အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
📝အပိုင်း - ၂၅ ဝိညာဥ်စာချုပ်
ဘာသာပြန် - Na Gar🐉
နောက်တစ်နေ့ နံနက်စောစောတွင် အပြင်ဘက်၌ အရုဏ်ဦးအလင်းတန်းကလေးများ စတင်ပေါ်ထွက်လာပြီး နေရောင်ခြည်သည် မြက်တဲ၏ အက်ကြောင်းများကြားမှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေသည်။ လေထဲတွင် ဖုန်မှုန့်ကလေးများမှာ ဖြည်းညှင်းစွာ လွင့်ပျံနေကြသည်။
ရန်ယွီက မျက်လုံးကို ပွတ်သပ်ရင်း နိုးလာသည့်အခါ ပထမဆုံး မြင်လိုက်ရသည်မှာ စားပွဲပေါ်တွင် တည်ငြိမ်စွာ ရှိနေဆဲဖြစ်သော မနေ့ညက မတို့မထိရသေးသည့် ဝိညာဥ်ဆန် ထမင်းပန်းကန်ပင် ဖြစ်သည်။ ဝိညာဥ်ချီများမှာ ပျယ်လွင့်သွားပြီဖြစ်သော်လည်း အေးစက်စပြုနေသော အငွေ့အသက်ကလေးများသာ ကျန်ရစ်တော့သည်။
သူမ ခဏမျှ မှင်တက်သွားသည်။
ထို့နောက် သူမသည် ထောင့်ဘက်သို့ လှည့်ကြည့်လိုက်ရာ လုလီသည် ယာယီအိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်၍ အသက်ရှူနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ပတ်ဝန်းကျင်တွင် အားနည်းသော လေစီးကြောင်းကလေးများ လည်ပတ်နေပြီး အသက်ရှူသံမှာလည်း တည်ငြိမ်လှရာ တစ်ညလုံး ကျင့်ကြံနေခဲ့သည်မှာ ထင်ရှားလှသည်။
"သူ... တစ်ညလုံး ကျင့်ကြံနေတာလား"
ရန်ယွီ ခေတ္တမျှ မှင်တက်သွားပြီးနောက် သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူမကိုယ်တိုင်မှာ အသက် (၁၄) နှစ်မှ ဝိညာဥ်ချီကို စတင်အာရုံခံနိုင်ခဲ့ပြီး ချီစုဆောင်းခြင်းအဆင့် (၂) သို့ ရောက်ရန် နောက်ထပ် တစ်နှစ်အချိန်ပေးခဲ့ရသည်။ သို့သော် ရှေ့မှ လူငယ်လေးမှာမူ ဂိုဏ်းထဲဝင်ပြီး တစ်ရက်ပင် မပြည့်သေးဘဲ ဤမျှလောက်အထိ ကြိုးစားအားထုတ်နေသည်။
ထိုအချိန်တွင် လုလီ မျက်စိဖွင့်လိုက်သည်။ သူ၏ အကြည့်မှာ တည်ငြိမ်နေပြီး ပုံမှန်အတိုင်းပင် အေးဆေးလှသည်။
ရန်ယွီ နိုးလာသည်ကို သူ သိနှင့်ပြီးသားဖြစ်သော်လည်း အသံမထွက်ခဲ့ခြင်းသာ ဖြစ်သည်။
ရန်ယွီသည် အမြန်ထလိုက်ပြီး အားနာစိတ်နှင့် ဂရုစိုက်မှုများဖြင့် အနားသို့ တိုးလာသည်။
"ဂျူနီယာမောင်လေး အဲ့ဒီ ဝိညာဥ်ဆန်က နင့်အတွက် ငါ သီးသန့် ချက်ပေးထားတာပါ။ နင်က အခုမှ ချီစုဆောင်းခြင်းအဆင့်ထဲ ဝင်ခါစဆိုတော့ ခန္ဓာကိုယ်အတွက် အရမ်းကောင်းတာကို ဘာလို့ တစ်လုပ်မှ မစားတာလဲ"
"ပြီးခဲ့တဲ့ ရာသီက ငါ့မှာ ချန်ထားတဲ့ လက်ကျန်လေး နည်းနည်းရှိတာကို မစားဘဲနဲ့ နင့်ကျင့်ကြံမှုအတွက် သုံးရအောင် ချန်ထားပေးတာလေ..."
လုလီသည် သူမကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများ လှုပ်ရှားသွားပြီး နှုတ်ခမ်းထောင့်တွင် ထိန်းချုပ်ထားသော အပြုံးတစ်ခု ပေါ်လာသည်။
သူက ခပ်ဖွဖွ ခေါင်းခါပြရင်း လေသံကို နူးညံ့စွာ ပြောလိုက်သည်။
"စီနီယာအစ်မက ကျွန်တော့်ကို အများကြီး စောင့်ရှောက်ပေးပြီးပါပြီ။ ဒီဝိညာဥ်ဆန် ထမင်းကိုတော့... ကျွန်တော် တကယ်ပဲ လက်ခံဖို့ အားနာမိပါတယ်"
"ကျွန်တော် ကိုယ်တိုင်စိုက်တဲ့ ဝိညာဥ်စပါးတွေ ထွက်လာတဲ့အခါကျရင် စီနီယာအစ်မကို ပြန်ပြီး ကျွေးပါရစေ ဘယ်လိုလဲ"
ရန်ယွီ ခဏမျှ မှင်တက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် ဖော်ပြရခက်သော အားငယ်စိတ်နှင့် စိတ်သက်သာရာရမှုတို့ ရောယှက်သွားသည်။
သူမ ထပ်မံ၍ တိုက်တွန်းချင်သေးသော်လည်း လုလီ၏ ခိုင်မာသော မျက်နှာထားကို မြင်သည့်အခါ နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။
သူမက အသာအယာ ခေါင်းငြိမ့်ပြကာ "ဒါဆိုရင် ငါစောင့်နေမယ်" ဟု ဆိုလိုက်သည်။
လုလီက အိပ်ရာကို သိမ်းဆည်းရန် လှည့်ထွက်သွားသည်။ သူ၏ မျက်နှာထားမှာ အမြဲတမ်းကဲ့သို့ ငြိမ်သက်တည်ငြိမ်နေပြီး ထိုဝိညာဥ်ဆန်တစ်ပန်းကန်၏ လေးလံလှသော ကျေးဇူးတရားမှာ သူ၏ ပုခုံးပေါ်တွင် ရှိမနေသကဲ့သို့ပင်။
သို့သော် သူကိုယ်တိုင်သာ သိပါသည်သူ၏ ရင်ထဲတွင် ထိုထမင်းတစ်ပန်းကန်နှင့် မိန်းကလေး၏ စေတနာကို သူ မှတ်သားထားလိုက်ပြီ ဖြစ်ကြောင်းကိုပေါ့။
"နင်ကတော့ တကယ့်ကို အသိတရားရှိတဲ့သူပဲ"
စိတ်ဝိညာဥ်ထဲတွင် ချိုးယွဲ့ ၏ အသံမှာ တိုးညှင်းစွာ ထွက်ပေါ်လာပြီး အပြုံးအရိပ်အယောင်များ ပါဝင်နေသည်။
"သူမက နင့်အတွက် တဲဆောက်ပေးဖို့ လူသွားရှာပေးဦးမှာ"
"နင့်ရဲ့ ကျေးဇူးကြွေးတွေကတော့ တစ်ပုံကြီး စုမိနေပြီနော်"
လုလီ ပြန်မဖြေဘဲ သူ၏ ဟောင်းနွမ်းနေသော အင်္ကျီရင်ဘတ်ကိုသာ သေသပ်အောင် ပြန်ပြင်လိုက်သည်။
"ကျေးဇူးတရားကို အခု မဆပ်နိုင်သေးပေမဲ့ ရင်ထဲမှာ မှတ်ထားမယ်။ နောင်တစ်ချိန် စွမ်းအားရှိလာတဲ့အခါမှပဲ ပြန်ဆပ်ရမှာပေါ့"
"အခုတော့... ဘာမှ ပြန်မဆပ်နိုင်သေးဘူး"
မကြာမီမှာပင် ရန်ယွီသည် အိတ်အလွတ်တစ်ခုကို လွယ်၍ အပြင်သို့ ထွက်သွားသည်။ လုလီအတွက် မြက်တဲဆောက်ပေးရန် သူရင်းနှီးသော အပြင်စည်းတပည့် စီနီယာအချို့ကို သွားခေါ်ခြင်း ဖြစ်သည်။
သူမ ဘာမှမပြောဘဲ တောက်ပစွာ ပြုံးပြသွားသော်လည်း ထိုစီနီယာများ ထွက်သွားသည့်အခါ သူမ၏ ရင်ဘတ်ထဲမှ ဝိညာဥ်ဆန် အိတ်ငယ်ကလေးတစ်ခုသူမ၌ ကျန်ရှိနေသော နောက်ဆုံး ဝိညာဥ်ဆန်တစ်ဝက်ကို တစ်ဖက်လူအား ပေးလိုက်သည်ကို လုလီ အဝေးမှ လှမ်းမြင်လိုက်ရသည်။
သူ၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် အကြည့်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်တော့သည်။
ထိုအချိန်တွင် သူ၏ အတွေးများမှာ သူ၏စိတ်ထဲရှိ ဝိညာဥ်ချီစုစည်းခြင်း အစီအရင် ပေါ်သို့ ပြန်လည် ကျရောက်သွားသည်။
ဝိညာဥ်ချီစုစည်းခြင်း အစီအရင်။
၎င်းမှာ သူ၏ 'မြေရိုင်း' ကို ပြန်လည် အသက်သွင်းရန်အတွက် ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။
သို့သော် ချိုးယွဲ့ ပြောပြချက်အရ ဤအစီအရင်မှာ အခြေခံအကျဆုံး ဖြစ်သော်လည်း 'လေထဲတွင် ဆွဲရုံ' ဖြင့် မရချေ။ ၎င်းအတွက် ဝိညာဥ်
ကျောက်တုံးကို အထောက်အပံ့အဖြစ် လိုအပ်ပြီး အစီအရင်ဗဟိုချက် ကိုလည်း လိုအပ်သည်။ ထို့အပြင် အစီအရင်ကို ခင်းကျင်းသည့်အချိန်မှာလည်း ကောင်းကင်နှင့် မြေကြီး၏ ဝိညာဥ်ချီ စီးဆင်းမှုနှင့် ကိုက်ညီရန် လိုအပ်သည်။
လုလီသည် ထိုအချက်များကို ရင်ထဲတွင် မှတ်သားထားပြီး ထိုအရင်းအမြစ်များကို မည်သို့ စုဆောင်းရမလဲဟု တွက်ချက်နေသည်။
"ဝိညာဥ်ကျောက်တုံး... အနည်းဆုံးတော့ အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး တစ်ရာလောက် လိုမယ်"
"အစီအရင်ဗဟိုချက်အတွက် ပစ္စည်းတွေကို ကိုယ်တိုင်လုပ်လို့ရပေမဲ့ အဲ့ဒီအတွက် ကုန်ကျစရိတ်ကလည်း ဝိညာဥ်ကျောက်တုံး ရာဂဏန်းလောက် ရှိနိုင်တယ်..."
သူသည် မျက်မှောင်ကြုတ်၍ စဥ်းစားနေပြီး အကြည့်မှာ ရေခဲကဲ့သို့ အေးစက်နေသည်။
"တကယ်လို့ အဆင်မပြေဘူးဆိုရင်တော့..."
လုလီသည် ခေါင်းငုံ့ကာ လေးနက်သော မျက်နှာထားဖြင့်...
"ဒါဆိုရင်... ကြိုတင်ပေါင်နှံဖို့ပဲ ရှိတော့တယ်"
ဟွမ်ရှန်းဂိုဏ်း ၏ အပြင်စည်းတပည့်များကြားတွင် 'ဝိညာဥ်စာချုပ်'ဟု ခေါ်သော စနစ်တစ်ခု ရှိသည်။ ၎င်းမှာ ဂိုဏ်းတော်က အရင်းအမြစ်များ လည်ပတ်နိုင်ရန် သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်ထားသော စနစ်တစ်ခု ဖြစ်သည်။
၎င်းမှာ လုလီ အပြင်စည်းတပည့်များ စကားပြောနေကြသည်ကို နားထောင်ရင်း ရှာဖွေတွေ့ရှိခဲ့သော စနစ်ပင် ဖြစ်သည်။
ဆိုလိုသည်မှာ တပည့်တစ်ဦးသည် နောက်တစ်ရာသီမှ ထွက်လာမည့် ဝိညာဥ်စပါး ထွက်နှုန်းကို အာမခံအဖြစ် ထားရှိကာ လက်ရှိ လိုအပ်နေသော ဝိညာဥ်ကျောက်တုံးများကို ကြိုတင် ထုတ်ယူခြင်း ဖြစ်သည်။
ဤကဲ့သို့သော အရောင်းအဝယ်မှာ ဝိညာဥ်လယ်မြေဧရိယာတွင် မရှားလှပေ။အပြင်စည်းတပည့်များကြားတွင်လည်း လူသိများသော 'လျှို့ဝှက်စည်းမျဥ်း' တစ်ခု ဖြစ်နေသည်။
လယ်သမား အများစုမှာ မျိုးစေ့မချခင်ကတည်းက ပိုက်ဆံပြတ်လပ်နေတတ်ကြသည်။ အကယ်၍ ဂိုဏ်းအကြီးအကဲများကို အကူအညီတောင်း၍ မြေဆီလွှာကို ပြုပြင်လိုလျှင်ဖြစ်စေ၊ ဝိညာဥ်စပါးထွက်နှုန်းကို မြှင့်တင်လိုလျှင်ဖြစ်စေ 'ကြိုတင်ပေါင်နှံမှု' ကို ပြုလုပ်ပြီး 'ဝိညာဥ်စာချုပ်' ချုပ်ဆိုရသည်။ ထိုအခါ ဝိညာဥ်စာချုပ်ခန်းမ မှ ဝိညာဥ်ကျောက်တုံးအချို့ကို ကြိုတင်ထုတ်ပေးကာ အကြီးအကဲများ၏ အကူအညီကို ရယူနိုင်ခြင်း သို့မဟုတ် လိုအပ်သော မြေဩဇာများကို ဝယ်ယူနိုင်ခြင်းတို့ ပြုလုပ်ကြသည်။
အကယ်၍ ထိုရာသီ၏ ထွက်နှုန်းက သတ်မှတ်ချက် ပြည့်မီပါက အချိုးကျ ပြန်လည်ပေးဆပ်ရပြီး ကျန်သည်မှာ ကိုယ်ပိုင်ဖြစ်သည်။
အကယ်၍ သတ်မှတ်ချက် မပြည့်မီပါက လစာကို ဖြတ်တောက်ခံရမည်၊ ကိုယ်ပိုင်ဝေစုကို ပယ်ဖျက်ခံရမည်ဖြစ်ပြီး အခြေအနေ ဆိုးရွားပါက လယ်ကွက်ကိုပါ သိမ်းဆည်းခံရကာ ဂိုဏ်းမှ နှင်ထုတ်ခံရမည် ဖြစ်သည်။
လူအများအပြားမှာ စိတ်လိုက်မာန်ပါဖြင့် ကျင့်ကြံမှုအဆင့် တက်လှမ်းရန် ဆေးဝါးဝယ်ယူရန်ဖြစ်စေ၊ ပြိုင်ပွဲများအတွက် ပြင်ဆင်ရန်ဖြစ်စေ ဝိညာဥ်စာချုပ်ကို ချုပ်ဆိုတတ်ကြသည်။ အကယ်၍ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီး အတွင်းစည်းသို့ ရောက်သွားပါက အရင်းအမြစ်များမှာ ဆတိုးတိုးလာမည်ဖြစ်ရာ ကြွေးမြီများကို အလွယ်တကူ ပြန်ဆပ်နိုင်မည် ဖြစ်သည်။
သို့သော် လူအများစုမှာမူ ရှုံးနိမ့်ခဲ့ကြသည်။
ဝိညာဥ်စာချုပ်သည် လည်ပင်းတွင် ချိတ်ထားသော ဓားတစ်စင်းကဲ့သို့ ဖြစ်နေပြီး နောက်လ၏ ထောက်ပံ့ကြေးမှာလည်း ပြားစေ့တစ်စေ့မှ မကျန်တော့ဘဲ လယ်ထဲတွင် ထွက်နှုန်း လျော့နည်းသွားလျှင်ပင် မည်သူ့ကိုမှ အပြစ်တင်၍ မရတော့ပေ။ တစ်ခါထပ်ချေး၊ တစ်ခါထပ်လောင်းရင်းနှင့် နောက်ဆုံးတွင် စိတ်ဝိညာဥ်စာချုပ်ကိုပါ ရောင်းချလိုက်ရပြီး ဘဝပျက်သွားကြသူများ အမြောက်အမြား ရှိသည်။
ထို့ပြင် ၎င်းမှာ ဝိညာဥ်ဆေးဥယာဥ် တစ်ခုတည်းတင် မဟုတ်ပေ...
ဟွမ်ရှန်းဂိုဏ်း အပြင်စည်းတပည့်များ၏ အရင်းအမြစ် ထွက်ရှိရာ နေရာတိုင်းတွင် ဤကဲ့သို့သော 'ဝိညာဥ်စာချုပ်' များကို ချုပ်ဆိုနိုင်သည်။
ဝိညာဥ်သားရဲခြံမှ တပည့်ဖြစ်စေ၊ လက်နက်ခန်းမ မှ အလုပ်သင်ဖြစ်စေ 'နောင်တွင် ရရှိမည့် အကျိုးအမြတ်' ရှိနေသရွေ့ အနာဂတ် ထွက်ရှိမှု၊ လုပ်အား သို့မဟုတ် ဝေစုများကို ပေါင်နှံကာ ဂိုဏ်း၏ ဝိညာဥ်စာချုပ်ခန်းမသို့ ဝိညာဥ်ကျောက်တုံး ကြိုတင်ထုတ်ရန် လျှောက်ထားနိုင်သည်။
ဝိညာဥ်သားရဲခြံမှ တပည့်များသည် နောင်သုံးလအတွင်း ပေါက်ဖွားလာမည့် ဝိညာဥ်ငှက်များ သို့မဟုတ် သားရဲများ၏ ကြီးထွားမှုနှုန်းကို အာမခံအဖြစ် ထားရှိကြသည်။
လက်နက်ခန်းမမှ အလုပ်သင်များသည် မိမိတို့ ထုလုပ်မည့် ဝိညာဥ်လက်နက်များနှင့် အလုပ်တာဝန်များမှ ရရှိမည့် အခကြေးငွေများကို စာချုပ်ထဲတွင် ထည့်သွင်းကြသည်။
ဝိညာဥ်ဆေးခန်းမ၊ ဝိညာဥ်စားဖိုဆောင် သို့မဟုတ် ဆေးခန်းမရှိ တပည့်များတွင်လည်း သက်ဆိုင်ရာ 'ပစ္စည်းခွဲဝေမှု့စာချုပ်' များ ရှိကြသည်။
ဤစနစ်တစ်ခုလုံးမှာ ရှုပ်ထွေးနေသကဲ့သို့ ရှိသော်လည်း အမှန်တကယ်မှာမူ ဟွမ်ရှန်းဂိုဏ်းက 'အတွင်းပိုင်း ယှဥ်ပြိုင်မှုများကြားတွင် ကိုယ့်ဘာသာ ထိန်းညှိနိုင်ရန်' ဖန်တီးထားခြင်း ဖြစ်သည်။
အောက်ခြေတပည့်များကို 'အနာဂတ် ပါရမီ' နှင့် 'လက်ရှိ အရင်းအမြစ်' ကို လဲလှယ်ခွင့်ပေးကာ ကိုယ့်ဘာသာ လောင်းကြေးထပ်စေပြီး အသက်ရှင်ရန် ရုန်းကန်စေခြင်းပင် ဖြစ်သည်။
သို့သော် ဤအရာအားလုံး၏ အခြေခံမှာ မင်းက စာချုပ်ပါ အချက်အလက်များကို အကောင်အထည် ဖော်နိုင်ရမည်။
"ကျင့်ကြံခြင်း လမ်းကြောင်းဆိုတာ ဘယ်တော့မှ ကြင်နာသနားမှုတွေနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး"
လုလီသည် သူ၏ ကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကိုင်ကာ စိတ်ထဲမှ တွက်ချက်နေသည်။
"အပြင်စည်းတပည့် တစ်ခုလုံးက ကြီးမားလှတဲ့ ဝိညာဥ်စာချုပ်စစ်တုရင်ခုံကြီး တစ်ခုလိုပဲ"
"လူတိုင်းက ကစားသမားတွေ ဖြစ်သလို၊ လောင်းကြေးတွေလည်း ဖြစ်နေကြတာပဲ"
ဂိုဏ်းတော်သည် ဤအရာကို မတားမြစ်သည့်အပြင် သွယ်ဝိုက်သောနည်းဖြင့် အားပေးနေသည်။ မင်း လောင်းရဲရင်၊ ပေါင်ရဲရင် အရင်းအမြစ်တွေကို ချေးလို့ရတယ်။ ဒါပေမဲ့ အဲ့ဒီအကြောင်းကြောင့်ပဲ ဝိညာဥ်စာချုပ်ခန်းမကို တိတ်တဆိတ် 'ဝိညာဥ်ကြွေးမြီ အကျဥ်းထောင်' လို့လည်း ခေါ်ကြသေးသည်။
ဒါက ကျင့်ကြံခြင်းလောကရဲ့ 'ဝိညာဥ်ကျောက်တုံး အပေါင်ဆိုင်' ပေါ့။
သူသည် ယင်း၏ ဆိုးကျိုးများကို မသိသည်မဟုတ်။
သို့သော် ရှေ့မှ တစ်ဧကခွဲရှိသော မြေရိုင်းကို ငုံ့ကြည့်ရင်း သူ နောက်တစ်ကြိမ် တွက်ချက်လိုက်သည်။
"ဝိညာဥ်ချီစုစည်းခြင်းအစီအရင်ကိုသာ ခင်းကျင်းနိုင်ရင် ထွက်နှုန်းက ပိဿာတစ်ထောင် သတ်မှတ်ချက်ကို ကျော်ဖြတ်နိုင်မှာပဲ"
"အကယ်၍ ပိဿာ ၁၂၀၀ အထိ ထွက်နိုင်မယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ဝေစုကို ဝိညာဥ်ကျောက်တုံးနဲ့ လဲရင် ၁၂၀၀ ရလိမ့်မယ်"
"နောင်မှာ ထွက်လာမယ့် ဝိညာဥ်ဆန် ပိဿာတစ်ရာကို ကြိုတင် ပေါင်နှံလိုက်ရင်တောင် ဝိညာဥ်ကျောက်တုံး တစ်ထောင်လောက် ရနိုင်တယ်၊ အဲ့ဒါဆိုရင် အစီအရင် ခင်းကျင်းဖို့နဲ့ အဆောင်ကျောက်စိမ်းပြားတွေ ဝယ်ဖို့အတွက် လုံလောက်ပြီ"
"ဒီတစ်ရာသီအတွင်းမှာ ငါသာ အောင်မြင်အောင် လောင်းနိုင်ရင် ငါ လုံးဝ ပြန်ပြီး ဦးမော့နိုင်ပြီ"
အကယ်၍ မလောင်းဘူးဆိုရင်တော့... သူ၏ မြေရိုင်းမှာ ပိဿာ ၈၀၀ တောင် ထွက်ဖို့ ခက်ခဲလိမ့်မည်။ ထိုအခါ ကိုယ်ပိုင်ဝေစု မရရုံတင်မက ထောက်ပံ့ကြေးပါ အဖြတ်ခံရမည်ဖြစ်ရာ ရေရှည်တွင် သူသည် တကယ့်ကို 'ဂိုဏ်း၏ အပယ်ခံ' ဖြစ်သွားပေလိမ့်မည်။
နောက်တစ်ဆင့်မှာ ဝိညာဥ်စာချုပ်ခန်းမသို့ သွား၍ နောင်သုံးလမှ ထွက်ရှိမည့် ဝိညာဥ်ဆန် ပိဿာတစ်ရာကို ပေါင်နှံကာ ဝိညာဥ်စာချုပ် ချုပ်ဆိုရန် ဖြစ်သည်။ ထိုမှသာ သူ၏ ပထမဆုံး 'အရင်းအနှီး ဝိညာဥ်ကျောက်တုံး' ကို ရရှိနိုင်မည် ဖြစ်သည်။
၎င်းသည် သူ ဂိုဏ်းတော်ထဲတွင် အသက်မွေးရန်အတွက် လုပ်ဆောင်မည့် ပထမဆုံးသော အရောင်းအဝယ် ဖြစ်လာပေတော့မည်။
📝အပိုင်း - ၂၆ ဝိညာဉ်ချီစုစည်းခြင်းအစီအရင်
ဘာသာပြန် - Na Gar🐉
မွန်းတည့်အချိန်၌ နေရှိန်က ပြင်းထန်နေသည်။
လုလီသည် မနားတမ်းဖြင့် ဟွမ်ရှန်းဂိုဏ်း၏ တောင်ပတ်လမ်းအတိုင်း တစ်ယောက်တည်း လျှောက်လှမ်းလာရာ သူ၏အဝတ်အစားများမှာ ချွေးများဖြင့် ရွဲရွဲစိုနေပြီဖြစ်သည်။ သူ၌ ကြိုးကြာငှက်ငှားရန် ဝိညာဉ်ကျောက်တုံးမရှိသလို၊ အတွင်းစည်းသို့လည်း မဝင်ရောက်ရသေးသဖြင့် ဓာပျံစီးနင်းနိုင်စွမ်းလည်း မရှိပေ။
ချီစုဆောင်းခြင်းအဆင့် (၁) ၏ အားနည်းလှသော ကျင့်ကြံမှုဖြင့် သူသည် နာရီဝက်နီးပါး အားတင်းလျှောက်လှမ်းပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်
စာချုပ်ခန်းမသို့ ရောက်ရှိလာခဲ့သည်။
၎င်းသည် ချောက်ကမ်းပါးထက်တွင် ဆောက်လုပ်ထားသော နက်မှောင်သည့် အဆောက်အဦးတစ်ခုဖြစ်ပြီး တောင်လေများ တဖြူးဖြူးတိုက်ခတ်နေသည်။ ရွှေရောင်စာလုံးများဖြင့် ရေးထွင်းထားသော ဆိုင်းဘုတ်တွင် ခန့်ညားထည်ဝါသော ရှေးဟောင်းစာလုံးသုံးလုံး ရှိနေသည်။
[ဝိညာဉ်စာချုပ်ခန်းမ]
ခန်းမအတွင်း၌ လူသူကင်းရှင်းသော်လည်း ဖိအားများဖြင့် ပြည့်နှက်နေသည်။
အသက် (၅၀) ခန့်ရှိပြီး ဆံပင်ဖြူကာ ဝတ်စုံဖြူဝတ်ထားသော တာဝန်ခံတစ်ဦးသည် စားပွဲနောက်တွင် ထိုင်ကာ စာရင်းဇယားများကို အေးအေးလူလူ ဖတ်ရှုနေသည်။ လုလီ ဝင်လာသည်ကို မြင်သော်လည်း ခေါင်းမော့မကြည့်ဘဲ လေသံအေးအေးဖြင့် ပြောလိုက်သည်။
"ဝါနတ်အရိုးလား ဝိညာဉ်ထုတ်ကုန်လာပေါင်နှံတာလား"
လုလီ ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ အမူအရာမှာ ကြောက်ရွံ့ခြင်းမရှိသလို မောက်မာခြင်းလည်း မရှိပေ။
"နောက်လာမယ့် ရာသီမှာ ကျွန်တော် ဝိညာဉ်ဆန် ပိဿာ(၁၀၀)ကို ပေါင်နှံပြီး အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနဲ့ လဲလှယ်ချင်ပါတယ်"
ထိုအခါမှ တာဝန်ခံက ခေါင်းမော့ကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ထိုအကြည့်သည် နေရာမှားရောက်နေသော သူတောင်းစားတစ်ဦးကို ကြည့်သည့်အလားပင်။
"ပိဿာ (၁၀၀) ဂိုဏ်းရဲ့ အနိမ့်ဆုံးထွက်နှုန်းက ဘယ်လောက်လဲဆိုတာ မင်းသိလား မင်းလို အသစ်ရောက်လာတဲ့ ဝါနတ်အရိုးတပည့်တစ်ယောက်ကဝိညာဉ်လယ်ကွင်းကနေ ပိဿာ (၈၀၀) ထွက်ဖို့တောင် မသေချာဘူး ပိဿာ ၁၀၀ ကို ပေါင်နှံရဲတယ်ပေါ့"
သူက နှာခေါင်းရှုံ့ကာ ကလောင်ကို ချလိုက်ပြီး "ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ဝါနတ်အရိုးဆိုတော့လည်း လောင်းကြေးထပ်ရင် ရှုံးတာကို လက်ခံနိုင်ရမှာပေါ့"
သူသည် ခရမ်းရောင်အဆင်ပါသော ဝိညာဉ်စာချုပ်တစ်ခုကို ထုတ်ယူကာ လက်ထဲမှ ဝိညာဉ်ကလောင်ဖြင့် စည်းကမ်းချက်အချို့ကို ရေးခြစ်ပြီး ကမ်းပေးလိုက်သည်။
"သေချာမှတ်ထား၊ မင်းလက်မှတ်ထိုးတာက 'ဝိညာဉ်ထုတ်ကုန်စာချုပ်' ပဲ။ အကယ်၍ မင်းရဲ့ နောက်ရာသီထွက်နှုန်းက တစ်ဧက ပိဿာ (၁၀၀၀)မပြည့်ရင်ဖြစ်ဖြစ်၊ ရိတ်သိမ်းမှုက ပိဿာ (၁၀၀)မပြည့်ရင်ဖြစ်ဖြစ် စာချုပ်က အလိုအလျောက် ပျက်ပြယ်မယ်။ အကြွေးကျန်ဝိညာဉ်
ကျောက်တုံးကို မင်းရဲ့ လစဉ်ထောက်ပံ့ကြေးထဲကနေ အရင်းရော အတိုးပါ သုံးဆပြန်နှုတ်မယ်"
"ထောက်ပံ့ကြေးနဲ့တောင် မလုံလောက်ရင်တော့ ဂိုဏ်းမှာ ကျင့်ကြံခွင့်
အားလုံးကို ရပ်ဆိုင်းမယ်၊ ဝိညာဉ်လယ်လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းပြီး အပြင်စည်းတပည့်စာရင်းကနေ ထုတ်ပယ်မယ်"
စကားဆုံးသော် သူ ခေတ္တရပ်ကာ အကြည့်များ ပိုမိုအေးစက်သွားသည်။
"ဝါနတ်အရိုးတပည့်တွေ ဝိညာဉ်စာချုပ်ချုပ်ရင် များသောအားဖြင့် အဆုံးသတ်က မလှကြဘူး"
"သေချာစဉ်းစားပါ မင်းရဲ့ ဒီအသက်မွေးဝမ်းကြောင်းလေးကိုပါ ပြောင်
သလင်းခါအောင် လောင်းကြေးမထပ်လိုက်နဲ့"
လုလီသည် ထိုစာချုပ်စာတမ်းကို ကြည့်လိုက်သည်။ ဝိညာဉ်အက္ခရာများ တုန်ခါနေပြီး ခရမ်းရောင်အလင်း ဖျတ်ခနဲလက်သွားကာ စာရွက်ပေါ်တွင် ဝိညာဉ်ချီများ စီးဆင်းနေသည်၊ ၎င်းသည် သူ၏ အဆင့်အတန်းပြ ကျောက်စိမ်းပြားနှင့် ချိတ်ဆက်သွားပြီဖြစ်သည်။
သူ ဘာမှထပ်မပြောဘဲ ကလောင်ကို ကိုင်ကာ တွေဝေခြင်းမရှိဘဲ မိမိအမည်ကို ရေးထိုးလိုက်သည်။
"လုလီ"
ဝိညာဉ်စာချုပ် အတည်ဖြစ်သွားပြီ။
"ကောင်းပြီ"
တာဝန်ခံက အေးစက်စွာ ရယ်မောရင်း လုံးဝန်းပြီး စိမ်းပြာရောင်အလင်းထွက်နေသော အလယ်အလတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို စားပွဲပေါ်သို့ တွန်းပေးလိုက်သည်၊
"အခု မင်း လောင်းကြေးထပ်လို့ ရပြီ"
ဝိညာဉ်စာချုပ်ခန်းမမှ ထွက်လာပြီးနောက် လုလီသည် ဝိညာဉ်ကျောက်တုံးကို ရင်ဘတ်ထဲတွင် ဝှက်ထားလိုက်ရာ လက်ဖျားများ ပူနွေးသွားသလို ခံစားရသည်။
၎င်းသည် သူ၏ဘဝတွင် ပထမဆုံးသော အစစ်အမှန် "အရင်းအနှီး" ပင် ဖြစ်သည်။
သူသည် အချိန်မဆွဲဘဲ ဂိုဏ်း၏ ပစ္စည်းလဲလှယ်ရာနေရာသို့ အမြန်သွားခဲ့သည်။
ထိုနေရာသည် တောင်ခါးပန်းတွင် တည်ရှိပြီး လူအမြဲစည်ကားနေကာ အပြင်စည်းတပည့်များသည် ဂိုဏ်းအကျိုးပြုမှတ် သို့မဟုတ် ဝိညာဉ်
ကျောက်တုံးများဖြင့် လိုအပ်သော လက်နက်များ၊ အဆောင်ကျောက်စိမ်းပြားများ၊ မျိုးစေ့များနှင့် ဆေးဖက်ဝင်အပင်များကို လဲလှယ်ကြသည်။
သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံး အကန့်အသတ်ရှိသဖြင့် အလဟဿမဖြစ်စေရန် သေချာစေရပေမည်။ ထို့ကြောင့် ချိုးယွဲ့သင်ပေးထားသော အစီအရင်ကို အကြိမ်ကြိမ် ပြန်တွက်ချက်လိုက်သည်။
သူ လိုအပ်သည်များကို စာရင်းပြုစုလိုက်ရာ...
အခြေခံ အစီအရင်အင်းပြား တစ်ခု...
အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး အခု (၁၀၀)...
ဝိညာဥ်အစီအရင်မှို(၈)ခု နှင့် ဝိညာဥ်ချီတည်ငြိမ်စေသော အစီအရင်(၁)ခု၊
ကလောင်၊ စွမ်းအင်သဲ၊ စိမ်းပြာရောင် မြေစေး...
လဲလှယ်ပြီးနောက် ကျန်ရှိသော ဝိညာဉ်ကျောက်တုံးမှာ (၂၀၀)ပင်မပြည့်တော့ပေ။
သူက ပစ္စည်းများကို တစ်ခုချင်း သိမ်းဆည်းကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
ထို့နောက် သူသည် ကွေ့ယွမ်နန်းဆောင် သို့ တစ်ပတ်ပတ်ကာ သွားခဲ့သည်။
ကွေ့ယွမ်နန်းဆောင်သည် ကွေ့ယွမ်တောင်ထွတ် တပည့်များ အခြေခံကျင့်စဉ်နှင့် သိုင်းပညာများကို ရှာဖွေဖတ်ရှုရာနေရာဖြစ်သည်။ အပြင်စည်းတပည့်များသည် တစ်နေ့လျှင် နှစ်နာရီ အခမဲ့ဖတ်ရှုခွင့်ရှိသော်လည်း အမှန်တကယ် နက်နက်နဲနဲ လေ့လာသူ ရှားပါးလှသည်။
လုလီသည် အပြင်စည်းကျင့်ကြံသူများ အသုံးပြုနိုင်သော မန္တန်ပညာနှစ်ခုကို ရှာတွေ့ခဲ့သည်။
မိုးတိမ်ငယ်မန္တန် နှင့် မြေနဂါးသွေးကြောမန္တန်။
ဤနှစ်ခုလုံးသည် တိုက်ခိုက်ရေးပညာများ မဟုတ်ဘဲ တပည့်အများစု၏ "လယ်စိုက်သည့်ပညာ" ဟု လှောင်ပြောင်ခြင်းကို ခံရသည်။ သို့သော် လုလီ ခေတ္တဖတ်ရှုပြီးနောက် ၎င်းတို့၏ တန်ဖိုးကို နားလည်သွားသည်။
"မိုးတိမ်ငယ်မန္တန်က လယ်ကွင်းထဲကို ရေငွေ့အနည်းငယ် ဆွဲဆောင်နိုင်ပြီး ပျိုးပင်တွေကို ကြီးထွားစေတယ်"
"မြေနဂါးသွေးကြောမန္တန်ကတော့ လယ်ကွင်းအောက်က မြေကြောစီးဆင်းမှု့ကို သိရှိနိုင်ပြီး မြေဆီလွှာရဲ့ ဝိညာဉ်ဓာတ် စီးဆင်းမှုကို ညှိနှိုင်းပေးနိုင်တယ်"
ဤမန္တန်နှစ်ခုသည် ရိုးရှင်းပြီး အခြေခံကျသော်လည်း ဝိညာဉ်ချီစုစည်းခြင်းအစီအရင် နှင့် အလွန်လိုက်ဖက်သည်။ တစ်ခုက မြေပေါ်ရှိ ရေကြောကို ထိန်းချုပ်ပြီး နောက်တစ်ခုက မြေအောက်ဝိညာဉ်ချီကို ထိန်းချုပ်သည်။ ၎င်းသည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် ဝိညာဉ်လယ်မြေကို ပြုစုပျိုးထောင်ရာတွင် အကောင်းဆုံး အတွဲအစပ်ပင်။
ထူးခြားသည်မှာ ဤမန္တန်နှစ်ခုက အခမဲ့ ဖြစ်နေခြင်းပင်။
"ဘယ်လောက်ပဲ အဆင့်နိမ့်တဲ့ ပညာရပ်ဖြစ်ပါစေ၊ ထိရောက်မှုရှိရင် သင်ယူဖို့ တန်ဖိုးရှိပါတယ်"
လုလီသည် ထိုနည်းလမ်းများကို စိတ်ထဲတွင် မှတ်သားထားပြီး ကျောက်စိမ်းပြားပေါ်တွင် မိတ္တူကူးကာ သေသေချာချာ သိမ်းဆည်းလိုက်သည်။ ထို့နောက် တောင်ပေါ်မှဆင်းကာ ဝိညာဉ်လယ်မြေရှိရာလမ်းသို့ ပြန်လာခဲ့သည်။
ဝိညာဉ်လယ်မြေ၏ မြောက်ဘက်အစွန်းဆုံးရှိ မြေရိုင်းသို့ ပြန်ရောက်သောအခါ မိုးချုပ်နေပြီဖြစ်သည်။
ရန်ယွီ မရှိတော့ဘဲ လယ်ကွက်မှာ တိတ်ဆိတ်နေသည်။ လေတိုက်သဖြင့် စပါးပင်များ ယိမ်းထိုးနေပြီး နေဝင်ဖျိုးဖျအလင်းအောက်တွင် ရွှေရောင်အစက်အပြောက်များ မြင်နေရသော်လည်း အထွက်နှုန်းကောင်းမည့် အရိပ်အယောင် လုံးဝမရှိပေ။
လုလီသည် အစီအရင်အတွက် လိုအပ်သော ပစ္စည်းများကို ဖြည်းဖြည်းချင်း ချလိုက်ပြီး မြေပေါ်ရှိ အက်ကြောင်းများကို ပွတ်သပ်ဖိညှိလိုက်သည်။
သူ အသက်ပြင်းပြင်းတစ်ချက်ရှူကာ အစီအရင် စတင်တည်ဆောက်လိုက်သည်။
ချိုးယွဲ့က သူ၏ အသိစိတ်ပင်လယ်ထဲမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး ဘာမှဝင်မပြောဘဲ လုလီအစီအရင်ခင်းကျင်းမှု့များကို တစ်ကြောင်းချင်း ရေးဆွဲစေသည်။
ဆရာသမား၏ အကူအညီမပါဘဲ၊ ဝိညာဉ်စာချုပ်တစ်ခုနှင့် ကျောက်စိမ်းပြားတစ်ခုကို အားကိုးကာ ဝါနတ်အရိုး လူငယ်လေးတစ်ဦးက သုညမှစ၍ ပြီးပြည့်စုံသော ဝိညာဉ်ချီစုစည်းခြင်းအစီအရင်ကို တည်ဆောက်သည်ကို သူမ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
အစီအရင် စတင်ခြင်း၊ ဗဟိုကို သတ်မှတ်ခြင်း၊ ဝိညာဉ်ချီ ဆွဲဆောင်ခြင်း၊ ဝိညာဉ်ချီ ထည့်သွင်းခြင်း။
နက်မှောင်သော မှင်များက လိုင်းများဖြစ်သွားကာ၊ ဝိညာဉ်သံမှိုများ မြေကြီးထဲ ဝင်သွားသည်၊ စိမ်းပြာရောင် ရွှံ့စေးများဖြင့် အပေါက်များကို ပိတ်လိုက်သည်။ အစီအရင် ပိတ်သွားသည့် ခဏ၌ မြေကြီးမှာ မသိမသာ တုန်ခါသွားပြီးနောက် ပြန်လည်တိတ်ဆိတ်သွားသည်။
ဤအစီအရင်သည် အလွန်ဆန်းကြယ်လှရာ အစီအရင်ပညာကို ကျွမ်းကျင်သော ကျင့်ကြံသူမဟုတ်ပါက မရိပ်မိနိုင်ပေ။ တည်ဆောက်ပြီးနောက် ၎င်းသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို မသိမသာ စုပ်ယူပြီး အစီအရင်အတွင်းပိုင်းကို အာဟာရဖြည့်ပေးလိမ့်မည်ဖြစ်သည်။
"ဒီဝိညာဉ်ချီစုစည်းခြင်းအစီအရင်က တကယ်ပဲ အောင်မြင်သွားတာပဲ"
လုလီသည် အကြာကြီး ငြိမ်သက်စွာ ရပ်နေခဲ့သည်။
မျက်စိရှေ့ရှိ လယ်ကွင်းမှာ အဝါရောင်သန်းနေဆဲဖြစ်သော်လည်း သူ၏ အသိစိတ်ပင်လယ်ထဲတွင်မူ ဝိညာဉ်ချီအေးအေးလေးတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားမှ အစီအရင်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်လာသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။
၎င်းသည် အလွန်သိမ်မွေ့ပြီး လျှို့ဝှက်လွန်းရာ သာမန်တပည့်များ မသိနိုင်သော်လည်း လုလီအတွက်မူ ခြောက်သွေ့သော လယ်ကွင်းထဲသို့ နွေဦးရောက်လာသကဲ့သို့ နွေးထွေးမှုတစ်ခုက အရာအားလုံးကို နိုးထစေသည်။
ဒါဟာ သူ အရာအားလုံးကို လောင်းကြေးထပ်ရဲတဲ့ ယုံကြည်ချက်ရဲ့ အရင်းအမြစ်ပဲ ဖြစ်သည်။
အစီအရင်ကို တည်ဆောက်ပြီးနောက် လုလီသည် လယ်ကွင်း၏ ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ထိုင်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ သိမ်မွေ့သော ဝိညာဉ်ချီများက အစီအရင်၏ လမ်းကြောင်းအတိုင်း ခြေဖဝါးအောက်ရှိ မြေဆီလွှာထဲသို့ စိမ့်ဝင်နေသည်ကို မျက်စိမှိတ် ခံစားနေလိုက်သည်။
သူကိုယ်တိုင်လည်း အစီအရင်၏ ဗဟိုတွင် ထိုင်နေသဖြင့် ဝိညာဉ်ချီများသည် သူ၏ ကိုယ်ခန္ဓာကို လှည့်ပတ်စီးဆင်းနေပြီး အရိုးအကြောများနှင့် သွေးကြောများကို ပြုစုပျိုးထောင်ပေးနေသည်။ သူသည် ကျင့်စဉ်ကို ရည်ရွယ်ချက်ရှိရှိ မလေ့ကျင့်ရသေးသော်လည်း ဝိညာဉ်ချီစီးဆင်းမှုမှာ ပုံမှန်ထက် (၃၀) ရာခိုင်နှုန်း ပိုမြန်နေပြီဖြစ်သည်။
ဒါက အလွန်ရှားပါးတဲ့ ကိစ္စပဲ။
သာမန် ချီစုဆောင်းခြင်းအဆင့် (၁) တပည့်များအတွက် ဝိညာဉ်ချီစုပ်ယူမှုနှုန်းမှာ ရေစက်ကျသကဲ့သို့ နှေးကွေးလှသည်။ သို့သော် ယခုအခါ လုလီသည် "ဝိညာဉ်ချီစုစည်းခြင်းအစီအရင်" တစ်ခုတည်းဖြင့် သူ၏ ကျင့်ကြံမှု ထိရောက်မှုကို (၃၀) ရာခိုင်နှုန်း ပိုမြန်စေခဲ့ပြီ။
သူသည် မျက်လုံးကို ဖွင့်ကာ ကြယ်ရောင်စုံသော ကောင်းကင်ကို ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် တောက်ပသောအလင်းတစ်ခု လက်သွားသည်။
"ဒီနေရာက မြက်တဲထက် အများကြီး ပိုကောင်းတာပဲ"
သူ ဖြည်းဖြည်းချင်း ထရပ်ကာ လယ်မြေအဆုံးရှိ တဲအသစ် ဆောက်မည့်နေရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် ရန်ယွီက သူ့အတွက် ယာယီတဲတစ်လုံး ဆောက်ပေးရန် လူငှားပေးမည်ဟု ပြောထားသည်။
သို့သော် ယခုမူ သူ ထိုတဲကို မလိုအပ်တော့ဟု ထင်ရသည်။
"ဝိညာဉ်ချီတွေ ကိုယ်ထဲဝင်လာတဲ့အချိန်မှာ အစီအရင်ဗဟိုမှာသာ အမြဲရှိနေမယ်ဆိုရင် သိပ်မကြာခင်မှာ ချီစုဆောင်းခြင်းအဆင့် (၂) ကို မျှော်လင့်နိုင်မယ်၊ အဆင့် (၃) ကလည်း လက်တစ်ကမ်းမှာပဲ"
"ငါက ဝါနတ်အရိုးဆိုတော့ ကျင့်ကြံရတာ ခက်ခဲတယ် ဝိညာဉ်ချီ တစ်စက်လေးတောင် အလဟဿ အဖြစ်မခံနိုင်ဘူး"
"အိပ်ရင်တောင် ဒီလယ်ကွက်ပေါ်မှာပဲ အိပ်ရမယ်"
သူသည် လယ်ကွက်အလယ်သို့ လျှောက်သွားကာ ခြေရင်းရှိ မြက်ခြောက်များနှင့် ကျောက်တုံးများကို အသုံးပြု၍ လေကာရုံ အမိုးအကာလေးတစ်ခုကို ရိုးရှင်းစွာ တည်ဆောက်လိုက်သည်။ ထို့နောက် မိုးကာစလေးတစ်ခု ထပ်အုပ်ကာ ထိုနေရာတွင်ပင် ထိုင်လိုက်သည်။
အိပ်ရာမရှိ၊ မီးဖိုမရှိ၊ ဆီမီးမရှိ။
ရှိတာကတော့ ကြယ်ရောင်၊ ပိုးကောင်ငယ်လေးများ၏ အော်သံနှင့် ဝိညာဉ်ချီများ လှည့်ပတ်နေသည့် အသံသာ ဖြစ်သည်။
သို့သော် ဤနေရာသည် ကွေ့ယွမ်တောင်ထွတ်ရှိ မြက်တဲပေါင်း ထောင်သောင်းမကထက် သူ့အတွက် ပို၍ သင့်တော်ပေသည်။
နောက်တစ်နေ့ နေထွက်ချိန်တွင်...
အဝေးမှ ဖြတ်သွားသော အပြင်စည်းတပည့် အချို့က ထူးဆန်းစွာ တွေ့ရှိသွားကြသည်။ ထိုအစွန်အဖျားဆုံး မြောက်ဘက်လယ်မြေ၏ ထောင့်တွင် တစ်စုံတစ်ယောက်သည် ပြန်မလာဘဲ လယ်ဘေးတွင် အိပ်ပျော်နေသည်ကို ဖြစ်သည်။
သူတို့က လက်ညှိုးထိုးကာ ရယ်မောကြပြီး ဘယ်ကအပြင်စည်းတပည့်က လယ်စောင့်ရင်း အိပ်ပျော်သွားတာလဲဟု ထင်ကာ ဂရုမစိုက်ဘဲ ထွက်သွားကြသည်။
သို့သော် လယ်ထဲရှိ ထိုလူငယ်လေးသည် အသိစိတ်ပင်လယ်ထဲသို့ နှစ်မြှုပ်ကာ နေ့ညမပြတ် ဝိညာဉ်ချီဖြင့် ကိုယ်ခန္ဓာကို ဆေးကြောနေပြီး၊ ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဉ် ဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်နေကာ အလင်းတန်းလေးတစ်ခုကို အားကိုး၍ အနာဂတ် နတ်ဘုရားလမ်းစဉ်အတွက် တိုက်ပွဲဝင်နေသည်ကိုမူ မည်သူမျှ မသိကြပေ။
📝အပိုင်း - ၂၇ လယ်စိုက်ပျိုးသည့်နေ့ရက်များ
ဘာသာပြန် - Na Gar🐉
လယ်ကွက်ထဲတွင် နေထိုင်သည့် ဒုတိယမြောက်နေ့၌ လုလီသည် ရန်ယွီထံ သွားရောက်ခဲ့သည်။
"စီနီယာအစ်မ၊ ကျွန်တော် အစ်မဘက်က မြက်တဲမှာ မနေတော့ဖို့ ဆုံးဖြတ်လိုက်ပြီ၊ လယ်ထဲမှာပဲ နေတော့မယ်။ ဒါကြောင့် ကျွန်တော့်အတွက် မြက်တဲဆောက်ပေးဖို့ တခြားစီနီယာတွေကို ဝိညာဉ်ဆန်ပေးပြီး ငှားစရာမလိုတော့ပါဘူး"
ရန်ယွီမှာ ကြောင်တောင်တောင်ဖြစ်သွားသည် "ဟင် ဘာလို့လဲနင့်ရဲ့လယ်ကွက်မှာ မိုးခိုစရာတောင်မရှိဘူး၊ ညဘက်ဆို နှင်းတွေကလည်း တအားကျတယ်၊ မိုးရွာလေတိုက်ရင် နင်ဘယ်လိုနေမလဲ"
လုလီက တည်ငြိမ်သောလေသံဖြင့် "နေလို့ရပါတယ်။ အိမ်က အရမ်းဝေးတယ်၊ ဝိညာဉ်ချီကလည်း နည်းတယ် ကျင့်ကြံဖို့အတွက် မကောင်းဘူး။ ကျွန်တော် လယ်ကိုပဲ အမြဲစောင့်ကြည့်ချင်တယ်"
"နင် ရူးသွားပြီလား" ရန်ယွီ မျက်မှောင်ကြုတ်လိုက်သည်။
"နင်က အသက်ငယ်သေးတာ၊ အအေးမိမှာ မကြောက်ဘူးလားဒါက ရက်ပိုင်းတင်မဟုတ်ဘူး၊ တစ်ရာသီလုံးနော်"
"ရပါတယ်" လုလီက ခေါင်းခါပြလိုက်သည်။
"ကျွန်တော် ခံနိုင်ရည်ရှိပါတယ်"
ရန်ယွီက သူ့ကို အကြာကြီး စိုက်ကြည့်နေပြီး တစ်ခုခုပြောရန် ပြင်
သော်လည်း ပြန်မျိုချလိုက်သည်။
နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး "အင်းလေ... နင်က ငါခေါ်လာတဲ့ ပထမဆုံးတပည့်ပဲ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုတော့ ငါမတားတော့ပါဘူး။ ဒါပေမဲ့ တကယ်မခံနိုင်တော့ရင် ပြန်လာခဲ့ဖို့ မမေ့နဲ့"
"ဟုတ်ကဲ့" လုလီ ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။
ပါးလွှာသော မြူခိုးများကြားတွင် ဝေးကွာသွားသော ထိုပိန်ပိန်ပါးပါး ကျောပြင်လေးကို ကြည့်ရင်း သူမ ခေတ္တမျှ ငိုင်သွားမိသည်။
"တကယ်ကို ဇွဲကြီးတဲ့ကောင်လေးပဲ..."
သို့သော် မကြာမီမှာပင် သူမကိုယ်တိုင်လည်း လုလီ၏ကိစ္စကို စိတ်ပူနေရန် အချိန်မရှိတော့ပေ။ အကြောင်းမှာ ဝိညာဉ်လယ်မြေ၏ 'စည်းကမ်း' အရသူမကဤရာသီကို လျိုတာ့ပါး အတွက် လယ်စိုက်ပေးရမည့် အလှည့်ဖြစ်နေသောကြောင့်ဖြစ်သည်။
ထိုလယ်ကွက်မှာ မသေးပေ၊ လျိုတာ့ပါးကိုယ်တိုင်က လက်ဖျားနှင့်ပင် မထိဘဲ အလှည့်ကျသူကိုသာ အကုန်လုပ်ခိုင်းသည်။ သူမကိုယ်ပိုင်လယ်ကိုလည်း ပြုစုရသဖြင့် တစ်နေ့လျှင် လယ်နှစ်ကွက်ကြား ပြေးလွှားနေရကာ အိမ်ပြန်နားချိန်မှာ အမွှေးတိုင်တစ်တိုင်စာပင် မကျန်တော့ပေ။
လုလီဘက်တွင်မူ ဝိညာဉ်စပါးမျိုးစေ့များ ရရှိပြီးနောက် အရာအားလုံးသည် လမ်းမှန်ပေါ်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
သူသည် လယ်ကွက်နှင့် မခွာပေ။
နေ့ဘက်တွင် မြေပြုပြင်ခြင်း၊ ပေါင်းနှုတ်ခြင်း၊ ပိုးသတ်ခြင်းနှင့် မြေဆွခြင်းများကို လုပ်ဆောင်ပြီး ညဘက်တွင်မူ တရားထိုင်ကျင့်ကြံကာ တစ်စက္ကန့်မျှပင် ပေါ့ဆခြင်းမရှိပေ။
နေ့စဉ်အလုပ်များအပြင် သူသည် မန္တန်နှစ်ခုဖြစ်သော မိုးတိမ်ငယ်မန္တန်နှင့် မြေနဂါးသွေးကြောမန္တန်တို့ကို နားလည်သဘောပေါက်ရန် အချိန်အမြောက်အမြား ပေးခဲ့သည်။
ပထမဆုံးနေ့တွင် သူသည် လယ်ထိပ်ရှိ ကျောက်တုံးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ စာအုပ်ကို တစ်ဖက်ကဖတ်၊ မြေကြီးပေါ်တွင် ဝိညာဉ်အစီအရင်များကို တစ်ဖက်က ရေးဆွဲနေခဲ့သည်။
တစ်ခါက ရန်ယွီ ဖြတ်သွားရင်း သူတစ်ယောက်တည်း နေပူထဲတွင် ချွေးဒီးဒီးကျကာ မြေပေါ်၌ ပုံဆွဲနေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်၍ မေးသည်။
"နင် ဘာလုပ်နေတာလဲ"
လုလီ ထရပ်ပြီး ချွေးသုတ်ကာ အကျဉ်းချုံးပြောလိုက်သည် "မိုးတိမ်ငယ်
မန္တန်ကို လေ့လာနေတာပါ"
"နင်က မိုးတိမ်ငယ်မန္တန်ကို သင်ချင်တာလား"
ရန်ယွီက သူ့ကိုကြည့်ကာ "ငါတောင် အခုထိ မတတ်သေးဘူး။ စိတ်ပန်းလူပန်းဖြစ်သွားမှာ မကြောက်ဘူးလား"
လုလီက ပြန်မပြောဘဲ မြေပေါ်တွင် ဆက်လက် ရေးဆွဲနေသည်။ တခြားသူများ မယုံကြည်ခြင်းမှာ သဘာဝကျသည်ဟု သူ နားလည်ထားသည်။
ဤသို့ဖြင့် နှစ်လကျော် ကြာသွားခဲ့သည်။
သူက မိုးတိမ်ငယ်မန္တန် ကို နားလည်ရန် ရက်ပေါင်း (၂၀)ကျော် အချိန်ယူခဲ့ရသည်။ အသုံးပြုသည့်အခါ ဝိညာဉ်ချီ မလုံလောက်သေးသော်လည်း လယ်ကွင်းကို ရေစိုစွတ်စေရန် မိုးရွာသွန်းပေးနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
မြေနဂါးသွေးကြောမန္တန်မှာမူ အနည်းငယ်နှေးကွေးပြီး တစ်လနီးပါး အချိန်ယူခဲ့ရသော်လည်း အခြေခံအဆင့်ကို ကျွမ်းကျင်သွားကာ မြေအောက်ချီစီးဆင်းမှုကို အာရုံခံနိုင်ပြီး မြေအနေအထားကို အနည်းငယ် ညှိယူနိုင်လာသည်။
တတ်မြောက်သွားပြီးနောက် သူသည် ရန်ယွီ၏ လယ်ကွက်ထဲတွင် တိတ်တဆိတ် နှစ်ကြိမ်သွားရောက် စမ်းသပ်ပေးခဲ့သည်
မန္တန်ကို အသုံးပြုသည့်နေ့တွင် ရန်ယွီက မယုံကြည်နိုင်သောမျက်နှာဖြင့် "နင်တကယ် တတ်သွားတာလား" ဟု မေးသည်။
လုလီက ခေါင်းညိတ်ပြပြီး "ရလဒ်ကိုပဲ ကြည့်လိုက်ပါ"
ရလဒ်ကို ထိုညမှာပင် သူမ မြင်တွေ့ခဲ့ရသည်။
သူမ၏ ဝိညာဉ်လယ်ကွက်မှာ ယခင်က အမြဲတမ်း သတ်မှတ်ချက်ပြည့်မီရုံသာ ရှိသော်လည်း ယခုအခါ မြေအနေအထားမှာ ပြုပြင်ပြီးဖြစ်ကာ ရေငွေ့များလည်း ပြည့်စုံနေသဖြင့် စပါးပင်များမှာ အလွန်လျှင်မြန်စွာ ကြီးထွားလာသည်။
"နင်တကယ် တတ်သွားတာပဲ" သူမ လယ်ပျိုးပင်များကို အကြာကြီး ငိုင်
ကြည့်နေပြီးမှ သတိပြန်ဝင်လာသည်။
"နင့်ရဲ့ ဒီနားလည်နိုင်စွမ်းက အတုကြီးလား"
လုလီက အပြုံးနုနုလေးသာ ပြန်ပေးလိုက်သည်။
"တကယ်ကို နောက်နေတာမဟုတ်ဘူး"
သူမက ရယ်မောရင်း "နင်ကတော့လေ... နောက်ဆိုရင် ငါ့လယ်ကိုလည်း ခဏခဏ လာကြည့်ပေးဖို့ မမေ့နဲ့ဦး"
"ရပါတယ်"
လုလီက ပြတ်ပြတ်သားသားပင် "တစ်လတစ်ကြိမ်ပေါ့။ အရင်က စောင့်ရှောက်ပေးခဲ့တာအတွက် ကျေးဇူးဆပ်တာလို့ မှတ်လိုက်ပါ"
သို့သော် လုလီသည် စကားပြောရလွယ်ကူသူ တစ်ယောက်တော့ မဟုတ်ပေ။
ရန်ယွီက သူ့ကို လမ်းပြပေးခဲ့သော ကျေးဇူးရှိသဖြင့် ချွင်းချက်ထားနိုင်သော်လည်း တခြားသူများအတွက်မူ မရပေ။
သူ မန္တန်တတ်မြောက်သွားသည့်သတင်း ပြန့်နှံ့သွားသည်နှင့်အမျှ ဝိညာဉ်
လယ်မြေမှ လူများစွာ ရောက်ရှိလာကြသည်။
"ဂျူနီယာလု ငါ့လယ်ကို မိုးလေးတစ်ခါလောက် ရွာပေးပါလား နည်းနည်း ခြောက်နေလို့"
"ဂျူနီယာလု မင်းရဲ့ မြေနဂါးသွေးကြောမန္တန်ကို ခဏလောက် ငှားသုံးပါရစေ ငါ့ဘက်က မြေကြောက သေနေသလိုပဲ"
လုလီက မည်သူ့ကိုမျှ ငြင်းပယ်ခြင်းမရှိသော်လည်း အခကြေးငွေကို တိတိကျကျ သတ်မှတ်ထားသည်။
"မန္တန်တစ်မျိုးကို ဝိညာဉ်ကျောက်တုံး(၁၀၀)အရင်ပေးမှ လုပ်ပေးမယ်"
"ဘာ ဒီလောက်တောင် ဈေးကြီးတာလား"
"မငှားချင်လည်း ရပါတယ်"
သူ့လေသံက အမြဲတမ်း တည်ငြိမ်နေပြီး ဘယ်တော့မှ ရှင်းပြခြင်း သို့မဟုတ် ဈေးလျော့ခြင်း မပြုလုပ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ တခြားသူများလည်း စည်းကမ်းကို နားလည်သွားကြသည်။ ဤလူငယ်လေးသည် ငယ်ရွယ်သော်လည်း အပေးအယူ အလွန်တင်းကြပ်သူဖြစ်သည်။
သို့သော် သူ၏ မန္တန်ပညာထိရောက်မှုကတော့ အစစ်အမှန်ပင်။
တပည့်အများစုမှာ သူ့ကို တစ်ကြိမ်ငှားပြီးနောက် ဒုတိယအကြိမ် ထပ်မံလာရောက်ကြသည်။ ဝိညာဉ်ဆန် အထွက်နှုန်းတိုးမည်ဆိုလျှင် ထိုဝိညာဉ်
ကျောက်တုံးအနည်းငယ်ကို မည်သူမျှ နှမြောမနေကြပေ။
ဤသို့ဖြင့် နှစ်လကျော် ကုန်ဆုံးသွားခဲ့သည်။ ဝိညာဉ်စပါး မရိတ်သိမ်းရသေးသော်လည်း မန္တန်ပညာအသုံးပြုခဖြင့် လုလီသည် ဝိညာဉ်စာချုပ်ခန်းမတွင် ပေါင်နှံထားသည့် ဝိညာဉ်ကျောက်တုံး(၁၀၀၀) ကို တိတ်တဆိတ် ပြန်လည်ရရှိပြီး ဖြစ်သည်။
အချို့က သူ့ကို လူမှုရေးမသိဘဲ ဝိညာဉ်ကျောက်တုံးကိုသာ သိသည့် နှလုံးသားမရှိသော ကောင်လေးဟု ကွယ်ရာတွင် ပြောဆိုကြသည်။
သို့သော် လူအများစု ပြောနေကြသည်မှာမူ...
"ဝါနတ်အရိုးလည်း လူရာဝင်နိုင်သားပဲ၊ ဒီလုလီက မရိုးရှင်းဘူး" ဟူ၍ ဖြစ်သည်။
ညဘက်တွင် သူသည် လယ်ဘေး၌ပင် ဆက်လက်အိပ်စက်သည်။
အမိုးအကာက ရိုးရှင်းလှပြီး မြေကြီးမှာ စိုစွတ်ကာ ပိုးကောင်သံများ ဆူညံနေသည်။ သို့သော် လုလီက တစ်ခါမျှပင် မငြည်းတွားခဲ့ပေ။
လယ်အောက်ရှိ ဝိညာဉ်ချီစုစည်းခြင်းအစီအရင်က နေ့စဉ် ကောင်းကင်နှင့်မြေကြီးမှ ဝိညာဉ်ချီများကို စုပ်ယူကာ ကျင့်ကြံမှုကို အထောက်အကူပြုနေပြီး၊ ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဉ် ကလည်း ကိုယ်တွင်းရှိ ဝိညာဉ်
ချီများကို တည်ငြိမ်စေပြီး အဆင့်မှာ တိတ်တဆိတ် မြင့်တက်နေသည်ကို သူကိုယ်တိုင်သာ သိသည်။
ဤပင်ပန်းဆင်းရဲလှသော နေ့ရက်များသည် အမှန်စင်စစ် မည်သူ့ထက်မဆို ပို၍ ခိုင်မာအားကောင်းနေသည်။
လယ်စိုက်သည့်နေ့ရက်များ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်။
ဂိုဏ်းသို့ ရောက်ရှိလာသည်မှာ မျက်တောင်တစ်ခတ်အတွင်း သုံးလရှိပြီဖြစ်သည်။ သူ၏ ကျင့်ကြံမှုမှာလည်း ဤပုံမှန်စနစ်အတွင်း၌ တည်ငြိမ်စွာ တိုးတက်လာပြီး လွန်ခဲ့သော သုံးရက်ကပင် ချီစုဆောင်းခြင်းအဆင့် (၂) သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
ဒါက ဝါနတ်အရိုးတစ်ယောက်အတွက် အလွန်ရှားပါးသော အရှိန်အဟုန်ပင်။
မိမိလယ်ကွက်မှ ဝိညာဉ်စပါးပင်များမှာ တစ်ပင်ထက်တစ်ပင် ပို၍ သန်မာလာသည်ကို ကြည့်ရင်း၊ စိမ်းလဲ့တောက်ပနေသော အရွက်ကြောများ ယှက်နွယ်နေကာ နေရောင်အောက်တွင် ဝိညာဉ်အလင်းများ စီးဆင်းနေသည့် ပင်လယ်ပြင်ကြီးအလား ဖြစ်နေသည်။
လုလီသည် လယ်ကွက်ဘေးတွင် ရပ်ကြည့်ရင်း သူ၏ရင်ထဲ၌ ကြာမြင့်စွာ ဝေးကွာနေသော ကျေနပ်မှုကို ခံစားလိုက်ရသည်။
သူက ထိုင်ချလိုက်ပြီး အနှံထွက်ခါနီး ဝိညာဉ်စပါးပင်တစ်ပင်ကို စမ်းသပ်ကြည့်ကာ ပင်စည်ကို လက်ချောင်းဖြင့် အသာအယာ ဖိကြည့်လိုက်သည်။
"ပင်စည်က သန်မာတယ်၊ ဝိညာဉ်ချီကလည်း ပြည့်ဝတယ်... အခန့်မသင့်တာမျိုး မရှိရင် ပိဿာ (၁၁၀၀)အထက် ထွက်နိုင်မယ် ထင်တယ်"
သူ၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ဟွမ်ရှန်းဂိုဏ်း၏ အပြင်စည်းတပည့်များထဲတွင် အထွက်နှုန်း ၁၁၀၀ ကျော် ရရှိသူမှာ အလွန်ရှားပါးလှသည်။ အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် သူ၏ ရိက္ခာဝေစု (၁၀)ရာခိုင်နှုန်းကို ထိန်းသိမ်းနိုင်ရုံသာမက အပိုဆုလာဘ်များကိုပါ ရရှိနိုင်ပေသည်။
လုလီအတွက်မူ ဤအရာသည် ကြွားဝါရန် အရင်းအနှီးမဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မည့် အစပြုခြင်းပင်။ သို့သော် ဤနေ့ရက်များအတွင်း ချိုးယွဲ့၏ အသံမှာ ပိုမို၍ စိပ်လာခဲ့သည်။
"လုလီ"
"တစ်ယောက်လောက် သတ်လိုက်ပါ၊ တစ်ယောက်ပဲ သတ်ရင် ရပြီ"
"ဒီသုံးလအတွင်းမှာ ဝိညာဉ်ချီစုစည်းခြင်းအစီအရင်ကနေ ဝိညာဉ်ချီ ဘယ်လောက်စုပ်ယူထားလဲ နင်သိလားအကယ်၍ အရိုးတစ်ခုကို ဝါးမြိုပြီး အရှိန်မလျှော့ချနိုင်ရင် နင့်ရဲ့ ခန္ဓာကိုယ်က မကြာခင် ပေါက်ကွဲသွားလိမ့်မယ်"
"နင်ဒီလို နေ့တိုင်း လယ်စိုက်နေတာက ဘာထူးမှာလဲ နင်ကဂိုဏ်းကို ရောက်လာတာ ပေါင်းနှုတ်ဖို့လား"
လုလီသည် လယ်ဘေးတွင် ထိုင်ရင်း မြက်ပင်တစ်ပင်ကို နှုတ်ကာ အားဖြင့် ညှစ်လိုက်ရာ မြက်ရည်များ ထွက်လာပြီး လက်ဖျားတွင် စွန်းထင်သွားသည်။
"လယ်စိုက်တာက သတ်ဖြတ်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်" သူ တိုးတိုးလေး ပြောလိုက်သည်။
ချိုးယွဲ့က အေးစက်စွာ လှောင်ရယ်လိုက်ပြီး "နင်က ငါ့ကို အရူးလုပ်ချင်တာလား နင်တကယ်ပဲ လယ်စိုက်ပြီး ဘယ်လောက်အထိ သန်မာလာနိုင်မယ် ထင်လို့လဲ နင်က ဝါနတ်အရိုးပဲ၊ နင့်မှာ အနာဂတ်မရှိတာ သေချာတယ်"
လုလီက တည်ငြိမ်သောလေသံဖြင့် ကြားဖြတ်ပြောလိုက်သည် "ဒါဆိုလည်း တစ်လှမ်းချင်းစီ စမ်းကြည့်ကြတာပေါ့"
"ချိုးယွဲ့ မင်းပြောတာတွေကို ငါ နားထောင်နေပါတယ်။ ဒါပေမဲ့ ငါက မင်းမဟုတ်ဘူး"
"ဒီသုံးလတာဟာ ငါ့ဘဝမှာ အငြိမ်သက်ဆုံး သုံးလပဲ"
"ဒါကြောင့်မို့လို့..."
ထိုစကားကို ကြားသောအခါ ချိုးယွဲ့သည် အမှန်တကယ်ပင် ငြိမ်သက်သွားသည်။
လုလီက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နေရောင်ခြည်က ပြင်းထန်နေပြီး ဝိညာဉ်လယ်မြေမှာ လှိုင်းတံပိုးများအလား လေထဲတွင် ယိမ်းထိုးနေကာ အဆုံးမရှိ ကျယ်ပြန့်နေသည်။
မနက်ဖြန်သည် ဂိုဏ်းမှ တာဝန်ခံက လာရောက်၍ ဝိညာဉ်လယ်မြေကို စစ်ဆေးအတည်ပြုမည့်နေ့ ဖြစ်သည်။
ယနေ့မှစ၍ ဝိညာဉ်လယ်မြေတစ်ခုလုံးတွင် တင်းမာသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
သတင်းများအရ ယခုတစ်ခေါက် လာမည့် တာဝန်ခံမှာ ဝိညာဉ်လယ်မြေအကြီးအကဲ၏ တပည့်ဖြစ်ပြီး အလွန်အသေးစိတ် စစ်ဆေးတတ်သူဖြစ်သည်ဟု ဆိုသည်။ သူသည် လယ်တစ်ကွက်ချင်းစီကို သေသေချာချာ စစ်ဆေးမည်ဖြစ်ပြီး အထွက်နှုန်းသာမက ဝိညာဉ်ချီသန့်စင်မှုနှင့် ပျိုးပင်အရည်အသွေးကိုပါ စစ်ဆေးမည်ဖြစ်သည်။
သတ်မှတ်ချက် တစ်ခုခုမပြည့်မီပါက တာဝန်ခံမှတ်တမ်းတွင် ရေးသွင်းခံရမည်ဖြစ်ပြီး ရိက္ခာနှုတ်ခံရရုံသာမက နောက်ရာသီအတွက် လယ်စိုက်ပျိုးခွင့်ပါ တိုက်ရိုက်ပယ်ဖျက်ခံရနိုင်ပေသည်။