← Chapters

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်

Vol. 6 Ch. 80

ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်

Vol. 6 Ch. 80

အခန်း (၈၀) ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်

ရန်ဒေသမြောက်ပိုင်းမှာ နှင်းတွေ ဖုံးလွှမ်းနေပါတယ်။

လိုဏ်ဂူတစ်ခုထဲမှာ ရန်ထျန်တုန်းဟာ ဒူးထောက်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေပါတယ်။

“အား... ငါဆက်မခံစားနိုင်တော့ဘူး၊ ဘာလို့ ဒီလိုဖြစ်နေရတာလဲ”

နတ်ဆိုးဘုရင်တျန်စုဟာ သူ့ဆံပင်ကိုဆုပ်ကိုင်ပြီး အော်ဟစ်လိုက်ပါတယ်။ အခုအချိန်ထိ အဲဒီလျှို့ဝှက်ဆန်းကြယ်စွမ်းအားက သူ့ကျင့်ကြံခြင်းကို နှောင့်ယှက်နေတုန်းပါပဲ။ နတ်ဆိုးဘုရင်တျန်စုဟာ ကောင်းကင်ကို သက်သေထားပြီး ကျိန်ဆိုပြီးတာတောင် ဘာကြောင့် ဒီလိုဆက်ခံစားနေရလဲဆိုတာ နားမလည်နိုင်ပါဘူး။

ရန်ထျန်တုန်းဟာလည်း နတ်ဆိုးဘုရင်တန်စုက ဘယ်သူကို အပြစ်ပြုမိလို့ ဒီလောက် ကျိန်စာတိုက်ခံရလဲဆိုတာ သိချင်သွားပါတယ်။ နတ်ဆိုးဘုရင်တန်စုကို အရူးဖြစ်အောင် လုပ်နိုင်တဲ့လူက ကျိန်းသေပေါက် စွမ်းအားအရမ်းကြီးမှာပါ။ ဒီထက်ပိုပြီး အရေးကြီးတာက နတ်ဆိုးဘုရန်တန်စုဟာ အလွန်အကြူး ဒေါသထွက်နေပေမဲ့လည်း တစ်ဖက်လူကို မကြိမ်းမောင်းရဲတဲ့အပြင် အရမ်းကြောက်နေတာပါ။

နတ်ဆိုးဘုရင်တန်စုရဲ့ မျက်လုံးတွေဟာ သွေးလိုနီရဲနေပါတယ်။ သူဟာ ရန်ထျန်တုန်းကို စိုက်ကြည့်လိုက်ပြီး အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ငါ့ကိုပြောစမ်း... ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ”

ရန်ထျန်တုန်းဟာ မျက်လုံးပင့်တက်သွားပါတယ် “အဖေ... ဖြစ်နိုင်တာက... အဲဒီမသေမျိုးက အဖေစကားကို မယုံလို့ဖြစ်ပါလိမ့်မယ်၊ အဖေကိုယ်တိုင် လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံခြင်းဂိုဏ်းကိုသွားပြီး မိတ်ဆွေဖွဲ့ရင် အဲဒီမသေမျိုးက စိတ်ပြောင်းရင် ပြောင်းသွားမှာပါ”

ရန်ထျန်တုန်းရဲ့ စကားကြောင့် နတ်ဆိုးဘုရင်တန်စုရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။ သူ့သားစကားက အဓိပ္ပာယ်ရှိပါတယ်။

“ဒါပေမဲ့ ရန်ဒေသမှာ ကျင့်ကြံခြင်းဂိုဏ်းတွေ ဒီ‌လောက်များတာ၊ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း လျှောက်မိတ်ဖွဲ့ရမှလာား”

“ဒီလိုလုပ်စရာ မလိုပါဘူး၊ အင်အားအကြီးဆုံးဂိုဏ်းနဲ့ မိတ်ဖွဲ့ရင် လုံလောက်ပါပြီ”

“ရန်ဒေသမှာ အင်အားအကြီးဆုံးဂိုဏ်းက ဘယ်ဂိုဏ်းလဲ”

“ယွီဂျင်ဂိုဏ်းပါ၊ ကျွန်တော် ဒီဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်ခဲ့ဖူးတယ်၊ နားလည်မှုလွဲတာမျိုး မဖြစ်အောင် ကျွန်တော် ကြားထဲက ဆောင်ရွက်ပေးပါ့မယ်”

“ကောင်းပြီ... ငါတို့တွေ မနက်ဖြန် ယွီဂျင်ဂိုဏ်းကို သွားကြတာပေါ့၊ မဟုတ်ဘူး... အခုသွားမယ်၊ ငါ ထပ်ပြီး မခံစားနိုင်တော့ဘူး”

…

ရှောင်အယ်သေသွားတာကို ဟန်ကျွယ်သိရပြီး နှစ်ဝက်အကြာမှာ နတ်ဆိုးဘုရင်တန်စုဟာ ယွီဂျင်ဂိုဏ်းကို ရောက်လာပါတယ်။

ရန်ထျန်တုန်းဟာ နတ်ဆိုးဘုရင်တန်စုကို ယွီဂျင်ဂိုဏ်းအပြင်မှာ ခဏနေဖို့ပြောပြီး သူ့ဆရာသခင်ကို သွားတွေ့ပါတယ်။

ဟန်ကျွယ်က ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲ ဖြစ်တဲ့အတွက် နတ်ဆိုးဘုရင်တန်စုနဲ့ ရန်ဖြစ်ဖို့ ခက်ခဲတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။

ရန်ထျန်တုန်းဟာ သူ့ဆရာသခင်အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူ့ဆရာသခင်က ကုပ်ကုပ်လေးနေပြီး သေမှာကြောက်တယ်လို့ ထင်ရပေမဲ့ ယွီဂျင်ဂိုဏ်း ပြဿနာတွေ့ရင် ထိုင်ကြည့်နေမဲ့လူ မဟုတ်ပါဘူး။

ဒါပေမဲ့ နတ်ဆိုးဘုရင်တန်စုကလည်း ခေတဲ့နတ်ဆိုး မဟုတ်တဲ့အတွက် ရန်ထျန်တုန်းဟာ သူတို့နှစ်ယောက် တိုက်ခိုက်တာကို မမြင်ချင်ပါဘူး။

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ဟန်ကျွယ်ဟာ နတ်ဆိုးဘုရင်တန်စု ရောက်လာတယ်ကြားတာနဲ့ အသွင်လက်ရည်စမ်းပွဲထဲ ပထမဆုံးဝင်ပြီး လက်ရည်စမ်းပါတယ်။

နတ်ဆိုးဘုရင်တန်စုက တကယ့်ကို စွမ်းအားကြီးလွန်းပါတယ်။

ဟန်ကျွယ်ဟာ ဆယ်စက္ကန့်ကြာအောင် တိုက်ခိုက်လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ် အဋ္ဌမအဆင့်နဲ့ ခန္ဓာကိုယ်ပေါင်းစပ် စတုတ္ထအဆင့်ရှိတဲ့ နတ်ဆိုးဘုရင်တန်စုကို ဆယ်စက္ကန့်နဲ့ သတ်နိုင်တာ အားမရပါဘူး။ တစ်ခြားကျင့်ကြံသူတွေကြားရင် သွေးအန်သေကြမှာ ကျိန်းသေပါပဲ။

ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို ဂရုမစိုက်ဘဲ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဆက်တိုက်ခိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ သူ့ဝှက်ဖဲကို ထုတ်သုံးလိုက်ပါတယ်။ ဟွမ့်သွမ့်ဓားနဲ့ ပြန်လည်မွေးဖွားခြင်းဓားငွေ့၊ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားနဲ့ ကောင်းကင်ဒဏ်ပေး တစ္ဆေဓားကို တစ်ပြိုင်တည်း ထုတ်သုံးလိုက်တဲ့အခါမှာတော့ နတ်ဆိုးဘုရင်တန်စုကို တစ်ချက်တည်း သုတ်သင်လိုက်နိုင်ပါတယ်။

ဒီတော့မှ ဟန်ကျွယ်ဟာ စိတ်အေးသွားပါတယ်။ ရန်သူကို တစ်ချက်တည်းသတ်နိုင်ရင် ဘာပဲသုံးရသုံးရ အဆင်ပြေပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ရန်ထျန်တုန်းကို ကြည့်ကာ သာမန်ကာလျှံကာ မေးလိုက်ပါတယ် “နတ်ဆိုးဘုရင်တန်စုက ယွီဂျင်ဂိုဏ်းကို ဘာလာလုပ်တာလဲ”

ဒီတစ်ခါမှာ ဟန်ကျွယ်ရဲ့ အမူအရာက လုံးဝကွဲပြားခြားနားသွားပြီး ရန်ထျန်တုန်းက ဘာမထီတဲ့ ခံစားချက်မျိုး ပေးလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို စိတ်ထဲမှာ လေးစားသွားပါတယ်။

‘ငါ့ဆရာသခင်က ပါးနပ်လှချည်လား၊ ယွီဂျင်ဂိုဏ်းချုပ်သာ ဆိုရင် ဒီလိုအချိန်မှာ အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ဘူး’

ရန်ထျန်တုန်းဟာ နတ်ဆိုးဘုရင်တန်စု ဘာဖြစ်ခဲ့တယ်ဆိုတာကို အကြောင်းစုံ ပြောပါတယ်။

ဟန်ကျွယ်ဟာ နတ်ဆိုးဘုရင်တန်စုအကြောင်းကို ကြားပြီး အသံထွက်ရယ်လုနီးနီးပါပဲ။

‘ဒီနတ်ဆိုးက မသေမျိုးလက်ချက်လို့ ထင်နေတာကိုး၊ ဒါလည်း ကောင်းပါတယ်၊ ရန်သူတစ်ယောက်လျော့ပြီး မိတ်ဆွေတစ်ယောက် တိုးတာပေါ့’

“ဟုတ်ပြီ... မင်း နတ်ဆိုးဘုရင်တန်စုကို ဂိုဏ်းချုပ်ဆီ ခေါ်သွားချည်၊ ငါ သူ့ကို အသံလွှင့်ပြီး ပြောလိုက်မယ်” ဟန်ကျွယ်က ပြောလိုက်ပါတယ်။

ရန်ထျန်တုန်းဟာ ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ဦးညွှတ်ကာ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို အသံလွှင့်ပြီး စကားပြောလိုက်ပါတယ်။

လီချင်းဇဲ့ဟာ နတ်ဆိုးဘုရင်တန်စု အကြောင်းကို သိသွားတယ်အခါမှာ မငြင်းရဲပါဘူး။ နတ်ဆိုးဘုရင်တန်စုရဲ့ ကျော်ကြားမှုကို သူကြားဖူးထားတာ ကြာပါပြီ။ ရန်ဒေသမှာ နတ်ဆိုးဘုရင်တန်စုရဲ့ ဒဏ္ဍာရီက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာပါ။ နတ်ဆိုးဘုရင်တန်စုနာမည်နဲ့တင် ငိုနေတဲ့ကလေးကို အငိုတိတ်စေနိုင်ပါတယ်။ ဒီလိုဖြစ်အောင်လည်း သစ်ပင်နတ်ဆိုးအိုကြီးလိုမျိုး လက်ပါးစေခွေးတွေက လျှောက်လွှင့်ထားတာပါ။

နတ်ဆိုးဘုရင်တန်စု လာလည်တဲ့သတင်းဟာ ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို တစ်ခဏချင်း ပျံ့နှံ့သွားပါတယ်။

ယွီဂျင်ဂိုဏ်းတပည့် အကုန်လုံးဟာ တော်တော်လေး ရင်ထိတ်သွားကြပါတယ်။ သူတို့ဟာ နတ်ဆိုးဘုရင်တန်စု လာလည်ရတဲ့ အကြောင်းရင်းကို မသိတဲ့အတွက် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်တော့မယ်လို့ တွေးလိုက်ကြပါတယ်။ ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တစ်သောင်းကျော်ဟာ တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ကြပါတယ်။

ယွီဂျင်ဂိုဏ်း တိုးတက်အောင် တာအိုသခင်ကျိုးတီ ဦးဆောင်ခဲ့ကတည်းက အတွင်းဂိုဏ်းတပည့် အရေအတွက်ဟာ တစ်နေ့တစ်ခြား တိုးပွားလာတာ ယခုဆိုရင် ၁၅,၀၀၀ ကျော် ရှိနေပါပြီ။ အပြင်ဂိုဏ်းတပည့် အရေအတွက်ကလည်း ၃၀,၀၀၀ ကျော် ရှိလာပြီး လက်ရွေးစင်တပည့်က ၁,၀၀၀ ကျော် ရှိလာပါတယ်။

ဒါတင်မကသေးပါဘူး။ ယွီဂျင်ဂိုဏ်းဟာ ကနဦးဝိညာဉ် ဧည့်အကြီးအကဲ ဆယ်ယောက်နီးပါးကိုလည်း ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယွီဂျင်ဂိုဏ်းဟာ ရန်ဒေသရဲ့ အင်အားအကြီးဆုံးဂိုဏ်းဖြစ်ဖို့ တစ်နေ့တစ်ခြား နီးကပ်လာပါတယ်။

ဟန်ကျွယ်ဟာ ဆက်လက်အားမထုတ်ဘဲ အဓိကတောင်ထိပ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

နတ်ဆိုးဘုရင်တန်စုဟာ ဘယ်သူမှန်းမသိတဲ့ရန်သူကို အလွန်ကြောက်နေတာမို့ လီချင်းဇဲ့နဲ့ အေးအေးဆေးဆေး စကားပြောပါတယ်။ နတ်ဆိုးဘုရင်တန်စုနဲ့ လီချင်းဇဲ့ဟာ ထွေရာလေးပါးသာ ပြောဆိုကြပြီး အရေးကြီးအကြောင်းတွေကို တစ်ခွန်းတစ်ပါဒမှ မဟကြပါဘူး။

နတ်ဆိုးဘုရင်တန်စုက အင်အားစုနှစ်ခုအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်လိုကြောင်း အရိပ်ပြစကား ဆိုပါတယ်။ လီချင်းဇဲ့ကလည်း မငြင်းပါဘူး။

လေးနာရီကြာ စကားပြောဆိုပြီးတဲ့နောက်မှာတော့ နတ်ဆိုးဘုရင်တန်စုဟာ ရန်ထျန်တုန်းကို ခေါ်ပြီး ထွက်သွားပါတယ်။ ရန်ထျန်တုန်းဟာ မထွက်သွားခင်မှာ ဟန်ကျွယ်ကို နှုတ်ဆက်သွားပါတယ်။

ဟန်ကျွယ်ဟာ ရန်ထျန်တုန်း ထွက်သွားတာကို သိပ်တော့ဘဝင်မကျပါဘူး။ ဒါပေမဲ့ ရန်ထျန်တုန်းက သူ့ကို ပြဿနာမပေးနိုင်တော့တာ တွေးမိပြီး စိတ်ပြေသွားပါတယ်။

ဟန်ကျွယ်ဟာ နတ်ဆိုးဘုရင်တန်စုက သူ့ကို ပြဿနာလာမရှာရင် ကျိန်စာမတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် “ဟင်း... နတ်ဆိုးဘုရင်တန်စုကလည်း အညံခံလိုက်ပြီ၊ ရှောင်အယ်ကလည်း သေသွားပြီ၊ ကျိန်စာတိုက်စရာလူတောင် မရှိတော့ပါလား” ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။

‘ထားလိုက်ပါတော့... ထာဝရအသက်ကို ရှာဖွေတဲ့လမ်းမှာ ကျင့်ကြံခြင်းကသာ ငါ့လက်တွဲဖော်အစစ်ပဲ’

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်ကို တက်နိုင်သလောက် မြန်မြန်ရောက်ဖို့အတွက် ဆက်လက်အားထုတ်ပါတယ်။

…

ခုနစ်နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်တော့မှာဖြစ်တဲ့အတွက် အရမ်းကို ပျော်ရွှင်သွားပါတယ်။

ဟန်ကျွယ်ဟာ နဝမအဆင့်ကို ရောက်နေပြီမို့ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို ပြည့်ပြည့်ဝဝ စုဆောင်းလိုက်ရင် ထိပ်ဆုံးအဆင့်ကိုရောက်မှာပါ။ ဒီလိုစု‌ဆောင်းဖို့ကလည်း နှစ်အနည်းငယ်ပဲ ကြာမှာမို့ ဟန်ကျွယ်ဟာ မကြာခင်မှာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ‌ရောက်ရှိတော့မှာပါ။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာကြောင့် သူ့လှုမှုဆက်ဆံ‌ရေးကို ဖွင့်ပြီး စာအိတ်တွေကို စစ်ဆေးပါတယ်။

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၃၂

[သင့်မိတ်တွေကောင်း ကျိုးဖန်သည် သေဆုံးသွားပြီဖြစ်သည်။]

[သင့်မိတ်ဆွေကောင်း နတ်မိမယ်ရှီရွမ်သည် ကံအားလျော်စွာ အခွင့်အရေးတစ်ခုရရှိပြီး ကြီးမြတ်သောတာအိုအား သိမြင်နားလည်သွားသောကြောင့် ကျင့်ကြံမှုတိုးတက်သွား၏။]

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် စွမ်အားကြီးပုဂ္ဂိုလ်တစ်ဦး၏ အကူအညီဖြင့် သူ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ခဲ့ပြီး အောင်မြင်စွာ ပြန်လည်ရှင်သန်နိုင်ခဲ့သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် သားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၈၄၃

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မပြီး အန္တရာယ်ကြားမှ လွတ်မြောက်သွား၏။]

[သင့်မိတ်ဆွေကောင်း ဟွမ်ဇွမ်တျန်သည် သဘာဝရတနာတစ်ပါးကို မှီဝဲခဲ့သောကြောင့် ကျင့်ကြံမှု တိုးတက်သွားပြီ ဖြစ်သည်။]

…

‘ဟင်... ကျိုးဖန်က သေပြီး ပြန်ရှင်လာတာလား’

‘အင်း... တော်တော်လေး အထင်ကြီးဖို့ ကောင်းတာပဲ’

‘ငါသာ ဒီလောကကို ရောက်မလာခဲ့ရင် ကျိုးဖန်က သေချာပေါက် ဇာတ်လိုက်ပဲ’

‘ကျိုးဖန်နဲ့ စုချီတွေ့ရင် ဘယ်လိုဖြစ်မလဲ မသိဘူး’

ဟန်ကျွယ်ဟာ စုချီအကြောင်းကို မမြင်တဲ့အတွက် ဂူအောင်ကျင့်ကြံနေတယ်လို့ မှန်းဆလိုက်ပါတယ်။ ဒါလည်း ကောင်းပါတယ်။ လောကကြီး အေးချမ်းတာပေါ့။ ဒါပေမဲ့လည်း ဟန်ကျွယ် စိတ်အတွင်းထဲမှာတော့ စုချီကို ဂူမအောင်းစေချင်ပါဘူး။

ဒါ့အပြင် ပဋိပက္ခကောင်းကင်ခွေးကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါပြီ။ ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးရဲ့ သခင်တောင် ဆက်မဖြစ်ချင်တော့ပါဘူး။ ဒီခွေးက ရန်သူဘယ်လောက်များများ ရှိနေပြီလဲ မသိနိုင်ပါဘူး။ သူအတိုက်ခံရတဲ့ အရေအတွက်ကို ကြည့်ပြီး မှန်းဆမယ်ဆိုရင် ရန်သူက အနည်းဆုံး ထောင်ကျော်မှာပါ။

ဟွမ်ဇွမ်တျန်ရဲ့ ကံတရားကလည်း မဆိုးပါဘူး။ ကျင့်ကြံမှုကို တိုးတက်စေတဲ့ ရတနာကို မှီဝဲလိုက်ရပါတယ်။ ကျင့်ကြံမှုကို တိုးတက်စေတယ် ဆိုကတည်းက သာမန်ရတနာ မဟုတ်တော့ပါဘူး။ ဟွမ်ဇွမ်တျန်က နဂါးကိုးကောင်ဂိုဏ်းချုပ် ဖြစ်နေတော့ ရင်းမြစ်တွေရှာဖို့ သိပ်မခက်တော့ပါဘူး။

ကျင့်ကြံခြင်းလောကဟာ အရင်လို စိတ်လှုပ်ရှားစရာ ကောင်းနေတုန်းပါပဲ။ ကျိုးဖန်နဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အာင် လုပ်နေပါတယ်။

ဒီစာတွေကနေ ဟန်ကျွယ်ဟာ တော်တော်လေး အတွေ့အကြုံရသွားပါတယ်။ ဒါပေမဲ့ ဘာတွေပဲ ဖြစ်လာပါစေ ဟန်ကျွယ်ရဲ့ အတွေးအခေါ်ကတော့ လုံးဝမပြောင်းလဲသွားပါဘူး။

[ခိုက်မင်မွန်းစတားအိုကြီးသည် သင်ကို မုန်းတီသွားပါပြီ။ လက်ရှိမုန်းတီးမှု: ကြယ်လေးပွင့်။]

ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ်

‘ဒီခိုက်မင်မွန်းစတားအိုကြီးက ဘယ်သူလဲ’

‘ကောင်းတယ်၊ ရေငတ်တုန်း ရေတွင်းထဲကျတာပဲ’

‘ကြမ္မာဆိုးစာအုပ် မသုံးရမှာကို စိုးရိမ်နေတာ၊ အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး တံခါးဝရောက်လာတာပဲ’

All Chapters