← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (204)

သူမ ထွက်သွားသည်ကို ကြည့်ရင်း လီရှန်းက သက်ပြင်းချလိုက်မိသည်။

“ တကယ် သနားစရာပဲ”

“ ရှုရှင်းလန်ကလား”

လော်ယွီရှို့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမအနေဖြင့် ရှုရှင်းလန်က စုချန်ကို တွန်းထုတ်ခဲ့သည့်အပေါ် မကျေမနပ် ဖြစ်နေဆဲပင်။

“ကလေးကို ပြောတာပါ အမေ”

သူမအနေဖြင့် ရှုရှင်းလန်အပေါ်တွင်မူ မည်သည့်သနားစိတ်မျှ မရှိပါချေ။

ရှုရှင်းလန်မှာ မကောင်းသော ရည်ရွယ်ချက်များနှင့် သူမ၏အနားသို့ အမြဲကပ်နေတတ်သဖြင့် သူမ အလွန်ပင် မုန်းတီးမိပေသည်။

ရှုရှင်းလန်၏ အထူးအဆင့်အတန်းကြောင့်နှင့်၊ သူမက ပြင်းထန်သော အပြုအမူများ မလုပ်ဆောင်သေးခြင်းကြောင့် လီရှန်းအနေဖြင့် သိသာစွာ ရှောင်လွှဲ၍ မရသကဲ့သို့ အလွန်အကျွံ သတိထားနေ၍လည်း မရဖြစ်နေခဲ့သည်။

ရှုရှင်းလန်က အခြေအနေကို ပြောင်းပြန်လှန်ကာ သူမကို ကြည့်မကောင်းသည့် လှည့်ကွက်များ လုပ်မည်ကိုစိုးရိမ်သောကြောင့် မည်သည့် လှည့်ကွက်ကိုမျှ မသုံးရဲပါချေ။

လီရှန်းက ကလေးကို သနားခြင်းဖြစ်ကြောင်း ပြောလာမှသာ လော်ယွီရှို့က ချက်ချင်းပင် ထောက်ခံစွာ ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါရဲ့၊ ကလေးကတော့ တကယ်ကိုသနားစရာကောင်းပါတယ်”

“တကယ်တော့ အမှန်အတိုင်း ပြောရရင် လောင်ကျန်းတို့ဇနီးမောင်နှံက အတော်လေး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာ၊ ဒီကလေးကလည်း ငယ်ငယ်လေးနဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရတာလေ၊

လောင်ကျန်းတို့ဇနီးမောင်နှံက သူ့ကို ကျွေးမွေးဖို့အတွက် တစ်ပြားချင်းစီ စုဆောင်းခဲ့ကြရတာ၊ အဲဒီတုန်းက သူတို့ အတော်လေး ဒုက္ခရောက်ခဲ့ကြတယ်

လောင်ရန် သူတို့ကို ရှာတွေ့တုန်းကဆို ကလေးက အဖျားတွေ အကြီးအကျယ် တက်နေပြီး သေတော့မယ့်အခြေအနေဖြစ်နေတာတဲ့၊ လောင်ရန်က ကလေးကို ပေကျင်းက ဆေးရုံကြီးတစ်ခုကို ခေါ်သွားပေးလို့သာ အသက်ရှင်ခဲ့ရတာပ”

ဤကဲ့သို့သော အခြေအနေများကြောင့်ပင် မူလက အနည်းငယ်မျှသာရှိသော ကလေး၏ရောဂါအခြေအနေမှာ ယနေ့ကဲ့သို့ ပြင်းထန်သော အဆင့်သို့ဖြစ်လာကာ ပိုမိုဆိုးရွားသွားခဲ့ရခြင်း ဖြစ်ပေသည်။

“ကလေးရဲ့အဖေက ဘယ်မှာလဲ”

ကျန်းကျိ၏မိခင်မှာ မီးဖွားချိန်က ဆုံးပါးသွားခဲ့ကြောင်း လီရှန်း ကြားသိထားပြီး ဖြစ်ပေသည်။

လော်ယွီရှို့က သက်ပြင်းချကာ ခေါင်းခါပြလိုက်၏။

“ငါလည်း တစ်ခါမှ မကြားမိပါဘူး၊ လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်တုန်းက တစ်မိသားစုလုံး ဟောင်ကောင်ကို သွားကြပေမဲ့ ပြန်လာတဲ့အချိန်မှာ ကျန်းကျိရဲ့အဖေက သင်္ဘော မမီလိုက်ဘဲ ကျန်ရစ်ခဲ့တယ်လို့ပဲ ကြားဖူးတာ”

ဤကဲ့သို့သော နောက်ခံမျိုးနှင့်ဆိုလျှင်...

ကျန်းရိကော်မှာ သူ၏ ရာထူးမှ မဆင်းပေးရချိန်ကတည်းက နိုင်ငံရေးအရ အရေးယူ ဖယ်ရှားခြင်းခံခဲ့ရဖွယ်ရှိကြောင်း ခန့်မှန်းရန် လွယ်ကူလှပေသည်။

“ဟူး...”

လီရှန်း သက်ပြင်းချလိုက်မိသည်။

သူမ၏ရင်ထဲတွင် လေးလံသွားရလေ၏။

ချွေးမဖြစ်သူ၏ ဒေါသထွက်ဝမ်းနည်းနေသော မျက်နှာကို မြင်လျှင် လော်ယွီရှို့က စုချန်ကို သူမ၏အနားသို့ ဆွဲခေါ်လိုက်ပြီး မေးလိုက်သည်။

“ကောင်းပြီ... ဒါတွေကို ဆက်မပြောကြနဲ့တော့၊ ရှောင်ချန်..ခုနက တစ်ခုခု ထိခိုက်မိသေးလား”

ယခုအချိန်အထိ စကားတစ်လုံးမျှ မပြောသေးသော စုချန်က ခေါင်းခါပြလိုက်လေ၏။ သူ၏မျက်နှာမှာ ကျန်းကျိ၏ ရောဂါထဖောက်မှုကို မြင်ခဲ့ရသဖြင့် ထိတ်လန့်နေဆဲဖြစ်ကာ အတန်ငယ် ဖြူဖျော့နေခဲ့ပေသည်။

သူက ခေါင်းမော့ကြည့်လိုက်ပြီး လော်ယွီရှို့အား မေးရှာ၏။

“အဘွား၊ ရှောင်ချုံ သေသွားမှာလားဟင်၊ သူက အရမ်းနေမကောင်းဖြစ်နေတာ”

ကလေးငယ်၏ ကိုယ်ခန္ဓာကတုန်ယင်နေသည့်ပုံအရ စုချန်၏ နုနယ်သော စိတ်ကို များစွာထိတ်လန့်သွားစေခဲ့ပုံရသည်။

“သူ မသေပါဘူး၊ ဒါပေမဲ့ သူ တစ်ဘဝလုံး ဒီလိုပဲ ဖြစ်နေတော့မှာ”

စုဝေ့ချင်းက ကလေးများကို လိမ်ညာပြောဆိုတတ်သည့် မိဘမျိုး မဟုတ်ပါချေ။ သူသည်က စုချန်အား ဝက်ရူးပြန်ရောဂါအကြောင်းကို ‘သိုးဝက်ရူးပြန်’ ဟု ပို၍ ချဲ့ကားပြောဆိုခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းမျိုးမလုပ်ဘဲ အသေးစိတ် ရှင်းပြပေးလိုက်သည်။

ထိုသို့ ရှင်းပြလိုက်လျှင်ပင် စုချန်က အလွန် တုန်လှုပ်နေခဲ့၏။

“ဒါက တကယ်ပဲ ကုလို့မရတာလားဟင်”

“အင်း၊ စိတ်မကောင်းပေမဲ့ လက်ရှိ ဆေးပညာနဲ့ ကုလို့ မရသေးဘူး”

စုချန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

“ဒါဆိုရင် ကျွန်တော် စာအရမ်းကြိုးစားမယ်၊ နောက်ပိုင်းကျရင် ဆရာဝန်ဖြစ်အောင် လုပ်ပြီး ဒီလိုရောဂါမျိုးတွေကို သေသေချာချာ ကုပေးမယ်”

သူက လက်သီးကို တင်ကြပ်စွာအောင် ဆုပ်လိုက်၏။ ကလေးငယ်၏ စကားသံထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ကိန်းအောင်းနေခဲ့ပေသည်။

ဤအခိုက်အတန့်တွင် လော်ယွီရှို့မှာတော့ ထိုစကားကို ကလေးတစ်ယောက်၏စကားအဖြစ်သာ မှတ်ယူထားပေသည်။

သူမက စုချန်၏ ကျောကို ပုတ်ပေးလိုက်သည်။

“ကောင်းပြီ... ဒေါက်တာစု၊ ဘယ်လောက်ပဲ စာကြိုးစားချင်နေပါစေ အရင်ဆုံးတော့ ထမင်းစားရဦးမယ်လေ ဟုတ်ပြီလား”

ယခုခေတ်ကာလတွင် ဆရာဝန်လုပ်ရခြင်းက ကောင်းမွန်သော အလုပ်တစ်ခုတော့ မဟုတ်ပါချေ။

စုဝေ့ချင်းကမူ စုချန်အား လက်မထောင်ပြလိုက်ပြီး ပြောလိုက်သည်။

“ဦးလေးက မင်းကို ထောက်ခံတယ်”

“တတိယအဒေါ်ကလည်း ထောက်ခံတယ်”

လီရှန်းက စုချန်၏ ပုခုံးကို ကိုင်လိုက်ပြီး ခေါင်းငုံ့ကာ တိုးတိုးလေး မေးလိုက်သည်။

“တတိယအဒေါ်ကို ပြောပြပါဦး၊ ခုနက ကျန်းကျိ ဘာဖြစ်သွားတာလဲ”

စုချန်မှာ ငယ်သော်လည်း အလွန်ပင် ဉာဏ်ကောင်းပြီး စကားပြောရာတွင်လည်း အချက်ကျကျပြောနိုင်ပေသည်။

ကလေးသုံးယောက်က စက္ကူဖားရုပ်လေးများနှင့် ဆော့ကစားနေကြခြင်း ဖြစ်၏။ ကျန်းကျိမှာ ကစားနေရင်းဖြင့် မတော်တဆ စက္ကူဖားရုပ်၏ ခြေထောက်တစ်ဖက်ကို ဆွဲဖြဲမိသွားခဲ့၏။

ရှောင်ကျွင့်က အနည်းငယ် စိတ်မကောင်းဖြစ်သွားသဖြင့် ကျန်းချုံ၏ လက်ထဲမှ ဖားရုပ်ကို ပြန်လည်လုယူခဲ့ပေသည်။ ကျန်းကျိမှာ ရှောင်ကျွင့်ထက် အသက်ပိုကြီးသော်လည်း သူငယ်ချင်း တစ်ခါမျှ မရှိခဲ့ဖူးပါချေ။

သူငယ်ချင်းနှစ်ယောက်နှင့် အတူဆော့ရသောကြောင့် သူ အလွန်ပင် ပျော်ရွှင်နေခဲ့မိလေ၏။ သူ၏ကစားစရာ အလုခံရသည့်အချိန်တွင်ပင် မည်သည်ကိုမှ ပြန်မပြောရဲဘဲ တောင်းပန်စကားများသာ အဆက်မပြတ် ပြောနေခဲ့သည်။

သူက တောင်းပန်နေရင်း လမ်းတစ်ဝက်မှာတင် ရောဂါထဖောက်ခဲ့ခြင်း ဖြစ်၏။

ဝက်ရူးပြန်ရောဂါမှာ ပြင်းထန်သော စိတ်လှုပ်ရှားမှုများကြောင့် ရုတ်တရက် ထဖောက်နိုင်ကြောင်း လီရှန်း သိရှိထားသည်။

မိသားစုဝင်များက လေးလံသော စိတ်များဖြင့် အိမ်ထဲသို့ ပြန်ဝင်ခဲ့ကြလေ၏။ ထိုအချိန်တွင်စုဝေ့မင်က အပြင်သို့ ထွက်လာခဲ့သည်။

“အပြင်မှာ ဘာတွေ ဆူညံနေတာလဲ၊ ဘာဖြစ်ကြလို့လဲ”

“ကျန်းကျိ ရောဂါထတာလေ၊ ရှုရှင်းလန် ဖြစ်ပျက်နေတာကို ကြည့်ပြီး ကျွန်မ တကယ်ပဲ စိတ်မကောင်းဘူး”

လော်ယွီရှို့အနေဖြင့် စိတ်အေးသွားသည့်အချိန်တွင် ရှုရှင်းလန်က သနားစရာ ကောင်းကြောင်းတွေးတောမိကာ ပြောလာခဲ့သည်။

“သူ ဒီနေ့ ဘာလို့ ရောက်နေတာလဲ”

ကျန်းကျိရောဂါထကြောင်းကို ကြားရလျှင် စုဝေ့မင် မျက်မှောင်ကြုတ်သွား၏။ သို့သော် ကလေးက မည်မျှပင် သနားစရာကောင်းနေလျှင်ပင် သူသည်က ရှုရှင်းလန်အပေါ်တွင် သတိလက်လွတ်နေမည် မဟုတ်ပါချေ။

“ရှောင်ကျွင့်ရဲ့ ရေကျောက်အကြောင်း လာမေးတာတဲ့၊ ကျန်းကျိရဲ့ ကျောပေါ်မှာ အဖုအပိမ့်လေးတွေ ထွက်နေလို့ ရေကျောက်လားဆိုပြီး ကျွန်မကို လာပြတာလေ၊ ကျွန်မကြည့်ရသလောက်တော့ ရေကျောက် မဟုတ်ပါဘူး၊ ဓာတ်မတည့်တာနဲ့ ပိုတူတယ်”

လော်ယွီရှို့က ကလေးနှစ်ယောက်နှင့် စကားပြောရန် ဆောင့်ကြောင့်ထိုင်နေသော သူမ၏သားနှင့် ချွေးမကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ဘာကြောင့်လဲတော့ မသိဘူး၊ စကားပြောရင်းနဲ့ ရှန်းရှန်းရဲ့ အကြောင်းဘက်ကို ရောက်လာတယ်၊ ရှင်ပြောတာတွေက မှန်နိုင်လိမ့်မယ်လို့ ကျွန်မထင်မိတယ်၊

တကယ်လို့ အဲဒါက တကယ်သာ မှန်ခဲ့မယ်ဆိုရင် လောင်ကျန်းရော ဒါကို သိနေတာလား၊ ဒါမှမဟုတ်... ကျန်းရိကော်ကိုယ်တိုင် ဒီထဲမှာ ပါဝင်နေမလား”

စုဝေ့မင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်ခုံးကို ပြင်းပြင်းထန်ထန် တွန့်ချိုးလိုက်၏။

“မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ငါတို့ အရင်ဆုံး သိအောင် လုပ်ရမယ်”

စစ်ဆင်ရေးများတွင်ကဲ့သို့ပင်။ သင့်တော်သော တန်ပြန်အစီအမံများ ပြုလုပ်နိုင်ရန်အတွက် ရန်သူ၏ ပန်းတိုင်ကို သိရှိရန် လိုအပ်သည် မဟုတ်ပါလား။

သို့မဟုတ်ပါက မည်သည့်အရာကိုမှမသိဘဲ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြစ်နေလိမ့်မည်။ ပြင်ဆင်မှုများအားလုံးကို ပြုလုပ်ပြီးမှ မှားယွင်းသော နေရာကို ကာကွယ်မိသည့်အတွက် အရေးသာမှုများကို ဆုံးရှုံးကာ ထိခိုက်နစ်နာမှုများ ကြုံရနိုင်ပေသည်။ သို့ဆိုပါက အတော်လေး မတရားရာရောက်ပေလိမ့်မည်။

ကလေးနှစ်ယောက်မှာတော့ အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ကြရပေသည်။

လီရှန်းနှင့် စုဝေ့ချင်းတို့က သူတို့ကို အချိန်အတော်ကြာအောင် နှစ်သိမ့်ပေးခဲ့သော်လည်း၊ သူတို့အနေဖြင့် ညစာကို များများစားစား မစားနိုင်ကြပါချေ။

ဝူလီမှာ ယနေ့ အလုပ်ဆင်းချိန်တွင် သိုလှောင်ရုံရှိ ပစ္စည်းစာရင်းများကို စစ်ဆေးရသည့်အတွက် အိမ်သို့ အတော်လေး နောက်ကျမှ ပြန်ရောက်လာခဲ့၏။

သူမ ကလေးကို လာကြိုသည့်အချိန်တွင် ရှောင်ကျွင့်က နုံးခွေနေပြီး အိပ်ချင်နေခဲ့ချေပြီ။

“ရှောင်ကျွင့် ဘာဖြစ်လို့လဲ”

ဝူလီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ပုံမှန်အားဖြင့် ရှောင်ကျွင့်တို့မှာ ဤအချိန်တွင် အလွန်ပင် တက်ကြွနေတတ်သည် မဟုတ်ပါလား။

“ကလေး လန့်သွားလို့ပါ”

လီရှန်းက အကျဉ်းချုံး ရှင်းပြလိုက်သော်လည်း ဝူလီက မျက်မှောင်ကို ပို၍ ကြုတ်လိုက်ပြီး ရန်လိုသော လေသံဖြင့် ပြောလာသည်။

“အဲဒီတစ်ယောက်ကလည်း တကယ်ပါပဲ၊ ကိုယ့်ကလေးက ဘယ်လိုအခြေအနေလဲဆိုတာ သူ မသိဘူးလား၊ နေမကောင်းရင် အိမ်မှာပဲ မနေနိုင်ဘူးလား”

ဤကဲ့သို့ စိုးရိမ်တကြီး ဖြစ်နေပုံအရ သူမသည်င ကလေးနှစ်ယောက်ကို အမှန်တကယ်ပင် ဂရုစိုက်နေပြီဖြစ်ကြောင်း သိသာပေသည်။

သူမက ပြောနေရင်းဖြင့် ရှောင်ကျွင့်ကို ပွေ့ချီလိုက်၏။

ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် စုချန်၏ လက်ကို ဆုပ်ကိုင်ကာ လူကြီးနှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ကလေးနှစ်ယောက်ကို အိမ်သို့ ခေါ်ဆောင်သွားလေတော့သည်။

လော်ယွီရှို့မှာတော့ ဝူလီမှ သူမအား ကလေးကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်သောကြောင့် အပြစ်တင်သွားသည်ဟု ခံစားရသဖြင့် အနည်းငယ် စိတ်မကြည်မလင် ဖြစ်သွားရ၏။

စုဝေ့မင်က နှစ်သိမ့်စကား အနည်းငယ် ပြောပေးခဲ့သော်လည်း သူမ၏ စိတ်အခြေအနေက ကောင်းမွန်မလာခဲ့ဘဲ၊ ထိုညတစ်ညလုံး အိမ်တွင်းလေထုမှာ အတော်လေး လေးလံနေခဲ့ပေသည်။

နောက်ပိုင်းရက်များတွင် လီရှန်းက ရှုရှင်းလန်အား အာရုံစိုက်ခြင်းကို ရပ်ဆိုင်းလိုက်ပြီး ပုံမှန်အတိုင်း အလုပ်ဆင်း၊ အိမ်ပြန် လုပ်ဆောင်နေခဲ့၏။

နေ့ဘက်တွင် သူမက ရုံးခန်းထဲ၌သာ နေထိုင်ကာ အချက်အလက်များကို ဖတ်ရှုနေတတ်ပြီး ဆေးပညာကို လေ့လာနေခဲ့သည်။

လီရှန်းမှ လက်တွေ့ကုသမှုပိုင်းကို အလွန်စိတ်ဝင်စားနေကြောင်းကို အစ်မလျို့ သတိပြုမိသည့်အချိန်တွင် သူမ ကျောင်းတက်ချိန်က ဖတ်ခဲ့ဖူးသော စာအုပ်များအားလုံးကို ထုတ်ပေးခဲ့လေသည် ။

“တချို့အချက်အလက်တွေက လျှို့ဝှက်ချက်တွေ ရှိနေတယ်၊ အခုက မင်းအပေါ်မှာ သံသယတွေ ရှိနေသေးတဲ့ အချိန်ဆိုတော့ ဒီစာအုပ်တွေကိုပဲ အရင်ဖတ်ထားလိုက်ပါဦး”

*

All Chapters