ခန္ဓာကိုယ်ပေါင်းစပ်အဆင့်၊ စီနီယာရွှမ်
Vol. 6 Ch. 81
အခန်း (၈၁) ခန္ဓာကိုယ်ပေါင်းစပ်အဆင့်၊ စီနီယာရွှမ်
လိုဏ်ဂူတစ်ဂူထဲမှာ ရှင်းဟုန်ရွှမ်ဟာ မီးခိုးရောင်အဘိုးအိုကို သတိထားစောင့်ကြည့်နေပါတယ်။
မီးခိုးရောင်အဘိုးအိုဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မိန်းမငယ်လေး... မင်းယောက်ျားက ငါ့တပည့်ထက် ပိုပြီးတော့ အရည်အချင်း မရှိနိုင်ပါဘူး၊ သူ့ကို ထားခဲ့ပြီး ငါနဲ့အတူ အသွင်မဲ့ဂိုဏ်းကို လိုက်ခဲ့ပါ၊ ဒီဟာက လူအများကြီး မျှော်လင့်နေတဲ့ အခွင့်အရေးကြီးတစ်ခုနော်”
ဒီမီးခိုးရောင်အဘိုးအိုဟာ ခိုက်မင်မွန်းစတားအိုကြီးပဲ ဖြစ်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒီလိုဏ်ဂူထဲကို မတော်တဆဝင်မိပြီး ခိုက်မင်မွန်းစတားအိုကြီးနဲ့ တွေ့ဆုံခဲ့တာပါ။ အဲဒီအချိန်တုန်းက သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြရုံကလွဲလို့ ဘာစကားမှ မပြောခဲ့ကြပါဘူး။
နောက်ပိုင်းမှာတော့ ခိုက်မင်မွန်းစတားအိုကြီးလည်း ထွက်သွားပြီး ရှင်းဟုန်ရွှမ်လည်း ယွီဂျင်ဂိုဏ်းကို ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ရှင်းဟုန်ရွှမ်ဟာ တစ်ခုခုလိုနေတယ်လို့ ခံစားရတာကြောင့် ဒီလိုဏ်ဂူထဲ ပြန်လာပြီး ကျင့်စဉ်ကို ဆက်ကျင့်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ခိုက်မင်မွန်းစတားအိုကြီးလည်း လိုဏ်ဂူထဲ ပြန်ရောက်လာပြီး ရှင်းဟုန်ရွှမ်က ကျင့်စဉ်ကို တက်မြောက်သွားပြီဆိုတာ အံဩဖွယ်ရာ သိလိုက်ရပါတယ်။ ဒါကြောင့် ခိုက်မင်မွန်းစတားအိုကြီးဟာ ရှင်းဟုန်ရွှမ်ကို တပည့်အဖြစ် လက်ခံချင်နေတာပါ။
ရှင်းဟုန်ရွှမ်ဟာ ပထမတော့ ငြင်းလွှတ်လိုက်ပေမဲ့ ခိုက်မင်မွန်းစတားအိုကြီးက ထပ်ခါထပ်ခါ လာပြောနေတဲ့အတွက် လက်ထပ်ပြီးတာကြောင့်လို့ အကြောင်းပြချက် ပေးလိုက်ပါတယ်။
ဒါပေမဲ့ ခိုက်မင်မွန်းစတားအိုကြီးဟာ ကျင့်ကြံမှုအဆင့် မြင့်မားတာကြောင့် လက်ချောင်းသုံးပြီး တွက်ချက်ကြည့်တဲ့အခါ ရှင်းဟုန်ရွှမ်က လက်မထပ်ရသေးတာကို သိသွားပါတယ်။ ရှင်းဟုန်ရွှမ်လည်း မတက်နိုင်ဘဲ ဂိုဏ်းထဲက အကြီးအကဲတစ်ဦးကို လက်ထပ်ဖို့ သဘောတူထားပြီဖြစ်ကြောင်း ပြောင်းပြောရပါတယ်။ ဒီကိစ္စက ခိုက်မင်မွန်းစတားအိုကြီးကို စိတ်တိုသွားစေပါတယ်။
ဒီအကြောင်းကြောင့် ခိုက်မင်မွန်းစတားအိုကြီးဟာ ဟန်ကျွယ်ကို ကြယ်လေးပွင့်အထိ မုန်းတီးနေခြင်း ဖြစ်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ခေါင်းခါလိုက်ပါတယ် “စီနီယာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မယောက်ျားကို တကယ်မထားခဲ့နိုင်လို့ပါ”
တစ်ခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ ခိုက်မင်မွန်းစတားအိုကြီး စကားပြောဆိုနေတာကို ကောင်းကင်ရုပ်သေးရုပ်ကနေ ရှာတွေ့သွားပါတယ်။
ဟန်ကျွယ်ဟာ အကြောင်းပြချက်မရှိဘဲ အမုန်းခံရစရာမရှိဘူးလို့ ခံစားရတာကြောင့် ကောင်းကင်ရုပ်သေးရုပ် သုံးရုပ်ကို စစ်ဆေးလိုက်တဲ့အခါမှာ သူထင်ထားသလို ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ခိုက်မင်မွန်းစတားအိုကြီးဟာ ကူကယ်ရာမဲ့သွားပါတယ် “မိန်းမငယ်လေး... မင်းတို့ရန်ဒေသက နေရာသေးသေးလေး တစ်ခုပဲဖြစ်မယ်၊ ယွီဂျင်ဂိုဏ်းဆိုတာကိုလည်း ငါတစ်ခါမှ မကြားဖူးဘူး၊ ဒီလျှို့ဝှက်နယ်မြေက နေရာအများကြီးနဲ့ ဆက်သွယ်နေတယ်၊ မင်းသာ အသွင်မဲ့ဂိုဏ်းထဲဝင်မယ်ဆိုရင် ကျယ်ပြောတဲ့လောကကြီးကို မြင်ရလိမ့်မယ်၊ မင်းသာ ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့အချက်အလက်တွေကို ငါ ဖုံးကွယ်ပေးနိုင်တယ်၊ ရေရှည်ကိုတွေးစမ်းပါ၊ ဆယ်နှစ်ကြာရင် ငါ နောက်တစ်ခေါက် ပြန်လာခဲ့မယ်၊ ငါနဲ့အတူ လိုက်မယ်ဆိုရင် ဆက်နွယ်မှုတွေ အကုန်ဖြတ်တောက်ပြီး ငါ့ကို ဒီနေရာမှာစောင့်နေချည်”
ခိုက်မင်မွန်းစတားအိုကြီးဟာ ပြောဆိုပြီးတာနဲ့ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ ဒေါသထွက်သွားပါတယ် ‘မင်းကများ ရာရာစစ သူမကို ငါဆီကနေ ခိုးချင်နေတယ်’ ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး ရှင်းဟုန်ရွှမ်ရဲ့ မျက်နှာအမူအရာကို အကဲခတ်လိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ စက်ဆုပ်တဲ့မျက်နှာထားနဲ့ လိုဏ်ဂူထဲမှာ ကျန်နေခဲ့ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ခေါင်းခါလိုက်ပြီး လိုဏ်ဂူနံရံက ကျင့်စဉ်ကို ဆက်လေ့လာပါတယ်။
‘မဆိုးဘူး... သူ ဖြားယောင်းမခံရဘူးပဲ’
ဝီရိယတောင်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဟန်ကျွယ်ဟာ သူ့လူမှုဆက်ဆံရေးကို အသုံးပြုပြီး ခိုက်မင်မွန်းစတားအိုကြီးကို စစ်ဆေးလိုက်ပါတယ်။
[ခိုက်မင်မွန်းစတားအိုကြီး: ခန္ဓာကိုယ်ပေါင်းစပ် သတ္တမအဆင့်၊ အသွင်မဲ့ဂိုဏ်းချုပ်။ သင်သည် သူ့အချစ်တော် တပည့်လောင်း၏ ယောက်ျားဖြစ်သောကြောင့် သင့်အားနှစ်သက်မှုမရှိချေ။ ရှင်းဟုန်ရွှမ်က သင့်အား ထားဖို့ဆုံးဖြတ်ခဲ့လျှင် အနာဂတ်ပြဿနာများကို ရှောင်ရှားရန်အတွက် သင့်အား သတ်ပစ်လိမ့်မည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
‘အသွင်မဲ့ဂိုဏ်းချုပ်’ ဟန်ကျွယ်ဟာ သူ့မေးစေ့ကို ပွတ်လိုက်ပြီး အတွေးနက်သွားပါတယ်။
တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပြီး တန်စုရဲ့ ကျင့်ကြံမှုကို ခန္ဓာကိုယ်ပေါင်းစပ် သတ္တမအဆင့်ရောက်အောင် မြှင့်တင်လိုက်ပါတယ်။ ဒီအခါမှာတော့ ဟန်ကျွယ်ဟာ တန်စုကို အနိုင်ယူဖို့အတွက် အချိန်နှစ်မိနစ် ယူရပါတယ်။ ခိုက်မင်မွန်းစတားအိုကြီးက ကျင့်ကြံခြင်းအဆင့် မြှင့်ထားတဲ့ တန်စုထက် ကျိန်းသေပေါက် ပိုစွမ်းမှာပါ။
‘ငါသူ့ကို တစ်ချက်တည်း မသတ်နိုင်ဘူး၊ ဒါက ပြဿနာပဲ’
‘ကြည့်ရတာ ငါ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်မှ ဖြစ်တော့မယ်’
ဟန်ကျွယ်ဟာ သူ့အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ဟင်းလင်းပြင်းပေါင်းစပ်ခြင်း ထိပ်ဆုံးအဆင့်ရောက်အောင် အားထုတ်ပါတယ်။
…
ငါးနှစ်ကြာပြီးနောက်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ နောက်တစ်ဆင့် ထပ်မတက်ခင်မှာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ခိုက်မင်မွန်းစတားအိုကြီးကို လေးရက်လေးညတိုင်တိုင် ကျိန်စာတိုက်ပါတယ်။ ပြီးတော့မှ အဆင့်တက်ဖို့အတွက် နတ်ဆိုးတစ်သောင်းနယ်မြေကို သွားပါတယ်။
ဟန်ကျွယ်ဟာ ပထမဆုံး တာအိုသခင်ကျင်းရှုကို ဆက်သွယ်ပြီး နတ်ဆိုးတစ်သောင်းကို ရှင်းလင်းခိုင်းပါတယ်။ တာအိုသခင်ကျင်းရှုဟာ အချိန်မဆိုင်းဘဲ ချက်ချင်း စီစဉ်ပေးပါတယ်။ လီချင်းဇဲ့က တာအိုသခင်ကျင်းရှုကို ဟန်ကျွယ်လိုတာမှန်သမျှ ချက်ချင်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပြီးသားပါ။
လေးနာရီကြာတဲ့အခါမှာတော့ နတ်ဆိုးတစ်သောင်းနယ်မြေအတွင်းက တပည့်တွေဟာ အကြီးအကဲအသီးသီးရဲ့ မောင်းထုတ်ခြင်းကို ခံလိုက်ရပါတယ်။ ဒီကိစ္စကြောင်း အတွင်းဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရတာက နတ်သတ်အကြီးအကဲရဲ့ တောင်းဆိုမှုကြောင့်မှန်း သိသွားတဲ့အခါ တပည့်အားလုံးဟာ မပျော်မရွှင် မဖြစ်တော့ပါဘူး။
ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ရဲ့ ကပ်ဘေးက တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။ ဟန်ကျွယ်ဟာ အရံအတားကို အသက်သွင်းထားတာတောင် တော်တော်လေး ပွက်လောရိုက်သွားပါတယ်။ ယွီဂျင်ဂိုဏ်းအကြီးအကဲတွေဟာ ကြီးမားကျယ်ပြန့်တဲ့ ကောင်းကောင်ရဲ့ အရှိန်အဝါကြောင့် ဖိမ့်ဖိမ့်တုန်သွားကြပါတယ်။
“နတ်သတ်အကြီးအကဲက ဘယ်လောက်ထိတောင် စွမ်းတာလဲ”
“ဒီကပ်ဘေးကိုကြည့်ရတာ ဘိုးဘေးကို သာလွန်သွားပုံပဲ”
“အပိုတွေ လျှောက်ပြောမနေနဲ့၊ နတ်သတ်ကြီးအကဲရဲ့ ကျင့်ကြံမှုစွမ်းအားက ငါတို့တွေ နှိုင်းယှဉ်လို့ရတဲ့အရာ မဟုတ်ဘူး”
“ဒီဟာက ကျင့်ကြံခြင်းတစ်ခုတည်းနဲ့ ရောက်နိုင်တာ မဟုတ်ဘူး၊ နတ်သတ်အကြီးအကဲရဲ့ အရည်အချင်းက ယွီဂျင်ဂိုဏ်းတစ်ခုလုံးမှာ နံပါတစ်ပဲ”
“နတ်သတ်အကြီးအကဲ ရှိနေသမျှ ကာလပတ်လုံး ယွီဂျင်ဂိုဏ်းက အင်အားကြီးနေမှာပဲ၊ အရေးအကြီးဆုံးက အာဏာကို မမက်မောတာပဲ၊ တကယ်လေးစားဖို့ကောင်းတယ်”
အကြီးအကဲတွေ ပြောဆိုတာကို နားထောင်နေတဲ့ လီချင်းဇဲ့ဟာ ခေါင်းမော့ရင်ကော့သွားပါတယ်။
ကွမ်းယိုကုန်း မျက်နှာကတော့ ရှုပ်ထွေးနေပါတယ်။ မလှမ်းမကမ်းက ကမ္ဘာပျက်လောက်တဲ့ မြင်ကွင်းကို လေးစားအားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပါတယ်။ ဒီအချိန်မှာ ကွမ်းယိုကုန်းဟာ ဟန်ကျွယ်ကို အပြစ်မမြင်တော့ဘဲ ပန်းတိုင်အဖြစ် သတ်မှတ်ပြီး ကျင့်ကြံအားထုတ်နေတာပါ။ ကံမကောင်းတာကတော့ သူတို့နှစ်ယောက်ကြားက ကျင့်ကြံမှုက နီးကပ်မလာဘဲ ပိုပိုပြီး ဝေးကွာသွားတာပါ။
‘သူက တစ်နေ့ကျရင် မသေမျိုးစစ်စစ်ဖြစ်ပြီး အထက်လောကဆီ တက်သွားမှာပဲ’
…
မြေရိုင်းတစ်ခုမှာ အပေါ်ပိုင်းဗလာကျင်းနေတဲ့ လူတစ်ယောက်ဟာ လေပေါ်ထိုင်နေပါတယ်။ လျှပ်စီးတွေဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး သူ့ခန္ဓာကိုယ်နဲ့ ရောယှက်သွားပါတယ်။
ဒီလူကတော့ ကျိုးဖန်ပဲ ဖြစ်ပါတယ်။
ကျိုးဖန်နဲ့ မလှမ်းမကမ်းမှာတော့ မော့ဖူချိုနဲ့ ခရမ်းရောင်အဝတ်အစား ဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်ဟာ ယှဉ်လျက် မတ်တတ်ရပ်နေကြပါတယ်။
နှစ်အများကြီး အသက်ရှင်သန်ပြီးနောက်မှာ ကျိုးဖန်နဲ့ မော့ဖူချိုဟာ အရင်တုန်းကလို ငယ်ရွယ်ပြီး မရင့်ကျက်တဲ့သူတွေ မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးဟာ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရတဲ့အတွက် ရင်ကျက်လာခဲ့ပြီး သူတို့ရောင်ဝါကလည်း အရင်ကထက် ပိုအားကောင်းလာပါတယ်။
ကျိုးဖန်ရဲ့ ခန္ဓာကိုယ်ဟာ ကောင်းကင်ကပ်ဘေးအောက်မှာ ဘာမှမဖြစ်ဘဲ ရပ်တည်နေတာက ရှေးနတ်ဘုရားတွေရဲ့ ဖျက်ဆီးမရနိုင်တဲ့ ခန္ဓာကိုယ်လိုပါပဲ။
နောက်ကျော်မှာ ဓားလွယ်ထားတဲ့ မော့ဖူချိုဟာ နတ်ဆိုးရောင်ဝါ အပြည့်ပါပဲ “စီနီယာ... စီနီယာက ဂျူနီယာညီလေးနဲ့ ဘယ်လိုဆက်ဆံရေး ရှိတာလဲ၊ ဘာလို့ ဒီလောက်တောင် ကူညီရတာလဲ”
ခရမ်းရောင်အမျိုးသမီးဟာ ကျိုးဖန်ကို ပြန်ရှင်သန်လာအောင် ကူညီပေးခဲ့တဲ့အပြင် ကျင့်ကြံမှု တိုးတက်အောင်လည်း ကူညီပေးခဲ့တဲ့အတွက် ကျိုးဖန်ရဲ့စွမ်းအားဟာ ထိုးတက်သွားပါတယ်။ အခုဆိုရင် ကျိုးဖန်က ကနဦးဝိညာဉ်အဆင့်ကိုတောင် ထိုးဖောက်နေပါပြီ။ အတိအကျပြောရရင် ကျိုးဖန်ရဲ့ စွမ်းအားက ကနဦးဝိညာဉ်ကျင့်ကြံသူနဲ့ နှိုင်းယှဉ်လို့ ရနေပါပြီ။ ကျိုးဖန်က မကြာသေးခင်ကပဲ ကနဦးဝိညာဉ် ကျင့်ကြံသူတစ်ဦးကို သတ်ပစ်ခဲ့တာပါ။
“မင်းရဲ့ ဂျူနီယာညီလေးနဲ့ ငါက အရင်ဘဝတုန်းက သိကျွမ်းခဲ့ကြတယ်၊ သူက ငါ့အသက်ကို တစ်ခါကယ်ဖူးတယ်၊ သူ့ကို ကျေးဇူးကြွေးဆပ်ရမှာပေါ့”
‘အရင်ဘဝတုန်းကလား’ မော့ဖူချိုဟာ စပ်စုချင်သွားပါတယ်။
ခရမ်းရောင် အမျိုးသမီးဟာ တမ်းတမ်းတတနဲ့ ပြောလိုက်ပါတယ် “ငါ ကူညီတာထက် သူ့ကံတရားက အင်အားပိုကြီးတာပါ၊ သူအရင်တုန်းကရထားတဲ့ အခွင့်အရေးတွေက သူ့ကို လုံလောက်တဲ့ စွမ်းအားတွေပေးခဲ့ပြီးပြီ၊ ငါက အခြေအနေကို အခွင့်ကောင်းယူပြီး နှမ်းဖြူးရုံးပါ၊ နောက်ကျရင် သူက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို မွှေနှောက်လိမ့်မယ်၊ ကောင်းကင်ဘုံဝင်အဆင့်ကိုလည်း ထပ်ရောက်ချင် ရောက်သွားမှာ”
‘ထပ်ရောက်သွားမှာ’ မော့ဖူချိုဟာ အံဩတကြီး ဖြစ်သွားပါတယ် ‘သူ့စကားက ကျိုးဖန်က အရင်ဘဝတုန်းက ကောင်းကင်ဘုံဝင်ကျင့်ကြံသူလို့ ဆိုလိုတာလား’
“သူ အောင်မြင်ခါနီးပြီ၊ ငါသွားရတော့မယ်၊ သူ့ကိုကယ်ဖို့ ငါ့စီနီယာအစ်မဆီက အကူအညီတောင်းခဲ့ရတယ်၊ စီနီယာအစ်မကို ပြန်ကူညီရအုန်းမယ်” ခရမ်းရောင်အမျိုးသမီးဟာ ခေါင်းခါလိုက်ပြီး တစ်ဖက်လှည့်ကာ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
မော့ဖူချိုက ချက်ချင်းပဲ မေးလိုက်ပါတယ် “စီနီယာရဲ့ တာအိုဘွဲ့ကို သိလို့ရမလား၊ ကျွန်တော်တို့တွေ ဒီကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲ”
ခရမ်းရောင်အမျိုးသမီးဟာ လေပေါ် ခုန်တက်လိုက်တဲ့အခါ သူ့ခြေထောက်အောက်မှာ တိမ်လွှာတစ်ခု ပေါ်လာပြီး အဝေးကို သယ်ဆောင်သွားပါတယ် “ငါ့တာအိုဘွဲ့ကိုမသိတာ မင်းတို့တွေ အေးချမ်းလိမ့်မယ်၊ မင်းတို့ကို ပြောနိုင်တာတစ်ခုကတော့ ငါ့မျိုးရိုးက ရွှမ်ပဲ”
မော့ဖူချိုဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ရွှမ်မျိုးရိုးနဲ့ စွမ်းအားကျင့်ကြံသူကို သူတစ်ခါမှာ မကြားဖူးခဲ့ပါဘူး။ အတန်ကြာစဉ်းစားလို့ မရတဲ့နောက်မှာတော့ မော့ဖူချိုဟာ ကျိုးဖန်ကို ပြန်ကြည့်လိုက်ပါတယ်။
…
နတ်ဆိုးတစ်သောင်းနယ်မြေ။
ဆယ်ရက်ဆယ်ညတိုင်တိုင် ရင်ဆိုင်ပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားပါတယ်။
ခန္ဓာကိုယ်ပေါင်းစပ်အဆင့်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်သွားပါပြီ။ ဟန်ကျွယ်ဟာ အရမ်းကို စိတ်လှုပ်ရှားနေပါတယ။
[သင်သည် ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည့်အတွက် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံနေရာမှထွက်၍ လောကကြီးအား သင့်စွမ်းအားကို ပြသလိုက်ပါ။ စိတ်ဝိညာဉ်ရတနာနှင့် ဆန်းကြယ်စွမ်းအား အမွေကို ဆက်ခံရရှိမည်။]
[၂။ ဆက်လက်၍ ဂူအောင်းကျင့်ကြံပါ။ သဘာဝရတနာတစ်ပါးကို ရရှိမည်။]