← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (201)

အစ်မလျို့၏ တုံ့ပြန်မှုကြောင့် လီရှန်း ထိတ်လန့်သွားရ၏။

အစ်မလျို့က သူမကို သံသယရှိလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပါချေ။ ဤအခြေအနေက လီရှန်းကို ရယ်ရခက်၊ ငိုရခက် ဖြစ်သွားစေသည်။

“အစ်မလျို့၊ ကျွန်မက ဘယ်လိုလူစားမျိုးလဲဆိုတာ အစ်မ မသိဘူးလား”

“ရယ်မနေနဲ့၊ မေးတာကို ရိုးရိုးသားသား ဖြေစမ်းပါ”

အစ်မလျို့ မျက်မှောင်ကြုတ်လိုက်၏။

သူမအနေဖြင့် လီရှန်းအကြောင်းကို သိထားသောကြောင့်သာ တိတ်တဆိတ်ဖြင့် ရုံးခန်းသို့ ခေါ်ယူစစ်မေးနေခြင်း ဖြစ်ပေသည်။

မဟုတ်ပါက သူမ၏ အထက်လူကြီးဟောင်းထံသို့ အကြောင်းကြားကာ လီရှန်းကို သီးသန့် စစ်ဆေးရန်အတွက် ခေါ်သွားခိုင်းပြီး ဖြစ်ပေလိမ့်မည်။

လီရှန်း၏ အမူအရာမှာ ချက်ချင်းပင် တည်ကြည်သွား၏။

သေချာပေ၏။ သူမက ရှုရှင်းလန်၏ ကိစ္စကို ဖုံးကွယ်ထားမည် မဟုတ်ပါချေ။

ရှုရှင်းလန်၏ အပြုအမူများကြောင့် သူမ အလွန်ပင် စိတ်မသက်မသာ ဖြစ်ရသည်ကို မဆိုနှင့်ဦး။

ရှုရှင်းလန်သည်က ကျန်းရိကော်၏ ဇနီးဖြစ်နေသည့်အတွက်ကြောင့်ပင် သူမအနေဖြင့် တစ်ဖက်လူကို ကာကွယ်ပေးမည် မဟုတ်တော့ပေ။

ကျန်းရိကော်သည်က သုတေသနဌာန၏ ညွှန်ကြားရေးမှူး ဖြစ်သကဲ့သို့ အသည်းရောင်အသားဝါ ကာကွယ်ဆေး ထုတ်လုပ်ရန်အတွက်လည်း တာဝန်ရှိသူ ဖြစ်၏။

ဤသည်မှာ ဒါရိုက်တာရန်က ပေကျင်းမှ လျှို့ဝှက်စွာ ယူဆောင်လာသည့်တာဝန်ဖြစ်ပြီး ဆေးဝါးစက်ရုံ၏ အသက်သွေးကြောနှင့် သက်ဆိုင်နေခဲ့ပေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှုရှင်းလန်အား ဆေးဝါးစက်ရုံအပေါ် တစ်ခုခု လုပ်ဆောင်ခွင့်ကို သူမ မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။

သို့ဖြစ်၍...

သူမက ဤကာလအတွင်း ရှုရှင်းလန်၏ ပြုမူပုံများကို အသေးစိတ် ပြန်ပြောပြလိုက်လေသည်။

“သူမက ကျွန်မကို ဘာလို့ဆေးပညာတတ်တယ်လို့ အသည်းအသန် ယုံကြည်နေရတာလဲဆိုတာတော့ မသိပါဘူး”

လီရှန်းက စိတ်ပျက်နေသော အမူအရာဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်မ တကယ် တတ်တယ်ဆိုရင်တောင် ကျွန်မက အသက် တစ်ဆယ့်ကိုးနှစ်ပဲရှိသေးတဲ့ မိန်းကလေးတစ်ယောက်လေ၊ ကျွန်မက ပါရမီရှင်တစ်ယောက်မှ မဟုတ်တာ၊ ဒီလောက်ထိ ခက်ခဲတဲ့ရောဂါကို ဘယ်လိုလုပ်ပြီး ကုသနိုင်ပါ့မလဲ”

ထို့အပြင် ဤပြဿနာမှာ တရုတ်နိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ကုသ၍မရနိုင်သေးသော ဝေဒနာ ဖြစ်နေသည်မဟုတ်ပါလား။

သူမ ပြောစကားများတွင် အားနည်းချက် တစ်ခုမျှ မရှိပါချေ။

လီရှန်းက ဉာဏ်ထက်မြက်ပြီး ဆေးပညာဗဟုသုတတချို့ကို လေ့လာထားခြင်း ဖြစ်နိုင်သော်လည်း ဝက်ရူးပြန်ရောဂါကို ကုသရန်ဆိုသည်က လုံးဝ မဖြစ်နိုင်ကြောင်းကို အစ်မလျို့ နားလည်ပေသည်။

ရှုရှင်းလန်က အဘယ်ကြောင့် လီရှန်းအား ဆေးတတ်သည်ဟု အတင်းအကျပ် ယုံကြည်နေရသနည်းဆိုသည်ကိုတော့ သူမ နားလည်ပေးနိုင်ပေ၏။

အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်လည်း ရှုရှင်းလန်၏ နှောင့်ယှက်မှုကို ခံခဲ့ရဖူးသောကြောင့် ပင်။

သို့သော် သူမသည်က စစ်မြေပြင် ဆရာဝန်ဖြစ်ခဲ့ပြီး ခွဲစိတ်ကုသမှုပိုင်းတွင် ပိုမိုကျွမ်းကျင်သူ ဖြစ်ပေ၏။ ယခုကဲ့သို့သော အာရုံကြောဆိုင်ရာ ရောဂါနှင့် ပတ်သက်လျှင်တော့ မည်သည့်အရာကိုမှ နားမလည်ပါချေ။

သို့သော် ရှုရှင်းလန်ကတေား ကွဲပြားမှုကို နားမလည်ဘဲ သူမဘက်မှ ကလေးကို မကုပေးချင်ဟုသာ အမြဲတစေ ထင်မြင်နေခဲ့ပေသည်။

နောက်ဆုံးတွင် ကျန်းရိကော်ကိုယ်တိုင် ဝင်ရောက်တားမြစ်ခဲ့သောကြောင့်သာ ရှုရှင်းလန် လက်လျှော့သွားခဲ့ခြင်း ဖြစ်လေ၏။

သို့သော် ရှုရှင်းလန်က မျှော်လင့်ချက်မဲ့နေမှုကြားတွင် လီရှန်းကိုပါ လိုက်လံနှောင့်ယှက်သည်အထိ ဖြစ်လာခဲ့ပုံရသည်။

ကျန်းရိကော်က ဒါကို သိရဲ့လား။

“ဒါဆို နင် သူ့ကို ပိုပြီး ရှောင်နေသင့်တာလေ၊ ဘာလို့ တမင်တကာ သွားပြီး အာရုံစိုက်နေရတာလဲ”

“အဲဒါက... ဘာကြောင့်လဲဆိုတော့...”

လီရှန်း စကားကို လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီး အသာ ချောင်းဟန့်လိုက်၏။

“ဒုစက်ရုံညွှန်ကြားရေးမှူးကိုလည်း တစ်ခါတည်း ခေါ်ပေးလို့ ရမလားဟင်၊ မဟုတ်ရင် ကျွန်မ ဘယ်ကစပြီး ပြောရမလဲတောင် သိမှာမဟုတ်ဘူး”

အစ်မလျို့ : “...”

သူမက လီရှန်းကို အဓိပ္ပာယ်အပြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ဘေးနားမှ ဖုန်းကိုမကာ ဒုစက်ရုံညွှန်ကြားရေးမှူးရုံးသို့ ဆက်သွယ်လိုက်လေသည်။

စုဝေ့မင်က အလွန်ပင် လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

သူ ရောက်လာသည့်အချိန်တွင် ချွေးမဖြစ်သူက ဘေးတစ်ဖက်တွင် လိမ္မာယဉ်ကျေးစွာ ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် သူ့ကို မြင်သည်နှင့် အားနာကာ အပြစ်မကင်းသည့် အပြုံးလေးဖြင့် ပြုံးပြရှာ၏။

စုဝေ့မင် အံ့ဩသွားရပြီး သူ၏ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

အမှန်အတိုင်း ပြောရလျှင် သူ၏ သားငယ်ဖြစ်သည့်စုဝေ့ချင်း အလယ်တန်းကျောင်း တက်ပြီးချိန်ကတည်းက ဤကဲ့သို့သော ခံစားချက်မျိုး မရရှိခဲ့ဖူးတော့ပါချေ။

ဤသည်မှာ သူ၏ကလေး ကျောင်းတွင် အမှားတစ်ခုခု လုပ်ခဲ့သောကြောင့် ဆရာမက အမှားအမှန် ဆွေးနွေးရန် ရုံးခန်းသို့ ခေါ်လိုက်သကဲ့သို့ ခံစားချက်မျိုးပင် ဖြစ်ပေသည်။

“ဘာဖြစ်လို့လဲ”

သူက အစ်မလျို့ကို မေးလိုက်၏။

အစ်မလျို့က မည်သည်ကိုမှ မပြောဘဲ စုဝေ့မင်ကို အခန်းထောင့်သို့ လိုက်ခဲ့ရန် မျက်ရိပ်ပြလိုက်သည်။

လီရှန်းမှာ သူတို့နှစ်ဦး မည်သည့်အရာများကို ပြောနေကြောင်း မကြားရသော်လည်း၊ စုဝေ့မင်နှင့် အစ်မလျို့တို့၏ မျက်နှာအမူအရာများက တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်ကို မြင်နေရ၏။

အထူးသဖြင့် အစ်မလျို့၏ မျက်နှာမှာ နောက်ဆုံးတွင် အတော်လေး ကြည့်မကောင်း ဖြစ်သွားခဲ့ရပေသည်။

“ဒါကို လူဘယ်နှစ်ယောက်လောက် သိပြီးပြီလဲ”

“လူအများကြီးတော့ မသိသေးပါဘူး...”

“ဆိုလိုတာက...”

“မဖြစ်ဘူး၊ ကျွန်တော် သဘောမတူဘူး”

စုဝေ့မင်၏ အသံမှာ ရုတ်တရက် မြင့်တက်လာပြီး မတိုင်ခင်က တည်ကြည်လေးနက်နေသော သူ၏မျက်နှာမှာ ယခုအချိန်တွင် ဒေါသရိပ်များ လွှမ်းသွားခဲ့ချေပြီ။

အစ်မလျို့က သူ့ကို အလေးအနက် ကြည့်လိုက်ပြီး မထောက်ခံသည့် အမူအရာကို ပြသလိုက်၏။

သူမက စုဝေ့မင်၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင် ဖြစ်နေခြင်းပင် ဖြစ်ပေသည်။ သူမ၏ လေသံမှာလည်း ပို၍ ပြတ်သားလာခဲ့သည်။

“ရဲဘော်စုဝေ့မင်၊ အခြေအနေအရပ်ရပ်ကို ဦးစားပေးစဉ်းစားဖို့ ကျွန်မ မျှော်လင့်ပါတယ်”

“အခြေအနေက ပိုအရေးကြီးတယ်ဆိုတာကို ကျွန်တော် သိတာပေါ့ လောင်လျို့၊ ဒါပေမဲ့ မင်း စဉ်းစားကြည့်ပါဦး၊ ကျွန်တော်က အကြမ်းဖျင်းပဲ ပြောခဲ့တာတောင် သူက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားခဲ့တာလေ

တကယ်လို့ သူမကို ရှုရှင်းလန်နဲ့ အနီးကပ် နေခိုင်းလိုက်မယ်ဆိုရင် ရန်သူဘက်က ရိပ်မိသွားနိုင်လိမ့်မယ်”

စီစတာလျို့မှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။

အထူးလေ့ကျင့်ထားခြင်း မရှိသော အမျိုးသမီးတစ်ဦးကို အန္တရာယ်ရှိသော ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်ခိုင်းခြင်းမှာ အမှန်တကယ်ပင် ပညာရှိသော ရွေးချယ်မှု မဟုတ်ပါချေ။

သို့သော်လည်း သူတို့နေရာ၏ ပထဝီဝင် အနေအထားကြောင့် ပိုင်မားခရိုင်မှ ဆေးဝါးစက်ရုံမှာ တရုတ်နိုင်ငံတွင် တစ်ခါမျှ ကျော်ကြားခဲ့ခြင်း မရှိပါချေ။

နင်ရှပြည်နယ် အပြင်ဘက်ရှိ လူများမှာ နင်ရှတွင် ဆေးဝါးစက်ရုံ တစ်ခုရှိသည်ဟုသာ သိကြသည်။

သို့သော်လည်း ပြင်ပလူများကို မဆိုထားနှင့်။ နင်ရှရှိ ဒေသခံများပင်လျှင် စက်ရုံ၏ တိကျသော တည်နေရာကို သိရှိကြလိမ့်မည် မဟုတ်ပါချေ။

သို့သော်လည်း လူသိနည်းလွန်းသော ဤဆေးဝါးစက်ရုံသည်က နိုင်ငံတော်အဆင့် စီမံကိန်းကို လက်ခံရရှိပြီး မကြာမီမှာပင် အပြင်ဘက်မှအင်အားစုများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

ဤကိစ္စက အစ်မလျို့အား အမှောင်ထဲရှိ ကြွက်တစ်ကောင်ကဲ့သို့ တစ်စုံတစ်ဦးက သူတို့ကို စောင့်ကြည့်နေသည်ဟု သံသယဖြစ်စေခဲ့၏။

သူတို့ ယခုတစ်ကြိမ် လူလုံးထွက်ပြရခြင်းမှာ အသည်းရောင်အသားဝါ ကာကွယ်ဆေးကြောင့်ပင်ဖြစ်ပေလိမ့်မည်။ သို့သော် အစ်မလျို့ နားမလည်နိုင်သည်မှာ နိုင်ငံခြားဆေးပညာမှာ တရုတ်နိုင်ငံထက် များစွာ သာလွန်နေခဲ့သည်ပင်။

သို့ဆိုပါက ဤအင်အားစုများမှ မည်သည့်အရာကို လိုချင်နေရသနည်း။

“တစ်ခါတစ်လေမှာ တစ်ခုခုကို ရယူချင်တာထက် တစ်ခုခုကို ဖျက်ဆီးချင်တာလည်း ဖြစ်နိုင်တာပဲလေ”

လီရှန်းက သူမ ဖြတ်သန်းခဲ့ဖူးသော ကမ္ဘာများထဲမှ ရန်လိုသောအင်အားစုများ၏ လုပ်ရပ်များကို တွေးမိသွားရသောကြောင်း ဝင်ပြောလိုက်မိ၏။

သူတို့သည်က ရန်သူကို တစ်ထောင်ခန့် နာကျင်စေရန် ကိုယ့်ကိုယ်ကိုယ် ရှစ်ရာခန့်အထိနာခံသည့် လှည့်ကွက်များကို သုံးလေ့ရှိကြပေသည်။ အစပိုင်းတွင် လီရှန်းအနေဖြင့် သူတို့ အဘယ်ကြောင့် ဤသို့လုပ်ရသည် နားမလည်ခဲ့ပါချေ။

သို့သော် နောက်ပိုင်းတွင် သူမ ပြုစုပျိုးထောင်ပေးခဲ့သော ကလေးက သူမကို ပြောပြခဲ့ဖူး၏။

တစ်ဖက်မှလူတို့သည်က သူတို့၏ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန်သာ စိတ်ဝင်စားကြပြီး သူတို့၏ လူမျိုးများအပေါ်တွင်တော့ ဂရုမစိုက်ကြပါချေ။

ရန်သူဘက်မှဆင်းရဲမွဲတေပြီး တုံ့ဆိုင်းနေသရွေ့တော့ သူတို့၏ လူမျိုးများ မည်မျှပင် ထိခိုက်နေပါစေ သူတို့ဘက်မှ အနိုင်ရနေဦးမည်သာ ဖြစ်ပေသည်။

လီရှန်း၏ စကားများမှာ တိမ်ထုကြားမှ ထွက်ပေါ်လာသော နေရောင်ခြည်ကဲ့သို့ပင် ဖြစ်သွားခဲ့သည်။

အစ်မလျို့နှင့် စုဝေ့မင်တို့မှာ လမ်းပိတ်နေသော အတွေးများထဲမှ ရုတ်တရက် နိုးထသွားကြလေ၏။ ရန်သူက သူတို့၏ လျှို့ဝှက်ချက်များကို ခိုးယူရန်အတွက် အသွင်ပြောင်း၍ ဝင်ရောက်လာသည်ဟုသာ သူတို့ အမြဲတွေးခဲ့ကြသည်။

သို့သော်လည်း ရန်သူအတွက်တော့ ရိုးရိုးရှင်းရှင်း ဖျက်ဆီးလိုက်ရုံမျှနှင့်သာ လုံလောက်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ရန်သူ၏ ဖွံ့ဖြိုးမှုကို ဟန့်တားပြီး သူတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက်ပင်။

ဤသို့ စဉ်းစားကြည့်သည့်အခိုက်တွင် သူတို့၏ စိတ်အခြေအနေမှာ ရုတ်တရက် လေးလံသွားရပြန်သည်။

အကယ်၍ ရန်သူက ထိုကဲ့သို့သော အစီအစဉ်မျိုး ရှိနေခဲ့လျှင် သူတို့အတွက် အလုပ်လုပ်ရသည်မှာ ပို၍ပင် ခက်ခဲလာပေလိမ့်မည်။

တစ်စုံတစ်ခုကို ခိုးယူရန်ဆိုသည်က ခက်ခဲသော်လည်း ဖျက်ဆီးပစ်ရန်မှာတော့ အလွန်ပင် လွယ်ကူလွန်းသည် မဟုတ်ပါလား။

ထိုပုပ်စပ်နေသော ကြွက်များကို ကာကွယ်ရန်ဆိုသည်က အမှန်တကယ်ပင် မဖြစ်နိုင်သလောက် ဖြစ်နေပေသည်။

“ဒီပိုးမွှားတွေက ငါ့ကို သတ်ဖို့အထိ ကြံစည်နေကြတုန်းပဲကိုး!”

စုဝေ့မင်က စားပွဲကို သူ၏လက်သီးဖြင့် ထုလိုက်သောကြောင့် သူ၏လက်မောင်းမှ သွေးကြောများမှာလည်း အားစိုက်မှုကြောင့် ဖောင်းကြွလာခဲ့၏။

“ကံကောင်းတာက ကျွန်မတို့ အတော်လေးစောစော သိလိုက်ရတာပဲ”

အစ်မလျို့အနေဖြင့် စုဝေ့မင် ဒေါသကြောင့် နေမကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် အမြန်ပင် နှစ်သိမ့်စကား ပြောလိုက်ရ၏။

မည်သို့ပင်ဆိုစေ စုဝေ့မင်မှာ အသက်ငယ်တော့သည် မဟုတ်ပါချေ။

ဆေးဝါးစက်ရုံတွင် ရှားရှားပါးပါး စည်းလုံးသော ခေါင်းဆောင်မှု ရှိနေခဲ့သည့်အတွက် စုဝေ့မင်အား ဒေါသကြောင့် နာမကျန်း မဖြစ်စေလိုပါချေ။ အကယ်၍ သဘောထား ကွဲလွဲတတ်သော ခေါင်းဆောင်တစ်ဦး ရောက်ရှိလာမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်နေသော ဤဆေးဝါးစက်ရုံအတွက် လုံးဝ မကောင်းနိုင်တော့ပေ။

*

All Chapters