အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (208)
“အိတ်ထဲမှာ ဘာတွေပါလဲဆိုတာကို အရင် စစ်ကြည့်ရအောင်၊ တကယ်လို့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေဆိုရင် သူတို့ဆီကို အမြန် ပြန်ပေးဖို့လိုတယ်”
စုဝေ့ချင်းက ဘေးမှ သတိပေးလိုက်လေ၏။ သူက အိတ်ပေါ်မှ သွေးကွက်ပုံစံက ထူးဆန်းနေသည်ကို သတိပြုမိသော်လည်း ဝူလီ၏ ရှေ့တွင်တော့ အလွန်အကျွံပွင့်လင်းစွာ မပြောရဲပေ။
“ဟုတ်တယ်၊ ဟုတ်တယ်၊ အထဲမှာ ဘာတွေပါလဲ ကြည့်ကြရအောင်”
ဝူလီက စားပွဲဆီသို့ ခန္ဓာကိုယ်ကိုကိုင်းပြီး စူးစိုက်ကြည့်နေခဲ့၏။
အိတ်က အံ့ဩစရာကောင်းလောက်အောင် လေးလံနေသောကြောင့် သူမကိုယ်တိုင်လည်း စပ်စုချင်နေခဲ့ခြင်းပင်။
ထိုအိတ်က ချည်သားအကြမ်းကို လက်ဖြင့် ချုပ်လုပ်ထားသော အိတ်တစ်လုံးဖြစ်ပြီး လက်ရာက အလွန်ပင် သေသပ်လွန်းသည်။
အိတ်၏ လက်ကိုင်ကြိုးမှ ပွန်းပဲ့နေမှုများကို ကြည့်ခြင်းအားဖြင့် ဤအိတ်ကို အချိန်ကြာမြင့်စွာ အသုံးပြုထားကြောင်းကို သိနိုင်၏။
သူတို့ သုံးဦးက စားပွဲကို ဝိုင်းထိုင်လိုက်ပြီး ခေါင်းချင်းဆိုင်ကာ ကြည့်နေခဲ့ကြကာ စုဝေ့ချင်းက အိတ်ကို အမြန်ဖွင့်လိုက်လေ၏။ ထို့နောက်တွင် အထဲတွင် သတင်းစာဖြင့် ထုပ်ထားသော လေးထောင့်စတုဂံပုံပစ္စည်းတစ်ခုကို တွေ့လိုက်ရလေသည်။
သတင်းစာ၏ ထောင့်တစ်နေရာတွင်လည်း သွေးများက စွန်းပေနေခဲ့လေ၏။
“ဒါ ဘာကြီးလဲ”
ဝူလီက အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်လေ၏။
လီရှန်းလည်း ထိုပစ္စည်းကို မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။
စုဝေ့ချင်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် သတင်းစာထုပ်ကို ဂရုတစိုက် ဖြေလိုက်လျှင် အထဲမှ ပစ္စည်းက ပေါ်ထွက်လာခဲ့တော့၏။
အုတ်ခဲနှစ်လုံးကို ထပ်ထားခြင်းပင်။
လီရှန်း : “...”
သူမက စုဝေ့ချင်းကို မသိမသာ မော့ကြည့်လိုက်လျှင်သူ၏ အကြည့်နှင့် ဆုံသွားခဲ့လေ၏။
သူတို့ နှစ်ဦးလုံး၏ မျက်ဝန်းများထဲတွင် အံ့ဩမှုနှင့် မရေရာမှုများ ပြည့်နှက်နေခဲ့သည်။
တစ်ဖက်လူက ထိုအုတ်ခဲများကို ရည်ရွယ်ချက်ရှိရှိ သယ်ဆောင်လာခဲ့ခြင်းဖြစ်ပုံရပြီး ဝူလီကလည်း ရည်ရွယ်ချက်ရှိရှိ ယူဆောင်လာခဲ့ခြင်းဖြစ်မည်ဟု သူတို့တွေးလိုက်မိကြခြင်းပင်။
“ဒါတွေက ဘာတွေလဲ”
ဝူလီအနေဖြင့် အိတ်ထဲတွင် အုတ်ခဲနှစ်လုံးကိုသာ တွေ့ရသောကြောင့် အလွန်အံ့အားသင့်သွားရ၏။
သူမက ထိုအုတ်ခဲများကို မကျေမနပ်ဖြင့် တွန်းဖယ်လိုက်ကာပြောလိုက်လေသည်။
“ဒီအိတ်ကို ဘာလို့အလွယ်တကူ ပစ်ချသွားတာလဲလို့ စဉ်းစားနေတာ၊ တကယ်တော့ အသုံးမရင်တဲ့ အရာတွေ ဖြစ်နေတာပဲ၊
ငါလည်း အစောကြီးကတည်းက ဖွင့်စစ်ကြည့်သင့်တာ၊ ဒါဆိုရင် ညကြီးမင်းကြီး အုတ်ခဲနှစ်လုံးကို ဒီအဝေးကြီးအထိ သယ်လာစရာ မလိုတော့ဘူး”
ဝူလီတစ်ယောက် သူမ၏ စိုးရိမ်ပူပန်မှုများက အလကားဖြစ်သွားပြီဟု ခံစားလိုက်ရသည်။
လူတစ်ယောက်ကို တိုက်မိပြီးနောက် တာဝန်ယူရမည်ဟု သူမတွေးတောခဲ့မိခြင်းပင်။
ထို့အပြင် တစ်စုံတစ်ဦး၏ အရေးကြီးပစ္စည်းများကို ကောက်ရမိပြီး သူတို့၏ အလုပ်များကို ကြန့်ကြာသွားမည်ကိုလည်း သူမ စိုးရိမ်ခဲ့မိသောကြောင့် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ခြင်းဖြစ်ပေသည်။
သို့သော် မည်သည့်အရာများဖြစ်သွားခဲ့သနည်း။ အုတ်ခဲစုတ်နှစ်လုံးသာ ပါလာခဲ့သည် မဟုတ်ပါလား။
“ငါ့အချိန်တွေ ကုန်တာပဲအဖတ်တင်တာပဲ၊ အိမ်ကိုပဲ ပြန်တော့မယ်၊ ကလေးတွေလည်း အိမ်မှာ ရှိနေတာဆိုတော့ အကြာကြီးနေလို့မဖြစ်ဘူး”
ဝူလီက ဤအိတ်ပိုင်ရှင်မှာ အိတ်ကို ပြန်လိုချင်တော့မည် မဟုတ်ဟု သေချာပေါက် ယူဆလိုက်လေတော့၏။
ထိုအိတ်က ချည်သားအိတ်အကြမ်း တစ်လုံးသာဖြစ်ပြီး သစ်လွင်မှုလည်း မရှိသကဲ့သို့ သွေးများပင် စွန်းနေသေးသည် မဟုတ်ပါလား။
အိတ်ပိုင်ရှင်အနေဖြင့် နှမြောနေလောက်သော်လည်း ထိုအိတ်ကို ပြန်တောင်းရန် လာတော့မည်မဟုတ်ပေ။
ထို့ပြင်...
သွေးများနှင့် အုတ်ခဲကို ကြည့်ခြင်းအားဖြင့် ဤကိစ္စက ရိုးရှင်းမည် မဟုတ်ကြောင်းကို ဝူလီက ရိပ်မိလိုက်လေသည်။
သူမက ငတုံးတစ်ယောက် မဟုတ်ဘူး။
သူမက သူမ၏ မတ်လေးနှင့် သူ၏ဇနီးတို့၏ မျက်နှာအမူအညာကို သေချာပေါက် မြင်နိုင်သည်။
သူမအနေဖြင့် ဤပြဿနာများကြားတွင် ဝင်မပါလိုတော့ပေ။
သူမက သူတို့ကို သတိပေးလိုက်သေးသည်။
“ငါ့အထင်တော့ ဒီအိတ်ကို ကိုင်လာတဲ့သူက ရည်ရွယ်ချက် မကောင်းဘူး ထင်တယ်၊ နင်တို့လည်း လျှောက်လုပ်မနေကြနဲ့၊
အဲဒါတွေကို အဖေ့ဆီ ပေးလိုက်ပြီးတော့ လုံခြုံရေးဌာနကနေတစ်ဆင့် စုံစမ်းခိုင်းလိုက်တာ ပိုကောင်းမယ်”
ဆေးဝါးစက်ရုံ၏ လျှို့ဝှက်ချက် ထိန်းသိမ်းရေး အခြေအနေများကြောင့်၊ တံခါးစောင့်များက အသက်ငယ်သော စစ်မှုထမ်းဟောင်းများ ဖြစ်ကြပြီး အရည်အချင်းရှိသကဲ့သို့ အကဲခတ်သည့်နေရာတွင်လည်း ထက်မြက်ကြသည်။
“ကျွန်တော် သိပါပြီ မရီး၊ မရီးလည်း အိမ်ပြန်ပြီး စောစောနားလိုက်ပါဦး”
စုဝေ့ချင်းက အုတ်ခဲများကို သတင်းစာဖြင့် ပြန်ဖုံးလိုက်ရင်း ဝူလီအပေါ် ထူးထူးခြားခြားကြင်နာစွာဖြင့် ပြောလိုက်လေ၏။
ယခင်က ဝူလီဘက်မှ လီရှန်းအပေါ်တွင် အကြိမ်ကြိမ် လှည့်ကွက်များကို သုံးခဲ့သောကြောင့် စုဝေ့ချင်းက သူမအပေါ် အမြဲတစေရန်လိုခဲ့ခြင်း ဖြစ်သည်။
ဝူလီက သက်ပြင်းချလိုက်သော်လည်း သူမ၏ အသိစိတ်က သူမကို လွှတ်မပေးသေးပေ။
“ငါ အဖေ့ကို သွားပြီး ရှင်းပြသင့်သလား မသိဘူး”
“ရပါတယ်၊ ကလေးကိုပဲ ဦးစားပေးလိုက်ပါ”
စက်ရုံ၏ လက်ရှိ အခြေအနေကို လူအနည်းငယ်သာ သိရှိကြပြီး၊ စုဝေ့ချင်းနှင့် လီရှန်းတို့ကလည်း တိုက်ဆိုင်စွာဖြင့် ထိုအထဲတွင် ပါဝင်နေခဲ့ကြသည်။
ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးက ဤအုတ်ခဲကိစ္စမှာ သေချာပေါက် မရိုးရှင်းနိုင်ကြောင်းကို သိနေခဲ့ကြလေ၏။
ဝူလီပြောသကဲ့သို့ပင်။ စုဝေ့မင်အနေဖြင့် လုံခြုံရေးဌာနမှ ဝန်ထမ်းများနှင့် ဆက်သွယ်ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးရန် လိုအပ်လေသည်။
အိတ်ပေါ်တွင် သွေးများက ရှိနေသောကြောင့် ထွက်ပြေးသွားသူက သေချာပေါက် ဒဏ်ရာရထားပေလိမ့်မည်။
အကယ်၍ ယခုအချိန်တွင်သာ ဖမ်းဆီးရန် ကြိုးစားမည်ဆိုပါက တစ်ခါတည်းနှင့်ပင် မိနိုင်လောက်ပေ၏။
စုဝေ့ချင်းက ထိုသို့ပြောလိုက်သောကြောင့် ဝူလီကလည်း ထပ်ပြီး အတင်းအကျပ်မလုပ်တော့ဘဲ အောက်ထပ်သို့ ဆင်းရန်လှည့်ထွက်လာခဲ့လေ၏။
သူမက အတော်လေး ထိတ်လန့်ခဲ့ရသောကြောင့် အောက်ထပ်သို့ ရောက်သည့်တိုင်အောင် သူမ၏ ဒူးများက တုန်နေဆဲပင်။
သူမ အောက်ထပ်သို့ ရောက်သည်နှင့် ဆူညံသံတစ်ခုကို ကြားလိုက်ရ၏။
မကြာလိုက်လေ။ စွပ်ကျယ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ဖိနပ်ပါးကို စီးထားသော လူငယ်တစ်ဦးက အဆောင်၏ အဆုံးဘက်ရှိ အခန်းထဲမှ ပြေးထွက်လာပြီး အိမ်နီးချင်း၏ တံခါးကို တဒုန်းဒုန်းခေါက်ကာ အော်ဟစ်လိုက်လေသည်။
“ကယ်ကြပါဦး! ကျွန်တော့်အဖေ ခုတင်ပေါ်ကနေ ပြုတ်ကျသွားလို့ပါ”
“ခုတင်ပေါ်က ပြုတ်ကျရင်လည်း ပြန်တင်ပေးလိုက်ပေါ့၊ ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ”
အိမ်နီးချင်းက တံခါးကို ဖွင့်ပေးလိုက်သော်လည်း မျက်နှာက အိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်ပြီး လေသံကလည်း အနည်းငယ် စိတ်မရှည်သကဲ့သို့ ရှိနေခဲ့၏။
မာမိသားစုက ယခုကဲ့သို့ ပြဿနာမျိုးကို ရှာနေသည်က ပထမဆုံး ၊ ဒုတိယအကြိမ် မဟုတ်တော့ကြောင်းသိသာပေ၏။
“အဖေရဲ့ ခေါင်းက ကြမ်းပြင်နဲ့တိုက်မိပြီး သွေးတွေအများကြီး ထွက်နေတယ်”
မာချန့်က ထိုသို့ပြောလိုက်သည့်အချိန်တွင် သူ၏အသံကလည်း တုန်ရီနေခဲ့လေ၏။
အဘိုးမာက အတော်လေး ပြင်းထန်စွာ ပြုတ်ကျသွားခြင်းဖြစ်နိုင်သည်။
အိမ်နီးချင်းဖြစ်သူလည်း ချက်ချင်းပင် အသိဝင်လာခဲ့ပြီး အိမ်ထဲသို့ အမြန်ဝင်ကာ အင်္ကျီတစ်ထည်ယူဝတ်ပြီးနောက် မာမိသားစုတို့၏ အိမ်ဘက်သို့ အပြေးအလွှား သွားခဲ့လေသည်။
မာချန့်၏ ကျယ်လောင်သည့် တံခါးခေါက်သံကြောင့် အိမ်နီးချင်းများသာမက ထိုအဆောင်ရှိ တခြားသောသူများပါ နိုးလာခဲ့ကြ၏။
အပေါ်ထပ်ရှိ စုဝေ့မင်မှာလည်း မတိုင်ခင်လေးတင် တတိယသားတို့ဇနီးမောင်နှံ၏ နှိုးခြင်းကို ခံထားရသူ ဖြစ်သည်။
သူ့အနေဖြင့် အခြေအနေအသေးစိတ်ကို မမေးမြန်းရသေးမီမှာပင် အောက်ထပ်မှ ဆူညံသံများကို ကြားလိုက်ရသောကြောင့် တီးတိုးရေရွတ်ရင်း တံခါးဝဆီသို့ အပြေးအလွှား သွားခဲ့၏။
“ဘာတွေဖြစ်နေကြတာလဲ”
“မကောင်းတော့ဘူး အဖေ၊ အောက်ထပ်က ဦးလေ့မာ ခုတင်ပေါ်က ပြုတ်ကျပြီး ခေါင်းနဲ့တိုက်မိလို့တဲ့”
ပြန်ဖြေလာသူမှာ အိမ်သို့ပြန်ရောက်လာသော အကြီးဆုံးချွေးမ ဝူလီပင် ဖြစ်သည်။
“ပြုတ်ကျတယ် ဟုတ်လား”
စုဝေ့မင်က အောက်ထပ်သို့ အမြန်ဆင်းသွားရင်း ပြောလိုက်လေ၏။
“အဲဒီအဖိုးကြီးက ဘယ်လိုလုပ်ပြီး ထပ်ပြုတ်ကြရပြန်တာလဲ”
လီရှန်းနှင့် စုဝေ့ချင်းတို့က တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။
လောင်မာက အချိန်မရွေး လဲကျနိုင်သည့်အတွက် သူတို့အတွက် မထူးဆန်းသော်လည်း...
သူတို့၏ အကြည့်များက စားပွဲပေါ်ရှိ ချည်သားအိတ်နှင့် အုတ်ခဲနှစ်လုံးဆီသို့ ရောက်ရှိသွားခဲ့ကြသည်။
ဒါက တိုက်ဆိုင်မှုဖြစ်ဖို့အတွက် အတော်လေး လွန်မနေဘူးလား။
“ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်၊ ဦးလေးမာရဲ့ ခြေထောက်က ဖြစ်နေတာ ကြာပြီလေ”
စုဝေ့ချင်းက ပြန်စဉ်းစားကြည့်ပြီးနောက် သူတို့က အတွေးလွန်နေမိခြင်းဖြစ်မည်ဟု ခံစားလိုက်ရသည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဦးလေးမာမှာ စက်ရုံတွင် အလုပ်လုပ်နေချိန်အတွင်း၊ ကုန်ပစ္စည်းများကို သယ်ယူရာ၌ သစ်သားသေတ္တာတစ်လုံးနှင့် ဖိမိပြီး ခြေထောက် ဒဏ်ရာရခဲ့ခြင်းပင်။
ထိုအချိန်မှစ၍ သူက ခြေတစ်ဖက် မသန်တော့ပေ။ နောက်ပိုင်းတွင် သူ့ကို သိုလှောင်ရုံ၌ ပစ္စည်းစာရင်းသွင်းသူအဖြစ် ပြောင်းရွှေ့ပေးခဲ့၏။
ထိုအလုပ်က ထိုင်ပြီး စာရင်းသွင်းရုံသာဖြစ်၍ သက်သောသက်သာရှိလွန်းသည်။
သို့သော် လောင်မာက မာနကြီးသူဖြစ်ပြီး သူက ခြေမသန်ရုံသာရှိပြီး လေဖြတ်နေသူမဟုတ်ဟု ခံစားနေခဲ့သူ ဖြစ်၏။
စက်ရုံမှ အလုပ်ပြောင်းပေးသည်ကို လက်ခံခဲ့သော်လည်း အိမ်တွင်းကိစ္စများတွင်တော့ သူကသာ အမြဲတစေ ဆုံးဖြတ်ချက်ပေးသူဖြစ်ခဲ့သည်။
သူကခေါင်းမာလွန်းသောကြောင့် ညသန်းခေါင်ယံတွင် အိမ်သာထသည့်အချိန်မျိုးတွင်လည်း မကြာခဏ လဲကျတတ်သောကြောင့် မျက်နှာတွင် အညိုအမည်းများက စွဲနေတတ်သည်။
သို့သော် ယခုတစ်ကြိမ်ကဲ့သို့ ခေါင်းကွဲသည်အထိတော့ တစ်ကြိမ်မျှ မဖြစ်ခဲ့ဖူးပေ။
ထို့ကြောင့် မိသားစုတစ်ခုလုံးက အောက်ထပ်သို့ ဆင်းလာခဲ့ကြလေ၏။ အောက်သို့ ရောက်သည့်အချိန်တွင် လောင်မာကို အမျိုးသားတချို့က မချီလာကြသည်ကို တွေ့လိုက်ရ၏။
သူက မျက်လုံးများကို မှိတ်ပြီး သတိလစ်နေခဲ့လေပြီ။
အဒေါ်မာက ဘေးမှ လိုက်ပါလာပြီး ပုဝါတစ်ထည်ဖြင့် ဦးလေးမာ၏ နားထင်ကို ဖိထားပေးနေခဲ့၏။
သူ ပြုတ်ကျချိန်တွင် နားထင်နှင့် တိုက်မိသွားခြင်း ဖြစ်နိုင်သည်။
လီရှန်း : “...”
ဒီနေရာက အရမ်းအန္တရာယ်များတယ်။ အမှားအယွင်း တစ်ခုခုရှိတာနဲ့ လူ သေသွားနိုင်တယ်လေ။
အဒေါ်မာက အလွန် ထိတ်လန့်နေပြီး တစ်ကိုယ်လုံး မထိန်းနိုင်အောင် တုန်ရီနေခဲ့လေ၏။
သူမ၏ ဘေးတွင် ရပ်နေသော မာချန့်သည်ကား ပိန်သွယ်သော အမျိုးသမီးငယ်တစ်ဦးကို တွဲထားပေးရင်း သူ၏ မျက်နှာကလည်း အလွန်ပင် ဖြူဖျော့နေခဲ့သည်။
ထိုအချိန်မှာပင် မနီးမဝေးမှ ဆူညံသံနှင့်အတူ လောင်မာ၏ သမီးနှစ်ဦး ရောက်ရှိလာခဲ့ကြလေ၏။
*