မဟာညီညွှတ်မှုဓားငွေ့၊ ရန်သူသေဆုံးခြင်း
Vol. 6 Ch. 79
အခန်း (၇၉) မဟာညီညွှတ်မှုဓားငွေ့၊ ရန်သူသေဆုံးခြင်း
ဓားတာအိုမြစ်ထဲမှာ ဟန်ကျွယ် ရှေ့ကိုဆက်တက်သွားပြီး အရင်ရှိနေတဲ့ ဓားကျင့်ကြံသူတွေကို ကျော်တက်သွားပါတယ်။ ဟန်ကျွယ် ဒီလိုကျော်တက်နိုင်တာက စွမ်းအားကြောင့်မဟုတ်ဘဲ သိမြင်နားလည်နိုင်စွမ်းကြောင့်ပါ။ ဟန်ကျွယ်ဟာ ရှေ့ကိုဆက်တက်လေလေ သူ့ဓားငွေ့က ကြည်လင်ပြတ်သားလာလေလေ ဖြစ်လာပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ့်ခေါင်းထဲကို အတွေးတစ်ခု ဝင်လာပါတယ် ‘ဒီတာအိုမြစ်အဆုံးမှာ ဘာရှိနေမလဲ’
ဒီအချိန်မှာပဲ
အနီရောင်အသွင်တစ်ခုဟာ ရုတ်တရက် နောက်လှည့်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်ပါတယ် “ရပ်စမ်း... သေမျိုးကများ မသေမျိုးနယ်ပယ်ကို ထိရဲတယ်၊ သေချင်နေတာပဲ”
“ဝုန်း...”
လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားငွေ့ဟာ ဟန်ကျွယ်ဆီကို ရုတ်တရက် ရောက်လာပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ သေခြင်းတရားကို ခံစားလိုက်ရပါတယ်။ ဓားတာအိုမြစ်ဟာလည်း ကွဲကြေထွက်သွားပြီး ဟန်ကျွယ်ရဲ့ သတိတရားဟာ သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ပင့်သက်ရှိုက်သွားပါတယ်။
“အဲဒီလူက ဘယ်သူများပါလိမ့်”
ဒီလိုစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်မျိုးကို ဟန်ကျွယ် ပထမဆုံးအကြိမ် တွေ့ကြုံရတာပါ။ ဒီပုဂ္ဂိုလ်ရဲ့ဓားငွေ့က ဟန်ကျွယ်ခန္ဓာကိုယ်ကို တစ်စစီစုတ်ဖြဲပစ်ဖို့ လုံလောက်ပါတယ်။ ကံကောင်းထောက်မပြီး ဒီပုဂ္ဂိုလ်က သတ်ဖြတ်ချင်စိတ် မရှိလို့ပါပဲ။ မဟုတ်ရင် ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ လုံးဝဖျက်ဆီးခံလိုက်ရမှာပါ။
‘ကြည့်ရတာ နောက်ကျရင် ငါ အရမ်းကြီး လောဘကြီးလို့ မဖြစ်တော့ဘူးပဲ’
[မဟာညီညွှတ်မှုဓားငွေ့ကို သိမြင်နားလည်သွားခြင်းအတွက် ဂုဏ်ယူပါသည်။ ဤဓားငွေ့သည် ပြန်လည်မွေးဖွားခြင်းဓားငွေ့ ဖြစ်သည်။]
[မဟာညီညွှတ်မှုဓားငွေ့အား ပထမဆုံးအကြိမ် သိမြင်နားလည်ခြင်း ဖြစ်သည့်အတွက် စိတ်ဝိညာဉ်ရတနာတစ်ပါးအား ရရှိပါသည်။]
[ဆဋ္ဌမအဆင့်ရှိ တထျန်းကျယ် စိတ်ဝိညာဉ်ရတနာ တရားထိုင်ဖျာအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[တရားထိုင်ဖျာ: တထျန်းကျန် စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်။ အသုံးပြုသူ၏ ကျင့်ကြံခြင်းအလျင်ကို တိုးတက်စေပြီး အတွင်းနတ်ဆိုးအား ဖိနှိပ်နိုင်၏။]
‘တထျန်းကျယ်အဆင့်... ဒီဟာက မော်တယ်အဆင့်ထက် ပိုမြင့်တာလား’ ဟန်ကျွယ် စိတ်ထဲမှာ တွေးတောလိုက်ပြီး တရားထိုင်ဖျာကို ချက်ချင်း ထုတ်ယူလိုက်ပါတယ်။
တရားထိုင်ဖျာဟာ သာမန်တာအိုဘုံကျောင်းက ဆုတောင်းသူတွေထိုင်ဖို့ခင်းထားတဲ့ ဖျာနဲ့ ဘာမှမကွာပါဘူး။ ဒါပေမဲ့ တရားထိုင်ဖျာပုံကို ဟန်ကျွယ် ထိုင်လိုက်တာနဲ့ တစ်ပြိုင်တည်း စိတ်ပြေလက်ပျောက် ဖြစ်သွားပြီး မသေမျိုးနယ်ပယ်က ဓားဝိဇ္ဇာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စိတ်ဖိအားတွေဟာ ပိန်းကြာရွက်ပေါ် ရေမတင်သလို တစ်ခဏချင်း ကင်းစင်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ညာလက်ကို မြှောက်လိုက်တဲ့အခါမှာ ဓားသေးသေးလေးတစ်ခု လက်ဖဝါးထဲမှာ ခဲသွားပါတယ်။ ဒီဟာက ပြန်လည်မွေးဖွားခြင်းဓားငွေ့ပဲ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကိုယ်ပိုင်ဓားငွေ့ရှိသွားပါပြီ။
နောက်ကျလို့ တစ်ယောက်ယောက်က သူ့ကို လာစိန်ခေါ်လို့ရှိရင် ပြန်လည်မွေးဖွားခြင်းဓားငွေ့ကို တိုက်ရိုက်အသုံးပြုပြီး ပြိုင်ဘက်ကို တစ်ချက်တည်း ချေမှုန်းပစ်လို့ရပါတယ်။ ဒီလိုဆိုရင် ဘေးပတ်ဝန်းကျင်ကို သိပ်ပြီးသက်ရောက်တော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆက်လက်အားထုတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ခရမ်းရောင်ကောင်းကင်ဟာ ပျောက်ကွယ်သွားပါတယ်။
လောကတစ်ခုလုံးက ဒီအံဖွယ်ဖြစ်ရပ်အကြောင်းကို ဆွေးနွေးနေကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ပေါ်မလာပါဘူး။ လူလိမ်အများကြီးဟာ ဒီအံဖွယ်ဖြစ်ရပ်က သူတို့ကြောင့်လို့ ကြွားလုံးထုတ်ကြပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စတွေကို မသိပါဘူး။ သိခဲ့ရင်တောင် ဂရုစိုက်မှာ မဟုတ်ပါဘူး။
…
မြောက်ပိုင်းဒေသ နတ်ဆိုးနိုင်ဂိုဏ်း။
တောင်ကြားတစ်ခုမှာ ဂိုဏ်းတပည့်ရာချီဟာ ကျောက်တုံးပြားကို မျက်နှာမူပြီး ထိုင်နေကြပါတယ်။ ကျောက်တုံးပြားပေါ်မှာတော့ သွေးစာလုံးတွေ ရှိနေပါတယ်။ စုချီလည်း ဒီတပည့်တွေအကြားမှာရှိနေပြီး စိုးရိမ်ပူပန်တဲ့မျက်နှာထား ရှိနေပါတယ်။
စုချီဟာ နတ်ဆိုးနိုင်ဂိုဏ်းရဲ့ နတ်ဆိုးပညာရပ်တွေကို မလေ့ကျင့်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ယာကျင့်ကြံသူအစား လက်ဝဲကျင့်ကြံသူ မဖြစ်ချင်လို့ပါ။ ဒါပေမဲ့ သူ့ဆရာသခင်က အခုအချိန်ထိ မလှုပ်ရှားသေးလို့ သူလည်း ဘာမှမတတ်နိုင်ပါဘူး။
စုချီဟာ နတ်ဆိုးနိုင်ဂိုဏ်းထဲ ဝင်လိုက်ကတည်းက လက်ဝဲကျင့်ကြံသူတွေလို မကောင်းတာ လိုက်မလုပ်တဲ့အတွက် အမြဲတမ်းလိုလို အနိုင်ကျင့်ခံရပါတယ်။ အများလမ်းကို မလိုက်တဲ့အတွက် အကြဉ်ခံရတာ မဆန်းပါဘူး။ ဒါပေမဲ့ စုချီကိုအနိုင်ကျင့်တဲ့ တပည့်တိုင်းဟာ ထူးဆန်းတဲ့အကြောင်းအရင်းတွေနဲ့ သေကုန်ကြပါတယ်။ အဲဒါကြောင့် စုချီကို ဘယ်သူမှ ရန်မစရဲတော့ပါဘူး။
သူ့ဆရာသခင်က သူ့ကို တိတ်တဆိတ် ကူညီနေတာဆိုတာ စုချီသိပါတယ်။ ကြည့်ရတာ နတ်ဆိုးနိုင်ဂိုဏ်းက အင်အားအရမ်းကြီးတဲ့အတွက် သူ့ဆရာသခင်က အလျင်စလို မတိုက်ချင်ပုံပါပဲ။
ဒီအချိန်မှာပဲ...
လူတစ်ယောက်ဟာ ကျောက်ပြားဘေးနားက ကျောက်တိုင်ပေါ်ကို ရုတ်တရက် ရောက်လာပါတယ်။
“တပည့်အားလုံး နားထောင်၊ အကြီးအကဲရှောင်အယ် ကွယ်လွန်သွားပြီ၊ တပည့်အားလုံး အရိုအသေသွားပေးရမယ်”
အသစ်ရောက်လာတဲ့လူက အော်ပြောလိုက်ပါတယ်။ သူ့အော်သံကြောင့် တပည့်တွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။
အကြီးအကဲတစ်ယောက် ကွယ်လွန်သွားပြီ။
နတ်ဆိုးနိုင်ဂိုဏ်းမှာ အကြီးအကဲဖြစ်ဖို့ဆိုတာ အနည်းဆုံး ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်ကို ရောက်ရပါတယ်။ ဟင်းလင်းပြင်ပေါင်းစပ် ကျင့်ကြံသူတစ်ယောက် ကွယ်လွန်သွားတာက ကိစ္စသေးသေးလေး မဟုတ်ပါဘူး။ တပည့်အားလုံးဟာ မတ်တတ်ရပ်ပြီး ဂိုဏ်းရှိရာကို ပျံသန်းသွားကြပါတယ်။
စုချီဟာ လူစုနဲ့အတူ ရောပါသွားပြီး စိတ်လှုပ်တရှား ဖြစ်သွားပါတယ် ‘ဆရာသခင်ရဲ့ လက်ချက်များလား၊ ဆရာသခင်က လွဲလို့ ဘယ်သူဖြစ်နိုင်အုန်းမှာလဲ၊ မြောက်ပိုင်းဒေသမှ နတ်ဆိုးနိုင်ဂိုဏ်းကို ဘယ်သူမှ ရန်မစရဲဘူး၊ ဟင်းလင်းပြင်ပေါင်းစပ် ကျင့်ကြံသူတစ်ယောက်က အကြောင်းအရင်းမရှိဘဲ ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ’
တစ်ခြားတစ်ဖက်ရဲ့ ဘုံကျောင်းတစ်ကျောင်းထဲမှာ
ရှောင်အယ်ရဲ့အလောင်းဟာ မြေကြီးပေါ်မှာ လဲလျောင်းနေပါတယ်။ အလောင်းဘေးမှာတော့ အလွန်ကြီးမားတဲ့ ဆေးအိုကြီးတစ်အိုးရှိနေပြီး အလယ်မှာ ဖယောင်းတိုင်စိုက်ထူထားကာ အစိမ်းရောင် မီးခိုးတွေ ထွက်နေပါတယ်။ ဒီအစိမ်းရောင်မီးခိုးတွေက ရှောင်အယ်ရဲ့ ဖျော့တော့နေတဲ့ဝိညာဉ်ကို အလွယ်တကူ မပျောက်ကွယ်သွားအောင် ကာကွယ်ထားပါတယ်။
နတ်ဆိုးနိုင်ဂိုဏ်းရဲ့ အရေးကြီးဂိုဏ်းဝင် ဆယ်ယောက်ကျော်ဟာ ဘေးနားမှာ မတ်တတ်ရပ်နေကြပါတယ်။
ဂိုဏ်းချုပ်ထူချွမ်ရဲ့ မျက်နှာဟာ မည်းမှောင်နေပါတယ် “ဂျူနီယာရှောင်အယ်... နောက်ဆုံးအနေနဲ့ ဘာမှာချင်သေးလဲ”
ဂိုဏ်းချုပ်ထူချွမ်နဲ့ တစ်ခြားအကြီးအကဲတွေဟာ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ ဘာမှအရာမထင်တဲ့အတွက် နောက်ဆုံးတော့ လက်လျှော့လိုက်ရပါပြီ။
ရှောင်အယ်ရဲ့ဝိညာဉ်ဟာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို မဝင်ခင် အချိန်နည်းနည်းပဲ ခံတော့မှာပါ။ ဒီအချိန်ကစပြီး သူတို့ဟာ သေခြင်းရှင်ခြင်းတရားကြောင့် လုံးဝကွဲကွာသွားမှာပါ။ ရှောင်အယ် ပြန်လည်မွေးဖွားခဲ့ရင်တောင် သူတို့တွေအချင်းချင်း လုံးဝမှတ်မိကြမှာ မဟုတ်တော့ပါဘူး။
ရှောင်အယ်ဟာ စိတ်ပျက်အားငယ်မှုကြောင့် ခေါင်းရှုပ်နေပါတယ်။ သေခါနီးမှာ သူ့ဘဝကို ပြန်တွေးမိပြီး ဒီကိစ္စတွေအကုန်လုံးက ရန်ဒေသကနေ ထွက်လာတဲ့အချိန်ကနေစပြီး ဖြစ်ပျက်ခဲ့တယ်ဆိုတောကို ရှောင်အယ် သတိပြုမိလိုက်ပါတယ်။ ရှောင်အယ်ဟာ ဟန်ကျွယ်ရဲ့ ချောမောလွန်းတဲ့မျက်နှာကို ပြန်တွေးမိသွားပါတယ်။
အကြောင်းအရင်းတစ်ချို့ကြောင့် သူ့အစီအစဉ်ကို ဟန်ကျွယ် ဖျက်ဆီးလိုက်ကတည်းက သူ ထပ်ပြီး မပျော်ရွှင်ရတော့ပါဘူး။ ကံဆိုးမှုတွေကို တစ်မျိုးပြီးတစ်မျိုး တွေ့ကြုံရပြီး ကြမ္မာငင်ပါတော့တယ်။ နည်းနည်းလေး ကျင့်ကြံအားထုတ်လိုက်တာနဲ့ အတွင်းနတ်ဆိုးကို တွေ့ကြုံရပါတော့တယ်။
ဖြစ်နိုင်တာတွေ အကုန်လုံးကို ပယ်ထုတ်ပြီးနောက်မှာ နောက်ဆုံးမဖြစ်နိုင်တဲ့တစ်ခုက ကျိန်းသေပေါက် အမှန်တရားပါ။
ရှောင်အယ်ရဲ့ မျက်လုံးတွေဟာ နောက်ဆုံးအလင်းရောင်ရောင် တောက်ပသွားပါတယ်။ အဲဒီနောက် သူ့တာအိုရောင်းရင်းတွေ ဂိုဏ်းတပည့်တွေကိုကြည့်ကာ အံကြိတ်လိုက်ပါတယ်။
“ရန်ဒေသကို မသွားနဲ့၊ ရန်ဒေသကို မသွားနဲ့... ရန်ဒေသက ယွီဂျင်ဂိုဏ်းကို ရန်သွားမစနဲ့... ...”
ဒီစကားက ရှောင်အယ်ရဲ့ နောက်ဆုံးစကားပါ။ ဟန်ကျွယ်က သူ့ကို ဘယ်လိုဒုက္ခပေးလဲဆိုတာ သူမသိပါဘူး။ ဒါပေမဲ့ သူ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ကြောင့်ဆိုတာ သူ့ မသိစိတ်က သိနေပါတယ်။
လျှို့ဝှက်ဆန်းကြယ်ပြီ ယုတ္တိမရှိတဲ့ ရန်သူက ကြောက်စရာအကောင်းဆုံး ရန်သူပါ။ ရှောင်အယ်ဟာ နတ်ဆိုးနိုင်ဂိုဏ်းကို သူ့လို မဖြစ်စေချင်ပါဘူး။
ကလဲ့စားချေဖို့ကတော့...
ရှောင်အယ်က ကံဆိုးမှုအများကြီးကို ဖြတ်ကျော်ပြီးနောက်မှာ ကလဲ့စားချေချင်စိတ် မရှိတော့ပါဘူး။ အခုအချိန်မှာ သူ့အဖြစ်ချင်ဆုံး ဆန္ဒက အနာဂတ်မှာ နတ်ဆိုးနိုင်ဂိုဏ်း ဘေးကင်းလုံခြုံဖို့ပါပဲ။
သူ့အတွက်ကတော့...
နေရာကောင်းတစ်ခုမှာ ပြန်လည်မွေးဖွားရရင် လုံလောက်ပါပြီ။
ထူချွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဂျူနီယာ အခုလို ကြမ္မာငင်တာ ယွီဂျင်ဂိုဏ်းကြောင့်လား” အဲဒီနောက် တစ်ခြားအကြီးအကဲတွေဘက်လှည့်ပြီး မေးလိုက်ပါတယ် “ရန်ဒေသက ဘယ်နားမှာရှိတာလဲ”
အကြီးအကဲအကုန်လုံးဟာ ခေါင်းခါလိုက်ကြပါတယ်။ သူတို့တွေဟာ ရန်ဒေသကို တစ်ခါမှာ မကြားဖူးပါဘူး။
ရှောင်အယ်ရဲ့ ဝိညာဉ်ဟာ စတင်ပြီးတော့ လွင့်ပါးပျောက်ကွယ်လာပါတယ် “စီနီယာ.... ကျွန်တော့်အတွက် ကလဲ့စားမချေပါနဲ့... ရန်ဒေသကို ယွီဂျင်ဂိုဏ်းကို ဘယ်တော့မှ ရန်မစပါနဲ့...”
စကားပြီးအောင် မပြောနိုင်ခင်မှာပဲ ရှောင်အယ်ရဲ့ဝိညာဉ်ဟာ လုံးဝပျောက်ကွယ်သွားပါတယ်။ နတ်ဆိုးနိုင်ဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ လူတိုင်းရဲ့စိတ်ထဲမှာ မေးခွန်းတစ်ခုပဲ ရှိနေပါတယ်။
‘ရန်ဒေသနဲ့ ယွီဂျင်ဂိုဏ်းက ဘယ်နေရာမှာလဲ’
…
ပြန်လည်မွေးဖွားခြင်းဓားငွေ့ကို သိမြင်နားလည်ပြီးနောက်မှာ ဟန်ကျွယ်ဟာ နောက်ထပ်ရှစ်နှစ်ကြာ ဂူအောင်းကျင့်ကြံပါတယ်။ ရှစ်နှစ်ဆိုတာ ဟန်ကျွယ်နဲ့ ယွီဂျင်ဂိုဏ်းအတွက် ဘာမှမဟုတ်ပေမဲ့ ယွီဂျင်ဂိုဏ်းတပည့်တွေအတွက်တော့ တော်တော်လေး ကြာညောင်းတဲ့အချိန်ကာလတစ်ခုပါ။
တရားထိုင်ဖျာပေါ်မှာ အားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်ကို နီးကပ်လာပါပြီ။ တထျန်းကျယ်စိတ်ဝိညာဉ်ရတနာက တကယ့်ကို အထင်ကြီးလောက်စရာပါ။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေထွက်ပြီး အကြောဆန့်ရင်း ဖူစန်းသစ်ပင်ကို စစ်ဆေးပါတယ်။
ရွှင်ချန်အန်းဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ ချက်ချင်းမတ်တတ်ရပ်ပြီး ဟန်ကျွယ်အတိုင်း လျှောက်လုပ်ပါတယ်။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့လှုမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးဘုရင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် ဂိုဏ်းဆယ်ဂိုဏ်း လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည်။]
[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၈၃
[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် ပြင်းဒဏ်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး စွမ်းအားကြီးသက်ရှိနှင့်တွေ့ကာ အန္တရာယ်မှ လွတ်မြောက်သွားခဲ့သည်။]
[သင့်ရန်သူ ရှောင်အယ်သည် သေဆုံးသွားပြီဖြစ်သည်။ သူ့ဝိညာဉ်သည် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။]
[သင့်မိတ်ဆွေကောင်း နတ်မိမယ်ရှီရွှမ်သည် ရှေးဟောင်းမြင့်မြတ်နယ်မြေပျက်သို့ မတော်တဆ ဝင်ရောက်သွား၏။]
[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် သားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၉၄၂
[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် လူသားနှင့် နတ်ဆိုးများ ဒေါသထွက်လောက်အောင် ဆွပေးခဲ့သည်။]
…
ဟန်ကျွယ်ဟာ ရှောင်အယ်သေသွားတာကို တွေ့လိုက်ရတဲ့အတွက် အံအားသင့်ပြီး ကျေနပ်အားရသွားပါတယ်။ ဒီပျင်းစရာကောင်းတဲ့နှစ်တွေမှာ ပျော်စရာဆိုလို့ ကျင့်ကြံမှုတိုးတက်တာကလွဲရင် ရှောင်အယ်ကို ကျိန်စာတိုက်တာပါပဲ။ ကြည့်ရတာ ကြမ္မာဆိုးစာအုပ်က စွမ်းသေးပုံပါပဲ။
ဟန်ကျွယ်ဟာ နတ်ဆိုးနိုင်ဂိုဏ်းက လာတိုက်မှာကို အမြဲတမ်း စိုးရိမ်နေခဲ့ရတာပါ။ အခုရှောင်အယ် သေသွားပြီဆိုတော့ နတ်ဆိုးနိုင်ဂိုဏ်းက ယွီဂျင်ဂိုဏ်းက ဘယ်တော့မှ လာတိုက်မှာ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ ကျိန်စာတိုက်တာကို ရှောင်အယ် လုံးဝမသိနိုင်လို့ပါ။
အခု ရှောင်အယ်သေသွားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ နတ်ဆိုးဘုရင်တန်စုကိုပဲ ကျိန်စာတိုက်နိုင်တော့မှာပါ။ နတ်ဆိုးဘုရင်တန်စု ဘယ်လောက်ထိ ခံမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။