← Chapters

ချေဖျက်၍မရ‌သော အမုန်း

Vol. 6 Ch. 76

ချေဖျက်၍မရ‌သော အမုန်း

Vol. 6 Ch. 76

အခန်း (၇၆) ချေဖျက်၍မရ‌သော အမုန်း

“ဂိုဏ်းချုပ် မစိုးရိမ်ပါနဲ့၊ နဂါးကိုးကောင်ဂိုဏ်းက ကျုပ်တို့ဆီ ပြဿနာလာမှာရှာမှာ မဟုတ်ဘူး၊ ကျုပ်နဲ့ ဝေ့ယွမ်က ရန်သူကနေ မိတ်ဆွေဖြစ်သွားပြီ၊ တစ်ယောက်ဂိုဏ်းကို တစ်ယောက် ပြဿနာမရှာဖို့ ကတိထားခဲ့ကြတယ်” ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို နှစ်သိမ့်လိုက်ပါတယ်။

လီချင်းဇဲ့ရဲ့ အလွန်အမင်း စိုးရိမ်နေတဲ့မျက်နှာထားကို တွေ့လိုက်ရတဲ့ ဟန်ကျွယ်ဟာ မရယ်မိအောင် မနည်းထိန်းထားလိုက်ရပါတယ်။ လီချင်းဇဲ့ သူ့ဆီရောက်လာတာက နဂါးကိုးကောင်ဂိုဏ်းကို သူ ရင်ဆိုင်ရဲလား သိချင်လို့ပဲ ဖြစ်ပါတယ်။

လီချင်းဇဲ့က တအံတဩ မေးလိုက်ပါတယ် “တကယ်ကြီးလား”

ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြလိုက်ပါတယ်။

“အရမ်းကောင်းတယ်၊ အကြီးအကဲဟန်... အကြီးအကဲဟန်က ယွီဂျင်ဂိုဏ်းရဲ့ နာမည်ကျော် နတ်သတ်အကြီးအကဲပဲ၊ အကြီးအကဲဟန်က ယွီဂျင်ဂိုဏ်းအတွက် ဒီလောက် လမ်းအများကြီး ဖောက်ပေးခဲ့တာ ဂိုဏ်းချုပ်ရာထူးကိုတောင် လွှဲအပ်ချင်လာပြီ”

“မလုပ်နဲ့၊ ကျုပ် အတိုက်ခိုက် မခံချင်သေးဘူး”

“အတိုက်ခံရတယ်”

“အဟွတ်... အဟွတ်... ဘာမှမဟုတ်ဘူး၊ ကျုပ်က ဂိုဏ်းချုပ်နေရာကို စိတ်မဝင်စားလို့ပါ”

“ဒါဆိုလည်း ထားလိုက်ပါတော့”

ဒီတစ်ကြိမ်မှာ လီချင်းဇဲ့ဟာ ဟန်ကျွယ်နဲ့ စကားကြာကြာ မပြောပါဘူး။ လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်ချင်တာကြောင့် သတင်းကောင်း ကြားရပြီးတာနဲ့ ထွက်ခွာသွားပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်ကို ထွက်လာတဲ့ လီချင်းဇဲ့ဟာ ဖူစန်းသစ်ပင်ကို ကြည့်လိုက်ပါတယ်။ ဖူစန်းသစ်ပင်ဟာ အရင်ကထပ် ပိုရှည်လာပါပြီ။ ဒီလိုနှစ်ပင်လိမ်နေတဲ့ သစ်ပင်က မြင်တွေ့ဖို့ ခက်လွန်းတဲ့အရာတစ်ခုပါ။

ရွှင်ချန်အန်းဟာ သူ့လက်သီးကို ဆုပ်ကိုင်ပြီး လီချင်းဇဲ့ကို အရိုအသေပေးလိုက်ပါတယ်။

ဖူစန်းသစ်ပင်ကို စိတ်ဝင်တစားကြည့်နေတဲ့ လီချင်းဇဲ့ဟာ ရွှင်ချန်အန်း အရိုအသေ ပေးတာကိုတောင် သတိမထားမိပါဘူး။

‘ဒါက ဘယ်လိုသစ်ပင်မျိုးလဲ၊ အကြီးအကဲဟန်က သူ့ကျင့်ကြံခြင်းလိုဏ်ဂူဝမှာ စိုက်ထားတာဆိုတော့ သာမန်သစ်ပင်တော့ မဟုတ်တန်ရာဘူး’

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖွင့်လိုက်ပါတယ်။ ဒီစာအိတ်တွေကို ဟန်ကျွယ် မဖတ်ဖြစ်တာ အတော်ကြာပါပြီ ‘ငါ့မိတ်ဆွေနဲ့ သူငယ်ချင်းတွေ ဒီနှစ်ပိုင်းမှာ ဘာတွေဖြစ်နေကြပါလိမ့်’

[သင့်မိတ်ဆွေကောင်း ဟွမ်ဂျိဟောင်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၂

[သင့်မိတ်ဆွေကောင်း ဟွမ်ဂျိဟောင်သည် ကျင့်ကြံအားထုတ်ရင်း အသိဉာဏ် လင်းလက်သွားသောကြောင့် ဆန်းကြယ်စွမ်းအားတစ်မျိုးကို နားလည်သဘောပေါက်သွား၏။]

[သင့်တပည့် စုချီသည် ဂိုဏ်းတူတပည့်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၁

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်သောကြောင့် နတ်ဆိုးနိုင်ဂိုဏ်း၏ ကံရောင်ဝါသည် မှေးမှိန်သွားပြီ ဖြစ်သည်။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် သေခြင်းရှင်ခြင်း သဘောတရားအမှန်ကို နားလည်သဘောပေါက်သွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၂၈၇

[သင့်မိတ်ဆွေကောင်း ဖော့ဖူချိုသည် ကံအားလျော်စွာ နတ်ဆိုးဓားကို ရရှိခဲ့သည်။]

…

အတိုက်ခံရသူတွေက အတိုက်ခံရတုန်းဖြစ်ပြီး တစ်ချို့ကလည်း ကံအားလျော်စွာ ရတနာတွေ ရရှိသွားကြပါတယ်။ ဟန်ကျွယ်ဟာ သူ့တပည့်စုချီက နတ်ဆိုးနိုင်ဂိုဏ်းထဲ ရောက်နေတာကို သတိထားမိလိုက်ပါတယ်။

‘ဝိုး... ဒီကောင်လေး မဆိုးဘူး’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ‌ရှောင်အယ်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်ရင်း ရှောင်အယ်ကို ကျိန်စာတိုက်တာပါ။

ဟန်ကျွယ်ဟာ သူ့ဂရုစိုက်တဲ့လူတွေ တစ်ယောက်မှ မသေတဲ့အတွက် ဝမ်းသာသွားပါတယ်။ ဒါပေမဲ့ စိတ်ညစ်စရာကောင်းတာ တစ်ခုကတော့ ရှိနေပါတတယ်။ အဲဒါကတော့ သူ့ရန်သူတွေ မသေသေးတာပါ။

“ငါ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ရမယ်၊ ယွီဂျင်ဂိုဏ်း အင်အားကြီးလာတာနဲ့အမျှ ရင်ဆိုင်ရမဲ့ ရန်သူကလည်း စွမ်းအားကြီးလာမှာပဲ၊ ဒီဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်နဲ့ မလုံလောက်နိုင်ဘူး၊ ခန္ဓာကိုယ်ပေါင်းစပ်ခြင်း အဆင့်ကို အမြန်ဆုံးရောက်အောင် ငါ တက်နိုင်သလောက် ကြိုးစားရမယ်”

ရှောင်အယ်ကို တစ်နာရီလောက် ကျိန်စာတိုက်ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ ဆက်လက်အားထုတ်ပါတယ်။

…

နှစ်နှစ်ကြာပြီးနောက်။

နောက်ဆုံးမှာတော့ ရန်ထျန်တုန်းတစ်ယောက် ပြန်ရောက်လာပါပြီ။

ဟန်ကျွယ်ဟာ သူ့လက်ကိုဝှေ့ယမ်းပြီး ဝီရိယတောင်ရဲ့ အကာအကွယ်ကို ဖွင့်ပေးလိုက်ပါတယ်။ အကာအကွယ် ပွင့်သွားတာနဲ့ ရန်ထျန်တုန်းဟာ တောင်ပေါ်ကို ချက်ချင်း တက်သွားပါတယ်။

တရားထိုင်နေတဲ့ ငရဲကြက်နက်ဟာ ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ ရန်ထျန်တုန်းကို မြင်လိုက်ရတာကြောင့် စနောက်လိုက်ပါတယ် “မင်းက လူသားဘဝကို စွန့်လွှတ်ပြီး နတ်ဆိုးဖြစ်လာပြီလား”

ရန်ထျန်တုန်းဟာ ငရဲကြက်နက်ကို ခေါင်းညိတ်ပြလိုက်ပြီး တောင်ပေါ် ဆက်တက်သွားပါတယ်။

ငရဲကြက်နက်ဟာ နှုတ်ခမ်းစူပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “သူက ငါ့ကို လျစ်လျူရှုရဲတယ်၊ သူ့ရွှေဓာတ်လုံးအဆင့်က ဘယ်လောက်စွမ်းနေလို့လဲ၊ ငါခြေသည်းကို ခံနိုင်မှာကျနေတာပဲ”

ကျင့်ကြံခြင်းလိုဏ်ဂူဝကို ရောက်တဲ့အခါမှာ ရန်ထျန်တုန်းဟာ ဒူးထောက်လိုက်ပါတယ်။

ဖူစန်းသစ်ပင်အောက်မှာ ထိုင်နေတဲ့ ရွှင်ချန်အန်းဟာ ရန်ထျန်တုန်းကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

‘ဒီနတ်ဆိုးက ငါရဲ့စီနီယာအစ်ကိုလား၊ ငါ့မှာ အစ်ကိုနှစ်ယောက်ရှိတယ်လို့ ဆရာသခင်က ပြောဖူးတယ်၊ အကြီးဆုံးအစ်ကိုက လူသားတစ်ဝက် နတ်ဆိုးတစ်ဝက်ဆိုတော့ ဒီလူနဲ့ တော်တော်လေးဆင်တယ်’

“မင်းက ငါတို့ကို သတိရသေးတာလား”

ဟန်ကျွယ်ရဲ့ ခံစားချက်ကင်းမဲ့တဲ့ အသံဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်ပေါ်လာပါတယ်။

ရန်ထျန်တုန်းဟာ ဟန်ကျွယ်နဲ့ အတူတူကျင့်ကြံမယ်လို့ ပြောခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အ‌ဝေးကို ထွက်ပြေးသွားခဲ့ပြီး တစ်ခေါက်တောင် ပြန်မလာခဲ့ပါဘူး။

ရန်ထျန်တုန်းဟာ မဲ့ပြုံးပြုံးလိုက်ပါတယ် “ဆရာသခင်... ဒီလိုဖြစ်ရတာက ကျွန်တော်ကို နတ်ဆိုးဘုရင်က ပြန်ပေးဆွဲသွားလို့ပါ၊ အဲဒီနောက်ပိုင်းမှာလည်း ကိစ္စအများကြီး တွေ့ကြုံခဲ့ရတယ်၊ အခု ကျွန်တော်က နတ်ဆိုးဘုရင်ဖြစ်နေပြီး ကျွန်တော့်လက်အောက်မှာ နတ်ဆိုးတွေ အများကြီးရှိနေပြီ၊ သူတို့ကို ကျွန်တော် မထားခဲ့နိုင်ဘူး”

“ဟားဟားဟား” ဟန်ကျွယ်ဟာ ရယ်မောလိုက်ပါတယ်။

ရန်ထျန်တုန်းဟာ အပြစ်ရှိသလို ခံစားရတာကြောင့် စကားလမ်းကြောင်းလွှဲလိုက်ပါတယ် “ဆရာသခင်... ကျွန်တော် ပြောစရာတစ်ခုရှိတယ်၊ ရန်ဒေသရဲ့ သမိုင်းမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ နတ်ဆိုးဘုရင်တန်စု နိုးထလာခဲ့ပြီ၊ သူက အကြံကြီး ကြံနေတယ်၊ သူက ရန်ဒေသမှာနေထိုင်တဲ့ လူသားတွေမျိုးနွယ်စုကို နတ်ဆိုးမျိုးနွယ်စုရဲ့ အစားအစာအဖြစ် မွေးချင်နေတယ်၊ သူက နတ်ဆိုးအများကြီးကို စုစည်းပြီးသွားပြီ၊ မကြာခင်မှာ ရန်ဒေသရဲ့နယ်စပ်ကို ဝင်လာပြီး ခံတပ်တွေကို တိုက်ခိုက်လိမ့်မယ်၊ လူသားမျိုးနွယ်စုက ပြေးစရာမြေမရှိတော့မှ သူ့အစွယ်ကို ထုတ်ပြလိမ့်မယ်”

‘နတ်ဆိုးဘုရင်တန်စု’ ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီး မေးလိုက်ပါတယ် “ဒီနတ်ဆိုးက ဘယ်လောက်တောင် စွမ်းလို့လဲ”

“ကျွန်‌တော်လည်း သေချာတော့ မသိဘူး၊ ဒါပေမဲ့ အရမ်းအစွမ်းထက်တာ အမှန်ပဲ၊ ကျွန်တော် သူ့ကို လုံးဝမခုခံနိုင်ဘူး၊ ကျွန်တော် ဒီတစ်ခေါက် ပြန်လာတာက ဆရာသခင်ကို ကြိုတင်ပြင်ဆင်ထားဖို့ လာပြောတာ”

ရန်ထျန်တုန်းဟာ ဟန်ကျွယ်နဲ့ တစ်ခဏနေခဲ့တာမို့ ဟန်ကျွယ်စရိုက်ကို သိပါတယ်။ ဟန်ကျွယ်က သူမနိုင်တဲ့လူနဲ့ အသေခံတိုက်ခိုက်မဲ့လူစားမျိုး မဟုတ်ပါဘူး။ အန္တရာယ်နဲ့ ဝေးသထက်ဝေးအောင် ထွက်ပြေးမဲ့လူစားမျိုးပါ။

“မင်းနဲ့ နတ်ဆိုးဘုရင်တန်စုရဲ့ ဆက်ဆံရေးက ဘာလဲ၊ ဒီအကြောင်းကို မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ”

“အမှန်အတိုင်းပြောရရင် နတ်ဆိုးဘုရင်တန်စုက ကျွန်တော့်ကို သားအဖြစ် မွေစားလိုက်ပါတယ်၊ ကျွန်တော် သူ့ကို မငြင်းရဲဘူး၊ ငြင်းရင် ကျွန်တော်သေမှာ...”

“...”

ဟန်ကျွယ်ဟာ နတ်ဆိုးဘုရင်တန်စုကို ကြယ်ငါးပွင့်လောက်ထိ မုန်းတီးသွားပါတယ်။ ရန်ထျန်တုန်းကို မွေးစားလိုက်တာက သူ့သားကို လာခိုးလိုက်တာပါ။ ကိုယ်ပိုင်တပည့်တစ်ယောက်ဟာ သားအဖြစ်သတ်မှတ်လို့ရပါတယ်။ သားခိုးတဲ့အမုန်းဟာ ဘယ်အကြောင်းနဲ့မှ ပြေပျောက်သွားမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခုရသွားတာကြောင့် ရန်ထျန်တုန်းကို ပြောလိုက်ပါတယ်။

“မင်းပြန်သွားပြီး ငါ့အကြောင်းကို နတ်ဆိုးဘုရင်တန်စုသိအောင် ပြောပြလိုက်၊ ငါ့နာမည်နဲ့ ငါက သူ့ကို လေးစားနေတဲ့အကြောင်း ပိုပိုသသာလေး ပြောလိုက်၊ အဓိကက သူ ငါ့အပေါ် အကောင်းမြင်စိတ် ရှိလာဖို့ပဲ”

ရန်ထျန်တုန်းဟာ သူ့ဆရာသခင်စကားကို နားမလည်နိုင်အောင် ဖြစ်သွားပါတယ် ‘ဆရာသခင်က ဘာလုပ်နေတာလဲ’

“သွားတော့”

“ဟုတ်” ရန်ထျန်တုန်းဟာ ချက်ချင်း ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆက်လက်အားထုတ်ပါတယ်။ နတ်ဆိုးဘုရင်တန်စုက ကပ်ဘေးလွန်မြောက်အဆင့်ကို ရောက်နေရင် သူနဲ့ယွီဂျင်ဂိုဏ်း ရန်ဒေသကနေ ထွက်ပြေးတာ အကောင်းဆုံးပါပဲ။

ဘယ်ဟာမှ အသက်လောက် အရေးမကြီးပါဘူး။

…

သုံးလအကြာ။

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[နတ်ဆိုးဘုရင်တန်စုသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို မျှော်လင့်တကြီးနဲ့ ဖွင့်လိုက်ပါတယ်။

‘ဘုရား သိကြား မပါစေ... နတ်ဆိုးဘုရင်တန်စုက ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ထက် မကျော်ပါစေနဲ့’

[နတ်ဆိုးဘုရင်တန်စု: ခန္ဓာကိုယ်ပေါင်းစပ်ခြင်း စတုတ္ထအဆင့်၊ နှစ်တစ်သောင်း နတ်ဆိုးအိုကြီး။ လူသားကျင့်ကြံသူများအပေါ် ပင်လယ်လိုနက်ရှိုင်းသော အမုန်းတရားရှိပြီး အလွန်တရာ ရက်စက်သူ ဖြစ်၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ခန္ဓာကိုယ်ပေါင်းစပ်ခြင်း စတုတ္ထအဆင့်။

ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း သတ္တမအဆင့်မှာ ရောက်နေတဲ့ သူ့အနေနဲ့ ခန္ဓာကိုယ်ပေါင်းစပ်ခြင်း စတုတ္ထအဆင့်ရှိတဲ့ နတ်ဆိုးတစ်ကောင်ကို တိုက်ခိုက်ဖို့က သိပ်မခက်လောက်ပါဘူး။

ဟန်ကျယ်မှာ ဒီလောက်ယုံကြည်ချက်ရှိတော့ သိပ်တော့မထူးဆန်းပါဘူး။ တစ်ကိုယ်လုံးမှာ စိတ်ဝိညာဉ်ရတနာတွေ ဆင်မြန်းထားတဲ့အပြင် အနှိုင်းမဲ့ဓားတာအို ဆန်းကြယ်စွမ်းအားကိုလည်း နားလည် သဘောပေါက်ထားတာကြောင့် ဟန်ကျွယ်ဟာ ဒီလိုယုံကြည်ချက် ရှိနေတာပါ။

နှမြောဖို့ကောင်းတာတစ်ခုက‌တော့ နတ်ဆိုးဘုရင်တန်စုဟာ ယွီဂျင်ဂိုဏ်းကို မလာတဲ့အတွက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲနဲ့ စစ်ဆေးပြီး တစ်ပွဲတစ်လမ်း အကဲစမ်းလို့ မရတာပါ။

ဘာပဲဖြစ်ဖြစ် နတ်ဆိုးဘုရင်တန်စုဟာ ဟန်ကျွယ်ကို ထွက်ပြေးစေလောက်တဲ့အထိ အစွမ်းမရှိပါဘူး။ အဲဒါကြောင့် ဟန်ကျွယ် ဆက်လက်အားထုတ်ပါတယ်။

နတ်ဆိုးဘုရင်တန်စုက နှစ်ဘယ်လောက်ကြမှ ယွီဂျင်ဂိုဏ်းကို ရောက်လာမလဲ ဘယ်သူမှ မပြောနိုင်ပါဘူး။

‘ငါအရင်ဆုံး ဂူအောင်းကျင့်ကြံပြီး ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ကို ရောက်အောက် ကြိုးစားရမယ်’

ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ နတ်ဆိုးဘုရင်တန်စုကို ကျိန်စာတိုက်ပါတယ်။ နတ်ဆိုးဘုရင်တန်စုရဲ့ ကျင့်ကြံမှု ဖောက်လွဲဖောက်ပြန် ဖြစ်သွားရင် ဟန်ကျွယ်အတွက် အကောင်းဆုံးပါပဲ။

ကြမ္မာဆိုးစာအုပ်ဟာ ကျိန်စာတိုက်ဖို့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုရပါတယ်။ ဟန်ကျွယ်ဟာ တစ်ခါမှ အင်တိုက်အားတိုက်နဲ့ တစ်ယောက်ယောက်ကို ကျိန်စာမတိုက်ဖူးပါဘူး။ စိတ်ဝိညာဉ်စွမ်းအား နည်းနည်းသာ အသုံးပြုပြီး ကျိန်စာတိုက်ခဲ့တာပါ။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ သူ့စိတ်ဝိညာဉ်စွမ်းအားကို အင်တိုက်အားတိုက် အသုံးပြုပြီး နတ်ဆိုးဘုရင်တန်စုကို ကျိန်စာတိုက်လိုက်ပါတယ်။

ကြမ္မာဆိုးစာအုပ်ကနေ ထူးဆန်းတဲ့ အနက်ရောင်ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ဟန်ကျွယ်မျက်နှာကို ဟပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ငရဲပြည်က မိစ္တာတာအိုသခင်လိုပါပဲ။

ဆယ်နာရီ ကြာတဲ့အခါမှာတော့

ဟန်ကျွယ်ရဲ့ ဒွါရကိုးပေါက်ကနေ သွေးတွေယိုစီးကျလာပါတယ်။

[သတိပေးချက်: ကြမ္မာဆိုးစာအုပ်ကို အလွန်အကျွံ အသုံးပြုလျှင် ဆိုးကျိုးခံစားရလိမ့်မည်။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကြောင့် အထိတ်တလန့်ဖြစ်သွားပြီး ချက်ချင်းပဲ ကျိန်စာတိုက်တာကို ရပ်တန့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မျက်နှာက သွေးတွေကို လက်နဲ့သုတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ဖို့ပဲ အာရုံစိုက်ထားတာကြောင့် သွေးထွက်နေတာကို သတိမထားမိပါဘူး။

ကြည့်ရတာ ကြမ္မာဆိုးစာအုပ်က အကြိမ်များများ အသုံးပြုလို့မရပုံပါပဲ။ ကံကောင်းထောက်မပြီး ဟန်ကျွယ် ခန္ဓကိုယ်နဲ့ ဝိညာဉ်ဟာ သိပ်ပြီး မထိခိုက်သွားတာကြောင့် ရက်အနည်းငယ် နားလိုက်တာနဲ့ အကောင်းပကတိ ဖြစ်သွားမှာပါ။

‘ငါတောင် ဒီလောက်ဖြစ်တယ်ဆိုတော့ အဲဒီနတ်ဆိုး ဘယ်လိုဖြစ်မလဲ မသိဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ မျှော်လင့်တကြီး တွေးလိုက်ပါတယ်။

All Chapters