← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

📝အပိုင်း - ၁၉ ဝိညာဉ်ဆေးဥယာဥ်

ဘာသာပြန် - Na Gar🐉

တန်းစီနေသော လူအုပ်ကြီး ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာရာ နောက်ဆုံးတွင် ဟွမ်ရှန်းဂိုဏ်း၏ တောင်လေးခုအနက် တစ်ခုဖြစ်သော ကွေ့ယွမ်တောင်ထွတ် သို့ ရောက်ရှိလာကြသည်။

တောင်ထဲသို့ ပိုတိုးဝင်လာလေလေ၊ ကောင်းကင်ယံ၏ မြင်ကွင်းမှာ ပို၍ ထူးခြားဆန်းပြားလာလေလေ ဖြစ်သည်။

ကောင်းကင်ယံ၌ ဓားအလင်းတန်းများမှာ တိမ်တိုက်များကို ဖောက်ထွက်ကာ ပျံသန်းနေကြပြီး ကျင့်ကြံသူများသည် ဓားများကို စီးနင်းလျက် လေထဲတွင် ဝဲပျံနေကြသည်။ ဝိညာဉ်သားရဲများမှာ တိမ်တိုက်များကဲ့သို့ များပြားလှပြီး တောင်ကြားစမ်းချောင်းများတွင် ကြိုးကြာဖြူအုပ်များ စုဝေးနေကြသည်။ တောအုပ်အတွင်း၌လည်း မြူတိမ်များ ရစ်သိုင်းနေသည်မှာ နတ်ဘုံနတ်နန်းသို့ ရောက်ရှိနေသကဲ့သို့ပင်။

တောင်ပတ်လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် တပည့်များစွာကရပ်ကြည့်နေကြသည်။ သူတို့အများစုမှာ အဝါရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဟော်ရှို့ယွမ်ကို မြင်သောအခါ လက်သီးဆုပ်ကာ အရိုအသေပေးကြသည်။

"စီနီယာအစ်ကို ဟော်ကို ဂါရဝပြုပါတယ်"

"စီနီယာအစ်ကို ဟော် ပြန်လာပြီ"

ဟော်ရှို့ယွမ်က ပြုံး၍ ခေါင်းညိတ်ပြသည်။ သူသည် ယဉ်ကျေးသိမ်မွေ့စွာပင် လက်ပြန်နှုတ်ဆက်ပြီး သူ၏ ခန့်ညားသော အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။

ဘေးနားရှိ တပည့်သစ်တစ်ဦးက တိုးတိုးလေး မေးလိုက်သည်။

"စီနီယာအစ်ကို ဟော်... အဲဒီလူတွေက ဘယ်သူတွေလဲဟင်"

"သူတို့တွေက ကွေ့ယွမ်တောင်ထွတ်ရဲ့ အပြင်စည်းတပည့် တွေပဲ။ အဝါရောင်ဝတ်စုံ ဝတ်ထားတဲ့သူတွေ အားလုံးက အပြင်စည်းတပည့်တွေပဲ"

"အဖြူရောင်ဝတ်ထားတဲ့သူတွေကတော့ အတွင်းစည်းတပည့် တွေပေါ့"

သူက ပြောရင်းနှင့် ကောင်းကင်ယံမှ ဓားအလင်းတန်းများကို လက်ညှိုးညွှန်ပြသည်။ ထိုအဖြူရောင်ဝတ် ကျင့်ကြံသူများ၏ အရှိန်အဝါမှာ နက်ရှိုင်းလှပြီး တစ်ဦးချင်းစီမှာ ချီစုဆောင်းခြင်းအဆင့် (၅) သို့မဟုတ် ထို့ထက်ပို၍ မြင့်မားကြသည်။

ထိုစဉ် ကောင်းကင်ယံမှ ဓားအလင်းတန်း သုံးခုမှာ လေခွဲသံနှင့်အတူ ရောက်ရှိလာသည်။ လူသုံးဦးမှာ တောင်ပတ်လမ်းဘေးတွင် ချက်ချင်း ဆင်းသက်လိုက်ပြီး ဓားများကို သိမ်းဆည်းကာ ရပ်လိုက်ကြသည်။

သူတို့မှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အားလုံးမှာ တိမ်တိုက်ပုံစံ ဝတ်စုံဖြူများကို ဝတ်ဆင်ထားကာ ခါးတွင် ဝိညာဉ်ကျောက်စိမ်းပြားများ ချိတ်ဆွဲထားကြသဖြင့် အရှိန်အဝါမှာ ထူးခြားလှသည်။

အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူမှာ အသားအရေမှာ နှင်းပမာဖြူဖွေးပြီး ခန္ဓာကိုယ်အချိုးအစားမှာလည်း ပြေပြစ်လှပသည်။ သူမ၏ မျက်ဝန်းများမှာ တောက်ပနေပြီး နှုတ်ခမ်းဖျားတွင် လှောင်ပြုံးသလိုလို အပြုံးတစ်ခု ရှိနေသဖြင့် ဘေးပတ်ဝန်းကျင်ရှိ တပည့်များမှာ မျက်တောင်မခတ်ဘဲ ငေးကြည့်နေကြရသည်။

လုလီ လည်း တစ်ချက်ကြည့်လိုက်သော်လည်း သူ၏စိတ်ထဲတွင် ထူးထူးခြားခြား လှုပ်ခတ်မှု မရှိပေ။

အဖြူရောင်ဝတ် အမျိုးသားတစ်ဦးက ပြုံး၍ ပြောလိုက်သည်။

"စီနီယာအစ်ကို ဟော်... ဒီတစ်ခေါက် ဘယ်လို ပါရမီရှင်တွေ ပါလာလဲ ဒီတစ်ခေါက် စမ်းသပ်ပွဲမှာ 'ကောင်းကင်နတ်အရိုး' ပေါ်လာတယ်လို့ ကြားတယ်နော်"

ဟော်ရှို့ယွမ်က ခေါင်းခါယမ်းလိုက်ပြီး ယပ်တောင်ကို အသာခတ်ကာ နှမြောတသဟန်ဖြင့် ပြောလိုက်သည်။

"အဲဒီ နတ်အရိုးပိုင်ရှင်ကိုတော့ အကြီးအကဲဟွမ်က သွေးဓားတောင်ထွတ်ကို ခေါ်သွားပြီ။ ဒါပေမဲ့ ငါတို့ ကွေ့ယွမ်လည်း လက်ဗလာနဲ့ ပြန်လာတာတော့ မဟုတ်ဘူး"

သူ၏ အကြည့်မှာ တုံရှန်းထံသို့ ရောက်သွားပြီး ပြုံးလိုက်သည်။

"ဒါကတော့ ဒုတိယအဆင့်မြေနတ်အရိုး ပိုင်ရှင်... ညီမလေး တုံရှန်းပဲ"

အတွင်းစည်းတပည့် သုံးဦးစလုံး၏ မျက်လုံးများ ဝင်းပသွားသည်။ အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူမှာ ဝမ်းသာအားရဖြင့် ရှေ့သို့ လှမ်းတိုးလာကာ တုံရှန်း၏ လက်ကို ဆွဲကိုင်လိုက်ပြီး အလွန်အမင်း အလိုလိုက်သည့် အမူအရာဖြင့် ပြောလိုက်သည်။

"အို... ချစ်စရာကောင်းလိုက်တဲ့ ညီမလေးပဲ မြေနတ်အရိုးပိုင်ရှင်လား ညီမလေးရဲ့ ပါရမီက ငါတို့ အရင်တုန်းကထက် အများကြီး သာတာပဲ"

သူမ၏ အသံမှာ ကြည်လင်ပြတ်သားပြီး ဖော်ရွေလှသည်။ ဟော်ရှို့ယွမ်က ပြုံး၍ မိတ်ဆက်ပေးသည်။

"ဒါက မင်းတို့ရဲ့ စီနီယာအစ်မ ရှန်ချူ ပဲ။ ဟိုဘက်ကတော့ စီနီယာအစ်ကို လျိုချောင် နဲ့ ဂျူနီယာညီလေး ဖန်ချိုး တို့ ဖြစ်တယ်။ သူတို့ သုံးဦးစလုံးက ကွေ့ယွမ်တောင်ထွတ်ရဲ့ အတွင်းစည်းတပည့်တွေပဲ"

တပည့်သစ်များ အားလုံးက အရိုအသေပေးလိုက်ကြသည်။ အတွင်းစည်းတပည့် သုံးဦးမှာလည်း ရိုသေမှုများကို ပြန်လည် တုံ့ပြန်ကြသည်။ သူတို့မှာ အဆင့်အတန်း မြင့်မားကြသော်လည်း မာန်မာန မရှိဘဲ ရင်းနှီးဖော်ရွေကြသည်။ သို့သော် လူတိုင်း၏ အာရုံမှာ တုံရှန်းပေါ်တွင်သာ ရှိနေပြီး အခြားသော တပည့်သစ်များကိုမူ တစ်ချက်ကလေးပင် လှည့်မကြည့်ကြပေ။

ရှန်ချူမှာ တုံရှန်းကို သူမ၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားပြီး အလွန်အမင်း ချစ်ခင်နေသည်။

"အာ... ဒီတစ်ခေါက် စမ်းသပ်ပွဲမှာ နတ်မျိုးစေ့လေး တစ်ယောက် ပါလာတယ်လို့ ကြားသားပဲ။ ညီမလေးက ဒီလောက်အထိ ငယ်ပြီး လှနေလိမ့်မယ်လို့ မထင်ထားဘူး..."

တုံရှန်းမှာ မျက်နှာလေး နီရဲနေပြီး အရိုအသေပေးကာ ကြည်လင်သော အသံဖြင့် နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်မ ရှန်၊ စီနီယာအစ်ကို လျို၊ စီနီယာအစ်ကို ဖန်တို့ကို ဂါရဝပြုပါတယ် ရှင်"

တုံရှန်းသည် လူတိုင်း၏ အချစ်တော် ဖြစ်နေချိန်တွင် လူအုပ်နောက်ဘက်ရှိ လုလီကိုမူ သတိထားမိသူ တစ်ယောက်မျှ မရှိပေ။ သူသည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာသေနှင့်ပင် ရှိနေကာ သူ၏ မျက်ဝန်းများမှာ ရေပြင်ပမာ တည်ငြိမ်နေသည်။

ထိုစဉ် သူ၏ အသိစိတ်ထဲ၌ လွင့်မျောနေသော အသံတစ်ခု ပေါ်လာသည်။

"ဟေး... လုလီ"

"ပြောစမ်းပါဦး... အဲဒီ ရှန်ချူ ဆိုတဲ့ အဖြူရောင်ဝတ် မိန်းကလေးက ပိုလှတာလား ဒါမှမဟုတ် ငါက ပိုလှတာလား"

လေသံမှာ ပျင်းရိပျင်းတွဲနှင့် ကစားချင်စဖွယ် ကောင်းလှသည်။ ကြောင်တစ်ကောင်က သူမ၏ အမြီးကို လိပ်ထားရင်း သားကောင်၏ အခက်တွေ့နေမှု့ကို ကြည့်နေသကဲ့သို့ပင်။

လုလီ ခဏတာ မှင်သက်သွားသည်။ သူ၏ အကြည့်မှာ ရှန်ချူထံသို့ တစ်ဖန် ရောက်သွားပြန်သည်။

အသားအရေ ဖြူဖွေးခြင်း၊ မျက်ဝန်းများ တောက်ပခြင်းနှင့် ဖျတ်လတ်သော အရှိန်အဝါတို့မှာ အမှန်တကယ်ပင် ရှားပါးသော အလှပိုင်ရှင် ဖြစ်သည်။ အကယ်၍ တောင်အောက်တွင်သာ ဆိုလျှင် လူတိုင်း ဝိုင်းဝိုင်းလည်နေမည့် နတ်သမီးလေး ဖြစ်ပေလိမည်။

သို့သော် သူ၏ ဦးနှောက်ထဲတွင်မူ အခြားသော ပုံရိပ်တစ်ခုက အလိုအလျောက် ပေါ်လာသည်။

သွေးနံရံပေါ်တွင် အရိုးချောင်းလေးချောင်းဖြင့် ရိုက်နှက် ခံထားရသော်လည်း ရင်ခုန်ချင်စဖွယ် လှပနေဆဲ ဖြစ်သည့် အဖြူရောင်ဝတ် အမျိုးသမီး။ သူမ၏ ဝတ်စုံများ စုတ်ပြတ်နေပြီး တစ်ကိုယ်လုံး သွေးများ စွန်းထင်းနေသော်လည်း ချိုးယွဲ့ နတ်သမီးသည် တစ်ချက်ကြည့်ရုံဖြင့် ဝိညာဉ်ကို နှုတ်ယူသွားနိုင်သည့် အလှမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

"ချိုးယွဲ့ကို တစ်ခါမြင်ဖူးရုံနဲ့ တစ်သက်လုံး လမ်းမှားသွားနိုင်သည်" ဆိုသည့် အစွန်းရောက်လှသော အလှတရား ဖြစ်သည်။ ရှန်ချူကဲ့သို့သော အလှမျိုးမှာ လှသော်လည်း သူ၏ စိတ်နှလုံးကို လှုပ်ခတ်စေလောက်အောင်တော့ မဟုတ်ပေ။

ချိုးယွဲ့က ဘာကြောင့် ဤကဲ့သို့ မေးရသည်ကို သူ နားမလည်သော်လည်း လုလီက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"မင်းက... ပိုလှပါတယ်"

ချိုးယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားပုံရပြီးနောက် ရယ်မောလိုက်သံမှာ ပုလဲကုလာကာကို လေတိုက်လိုက်သကဲ့သို့ သာယာလှသည် ။

"ဟင်း... နင့်မှာမျက်လုံးရှိသားပဲ"

ပြောပြီးသည်နှင့် အသံမှာ ပျောက်ကွယ်သွားသည်။ ဤမေးခွန်းကို မေးရန်အတွက်သာ ရည်ရွယ်ချက်ရှိရှိ ပေါ်လာသကဲ့သို့ပင်။ လုလီလည်း ထပ်မံ စကားမဆိုတော့ပေ။

သူမ၏ အလှတရားမှာ အမှန်တကယ်ပင် မည်သူနှင့်မျှ နှိုင်းယှဉ်၍ မရပေ။ သို့သော် ထိုအလှတရား နောက်ကွယ်တွင် မည်သည့်အရာများ ဖုံးကွယ်ထားသည်ကို သူ အသိဆုံး ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်မှု၊ တန်ပြန်တိုက်ခိုက်မှုနှင့် နတ်ဆိုးတစ်ပါးကဲ့သို့ ပြောင်းလဲသွားမှုတို့ပင်။

သူသည် သက်ပြင်းတစ်ချက် အသာရှိုက်လိုက်ရင်း သူ၏ အကြည့်ကို တုံရှန်းနှင့် ရှန်ချူတို့ထံမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။

ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ဟော်ရှို့ယွမ်က သူ၏ ယပ်တောင်ကို သိမ်းဆည်းလိုက်ပြီး တပည့်များကို ကြည့်ကာ ပြုံးလိုက်

သည်။

"သွားကြစို့... မင်းတို့ကို အထွေထွေဆောင် ဆီကို ခေါ်သွားပေးမယ်"

"ဂိုဏ်းထဲဝင်တာက စည်းစိမ်ခံဖို့ မဟုတ်ဘူး။ နတ်ဘုရား ဖြစ်ဖို့ဆိုတာလည်း အလကား ရလာတာ မဟုတ်ဘူး။ ကွေ့ယွမ်တပည့်တွေက ဂိုဏ်းဝင်တာနဲ့ တစ်ပြိုင်နက် တာဝန်တွေကို ထမ်းဆောင်ရမယ်"

စိမ်းပြာရောင် ကျောက်ကွေးတံတားကို ဖြတ်ကျော်လိုက်သောအခါ သုံးထပ်မြင့်သော မီးခိုးရောင် ကျောက်ဆောင်အဆောက်အအုံတစ်ခုကို မြင်တွေ့ရသည်။ တံခါးဝတွင် "အထွေထွေဆောင်" ဟု ရေးထိုးထားသော ဆိုင်းဘုတ်တစ်ခု ရှိသည်။

အပြင်ဘက်တွင် အဝါရောင်ဝတ် တပည့်များစွာ စောင့်ဆိုင်းနေကြသည်။ သူတို့မှာ ဂိုဏ်းသို့ စောစီးစွာ ရောက်ရှိနေသည့် အပြင်စည်းတပည့်ဟောင်းများ ဖြစ်ကြသည်။ အဆောက်အအုံအတွင်းသို့ ဝင်ရောက်သောအခါ တပည့်တစ်ဦးချင်းစီမှာ နာမည်ခေါ်ခြင်း ခံရပြီး အလုပ်တာဝန်များကို ခွဲဝေပေးခြင်း ခံရသည်။

အဝါရောင်ဝတ် တာဝန်ခံတပည့်က ဝိညာဉ်စာအုပ်ကို ကိုင်ဆောင်ကာ ဖတ်ကြားလိုက်သည်။

"ဆေးခန်းမ - ကျန်းရှို့၊ ထျန်ယဲ့..."

ထိုသူများမှာ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။ တစ်ဦးက တိုးတိုးလေး ညည်းတွားလိုက်သည်။

"ဒါက အသက်ကို ရန်ရှာတာပဲ... ဆေးခန်းမက တစ်နေ့ကို သုံးကြိမ် မီးဖိုထဲ ဝင်ရတယ်လို့ ကြားတယ်။ မီးခိုးတွေကြားမှာ ခွေးထက်တောင် ပင်ပန်းသေးတယ်"

တာဝန်ခံက စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ထပ်ပြီး စကားတစ်ခွန်း ပြောရင် တပည့်အဖြစ်ကနေ ထုတ်ပစ်မယ်"

ထိုသူမှာ ချက်ချင်းပင် နှုတ်ဆိတ်သွားပြီး အဝတ်အစားများကို ယူကာ ခေါင်းငုံ့ထွက်သွားသည်။

"ဝိညာဉ်သားရဲခြံ - လင်ဝမ်၊ မာချင်း..."

"ဓားခန်းမ - ချန်ချန်း၊ လျိုချိုး..."

"ဝိညာဉ်ဆေးဥယာဥ် - လုလီ"

မိမိ၏ နာမည်ကို ကြားသောအခါ လုလီ၏ မျက်ခုံးများ အသာအယာ လှုပ်ခတ်သွားပြီး စိတ်သက်သာရာ ရသွားသည်။

ဝိညာဉ်ဆေးဥယာဥ်က... ဆေးခန်းမ သို့မဟုတ် ဓားခန်းမတွင် ကြမ်းတိုက်ရသည့် အလုပ်များနှင့် ယှဉ်လျှင် ဤနေရာမှာ အသာယာဆုံး အလုပ်ပင် ဖြစ်သည်။ ဝိညာဉ်ဆေးဥယာဥ်ရှိရာ နေရာသည် ဝိညာဉ်ချီ အလွန်သိပ်သည်းပြီး အလုပ်ပင်ပန်းသော်လည်း ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်သည်။ ၎င်းမှာ လုလီ၏ ဆန္ဒနှင့် ကွက်တိပင်။

တာဝန်ခွဲဝေပြီးသောအခါ လူတိုင်းသည် ကွေ့ယွမ်တောင်ထွတ်၏ တံဆိပ်ပါသော အဝါရောင်ဝတ်စုံတစ်စုံစီနှင့် အမှတ်အသား ကျောက်စိမ်းပြား တစ်ခုစီကို ရရှိကြသည်။ ထိုကျောက်စိမ်းပြားပေါ်တွင် နာမည်၊ နတ်အရိုးအဆင့်နှင့် တာဝန်ယူရသည့် နေရာတို့ကို ရေးထိုးထားသည်။ ယခုအချိန်မှစ၍ လုလီသည် ဟွမ်ရှန်းဂိုဏ်း၏ တရားဝင် အပြင်စည်းတပည့် ဖြစ်လာခဲ့ပြီ။

"လုလီ"

အဆောက်အအုံ အပြင်ဘက်မှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

လုလီ ကြည့်လိုက်သောအခါ အဝါရောင်ဝတ် မိန်းကလေးတစ်ဦး သူ့ထံသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူမသည် အသက် (၁၅)၊ (၁၆) ခန့်ရှိပြီး ကိုယ်ဟန်မှာ ပေါ့ပါးကာ ရုပ်ရည်မှာလည်း လှပသည်။ အထူးခြားဆုံးမှာ သူမ၏ တောက်ပနေသော မျက်ဝန်းများပင် ဖြစ်သည်။

"ငါက ရန်ယွီ ပါ။ ဝိညာဉ်ဆေးဥယာဥ်ဘက်ကို တပည့်သစ်တွေ လာခေါ်တဲ့သူပေါ့"

သူမက ရင်းရင်းနှီးနှီးပင် သူမကိုယ်သူမ လက်ညှိုးညွှန်ပြကာ ချိုသာစွာ ပြုံးပြသည်။

"နောင်ကျရင် နင်က ငါတို့ ဝိညာဉ်ဆေးဥယာဥ်ရဲ့ ဂျူနီယာမောင်လေးဖြစ်သွားပြီ"

လုလီက အသာအယာ ခေါင်းညိတ်ပြကာယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်မ ရန်ကို ဂါရဝပြုပါတယ် ခင်ဗျာ"

ဤမိန်းကလေးမှာ စိတ်ထားပွင့်လင်းပြီး ဖော်ရွေသူဖြစ်ကြောင်း သူ မြင်

နိုင်သည်။ သူမသည် အပြင်စည်းတပည့်ဟောင်း ဖြစ်သော်လည်း မာန်မာန မရှိပေ။ ရန်ယွီက လက်ဝှေ့ယမ်းကာ ပြုံးလိုက်သည်။

"ဒီလောက်ထိ ယဉ်ကျေးမနေပါနဲ့။ ငါလည်း ဝါနတ်အရိုးရှင် ပါပဲ။ ငါတို့တွေက အိုးတစ်လုံးထဲမှာ အတူတူ ပြုတ်ခံနေရတဲ့ သူတွေပဲလေ။ ဘယ်သူအရင် အိုးထဲရောက်လဲ ဆိုတာပဲ ကွာတာပါ"

သူမက ပြောရင်းနှင့် မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။

လုလီ၏ မျက်လုံးများမှာ ဝင်းပသွားသော်လည်း သူ၏ စိတ်ထဲတွင် ပို၍ သတိထားလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဤမျှ ပွင့်လင်းစွာ ရယ်မောနိုင်ခြင်းမှာ အပြစ်ကင်းစင်လွန်း၍လား၊ သို့မဟုတ် အခြားသော ရည်ရွယ်ချက် ရှိနေ၍လား။

မည်သို့ပင်ဖြစ်စေ၊ ဝိညာဉ်ဆေးဥယာဥ်သို့ စတင်ဝင်ရောက်ခြင်း၊ မိမိကိုယ်ကို ဖုံးကွယ်ထားခြင်းနှင့် ကျင့်ကြံခြင်းတို့မှာ သူ၏ ဆန္ဒနှင့် ကိုက်ညီလှသည်။ လုလီသည် တပည့်ဝတ်စုံကို အေးဆေးစွာ မယူလိုက်ပြီး ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် ဤဝိညာဉ်ဆေးဥယာဥ်မှ စတင်ပေတော့မည်။

📝အပိုင်း - ၂၀ ဝိညာဉ်စပါး

ဘာသာပြန် - Na Gar🐉

ရန်ယွီသည် လုလီကို ခေါ်ဆောင်၍ ကျယ်ပြောလှသော တောင်ကုန်းကွင်းပြင်တစ်ခုဆီသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။

အဝေးမှကြည့်လျှင် ကြီးမားသော ဝိညာဥ်ငှက်နားခိုရာစင်မြင့်အချို့ကို မြင်တွေ့ရပြီး ထိုအပေါ်တွင် အဖြူရောင်အမွေးအတောင်ရှိသောကြိုးကြာငှက် အကောင်ပေါင်းများစွာ ငြိမ်သက်စွာ နားနေကြသည်။ ၎င်းတို့၏ အတောင်ပံများကို ရုပ်သိမ်းထားကာ အသက်ရှူသံမှာ ငြိမ်သက်အေးချမ်းလှသော်လည်း ရံဖန်ရံခါ လည်တံကိုလွှဲ၍ အော်မြည်သံမှာမူ သတ္တုချင်းထိခတ်သံကဲ့သို့ ကျယ်လောင်လှသည်။

"ဒါကတော့ ဆီးနှင်းဖြူကြိုးကြာငှက်ပဲ ဟွမ်ရှန်းဂိုဏ်းက မွေးထားတဲ့ အဆင့်နိမ့် သွားလာရေးသုံး ဝိညာဥ်သားရဲပေါ့" ဟု ရန်ယွီက ရှေ့မှဦးဆောင်ကာ ပြုံး၍ ရှင်းပြသည်။

"ဝိညာဥ်ဆေးဥယာဥ်က အရမ်းကျယ်တာ၊ ငါတို့လို ဓားပျံ မစီးနိုင်သေးတဲ့ တပည့်တွေအတွက်တော့ ဒီငှက်တွေကပဲ အဓိကအားကိုးရာပဲ"

သူမသည် နောက်သို့လှည့်ကာ လုလီကို တစ်ချက်ကြည့်လိုက်သည်။ "ခြေကျင်လျှောက်မယ်ဆိုရင် ဂိုဏ်းဝင်ပေါက်ကနေ ဝိညာဥ်ဆေးဥယာဥ်အထိ အနည်းဆုံး တစ်ရက်နဲ့ တစ်ည ကြာလိမ့်မယ်"

လုလီ ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏အကြည့်မှာ ထိုကြိုးကြာငှက်များပေါ်သို့ ကျရောက်နေသည်။ ၎င်းတို့သည် အရပ်အမောင်းမြင့်မားကာ အမွေးအတောင်များမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး မျက်ဝန်းထဲတွင် ဝိညာဥ်အလင်းတန်းများ လှည့်ပတ်နေကြရာ သာမန်သားရဲများမဟုတ်ကြောင်း ထင်ရှားလှသည်။ သူ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"ဒါက... ဘာစားလဲ"

"ဝိညာဥ်ဆန်" ရန်ယွီ၏ အပြုံးများ ပျောက်ကွယ်သွားပြီး အသံမှာလည်း အနည်းငယ် တိုးညှင်းသွားသည်။ "ဝိညာဥ်ဆန် ငါးဆယ်သားကကြိုးကြာငှက်တစ်ကောင် တစ်နေ့လုံး ပျံသန်းဖို့ လုံလောက်တယ်။ ဒါပေမဲ့ နင်လည်း သိတဲ့အတိုင်း ဝိညာဥ်ဆန် တစ်ပိဿာကို ဝိညာဥ်ကျောက်တုံး ဆယ်တုံး ပေးရတယ်။ ငါတို့ ပြင်ပတပည့်တွေက တစ်လမှ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး တစ်ရာပဲ ရတာလေ"

သူမက ပုခုံးတွန့်ပြရင်း "ဒါကြောင့် လူအများစုက လယ်ကွင်းထဲမှာပဲ မြက်တဲထိုးပြီး နေကြတော့တယ်၊ အဓိကတောင်ထွတ်ဘက်ကို မပြန်ကြတော့ဘူး။ ပိုက်ဆံ အလဟဿ မကုန်ချင်လို့လေ"

ထိုသို့ပြောပြီးနောက် သူမက ရုတ်တရက် လှည့်ပြုံးကာ "နင်က ခုမှ ဂိုဏ်းထဲ ရောက်တာဆိုတော့ ဒီနေ့အတွက် ကြိုးကြာငှက်စီးခကို ငါပဲ စိုက်ပေးလိုက်မယ်"

ပြောပြီးသည်နှင့် သူမသည် သိုလှောင်အိတ်ထဲမှ ဝိညာဥ်ဆန်တစ်ထုပ်ကို ထုတ်ယူကာ ငှက်စာခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် လုလီကို ဆွဲခေါ်ကာ ကြိုးကြာငှက်ကျောပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လိုက်ကြသည်။

ကြိုးကြာငှက်သည် ဝိညာဥ်ဆန်ကို စားသုံးပြီးနောက် တစ်ချက်အော်မြည်ကာ အတောင်ပံများကို ဖြန့်ကျက်၍ ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားတော့သည်။

လုလီသည် ခြေဖဝါးအောက်တွင် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး မြေပြင်မှ ဝေးကွာသွားသည်။ နောက်တစ်ခဏတွင် ပြင်းထန်သော တောင်လေများက မျက်နှာကို တိုးဝှေ့လာသည်။ သူ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိရာ ခြေဖဝါးအောက်ရှိ တောင်ထိပ်များ၊ နန်းဆောင်များနှင့် တံတားရှည်ကြီးများသည် လျင်မြန်စွာ ကျန်ရစ်ခဲ့ပြီး သေးငယ်သွားသည်ကို မြင်တွေ့ရသည်။

မြင့်မားသော ကောင်းကင်ယံမှ ကြည့်လျှင် တောင်တန်းများသည် လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်နေပြီး ကျင့်ကြံသူများသည် အစက်အပြောက်ကလေးများသဖွယ် ဖြစ်နေသည်။ ကျယ်ပြောလှသော ဂိုဏ်းတော်ကြီး တစ်ခုလုံးကို မျက်စိတစ်ဆုံး မြင်တွေ့နေရသည်။

"ဒါမှ တကယ့် ဟွမ်ရှန်းဂိုဏ်းရဲ့ ပုံစံပဲ" ရန်ယွီသည် ဘေးဘက်သို့ လှည့်ကြည့်ကာ တစ်ယောက်တည်း ရေရွတ်နေသကဲ့သို့ ပြောလိုက်သည်။

ပျံသန်းနေစဥ်အတွင်း အေးစက်သော လေပြင်းများသည် ဓားကဲ့သို့ ထက်ရှလှသည်။

မြင့်မားသော ကောင်းကင်ယံရှိ ဝိညာဥ်ချီ ဖိအားကြောင့် အကယ်၍ သာမန်လူသားတစ်ယောက်သာဆိုလျှင် ခန္ဓာကိုယ် ပေါက်ကွဲမသွားသော်လည်း ဓားဖြင့် မွှန်းခံရသကဲ့သို့ နာကျင်မှုကို ခံစားရမည်ဖြစ်သည်။

ရန်ယွီသည် ကြိုးကြာငှက်ကျောပေါ်ရှိ အမွေးတောင်များကို ဆုပ်ကိုင်ထားရင်း ရင်ဘတ်ထဲမှ မီးခိုးပြာရောင် အဆောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ လုလီကို ပေးရန် ပြင်လိုက်သည်။

"သတိထား လေတိုက်တာ အရမ်းပြင်းတယ် ငါ့ဆီမှာ..."

သူမ စကားမဆုံးခင်မှာပင် မျက်ဝန်းများ လှုပ်ရှားသွားသည်။

လုလီ၏ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော ရွှေရောင်အလင်းတန်းများ အလိုအလျောက် ပေါ်ထွက်နေပြီး လေကာမှန်တစ်ခုသဖွယ် ပြင်းထန်သော လေပြင်းများကို အပြင်ဘက်တွင် တားဆီးထားသည်ကို တွေ့လိုက်ရသည်။ သူ၏ အင်္ကျီစွန်းများမှာပင် အနည်းငယ်သာ လွင့်ယိမ်းနေသည်။

"ဟင်"

ရန်ယွီသည် အံ့အားသင့်စွာဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက် သူမ၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။

"မောင်လေးလုလီက တကယ်ကို သာမန်မဟုတ်ပါလား၊ ဝိညာဥ်ချီကို အာရုံခံနိုင်တဲ့အဆင့်ကို ရောက်နေပြီလား"

သူမက အဆောင်ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး မျက်ဝန်းထဲတွင် ချီးကျူးမှုနှင့် နူးညံ့မှုတို့ဖြင့် ကြည့်ကာ "ဂိုဏ်းထဲ စဝင်ချင်းမှာတင် ကိုယ့်ဘာသာကိုယ် လေဖိအားကို ခုခံနိုင်တဲ့ တပည့်အသစ်ကို ဒါ ပထမဆုံး မြင်ဖူးတာပဲ"

လုလီက ပြုံး၍ ပြန်ဖြေသည်။

"ဒါက... ကံကောင်းလို့ပါ"

"ကံကောင်းတာ ဟုတ်လား" ရန်ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ "နင်က ကံကောင်းလို့ဆိုရင် ငါကတော့ အဲ့ဒီတုန်းက ဂိုဏ်းထဲတောင် ဝင်နိုင်မှာ မဟုတ်တော့ဘူး"

သူမသည် ဝေးလံသောဆီသို့ မျှော်ကြည့်လိုက်ရာ မျက်ဝန်းများမှာ ရုတ်တရက် အနည်းငယ် မှေးမှိန်သွားသည်။

"ငါ ဂိုဏ်းထဲဝင်တုန်းက နင့်လို အသက်အရွယ်ပဲ... ဒါပေမဲ့ ဝိညာဥ်ချီကို အာရုံခံနိုင်ဖို့ နှစ်နှစ်တိတိ ကြာခဲ့တယ်"

"ငါတို့လို ဝါနတ်အရိုး တပည့်တွေက တိုးတက်မှုက သနားစရာကောင်းလောက်အောင် နှေးကွေးလွန်းတယ်။ ငါ အခု အသက် ၁၅ နှစ် ရှိပြီ၊ ဒါတောင် ချီစုဆောင်းခြင်းအဆင့် (၂) ကိုပဲ ရောက်သေးတယ်"

သူမ၏ အသံမှာ ပေါ့ပါးနေသော်လည်း အတွင်းထဲမှ ခါးသီးမှုနှင့် အားငယ်မှုကို ဖုံးကွယ်၍ မရပေ။

"ဒီတစ်သက်တော့... လယ်ပဲ စိုက်သွားရတော့မယ် ထင်တယ်"

အေးစက်သော လေပြင်းများမှာ ဆက်လက်တိုက်ခတ်နေဆဲဖြစ်ပြီး ကြိုးကြာငှက်သည် တိမ်တိုက်များကို ဖြတ်ကျော်ကာ ပျံသန်းနေသည်။

သူမ၏ အကြည့်သည် လုလီပေါ်သို့ ပြန်လည်ကျရောက်လာပြီး အားပေးသည့် နွေးထွေးမှုတို့ ပါဝင်လာသည်။

"ဒါပေမဲ့ နင်ကတော့ မတူဘူး။ မောင်လေးက အသက်ငယ်ငယ်လေးနဲ့ ဝိညာဥ်ချီကို အာရုံခံနိုင်ပြီဆိုတော့ နောင်တစ်ချိန်မှာ အတွင်းစည်းတပည့် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး"

လုလီက ချက်ချင်း ပြန်မဖြေဘဲ ဝေးလံသော နေရာမှ ဝိညာဥ်ဆေးဥယာဥ် များ၏ ပုံရိပ်ကိုသာ စိုက်ကြည့်နေမိသည်။

"ရောက်တော့မယ်"

ရန်ယွီက မျက်လုံးမှေးကြည့်ရင်း ရှေ့သို့ လက်ညှိုးထိုးပြလိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်တွင် ချိုမြိန်သော အပြုံးတစ်ခု ပေါ်လာသည်။

သူမ၏ မျက်လုံးကြီးများထဲတွင် ရွှေရောင်နှင့် အစိမ်းရောင် ရောယှက်နေသော အလင်းတန်းများ ထင်ဟပ်နေပြီး ၎င်းမှာ နွေဦးရေပြင်ပေါ်သို့ လှိုင်းများ ကျရောက်လာသကဲ့သို့ လှိုင်းလုံးကလေးများ တစ်ဆင့်ပြီးတစ်ဆင့် ပျံ့နှံ့နေသည်။

လုလီသည် သူမ ညွှန်ပြရာသို့ ကြည့်လိုက်ရာ သူ၏မျက်ဝန်းများ ရုတ်တရက် ကျုံ့သွားသည်။

ရှေ့တွင် ကောင်းကင်ယံမှ အလင်းတန်းများ ဖြာကျနေပြီး ဝိညာဥ်လယ်မြေများသည် တိမ်တိုက်များထဲမှ ဆန့်ထွက်လာသကဲ့သို့ ရှိနေသည်။ လယ်မြေများမှာ စစ်တုရင်ခုံသဖွယ် ခင်းကျင်းထားပြီး လေတိုက်လိုက်သည့်အခါတိုင်း ဂျုံလှိုင်းများကဲ့သို့ လှုပ်ခတ်ကာ ရွှေရောင်အလင်းများ တဖျတ်ဖျတ် တောက်ပနေသည်။

၎င်းမှာ သာမန်လယ်မြေမဟုတ်ဘဲ ဝိညာဥ်ချီများ ထုထည်ကြီးမားစွာ တည်ရှိနေသော နေရာဖြစ်သည်။

လေတိုက်လိုက်သည်နှင့် တစ်ကမ္ဘာလုံး သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားလာသည်။

ဂျုံလှိုင်းများသည် မျက်စိတစ်ဆုံး ကျယ်ပြောလှသည်။

"ဒါကတော့ ဝိညာဥ်လယ်မြေဧရိယာပဲ" ယန်ယွီက တိုးညှင်းစွာ ပြောလိုက်ပြီး သူမ၏ အသံထဲတွင် ဂုဏ်ယူမှုအချို့ ကိန်းအောင်းနေသည်။

"ငါတို့ ကွေ့ယွမ်တောင်ထွတ်ရဲ့ ဝိညာဥ်ဆေးပင် စိုက်ပျိုးမှု့က တောင်ထွတ်လေးခုလုံးမှာ နာမည်ကြီးတယ်။ ဂိုဏ်းထဲက ဝိညာဥ်

စားသောက်ကုန်တွေ၊ ဆေးဖော်စပ်တဲ့ ပစ္စည်းတွေနဲ့ ဝိညာဥ်သားရဲအစာတွေရဲ့ (၃၀) ရာခိုင်နှုန်းက ဒီက ထွက်တာ"

သူမသည် ဝေးလံသော ဘက်ပေါင်းစုံသို့ လက်ညှိုးထိုးပြရင်း အလေးအနက် ရှင်းပြသည်။

"ဝိညာဥ်ဆေးဥယာဥ် တစ်ခုလုံးက အရမ်းကျယ်ပြီး လေးပိုင်း ခွဲထားတယ်"

"အရှေ့တောင်ဘက်ကတော့ အဆင့်မြင့်လယ်မြေပဲ၊ အတွင်းစည်းတပည့်တွေပဲ ဝင်ခွင့်ရှိတယ်။ အဲ့ဒီက ဝိညာဥ်ဆေးပင်တွေက အရည်အသွေး အမြင့်ဆုံးပဲ၊ ဆေးဖော်ဖို့နဲ့ အကြီးအကဲတွေကို ဆက်သဖို့ သုံးတယ်"

"အလယ်ဗဟိုကတော့ ဝိညာဥ်ပျိုးပင်လယ်မြေပဲ။ ဆေးပင်တွေ စိုက်တာမဟုတ်ဘဲ စားဖို့အတွက် စိုက်တာ။ ဂိုဏ်းထဲက ဆေးဘက်ဝင် အစားအစာတွေ၊ ခန္ဓာကိုယ်အားဖြည့် ဝိညာဥ်စွပ်ပြုတ်တွေ အားလုံးက အဲ့ဒီကနေ ထောက်ပံ့တာ"

"အနောက်ဘက်ကျကျ နေရာကတော့ ဝိညာဥ်အမြစ် စမ်းသပ်လယ်မြေပဲ၊ မျိုးဗီဇပြောင်း မျိုးစေ့တွေကို စိုက်ပျိုးဖို့ သီးသန့်ပဲ။ ဘယ်သူပဲဖြစ်ဖြစ် အပင်သေအောင် လုပ်မိရင် အပြစ်ပေးခံရလိမ့်မယ်"

သူမ ခေတ္တရပ်ကာ မြောက်ဘက်ရှိ ကျယ်ပြန့်သော နေရာတစ်ခုကို ညွှန်ပြရင်း ပြုံးလိုက်သည်။

"ငါတို့သွားမှာက မြောက်ဘက်က... အလုပ်ကြမ်းသမားလယ်မြေပဲ"

"အဲ့ဒါက အကျယ်ဆုံးအပိုင်းလည်း ဖြစ်တယ်"

လုလီ လှမ်းကြည့်လိုက်သည့်အခါ ထိုလယ်မြေမှာ အကျယ်ပြောဆုံးဖြစ်သည်ကို တွေ့ရသည်။ အဝေးမှကြည့်လျှင် အလွှာလိုက်၊ အစီအရီပျံ့နှံ့နေပြီး ဝိညာဥ်ချီမှာ အခြားနေရာများကဲ့သို့ မသိသာသော်လည်း အလွန်

သပ်ရပ်ကာ လူသားကမ္ဘာရှိ လယ်မြေများကို ဝိညာဥ်ချီဖြင့် သွေးနှောထားသည့် နက်ရှိုင်းသော ပုံစံမျိုး ရှိနေသည်။

ရန်ယွီက ဆက်ပြောသည်။

"ဒါပေမဲ့ အလုပ်ကြမ်းသမားလယ်မြေကို အထင်မသေးနဲ့ဦး၊ ဒီမှာ စိုက်တာက သာမန်မြက်တွေ မဟုတ်ဘူး"

"ငါတို့ စိုက်တာက 'ဝိညာဥ်စပါး' ပဲ"

လုလီ အနည်းငယ် မှင်တက်သွားသည်။

"ခုနက ကြိုးကြာငှက် စားတဲ့ ဝိညာဥ်ဆန်လိုမျိုးလား"

"အတိအကျပဲ" ယန်ယွီ ခေါင်းငြိမ့်ပြသည်။

"ဝိညာဥ်ဆန်ဆိုတာ အစာမဖြတ်နိုင်သေးတဲ့ ကျင့်ကြံသူတွေအတွက် နေ့စဥ် လိုအပ်ချက်ပဲ၊ အထူးသဖြင့် အတွင်းစည်းတပည့်တွေကတော့ လူတိုင်းနီးပါး အဲ့ဒါကိုပဲ မှီခိုနေရတာ"

သူမ ခေတ္တရပ်ကာ အားကျသည့်လေသံဖြင့် "နှမြောစရာကောင်းတာက အပြင်စည်းတပည့်တွေမှာ ဝိညာဥ်ဆန်ကို အဓိကအစာအဖြစ် သုံးစွဲခွင့် မရှိဘူး။ ငါတို့က လူသားတွေစားတဲ့ ဆန်နဲ့ ဂျုံကိုပဲ စားရတာပဲ။ ဒါပေမဲ့ ဝိညာဥ်လယ်မြေမှာ အခွင့်အရေး အနည်းငယ် ရှိတယ်"

"ရာသီတိုင်း ရိတ်သိမ်းချိန်မှာ..."

"စိုက်ပျိုးသူက ရိတ်သိမ်းသမျှရဲ့ ဆယ်ပုံမှာတစ်ပုံကို ကိုယ်တိုင် သိမ်းထားနိုင်ပြီး ကျန်တဲ့ ကိုးပုံကိုတော့ ဂိုဏ်းကို အပ်ရတယ်" ရန်ယွီက ပြောရင်း လက်နှစ်ဖက်ကို ကျုံးယူသည့် ပုံစံမျိုး လုပ်ပြသည်။

သူမက အလေးအနက် ပြောသည်။

"ဒီတစ်ပုံကို အထင်မသေးနဲ့။ ဝိညာဥ်ဆန်က ဆေးလုံးတွေလောက် အာနိသင် မမြန်ပေမဲ့ တည်ငြိမ်တယ်၊ သန့်ရှင်းတယ်၊ ဘေးထွက်ဆိုးကျိုး မရှိဘူး။ ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲက ဝိညာဥ်ချီစုဆောင်းမှုအတွက် တကယ့်ကို အကျိုးရှိတာ"

သူမ ခေတ္တရပ်ကာ ရုတ်တရက် ပြုံးလိုက်သည်။

"ပြီးတော့... ဝိညာဥ်ဆန်က စားဖို့တင် မဟုတ်ဘူး"

"အဲ့ဒါကို လဲလို့လည်း ရတယ်"

လုလီ အံ့သြသွားသည်။

"လဲလို့ရတယ်"

ရန်ယွီက ခေါင်းငြိမ့်ပြပြီး လေသံမှာ ပေါ့ပါးသွက်လက်လာသည်။

"ဟုတ်တယ် နင် ဒီဝိညာဥ်ဆန်ကို တခြားအပြင်စည်းတပည့်တွေနဲ့ ပစ္စည်းချင်း လဲလို့ရတယ်။ ဥပမာ- ဝိညာဥ်သားရဲခြံကို သွားပြီး အဆင့်နိမ့် မိစ္ဆာသားရဲတစ်ကောင်နဲ့ လဲစားတာမျိုး၊ ဒါမှမဟုတ် လက်နက်ခန်းမက စီနီယာတွေကို အဆင့်နိမ့် ဝိညာဥ်လက်နက်ကလေး ထုလုပ်ပေးဖို့ အကူအညီတောင်းတာမျိုး၊ ဒါမှမဟုတ်ရင်လည်း..."

သူမ မျက်စိတစ်ချက် မှိတ်ပြကာ အသံကိုနှိမ့်၍ လျှို့ဝှက်စွာ ပြောလိုက်သည်။

"ဆေးခန်းမက လူတွေဆီမှာ ချီစုဆောင်းခြင်းဆေးလုံး တစ်လုံး တိတ်တဆိတ် လဲလို့ရတယ်။ အချုပ်ပြောရရင် ဒီတစ်ပုံသော ဝိညာဥ်ဆန်ကငါတို့ အပြင်စည်းတပည့်တွေအတွက် ဂိုဏ်းကပေးတဲ့ ထောက်ပံ့ကြေးနဲ့ ဂိုဏ်းအကျိုးပြုမှတ်တွေအပြင် တစ်ခုတည်းသော 'ကိုယ်ပိုင် စီမံခန့်ခွဲနိုင်တဲ့' အရင်းအမြစ်ပဲ"

"ဒါက အစာတင် မဟုတ်ဘဲ ငါတို့လို အဝါရောင်ဝတ် တပည့်တွေအတွက် 'အဓိကငွေကြေး' ပဲ"

သူမက ပြောရင်း ခဏရပ်လိုက်သည်။

"ဒါပေမဲ့... ဒါတွေအားလုံးက နင် ဝိညာဥ်ဆန်ရှိမှ ဖြစ်မှာနော်"

📝အပိုင်း - ၂၁ ဂေဟာစနစ်

ဘာသာပြန် - Na Gar🐉

"ဒါပေမဲ့... ဒါတွေအားလုံးက နင် ဝိညာဥ်ဆန်ရှိမှ ဖြစ်မှာနော်"

ရန်ယွီက ပြုံး၍ ပြောလိုက်သော်လည်း နောက်ထပ် အကျယ်တဝင့် ရှင်းမပြတော့ဘဲ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်တင်းသွားသည်။

လုလီသည် ထိုခဏတာ အပြောင်းအလဲကို သတိပြုမိလိုက်ပြီး စိတ်ထဲတွင် လှုပ်ခတ်သွားသည်။

"ဒီတစ်ပုံ ကို ကိုယ်တိုင်သိမ်းနိုင်တယ်" ဆိုသည့် စကားရပ်နောက်ကွယ်တွင် ပြောပြရန် ခက်ခဲသော လျှို့ဝှက်ချက်များနှင့် အားပြိုင်မှုများ ရှိနေလေသလား..။

ဆီးနှင်းဖြူကြိုးကြာငှက်သည် တစ်ချက်အော်မြည်ကာ အတောင်ပံများကို ဖြည်းညှင်းစွာ ရုပ်သိမ်း၍ အောက်သို့ ဆင်းသက်လိုက်သည်။

လေပွေများ ဝေ့ဝိုက်နေသည်နှင့်အမျှ ခြေဖဝါးအောက်ရှိ မြင်ကွင်းမှာ တဖြည်းဖြည်း ကြီးမားလာပြီး လယ်ကွက်များမှာ တစ်ကွက်ချင်းစီ ထင်ရှားလာသည်။ သို့သော် လမ်းတစ်လျှောက်တွင် မြင်တွေ့ခဲ့ရသော ပန်းချီကားတစ်ချပ်ကဲ့သို့ ရွှေရောင်နှင့် အစိမ်းရောင် ရောယှက်နေသည့် လယ်ကွက်များကို ဤနေရာတွင် ရှာမတွေ့နိုင်တော့ပေ။

သူတို့ ဆင်းသက်လိုက်သည့် နေရာမှာ ဝိညာဥ်လယ်မြေ၏ အစွန်ဆုံး မြောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဝိညာဥ်ချီမှာ သာမန်လယ်ကွင်းထက် များစွာ သာလွန်သော်လည်း အလွန်ကျဲပါးနေပြီး အချို့နေရာများတွင် မြက်ပင်များ ဝါကျင်နေကာ ရေမြောင်းများမှာလည်း ခြောက်သွေ့နေသည်။

စုတ်ပြတ်ပြီး လူသူကင်းမဲ့သည့် ခံစားချက်တစ်ခုမှာ အထင်အသား ပေါ်လွင်နေ၏။

"ရောက်ပြီ"

ရန်ယွီသည် ကြိုးကြာငှက်ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး လုလီကို ခြံစည်းရိုးတစ်ခုမှတစ်ဆင့် တိတ်ဆိတ်လှသော လယ်ကွင်းစပ်သို့ ခေါ်ဆောင်သွားသည်။

"ဒီနေရာက နင်နောင်ကျရင် တာဝန်ယူရမယ့် ဝိညာဥ်လယ်ကွက်ပဲ"

လုလီသည် ငုံ့ကြည့်ကာ ဤမြေကွက်အသစ်ကို အကဲခတ်လိုက်သည်။

ဧရိယာမှာ တစ်ဧကခန့် ရှိပြီး မြေအနေအထားမှာ အနည်းငယ် နိမ့်ကျနေသည်။ ထောင့်စွန်းများတွင် မြေများ အက်ကွဲနေပြီး မြေဆီလွှာမှာ လုံးဝ မညံ့ဖျင်းသော်လည်း ဝိညာဥ်အလင်းတန်းများ ထွက်ပေါ်ခြင်း မရှိဘဲ ဝိညာဥ်ရနံ့မှာလည်း ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။

"ဝိညာဥ်လယ်မြေ" ဟု အနိုင်နိုင် ခေါ်ဆိုနိုင်သော်လည်း လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသော အခြားလယ်ကွက်များနှင့် ယှဥ်လျှင် ကွာခြားချက်မှာ ထင်ရှားလှသည်။

"ဝိညာဥ်စပါး စိုက်ပျိုးတဲ့အခါ ဂိုဏ်းရဲ့ စည်းမျဥ်းအရ တစ်ဧကကို တစ်ရာသီ ထွက်နှုန်းက ပိဿာတစ်ထောင် ပြည့်ရမယ်"

ရန်ယွီသည် သူ၏ဘေးတွင် ရပ်နေရင်း တည်ငြိမ်စွာ ပြောပြနေသည်။

"ဒီအခြေခံထက် ကျော်လွန်မှသာ နင်သိမ်းထားနိုင်မယ့် 'ကိုယ်ပိုင်တစ်ပုံ' ဆိုတာ ရှိလာမှာ"

"ယေဘုယျအားဖြင့် ဝိညာဥ်လယ်ကွက်တစ်ခုက တစ်ရာသီကို ပိဿာ ၈၀၀ ကနေ ၁၂၀၀ ကြား ထွက်လေ့ရှိတယ်။ အဓိကကတော့ မြေဆီလွှာရဲ့

ဝိညာဥ်ချီ မြေအနေအထားနဲ့ လေဝင်လေထွက်၊ နောက်ပြီး ဝိညာဥ်ရေမြောင်းရဲ့ လမ်းကြောင်းပေါ်မှာ မူတည်တာပေါ့"

"ပိဿာတစ်ထောင်က စံသတ်မှတ်ချက်ပဲ။ အဲ့ဒီအောက် ရောက်သွားရင် ကိုယ်ပိုင်ဖို့ မပြောနဲ့ဦး..."

သူမ၏ လေသံမှာ ခေတ္တတုံ့သွားပြီး...

"ထောက်ပံ့ကြေးကိုပါ အဖြတ်ခံရလိမ့်မယ်"

လုလီ၏ မျက်ခုံးများ ပင့်တက်သွားသည်။

"အကယ်၍ ရေရှည်မှာ သတ်မှတ်ချက် မပြည့်ခဲ့ရင်ကော"

ရန်ယွီသည် ထိုမြေကွက်ကို ကြည့်ရင်း မျက်ဝန်းများ လက်ခနဲ ဖြစ်သွားကာ တိုးညှင်းစွာ ပြန်ဖြေသည်။

"ဂိုဏ်းက နင့်ကို 'ပါရမီ အလွန်ညံ့ပြီး အသုံးမဝင်သူ' လို့ သတ်မှတ်ပြီး... တောင်ပေါ်ကနေ စောစောစီးစီး နှင်ထုတ်ခံရနိုင်တယ်"

လုလီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းမော့၍ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ဤနေရာရှိ ဝိညာဥ်လယ်မြေများသည် တစ်ကွက်ပြီး တစ်ကွက် မီးခိုးရောင် မြေသားများသာ ဖြစ်နေပြီး လေတိုက်သော်လည်း လှုပ်ခတ်မှု မရှိချေ။ ဝိညာဥ်ချီမှာလည်း အပ်ချည်မျှင်ကလေးများကဲ့သို့ ကျဲပါးလှပြီး ခံစားမိရန်ပင် ခက်ခဲလှသည်။

"ငါ့ရဲ့ မြေကွက်ကကော"

ရန်ယွီက သက်ပြင်းတစ်ချက်ကို သာသာလေး ချလိုက်သည်။

"ငါ့ရဲ့ လယ်ကွက်ကတောင်တစ်ရာသီကို ပိဿာတစ်ထောင် ထွက်တယ်ဆိုယုံဘဲရှိတာ ဆိုလိုတာက သတ်မှတ်ချက် ပြည့်ရုံပဲ၊ ကိုယ်ပိုင်သိမ်းထားဖို့မပိုဘူး"

သူမသည် လုလီ၏ ခြေဖဝါးအောက်ရှိ မြေကွက်ကို လက်ညှိုးထိုးပြလိုက်သည်။

"နင့်ရဲ့ ဒီမြေကွက်က... မြေအနေအထားက ပိုနိမ့်သလို ဝိညာဥ်ချီကလည်း ပိုအားနည်းတယ်။ ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် ထွက်နှုန်းက ပိဿာ ၈၀၀ နဲ့ ၉၀၀ ကြားမှာပဲ ရှိလိမ့်မယ်"

သူမသည် လုလီကို ကြည့်လိုက်ရာ သူမ၏လေသံမှာ နူးညံ့သော်လည်း လေးနက်မှု အပြည့် ရှိနေသည်။

"ဆိုလိုတာက နင်က တစ်ပုံကို မသိမ်းနိုင်ရုံတင်မကဘူး၊ ထောက်ပံ့ကြေးပါ အဖြတ်ခံရဖို့ ရှိနေတယ်"

လုလီ၏ မျက်ဝန်းအစုံ မှေးစက်သွားသော်လည်း တစ်ခွန်းမှ မပြောပေ။

သူ နားလည်သွားပြီ။

ဒါက သူ့ကို ခွဲဝေပေးတဲ့ လယ်ကွက် မဟုတ်ဘူး၊ ဒါက သူ့ကို အစကတည်းက အကျပ်ကိုင်ဖို့ ပေးထားတဲ့ မြေကွက်ပဲ။

သူသည် အက်ကွဲနေသော မြေသားနှင့် ကျဲပါးလှသော ဝိညာဥ်ချီရှိသည့် ထိုမြေကွက်ကို စိုက်ကြည့်နေရင်း ရုတ်တရက် တိုးညှင်းစွာ မေးလိုက်သည်။

"ဘာလို့... ငါက ဒီလို မြေရိုင်းကို ရောက်လာရတာလဲ"

ရန်ယွီသည် ထိုစကားကို ကြားသောအခါ သူမ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး သူ ဤသို့ မေးလာမည်ကို ကြိုတင်သိနေပုံရသည်။

သူမ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ တိုးညှင်းစွာ ပြောပြတော့သည်။

"ဝိညာဥ်လယ်မြေ ဧရိယာဆိုတာ... အပေါ်ယံကြည့်ရင်တော့ လှိုင်းတံပိုးမရှိဘဲ ငြိမ်သက်နေပေမဲ့ တကယ်တမ်းကျတော့ အတွင်းထဲမှာ ရေက တော်တော်နက်တယ်"

သူမ၏ လေသံမှာ တစ်စုံတစ်ခုကို နှောင့်ယှက်မည် စိုးရိမ်နေသကဲ့သို့ နှေးကွေးသွားသည်။

"နင် သိထားရမှာက... ဒီ အလုပ်ကြမ်းသမား ဧရိယာမှာ အာဏာရှင်တစ်

ယောက် ရှိတယ်။ သူ့ရဲ့ ကျင့်ကြံမှုက ချီစုဆောင်းခြင်းအဆင့် (၅) အထက်မှာ ရှိနေပြီး အတွင်းစည်းတပည့် စစ်ဆေးပွဲကို ဝင်ပြိုင်ဖို့တောင် အရည်အချင်း ပြည့်နေပြီ"

"ဒါပေမဲ့ သူက မပြိုင်ဘူး"

"သူက အပြင်စည်းတပည့် အဖြစ်နဲ့ပဲ နေဖို့ ရွေးချယ်ပြီး ဝိညာဥ်လယ်မြေရဲ့ အဓိကကျတဲ့ မြေဩဇာကောင်းတဲ့ နေရာတွေကို အပိုင်စီးထားပြီး 'မြေခွေးကြီး' လုပ်နေတာ"

ရန်ယွီ၏ အကြည့်မှာ လေးနက်သွားသည်။

"ဒီလူက အတွင်းစည်းက စီနီယာတစ်ယောက်ရဲ့ ဝမ်းကွဲညီပဲ။ နောက်ပြီး ဝိညာဥ်လယ်မြေကို တာဝန်ယူရတဲ့ အကြီးအကဲနဲ့လည်း ပတ်သက်မှုရှိတယ်လို့ ပြောကြတယ်..."

"ဒါကြောင့် မြေအနေအထား ကောင်းတာတွေ၊ ဝိညာဥ်ချီ ထူထပ်တာတွေ၊ မြေဆီဩဇာ ကောင်းပြီး ဝိညာဥ်ရေမြောင်းနဲ့ နီးတဲ့ လယ်ကွက်ကောင်းမှန်သမျှကို သူက အကုန်အပိုင်စီးထားပြီး သူ့လူယုံတွေကိုပဲ ခွဲပေးထားတာ"

သူမက လက်ကို ဖြန့်ပြရင်း အကူအညီမဲ့သည့် ပုံစံဖြင့် "ငါတို့လို နောက်ခံမရှိ၊ ကျင့်ကြံမှုမရှိတဲ့ တပည့်အသစ်တွေကတော့ အစွန်ဆုံးက မြေရိုင်းတွေကိုပဲ ရကြတာပေါ့။ အပေါ်ယံမှာတော့ လုပ်ထုံးလုပ်နည်းအတိုင်း ခွဲဝေပေးတာဆိုပေမဲ့ တကယ်တမ်းတော့ ဘယ်သူ ဘာရမလဲဆိုတာ ကြိုပြီး သတ်မှတ်ထားပြီးသားပဲ"

လုလီ၏ မျက်ဝန်းမှာ တည်ငြိမ်နေပြီး တစ်လုံးမှ ဝင်မပြောပေ။

သူသည် ကြိုးကြာငှက်ပေါ်မှ မြင်တွေ့ခဲ့ရသော စိမ်းစိုနေသည့် လယ်မြေများကို ပြန်လည် မြင်ယောင်လိုက်သည်။ ၎င်းတို့မှာ ရွှေရောင်လှိုင်းများ လှုပ်ခတ်နေသော်လည်း သူရပ်နေသည့် နေရာမှာမူ ငြိမ်သက်၊ ထိုင်းမှိုင်းကာ မည်သည့် သက်ရှိအငွေ့အသက်မျှ မရှိချေ။

"ဒါကြောင့်..." ရန်ယွီက သူ့ကို ကြည့်ရင်း တိုးညှင်းစွာ ပြောသည်။

"အပြင်စည်းတပည့်တွေထဲမှာ မကျေမနပ် ဖြစ်နေကြတာအများကြီးပဲ"

"ဒါပေမဲ့ တကယ်တမ်း ထွက်ပြောရဲတဲ့သူကျတော့ တစ်ယောက်မှ မရှိဘူး"

"ငါတို့ကတော့... တိတ်တဆိတ်ပဲ လယ်စိုက်ပြီး ဒီတိုင်းပဲ အချိန်ကုန်လွန်နေရတာပေါ့"

လုလီ နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်သည်။

ဤဂိုဏ်းတော်၏ အနိမ့်ဆုံး အဆင့်အတန်းတွင်ပင် စွမ်းအားနှင့် ပတ်သက်မှုကသာ အရာရာကို ဆုံးဖြတ်နေဆဲပင်။

သူသည် ဘေးဘက်ရှိ ရန်ယွီကို တစ်ချက် ကြည့်လိုက်သည်။

ဤမိန်းကလေးမှာ အသက် တစ်ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း ဝိညာဥ်လယ်မြေတွင် နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး ဖြစ်သည်။ ကျင့်ကြံမှုမှာလည်း ချီစုဆောင်းခြင်းအဆင့် (၂) သာ ရှိရာ သူမ၏ တစ်သက်တာလုံး ဤလယ်မြေထဲတွင်သာ ကုန်ဆုံးသွားပြီး နောက်ထပ် အခွင့်အရေး ရှိလာတော့မည် မဟုတ်ပေ။

သူမကဲ့သို့သော သူများသည်သာ အပြင်စည်းတပည့်များ၏ တကယ့် ဘဝပုံရိပ်များပင် ဖြစ်သည်။

လုလီ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သော်လည်း သူ၏ မျက်ဝန်းများမှာ ပိုမို တည်ငြိမ်လာသည်။

"နားလည်ပါပြီ"

"ဒါပေမဲ့ မောင်လေး" ယန်ယွီက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့ကို လှည့်ပြုံးပြလိုက်ရာ အပြုံးထဲတွင် အားပေးမှုများ ပိုမိုပါဝင်လာသည်။

"နင်က အသက်ငယ်ငယ်လေးနဲ့ ဝိညာဥ်ချီကို အာရုံခံနိုင်နေပြီဆိုတော့ အားတဲ့အခါ ကွေ့ယွမ်နန်းဆောင်ကို သွားကြည့်သင့်တယ်"

"အဲ့ဒီမှာ အကူအညီပေးတဲ့ ပညာရပ်အချို့ ရှိတယ်။ ဥပမာ 'မိုးတမ်

ငယ်မန္တန်'ဆိုရင် လယ်ကွင်းထဲကို မိုးရွာချအောင် လုပ်ပေးနိုင်တယ်"

သူမ ခေတ္တရပ်ကာ ထပ်လောင်းပြောပြသည်။

"နောက်ပြီး 'မြေနဂါးသွေးကြောမန္တန်'ဆိုတာလည်း ရှိသေးတယ်။ အဲ့ဒါက မြေဆီလွှာရဲ့ ဝိညာဥ်ချီကို ပြုပြင်ပေးတဲ့ အခြေခံမန္တန်ပဲ။ အဲ့ဒါကို ကောင်းကောင်းသုံးတတ်ရင် မြေဓာတ်ကို တည်ငြိမ်စေပြီး ဝိညာဥ်စပါးရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တယ်လို့ ကြားဖူးတယ်"

"အဲ့ဒီမန္တန် တစ်ခုခုသာ ရှိမယ်ဆိုရင် ဒီလို မြေရိုင်းမှာတောင် ပိဿာတစ်ထောင် ဆိုတဲ့ အနိမ့်ဆုံးသတ်မှတ်ချက်ကို ပြည့်ဖို့ မခက်ခဲတော့ဘူး"

သူမ မျက်စိတစ်ချက် မှိတ်ပြကာ အသံမှာ ရုတ်တရက် နူးညံ့သွားသည်။

"ငါ အခုလောလောဆယ် 'မိုးတိမ်ငယ်မန္တန်' ကို လေ့ကျင့်နေတယ်။ အကယ်၍ ငါ တတ်သွားပြီဆိုရင် တစ်လတစ်ခါ နင့်ဆီ လာကူညီပေးမယ်လေ အလကားနော်"

ပြောပြီးသည်နှင့် သူမသည် လုလီကို သန့်ရှင်းစင်ကြယ်ပြီး ချိုမြိန်သော အပြုံးတစ်ခု ပြလိုက်သည်။ ထိုအပြုံးထဲတွင် ဂုဏ်ယူမှုအချို့နှင့် အပြန်အလှန် မျှော်လင့်ချက်မရှိသော စေတနာတို့ ရောယှက်နေသည်။

လုလီ ခဏမျှ မှင်တက်သွားပြီး သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။

သို့သော် သူ၏ စိတ်ထဲတွင်မူ အပေါ်ယံကဲ့သို့ ပေါ့ပါးခြင်း မရှိပေ။

ရှေ့တွင်ရှိနေသော ဤမိန်းကလေးမှာ တကယ်ပင် ရိုးသားဖြူစင်သူလား သို့မဟုတ် အခြား ရည်ရွယ်ချက် ရှိနေသလား ဆိုသည်ကို သူ မသိပေ။

သူ အလွယ်တကူ မယုံရဲသေးပါ။ အနည်းဆုံးတော့ အခုအချိန်မှာပေါ့။

မိစ္ဆာခေါင်းတောင်က သွေးအိုင်ထဲမှ လျိုယွမ်စီ၏ ဟန်ဆောင်ကောင်းမှု၊ လမ်းတစ်လျှောက် ဂိုဏ်းသားများ၏ အကွက်ချ စီစဥ်မှုနှင့် အနှိမ်ခံရမှုများအထိ... သူ သင်ယူခဲ့ရသည်မှာ အလွန်အမင်း နူးညံ့သိမ်မွေ့သူများသည် အပြုံးနောက်ကွယ်တွင် ဓားကို ဖုံးကွယ်ထားတတ်ကြသည်ဟူ၍ပင်။

သို့သော် ယခုအချိန်တွင် သူသည် စိတ်ထဲမှသာ တိုးညှင်းစွာ သက်ပြင်းချလိုက်မိသည်။

"သူမက အဲ့ဒီလိုလူ မဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပေါ့"

All Chapters