ်ထားနိုင်မှသာ မြင့်မားတောက်ပစွာနဲ့ ကြီးထွားနိုင်တာ။ တကယ်လို့... အဲဒီ မှီခိုရာ ကမ္ဘာမြေကြီးကြီးသာ ပျက်စီးသွားခဲ့မယ်ဆိုရင် အဲဒီသစ်ပင်ကြီးကရော ဘယ်လိုနည်းနဲ့ ရှင်သန်ပြီး ကျန်ရစ်နိုင်မှာလဲ"

"မိတ်ဆွေတို့... ကျွန်တော်တို့အနေနဲ့ ဂိုဏ်းချုပ်ကြီးတွေဆီကို သတင်းပို့ထားပြီးပါပြီ။ မကြာခင်မှာ အစီအမံတွေ ပြုလုပ်လာတော့မှာပါ"

ထိုသုံးဦးစလုံးက တည်ငြိမ်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်ကြတော့သည်။

...

...

ရှေးဟောင်းနယ်မြေငယ်အတွင်း၌ ဤကမ္ဘာငယ်၏ အရှေ့ဘက်အစွန်ဆုံး၊ အနားသတ်ဒေသတွင် ဝေဝါးနေသော ပရမ်းပတာ မြူခိုးထုကြီးအတွင်း၌ ဆံပင်နက်များကို ရေတံခွန်အလား ဖားလျားချထားပြီး ဝတ်ရုံနက်ရှည်ကို ဆင်မြန်းထားသော ခန့်ညားထည်ဝါသည့် လူငယ်လေးတစ်ဦးသည် တရားထိုင်လျက် ရှိနေသည်။

"ဒီနေရာက တကယ်ကို ပုန်းကွယ်ဖို့ အကောင်းဆုံး နေရာပဲ"

ချန်ကျီရှင်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အသံထွက်၍ ချီးကျူးလိုက်မိသည်။ ဤနေရာသည် စုံစမ်းစစ်ဆေးမှုများနှင့် နတ်ဘုရားအာရုံများကို ပိတ်ဆို့ထားသည့် ပရမ်းပတာ မြူခိုးများဖြင့် ဖုံးလွှမ်းနေရုံသာမက အမြင်အာရုံကိုပင် လှမ်းကြည့်လျှင် ဆယ်ပေခန့်သာ မြင်တွေ့နိုင်စွမ်း ရှိတော့သည်။

၎င်းအပြင် ဤနေရာတွင် ဟင်းလင်းပြင် လျှို့ဝှက်ရေစီးကြောင်းများစွာ ကိန်းအောင်းနေပြီး ခြေလှမ်းတစ်လှမ်း မှားလိုက်သည်နှင့် ထိုရေစီးကြောင်းများအတွင်းသို့ မျောပါသွားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် နတ်ဘုရားအာရုံ တာအိုလမ်းစဉ်၏ အချုပ်အနှောင်များကို ဖောက်ထွက်ထားပြီး နတ်ဘုရားအာရုံ မျိုးစေ့ကို ကျင့်ကြံထားပြီးဖြစ်သောကြောင့်သာ ဤနေရာ၌ မနည်းခြေချနိုင်ခြင်းပင်။

"ဒီအခွင့်အရေးကို အသုံးချပြီး မဟာတာအိုလမ်းစဉ် ဖိုကျမ်းစာကို ကျင့်ကြံရမယ်"

ချန်ကျီရှင်းသည် သူ၏ အတွေးများကို စုစည်းလိုက်ရာ သူ၏ လက်ထဲ၌ ပါးလွှာပြီး အနက်ရောင်ရှိသော ရှေးဟောင်းစာအုပ်ငယ်တစ်အုပ် ပေါ်ထွက်လာခဲ့သည်။ သူသည် စာမျက်နှာများကို ဖွင့်လှစ်၍ ဖတ်ရှုလိုက်၏။

"မဟာတာအိုလမ်းစဉ်ဆိုတာ ပုံသဏ္ဌာန်မရှိဘဲ ကောင်းကင်နဲ့ မြေကြီးကို မွေးဖွားသန့်စင်ပေးတယ်။ မဟာတာအိုလမ်းစဉ်မှာ လောကီခံစားချက်တွေ မရှိပေမဲ့ နေနဲ့ လကို စကြဝဠာထဲမှာ အစဉ်အမြဲ ရွေ့လျားစေခဲ့တယ်...

မဟာတာအိုလမ်းစဉ်မှာ အမည်နာမရယ်လို့ မရှိဘဲ ခပ်သိမ်းသော သက်ရှိသက်မဲ့ အရာအားလုံးကို ပြုစုပျိုးထောင်ပေးထားတာ။ ငါလည်း... သူ့ရဲ့ တကယ့်နာမည်အစစ်ကို မသိတာကြောင့်... ဒါကို တာအိုလမ်းစဉ်လို့ပဲ ခေါ်ဆိုလိုက်ရတာ။

ဒါပေမဲ့လည်း တာအိုလမ်းစဉ်တွေက ကွဲပြားအမျိုးမျိုး ရှိနေကြပြီး လူသားတွေရဲ့ စွမ်းအားကတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဆွေးမြည့်ခြင်း ငါးပါးအောက်မှာ ကန့်သတ်ချုပ်ချယ်

ခံထားရတာကြောင့် ထာဝရအထိ အသည်းအသန် ရှာဖွေနေပါစေဦးတော့ ဘယ်တော့မှ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်ပဲ လောကမှာရှိတဲ့ တာအိုလမ်းစဉ်အားလုံးကို တစ်ခုတည်းအဖြစ် အရည်ဖျော်ပစ်ဖို့အတွက် ငါကိုယ်တိုင် ဖိုကမ္ဘာကြီးတစ်ခုကို သီးသန့်ကျင့်ကြံပြီး တည်ဆောက်ရလိမ့်မယ်"

အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ချန်ကျီရှင်းသည် မဟာတာအိုလမ်းစဉ် ဖိုကျမ်းစာ၏ အနှစ်သာရများထဲသို့ တဖြည်းဖြည်း နက်ရှိုင်းစွာ စီးမျောဝင်ရောက်သွားတော့သည်။

"ဒီကျမ်းစာရဲ့ ဆိုလိုရင်းကတော့ တကယ့်ကို ရိုးရှင်းတယ်။ အဲဒါကတော့... ကိုယ့်ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ မဟာတာအိုလမ်းစဉ် ဖိုကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ပဲ။ အဲဒီ မဟာတာအိုလမ်းစဉ် ဖိုကမ္ဘာကို အောင်မြင်စွာ တည်ဆောက်ပြီးတာနဲ့ ကိုယ်ကျင့်ကြံအားထုတ်ထားတဲ့ တာအိုလမ်းစဉ်မျိုးစေ့တွေကို ဖိုကမ္ဘာထဲကို ထည့်သွင်းပြီး သန့်စင်ပြီးအရည်ဖျော်ရမှာ။ တာအိုလမ်းစဉ်မျိုးစေ့တွေ အားလုံး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတဲ့အခါ... အဲဒီဖိုကမ္ဘာရဲ့ အရှင်သခင်အတွက်ပဲ သီးသန့်ဖြစ်တည်မယ့် တာအိုလမ်းစဉ်အသစ်တစ်ခုကို ရရှိလာလိမ့်မယ်။

ဒါဟာ... ဒီလောကကြီးထဲမှာ အမှန်တကယ်ပဲ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အနှိုင်းမဲ့ တာအိုလမ်းစဉ်ဖြစ်လာမှာ သေချာတယ်"

"ငါ့ရဲ့ တာအိုလမ်းစဉ် ကိုးခုကလည်း တစ်ခုနဲ့တစ်ခု ရောနှောဖို့အတွက် တော်တော်လေးကို ခက်ခဲလိမ့်မယ်။ ရုပ်ခန္ဓာနဲ့ ဝိညာဉ်ရေးရာ မဟာတာအိုလမ်းစဉ်တွေ ရှိနေရုံတင်မကဘဲ ရေခဲ၊ မီး၊ မိုးကြိုးနဲ့ လျှပ်စီးလိုမျိုး တစ်ခုနဲ့တစ်ခု လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လမ်းစဉ်တွေလည်း ပါဝင်နေတာပဲ။

ဒါပေမဲ့ အကယ်၍သာ ဒီတာအိုလမ်းစဉ် ကိုးခုစလုံးက အဲဒီဖိုကမ္ဘာထဲမှာ တစ်ခုတည်းအဖြစ် တကယ်ပဲ ပေါင်းစည်းသွားခဲ့မယ်ဆိုရင် ငါ့ဆီကနေ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရာမျိုး မွေးဖွားလာလောက်မလဲ"

ချန်ကျီရှင်းသည် စိတ်လှုပ်ရှားထိတ်လန့်မိသော်လည်း တစ်ပြိုင်နက်တည်းမှာပင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေခဲ့သည်။

နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် အသက်ကို ဝဝရှူလိုက်ပြီး မဟာတာအိုလမ်းစဉ် ဖိုကျမ်းစာ၏ ကျင့်စဉ်များအတိုင်း တိတ်တဆိတ် စတင်ကျင့်ကြံတော့သည်။

ကျင့်ကြံခြင်းက အချိန်ကို ဝါးမြိုသွားခဲ့ကာ မည်မျှအထိ အချိန်ကုန်ဆုံးသွားခဲ့သည်ကို မသိရချေ။

ချန်ကျီရှင်းသည် သူ၏ ဒန်တျန်နတ်ဘုရားပင်လယ်အတွင်း၌ မီးလုံးငယ်လေးတစ်ခု ပေါ်ထွက်လာသကဲ့သို့ တဖြည်းဖြည်း ခံစားလာရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဝိညာဉ်သည် နွေးထွေးလှသော သမုဒ္ဒရာကြီးတစ်ခုအတွင်း၌ ရေချိုးနေရသကဲ့သို့ အလွန်အမင်း သက်တောင့်သက်သာ ရှိသည်။

"မဟာတာအိုလမ်းစဉ် ဖိုကမ္ဘာရဲ့ ကနဦးပုံစံ ပေါ်လာတော့မှာလား"

ချန်ကျီရှင်းသည် စိတ်ကို အလျင်အမြန် စုစည်းကာ အတွင်းစိတ်ဖြင့် လှမ်းမျှော်ကြည့်လိုက်

သည်။ သူ၏ ဒန်တျန်နတ်ဘုရားပင်လယ်အတွင်း၌ မြင်တွေ့လိုက်ရသည်မှာ ရှေးဟောင်း ရွှေရောင်အလင်းတန်းများသည် အဆက်မပြတ် ရစ်ပတ်လိမ်ယှက်နေကြပြီး တဖြည်းဖြည်းနှင့် ခြေလေးချောင်း၊ နားရွက်နှစ်ဖက် ပါရှိသော လေးထောင့်ပုံစံ ရှေးဟောင်းခေါင်းလောင်းဖိုတစ်ခုအဖြစ် ပေါင်းစပ်၍ ပုံဖော်လာနေခြင်းပင်။

"ဒါက မဟာတာအိုလမ်းစဉ် ဖိုကမ္ဘာလား"

ချန်ကျီရှင်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ သူ၏ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သော နားလည်သဘောပေါက်မှု စွမ်းရည်အောက်တွင် ဤကျင့်စဉ်ကို ကျင့်ကြံရသည့် တိုးတက်မှုနှုန်းမှာ သူ မျှော်လင့်ထားသည်ထက်ပင် သာလွန်နေခဲ့သည်။

"နောက်တစ်ဆင့်ကတော့ မဟာတာအိုလမ်းစဉ် ဖိုကမ္ဘာကို အပြီးသတ် ပုံဖော်ဖို့ပဲ"

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ တောက်ပသွားသည်။ သူသည် တစ်ဟုန်ထိုးဖြင့် မဟာတာအိုလမ်းစဉ် ဖိုကမ္ဘာကို ပေါင်းစည်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ချန်ကျီရှင်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သူ၏နားရွက်များမှာ အသာအယာ လှုပ်ခတ်သွားခဲ့သည်။

ဝေးလံသော အရပ်၊ ပရမ်းပတာ မြူခိုးထုကြီး၏ အပြင်ဘက်ဆီမှနေ၍ အတောင်တစ်ရာခန့် မြင့်မားပြီး အရေပြားတစ်ခုလုံး ကတ္တရာစေးကဲ့သို့ နက်မှောင်နေကာ သွေးညှီနံ့နံပြီး ထက်မြက်သော သွားများဖြင့် ပြည့်နှက်နေသည့် ပါးစပ်ကြီးအတွင်းမှ ကြီးမားသော အစွယ်နှစ်ချောင်း ထွက်ပြဲနေသည့်အပြင် ကျောပြင်တွင်လည်း အနက်ရောင် အတောင်ပံအစုံ ပါရှိသော သတ္တဝါကြီးတစ်ကောင်သည် ကောင်းကင်ယံကို ဖြတ်သန်း၍ အသက်လု ထွက်ပြေးနေခဲ့သည်။

ထိုသတ္တဝါကြီးသည် သွေးများကို အဆက်မပြတ် အန်ထုတ်နေရပြီး ထွက်ပြေးရင်းနှင့် အားအင်များမှာ ပိုမိုကုန်ခမ်း နုနယ်လာခဲ့ပြီ ဖြစ်သည်။

ထိုသတ္တဝါကြီး၏ နောက်ကွယ်တွင်မူ ရွှေရောင်တိမ်တိုက် ပန်းထိုးမှုန်များ ပါရှိသည့် ဝတ်ရုံနက်ကျယ်ကြီးကို ဆင်မြန်းထားပြီး ရွှေရောင်မျက်နှာဖုံးကို စွပ်ထားသော ပုံရိပ်တစ်ခုက အနောက်မှနေ၍ ဖြည်းညှင်းစွာ လိုက်ပါလာ၏။

"အို... မင်းဆီမှာ အတောင်ပံနှစ်ဖက်ပါ ကျဆုံးနတ်မိစ္ဆာရဲ့ သွေးမျိုးဆက် ရှိနေသေးတာပဲလား"

ကြာပွတ်ကို ကိုင်ဆောင်ထားသည့် ဝတ်ရုံနက်ဝတ်ဆင်ထားသူက အနည်းငယ် အံ့အားသင့်သော လေသံဖြင့် ပြောဆို လိုက်သည်။

ဖြတ်

သူက လက်ထဲမှ ကြာပွတ်ကို အသာအယာ တစ်ချက်ရိုက်လိုက်ရုံမျှဖြင့် ထိုသတ္တဝါကြီး၏ ကျောပြင်မှာ အသားများ လန်ထွက်သွားရုံတင်မကဘဲ သူ၏ မဟာတာအိုလမ်းစဉ် အခြေခံအုတ်မြစ်ကိုပင် ထိခိုက်ဒဏ်ရာ ရရှိသွားစေသည်။

"တောက်... ခွေးမသား"

ကြီးမားသော အနက်ရောင် အတောင်ပံများ ပါရှိသည့် သတ္တဝါကြီးမှာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။

"ငါ မင်းနဲ့ အသေအလဲ တိုက်မယ်ကွာ"

ဝုန်း….

ထိုအခိုက်အတန့်တွင် အတောင်ပံနှစ်ဖက်ပါ ကျဆုံးနတ်မိစ္ဆာ၏ တတိယအဆင့်ကို ဖွင့်လှစ်လိုက်သော ဖန်းနိုင်သည် ရုတ်တရက် လှည့်ပြန်လာပြီး ဒေါသတကြီး ဟိန်းဟောက်လျက် ကြာပွတ်ကို ကိုင်ဆောင်ထားသူထံသို့ လက်သီးဖြင့် ထိုးနှက်တိုက်ခိုက်လိုက်တော့သည်။

ထိုအတိုင်း အနှိပ်စက်ခံပြီး တဖြည်းဖြည်း သေဆုံးသွားရမည့်အစား အသေအလဲ တိုက်ခိုက်ရင်း သေဆုံးသွားရခြင်းက ပို၍ မြတ်ပေလိမ့်မည်။ သေရမည်ဆိုလျှင်ပင် တိုက်ပွဲဝင်ရင်း သေဆုံးသွားမည်သာ။

"မိုက်ရူးရဲဆန်တဲ့ သတ္တိပဲ"

ကြာပွတ်ကို ကိုင်ဆောင်ထားသည့် ပုံရိပ်က အေးစက်စွာ ပြောဆိုလိုက်ပြီး လက်ထဲမှ ကြာပွတ်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ တစ်ဟုန်ထိုး ပြေးဝင်လာသော ဖန်းနိုင်မှာ ပြင်းထန်သော ရိုက်ချက်တစ်ခုကြောင့် နောက်သို့ လွင့်စင်သွားခဲ့ရပြန်သည်။

ဖန်းနိုင်၏ နက်မှောင်သော ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းပင် အသားများ ကွဲအက်သွားပြီး အရိုးပင် မြင်ရလုနီးပါး ဖြစ်သွားစေသည့် ကြာပွတ်ရာကြီး ထင်ကျန်ရစ်ခဲ့သည်။

"မတရားလိုက်တာ"

ဖန်းနိုင်သည် အသက်ကို ပြင်းပြင်းရှူရင်း ကြာပွတ်ကို ကိုင်ဆောင်ထားသူကို စိုက်ကြည့်နေမိသည်။

"လွန်လွန်းတယ်။ တကယ်ကို လွန်လွန်းတယ်။ အဲဒီစွမ်းအားက အရမ်း သန်မာလွန်းလို့ ငါတို့ရဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ကို လုံးဝ ကျော်လွန်နေပြီပဲ။ ငါ အမြဲတမ်း ကြွေးကြော်ပြီး ဂုဏ်ယူခဲ့ရတဲ့ ရုပ်ခန္ဓာအင်အားဆိုတာလည်း ဒီလူ့ရှေ့မှာတော့ လုံးဝအရာမဝင်တော့ဘဲ ခုခံဖို့ နေနေသာသာ လှုပ်တောင်မလှုပ်နိုင်တော့ဘူး။

မဟုတ်သေးဘူး... ငါတစ်ယောက်တည်း မဟုတ်ဘူး။

အရှေ့ဘက်လျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြီးမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ရှိတဲ့ ပါရမီရှင်

အားလုံးကို အပြတ်အသတ်နိုင်ခဲ့လို့ နာမည်ကြီးတဲ့ စီနီယာအစ်ကိုကြီး ခန်ရုံတောင်မှ အခုတော့ ငါ့လိုပဲ ကံကြမ္မာဆိုးကြီးနဲ့ တိုးနေပြီ မဟုတ်ဘူးလား။ စီနီယာကြီးတောင် အစွမ်းကုန် နှိမ်နင်းခံရပြီး အဲဒီရှေးဟောင်းအလံကြီးထဲကို စုပ်ယူခံလိုက်ရပြီ"

"မင်းဆီမှာ အခြားသွေးမျိုးဆက်တွေ ရှိသေးလား ငါ့ကို ထပ်ပြစမ်းပါ"

ကြာပွတ်ကို ကိုင်ဆောင်ထားသည့် ဝတ်ရုံနက်ဝတ်စင်သည် ခေတ္တရပ်တန့်လိုက်ပြီး လက်ညှိုးဖြင့် အရိပ်အယောင် ပြုလုပ်လိုက်၏။

"မင်းက ငါ့ကို မျက်လှည့်ပြတဲ့ မျောက်တစ်ကောင်လို့ ထင်နေတာလား"

ဖန်းနိုင်က ခံပြင်းစွာဖြင့် ပြန်လည် အော်ဟစ်လိုက်သည်။

ဒိုင်း…ဍ

တစ်ခဏချင်းမှာပင် သူသည် အတောင်ပံနှစ်ဖက်ပါ ကျဆုံးနတ်မိစ္ဆာ၏ တတိယအဆင့် စွမ်းအားအားလုံးကို အစွမ်းကုန် ပေါက်ကွဲစေလိုက်တော့သည်။ သူတစ်ပါး၏ ကစားစရာအဖြစ် အနှိပ်စက်ခံရပြီး သေဆုံးမည့်အစား... သူသည် အသက်နှင့်လဲ၍ နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

All Chapters