← Chapters

အခန်း (၈၃၉-၈၄၁)

Vol. 57 Ch. 839-841

အခန်း (၈၃၉-၈၄၁)

Vol. 57 Ch. 839-841

အခန်း ၈၃၉ - ကြားခံဝိညာဉ် သွေးမြွေ ပြန်လည်ထွက်ပေါ်လာခြင်း

ရက်များ ကုန်ဆုံးလာခဲ့ပြီး တစ်လတာ ကြာမြင့်မည့် လေနက်ချိုင့်ဝှမ်း စမ်းသပ်ပွဲ၏ ထက်ဝက်ခန့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လီယာ အပါအဝင် လေနက်ချိုင့်ဝှမ်း၏ ပဉ္စမအဆင့်သို့ ခြေချနိုင်သူ အရေအတွက်မှာ ပိုမို များပြားလာခဲ့ပြီ ဖြစ်သည်။ ယင်းသည်ပင် သခင်ကန်းမန် သတ်မှတ်ထားသော အနိမ့်ဆုံး အဆင့်ပင် ဖြစ်သည်။

လီယာသည် ပဉ္စမအဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သူ အနည်းငယ်ထဲတွင် ပါဝင်သော်လည်း... သူသည် အခြားသူများထက် မည်မျှပင် ရှေ့ရောက်နေပါစေ၊ သူ၏ ဖခင် ကွယ်လွန်သွားသကဲ့သို့ပင် မျက်နှာမှာ ဖြူဖျော့ စိမ်းဖန့်နေတော့သည်။ ကမ္ဘာမြေကျောက်တုံး ၁၅၀ ကျော်ရှိသော အကြွေးထုပ်ကြီးမှာ သူ၏ နှလုံးသားကို ကျောက်တုံးကြီးတစ်ခုကဲ့သို့ ဖိနှိပ်ထားသည်။

ထိုအကြွေးကို မည်သို့ ဆပ်ရမည်နည်းဟု တွေးလိုက်တိုင်း လီယာ ခေါင်းမူးသွားရသည်။

ထိုအရာအားလုံး၏ တရားခံမှာ ယီယွင် ဖြစ်ပြီး သူကတော့ အခုထိ ဒုတိယအဆင့်တွင် တရားထိုင်နေဆဲ ဖြစ်သည်။

"ဒီကောင်က ဘာလို့ အခုထိ တရားထိုင်နေတုန်းလဲ။ သူ ဘယ်တော့မှ တရားထိုင်တာကို အဆုံးသတ်ဖို့ စိတ်ကူးထားတာလဲ" ယီယွင်ကို ကြည့်ရုံရုံနှင့်ပင် လီယာ၏ စိတ်ထဲတွင် ပြေငြိမ်းနိုင်ခြင်းမရှိသော မုန်းတီးမှုများ ဖြစ်ပေါ်လာရသည်။ ယီယွင် ရှေးဟောင်းဖေးအရိုးကို လေးရက်တိုင်တိုင် စုပ်ယူပြီးနောက် မည်သို့သော အစွမ်းမျိုး ပြသနိုင်မလဲဆိုသည်ကို သူ ကြည့်ချင်လှသည်။ ယီယွင် ပဉ္စမအဆင့်တွင် အခြေကျအောင် လုပ်နိုင်ပါ့မလားဆိုသည်ကိုလည်း သူ သိချင်နေသည်။

ထိုစဉ် ရုတ်တရက် သတ္တမအဆင့် အနီးတွင် နီရဲသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ ၎င်းမှာ သွေးကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပသော ခန္ဓာကိုယ်ရှိပြီး ဦးချိုတစ်ခုပါသော မြွေငယ်လေး ဖြစ်သည်။ ထိုမြွေငယ်လေး ထွက်ပေါ်လာသည်နှင့် ထူးဆန်းသော အရှိန်အဝါတစ်ခုကို သယ်ဆောင်လာခဲ့ပြီး လူတိုင်း ၎င်းကို ခံစားလိုက်ရသည်။

ဖေးမျိုးနွယ်စုများအတွက် ထို ကြားခံဝိညာဉ် သွေးမြွေမှာ အလွန် ကြီးမားသော ဆွဲဆောင်မှု ရှိသည့် ရတနာတစ်ခု ဖြစ်သည်။ ထိုဆွဲဆောင်မှုမှာ သူတို့၏ သွေးမျိုးဆက်မှ လာခြင်း ဖြစ်သည်။

လီယာသည် ယီယွင်ကို အာရုံမစိုက်နိုင်တော့ဘဲ သတ္တမအဆင့်တွင် လှည့်လည်သွားလာနေသော နီရဲသော မြွေငယ်လေးကို ကြည့်ရင်း သူ၏ မျက်လုံးများ တောက်ပလာခဲ့သည်။ သူ ၎င်းကို အမှန်တကယ်ပင် လိုချင်မိသည်။ အကယ်၍ သူ ထိုမြွေငယ်လေးကို ဖမ်းမိပါက ကမ္ဘာမြေကျောက်တုံး ၁၅၀ သို့မဟုတ် ၁၆၀ ဆိုသည်မှာ ဘာမဟုတ်တော့ပေ။

ကျောက်တုံး တစ်ထောင်ဆိုလျှင်ပင် သူ၏ မိသားစုမှာ မျက်တောင်တစ်ချက် မခတ်ဘဲ ပေးပေလိမ့်မည်။ သို့သော် ကံဆိုးစွာပင် သူသည် ဆဋ္ဌမအဆင့်မှာပင် အခြေမကျသေးရာ ထိုမြွေငယ်လေးကို ဖမ်းယူရန်မှာ မဖြစ်နိုင်ပေ။

လီယာ သက်ပြင်းချလိုက်မိသည်။ ဆဋ္ဌမအဆင့်တွင် လူသုံးယောက်သာ ရှိသည် ရန်ယွီ၊ လော့ထျန်နှင့် ကုလော့ တို့ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ သုံးယောက်သာလျှင် ကြားခံဝိညာဉ် သွေးမြွေကို ယှဉ်ပြိုင်ဖမ်းယူရန် အရည်အချင်း ရှိကြသည်။

ကြားခံဝိညာဉ် သွေးမြွေ ထွက်ပေါ်လာသည်ကို မြင်သောအခါ ဆဋ္ဌမအဆင့်တွင် တရားထိုင်နေကြသော ထိုသုံးယောက်မှာ ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။ သူတို့ အားလုံးက ထိုသွေးမြွေကို မည်သည့် တန်ဖိုးပေးရပါစေ ရရှိရန် အလိုရှိနေကြသည်။

"လော့ထျန်... ကြားခံဝိညာဉ် သွေးမြွေက ငါ့အပိုင် ဖြစ်ရမယ်"

ရန်ယွီက အော်ဟစ်လိုက်ပြီး သူ၏ သွေးများမှာ ဆူပွက်လာတော့သည်။ ရန်ယီငါး ရှုထောင့်ပုံရိပ်မှာ ရန်ယွီ၏ နောက်ကွယ်တွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ သူသည် တစ်ချက်ခုန်လိုက်ပြီး သတ္တမအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။ ရန်ယွီအတွက် ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ ကူးပြောင်းခြင်းမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

"သတ္တမအဆင့် နောက်ဆုံးတော့ စတင်ခဲ့ပြီ"

ရန်ယွီ သတ္တမအဆင့်သို့ အရင်ဆုံး ဆင်းသွားသည်ကို မြင်ရသောအခါ မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။ သူတို့ကိုယ်တိုင် ကြားခံဝိညာဉ် သွေးမြွေနှင့် ကံမပါဟု သတ်မှတ်ထားသော်လည်း သူတို့ မီးလျှံတိမ်တိုက်ပြည်နယ်မှ နာမည်ကြီး ပါရမီရှင် ရန်ယွီသာ ၎င်းကို ဖမ်းမိပါက သူတို့အတွက် ဂုဏ်ယူစရာ ဖြစ်ပေလိမ့်မည်။

ရန်ယွီက အရင်ဆုံး ခုန်ဆင်းသွားသော်လည်း လော့ထျန်ကမူ ပြုံးရုံသာ ပြုံးနေပြီး မည်သည့် လှုပ်ရှားမှုမျှ မလုပ်သေးပေ။

ရန်ယွီ သတ္တမအဆင့်သို့ ဆင်းသက်လိုက်သည့် ခဏမှာပင် ပတ်ဝန်းကျင်ရှိ မြူနက်များမှာ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ့ကို ဝန်းရံလာခဲ့သည်။ ရန်ယွီသည် ကြိုတင်ပြင်ဆင်မှုများ အားလုံးကို ပြုလုပ်ထားပြီး ဖြစ်သည်။ သူ ဆဋ္ဌမအဆင့်တွင် ဤမျှကြာအောင် ကျင့်ကြံနေခဲ့ခြင်းမှာ ဤအခိုက်အတန့်အတွက် ဖြစ်သည်။

"ဝူး..."

ကြားခံဝိညာဉ် သွေးမြွေမှာ အလွန်ပင် မြန်ဆန်လှသည်။ ရန်ယွီ သတ္တမအဆင့်သို့ ခြေချလိုက်ပြီးသည်နှင့် ၎င်းမှာ လှိုင်းထနေသော မြူနက်များထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် ဟိန်းဟောက်နေသော မြူနက်ပင်လယ်ထဲမှ ကြီးမားသော နဂါးနက်ကြီးတစ်ကောင် သဏ္ဌာန်ပေါ်လာခဲ့သည်။ ၎င်းမှာ ပင်လယ်ကို မွှေနှောက်ရင်း လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားများကို ထုတ်လွှတ်နေသည်။ ၎င်းက ပတ်ခွေကာ ရန်ယွီကို ကိုက်ခဲရန် ဦးတည်လာခဲ့သည်။

"ယား........."

ရန်ယွီက အော်ဟစ်လိုက်သည်။ ရန်ယီငါး ရှုထောင့်ပုံရိပ်မှာ ရုတ်တရက် အရွယ်အစား ကြီးမားလာပြီး ခန္ဓာကိုယ်ကို လှပစွာ လှုပ်ခါလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ရန်ယွီက သူ၏ လက်မောင်းနှစ်ဖက်လုံးဖြင့် ပြင်းထန်သော လက်သီးချက်တစ်ချက်ကို ထိုးနှက်လိုက်သည်။ သူ၏ လက်သီးမျက်နှာပြင်တွင် လှိုင်းထနေသော ရေလှိုင်းများ ပါဝင်နေပုံရပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်နှင့် စွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။

ရန်ယွီနှင့် သူ၏ ရှေးဟောင်းဖေးသွေးမျိုးဆက်မှာ ကောင်းစွာ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

ဒုန်း.......

ရေလှိုင်းပုံစံများနှင့် ရန်ယီငါးတို့မှာ ကြီးမားသော နဂါးနက်ကြီးနှင့် တိုက်မိသွားခဲ့သည်။ ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းများ ထွက်ပေါ်လာပြီး ရန်ယွီသည် သူ၏ လက်မောင်းများ ထုံကျင်သွားကာ နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။

ဒုန်း......

ရန်ယွီသည် ကျောက်တိုင်ကြီးတစ်ခုကို ပြင်းထန်စွာ ဆောင့်မိသွားခဲ့သည်။ သူ၏ လည်ချောင်းထဲသို့ သွေးများ တက်လာပြီး သွေးတစ်လုတ်ပင် အန်ထွက်တော့မလို ဖြစ်သွားခဲ့သည်။ သို့သော် လူအများအပြားက သူ့ကို စောင့်ကြည့်နေသဖြင့် သူသည် အားနည်းချက်ကို မပြလိုပေ။

သူသည် သွေးများကို အတင်းအကျပ် ပြန်မြိုချလိုက်ပြီး သူ၏ စွမ်းအင်များကို ထပ်မံ လည်ပတ်စေလိုက်သည်။

သို့သော် သူသည် အတင်းအကျပ် တောင့်ခံထားနိုင်သော်လည်း သူ၏ စွမ်းအင်များမှာ လျင်မြန်စွာ ကုန်ဆုံးနေပြီး မြူနက်အချို့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ရန်ယွီ ခံစားလိုက်ရသည်။ ရန်ယွီ၏ နှလုံးသားမှာ ထိတ်လန့်သွားသည်။ သတ္တမအဆင့်၏ ခက်ခဲမှုမှာ ဆဋ္ဌမအဆင့်နှင့် လုံးဝ အဆင့်အတန်း မတူပေ။

ယခုအချိန်တွင် ရန်ယွီ၌ ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းယူရန် စိတ်ကူး မရှိတော့ပေ။ သူ၏ အံကို တင်းတင်းကြိတ်ကာ ပတ်ဝန်းကျင်ရှိ မြူနက်လှိုင်းများကို ခုခံနေရသည်။ သူ၏ လက်သီးချက်တိုင်းက ရေလှိုင်းများကို ထွက်ပေါ်စေပြီး ၎င်းတို့က မြူနက်လှိုင်းများနှင့် ထိပ်တိုက်တွေ့ဆုံနေသော်လည်း မြူနက်လှိုင်းများ၏ အကြိမ်ကြိမ် ဖိသိပ်မှုကို ခံနေရသည်။

ဤအတိုင်း ဆက်သွားပါက ရန်ယွီအတွက် သတ္တမအဆင့်တွင် အခြေကျရန်ပင် ပြဿနာ ဖြစ်လာနိုင်ပြီး ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းယူရန်မှာ ပြောနေစရာပင် မလိုတော့ပေ။

မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ စိုးရိမ်တကြီး ဖြစ်လာကြသည်။ ရန်ယွီပင် ဤမျှ ပြဿနာတက်နေလျှင် ကုလော့ကော မည်သို့ဖြစ်မည်နည်း။

"အားနည်းချက်ပဲ"

ဤအချိန်တွင် လော့ထျန်က ရုတ်တရက် စကားပြောလိုက်သည်။ သူသည် ရုန်းကန်နေရသော ရန်ယွီကို ကြည့်ကာ လှောင်ပြောင်ရင်း

"မင်းရဲ့ အစွမ်းနဲ့ဆိုရင် အခြေကျဖို့တောင် ပြဿနာရှိနေတာ၊ ကြားခံဝိညာဉ် သွေးမြွေကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ။ ငါ မင်းနဲ့ မပြိုင်ရင်တောင် မင်း အဲ့ဒါကို ရမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

"မင်း..."

ရန်ယွီမှာ အလွန် ဒေါသထွက်သွားသည်။ သို့သော် လော့ထျန်ကို ပြန်လည် ချေပရန် အချိန်နှင့် စွမ်းအင် မရှိတော့ပေ။ သူ၏ စွမ်းအင်အားလုံးကို မြူနက်လှိုင်းများကို ခုခံရန်သာ အသုံးပြုနေရသည်။

"သေချာ ကြည့်ထားစမ်း"

ထိုသို့ပြောပြီးနောက် လော့ထျန်က အော်ဟစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ရှိ အဆစ်တိုင်းမှ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ လော့ထျန်၏ သွေးမျိုးဆက်မှာ ရှေးဟောင်း ဧရာမ နတ်ဆိုးမျောက်ဝံ ဖြစ်သည်။

ရှေးဟောင်း ဧရာမ နတ်ဆိုးမျောက်ဝံမှာ အလွန် ပြင်းထန်သော ခွန်အား ရှိသည်။ ၎င်းမှာ ကြယ်တာရာများကို ရွှေ့ပြောင်းနိုင်သော အစွမ်းရှိပြီး ရက်စက်ကြမ်းကြုတ်သော စိတ်နေစိတ်ထား ရှိသဖြင့် အလွန် ထိတ်လန့်စရာ ကောင်းလှသည်။

ဧရာမ နတ်ဆိုးမျောက်ဝံ၏ မျိုးဆက်များသည် မပြည့်စုံသော ပုံသဏ္ဌာန်များဖြင့် မွေးဖွားလာကြသည်။ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ဖေးသားရဲ၏ လက္ခဏာများ အမြဲတမ်း ပါဝင်နေတတ်သည်။ ဧရာမ နတ်ဆိုးမျောက်ဝံ၏ မျိုးဆက်များသည် သူတို့၏ သွေးမျိုးဆက်ကို လှုံ့ဆော်ပြီးနောက် သာမန် ကောင်းကင်ဖေးများနှင့် ကွဲပြားသွားကြသည်။ သူတို့တွင် သဘာဝအစွမ်းတစ်ခု ရှိပြီး ၎င်းမှာ သွေးမျိုးဆက် ရှုထောင့်ပုံရိပ်နှင့် တစ်သားတည်း ပေါင်းစပ်နိုင်ခြင်း ဖြစ်သည်။

ထိုသို့ ပေါင်းစပ်ပြီးနောက် လော့ထျန်၏ ခန္ဓာကိုယ်မှာ သွေးမျိုးဆက် ရှုထောင့်ပုံရိပ်ကို ထောက်ပံ့ပေးသော အရိုးစုကဲ့သို့ ဖြစ်လာသည်။ လော့ထျန်ကို ဝန်းရံထားသော ထူထဲပြီး လက်တွေ့ဆန်သော သွေးမျိုးဆက် ရှုထောင့်ပုံရိပ်ကြောင့် ထိုပေါင်းစပ်မှုမှာ ဧရာမ မျောက်ဝံကြီးတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။

လော့ထျန်၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်တက်လှမ်းခြင်းအဆင့် သာ ရှိသေးသဖြင့် သူ၏ သွေးမျိုးဆက် ရှုထောင့်ပုံရိပ်မှာ အလွန်အမင်း မသန်မာသေးပေ။ အကယ်၍ သန်မာပါက သူ ထုတ်ဖော်လိုက်သော အရာမှာ ပေ ၃၀ ရှိသော မျောက်ဝံကြီး မဟုတ်ဘဲ ပေတစ်ထောင် မြင့်မားသော သတ္တဝါကြီး ဖြစ်ပေလိမ့်မည်။

သို့သော် လော့ထျန်၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူ၏ သွေးမျိုးဆက် ရှုထောင့်ပုံရိပ် ဤအဆင့်သို့ ရောက်ရှိခြင်းမှာ အလွန် ထိတ်လန့်စရာ ကောင်းလှပြီ ဖြစ်သည်။ ဒါက အလွန် သန်မာသော ခန္ဓာကိုယ်အစွမ်း ရှိမှသာ ထောက်ပံ့ပေးနိုင်သည်။ ဒါကလည်း လော့ထျန် ဆဋ္ဌမအဆင့်တွင် ဆယ်ရက်ကျော်ကြာ ကျင့်ကြံခဲ့ခြင်း၏ ရလဒ်လည်း ဖြစ်သည်။

လော့ထျန်သည် သူ၏ ဝှက်ဖဲအားလုံးကို အသုံးပြုလိုက်ပြီး သူ၏ ရည်မှန်းချက်မှာ သဘာဝအတိုင်း သတ္တမအဆင့်သို့ ဝင်ရောက်ကာ ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းယူရန် ဖြစ်သည်။ လော့ထျန်သည် အောက်သို့ ဆင်းရန် အလောမတကြီးဘဲ ဆဋ္ဌမအဆင့်ရှိ မြူနက်ရိပ် အများအပြားကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏ ဧရာမ နတ်ဆိုးမျောက်ဝံ သွေးမျိုးဆက်ကို အားဖြည့်ရန်အတွက် နဂါးသွေး မြူနက်များကို ဝါးမျိုလိုက်သည်။

ထို့နောက် လော့ထျန်သည် လေနက်ချိုင့်ဝှမ်း၏ သတ္တမအဆင့်သို့ အောက်သို့ ခုန်ဆင်းသွားခဲ့တော့သည်။ သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရှုထောင့်ပုံရိပ်မှာလည်း သူနှင့်အတူ ရွေ့လျားသွားပြီး ကြီးမားသော မျောက်ဝံလက်ဝါးကြီးက သတ္တမအဆင့်ရှိ နဂါးနက် မြူနက်များကို ရိုက်နှက်လိုက်တော့သည်။

အခန်း ၈၄၀ - ပူးပေါင်းဆောင်ရွက်ခြင်းလော

ဒုန်း........

လော့ထျန်၏ ကြီးမားသော မျောက်ဝံလက်ဝါးကြီးက မြူနက်များဖြင့် ဖွဲ့စည်းထားသော နဂါးခေါင်းကြီးကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ထိုနဂါးခေါင်းကြီးမှာ တုန်ခါသွားသော်လည်း ဟိန်းဟောက်ကာ ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့သည်။

"ဖုန်း........."

လော့ထျန်က နဂါးခေါင်းကို အတင်းဖိနှိပ်ထားသော်လည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားပြီး ကျောက်ကမ်းပါးယံတစ်ခုပေါ်သို့ ကျဆင်းသွားခဲ့ရသည်။

လော့ထျန်သည် ဆူပွက်နေသော သွေးများကို အတင်းအကျပ် ထိန်းချုပ်ရင်း သူ၏ ကြွက်သားများကို ဖောင်းကြွစေကာ ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။

"ဖုန်း"

သူ၏ ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်း ဧရာမ နတ်ဆိုးမျောက်ဝံ သွေးမျိုးဆက်မှာ အဆုံးစွန်အထိ ပေါက်ကွဲထွက်လာခဲ့သော်လည်း လော့ထျန်သည် ထိုနဂါးနက်ကြီးကို ဘာမှမတတ်နိုင်ခဲ့ပေ။ ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုနှင့်အတူ နဂါးနက်ကြီးက လော့ထျန်ကို ဖိနှိပ်လိုက်ရာ သူ၏ နောက်ကွယ်ရှိ ကမ်းပါးယံ နံရံကြီးမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားခဲ့သည်။

လော့ထျန်ပင်လျှင် အားနည်းချက် ရှိနေတာလား။

ဖီးနစ်ပြည်နယ် တပည့်များသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။ လေနက်ချိုင့်ဝှမ်း၏ သတ္တမအဆင့်ရှိ မြူနက်များမှ ဖွဲ့စည်းထားသော နဂါးတစ်ကောင်တည်းတင် ဤမျှ အစွမ်းထက်နေခြင်း ဖြစ်သည်။

လော့ထျန်နှင့် ရန်ယွီ နှစ်ယောက်လုံး ၎င်းကို မတားဆီးနိုင်ကြပေ။

ဤအခိုက်အတန့်တွင် ကုလော့သည်လည်း သတ္တမအဆင့်သို့ ခုန်ဆင်းလာခဲ့သည်။ လော့ထျန်နှင့် နဂါးနက်ကြီးတို့ တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ သူ၏ မံမီရုပ်ကဲ့သို့ ပိန်လှီသော ခန္ဓာကိုယ်ဖြင့် မြူနက်များ၏ အနက်ရှိုင်းဆုံးနေရာသို့ တစ္ဆေတစ်ကောင်ကဲ့သို့ တိုးဝင်သွားခဲ့သည်။

ကုလော့သည် ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းယူရန် အခွင့်အရေးကို အရယူနေခြင်း ဖြစ်သည်။

"အဲဒီကောင်ကတော့"

ဖီးနစ်ပြည်နယ် တပည့်များက စတင် ကျိန်ဆဲကြတော့သည်။ လော့ထျန်က နဂါးနက်ကြီးကို တားဆီးပေးထားသည်ကို အခွင့်ကောင်းယူကာ ကုလော့၏ ခိုးကြောင်ခိုးဝှက် လုပ်ရပ်ကို အခြားစစ်သည်များက စက်ဆုပ်ရွံရှာကြသည်။

သဘာဝအတိုင်းပင် သူတို့ မည်မျှပင် စက်ဆုပ်ရွံရှာပါစေ စောင့်ကြည့်ရုံမှတစ်ပါး အခြားမတတ်နိုင်ကြပေ။ ထိုသုံးယောက်မှလွဲ၍ အခြားမည်သူမျှ သတ္တမအဆင့်သို့ မဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။

ကုလော့မှာ အလွန်ပင် မြန်ဆန်လှသည်။ လော့ထျန်မှာ နဂါးနက်ကြီး၏ ပိတ်ဆို့ခြင်းကို ခံထားရသဖြင့် ၎င်းကို မတားဆီးနိုင်ခဲ့ပေ။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုလော့သည် မြူနက်များထဲသို့ ရောက်ရှိသွားခဲ့သည်။ ကြားခံဝိညာဉ် သွေးမြွေမှာမူ လေနက်ချိုင့်ဝှမ်းတွင် ပျော်ပါးနေသကဲ့သို့ မြူနက်များထဲတွင် အေးအေးဆေးဆေး ကူးခတ်နေသည်။

ကုလော့ သူ၏ထံသို့ ပြေးဝင်လာသည်ကို မြင်သော်လည်း ကြားခံဝိညာဉ် သွေးမြွေမှာ တုန်လှုပ်ခြင်း မရှိပေ။ ထူးဆန်းသည်မှာ ၎င်း၏ မျက်နှာတွင် ထူးဆန်းပြီး ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသကဲ့သို့ပင်။

မြွေတစ်ကောင်၏ အပြုံးကို တွေးမိရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှသည်။

"ရှူး..."

ကြားခံဝိညာဉ် သွေးမြွေသည် သူ၏ လျှာကို မြားတစ်စင်းကဲ့သို့ ထုတ်လိုက်ပြီး ကုလော့ထံသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။ ကုလော့သည် သူ၏ သွေးမျိုးဆက်အစွမ်းကို အသုံးပြု၍ သူ၏ ခြောက်သွေ့နေသော လက်ဝါးဖြင့် ထိုမြွေကို အတင်းဖမ်းဆွဲလိုက်သည်။

"ဖူး"

မြူနက်ထဲမှ သွေးများ ပန်းထွက်လာခဲ့သည်။ ကုလော့သည် ညည်းတွားသံတစ်ခုနှင့်အတူ သူ၏ ခြောက်သွေ့သော လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်ရသည်။ သူ၏ လက်မှာ ကြားခံဝိညာဉ် သွေးမြွေ၏ ဖောက်ထွင်းခြင်းကို ခံလိုက်ရပြီး သွေးပေါက်တစ်ခု ဖြစ်သွားခဲ့သည်။

ဒါက...

ကုလော့၏ ခန္ဓာကိုယ်တွင် ထိတ်လန့်စရာကောင်းသော ခွန်အားရှိကြောင်း လူတိုင်း ကောင်းစွာ သိကြသည်။ ယခင်က လေနက်ချိုင့်ဝှမ်း၏ စတုတ္ထနှင့် ပဉ္စမအဆင့်များတွင် ကုလော့သည် သူ၏ ခန္ဓာကိုယ်အစွမ်းသက်သက်ဖြင့်သာ မြူနက်များကို တောင့်ခံခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤမျှ သန်မာသော ကုလော့၏ ခန္ဓာကိုယ်ပင်လျှင် ချက်ချင်း ဒဏ်ရာရသွားခဲ့ရသည်။ ကြားခံဝိညာဉ် သွေးမြွေကို မည်သို့ ဖမ်းယူနိုင်ပါမည်နည်း။

"ရှူး ရှူး ရှူး"

ကြားခံဝိညာဉ် သွေးမြွေသည် လေထုထဲတွင် ကူးခတ်ရင်း ကုလော့၏ လက်ဝါးမှ ထွက်လာသော သွေးများကို ဝါးမျိုလိုက်သည်။ ထိုအခိုက်အတန့်တွင် ကြားခံဝိညာဉ် သွေးမြွေသည် သူ၏ ပစ်မှတ်ကို ပြောင်းလဲကာ ကုလော့၏ ခန္ဓာကိုယ်ဆီသို့ ဦးတည် တိုက်ခိုက်လာခဲ့သည်။

ကုလော့၏ အမြဲတမ်း သေလူကဲ့သို့ အမူအရာမဲ့နေသော မျက်နှာတွင် နောက်ဆုံး၌ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သူသည် တစ်ချက်ခုန်လိုက်ပြီး ဆဋ္ဌမအဆင့်သို့ ပြန်လည် တက်လှမ်းသွားခဲ့တော့သည်။

လော့ထျန်နှင့် ရန်ယွီတို့သည်လည်း အခြေအနေ မကောင်းသည်ကို သတိပြုမိကြသည်။ လော့ထျန်သည် သူ၏ သွေးမျိုးဆက်အစွမ်းကို အတင်းအကျပ် ထုတ်ဖော်ကာ နဂါးနက်ကြီးကို နောက်သို့ ဆုတ်သွားစေခဲ့သည်။ ထို့နောက် လော့ထျန်နှင့် ရန်ယွီတို့သည်လည်း ဆဋ္ဌမအဆင့်သို့ ပြန်လည် ခုန်တက်သွားကြတော့သည်။

ထိုသုံးယောက် ထွက်ခွာသွားပြီးနောက် ကြားခံဝိညာဉ် သွေးမြွေမှာ အရင်အတိုင်း အေးအေးဆေးဆေး ရှိလှသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ၎င်းသည် မြူနက်များထဲတွင် တစ်ခါတစ်ရံ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် ကူးခတ်နေတော့သည်။

မီးလျှံတိမ်တိုက်ပြည်နယ်နှင့် ဖီးနစ်ပြည်နယ်တို့၏ ထိပ်တန်း ပါရမီရှင် သုံးဦးစလုံး ရှုံးနိမ့်ကာ ပြန်လာခဲ့ကြရပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ရှိနေကြသော လော့မျိုးနွယ်စု တပည့်များမှာ နှလုံးသားများ တုန်လှုပ်သွားကြသည်။ သတ္တမအဆင့်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။

ကြည့်ရသလောက်မှာ သူတို့ သုံးယောက်လုံးတွင် ကြားခံဝိညာဉ် သွေးမြွေကို တစ်ဦးတည်း ဖမ်းယူနိုင်မည့် နည်းလမ်း မရှိကြပေ။ စမ်းသပ်ပွဲ ပြီးဆုံးရန် နောက်ထပ် ဆယ်ရက်ကျော် ကျန်ရှိနေသေးသော်လည်း ထိုအချိန်အတွင်း မိမိကိုယ်ကို အစွမ်းထက်အောင် လုပ်ပြီး တစ်ဦးတည်း ဖမ်းယူရန်မှာ မဖြစ်နိုင်လောက်ပေ။

သူတို့ ပူးပေါင်းဆောင်ရွက်မှသာ... ဖြစ်နိုင်ပေလိမ့်မည်။

ထိုသုံးယောက် ပူးပေါင်းဆောင်ရွက်ပါက တစ်ယောက်က နဂါးနက်ကြီးကို တားဆီးထားစဉ် ကျန်နှစ်ယောက်က ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းယူနိုင်သည်။ ၎င်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်ချေ ရှိသည်။

သာမန် လော့မျိုးနွယ်စု တပည့်များပင် ပူးပေါင်းဆောင်ရွက်မှုကို တွေးမိကြလျှင် ထိုသုံးယောက်လည်း ၎င်းကို သေချာပေါက် တွေးမိကြမည် ဖြစ်သည်။

သို့သော် သူတို့ ပူးပေါင်းဆောင်ရွက်ပါက ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းမိပြီးနောက် လုယူရရှိသော ရတနာကို မည်သို့ ခွဲဝေကြမည်နည်း။

ကြားခံဝိညာဉ် သွေးမြွေကဲ့သို့သော ဝိညာဉ်သတ္တဝါကို ညီတူညီမျှ ခွဲဝေရန်မှာ မဖြစ်နိုင်ပေ။

ထိုသို့ တွေးမိသောအခါ လော့ထျန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ သူ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် နက်နဲပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် ထိုင်နေသော ကန်းမန်ကို မြင်လိုက်ရသည်။

၎င်းက လော့ထျန်ကို ထိတ်လန့်သွားစေသည်။ ထိုမြေခွေးအိုကြီးက ဒါကို တမင်တကာ လုပ်ခဲ့ခြင်းလော။

ကန်းမန်သည် ထိုသုံးယောက်၏ အစွမ်းဖြင့် ကြားခံဝိညာဉ် သွေးမြွေကို တစ်ဦးတည်း မဖမ်းနိုင်ကြောင်း ကောင်းစွာ သိသည်။ သို့သော် သူက သူတို့ကို ပြသထားခြင်းမှာ ရှေ့တွင် ဆွဲထားသော်လည်း စား၍မရသော မက်လုံးတစ်ခုကဲ့သို့ပင် ဖြစ်သည်။

မတူညီသော ပြည်နယ်များမှ လာကြသော ပါရမီရှင်များသည် တစ်ယောက်ကိုတစ်ယောက် အထင်သေးတတ်ကြပြီး တစ်ပြည်နယ်တည်းသား အချင်းချင်းပင်လျှင် မိမိကိုယ်ကျိုးကိုသာ ကြည့်တတ်ကြသည်။ အခြားသူများနှင့် ဝေမျှရန်မှာ သူတို့အတွက် ခွင့်မလွှတ်နိုင်သော ကိစ္စဖြစ်သည်။

ကန်းမန်သည် ဒါကို ကောင်းစွာ သိသော်လည်း သူတို့ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေတစ်ခုကို တမင်တကာ ဖန်တီးထားခြင်း ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု မရှိပါက မည်သူမျှ ဘာမှရရှိမည် မဟုတ်ပေ။ သို့သော် ပူးပေါင်းဆောင်ရွက်ပါက ဆုလာဘ်များကို မည်သို့ ခွဲဝေကြမည်နည်း။

ဒါက ကန်းမန် တမင်တကာ ပေးထားသော ပုစ္ဆာတစ်ပုဒ် ဖြစ်သည်။

"ကန်းမန် ဘာအတွက် ဒါကို လုပ်တာလဲ"

ဟု ရန်ယွီက စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။ ကန်းမန်သည် လော့မျိုးနွယ်စု တပည့်များကို လော့မျိုးနွယ်စုအတွင်း ပြင်းထန်သော ပြိုင်ဆိုင်မှုများ လိုအပ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း ပြောကြားလိုခြင်း ဖြစ်နိုင်ပါသလော။

သို့မဟုတ်ပါက ကန်းမန်သည် သူတို့ တစ်ယောက်ကိုတစ်ယောက် လိမ်လည်လှည့်ဖြားရင်း အပြန်အလှန် တိုက်ခိုက်နေကြသည်ကို ပွဲကြည့်ပရိသတ်အဖြစ် ကြည့်ချင်နေခြင်းလော။ အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်နိုင်သော အသန်မာဆုံး လူက ထိုရှုပ်ထွေးမှုများကြားမှ ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းယူသွားနိုင်မည် ဖြစ်သည်။

သို့သော် ကန်းမန် မည်သည့်အခြေအနေကို မြင်ချင်သည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည်မှာ လော့ထျန်၊ ရန်ယွီနှင့် အပေါင်းအပါများသည် နောင်တွင် သူတို့ အစွမ်းထက်လာသောအခါ လျှို့ဝှက်နယ်မြေများကို သွားရောက် စူးစမ်းကြရမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင်လည်း သူတို့သည် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် သေချာပေါက် ရင်ဆိုင်ကြရပေလိမ့်မည်။

လူတစ်စုက ရတနာတစ်ခုကို လိုက်လံရှာဖွေနေကြသော်လည်း မည်သူမျှ တစ်ဦးတည်း မသိမ်းပိုက်နိုင်သောအခါ သူတို့တွင် ပူးပေါင်းဆောင်ရွက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ထိုသို့ ပူးပေါင်းဆောင်ရွက်ရင်းနှင့်ပင် မိမိ၏ အသင်းဖော်များကို သတိထားကာ တစ်ယောက်ကိုတစ်ယောက် လှည့်ဖြားရန် ကြိုးစားကြရမည် ဖြစ်သည်။

"အဲဒီ မြေခွေးအိုကြီးက ငါတို့ကို တစ်ခုခု ကြံစည်နေတာပဲ"

ဟု ရန်ယွီက ကုလော့နှင့် လော့ထျန်ကို ကြည့်ရင်း သူ၏ မျက်နှာမှာ ပျက်သွားခဲ့သည်။

ကုလော့မှာမူ သူ၏ ထုံးစံအတိုင်း သေလူကဲ့သို့သော မျက်နှာထားဖြင့် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ၏ အတွေးများကို မည်သို့မျှ မဖတ်ရှုနိုင်ပေ။

လော့ထျန်၏ မျက်နှာကို ကြည့်ရုံနှင့်ပင် သူသည် ရန်ယွီနှင့် တူညီသော အတွေးရှိကြောင်း ထင်ရှားလှသည်။

ရန်ယွီက သူ့ကို ကြည့်နေသည်ကို လော့ထျန် သတိပြုမိသောအခါ သူက နှာခေါင်းရှုံ့လိုက်ပြီး

"မင်း ဘာတွေးနေလဲဆိုတာ ငါသိတယ်။ ငါ့မှာ တခြားလူတွေနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထ မရှိဘူး။

ငါတို့ သုံးယောက်လုံး ပြိုင်တူ လှုပ်ရှားကြမယ်၊ ဒါပေမဲ့ အရာအားလုံးက မင်းတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်။ တစ်ယောက်ကိုတစ်ယောက် နောက်ကနေ မဆွဲသရွေ့ ဘယ်သူက ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။

လော့ထျန်က ဤမျှ မာနထောင်လွှားနေသဖြင့် ရန်ယွီသည်လည်း လှောင်ပြောင်လိုက်ပြီး

"ငါလည်း မင်းနဲ့ ပူးပေါင်းဖို့ စိတ်ကူးမရှိပါဘူး။ ငါတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ဆုံးဖြတ်ပြီး ဘယ်သူက အနိုင်ရမလဲဆိုတာ ကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။

ကန်းမန်သည် ကောင်းကင်ယံတွင် တိတ်ဆိတ်စွာ ထိုင်ရင်း ဤအရာအားလုံးကို အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့သည်။

သူသည် လော့ထျန် သို့မဟုတ် ရန်ယွီတို့မှာ မာနကြီးသော သူများဖြစ်ကြောင်းသိသည်။ သူတို့သည် မိမိတို့၏ ရတနာများကို အခြားသူများနှင့် ဝေမျှခြင်းကို မည်သို့ လက်ခံနိုင်ပါမည်နည်း။

ထို့အပြင် လေနက်ချိုင့်ဝှမ်း စမ်းသပ်ပွဲ ပြီးဆုံးရန် ဆယ်ရက်ကျော် ကျန်ရှိနေသေးသည်။ လော့ထျန်နှင့် ရန်ယွီတို့သည် ၎င်းကို သေချာပေါက် အပြိုင်အဆိုင် လုယူကြပေလိမ့်မည်။ သို့သော် ၎င်းမှာ တစ်ဦးတည်းအတွက် မဖြစ်နိုင်ကြောင်း သူတို့ သဘောပေါက်သွားသည့် အချိန်တွင် အခြေအနေမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလာပေလိမ့်မည်။

ကန်းမန်သည် ထိုမာနကြီးသော ပါရမီရှင်များကို အချင်းချင်း ရိုးသားစွာ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မမျှော်လင့်ပေ။ သူသည် ထိုပါရမီရှင်များ ဤသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ မည်သို့ ကိုင်တွယ်ဖြေရှင်းကြမည်နည်းဆိုသည်ကိုသာ ကြည့်ချင်ခြင်း ဖြစ်သည်။

သူတို့ နောက်ကျောကို ဓားနှင့် အထိုးမခံရစေရန် သတိထားရင်း မတတ်သာဘဲ ပူးပေါင်းဆောင်ရွက်ကြမည့် မြင်ကွင်းကို ကြည့်ရခြင်းကလည်း အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။

ကန်းမန်သည် ရလဒ်ကို သိချင်နေမိသည်။ ဒါကတော့ ပျင်းစရာကောင်းလှသော စမ်းသပ်ပွဲသို့ ပါရမီရှင် တပည့်များကို ခေါ်ဆောင်လာရခြင်း၏ တစ်ခုတည်းသော အပျော်အပါးပင် ဖြစ်သည်။

ထိုသို့ တွေးလိုက်မိစဉ် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားပြီး လေနက်ချိုင့်ဝှမ်း၏ ဒုတိယအဆင့်သို့ လှမ်းကြည့်လိုက်သည်။

ဟင်... ထိုလူသားကောင်လေးက ဤမျှကြာအောင် တရားထိုင်ပြီးနောက် နောက်ဆုံးတော့ မတ်တပ်ရပ်လိုက်ပြီလား။

အခန်း ၈၄၁ - ခန္ဓာကိုယ်အကြမ်းခံအောင် လုပ်ခြင်းသည် တစ်ရက်တည်းနှင့် မပြီးမြောက်နိုင်ပါ

ဤအခိုက်အတန့်တွင် လေနက်ချိုင့်ဝှမ်းရှိ လော့မျိုးနွယ်စု တပည့်အားလုံးနီးပါးသည် သတ္တမအဆင့်ရှိ တိုက်ပွဲကိုသာ အာရုံစိုက်နေကြသည်။ ရန်ယွီ၊ ကုလော့နှင့် လော့ထျန်တို့သည် ကြားခံဝိညာဉ် သွေးမြွေကို ဝန်းရံထားပြီး ၎င်းကို အနိုင်ယူရန် ကြိုးစားနေကြသည်။

၎င်းမှာ အလွန် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်သဖြင့် အခြား လော့မျိုးနွယ်စု တပည့်များမှာ ဝင်ရောက် မတိုက်ခိုက်နိုင်သော်လည်း ဘေးမှ စောင့်ကြည့်ရုံမျှနှင့်ပင် ကောင်းမွန်သော အတွေ့အကြုံတစ်ခု ဖြစ်စေသည်။

အချို့လူများဆိုလျှင် တိုက်ပွဲကို ကြည့်ရန်အတွက် သူတို့၏ ကျင့်ကြံခြင်းကိုပင် ခေတ္တရပ်နားထားကြရာ ဒုတိယအဆင့်တွင် တစ်ဦးတည်း ရှိနေသော ယီယွင်ကို မည်သူက အာရုံစိုက်နေပါမည်နည်း။

ထို့ကြောင့် ယီယွင် နိုးလာသောအခါ ကောင်းကင်ယံတွင် ပျံဝဲနေသော ကန်းမန်မှတစ်ပါး အခြားလူ အနည်းငယ်သာ ၎င်းကို သတိပြုမိကြသည်။

ယီယွင်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း သူ၏ မျက်လုံးများထဲတွင် ကြယ်တာရာများ၏ အလင်းရောင်များ တောက်ပသွားသကဲ့သို့ပင်။ သို့သော် ထိုတောက်ပမှုမှာ ခဏချင်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

ယီယွင်၏ မျက်လုံးများသည် ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားခဲ့ပြီး သူ၏ သူငယ်အိမ်မှာ ကလေးငယ်တစ်ဦးကဲ့သို့ပင် ဖြူစင်ကြည်လင်နေသည်။ ၎င်းတို့မှာ နက်မှောင်ပြီး တောက်ပလှသည်။

ယခင် ကျင့်ကြံခြင်း အချိန်အတွင်း ယီယွင်သည် ရှေးဟောင်းဖေး စွမ်းအင်အားလုံးကို စုပ်ယူပြီးစီးခဲ့ပြီ ဖြစ်သည်။ ယခုအခါ ထိုစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးထားသဖြင့် ယီယွင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အတိတ်ကနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

ယခုအချိန်တွင် ယီယွင်သည် ဝတ်စုံနက် နတ်ဆိုးနတ်ဘုရားနှင့် ထိပ်တိုက်တွေ့လျှင်ပင် အကြိမ်ကြိမ် သန့်စင်ထားသော သူ၏ ခန္ဓာကိုယ်ဖြင့် ထိုဝတ်စုံနက် နတ်ဆိုးနတ်ဘုရားကို ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေသည်။

ဟူး...

ယီယွင်၏ ပါးစပ်မှ အဖြူရောင် အလင်းတန်းကဲ့သို့ ထွက်သက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုထွက်သက်သည် ဂူမျက်နှာကြက်ဆီသို့ တည့်တည့် ဦးတည်သွားပြီး ကျောက်ကမ်းပါးယံ တစ်လျှောက်တွင် ဝိညာဉ်တစ်ခု ပါဝင်နေသည့်အလား လှည့်ပတ်နေသော ဓာတ်ငွေ့တစ်ခု ဖြစ်သွားခဲ့သည်။ ၎င်းမှာ အဖြူရောင် မြွေငယ်လေးတစ်စင်းကဲ့သို့ လှုပ်ရှားနေသည်။

သူသည် သူ၏ သွေးကြောပွိုင့်များ အားလုံးကို ဖွင့်လှစ်လိုက်ပြီး သူ၏ သွေးကြောလမ်းကြောင်းများမှာလည်း လုံးဝ ပိတ်ဆို့မှု မရှိတော့ပေ။

ရုတ်တရက် ယီယွင်သည် သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ပြိုင်နက်တည်းမှာပင်... ကြီးမားသော လဟာပြင်ကြီးတစ်ခုကဲ့သို့ ခံစားချက်က သူ့ကို လွှမ်းမိုးသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်တွင် ယွမ်ချီ စွမ်းအင်များ လိုအပ်နေသည်။

အဘယ်ကြောင့်ဆိုသော် ယီယွင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ သူ၏ ကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများနှင့် အရိုးများ အားလုံး သန့်စင်သွားပြီး အလွန်ပင် ခိုင်မာလာခဲ့သည်။ ဒါက ရေလှောင်ကန်ကြီးတစ်ခု အရွယ်အစား ကြီးမားလာပြီး ရေအမြောက်အမြောက်ကို ပိုမို သိုလှောင်နိုင်လာသကဲ့သို့ပင် ဖြစ်သည်။

ယီယွင်၏ ခန္ဓာကိုယ်တွင် ယွမ်ချီ လုံးဝမရှိခြင်း မဟုတ်ဘဲ ယခုရှိနေသော ယွမ်ချီမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်လျှံစေရန်အတွက် မလုံလောက်ခြင်းသာ ဖြစ်သည်။

သန်မာသော ခန္ဓာကိုယ် ရှိခြင်းက ယွမ်ချီကို ပိုမို သိုလှောင်နိုင်စေသည်။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း၏ အကျိုးကျေးဇူးများမှာ ပြောနေစရာပင် မလိုတော့ပေ။

"ဒီရှေးဟောင်းဖေးအရိုးက တကယ်ကို အာနိသင်ကောင်းတာပဲ"

ယီယွင်၏ မျက်နှာတွင် အလွန် ကျေနပ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

သူသည် ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ လေနက်ချိုင့်ဝှမ်း၏ တတိယအဆင့်တွင်ပင် လူအနည်းငယ်သာ ရှိတော့သည်။

"ငါ ကျင့်ကြံနေတာ တော်တော်ကြာသွားပြီ၊ ဒါကြောင့် လေနက်ချိုင့်ဝှမ်းကို စိန်ခေါ်ဖို့ အချိန်တန်ပြီ"

ယီယွင်က မိမိကိုယ်ကိုယ် ပြောလိုက်သည်။

သူသည် တစ်ချက်ခုန်လိုက်ပြီး တတိယအဆင့်သို့ တည့်တည့် ခုန်ဆင်းသွားခဲ့တော့သည်။

ဤအခိုက်အတန့်တွင် တတိယအဆင့်၌ ဘိုင်ချန် ကဲ့သို့သော လူအနည်းငယ် ရှိနေကြသည်။ သူတို့သည် စတုတ္ထအဆင့်တွင် အခြေမကျနိုင်ကြသေးပေ။

ယီယွင် အောက်သို့ ဆင်းလာသည်ကို မြင်သောအခါ ဘိုင်ချန်မှာ မှင်တက်သွားခဲ့ရသည်။

"ဂျူနီယာညီလေး ယီယွင် မင်း အခုမှ ကျင့်ကြံတာ ပြီးတာလား"

လေနက်ချိုင့်ဝှမ်း စမ်းသပ်ပွဲရှိ ကျင့်ကြံခြင်း အချိန်မှာ အလွန်ပင် တန်ဖိုးရှိလှသည်။ လူတိုင်းက အချိန်နှင့် လုနေကြရသော်လည်း ယီယွင်က ရှေးဟောင်းဖေးအရိုးကို စုပ်ယူရန် ဆယ်ရက်ကျော် အချိန်ယူခဲ့သည်။ ကြိုတင်ပြင်ဆင်မှု ကောင်းခြင်းက အလုပ်တွင် နှောင့်နှေးမှု မရှိစေဟု ဆိုရိုးရှိသော်လည်း လေနက်ချိုင့်ဝှမ်းတွင် ကျင့်ကြံမည့် အချိန်ကို ဖြုန်းတီးပစ်လိုက်ရခြင်းမှာ နှမြောစရာ ကောင်းလှသည်။

လေနက်ချိုင့်ဝှမ်း၏ အဆင့်တိုင်းသည် စစ်သည်တော်များအား ၎င်းနှင့် ဖြည်းဖြည်းချင်း အသားကျရန် လိုအပ်သည်။ ရန်ယွီ၊ ကုလော့နှင့် လော့ထျန်တို့ပင်လျှင် ဆဋ္ဌမအဆင့်သို့ ချက်ချင်း ရောက်ရှိခဲ့ကြခြင်း မဟုတ်ပေ။ သူတို့သည် ပဉ္စမအဆင့် (ကုလော့၏ အခြေအနေတွင် ဒုတိယအဆင့်) မှ စတင်ခဲ့ပြီး လေနက်ချိုင့်ဝှမ်းရှိ မြူနက်များနှင့် အသားကျအောင် လုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဆဋ္ဌမအဆင့်သို့ မသွားမီ သူတို့၏ ဖေးမျိုးနွယ်စု သွေးမျိုးဆက်ကို အားဖြည့်ရန်အတွက်လည်း ၎င်းကို အသုံးပြုခဲ့ကြသည်။

ဆဋ္ဌမအဆင့်တွင် သူတို့ သုံးယောက်သည် သတ္တမအဆင့်သို့ မတက်လှမ်းမီ သူတို့၏ တိုးတက်မှုများကို ခိုင်မာအောင် လုပ်ရန် အချိန်အတော်ကြာ ယူခဲ့ကြသည်။ သို့သော် သူတို့သည် အစပိုင်းတွင် ရှုံးနိမ့်ခဲ့ကြရဆဲ ဖြစ်သည်။

ယခုအခါ ယီယွင်တွင် ဆယ်ရက်ကျော်သာ အချိန်ကျန်တော့သဖြင့် လေနက်ချိုင့်ဝှမ်းကို စိန်ခေါ်ရန်အတွက် သူသည် သေချာပေါက် အားနည်းချက် ရှိနေပြီ ဖြစ်သည်။

ယီယွင်က ခေါင်းညိတ်ပြလိုက်ပြီး "ရှေးဟောင်းဖေး စွမ်းအင်က စုပ်ယူရတာ နည်းနည်း ခက်ခဲလို့ အချိန်နည်းနည်း ကြာသွားတာပါ" ဟု ခပ်ပေါ့ပေါ့သာ ပြန်ပြောလိုက်သည်။

"အခု ဆယ်ရက်ကျော်ပဲ ကျန်တော့တာ။ ဂျူနီယာညီလေး ယီယွင်... မင်းကတော့ တကယ့်ကို ဂရုမစိုက်ဘူးပဲ" ဘိုင်ချန် မတတ်သာဘဲ သက်ပြင်းချလိုက်မိသည်။

ယီယွင် သန်မာကြောင်း သူသိသဖြင့် ယီယွင်တွင် မာနကြီးခွင့် ရှိသည်။ ယီယွင် သူ၏ တိုးတက်မှုကို မည်မျှပင် နှောင့်နှေးစေကာမူ သူသည် ဘိုင်ချန်ထက် ပို၍ သန်မာနေဆဲ ဖြစ်သည်။

"အမှန်ပါပဲ၊ ရှေးဟောင်းဖေး စွမ်းအင်က စုပ်ယူရတာ ခက်ခဲပါတယ်။ ဂျူနီယာညီလေး ယီယွင်... မင်း လေးရက်တိုင်တိုင် တောင့်ခံနိုင်ခဲ့တာ တကယ့်ကို အထင်ကြီးစရာကောင်းပါတယ်။ ကံမကောင်းစွာနဲ့ပဲ... အကယ်၍ ရှေးဟောင်းဖေး နန်းတော် စမ်းသပ်ပွဲအပြီးမှာ မင်းအတွက် ရှေးဟောင်းဖေးအရိုးကို သီးသန့်စုပ်ယူဖို့ အချိန်တစ်ခု ရှိခဲ့မယ်ဆိုရင် မင်း ဒီလေနက်ချိုင့်ဝှမ်းမှာ ရက်ပေါင်း ၃၀ အပြည့် ရမှာ ဖြစ်တယ်။ အဲဒါဆိုရင် မင်း ဆဋ္ဌမအဆင့်ကိုတောင် ရောက်နိုင်လိမ့်မယ်"

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ယီယွင် ပိုမို သန်မာလာသည်ကို ဘိုင်ချန် သတိပြုမိပြီးနောက် သူသည် မိမိကိုယ်ကို ယီယွင်နှင့် နှိုင်းယှဉ်ရန် မတွေးတော့ပေ။ ယီယွင်ကဲ့သို့သော ပါရမီရှင်သည် မည်သို့ပင်ဖြစ်စေ သူ့ထက် အဆင့်အတန်း မြင့်မားလွန်းသဖြင့် ယီယွင်နှင့် မိတ်ဆွေဖွဲ့ထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ယီယွင်နှင့် ဘိုင်ချန်တို့၏ စကားပြောသံကြောင့် ယီယွင် နိုးလာသည်ကို လူအများအပြား သတိပြုမိသွားကြသည်။

ဖီးနစ်ပြည်နယ် တပည့်များမှာမူ ယီယွင် နိုးလာခြင်းကို အရေးတကြီး မတွေးကြပေ။ သူတို့၏ အာရုံစိုက်မှုမှာ လော့ထျန်ထံတွင်သာ ရှိနေဆဲ ဖြစ်သည်။

"သာမန် ကောင်းကင်ဖေးတစ်ယောက်ဆိုရင် ရှေးဟောင်းဖေးအရိုးကို စုပ်ယူဖို့ တစ်နှစ်လောက် အချိန်ယူရတယ်။ အဲဒီလူသားကတော့ ဆယ်ရက်ကျော်လောက်ပဲ အချိန်ယူခဲ့ရတာ။ သူ့ရဲ့ ရှေးဟောင်းဖေးအရိုး စုပ်ယူမှုက အတော်လေး အထင်ကြီးစရာ ကောင်းတယ်ဆိုပေမဲ့... ဆယ်ရက်ကျော်အတွင်းမှာ အားနည်းတဲ့ ခန္ဓာကိုယ်ရှိတဲ့ လူတစ်ယောက်ကနေ သန်မာတဲ့ ခန္ဓာကိုယ်အကြမ်းခံ စစ်သည်တော်တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ငါ တကယ် မယုံကြည်နိုင်ဘူး။

ခန္ဓာကိုယ် သန့်စင်တာကို ထားလိုက်ဦး၊ ယွမ်ချီ ကျင့်ကြံခြင်းကိုပဲ ကြည့်။ အခြေခံအကျဆုံး ယွမ်အခြေခံအဆင့် ရှိတဲ့ လူတစ်ယောက်က ရတနာတစ်ခုကို စားပြီး အဆင့်အချို့ကို ကျော်ဖြတ်ကာ ကောင်းကင်တက်လှမ်းခြင်းအဆင့် ပြည့်စုံခြင်းကို ရောက်သွားတယ်ဆိုတာ မင်းတို့ ကြားဖူးလို့လား" ဟု ဖီးနစ်ပြည်နယ် တပည့်တစ်ဦးက ပြောလိုက်သည်။

ခန္ဓာကိုယ် သန့်စင်ခြင်းမှာ တစ်ရက်တည်းနှင့် ပြီးမြောက်နိုင်သော အရာမဟုတ်ပေ။ ရှိနေကြသော ဖေးမျိုးနွယ်စု လော့မျိုးနွယ်စု တပည့် မည်မျှပင် သူတို့၏ ခန္ဓာကိုယ် သန့်စင်ခြင်းအတွက် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ထိုထက်မက အချိန်ပေးခဲ့ကြရပါသနည်း။

ဖေးမျိုးနွယ်စုများသည် နိယာမ ကျင့်ကြံခြင်းတွင် အားနည်းကြသဖြင့် သဘာဝအတိုင်းပင် ခန္ဓာကိုယ် သန့်စင်ခြင်း၌ အချိန်ပိုပေးကြသည်။

အကယ်၍ ယီယွင်က လဝက်ခန့်အတွင်း သူတို့ကို ကျော်ဖြတ်ကာ ခန္ဓာကိုယ် သန့်စင်နိုင်ခဲ့လျှင် သူတို့ အသက်ရှင်နေရခြင်း၏ အဓိပ္ပာယ်မှာ ဘာလဲ။ သူတို့အားလုံး လေနက်ချိုင့်ဝှမ်းထဲသို့ ခုန်ချကာ အဆုံးစီရင်လိုက်ကြခြင်းက ပို၍ ကောင်းပေလိမ့်မည်။

ဖီးနစ်ပြည်နယ် တပည့်များ စကားပြောနေကြစဉ်မှာပင် ယီယွင်သည် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ခုန်ဆင်းသွားခဲ့ပြီ ဖြစ်သည်။

လူအများအပြားက မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေကြသည်။ ယီယွင်သည် သူ၏ ခန္ဓာကိုယ်ကို လဝက်ခန့် သန့်စင်ခဲ့သည်။ အကယ်၍ သူ၏ ခန္ဓာကိုယ် သန့်စင်မှုအဆင့်က သူတို့ထက် သာလွန်သွားပါက ရှေးဟောင်းဖေးအရိုး တစ်ခုတည်းဖြင့် လော့မျိုးနွယ်စုသည် အချိန်တိုအတွင်း ခန္ဓာကိုယ်သန့်စင်ခြင်း ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ခန္ဓာကိုယ်သန့်စင်ခြင်း ပါရမီရှင်တစ်ဦးကို ဤမျှ လွယ်ကူစွာ မည်သို့ ရရှိနိုင်ပါမည်နည်း။

ဤအခိုက်အတန့်တွင် ကန်းမန်၏ အာရုံစိုက်မှုပင်လျှင် ယီယွင်ထံသို့ ရောက်ရှိသွားခဲ့သည်။

ရန်ယွီ၊ လော့ထျန်နှင့် သေလူမျက်နှာနှင့် ကုလော့တို့ပင်လျှင် ယီယွင်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုလေးရက်အတွင်း အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သော ယီယွင်တွင် မည်သို့သော အပြောင်းအလဲများ ရှိနေသလဲဆိုသည်ကို သူတို့လည်း သိချင်နေကြသည်။

ယီယွင်သည် လော့ဖုန်းလင် ရှိနေသော စတုတ္ထအဆင့်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ........

"ဝူး ဝူး ဝူး"

အေးစက်သော လေပြင်းတစ်ခု တိုက်ခတ်လာခဲ့သည်။ ထူထပ်သော မြူနက်များမှာ ဖေးသားရဲများနှင့် သရဲတစ္ဆေများအသွင် ပြောင်းလဲသွားပြီး ယီယွင်ထံသို့ အလုံးအရင်းဖြင့် ပြေးဝင်လာခဲ့ကြတော့သည်။

ယီယွင်သည် နေရာမှ မရွေ့လျားသော်လည်း သူ၏ နောက်ကွယ်ရှိ ကိုးခေါင်းမြွေနဂါး ရှုထောင့်ပုံရိပ်မှာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကြီးမားလာပြီး ၎င်း၏ ခေါင်းကိုးလုံးကို လှုပ်ခါကာ မြူနက်များဖြင့် ဖွဲ့စည်းထားသော ဖေးသားရဲများနှင့် မိစ္ဆာများကို စိတ်ကြိုက် ဝါးမြိုတော့သည်။ ထိုသားရဲများနှင့် မိစ္ဆာများကို ကိုးခေါင်းမြွေနဂါးက ဝါးမြိုလိုက်ပြီး သန့်စင် စွမ်းအင်များအဖြစ် ပြောင်းလဲပေးလိုက်သည်။

ယခုရှိနေသော ယီယွင်အတွက် သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူသည် စွမ်းအင်များနှင့် သွေးချင်းချင်းနီသော အဆီအနှစ်များ၏ အာဟာရကို လိုအပ်နေသည်။

ယီယွင်၏ ခန္ဓာကိုယ်မှာ ခြောက်သွေ့နေသော ရေလှောင်ကန်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် စမ်းရေအမြောက်အမြောက် ချက်ချင်း ရောက်ရှိလာခြင်းက ယီယွင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို သွေးနဂါး၏ သွေးမှ လာသော အနှစ်သာရ စွမ်းအင်များကို အလိုအလျောက် စုပ်ယူစေပြီး လျင်မြန်စွာ ကြီးထွားလာစေသည်။

ယခုအခါ ယီယွင်သည် အနိမ့်ဆုံးအားဖြင့် ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယီယွင်၏ ခန္ဓာကိုယ်၏ သေးငယ်သော အစိတ်အပိုင်းတိုင်းမှာ သန့်စင်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သွေးစွမ်းအင် သို့မဟုတ် ကောင်းကင်မြေပြင် ယွမ်ချီများ မည်မျှပင် ပြင်းထန်စွာ စီးဝင်လာပါစေ၊ ထိုအရာများမှာ အလဟဿ ဖြစ်သွားမည် မဟုတ်ပေ။

သူသည် မြူနက်များထဲတွင် မရှိနေလျှင်ပင် ယီယွင်၏ အသားနှင့် သွေးများမှာ သူ အိပ်ပျော်နေစဉ်မှာပင် ဖြည်းည်းချင်း တိုးတက်ကြီးထွားနေမည် ဖြစ်သည်။

All Chapters