← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း ၂၆၉ - ငါ့ကို နံရံမှီပြီးမှ ထွက်သွားနိုင်အောင် လုပ်မယ် ဟုတ်လား... မင်းကိုယ်မင်း ပြန်ပြီး စွမ်းလှပြီ ထင်နေတာလား...

ကျင်းယွမ်ဂိုဏ်း၊ ထုံထျန်းတောင်ထိပ်။

ဖန်ရှန်းဂူသည် အလယ်ပိုင်းလွင်ပြင်နှင့် မိုင်ပေါင်းသောင်းချီ ဝေးကွာသော်လည်း ဂျိချန်းဖန်၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် ထိုမျှလောက်သော အကွာအဝေးမှာ ဘာမျှမဟုတ်ပေ။

သူသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ဓားအဖြစ် ပြောင်းလဲနိုင်ပြီး ဓားပျံသန်းခြင်းအတတ်ဖြင့် မိုင်ပေါင်းသောင်းချီသော ခရီးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်နိုင်သည်။

ဖန်ရှန်းဂူမှ ကျင်းယွမ်ဂိုဏ်းသို့ ပြန်လာရန် ဂျိချန်းဖန်အတွက် တစ်နာရီ၏ လေးပုံတစ်ပုံ (၁၅ မိနစ်) ပင် မကြာလိုက်ချေ။

“ရှူး”

အားနည်းသော ဓားအလင်းတန်းတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ ဂျိချန်းဖန်၏ ပုံရိပ်မှာ ယွီချင်းခန်းမအတွင်း၌ တိတ်ဆိတ်စွာ ပေါ်ပေါက်လာတော့သည်။

“အခုဆိုရင် တခြား ဒုက္ခပေးမယ့်ကိစ္စတွေ မရှိတော့ဘူး မဟုတ်လား...”

ဂျိချန်းဖန်မှာ သူ့ဘာသာ တွေးတောနေမိသည်။

မိစ္ဆာဂိုဏ်းမှ ဒုက္ခပေးနိုင်သည့် လူအများစုကို သူ သုတ်သင်ပြီးပြီဖြစ်ရာ ဝမ်ရန်ဝမ် တစ်ယောက်သာ ကျန်ရှိတော့သဖြင့် သူလည်း ယခုအချိန်တွင် ဘာမျှ လုပ်ရဲမည်မဟုတ်ပေ…

ဖန်ရှန်းဂူ ကိစ္စကိုလည်း လုံးဝ ကိုင်တွယ်ဖြေရှင်းပြီးပြီ ဖြစ်သည်။

ယန်ဟုန်ကို အသုံးချကာ အချို့သော အကူအညီများ ပေးခဲ့သဖြင့် ပြဿနာရှိမည် မဟုတ်တော့ပေ။

ဘာပဲဖြစ်ဖြစ် လူတိုင်းကို ဖြေရှင်းပြီးပြီဖြစ်ရာ အကြွင်းအကျန် အချို့ကိုမူ သူ လိုက်မနှောက်ယှက်လိုတော့ပေ။

အမှန်စင်စစ် သူ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် သားရဲနတ်ဘုရား ကိုယ်တိုင် ရောက်လာလျှင်ပင် ဘာမျှ မဟုတ်ချေ။

“ဪ၊ ဟုတ်သားပဲ...”

“သားရဲနတ်ဘုရား တစ်ယောက် ကျန်သေးတာပဲ......”

ဂျိချန်းဖန် အနည်းငယ် စဉ်းစားလိုက်မိသည်။

သားရဲနတ်ဘုရားမှာ အမှန်တကယ် ကိုင်တွယ်ရခက်ခဲသူ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက မသေနိုင်သော ခန္ဓာကိုယ် ရှိနေသည်။

လင်လုံ၏ ခန္ဓာကိုယ်ကို ငှားရမ်းကာ ပြန်လည်ရှင်သန်လာပြီး သူ၏ မသေနိုင်သော ခန္ဓာကို ဆုံးရှုံးသွားသည့် အချိန်ကျမှသာ ကိုင်တွယ်ရ ပိုလွယ်ကူလိမ့်မည် ဖြစ်သည်…

ထို့ပြင် ဂျိချန်းဖန်သည် သားရဲနတ်ဘုရားထံမှ ‘မကောင်းဆိုးဝါးချီ’ မြစ်ဖျားခံရာကိုလည်း စိတ်ဝင်စားနေပေသည်။

သူ စိတ်ကူးထားသည့် ‘ကျူးရှန်း ဓားလေးစင်’ ကို ဖော်စပ်ရန်အတွက် ကြီးမားလှသော မကောင်းဆိုးဝါးချီ လိုအပ်ပေသည်။

ဖျက်ဆီးနိုင်စွမ်း တစ်ခုတည်းကို ကြည့်လျှင် မကောင်းဆိုးဝါးချီကို ယှဉ်နိုင်သော စွမ်းအင် ခန္ဓာကိုယ်မျိုး မရှိသလောက်ပင်။

ကျူးရှန်း ဓားလေးစင်ကို သန့်စင်ရန်အတွက် မြေကမ္ဘာမှ မကောင်းဆိုးဝါးချီ အမြောက်အမြားကို စားသုံးရမည် ဖြစ်သည်။

အကယ်၍ သူကိုယ်တိုင် တစ်ခုချင်း လိုက်လံစုဆောင်းမည်ဆိုလျှင် မည်မျှကြာမည်ကို မည်သူ သိနိုင်မည်နည်း......

သားရဲနတ်ဘုရားကဲ့သို့သော လမ်းလျှောက်နေသည့် မကောင်းဆိုးဝါးချီ စုဆောင်းစက်ကို တိုက်ရိုက် အသုံးချလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်…

“သားရဲနတ်ဘုရားက အရမ်းကြီး စောစောစီးစီး ပြန်မရှင်လာဖို့ပဲ မျှော်လင့်ရတာပဲ”

ဂျိချန်းဖန်သည် ရင်ထဲ၌ ညည်းတွားနေမိသည်။ ပြန်ရှင်လာသည်မှာ ပြဿနာ မရှိသော်လည်း အနည်းငယ် နောက်ကျမှ ရှင်လာပါရန် ဆုတောင်းရမည်။

သူ၏ မင်္ဂလာပွဲကိုတော့ လာမနှောက်ယှက်စေချင်ပေ။

တကယ်တော့ သားရဲနတ်ဘုရားသည် သူ၏ အချိန်ဇယားအတိုင်း ပြန်လည်ရှင်သန်လာလျှင်ပင် ဂျိချန်းဖန်၏ မင်္ဂလာပွဲကို လာရောက်နှောက်ယှက်ချင်မှ နှောက်ယှက်ပေလိမ့်မည်။

သားရဲနတ်ဘုရား၏ ‘အချစ်’ အပေါ် ထားရှိသော အမြင်အရဆိုလျှင် သူသည် မင်္ဂလာဆောင် အရက် လာသောက်လျှင်ပင် သောက်နေဦးမည် ဖြစ်သည်။

ထိုအချက်ကို တွေးမိသောကြောင့်လည်း ဂျိချန်းဖန်သည် သားရဲနတ်ဘုရားကိစ္စကို အထူးတလည် လိုက်မလုပ်နေခြင်း ဖြစ်ပေသည်။

အကယ်၍ သူက အလိုက်သိမည်ဆိုလျှင် မင်္ဂလာဆောင် အရက် လာသောက်သည်ကို ဂျိချန်းဖန် မကန့်ကွက်ပေ။

သို့သော် အကယ်၍ သူက အလိုက်မသိလျှင်မူ အသေသာ ပြင်ထားသင့်သည်...

“ဘုန်း......”

ထိုစဉ်မှာပင် ထုံထျန်းတောင်ထိပ်၏ အနောက်တောင်ကုန်းမှ မမြင်နိုင်သော စွမ်းအင်ဖိအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ မြေကမ္ဘာဝိညာဉ်စွမ်းအင်များမှာလည်း အကြောင်းရင်းမရှိ ဂနာမငြိမ် ဖြစ်လာတော့သည်။

“ဝီ ဝီ ဝီ”

အဆုံးမဲ့သော မြေကမ္ဘာဝိညာဉ်စွမ်းအင်များမှာ အနောက်တောင်ကုန်းရှိရာသို့ လျင်မြန်စွာ စုပြုံသွားကြသည်။

“ဟင်...”

ဂျိချန်းဖန် အနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် ထုံထျန်းတောင်ထိပ်၏ အနောက်တောင်ကုန်းဘက်သို့ လှမ်းကြည့်လိုက်ရာ တစ်စုံတစ်ယောက် ကျင့်ကြံခြင်းအဆင့် တက်လှမ်းနေသည်ကို သတိထားမိလိုက်သည်။

၎င်းက ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းနေခြင်းလား...

“အဲဒါက…”

“ရှောင်ပိုင်ရဲ့ အိမ်ရာလေးပဲ...”

ဂျိချန်းဖန်မှာ အံ့သြသွားရသည်။ သူသည် စိုးစဉ်းမျှ တွေဝေမနေဘဲ ယွီချင်းခန်းမမှ ထွက်ခွာကာ ရှောင်ပိုင်ရှိရာ အိမ်ရာလေး၏ အပြင်ဘက်သို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။

“ဘုန်း...”

မြေကမ္ဘာဝိညာဉ်စွမ်းအင်များမှာ ဆက်လက် လှိုင်းထနေဆဲ ဖြစ်သည်။

ကြီးမားလှသော ဝိညာဉ်စွမ်းအင်များမှာ စုစည်းလာပြီး အိမ်ရာအထက်၌ မမြင်နိုင်သော ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခုကို လျင်မြန်စွာ ဖြစ်ပေါ်စေကာ မိုင်ပေါင်းများစွာအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေတော့သည်။

“ရှူး”

ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ အစိမ်းရင့်ရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော တောက်ရွှမ်းသည် ဂျိချန်းဖန်၏ ဘေးနားတွင် ရုတ်တရက် ပေါ်ပေါက်လာ၏။

“ဂိုဏ်းချုပ်”

“စီနီယာဦးလေး”

ဂျိချန်းဖန်က အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

တောက်ရွှမ်းက လက်ကို အသာအယာ ဝေ့ယမ်းပြလိုက်ပြီး ရှေ့မှ အိမ်ရာလေးကို အံ့သြစွာ ကြည့်ကာ “တာအိုမိတ်ဆွေ ကိုးမြှီးမြေခွေးက ထိုက်ကျင်းနယ်ပယ်ကို တက်လှမ်းတော့မှာလား...”

“ဒါကတော့ ဟုတ်ပုံရပါတယ်” ဂျိချန်းဖန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

သူကိုယ်တိုင်လည်း အနည်းငယ် အံ့သြမိသည်။

သူသည် ရှောင်ပိုင်ကို ဆေးလုံးပေးခဲ့သည်မှာ မကြာသေးဘဲ သူမက ချက်ချင်းပင် ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားနေသည် မဟုတ်ပါလား...

ဤသည်မှာ အဓိပ္ပာယ်ရှိပေသည်။

ရှောင်ပိုင်သည် ရှန်ကျင်းအထွတ်အထိပ်တွင် နှစ်ပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့ပြီး သူမ၏ အခြေခံမှာ နက်ရှိုင်းလွန်းလှရာ ထိုက်ကျင်းသို့ တက်လှမ်းရန် အခွင့်အရေးတစ်ခုသာ လိုအပ်နေခြင်း ဖြစ်သည်။

တောက်ရွှမ်းက အနည်းငယ် သက်ပြင်းချကာ

“တာအိုမိတ်ဆွေ ကိုးမြှီးမြေခွေးကလည်း ထိုက်ကျင်းနယ်ပယ်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ အခုဆိုရင် ငါတို့ ကျင်းယွမ်ဂိုဏ်းမှာ ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ စုစုပေါင်း ၅ ယောက်တောင် ရှိသွားပြီပေါ့...”

ထိုက်ကျင်းနယ်ပယ် ၅ ယောက် ဟုတ်လား... ထိုထက် ပိုနိုင်သေးသည်...

ရေကိရင်နှင့် ဖီးနစ်ငှက်တို့ ဆေးလုံးစားပြီးနောက် ကျင်းယွမ်ဂိုဏ်းတွင် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ နောက်ထပ် ၂ ယောက် ထပ်တိုးလာလိမ့်ဦးမည်။

ဤသို့ဆိုလျှင် ကျင်းယွမ်ဂိုဏ်းတွင် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ စုစုပေါင်း ၇ ယောက်တောင် ရှိလာမည်ဖြစ်သည်။

ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ကောင်းသည့် အခြေခံအင်အားမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

ကျင့်ကြံခြင်း သမိုင်းတစ်လျှောက်တွင် မည်သည့်ဂိုဏ်းကမျှ ထိုကဲ့သို့သော အခြေခံအင်အားကို မပိုင်ဆိုင်ခဲ့ဖူးချေ......

“ဘုန်း”

ပတ်ဝန်းကျင်ရှိ မြေကမ္ဘာဝိညာဉ်စွမ်းအင်များမှာ တဖြည်းဖြည်း နည်းပါးလာသည်။

၎င်းတို့အနက် အများစုမှာ ရှောင်ပိုင်၏ စုပ်ယူခြင်းကို ခံလိုက်ရပြီဖြစ်သည်။

ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းရန် ဝိညာဉ်စွမ်းအင် အမြောက်အမြား လိုအပ်ရာ ဤနေရာရှိ ပမာဏမှာ မလုံလောက်နိုင်ပေ…

ထိုသို့ တွေးမိသောအခါ ဂျိချန်းဖန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် ခဏတာ စဉ်းစားပြီးနောက် ဝိညာဉ်အရည် တစ်စက်ကို ထုတ်ယူလိုက်၏။

ဤသည်မှာ ကောင်းကင်ဧကရာဇ် ရတနာသိုက်မှ ရရှိခဲ့သော သက်ရှည်နတ်ဆေးရည် ဖြစ်ပြီး သူသည် ဆေးလုံးအဖြစ် မသန့်စင်ရသေးပေ။

ထိုဝိညာဉ်အရည် တစ်စက်တည်းမှာပင် ရှောင်ပိုင်၏ အဆင့်တက်ခြင်းကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်…

“ဘုန်း...”

ဝိညာဉ်အရည်မှာ အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး မြူနှင်းများအဖြစ် အသွင်ပြောင်းသွားသည်အထိ ထူထပ်လှပေသည်။

“ဝီ ဝီ ဝီ”

မကြာမီမှာပင် လုံလောက်သော ဝိညာဉ်စွမ်းအင် အထောက်အပံ့ကြောင့် ရှောင်ပိုင်၏ အဆင့်တက်လှမ်းမှုမှာ အထူးပင် ချောမွေ့သွားခဲ့သည်။

အိမ်ရာအတွင်းမှ အလွန်အမင်း အစွမ်းထက်သော အငွေ့အသက်များမှာ စဉ်ဆက်မပြတ် ထွက်ပေါ်လာနေပြီး အိမ်ရာအထက်တွင် ကိုးမြှီးနတ်မြေခွေး၏ ပုံရိပ်မှာ တဖျတ်ဖျတ် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေပေသည်...

“ဘုန်း...”

ခဏအကြာတွင် အိမ်ရာအတွင်းမှ အငွေ့အသက်များမှာ တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာသွားပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

“ကလစ်”

အိမ်ရာ၏ တံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။ ဝတ်စုံဖြူနှင့် ကျော့ရှင်းလှပသော အမျိုးသမီးတစ်ဦးသည် ပျင်းရိပျော့ပြောင်းသော အမူအရာဖြင့် လမ်းလျှောက်ထွက်လာ၏။

သူမ၏ ဆံပင်များမှာ ဆီးနှင်းများအလား ဖြူဖွေးနေပြီး ပုခုံးပေါ်သို့ ဝဲကျနေကာ သူမ၏ နုနယ်လှပသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်အချို့ ရှိနေပေသည်။

ရှောင်ပိုင်သည် အိမ်ရာအပြင်ဘက်ရှိ ဂျိချန်းဖန်နှင့် အခြားတစ်ယောက်ကို သတိပြုမိလိုက်သည်။

“ဂုဏ်ယူပါတယ် တာအိုမိတ်ဆွေ ကိုးမြှီးမြေခွေး”

တောက်ရွှမ်းက ပြုံးလျက် ဂုဏ်ပြုလိုက်သည်။

၎င်းကို ကြားသောအခါ ရှောင်ပိုင်က အနည်းငယ် ဦးညွှတ်ကာ “ကျွန်မကို စောင့်ရှောက် ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တောက်ရွှမ်း”

တောက်ရွှမ်းက လက်ကို အသာအယာ ဝေ့ယမ်းပြလိုက်ပြီး ဂျိချန်းဖန်ကို တစ်ချက်ကြည့်ကာ ရယ်မောလျက် “ဒါက ကိစ္စအသေးအဖွဲပါ၊ အသေးအဖွဲပါ။ ငါလည်း အရင်သွားတော့မယ်။ မင်းတို့နှစ်ယောက် စကားပြောကြဦး…”

ထိုသို့ပြောပြီးနောက် တောက်ရွှမ်းမှာ လှည့်ထွက်သွားတော့သည်။ ဂျိချန်းဖန်သည် ရှောင်ပိုင်ကို စပ်စုလိုသော အကြည့်ဖြင့် “ဘယ်လိုခံစားရလဲ... ထိုက်ကျင်းနယ်ပယ်ကို ရောက်သွားတော့ ထူးခြားတဲ့ အပြောင်းအလဲတွေ ရှိလား...”

“အပြောင်းအလဲတွေ ဟုတ်လား...”

ရှောင်ပိုင်၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။

သူမသည် ပြုံးလျက် ဂျိချန်းဖန်၏ မေးစေ့ကို လက်ဖြင့် မပင့်တင်လိုက်ပြီး အခြားလက်တစ်ဖက်ကမူ သူ၏ ရင်ဘတ်ပေါ်တွင် ပွတ်သပ်လျက် ပြောလိုက်သည် -

“ကျွန်မ ခံစားနေရတာကတော့… အခုဆိုရင် ရှင် နံရံကိုမှီပြီးမှ ထွက်သွားနိုင်အောင် လုပ်နိုင်မယ်လို့ ထင်နေတာပဲ၊ တစ်လလောက် ကုတင်ပေါ်က မဆင်းနိုင်အောင် လုပ်ပစ်မယ်......”

ထိုသို့ပြောပြီးနောက် ရှောင်ပိုင်သည် ဂျိချန်းဖန်၏ လက်မောင်းကို ဆွဲကာ အိမ်ရာအတွင်းသို့ တွေဝေမနေဘဲ ဆွဲခေါ်သွားတော့သည်

“ဟေး၊ ဟေး၊ ဟေး...”

ဂျိချန်းဖန်မှာ အံ့အားသင့်သွားရသည်။ ငါ့ကို နံရံမှီပြီးမှ ထွက်သွားနိုင်အောင် လုပ်မယ် ဟုတ်လား... အဲဒါ တကယ်ပဲလား...

ရှောင်ပိုင်ကတော့ သူမကိုယ်သူမ ပြန်ပြီး စွမ်းလှပြီလို့ ထင်နေခြင်းပင်......

…

အခန်း ၂၇၀ - မင်္ဂလာပွဲမတိုင်မီ ပြင်ဆင်မှုများ... မင်္ဂလာဝတ်စုံနှင့် လုရွှယ်ချီ...

“ဝုန်း...”

မမြင်နိုင်သော အစီအရင်တစ်ခုမှာ ပျံ့လွင့်သွားပြီး ခြံဝင်းတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။

ခြံဝင်းအတွင်းမှ မည်မျှပင် ကျယ်လောင်သော အသံများ ထွက်ပေါ်နေပါစေ၊ ထိုအစီအရင်က အပြင်သို့ အသံမပေါက်အောင် လုံးဝ ပိတ်ဆို့ထားနိုင်ပေသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်.....

ရက်အနည်းငယ်မှာ ဆက်တိုက် ကုန်ဆုံးသွားခဲ့သည်။ ရှောင်ပိုင်၏ လှပသော မျက်နှာလေးမှာ နီမြန်းနေပြီး သူမ၏ ပြည့်စုံလှသော ခန္ဓာကိုယ်မှာ ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေရကာ မည်သည့်အင်အားမျှ မထုတ်နိုင်တော့ပေ။

“ရှူး...”

ဖြူစင်သော ဝတ်စုံဖြူလေးမှာ ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲ ပြန့်ကျဲနေ၏။ ပျင်းရိပျော့ပြောင်းနေသော ကိုးမြှီးနတ်မြေခွေးပုံ ပန်းထိုးထားသည့် အဝါနုရောင် အတွင်းခံအင်္ကျီလေးမှာလည်း ဘေးတစ်ဖက်သို့ လွင့်စင်နေရာ ယခုအချိန်ရှိ ရှောင်ပိုင်နှင့် အတော်ပင် တူညီနေပေသည်။

“ရှင်ကတော့.....”

ရှောင်ပိုင်၏ အသံမှာ အလွန်ပင် တိမ်ဝင်နေပေသည်။

သူမ၏ လည်ချောင်းမှာ ရက်အနည်းငယ်ကြာအောင် ပြင်းထန်စွာ အလုပ်လုပ်ခဲ့ရသဖြင့် ယခုအခါတွင်မူ အသံပင် မထွက်နိုင်တော့ဘဲ သပိတ်မှောက်နေသည့်အလား ရှိနေ၏။

“ရှင် မပင်ပန်းဘူးလား......”

ရှောင်ပိုင်သည် သူမ၏ နှုတ်ခမ်းနီနီလေးကို အသာအယာ ကိုက်လိုက်သည်။

သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများက ဂျိချန်းဖန်အား မယုံကြည်နိုင်သလို ကြည့်နေမိ၏။

သုံးရက်တောင်... သုံးရက်တိုင်တိုင် မနားတမ်း... လူသားမျိုးနွယ်က တကယ်ပဲ ဒီလို လုပ်နိုင်လို့လား...

“ဟဲဟဲ...” ဂျိချန်းဖန်က အသာအယာ ရယ်မောလိုက်ပြီး ရှောင်ပိုင်၏ မျက်နှာလေးကို ပွတ်သပ်ကာ ပေါ့ပေါ့ပါးပါး အမူအရာဖြင့်

“ဘာလဲ... ခုနကတော့ ငါ့ကို နံရံမှီပြီးမှ ထွက်သွားနိုင်အောင် လုပ်မယ်ဆိုပြီး ကြုံးဝါးနေတာ မဟုတ်လား... အခုတော့ ကြောက်သွားပြီလား...”

“ကျွန်မက.....”

ရှောင်ပိုင်မှာ အနည်းငယ် နာကျင်ခံစားရသလို ဖြစ်သွားသည်။ တကယ်တော့ ဘယ်သူက မိစ္ဆာမျိုးနွယ် လဲဆိုတာတောင် ခွဲရခက်နေပြီ မဟုတ်ပါလား......

ဂျိချန်းဖန်သည် သူ၏ ဝတ်စုံကို ပြန်လည် ဝတ်ဆင်လိုက်သည်။ သူသည် ‘ငါးကလေး’ ရှောင်ပိုင်ကို လန်းဆန်းသော အမူအရာဖြင့် ကြည့်ကာ ပြုံးလျက်

“ဒီနေ့တော့ မင်း ကုတင်ပေါ်က ဆင်းနိုင်မှာ မဟုတ်တော့ဘူး ထင်တယ်”

“ကောင်းကောင်း အနားယူလိုက်ပါဦး”

“ဖူး...” ရှောင်ပိုင်က ဂျိချန်းဖန်ကို စိတ်တိုတိုဖြင့် ကြည့်လိုက်ပြီးနောက် စောင်ထဲသို့ လှိမ့်ဝင်ကာ ကိုယ်ကို ဖုံးအုပ်ထားလိုက်တော့သည်။

သူမ၏ မျက်နှာလေးမှာ အတော်ပင် မကျေမနပ် ဖြစ်နေ၏။ ဤတစ်ကြိမ်တွင်မူ ‘ငါးကလေး’ ဟူသော ဘွဲ့မှာ လုံးဝ အတည်ဖြစ်သွားခဲ့ပြီ။

ဘာဖြစ်လို့လဲ... သူမက ထိုက်ကျင်းနယ်ပယ်ကိုတောင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီလေ...

တကယ်တမ်း ပြောရလျှင် ဂျိချန်းဖန်သာ ထိုက်ကျင်းနယ်ပယ်မှာပဲ ရှိနေဦးမည်ဆိုပါက ရှောင်ပိုင်ကို ဤမျှအထိ အသာစီးရနိုင်မည် မဟုတ်ပေ။

အကြောင်းမှာ သူမက မိစ္ဆာမျိုးနွယ် ဖြစ်သဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ လူသားထက် သဘာဝအတိုင်း ပိုမိုမြင့်မားသောကြောင့် ဖြစ်သည်။

သို့သော် ဂျိချန်းဖန်မှာ ထိုက်ကျင်းနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီ မဟုတ်ပါလား။

သူ၏ အစွမ်းထက်သော ကျင့်ကြံမှု အရှိန်အဝါအောက်တွင် ရှောင်ပိုင်မှာ အနိုင်ပိုင်းခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။

...

...

ရက်အနည်းငယ် ကြာပြီးနောက်...

ဂျိချန်းဖန်၏ ဖန်ရှန်းဂူမှ လုပ်ရပ်များမှာ နတ်ဘုရားနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သလို ကျင်းယွမ်ဂိုဏ်းသားများလည်း သိရှိသွားကြပြီ ဖြစ်သည်။

ထိုခဏ၌ တောင်ထိပ်ခုနစ်ခုမှ တောင်ထိပ်သခင်များမှာ ထုံထျန်းတောင်ထိပ်သို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။

ထိုအထဲတွင် တောက်ရွှမ်းမှာ အံ့အားသင့်ဆုံး ဖြစ်ပေသည်။

မနက်ပိုင်းတွင် ဂျိချန်းဖန်အား ဖန်ရှန်းဂူသို့ ဘယ်တော့သွားမလဲဟု မေးမြန်းခဲ့ရာ ဂျိချန်းဖန်က ချက်ချင်းသွားမည်ဟု ဖြေကြားခဲ့သည်။

သို့သော် နေ့လယ်ပိုင်းတွင် ဂျိချန်းဖန်ကို ပြန်တွေ့ရသဖြင့် သူ မသွားရသေးဘူးဟု ထင်မှတ်ခဲ့သော်လည်း... ရလဒ်မှာ မည်သို့ဖြစ်သနည်း... သူက ကိစ္စအားလုံးကို ရှင်းလင်းပြီး ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်...

တောင်ပိုင်းနယ်စပ်နှင့် အလယ်ပိုင်းလွင်ပြင်ကို တစ်ဝက်တစ်ပျက်အတွင်း အသွားအပြန် လုပ်နိုင်ခဲ့သည် ဟုတ်လား...

ထို့ပြင် ထိုကြားထဲတွင် ယွမ်ယီလန်ကို ဓားတစ်ချက်တည်းနှင့် သတ်ရန် မိနစ်အနည်းငယ်သာ အချိန်ပေးခဲ့ရသည်လား......

ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားမျိုးနည်း...

တောင်ထိပ်သခင်များ အားလုံး - “.........”

ဤကိစ္စကို သိရှိပြီးနောက် တောင်ထိပ်သခင် ခုနစ်ဦးစလုံးမှာ ဆွံ့အမှင်သက် ဖြစ်နေကြရသည်။

ပတ်ဝန်းကျင်ရှိ အခြားသော ရှန်ကျင်းအကြီးအကဲများမှာလည်း ထပ်တူပင် ဖြစ်ကြ၏။

လုရွှယ်ချီ၏ မျက်ဝန်းများမှာ အနည်းငယ် ဝိုင်းစက်သွားပြီး ပါးစပ်ကလေး အနည်းငယ် ဟလျက် မြင့်မားသော စင်မြင့်ထက်ရှိ ဝတ်စုံနက်နှင့် လူငယ်လေးကို အံ့အားသင့်စွာ ကြည့်နေမိရာ သူမ၏ ရင်ထဲ၌လည်း လှုပ်ခတ်မှုများ ဖြစ်ပေါ်နေပေသည်.....

...

ဆူရုမှာ အနည်းငယ် တွေဝေနေမိသည်။ သူမသည် ဂျိချန်းဖန်ကို ကြည့်ကာ ခဏတာ စဉ်းစားပြီးနောက် လူတိုင်း သိလိုနေကြသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည် -

“ဂျိချန်းဖန်..... ဒါက တကယ်ပဲလား...”

“မင်းက တကယ်ပဲ နတ်ဘုရားတစ်ပါးအဖြစ် နိုးထသွားခဲ့ပြီလား......”

ထိုစကား ထွက်လာသည်နှင့် လူတိုင်းက လှမ်းကြည့်လိုက်ကြသည်။

လအလင်းရောင်ကဲ့သို့ ဖြူစင်သော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှယ်ယွဲ့မှာ ကျော့ရှင်းလှပကာ အေးစက်သော အငွေ့အသက် ရှိနေသော်လည်း သူမ၏ ကြည်လင်သော မျက်ဝန်းများမှာ ဂျိချန်းဖန်အား စူးစိုက်ကြည့်နေပြီး ရင်ထဲ၌လည်း ထိတ်လန့်မှုများ ဖြစ်ပေါ်နေ၏။

လူတိုင်း၏ အကြည့်များရှေ့တွင် ဂျိချန်းဖန်က အသာအယာ ပြုံးလိုက်ပြီး

“နတ်ဘုရား ဟုတ်လား... အဲဒါက အလှမ်းဝေးပါသေးတယ်၊ ကျွန်တော်က လမ်းစလေး ဖော်လိုက်ရုံပဲ ရှိပါသေးတယ်”

ကျူးရှန်းလောက၏ အမြင့်ဆုံးဖြစ်သော ထိုက်ကျင်းနယ်ပယ်တွင်ပင် သက်တမ်းမှာ ခုနစ်နှစ်ရာ သို့မဟုတ် ရှစ်ရာခန့်သာ ရှိပေသည်။

ကျင့်ကြံခြင်းက ထိုက်ကျင်းနယ်ပယ်ကို ကျော်လွန်သွားလျှင်ပင် တိုက်ရိုက် နတ်ဘုရား ဖြစ်လာရန်မှာ မဖြစ်နိုင်သေးပေ။ ဝေးကွာနေသေးသည်ဟုသာ ပြောရပေမည်။

ထိုစကားကို ကြားရသောအခါ လူတိုင်း၏ မျက်နှာတွင် နောင်တရသလို အမူအရာများ ဖြစ်ပေါ်လာသည်။

နတ်ဘုရား မဖြစ်သေးဘူးလား... အမှန်ပင်..... နတ်ဘုရား ဖြစ်လာရန်မှာ မည်မျှ ခက်ခဲမည်နည်း......

ဆူရုသည် သူမ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။

သူမသည် ဂျိချန်းဖန်ကို ပြုံးလျက် ကြည့်ကာ မလှမ်းမကမ်းရှိ လုရွှယ်ချီကို တစ်ချက်ကြည့်ပြီး

“ဂျိချန်းဖန်.....”

“မင်းရဲ့ မင်္ဂလာရက်က မဝေးတော့ဘူး၊ အခုဆိုရင် တခြားကိစ္စတွေကို ဘေးဖယ်ထားပြီး မင်္ဂလာဆောင်အတွက်ပဲ စိတ်ရောကိုယ်ပါ ပြင်ဆင်သင့်ပြီ.....”

ထိုစကား ကြားရသောအခါ လုရွှယ်ချီ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။

သူမသည် ရှက်ရွံ့စွာဖြင့် အကြည့်ကို အောက်သို့ ချလိုက်ပြီး ဘာမှ မပြောတော့ပေ။

ထျန်လင်းအာမှာမူ ပါးလေး ဖောင်းထားလျက် စူးစိုက်ကြည့်နေ၏။

သူမ ဘာမှ မပြောသော်လည်း လက်ပိုက်ထားကာ စိတ်ကောက်နေသည့်အလား ရှိနေသည်။

စိတ်ကောက်နေတာပဲ... ဆက်ပြီး ကောက်နေဦးမှာပဲ...

ထျန်ပုယီမှာမူ သူ၏ သမီးဖြစ်သူ၏ ထူးခြားသော အမူအရာကို သတိမထားမိဘဲ ရွှယ်ယွဲ့ကို ကြည့်ကာ ရယ်မောလျက် ကျယ်လောင်စွာ ဆိုသည် -

“ဟားဟားဟားဟား...”

“နံပါတ် ၇ ရဲ့ မင်္ဂလာဆောင်က နီးနေပြီဆိုတော့ သေချာပြင်ဆင်ရမှာပေါ့”

ပတ်ဝန်းကျင်ရှိ အခြားသော တောင်ထိပ်သခင်များလည်း ပြုံးလျက် ခေါင်းညိတ်ကြသည်။ ဂိုဏ်းချုပ်၏ မင်္ဂလာဆောင်ဆိုသည်မှာ ကြီးမားသော အခမ်းအနားတစ်ခု မဟုတ်ပါလား။

အေးစက်လှပသော တာအိုသခင်မမှာမူ တိတ်ဆိတ်စွာ ထိုင်နေပြီး မလှမ်းမကမ်းရှိ လုရွှယ်ချီကို ကြည့်ကာ ရင်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိသည်..... အကြောင်းရင်း မရှိဘဲ သူမ၏ ရင်ထဲ၌ ထူးဆန်းသော နာကျင်မှုတစ်ခု ခံစားနေရ၏။

သူမ၏ သမီးဖြစ်သူ လက်ထပ်ရတော့မည် ဖြစ်သောကြောင့်လား... သို့မဟုတ်.....

ဂျိချန်းဖန်က ပတ်ဝန်းကျင်မှ စနောက်မှုများကို ပြုံးလျက် တုံ့ပြန်လိုက်ပြီး သဘောထားကြီးစွာ ပြောလိုက်သည် -

“မင်္ဂလာရက်က နီးလာပြီဆိုတော့ သေချာပြင်ဆင်ဖို့ လိုအပ်ပါတယ်၊ အဲဒီအချိန်ကျရင် စီနီယာဦးလေးတို့ဆီက ကူညီပေးမယ့် လူအင်အားအချို့ကိုတောင် ငှားရမ်းရဦးမှာပါ.....”

“ကောင်းပြီ...”

တောင်ထိပ်သခင်များ အားလုံး ခေါင်းညိတ်လိုက်ကြသည်။

ဂျိချန်းဖန်သည် သူ၏ ဘေးနားရှိ အေးစက်လှပသော တာအိုသခင်မကို လှည့်ကြည့်ကာ ပြုံးလျက်

“စီနီယာအစ်မ ရွှယ်ယွဲ့၊ ကျွန်တော် ရွှယ်ချီကို မင်္ဂလာဝတ်စုံ သွားချုပ်ပေးချင်လို့ပါ၊ အဲဒါ.....”

မင်္ဂလာဆောင်ခြင်း မပြုမီတွင် သတို့သားနှင့် သတို့သမီးတို့သည် ပုံမှန်အားဖြင့် မတွေ့ဆုံရပေ။ သို့သော် လက်ရှိ အခြေအနေအရ စီနီယာအစ်မ ရွှယ်ယွဲ့မှာ ဘာပြောနိုင်ပါဦးမည်နည်း...

“ဟမ့်...” အေးစက်လှပသော တာအိုသခင်မမှာ အကြောင်းရင်းမရှိ အေးစက်စွာ နှာမှုတ်လိုက်သည်။ သူမသည် ယွီချင်းခန်းမမှ မဆိုင်းမတွပင် ထွက်ခွာသွားတော့သည်။

လမ်းတစ်ဝက်တွင် လုရွှယ်ချီကို လှမ်းကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဘဲ ထွက်သွားခဲ့ပေသည်။

၎င်းမှာ သဘောတူလိုက်သည့် သဘောလား...

“ဒါကတော့.....”

ပတ်ဝန်းကျင်ရှိ တောင်ထိပ်သခင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့သည် စီနီယာအစ်မ ရွှယ်ယွဲ့၏ စရိုက်ကို ကျင့်သားရနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဘာမှ မပြောကြပေ။

ဆူရုကမူ အကူအညီမဲ့စွာ ပြုံးလိုက်ပြီး သူမ၏ စီနီယာအစ်မ နောက်သို့ လိုက်ပါသွားတော့သည်။

ဤမြင်ကွင်းကို မြင်ရသောအခါ ခန်းမအတွင်းရှိ တောင်ထိပ်သခင်များနှင့် အကြီးအကဲများမှာလည်း ဆက်နေရန် ခက်ခဲသွားသဖြင့် အားလုံးပင် နှုတ်ဆက်ကာ ယွီချင်းခန်းမမှ အတူတူ ထွက်ခွာသွားကြတော့သည်။

ထိုခဏ၌ ခန်းမအတွင်းတွင် ဂျိချန်းဖန်နှင့် လုရွှယ်ချီသာ ကျန်ရစ်တော့သည်။

“ရှူး...”

ဂျိချန်းဖန်က အောက်သို့ ငုံ့ကြည့်လိုက်သည်။

လုရွှယ်ချီမှာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားပြီး သူမ၏ ပြည့်စုံလှသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေကာ ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းလှပေသည်။

သူမ၏ ဝတ်စုံဖြူလေးမှာ လွင့်ပျံနေပြီး သူမ၏ ကိုယ်ဟန်မှာလည်း နုနယ်ပျော့ပြောင်းလှရာ ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး ဆင်းသက်လာသည့်အလား ရှိနေပေသည်.....

ဤမြင်ကွင်းကို မြင်ရသောအခါ ဂျိချန်းဖန်၏ မျက်ဝန်းများတွင် မြတ်နိုးမှု အရိပ်အယောင်များ ပေါ်လာသည်။

သူသည် အသာအယာ ပြုံးလိုက်ပြီး လုရွှယ်ချီ၏ ဘေးသို့ လာကာ သူမကို ထွေးပွေ့လိုက်သည်.....

“ရွှယ်ချီ၊ ဘာလို့ ရှက်နေသေးတာလဲ...”

ဂျိချန်းဖန်သည် သူမ၏ ကိုယ်မှ ထွက်ပေါ်လာသော သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်ရင်း သူ၏ လက်ထဲမှ နုနယ်သော ခန္ဓာကိုယ်လေးကို ပိုမို တင်းကျပ်စွာ ထွေးပွေ့လိုက်မိသည်။

“အာ...”

လုရွှယ်ချီ၏ မျက်နှာလေးမှာ ပိုမို နီမြန်းသွားသည်။ သူမသည် ဂျိချန်းဖန်ကို စိတ်တိုတိုဖြင့် ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။

“လာပါ၊ မင်းကို ဟေရန်မြို့ကို လမ်းလျှောက်ဖို့ ခေါ်သွားမယ်လေ” ဂျိချန်းဖန်က ညင်သာစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့” လုရွှယ်ချီ၏ အသံမှာ တိုးညင်းလှပေသည်။ မင်္ဂလာဝတ်စုံ..... အမျိုးသမီးတစ်ဦး၏ ဘဝတွင် တစ်ကြိမ်သာ ရရှိနိုင်သော ဂုဏ်ကျက်သရေ မဟုတ်ပါလား။

သူမသည်လည်း သဘာဝအတိုင်း မျှော်လင့်ချက်များ ရှိနေပြီး တစ်ချိန်တည်းမှာပင် မည်ကဲ့သို့သော ဝတ်စုံမျိုးက သူမနှင့် လိုက်ဖက်မည်ကို စိတ်ကူးယဉ်နေမိပေသည်။

ဂျိချန်းဖန်သည် လုရွှယ်ချီကို ဟေရန်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့သည် နာမည်အကြီးဆုံးနှင့် နှစ်ပေါင်း ရာချီသက်တမ်းရှိသော မင်္ဂလာဝတ်စုံ ဒီဇိုင်းမျိုးစုံကို စိတ်ကြိုက်ချုပ်လုပ်ပေးသည့် ဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့ကြသည်။

ဆိုင်အတွင်းသို့ ဝင်လိုက်သောအခါ လူအများကြီး မရှိပေ။ သူတို့သည် အတူတူ လမ်းလျှောက်လာသော ဂျိချန်းဖန်နှင့် လုရွှယ်ချီကို သတိမထားမိကြပေ။

အကြောင်းမှာ ဂျိချန်းဖန်က သူတို့၏ ကိုယ်ကို အထူးစွမ်းအင်တစ်ခုဖြင့် ဖုံးကွယ်ထားသောကြောင့် ဖြစ်ပြီး သူကိုယ်တိုင် အစီအရင်ကို မဖယ်ရှားမချင်း မည်သူမျှ သူတို့နှစ်ဦးကို မြင်တွေ့နိုင်မည် မဟုတ်ပေ။

ထိုခဏ၌ လုရွှယ်ချီ၏ ကြည်လင်သော အကြည့်မှာ ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်ရာ မင်္ဂလာဝတ်စုံ တစ်စုံကို ချက်ချင်းပင် တွေ့ရှိသွားတော့သည်။

၎င်းမှာ ရွှေရောင် ဖီးနစ်ငှက်ပုံများ ပန်းထိုးထားသည့် တောက်ပသော အနီရောင် ဝတ်စုံဖြစ်ပြီး၊ ဝတ်စုံ၏ အောက်နားမှာ မြေပြင်ပေါ်သို့ ရှည်လျားစွာ ကျဆင်းနေကာ ဝတ်စုံတစ်ခုလုံးမှာ ပိုးသားပါးပါးလေးများကို အထပ်ထပ် ပြုလုပ်ထားခြင်း ဖြစ်ပေသည်.....

ထိုမင်္ဂလာဝတ်စုံတွင် ဖီးနစ်သရဖူနှင့် သတို့သမီး မျက်နှာဖုံးပုဝါတို့လည်း ပါဝင်ပေသည်။

ဖီးနစ်သရဖူမှာ ရွှေချည်၊ ငွေချည်များဖြင့် အနုစိတ် ရက်လုပ်ထားပြီး ငှက်မွေးများဖြင့် တန်ဆာဆင်ထားရာ ဖီးနစ်ငှက်တစ်ကောင် ပျံသန်းတော့မည့်အလား ရှိနေပြီး အမွှေးတစ်ခုချင်းစီမှာ တဖိတ်ဖိတ် တောက်ပနေ၏။

မျက်နှာဖုံးပုဝါမှာမူ အောက်သို့ တွဲလောင်းကျနေပြီး ပိုးသားထည်ပေါ်တွင် ရွှေရောင် ဖီးနစ်ငှက်ငယ်လေးများ၊ ပွင့်လန်းနေသော ပန်းများနှင့် မေတ္တာမျှနေသော ငှက်ပုံများကို ပန်းထိုးထားပေသည်။

“ရွှယ်ချီ... ဒီဝတ်စုံကို စမ်းဝတ်ကြည့်ချင်လို့လား...”

ဂျိချန်းဖန်သည် လုရွှယ်ချီ၏ အကြည့်ကို သတိပြုမိသဖြင့် လှည့်ကြည့်လိုက်ရာ အံ့အားသင့်မှုများ ဖြစ်ပေါ်သွားရသည်။

အကယ်၍ လုရွှယ်ချီသာ ဤဝတ်စုံကို ဝတ်ဆင်လိုက်မည်ဆိုလျှင် သူမသည် ပိုမို၍ပင် မှင်သက်ဖွယ် ကောင်းနေပေလိမ့်မည်။

ထိုစကားကို ကြားရသောအခါ လုရွှယ်ချီသည် ခဏတာ တွေဝေသွားပြီးနောက် ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်ရာ သူမ၏ မျက်ဝန်းများတွင်လည်း စမ်းဝတ်ကြည့်လိုသော ဆန္ဒများ ပေါ်လာပေသည်။

“ဟုတ်ကဲ့...”

၎င်းကို ကြားရသောအခါ ဂျိချန်းဖန်သည် သူတို့ပတ်ဝန်းကျင်ရှိ မြူနှင်းများကို ဖယ်ရှားလိုက်ပြီး သူနှင့် လုရွှယ်ချီ၏ ပုံရိပ်ကို ပေါ်လာစေခဲ့သည်။

ထိုခဏ၌ ဆိုင်အတွင်းရှိ သက်ကြီးရွယ်အို ဆိုင်ရှင်မှာ ဂျိချန်းဖန်နှင့် လုရွှယ်ချီ ရုတ်တရက် ပေါ်လာသည်ကို သတိပြုမိသွားပြီး အံ့အားသင့်သွားရကာ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည် ...

သူတို့နှစ်ဦးစလုံးမှာ လောကီလူသားများနှင့် မတူဘဲ ကျော့ရှင်းလှပလွန်းလှရာ နတ်ဘုရားတစ်စုံကဲ့သို့ ရှိနေပေသည်။

“ဒါက ဖြစ်နိုင်မလား...” ဆိုင်ရှင်မှာ ရင်ထဲ၌ ခန့်မှန်းနေမိသည်။

ဟေရန်မြို့သည် ကျင်းယွမ်ဂိုဏ်းနှင့် နီးစပ်သော မြို့ကြီးတစ်မြို့ ဖြစ်သဖြင့် ကျင့်ကြံသူ အများအပြား ဖြတ်သန်းသွားလာတတ်ကြရာ သူ၏ ဆိုင်မှာလည်း နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်များကို ဧည့်ခံဖူးပေသည်.....

ဤနှင့် ပတ်သက်၍ ဆိုင်ရှင်မှာ လူအကဲခတ် အတော်ပင် တော်ပေသည်။

ဆိုင်ရှင်သည် ဂျိချန်းဖန်နှင့် လုရွှယ်ချီ၏ ရှေ့သို့ အမြန်လာပြီး သူတို့ ကြည့်နေသော ဆိုင်၏ အဖိုးတန်ဆုံး ပစ္စည်းကို ကြည့်ကာ နားလည်သွားသည် -

“နတ်ဘုရားနှစ်ပါးက ကျွန်တော်တို့ဆိုင်ရဲ့ အဖိုးတန်ဆုံး ဝတ်စုံကို သဘောကျလို့လား ခင်ဗျာ...”

ဆိုင်ရှင်၏ စကားတွင် စူးစမ်းလိုသော အသံပါဝင်နေ၏။ ၎င်းကို ကြားရသောအခါ ဂျိချန်းဖန်က အသာအယာ ပြုံးလိုက်ပြီး မငြင်းဆိုဘဲ

“ဆိုင်ရှင်၊ ဒီဝတ်စုံကို စမ်းဝတ်ကြည့်လို့ ရမလား...”

“ရတာပေါ့ ခင်ဗျာ... စိတ်ကြိုက် စမ်းဝတ်ကြည့်နိုင်ပါတယ်...” ဆိုင်ရှင်က အားရပါးရ ရယ်မောလိုက်သည်။

အဖိုးတန်ပစ္စည်းကို ဘယ်သူမဆို စမ်းဝတ်လို့ ရပါ့မလား... သို့သော် အကယ်၍ နတ်ဘုရားတစ်ပါးဆိုလျှင်မူ..... ၎င်းမှာ တစ်မျိုး ဖြစ်ပေသည်။

ဆိုင်ရှင်သည် သူ၏ ဇနီးအိုကြီးကို ခေါ်ရင်း ရှင်းပြနေသည်

“နတ်ဘုရားတို့ ခင်ဗျာ၊ ဒီဝတ်စုံက ကျွန်တော့်အဘိုး လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တာ ဖြစ်ပြီး အသုံးပြုထားတဲ့ ပစ္စည်းတွေကလည်း ဒဏ္ဍာရီလာ ဝိညာဉ်ပစ္စည်းတွေ ဖြစ်ပါတယ်.....”

ဂျိချန်းဖန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ဤဝတ်စုံတွင် ဝိညာဉ်ပစ္စည်း အချို့ကို အသုံးပြုထားသည်မှာ အမှန်ပင် ဖြစ်သော်လည်း အလွန်အမင်း ကောင်းမွန်လှသည်တော့ မဟုတ်ပေ။

ဤအဆင့်သို့ ရောက်ရှိရန်မှာ ‘ချုပ်လုပ်သူ’ ၏ လက်ရာ အလွန်ကောင်းမွန်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။

အမျိုးသမီးကြီး တစ်ဦးသည် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သူမမှာ ဆိုင်ရှင်၏ ဇနီးအိုကြီး ဖြစ်ပေသည်။

“နတ်ဘုရားမလေး၊ ဒီအဖွားနောက်ကို လိုက်ခဲ့ပါ၊ အပေါ်ထပ်က သီးသန့်အခန်းမှာ ဝတ်စုံ စမ်းဝတ်လို့ ရပါတယ်” ဟု အဖွားအိုက ပြုံးလျက် ဆိုသည်။

“ကျေးဇူးတင်ပါတယ် အဖွား” လုရွှယ်ချီက ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဂျိချန်းဖန်ကလည်း နောက်က လိုက်သွားခဲ့သည်။ သူ၏ ဇနီးလောင်းက မင်္ဂလာဝတ်စုံ စမ်းဝတ်နေသည် မဟုတ်ပါလား...

ဤသည်မှာ သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်ပေသည်...

သူ ဘယ်လိုလုပ် လွတ်သွားခံနိုင်ပါမည်နည်း...

အပေါ်ထပ်ရှိ သီးသန့်အခန်းသို့ ရောက်သောအခါ အဖွားအိုက လုရွှယ်ချီကို အဝတ်လဲခန်းထဲသို့ ခေါ်ဆောင်သွားပြီး ‘အဖိုးတန် ဝတ်စုံ’ ကိုလည်း ထည့်ပေးလိုက်သည်။

အဝတ်လဲခန်းအတွင်းမှ အဝတ်လဲသံ တိုးတိုးလေးများ ထွက်ပေါ်လာ၏။

ခဏအကြာတွင် လုရွှယ်ချီသည် ဖီးနစ်သရဖူနှင့် မျက်နှာဖုံးပုဝါကို ဆင်မြန်းလျက် လမ်းလျှောက်ထွက်လာခဲ့သည်.....

...

...

All Chapters