တုန်းဝမ်ရှန်း၊ ဖူစန်းသစ်ပင် လှုပ်ခါခြင်း
Vol. 6 Ch. 83
အခန်း (၈၃) တုန်းဝမ်ရှန်း၊ ဖူစန်းသစ်ပင် လှုပ်ခါခြင်း
ရှင်းဟုန်ရွှမ် ထွက်သွားပြီး ခုနစ်ရက်မြောက်နေ့မှာ ဟန်ကျွယ်ဟာ မြေဝိဇ္ဇာရဲ့ ဘူးသီးစေ့ကို ထုတ်ယူကာ ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်က လျှောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး ဘူးစေ့ကို မြေကြီးထဲ မြှုပ်လိုက်ပါတယ်။ အဲဒီနောက် လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို မြေဩဇာအဖြစ် သွန်းလောင်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီရတနာကို ကိုယ်တိုင်စိုက်ရတာက ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှုဟာ အကန့်အသတ်ရှိနေလို့ပါပဲ။ ဖူစန်းသစ်ပင်ကလည်း သူ့ဘာသာ ကြီးထွားလာတာပါ။ ရွှင်ချန်အန်း ဂရုစိုက်ပေးမှုကို ဘာမှမပြောပလောက်ပါဘူး။
“ဆရာသခင်... အဲဒါဘာလဲ” ရွှင်ချန်အန်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
“ဘူးသီးစေ့... ဒါကိုလည်း မင်းဂရုစိုက်ရလိမ့်မယ်”
ရွှင်ချန်အန်းဟာ ဟန်ကျွယ်က ဒီဘူးသီးစေ့ကို ဘယ်ကနေ ရလာလဲဆိုတာ သိချင်သွားပါတယ်။ ဖူစန်းသစ်ပင် ကြီးထွားလာတာနဲ့ ဒီသစ်ပင်က သာမန်မဟုတ်ဘူးဆိုတာ ရွှင်ချန်အန်း ရှာတွေ့သွားပါတယ်။ ဒီသစ်ပင်က ထွက်ရှိလာတဲ့ စိတ်ဝိညာဉ်ချီဟာ ဝီရိယတောင်ပေါ်မှာ စိုက်ပျိုးထားတဲ့ တစ်ခြားရတနာတွေက ထွက်ရှိလာတဲ့ စိတ်ဝိညာဉ်ချီထက် သာလွန်နေပါတယ်။
ရွှင်ချန်အန်းဟာ ငတုံးတစ်ယောက် မဟုတ်တဲ့အတွက် ယွီဂျင်ဂိုဏ်းမှာ ဒီလိုရတနာမျိုးမရှိဘူးဆိုတာ သိလိုက်ပါတယ်။ မဟုတ်ရင် လီချင်းဇဲ့က ဒီသစ်ပင်ကိုကြည့်ပြီး မှင်သက်သွားမှာ မဟုတ်ပါဘူး။ ကြည့်ရတာ သူ့ဆရာသခင်ရဲ့နောက်ခံက သူထင်ထားတာထက် ပိုနက်ရှိုင်းပုံပါပဲ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို တစ်ခဏလေ့လာပြီးမှ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်ခါစမှ ဆက်ကျင့်ကြံအားထုတ်ဖို့ အလျင်မလိုပါဘူး။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ခိုက်မင်မွန်းစတားအိုကြီးကို ကျိန်ဆဲဖို့ ပြင်ဆင်လိုက်ပါတယ်။
‘မင်းကများ ငါ့လက်တွဲဖော်ကို ခိုးရဲတယ်၊ မှတ်လောက်သားလောက် ဖြစ်သွားအောင် ပညာပေးရသေးတာပေါ့ကွာ’
ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားဟာ ကြမ္မာဆိုးစာအုပ်ထဲ တိုးဝင်သွားပါတယ်။
…
အသွင်မဲ့ဂိုဏ်းဟာ နှစ်တစ်သောင်းနီးပါး သက်တမ်းရှိတဲ့ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ဖြစ်တာကြောင့် နက်ရှိုင်းတဲ့အုတ်မြစ် ရှိပါတယ်။ အသွင်မဲ့ဂိုဏ်း တည်ရှိတဲ့နေရာဟာ နတ်ပြည်သဖွယ် သာယာလှပပါတယ်။ တောင်တန်းတွေကို တိမ်တိုက်တွေ ဝန်းရံနေပြီး အဖြူရောင် ကြိုးကြာငှက်တွေဟာ တိမ်တိုက်တွေကြား လွတ်လပ်စွာ ပျံသန်းနေကြပါတယ်။ နွားတွေ မြင်းတွေကလည်း ရောင်စုံတိမ်တိုက်တွေပေါ်မှာ ကဆုန်ပေါက်ခုန်ပြေးနေကြပါတယ်။
ပေတစ်သောင်းမြင့်မားတဲ့ တောင်ထိပ်နှစ်ခုအကြားမှာတော့ ကြီးမားထည်ဝါတဲ့ ရေတံခွန်တစ်ခု စီးဆင်းနေပါတယ်။ ရေတံခွန်အောက်ခြေက ရေကန်မှာ လူတစ်ယောက်ထိုင်နေပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ရေအားကို ကြံ့ကြံ့ခံနေပါတယ်။ သူ့ခန္ဓာကိုယ်ပတ်လည်ကိုတော့ လေပြင်းတွေက ဝန်းရံလှည့်ပတ်နေပါတယ်။
ခိုက်မင်မွန်းစတားအိုကြီးဟာ ကန်ပေါင် မြက်ခင်းပြင်ပေါ်မှာ မတ်တတ်ရပ်နေပြီး သူ့မုတ်ဆိတ်ကို လက်ဖြင့်သပ်ကာ ကျေနပ်အားရစွာ ပြုံးနေပါတယ်။
“ရှန်းအားရဲ့ စွမ်းရည်နဲ့ဆိုရင် ကောင်းကင်ဝိဇ္ဇာစံအိမ်ကို ကျိန်းသေပေါက် ဝင်နိုင်မှာပဲ”
ခိုက်မင်မွန်းစတားအိုကြီးဟာ သူ့တပည့် တုန်းဝမ်ရှန်းက ကောင်းကင်ဝိဇ္ဇာစံအိမ်ထဲဝင်ပြီး ထိပ်တန်းကျင့်ကြံသူဖြစ်လာတာ ဒါမှမဟုတ် အထက်လောကဆီ တက်သွားတာကို စိတ်ကူးယဉ်ပြီး မပြုံးဘဲမနေနိုင်ပါဘူး။
ခိုက်မင်မွန်းစတားအိုကြီးရဲ့ စွမ်းရည်က ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ကပ်ဘေးလွန်မြောက်အဆင့်ကို ထိုးဖောက်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် ခိုက်မင်မွန်းစတားအိုကြီးဟာ သူ့မျှော်လင့်ချက်အားလုံးကို သူ့တပည်ပေါ်မှာ ပုံအောထားတာပါ။
ဒီအချိန်မှာပဲ
ခိုက်မင်မွန်းစတားအိုကြီးရဲ့ အသက်စွမ်းအားဟာ ဖရိုဖရဲဖြစ်လာပါတယ်။ သူ့ပဓာနဝိညာဉ်ဟာ လှုပ်ခါသွားပြီး လောကတစ်ခုလုံး ချာချာလည်သွားတာကြောင့် ခန္ဓာကိုယ် ယိမ်းယိုင်ကာ လဲကျလုနီး ဖြစ်သွားပါတယ်။ သွေးတစ်လုတ်ဟာ လည်းချောင်းဝနား ရောက်လာပြီး ဘယ်လိုမှ တောင့်မခံထားနိုင်တာကြောင့် အန်ထုတ်ပစ်လိုက်ရပါတယ်။
ခိုက်မင်မွန်းစတားအိုကြီးဟာ ချက်ချင်း တင်ပလ္လင်ခွေထိုင်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်ကာ သူ့ဒဏ်ရာကို ကုသပါတယ်။
ရေတံခွန်အောက်မှ ထိုင်နေတဲ့ တုန်းဝမ်ရှန်းဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့မျက်လုံးထဲကနေ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ရေအလျဉ်ကို ခွဲထွက်သွားပါတယ်။ တုန်းဝမ်ရှန်းဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ခိုက်မင်မွန်းစတားအိုကြီးဘေးမှာ ရုတ်ခြည်းပေါ်လာပါတယ်။
တုန်းဝမ်ရှန်းရဲ့ ရင်အုပ်ဟာ နေရောင်အောက်မှာ ပြောင်လက်နေပြီး ကြွက်သားတွေကလည်း တောင့်တင်းခိုင်မာစွာ ရှိနေပါတယ်။ သူ့မျက်လုံးတွေက တောက်ပနေပြီး မျက်ခုံးတွေက စူးရှနေပါတယ်။ ရေစိုနေတဲ့ အနက်ရောင်ဆံသားတွေဟာ အငွေ့တစ်ထောင်းထောင် ထလာပြီး မကြာခင်မှာ ခြောက်သွေ့သွားပါတယ်။
တုန်းဝမ်ရှန်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဆရာသခင်... ဘာဖြစ်တာလဲ”
ခိုက်မင်မွန်းစတားအိုကြီးဟာ မျက်လုံးမဖွင့်ဘဲ အံကြိတ်ပြီး ပြောလိုက်ပါတယ် “တစ်ယောက်ယောက်က ငါ့ကို ကျိန်စာတိုက်နေတာပဲ”
ခိုက်မင်မွန်းစတားအိုကြီးဟာ ခန္ဓာကိုယ်ပေါင်းစပ်ကျင့်ကြံသူဖြစ်ပြီး သူ့ဗဟုသုတက ရှောင်အယ်၊ တာအိုသခင်တျန်ကုန်းနဲ့ နတ်ဆိုးဘုရင်တန်စုတို့ထက် အများကြီးသာပါတယ်။ သူဟာ သူ့ကျင့်ကြံမှုကို ကောင်းကောင်းကြီး နားလည်ပြီး အကြောင်းပြချက်မရှိဘဲ ဒီလိုဒဏ်ရာပြင်းပြင်း မရနိုင်ဘူးဆိုတာ သိပါတယ်။
ဒါကြောင့် တစ်စုံတစ်ယောက်က သူ့ကိုကျိန်စာတိုက်နေတာကလွဲလို့ တစ်ခြားဟာ မဖြစ်နိုင်ပါဘူး။
တုန်းဝမ်ရှန်းဟာ မျက်မှောင်ပိုကြုတ်သွားပြီး မေးလိုက်ပါတယ် “ဘယ်သူလုပ်တာလဲ၊ ကျွန်တော့်ကို ပြောပါ၊ ကျွန်တော် အခုချက်ချင်း သူ့ကို သွားသတ်မယ်”
“ငါလည်း သေချာမသိဘူး၊ ဒီကျိန်စာရဲ့ မူလကို ငါတွက်ချက်လို့ မရဘူး၊ မင်း ဒီကိစ္စအတွက် မစိုးရိမ်နဲ့၊ စိတ်အေးလက်အေး ကျင့်ကြံပြီး ဆန်းကြယ်စွမ်းအားကို အမြန်ဆုံးရအောင်သာ ကြိုးစား”
ခိုက်မင်မွန်းစတားအိုကြီးဟာ စကားပြောပြီးတာနဲ့ ဘာမှထပ်မပြောတော့ဘဲ သူ့ဒဏ်ရာတွေကိုသာ အာရုံစိုက်ကုသပါတယ်။
တုန်းဝမ်ရှန်းဟာ ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ ခိုက်မင်မွန်းစတားအိုကြီးဟာ နောက်ထပ်သွေးတစ်လုပ် ထပ်အန်ပါတယ်။
‘ဘယ်လိုရန်သူမျိုးက ခန္ဓာပေါင်းစပ် သတ္တမအဆင့်ကျင့်ကြံသူကို ဒီလိုခံစားရအောင် လုပ်နိုင်တာလဲ’ တုန်းဝမ်ရှန်းဟာ သူ့ဆရာသခင်ကို ကြည့်ပြီး အတွေးနက်သွားပါတယ်။
…
ဟန်ကျွယ်ဟာ နေ့တစ်ဝက်နီးပါး ကျိန်စာတိုက်ပါတယ်။ အန္တာရယ်ရှိတယ်လို့ သတိပေးချက် ပေါ်လာမှ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာရပ်ပြီး သူ့ဒဏ်ရာကို ကုသပါတယ်။ ရက်နည်းနည်းကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အကောင်းပကတိ ပြန်ဖြစ်သွားပါတယ်။
“ဒီကောင် ခံစားနေရလောက်ပြီ”
ဟန်ကျွယ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးကို မကြောက်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူလည်း ခန္ဓာကိုယ်ပေါင်းစပ်အဆင့် ရောက်သွားပြီမလို့ပါ။
ဟန်ကျွယ်ဟာ ပထမဆုံး ပြန်လည်မွေးဖွားရာလမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ သတ္တမအဆင့်ကို လေ့ကျင့်ပါတယ်။ ပြန်လည်မွေးဖွားရာလမ်းခြောက်သွယ် ကျင့်စဉ်ဟာ တစ်ဆင့်ပြီးတစ်ဆင့် ပိုနက်နဲလာသလို ကျင့်ကြံရတာကလည် ပိုရှုပ်ထွေးလာပါတယ်။
ဆယ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွာရာလမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ သတ္တမအဆင့်ကို တတ်မြောက်သွားပြီး ကျင့်ကြံမှု တိုးတက်အောင် စိတ်ဝိညာဉ်ချီတွေကို စတင်စုပ်ယူပါတယ်။
ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုက တိုးတက်လာပေမဲ့ သူ့ကျင့်ကြံခြင်းအရှိန်က လျော့မကျသွားတာကို ကျေနပ်အံအားသင့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ရဲ့ ထိပ်တန်းစွမ်းရည်ကြောင့်ပါ။
ဟန်ကျွယ်ဟာ မိုးမြေတစ်ခွင်မှာရှိတဲ့ စိတ်ဝိညာဉ်ချီကို ဝေလငါး ရေသောက်သလို အသက်ရှူလိုက်တိုင်း စုပ်ယူတဲ့အတွက် သူ့ကျင့်ကြံမှုဟာ တစ်နေ့တစ်ခြား တိုးတက်လာပါတယ်။ ဒီလိုတိုးတက်လာတာက ဟန်ကျွယ်ရဲ့ ထိပ်တန်းစွမ်းရည်အပြင် ဖူစန်းသစ်ပင်နဲ့ ဝီရိယတောင်မှာ စိုက်ပျိုးထားတဲ့ သဘာဝရတနာတွေကြောင့်ပါ။
လီချင်းဇဲ့ဟာ မကြာခဏဆိုသလို ဝီရိယတောင်ကို လူလွှတ်ပြီး သဘာဝရတနာကောင်းတွေကို စိုက်ပျိုးစေတာကြောင့် ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီဟာ ပုံသေတိုးတက်လာတာပါ။ လီချင်းဇဲ့ရဲ့ ရည်ရွယ်ချက်က ဟန်ကျွယ် ထွက်မသွားအောင်လို့ ဖြစ်ပါတယ်။
ဟန်ကျွယ်က အပြင်လောကမှာ အန္တရာယ်များလို့ ထွက်မသွားချင်ဘူးပြောပေမဲ့ စိတ်ဝိညာဉ်ချီ မလုံလောက်ရင် ကျိန်းသေပေါက် ထွက်သွားမယ်ဆိုတာကို လီချင်းဇဲ့ သိပါတယ်။ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးတုန်းကလည်း ဒီလိုပါပဲ။
ကျင့်ကြံခြင်းဟာ အဆုံးမရှိသလို စွမ်အားကြီး ကျင့်ကြံသူတွေရဲ့ ဂူအောင်းမှုဟာ နှစ်ပေါင်းများစွာကို ဖျတ်ခနဲပါပဲ။
ဆယ်ငါးနှစ်ဆိုတဲ့ အချိန်ကာလဟာ ဖျတ်ခနဲ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် ဒုတိယအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်သွားပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ပေးခဲ့တဲ့ ဆေးပုလင်းကို အကုန်လုံး မှီဝဲလိုက်ပါတယ်။ ဒီဆေးလုံးတွေက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို တိုးတက်စေတဲ့အပြင် သူ့ရုပ်ခန္ဓာကိုလည်း တောင့်တင်းကြံ့ခိုင်စေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီ ကျင့်ကြံသူတစ်ဦး ဖြစ်ပါတယ်။ သူ့စိတ်ဝိညာဉ်ချီက သူ့ထက်အဆင့်မြင့်တဲ့ ကျင့်ကြံသူကိုတောင် သတ်ဖြတ်နိုင်တဲ့အထိ စွမ်အားကြီးမားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ခန္ဓာကိုယ်ကတော့ အဆင့်တူတွေနဲ့ ဘာမှသိပ်မကွာပါဘူး။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်မှာ သူ့ခန္ဓာကိုယ်ကို ကာကွယ်နိုင်မဲ့ စိတ်ဝိညာဉ်ရတနာများစွာ ရှိနေပါတယ်။
အဆင့်တက်ပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး အကြော့လျှော့လိုက်ပါတယ်။ မြေဝိဇ္ဇာရဲ့ ဘူးသီးစေ့ဟာ စတင်ကြီးထွားလာပြီး ဖူးစန်းသစ်ပင်ကို အစိမ်းရောင် မြွေတစ်ကောင်လို ရစ်ပတ်ထားပါတယ်။ မြေဝိဇ္ဇာရဲ့ဘူးပင်က အပွင့်ပွင့်ဖို့နဲ့ အသီးသီးဖို့ နှစ်ထောင်ချီ စောင့်ရအုန်းမှာပါ။
ဟန်ကျွယ်ဟာ အကြောလျှော့ရင်း လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။ ဆယ်နှစ်ကျော် ကြာသွားတော့ သူ့လူတွေ ဘာလုပ်နေလဲဆိုတာ သိချင်သွားပါတယ်။
[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် သားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈၉၂၈
[သင့်တပည့် စုချီသည် ဂိုဏ်းတူတပည့်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၆
[သင့်တပည့်စုချီသည် ချောက်ထဲကျသွားပြီ ဖြစ်သောကြောင့် ဘာဆက်ဖြစ်မည် မသိပါ။]
[သင့်တပည့် စုချီသည် ကြမ္မာဆိုး ဖြန့်ကျက်ခဲ့သောကြောင့် နတ်ဆိုးနိုင်ဂိုဏ်း၏ ကံရောင်ဝါသည် မှေးမှိန်ကျဆင်းသွားပြီး ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းတပည့်များသည် အတွင်းနတ်ဆိုးနှင့် ပိုမိုကြုံတွေ့ရမည်။]
[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၄၂၂
[သင့်မိတ်ဆွေကောင်း ချန်ယွီအာသည် နေလအား သိမြင်နားလည်သွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]
[သင့်မိတ်ဆွေကောင်း တာအိုသခင်ကျိုးတီသည် နတ်ဆိုးများ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်နေ၏။]
[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၈၉၃
[သင့်မိတ်ဆွေကောင်း မော့ဖူချိုသည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၂၁၁
…
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပါတယ်။
‘တော်တော်လေး သနားဖို့ကောင်းတာပဲ’
‘စုချီ ချောက်ထဲ ကျသွားတာက နတ်ဆိုးနိုင်ဂိုဏ်းကြောင့်ပဲ ဖြစ်ရမယ်၊ အခု သူတို့တွေလည်း စုချီကြောင့် ဒုက္ခရောက်နေပြီ’
‘ဟိုခွေးစုတ်ကလည်း ခွေးရူးကျနေတာပဲ၊ နေရာတကာ ရန်လိုက်စပြီး မနားတမ်း တိုက်ခိုက်နေတော့တာပဲ’
ဟန်ကျွယ် အတွေးများနေတုန်းမှာပဲ ရွှင်ချန်အန်းက ရုတ်တရက် ပြောလိုက်ပါတယ် “ဆရာသခင်... ဒီရက်ပိုင်းမှာ ဖူစန်းသစ်ပင်က ညဘက်ဆို သူ့ဘာသာ လှုပ်ယမ်းနေတယ်၊ ဘာဖြစ်တာလဲ မသိဘူး”
ဟန်ကျွယ်ဟာ နားမလည်နိုင် ဖြစ်သွားပါတယ် “သူဘာသာ လှုပ်တာလား၊ စိတ်ဝိညာဉ် ရှိလာလို့လား”
ရွှင်ချန်အန်းဟာ ဘာမှမသိတာကြောင့် ဟန်ကျွယ့်ကို ခေါင်းခါပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို သူ့နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ ပဓာနဝိညာဉ်ရှိတာကို မတွေ့ရပါဘူး။ ဖူစန်းသစ်ပင်သာ စိတ်ဝိညာဉ်ရှိလာမယ်ဆိုရင် ပဓာနာဝိညာဉ်က ကျိန်းသေပေါက် ရှိရမဲ့အရာပါ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ဂရုတစိုက်လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ညရောက်တဲ့အခါမှာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတဲ့ ဟန်ကျွယ်ဟာ လက်နဲ့ကိုင်လှုပ်သလို ခါယမ်းနေတဲ့ ဖူစန်းသစ်ပင်ကို တွေ့လိုက်ရပါတယ်။
ရွှင်ချန်အန်းဟာ ဘာဖြစ်မှန်းမသိတာကြောင့် ကြောက်သွားပြီး နောက်ဆုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ အတန်ကြာ လေ့လာပြီးနောက်မှာ ထူးဆန်းသွားပါတယ်။
‘ဖူစန်းသစ်ပင်က တစ်ခုခုကို ဆင့်ခေါ်နေပုံပဲ’