အခန်း ၂၁၀
Vol. 21 Ch. 210
အခန်း (210)
အစ်မလျို့က ဦးလေးမာကို အဒေါ်မာ၏ ရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ပြီးနောက် သူမ၏ ရှေးဦးသူနာပြုသေတ္တာကို ထုတ်ပြီး ကုသမှု စတင်လေတော့သည်။
သူမ၏ ဆေးသေတ္တာက စစ်တပ်မှ ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး မကြာသေးမီနှစ်များအတွင်းက မိသားစုသုံးအနေဖြင့်သာ အသုံးပြုခဲ့ခြင်း ဖြစ်၏။
သူမက ထိုသေတ္တာကို အပြင်သို့ ထုတ်ခဲလွန်းသည်။ ထို့ကြောင့် ယခုကဲ့သို့ ထုတ်လိုက်သည့်အချိန်တွင် ကြည့်ရှုနေသူများက အံ့အားသင့်သွားကြရ၏။
အထူးသဖြင့် ဆေးသေတ္တာပေါ်တွင် စစ်တပ်နံပါတ် ပါရှိနေသောကြောင့် အစ်မလျို့၏ နောက်ခံကို လူတိုင်းက ချက်ချင်းပင် သတိရသွားကြတော့သည်။
သူမက ဦးလေးမာ၏ ဒဏ်ရာကို ဆေးကြောပေးရင်း နှာခေါင်းရှုံ့လိုက်လေ၏။
“ကျွန်မက ဒဏ်ရာအမျိုးမျိုးကို ကုခဲ့ဖူးတယ်၊ ဒါက ပွန်းပဲ့တာလား၊ အထုခံရတာလားဆိုတာကို ကျွန်မ မသိဘူးလို့ ရှင် ထင်နေတာလား”
အဒေါ်မာ၏ မျက်နှာက ဖြူဖျော့သွားပြီးနောက် နီရဲလာခဲ့ရသည်။
သူမက ရုတ်တရက် ခေါင်းကိုမော့ကြည့်လိုက်ပြီးနောက် မာချန့်နှင့် သူ၏ဇနီးကို စူးစိုက်ကြည့်လိုက်လေ၏။
မာချန့်က ထိုအကြည့်ကြောင့် တွန့်ဆုတ်သွားပြီး အဒေါ်မာ၏ အကြည့်ကို ရှောင်လိုက်လေသည်။
သို့သော် သူ၏ဇနီးက ခါးကိုထောက်လိုက်ပြီး မျက်ခုံးပင့်လိုက်ကာ မကြောက်မရွံ့ဘဲ အေးစက်စွာ ပြန်လည်၍ ကြည့်လိုက်လေ၏။
ထိုအမူအရာက ကြည့်ရှုနေသူများအကြားတွင် ချက်ချင်းပင် အထင်အမြင်လွဲမှားမှုများကို ဖြစ်ပေါ်စေခဲ့သည်။
လူတိုင်းက မာချန့်မှ ဦးလေးမာကို ထုခဲ့ခြင်း ဖြစ်ရမည်ဟု ထင်မှတ်သွားကြ၏။
အဒေါ်မာက သေချာပေါက်သိရှိသော်လည်း သူမ၏ သားဖြစ်သူကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ဒဏ်ရာများကို ကျွမ်းကျင်သော အစ်မလျို့နှင့် တွေ့လိုက်ရသည့်အချိန်တွင် တစ်ချက်ကြည့်ရုံနှင့်ပင် လူမိသွားခဲ့ရလေပြီ။
ထို့ကြောင့်လည်း သူမက သူမ၏ သားဖြစ်သူကို ဒေါသတကြီးနှင့် အရှက်ရစွာ ကြည့်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ပြန်လည်၍ စဉ်းစားကြည့်မည်ဆိုပါက လူတိုင်း သက်ပြင်းမချဘဲ မနေနိုင်ကြပေ။
မာမိသားစုက ဤသားဖြစ်သူအတွက် များစွာအနစ်နာခံခဲ့ကြသည် မဟုတ်ပါလား။
မာချန့်၏ မင်္ဂလာဆောင်အတွက် ပိုက်ဆံရရန်အတွက် သမီးနှစ်ဦးကိုပင် အမြန်လက်ထပ်ပေးခဲ့ရုံသာမက၊ အိမ်ထဲရှိ အကြီးဆုံးအခန်းကိုလည်း ထိုလူငယ်ဇနီးမောင်နှံကို ပေးခဲ့ရသည်။
ထို့ကြောင့် တစ်ဘဝလုံး ပင်ပန်းခဲ့ရသော သက်ကြီးမောင်နှံက သီးခြားစီ ခွဲနေခဲ့ကြရရှာ၏။
ရလဒ်ကရော မည်သို့ဖြစ်လာခဲ့သနည်း။
သူ လက်ထပ်ထားသော ချွေးမက အလွန် ကြမ်းတမ်းသူဖြစ်ပြီး၊ သားဖြစ်သူကလည်း သူမ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကာ တစ်ချိန်လုံး သူမ၏ မြှောက်ပင့်ပေးမှုများကိုသာ နားယောင်နေခဲ့ခြင်းပင်။
ယခုဆိုလျှင် သူ၏ ဖခင်အရင်းကိုပင် ပြန်လည်၍ ရိုက်နှက်နေခဲ့လေပြီ။
ဒါက သားကောင်းတစ်ယောက် မဟုတ်ဘူး။
အကြွေးလာတောင်းတဲ့သူ၊ တကယ့် တိရစ္ဆာန်ပဲ။
ချက်ချင်းပင် မာချန့်အပေါ်သို့ ပြစ်တင်ရှုတ်ချသော အကြည့်များနှင့် ရွံရှာသော အကြည့်များစွာ ကျရောက်လာခဲ့သည်။
သို့သော် မာချန့်က ခေါင်းကို ငုံ့ထားရုံသာတတ်နိုင်ပြီး ပြန်လည်၍ချေပရန် ဆန္ဒမရှိပုံရလေ၏။
ထိုအမူအရာအရ သူက ဦးလေးမာကို အမှန်တကယ်ပင် ရိုက်နှက်ခဲ့ကြောင်းကို ပိုမို၍ သက်သေပြနေသကဲ့သို့ ဖြစ်နေခဲ့သည်။
“သွေးတော့ တိတ်သွားပြီ၊ ဒါပေမဲ့ ဦးနှောက်ထိခိုက်တာမျိုးမဖြစ်အောင် ဆေးရုံကို ခေါ်သွားတာကတော့ အကောင်းဆုံးပဲ”
အစ်မလျို့က ဒဏ်ရာကို အလွန်လျင်မြန်စွာ ကုသပေးလိုက်လေ၏။
ထိုအချိန်မှာပင် စုဝေ့မင် ပြန်အလာကို စောင့်နေသော လော်ယွီရှို့သည်လည်း အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။
ဦးလေးမာ သတိလစ်နေသည်ကို မြင်ရသည့်အချိန်တွင် သူမ ထိတ်လန့်သွားရ၏။
သူမက မေးလိုက်လေသည်။
“ဘာဖြစ်ကြတာလဲ”
တစ်စုံတစ်ဦးက သူမကို ဘေးသို့ဆွဲပြီး ဇာတ်လမ်းတစ်ပုဒ် ပြောပြလေတော့သည်။
သို့သော် ထိုဇာတ်လမ်းက တခြားသူများက ပြောသည့်ပုံစံဖြစ်၍ အတော်လေး ကွဲပြားနေခဲ့လေ၏။
ယခုအချိန်တွင် မာချန့်က မိန်းမရပြီးနောက် မိဘကိုမေ့ပြီး ဦးလေးမာ၏ ဦးခေါင်းကို ရိုက်နှက်ခဲ့သော မလိမ္မာသည့် သားတစ်ဦးအဖြစ် နာမည်ထွက်သွားခဲ့လေပြီ။
“ဟင်”
လော်ယွီရှို့က ချက်ချင်းပင် နားစွင့်လိုက်မိသည်။
ဒါက အိမ်တွင်းအကြမ်းဖက်မှုပဲ။
သူမက အမျိုးသမီးရေးရာတွင် အလုပ်လုပ်နေသူဖြစ်သည့်အတွက်၊ အမျိုးသမီးအဖွဲ့ချုပ်၏ ညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် သေချာပေါက် ဝင်ရောက်ကိုင်တွယ်ရပေလိမ့်မည်။
သူမက ဆံပင်များကို သပ်တင်လိုက်ပြီး အလုပ်လုပ်မည့် အမူအရာသို့ ပြောင်းလဲလိုက်လေ၏။
ထိုအချိန်မှာပင် စုဝေ့မင်က ဦးလေးမာ၏ ဦးခေါင်းနှင့် တိုက်မိနိုင်မည့် နေရာကို ရှာမတွေ့သောကြောင့် တင်းမာသော မျက်နှာအမူအရာဖြင့် အိမ်ထဲမှ ထွက်လာခဲ့လေသည်။
လော်ယွီရှို့က အရှေ့သို့ တိုးသွားပြီး ပြောလိုက်လေ၏။
“မာချန့်ရဲ့လက်ချက်လို့ လူတွေက ပြောနေကြတယ်”
စုဝေ့မင်၏ ပထမဆုံး တုံ့ပြန်မှုက မဖြစ်နိုင်ကြောင်းပင်။
သို့သော် သူက ဦးလေးမာ၏ ဦးခေါင်းနှင့် တိုက်မိနိုင်မည့်နေရာကို ရှာမတွေ့ခဲ့ကြောင်းကို ပြန်လည်၍ သတိရသွားခဲ့သည်။
သူ့အနေဖြင့် မာချန့်က အမှန်တကယ်ရိုက်နှက်ခဲ့သည်လားဟု တွေးမိလာရသည်။
ဝ
“လက်တွန်းလှည်း ရောက်လာပြီ”
စုဝေ့မင် စဉ်းစားနေချိန်မှာပင် လူအုပ်စု၏ အပြင်ဘက်မှ အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေ၏။
သိုလှောင်ရုံ၏ တာဝန်ကျဝန်ထမ်းနှင့် သိကျွမ်းသူတစ်ဦးက သွားရောက်ပြောဆိုပြီး သော့ကိုယူက် သိုလှောင်ရုံထဲမှ လက်တွန်းလှည်းကို ဆွဲထုတ်လာခဲ့ခြင်း ဖြစ်သည်။
လူတစ်စုက ဦးလေးမာကို လက်တွန်းလှည်းပေါ်သို့ အလျင်အမြန် မချီတင်လိုက်ကြပြီး၊ အဒေါ်မာကလည်း အနောက်မှ လိုက်ပါသွားခဲ့လေ၏။
သမီးနှစ်ဦးကလည်း စိုးရိမ်ပူပန်စွာဖြင့် လှည်းကိုတွန်းရင်း စက်ရုံဆေးရုံသို့ အတူ လိုက်ပါသွားကြတော့လေသည်။
ခေါင်းဆောင်တစ်ဦးဖြစ်သည့် အတွက် စုဝေ့မင်က အလုပ်သမားများအကြားတွင် ဖြစ်ပွားခဲ့သော ဤမျှကြီးမားသည့် ကိစ္စရပ်ကို လျစ်လျူရှုထား၍ မရပေ။
ထို့ကြောင့် သူက အခြေအနေကို ကိုင်တွယ်ရန် ကျန်ရစ်ခဲ့ပြီး လော်ယွီရှို့ကိုသာ သူတို့နှင့်အတူ လိုက်သွားရန် စေလွှတ်လိုက်လေသည်။
လူအများစုက ထွက်ခွာသွားသည်ကို မြင်ရသည့်အချိန်တွင် စုဝေ့ချင်းက အရှေ့သို့ ခပ်သွက်သွက် လှမ်းလာပြီး ဝူလီမှ လူတစ်ယောက်ကို စက်ဘီးနှင့်တိုက်မိခဲ့သည့်အကြောင်းကို ပြောပြလိုက်လေ၏။
စုဝေ့မင်၏ မျက်ခုံးများက ပို၍ပင် တွန့်ချိုးသွားရတော့သည်။
စုဝေ့ချင်းက သူ၏ ခန့်မှန်းချက်ကိုသာ ပြောပြခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ မပြောခဲ့ပေ။
စုဝေ့မင်လည်း အချိန်အတော်ကြာ နားထောင်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မကြားရပေ။
ထို့ကြောင့် တခြားလူများနှင့် စကားပြောနေသော ဝူလီကို တိုက်ရိုက်ပင် အော်ခေါ်လိုက်လေသည်
“ဝူလီ.. ဒီကိုလာဦး၊ ငါ မင်းကို မေးစရာ ရှိလို့”
ဝူလီ၏ အသံက လည်ချောင်းထဲတွင် တစ်ခဏမျှ တစ်သွားပြီး မျက်နှာကလည်း တောင့်ခဲသွားခဲ့ရ၏။
မိသားစုဝင်အားလုံးထဲတွင် သူမက သူမ၏ ယောက္ခမကို အကြောက်ဆုံး ပင်။
သူက မည်သည့်အချိန်တွင်မျှ စိတ်လှုပ်ရှားမှုကို ထုတ်ပြလေ့မရှိသူဖြစ်ပေ၏။
သူ အိမ်သို့ ထမင်းလာစားသည့် အချိန်တိုင်းတွင်လည်း သူမက တတ်နိုင်သမျှ စကားမပြောဘဲ ရှောင်နေလေ့ရှိပြီး စကားပြောရမည်ဆိုလျှင်လည်း စုချန်အကြောင်းကိုသာ အစပြု၍ ပြောလေ့ရှိသည်။
ယခု အဘယ်ကြောင့် သူမကို ရုတ်တရက် သတိရသွားရသည်လဲ။
လီရှန်းကများ တိုင်တောလိုက်လို့လား။
ဝူလီက လီရှန်းကို မသိမသာ လှမ်းကြည့်လိုက်လျှင် လီရှန်းက ပြတင်းပေါက်နားတွင် ငေးငိုင်စွာ ရပ်နေသည်ကို တွေ့လိုက်ရ၏။
သူမကို ကြည့်ရသည်မှာ အိပ်ချင်မူးတူး ဖြစ်နေပုံရလေသည်။
သူမက တိုင်တောခဲ့ခြင်း မဟုတ်လောက်ပေ။
စုဝေ့မင်၏ ဘေးတွင်တော့ စုဝေ့ချင်းက လက်နှစ်ဖက်ကို အိတ်ကပ်ထဲသို့ ထည့်ပြီး တည်ငြိမ်စွာ ရပ်နေခဲ့လေသည်။
အခု ဘယ်သူက တိုင်တောခဲ့သလဲဆိုတာ ရှင်းနေတာပဲ။
ဝူလီတစ်ယောက် ဒေါသများ ထွက်လာခဲ့ရလေ၏။
မိသားစုထဲတွင် သူမ အကြောက်ဆုံးလူက စုဝေ့မင် ဖြစ်သော်လည်း၊ သူမက အမုန်းဆုံးလူက သူမ၏ မတ်ဖြစ်သူ စုဝေ့ချင်းပင်။
သူမက စုဝေ့ဟိုင်ထံတွင် စုဝေ့ချင်းအကြောင်းကို မကောင်းပြောဖူးသော်လည်း စုဝေ့ဟိုင်၏ သဘောထားက လူကြီးနှစ်ယောက်အတိုင်း တူညီနေခဲ့၏။
သူက ညီဖြစ်သူအပေါ်တွင် အလွန်ပင် လိုက်လျောလေ့ရှိ၏။
အကယ်၍ သူမသာ များများစားစား ပြောဆိုမည်ဆိုပါက စုဝေ့ဟိုင်၏ ဆူပူကြိမ်းမောင်းခြင်းကိုသာ ခံရပေလိမ့်မည်။
သူမ တုံ့ဆိုင်းစွာဖြင့် လျှောက်လာခဲ့လျှင်စုဝေ့ချင်းက သူမကို ခေါင်းညိတ်ပြပြီးနောက် လီရှန်း၏ ဘေးသို့ သွားလိုက်လေသည်။
“မင်း ခုနကတည်းက ဒီမှာ ရပ်နေတာကိုတွေ့တယ်၊ ဘာဖြစ်လို့လဲ”
“ဒီမှာ ကြည့်လိုက်၊ ဒါက ခြေရာတစ်ခုနဲ့ မတူဘူးလား”
လီရှန်းက ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်လေ၏။
သူမက လက်ကို လှမ်းပြီး ထိုခြေရာများကို စမ်းကြည့်လိုက်ပြီးပြောလိုက်လေသည်။
“စိုနေတုန်းပဲ”
“နှင်းကျတဲ့ ရာသီလည်း မဟုတ်သေးဘူး၊ ဒီရက်ပိုင်း မိုးလည်း မရွာဘူးလေ၊ ဒီစိုနေတဲ့ ခြေရာတွေက ဘယ်က ရောက်လာတာလဲ”
စုဝေ့ချင်းက ခန္ဓာကိုယ်ကိုကိုင်းပြီး ထိုခြေရာများကို ဂရုတစိုက် စစ်ဆေးလေသည်။
သူ၏ ဦးနှောက်ကလည်း စက်ရုံဝင်းထဲတွင် မည်သည့်နေရာတွင် ရေရှိနိုင်သနည်းဟု လျှင်မြန်စွာ စဉ်းစားနေခဲ့လေ၏။
အကယ်၍ ဝူလီ တိုက်မိလိုက်သူက ဦးလေးမာဖြစ်မည်ဟု ယူဆမည်ဆိုလျှင် ထိုအိတ်က ဦးလေးမာ၏ အိတ် ဖြစ်ရန် လုံးဝ မဖြစ်နိုင်ပေ။
ဦးလေးမာက ဝူလီနှင့် မတိုက်မိခင်တွင် တစ်စုံတစ်ဦးနှင့် တွေ့ဆုံနေခြင်း ဖြစ်နိုင်ကာ ထိုလူက အဘိုးကြီးမာ၏ ခေါင်းကို အုတ်ခဲနှင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုအချိန်မှာပင် ဝူလီက စက်ဘီးစီး၍ ဖြတ်လာခဲ့သောကြောင့် ရိုက်နှက်သူက ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် သတိလက်လွတ်ဖြစ်နေသော ဦးလေးမာကို ဝူလီ၏ စက်ဘီးနှင့် ဝင်တိုက်မိသွားခြင်း ဖြစ်ပေလိမ့်မည်။
ဝူလီက တစ်ဖက်လူ၏ ဒဏ်ရာကို စစ်ဆေးလိုသော်လည်း ဦးလေးမာက တိတ်တဆိတ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်နိုင်သည်။
ပြဿနာများ မဖြစ်စေရန်အတွက်၊ သို့မဟုတ် မိသားစုဝင်များကို မသိစေရန်အတွက် သူက ဒဏ်ရာများကို ဂရုမစိုက်ဘဲ ဝူလီ၏ လက်ထဲမှ ရုန်းထွက်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်နိုင်၏။
ဝူလီက ထိုလူ ပြုတ်ကျကျန်ခဲ့သည့် အရာမှာ လူသတ်လက်နက် ဖြစ်ကြောင်းကို မသိဘဲ အိတ်ကို အိမ်သို့ သယ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤသို့ စဉ်းစားကြည့်မည်ဆိုပါက ဇာတ်လမ်းက အပြစ်အနာအဆာ မရှိဘဲ ကွက်တိ ဖြစ်နေခဲ့သည်။
သို့သော် ယခု ပြဿနာတစ်ခုက ပေါ်လာခဲ့လေပြီ။
ညသန်းခေါင်ယံတွင် ဦးလေးမာ သွားရောက်တွေ့ဆုံခဲ့သူက မည်သူလဲ။
ထိုလူက အဘယ်ကြောင့် သူ့ကို တိုက်ခိုက်ခဲ့ရသည်လဲ။ သူက မိသားစုဝင်များက မသိအောင် မည်သည့်အရာများကို လုပ်နေခဲ့သနည်း။
ထို့အပြင်...
ဝူလီက စက်ဘီးစီးကာ အိမ်သို့ ပြန်လာခဲ့ပြီး သူတို့နှင့် စကားအနည်းငယ်သာ ပြောဆိုပြီးမှ ပြန်ထွက်လာခဲ့ခြင်း ဖြစ်၏။
အကယ်၍ ဒဏ်ရာရရှိသူက အမှန်တကယ်ပင် ဦးလေးမာဖြစ်ပါက သူ ဝူလီနှင့် မဆုံမိအောင် မည်သို့ရှောင်ကွင်းပြီး အိမ်သို့ အရောက်ပြန်နိုင်ခဲ့သည်လဲ။
အရေးကြီးဆုံးအချက်မှာ ဝူလီက စက်ဘီးစီးလာခြင်းဖြစ်ပြီး၊ ဦးလေးမာက ဒဏ်ရာရထားသည့်အပြင် လမ်းလျှောက်လာခြင်းဖြစ်သည်။
သူက အဘယ်ကြောင့် ဤမျှအထိ လျင်မြန်စွာ အိမ်သို့ အရောက်ပြန်နိုင်ခဲ့ပါသနည်း။
ထို့အပြင်...
အဒေါ်မာက မာချန့်ကို စစ်မေးသည့်အချိန်တွင်လည်း မာချန့်က အဘယ်ကြောင့် သူ့ဘက်မှ ရိုက်နှက်ခဲ့ပါသည်ဟု တိတ်တဆိတ် ဝန်ခံခဲ့ရပါသနည်း။
ပဟေဠိက ပို၍ ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင် စုဝေ့ချင်းကိုယ်တိုင်ပင် ဤမေးခွန်းများကြားတွင် စိတ်ရှုပ်ထွေးလာခဲ့ရတော့သည်။
*