အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
📝အပိုင်း - ၁၆ အရာခပ်သိမ်းငြမ်သက်ခြင်း
ဘာသာပြန် - Na Gar🐉
လုလီက ချိုးယွဲ့ကို ပြန်မဖြေခဲ့ပေ။
တိတ်ဆိတ်စွာ မတ်တပ်ရပ်လိုက်ပြီး လက်ကို ပြန်ရုပ်လိုက်သည်။ သူ၏ခြေရင်းရှိ လင်းယွဲ့၏ အလောင်းကို ငုံ့ကြည့်လိုက်မိသည်။ ထိုခန္ဓာကိုယ်သည် အပြင်ပန်းအားဖြင့် ပုံမှန်အတိုင်းပင် ရှိနေသော်လည်း အတွင်းပိုင်း၌မူ ဝိညာဉ်အရှိန်အဝါနှင့် တောက်ပမှုများအားလုံး လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် ၎င်းသည် "ကျင့်ကြံသူတစ်ဦး၏ ရုပ်အလောင်း" မဟုတ်တော့ဘဲ အခွံသက်သက်သာ ဖြစ်နေတော့သည်။
အဘယ်ကြောင့်ဆိုသော် နတ်အရိုး ကို သူ ဝါးမျိုလိုက်သောကြောင့် ဖြစ်သည်။
ဤဝါးမျိုမှု့မှာ အစအနလေးပင်ဖြစ်စေ တစ်စုံတစ်ဦးက သတိပြုမိသွားပါက မိစ္ဆာအရိုး နှင့် ဆက်စပ်ပြီး အကျိုးဆက်မှာ မှန်းဆ၍မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။
လုလီ၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ ဘာလုပ်ရမည်ကို သူသိသည်။
"ခြေရာလက်ရာ မကျန်စေရဘူး"
နောက်တစ်ခဏတွင် သူသည် မည်သည့်အရိပ်အယောင်မျှ မပြဘဲ ဓားကို ဆတ်ခနဲမြှောက်ကာ...
အလောင်းပေါ်သို့ ထပ်မံ၍ ခုတ်ချလိုက်တော့သည်။
"ဒုန်း.."
ကျယ်လောင်သော အသံကြီးနှင့်အတူ သံဓားမကြီး ကျရောက်သွားပြီး အလောင်း၏ ရင်ဘတ်ကို တိုက်ရိုက် ကြေမွသွားစေသည်။ ထို့နောက် ဒုတိယတစ်ချက်၊ တတိယတစ်ချက်၊ စတုတ္ထတစ်ချက်...
"ဖောက် ဖောက် ဖောက်ဖောက်..."
အသားစများ လွင့်စင်ကာ အရိုးစများမှာလည်း ဟိုမှာဒီမှာ ပြန့်ကျဲကုန်သည်။ သူက အနည်းငယ်မျှ တွန့်ဆုတ်မနေသလို ခေတ္တမျှပင် ရပ်တန့်ခြင်းမရှိပေ။
တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းရင်း အလောင်းကို မျက်နှာပင် မှတ်မရအောင် အသားစိမ်းတုံးများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ မြေပြင်မှာ သားသတ်ရုံတစ်ခုကဲ့သို့ သွေးများ ချောင်းစီးနေတော့သည်။
ဤမြင်ကွင်းကို ဘေးပတ်ဝန်းကျင်မှ လူများအားလုံး မှင်တက်ကာ ကြည့်နေမိကြသည်။ စောစောက အခြေအနေကို စောင့်ကြည့်နေကြသော လူငယ်လေးများနှင့် မိန်းကလေးငယ်များမှာ မျက်နှာများ ဖြူဖျော့ကာ နေရာမှာပင် ကျောက်ရုပ်ကဲ့သို့ တောင့်ခဲသွားကြသည်။
"ရူးသွားပြီ... တကယ်ကို ရူးသွားပြီ..."
"သူ... သူက လူသတ်ရုံတင်မကဘူး... အသားညှပ်သလိုမျိုးကို လုပ်ပစ်နေတာလား"
ကြောက်တတ်သူအချို့မှာ နောက်လှည့်၍ အတင်းထွက်ပြေးကြပြီး အချို့မှာမူ ထိုနေရာမှာပင် ပျို့အန်ကြတော့သည်။ စမ်းသပ်ကွင်း၏ ဤထောင့်စွန်းနေရာသည် စောစောက တိုက်ပွဲများဖြင့် ဆူညံနေသော်လည်း ယခုအချိန်တွင်မူ မည်သူမျှ အနားမကပ်ရဲဘဲ သေလူကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
သွေးစွန်းနေသော အဝတ်ကို ဝတ်ဆင်ထားပြီး ဓားကိုင်ထားသော ထိုလူငယ်လေးမှာ မထင်မရှား သွေးအိုင်ကြီးရှေ့တွင် မျက်တောင်တစ်ချက်မျှပင် မခတ်ဘဲ ရပ်နေသည်။
သူသည် အရူးတစ်ယောက် မဟုတ်ပေ။
သူက အရူးထက်ပင် ပို၍ ကြောက်စရာကောင်းသူဖြစ်သည်။
ကောင်းကင်ယံရှိ ချီကွမ်ကျီ လည်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီကောင်လေးက..." သူ၏ အကြည့်မှာ စူးရှသွားသည်။
"ဝါနတ်အရိုး တစ်ယောက်ဖြစ်ပေမဲ့... လုပ်ရပ်ကတော့ တကယ်ကို ပြတ်သားတာပဲ"
သူ့ရင်ထဲတွင် ဖော်ပြရခက်သော စိုးရိမ်မှုလေးတစ်ခု ဖြတ်ပြေးသွားသော်လည်း ဘာမှ ထပ်မပြောတော့ပေ။
ဤအချိန်တွင် ရှီဟွမ် သည်လည်း တဖြည်းဖြည်း ချဉ်းကပ်လာသည်။ သူ၏လက်ထဲတွင် ငွေလှံကို ကန့်လန့်ဖြတ်ကိုင်ထားပြီး မျက်လုံးထဲတွင်မူ မကြုံစဖူး တည်ငြိမ်မှုနှင့် စိတ်ဝင်စားမှုတို့ ရှိနေသည်။
လူသတ်ခြင်း၊ အစအနဖျောက်ခြင်း၊ ခြေရာလက်ရာဖျက်ခြင်း အဆင့်သုံးဆင့်ကို အသက်ရှူသကဲ့သို့ သဘာဝကျကျ လုပ်ဆောင်နိုင်သော ကလေးငယ်တစ်ဦးကို သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဤသူသည် သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။
သူသည် နတ်ဘုရားလမ်းစဉ်ကို လျှောက်မည့်သူနှင့် မတူဘဲ... မိစ္ဆာလမ်းစဉ် ကို လျှောက်မည့်သူနှင့် ပိုတူနေသည်။
လုလီက ဓားကိုကိုင်ပြီး လှည့်လိုက်ရာ ရှီဟွမ်နှင့် မျက်နှာချင်းဆိုင် တိုးသွားတော့သည်။ လူနှစ်ဦး၏ အကြည့်များ ဆုံစည်းသွားကြသည်။
ရှီဟွမ်က သာသာလေး ပြုံးလိုက်ပြီး"မင်းက သာမန်လူ မဟုတ်ဘူးပဲ"
လုလီ၏ အကြည့်မှာ အေးစက်လှသည်။ စကားတစ်လုံးမျှ မဟဘဲ ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဖယ်စမ်း..."
ထို့နောက် ဓားဖြင့် အားကုန်ခုတ်ချလိုက်တော့သည် လေပြင်းများ တိုက်ခတ်လာပြီး သွေးညှီနံ့များ လွင့်ပျံလာကာ ဓားချက်မှာ မိုးကြိုးပမာ ပြင်းထန်လှသည်။
သို့သော် ရှီဟွမ်မှာ လှံကို အသာလေးမြှောက်ကာ ငွေရောင်အလင်းတန်းကို ဝေ့ယမ်းလိုက်ရုံမျှဖြင့်...
"ဒေါင်..."
ကြည်လင်သော အသံတစ်ခုနှင့်အတူ လုလီ၏ ဓားမကြီးမှာ လှံဦးနှင့် ထိမိကာ တားဆီးခံလိုက်ရပြီး သူသည် နောက်သို့ ခြေလှမ်းဝက်ခန့် ယိုင်သွားတော့သည်။
ရှီဟွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးထဲ၌ တိုက်ပွဲဝင်လိုစိတ်များ ပိုမိုပြင်းထန်လာသည်။
"ကောင်းပြီလေ"
"ဒုတိယမြောက် ဝိညာဉ်ချီ အာရုံခံနိုင်တဲ့ ဝါနတ်အရိုးက ဘယ်လောက်အထိ စွမ်းလဲဆိုတာ ငါ စမ်းကြည့်ချင်နေတာ"
လုလီ အံကို တင်းတင်းကြိတ်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူကလူမိုက်မဟုတ်ပေ။ ဤလှံချက်တစ်ခုတည်းနှင့်ပင် တစ်ဖက်လူမှာ လောလောဆယ် သူယှဉ်နိုင်သော ရန်သူမဟုတ်ကြောင်း သိလိုက်သည်။ သို့သော် သူ နောက်မဆုတ်ခဲ့ပေ။
သူသည် ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားပြီး ဓားကို ပြန်မြှောက်ကာ ရှီဟွမ်ထံသို့ ဦးတည်လိုက်ပြန်သည်။
လုလီနှင့် ရှီဟွမ်တို့သည် အနီးကပ် တိုက်ခိုက်ကြတော့သည်။ ဓားမကြီးနှင့် ငွေလှံ၊ သွေးနံ့နှင့် အေးစိမ့်မှု၊ သတ်ဖြတ်လိုစိတ်များမှာ ပြင်းထန်လှသည်။ ဤတိုက်ပွဲသည် အစကတည်းကပင် မည်သူက အသာစီးရမည်ဆိုသည်မှာ သတ်မှတ်ပြီးသားပင်။
ရှီဟွမ်၏ လှံချက်တိုင်းမှာ လေးတစ်စင်းကဲ့သို့ အားပါပြီး ကျရောက်မည့်နေရာမှာ တိကျလှသည်။ လှံဦး၏ အရှိန်အဝါမှာ စီးဆင်းနေသော မြစ်ရေကဲ့သို့ပင် တည်ငြိမ်ပြီး အရှိန်အဟုန် ပါဝင်နေသည်။
လုလီမှာမူ တံတိုင်းကို ဝင်တိုက်နေသော ကျားရဲတစ်ကောင်ကဲ့သို့ပင်။ လှုပ်ရှားမှုတိုင်းမှာ ရက်စက်ပြီး ပြင်းထန်သော်လည်း ဟာကွက်များစွာ ရှိနေသည်။ ဒဏ်ရာများမှာလည်း မပျောက်သေးသဖြင့် ဝမ်းဗိုက်မှ ဒဏ်ရာဟောင်းမှာ ပြန်လည်စုတ်ပြဲကာ သွေးများ ထပ်မံ ပန်းထွက်လာပြန်သည်။ သို့သော် သူသည် အနည်းငယ်မျှ နောက်မဆုတ်ဘဲ ခြေတစ်လှမ်းချင်း တိုးကာ သေခြင်းတရားကို အံတု၍ တိုက်ခိုက်နေတော့သည်။
ရှီဟွမ်၏ မျက်လုံးများ ပိုမိုတောက်ပလာပြီး ဝိညာဉ်ချီများမှာ လှံတံတစ်လျှောက် လပြည့်ဝန်းအလင်းကဲ့သို့ စီးဆင်းကာ အလွယ်တကူပင် ဖိနှိပ်ထားနိုင်သည်။
"ဝါနတ်အရိုး ပုရွက်ဆိတ်လေးက ကံကောင်းလို့ ဝိညာဉ်ချီတစ်စ နိုးထလာတာနဲ့ အားကိုးပြီးငါနဲ့တိုက်ချင်နေတာလား"
"ဒီလောက်ပဲလား"
သူသည် သေစေနိုင်သော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း တိုးလာသည်။ လှံချက်တိုင်းမှာ စိတ်မလောဘဲ ထောင်ချောက်မိနေသော သားကောင်ကို မောင်းထုတ်နေသည့် မုဆိုးတစ်ဦးကဲ့သို့ပင်။
လုလီမှာမူ အဝတ်အစားများ သွေးစွန်းနေပြီး အမောတကော ဖြစ်နေသော်လည်း ဓားရှိန်မှာ မလျော့သွားပေ။ သူသည် အံကို တင်းတင်းကြိတ်ထားပြီး ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာအရိုး မှာ ပူနွေးနေသော သံပူခဲကဲ့သို့ ဖြစ်နေသည်။ ဝိညာဉ်ချီများ ပွက်ပွက်ဆူနေပြီး အသက်ရှူလိုက်တိုင်း သေတွင်းထဲမှ အတင်းရုန်းထွက်နေရသော ရုန်းကန်မှုများ ဖြစ်သည်။
သူ၏ မျက်လုံးထဲတွင် ရုတ်တရက် သွေးရောင်အလင်းတစ်ခု ဖြတ်ပြေးသွားပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းကင်နတ်အရိုးဟုတ်လား..."
"ဒါကိုသာ ဝါးမျိုလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ မသိဘူး"
ဒါဟာ လုလီအတွက် အသက်ရှင်နေတဲ့ ပါရမီရှင်တစ်ယောက်ရှေ့မှာ ဝါးမျိုလိုစိတ် ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်းပင်။ သူသည် အဆင်သင့်မဖြစ်သေးသော်လည်း စိတ်ထဲတွင်မူ တစ်ဖက်လူကို တစ်ကြိမ် သတ်ပစ်ပြီးသား ဖြစ်သည်။ သူသည် အောင့်အည်းသည်းခံကာ အခွင့်အရေးကို စောင့်ဆိုင်းရင်း ဓားတစ်ချက်တည်းနှင့် အဆုံးသတ်ရန် လောင်းကြေးထပ်ထားသည်။
သို့သော် လူနှစ်ဦး၏ အရှိန်အဝါများ ဆုံစည်းပြီး တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်တော့မည့် အချိန်တွင်...
"ဝုန်း"
မမြင်နိုင်သော ပြင်းထန်သော အရှိန်အဝါတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး လူနှစ်ဦးကို အတင်းအကြပ် ခွဲထုတ်လိုက်တော့သည်။
"တော်ပြီ"
ချီကွမ်ကျီသည် ကောင်းကင်ယံတွင် လက်ကို နောက်ပစ်ကာ ရပ်နေပြီး အေးစက်သောအသံဖြင့် ကြေညာလိုက်သည်။
"ဒီမှာတင် စမ်းသပ်ပွဲ ပြီးဆုံးပြီ"
"အသက်ရှင်ကျန်ရစ်သူ အရေအတွက်က၂၀၀ အောက် ရောက်သွားပြီ"
ဤခိုက်အတန့်တွင် တောင်တံခါးဝန်းကျင် တစ်ခုလုံးမှာ နောက်ဆုံးတွင် တိတ်ဆိတ်သွားတော့သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင်မူ ငိုကြွေးသံများနှင့် ရှိုက်သံများ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ဒဏ်ရာကိုယ်စီနှင့် လူငယ်လေးများနှင့် မိန်းကလေးငယ်များသည် မြေပြင်ပေါ်သို့ လဲကျကာ ငိုကြွေးကြတော့သည်။ ထိုအရာမှာ အရှက်ရခြင်း သို့မဟုတ် ပျော့ညံ့ခြင်းကြောင့် မဟုတ်။
၎င်းသည် အလောင်းပုံကြားမှ ရုန်းထွက်လာခဲ့ရသော သဘာဝတရား၏ တုံ့ပြန်မှုနှင့် သေဘေးမှ လွတ်မြောက်လာသော အားနည်းချက်တစ်ခုသာ ဖြစ်သည်။ သူတို့မှာ အလွန်ငယ်ရွယ်လွန်းလှသည်။ အများစုမှာ ၁၀ နှစ်သားမျှသာ ရှိသေးပြီး "လူသတ်ခြင်းနှင့် အသတ်ခံရခြင်း" ၏ ကြောက်ရွံ့မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။ ဤလောကရှိ "နတ်ဘုရားလမ်းစဥ်" များမှာ ငရဲနှင့် မခြားနားကြောင်း သူတို့ ပထမဆုံးအကြိမ် နားလည်သွားကြသည်။
ထို့နောက် သူတို့သည် အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
လုလီက အမောတကော အသက်ရှူရင်း ဓားကို မြေပြင်တွင် စိုက်ထားလိုက်သည်။ သူ၏ နဖူးမှ ချွေးစက်များမှာ တစက်စက် ကျနေသော်လည်း သူ မငိုခဲ့ပေ။ သူသည် မတ်တပ်ရပ်ရင်း ငိုကြွေးနေသော ရွယ်တူချင်းများကို မသိကျွမ်းသော သေလူများကဲ့သို့ ကြည့်နေမိသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာအရိုးမှာ ပူနွေးနေဆဲဖြစ်ပြီး စောစောက "ကောင်းကင်နတ်အရိုးကို ဝါးမျိုချင်သည်" ဟူသော စိတ်ကူးကို တုံ့ပြန်နေသကဲ့သို့ပင်။
"လုလီ..."
အသိစိတ်ပင်လယ်ထဲတွင် ချိုးယွဲ့က တိုးတိုးလေး ပြောလိုက်သည်။
"နင်က... အခုမှ တံခါးဝကို ခြေလှမ်းလိုက်ရုံပဲ ရှိသေးတယ်"
"ဒီတစ်သက်မှာ နင်ကပဲ ပါရမီရှင်တွေကို ဝါးမျိုမလား"
"ဒါမှမဟုတ်... ပါရမီရှင်တွေကပဲ နင့်ကို ဝါးမျိုသွားမလား"
သူမ မရယ်မောဘဲ အလွန်တိုးညှင်းစွာ မေးလိုက်ခြင်း ဖြစ်သည်။ လုလီကမူ ပြန်မဖြေဘဲ ဓားရိုးကိုသာ တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
ရှီဟွမ်သည် သူ၏ ငွေလှံကို ပြန်သိမ်းလိုက်ပြီး သူ၏ အဝတ်အစားများမှာ ဖုန်တစ်စပင် မစွန်းထင်ပေ။ သူက အသက်ရှူမမှန်ဘဲ သွေးချင်းချင်းနီနေသော လုလီကို ကြည့်ကာ သာသာလေး ပြုံးလိုက်သည်။
"နှမြောစရာပဲ၊ စမ်းသပ်ပွဲ ပြီးသွားပြီ"
"မင်းရဲ့ တန်ဖိုးမရှိတဲ့ အသက်လေးကို ပြန်ရခဲ့တာ ကံကောင်းတယ်လို့ မှတ်လိုက်ပါ"
ပြောပြီးနောက် လက်ထဲမှ ငွေလှံကို ဝေ့ယမ်းကာ မြေပြင်တွင် စိုက်ထားခဲ့လိုက်ပြီး ရှီဟွမ်က လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။ သူ၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး စောစောက တိုက်ပွဲမှာ ထမင်းစားပြီးနောက် ကိုယ်လက်လှုပ်ရှားသည့် ကစားပွဲလေးတစ်ခုကဲ့သို့ပင်။ လုလီသည် သူ မှတ်မိထားရမည့်သူတစ်ဦး မဟုတ်ဟု သူ ယူဆထားသောကြောင့် နောက်သို့ လှည့်မကြည့်ခဲ့ခြင်း ဖြစ်သည်။
လုလီသည် ရှီဟွမ်၏ ကျောပြင်ကို ကြည့်ရင်း မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များမှာ ခဏချင်း ပျောက်ကွယ်သွားသည်။ ယနေ့အချိန်တွင် မိမိသည် ဤသူကို သတ်ရန် အဝေးကြီး လိုသေးကြောင်း သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် သူ မလှုပ်ရှားခဲ့ပေ။ သို့သော် သူ၏ ခြေလှမ်း၊ အရှိန်အဝါနှင့် ပုံစံအားလုံးကို မှတ်သားထားလိုက်သည်။
နောင်တစ်ချိန်မှာ သတ်ရမယ့်လူကို ဒီနေ့ သတ်ဖို့ မလိုဘူး။
ခဏအကြာတွင် အဝါရောင်ဝတ် တပည့် အယောက်ပေါင်းများစွာ တောင်တံခါးမှ ဆင်းလာပြီး ကွင်းပြင်ထဲသို့ ဝင်လာကြသည်။ သူတို့သည် အဖွဲ့ငယ်လေးများ ခွဲကာ အလောင်းများကို တစ်ခုပြီးတစ်ခု သယ်ထုတ်သွားကြသည်။ အချို့မှာ အရိုးစုများသာ ကျန်တော့ပြီး အချို့မှာ သွေးများ မခြောက်သေးပေ။
သို့သော် အဝါရောင်ဝတ်တပည့်များမှာ အနည်းငယ်မျှ သနားညှာတာမှုမရှိဘဲ အလောင်းများကို တစ်ခုချင်းစီ ရေတွက်ကာ သယ်ဆောင်သွားကြသည်။ လုလီ ရပ်နေသော နေရာရှိ မြေပြင်မှ သွေးများမှာ ခြောက်ကပ်နေပြီ ဖြစ်သော်လည်း မည်သူမျှ သူ၏ အနားသို့ မကပ်ရဲကြပေ။
တစ်အောင့်အကြာတွင် ကွင်းပြင်၌ မူလက လူပေါင်း ၄၀၀ ကျော် ရှိသော်လည်း ယခုအခါ၂၀၀ ပင် မပြည့်တော့ပေ။ သို့သော် မြေပြင်ပေါ်ရှိ သွေးစွန်းမှုများနှင့် သွေးညှီနံ့များမှာ လေထုထဲတွင် ပျံ့လွင့်နေဆဲ ဖြစ်သည်။ ကွင်းပြင်ကြီးသည် ကလေးငယ်များ၏ သင်္ချိုင်းတလင်း ဖြစ်သွားခဲ့ပြီ။
အဝါရောင်ဝတ် တပည့်တစ်ဦးက ရှေ့သို့ထွက်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
"ဒုတိယအဆင့် စမ်းသပ်ပွဲ ပြီးဆုံးပါပြီ"
"ဒီနေ့ကစပြီး ကွင်းထဲမှာ ကျန်ရှိနေတဲ့သူအားလုံးဟာ ငါတို့ ဟွမ်ရှန်းဂိုဏ်းရဲ့ အပြင်စည်းတပည့် တွေ ဖြစ်သွားပါပြီ"
အချို့မှာ ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ် ဒူးထောက်၍ ငိုကြွေးကြတော့သည်။ အချို့မှာ လက်သီးကို တင်းတင်းဆုပ်ကာ မျက်နှာဖြူဖျော့နေသော်လည်း ကျောပြင်ကို မတ်မတ်ထားထားကြသည်။
လုလီက မိမိ၏ လက်နှစ်ဖက်ကိုသာ စိုက်ကြည့်နေမိသည်။ အလောင်းများကို လှန်လှောခဲ့သော၊ အရိုးများကို ထိုးဖောက်ခဲ့သော၊ ဓားမကြီးကို ကိုင်စွဲခဲ့သော ထိုလက်နှစ်ဖက်။ သူ သိလိုက်ပြီ၊ ယခုအချိန်မှစ၍သူ "အသက်ရှင်ကျန်ရစ်ခဲ့ပြီ" ဆိုတာကိုပင်။
သို့သော် ထိုအသက်ရှင်ကျန်ရစ်ခြင်း၏ အဓိပ္ပာယ်မှာ အပြင်စည်းတပည့်များထဲတွင် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားခြင်းသာ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ရှီဟွမ်မှာ ချီကွမ်ကျီ၏ ဘေးနားတွင် ရပ်နေပြီ ဖြစ်သည်။
ချီကွမ်ကျီက ပြုံးရွှင်စွာဖြင့် သူ၏ အဝတ်ပေါ်မှ သွေးစွန်းမှုများကို ကိုယ်တိုင် သုတ်ပေးကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်းက အပြင်စည်းတပည့် လုပ်စရာ မလိုဘူး"
"မင်းရဲ့ စမ်းသပ်ပွဲက စောစောကတည်းက ပြီးသွားတာ။ ဒီအဆင့်က မင်းအတွက် အပျော်တမ်း လေ့ကျင့်ခန်း တစ်ခုပဲ"
သူသည် ကွင်းအောက်ရှိ စိတ်ဓာတ်ကျနေသော တပည့်များကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
"မင်းက ကောင်းကင်နတ်အရိုး ပိုင်ရှင်၊ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့သူ၊ ဂိုဏ်းပေါင်းစုံက လုယူရမယ့်သူပဲ"
"ဒီလူတွေနဲ့ မင်းနဲ့က... အဆင့်အတန်း မတူဘူး"
ရှီဟွမ်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ အကြည့်မှာ ဓားကိုကိုင်ကာ မတ်တပ်ရပ်နေဆဲဖြစ်သော လုလီ ထံသို့ ခဏမျှ ရောက်သွားခဲ့သည်။ သူ မမေ့သေးပေ။ ထိုလူငယ်လေးသည် ဒုက္ခရောက်နေသော်လည်း သူ၏ လှံအောက်တွင် လဲကျမသွားခဲ့သလို နောက်ဆုတ်သွားရသော်လည်း ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မပြခဲ့ပေ။
ထိုခိုက်အတန့်တွင် မြင်လိုက်ရသော သူ၏ အကြည့်မှာ... တကယ်ကို အန္တရာယ်ရှိသော အရာတစ်ခုနှင့် တူလှသည်။
ဒုတိယအဆင့် စမ်းသပ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ နတ်ဘုရားလမ်းစဉ်သို့ တက်လှမ်းမည့် အမည်စာရင်းတွင် အမည်ပေါင်း ၂၀၀ ရေးမှတ်ခြင်း ခံလိုက်ရသည်။
လုလီ၏ အမည်မှာမူ... ထိုမထင်မရှားသော ထောင့်တစ်နေရာတွင် ရှိနေသည်။
📝အပိုင်း - ၁၇ ကပ်ဖားယပ်ဖား
ဘာသာပြန် - Na Gar🐉
ဟွမ်ရှန်းဂိုဏ်း၏ တောင်တံခါးဝတွင် နေရောင်ခြည် ဖြာကျနေသည်။ ကြမ်းတမ်းသော ချည်ကြမ်းဝတ်စုံများကို ဝတ်ဆင်ထားသည့် ကလေးငယ် နှစ်ရာခန့်မှာ စမ်းသပ်ပွဲအပြီးတွင် ငြိမ်သက်စွာ ရပ်နေကြသည်။
၎င်းတို့မှာ သတ်ဖြတ်ခြင်း သွေးပင်လယ်ထဲမှ ရုန်းထွက်လာနိုင်သည့်၊ အသက်ရှင်ကျန်ရစ်သော ဝါနတ်အရိုးပိုင်ရှင် တပည့်များ ဖြစ်ကြသည်။ ယခုအခါတွင်မူ ၎င်းတို့သည် "ဟွမ်ရှန်းဂိုဏ်း၏ ပြင်ပတပည့်" ဟူသော ဘွဲ့အမည်ကို ရရှိခဲ့ပြီ ဖြစ်သည်။
ချီကွမ်ကျီသည် ကျောက်လှေကားထစ်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း လူအုပ်ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့တွေ အသက်ရှင်ကျန်ခဲ့ပြီဆိုတော့ သက်ဆိုင်ရာ တောင်ထွတ်တွေကို သွားကြတော့။ သွေးဓားတောင်ထွတ် ၊ ကျွယ်ချင်းတောင်ထွတ် ၊ လမ်းစဉ်ခြောက်သွယ်တောင်ထွတ် နဲ့ ကွေ့ယွမ်တောင်ထွတ် ဆိုတဲ့ တောင်လေးခုက အတွင်းစည်းတပည့်တွေက မင်းတို့ကို စိတ်ကြိုက် ရွေးချယ်လိမ့်မယ်"
စကားဆုံးသည်နှင့် တောင်တံခါး၏ ဘယ်ဘက်အရှေ့တွင် ထူးခြားသော အရှိန်အဝါရှိသည့် ကျင့်ကြံသူ လူငယ်လေးဦး ထွက်လာပြီး အရပ်လေးမျက်နှာတွင် နေရာယူလိုက်ကြသည်။ ၎င်းတို့မှာ ယခုအကြိမ် တပည့်သစ်များကို လာရောက်ခေါ်ယူသည့် အတွင်းစည်းတပည့်များ ဖြစ်ကြသည်။သွေးဓားတောင်ထွတ်မှ ဟူကျင်ရှင်း ရဲရင့်ပြတ်သားပြီး တိုက်ခိုက်ခြင်းကို ရူးသွပ်သူ။
ကျွယ်ချင်းတောင်ထွတ်မှ လင်ကျင့်ယွီ အေးစက်လှပပြီး ရေခဲတမျှ အေးစက်သော အရှိန်အဝါရှိသူ။
လမ်းစဉ်ခြောက်သွယ်တောင်ထွတ် မှ ကျောက်ချုံယွမ် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး လှောင်ပြုံးပြုံးထားသူ။
ကွေ့ယွမ်တောင်ထွတ် မှ ဟော်ရှို့ယွမ် ယဉ်ကျေးသိမ်မွေ့ပြီး ခန့်ညားထည်ဝါသူ။
ချီကွမ်ကျီက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်ရင်း "ဝါနတ်အရိုးရှင် တပည့် နှစ်ရာထဲမှာ တစ်ယောက်တည်းသောသူကပဲ စမ်းသပ်ပွဲအတွင်းမှာ ကိုယ်တိုင် အသိဉာဏ်ပွင့်ပြီး ဝိညာဥ်ချီကို အာရုံခံနိုင်ခဲ့တယ်။ ချီကြောတွေကို ဖောက်ထွက်ပြီး ချီစုဆောင်းခြင်းအဆင့်ရဲ့ တံခါးဝကို ရောက်နိုင်ခဲ့တယ်"
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဝါနတ်အရိုးနှင့် ဝိညာဥ်ချီကို အာရုံခံနိုင်သူမှာ တစ်သောင်းတွင် တစ်ယောက်ပင် မရှိနိုင်ပေ။
"ဒီလောက်မြန်မြန် ဝိညာဉ်ချီကို အာရုံခံနိုင်တာလား ဝါနတ်အရိုးက ချီအာရုံခံတာ အရမ်းနှေးတယ် မဟုတ်ဘူးလား"
"အဲဒါ ဘယ်သူလဲ"
ချီကွမ်ကျီ ကတည်ငြိမ်စွာပင် ပြောလိုက်သည်။
"လုလီ"
အားလုံး၏ အကြည့်များမှာ လူအုပ်၏ ထောင့်တစ်နေရာတွင် နွမ်းပါးသော အဝတ်အစားများကို ဝတ်ဆင်ကာ မျက်နှာသေနှင့် ရပ်နေသည့် ပိန်ပိန်ပါးပါး လူငယ်လေးထံသို့ ကျရောက်သွားသည်။ အချို့က အံ့အားသင့်နေကြပြီး အချို့ကမူ နှာခေါင်းရှုံ့ကြသည်။ ကံကောင်းလို့ ဖြစ်မှာပါဟုသာ ထင်ကြသည်။
ကွေ့ယွမ်တောင်ထွတ်ဘက်တွင် ဟော်ရှို့ယွမ်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"ညီမလေး... ရဲ့ ဒီအစေခံကလည်း မဆိုးဘူးပဲ။ သူ့ကို ကွေ့ယွမ်
တောင်ထွတ်ကိုပဲ လာခိုင်းလိုက်ရင် ဘယ်လိုလဲ"
တုံရှန်းမှာ ဟော်ရှို့ယွမ်၏ ဘေးတွင် ရပ်နေရင်း သူမ၏ စီနီယာအကိုကြီးကိုသာ စွဲလန်းစွာ ကြည့်နေမိသည်။ စမ်းသပ်ပွဲမတိုင်ခင်က သူမနှင့်အတူ လျှောက်လှမ်းခဲ့သည့် "ကျွန်" ကို သတိမရတော့ပေ။ သူမသည် စီနီယာအကိုကြီး အထင်လွဲမည်ကို ကြောက်သဖြင့် ခေါင်းကို အပြင်းအထန် ခါယမ်းကာ ငြင်းလိုက်သည်။
"မလိုဘူး... မလိုဘူး... သူ့ကို ကွေ့ယွမ်ကို လိုက်လာဖို့ ကျွန်မ မလိုလားတော့ဘူး။ ကျင့်ကြံခြင်းလမ်းစဉ်မှာ တစ်ယောက်ချင်းစီပဲ တိုးတက်သင့်တယ်၊ အစေခံတွေကို ခေါ်ထားဖို့ မလိုတော့ဘူးလို့ ထင်တာပဲ"
သူမ၏ အသံမှာ တည်ငြိမ်အောင် ထိန်းထားသော်လည်း မျက်လုံးများမှာမူ ပျာယာခတ်နေသည်။ သူမသည် အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်သာ ဖြစ်သော်လည်း ဝါနတ်အရိုးရှိသည့် အဝါရောင်ဝတ်လူငယ်က သူမနောက်သို့ တကောက်ကောက် လိုက်နေလျှင် သူများ၏ လှောင်ပြောင်ခြင်းကို ခံရမည်ဆိုသည်ကို နားလည်သည်။ သူမသည် သူတစ်ပါး၏ မော့ကြည့်ခြင်းကိုသာ ခံချင်ပြီး ရွှံ့နွံထဲကအစေခံကြောင့် သူမ၏ ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်ပေ။
ဟော်ရှို့ယွမ်က ပြုံးကာ "ညီမလေးသဘောအတိုင်းပဲပေါ့" ဟု ဆိုလိုက်သည်။
လုလီသည် လူအုပ်နောက်ကွယ်မှနေ၍ ဟော်ရှို့ယွမ်ကို ကြည့်ကာ ပြုံးနေသည့် မိန်းကလေးကို လှမ်းကြည့်လိုက်သည်။ တုံရှန်း... သူမသည် တိမ်တိုက်ပုံစံ ဝတ်စုံအပြာကို ဝတ်ဆင်ကာ ခါးတွင် ကျောက်စိမ်းပြားကို ချိတ်ဆွဲထားသည်။ သူမ၏ မျက်နှာပေါ်တွင် ဂုဏ်မောက်ခြင်းနှင့် မြင့်မြတ်ခြင်းတို့ ရှိနေသည်။ သို့သော် လုလီ မြင်တွေ့နေရသည်မှာ စိမ်းကားခြင်း၊ ရှက်ရွံ့ခြင်းနှင့် ရှောင်လွှဲခြင်းတို့သာ ဖြစ်သည်။
လုလီသည် သူမကို ကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် ပြောမပြတတ်အောင် စိမ်းသက်မှုကို ခံစားလိုက်ရသည်။ သူမ၏ အမြင်တွင် ဝါနတ်အရိုးဆိုသည်မှာ "မထိုက်တန်သူ"၊ "ရှက်စရာကောင်းသူ" နှင့် "ပတ်သက်မှု ဖြတ်တောက်ရမည့်သူ" သာ ဖြစ်သည်။
အဝေးတွင် တုံရှန်းသည် တစ်စုံတစ်ခုကို အာရုံရသကဲ့သို့ လုလီကို လှမ်းကြည့်လိုက်သော်လည်း ချက်ချင်းပင် အကြည့်လွှဲကာ ခေါင်းငုံ့သွားသည်။ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ လုလီကို ရင်မဆိုင်ရဲပေ။
သူ၏ အသိစိတ်ထဲတွင် ချိုးယွဲ့ က ပျင်းရိစွာ ရယ်မောလိုက်သည်။
"ထပ်ပြီး အံ့သြသွားပြန်ပြီလား လူ့သဘာဝဆိုတာ ဒါပဲလေ။ နင်က ဝိညာဉ်သွေး ကို ကတိကဝတ်လို့ ထင်နေတာလားအဲဒါက သူမအတွက် 'အစေခံ' တစ်ခုသက်သက်ပဲ။ သူမကိုယ်တိုင်တောင် အဲဒါကို အရေးမစိုက်တော့ဘူး"
လုလီ ဘာမှမပြောသော်လည်း သူ၏ မျက်လုံးများမှာ ပို၍ အေးစက်လာသည်။ သူက တိုးတိုးလေး မေးလိုက်သည်။
"ဒီ ဝိညာဉ်သွေးပဋိညာဉ်ကို ဖျက်ဆီးဖို့ နည်းလမ်းရှိလား"
ချိုးယွဲ့၏ အသံမှာ အနည်းငယ် လေးနက်သွားသည်။
"နင်ကိုယ်တိုင် ဝိညာဉ်သွေးကို ပေးအပ်ခဲ့တာဆိုရင် နင့်ရဲ့ ဝိညာဉ်က သခင်ရဲ့ လက်ထဲမှာ ရောက်နေတာပဲ။ နင်သာ သူမရဲ့ အမိန့်ကို ဖီဆန်ရင် ဝိညာဉ်ဒဏ်ရာ ရလိမ့်မယ်။ ပိုဆိုးရင်တော့ ဝိညာဉ်ပြိုကွဲပြီး ပြာအဖြစ် ပြောင်းသွားလိမ့်မယ်။ သူမကိုယ်တိုင် ပဋိညာဉ်ကို ဖျက်ပေးတာ ဒါမှမဟုတ် နင့်ရဲ့ အစွမ်းက ဒီပဋိညာဉ်ရဲ့ အရင်းအမြစ်ထက် ကျော်လွန်သွားမှပဲ ရမယ်"
လုလီ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ ချိုးယွဲ့က သူ၏ စိတ်ခံစားချက်ကို အာရုံရသဖြင့် ပို၍ ချိုသာသော အသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ တတိယနည်းလမ်း ရှိသေးတယ်။ သူမကို နင့်ကို ချစ်လာအောင်၊ စွဲလမ်းလာအောင်၊ နင်မရှိရင် မရအောင် လုပ်လိုက်ပေါ့။ အဲဒီအခါကျရင် သူမကိုယ်တိုင် ပဋိညာဉ်ကို ဖျက်ပေးလိမ့်မယ်။ အဲဒီအချိန်ကျမှ သူမကို သတ်မလား၊ အရှင် ထားမလားဆိုတာ နင့်ရဲ့ စကားတစ်ခွန်းပဲ လိုတော့တယ်"
လုလီ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ ဝိညာဉ်သွေးပဋိညာဉ်မှာ သူ၏ အကြီးမားဆုံး အန္တရာယ်ပင်။ တုံရှန်း စိတ်ကူးပေါက်ရုံနှင့် သူ သေနိုင်သည်။ သူ မည်မျှပင် သန်မာပါစေ၊ သူမ မျက်မှောင်ကြုတ်လိုက်ရုံဖြင့် သူ ပြာဖြစ်သွားနိုင်သည်။ သူ အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"တစ်နေ့ကျရင်... ငါ့ရဲ့ ဝိညာဉ်သွေးကို ငါကိုယ်တိုင် ပြန်ယူမယ်"
လင်းကျင့်ယွီသည် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော်လည်း ယခုမှပင် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါဆိုရင် သူ့ကို ငါ့ရဲ့ ကျွယ်ချင်းတောင်ထွတ်ကို ခေါ်သွားမယ်"
သူမ၏ အသံက မလေးနက်သော်လည်း မျက်လုံးများက နက်ရှိုင်းလှသည်။ လုလီကို ကြည့်လိုက်သည့် အကြည့်ထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ အသတ်ခံလိုက်ရသည့် လင်းယွဲ့ မှာ သူမ၏ ဆွေမျိုးတော်စပ်သူ မဟုတ်ပါလား။ လူပုံအလယ်တွင် အသတ်ခံရခြင်းကို သူမ မည်သို့ လက်ခံနိုင်မည်နည်း။
ဟူကျင်ရှင်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ညီမလေးလင်း... မင်း အတည်ပြောနေတာလား ဂိုဏ်းထဲမှာ အချင်းချင်း သတ်ဖြတ်ခွင့် မရှိဘူးနော်။ လုလီ သတ်လိုက်တဲ့ လင်းယွဲ့က မင်းရဲ့ အမျိုးမဟုတ်လား"
လင်းကျင့်ယွီက အေးစက်စွာ ပြန်ပြောသည်။
"ငါက သံယောစဥ်မဲ့လမ်းစဉ် ကို ကျင့်ကြံတာ။ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်းစိတ်နှလုံးကို အပျက်မခံဘူး။ လင်းယွဲ့က အစွမ်းအစမရှိလို့ သေတာ၊ သေသင့်လို့ သေတာပဲ"
စကားကသာ ထိုသို့ပြောသော်လည်း နားထောင်နေသူများမှာ ချမ်းစိမ့်သွားကြသည်။ ကျောက်ချုံယွမ်က ရုတ်တရက် ရယ်မောကာ ဝင်ပြောလိုက်သည်။
"သူ့ကို ငါ့ရဲ့ လမ်းစဉ်ခြောက်သွယ်တောင်ထွတ်ကိုပဲ လွှတ်လိုက်ပါ။ တစ်ချို့လူတွေက 'သံယောစဥ်မဲ့' လွန်းလို့ တိတ်တဆိတ် သတ်ပစ်တာမျိုး မဖြစ်
ရအောင်လို့ပါ"
ကျောက်ချုံယွမ်နှင့် လင်းကျင့်ယွီတို့မှာ အမြဲတမ်း မတည့်ကြသူများ ဖြစ်သည်။ လုလီသည် လင်းယွဲ့ကို သတ်ခဲ့သည်ဟု သိရသောအခါ သူက စိတ်ဝင်စားသွားပြီး "ဒီကောင်လေးက အရိုးမာသားပဲ၊ သတ်တာလည်း ပြတ်သားတယ်၊ ငါတို့တောင်ထွတ်နဲ့ ကွက်တိပဲ" ဟု တွေးနေသည်။
လင်ကျင့်ယွီ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး "ကျောက်ချုံယွမ်... နင်က ငါနဲ့ အမြဲ ဆန့်ကျင်နေတော့မှာလား"
ကျောက်ချုံယွမ်က ပြုံးမြဲပြုံးလျက် "စီနီယာအစ်မလင်း... ကျွန်တော်က အထင်လွဲမှာ စိုးလို့ ကူညီပေးတာပါ။ ဒါပေမဲ့ မကျေနပ်ရင် ဓားဝါဒတောင်ထွတ်မှာ တွေ့ကြမလား"
လေထုမှာ ရုတ်တရက် အေးစက်သွားသည်။ ဓားဝါဒတောင်ထွတ်ဆိုသည်မှာ အတွင်းစည်းတပည့်များ အသက်ကို ပဓာနမထားဘဲ ယှဉ်ပြိုင်ကြသည့် နေရာဖြစ်သည်။ နှစ်ယောက်တက်သွားလျှင် တစ်ယောက်သာ ပြန်ဆင်းလာနိုင်သည့် နေရာမျိုး ဖြစ်သည်။
လူအုပ်ထဲတွင် လုလီသည် ငြိမ်သက်စွာ ရပ်နေသော်လည်း သူ၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေသည်။
ကျွယ်ချင်းတောင်ထွတ် ကို လုံးဝ သွားလို့မရပေ။ လင်းကျင့်ယွီသည် သူ သတ်ခဲ့သော လင်းယွဲ့၏ အစ်မ ဖြစ်သည်။ သူမက "သံယောဇဉ်မဲ့လမ်းစဥ်" လို့ ပြောပေမဲ့ အမှန်တကယ် လက်စားမချေဘူးလို့ ဘယ်သူက အာမခံနိုင်မလဲ။
ခြောက်လမ်းတောင်ထွတ်က ထိုကျောက်ချုံယွမ်မှာလည်း လျှို့ဝှက်လွန်းလှသဖြင့် အနားကပ်ရန် မလွယ်ကူပေ။
အရေးကြီးဆုံးအချက်မှာ သူသည် ကွေ့ယွမ်တောင်ထွတ် ကိုသာ သွားရပေမည်။သူသည် ဟယ်ရှိုးယွမ်၏ ဘေးတွင် ရပ်နေသော တုံရှန်းကို ကြည့်လိုက်သည်။
ဝိညာဉ်သွေးကို ပြန်ယူရန်အတွက် တုံရှန်းနှင့် ဝေးကွာ၍ မဖြစ်ပေ။ ပဋိညာဉ်အရ ပတ်သက်မှု နီးကပ်လေလေ၊ ပဋိညာဉ်အမှတ်အသားမှာ လျော့ရဲလေလေ ဖြစ်သည်။ သူမက သူ့ကို သူစိမ်းဟု သဘောထားသွားလျှင် ဝိညာဉ်သွေးကို ပြန်ရရန် မဖြစ်နိုင်တော့ပေ။
လူတိုင်းက သူ့ကို ကပ်ဖားတဲ့သူဟုမြင်လျှင်တောင် သူက သူမအနားမှာ ရှိနေရမည်။ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တောင်ထွတ်လေးခုမှ တပည့်များကို ဦးညွှတ်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"စီနီယာတို့ခင်ဗျာ... ကျွန်တော် လုလီက ကွေ့ယွမ်တောင်ထွတ်ကိုပဲ သွားချင်ပါတယ်။ ဂိုဏ်းထဲမဝင်ခင်မှာ ကျွန်တော် ကတိတစ်ခု ပေးခဲ့ဖူးပါတယ်။ ကွေ့ယွမ်တောင်ထွတ်ကိုသွားပြီး လူတစ်ယောက်ကို စောင့်ရှောက်ဖို့ပါ။ ကျေးဇူးပြုပြီး ခွင့်ပြုပေးကြပါ"
စကားဆုံးသည်နှင့် အားလုံး အံ့အားသင့်သွားကြသည်။ တချို့က တုံရှန်းကို လှမ်းကြည့်ကြသည်။
"မယုံနိုင်စရာပဲ... သူက ဒီလောက်ထိ အရှက်မရှိ ကပ်ဖားနေတာလား"
"တုံရှန်းက သူ့ကို ဒီလောက် ရွံနေတာတောင် သူက လိုက်ချင်နေသေးတယ်ပေါ့"
ဟော်ရှို့ယွမ်က ဘာမှမပြောသော်လည်း တုံရှန်း၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားသည်။ လုလီက သူမကို ရှောင်သွားလိမ့်မည်ဟု ထင်ထားသော်လည်း ယခုမူ သူမကို "စောင့်ရှောက်ဖို့" အကြောင်းပြကာ လိုက်လာမည်ဟု ဆိုသည်။ သူမသည် သူမ၏ ပါးပြင်ကို အသာအယာ ထိလိုက်မိရင်း ရင်ခုန်သွားသည်။
"ငါက တကယ်ပဲ ဒီလောက် ဆွဲဆောင်မှု ရှိတာလားငါက အေးစက်စက် ဆက်ဆံပြတာတောင် သူက..."
သို့သော် လုလီ၏ တည်ငြိမ်သော ပုံစံကို မြင်သောအခါ သူမ၏ စိတ်ထဲတွင် ဝင့်ကြွားလိုစိတ် အနည်းငယ် ပေါ်လာသည်။ သူမသည် ဟော်ရှို့ယွမ်ကို လှည့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"စီနီယာအစ်ကိုဟော်... ကျွန်မရဲ့ အစေခံက သခင့်အပေါ် တကယ်ပဲ သစ္စာရှိပုံရတယ်။ သူ့ကိုပဲ ခေါ်သွားလိုက်ရအောင်နော်"
သူမ၏ အသံတွင် ငြင်းပယ်လိုစိတ် မရှိတော့ဘဲ ဂုဏ်ယူလိုစိတ်များ ပါဝင်နေသည်။ လုလီသည် ခေါင်းငုံ့ထားသဖြင့် သူ၏ မျက်လုံးထဲမှ အေးစက်သော အလင်းတန်းကို မည်သူမျှ မမြင်နိုင်ကြပေ။
"ကပ်ဖားတဲ့သူလား"
"ကောင်းပြီ... မင်းတို့အားလုံး ငါ့ကို ကပ်ဖားယပ်ဖားလုပ်တဲ့သူလို့ ထင်နေကြပေါ့။ ငါ့ရဲ့ ဝိညာဉ်သွေးကို ပြန်ရတဲ့နေ့ကျရင်... ပထမဆုံး လုပ်မယ့်အလုပ်က မင်းတို့ရဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကို ခွာချပြီး မင်းတို့ကို ရွှံ့နွံထဲ နင်းခြေပစ်ဖို့ပဲ"
သူ၏ စိတ်ထဲတွင် ချိုးယွဲ့၏ အသံက သဲ့သဲ့လေး ထွက်ပေါ်လာသည်။
"ဟဲဟဲ.. လိမ္မာလိုက်တာ။ သရုပ်ဆောင်တာ မဆိုးဘူးပဲ။ သူမ နင့်ကို ချစ်လာပြီး ဝိညာဉ်သွေးကို ပေးအပ်တဲ့ အချိန်ကျမှ... သူမကို သတ်မလား၊ စွန့်ပစ်မလားဆိုတာ နင်ဆုံးဖြတ်ပေါ့..."
လုလီ ဘာမှ ပြန်မပြောဘဲ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သူ၏ မျက်နှာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသော်လည်း သူ၏ ရင်ထဲတွင်မူ မီးတောက်တစ်ခု စတင်တောက်လောင်နေပြီ ဖြစ်သည်။
📝အပိုင်း - ၁၈ အပြင်စည်းတပည့်
ဘာသာပြန် - Na Gar🐉
ချီကွမ်ကျီသည် မြင့်မားသောနေရာမှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ သူ၏အသံမှာ ရှေးကျသော်လည်း စကားလုံးတိုင်းမှာ အလေးချိန်တန်
တစ်ထောင်ရှိသကဲ့သို့ လေးနက်လှသည်။
"မင်းက သေခြင်းနဲ့ရှင်ခြင်းကြားမှာ ကိုယ်တိုင် ဝိညာဥ်ချီအာရုံခံနိုင်ခဲ့သလို၊ သံယောဇဉ်ကြီးမားပုံကလည်း ချီးကျူးစရာရှိတာကြောင့်... ကွေ့ယွမ်တောင်ထွတ်မှာ မင်းအတွက် နေရာတစ်ခု ပေးသနားလိုက်မယ်"
သူက စကားကို ခဏရပ်လိုက်ပြီးမှ သတိပေးသကဲ့သို့ ဆက်ပြောသည်။
"ဒါပေမဲ့ မှတ်ထားပါ... မြင့်မြတ်တဲ့လမ်းစဉ်မှာ ရှေ့ရောက်ဖို့က အဓိကပဲ၊ ကျင့်ကြံခြင်းလမ်းမှာ သံယောဇဉ်မရှိရဘူး။ လောကီအစွဲအလမ်းတွေက မင်းရဲ့ကျင့်ကြံခြင်းစိတ်နှလုံးကို အနှောင့်အယှက်ဖြစ်စေရင် အချိန်မဆိုင်းဘဲ ဖြတ်တောက်လိုက်ဖို့ လိုတယ်"
ဤစကားမှာ အကြံပေးခြင်းနှင့်တူသလို၊ သတိပေးခြင်းနှင့်လည်း တူလှသည်။
လုလီသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် အရိုအသေပေးကာ ရိုသေစွာ ပြောလိုက်သည် ။
"ကျေးဇူးတင်ပါတယ် အကြီးအကဲချီ"
မကြာမီမှာပင် ကွေ့ယွမ်တောင်ထွတ်မှ တပည့်များက သူ့ကို လာရောက်ခေါ်ဆောင်သွားသည်။ လုလီသည် သူတို့နောက်သို့လိုက်၍ ကွေ့ယွမ်တောင်ထွတ် တပည့်အုပ်စုထဲသို့ ဝင်လိုက်ရာ ဟော်ရှို့ယွမ်နှင့် တုံရှန်းတို့၏ ရှေ့တည့်တည့်သို့ ရောက်သွားသည်။
သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ယဉ်ကျေးသော ထိုလူငယ်ကို ဦးစွာ အရိုအသေပေးလိုက်သည်။
"စီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ။
ဟော်ရှို့ယွမ်က ခေါင်းအသာငြိမ့်ပြကာ မြင့်မြတ်သော မိသားစုမှ သခင်လေးတစ်ဦးကဲ့သို့ သိမ်မွေ့စွာ ပြုံးပြသည်။
"ဂိုဏ်းထဲကို ခုမှ စဝင်တာဆိုတော့ မပျင်းမရိဘဲ ကြိုးစားပြီး ကျင့်ကြံရမယ်"
ထိုအချိန်တွင် လုလီသည် သူ၏ အေးစက်စက်နိုင်လှသော အမူအရာနှင့် သတိထားနေမှုကို ရုတ်တရက် ဖျောက်လိုက်သည်။ သူ၏မျက်နှာတွင် အပြစ်ကင်းစင်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ ဖြူဖွေးညီညာသော သွားလေးများ ပေါ်သည်အထိ တောက်ပစွာ ပြုံးပြလိုက်သည်။
သူသည် လူငယ်တစ်ဦး၏ ရိုးသားသော ဝမ်းမြောက်မှုနှင့် စစ်မှန်သော ခံစားချက်တို့ဖြင့် တက်ကြွစွာ ပြောလိုက်သည်။
"စီနီယာအစ်မတုံ... ကျွန်တော် အောင်မြင်သွားပြီ"
"အစ်မပြောလို့ ကျွန်တော် ကွေ့ယွမ်ကို လာခဲ့တာ... အခု ကျွန်တော် တကယ်ပဲ ဝင်ခွင့်ရသွားပြီ"
သူ၏အသံမှာ မကျယ်သော်လည်း စစ်မှန်မှုနှင့် ရှက်ရွံ့မှုတို့ ပါဝင်နေသည်။ ချစ်မြတ်နိုးရသူ၏ ခြေလှမ်းကို နောက်ဆုံးတွင် အမီလိုက်နိုင်ခဲ့သည့် ကောင်လေးတစ်ယောက်ကဲ့သို့ သူ၏မျက်နှာမှာ ဝင်းပနေသည်။
ဝိညာဥ်ချီအာရုံခံနိုင်ပြီးနောက် လုလီ၏ ရုပ်ရည်မှာလည်း သိသိသာသာ တိုးတက်လာသည်။ အစာရေစာ ငတ်မွတ်ခေါင်းပါးနေသည့် ရုပ်ရည်မျိုး မဟုတ်တော့ဘဲ သူ၏မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့စင်ကြယ်လာသည်။ သူ၏အဝတ်အစားများတွင် သွေးစွန်းရာနှင့် ဖုန်မှုန့်များ ရှိနေသေးသော်လည်း လူငယ်တစ်ဦး၏ ထက်မြက်သော အရှိန်အဝါကို ဖုံးကွယ်ထား၍မရပေ။
တုံရှန်းမှာ ခဏတာ မှင်သက်သွားသည်။
လုလီက ဤမျှ သဘာဝကျကျ ပြုံးရယ်ပြီး ထိုသို့ပြောလာလိမ့်မည်ဟု သူမ မထင်ထားမိပေ။ သူမ၏ ရင်ထဲတွင် တစ်စုံတစ်ခုက လှုပ်ခတ်သွားသလို ခံစားလိုက်ရသော်လည်း ချက်ချင်းပင် ဟန်ဆောင်ကာ စိမ်းကားစွာ ပြန်ပြောလိုက်သည်။
"မောင်လေးလုလီ... နင့်ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် နင့်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို အပျက်မခံပါနဲ့"
လုလီသည် သူမ၏ စိမ်းကားမှုကို သတိမထားမိသကဲ့သို့ အပြစ်ကင်းစွာ ပြုံးလျက်ပင် အလေးအနက် ခေါင်းငြိမ့်ပြသည်။
"စီနီယာအစ်မရဲ့ ဆုံးမမှု့အတွက် ကျေးဇူးတင်ပါတယ်"
"ကျွန်တော် ကြိုးစားကျင့်ကြံမှာပါ။ စီနီယာအစ်မ ကျွန်တော့်ကို မြင်နိုင်တဲ့နေ့အထိ အမီလိုက်နိုင်အောင် သေချာပေါက် ကြိုးစားပါ့မယ်"
တုံရှန်းသည် ဤမျှ ပွင့်လင်းသော လူငယ်လေး၏ ချစ်မြတ်နိုးမှု့ မျိုးကို တစ်ခါမှ မကြားဖူးပေ။ သူသည် ဝါနတ်အရိုးပိုင်ရှင် ဖြစ်နေသော်လည်း၊ သူမကိုယ်တိုင်ကလည်း သူ့ကို မပတ်သက်ချင်သော်လည်း၊ ဤစကားကို ကြားရသောအခါ သူမ၏ လှပသော မျက်နှာလေးမှာ ရဲရဲနီသွားတော့သည်။
သူမက တိုးတိုးလေး မာန်မဲလိုက်သည်။
"ဆက်မပြောနဲ့တော့... မြန်မြန် တန်းစီတဲ့နေရာ ပြန်သွားတော့"
"ငါ့နားမှာ ရပ်နေတာ... ရှက်စရာကောင်းတယ်"
သူမ၏ အသံတွင် စိတ်တိုနေသလိုလို၊ ရှက်ရွံ့မှုကို ဖုံးကွယ်နေသလိုလို ခံစားရသည်။ လုလီသည် တစ်ဖန် အရိုအသေပေးကာ လူအုပ်ထဲသို့ ပြန်ဝင်သွားသည်။
'မင်းက ငါ မင်းနောက်ကို လိုက်နေတယ်လို့ ထင်နေတာလား'
'မဟုတ်ဘူး... ငါက ငါ့ရဲ့ အသက်ကို ပြန်ရဖို့ ကြိုးစားနေတာ'
ရှေ့တွင်ရှိသော ဟော်ရှို့ယွမ်သည် တုံရှန်း၏ မျက်နှာနီမြန်းနေသည်ကို ကြည့်ကာ ပြုံးလျက် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
"ညီမလေး... ဒီလုလီက ညီမလေးအပေါ် တကယ်ကို သံယောဇဉ်ကြီးတာပဲ"
"မဟုတ်ပါဘူး"တုန်းရှန်းက ခေါင်းငုံ့ကာ မျက်နှာပိုနီလာရင်း တိုးတိုးလေး ငြင်းရှာသည်။
ဘေးပတ်ဝန်းကျင်ရှိ ကွေ့ယွမ်တပည့်များမှာလည်း တီးတိုးပြောဆိုနေကြသဖြင့် လေထုမှာ တစ်မျိုး ထူးဆန်းနေတော့သည်။
နေဝင်ချိန် နီရဲသောရောင်ခြည်အောက်တွင် ကွေ့ယွမ်တောင်ထွတ် တပည့်များ တောင်ပေါ်သို့ ပြန်တက်လာကြသည်။
ဝါနတ်အရိုးတပည့် နှစ်ရာကျော်နှင့် နက်မှောင်နတ်အရိုးတပည့် သုံးဆယ်ကျော်တို့မှာ တောင်ထွတ်လေးခုမှ ခေါ်ယူခြင်း ခံခဲ့ရပြီး ဖြစ်သည်။ လမ်းတွင်လည်း အမျိုးမျိုး ဆွေးနွေးနေကြသည်။
တစ်ဦးတည်းသော ကောင်းကင်နတ်အရိုးပိုင်ရှင် လူငယ် ရှီဟွမ်ကမူ စမ်းသပ်ပွဲအပြီးတွင် အကြီးအကဲဟွမ်ကိုယ်တိုင် လာရောက်ခေါ်ဆောင်ကာ သွေးဓားတောင်ထွတ်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။
သူကတော့ အနာဂတ်ရဲ့ ဓားအကျော်အမော် ဖြစ်လာမယ့်သူ၊ သူတို့တွေကတော့ ကျင့်ကြံခြင်းလမ်းထဲကို ခုမှ စတင်ဝင်ရောက်လာတဲ့ ပိုးကောင်လေးတွေပဲ မဟုတ်လား။
လမ်းအလယ်သို့ ရောက်သောအခါ ကွေ့ယွမ်တောင်ထွတ်မှ အတွင်းစည်းတပည့်ဖြစ်သူ ဟော်ရှို့ယွမ်က ရပ်လိုက်ပြီး လက်ကိုနောက်ပစ်ကာ အကျယ်ကြီး ပြောလိုက်သည်။
"အားလုံးပဲ နားထောင်ကြ"
"ငါတို့ ကွေ့ယွမ်တောင်ထွတ်က တောင်လေးခုထဲမှာ အင်အားအကြီးဆုံးပဲ"
သူ၏အသံက သိမ်မွေ့သော်လည်း မာန်အပြည့် ပါဝင်နေသည်။
"ဆေးလုံးဖော်စပ်တာပဲဖြစ်ဖြစ်၊ လက်နက်သွန်းလုပ်တာ၊ ဝိညာဉ်သားရဲ ထိန်းကျောင်းတာ၊ ဒါမှမဟုတ် အစီအရင်တွေ ခင်းကျင်းတာပဲဖြစ်ဖြစ်... ငါတို့က အသာဆုံးပဲ"
သူက ဆက်ပြောသည်...
"ဒါပေမဲ့... ဒီတစ်ခေါက် ကောင်းကင်နတ်အရိုးပိုင်ရှင်ကတော့ သွေးဓားတောင်ထွတ်ကို ရောက်သွားတယ်။ ဒါကြောင့် နောင်လာမယ့် ဆယ်စုနှစ်
အတွင်းမှာ ဂိုဏ်းရဲ့ အခြေအနေက အပြောင်းအလဲ ရှိနိုင်တယ်"
သူက စကားလမ်းကြောင်းကို ပြောင်းကာ တုံရှန်းကို ကြည့်လိုက်ပြီး...
"အထူးသဖြင့် ညီမလေးတုံရှန်း... ညီမလေးက မြေနတ်အရိုးရှင် ဖြစ်တဲ့အတွက် နှစ်တစ်ရာမှာ တစ်ယောက်ပဲ ပေါ်နိုင်တဲ့ ပါရမီရှင်ပဲ။ဘာအမှားအယွင်းမှမရှိဘူးဆိုရင် က အနာဂတ်မှာ တတိယအဆင့်(ရွေအမြုတေအဆင့်)ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး အများကြီး ရှိတယ်"
"အဲဒါက... သာမန်ကျင့်ကြံသူကနေ နတ်ဘုရားတစ်ပိုင်း ဖြစ်သွားမယ့် တကယ့် တံခါးဝပဲ"
တုံရှန်း၏ မျက်လုံးများ ဝင်းပသွားကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ မျက်နှာတွင် ဖုံးကွယ်၍မရသော ဂုဏ်ယူမှုများ ရှိနေသည်။ ဟော်ရှို့ယွမ်က ဆက်ပြောသည်။
"အခု ငါတို့ ကွေ့ယွမ်တောင်ထွတ်ရဲ့ တပည့်အဆင့်အတန်းတွေကို ပြောပြမယ်၊ သေချာမှတ်ထားကြ"
"တပည့်တွေကို အဆင့် (၃) ဆင့် ခွဲခြားထားတယ် အပြင်စည်းတပည့်၊ အတွင်းစည်းတပည့် နဲ့ အဓိကတပည့် ဆိုပြီးတော့ပေါ့"
"ညီမလေးတုံရှန်းကတော့ အတွင်းစည်းတပည့်အဖြစ် တိုက်ရိုက်ဝင်နိုင်ပေမဲ့ ကျန်တဲ့မင်းတို့တွေကတော့..."
"ဝါနတ်အရိုးပဲဖြစ်ဖြစ်၊ နက်မှောင်နတ်အရိုးပဲဖြစ်ဖြစ်... အားလုံးက အပြင်စည်းတပည့်အဖြစ်ကနေ စတင်ရမယ်"
လူအုပ်ထဲရှိ နက်မှောင်နတ်အရိုးပိုင်ရှင် တပည့်အချို့မှာ မကျေနပ်သော အမူအရာများ ပေါ်လာသော်လည်း ဘာမှမပြောရဲကြပေ။
"အပြင်စည်းတပည့်ဆိုတာ နာမည်ကသာ ကောင်းတာ၊ တကယ်တော့ အလုပ်ကြမ်းတွေပဲ လုပ်ရတာ"
ဟော်ရှို့ယွမ်က အေးစက်စွာ ဆက်ပြောသည်။
"ဝိညာဉ်ဆေးဥယျာဉ်၊ ဝိညာဉ်သားရဲခြံ ၊ ဆေးခန်းမ... မင်းတို့တွေကို နေရာအသီးသီးမှာ ခွဲထားမယ်။ အပင်ပန်းဆုံး အလုပ်တွေကို လုပ်ပြီး အနည်းဆုံး အရင်းအမြစ်တွေကိုပဲ ရလိမ့်မယ်"
"လစဉ် ပုံမှန်ထောက်ပံ့ကြေးကတော့ အဆင့်နိမ့်ဝိညာဉ်ကျောက်(၁၀၀) ရမယ်။ အဲဒီအပြင် ဂိုဏ်းအကျိုးပြုမှတ် အနည်းငယ် ရမယ်"
တစ်ယောက်က နားမလည်ဘဲ မေးလိုက်သည်။
"ဂိုဏ်းအကျိုးပြုမှတ်ဆိုတာ ဘာလဲ ခင်ဗျာ"
ဟော်ရှို့ယွမ်က ပြုံးကာ ရှင်းပြသည်။
"ဂိုဏ်းထဲက ဘယ်ကျင့်ကြံခြင်း အရင်းအမြစ်မဆို ဂိုဏ်းအကျိုးပြုမှတ်နဲ့မှ လဲလို့ရမယ်"
"ကျင့်စဉ်တွေ၊ သိုင်းပညာတွေ၊ ဝိညာဉ်လက်နက်တွေ၊ ဆေးလုံးတွေ... ဒဏ်ရာကုသတာကအစ၊ အဆောင်ကျောက်စိမ်းပြား တစ်ပြားအဆုံး အားလုံးက တန်ဖိုးသတ်မှတ်ထားပြီးသား"
"အပြင်စည်းတပည့်တွေအတွက် ဂိုဏ်းအကျိုးပြုမှတ်ရဖို့က အရမ်းခက်တယ်။ အတွင်းစည်းကို ဝင်ခွင့်မရမချင်း မင်းတို့အတွက် ရှေ့ဆက်ဖို့ ခက်လိမ့်မယ်"
"ဒါဆို ကျွန်တော်တို့ ဘယ်လို ကျင့်ကြံရမှာလဲ"တစ်ယောက်က ကြောက်ကြောက်လန့်လန့်နှင့် မေးသည်။
ဟော်ရှို့ယွမ်က ခေါင်းငြိမ့်ပြပြီး..
"ကွေ့ယွမ်တောင်ထွတ်မှာ ကွေ့ယွမ်နန်းဆောင် ဆိုတာ ရှိတယ်။ အဲဒီမှာ ချီစုဆောင်းခြင်းအဆင့် ကျင့်စဉ်ရဲ့ ပထမ (၅) ဆင့်ကို အခမဲ့ ကျင့်ကြံခွင့်ပေးထားတယ်"
"ကျန်တဲ့ နောက်ဆုံး (၅) ဆင့်အတွက်ကတော့ ဂိုဏ်းအကျိုးပြုမှတ်နဲ့ လဲရမယ်"
"မင်းတို့ စိတ်မပျက်ကြပါနဲ့။ လစဉ်တိုင်းမှာ ဂိုဏ်းကနေ အကြီးအကဲတွေ ဓမ္မတရားဟောပြောတဲ့အခါ မင်းတို့အတွက်အခွင့်အရေး တစ်ကြိမ်ပေးတယ်။ အဲဒါက မင်းတို့ တိုးတက်ဖို့အတွက် အရေးကြီးဆုံး လမ်းစပဲ"
"အဲဒီနေရာမှာ တာအိုသဘောတရားအသိရတဲ့သူရှိရင် အကြီးအကဲတွေက တပည့်အဖြစ် တိုက်ရိုက်ခေါ်တတ်တယ်"
လူအုပ်ကြီးမှာ ငြိမ်ကျသွားသည်။ အားလုံး နားလည်သွားကြပြီ အပြင်စည်းတပည့်ဆိုသည်မှာ အစပျိုးခြင်း ဖြစ်သလို၊ အမှောင်တွင်းကြီးလည်း ဖြစ်သည်။
ယခုအချိန်မှစ၍ မည်သူက အထက်သို့ တက်လှမ်းနိုင်မလဲ၊ မည်သူက အောက်ခြေမှာ ကျန်ရစ်မလဲဆိုသည်မှာ နောက်ခံအရှိန်အဝါကြောင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အရည်အချင်းအပေါ်မှာသာ မူတည်တော့သည်။
လုလီသည် တန်းစီနေသည့် လူအုပ်၏ နောက်ဆုံးတွင် လျှောက်လှမ်းနေရင်း မျက်လုံးကို မလွှဲဘဲ နားထောင်နေသည်။
"ဒါက နတ်ဘုရားလမ်းစဥ်တွေရဲ့ စည်းမျဉ်းပေါ့လေ"
သူသည် သူ၏ ကြမ်းတမ်းနေသော လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ ဘာမှမပြောသလို၊ ရယ်လည်းမရယ်ပေ။ သူသည် ဤအချက်အားလုံးကို မှတ်သားထားလိုက်သည်။
လူအုပ်ကြီး ရှေ့ဆက်သွားနေစဉ် တစ်ယောက်က သတ္တိမွေး၍ မေးလိုက်
သည်။
"စီနီယာအစ်ကိုဟော်... ကျွန်တော်တို့ အပြင်စည်းတပည့်တွေ အတွင်းစည်းကို တက်လှမ်းဖို့ အခွင့်အရေး ရှိလား ခင်ဗျာ"
ဟော်ရှို့ယွမ်က ပြုံးလိုက်ပြီး...
"သေချာပေါက် ရှိတာပေါ့"
"ဂိုဏ်းကနေ သုံးနှစ်တစ်ကြိမ် 'အတွင်းစည်းပြိုင်ပွဲ' ကျင်းပပေးတယ်။ အပြင်စည်းတပည့်တွေထဲက ကျင့်ကြံခြင်းအဆင့် ချီစုဆောင်းခြင်းအဆင့် (၅) ရှိပြီး အသက် (၂၀) မပြည့်သေးတဲ့သူတွေ ပါဝင်ယှဉ်ပြိုင်နိုင်တယ်"
လူအုပ်ထဲတွင် တီးတိုးသံများ ထွက်ပေါ်လာသည်။
"သုံးနှစ်မှ တစ်ကြိမ်လား..."
"အဆင့် (၅) ထိ တက်ရမှာလား..."
ဟော်ရှို့ယွမ်က ဆက်ပြောသည်။
"ဒါပေမဲ့ မှတ်ထားကြ... ငါတို့ ဟွမ်ရှန်းဂိုဏ်းက ပရဟိတလုပ်တဲ့နေရာ မဟုတ်ဘူး။ အသက် (၂၀) အထိ ဝိညာဥ်ချီအာရုံမခံနိုင်သေးတဲ့သူ၊ ကျင့်ကြံခြင်းလမ်းထဲ မဝင်နိုင်တဲ့သူတွေကို ဂိုဏ်းကနေ နှင်ထုတ်ပစ်မယ်"
"ကျင့်ကြံခြင်းဆိုတာ အရင်းအမြစ်တွေ အကန့်အသတ်ရှိတယ်။ ဂိုဏ်းက အသုံးမကျတဲ့သူတွေကို မမွေးထားဘူး"
ဤစကားကြောင့် အားလုံး၏ မျက်နှာများ ပျက်သွားသည်။ အထူးသဖြင့် ပါရမီနည်းသော ဝါနတ်အရိုးပိုင်ရှင် တပည့်များ၏ မျက်လုံးထဲတွင် စိုးရိမ်မှုများ ပေါ်လာသည်။
ဟော်ရှို့ယွမ်က လုလီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ ညီလေးလုကတော့ ထူးခြားတယ်"
"ဝါနတ်အရိုး ဖြစ်နေတာတောင် စမ်းသပ်ပွဲမှာတင် ဝိညာဥ်ချီကိုအာရုံခံနိုင်ခဲ့တယ်။ ဒီအရွယ်နဲ့ ကျင့်ကြံခြင်းလမ်းစဥ်ထဲ ဝင်နိုင်တာ... ငါတို့ ကွေ့ယွမ်တောင်ထွတ်မှာတောင် ဒီလိုလူမျိုး ပေါ်လာခဲတယ်"
အားလုံးက လူအုပ်နောက်ဆုံးတွင် ရှိနေသော လုလီကို လှည့်ကြည့်ကြသည်။ လုလီက ငြိမ်သက်စွာ ရပ်နေရင်း အရိုအသေပေးလိုက်သည်။
"စီနီယာအစ်ကိုကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ"
ကျင့်ကြံခြင်းသည် မခက်ခဲပေ။
ခက်ခဲသည်မှာ ဤကဲ့သို့သော စည်းမျဉ်းများအောက်တွင် ဝါနတ်အရိုးဟု အထင်အမြင်သေးခံရသည့် ဘဝတွင် အသက်ရှင်ကျန်ရစ်ရန်နှင့် သွေးအိုင်ထဲမှ အထက်သို့ တက်လှမ်းရန်သာ ဖြစ်သည်။