← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း (202)

“လောင်လျို့၊ ခင်ဗျားပြောတာတွေက မှန်ပေမဲ့လည်း ခင်ဗျားရဲ့ အကြံပြုချက်ကိုတော့ ပြန်ပြီး စဉ်းစားသင့်တယ်လို့ ကျွန်တော် ထင်နေတုန်းပဲ”

အစ်မလျို့က ခေါင်းကို အမြန်ညိတ်ပြလိုက်သည်။

“ရှင့်ရဲ့ အတွေးကို ကျွန်မ နားလည်ပါပြီ၊ ဒါဆိုရင်တော့ ကျွန်မတို့စက်ရုံက ကာကွယ်ရေးကို ပိုပြီးတော့ တင်းကျပ်ရမှာပဲ”

သူမ၏ မျက်က တည်ကြည်သွား၏။

“ဒီကိစ္စကို ကျွန်မ အထက်ကို တင်ပြဖို့ လိုအပ်မယ်”

“လုပ်ပါ၊ တင်ပြတဲ့အခါမှာလည်း ရန်သူကို မရိပ်မိသွားအောင် သတိထားဖို့တော့ လိုမယ်နော်”

အစ်မလျို့က ခေါင်းညိတ်ပြပြီးနောက် လီရှန်းကို ကြည့်၍မေးလာသည်။

“နင် ဒုစက်ရုံညွှန်ကြားရေးမှူးနဲ့ အရင် ပြန်နှင့်လိုက်ဦး”

လီရှန်းက ကြက်လေး ဆန်စေ့ကောက်နေသကဲ့သို့ ခေါင်းကို အမြန်ညိတ်ပြလိုက်လေသည်။

အစ်မလျို့ ထွက်သွားပြီးနောက်မှသာ သူမ သက်ပြင်းရှည် တစ်ချက် ချနိုင်တော့၏။ သူမ လှည့်မကြည့်ရသေးခင်မှာပင် စုဝေ့မင်က သူမကို စူးစူးစိုက်စိုက်ကြည့်နေသည်ကို သိလိုက်သောကြောင့် လီရှန်းတစ်ယောက် ချက်ချင်းပင် ခန္ဓာကိုယ်ကို ကျုံ့ထားလိုက်မိသည်။

သူမအနေဖြင့် ဤကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့ကြောင်းကို သိသော်လည်း သူမလည်း မတတ်နိုင်ပါချေ။

သူမ ဘာလုပ်နိုင်မှာလဲ။

သူမကိုယ်သူမ မထိန်းချုပ်နိုင်ခဲ့တာပဲ။

သူမက စုံထောက်လုပ်ငန်းများနှင့်တော့ မထိုက်တန်ပါချေ။ သူမကဲ့သို့ အတင်းအဖျင်း ပြောရသည်ကို ဝါသနာပါသူတစ်ဦးသာ စုံထောက်လုပ်လျှင် ပထမဆုံး သေမည့်အထဲတွင်ပါသွားလိမ့်မယ်။

“ဒီနေ့ ရုံးခန်းထဲမှာ ငါတို့သုံးယောက် ဆွေးနွေးခဲ့တာတွေကို ဝေ့ချင်းကိုတောင် မပြောပြရဘူးနော်၊ နားလည်လား”

အခန်းထဲမှ မထွက်ခွာမီ စုဝေ့မင်က လီရှန်းအား ခပ်တိုးတိုး သတိပေးလိုက်၏။

“ဒီကိစ္စက အရမ်းကို အရေးကြီးတယ်...”

“ကောင်းပါပြီ၊ နောက်ပိုင်းရက်တွေမှာ ကျွန်မ ရုံးခန်းထဲမှာပဲ နေပါ့မယ်၊ ဘယ်မှ မသွားတော့ပါဘူး”

ကူညီနိုင်ခြင်း မရှိလျှင်ပင် ယောက္ခမဖြစ်သူအတွက် ဝန်ထုပ်ဝန်ပိုးတော့ အဖြစ်မခံနိုင်ပါချေ။

လီရှန်းက ကိုယ့်ကိုယ်ကိုယ် အသိစိတ်ရှိပေသည်။

ဤသို့ဖြင့် ယောက္ခမနှင့် ချွေးမတို့မှာ တစ်ဦးနောက်မှ တစ်ဦး အိမ်သို့ ပြန်လာခဲ့ကြ၏။ တံခါးဝသို့ ရောက်သည့်အချိန်တွင် ရှောင်ချန်နှင့် ရှောင်ကျွင့်တို့က ကောင်လေးတစ်ယောက်နှင့်အတူ စင်္ကြံလမ်းတွင် ဆောင့်ကြောင့်ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

သူတို့မှာ လွန်ခဲ့သော ရက်အနည်းငယ်က စုဝေ့ချင်းက သတင်းစာများဖြင့် ခေါက်ပေးထားသော စက္ကူဖားရုပ်လေးများဖြင့် ကစားနေကြခြင်း ဖြစ်၏။

ကလေးနှစ်ယောက်မှာ ထိုဖားရုပ်လေးများကို အလွန်ပင် တန်ဖိုးထားကြပေသည်။ အနားသတ်များမှာ အနည်းငယ် ပဲ့ကြွေနေပြီဖြစ်သော်လည်း ဖားရုပ်လေးများ၏ ဖင်ပိုင်းကို ဖိလိုက်လျှင်တော့ ပျင်းရိပျင်းတွဲဖြင့် တစ်လှမ်းချင်း ခုန်နေကြဆဲပင်။

လီရှန်းသည် ချက်ချင်းပင် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ခပ်တိုးတိုး သတိပေးလိုက်၏။

“အဖေ၊ အဲဒါ ရှုရှင်းလန်ရဲ့မြေး ကျန်းကျိလေ”

သူမက ထိုကလေးနှင့် လွန်ခဲ့သောရက်အနည်းငယ်ကမှ တွေ့ဆုံခဲ့ဖူးသဖြင့် သေသေချာချာ မှတ်မိနေခဲ့ခြင်း ဖြစ်ပေသည်။

ရှုရှင်းလန်သည်ကား ကျန်းကျိအပေါ် အလွန်အမင်း အကာအကွယ်ပေးတတ်သူ ဖြစ်၏။ စုဝေ့မင် ကျန်းကျိကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ ယမန်နှစ်က စုဝေ့ဟိုင် မင်္ဂလာဆောင်ချိန်ကသာ ဖြစ်ပေသည်။

ကျန်းရိကော်က ကျန်းကျိကို နေ့လယ်စာစားရန် ခေါ်ဆောင်လာခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထမင်းစားပြီးမကြာမီမှာပင် ရှုရှင်းလန်က လိုက်လာပြီး ခေါ်သွားခဲ့သောကြောင့်ည စုဝေ့မင်မှာ ကျန်းရိကော်နှင့် စကားကောင်းကောင်းပင် မပြောလိုက်ရပါချေ။

“သူ ဒီမှာ ဘာလာလုပ်တာလဲ”

စုဝေ့မင်က မျက်မှောင်ကြုတ်လိုက်၏။

ကျန်းရိကော် ရောက်နေတာတော့ မဟုတ်လောက်ပါဘူး။

သူ အိမ်ဘက်သို့ အရင်ဆုံး လျှောက်သွားခဲ့လျှင် လီရှန်းကလည်း နောက်မှ ခပ်သွက်သွက် လိုက်ပါသွားခဲ့သည်။

စုချန်က စုဝေ့မင်ကို အရင်ဆုံး မြင်လိုက်သောကြောင့် ချက်ချင်းပင် မတ်တတ်ရပ်ကာ လှမ်းအော်လိုက်၏။

“အဘိုး!”

စုဝေ့မင်က ပြန်ထူးလိုက်ပြီးနောက် စုချန်က လီရှန်းကို ထပ်မံ၍ ခေါ်လိုက်ပြန်သည်။

“တတိယအဒေါ်”

“တံခါးဝမှာ ဆော့နေကြတာလား”

လီရှန်းက ပြန်ထူးလိုက်ပြီး ကျန်းကျိကို လှမ်းကြည့်လိုက်၏။ ထိုကလေးသည်လည်း ရှောင်ကျွင့်နှင့်အတူ ထရပ်လိုက်ပေသည်။ ရှောင်ကျွင့်ကလည်း စုချန်ကဲ့သို့ပင် ကျယ်လောင်စွာ အော်ဟစ်နှုတ်ဆက်ခဲ့သော်လည်း ကျန်းကျိကတော့ အနည်းငယ် ရှက်ရွံ့နေပုံရ၏။

သူ၏အသံမှာ တိုးသော်လည်း အလွန်ပင် ယဉ်ကျေးပေသည် ။

“အဘိုးစု၊ အဒေါ်လီ”

“ရှောင်ကျိ”

လီရှန်းက ယခင်က ကျန်းကျိနှင့် တွေ့ဖူးသဖြင့် သူမ၏လေသံမှာ အတော်လေး ရင်းနှီးနေခဲ့၏။

“ဘယ်သူနဲ့ လာခဲ့တာလဲ”

“အဘွားနဲ့ လာတာပါ”

ကျန်းကျိတစ်ယောက် စိတ်သက်သာရာရသွားပုံရပြီး သူ၏အသံမှာလည်း အနည်းငယ် ပိုကျယ်လာခဲ့ပေသည်။

“ဒါဆို အရင်ဆော့နေကြနော်၊ အဒေါ် အထဲကိုဝင်ပြီး စားစရာကောင်းတာလေးတွေ ယူခဲ့ပေးမယ်”

လီရှန်းက ပြုံးပြပြီး ကျန်းကျိ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ပစ္စည်းများကို သယ်၍ အိမ်ထဲသို့ ဝင်လာခဲ့၏။

သူမ အထဲသို့ ရောက်သည်နှင့် ဆိုဖာပေါ်တွင် ထိုင်နေသော ရှုရှင်းလန်နှင့် လော်ယွီရှို့တို့ကို တွေ့လိုက်ရပေသည်။ စုဝေ့မင်က ရှုရှင်းလန်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ၏အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့လေ၏။

လီရှန်းမှာ တိုင်ခင်ကမှ သတိပေးခြင်းခံထားရသူ မဟုတ်သကဲ့သို့ သဘာဝကျစွာ ပြုံးလိုက်လေ၏။

“အုပ်စုခေါင်းဆောင်ရှု ရောက်နေတာလား၊ အပြင်မှာ ရှောင်ကျိကို တွေ့ခဲ့တယ်”

“သူက အခု နင့်ရဲ့တူနှစ်ယောက်နဲ့ ဆော့နေတာလေ”

ရှုရှင်းလန်က လီရှန်း ပြန်ရောက်လာသည်ကို မြင်ချုန်တွင် ယခင်ကကဲ့သို့ စိတ်အားထက်သန်ပုံ မပြတော့ပါချေ။ သူမက လီရှန်းကို နှုတ်ဆက်ရုံမျှသာ လုပ်ပြီးနောက် လော်ယွီရှို့နှင့် စကားပြန်ပြောနေခဲ့သည်။

လီရှန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း မည်သည့်အရာကိုမှ ထပ်မပြောတော့ဘဲ သူမ၏အခန်းထဲသို့ တိုက်ရိုက် ပြန်ဝင်ခဲ့ပေသည်။

အခန်းထဲတွင်တော့ စုဝေ့ချင်းက စာဖတ်နေခဲ့ချေပြီ။

လီရှန်းက အိတ်ကိုချကာ သူ၏အနားသို့ သွား၍ မေးလိုက်လေ၏

“အုပ်စုခေါင်းဆောင်ရှုက ဘယ်တုန်းက ရောက်နေတာလဲ၊ ကျွန်မ ဝင်လာတုန်းက အဲဒီလိုကြီး တွေ့လိုက်ရလို့ လန့်တောင် လန့်သွားတယ်”

“အမေ အိမ်ပြန်ရောက်တာနဲ့ သူ ရောက်လာတာပဲ၊ ကိုယ်က အိမ်ကို စောစောပြန်ရောက်နေတာဆိုတော့ ကိုယ်ရှိနေတာကို သူ မသိဘူးလေ”

စုဝေ့ချင်းက လက်လှမ်းကာ လီရှန်း၏ ခါးကို ပွေ့ဖက်လိုက်ပြီး သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်၏။

ထို့နောက် လီရှန်း၏ နားရွက်အနီးသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။

“သူက အိမ်မှာ ဘယ်သူမှ မရှိဘူးထင်ပြီး အမေ့ဆီမှာ မင်းအကြောင်းတွေကို အများကြီးလျှောက်ပြောနေတာ”

လီရှန်း : “?”

သူမ မျက်မှောင်ကြုတ်လိုက်မိသည်။

“သူက ဆေးမှုန့်တွေအကြောင်းကို စုံစမ်းဖို့ ကြိုးစားနေတာများလား”

လီရှန်းအနေဖြင့် လွန်ခဲ့သောရက်အနည်းငယ်က ဆေးရုံသွားသည့်လမ်းတွင် ရှုရှင်းလန်နှင့် လီလင်းတို့၏ စကားပြောဆိုမှုများကို ပြန်လည်သတိရမိသွား၏။

ထိုအချိန်ကတော့ ရှုရှင်းလန်က အနေရခက်မှုကို ပြေပျောက်စေရန် စကား ပြောနေခြင်းဖြစ်မည်ဟု သူမ ထင်ခဲ့မိလေ၏။

ယခု ပြန်စဉ်းစားကြည့်လျှင် ရှုရှင်းလန်၏ စကားများမှာ အမှန်တကယ်ပင် ရည်ရွယ်ချက် ရှိနေခဲ့ခြင်း ဖြစ်နိုင်သည်။

သူမက ဆေးမှုန့်ရဲ့ ဖော်မြူလာကို စုံစမ်းချင်နေတာလား။

ဒါပေမဲ့...

ထိုဆေးမှုန့်မှာ မူလက ဒုတိယအလုပ်ရုံတွင် ထုတ်လုပ်ခဲ့ခြင်းသာ မဟုတ်ပါလား။ ဆေးကျိုခြင်းမှစ၍ ဆေးမှုန့်များ ကြိတ်ခြေခြင်းအထိ အရာအားလုံးမှာ သူတို့၏ ထုတ်လုပ်မှုလိုင်းပေါ်တွင်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် သူမအနေဖြင့် ထိုဖော်မြူလာကိုလလွန်ခဲ့သည့် အချိန်များကတည်းက သိထားသင့်သည် မဟုတ်ပါလား။

အဘယ်ကြောင့် ထပ်ပြီး စုံစမ်းနေရန် လိုအပ်မည်လဲ။

လီရှန်း စဉ်းစားလေလေ၊ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားရလေလေ ဖြစ်ပေသည်။

ရှုရှင်းလန်အနေဖြင့် ထိုဆေးမှုန့်မှာ ထုတ်လုပ်မှုလိုင်းမှ ထွက်လာပြီးနောက်မှ ထပ်မံ ပြုပြင်မွမ်းမံထားသည်ဟု ထင်နေခြင်းများလား။

“ကျွန်မက ဆေးမှုန့်တစ်ခု လုပ်နိုင်လိုက်ရုံနဲ့ ကျွန်မမှာ ဆေးပညာ အရည်အချင်းရှိတယ်လို့ ဆိုလိုတာလား၊ ဆေးအသစ်တစ်ခု တီထွင်လိုက်နိုင်တယ် ဆိုရင်တောင်မှ အဲဒါက ကျွန်မ ဆေးဖော်တတ်တယ်ဆိုတာကိုပဲ သက်သေပြတာလေ

သူ့ယောက်ျားကိုယ်တိုင်က သုတေသနဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်နေတာတောင် သူ့မြေးကို မကုနိုင်ဘူးမလား”

လီရှန်း စဉ်းစားရင်းနှင့် ပို၍ပင် ဒေါသထွက်လာရသည်။

“ဒါက တကယ့်ကို ခွာမထုတ်နိုင်တဲ့ သရဲတစ္ဆေလိုပဲ”

ဤစကားများမှာ အတန်ငယ် ကြမ်းတမ်းလွန်းသော်လည်း သူမ၏ စိတ်အခြေအနေ မည်မျှအထိ ဆိုးရွားနေသည်ကို ဖော်ပြနေခဲ့ပေသည်။

စုဝေ့ချင်းက သူမကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်၏။ ခေတ္တမျှ ကြာပြီးနောက် သူက လီရှန်းအား အခန်းထဲတွင် ခေတ္တစောင့်နေရန် ပြောလိုက်ပြီး တံခါးဖွင့်ကာ အပြင်သို့ ထွက်သွားခဲ့လေသည်။

ချက်ချင်းပင် ရှုရှင်းလန်၏ အနည်းငယ် ထိတ်လန့်နေသော အသံကို ကြားလိုက်ရ၏ ။

“ရှောင်စု၊ မင်း အိမ်မှာ ရှိနေတာလား”

စုဝေ့ချင်း ပေါ်လာသည့်အတွက် ရှုရှင်းလန် အတော်လေး ထိတ်လန့်သွားရလေ၏။

သူမသည်က လော်ယွီရှို့ကို အပြစ်တင်သည့် အကြည့်မျိုးဖြင့် တစ်ချက်ကြည့်လိုက်သည်။

“ရှင်ကလည်း ကျွန်မကို ဘာမှ မပြောဘူး”

လော်ယွီရှို့မှာ ရှုရှင်းလန်၏ စကားအချို့ကြောင့် အစကတည်းက စိတ်မကြည်မလင် ဖြစ်နေခဲ့ခြင်းဖြစ်၍ ယခုကဲ့သို့ အပြောခံရသည့်အခိုက်တွင် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး လေသံမှာလည်း အနည်းငယ် စူးရှသွားခဲ့သည်။

“ရှင်လည်း ကျွန်မကို မမေးဘူးလေ၊ ဒါ့အပြင် ကျွန်မတို့ စကားပြောတာက ကလေးနဲ့ ဘာဆိုင်လို့လဲ၊ တစ်စုံတစ်ယောက်က ကျွန်မတို့ကို ချောင်းနားထောင်နေတယ်လို့ ထင်နေတာလား”

“ရှင်ပြောပုံကိုလည်း ကြည့်ပါဦး၊ ကျွန်မက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”

ရှုရှင်းလန်မှာ ထိုသို့ အပြောခံလိုက်ရသဖြင့် ရှက်ရွံ့သွားရပြီးမကျေမချမ်းဖြင့် ပြောဆိုလာလေသည်။

“ကျွန်မက စကားတခေမှားသွားပြီး ရှောင်စု စိတ်အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရိမ်လို့ပါ”

ထိုသို့ပြောရင်း သူမက တံခါးဘက်သို့ မျက်ရိပ်ပြလိုက်၏။

“ကျွန်တော့်မှာ ဘာတွေများ စိတ်မချမ်းသာစရာရှိလို့လဲ”

စုဝေ့ချင်းက အသာရယ်မောလိုက်လေ၏။

“အဒေါ်တို့က ကျွန်တော်တို့ရဲ့ အိမ်ရှေ့အထိလာပြီး မကောင်းပြောတာမျိုး မလုပ်သရွေ့ ဘာပဲပြောပါစေ ကျွန်တော်က စိတ်မဆိုးပါဘူး”

ရှုရှင်းလန် : “...”

*

All Chapters