← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

📝အပိုင်း -၂၂ လျိုတာ့ပါး

ဘာသာပြန် - Na Gar🐉

"ဒါနဲ့ မောင်လေး" ယန်ယွီက ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် လှည့်၍ သတိပေးလိုက်သည်။

"ဝိညာဥ်စပါးက ရာသီအလိုက် ရိတ်သိမ်းရတာ။ အခု နောက်ထပ် ရက်အနည်းငယ်ကြာရင် ဒီရာသီအတွက် မျိုးစေ့ချရမယ့်အချိန် ရောက်ပြီ"

သူမသည် လယ်ကွင်းစပ်ရှိ မတူးဆွရသေးသော မြေကွက်ကို ညွှန်ပြကာ "အဲ့ဒီအချိန်ကျရင် လယ်ကွက်တိုင်းအတွက် ဝိညာဥ်စပါးမျိုးစေ့တွေကို တစ်ပြေးညီ ထုတ်ပေးလိမ့်မယ်"

"ဒါပေမဲ့ တစ်ခုမှတ်ထားနော် နင်မျိုးစေ့ကို စတင်ထုတ်ယူလိုက်တာနဲ့ စိုက်ပျိုးဖို့ တရားဝင် မှတ်ပုံတင်လိုက်ပြီလို့ အဓိပ္ပာယ်ရတယ်"

"နောက်သုံးလအကြာမှာ နင် ဘယ်လောက်ပဲ စိုက်နိုင် စိုက်နိုင်၊ ဂိုဏ်းကိုတော့ သတ်မှတ်ထားတဲ့ စပါးပမာဏ အပ်ရတော့မှာပဲ"

လုလီသည် တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ဒီရက်ပိုင်းအတွင်းမှာ စိုက်ဖို့ကို အရမ်းလောမနေနဲ့ဦး မြေအနေအထားကို အရင်ကျွမ်းကျင်အောင်လုပ် မြေဆွတာမျိုး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပေါ့"

ပြောရင်းနှင့် ရန်ယွီသည် သူမ၏ ရင်ဘတ်ထဲမှ ဝါကျင်နေသော စာအုပ်ငယ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။

"ဒါက 'ဝိညာဥ်စပါးစိုက်ပျိုးခြင်းအခြေခံ' ပဲ အရင်လူတွေရဲ့ အတွေ့အကြုံတွေမို့လို့ အရင်ဖတ်ကြည့်ထားဦး"

"ငါ့ရဲ့ လယ်ကွက်က နင်နဲ့ သိပ်မဝေးဘူး ဒါပေမဲ့ ဂိုဏ်းရဲ့ အဓိကတောင်ထွတ်နဲ့တော့ နည်းနည်းဝေးတယ်"

သူမ ခေတ္တရပ်ကာ ပေါ့ပါးသောလေသံဖြင့် "ကြိုးကြာငှက်မပါဘဲ သွားလာရတာက တော်တော်ပင်ပန်းတယ်၊ ဒါကြောင့် ဒီညတော့ ငါ့ရဲ့ မြက်တဲမှာပဲ တစ်ညလောက် အိပ်လိုက်ပါလား"

"မနက်ဖြန်ကျရင် ငါ သိကျွမ်းတဲ့ ပြင်ပတပည့် စီနီယာအချို့ကို ခေါ်ပြီး နင့်အတွက် တဲသစ်တစ်လုံး ဆောက်ပေးခိုင်းမယ်။ အပြင်စည်းတပည့်တွေကြားမှာတော့ ဒီလိုအလုပ်တွေကို အလကား ခိုင်းလို့မရဘူး နောင်ကျရင် ဝိညာဥ်ဆန်လေး ဘာလေးပေးပြီး ကျေးဇူးတင်လိုက်ပေါ့၊ အားလုံးက နားလည်ကြပါတယ်"

ထိုသို့ပြောပြီးနောက် သူမသည် ရုတ်တရက် စကားစရပ်သွားကာ ရှေ့ရှိ လယ်ကွက်ကို ကြည့်လိုက်မိသည်။

လယ်ကွက်မှာ ခြောက်သွေ့နေပြီး ဝိညာဥ်ချီမှာလည်း ကျဲပါးလှကာ ဖုန်မှုန့်များသာ လွင့်ပျံနေသည်။

သူမက ခါးသီးစွာ ပြုံးလိုက်ပြီး တိုးညှင်းစွာ ရေရွတ်သည်။

"ဒါပေမဲ့ ဒီမြေကိုကြည့်ရတာ... ဆယ်ပုံကိုးပုံကတော့ ပိဿာတစ်ထောင်တောင် ပြည့်ဖို့ ခက်လိမ့်မယ်"

"ထားလိုက်ပါတော့.."

သူမက လက်ကို ပုတ်လိုက်ပြီး ပြုံး၍ပြောသည်။

"ဒီအတွက် ပေးရမယ့် အခကြေးငွေတွေကို ငါရန်ယွီပဲ စိုက်ပေးလိုက်ပါ့မယ်"

လုလီ မျက်မှောင်ကြုတ်သွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"မလိုပါဘူး၊ စီနီယာအစ်မရန်က ကျွန်တော့်ကို အများကြီး ကူညီပေးပြီးပါပြီ၊ ကျန်တာကို ကျွန်တော့်ဘာသာ ကျွန်တော် နည်းလမ်းရှာပါ့မယ်"

ရန်ယွီက လက်ကို ဝေ့ယမ်းကာ သူ့စကားကို ဂရုမစိုက်ဟန်ဖြင့် ပြုံး၍ ဖြတ်ပြောသည်။

"နင်က အခုမှ ဂိုဏ်းထဲ ရောက်တာ၊ ပြီးတော့ ငါကိုယ်တိုင် ခေါ်လာတာလေငါ ရန်ယွီ ပထမဆုံးအကြိမ် တပည့်တစ်ယောက်ကို ခေါ်လာတာ၊ လယ်ကွက်ဘေးမှာတော့ အိပ်ခိုင်းလို့ မဖြစ်ဘူးလေ"

သူမက ပွင့်လင်းစွာ ပြုံးလိုက်ရာ နေရောင်ခြည်က သူမ၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး မျက်ဝန်းများမှာ လခြမ်းကွေးလေးနှစ်ခုသဖွယ် ဖြစ်သွားသည်။

"စိတ်ချပါ၊ ဝိညာဥ်ဆန်အနည်းအကျဥ်းလောက်တော့ ငါ့မှာ ရှိပါသေးတယ်"

ပြောပြီးနောက် သူမသည် မဖွံ့ဖြိုးသေးသော သူမ၏ ရင်ဘတ်ကို လက်

ဖြင့်ပုတ်ကာ တောက်ပယုံကြည်စွာ ပြုံးပြလိုက်သည်။

"ငါ နင့်ကို စောင့်ရှောက်ပေးမယ်"

လုလီ ခေတ္တမျှ ပြောစရာစကားမဲ့သွားရသည်။

လယ်ကွက်များကို စစ်ဆေးပြီးနောက် ရန်ယွီသည် လုလီကိုခေါ်၍ ကြိုးကြာငှက်ပေါ်သို့ ထပ်မံတက်လိုက်ကြသည်။

ဆယ်မိနစ်ခန့်အကြာတွင် မြေအနေအထားမှာ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး အဝေးမှကြည့်လျှင် တောင်ကုန်းကို မှီ၍ လယ်မြေဘေးတွင် ဆောက်လုပ်ထားသော စုတ်ချာလှသည့် မြက်တဲတန်းလျားများကို မြင်တွေ့ရသည်။ အိမ်ခေါင်မိုးများမှာ ကျဲပါးနေပြီး မြက်ကုလားကာများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ ဤနေရာတွင် ဝိညာဥ်ချီများစွာ မရှိသော်လည်း ၎င်းမှာ အပြင်စည်းတပည့် အမြောက်အမြား၏ တကယ့် နေထိုင်ရာ အရပ်ပင် ဖြစ်သည်။

"ဝိညာဥ်ဆေးဥယာဥ်က အရမ်းကျယ်တော့ သွားလာရတာ ဝိညာဥ်ကျောက်တုံး ကုန်လွန်းတယ်၊ အပြင်မှာနေတာက ပိုပြီး တွက်ခြေကိုက်တာပေါ့" ဟု ရန်ယွီက ရှင်းပြကာ ကြိုးကြာငှက်ပေါ်မှ ဆင်း၍ လမ်းလျှောက်လာခဲ့ကြသည်။

အမှန်ပင်၊ လမ်းတစ်လျှောက် တွေ့သမျှ အဝါရောင်ဝတ် တပည့်တိုင်းမှာ လယ်ထဲတွင် အလုပ်လုပ်နေသူဖြစ်စေ၊ ရေခပ်နေသူဖြစ်စေ ရန်ယွီကို မြင်လျှင် ဝိုင်း၍ နှုတ်ဆက်ကြသည်။

"ဟော... ညီမလေး ယန် ပြန်လာပြီပဲ"

"ရန်လေး ပြန်လာပြီလား ဒီတစ်ခါ အဓိကတောင်ထွတ်ကို လူသွားကြိုတာလား"

"ဟင်၊ ဒီကောင်လေးက ဘယ်သူလဲ အသစ်လား"

အချို့ကလည်း လုလီကို ကြည့်ကာ ပြုံးစိစိဖြင့် "ဝတ်စုံကတော့ စုတ်ပြတ်နေတာပဲ၊ ဒါပေမဲ့ မျက်နှာလေးကတော့ တော်တော်ချောတာပဲ" ဟု ဆိုကြသည်။

ရန်ယွီက တစ်ယောက်ချင်းစီကို ပြန်လည်နှုတ်ဆက်နေပြီး သူမ၏ အပြုံးများမှာ သဘာဝကျလှကာ မည်သည့် ရှက်ကြောက်ခြင်းမျှ မရှိချေ။ သူမသည် ပတ်ဝန်းကျင်နှင့် အလွန်သင့်မြတ်သူ ဖြစ်ကြောင်း ထင်ရှားလှသည်။

သို့သော် ထိုစည်ကားနေသော အငွေ့အသက်မှာ လူရိပ်တစ်ခုကြောင့် ချက်ချင်း ပျောက်ကွယ်သွားသည်။

အသက် (၃၀) ခန့်ရှိပြီး မဲမှောင်သော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦးသည် အေးအေးလူလူ လမ်းလျှောက်လာသည်။ သူ၏ ခြေလှမ်းများမှာ မမြန်သော်လည်း လေထုတစ်ခုလုံးကို ဖိနှိပ်ထားသကဲ့သို့ ရှိသည်။

သူဝတ်ထားသော အဝါရောင်ဝတ်စုံမှာ ဟောင်းနွမ်းနေသော်လည်း အက်ျီလက်များတွင် ပြင်ပတပည့်များ၌ မရှိတတ်သော ရွှေရောင်ချည်ထိုး ပန်းလက်ရာများ ပါရှိရာ သူ၏ နောက်ခံမှာ မသာမန်ကြောင်း ပြသနေသည်။ အသက် (၂၀) ကျော်နေပြီ ဖြစ်သော်လည်း အတွင်းစည်းသို့ တက်ရန် မကြိုးစားဘဲ အပြင်စည်းတပည့်အဖြစ်သာ ဆက်လက်နေထိုင်နေသူ ဖြစ်သည်။

သူ ပေါ်လာသည်နှင့် လူတိုင်းမှာ အသံတိတ်သွားကြပြီး ခေါင်းငုံ့၍ လမ်းဖယ်ပေးကြသည်။

ဤသူကား ဝိညာဥ်လယ်မြေ၏ 'အာဏာရှင်' ဟု အမည်ကျော်သော "လျိုတာ့ပါး" ပင် ဖြစ်သည်။

သူသည် ဝိညာဥ်လယ်မြေတစ်ခုလုံးကို သူ၏ ကိုယ်ပိုင်အနောက်ဘက်ခြံသဖွယ် သဘောထားနေပြီး အကြည့်တစ်ချက် ဝေ့ဝိုက်လိုက်ရုံနှင့် ရန်ယွီပေါ်သို့ ကျရောက်သွားကာ အသံမှာ အေးစက်လှသည်။

"ညီမလေး ရန်... ငါ မှတ်မိမမှားဘူးဆိုရင် ဒီရာသီရဲ့ 'အလှည့်ကျတာဝန်' မှာ ငါ့အတွက် လယ်စိုက်ပေးဖို့ မင်းအလှည့် မဟုတ်လား"

"ဘာလဲ၊ အခုတော့ လူသစ်တစ်ယောက်ကို ခေါ်ပြီး လျှောက်လည်ဖို့ အချိန်တွေ ပိုနေတာလား"

ရန်ယွီက အပြုံးမပျက်ဘဲ နူးညံ့စွာ ပြန်ပြောလိုက်သည်။

"စီနီယာ လျို စိတ်ချပါ၊ ကျွန်မဂျူနီယာမောင်လေးကို ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လိုက်ပြနေတာပါ။ မနက်ဖြန်ကျရင် စီနီယာ့ရဲ့ လယ်ကွင်းကို သွားပြီး လုပ်ပေးပါ့မယ်၊ အလုပ်ကို မနှောင့်နှေးစေရပါဘူး"

လျိုတာ့ပါးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဟွန်း၊ ငါက မင်းကို အခွင့်အရေး ပေးနေတာ"

"မင်းကမှ တန်ဖိုးမထားဘူးဆိုရင်တော့... ဒီပြင်ပတပည့် လယ်သမားမဘဝနဲ့ပဲ တစ်သက်လုံး နေသွားတော့ပေါ့"

ပြောပြီးနောက် လုလီကို အေးစက်စွာ တစ်ချက်ကြည့်ကာ အက်ျီလက်ကို ခါ၍ ထွက်ခွာသွားတော့သည်။

တပည့်များမှာ မည်သူမျှ စကားမပြောရဲဘဲ ပတ်ဝန်းကျင်မှာ ခဏမျှ တိတ်ဆိတ်သွားသည်။

ရန်ယွီ၏ မျက်နှာမှာ နောက်ဆုံးတွင် ပျက်ယွင်းသွားပြီး တိုးညှင်းစွာ ပြောပြသည်။

"သူကတော့ ငါပြောတဲ့ လယ်မြေဧရိယာက အာဏာရှင် လျိုတာ့ပါးပဲ... သူ့ရဲ့ လယ်တွေကို သူကိုယ်တိုင် ဘယ်တော့မှ မစိုက်ဘူး၊ အပြင်စည်းတပည့်တွေကို တစ်လှည့်စီ ခိုင်းစားတာ။ ကိုယ့်မှာ ကိုယ်ပိုင်လယ် ရှိနေရင်တောင် အချိန်ဖယ်ပြီး သူတို့အတွက် သွားစိုက်ပေးရတယ်"

လုလီ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက... စည်းမျဥ်းတွေနဲ့ မကိုက်ညီဘူး မဟုတ်လား"

သူ ပြောပြီးသည်နှင့် ဘေးဘက်မှ ပိန်လှီလှသော မိန်းကလေးတစ်ဦး ပြေးထွက်လာသည်။ သူမတွင် ဆံပင်ကျစ်ဆံမြီး နှစ်ခုရှိပြီး ပါးပြင်မှာ ပေရေနေသည်။ အသက် (၁၃) ၊ (၁၄) နှစ်ခန့် ရှိမည်ဖြစ်ပြီး အလွန်အမင်း ဒေါသထွက်နေပုံရသည်။

"စည်းမျဥ်း ဒီမှာ စည်းမျဥ်းဆိုတာ မရှိတာ ကြာပြီ"

"အဲ့ဒီ လျိုတာ့ပါးက ဝိညာဥ်လယ်မြေအကြီးအကဲနဲ့ ပေါင်းပြီး ဗိုလ်ကျနေတာကိုယ်တိုင် အလုပ်မလုပ်ဘဲ တခြားလူတွေကိုပဲ တစ်နေ့ကုန် ခိုင်းဖို့ သိတာ"

သူမသည် ပြောရင်းနှင့် ပို၍ ဒေါသထွက်လာကာ အံကြိတ်၍ ဆက်ပြောသည်။

"သူက လယ်ထဲက အမျိုးသမီးတပည့်တွေကိုလည်း အမြဲနှောင့်ယှက်တယ်။ ချောတဲ့သူဆိုရင် အတင်းအဓမ္မ ကိုယ်လုပ်တော် လုပ်ခိုင်းတယ်... သဘောမတူရင် နည်းမျိုးစုံနဲ့ နှိပ်စက်တယ်၊ စပါးဖြတ်တယ်၊ အလုပ်ကြမ်းတွေ ခိုင်းတယ်"

"ကျွန်မကြည့်ရတာ သူက... လူယုတ်မာပဲ ကျွန်မတို့ စီနီယာအစ်မရန်ကို မျက်စိကျနေတာ"

သူမ စကားမဆုံးခင်မှာပင် ရန်ယွီ မျက်နှာပျက်သွားပြီး သူမ၏ ပါးစပ်ကို အမြန်ပိတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ရှူး...လျှောက်မပြောနဲ့ အဲ့ဒီစကားတွေ သူ့နားထဲ ရောက်သွားရင် နင့်မှာရှိတဲ့ လယ်ကွက်လေးတောင် ပါသွားလိမ့်မယ်"

မိန်းကလေးမှာ မကျေမနပ် ရုန်းကန်နေသော်လည်း ရန်ယွီမှာမူ သူမကို တိုးညှင်းစွာ ချော့မော့ရင်း ဟန်ဆောင်အပြုံးဖြင့် လုလီဘက်သို့ လှည့်ကြည့်သည်။

"မောင်လေး အားနာပါတယ်... နန်ထျန်က ပါးစပ်နည်းနည်း သွက်တာပါ၊ ဒါပေမဲ့ သူပြောတာ အကုန်လုံးတော့ မမှားပါဘူး"

"ဒီအပြင်စည်းတပည့် လယ်မြေမှာတော့ နောက်ဆုံးကျတော့ ခွန်အားကပဲ အရာရာကို ဆုံးဖြတ်တာပါ"

လုလီ တစ်ခွန်းမှ မပြောပေ။

သူသည် မြက်တဲရှေ့တွင် ရပ်နေရင်း ထွက်ခွာသွားသော လျိုတာ့ပါး၏ နောက်ကျောကိုသာ အေးစက်စွာ ကြည့်နေမိသည်။

လူအနည်းငယ် အိမ်ထဲသို့ ပြန်ဝင်လာကြသည်။

ရန်ယွီ၏ မြက်တဲမှာ အလွန်စုတ်ချာလှပြီး ဝါးခြံစည်းရိုးများဖြင့် ကာရံထားပြီး ခေါင်မိုးပေါ်တွင် မြက်များ ခင်းထားသည်။ အိမ်ထဲတွင် သစ်သားခုတင် တစ်လုံး၊ စားပွဲပု တစ်လုံးသာ ရှိပြီး ကြမ်းပြင်ကို ကျောက်ပြားများဖြင့် ခင်းထားသည်။ ထောင့်တစ်နေရာတွင် မီးဖိုငယ်တစ်ခု ရှိနေပြီး ဆေးပင်ရနံ့ သင်းသင်းလေး ပျံ့လွင့်နေသည်။

စုတ်ချာသော်လည်း အလွန်သန့်ရှင်းသပ်ရပ်စွာ ထားရှိထားသည်။

လုလီ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ခုတင်ခြေရင်းဘက်တွင် ချိတ်ဆွဲထားသော အတွင်းခံအဝတ်အစား အချို့ကို တွေ့လိုက်ရသည်။ အရောင်မှာ ရိုးရှင်းသော်လည်း မိန်းကလေးဆန်သော ပန်းပွင့်လက်ရာလေးများ ပါရှိသည်။

ရန်ယွီမှာ စောစောက ပြုံးရွှင်နေသော်လည်း ထိုအဝတ်အစားများကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားပြီး အမြန်ပြေးသွားကာ အဝတ်အစားများကို သိမ်း၍ ဗီရိုထဲ ထည့်လိုက်သည်။ ပါးစပ်မှလည်း တိုးတိုးလေး ရေရွတ်နေသည်။

"ဒီနေ့ လူခေါ်လာမယ်မှန်း သိရင် ဒါတွေကို ကြိုသိမ်းထားရမှာ..."

သူမသည် အနေခက်မှုကို ဖုံးကွယ်ရန် ချောင်းတစ်ချက် ဟန့်လိုက်ပြီး နံရံဘေးမှ ခြောက်သွေ့သော မြက်ခြောက်များနှင့် စောင်အပါး အချို့ကို ထုတ်ယူကာ လုလီအတွက် အိပ်ရာတစ်ခု ပြင်ပေးလိုက်သည်။

"မောင်လေး၊ ဒီညတော့ ဒီမှာပဲ အိပ်လိုက်ဦး။ မနက်ဖြန်ကျရင် ငါ စီနီယာတွေကို ခေါ်ပြီး တဲသစ်တစ်လုံး ဆောက်ပေးမယ်"

ထိုအချိန်တွင် နန်ထျန်ဟု ခေါ်သော မိန်းကလေးမှာလည်း ဘယ်အချိန်က ရောက်လာသည်မသိဘဲ တံခါးခုံပေါ်တွင် ထိုင်ကာ ရယ်မောပြောဆိုသည်။

"ဟိုး... စီနီယာအစ်မရန်၊ အခုတော့ တခြားလူကို တစ်ခန်းတည်း အတူတူ အိပ်ခိုင်းပြီပေါ့ ဒါ ပထမဆုံးအကြိမ်ပဲနော်"

သူမ၏ မျက်ဝန်းထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ ရှိနေပြီး "စီနီယာအစ်မက ပုံမှန်ဆို ဘယ်သူနဲ့မှ ဒီလောက် ရင်းရင်းနီးနီးမနေတတ်ပါဘူး" ဟု ဆိုသည်။

ရန်ယွီက နှာခေါင်းတစ်ချက် ရှုံ့ကာ သူမကို မျက်စောင်းထိုးလိုက်သော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေသည်။

"သူက ငါကိုယ်တိုင် ခေါ်လာတဲ့ လူပဲလေ"

လုလီက အခန်းအလယ်တွင် ရပ်နေရင်း စနောက်နေကြသော ထိုမိန်းကလေး နှစ်ဦးကို ကြည့်ကာ လေထုမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။ သူ တစ်ခါမျှ ဤကဲ့သို့ အနေခက်သော အခြေအနေမျိုးကို မကြုံဖူးပေ။

သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"စီနီယာအစ်မ နှစ်ယောက်လုံး၊ ကျွန်တော် ဝိညာဥ်လယ်မြေကို ခုမှ ရောက်တာဆိုတော့... တစ်ယောက်တည်း အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို လေ့လာချင်ပါတယ်"

"အစ်မတို့ ဆက်ပြောကြပါ၊ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"

ပြောပြီးသည်နှင့် ပြန်ဖြေသည်ကိုပင် မစောင့်ဘဲ လှည့်ထွက်ကာ အိမ်ထဲမှ ထွက်ပြေးသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

နန်ထျန်က သူ၏နောက်ကျောကို ကြည့်ကာ နှုတ်ခမ်းမဲ့၍ ရယ်လိုက်သည်။ "ဟွန်း... ဂျူနီယာမောင်လေးက တော်တော် ရှက်တတ်တာပဲ"

ရန်ယွီက ခေါင်းခါ၍ ပြုံးလိုက်သော်လည်း သူမ၏ အကြည့်မှာ တံခါးအပြင်ဘက်သို့ ကျရောက်သွားကာ အတန်ငယ် တည်ငြိမ်သွားတော့သည်။

📝အပိုင်း - ၂၃ ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်

ဘာသာပြန် - Na Gar🐉

လုလီ ထွက်သွားသည်နှင့် အခန်းတွင်းရှိ ဆူညံသံများ ချက်ချင်း ငြိမ်သက်သွားတော့သည်။

မြက်ကုလားကာသည် လေတိုက်ခတ်မှုကြောင့် အနည်းငယ် လှုပ်ယမ်းနေပြီး အပြင်ဘက်မှ မြေဆီလွှာနံ့ သင်းသင်းလေး ပါလာသည်။

နန်ထျန်သည် တံခါးဘောင်ကို မှီထားရင်း ရန်ယွီ မြက်ခင်းအိပ်ရာကို သိမ်းဆည်းနေသည်ကို တိတ်တဆိတ် ကြည့်နေသည်။ ခဏအကြာတွင် သူမက ရုတ်တရက် မေးလိုက်သည်။

"စီနီယာအစ်မ ရန်... အမှန်အတိုင်း ပြောစမ်းပါ။ လျိုတာ့ပါးက သူ့ရဲ့ ကိုယ်လုပ်တော် လုပ်ဖို့ အစ်မကို တိတ်တဆိတ် အကျပ်ကိုင်နေပြီ မဟုတ်

လား"

ရန်ယွီ၏ လှုပ်ရှားမှုများ တုံ့သွားသည်။

မြက်ကုလားကာမှာ တလွင့်လွင့် ဖြစ်နေဆဲပင်။ သူမ ချက်ချင်း ပြန်မဖြေဘဲ အဝတ်အစားများကို သေသပ်စွာ ခေါက်၍ ခုတင်အောက်ရှိ ခြင်းတောင်းထဲ ထည့်လိုက်ပြီးမှ တိုးညှင်းစွာ ပြောလိုက်သည်။

"အဲ့လောက်အထိ အတိအလင်းကြီးတော့ မဟုတ်သေးပါဘူး"

သူမသည် ခေါင်းမော့၍ ဟန်ဆောင်ပြုံးလိုက်သော်လည်း မျက်ဝန်းထဲတွင်မူ အပြုံးအရိပ်အယောင် မရှိပေ။

"ငါ့အသက်က တစ်ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘူး။ ဂိုဏ်းရဲ့ ဥပဒေအရ 'အိမ်ထောင်ပြုနိုင်တဲ့ အသက်' မရောက်သေးတော့ သူ သိပ်ပြီး မလောရဲသေးတာ"

သူမသည် ခေါင်းပြန်ငုံ့ကာ မြက်ခင်းပေါ်ရှိ အရေးအကြောင်းများကို လက်ဖြင့် ဖြည်းညှင်းစွာ ပွတ်သပ်နေရင်း အခြားလူတစ်ယောက်အကြောင်း ပြောနေသကဲ့သို့ အသံမှာ ပေါ့ပါးနေသည်။

"ဒါပေမဲ့ သူ စကားပြောတာတွေ၊ ကြည့်တာတွေကတော့ ဘာမှ ဖုံးကွယ်မထားတော့တာ ကြာလှပြီ"

နန်ထျန်၏ မျက်နှာ ပျက်ယွင်းသွားပြီး ခြေတစ်ချက် ဆောင့်လိုက်သည်။

"အဲ့ဒီ လျိုဆိုတဲ့ လူယုတ်မာကတော့ တကယ့်ကို အရှုးကောင်ပဲ အတွင်းစည်းတပည့်ရဲ့ ဆွေမျိုးဖြစ်တာကို အားကိုးပြီး အပြင်စည်းမှာ ဗိုလ်ကျနေတာ၊ အခုတော့ အစ်မကိုပါ လက်ဖျားနဲ့ ထိချင်နေတာလား"

"အစ်မ တကယ်ပဲ အကျပ်ကိုင်ခံရရင် ငါတို့ ညီအစ်မတွေ အားလုံး ဂိုဏ်းက နှင်ထုတ်ခံရရင်တောင်မှ သူ့ကိုတော့ အောင်မြင်ခွင့် ပေးမှာမဟုတ်ဘူး"

ရန်ယွီက ခေါင်းခါရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ အသံမှာ ပင်ပန်းနွမ်းနယ်မှုများ ပါဝင်နေသည်။

"ငါကော မခုခံချင်ဘဲနေမယ်လို့ နင်ထင်လား"

"ဒါပေမဲ့ ဒီအပြင်စည်းတပည့်တွေထဲမှာ ဘယ်သူကော အနိုင်ကျင့် မခံရဖူးလို့လဲ"

သူမ၏ လက်များမှာ ဒူးပေါ်တွင် တင်ထားပြီး လက်ချောင်းထိပ်ကလေးများကို အသာအယာ ဆုပ်ကိုင်ထားသည်။

"ငါက ရာသီတိုင်း ဝိညာဥ်ဆန်ကို သတ်မှတ်ချက်ပြည့်အောင် အနိုင်နိုင် အပ်နိုင်လို့ရယ်၊ ပြီးတော့ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် နေတတ်လို့ရယ်

ကြောင့်သာ... မဟုတ်ရင် သူက ငါ့ကို အသက်ဆယ့်ရှစ်နှစ်အထိ စောင့်နေလိမ့်မယ်လို့ နင်ထင်လို့လား"

နန်ထျန် စကားမပြောနိုင်တော့ဘဲ ရင်ထဲမှာ မွန်းကြပ်လာသည်။

ရန်ယွီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ နန်ထျန်ဘက်သို့ လှည့်ကြည့်သည်။

"နင်ကော... ဒီနေ့ လုလီကို ကြည့်နေတုန်းက တစ်ချိန်လုံး ပြုံးနေတာပဲနော်"

နန်ထျန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "ကျွန်မက အစ်မလို စိတ်ကူးမျိုး မရှိပါဘူး" ဟု ဆိုသည်။

သူမ ခေတ္တရပ်ကာ ပြုံးစိစိဖြင့် "ဒါပေမဲ့ ပြောရရင် စီနီယာအစ်မက ဒီနေ့ သူ့အပေါ်မှာ တော်တော်လေး စေတနာ ပိုနေတာပဲ ပုံမှန်ဆိုရင် ဘယ်အမျိုးသားတပည့်ကိုမှ အခန်းထဲမှာ ပေးမအိပ်ဘူးလေ"

ရန်ယွီက ပြန်မငြင်းဘဲ သူမ၏ မျက်နှာထားမှာ တည်ငြိမ်လေးနက်သွားသည်။

သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"နင် သိလားသူက... ဝိညာဥ်ချီကို အာရုံခံနိုင်တဲ့အဆင့်ကို ရောက်နေပြီ"

နန်ထျန် မှင်တက်သွားသည်။

"ဘာ သူက အသက် ဘယ်လောက်ရှိသေးလို့လဲ"

"ဒီနှစ် ဂိုဏ်းထဲဝင်လာတဲ့ ဝါနတ်အရိုးနှစ်ရာထဲမှာ ဝိညာဥ်ချီကို အာရုံခံနိုင်တဲ့သူက သူတစ်ယောက်တည်းပဲ ရှိသေးတာ။ နက်မှောင်နတ်အရိုးတွေတောင်အာရုံမခံနိုင်သေးဘူး" ရန်ယွီက တိုးညှင်းစွာ ပြောလိုက်သည်။

"နင် ပြန်စဥ်းစားကြည့် ငါတို့ ဒီနှစ်တွေအတွင်း ဝင်လာတဲ့ တပည့်တွေထဲမှာ အသက် ဆယ်နှစ်ဝန်းကျင်နဲ့ ဝိညာဥ်ချီကိုအာရုံခံနိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ"

နန်ထျန် ပါးစပ်အဟောင်းသား ဖြစ်သွားပြီးအသံမထွက်နိုင်ပေ။ သူမကိုယ်တိုင်ပင် ဂိုဏ်းထဲဝင်ပြီး တစ်နှစ်ကြာမှ ဝိညာဥ်ချီကိုအာရုံခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူမသည် ပြင်ပတပည့်များကြားတွင် "ရှားပါးပါရမီရှင်" ဟု ချီးကျူးခံခဲ့ရပြီး ယခုအခါ အပြင်စည်းတွင် နှစ်နှစ်ကြာ ဖြတ်သန်းပြီးမှ ချီစုဆောင်းခြင်းအဆင့် (၃) သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သူမ နောက်ဆုံးတွင် နားလည်သွားပြီ လုလီသည် အခြားသူများနှင့် မတူပေ။

ရန်ယွီသည် ခေါင်းငုံ့ကာ ခုတင်ပျဉ်ချပ်ကို လက်ဖြင့် အသာအယာ ခေါက်နေရင်း သူမ၏ မျက်ဝန်းထဲတွင် မသိမသာ ဝမ်းနည်းမှုတစ်ခု ပေါ်လာသည်။

"ငါက လူအ မဟုတ်ပါဘူး။ နင်လည်း သိတဲ့အတိုင်း ငါက အဆင့်လေးရှိတဲ့ ဝါနတ်အရိုးပဲ၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အတွင်းစည်းတပည့် ဖြစ်ဖို့ဆိုတာ ခက်ခဲလွန်းတယ်"

"နောက် သုံးနှစ်၊ ငါးနှစ်ကြာရင် ဂိုဏ်းက နှင်ထုတ်ခံရရင် ခံရ၊ မဟုတ်ရင် တစ်ယောက်ယောက်ဆီမှာ ခိုလှုံပြီး အိမ်ထောင်ပြုရမယ်၊ ဒါမှမဟုတ် လျိုတာ့ပါး ပြောသလို တစ်သက်လုံး 'လယ်သမားမ' အဖြစ်နဲ့ပဲ နေသွားရမှာ"

သူမ ခေတ္တရပ်ကာ နှုတ်ခမ်းကို ကိုက်၍ ပြောလိုက်သည်။

"ငါလည်း တစ်ကြိမ်လောက်တော့ လောင်းကြေးထပ်ချင်တယ်။ လမ်းစပွင့်မလား ဆိုတာကတော့ ကံတရားပေါ့"

"အကယ်၍ လမ်းစမပွင့်ခဲ့ရင်တောင်မှ... ငါ့ကို ဒီရွှံ့နွံထဲကနေ ဆွဲထုတ်ပေးနိုင်မယ့်သူ တစ်ယောက်ကိုတော့ ငါ မျှော်လင့်ချင်တယ်"

"လုလီက... ငါ စောင့်မျှော်နေတဲ့သူ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်"

အခန်းတွင်းမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။

နန်ထျန်သည် နံရံကို မှီထားရင်း ရန်ယွီ၏ နောက်ကျောကို ကြည့်ကာ ခဏအကြာတွင် တိုးညှင်းစွာ ပြောလိုက်သည်။

"အစ်မလည်း မလွယ်ပါဘူး"

သူမ ထပ်မံ၍ မစနောက်တော့သလို၊ မလှောင်ပြောင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူမ သိနေသည် ဒါက လက်တွေ့ဘဝပင်။

ပါရမီ မလုံလောက်သော ဤအပြင်စည်းတပည့် အမျိုးသမီးများအဖို့ ကျင့်ကြံခြင်း ဂိုဏ်းထဲသို့ လာခြင်းမှာ မြင့်မြတ်လှသော နတ်ဘုရားအိမ်မက်အတွက် မဟုတ်ဘဲ လျိုတာ့ပါးကဲ့သို့သော သူများထံမှ လွတ်မြောက်ရန် အခွင့်အရေးတစ်ခု ရှာဖွေနေကြခြင်းသာ ဖြစ်သည်။

သူတို့၏ အလှအပမှာ သူတို့၌ ကျန်ရှိနေသော နောက်ဆုံး 'အရင်းအနှီး' ပင် ဖြစ်သည်။

တစ်စုံတစ်ယောက်ထံတွင် ခိုလှုံခြင်းမှာ သူတို့အတွက် ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော 'ကျင့်ကြံခြင်း လမ်းကြောင်း' ပင် ဖြစ်သည်။

ထိုလောင်းကြေးမှာ မည်မျှပင် ရင်နာစရာကောင်းပါစေ၊ ထိုလမ်းမှာ မည်မျှပင် ညစ်ပတ်ပါစေ။

သူတို့ လောင်းကြေးထပ်ရန်မှတစ်ပါး အခြားမရှိပေ။

...

မြက်တဲမှ ထွက်လာပြီးနောက် လုလီသည် တောင်ပတ်လမ်းအတိုင်း ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူ၏ ခြေလှမ်းများမှာ ရည်ရွယ်ချက်မရှိသကဲ့သို့ ထင်ရသော်လည်း သူ၏ မျက်ဝန်းများမှာမူ တည်ငြိမ်နေပြီး လမ်းတစ်လျှောက်ရှိ ဝိညာဥ်လယ်မြေများ၏ အနေအထားကို တိတ်တဆိတ် အကဲခတ်နေသည်။

ဤဝိညာဥ်လယ်မြေ အများစုမှာ မြောက်ပိုင်းဧရိယာ၏ အပြင်ဘက်တွင် တည်ရှိပြီး ဝိညာဥ်ချီမှာ ကျဲပါးလှသည်။ သူရရှိထားသော "မြေရိုင်း" ထက်စာလျှင် အနည်းငယ် သာလွန်သော်လည်း ကြိုးကြာငှက်ပေါ်မှ မြင်တွေ့ခဲ့ရသော အဓိက လယ်မြေများနှင့်မူ ယှဥ်၍ မရချေ။

"အများစုကတော့ အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်တဲ့ ပိဿာတစ်ထောင်ဝန်းကျင်ပဲ ထွက်နိုင်မယ့် မြေတွေပဲ..."

သူသည် စိတ်ထဲမှ ထွက်နှုန်းကို တွက်ချက်နေရင်း တစ်ဖက်မှလည်း မြေဆီလွှာကို အကဲခတ်နေသည်။

စတုရန်းပုံစံရှိပြီး မြေအနေအထား အနည်းငယ် မြင့်သော လယ်ကွက်တစ်ခုသို့ ရောက်သောအခါ သူသည် ခါးကုန်း၍ စိုစွတ်နေသော မြေဆီလွှာ တစ်ဆုပ်ကို လက်ဖြင့် ယူကြည့်လိုက်သည်။

ချီကို အာရုံခံနိုင်ပြီးနောက် သူ၏ အာရုံခံစားမှု ငါးပါးမှာ အလွန်ပင် ထက်မြက်လာသည်။ မြေဆီလွှာထဲတွင် အားနည်းလှသော ဝိညာဥ်ချီစီးဆင်းမှုကလေး ရှိနေလျှင်ပင် သူ အာရုံခံနိုင်သည်။

"တကယ်ပဲ..." လုလီ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။

ဤလယ်ကွက်၏ မြေဆီလွှာမှာ သူ၏ မြေကွက်ထက် ပိုမို ပွစိုနေပြီး အတွင်းထဲတွင် ဝိညာဥ်ချီ အနည်းငယ် ပါဝင်နေသည်ကို သူ ခံစားမိသည်။ ၎င်းမှာ မြေအောက်နက်နက်တွင် မမြင်ရသော ကွန်ရက်တစ်ခုကဲ့သို့ လှုပ်ခတ်နေသည်။

သို့သော် သူ၏ လယ်ကွက်မှာမူ... လုံးဝ ခြောက်သွေ့နေပြီး မြေအောက်ရှိ ဝိညာဥ်ချီအားလုံးကို တစ်စုံတစ်ခုက စုပ်ယူသွားသကဲ့သို့ပင်။

ထိုအချိန်မှာပင် သူ၏ စိတ်ထဲ၌ ပျင်းရိသော်လည်း နားဝင်ချိုလှသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။

"ကြည့်ရတာ... နင်က တကယ်ကို အရည်အချင်းရှိတဲ့ ကောင်လေးပဲ"

၎င်းမှာ ချိုးယွဲ့၏ အသံပင် ဖြစ်သည်။

လုလီ၏ မျက်နှာထား လေးနက်သွားပြီး ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင် ကြည့်ပြီးမှ တိုးညှင်းစွာ မေးလိုက်သည်။

"အကြောင်းရင်းကို မင်း သိလား"

"ဟွန်း... သိတာပေါ့"

သူမက ပြုံးစိစိဖြင့် ပြောလိုက်ရာ သူမ၏ လေသံမှာ ပျင်းရိနေသကဲ့သို့ ရှိသော်လည်း မောက်မာမှု အချို့ ပါဝင်နေသည်။

"ကောင်းကင်နဲ့ မြေကြီးကြားမှာ ဝိညာဥ်သွေးကြောတွေက နဂါးတွေလိုပဲ။ ဒီမြေကြီး တစ်ခုလုံးရဲ့ အောက်မှာ တကယ်တော့ မမြင်ရတဲ့ ကွန်ရက်ကြီးတစ်ခု ယှက်နွယ်နေတာ"

"ဝိညာဥ်သွေးကြောရဲ့ စွမ်းအားတွေက အဲ့ဒီကွန်ရက်အတိုင်း စီးဆင်းသွားတာ။ အနိမ့်ဆုံးအဆင့် မြေဆီလွှာတွေတောင်မှ ဝိညာဥ်သွေးကြောနဲ့ နီးရင် နီးသလို အာဟာရဓာတ် ကွာခြားသွားတတ်တယ်"

သူမ ခေတ္တရပ်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။

"နင့်ရဲ့ အဲ့ဒီ မြေရိုင်းကတော့ ဒီဝိညာဥ်ကွန်ရက်က ရှောင်ကွင်းသွားတဲ့ အသေမှတ်တွေထဲက တစ်ခုပဲ။ ဝိညာဥ်ချီ စုဆောင်းဖို့ ခက်ခဲပြီး မြေဆီလွှာကလည်း ညံ့ဖျင်းတယ်။ ပါရမီ ဘယ်လောက်ရှိရှိ အဲ့ဒီမြေမှာ ဝိညာဥ်စပါးစိုက်ဖို့ဆိုတာ မလွယ်ဘူး"

လုလီ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။

"ဒါဆို... တစ်ခုခုလုပ်လို့ရမယ့် နည်းလမ်း ရှိလား"

ချိုးယွဲ့က တစ်ချက် ရယ်လိုက်သည်။

"နင် တကယ်ပဲ လူမှန်ကို မေးမိတာပဲ"

"ငါ့ဆီမှာ... အခြေခံ ဝိညာဥ်ချီစုစည်းတဲ့ အစီအရင်တစ်ခု ရှိတယ်။ မြေအောက်က ဝိညာဥ်ချီကို အနည်းငယ်ပဲ ဆွဲဆောင်နိုင်တာ ဆိုပေမဲ့ အဲ့ဒီလို 'အသေမှတ်' တွေပေါ်မှာ သုံးမယ်ဆိုရင်တော့... ဝိညာဥ်စပါးပိဿာတစ်

ထောင်ကျော် ထွက်ဖို့အတွက် လုံလောက်ပါတယ်"

"ဒါပေမဲ့..."

သူမ၏ အသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး နူးညံ့မှုနောက်ကွယ်တွင် အေးစက်သော အငွေ့အသက်များ ပါလာသည်။

"နင် သင်ချင်တယ်ဆိုရင်တော့... ငါ့ရဲ့ သေးငယ်တဲ့ တောင်းဆိုချက် တစ်ခုကို လိုက်လျောရလိမ့်မယ်"

"ဘာတောင်းဆိုချက်လဲ"

လုလီ၏ လေသံမှာ တည်ငြိမ်နေသော်လည်း သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ချိုးယွဲ့၏ အသံမှာ သူ၏ စိတ်ဝိညာဥ်ထဲတွင် မှောင်မိုက်သော မြူခိုးများသဖွယ် ပျံ့လွင့်လာသည်။

"ဒါကတော့... လူသတ်ဖို့ပဲ"

သူမ၏ လေသံမှာ နွေဦးရာသီ လမ်းလျှောက်ထွက်ခြင်းအကြောင်း ပြောနေသကဲ့သို့ ပေါ့ပါးနေပြီး မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ပေ။

"ငါက နင့်ကို နောက်ထပ် နတ်အရိုး တစ်ခုကို ဝါးမြိုစေချင်တယ်... နင့်ရဲ့ မိစ္ဆာအရိုးက ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါ ကိုယ်တိုင် မြင်ချင်လို့"

"နင်သာ သဘောတူမယ်ဆိုရင် အခုချက်ချင်းပဲ ဝိညာဥ်ချီစုဆောင်းတဲ့ အစီအရင်ရဲ့ ခင်းကျင်းနည်းကို သင်ပေးမယ်"

လုလီ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏ မျက်ဝန်းများမှာ ပိုမို အေးစက်လာပြီး သရော်သည့် လေသံဖြင့် မေးလိုက်သည်။

"မင်း နောက်နေတာလားဒါက ဂိုဏ်းထဲမှာလေ။ လူသတ်တာက သေဒဏ်ပဲ၊ ငါ ဘယ်မှာ သွားသတ်ရမှာလဲ"

ချိုးယွဲ့က ရယ်လိုက်သည်။ ထိုရယ်သံမှာ ရေခဲရေထဲသို့ ငွေခေါင်းလောင်းလေးများ ကျသွားသကဲ့သို့ ကြည်လင်သော်လည်း အေးစက်လှသည်။

"ဟဲ့... မောင်လေး၊ နင်က တကယ်ကို နုနယ်သေးတာပဲ"

"ဒီဝိညာဥ်လယ်မြေ ဧရိယာက အဓိကတောင်ထွတ်နဲ့ ဝေးတယ်။ ဝိညာဥ်မျက်စိလည်း မရှိသလို၊ အစီအရင်တွေလည်း မရှိဘူး၊ အတွင်းစည်းက ကျွမ်းကျင်သူတွေလည်း လာပြီး ကင်းလှည့်နေတာ မဟုတ်ဘူး"

"လူတစ်ယောက် သေသွားတာလား အဲ့ဒါက အပြင်စည်းတပည့် တစ်ယောက်ထက် မပိုပါဘူး၊ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ နင်သာ လက်မြန်ခြေမြန် လုပ်မယ်ဆိုရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး"

လုလီက အေးစက်စွာ ပြောလိုက်သည်။ သူ၏ အကြည့်မှာ ဓားကဲ့သို့ ထက်ရှလှသည်။

"မင်း ငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ ငါက အကြောင်းမဲ့ လူသတ်မယ့်သူ မဟုတ်ဘူး"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချိုးယွဲ့က ထပ်မံရယ်မောလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူမ၏ အသံမှာ နူးညံ့သိမ်မွေ့လာပြီး ဆွဲဆောင်မှုရှိသော ပုံစံမျိုး ဖြစ်သွားသည်။

"ဒါဆိုရင်... လျိုတာ့ပါး ကိုတော့ သတ်လို့ရတယ် မဟုတ်လား"

သူမ၏ အသံမှာ စိတ်ဝိညာဥ်ထဲသို့ စိမ့်ဝင်သွားသော အဆိပ်အတောက်ကဲ့သို့ပင်။

"အမျိုးသမီးတပည့်တွေကို နှိပ်စက်တယ်၊ လယ်ကွက်တွေကို လုယူတယ်၊ အာဏာပြတယ်..."

"နင် သူ့ကို သတ်လိုက်ရင် ဘယ်သူက သူ မတရားခံရလို့ပါဆိုပြီး လာပြောမှာလဲ နင်က ကောင်းကင်ကိုယ်စား အပြစ်ပေးတာ၊ ဂိုဏ်းအတွက် အမှိုက်ရှင်းပေးတာပဲလေ"

လုလီ မျက်မှောင်ကြုတ်သွားပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

သို့သော် သူ၏ အသိစိတ်က သတိပေးနေသည်မှာ...

လျိုတာ့ပါးက ချီစုဆောင်းခြင်းအဆင့် (၅) ဖြစ်သည်။

သူကိုယ်တိုင်ကတော့ ချီစုဆောင်းခြင်းအဆင့်ထဲကို ခုမှ ခြေတစ်လှမ်းပဲ လှမ်းရသေးသည်။

သူ အံကြိတ်၍ တိုးညှင်းစွာ ပြောလိုက်သည်။

"ငါ... သူ့ကို မသတ်နိုင်ဘူး"

"မသတ်ချင်တာ မဟုတ်ဘူး၊ မသတ်နိုင်တာ"

ချိုးယွဲ့၏ လှောင်ပြောင်သံမှာ သူ၏ စိတ်ထဲတွင် နားနား၌ ကပ်၍ တွန်မြည်နေသော မြွေတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။

"အခု မသတ်နိုင်တာက နောင်ကျရင် မသတ်နိုင်ဘူးလို့ မဆိုလိုပါဘူး"

သူမ၏ လေသံမှာ ရုပ်သေးရုပ်တစ်ခုကို လှည့်ကစားနေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲသွားသည်။

"ဒါဆိုရင် ဒီလိုလုပ်ရအောင်၊ ငါ နင့်ကို နောက်ထပ် 'ဆွဲဆောင်မှု' တစ်ခု ပေးမယ်"

"ဝိညာဥ်ချီစုစည်းတဲ့ အစီအရင်ကို သင်ပေးမယ်၊ နောက်ပြီး ငါ ယွီဟွာဂိုဏ်း မှာတုန်းက လေ့ကျင့်ခဲ့တဲ့ ချီစုဆောင်းခြင်းကျင့်စဥ်တစ်ခုကိုလည်း ပေးမယ်"

"'ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်'ဆိုတာ နင်တို့ ဟွမ်ရှန်းဂိုဏ်း ရဲ့ အပြင်စည်းတပည့်တွေ သင်ရတဲ့ အစုတ်အပြတ် ကျင့်စဥ်တွေနဲ့ ယှဥ်လို့မရဘူး။ နင်ငါ့ကို ကတိပေးရမှာက နောင်ကျရင် အမြန်ဆုံး လျိုတာ့ပါးကို သတ်ပြီး သူ့ရဲ့ အရိုးကို ဝါးမြိုပြဖို့ပဲ ငါ မစောင့်နိုင်တော့ဘူး"

သူသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။ သူ၏ အသံမှာ အနည်းငယ် အက်ရှနေသော်လည်း ခိုင်မာလှသည်။

"ငါ သဘောတူတယ်"

"ဒါပေမဲ့ ငါ့ကို အချိန်ပေးရမယ်"

"ငါ့မှာ အဲ့ဒီလောက် အစွမ်းရှိလာတဲ့နေ့ကျရင် သူ... သေရမယ်"

ချိုးယွဲ့၏ ရယ်သံမှာ ချက်ချင်းပင် နူးညံ့သွားပြီး ရက်စက်သော ချီးကျူးမှုတစ်ခု ပါဝင်နေသည်။

"အရမ်းကောင်းတယ်"

"ငါ နင့်ကို တကယ်ပဲ အထင်မမှားခဲ့ဘူး၊ လုလီ"

"လက်ခံလိုက်တော့"

သူမ၏ အသံမှာ ရုတ်တရက် နက်ရှိုင်းသွားပြီး ဝိညာဥ်အလင်းတန်းတစ်ခုသည် သူ၏ ဦးနှောက်ထဲသို့ မိုးကြိုးပစ်ချသကဲ့သို့ ဝင်ရောက်လာသည်။

"ဝေါင်း.."

လုလီ၏ စိတ်ထဲတွင် မှောင်မိုက်သော ဝိညာဥ်အစီအရင်ပုံစံ တစ်ခု ပေါ်ထွက်လာသည်။

ပင့်ကူအိမ်ကဲ့သို့သော ဝိညာဥ်အစီအရင် လိုင်းများမှာ ဗဟိုတွင် စုဆုံနေပြီး ထူးဆန်းသော ကြယ်ကိုးပွင့် ပတ်ချာလည် ပုံစံမျိုး ဖြစ်ပေါ်နေသည်။ ၎င်းမှာ မသိမသာ စုပ်ယူမှု အားတစ်ခုကို ထုတ်လွှတ်နေသည်။

ထိုအချိန်မှာပင် ဟောင်းနွမ်းနေသော ကျင့်စဥ်လိပ်တစ်ခု၏ ပုံရိပ်မှာလည်း ဖြည်းညှင်းစွာ ပွင့်ဟလာသည်။

'ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ် - ပထမပိုင်း'

မီးခိုးရောင် မြူခိုးများ ရစ်ပတ်နေပြီး ညကောင်းကင်ယံတွင် ထူးဆန်းသော လမင်းကြီး တစ်စုံက မျက်လုံးဖွင့်လိုက်သကဲ့သို့ သူ၏ စိတ်ကို ရိုက်ခတ်သွားသည်။

လုလီ၏ မျက်တောင်များ တုန်ယင်သွားပြီး သူ၏ စိတ်ဝိညာဥ် တုန်လှုပ်သွားသည်။ မိစ္ဆာအရိုးမှာလည်း အနည်းငယ် တုန်ခါနေပြီး ကျင့်စဥ်၏ ခေါ်ယူမှုကို တုံ့ပြန်နေသကဲ့သို့ ရှိသလို သွေးဖြင့် ပူဇော်မှု စတင်တော့မည့်အချိန်ကို စောင့်မျှော်နေသကဲ့သို့လည်း ရှိနေတော့သည်။

ချိုးယွဲ့က တိုးညှင်းစွာ ပြောလိုက်သည်။

"ဒါက ပထမအတွဲပဲ ရှိသေးတယ်။ အကယ်လို့ နင့်ရဲ့ စွမ်းဆောင်ရည် ကောင်းမယ်ဆိုရင်... နောင်ကျရင် 'ထိုက်ယင် နတ်ဘုရားပြောင်းလဲခြင်း'ဆိုတဲ့ လျှို့ဝှက်ကျမ်းကိုတောင် သင်ပေးနိုင်တယ်"

လုလီက သူ၏ မျက်ဝန်းများကို နှိမ့်ချလိုက်သည်။ သူ၏ အကြည့်မှာ ရေတွင်းနက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းသွားတော့သည်။

📝အပိုင်း - ၂၄ ချီစုဆောင်းခြင်းအဆင့် ၁

ဘာသာပြန် - Na Gar🐉

လုလီသည် ရန်ယွီ ရှိရာ မြက်တဲသို့ ချက်ချင်း ပြန်မသွားသေးဘဲ ဝိညာဥ်လယ်ကွင်း ဧရိယာ၏ အစွန်ဆုံးဘက်ရှိ လူသူကွယ်ရာ သစ်ပင်ရိပ်တစ်ခုကို ရှာဖွေကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။

မြက်တောကလေးမှာ အနည်းငယ် စိုစွတ်နေပြီး နားထဲတွင် ပိုးကောင်ကလေးများ၏ အော်မြည်သံနှင့် လေတိုးသံမှအပ လူသံသူသံများ ကင်းဝေးလှသည်။

သူသည် ဖြည်းညှင်းစွာ မျက်စိမှိတ်လိုက်ပြီး စိတ်အာရုံကို စိတ်ဝိညာဥ်ထဲသို့ နှစ်မြှုပ်ကာ ချိုးယွဲ့ ခုနက သင်ကြားပေးခဲ့သော 'ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်' ကို ပြန်လည် ဆန်းစစ်ကြည့်သည်။

ဤကျင့်စဥ်မှာ အလွန်ပင် ရှေးကျလှပြီး စာသားများကြားတွင် လရောင်ကဲ့သို့ အေးစက်သော အငွေ့အသက်များ ကိန်းအောင်းနေသည်။ ၎င်းသည် သာမန် ကျင့်ကြံခြင်း နည်းလမ်းများနှင့် လုံးဝ မတူညီသော လမ်းကြောင်းတစ်ခုကို ရှင်းလင်းစွာ ဖော်ပြထားသည်။

ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဥ်ချီကို အဓိက စုပ်ယူသော်လည်း 'ထိုက်ယင်ချီ'ဖြင့် ခန္ဓာကိုယ်ကိုပါ ပေါင်းစပ် ထုဆစ်ရခြင်း ဖြစ်သည်။

လုလီ အပေါ်ယံ ကြည့်လိုက်ရုံနှင့်ပင် ဤကျင့်စဥ်သည် သာမန်ကျင့်စဥ်နှင့် တူသယောင်ရှိသော်လည်း ခန္ဓာကိုယ် ကြံ့ခိုင်အောင်လေ့ကျင့်သည့်ပညာ အရိပ်အယောင်များလည်း ပါဝင်နေရာ နည်းလမ်းနှစ်ခုကြား ရောက်နေသည်ဟု ခံစားရသည်။

သူ ခဏမျှ စဥ်းစားပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"ထိုက်ယင် ဝိညာဥ်ချီကို ကိုယ်ထဲ သွင်းမယ်... ချီစုဆောင်းမယ်၊ အရိုးကို ထုဆစ်မယ်၊ သွေးကို သန့်စင်မယ်..."

"ဒါက အကြမ်းဆုံး မဟုတ်ပေမဲ့ အကြံ့ခိုင်ဆုံးပဲ"

ချီစုဆောင်းခြင်းအဆင့်ရှိ ကျင့်စဥ် အများစုမှာ 'ဝိညာဥ်ချီကို ဒန်ထျန် မှာ စုစည်းဖို့' ကိုသာ အလေးပေးကြပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုမူ လျစ်လျူရှုထားတတ်ကြသည်။ ခန္ဓာကိုယ် ကျင့်ကြံသူလမ်းကြောင်းကို လျှောက်မှသာ အရိုးအကြော၊ သွေးသားများကို သီးသန့် လေ့ကျင့်ကြခြင်း ဖြစ်သည်။

သို့သော် ရှေ့မှ 'ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်' ကမူ 'ဝိညာဥ်ချီ စုပ်ယူခြင်း' အပေါ် အခြေခံကာ ဝိညာဥ်ချီနှင့် ခန္ဓာကိုယ်ကို အပြန်အလှန် ဆက်နွှယ်စေပြီး အာဟာရ ဖြစ်စေရန် ရည်ရွယ်ထားသည်။

၎င်းက သူ့ကို မျက်စိပွင့်သွားစေသည်။

စိတ်ဝိညာဥ်ထဲတွင် ရင်းနှီးနေသော အမျိုးသမီး အသံမှာ လရောင်အောက်ရှိ အရိုးချပ်များကို လေတိုက်ခတ်သွားသကဲ့သို့ ထပ်မံ ထွက်ပေါ်လာသည်။

"နင့်ရဲ့ ဒီဦးနှောက်သေးသေးလေးက သိပ်တော့ မအဘူးပဲ"

"'ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်' ဆိုတာ ငါ ယွီဟွာဂိုဏ်း မှာတုန်းက ကျင့်ခဲ့တဲ့ နည်းလမ်းပဲ။ 'ထိုက်ယင် သွေးကြောစစ်စစ်' ကနေ ဆင်းသက်လာတာမို့လို့ ငါတို့ဂိုဏ်းမှာဆိုရင်လည်း ချီစုဆောင်းခြင်းအဆင့်အတွက် ပထမတန်းစား ကျင့်စဥ်ပဲ"

ချိုးယွဲ့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူမ၏ အသံထဲတွင် အထက်စီးမှ ကြည့်သော မောက်မာမှုများ ပါဝင်နေသည်။

"အဲ့ဒီက ဆွဲယူတဲ့ ထိုက်ယင်ဝိညာဥ်ချီက ကြမ်းတမ်းခက်ထန်ခြင်း မရှိပေမဲ့ အလွန် နူးညံ့ပြီး ကြံ့ခိုင်တယ်။ အကြောတွေ၊ သွေးသားတွေ၊ အရိုးတွေထဲအထိ စိမ့်ဝင်သွားနိုင်ပြီး ရေရှည် ကျင့်ကြံမယ်ဆိုရင် ခန္ဓာကိုယ် ကြံ့ခိုင်မှုက ခန္ဓာကိုယ်ကျင်ကြံသူတွေထက် မနိမ့်ကျတော့ဘူး"

"နင်က မိစ္ဆာအရိုးပိုင်ရှင် မဟုတ်လား"

"အဲ့ဒါကြောင့်မို့လို့ ဒီလို ကျင့်စဥ်မျိုးကို ကျင့်ရမှာ။ မိစ္ဆာအရိုးရဲ့ စွမ်းအားက ဝါးမြိုတာနဲ့ ပြောင်းလဲတာမှာ ကျွမ်းကျင်တယ်၊ ထိုက်ယင်ဝိညာဥ်ချီက နင့်ရဲ့ ကိုယ်ထဲကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်နိုင်ပြီး နင့်ရဲ့ အရိုးအတွက် 'အခွံ' ဖြစ်လာနိုင်သလို နင့်အရိုးရဲ့ 'ခြင်ဆီ' ကိုလည်း အားဖြည့်ပေးနိုင်တယ်"

လုလီ၏ မျက်ခုံးများ လှုပ်ရှားသွားသည်။

ချိုးယွဲ့ ဆိုလိုရင်း အားလုံးကို သူ နားမလည်သော်လည်း အချက်တစ်ချက်ကိုတော့ ရေးရေးလေး သဘောပေါက်လိုက်သည်။

ဤကျင့်စဥ်သည် ဝိညာဥ်ချီ လည်ပတ်မှုကို အားကောင်းစေရုံတင် မဟုတ်ဘဲ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံရှိသူများအတွက် သီးသန့် ဖန်တီးထားသကဲ့သို့ ရှိနေခြင်းပင်။

သူ အချိန်အတော်ကြာ စဥ်းစားပြီးနောက် သက်ပြင်းတစ်ချက်ချကာ တိုးညှင်းစွာ မေးလိုက်သည်။

"ဒီကျင့်စဥ်ကို ကျင့်ရင်... ဘေးထွက်ဆိုးကျိုး ရှိလား"

ချိုးယွဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမ၏ အသံထဲတွင် အဓိပ္ပာယ်ပါပါ နောက်ပြောင်လိုသော အရိပ်အယောင်များ ပါလာသည်။

"ရှိတာပေါ့"

"ဒီလောကမှာ အလကားရတဲ့ ထမင်းဆိုတာ ရှိလို့လား နင့်လို ဝါနတ်အရိုးပုရွက်ဆိတ်လေးက ဒီလို အခွင့်အရေးမျိုး ရတာပဲ ကျေးဇူးတင်ဦး"

သူမ၏ အသံမှာ စိတ်ဝိညာဥ်၏ အနက်ရှိုင်းဆုံးဆီမှ လာသကဲ့သို့ တဖြည်းဖြည်း တိုးညှင်းသွားသည်။

"ဒီနည်းလမ်းကို ကျင့်ရင် ယင်ချီတွေ ကိုယ်ထဲ ဝင်လာမယ်၊ ညဘက်ဆို အိပ်ရခက်မယ်၊ နောင်ကျရင် စိတ်ဝိညာဥ်ကနေ အိပ်မက်ဆိုးတွေ၊ အာရုံချောက်ခြားတာတွေ ဖြစ်လာနိုင်တယ်"

"အကယ်၍ စိတ်ဓာတ်မခိုင်မာရင်... မိစ္ဆာစိတ်ဝင်သွားနိုင်တယ်"

သူမ ခဏရပ်ကာ သူမ၏ လေသံမှာ အတိတ်ကို ပြန်သတိရနေသကဲ့သို့ ရုတ်တရက် နက်ရှိုင်းသွားသည်။

"ဒါ့အပြင် ကျင့်ကြံမှုအဆင့် မြင့်လေလေ၊ အဲ့ဒီ တုံ့ပြန်မှုက ပြင်းထန်လေလေပဲ"

"နင့်ရဲ့ စိတ်နေစိတ်ထားက နည်းနည်းလေးပဲ လွဲချော်သွားရင်တောင် နင်

စုဆောင်းထားတဲ့ ချီတွေက အတွင်းမိစ္ဆာ အဖြစ် ပြောင်းလဲသွားပြီး နင့်ရဲ့ မူလအစကို ပြန်ပြီး တိုက်ခိုက်လိမ့်မယ်"

လုလီ ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး ထပ်မံ မေးမြန်းရန် ပြင်လိုက်သော်လည်း ချိုးယွဲ့၏ ရယ်သံကို ကြားလိုက်ရသည်။ ထိုရယ်သံထဲတွင် ဖုံးကွယ်၍ မရသော နာကျည်းမှုနှင့် မကျေနပ်မှုများ ပါဝင်နေသည်။

"ဒီ 'ထိုက်ရင်ချီစုဆောင်းခြင်းကျင့်စဥ်'က ယွီဟွာဂိုဏ်း မှာ အဆင့်မြင့် ချီစုဆောင်းခြင်းကျင့်စဥ်အဖြစ် သတ်မှတ်ထားပေမဲ့ တကယ်တမ်း ကျင့်ဝံ့တဲ့သူက... ဆယ်ယောက်တောင် မပြည့်ဘူး"

"ကျင့်ကြံမှု့မြင့်လေလေ စိတ်မိစ္ဆာရဲ့ တိုက်ခိုက်မှုက ပိုရက်စက်လေပဲ။ ဘာလို့လဲဆိုတော့ နင်စုပ်ယူထားတဲ့ ယင်ချီတွေက များလေလေ နင့်ရဲ့ စိတ်ခံစားချက်တွေကလည်း ပိုပြီး နက်ရှိုင်းလာလေလေမို့လို့ပဲ။ အတွေးလေး တစ်

ချက် မှားတာနဲ့တင် ရူးသွပ်သွားနိုင်တယ်"

"ငါဆိုရင်လည်း"

သူမ၏ အသံမှာ ရုတ်တရက် တုံ့သွားပြီးမှ လူသတ်လိုသော အငွေ့အသက်များဖြင့် ဆက်ပြောသည်။

"ငါက ရွေအမြုတေအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတဲ့ အဲ့ဒီညမှာပဲ... ဒီစိတ်မိစ္ဆာရဲ့ ထောင်ချောက်ထဲကို ကျသွားခဲ့တာ"

"စိတ်မိစ္ဆာရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် ငါ့ရဲ့ စိတ်ဝိညာဥ်က အပိုင်းပိုင်း ကွဲကြေလုနီးပါး ဖြစ်ခဲ့ရတယ်..."

"အကယ်၍ မိစ္ဆာအရိုးက ငါ့အတွက် နောက်ဆုံး အသက်ဓာတ်ကလေးကို ထိန်းမထားပေးဘူးဆိုရင် ငါ အဲ့ဒီနေရာမှာတင် အသက်ပျောက်သွားမှာ..."

သူမ ဆက်မပြောတော့ပေ။

သို့သော် လုလီသည် သူမ၏ အေးစက်လှသော စကားလုံး တစ်လုံးချင်းစီမှတစ်ဆင့် သူမ၏ ရင်ထဲ၌ ရှိနေသော ကြီးမားလှသည့် နာကျည်းမှုနှင့် အရှက်ရမှုတို့ကို ခံစားမိနေသည်။

တစ်ချိန်က ယွီဟွာဂိုဏ်း၏ အထက်တန်းလွှာ မိန်းကလေးတစ်ဦးသည် သူမကိုယ်တိုင် ကျင့်ကြံခဲ့သော ကျင့်စဥ်၏ တန်ပြန်မှု့ကို ခံစားခဲ့ရပြီး သူမ မွေးမြူထားခဲ့သော 'မြေဘီလူးဘုရင်'၏ သစ္စာဖောက်မှုကို ခံခဲ့ရကာ နောက်ဆုံးတွင် သွေးအစာအဖြစ်သာ ကုန်ဆုံးခဲ့ရသည်။

ယခုအခါ သူမ၏ ဝိညာဥ်အကြွင်းအကျန်မှာ အရိုးတစ်ခုထဲတွင် ပိတ်မိနေပြီး လူငယ်လေးတစ်ဦး၏ လက်ဖြင့် အနိုင်နိုင် အသက်ဆက်နေရသည်။

"ဒါပေမဲ့..."

သူမ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ညမြူခိုးများကို ခွဲထုတ်လိုက်သကဲ့သို့ ရှိသည်။

"နင့်ရဲ့ စိတ်က လုံလောက်အောင် ရက်စက်ပြီး နင့်ရဲ့ ဆန္ဒက လုံလောက်

အောင် ပြင်းပြမယ်ဆိုရင်တော့... ဒီကျင့်စဥ်က နင့်ကို တခြား ဝါနတ်အရိုး ကျင့်ကြံသူတွေထက် ငါးဆ၊ ဆယ်ဆ ပိုပြီး မြန်ဆန်စေလိမ့်မယ်"

လုလီသည် ငြိမ်သက်စွာ ထိုင်နေရင်း ချိုးယွဲ့၏ "စိတ်မိစ္ဆာ တိုက်ခိုက်မှု့၊ ဝိညာဥ်ကွဲကြေမှု့" ဆိုသည့် စကားကြောင့် လက်ထိပ်ကလေးများ အေးစက်သွားသည်။

ဒါက ခြောက်လှန့်နေခြင်း မဟုတ်မှန်း သူ သိသည်။

ယွီဟွာဂိုဏ်း၏ အဓိကတပည့် ဖြစ်ခဲ့သူပင် တတိယအဆင့်သို့ မရောက်ခင် အသက်ပျောက်ပြီး ဝိညာဥ်သာ ကျန်ရစ်ခဲ့သည်မှာ သွေးထွက်သံယို ဖြစ်စေသော သာဓကပင် ဖြစ်သည်။

သူကိုယ်တိုင်ကော...

ဝါနတ်အရိုး အနိမ့်ဆုံးအဆင့်၊ ဟွမ်ရှန်းဂိုဏ်းထဲကိုပင် အနိုင်နိုင် ဝင်ခဲ့ရသူ ဖြစ်သည်။ အခု ဝိညာဥ်ချီကို စတင်အာရုံခံနိုင်နေပြီ ဆိုသော်လည်း ဘာထူးသနည်း။

အကယ်၍ ထူးခြားသော အခွင့်အရေးသာ မရှိလျှင် ဝိညာဥ်လယ်မြေထဲတွင်သာ တစ်သက်လုံး အိုမင်းသွားရလိမ့်မည်။

ကျင့်ကြံမှု နှေးကွေးပြီး ဆေးလုံးများမဝယ်နိုင်ဘဲ ကျင့်စဥ်က သူများထက် ညံ့ဖျင်းနေပြီး အဆင့်အတန်းမှာဝေးကွာနေမည်ဖြစ်သည်။

အသက် ၂၀ ရောက်သည့်တိုင် ကျင့်ကြံမှုမှာ ချီစုဆောင်းခြင်းအဆင့် (၅) သို့ မရောက်ခဲ့လျှင် အတွင်းစည်းသို့ ဝင်ခွင့် လုံးဝ မရှိတော့ပေ။

သူများ၏ လှောင်ပြောင်မှုကို ခံရမည်၊ နင်းချေခံရမည်၊ တုံရှန်း ၏ လက်ထဲတွင် စိတ်ဝိညာဥ်သွေးကို အထိန်းချုပ်ခံရပြီး သာမန်လူသားများ၏ အောက်ခြေအဆင့်တွင် ဘဝဆုံးရမည်...။

သူ ဖြည်းညှင်းစွာ မျက်စိမှိတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် အစ်ကိုဖြစ်သူ လုယွမ် သေခါနီး ခံစားခဲ့ရသော နာကျင်မှုများ၊ သူကိုယ်တိုင် ဓားဖြင့် ထိုးခဲ့ရသော အချိန်များ၊ လျိုယွမ်ကျီ၏ အေးစက်ရက်စက်သော မျက်နှာထားများနှင့် သူ၏ ဝမ်းဗိုက်ထဲသို့ မိစ္ဆာအရိုးကို အတင်းအဓမ္မ မြှုပ်နှံခဲ့သော သူ၏ ရက်စက်မှုများကို မြင်ယောင်လာသည်။

လုလီ မျက်စိပြန်ဖွင့်လိုက်ရာ အကြည့်မှာ အေးစက်တည်ငြိမ်နေသည်။

"ဝါနတ်အရိုးရဲ့ ဘဝဟာ မူလကတည်းက အဝေးကြီး သွားလို့မရဘူးလို့ သတ်မှတ်ထားပြီးသားပဲ"

"အသက်ရှင်ချင်တယ်ဆိုရင်တော့... အသက်နဲ့ လောင်းကြေးထပ်ဖို့ပဲ ရှိတော့တယ်"

သူက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

"ရူးသွပ်သွားရင်တောင်မှ... နောက်ကျရင် စိတ်ဝိညာဥ် ပျက်စီးသွားရင်တောင်မှ..."

"အခုလိုပဲ သေရမယ့်အချိန်ကို ထိုင်စောင့်နေရတာထက်စာရင် အများကြီး ပိုကောင်းပါတယ်"

သူ၏ အကြည့်မှာ ပိုမို ခိုင်မာလာသည်။

ဝါနတ်အရိုးနှင့် ကျင့်ကြံရခြင်းမှာ အလွန်ပင် ခက်ခဲလှသည်။

အကယ်၍ စိတ်ဓာတ်မခိုင်မာဘဲ ဘေးထွက်ဆိုးကျိုးကိုပင် မခံနိုင်လျှင် သာမန်လူအုပ်ထဲတွင်သာ ပျောက်ကွယ်သွားရလိမ့်မည်။

စိတ်ပိုင်းဖြတ်ပြီးနောက် လုလီသည် ချီကို စတင်အာရုံခံပြီးနောက် ကျန်ရှိနေသော လွင့်ပျံနေသည့် ဝိညာဥ်ချီများကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

ထိုဝိညာဥ်ချီများမှာ ရှိနေပြီ ဆိုသော်လည်း အမြစ်မရှိသော မှော်ပင်ကဲ့သို့ ခန္ဓာကိုယ်ထဲတွင် ဟိုတစ်စု၊ ဒီတစ်စု ဖြစ်နေကာ စုစည်း၍ မရသလို ညွှန်ကြား၍လည်း မရချေ။

သူသည် 'ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်' ၏ အစပိုင်းအတိုင်း အသက်ရှူနှုန်းကို ဖြည်းညှင်းစွာ ညှိယူလိုက်သည်။

အသက်ကို ရှည်ရှည်ရှူသွင်းပြီး ခဏလေး ပြန်ထုတ်သည်၊ ရေပြင်ကဲ့သို့ ငြိမ်သက်နေစေသည်။

အသက်ရှူခြင်းကို ညှိပြီး ယင်ချီကို လက်ခံကာ စိတ်အာရုံကို ကိုယ်ထဲမှာပဲ ထားသည်။

ပထမဆုံး တစ်ခဏတွင် ချိုးယွဲ့ ပြောသကဲ့သို့ "အရိုးတွေ တုန်ခါပြီး ချီတွေ ဝင်လာမယ်၊ အကြောတွေ အလိုလို ပွင့်သွားမယ်" ဟု သူ ထင်ခဲ့သည်။

သို့သော် လက်တွေ့မှာ သူမ ပြောသည်ထက် များစွာ ရက်စက်လှသည်။

ဝိညာဥ်ချီများမှာ ခန္ဓာကိုယ်ထဲတွင် ပတ်ချာလည် စီးဆင်းနေသော်လည်း ရှုပ်ထွေးနေဆဲပင်။

ရံဖန်ရံခါ လှိုင်းလုံးများကဲ့သို့ တိုက်ခတ်လာပြီး ရံဖန်ရံခါ ခြင်ကိုက်သကဲ့သို့ တဆစ်ဆစ် ဖြစ်နေသည်။ အကြောများမှာ ဖောရောင်လာသကဲ့သို့ ရှိပြီး အတွင်းကလီစာများမှာလည်း နာကျင်လှသည်။ ထိုက်ယင် ဝိညာဥ်ချီမှာ မူလကတည်းက အေးစက်လှရာ ပထမဆုံးအကြိမ် စုပ်ယူသည့်အခါ ထိုအေးစက်မှုမှာ ရေခဲအပ်များဖြင့် အရိုးထဲအထိ ထိုးဆွနေသကဲ့သို့ ရှိပြီး ဒန်ထျန်မှသည် ကျောရိုးတစ်လျှောက်၊ ထို့နောက် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

လုလီ အံကို တင်းတင်းကြိတ်ထားပြီး နဖူးတွင် ချွေးစေးများ ထွက်လာသည်။ လက်ထိပ်ကလေးများ တုန်ယင်နေသော်လည်း သူ တစ်ခွန်းမှ မညည်းတွားပေ။

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားသည်။ ညမှောင်လာပြီး ပတ်ဝန်းကျင်မှာ အေးစက်လာသည်။ တိတ်ဆိတ်လှသော တောင်ကုန်းပေါ်တွင် သူတစ်ယောက်တည်း ကံကြမ္မာ၏ မုန်တိုင်းကြား၌ မသေအောင် အနိုင်နိုင် ကြိုးစားနေသော သားရဲငယ်လေးတစ်ကောင်ကဲ့သို့ ရှိနေသည်။

မည်မျှ ကြာသွားသည် မသိ၊ နာရီပေါင်းများစွာလား သို့မဟုတ် တစ်ညလုံးလား မသိရပေ။

ရုတ်တရက်...

မြူခိုးကဲ့သို့ ဖျော့တော့သော မီးခိုးဖြူရောင် ဝိညာဥ်ချီ တစ်စသည် သူ၏ ဒန်ထျန်ထဲတွင် တိတ်တဆိတ် စုစည်းမိသွားပြီး လမ်းကြောင်းတစ်ခုသဖွယ် ဖြစ်လာသည်။ ၎င်းမှာ အားနည်းလှသော်လည်း နောက်ဆုံးတွင်တော့ 'အမြစ်' တွယ်သွားပြီ ဖြစ်သည်။

စိတ်ဝိညာဥ်ထဲတွင် ချိုးယွဲ့၏ အသံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

သူမ၏ လေသံမှာ စောစောကကဲ့သို့ နောက်ပြောင်နေခြင်း မရှိဘဲ ရှားရှားပါးပါး အသိအမှတ်ပြုသည့် လေသံ ပါဝင်နေသည်။

"မဆိုးဘူး"

"ဒီလို ညံ့ဖျင်းတဲ့ ခန္ဓာကိုယ်နဲ့ တစ်ညတည်းအတွင်းမှာ 'ပထမဆုံး ထိုက်

ယင်ချီ' ကို စုစည်းနိုင်တာကို ကြည့်ရင် နင့်မှာ ပါရမီ ညံ့ရင်တောင် ဒုက္ခကိုတော့ ခံနိုင်ရည်ရှိတယ်လို့ ပြောလို့ရတယ်"

"နင် အခုမှ တကယ့်ကို... ချီစုဆောင်းခြင်းအဆင့် (၁) ကို ရောက်တာပဲ"

လုလီက ဖြည်းညှင်းစွာ မျက်စိဖွင့်လိုက်သည်။

သူ ရှင်းလင်းစွာ ခံစားမိသည်မှာ...

ခန္ဓာကိုယ်ထဲတွင် လွင့်ပျံနေသော ဝိညာဥ်ချီများမှာ စုစည်းသွားပြီ ဖြစ်သည်။ အလွန်သေးငယ်လှသော ချီမျှင်ကလေးတစ်ခုအဖြစ် ပြောင်းလဲကာ ဒန်ထျန်ထဲတွင် လည်ပတ်နေသည်။ ၎င်းမှာ အလွန် အားနည်းသော်လည်း အလွန်ပင် ရှင်းလင်းလှသည်။

သူ၏ ကိုယ်ထဲတွင်လည်း ရှုပ်ထွေးမှုများ မရှိတော့ဘဲ အုတ်မြစ် ချထားပြီးသော အိမ်တစ်လုံးကဲ့သို့ ရှိနေသည်။

သူ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ပင်ပန်းနွမ်းနယ်မှုများမှာ လှိုင်းကျသွားသကဲ့သို့ ပျောက်ကွယ်သွားပြီး စိတ်အာရုံမှာ ပိုမို စုစည်းလာကာ အာရုံငါးပါးမှာလည်း ပိုမို ထက်မြက်လာသကဲ့သို့ ခံစားရသည်။

သူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

လမင်းကြီးမှာ အမြင့်တွင် ရှိနေဆဲ ဖြစ်သော်လည်း ပတ်ဝန်းကျင်မှာ ညနက်နေပြီ ဖြစ်ရာ မနက်လင်းရန် နာရီအနည်းငယ်သာ လိုတော့ပုံရသည်။

သူ တိတ်ဆိတ်စွာ ထရပ်လိုက်ပြီး အင်္ကျီပေါ်ရှိ မြက်စများကို ခါချလိုက်သည်။ ထိုလယ်ကွင်းကို တစ်ချက် ပြန်ကြည့်ပြီးမှ မြက်တဲရှိရာသို့ လှည့်ပြန်လာခဲ့သည်။

ညလေက လူငယ်လေး၏ ပုံရိပ်ကို ဖြတ်သန်းသွားသည်။ သူ၏ ခြေလှမ်းများမှာ ပေါ့ပါးသော်လည်း လာစဉ်ကထက် ပိုမို ခိုင်မာနေတော့သည်။

လုလီ မြက်တဲတံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်သည့်အခါ အခန်းထဲတွင် အလင်းရောင် အနည်းငယ်သာ ကျန်တော့သည်။

ရန်ယွီမှာ အိပ်ပျော်နေပြီ ဖြစ်သည်။ ခုတင်ထောင့်တွင် ကွေးကွေးလေး အိပ်နေပြီး စောင်မှာ မထူသော်လည်း သေသပ်စွာ ခြုံထားသည်။ သူမ၏ အသက်ရှူသံမှာ မှန်မှန်ရှိနေပြီး မျက်တောင်ကလေးများ တုန်ယင်နေကာ မျက်နှာမှာ ငြိမ်သက်နေသည်။

စားပွဲပေါ်တွင် ထမင်းတစ်လုံးကို အဝတ်စဖြင့် အုပ်ထားပေးသည်။ အချိန်အတော်ကြာပြီဖြစ်ရာ အေးစက်နေပုံရသည်။ သူ အနားသို့ သွားပြီး အဝတ်စကို လှန်ကြည့်လိုက်ရာ အလွန်ဖျော့တော့သော ဝိညာဥ်ချီ ရနံ့ကလေး ထွက်ပေါ်လာသည်။

၎င်းမှာ ဝိညာဥ်ဆန် ဖြစ်သည်။

ထမင်းမှာ များများစားစား မဟုတ်ဘဲ တစ်ပန်းကန်စာမျှသာ ဖြစ်သော်လည်း ဆန်စေ့များမှာ ဖြူဖွေးဝင်းလက်နေပြီး ဝိညာဥ်ချီများမှာ မပျယ်သေးဘဲ နွေးထွေးမှုကို ထိန်းထားဆဲ ဖြစ်သည်။

လုလီ မှင်တက်သွားသည်။

စိတ်ဝိညာဥ်ထဲတွင် ချိုးယွဲ့က ပြုံးလျက် ပြောလိုက်သည်။

"နင်တကယ်ပဲ ကံကောင်းတာပဲ၊ ဒီမိန်းကလေးက တကယ့်ကို ရက်ရက်ရောရော ပေးတာပဲ"

"ဒါက ဝိညာဥ်ဆန်လေ အပြင်စည်းတပည့်တွေ ဆိုတာ ဝယ်တောင် မစားနိုင်ဘူး ဝိညာဥ်ဆန်က နင့်ရဲ့ အခု အဆင့်အတန်းအတွက် အများကြီး အကျိုးရှိစေမှာ... အမြန်စားလိုက်တော့"

သူမ ခဏရပ်ကာ အဓိပ္ပာယ်ပါပါ ဆက်ပြောသည်။

"ဒါပေမဲ့လေ... ဒီမိန်းကလေးက မင်းအပေါ် စေတနာ သက်သက်နဲ့တင် ကောင်းတာတော့ မဟုတ်လောက်ဘူး"

"သူမက လောင်းကြေးထပ်နေတာ"

လုလီ၏ အကြည့်မှာ တည်ငြိမ်သွားသည်။

"လောင်းကြေး"

ချိုးယွဲ့က အေးအေးလူလူ ရှင်းပြသည်။

"အသက် (၁၅) နှစ်မှ ချီစုဆောင်းခြင်းအဆင့် (၂) ဆိုတာ ပါရမီက သာမန်ပဲ။ နောက်ထပ် နှစ်အနည်းငယ်ကြာလို့ အဆင့်မတက်နိုင်ရင် ဂိုဏ်းက နှင်ထုတ်ခံရမှာ"

"သူမကိုယ်တိုင် ကောင်းကောင်းသိတယ်၊ သူမမှာရှိတဲ့ ဒီလို ဝါနတ်အရိုးနဲ့ဆိုရင် နှင်ထုတ်မခံရရင်တောင် နောက်ဆုံးမှာ လျိုတာ့ပါး ပြောသလို လယ်သမားမပဲ ဖြစ်မှာ"

"ဒါကြောင့် သူမ အခု နင့်အပေါ် ကောင်းပြနေတာက နင် 'အတွင်းစည်းကို ရောက်နိုင်ခြေ ရှိတယ်' ဆိုတာကို မျက်စိကျလို့ပဲ။ နင်နောင်တစ်ချိန်မှာ ကြီးပွားတိုးတက်လာရင် သူမကိုပါ တစ်ပါတည်း ခေါ်သွားပေးဖို့ မျှော်လင့်နေတာ"

လုလီ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပန်းကန်ထဲမှ ထမင်းကို ကြည့်လိုက်သည်။

သူ ရန်ယွီကို မမုန်းပေ။

သူမက သူ့ကို ကြိုးကြာငှက်စီးခပေးခဲ့ပြီး လယ်မြေအကြောင်း ရှင်းပြခဲ့သည်၊ ပတ်ဝန်းကျင်ကို လိုက်ပြခဲ့သည်၊ ယခုလည်း ညဉ့်နက်မှ ပြန်လာမည့် သူ့အတွက် ထမင်းကို ချန်ထားပေးသည်။

သူ မသိသည် မဟုတ်ပါ...

ဤဝိညာဥ်ဆန် တစ်ပန်းကန်မှာ ရန်ယွီကိုယ်တိုင်ပင် မစားဘဲ ချန်ထားပေးခဲ့သည့် အရာ ဖြစ်နိုင်သည်ကိုပေါ့။

လုလီသည် အိပ်ပျော်နေသော မိန်းကလေး၏ မျက်နှာကို ကြည့်ရင်း ခဏမျှ ရင်ထဲတွင် လှုပ်ခတ်သွားသည်။

သူက အဆုံးစွန်ထိ နှလုံးသားမရှိသော သွေးအေးလူသား မဟုတ်ပေ။

သူ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"တကယ်လို့ ငါ တကယ်ပဲ အစွမ်းထက်လာခဲ့ရင် သူမကို အနည်းငယ်... စောင့်ရှောက်ပေးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး"

သို့သော် ၎င်းမှာ 'စောင့်ရှောက်ပေးခြင်း' မျှသာ ဖြစ်သည်။

ကတိပေးခြင်း မဟုတ်သလို၊ အားကိုးရာ ဖြစ်စေရန်လည်း မဟုတ်ပေ။

သူ အလွန်ပင် ရှင်းလင်းစွာ သိထားသည်မှာ...

"ငါ့ရဲ့ အသက်ကို ဘယ်သူ့အပေါ်မှာမှ မပုံအပ်ထားနိုင်ဘူး။ တစ်ပန်းကန်စာ ကျေးဇူးတရား ဆိုရင်တောင်မှပေါ့"

သူသည် အဝတ်စကို ပြန်အုပ်လိုက်ပြီး ဝိညာဥ်ဆန် ပန်းကန်ကို အသာအယာ ပြန်တွန်းထားလိုက်သည်။

ထို့နောက် လှည့်ထွက်ကာ ထောင့်ရှိ ယာယီအိပ်ရာကလေးသို့ သွား၍ ထိုင်

လိုက်ပြီး 'ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်' ကို စတင် လည်ပတ်စေတော့သည်။

အခန်းထဲတွင် အလွန်တိတ်ဆိတ်လှပြီး ဝိညာဥ်ချီများမှာ မြူခိုးများသဖွယ် သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြည်းညှင်းစွာ စီးဆင်းနေသည်။

ထိုဝိညာဥ်ဆန် ပန်းကန်ကလေးမှာ အမှောင်ရိပ်ထဲတွင် အနည်းငယ် ဝင်းလက်နေသော်လည်း နောက်ဆုံးတွင်တော့ မည်သူမျှ တို့ထိခြင်း မရှိခဲ့ပေ။

All Chapters