အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (203)
ရှုရှင်းလန်တစ်ယောက် စုဝေ့ချင်း၏စကားကြောင့် တိတ်ဆိတ်သွားရသည်။
ဒါက စိတ်ဆိုးနေတာ မဟုတ်ဘူးလား။
ဒီလောကကြီးမှာ ဘယ်သူက သူများအကြောင်းကို မပြောဘဲ နေလို့လဲ။ ဘယ်သူကရော အပြောမခံရဘဲ နေလို့လဲ။
ခုနကလည်း လီရှန်းအကြောင်းကို မကောင်းပြောမိတာမျိုး မရှိပါဘူး။ ဒါ့အပြင် သူမ ပြောတာကရော မှားလို့လား။
ဒီလီရှန်းက တကယ့်ကို လိမ်မာပါးနပ်လွန်းတဲ့သူပဲ။ တကယ်လို့ သူမမှာ ကျန်းကျိကို ကုပေးရဲတဲ့ သတ္တိသာ ရှိမယ်ဆိုရင်၊ ကလေးက မပျောက်ကင်းခဲ့ရင်တောင် သူမကို အပြစ်တင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ သူမက လက်ဗလာနဲ့တင် လူတစ်ယောက်ကို ကိုယ်ဝန်ရှိမရှိ သိအောင် လုပ်နိုင်ခဲ့ပေမဲ့ ရောဂါကုသနိုင်တယ်ဆိုတာကိုတော့ လုံးဝ ဝန်မခံဘူးလေ။
သူမက လူရော ဟုတ်ရဲ့လား။ တကယ့်ကို နှလုံးသား မရှိတဲ့သူပဲ။
လူတစ်ယောက် သေတော့မယ့်အရေးကိုတောင် ဘေးကနေ ထိုင်ကြည့်နေနိုင်တာပဲလား!
“ရှောင်စု .. မင်းပြောတဲ့စကားကို ကြည့်ပါဦး၊ ငါက ဒီအတိုင်း ပြောလိုက်တာပါ”
လော်ယွီရှို့က မျက်လုံးလှန်ကြည့်လိုက်၏။ ရှုရှင်းလန်က လီရှန်းကို ချီးကျူးစကားများ ပြောခဲ့သော်လည်း သူမ၏ လေသံထဲတွင် နာကျည်းချက်များ ပါဝင်နေခဲ့ပေသည်။
နည်းပညာဌာနနှင့် အလုပ်ရုံက ပတ်သက်မှု သိပ်မရှိပါချေ။ ဤသည်ကို ရှုရှင်းလန်က အဘယ်ကြောင့် ဤမျှအထိ အငြိုးအတေးကြီးနေရသည်ကို သူမ လုံးဝ နားမလည်နိုင်ပေ။
ဒီတစ်ခါ နည်းပညာဌာနဘက်က ပေးနေတဲ့ တာဝန်တွေ အရမ်းများနေလို့များလား။
စုဝေ့ချင်းက ပြုံးရုံသာ ပြုံးပြလိုက်ပြီး ထပ်မပြောတော့ပါချေ။ ထို့အစား ခွက်ကိုယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေ၏။ မကြာမီမှာပင် ခေါင်းပြူထွက်လာကာ လှမ်းအော်လိုက်ပြန်သည်။
“အမေ၊ ကျွန်တော်တို့ရဲ့ မုယောနို့မှုန့်ဘူးက ကုန်နေပြီ၊ အသစ်ကို ဘယ်မှာ ထားလဲ၊ ကျွန်တော့်မိန်းမအတွက် တစ်ခွက်လောက် ဖျော်ပေးမလို့? သူက ငယ်ငယ်လေးနဲ့ တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ထားရတာလေ၊ ညဘက်မှာလည်း စာကျက်ရဦးမှာ.. ကောင်းကောင်း မစားရရင် သူ ခံနိုင်မှာ မဟုတ်ဘူး”
“ဗီရိုထဲမှာရှိတယ်၊ သေသေချာချာ ကြည့်ပါဦး”
လော်ယွီရှို့အနေဖြင့် သူမကိုယ်တိုင် မုယောနို့မှုန့်ဘူးကို ယခုလေးတင်ကမှ ဖွင့်ထားခဲ့သည်ကို တွေးမိ၏။
“ရှာမတွေ့ဘူး အမေ.. လာကူရှာပေးပါဦး”
စုဝေ့ချင်းက စက္ကန့်အနည်းငယ်မျှ ဝင်ရှာပြီးနောက် ခေါင်းပြန်ပြူထွက်လာကာ ပြောလေသည်။
“ဒီကလေးကတော့ တကယ်ကို ဒုက္ခပေးတာပဲ”
လော်ယွီရှို့က ပွစိပွစိ ဆဲဆိုရင်း မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေ၏။ ဤသို့ဖြင့် ဧည့်ခန်းထဲတွင်ရှိနေသော ရှုရှင်းလန်မှာ တစ်ယောက်တည်းကျန်နေခဲ့ရပြီး ရပ်ရမည်လား၊ ထိုင်ရမည်လား မသိ ဖြစ်ကျန်ရစ်ခဲ့၏။
သူမက စုမိသားစု၏ အိမ်ခန်းမကြီးကို လှည့်ပတ်ကြည့်လိုက်လျှင် အတော်လေး ရိုးစင်းလွန်းသည်ဟု ခံစားလိုက်ရပြန်သည်။ အိမ်ထဲမှ အကြီးဆုံး ပရိဘောဂဖြစ်သော ဆိုဖာကြီးမှာပင် ဇာအစွပ်ကြားမှ ဖာထေးရာများကို မြင်နေရ၏။ စားပွဲနှင့် ထိုင်ခုံများမှာလည်း ဟောင်းနွမ်းနေပြီး အထူးသဖြင့် စားပွဲမှာ အသုံးပြုလွန်းသဖြင့် ခြေထောက်များတွင် ဆေးများပင် ကွာကျနေခဲ့ချေပြီ။
ဤသည်မှာ ပြည်နယ်အဆင့် စက်ရုံဒုတိယညွှန်ကြားရေးမှူးတစ်ဦး၏ အိမ်နှင့် လုံးဝ မတူပါချေ။
သူတို့ မိသားစုနှင့်ပင် ကွာခြားချက် အတော်လေး သိသာလွန်းပေသည်။
ရှုရှင်းလန်တစ်ယောက် စုဝေ့မင်၏ ပြုမူပုံကို ခြိုးခြံချွေတာပြီး ရိုးသားသည်ဟု မထင်ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် ရှုရှင်းလန်၏ စိတ်ထဲတွင် စုဝေ့မင်က ဟန်ဆောင်ကောင်းသူ တစ်ဦးသာ ဖြစ်နေခဲ့သည်။ ပြည်နယ်အဆင့် စက်ရုံဒုတိယညွှန်ကြားရေးမှူးဆိုသည်မှာ မည်မျှအဆင့်ရှိသည်လဲ။
အထူးသဖြင့် စုဝေ့မင်က ထုတ်လုပ်ရေးပိုင်းကို တာဝန်ယူထားသူဖြစ်၍ ဆေးဝါးဖန်တီးနိုင်မှုနှုန်း တိုးတက်လာသည်နှင့် သူက ပိုမိုမြင့်မားသောအဆင့်ရှိသည့် စက်ရုံတစ်ခုသို့ တာဝန်ယူရန် သေချာပေါက်ပြောင်းရွှေ့ခံရလိမ့်မည်။
သူ၏ လက်ထဲတွင် ရှိနေသော အရင်းအမြစ်များက အဘယ်ကြောင့် ချို့တဲ့နိုင်ပါမည်နည်း။
ရလဒ်အနေဖြင့် ထိုကဲ့သို့သော အဓိကအဖွဲ့ဝင်တစ်ဦးက မုယောနို့မှုန့် သောက်သည့်အချိန်တွင်ပင် ဖုံးဖုံးဖိဖိ လုပ်နေရသည်ဆိုခြင်းက ဟန်ဆောင်ခြင်းသက်သက်သာ ဖြစ်နိုင်ပေ၏
ရှုရှင်းလန် ပို၍ပင် စိတ်မသက်မသာ ဖြစ်လာခဲ့၏။ သူမက အခန်းထဲသို့ အပြေးအလွှား ဝင်သွားပြီး ကလေးတစ်ယောက် ဤမျှအထိ ဒုက္ခရောက်နေသည်ကို အဘယ်ကြောင့် ထိုင် ကြည့်နေနိုင်ရသနည်းဟု လီရှန်းကို မေးမြန်းချင်စိတ် ဖြစ်နေခဲ့ပေသည်။
ဆရာဝန်တစ်ဦးဆိုလျှင် မေတ္တာကရုဏာစိတ် ရှိရမည်ဟု ပြောကြသည် မဟုတ်ပါလား။
သို့သော်လည်း..
ရှုရှင်းလန် သက်ပြင်းရှည် တစ်ချက် ချလိုက်မိ၏။ သူမ၏ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်သွားပြီး မျက်ဝန်းများမှာလည်း ပို၍ ပြတ်သားလာခဲ့သည်။
နိုင်ငံခြားမှ သိပ္ပံပညာရှင်များက ဝက်ရူးပြန်ရောဂါအတွက် သီးသန့်ဆေးတစ်မျိုးကို တီထွင်ထားပြီး ဖြစ်ကြောင်းကို သူမ စုံစမ်းသိရှိထားပြီး ဖြစ်၍၊ ယခုကဲ့သို့ မျှော်လင့်ချက်မဲ့နေသော အခြေအနေမျိုးတွင် အလောတကြီး ကုသရန် မလိုအပ်တော့ပါချေ။
မည်သို့ပင်ဆိုစေ လီရှန်းက ဆေးပညာ တတ်ကျွမ်းလျှင်ပင် သူမမှာ ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးအဖြစ်သာ ရှိသေးသည်မဟုတ်ပါလား။
လော်ယွီရှို့တစ်ယောက် မုယောနို့မှုန့် ရှာရန်အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားချိန်အတွင်း ရှုရှင်းလန်၏ အတွေးများမှာ သုံးကြိမ်မက ပြောင်းလဲခဲ့ချေပြီ။
သူမ ပြန်သွားရန် ပြင်လိုက်ချိန်မှာပင် အပြင်ဘက်မှ ပြေးဝင်လာသော ရှောင်ကျွင့်၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။
“မကောင်းတော့ဘူး အဘွားရေ.. ကိုကြီးကျန်းကျိ ရုတ်တရက်ကြီးလဲကျသွားပြီး တစ်ကိုယ်လုံး တုန်နေတယ်!”
သူက ပြောနေရင်းဖြင့် ကျန်းကျဲတက်နေတတ်သည့် ပုံစံအတိုင်း နှစ်ချက်မျှ တုံ့ခါပြလိုက်၏။
“ကျိကျိ.. ”
ထိုအကြောင်းကို ကြားသည်နှင့် ရှုရှင်းလန်လည်း စူးစူးဝါးဝါး အော်ဟစ်ကာ တံခါးဝဆီသို့ အပြေးအလွှား သွားတော့၏။
လော်ယွီရှို့သည်လည်း အပြင်သို့ အမြန်ပြေးထွက်သွားခဲ့ကာ စုဝေ့ချင်းက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့လေသည်။ တံခါးဝသို့ ရောက်သည့်အခိုက်တွင် စုချန်တစ်ယောက် ရှုရှင်းလန်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည့်မြင်ကွင်းကို မြင်လိုက်ရလေ၏။
လော်ယွီရှို့တစ်ယောက် ချက်ချင်းပင် ဒေါသထွက်သွားတော့၏။
“ရှုရှင်းလန်၊ နင် ငါ့မြေးကို ဘယ်လိုများ တွန်းထုတ်ရဲတာလဲ!”
အငယ်ဆုံးသားနှင့် အကြီးဆုံးမြေး။
ကျန်းကျိမှာ ရှုရှင်းလန်၏ အသည်းနှလုံးဖြစ်သကဲ့သို့၊ စုချန်မှာလည်း လော်ယွီရှို့၏ အသက်ပင် ဖြစ်ပေသည်။
လော်ယွီရှို့ အလျှင်အမြန်ပြေးသွားကာ ရှုရှင်းလန်ကို အားနှင့် တွန်းပစ်လိုက်၏။ ဤသည်မှာ ဒေါသဖြေရုံသက်သက် မဟုတ်ဘဲ ရှုရှင်းလန်အား ကျန်းချုံကို လွှတ်ပေးစေရန် ပြုလုပ်ခြင်းလည်း ဖြစ်ပေသည်
သူမက ရှုရှင်းလန်ကို ဖယ်ထုတ်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ ပုဝါကို အမြန်ထုတ်လိုက်၏။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ကလေး၏ အင်္ကျီကော်လာကို အမြန်ဆွဲဖွင့်ကာ ဘေးစောင်း အနေအထားဖြင့် လှဲသိပ်ပေးလိုက်လေသည်။
ကျန်းကျိမှာ တုန်နေဆဲဖြစ်ပေသည်။ သူ၏မျက်နှာမှာလည်း ဖြူဖျော့နေပြီး လည်ချောင်းထဲမှ ‘ဟတ်... ဟတ်...’ ဆိုသော အသံများ ထွက်ပေါ်နေခဲ့၏။
လော်ယွီရှို့က ကလေး သူ၏လျှာကို ကိုက်မိမည်ကိုစိုးသောကြောင့် ပုဝါကို အလိပ်လေးလုပ်ကာ သူ၏ပါးစပ်ထဲသို့ အမြန်ထိုးထည့်ပေးလိုက်၏။
သူမက ရှေးဦးသူနာပြုစုနည်းကို လုပ်ဆောင်နေရင်းနှင့် ရှုရှင်းလန်ကိုလည်း တစ်ချိန်တည်း ဆူပူနေခဲ့ပေသည်။
“ရှင်က သူ့အဘွားအရင်းရော ဟုတ်ရဲ့လား? ဒီလိုဖြစ်နေရင် ဟိုရွှေ့ဒီရွှေ့ မလုပ်ရဘူးဆိုတာ မသိဘူးလား”
ထိုစကားကို သူမက အော်ဟစ်၍ ပြောလိုက်ခြင်း ဖြစ်ပေသည်။
ရှုရှင်းလန်က ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ။
သို့သော် သူမက အလွန်အမင်း စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။
အထူးသဖြင့် စုမိသားစုမှ မြေးကြီးဖြစ်သူက ကျန်းကျိကို ပွေ့ချီကာ အိမ်ထဲသို့ ဆွဲခေါ်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည့်အခိုက်တွင် သူမ ရူးမတတ် ဖြစ်သွားခဲ့ရ၏။
ကလေး၏ စေတနာကို သူမ နားလည်သော်လည်း ထိုသို့ပြုလုပ်ခြင်းမှာ အမှန်တကယ်ပင် မှားယွင်းလွန်းပေသည်။ ဤသည်က ကျန်းချုံကို ကယ်တင်ရာ မရောက်ဘဲ ပို၍ထိခိုက်စေနိုင်သည် မဟုတ်ပါလား။
စုဝေ့ချင်းက စင်္ကြံလမ်းရှိ ထိုင်ခုံများကို အမြန်ဖယ်ရှားပေးလိုက်၏။
ကျန်းကျိတစ်ခုခုနှင့် တိုက်မိပြီး ထပ်မံ ဒဏ်ရာရမည်ကို သူမ စိုးရိမ်သောကြောင့် ဖြစ်ပေသည်။
ဆူညံသံများကြောင့် လီရှန်းလည်း အခန်းထဲမှ ထွက်လာခဲ့၏။ ကျန်းကျိရောဂါထကြွနေသည်ကို မြင်လျှင် သူမက စုဝေ့ချင်းကို အံ့ဩတကြီးနှင့် မရေမရာ ကြည့်လိုက်ပြီး မေးခဲ့သည်။
“ဘာတွေ ဖြစ်ကုန်တာလဲ”
ရှုရှင်းလန်လည်း ရုတ်တရက် မော့ကြည့်လိုက်၏။
သို့သော် လီရှန်း၏ မျက်နှာတွင် မည်သည့်အရာကိုမှမသိသည့် ဗလာကျင်းနေသော အမူအရာကိုသာ တွေ့လိုက်ရပေသည်။ ကျန်းကျိ၏ ရောဂါလက္ခဏာများကို လီရှန်း အမှန်တကယ် မသိသကဲ့သို့ပင်။
“ရောဂါ ထကြွလာတာလေ”
စုဝေ့ချင်း၏ အမူအရာက တည်ကြည်လေးနက်နေခဲ့၏။
ဝက်ရူးပြန်လူနာတစ်ဦး ရောဂါထဖောက်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
လီရှန်းမှာတော့ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး ကျန်းကျိ၏ ခြေလက်လေးများ မထိန်းနိုင်ဘဲ တုန်ခါနေသည်ကို စိတ်မသက်မသာနှင့်သာ ကြည့်နေခဲ့မိလေ၏။
သူ၏ရောဂါက လျှင်မြန်စွာထပြီး လျှင်မြန်စွာပင် ပြန်ငြိမ်သွားခဲ့သည်။ စတင်ဖြစ်ပွားချိန်မှ လုံးဝ ငြိမ်သက်သွားချိန်အထိ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့၏။
ကလေး ငြိမ်သွားသည့်အချိန်မှသာ လော်ယွီရှို့က မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အမောတကော အသက်ရှူနေခဲ့ရသည်။
ကလေးက ငယ်သေးသော်လည်း သူမအနေဖြင့် အတင်းအကျပ် ဖိနှိပ်ထားရန် မဝံ့ရဲပါချေ။ ထိုသို့ပြုလုပ်ပါက အရိုးအဆစ်လွဲခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများကို အလွယ်တကူ ဖြစ်ပေါ်နိုင်ပေ၏။
ရှုရှင်းလန်မှာတော့ လီရှန်း ပေါ်လာကတည်းက သူမကို အကဲခတ်နေခဲ့၏။ သို့သော် သူမ အကဲခတ်လေလေ ပို၍ ဇဝေဇဝါဖြစ်လေလေ ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းကျိ ရောဂါထနေသည်ကို မြင်ရသည့် လီရှန်း၏ မျက်လုံးများမှာ အမှန်တကယ်ပင် မရင်းနှီးသော ပုံစံမျိုး ဖြစ်နေသောကြောင့်ပင်။
သူမအနေဖြင့် ဤရောဂါကို ကုသပေးနိုင်သည့် ဆရာဝန်မဟုတ်လျှင်ပင် ထိုကဲ့သို့သော အပြုအမူမျိုး ရှိမနေသင့်ပါချေ။
ဒါဆိုရင်...
သူမ တကယ်ပဲအထင်လွဲနေခဲ့တာ လား။
ဒါပေမဲ့ လီလင်းရဲ့ သွေးခုန်နှုန်းကို စမ်းပေးနေတာကို သူမ သေသေချာချာ မြင်ခဲ့ရတာလေ။
ရှုရှင်းလန်မှာ ဖြူဖျော့နေသော မျက်နှာနှင့် ကလေးကို ပွေ့ချီကာ အိမ်သို့ ပြန်သွားခဲ့၏။ လော်ယွီရှို့က ကလေးကို စက်ရုံဆေးရုံသို့ ခေါ်သွားရန် အကြံပြုခဲ့ပေသည်။
စက်ရုံဆေးရုံမှာ သေးငယ်သော်လည်း ထိုနေရာရှိ ဆရာဝန် နှစ်ဦးလုံးမှာ ဝါရင့် ဆရာဝန်ကြီးများ ဖြစ်ကြပေသည်။ သို့သော် ရှုရှင်းလန်က စက်ရုံဆရာဝန်များကို မယုံကြည်သကဲ့သို့၊ ကလေးကို ထိုသို့ခေါ်သွားလျှင် အတင်းအဖျင်းများ ထွက်ပေါ်လာမညာကိုလည်း စိုးရိမ်နေခဲ့၏။
သူမက ခေါင်းခါကာ ငြင်းဆိုလိုက်ပြီး မှိုင်တွေနေသော ကျန်းကျိကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
*