အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း (205)
အစ်မလျို့အနေဖြင့် ကျိုးကြောင်းဆင်ခြင်မှုအရဖြစ်စေ၊ သံယောဇဉ်အရဖြစ်စေ လီရှန်းက အပြစ်ကင်းစင်သူဖြစ်ကြောင်း ယုံကြည်ထားပေသည်။
သို့သော်လည်း ကြီးမားသော အမှားတစ်ခုကို မကျူးလွန်မိစေရန် သတိထားခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။ သတိရှိရှိ နေထိုင်ခြင်းမှာ အမြဲတစေ ကောင်းမွန်သော အရာပင် ဖြစ်ပေသည်။
လီရှန်းသည်လည်း အစ်မလျို့၏ စိုးရိမ်မှုကို နားလည်ပေးနိုင်၏။ သူမ မလောပါချေ။ ကံကောင်းထောက်မစွာဖြင့် အစ်မလျို့ ပေးသော စာအုပ်များမှာ သူမ လိုချင်နေသည့် အရာများနှင့် ထပ်တူကျနေခဲ့သည်။
ထို့ကြောင့် စိတ်ကို တည်ငြိမ်အောင် ထားကာ အချက်အလက်များကိုသာ ဆက်လက် လေ့လာနေခဲ့ပေသည်။
သူမကဘ နေ့လယ်စာ စားရန်အတွက်လည်း ထမင်းစားဆောင်သို့ မသွားတော့ဘဲ၊ ဌာနဝင်းထဲတွငရှိနေသော အစ်မလျို့၏ အိမ်မှာပင် သွားရောက် စားသောက်ခဲ့၏။
ထို့နောက် အလုပ်ဆင်းချိန်အထိ ရုံးခန်းထဲ၌သာ ရှိနေတတ်ပြီး စုဝေ့ချင်းက သူမကို လာရောက်ကြိုဆိုလေ့ရှိသည်။
ညနေဘက်တွင်လည်း အိမ်ထဲသို့ ရောက်ရှိသွားသည့် အချိန်မှစ၍ အပြင်သို့ ထပ်မံ ထွက်လာခြင်း မရှိတော့ပါချေ။
အခြေအနေကို မသိသောသူများကတော့ ထိုလူငယ်ဇနီးမောင်နှံမှာ သံယောဇဉ်အလွန်ကြီးမားကြသည်ဟုသာ ထင်မှတ်နေကြသော်လည်း၊ အမှန်တကယ် သိရှိသူများအနေဖြင့် လီရှန်းက စောင့်ကြည့်စစ်ဆေးခံနေရခြင်းဖြစ်ကြောင်း သိကြပေသည်။
အဒေါ်ကြီးမာမှာ ရက်ပေါင်းများစွာ ဆက်တိုက် ထိုဇနီးမောင်နှံအတူတကွ အဝင်အထွက်ပြုလုပ်နေကြသည်ကို မြင်ရသည့်အချိန်တွင် မနေနိုင်တော့ဘဲ တီးတိုးဆဲဆိုလိုက်မိ၏။
“တကယ့်ကို အရှက်မရှိတဲ့ဟာတွေ”
“စကားနည်းနည်းလောက် လျှော့ပြောစမ်းပါ”
လောင်မာက လက်ထဲမှ စာရွက်စာတမ်းများကို ချလိုက်ပြီး အဒေါ်ကြီးမာကို ဆူပူလိုက်၏။
ထို့နောက် သူက သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ၊ စုမိသားစုက သားငယ်နဲ့ သူ့မိန်းမက ဒီရက်ပိုင်း နေ့တိုင်း အတူတူပြန်လာနေကြလို့လား”
“အဲဒါပဲလေ”
အဒေါ်မာက နှာခေါင်းရှုံ့လိုက်ရင်း ပြောလာသည်။
“စုမိသားစုရဲ့ အိမ်က ဘယ်လို ဖုန်းရွှေမျိုး ရှိနေလဲ မသိပါဘူး၊ ဝေ့ဟိုင်ရဲ့ ပထမမိန်းမတုန်းကတော့ အေးအေးဆေးဆေး ရှိသားပဲ၊ အခု ဒီချွေးမတွေကျတော့ တစ်ယောက်မှ အရိုးမပါကြဘူး၊ ယောက်ျားမရှိရင် မနေနိုင်တဲ့အတိုင်းပဲ”
“မင်းကတော့ တစ်နေ့နေ့ အဲဒီပါးစပ်ကြောင့်ပဲ ဒုက္ခရောက်တော့မှာ၊ သိက္ခာလေး ဘာလေးထားပြီး နေပါဦး”
လောင်မာက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး စာရွက်စာတမ်းများကို ပြန်ကြည့်နေခဲ့၏။ အတန်ကြာမှ သူက ရုတ်တရက် မော့ကြည့်ကာ မေးလိုက်သည်။
“ဒါနဲ့... မင်းတို့ အလုပ်ရုံက ပုတီလန်ကို အခုထိ ထုတ်နေတုန်းပဲလား”
“ထုတ်တာပေါ့၊ ဆေးက အရမ်းအစွမ်းထက်တာကိုး၊ ဒီတစ်ခါ ရေကျောက်ဖြစ်တာက တော်တော်လေး ပြင်းတာလေ”
သူမ၏ လေသံထဲတွင် အံ့ဩချီးကျူးမှုများ ပါဝင်နေခဲ့သည်။
“ဒီလို သစ်ဥသစ်ဖု နည်းနည်းလောက်က ရေကျောက်ကို တကယ် ပျောက်ကင်းစေနိုင်တယ်ဆိုတာ ဘယ်သူက ယုံမှာလဲ”
“ဒီဆေးက သစ်ဥသစ်ဖု နည်းနည်းလောက်ပဲပါမယ်လို့ မင်း တကယ် ထင်နေတာလား”
လောင်မာက သူမကို မျက်လုံးလှန်ကြည့်လိုက်၏။
“စက်ရုံက ကျွန်မတို့ ဝန်ထမ်းတွေရဲ့ နောက်ကွယ်မှာ တစ်ခုခုကိုလျှို့ဝှက်ပြီး ထည့်ထားတာများလား”
လောင်မာက စကား ဆက်မပြောတော့ပါချေ။
သူ ကြံစည်တွေးတောနေသည်မှာလည်း ထိုအချက်ပင် ဖြစ်ပေသည်။
အကယ်၍ သစ်ဥသစ်ဖုအနည်းငယ်နှင့်သာ ရေကျောက်ကို ပျောက်ကင်းနိုင်မည်ဆိုလျှင်၊ အတိတ်ကာလက အဘယ်ကြောင့် လူများစွာသေဆုံးခဲ့ကြရမည်နည်း။
ထို့ကြောင့် ဆေးဝါးစက်ရုံမှ အလုပ်သမားများ မသိအောင် တစ်ခုခုကို လျှို့ဝှက်စွာ ထည့်သွင်းထားခြင်း ဖြစ်ရမည်ဟု သူ ယူဆနေခဲ့ပေသည်။
*
မတ်လကုန်ပိုင်း။
နင်ရှပြည်နယ်အစိုးရမှ ရေကျောက် ကပ်ရောဂါ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ ထိုသတင်းကို အသံချဲ့စက်မှတစ်ဆင့် တစ်နေ့လုံး ထုတ်လွှင့်နေခဲ့သည်။
စုဝေ့ချင်းသည်လည်း သူ၏ စာရေးသားနိုင်သော အရည်အချင်းကို အသုံးချကာ ပြည်နယ်သတင်းစာသို့ ဆောင်းပါးတစ်စောင်ကို အမြန်ဆုံး ပေးပို့ခဲ့၏။ ထိုဆောင်းပါးတွင် ဤကပ်ရောဂါကို လူထုမှစည်းလုံးစွာ တိုက်ပွဲဝင်ခဲ့သည့် “စစ်ပွဲ” တစ်ခုအဖြစ် ဖော်ပြထားပြီး၊ “လူထုတိုက်ပွဲ”တွင် နောက်ထပ် ကြီးမားသော အောင်ပွဲတစ်ခုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့ပေသည်။
ထိုဆောင်းပါးမှာ ပုံနှိပ်ထုတ်ဝေပြီးသည်နှင့် ထောင်ပေါင်းများစွာသော အိမ်ထောင်စုများထံသို့ ရောက်ရှိသွားခဲ့၏။
လူကြီး၊ လူငယ် အားလုံးမှာလည်း ရေကျောက်ကပ်ရောဂါ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သိရှိရသည့်အချိန်မှသာ သက်ပြင်းချနိုင်ကြတော့သည်။
ရေကျောက်ဆိုသည်မှာ အသက်အန္တရာယ် မရှိနိုင်သော်လည်း၊ အလွန်ပင် စိတ်မသက်မသာ ဖြစ်ရသော ရောဂါဖြစ်ပေသည်။
ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်းများကို ထားဦး၊ တစ်ကိုယ်လုံး ရေကျောက်ဖုများနှင့် ပြည့်နှက်နေတတ်ပေ၏။ အထူးသဖြင့် မျက်နှာတွင် ဖြစ်ပေသည်။
ထိုရေကျောက်မှာ အလွန်ပင် နာကျင်ယားယံသောကြောင့် သည်းခံရန် ခက်ခဲလွန်းပေသည်။ အဆိုးဆုံးမှာ ထိုအဖုများကို မကုပ်မိရန်သတိထားနေရပြန်သည်။
အကယ်၍ ရေကြည်ဖုများ ပေါက်ထွက်သွားပါက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်လိမ့်မည်ပင်။
မည်သည့်အချိန်တွင်မဆို ရုပ်ရည်သွင်ပြင်မှာ အရေးကြီးသည် မဟုတ်ပါလား။
ဥပမာအားဖြင့် အိမ်ထောင်ဖက် ရှာဖွေသည့်အချိန်တွင် အခြေအနေချင်း တူညီနေပါက မိန်းကလေးတိုင်းမှာ ခန့်ညားချောမောသော လူငယ်ကိုသာ ပို၍ သဘောကျကြလိမ့်မည်။
“အရမ်းအလုပ်ရှုပ်တာပဲ၊ ရောဂါတွေမရှိတော့လို့ လူတွေက ရူးနေတဲ့အတိုင်းပဲ အကုန်လုံး တစ်ပြိုင်တည်း ရောက်လာကြတာ”
ဝူလီက အိမ်ကိုရောက်လာပြီးနောက် ညည်းညူလိုက်ခေ၏။ သို့သော်လည်း သူမ၏ နှုတ်ခမ်းထောင့်များမှာတော့ အပေါ်သို့ ကွေးတက်နေခဲ့ပေသည်။
ကုန်တိုက်တွင် အလုပ်များနေခြင်းက သူမအတွက်တော့ သတင်းကောင်းပင် ဖြစ်ပေသည်။
လီရှန်းကတော့ လက်ထဲမှ စကတ်ကို ကိုင်ထားရင်း ခေါင်းပင်မဖော်ဘဲ ပြနာပြောခဲ့သည်။
“လူစည်တာ ကောင်းတာပေါ့၊ လမ်းမတွေပေါ်မှာလည်းပြန်ပြီး စည်ကားလာကြပြီ”
“အမှန်ပဲ၊ သုံးရက်အတွင်းမှာတင် သိုလှောင်ရုံက ပစ္စည်းတွေ အကုန်ပြောင်သွားတာလေ၊ မနေ့ညကမှ နောက်ထပ် ကုန်တင်ကား နှစ်စီး ထပ်ရောက်လာတယ်၊ ကြည့်ရတာ အကုန်လုံး ပစ္စည်းကောင်းတွေချည်းပဲ”
ဝူလီက ပြုံးရွှင်စွာ ပြောဆိုရင်း သူမ၏အိတ်ထဲမှ အဖြူရောင် စွပ်ကျယ် နှစ်ထည်ကို ထုတ်ပြလိုက်သည်။
“ကြည့်လိုက်၊ ဒါက နင့်အစ်ကိုကြီးအတွက် ဝယ်လာတာ”
“အသားက တကယ်ကောင်းတာပဲ”
လီရှန်းက နှစ်ချက်မျှ ပုတ်ကြည့်လိုက်ပြီး တောင်းဆိုလိုက်သည်။
“ယောက်မ၊ ဝေ့ချင်းအတွက်လည်း နှစ်ထည်လောက် ရှာပေးပါဦး”
“ရတာပေါ့၊ မနက်ဖြန် အလုပ်သွားရင် သိုလှောင်ရုံမှာ ကြည့်လိုက်ဦးမယ်၊ ‘အနာအဆာပါတဲ့ ပစ္စည်း’တွေ ရှိရင်တော့ ပိုကောင်းတာပေါ့၊ ပိုရင် အဖေ့အတွက်ပါ နှစ်ထည်လောက် ယူခဲ့ပေးမယ်”
အနာအဆာပါတဲ့ပစ္စည်းလား။
ထိုစကားလုံးကို ကြားလိုက်ရသည့်အချိန်တွင် လီရှန်း၏ မျက်ဝန်းများထဲတွင် နက်နဲသော အဓိပ္ပာယ်များ ပြည့်နှက်သွားခဲ့၏။
ယခုခေတ်ကာလတွင် လူတိုင်းက သတ်မှတ်လစာကိုသာ ရရှိကြသည်။ သို့သော်လည်း အရောင်းဝန်ထမ်းတိုင်းတွင် အနာအဆာပါသော ပစ္စည်းများကို ရှာဖွေနိုင်သည့် ကိုယ်ပိုင်နည်းလမ်းများ ရှိကြပေသည်။
ထိုအနာအဆာဖြင့်ပစ္စည်း ဝယ်သူနည်းပါးသောကြောင့် စျေးပို၍သက်သ်နိုင်သည်။ ပစ္စည်းနည်းသည့် အချိန်တွင် ထိုကဲ့သို့သော ပစ္စည်းများကိာလည်း ဝယ်ယူလိုကြသော်လည်း ယခုကဲ့သို့ ဝယ်လိုအား တက်လာပြီး ပစ္စည်းအသစ်များ ရောက်လာချိန်တွင်တော့ စိတ်ဝင်စားသူနည်းပါးလာလေပြီ။
ဝူလီအနေဖြင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမှာပင် အနာအဆာပါသော ပစ္စည်းအတော်များများကို ရှာတွေ့ထားခဲ့၏။
သူမက လီရှန်းအတွက်ဝတ်စုံတစ်ထည်ယူလာခဲ့ပြီး ကလေးနှစ်ယောက်အတွက်လည်း လက်တိုအင်္ကျီနှင့် ဘောင်းဘီတိုနှစ်စုံစီကိုပါ ချုပ်လုပ်ပေးထားခဲ့လေ၏။ သူတို့၏ နွေရာသီ ဝတ်စုံများက တစ်ကြိမ်တည်းဖြင့် ပြည့်စုံသွားခဲ့ချေပြီ။
“ဒါနဲ့ ရှောင်လီ၊ ဒီအပတ် ပိတ်ရက်မှာ နင့်မိဘတွေရဲ့အိမ်ကို ပြန်ဦးမှာလား”
အရာအားလုံး သိမ်းဆည်းပြီးနောက် ဝူလီက မေးလိုက်၏။
“ဘာလို့လဲ”
လီရှန်းက သူမ၏ စကတ်ကို ပြန်ချလိုက်၏။ ရှုရှင်းလန်၏ပြဿနာများ မပြေလည်မချင်း သူမအနေဖြင့် ဆေးဝါးစက်ရုံမှ ထွက်သွားမည် မဟုတ်ပါချေ။
သူမအနေဖြင့် အစ်မလျို့၏ ဂရုတစိုက် စောင့်ကြည့်မှုကို ခံယူရန် အလွန်ပင် လိုလားနေခဲ့ပေသည်။ အစ်မလျို့၏ စိတ်ထဲတွင် သံသယမျိုးစေ့ ချန်ထားခဲ့မည့်အစား၊ ယခုကတည်းက ပွင့်လင်းမြင်သာစွာ နေထိုင်လိုက်ခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။
ရှုရှင်းလန်၏ကိစ္စ ပြေလည်သွားပြီး သူမအပေါ် သံသယများ ကင်းစင်သွားသည့်အချိန်တွင် အစ်မလျို့က သူမကို ပို၍ ယုံကြည်လာမည်ဖြစ်ပြီး အရေးကြီးသော တာဝန်များကိုလည်း ပိုမိုပေးအပ်လာလိမ့်မည်။
ဤအတောအတွင်း သူမအနေဖြင့် စာဖတ်ခြင်းကိုသာ အာရုံစိုက်ရန် လိုအပ်ပေ၏။
ပို၍ ကောင်းမွန်သည့်အချက်မှာ သူမအနေဖြင့် အစ်မလျို့၏ လက်တွေ့ကုသမှုဆိုင်ရာ မှတ်တမ်းစာအုပ်ကို ရရှိထားပေသည်။ ထိုစာအုပ်က အလွန်ပင် တန်ဖိုးရှိလွန်းသော အရင်းအမြစ်တစ်ခု ဖြစ်သည်ပင်။
ယခုဖြစ်ရပ်သာ မရှိခဲ့လျှင် သူမ ထိုစာအုပ်ကို ရရှိနိုင်မည် မဟုတ်ပါချေ။ ထို့ကြောင့် ဤသည်ကို ကံကောင်းခြင်းတစ်ခုဟုပင် ဆိုနိုင်သည်။
အစ်မလျို့က ပြည်နယ်မြို့တော်သို့ ရက်အနည်းငယ်မျှ အလုပ်ကိစ္စဖြင့် ခရီးထွက်သွားခဲ့လေ၏။ သူမ ပြန်ရောက်လာသည့်အချိန်တွင် “ပစ္စည်းဝယ်ယူရေး ဝန်ထမ်းများ” ဟု ဆိုသော အမျိုးသားနှစ်ဦး ပါလာခဲ့ပေသည်။ ထိုနှစ်ဦးမှာ အိမ်နီးချင်း ပြည်နယ်တစ်ခုမှ ဝန်ထမ်းများဖြစ်ကြပြီး ပုတီလန်ဆေးများကို လာရောက် ဝယ်ယူခြင်းဖြစ်ကြောင်းအစ်မလျို့ ရှင်းပြခဲ့၏။
သူတို့၏ ပြည်နယ်တွင်လည်း ရေကျောက်ရောဂါကို တွေ့ရှိထားခဲ့လေ၏။
ရောဂါပျံ့နှံ့မှုကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့သောကြောင့် အကြီးအကျယ် မဖြစ်ပွားခဲ့သော်လည်း၊ မတော်တဆမှုများကို ကာကွယ်ရန်အတွက် ပုတီလန်ဆေးများကို အရန်အနေဖြင့် ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ပုတီလန်မှာ ရေကျောက်အတွက်သာမက အအေးမိခြင်းနှင့် အဖျားတက်ခြင်းများအတွက်ပါသုံးနိုင်သော အခြေခံဆေးဖြစ်၍ ဝယ်ထားလျှင်လည်း အလဟဿမဖြစ်နိုင်ပါချေ။
ထို့ကြောင့် သူတို့က လူကိုယ်တိုင် လာရောက် စစ်ဆေးကြခြင်း ဖြစ်ပြီး၊ လုပ်ငန်းစဉ်များကို ကြည့်ရှုပြီးမှသာ အော်ဒါတင်ရန်လုပ်ဆောင်လိမ့်မည်။
ဤကဲ့သို့သော လူများက ဆေးဝါးစက်ရာံများတွင် မကြာခဏ တွေ့ရလေ့ ရှိပေသည်။
တခြားသူများက သူတို့ကို ပုံမှန်သာဖြစ်ကြောင်း ထင်မြင်ကြသော်လည်း လီရှန်းကျော့ ထိုအမျိုးသားနှစ်ဦး၏ ရည်ရွယ်ချက်က ဤမျှအထိ မရိုးရှင်းနိုင်ကြောင်း သိနေခဲ့ပေသည်။
လီရှန်းအတွေးလွန်နေချိန်တွင် ဝူလီက ပြောလာခဲ့သည်။
“ငါ ဒီအပတ်ပိတ်ရက်မှာ အလုပ်ဆင်းရမယ်လေ၊ အဲဒါ နင် ရှောင်ချန်နဲ့ ရှောင်ကျွင့်ကို တစ်ရက်လောက်ကူပြီး ကြည့်ပေးလို့ ရမလား”
ကုန်တိုက်မှာ ဤရက်ပိုင်း အလွန်ပင် အလုပ်များနေသောကြောင့် ပိတ်ရက်များတွင် အလုပ်ဆင်းနေရသည်။
စုချန်က သိတတ်နားလည်နေပြီဖြစ်သော်လည်း အသက်ငယ်သေးသောကြောင့် ညီဖြစ်သူကို ကြည့်ရှုရန်အတွက် အိမ်တွင် တစ်ယောက်တည်း ထားခဲ့ရန်မည်ကို ဝူလီ စိုးရိမ်နေခဲ့လေ၏။
ထို့ကြောင့် လီရှန်းကို အား၊ မအား လာရောက် မေးမြန်းခြင်းဖြစ်ပေသည်။
အကယ်၍ လီရှန်းသာ အားမလပ်ခဲ့ပါက သူမအနေဖြင့် ယောက္ခမဖြစ်သူထံသို့သာ သွားရပေလိမ့်မည်။
ဆိုရလျှင် ဝူလီ၏ စိတ်ထဲတွင် လီရှန်းသည်က လော်ယွီရှို့ထက်စာလျှင် စကားပြောရ ပို၍လွယ်ကူသည်ဟု မှတ်ယူထားပေသည်။
“ရပါတယ်”
လီရှန်းက ခေါင်းညိတ်ပြလိုက်၏။ ကလေးနှစ်ယောက်လုံးက လိမ္မာကြသကဲ့သို့ သူမကိုယ်တိုင်လည်း သူတို့ကို ချစ်ခင်သောကြောင့် ကလေးများကို ကြည့်ပေးရမည်ကို စိတ်မရှိပါချေ။ သို့သော် သူမက ဆက်ပြောခဲ့သည်။
“ကျွန်မ တစ်ခါမှတော့ ကလေးမထိန်းဖူးဘူးနော်၊ တကယ်လို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ရင် အမေ့ကို သွားပြီး မတိုင်နဲ့ဦး၊ ကျွန်မ ကြိုပြီး ပြောထားတာ”
မကောင်းတတ်သည့် အချက်များကို အစပိုင်းကတည်းက ပွင့်ပွင့်လင်းလင်း ပြောထားသင့်သည်။
လီရှန်းအနေဖြင့် တစ်စုံတစ်ဦးကို ကူညီပြီးမှ နာမည်ဆိုးအထွက်မခံချင်ပါချေ။
ဝူလီက လီရှန်းအား အပြစ်တင်သလို စိုက်ကြည့်လိုက်ပြီးမေးလိုက်၏။
“နင် ဘာတွေ ပြောနေတာလဲ၊ ငါက အဲဒီလို လူမျိုးလို့ ထင်နေတာလား”
လီရှန်း : “...”
ရှင့်ကိုယ်ရှင် နားမလည်ဘူးလား။
*