← Chapters

အခန်း (၈၅၁-၈၅၃)

Vol. 57 Ch. 851-853

အခန်း (၈၅၁-၈၅၃)

Vol. 57 Ch. 851-853

အခန်း ၈၅၁ - သွေးကြွေးကို သွေးဖြင့်ဆပ်ခြင်း

ယီယွင်၏ ဤစကားများက ရန်ယွီ၏ အကြောင်းပြချက် ပေါင်းစုံကို လုံးဝ ပိတ်ဆို့ ချေပလိုက်ခြင်း ဖြစ်သည်။

ဖီးနစ်ပင်ပြည်နယ်မှ တပည့်များသည် ဤစကားကို ကြားရသောအခါ မရယ်ဘဲ မနေနိုင်ကြတော့ချေ။ အစကတည်းက မကောင်းသော ရည်ရွယ်ချက်ဖြင့် ယီယွင်၏ တိုက်ခိုက်မှု နယ်ပယ်အတွင်းသို့ ရန်ယီငါး သွေးမျိုးဆက်ကို ရောက်ရှိလာအောင် ပြုလုပ်ခဲ့သည်မှာ ရန်ယွီကိုယ်တိုင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဤကဲ့သို့သော အခြေအနေမျိုး မည်သို့လျှင် ဖြစ်ပေါ်လာနိုင်ပါမည်နည်း။

သို့သော် လော့မျိုးနွယ်စု၏ စည်းမျဉ်းများ ရှိနေသဖြင့် ယီယွင်အနေဖြင့် ရန်ယွီကို တစ်စုံတစ်ရာ တိုက်ရိုက်လုပ်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။

ယီယွင်က အထက်စီးမှနေ၍ အကြောင်းပြချက် ကောင်းကောင်းများ ပေးနေသည်ကို မြင်ရသောအခါ ရန်ယွီသည် သွားများတင်းတင်းကို ကြိတ်ကာ မုန်းတီးစွာဖြင့် ပြောလိုက်သည်။

"အပိုတွေ ပြောမနေနဲ့တော့။ မင်း ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းတာကို ငါ ဂရုမစိုက်ဘူး။ ငါ့ရဲ့ ရန်ယီငါး သွေးမျိုးဆက်ကို အခုချက်ချင်း လွှတ်ပေးစမ်း ငါက ရွှီရွှေ ရန်မျိုးနွယ်စု ရဲ့ တိုက်ရိုက် သွေးမျိုးဆက်ပဲ။ အကယ်၍ ငါ့ရဲ့ သွေးမျိုးဆက်သာ တစ်ခုခု ဖြစ်သွားရင် မင်း သေပြီလို့သာ မှတ်လိုက်တော့"

ယီယွင်က အထင်သေးစွာဖြင့် ရယ်မောလိုက်သည်။ "မင်းက ဒီလို အမှိုက် သွေးမျိုးဆက်ကိုမှ ရတနာတစ်ခုလို သတ်မှတ်နေတာလား ငါက မင်းရဲ့ အဲဒီ အမှိုက်ငါးကို လွှတ်ပေးဖို့အတွက် ငါ့ရဲ့ နယ်ပယ်ကို အစောကြီး ရုပ်သိမ်းပေးလိမ့်မယ်လို့ မင်း ထင်နေတာလား။

ငါ့ရဲ့ နယ်ပယ်ကို ရုပ်သိမ်းလိုက်တာနဲ့ ကြားခံဝိညာဉ် သွေးမြွေက အခွင့်ကောင်းယူပြီး ထွက်ပြေးသွားမှာပေါ့ ငါ့ကြောင့် တစ်ခါ လန့်သွားပြီးပြီဆိုတော့ အဲဒီကောင်က လေနက်ချိုင့်ဝှမ်းရဲ့ ပိုပြီး နက်ရှိုင်းတဲ့နေရာတွေကို ထွက်ပြေးသွားနိုင်တယ်။ အဲဒီ ဆုံးရှုံးမှုကို မင်းက တာဝန်ယူပေးနိုင်မှာမလို့လား"

ယီယွင်သည် စကားပြောနေစဉ်မှာပင် သူ၏ နယ်ပယ်ကို ရုပ်သိမ်းခြင်း မပြုသည့်အပြင် သူ၏ သွေးမျိုးဆက် ခွန်အားကိုပါ ပိုမို အားကောင်းအောင် လုပ်ဆောင်လိုက်သည်။ အသက်သွေးခွန်အား ဝဲကရက်ကြီး ပိုမို ကြီးမားလာသည်နှင့်အမျှ ရန်ယီငါးမှာလည်း အတွင်းသို့ ပိုမို ဆွဲငင်ခြင်း ခံနေရတော့သည်။

၎င်းမှာ မည်သို့မျှ ရုန်းမထွက်နိုင်တော့သဖြင့် စတင်၍ အော်ဟစ် ညည်းတွားနေခဲ့ရပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ရန်ယွီသည် အလွန်ပင် ပူပန် သောကရောက်လာခဲ့သည်။

သို့သော် သူ မည်မျှပင် ပူပန်နေပါစေဦးတော့ အရာအားလုံးမှာ အလကားပင် ဖြစ်သည်။ လက်ရှိ အခြေအနေအရ ကန်းမန်သည် ဝင်ရောက် စွက်ဖက်လိမ့်မည် မဟုတ်ချေ။ ယီယွင်က ရန်ယွီကို တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုသရွေ့ သူကတော့ လျစ်လျူရှုထားမည်သာ ဖြစ်သည်။

ထို့အပြင် ယီယွင် ပြောသွားသောအရာမှာလည်း မှန်ကန်လှသည်။ ကြားခံဝိညာဉ် သွေးမြွေမှာ လန့်သွားခဲ့ပြီ ဖြစ်ရာ လေနက်ချိုင့်ဝှမ်း၏ အောက်ခြေသို့ ထွက်ပြေးသွားနိုင်ခြေ အလွန်များသည်။ ဆုံးရှုံးမှုအတွက်ဆိုလျှင်ကော။ ရန်ယီငါး သွေးမျိုးဆက်ကို လွှတ်ပေးရန်မှာ လွယ်ကူလှသော်လည်း ထိုဆုံးရှုံးမှုအတွက် ရန်ယွီက ယီယွင်ကို မည်သို့ ပြန်လည် ပေးလျော်နိုင်ပါမည်နည်း။

မည်သူပင် ဖြစ်ပါစေဦးတော့... မည်သူကမျှ အသက်သွေးခွန်အား ဝဲကရက်ကြီးကို တားဆီးရန် တောင်းဆိုလိမ့်မည် မဟုတ်ပေ။ ယီယွင်၏ လုပ်ရပ်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လွန်းလှသည်။

ရန်ယွီသည်လည်း ဤအမှန်တရားကို နားလည်ထားသဖြင့် အံကြိတ်ကာ တောင့်ခံထားရုံမှတစ်ပါး အခြားမရှိတော့ချေ။ ယီယွင်သည် သူ့ကို ဒုက္ခပေးရန် ကြိုးစားနေခြင်း ဖြစ်သည်ဆိုသော်လည်း သူ၏ သွေးမျိုးဆက်ကို အမှန်တကယ် ဝါးမြိုပစ်ဝံ့လိမ့်မည် မဟုတ်ကြောင်းကိုလည်း သူ သိထားသည်။

သူ၏ သွေးမျိုးဆက်ကို ပိတ်မိအောင် လုပ်ထားခြင်းမှာ လော့မျိုးနွယ်စု၏ စည်းမျဉ်းများကို ချိုးဖောက်ရာ မရောက်ပေ။ သို့သော် အကယ်၍ ယီယွင်က ၎င်းကို တိုက်ရိုက် ဝါးမြိုပစ်မည်ဆိုပါက ကန်းမန်သည် သေချာပေါက် ငြိမ်ခံနေလိမ့်မည် မဟုတ်ဘဲ ဝင်ရောက် တားဆီးပေလိမ့်မည်။

သူသည် မိမိ၏ ရှေ့မှောက်ရှိ လက်ရှိအခြေအနေကို လက်ခံလိုက်ရသည်ဆိုသော်လည်း ဒါက ရန်ယွီအနေဖြင့် ယီယွင်ကို ခွင့်လွှတ်နိုင်သည်ဟု မဆိုလိုပေ။ သူက မုန်းတီးစွာဖြင့် ပြောလိုက်သည်။

"ယီယွင်... မင်း ငါ့ကို လက်စားချေဖို့ ကြိုးစားနေတာ ငါ သိတယ်။ ရတနာတွေဆိုတာ အစွမ်းအစ ရှိတဲ့လူတွေပဲ ရထိုက်တာ သဘာဝပဲ။ လေနက်ချိုင့်ဝှမ်း စမ်းသပ်မှုဆိုတာ မျှတတဲ့ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်ရမှာပဲ။ အဲဒီတော့ မင်းရဲ့ ကြားခံဝိညာဉ် သွေးမြွေကို ငါက လုယူဖို့ ကြိုးစားတာ ဘာမှားလို့လဲ။ ဒါတင်မကသေးဘူး... ငါ လုပ်ခဲ့သမျှ အရာအားလုံးက စည်းမျဉ်းတွေရဲ့ ဘောင်အတွင်းမှာပဲ ရှိတာဖြစ်လို့ မင်း ငါ့ကို အပြစ်ရှာလို့ မရဘူး"

"အခု မင်းအတွက် ငါ့ကို တိုက်ရိုက် လက်စားချေဖို့ အခွင့်အရေး မရှိဘူးလေ၊ အဲဒီတော့ မင်းက ငါ့ရဲ့ သွေးမျိုးဆက်ကို ပိတ်ဆီးထားတာကလွဲလို့ ဘာလုပ်နိုင်ဦးမှာလဲ။ မင်း အဲဒါကို ဝါးမြိုဝံ့လို့လား အကယ်၍ မင်းသာ ငါ့ရဲ့ ရန်ယီငါး သွေးမျိုးဆက်ကို နည်းနည်းလေးပဲဖြစ်ဖြစ် ဝါးမြိုဝံ့မယ်ဆိုရင် ငါတို့ ရွှီရွှေ ရန်မျိုးနွယ်စုက မင်းကို ဖမ်းဆီးပြီး မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်လိမ့်မယ်။

ပြီးရင် မင်းရဲ့ ရှေးဟောင်းဖေး သွေးမျိုးဆက်ကို ငါ့အတွက် လျော်ကြေးအဖြစ် ပြန်ထုတ်ယူလိမ့်မယ်ဆိုတာ မင်း ယုံလိုက်စမ်းပါ"

ရန်ယွီသည် စကားပြောရင်းနှင့် ပိုမို စိတ်ကျေနပ်မှုကို ခံစားလာရသည်။ သူ၏ ရင်ထဲ၌ ရှိနေသော ဒေါသများ အားလုံးကို ဖွင့်ထုတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။ ဟုတ်သည်... သူသည် အဖက်ဖက်တွင် ယီယွင်ကို မယှဉ်နိုင်ခဲ့သည်ဆိုသော်လည်း သူ့တွင် သူ၏ မိသားစု နောက်ခံအင်အား ရှိနေသေးသည် မဟုတ်ပါလား။

ယီယွင်ကို ခြိမ်းခြောက်ရန်အတွက် ရွှီရွှေ ရန်မျိုးနွယ်စုကို အသုံးချခြင်းမှာ အစွမ်းထက်သော အုပ်စုကြီးတစ်ခု၏ အကာအကွယ်ကို ရရှိထားခြင်း၏ အားသာချက် ဖြစ်သည်။ အင်အားကြီး မိသားစုကြီးများသည် ကျိုးကြောင်းဆီလျော်မှုကို အခြေခံ၍ အလုပ်လုပ်ကြသည်။ အကယ်၍ ယီယွင်က စည်းမျဉ်းများကို မချိုးဖောက်ပါက ရွှီရွှေ ရန်မျိုးနွယ်စုအနေဖြင့်လည်း ယီယွင်ကို တစ်စုံတစ်ရာ လုပ်ရန်အတွက် တရားဝင် အကြောင်းပြချက် ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် အကယ်၍ ယီယွင်က စည်းမျဉ်းများကို ချိုးဖောက်လိုက်သည်နှင့် သူတို့သည် ဤကိစ္စကို ဒီအတိုင်း လွှတ်ထားကြမည် မဟုတ်ချေ။ ထိုသို့မဟုတ်ပါက ရွှီရွှေ ရန်မျိုးနွယ်စု၏ ဂုဏ်သိက္ခာမှာ ဘယ်မှာ ရှိတော့ပါမည်နည်း။

ယီယွင်ကမူ ရန်ယွီ၏ ခြိမ်းခြောက်မှုများကို လှောင်ပြုံး ပြုံးလိုက်ရုံသာ ပြုလုပ်ခဲ့သည်။ သူသည် သူ၏ အသက်သွေးခွန်အားကိုသာ ဆက်လက် လည်ပတ်စေလိုက်ပြီး ကြားခံဝိညာဉ် သွေးမြွေကို ပိတ်ဆီးထားသော ဝါးမြိုခြင်း စွမ်းအားကို ပိုမို တိုးမြှင့်လိုက်တော့သည်။

ကြားခံဝိညာဉ် သွေးမြွေမှာမူ နားကွဲလုမတတ် အော်ဟစ်သံများ ထွက်ပေါ်နေခဲ့သည်။ ထိုသွေးမြွေငယ်လေးသည် အကယ်၍ ၎င်းသာ ဝဲကရက်အတွင်းသို့ လုံးဝ ဆွဲငင်ခြင်း ခံလိုက်ရပါက သေဆုံးသွားရမည် ဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် ၎င်းသည် အသည်းအသန် ရုန်းကန်နေခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ နီရဲသော အရောင်များမှာ လွင့်ထွက်တော့မည့်အတိုင်း ဖြစ်နေခဲ့ကာ ၎င်းမှာ လုံးဝ ရူးသွပ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ၎င်း မည်မျှပင် ရူးသွပ်စွာ ရုန်းကန်နေပါစေဦးတော့ ၎င်းမှာ ဝါးမြိုခြင်း ဝဲကရက်ကြီးမှ မလွတ်မြောက်နိုင်ခဲ့ချေ။ ထို့ပြင် ၎င်း၏ အသက်သွေးခွန်အား အနှစ်သာရများသည်လည်း စဉ်ဆက်မပြတ် ဆွဲထုတ်ခြင်း ခံနေရတော့သည်။

ကြားခံဝိညာဉ် သွေးမြွေ သာမက... အသက်သွေးခွန်အား ဝဲကရက်ကြီး၏ ပိတ်ဆီးခြင်းကို ခံထားရသော အခြားသော ဝိညာဉ်နက် ပုံရိပ် ရှစ်ခုလည်း ရှိနေသေးသည်။

ထိုဝိညာဉ်နက် ပုံရိပ်များ၏ အသက်သွေးခွန်အားများမှာလည်း ဆွဲထုတ်ခြင်း ခံလိုက်ရသဖြင့် သူတို့သည် တဖြည်းဖြည်းနှင့် အားနည်းလာခဲ့ကြရသည်။

သူတို့သည် ရူးသွပ်စွာ ဟိန်းဟောက်နေကြသော်လည်း သူတို့ ကိုယ်တိုင် အားနည်းလာခဲ့ကြပြီ ဖြစ်ရာ အသက်သွေးခွန်အား ဝဲကရက်ကြီး၏ ဆွဲငင်မှုမှ မည်သို့လျှင် လွတ်မြောက်နိုင်ပါဦးမည်နည်း။

ယီယွင်သည် ကြားခံဝိညာဉ် သွေးမြွေနှင့် ဝိညာဉ်နက် ပုံရိပ်များကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် အကြံတစ်ခု ရရှိသွားခဲ့သည်။

သူသည် ဆဋ္ဌမအဆင့်တွင် ရပ်နေခဲ့ပြီဖြစ်သော ရန်ယွီကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးများထဲတွင် အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့တော့သည်။

ရန်ယွီသည် ယီယွင်၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားမိလိုက်သောအခါ အထင်သေးသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ယီယွင်ကို ရန်စလိုသော မျက်နှာထားတစ်ခု ပြုလုပ်လိုက်သည်။

"အခုပဲ ရပ်လိုက်တာ ကောင်းလိမ့်မယ်။ ငါ့ရဲ့ သွေးမျိုးဆက်ကို ပိတ်ဆီးထားရုံနဲ့ ဘာထူးမှာလဲ။ ငါ့ကို တိုက်ရိုက် မထိခိုက်စေနိုင်တဲ့ ဒီလို လက်စားချေမှုမျိုးက မင်းရဲ့ အစွမ်းအစ မရှိတာကိုပဲ ပြရာရောက်လိမ့်မယ်။ မင်းက လမ်းမပေါ်မှာ ရမ်းသန်း ဆဲဆိုနေတဲ့ မိန်းမကြီးတစ်ယောက်လိုပဲ အခြားလူတွေရဲ့ လှောင်ပြောင်မှုကိုပဲ ခံရလိမ့်မယ်"

ရန်ယွီက ယီယွင်ကို လှောင်ပြောင်လိုက်သော်လည်း ရုတ်တရက်ပင် ယီယွင်၏ စွမ်းအင် အသံလှိုင်း ပေးပို့မှုမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ကြားခံဝိညာဉ် သွေးမြွေက အတော်လေး အားအင်ကုန်ခမ်းနေပုံပဲ။ ငါ့အထင်တော့ သူ ဗိုက်ဆာနေပြီထင်တယ်။ မင်းရော ဘယ်လိုထင်လဲ"

အို.......

ရန်ယွီသည် အလွန်ပင် လန့်ဖျတ်သွားခဲ့ရပြီး ယီယွင်သည် သူ၏ ဝါးမြိုခြင်း စွမ်းအားများကို အသုံးပြုကာ ကြားခံဝိညာဉ် သွေးမြွေနှင့် ဝိညာဉ်နက် ပုံရိပ်များကို တစ်နေရာတည်းတွင် စုစည်းနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

ထို့ပြင် သူ၏ ရန်ယီငါး သွေးမျိုးဆက်မှာလည်း ဝဲကရက်၏ အနီးရှိ ထိုကြားခံဝိညာဉ် သွေးမြွေနှင့် ဝိညာဉ်နက် ပုံရိပ်များရှိရာဆီသို့ တဖြည်းဖြည်း နီးကပ်သွားခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရန်ယွီမှာ ချွေးစေးများပင် ပြန်လာခဲ့တော့သည်။ သူသည် ယီယွင်၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင်တော့ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ယီယွင်သည် သူ၏ ရန်ယီငါး သွေးမျိုးဆက်ကို ကြားခံဝိညာဉ် သွေးမြွေ၊ ဝိညာဉ်နက် ပုံရိပ်များနှင့် တစ်နေရာတည်းတွင် အတူတူ ထားရန် ကြံစည်နေခြင်း ဖြစ်သည်။

အကယ်၍ ရန်ယီငါး သွေးမျိုးဆက်သာ အကိုက်အခဲခံရပြီး တစ်စစီ အဖျက်ဆီးခံလိုက်ရမည်ဆိုပါက ထိုအရာမှာ ယီယွင်နှင့် မည်သို့မျှ သက်ဆိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယီယွင်ကိုယ်တိုင်က တိုက်ရိုက် ဖျက်ဆီးခြင်း မဟုတ်သဖြင့် ဒါက လော့မျိုးနွယ်စု၏ စည်းမျဉ်းများကို ချိုးဖောက်ရာ မရောက်သောကြောင့် ဖြစ်သည်။

ပြန်လည် ပြင်ဆင်၍မရတော့သော အခြေအနေတစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားတော့မည်ကို မြင်တွေ့လိုက်ရသောအခါ ရန်ယွီသည် အခြားအရာများကိုပင် မစဉ်းစားနိုင်တော့ဘဲ ယီယွင်ထံသို့ စွမ်းအင်အသံလှိုင်း ပေးပို့မှုကို တိုက်ရိုက် ပေးပို့လိုက်တော့သည်။

"နေဦး"

သို့သော် သူ၏ အသံလှိုင်း ပေးပို့မှု ထွက်ပေါ်သွားခဲ့သည့် အခိုက်အတန့်မှာပင် သူ၏ ရန်ယီငါး သွေးမျိုးဆက်မှာ ကြားခံဝိညာဉ် သွေးမြွေနှင့် ဝိညာဉ်နက် ပုံရိပ် ရှစ်ခုတို့၏ ကြားထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ကြားခံဝိညာဉ် သွေးမြွေ ဖြစ်စေ၊ ဝိညာဉ်နက် ပုံရိပ် ရှစ်ခု ဖြစ်စေ သူတို့အားလုံးမှာ ချက်ချင်းပင် ရူးသွပ်လှသော အခြေအနေသို့ ရောက်ရှိသွားကြတော့သည်။

ပိတ်မိနေသော သားရဲများ၏ တိုက်ပွဲဆိုသည်မှာ အပြင်းထန်ဆုံး ဖြစ်တတ်သည်။ သူတို့သည် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ တိုက်ခိုက်တတ်ကြသည်။

ထို့ပြင် ယီယွင်က သူတို့၏ အသက်သွေးခွန်အားများကို တမင်တကာ ဆွဲထုတ်ထားခဲ့ခြင်း ဖြစ်သဖြင့် သူတို့တွင် အသက်သွေးခွန်အား ဝဲကရက်ကြီးမှ ထွက်ပြေးရန် အင်အား မရှိကြတော့ချေ။

ဤအခိုက်အတန့်တွင် သူတို့၏ ရှေ့မှောက်၌ လတ်ဆတ်လှသော ရန်ယီငါး ရှုထောင့်ပုံရိပ် ပေါ်လာခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် သူတို့၏ အားအင်များကို ပြန်လည် ဖြည့်တင်းပေးနိုင်မည့် ဤလတ်ဆတ်သော အစာကို မည်သို့လျှင် လက်လွှတ်ခံပါမည်နည်း။

ကြားခံဝိညာဉ် သွေးမြွေ၏ တုံ့ပြန်မှုမှာ အမြန်ဆုံး ဖြစ်သည်။ ၎င်းမှာ အရင်ဆုံး ရှေ့သို့ တိုးဝင်သွားခဲ့ပြီး ၎င်း၏ အားကောင်းလှသော ထိုးဖောက်မှု စွမ်းအားဖြင့် ရန်ယီငါး၏ ပါးစပ်ကို တိုက်ရိုက် ထိုးဖောက် ဖြတ်သန်းသွားခဲ့တော့သည်။

"အားးးးး"

ရန်ယီငါးမှာ အော်ဟစ် ညည်းတွားရင်း ပြင်းထန်စွာ ရုန်းကန်နေခဲ့သော်လည်း ဝါးမြိုခြင်း စွမ်းအား၏ ချည်နှောင်မှုမှ မည်သို့လျှင် လွတ်မြောက်နိုင်ပါမည်နည်း။

ကြားခံဝိညာဉ် သွေးမြွေ၏ ပထမဆုံး လှုပ်ရှားမှုအပြီးတွင် အဋ္ဌမအဆင့်မှ ရောက်ရှိလာကြသော ဝိညာဉ်နက် ပုံရိပ်များသည်လည်း ရှေ့သို့ တိုးဝင်လာကြပြီး ရန်ယီငါး၏ ခန္ဓာကိုယ်ကို ဝိုင်းဝန်း ကိုက်ခဲကြတော့သည်။

ဝိညာဉ်နက် ပုံရိပ်တစ်ခုစီသည် ရန်ယီငါး၏ ခြေထောက် ခြောက်ချောင်းကို ဖက်တွယ်ထားကြပြီး ၎င်း၏ ခေါင်းနှင့် အမြီးပိုင်းကိုမူ အခြားသော ဝိညာဉ်နက် ပုံရိပ်များက ရူးသွပ်စွာ ကိုက်ခဲနေကြခြင်း ဖြစ်သည်။

"မလုပ်နဲ့"

ရန်ယွီသည် မျက်လုံးများ သွေးနီရောင် ပြောင်းလဲသွားရင်း အော်ဟစ်လိုက်တော့သည်။

ရန်ယီငါး သွေးမျိုးဆက်မှာ သူ၏ အသက်သွေးခွန်အားနှင့် တိုက်ရိုက် ချိတ်ဆက်ထားခြင်း ဖြစ်သဖြင့် ပြင်းထန်လှသော နာကျင်မှုတစ်ခုမှာ သူ့ထံသို့ ရောက်ရှိလာခဲ့ပြီး သူသည် သတိပင် လစ်မတတ် ဖြစ်သွားခဲ့ရသည်။

နာကျင်လိုက်တာ။

တကယ်ကို နာကျင်လွန်းလှသည်။

သူ၏ ဝိညာဉ်တစ်ခုလုံး တစ်စစီ ဆွဲဖြတ်ခံနေရပြီး သူ၏ ရိုးတွင်းခြင်ဆီများမှာ အတင်းအကျပ် ဆွဲထုတ်ခြင်း ခံနေရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

"ယီယွင် မင်း ဘယ်လိုတောင် ဝံ့ရဲရတာလဲ"

ရန်ယွီ၏ ခန္ဓာကိုယ်မှာ တုန်ရီနေခဲ့ပြီး သွေးစက်များမှာ သူ၏ အရေပြား ချွေးပေါက်များမှတစ်ဆင့် စိမ့်ထွက်လာခဲ့သည်။ သူသည် သတ္တမအဆင့်သို့ ပြန်လည် တိုးဝင်ပြီး ယီယွင်နှင့် အသေအလဲ တိုက်ခိုက်လိုသည့်အတိုင်း ရူးသွပ်စွာ ရုန်းကန်နေခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် ဤမျှအထိ ပြင်းထန်လှသော နာကျင်မှုများကို ခံစားနေရပြီး သူ အလွန်ပင် မှီခိုခဲ့ရသော ရန်ယီငါး သွေးမျိုးဆက်မှာလည်း ဝါးမြိုခြင်း စွမ်းအား၏ ပိတ်ဆီးခြင်းကို ခံထားရကာ ဝိညာဉ်နက် ပုံရိပ်များ၊ ကြားခံဝိညာဉ် သွေးမြွေတို့၏ ကိုက်ခဲခြင်းကို ခံနေရပြီ ဖြစ်ရာ သူသည် သတ္တမအဆင့်သို့ မည်သို့လျှင် ပြန်လည် တိုးဝင်နိုင်ပါဦးမည်နည်း။

ထိုသို့လုပ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် အတူတူပင် ဖြစ်သည်။

သူသည် မိမိ၏ ရန်ယီငါး သွေးမျိုးဆက် တဖြည်းဖြည်းနှင့် အကိုက်အခဲ ခံနေရသည်ကို မတတ်နိုင်ဘဲ ဒီအတိုင်း ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဤမြင်ကွင်းကို မြင်ရသောအခါ စတုတ္ထနှင့် ပဉ္စမအဆင့်များတွင် ရှိနေကြသော လော့မျိုးနွယ်စု တပည့်အားလုံးမှာ ဆွံ့အမှင်တက်သွားကြရသည်။

ရက်စက်လိုက်တာ... တကယ်ကို ရက်စက်လွန်းလှသည်။

ယီယွင်သည် ဒါကို တမင်သက်သက် လုပ်ဆောင်နေခြင်း ဖြစ်သည်မှာ သေချာလှသည်။

ရန်ယီငါးကို ဝါးမြိုရန်အတွက် ကြားခံဝိညာဉ် သွေးမြွေနှင့် ဝိညာဉ်နက် ပုံရိပ်များကို အသုံးပြုခြင်းမှာ ယခင်က ရန်ယွီသည် ယီယွင်၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ဝါးမြိုရန်အတွက် ဝိညာဉ်နက် ပုံရိပ်များကို ဆွဲခေါ်လာခဲ့ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဒါက ဘေးအန္တရာယ်ကို လွှဲပြောင်းပြီး အခြားလူ၏ လက်ဖြင့် သတ်ဖြတ်ခြင်း ဖြစ်သည်။

စည်းမျဉ်းများ၏ ဘောင်အတွင်းမှနေ၍ လက်စားချေခြင်း ဖြစ်ပြီး ရန်ယွီ လုပ်ခဲ့သည့် နည်းလမ်းအတိုင်းပင် ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ခရတ်......

ခရတ်.......

ဤအခိုက်အတန့်တွင် အရိုးများ တစ်စစီ ကျိုးကြေသွားသော အသံများ ထွက်ပေါ်လာခဲ့သည်။ ရန်ယီငါး၏ ခြေလက် ခြောက်ချောင်းလုံးမှာ ဝိညာဉ်နက် ပုံရိပ်များ၏ ဆွဲဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ရန်ယွီသည် မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်သွားရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။ သူ၏ မျက်လုံးများမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ အမြဲတမ်း ဂုဏ်ယူခဲ့ရသော ကောင်းကင်ဘုံဖေး သွေးမျိုးဆက်၏ အမှတ်အသားဖြစ်သော သူ၏ အသက်သွေးခွန်အားမှာ အခုတော့ လုံးဝ ပျက်စီးခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့အား အကောင်းဆုံးသော ရတနာများ ပေးအပ်ပြီး နှစ်ပေါင်းများစွာ ပြန်လည် ကုသပေးလျှင်ပင် သူ ဆုံးရှုံးသွားခဲ့သော အသက်သွေးခွန်အား၏ သေးငယ်သော အစိတ်အပိုင်းကိုသာ ပြန်လည် ရရှိနိုင်ပေလိမ့်မည်။

ထို့ပြင် ရွှီရွှေ ရန်မျိုးနွယ်စုတွင် ထိုကဲ့သို့သော ရတနာများ ရှိနေသည်ဆိုသော်လည်း သူတို့သည် ထိုအရာကို ရန်ယွီ၏အပေါ်တွင် အသုံးပြုကြလိမ့်မည် မဟုတ်ချေ။ ရန်ယွီသည် သူ့တွင် ရွှီရွှေ ရန်မျိုးနွယ်စု၏ နောက်ခံ ရှိနေသည်ဟု အမြဲတမ်း ပြောဆိုနေခဲ့သော်လည်း ထိုမိသားစုမှာ သူတစ်ယောက်တည်း ပိုင်ဆိုင်သောအရာ မဟုတ်ပေ။

သူသည် ရွှီရွှေ ရန်မျိုးနွယ်စု၏ မြောက်မြားစွာသော မျိုးဆက်သစ်များထဲမှ တစ်ယောက်မျှသာ ဖြစ်သည်။ ဒါတင်မကသေးဘဲ သူသည် အတော်ဆုံးလူလည်း မဟုတ်ခဲ့ချေ။

အင်အားကြီး မိသားစုကြီးတစ်ခု၏ အရိုးစွဲနေသော စည်းမျဉ်းများအရ သူတို့အနေဖြင့် သွေးမျိုးဆက် ဖျက်ဆီးခြင်း ခံလိုက်ရပြီး အစကတည်းက အတော်ဆုံး မဟုတ်ခဲ့သော မျိုးဆက်သစ် တစ်ယောက်အတွက် ဤကဲ့သို့သော ရတနာများကို မည်သို့လျှင် ဖြုန်းတီးပစ်ပါမည်နည်း။

"အရှင်ကန်းမန် ကျွန်တော့်ကို ကယ်ပါဦး"

ရန်ယွီသည် မြေပြင်ပေါ်တွင် ဝပ်စင်းနေခဲ့ပြီး ကောင်းကင်ယံထက်တွင် ရှိနေသော ကန်းမန်ထံသို့ သူ၏ လက်ကို အသည်းအသန် ဆန့်တန်းလိုက်သည်။ သွေးစက်များမှာ သူ၏ အရေပြား ချွေးပေါက်တိုင်းမှ ထွက်ပေါ်နေခဲ့သည်။

သူသည် အဆိပ်ခတ်ခံထားရသော သေလုမြောပါး ခွေးအိုကြီးတစ်ကောင်ထက်ပင် ပိုမို ဆိုးရွားသော ပုံစံ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကန်းမန်သည် အနည်းငယ်မျှ စဉ်းစားလိုက်မိသည်။ လော့မျိုးနွယ်စု၏ စမ်းသပ်မှုများဆိုသည်မှာ ရက်စက်လှသော ပြိုင်ဆိုင်မှုတစ်ခု ဖြစ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ လေနက်ချိုင့်ဝှမ်းတွင် မျိုးဆက်သစ်များ စမ်းသပ်မှုအတွင်း သေဆုံးသွားရခြင်းမှာပင် မဆန်းလှရာ သူတို့၏ သွေးမျိုးဆက်များ ဖျက်ဆီးခံရခြင်းမှာ ပြောနေစရာပင် မလိုတော့ချေ။

လော့မျိုးနွယ်စုသည် စည်းမျဉ်းများကို သတ်မှတ်ထားခဲ့သည်ဆိုသော်လည်း စည်းမျဉ်းများ၏ ဘောင်အတွင်းမှနေ၍ တစ်ယောက်ကိုတစ်ယောက် သေလုမြောပါး ဖြစ်အောင် တိုက်ခိုက်ကြသော လော့မျိုးနွယ်စု တပည့်များမှာ အမြဲတမ်း ရှိနေခဲ့သည်။

ယခင်က ရန်ယွီသည် ယီယွင်၏အပေါ်တွင် ထိုသို့ ပြုလုပ်ခဲ့ဖူးပြီး အခုတော့ ယီယွင်က ရန်ယွီ၏အပေါ်တွင် ထိုနည်းတူ ပြန်လည် ပြုလုပ်နေခြင်း ဖြစ်သည်။

ရန်ယွီက ယီယွင်ကို ဒုက္ခပေးစဉ်တုန်းက ကန်းမန်သည် ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။

အခု ယီယွင်က ရန်ယွီကို ဒုက္ခပေးသည့်အချိန်တွင်မှ ကန်းမန်က ဝင်ရောက် စွက်ဖက်မည်ဆိုပါက ဒါက မတရားရာ ရောက်ပေလိမ့်မည်။ ထို့အပြင် စမ်းသပ်မှု၏ စည်းမျဉ်းများအရ သူသည် ဝင်ရောက် စွက်ဖက်ရန် မဟုတ်ဘဲ ဘေးကနေ ကြည့်ရှုရမည့်လူသာ ဖြစ်သည်။

ရန်ယွီသည် သွေးအိတ်အကျိုးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ရီနေကာ မျက်နှာတစ်ခုလုံး ဖြူလျော်နေသည်ကို မြင်ရသောအခါ ကန်းမန်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

ဤကဲ့သို့ သူ၏ အသက်သွေးခွန်အားများကို ရက်စက်စွာ ဆွဲထုတ်ခြင်းမှာ သာမန်လူသားတစ်ယောက်၏ ရိုးတွင်းခြင်ဆီများကို အခြောက်တိုက် ဆွဲထုတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ အကယ်၍ ဒါထက် ပိုမို ပြင်းထန်သွားမည်ဆိုပါက အသက်အန္တရာယ်အထိ ဖြစ်သွားနိုင်သည်။

"ဒီလောက်ဆို တော်လောက်ပြီကောင်လေး.....

ရန်ယွီက မင်းကို ဒုက္ခပေးခဲ့ပေမဲ့ မင်းကတော့ ဘာမှမဖြစ်ဘဲ လွတ်မြောက်ခဲ့တယ်။ အခု မင်းက ရန်ယွီကို ပြန်ပြီး ဒုက္ခပေးတဲ့အခါ သူက သူ့ရဲ့ အသက်တစ်ဝက်လောက် ဆုံးရှုံးသွားခဲ့ရပြီ၊ မင်း အခု ချက်ချင်း ရပ်လိုက်ရင်တောင် ရန်ယွီက ဒုက္ခိတတစ်ယောက်လို ဖြစ်သွားတော့မှာပဲ။

မင်းရဲ့ လက်စားချေမှုကလည်း အောင်မြင်သွားခဲ့ပြီ ဖြစ်တယ်။

ဒါက စည်းမျဉ်းတွေရဲ့ ဘောင်အတွင်းမှာ ရှိနေတယ်ဆိုပေမဲ့ သူ့ကို အသက်သေဆုံးတဲ့အထိတော့ မလုပ်ပါနဲ့။ အဲ့လိုဖြစ်သွားရင် ရွှီရွှေ ရန်မျိုးနွယ်စုက ဒီအခြေအနေကို လက်ခံနိုင်မှာ မဟုတ်ဘဲ မင်းကို ပြဿနာ လာရှာကြလိမ့်မယ်။"

ကန်းမန်၏ စွမ်းအင် အသံလှိုင်း ပေးပို့မှုမှာ ယီယွင်၏ နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။

သူသည် ရန်ယွီကို ကယ်တင်ရန် ကြိုးစားနေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်ဆိုသော်လည်း အမှန်တော့ ကန်းမန်သည် ယီယွင်အတွက် စဉ်းစားပေးနေခြင်း ဖြစ်သည်။

အဆုံးတွင်တော့ ရွှီရွှေ ရန်မျိုးနွယ်စုဆိုသည်မှာ အစွမ်းထက်လှသော အင်အားစုကြီးတစ်ခု ဖြစ်သည်။ ယီယွင်အနေဖြင့် သူ၏ လက်ရှိ သေးငယ်သော ခွန်အားဖြင့် သူတို့ကို မည်သို့လျှင် ဆန့်ကျင်နိုင်ပါမည်နည်း။

အမှန်တကယ်တော့ ကန်းမန်သည် ယီယွင်၏ သွေးကြွေးကို သွေးဖြင့်ဆပ်သော ဤရက်စက်လှသည့် နည်းလမ်းကို အတိုင်းအတာတစ်ခုအထိ သဘောကျမိသည်။ သိုင်းပညာရှင်တစ်ယောက်ဆိုသည်မှာ ဤကဲ့သို့ ပြတ်သားစွာ လုပ်ဆောင်ရမည်သာ ဖြစ်သည်။

"ကျွန်တော့်ကို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ကန်းမန်။ ဒီဂျူနီယာ သဘောပေါက်ပါပြီ။"

ယီယွင်သည် အရင်ဆုံး ကန်းမန်ကို ဖြည်းညှင်းစွာ ပြန်လည် ဖြေကြားလိုက်ပြီးနောက် အမူအရာတစ်ခု ပြုလုပ်လိုက်သည်။ သူသည် အလျင်စလိုမရှိဘဲ သူ၏ ဝါးမြိုခြင်း ဥပဒေသများကို အသုံးပြုကာ ဝိညာဉ်နက် ပုံရိပ်များကို ဆွဲထုတ်လိုက်တော့သည်။

သို့သော် ဝိညာဉ်နက် ပုံရိပ်များသည် ရန်ယီငါး၏ အသားများကို ကိုက်ခဲထားကြဆဲ ဖြစ်သဖြင့် ဤကဲ့သို့ ဆွဲထုတ်လိုက်သောအခါ .....

"ချိ ချိ ချိ"

ရန်ယီငါးမှာ အော်ဟစ် ညည်းတွားလိုက်ရပြီး ၎င်း၏ ကြီးမားလှသော အသားစိုင် အမြောက်အမြောက်မှာ ထိုဝိညာဉ်နက် ပုံရိပ်များ၏ ဆွဲဖြတ်ခြင်းကို ခံလိုက်ရတော့သည်။

ရန်ယွီသည် ထိုနာကျင်မှုကြောင့် သတိပင် လစ်မတတ် ဖြစ်သွားခဲ့ရသည်။

သူသည် ယီယွင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောဝံ့တော့ချေ။ သူသည် အကယ်၍ ယီယွင်သာ မကျေမနပ် ဖြစ်သွားခဲ့မည်ဆိုပါက ဝိညာဉ်နက် ပုံရိပ်များကို ရန်ယီငါး၏ အသားများကို ဆက်လက် စားသောက်ခွင့် ပေးထားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ယီယွင်သည် ငါးနှင့်ပင်မတူတော့သော ထိုရန်ယီငါးကို ကြည့်ရင်း သူ၏ မေးစေ့ကို ပွတ်သပ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"အာ... စိတ်မကောင်းပါဘူး စီနီယာအစ်ကို ရန်ယွီ။ ငါ ခုနက အားနည်းနည်း များသွားတယ်ထင်တယ်၊ ဒါပေမဲ့ ဒါကလည်း အခြားရွေးချယ်စရာ မရှိလို့ပါ။ နည်းနည်းလောက် အောင့်ခံလိုက်ပါဦး။ ရန်ယီငါးရဲ့ ဗိုက်ထဲမှာ မြွေငယ်လေး တစ်ကောင် ရှိနေသေးတယ်လေ။ စိတ်မပူပါနဲ့... ငါ အဲဒါကို အခုချက်ချင်း ဆွဲထုတ်ပေးပါ့မယ်။"

အခန်း ၈၅၂ - ရန်ယွီက တကယ်ကို စိတ်လောသွားခဲ့တာပဲ

ယီယွင်၏ စကားများကို ကြားရသောအခါ ရန်ယွီ၏ နှုတ်ခမ်းထောင့်များ တုန်ရီသွားခဲ့သည်။ သူ၏ မျက်နှာမှာ ပြာနှမ်းနေခဲ့ပြီး အူများပင် လိမ်ယှက်သွားလောက်အောင် အလွန်အမင်း ဒေါသထွက်နေခဲ့ရသည်။ ရန်ယီငါး၏ ဝမ်းဗိုက်အတွင်း၌ ရူးသွပ်နေသော သွေးမြွေကြီး ရှိနေဆဲ ဖြစ်ရာ ထိုသွေးမြွေမှာ ငါး၏ အတွင်းကလီစာများကို ကိုက်ခဲထားဆဲ ဖြစ်သည်။ ဤအခြေအနေတွင် ၎င်းကို အတင်းအကျပ် ဆွဲထုတ်လိုက်ပါက မည်သို့သော အကျိုးဆက်မျိုး ဖြစ်ပေါ်လာမည်နည်း။

ရန်ယွီ၏ တစ်ကိုယ်လုံး တုန်ရီနေစဉ်မှာပင် ယီယွင်က ဖြည်းညှင်းစွာ ပြောလိုက်ပြန်သည်။

"စီနီယာအစ်ကို ရန်ယွီ... အကယ်၍ အဲဒီမြွေကို အခုမဆွဲထုတ်ရင် သူက မင်းရဲ့ သွေးမျိုးဆက်ကို ဆက်ပြီး ဝါးမြိုနေမှာ မဟုတ်ဘူးလား"

ဤအခိုက်အတန့်တွင် ဤစကားကို ကြားလိုက်ရသော လော့မျိုးနွယ်စု တပည့်များပင်လျှင် ရန်ယွီကိုယ်စား နာကျင်မှုကို ခံစားလိုက်ရပြီး ရန်ယွီကိုယ်တိုင်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ သူတို့ထဲမှ အများစုမှာ ယီယွင်ကို ကြည့်ရင်း ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်တစ်ခုကို ခံစားလိုက်ကြရသည်။

ထိုယီယွင်ဆိုသည့် ကောင်မှာ အလွယ်တကူ စနောက်၍ရမည့်လူမျိုး မဟုတ်ပေ။

အမှန်တကယ်တော့ လူသားမျိုးနွယ်စုများသည် ယေဘုယျအားဖြင့် အားနည်းကြသဖြင့် ဖေး နယ်ပယ်ကြီးအတွင်းရှိ ဖေးမျိုးနွယ်စုဝင် အများစု၏ အမြင်တွင် သူတို့မှာ အားနည်းပြီး အနိုင်ကျင့်ရလွယ်ကူသည်ဟု အထင်ခံရလေ့ရှိသည်။

သို့သော် အခု ယီယွင်ကို ကြည့်လိုက်ပါဦး။ ဖေးမျိုးနွယ်စုဝင်များပင်လျှင် သူ၏ ရက်စက်မှုမျိုးကို မှီရန် ခက်ခဲလှသည်။

ရန်ယွီသည် ရွှီရွှေရန်မျိုးနွယ်စု၏ တိုက်ရိုက် သွေးမျိုးဆက်များထဲမှ တစ်ယောက် ဖြစ်သည်။ သူသည် ယီယွင်ကို သွားရောက် စော်ကားမိခဲ့သဖြင့် ဤကဲ့သို့ သနားစရာကောင်းလှသော အခြေအနေသို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်ရာ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ ထိုသို့ လုပ်မိခဲ့ပါက မည်မျှအထိ ပိုမို ဆိုးရွားသော ရလဒ်နှင့် ကြုံတွေ့ရမည်ကို မည်သူမျှ မသိနိုင်ချေ။

ဤအရာကို တွေးမိလိုက်သောအခါ လက်ရှိ ရောက်ရှိနေကြသော လော့မျိုးနွယ်စု တပည့်များ အထူးသဖြင့် လီယာမှာမူ ချွေးစေးများပင် ပြန်လာခဲ့တော့သည်။

ရန်ယွီ၏ ရလဒ်ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ နှလုံးသားထဲအထိ ကြောက်ရွံ့မှုများ စွဲထင်သွားခဲ့ရပြီ ဖြစ်သည်။ ရန်ယွီမှလွဲလျှင် သူသည် ယီယွင်ကို အများဆုံး စော်ကားခဲ့ဖူးသူ ဖြစ်သည်။

အခုအချိန်တွင် ထိုအရာကို ပြန်လည် တွေးမိရုံမျှဖြင့် သူသည် အပ်ကုတင်ပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရသည်။ ဤကိစ္စပြီးသွားပါက ယီယွင်က သူ့ကို လာရောက် လက်စားချေဦးမည်လား။

ယီယွင်သည် အပြည့်အဝ မရင့်ကျက်သေးခင်မှာပင် ဤမျှအထိ ရက်စက်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ အနာဂတ်တွင် ပိုမို ရင့်ကျက်လာပါက မည်မျှအထိ ပိုမို ဆိုးရွားလာပါမည်နည်း။ သူ့ကို သွားရောက် စော်ကားခြင်းမှာ ကစားစရာ အရုပ်တစ်ခုနှင့် ကစားနေသကဲ့သို့ ရိုးရှင်းပါဦးမည်လား။

အခုအချိန်တွင် လီယာသည် လော့ဖုန်းလင်ထံ၌ ကမ္ဘာဦးကျောက်တုံး တစ်ရာကျော် ရှုံးနိမ့်ခဲ့ရခြင်းမှာ အကောင်းဘက်ကပင် ဖြစ်သည်ဟု ခံစားလိုက်ရသည်။

ရန်ယွီနှင့် နှိုင်းယှဉ်လိုက်ပါက သူသည် အများကြီး ပိုမို ကံကောင်းလွန်းလှသည်။ လီယာသည် မြစိမ်းတောင် စမ်းသပ်မှု ပြီးဆုံးသွားသည်နှင့် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ရောင်းချပြီး လော့ဖုန်းလင်အတွက် ကမ္ဘာဦးကျောက်တုံးများကို စုဆောင်းရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုကျောက်တုံးများကို လော့ဖုန်းလင်ထံသို့ သူကိုယ်တိုင် သွားရောက် ပေးအပ်မည့်အပြင် သူမကို အကောင်းဆုံး စကားများ ပြောဆိုကာ ကျောက်တုံးများကို လက်ခံရရှိပြီးနောက် ယီယွင်၏ ရှေ့တွင် သူ့အတွက် စကားကောင်း အနည်းငယ် ပြောပေးရန် မျှော်လင့်ရပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုရသော် သူသည် မိမိ၏ အေးချမ်းမှုအတွက် ငွေပေး၍ ဝယ်ယူနေခြင်း ဖြစ်သည်။

လော့မျိုးနွယ်စု တပည့်များမှာ အတွေးပေါင်းစုံ ဝင်နေကြစဉ်မှာပင် ယီယွင်သည် ဝါးမြိုခြင်း ဥပဒေသကို အသုံးပြုကာ ရန်ယီငါး၏ ဝမ်းဗိုက်ကို အတင်းအကျပ် ဆွဲကိုင်လိုက်ပြီ ဖြစ်သည်။

"ဖူး"

သွေးများဖြင့် စိုရွှဲနေသော ကြားခံဝိညာဉ် သွေးမြွေသည် ရန်ယီငါး၏ အတွင်းကလီစာများကို ကိုက်ခဲထားဆဲ ဖြစ်သော်လည်း ဝါးမြိုခြင်း ဥပဒေသ၏ အတင်းအကျပ် ဆွဲထုတ်ခြင်းကို ခံလိုက်ရတော့သည်။

ရန်ယီငါး၏ ရှုထောင့်ပုံရိပ်မှာ ပြင်းထန်စွာ တုန်ရီသွားခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။

ထိုရန်ယီငါး၏ သခင်ဖြစ်သော ရန်ယွီသည်လည်း သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ လုံးဝ သတိလစ် မေ့မြောသွားခဲ့တော့သည်။

ဤအခိုက်အတန့်တွင် ကန်းမန်က လှုပ်ရှားလိုက်သည်။ အကယ်၍ သူသာ ဆဋ္ဌမအဆင့်ရှိ ဝိညာဉ်နက် ပုံရိပ်များကို တိတ်တဆိတ် သီးခြား ခွဲထုတ်မပေးခဲ့ပါက ရန်ယွီ၏ ခန္ဓာကိုယ်မှာ ထိုဝိညာဉ်နက် ပုံရိပ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရမှာ သေချာလှသည်။ ထိုသို့ဖြစ်သွားပါက သေချာပေါက် အသက်အန္တရာယ် ရှိပေလိမ့်မည်။

ဝိညာဉ်နက် ပုံရိပ် ရှစ်ခု၏ ပါးစပ်များတွင် သွေးများဖြင့် ပြည့်နှက်နေခဲ့ပြီး ကြားခံဝိညာဉ် သွေးမြွေမှာလည်း အသည်းအသန် ရုန်းကန်နေဆဲ ဖြစ်သည်။ သို့သော် သူတို့အားလုံးမှာ ကောင်းကင်ဝါးမြိုနဂါး၏ ဝါးမြိုခြင်း စွမ်းအား ချည်နှောင်မှုမှ မရုန်းထွက်နိုင်ခဲ့ကြချေ။

နောက်ဆုံးတွင်တော့ သူတို့သည် အားအင်ကုန်ခမ်းသွားခဲ့ကြရပြီး ကောင်းကင်ဝါးမြိုနဂါး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကာ အသက်သွေးခွန်အား ဝဲကရက်ကြီးအတွင်း၌ ချိတ်ပိတ်ခြင်း ခံလိုက်ရတော့သည်။

အဆင်ပြေပြေနှင့် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ယီယွင်သည် သူ၏ လက်များကို ပုတ်လိုက်ပြီးနောက် ဆဋ္ဌမအဆင့်ဆီသို့ ဖြည်းညှင်းစွာ ပြန်လည် ပျံသန်းလာခဲ့သည်။

ယီယွင် ဆဋ္ဌမအဆင့်သို့ တက်လှမ်းလာသည်ကို မြင်ရသောအခါ အထက်စီးမှ နေလေ့ရှိသော လော့ထျန် ပင်လျှင် မသိစိတ်ကြောင့် နောက်သို့ နှစ်လှမ်းမျှ ဆုတ်ခွာသွားခဲ့မိသည်။ ဖုတ်ကောင်ကဲ့သို့ မျက်နှာထားရှိသော ကုလော့ ပင်လျှင် ယီယွင်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူတို့သည် အစက မြစိမ်းကျောက်ပြာ(နီလာလှိုင်းတောင်) စမ်းသပ်မှုတွင် လူတိုင်း ကြောက်ရွံ့ရသော နတ်ဆိုးကြယ်ပွင့်ကြီးများ ဖြစ်ကြသည်။ သို့သော် အခုအချိန်တွင်တော့ သူတို့ထက် ပိုမို ကြောက်စရာကောင်းသော လူတစ်ယောက် ရှိနေကြောင်းကို နောက်ဆုံးတွင်တော့ နားလည်သွားခဲ့ကြရပြီ ဖြစ်သည်။

အန္တရာယ်မရှိသလို ပုံစံမျိုး ပေါက်နေသော ယီယွင်သည် အမှန်တကယ်တော့ အလွန်ပင် ရက်စက်လွန်းလှသည်။

လော့ထျန်သည် သူကိုယ်တိုင် ရန်ယွီ၏ နောက်သို့မလိုက်ဘဲ ယီယွင်ဆိုသည့် မိုင်းကွင်းကို သွားရောက် မနင်းမိခဲ့ခြင်းမှာ အလွန်ပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ထိုသို့မဟုတ်ပါက သူသည်လည်း အခုအချိန်တွင် ရန်ယွီနှင့်အတူ အဖော် ဖြစ်နေလောက်ပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ယီယွင်က စကားစတင် ပြောကြားလိုက်သည်။

"အားလုံးပဲ... ဒီတစ်ကြိမ် စီနီယာအစ်ကို ဒဏ်ရာရသွားတာက မတော်တဆမှုတစ်ခုပါ။ မင်းတို့အားလုံးလည်း ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရတာပဲ မဟုတ်လား။

စီနီယာအစ်ကို ရန်ယွီက အရင်ဆုံး လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ သူက ငါ့အပေါ်မှာ မကောင်းတဲ့ အကြံတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကျရှုံးသွားခဲ့ရတယ်။ ကောင်းကင်ဝါးမြိုနဂါးက ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းဆီးတော့မယ့် အချိန်မှာ စီနီယာအစ်ကို ရန်ယွီက လှုပ်ရှားလာခဲ့တာ ဖြစ်လို့ ငါ့အနေနဲ့ ကောင်းကင် ဝါးမြို နဂါးကို ပြန်လည် ခေါ်ယူဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့ဘူး... "

"ဒါပေမဲ့ ကောင်းကင်ဝါးမြိုနဂါးကို ပြန်ခေါ်လိုက်တာနဲ့ ကြားခံဝိညာဉ် သွေးမြွေက ထွက်ပြေးသွားမှာလေ။ အဲဒါကြောင့် ငါ့အနေနဲ့ အတိုတောင်းဆုံး အချိန်အတွင်းမှာ ကောင်းကင် ဝါးမြိုခြင်း နည်းစနစ်ကို အသုံးပြုဖို့ကလွဲလို့ အခြားနည်းလမ်း မရှိခဲ့ဘဲ စီနီယာအစ်ကို ရန်ယွီရဲ့ ရန်ယီငါး သွေးမျိုးဆက်ကို မတော်တဆ ပိတ်မိသွားခဲ့တာပါ။

အဲဒီနောက်မှာ စီနီယာအစ်ကို ရန်ယွီက ငါ့ကို ရပ်တန့်ဖို့ ပြောခဲ့ပေမဲ့ အဲဒီအချိန်က အခြေအနေအရ ငါ ဘယ်လိုလုပ်ပြီး ရပ်တန့်လို့ ရမှာလဲ။ ငါ့နေရာမှာ မင်းတို့သာဆိုရင်လည်း ရပ်တန့်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်... "

"နောက်ဆုံး ရလဒ်နဲ့ ပတ်သက်ပြီးတော့... ငါ တကယ်ကို မျှော်လင့်မထားခဲ့ပါဘူး။"

ယီယွင်သည် ဤသို့ပြောရင်း သူ၏ ခေါင်းကို ခါယမ်းလိုက်သည်။ သေလုမြောပါး ဖြစ်နေသော ရန်ယွီကို နှမြောတသဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူက ဆက်ပြောလိုက်သည်။

"အခြေအနေတွေ ဒီလိုအဆင့်အထိ ရောက်ရှိသွားတာက ငါလည်း မမြင်ချင်တဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ အခြားရွေးချယ်စရာ မရှိခဲ့ဘူးလေ။ ဒါတွေအားလုံးက စီနီယာအစ်ကို ရန်ယွီကိုယ်တိုင် တိုက်ပွဲမြေပြင်ထဲကို တိုးဝင်လာခဲ့လို့ပဲ ဖြစ်ပါတယ်။

ကောင်းကင်ဝါးမြိုနဂါးနဲ့ ကြားခံဝိညာဉ် သွေးမြွေတို့ကြားက တိုက်ပွဲက အလွန်အန္တရာယ်များလွန်းလှတာမလို့ စီနီယာအစ်ကို ရန်ယွီက တကယ်ကို စိတ်လောသွားခဲ့တာပဲ။"

"အမှန်အတိုင်း ပြောရရင်... ရန်ယီငါး သွေးမျိုးဆက် အန္တရာယ်ရှိနေတာကို မြင်မြင်ချင်းမှာပဲ ငါ အဲဒါကို ချက်ချင်း ကယ်တင်ဖို့ ကြိုးစားခဲ့ပါသေးတယ်၊ ကံမကောင်းစွာနဲ့ပဲ အဲဒီအချိန်မှာ အဖြစ်ဆိုးက စတင်နေခဲ့ပြီ ဖြစ်လို့ ကယ်တင်မှုက ဒီလိုပုံစံမျိုးနဲ့ပဲ ပြီးဆုံးသွားခဲ့ရတာပါ။"

ယီယွင်က ဤစကားများကို ပြောလိုက်သောအခါ လက်ရှိ ရှိနေကြသော လော့မျိုးနွယ်စု တပည့်အားလုံးမှာ သူတို့၏ နှုတ်ခမ်းများကို မဲ့လိုက်ကြတော့သည်။

ဒီယီယွင်ဆိုတဲ့ ကောင်က တကယ်ကို ဗြောင်လိမ်ဗြောင်စား လုပ်လွန်းလှသည်။

"ကောင်းကင်ဘုံ ဝါးမြိုခြင်း နည်းစနစ်ကို မသုံးမဖြစ် သုံးလိုက်ရတယ်"

"ရန်ယီငါး သွေးမျိုးဆက်ကို မတော်တဆ ပိတ်မိသွားခဲ့တယ်"

"နောက်ဆုံး ရလဒ်ကို တကယ် မျှော်လင့်မထားခဲ့ဘူး"

"ငါလည်း မမြင်ချင်တဲ့ အဖြစ်ဆိုးပါ"

"ချက်ချင်း ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်" ဆိုပြီးတော့...

သူသည် သူ၏ လုပ်ရပ်များတွင် ရက်စက်လှသည် သာမက... သူ၏ အရေထူမှု အဆင့်အတန်းမှာလည်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည် ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် စကားများကို အလွန်ပင် ရိုးသားလှသော ပုံစံမျိုး ဖြင့် ပြောဆိုနိုင်လိမ့်မည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် ရန်ယွီမှာ မေ့မြောနေခဲ့ခြင်း ဖြစ်ပြီး ထိုသို့မဟုတ်ပါက သူသည် ဤစကားများကို ကြားရုံမျှဖြင့်တင် ဒေါသထွက်လွန်းသဖြင့် သေဆုံးသွားနိုင်ခြေ ရှိသည်။

သို့သော် မကြာမီမှာပင် ရန်ယွီသည် သတိပြန်လည်လာခဲ့ပြီး ယီယွင် ပြောကြားသွားခဲ့သော စကားများကို သိရှိသွားခဲ့ရသည်။ စကားပုံအတိုင်းပင်... လူတစ်ယောက်ကို ဒေါသထွက်အောင် ပြုလုပ်ပြီး သေဆုံးစေခြင်းအတွက် မည်သူမျှ တာဝန်ယူရန် မလိုပေ။

"အားလုံးပဲ... စီနီယာအစ်ကို ရန်ယွီရဲ့အပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ငါလည်း မဖြစ်စေချင်ခဲ့တဲ့ အရာတွေပါ။ အားလုံးပဲ ငါ့အတွက် သက်သေအဖြစ် ရပ်တည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ငါ အလွန်ပင် ကျေးဇူးတင်မိမှာပါ။"

ယီယွင်သည် စတုတ္ထနှင့် ပဉ္စမအဆင့်ရှိ လော့မျိုးနွယ်စု တပည့်များကို ကြည့်ရင်း သူ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အရိုအသေပေးလိုက်သည်။ လူတိုင်းမှာ ဤစကားကို ကြားရသောအခါ သူတို့၏ မျက်လုံးများကိုသာ လှန်လိုက်ကြတော့သည်။

"စီနီယာအစ်ကို လီယာ... မင်းကော ဘယ်လိုထင်လဲ။"

ကိစ္စအားလုံး ပြီးဆုံးသွားပြီဟု ထင်မှတ်နေခဲ့စဉ်မှာပင် ယီယွင်၏ ရုတ်တရက် မေးခွန်းထုတ်မှုကြောင့် လီယာမှာ လုံးဝ ဆွံ့အသွားခဲ့ရသည်။

ယီယွင်က သူ့ကို ကြည့်ပြီး ပြုံးပြနေသည်ကို မြင်ရသောအခါ သူသည် နံရံကိုသာ ခေါင်းနှင့်တိုက်ပြီး သေပစ်လိုက်ချင်စိတ် ပေါက်သွားခဲ့ရသည်။ မင်း ဘာလို့ ငါ့ကိုပဲ စိုက်ကြည့်နေရတာလဲ။ ဒီလောက် လူတွေအများကြီးထဲမှာ ငါက ဘာမှမဟုတ်တဲ့ ကောင်လေးတစ်ယောက်ပါပဲ။

ယီယွင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရပြီးနောက် လီယာအနေဖြင့် အခြား ဘာပြောနိုင်ပါဦးမည်နည်း။ သူသည် ဤမျှအထိ ရက်စက်လှသော ယီယွင်ကို သွားရောက် မစော်ကားဝံ့တော့ချေ။

အကယ်၍ ယီယွင်သာ အနာဂတ်တွင် လဲပြိုမသွားခဲ့ပါက သူသည် လော့မျိုးနွယ်စုအတွင်း၌ အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးတစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။ လီယာ သူ့ကို မစော်ကားဝံ့ပေ။

ရွှီရွှေရန်မျိုးနွယ်စုနှင့် ပတ်သက်ပြီးတော့လည်း လီယာသည် သွားရောက် မစော်ကားဝံ့ပေ။ သူတို့သည် အင်အားကြီးမားလှသော မိသားစုကြီးတစ်ခု ဖြစ်သဖြင့် ယီယွင်အတွက် သက်သေခံပေးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် အတူတူပင် ဖြစ်သည်။

"အဲဒါက... ချောင်းဆိုးဟန်ပြုရင်း... စီနီယာအစ်ကို ရန်ယွီက တကယ်ကို နည်းနည်း စိတ်လောသွားခဲ့တာပဲ... "

လီယာသည် အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးနောက်မှသာ ဤကဲ့သို့သော နှစ်ဖက်ညှပ် စကားမျိုးကို ပြောဆိုလိုက်တော့သည်။ ရန်ယွီက စိတ်လောသွားခဲ့သည်ဟု ပြောခြင်းမှာလည်း မှားယွင်းမှု မရှိချေ။ အကယ်၍ သူသာ စိတ်မလောခဲ့ပါက ယီယွင်၏ ဖမ်းဆီးခြင်းကို ခံရပြီး ဤကဲ့သို့ သေလုမြောပါး အခြေအနေမျိုးအထိ နှိပ်စက်ခံရလိမ့်မည် မဟုတ်ပေ။

ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ကောင်းကင်ယံထက်တွင် ရှိနေသော ကန်းမန်၏ နှုတ်ခမ်းထောင့်များမှာ အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ယွမ်ချီအသံလှိုင်း ပေးပို့မှုမှာ ယီယွင်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"မင်းရဲ့ သရုပ်ဆောင်မှုတွေ ပြီးပြီလား"

"အာ... "

ယီယွင်သည် ခေတ္တမျှ ဆွံ့အသွားခဲ့ရသည်။ ကန်းမန်သည် ရန်ယွီနှင့် ပတ်သက်ပြီး အများကြီး စဉ်းစားမနေခဲ့ကြောင်း သူ ခံစားမိလိုက်ရပြီး ကန်းမန်သည် ရွှီရွှေ ရန်မျိုးနွယ်စုကိုလည်း ကြောက်ရွံ့ပုံမရချေ။

"မဆိုးပါဘူး... ငါ မင်းကို အကျိုးဆက်တွေကို ချင့်ချိန်ဖို့ ပြောခဲ့တာတင်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ ကြားခံဝိညာဉ် သွေးမြွေနဲ့ ဝိညာဉ်နက် ပုံရိပ်တွေကို ဖယ်ရှားတဲ့အချိန်မှာ ရန်ယီငါးကို ဤကဲ့သို့ ဆိုးရွားလှတဲ့ အခြေအနေမျိုး ဖြစ်အောင် လုပ်ဖို့ မင်း မမေ့ခဲ့ဘူးပဲ။ မင်းက တကယ်ကို ရွှီရွှေ ရန်မျိုးနွယ်စုရဲ့ လက်စားချေမှုကို မကြောက်ဘူးပဲ။"

ကန်းမန်၏ စကားကို ကြားရသောအခါ ယီယွင်သည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

"အရှင်ကန်းမန်ကတော့ နောက်ပြောင်နေပြန်ပါပြီ။ ဒီဂျူနီယာ အနေနဲ့ ယခင်က ရန်ယီငါးကို ကြားခံဝိညာဉ် သွေးမြွေနဲ့ ဝိညာဉ်နက် ပုံရိပ်တွေဆီ တမင်တကာ ကျွေးမွေးခဲ့မိတာကို ဝန်ခံပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီဂျူနီယာက အဲဒါကို ချက်ချင်း ပြန်လည် ကယ်တင်ခဲ့တာဖြစ်ပြီး ဒီအခြေအနေကတော့ ဒီဂျူနီယာအနေနဲ့ သူ့ကို အတတ်နိုင်ဆုံး ကယ်တင်ပေးခဲ့တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။"

"တော်ပြီ... မင်း တမင်တကာ လုပ်တာလား၊ မဟုတ်ဘူးလားဆိုတာကို ငါ ဆွေးနွေးမနေချင်တော့ဘူး၊ ဒါပေမဲ့ မင်းကို သတိပေးရမယ့်အရာ တစ်ခုတော့ ရှိတယ်။ မင်းက ရွှီရွှေ ရန်မျိုးနွယ်စုကို လုံးဝ စော်ကားမိသွားခဲ့ပြီ။ ရန်ယွီက သူတို့မိသားစုထဲမှာ အတန်ဖိုးထားရဆုံး မျိုးဆက်သစ် မဟုတ်ဘူးဆိုရင်တောင် မင်းရဲ့ ဤလုပ်ရပ်က ရွှီရွှေ ရန်မျိုးနွယ်စုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ။

အင်အားကြီး မိသားစုကြီးတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို အလေးအနက်ဆုံး ထားကြတာ။ မင်းက သူတို့ကို အခြေအနေ ပြန်လည် ကုစားခွင့် မပေးခဲ့တဲ့အတွက် သူတို့က ဒါကို ဒီအတိုင်း လွှတ်ထားကြမှာ မဟုတ်ဘူး။"

"သူတို့ မင်းအပေါ်ကို ဘယ်လိုပဲ ပြုမူကြပါစေဦးတော့... ကိုယ်ပိုင်ခွန်အား ရှိနေဖို့က အရေးကြီးဆုံးပဲ။ အကယ်၍ မင်းမှာ ခွန်အားရှိနေရင် သူတို့ကလည်း မင်းကို အလွယ်တကူ လှုပ်ရှားဝံ့ကြမှာ မဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းကို ပိုမို တိုးတက်အောင် လုပ်ဆောင်တာက အကောင်းဆုံးပဲ။ မင်းရဲ့ လက်ရှိ ခွန်အားက အရမ်းကို အားနည်းလွန်းသေးတယ်။"

ကန်းမန်က ဤသို့ ပြောကြားရခြင်းမှာ သူသည် ယီယွင်ကို အလေးအနက် ထားသောကြောင့် ဖြစ်သည်။ ယီယွင်ကလည်း ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့ပါ... ဒီဂျူနီယာ နားလည်ပါပြီ။ လမ်းညွှန်ပေးတဲ့အတွက် အရှင်ကန်းမန်ကို ကျေးဇူးတင်ပါတယ်။"

အခန်း ၈၅၃ - ကြားခံဝိညာဉ် သွေးမြွေကို ဝါးမြိုခြင်း

လေနက်ချိုင့်ဝှမ်း စမ်းသပ်မှုတွင် ရန်ယွီအတွက် နောက်ဆုံး ရလဒ်မှာ လမ်းခုလတ်၌တင် စမ်းသပ်မှုကို စွန့်လွှတ်လိုက်ရခြင်း ဖြစ်သည်။

ရန်ယီငါး သွေးမျိုးဆက် ပြင်းထန်စွာ ပျက်စီးသွားခဲ့ရပြီး ရန်ယွီကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည် အမြောက်အမြောက် ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် သူသည် စမ်းသပ်မှုကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်ပြီး ထိုသို့မဟုတ်ပါက ဆသ္တမအဆင့်သို့ တက်လှမ်းရန် နေနေသာသာ... ဆဋ္ဌမအဆင့်တွင်ပင် ကန်းမန်၏ အကူအညီဖြင့်သာ သူ၏ ခြေကုပ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရန်ယွီအနေဖြင့် ကျင့်ကြံရန်အတွက် တတိယနှင့် စတုတ္ထအဆင့်များသို့ ပြန်လည် ဆင်းသက်သွားရန်မှာလည်း အဓိပ္ပာယ်မရှိလှချေ။ ဒါတင်မကသေးဘဲ ရန်ယွီသည် ထိုသို့လုပ်ဆောင်ရန်အတွက် ရှက်စနိုး ဖြစ်နေခဲ့သည်။

သို့သော် ရန်ယွီအနေဖြင့် ဤနေရာမှ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ရာ နီလာလှိုင်းတောင်စမ်းသပ်မှုတွင် ဆက်လက် မပါဝင်နိုင်တော့သည် သာမက လော့နတ်ဘုရားခန်းမ စမ်းသပ်မှုကြီးတွင်ပါ ပါဝင်နိုင်တော့မည် မဟုတ်ချေ။

ဤမျှအထိ ပြင်းထန်လှသော ဒဏ်ရာများနှင့်ဆိုလျှင် သူသည် အခြားလူများ၏ ကျော်တက်ခြင်းကိုသာ ခံရတော့မည် ဖြစ်ရာ စမ်းသပ်မှုတွင် ဆက်လက် ပါဝင်နေဦးမည့် အဓိပ္ပာယ်မှာ ဘာရှိတော့ပါမည်နည်း။

ရန်ယွီ၏ သိုင်းပညာလမ်းကြောင်းမှာ များသောအားဖြင့် ပျက်စီးသွားခဲ့ရပြီဟုပင် ပြောနိုင်ပေသည်။

ရန်ယွီသည် ဖြူလျော်နေသော မျက်နှာထားဖြင့် အခြားလူများ၏ ထမ်းစင်ဖြင့် သယ်ဆောင်သွားခြင်းကို ခံလိုက်ရသည်ကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်။

အခုအချိန်တွင် ဆဋ္ဌမအဆင့်ထက်၌ အခိုင်အမာ ထိုင်နေပြီဖြစ်သော ယီယွင်ကို ကြည့်ရင်း သူတို့အားလုံးမှာ မသိစိတ်ကြောင့် တုန်ရီသွားခဲ့ကြရသည်။ လူအများအပြားမှာ ယီယွင်အနေဖြင့် သူတို့ကိုလည်း စေတနာကောင်း ဖြင့် လာရောက် ကယ်တင်မည်ကို စိုးရိမ်နေကြသဖြင့် ယီယွင်ထံသို့ သွားရောက်ကာ သူတို့၏ စေတနာကောင်းများကို ပြသရန်အတွက်ပင် စဉ်းစားနေကြတော့သည်။

သို့သော် ယီယွင်သည် လက်ရှိအချိန်တွင် အလွန်ပင် အောင်မြင်မှုများကို ခံစားနေရသည်ဆိုသော်လည်း ရွှီရွှေ ရန်မျိုးနွယ်စုကို လုံးဝ စော်ကားမိသွားခဲ့ခြင်းမှာ ပညာရှိရာမရောက်ကြောင်းကိုလည်း လူအများအပြားက နှလုံးသားထဲမှ သိရှိထားကြသည်။

သူ၏ အနာဂတ် တိုးတက်မှု လမ်းကြောင်းမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

ယီယွင်သည် နောက်ဆုံးတွင်တော့ သတ္တမအဆင့်ထက်၌ ထိုင်ရန် ရွေးချယ်လိုက်တော့သည်။ သတ္တမအဆင့်ထက်တွင် အကြိမ်အနည်းငယ်မျှ ဖျက်ဆီးခြင်း ခံလိုက်ရပြီးနောက် သားရဲများအသွင် ပြောင်းလဲနေခဲ့ကြသော သွေးနဂါးများ၏ သွေးစွမ်းအင်များသည် ယီယွင်ကို အဝေးမှနေ၍ ရှောင်ရှားသွားခဲ့ကြပြီ ဖြစ်သည်။

မည်သူကမှ ထိုနတ်ဆိုးကြယ်ပွင့်ကြီးကို သွားရောက် ရန်စဝံ့လောက်အောင် မိုက်မဲကြလိမ့်မည် မဟုတ်ပေ။

ယီယွင်၏ ရှေ့မှောက်တွင်တော့ ချိတ်ပိတ်ထားသော အသက်သွေးခွန်အား ဝဲကရက်ကြီး ရှိနေခဲ့သည်။ ကြားခံဝိညာဉ် သွေးမြွေမှာမူ ၎င်း၏ အတွင်း၌ နောက်ဆုံးထွက်သက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော သွေးနဂါး အရှိန်အဝါ အနှစ်သာရများသည် အလွန်ပင် တန်ဖိုးရှိလှသော်လည်း အခုတော့ ၎င်းမှာ သေးငယ်လှသော မြွေငယ်လေးတစ်ကောင်အဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

ကြားခံဝိညာဉ် သွေးမြွေသည် အတိုင်းအတာတစ်ခုအထိ ဉာဏ်ပညာ ရရှိထားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ယီယွင်၏ ကမ္ဘာဦးစွမ်းအင် ချည်နှောင်မှုက ၎င်း၏အပေါ်သို့ ကျရောက်လာသည်ကို ခံစားမိလိုက်သောအခါ ချက်ချင်းပင် စတင် ရုန်းကန်တော့သည်။

ယီယွင်၏ မျက်လုံးများမှာ စူးရှသွားခဲ့ပြီး ကမ္ဘာဦးစွမ်းအင်များကို ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲလိုက်ကာ ကြားခံဝိညာဉ် သွေးမြွေကို ၎င်း၏ အတွင်း၌ ဖမ်းဆီးပစ်လိုက်သည်။

"ရှူးးးး"

ကြားခံဝိညာဉ် သွေးမြွေသည် အော်ဟစ် ညည်းတွားလိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ်မှာ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ယီယွင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့တော့သည်။

ကြားခံဝိညာဉ် သွေးမြွေဆိုသည်မှာ သွေးစွမ်းအင် အနှစ်သာရများ စုစည်းမှု ဖြစ်သည်။ ယီယွင်သည် ၎င်းကို သူ၏ စွမ်းအင်လမ်းကြောင်းများအတွင်းသို့ စီးဝင်စေလိုက်ပြီးနောက် သူ၏ သန့်စင်သော ရန် ခန္ဓာကိုယ်ကို အသုံးပြုကာ ၎င်းကို စတင် သန့်စင်လိုက်တော့သည်။

ဒိန်း...........

ယီယွင်သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလွန်ကြီးမားလှသော စွမ်းအင်များ စီးဝင်လာခဲ့ကြောင်းကို ချက်ချင်းပင် ခံစားလိုက်ရသည်။

သူ၏ အရိုးများ အားလုံးမှာလည်း ချက်ချင်းပင် တဂျောက်ဂျောက်နှင့် ပေါက်ကွဲသံများ စတင် ထွက်ပေါ်လာခဲ့တော့သည်။

ကြားခံဝိညာဉ် သွေးမြွေဆိုသည်မှာ လေနက်ချိုင့်ဝှမ်းအတွင်းရှိ အကြီးမားဆုံးသော အခွင့်အရေး ဖြစ်သည်။ ၎င်းမှာ ယီယွင် ယခင်က စားသုံးခဲ့ဖူးသမျှသော ရတနာများထက်မဆို အများကြီး ပိုမို အစွမ်းထက်လှသည်။

ယီယွင်သည် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် သူ၏ ကိုယ်ပိုင်နေရာတွင် တည်ငြိမ်စွာ ထိုင်နေလိုက်ကာ သူ၏ ခန္ဓာကိုယ် ဘေးပတ်ပတ်လည်တွင်တော့ အသက်သွေးခွန်အား ဝဲကရက်ကြီးတစ်ခု လည်ပတ်နေခဲ့သည်။

ယီယွင်သည် ကြားခံဝိညာဉ် သွေးမြွေ၏ စွမ်းအင်များကို ထိုနေရာတွင်ပင် လုံးဝ ဝါးမြိုပစ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ကန်းမန်က သူ့ကို ရွှီရွှေ ရန်မျိုးနွယ်စု၏ လက်စားချေမှုနှင့် ပတ်သက်ပြီး သတိကြီးစွာ ထားရန် သတိပေးခဲ့သည်။ သို့သော် ယီယွင်သည် ရွှီရွှေ ရန်မျိုးနွယ်စုကို ကြောက်ရွံ့ခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် လော့မျိုးနွယ်စုအတွင်း၌ သူတို့ အလိုရှိတိုင်း လုပ်ဆောင်နိုင်ကြလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သူတို့ လက်စားမချေမီ အချိန်အထိ သူ၏ ကိုယ်ပိုင်တန်ဖိုးကို လုံလောက်စွာ ပြသထားနိုင်သရွေ့ အရာအားလုံးမှာ ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။

ဒုန်း ဒုန်း ဒုန်း

ယီယွင်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လှိုင်းတံပိုးများကဲ့သို့ စီးဆင်းနေခဲ့သည်။

ယီယွင်သည် သတ္တမအဆင့်ထက်၌ ကြားခံဝိညာဉ် သွေးမြွေကို စတင် ဝါးမြိုနေသည်ကို မြင်ရသောအခါ လော့ထျန်နှင့် အခြားလူများမှာ ရှုပ်ထွေးလှသော မျက်နှာထားများ ရှိနေကြတော့သည်။

ထိုယီယွင်ဆိုတဲ့ကောင်က တကယ်ကို ပြတ်သားလွန်းလှတယ်။ ကြားခံဝိညာဉ် သွေးမြွေကို အခုအချိန်မှာတင် ဝါးမြိုပစ်လိုက်တာ ဖြစ်လို့ သူ၏ ခွန်အားက နောက်တစ်ကြိမ် ပိုမို တိုးတက်လာဦးမှာ သေချာတယ်။

ဒါတင်မကသေးဘဲ ထိုသို့ လုပ်ဆောင်လိုက်ခြင်းအားဖြင့် ရွှီရွှေ ရန်မျိုးနွယ်စုအနေနဲ့လည်း ကြားခံဝိညာဉ် သွေးမြွေကို လာရောက် လောဘတက်လို့ ရတော့မှာ မဟုတ်ဘူး။ လော့ထျန်သည် သူ၏ စိတ်ထဲတွင် တွေးတောလိုက်မိသည်။

သူသည် ယီယွင်နှင့် ဝေးကွာလှသော နေရာတစ်ခုတွင် တိတ်တဆိတ် ထိုင်လိုက်ပြီးနောက် ထိုနေရာရှိ သွေးစွမ်းအင်များကို စတင် ဝါးမြိုလိုက်တော့သည်။

သူနှင့် တူညီသော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည့် အခြားလူတစ်ယောက်မှာ ကုလော့ ဖြစ်သည်။

ကြားခံဝိညာဉ် သွေးမြွေမှာ ယီယွင်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်ဆိုသော်လည်း အမြောက်အမြောက်သော တပည့်များမှာမူ သူတို့၏ စမ်းသပ်မှုများကို မပြီးဆုံးသေးချေ။

သတ်မှတ်ထားသော အချိန်၏ ထက်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း တပည့်အချို့မှာ ပဉ္စမအဆင့်သို့ပင် မရောက်ရှိနိုင်ကြသေးချေ၊ အချို့ဆိုလျှင် စတုတ္ထအဆင့်သို့ပင် မတက်လှမ်းနိုင်ခဲ့ကြချေ။

လော့ဖုန်းလင်သည် သတ္တမအဆင့်ထက်တွင် ရှိနေသော ယီယွင်ကို လှမ်းကြည့်လိုက်သည်။ သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ပြတ်သားလှသော မျက်နှာထားဖြင့် ပဉ္စမအဆင့်ဆီသို့ ပျံသန်း ဆင်းသက်သွားခဲ့သည်။ သူမသည် သူမ၏ ဓားကို စတင် ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်နက် ပုံရိပ် အမြောက်အမြောက်ကို စတင် သတ်ဖြတ်လိုက်တော့သည်။ သူမသည် ပဉ္စမအဆင့်ထက်၌ သူမ၏ ခြေကုပ်ကို ရယူရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း ဒါက အလွန်ပင် ခက်ခဲနေဆဲ ဖြစ်သည်။

"ဂျူနီယာမောင်လေး ယီယွင်နဲ့ ပြိုင်ဆိုင်နိုင်စွမ်း မရှိဘူးဆိုရင်တောင် ငါ့အနေနဲ့ အနည်းဆုံးတော့ ငါ့ကိုယ်ငါ ကျော်ဖြတ်နိုင်ရမယ်။" လော့နတ်ဘုရားခန်းမတွင် သူမသည် အပြင်းအထန် ကျင့်ကြံခဲ့သည်။ နီလာလှိုင်းတောင်စမ်းသပ်မှုသို့ ရောက်ရှိလာပြီးနောက်မှသာ သူမသည် သူမ၏ ကျင့်ကြံခြင်း သက်တမ်းမှာ အလွန်ပင် နည်းပါးသေးကြောင်းကို သဘောပေါက်သွားခဲ့ရသည်။

လော့နတ်ဘုရားခန်းမ စမ်းသပ်မှုကြီးတွင် ပါဝင်ကြမည့် တပည့်များနှင့် နှိုင်းယှဉ်လိုက်ပါက သူမသည် အားနည်းချက်များစွာ ရှိနေဆဲ ဖြစ်သည်။

သို့သော် ယီယွင်သည် သူမထက်ပင် ပိုမို၍ ကျင့်ကြံခြင်း သက်တမ်း တိုတောင်းလှသေးသည်။ သူ၏ ကျင့်ကြံခြင်း သက်တမ်းမှာ အလွန်တိုတောင်းလှသည်ဆိုသော်လည်း သူသည် ဝါရင့် စီနီယာ တပည့်ကြီးများကိုပင် သူ၏ ခြေဖဝါးအောက်၌ နင်းခြေထားနိုင်ခဲ့ပြီ ဖြစ်သည်။ မသိစိတ်ကြောင့် လော့ဖုန်းလင်သည် ယီယွင်ကို သူမ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်လိုက်မိပြီ ဖြစ်သည်။

ရွှီရွှေ ရန်မျိုးနွယ်စု။

ဖေးနယ်ပယ်ကြီးအတွင်းရှိ အနည်းငယ်မျှသော အင်အားကြီး မိသားစုကြီးများထဲမှ တစ်ခုဖြစ်သော ရွှီရွှေ ရန်မျိုးနွယ်စုသည် ကောင်းကင်ယံထက်တွင် လွင့်မျောနေသော ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားခဲ့သည်။

ထိုကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ကန်ကြီးများဖြင့် ပြည့်နှက်နေခဲ့သည်။ အလယ်ဗဟိုတွင် ရှိနေသော အကြီးမားဆုံး ကန်ကြီးမှာမူ ပင်လယ်ပြင်ကြီးတစ်ခုကဲ့သို့ ကျယ်ပြောလှသည်။ ဤကန်ကြီးသည် မြူခိုးများ ဖုံးလွှမ်းနေသော အခြားကန်များနှင့် မတူညီပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် ကောင်းကင်ယံထက်အထိ မြင့်မားလှသော လှိုင်းလုံးကြီးများ ရှိနေသောကြောင့် ဖြစ်သည်။

ကန်ရေပြင်ကြီးမှာ မှင်ကဲ့သို့ နက်မှောင်နေခဲ့သည်။ ကျင့်ကြံခြင်း အဆင့်အတန်း မလုံလောက်သော သိုင်းပညာရှင်များဆိုပါက ထိုလှိုင်းလုံးကြီးများ၏ တိုက်စားခြင်းကို ခံရပေလိမ့်မည်။

ထိုအနက်ရောင် ကန်ကြီး၏ အလယ်ဗဟိုတွင်တော့ အဆောက်အဦးများ မြောက်မြားစွာ ရှိနေသော ကျွန်းကြီးတစ်ကျွန်း ရှိနေခဲ့သည်။ ထိုနေရာမှာ ရွှီရွှေ ရန်မျိုးနွယ်စု၏ စံအိမ်ကြီး ရှိရာနေရာ ဖြစ်သည်။

"ရှောင်......"

ကြီးမားလှသော သားရဲငှက်ကြီးတစ်ကောင်သည် စံအိမ်ကြီး၏ ရှေ့မှောက်သို့ ဆင်းသက်လာခဲ့ပြီး ငှက်ကြီး၏ ကျောထက်မှ ပုံရိပ်တစ်ခု ဆင်းသက်လာခဲ့သည်။

"ဆင်းခဲ့တော့။"

ထိုလူသည် အသက်လေးဆယ်ကျော် အရွယ်ခန့် ရှိနေပြီဖြစ်သော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် တည်ကြည်လှသော မျက်နှာထား ရှိနေခဲ့ပြီး သူ၏ စိတ်ခံစားချက်မှာ သိပ်ပြီး ကောင်းမွန်နေပုံမရချေ။

ထို့နောက်တွင်တော့ ဆယ်ကျော်သက် အရွယ်ခန့် ရှိနေသော အမျိုးသားတစ်ဦးသည် ငှက်ကြီး၏ ကျောထက်မှ ခုန်ဆင်းလာခဲ့သည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သောအခါ ညည်းတွားသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

သက်လတ်ပိုင်း အမျိုးသားသည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

"မင်းက အခုအချိန်အထိတောင် သေသေချာချာ မရပ်နိုင်သေးဘူးလား"

"မဟုတ်ပါဘူး... ကျွန်တော် သေသေချာချာ ရပ်နိုင်ပါတယ် စတုတ္ထဦးလေး။"

ရန်ယွီက တိုးညှင်းစွာ ပြောလိုက်သော်လည်း သူ၏ နှုတ်ခမ်းများကို ကိုက်ခဲထားခဲ့ပြီး သူ၏ လက်သည်းများမှာလည်း လက်ဖဝါးအတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်နေခဲ့ပြီ ဖြစ်သည်။

ယီယွင်....

သူသည် အခုတော့ လမ်းဘေးက ခွေးအိုကြီးတစ်ကောင်ထက်ပင် မထူးခြားတော့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ရခြင်းမှာ ယီယွင်ကြောင့် ဖြစ်သည်။

သူသည် ရွှီရွှေ ရန်မျိုးနွယ်စုဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ကုတင်ပေါ်မှ မထတမ်း ဆယ်ရက်ခန့် နေခဲ့ရပြီးနောက်မှသာ အခုလိုမျိုး မနည်း ထလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသက်လတ်ပိုင်း အမျိုးသား ပြောခဲ့သကဲ့သို့ပင် သူသည် သေသေချာချာ မရပ်နိုင်သေးချေ။ အနည်းဆုံးတော့ ဤမျှအထိ မြင့်မားလှသော အမြင့်မှ ခုန်ဆင်းရန်မှာ သူ မနည်း လုပ်ဆောင်လိုက်ရခြင်း ဖြစ်သည်။

"ပြန်ပြီးတော့ သေသေချာချာ အနားယူလိုက်ပါ။"

သက်လတ်ပိုင်း အမျိုးသားသည် ရန်ယွီကို တစ်ချက် ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။

ရန်ယွီသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှုများ ဖြတ်သန်းသွားခဲ့သည်။

"စတုတ္ထဦးလေး... ဒါပေမဲ့ ကျွန်တော့်ရဲ့ ဒဏ်ရာတွေက... "

"မိသားစုက မင်းရဲ့ ဒဏ်ရာတွေ အကြောင်းကို သိပြီးသားပါ။"

သက်လတ်ပိုင်း အမျိုးသားက ခေါင်းခါယမ်းလိုက်သည်။

သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာထားကို မြင်လိုက်ရသောအခါ ရန်ယွီ၏ နှလုံးသားမှာ ကျုံ့ဝင်သွားခဲ့ရသည်။ သူသည် အသက်ရှူပင် ကျပ်လာခဲ့ရပြီး သူ၏ ခေါင်းကို ငုံ့လိုက်မိသည်။

"မိသားစုက... ကျွန်တော့်ကို စွန့်ပစ်ဖို့ စီစဉ်နေတာလား"

"စွန့်ပစ်တယ်ဆိုတာကတော့ နည်းနည်း လွန်ကဲပါတယ်၊ ဒါပေမဲ့ မင်းကို ကုသပေးဖို့အတွက် မိသားစုက ရတနာတွေ သို့မဟုတ် ရှေးဟောင်းဖေး အရိုးတွေကို အသုံးပြုလိမ့်မယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

အနာဂတ်မှာတော့ မိသားစု စံအိမ်မှာပဲ နေထိုင်လိုက်ပါ။ မင်းကို အနောက်တောင်ဘက်က စံအိမ်ကို စီမံခန့်ခွဲဖို့ တာဝန်ပေးလိမ့်မယ်။"

စံအိမ်ကို စီမံခန့်ခွဲရမယ် ဟုတ်လား။

ရန်ယွီ၏ နှလုံးသားမှာ သူ၏ နောက်ဆုံးထွက်သက်ကို ဆွဲထုတ်ခံလိုက်ရသကဲ့သို့ လုံးဝ နစ်မြုပ်သွားခဲ့ရပြီ ဖြစ်သည်။ ရွှီရွှေ ရန်မျိုးနွယ်စုတွင် အနာဂတ် မရှိတော့သော ကလေးများကိုသာ စံအိမ်များသို့ စေလွှတ်၍ စီမံခန့်ခွဲခိုင်းလေ့ ရှိကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းမှာ အခြေခံအားဖြင့် ကျင့်ကြံခြင်း လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းရန် မျှော်လင့်ချက် မရှိတော့ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ရန်ယွီသည် တစ်ချိန်က မိသားစုအတွင်းရှိ ထိပ်သီး ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ အနည်းငယ်မျှသော ထိပ်သီးလူအချို့မှလွဲလျှင် သူသည် အတော်ဆုံးလူ ဖြစ်ခဲ့ဖူးသည်။ သို့သော် အခုတော့ သူသည် မိသားစု စံအိမ်များကို စီမံခန့်ခွဲရမည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။

"စတုတ္ထဦးလေး... ကျွန်တော်... "

"တော်တော့ မနက်ဖြန်ကျရင် မင်းအတွက် ဆေးလုံးအချို့နဲ့ ရတနာအချို့ကို ငါ ပြင်ဆင်ပေးထားမယ်။

အပိုတွေ ဆက်မပြောနဲ့တော့။ မင်းက ထိုလူသားကို သွားရောက် အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ မင်းရဲ့ ရန်ယီငါး သွေးမျိုးဆက်ပဲ ပျက်စီးသွားခဲ့ရတယ်။

သူက ကမ္ဘာမြေမီးလျှံခန်းမရဲ့ တပည့်တစ်ယောက်သာ ဖြစ်ပြီး ကျင့်ကြံခြင်း သက်တမ်း အနှစ်သုံးဆယ်ပဲ ရှိသေးတဲ့ လူသားတစ်ယောက် ပဲ။ ဒါတင်မကသေးဘဲ သူက အောက်ပိုင်းနယ်ပယ်ကနေ လာခဲ့တဲ့လူပဲ ဖြစ်သေးတယ် မင်းရဲ့ ဤလုပ်ရပ်က ရွှီရွှေ ရန်မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပြီ။

မိသားစုအနေနဲ့ မင်းရဲ့ သွေးမျိုးဆက်ကို ပြန်လည် ဖြည့်တင်းပေးလိမ့်မယ်လို့ မင်း ထင်နေတာလား။ ရန်ယွီ... မင်းက စမ်းသပ်မှုမှာ ငါ့ကို အလွန် စိတ်ပျက်စေခဲ့တယ်"

သက်လတ်ပိုင်း အမျိုးသား၏ အသံမှာ ခက်ထန်သွားခဲ့ပြီး ရန်ယွီသည်လည်း စိတ်ဓာတ်ကျသွားခဲ့ရကာ သူ၏ နှလုံးသားတစ်ခုလုံး စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

သူ၏ သိုင်းပညာ လမ်းကြောင်းမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သူ သိရှိထားသည်။ သူ့အတွက် အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိရန် အခွင့်အရေး မရှိတော့ချေ။ သူသည် အခြေခံအားဖြင့် မိသားစု၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

သူ၏ စတုတ္ထဦးလေးသည် သူ့ကို အချစ်ဆုံး ဦးလေးများထဲမှ တစ်ဦး ဖြစ်သည်ဆိုသော်လည်း သူကိုယ်တိုင်ကပင် ဤကဲ့သို့ ပြောဆိုလာခဲ့ပြီ ဖြစ်ရာ

"ရန်ယွီ... အေးအေးဆေးဆေးပဲ အနားယူလိုက်ပါ။ အောက်ပိုင်းနယ်ပယ်က လာခဲ့တဲ့ ထိုလူသားနဲ့ ပတ်သက်ပြီးတော့တော့ ငါ မှတ်မိနေမှာပါ။ မင်းကို အပြစ်ပေးတာက ပြဿနာမရှိပေမဲ့ မင်းရဲ့ ရန်ယီငါး သွေးမျိုးဆက်ကို ဖျက်ဆီးပစ်လိုက်တာကတော့ တကယ်ကို လွန်လွန်းလှတယ်။

နိမ့်ကျလှတဲ့ လူသားတစ်ယောက်က ငါတို့ ရွှီရွှေ ရန်မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို ဖျက်ဆီးပစ်ဝံ့ရတယ်လို့လား ဒါက ငါတို့ ရွှီရွှေ ရန်မျိုးနွယ်စုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ"

ဤသို့ ပြောလိုက်သောအခါ သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးများထဲတွင် အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။

ရန်ယွီမှာမူ အလွန်ပင် ဒေါသထွက်သွားခဲ့ရပြီး သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားခဲ့ကာ သူ၏ လက်များမှာလည်း အနည်းငယ် တုန်ရီနေခဲ့သည်။ သူ၏ မျက်လုံးများမှာလည်း သွေးနီရောင် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

"ပြန်လိုက်တော့။ ဒီကိစ္စက ဒီအတိုင်း ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ မင်းအတွက် အဖြေတစ်ခုကို ငါ သေချာပေါက် ရအောင် လုပ်ပေးမယ်"

All Chapters