အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (207)
စုဝေ့ချင်း : “ကိုယ်တို့ ပြည်နယ်မှာတော့ ဆေးဖက်ဝင်အပင် စိုက်ပျိုးသူတွေအတွက် ခွဲတမ်းမရှိဘူးထင်တယ်”
“ဒါပေမဲ့ ကျွန်မတို့ရဲ့စက်ရုံမှာတော့ ရှိတာပဲလေ”
လီရှန်းက နင်ရှပြည်နယ်၏ အခြေအနေကို ပြန်လည်၍ တွေးတောမိသွားလေ၏။
နင်ရှပြည်နယ်က မြေပြန့်လွင်ပြင်ဒေသဖြစ်သည်။ ဆောင်းရာသီတွင် အေးသော်လည်း အပူချိန်က အနုတ်တစ်ဒီဂရီ၊ နှစ်ဒီဂရီခန့်သာ ရှိတတ်၏။
မတ်လသို့ ရောက်ရှိသည်နှင့် အပူချိန်က တစ်ဆယ့်ငါးဒီဂရီခန့်အထိ ရှိလာပြီး ရာသီဥတုက နွေးထွေးစိုစွတ်သည်။
မိုးရွာသွန်းမှုများရှိသော်လည်း မြေဆီလွှာက ရေထိန်းနိုင်စွမ်းကောင်းမွန်သောကြောင့် ရေကြီးမှုများကို မဖြစ်ပေါ်နိုင်ပေ။
ထိုမြို့က ဆေးဖက်ဝင်အပင်များ ရှင်သန်ရန်အတွက် အမှန်တကယ်ပင် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။
သဘာဝတရား၏ အထူးအခွင့်အရေးများကို ရရှိထားခြင်းဖြစ်ပြီး ဤနေရာမှာ စိုက်ပျိုးရန်အတွက် သင့်တော်သော နေရာဖြစ်ကြောင်းကို ညွှန်ပြနေခဲ့သည်။
တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ရိတ်သိမ်းနိုင်ပြီး ရိတ်သိမ်းသည့်အချိန်တိုင်းတွင် အထွက်နှုန်းကောင်းလွန်းသောကြောင့် နင်ရှရှိ ရိက္ခာသိုလှောင်ရုံများက အမြဲတစေပြည့်လျှံနေလေ့ရှိ၏။
လူများတွင် ပိုလျှံသောရိက္ခာများက ရှိနေကြပြီး၊ အကယ်၍ ခြိုးခြံချွေတာ၍ စားသောက်မည်ဆိုပါက တစ်နှစ်စာအတွက် လုံလောက်ပေသည်။
ထို့အပြင် မြေဆီလွှာ ကောင်းမွန်သောကြောင့် ခြံစည်းရိုးထောင့် သို့မဟုတ် အိမ်ခေါင်မိုးပေါ်တွင် စိုက်ထားသော ဘူးစင်၊ ဖရုံစင်များကပင် အချိန်အတော်ကြာအောင် စားစရာများကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
ဤသို့ စဉ်းစားကြည့်သည့်အချိန်တွင် နင်ရှပြည်နယ်က အမှန်တကယ်ပင် ချမ်းသာကြွယ်ဝသော ပြည်နယ်တစ်ခု ဖြစ်ကြောင်ပိုသိလာရသည်။
အကယ်၍ ထိုကဲ့သို့သော ချမ်းသာသော ပြည်နယ်ထဲရှိ ဝေးလံသော ကျေးရွာတစ်ခုကို ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးရန်အတွက် ရှာဖွေနိုင်မည်ဆိုပါက...
ထို့မြို့က ဆေးဝါးစက်ရုံများအတွက် အထူးထောက်ပံ့ရေး စခန်းတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။
“ဒါဆိုရင် မင်းက ပုတီလန်ထုတ်လုပ်ဖို့အတွက်ပဲ ဆေးဖက်ဝင်အပင်တွေကို စိုက်ခိုင်းချင်တာလား”
စုဝေ့ချင်းက မျက်မှောင်ကြုတ်လိုက်လေ၏။
ထိုသိာ့ဆိုပါက ဖြုန်းတီးလွန်းရာ ရောက်ပေလိမ့်မည်။
အကယ်၍ တရုတ်ဆေးသစ်ဥသစ်ဖုများကို အကြီးအကျယ် စိုက်ပျိုးလိုလျှင် နယ်မြေများကို သတ်မှတ်ပေးရန်နှင့် ဆေးဖက်ဝင်အပင် စိုက်ခင်းများကို တည်ဆောက်ရန်အတွက် သေချာပေါက် လိုအပ်ပေလိမ့်မည်။
ထိုအချိန်တွင် ထိုနေရာက စိုက်ပျိုးရေးခြံတစ်ခုကဲ့သို့ ဖြစ်လာလိမ့်မည်ဖြစ်သော်ဘည်း သတ်မှတ်နယ်မြေထဲရှိ ကျေးရွာတစ်ရွာ၊ နှစ်ရွာမျှသာ ပါဝင်ပေလိမ့်မည်။
နောက်ပိုင်းတွင် ဆေးဖက်ဝင်အပင်များကို ထိုစိုက်ခင်းများမှသာ ထောက်ပံ့ပေးရန် လိုအပ်ပေလိမ့်မည်။
ထိုအချက်က စိုက်ခင်းများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်သည်။
တခြားသောအရာများကို ထားဦး၊ ထိုမျှအထိ များပြားလွန်းသော လူဦးရေအတွက် စားနပ်ရိက္ခာကို ထောက်ပံ့ပေးရမည်ဆိုပါက နည်းလွန်းသည် မဟုတ်ပေ။
“ကျွန်မတို့က တခြားအသုံးများတဲ့ ဆေးဖက်ဝင်အပင်တွေကိုလည်း စိုက်လို့ ရတာပဲလေ၊
ဥပမာ: Poria cocos၊ Panax notoginseng၊ Platycodon grandiflorus နဲ့ Polygonatum sibiricum တို့လိုမျိုးပေါ့၊
တစ်နှစ်ခံပင်ရော၊ နှစ်ရှည်ပင်တွေကိုပါ စိုက်ရမယ်၊ ကျွန်မတို့အနေနဲ့ ရေရှည်မျှော်မှန်းချက် ထားရှိပြီး တခြား ဆေးဖက်ဝင်အပင်တွေကိုလည်း ဖွံ့ဖြိုးအောင်လုပ်ရမယ်”
ပုတီလန်ကဲ့သို့သော ထုတ်ကုန်တစ်ခုတည်းနှင့်တော့ ကြီးမားသော ဆေးဝါးစက်ရုံကြီးတစ်ခုကို မထောက်ပံ့နိုင်ပါချေ။
ဤသို့ စဉ်းစားရင်းနှင့် လီရှန်းတစ်ယောက် အိုင်စတစ်မြစ်အကြောင်းကို တွေးမိသွား၏။
ဤအိုင်စတစ်မြစ် ဆေးမှုန့်လေးက တစ်နေ့တွင် ကြီးမားသော ဆေးဝါးကုမ္ပဏီကြီးတစ်ခုကို ထောက်ကူပေးနိုင်ပေလိမ့်မည်။
ဆယ်စုနှစ်များစွာ ကြာသည့်တိုင်အောင် ထိုဆေးဝါးကုမ္ပဏီက ထိပ်တန်း ဆေးဝါးလုပ်ငန်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေပေလိမ့်မည်။
ထိုဆေးဝါးစက်ရုံက ဒေသခံ စိုက်ပျိုးရေး စက်ပစ္စည်းစက်ရုံဟောင်းတစ်ခု၏ သိုလှောင်ရုံဟောင်းမှ အလုပ်သမား ဆယ်ဂဏန်းမျှနှင့် စတင်ခဲ့သော အလုပ်ရုံငယ်လေးတစ်ခုသာ ဖြစ်ခဲ့သည် မဟုတ်ပါလား။
“တကယ်တော့ ပုတီလန်ရဲ့ ဆေးအာနိသင်က အတော်လေး ပြင်းထန်တယ်၊ ကျွန်မတို့တွေ အိုင်စတစ်မြစ် တစ်မျိုးတည်းကိုပဲ သုံးပြီးတော့ အိုင်စတစ်မြစ် ဆေးမှုန့်တွေကို လုပ်လို့ ရတာပဲလေ၊
အိုင်စတစ်မြစ်က ရှင်သန်လွယ်သလို အမြန်လည်း ကြီးထွားတယ်၊ ဒါကြောင့် အမြောက်အမြားစိုက်ပျိုးဖို့အတွက် လွယ်ကူလိမ့်မယ်၊
ဒါ့အပြင် အိုင်စတစ်မြစ်က အဆုတ်နဲ့ အစာအိမ်အတွက်ရော၊ ခန္ဓာကိုယ်အပူကြီးတာတွေအတွက်ရျာ ထူးခြားတဲ့ အာနိသင်ရှိသလို အပူငြိမ်းစေပြီး အဆိပ်အတောက်လည်း ပြေစေတယ်လေ”
စုဝေ့ချင်းက ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။
“အဲဒါက အဲဒီလောက်အထိ မရိုးရှင်းသေးဘူး”
သူက ခန္ဓာကိုယ်ကို လှည့်လိုက်ပြီးနောက် ဆေးညွှန်းမှ အချောထည် ထုတ်ကုန်အဖြစ်သို့၊ ထိုမှတစ်ဆင့် ဆေးမှုန့်အဖြစ်သို့ ရောက်ရှိရန်အတွက် ကျော်ဖြတ်ရမည့် အခက်အခဲများကို လီရှန်းကို ရှင်းပြလေ၏။
ဆေးပမာဏနှင့် အာနိသင် နှစ်ခုလုံးအတွက် စမ်းသပ်မှုများစွာ လိုအပ်သည်။
ပုတီလန်ကို ဤမျှအထိ လျင်မြန်စွာ ဆေးအဖြစ်သို့ ထုတ်လုပ်နိုင်ခဲ့ခြင်းက လီရှန်း၏ ထမင်းဘူးထဲမှ ဆေးအချိုးအစားကို လုံးဝ ပုံတူကူးယူနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်လေ၏။
သို့မဟုတ်ပါက ဤမျှအထိ လျင်မြန်စွာ ထုတ်လုပ်နိုင်ရန်အတွက် လုံးဝ မဖြစ်နိုင်ပေ။
“ဒါကြောင့် နောက်ပိုင်းကျရင် စာအုပ်ထဲမှာ ဘာပဲတွေ့တွေ့ အလွယ်တကူ ထုတ်မပြနဲ့ဦး၊ ဒီတစ်ခေါက်တော့ မင်း တကယ်ပဲ အလောတကြီး ဖြစ်သွားခဲ့တာ”
လီရှန်းအနေဖြင့် ပုတီလန်၏ အချိုးအစားကို လျင်မြန်စွာ ပြင်ဆင်နိုင်ခဲ့ခြင်းက သူ စနစ်မှ ကူးယူလာခဲ့သော အကိုးအကားစာအုပ်ကို သူမ ဖတ်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု စုဝေ့ချင်းက ယုံကြည်နေဆဲပင်။
သူက စနစ်ကိုပင် ထိုအကြောင်းကို မေးမြန်းခဲ့သေး၍ စနစ်ကလည်း ငြင်းဆိုခြင်း မပြုဘဲ တိုက်ရိုက်ပင် အတည်ပြုပေးခဲ့၏။
“ကျွန်မက စိတ်ပူသွားလို့ပါ”
လီရှန်းအနေဖြင့် ဤဆေးကို ယခင် တာဝန်ပေးအပ်ခံရသော ကမ္ဘာတွင် လုပ်ခဲ့ဖူးကြောင်းကို ရှင်းပြ၍ မရနိုင်ပေ။
ဆေးမှုန့်ပြုလုပ်နည်းကို နောက်အနာဂတ်တွင်တော့ ဝက်ဘ်ဆိုက်များတွင်ပင် ရှာတွေ့နိုင်သည်။
သို့သော် ပုတီလန် ဆေးညွှန်းကို ဝါရင့် ဆရာဝန်ကြီးတစ်ဦးက သုတေသနပြု ဖော်စပ်ခဲ့ခြင်း ဖြစ်လေ၏။
“ကောင်းပြီ၊ ကံကောင်းတာက ညွှန်ကြားရေးမှူးကျန်းက အနောက်တိုင်းဆေး သုတေသနမှာ ကျွမ်းကျင်တယ်လေ”
ထို့ကြောင့်ပင် သူက ဤပုတီလန်ကို အောက်ခြေရှိ စီမံကိန်းခေါင်းဆောင်များထံသို့ စီမံကိန်းတစ်ခုအနေဖြင့် တိုက်ရိုက် အပ်နှံလိုက်ခြင်းဖြစ်သည်။
စီမံကိန်းခေါင်းဆောင်များကလည်း သိပ်ပြီးတွေးတောမနေဘဲ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တာဝန်တစ်ခုအဖြစ်သာ သဘောထားခဲ့ကြခြင်း ဖြစ်လေ၏။
လီရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်လေ၏။
ရုတ်တရက် သူမက စုဝေ့ချင်းကို တည်ကြည်လေးနကငသော မျက်နှာအမူအရာဖြင့် ကြည့်ပြီး ပြောလိုက်လေသည်။
“ဒါပေမဲ့ ရှုရှင်းလန်က ပုတီလန်ရဲ့ အခြေအနေကို တစ်ချိန်လုံး လိုက်မေးနေတာမလား၊ တကယ်လို့ ညွှန်ကြားရေးမှူးကျန်းကသာ အနောက်တိုင်းဆေးမှာပဲ ကျွမ်းကျင်တာဆိုရင်တော့ ဒါက ကျိုးကြောင်းဆင်ခြင်စရာ ဖြစ်လာပြီ”
ဆိုရလျှင် သူမက သူမ၏ ခင်ပွန်းဖြစ်သူထံမှ ဆေးဖော်စပ်ပုံ အသေးစိတ်ကို မရရှိနိုင်လောက်ပေ။ ထို့ကြောင့် နည်းလမ်းသစ်တစ်ခုကို အသုံးပြုပြီး လီရှန်းထံသို့ ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းရိကော်၏ ဇနီးဖြစ်သည့်အတွက် ရှုရှင်းလန်က ဤကိစ္စတွင် လီရှန်း၏ အခန်းကဏ္ဍကို သိရှိနေခဲ့လေသည်။
ယခုအချိန်တွင် ထူးဆန်းနေသည့်အရာမှာ ရှုရှင်းလန်အနေဖြင့် ဤဆေးဖော်မြူလာကို မည်သည့်အတွက် လိုအပ်နေရသည်ဟူသည့် အချက်သာ ဖြစ်၏။
သို့မဟုတ်လျှင်လည်း သူမက ဤဆေးညွှန်းကို မည်သူ့ထံသို့ ပေးချင်နေရသနည်း။
ဇနီးမောင်နှံ နှစ်ဦး၏ မျက်နှာအမူအရာတို့ တည်ကြည်လေးနက်နေချိန်မှာပင် အိမ်ရှေ့တံခါးဝမှ ရုတ်တရက် ကျယ်လောင်သော တံခါးခေါက်သံကို ကြားလိုက်ရ၏။
သူတို့နှစ်ဦးက ချက်ချင်းပင် ထထိုင်လိုက်ကြပြီး အင်္ကျီများကို ဝတ်ကာ တံခါးဖွင့် သွားခဲ့ကြလေသည်။
တံခါးပွင့်သွားသည်နှင့် ဝူလီက အိမ်ထဲသို့ ဝင်လာခဲ့လေ၏။
သူမ၏ မျက်နှာက လူသေတစ်ယောက်ကဲ့သို့ပင် ပြာနှမ်းဖြူဖျော့နေခဲ့လေပြီ။
လီရှန်း ဤမြင်ကွင်းက တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရ၏။
ပြီးခဲ့သည့်တစ်ခေါက် ရှောင်ကျွင့်တို့ ရေကျောက်ပေါက်ချိန်တုန်းကလည်း သူမက ဤကဲ့သို့သော အမူအရာမျိုး ရှိခဲ့ဖူးသည် မဟုတ်ပါလား။
ဒီတစ်ခေါက်ရော ဘာအကြောင်းကြောင့်လဲ။
“မကောင်းတော့ဘူး၊ ငါ ဝေ့ဟိုင်ဆီကို အဝတ်အစားတွေ သွားပို့ပြီး အပြန်မှာ ငါ့ရဲ့စက်ဘီးနဲ့ လူတစ်ယောက်ကို တိုက်မိခဲ့တယ်”
လီရှန်း : “...”
“သူ ဘယ်မှာလဲ၊ ဆေးခန်းကို ခေါ်သွားပေးလိုက်ပြီလား”
“မခေါ်သွားရသေးဘူး၊ သူက ထွက်ပြေးသွားတယ်၊ တိုက်မိတာကတော့ အတော်လေး ပြင်းတယ်၊ အဲဒါကို သူက အမြန်ပြေးထွက်သွားတာ၊ ဒါပေမဲ့ သူကိုင်လာတဲ့ အိတ်ကိုတော့ ငါ တွေ့ခဲ့တယ်၊ အိတ်ပေါ်မှာ သွေးတွေလည်း ပေနေတယ်၊ သူ ဘယ်သူလဲဆိုတာ ငါ မသိဘူး၊ သူ့အိတ်ကို ဘယ်လို ပြန်ပေးရမလဲ”
“သူ့ပုံစံက ဘယ်လိုမျိုးလဲဆိာတာမြင်လိုက်မိလား”
စုဝေ့ချင်းက ဝူလီ၏လက်ထဲမှ အိတ်ကို လှမ်းယူလိုက်လေ၏။
အိတ်၏ထောင့်တစ်နေရာတွင် အမှန်တကယ်ပင် သွေးစွန်းပေနေခဲ့သည်။
သို့သော် သွေးကွက်ပုံစံကို ကြည့်ခြင်းအားဖြင့် ထိုသွေးက သွေးစင်သွားခြင်း သို့မဟုတ် ပွတ်တိုက်မိခြင်းမျိုးနှင့် မတူပေ။
ထိုအစား အိတ်ကို အသုံးပြုကာ တစ်စုံတစ်ဦးကို ရိုက်နှက်ထားသည့် ပုံစံနှင့် ပို၍ တူနေခဲ့သည်။
“မှောင်မည်းနေတာဆိုတော့ ဘယ်သူက သေသေချာချာ မြင်နိုင်မှာလဲ၊ ဒါပေမဲ့ အမျိုးသမီးတစ်ယောက် ဆိုတာတော့ ငါ သေချာပေါက် ပြောရဲတယ်”
အမျိုးသမီး ဟုတ်လား။
လီရှန်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိ၏။
လက်တလောတွင် စက်ရုံထဲတွင် သံသယဖြစ်စရာ အမျိုးသမီးဟူ၍ ရှုရှင်းလန် တစ်ယောက်တည်းသာ ရှိလေသည်။
ဝူလီ တိုက်မိလိုက်တာက ရှုရှင်းလန်များ ဖြစ်နေမလား။
လီရှန်းအနေဖြင့် ရှုရှင်းလန်ကို ချက်ချင်း ပြေးမြင်မိခြင်းက မထူးဆန်းပါချေ။
ရှုရှင်းလန်မှာ မကြာသေးမီက သူမ၏အရှေ့တွင် ခဏခဏ ပေါ်လာတတ်သကဲ့သို့၊ သူမကိုယ်တိုင်လည်း သံသယစာရင်းထဲတွင် ပါဝင်နေသည်မဟုတ်ပါလား။
သူမကို သံသယမရှိလျှင် တခြား
မည်သူ့ကို သံသယရှိရပါမည်နည်း။
“ဆံပင်အရှည်နဲ့ မျက်နှာက ပြည့်ဖောင်းပြီး အရပ်ကလည်း အတော်လေး ရှည်တယ်၊ နောက်ပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တင်းတယ်၊
ငါ သူ့ကို တိုက်မိလိုက်တုန်းက သူက အသံတစ်ချက်တောင် မထွက်ခဲ့ဘူးလေ၊
ငါ ကားပေါ်ကနေ အမြန်ဆင်းပြီးတော့ သူ့ကို ထူပေးဖို့ လုပ်ပေမဲ့ သူက ငါ့ကို တွန်းထုတ်ပြီး ထွက်ပြေးသွားတာပဲ၊ အိတ်ကိုတောင် ထားခဲ့တယ်”
ဝူလီက ဤအကြောင်းကို ပြောပြနေချိန်တွင်ပင် ထိတ်လန့်နေသကဲ့သို့ မည်သို့ပြောရမည်ကိုလည်း မသိဖြစ်နေရှာ၏။
သူမက လူတစ်ယောက်ကို တိုက်မိခဲ့ခြင်းဖြစ်၍ အပြစ်မကင်းသကဲ့သို့ ခံစားနေရသော်လည်း အတိုက်ခံရသူမှ ထွက်ပြေးသွားသည်က ထူးဆန်းလွန်းသည်။
သူမ စဉ်းစားလေလေ ပို၍ နားမလည်နိုင်လေ ဖြစ်နေရ၏။
နောက်ဆုံးတွင် သူတို့ စိုးရိမ်ထိတ်လန့်လာကြရသည်။
“ဆေးဝါးစက်ရုံထဲမှာ သူခိုးများဝင်နေတာလား မသိဘူးနော်”
“ဆံပင်ရှည်တယ်၊ အရပ်ရှည်ပြီး ကိုယ်လုံးတောင့်တဲ့ အမျိုးသမီးဆိုတာ သေချာလား”
ဝူလီက ခေါင်းကို အလေးအနက်ညိတ်ပြလိုက်လေသည်။
“ဟုတ်တယ်၊ အဲဒီလူက တကယ့်ကို အင်အားကြီးတာ၊ ငါ သူ့ကို တားဖို့လုပ်တာတောင် လုံးဝ မနိုင်ဘူး”
လီရှန်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။
ထိုသို့ဆိုလျှင် ရှုရှင်းလန် မဖြစ်နိုင်တော့ပေ။
ရှုရှင်းလန်က အရပ်မပုသော်လည်း ဆံပင်တိုကာ ကိုယ်လုံးကိုယ်ပေါက်ကလည်း အတော်လေး သွယ်လျသူ ဖြစ်၏။
ထို့အပြင် သူမက အသက်လည်း အတော်လေးကြီးနေပြီ မဟုတ်ပါလား။
အကယ်၍ သူမသာ အမှန်တကယ် အတိုက်ခံရပြီး ဒဏ်ရာရခဲ့မည်ဆိုလျှင် ချက်ချင်း ထရပ်ပြီး ထွက်ပြေးနိုင်ရန်က ခဲယဉ်းလွန်းသည်။
ဝူလီ ပြောသကဲ့သို့ ဆေးဝါးစက်ရုံက အမှန်တကယ်ပင် သူခိုးဝင်လာခြင်းများလား။
*