← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း ၇၉။ တရားစီရင်ခြင်း

ချန်ချင်းယွီနှင့် သူမ၏ယောက္ခမတို့သည် လီတာ့ရှန်း၏ အိမ်ဝင်းအတွင်း၌ အခြေတင်ဖြစ်ပွားနေကြခြင်းမှာ ကြည့်မကောင်းလှပေ။

အခြေအနေများ တစ်စတစ်စ ရှုပ်ထွေးလာသည်ကို မြင်သောအခါ လုံခြုံရေးဌာနမှ တာဝန်ရှိသူတို့က အားလုံးကို စက်ရုံတွင်းရှိ ဌာနချုပ်သို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်ကြတော့သည်။

လီတာ့ရှန်းနှင့် ဇနီးဖြစ်သူမှာ စိတ်ဓာတ်နှင့်ခန္ဓာပါ ပြိုလဲနေသဖြင့် မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ရှာပေ။ သို့သော် လီမိသားစု၏ ဒုတိယသမီးဖြစ်သူမှာမူ မိဘနှစ်ပါးကို လှည့်၍ပင်မကြည့်ဘဲ လဲကျသွားသော သူမ၏ခင်ပွန်းကိုသာ အတင်းအကျပ် တွဲထူနေလေ၏။ ခင်ပွန်းဖြစ်သူမှာ မြေပြင်ပေါ်သို့ အနည်းငယ်သာ ချော်လဲခြင်းဖြစ်သော်လည်း သူမသည်ကား တစ်စုံတစ်ရာ ထိခိုက်သွားမည်ကို အလွန်အမင်း စိုးရိမ်တကြီးဖြင့် ကာကွယ်နေသည့်ပုံမှာ ကြည့်ရသည်မှာ ဆိုးလှသည်။ နောက်ဆုံးတွင် လီတာ့ရှန်း ဇနီးမောင်နှံကို လုံခြုံရေးဝန်ထမ်းများမှသာ ကူညီတွဲထူပေးလိုက်ရ၏။

ဤမြင်ကွင်းကို ကြည့်နေကြသော လုံခြုံရေးဝန်ထမ်းများနှင့် ဝိုင်းအုံကြည့်နေသည့် လူအုပ်ကြီးမှာ နှာခေါင်းရှုံ့ကာ အထင်သေးမိကြသည်။

"အိမ်ထောင်ကျပြီးသော သမီးသည် သွန်လိုက်သောရေနှင့်တူသည်" ဟူသော စကားအတိုင်းပင် လီတာ့ရှန်း၏သမီးမှာ မိဘကို အားကိုးမရသည့်အပြင် ကျေးဇူးတရားလည်း ကင်းမဲ့လှ၏။ မိမိ၏သမက်အတွက်နှင့် ဒုက္ခရောက်ခဲ့ရသော လီတာ့ရှန်းအဖို့ ဤသမီးမျိုးရရှိထားသည်မှာ ဝမ်းနည်းစရာပင် ကောင်းလှပေသည်။

ဒီသမီးကတော့ အားကိုးလို့ လုံးဝမရတာပါပဲ…. စဉ်းစားကြည့်ပါဦး၊ လီတာ့ရှန်းက သမက်ဖြစ်သူအတွက်နဲ့ အခုလိုတွေ ဖြစ်ခဲ့ရတာကို သမီးကတော့ ဒီလိုမျိုးလား…

တကယ့်ကို ကျေးဇူးမသိတဲ့ ဝံပုလွေမပဲ…

ထူးဆန်းသည်မှာ စက်ရုံသို့သွားရာ လမ်းတစ်လျှောက်တွင် ထိုဇနီးမောင်နှံမှာ မကြာခဏဆိုသလို ထပ်မံချော်လဲနေခြင်း ဖြစ်၏။မည်မျှပင် သတိထားလျှောက်စေကာမူ တစ်စုံတစ်ခုကို တိုက်မိသလိုမျိုးဖြင့် လဲကျနေသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ ကံဆိုးမှုများ ကူးစက်မည်စိုး၍ ခပ်လှမ်းလှမ်းမှ ရှောင်ကွင်းသွားကြသည်။

သောက်ကျိုးနည်း… တကယ့်ကို ကံဆိုးမိုးမှောင်ကျနေတာပဲ…

လူအချို့မှာမူ "သရဲခြောက်သည်" ဟူသော ကောလာဟလကို တကယ်ပင် ယုံကြည်စပြုလာကြတော့၏။

မဟုတ်ရင် သူတို့ဘာလို့ ဘယ်သူမှမလုပ်ဘဲ ခဏခဏ ချော်လဲနေတာလဲ…

အမယ်လေး ဘုရားရေ… သရဲကပ်နေပြီ…

"နာမည်ကို ဖျောက်၍ အကျိုးကို ဆောင်သည်" ဟူသော စကားအတိုင်း ချန်ချင်းယွီမှာမူ စိတ်ထဲမှ ပြုံးနေမိသည်။

ဟိဟိ…

မှောင်ရီပျိုးစအချိန်ဖြစ်၍ လူအုပ်ကြားတွင် သူမ၏ လက်ကလေးခြေကလေး လှုပ်ရှားမှုများကို မည်သူမျှ သတိမထားမိကြပေ။ ထို့ကြောင့် သူများသတိထားမိသွားမည်ကို မကြောက်ပေ။ သူမသည် ငိုချင်းချဟန်ဆောင်ကာ လမ်းဘေးရှိ ကျောက်ခဲလေးများကို ခြေဦးဖြင့် ခပ်ဖွဖွ ကန်ထုတ်လိုက်တိုင်း လီတာ့ရှန်း၏ သမီးနှင့် သမက်တို့မှာ ဟန်ချက်ပျက်ကာ လဲကျကုန်ကြ၏။

သို့သော် လူအုပ်ကြီး ကင်းကွာသွားချိန်တွင်မူ သူမသည် မသိမသာဖြင့် ထိုလုပ်ရပ်ကို ရပ်တန့်လိုက်သည်။

လူအုပ်မရှိဘဲ ရှင်းရှင်းဘွင်းဘွင်း လုပ်လို့ရမလား… ငါ ချန်ချင်းယွီက အဲ့လောက်မအဘူး..

လုံခြုံရေးဌာနသို့ ရောက်ရှိလာချိန်တွင် လူအုပ်ကြီးမှာလည်း တစ်ခဲနက် လိုက်ပါလာကြ၏။ တရားမျှတမှုကို လိုလားသော အလုပ်သမားများမှာ လီတာ့ရှန်းကဲ့သို့ ကွယ်ရာတွင် အကွက်ဆင်တတ်သူများကို လက်ပိုက်ကြည့်မနေနိုင်ကြပေ။ "နောက်တစ်ယောက်က ငါတို့ဖြစ်လာမလား" ဟူသော စိုးရိမ်စိတ်ဖြင့် လူအုပ်ကြီးမှာ အဘွားကြီးကျောက်ဘက်မှ ရပ်တည်ကာ စက်ရုံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

"ငါတို့ လိုက်သွားမှဖြစ်မယ်၊ ဘာဖြစ်တာလဲဆိုတာ သေသေချာချာ ကြည့်ရမယ်။ စက်ရုံလုံခြုံရေးဌာနက လူတွေကို လှည့်စားခွင့် မပေးနိုင်ဘူး"

"ဟုတ်တယ်၊ လီတာ့ရှန်းမှာ ခေါင်းဆောင်ပိုင်း အမျိုးတွေ ရှိတယ်လို့ ကြားတယ်။ ငါတို့အားလုံး သွားပြီး မျက်တောင်မခတ် စောင့်ကြည့်ကြမယ်။ လုံခြုံရေးဌာနက အမှားကို အမှန်လုပ်တာမျိုး လုံးဝ ခွင့်မပြုနိုင်ဘူး"

"အဒေါ်ကြီးကျောက် ရိုက်တာ မှန်တယ်လို့ ငါမြင်တယ်။ ဒီလိုလူမျိုးကို သေအောင်ရိုက်ရင်တောင် အပြစ်မရှိဘူး။ ဘာလဲမသိဘူး... ကွယ်ရာမှာ ဒုက္ခပေးနေသေးတယ်။ စက်ရုံခေါင်းဆောင်တွေရဲ့ စကားကိုတောင် နားမထောင်ဘူး"

"ပြောစရာလား၊ စက်ရုံက အလုပ်ခန့်ပြီးပြီကို သူတို့က ကွယ်ရာမှာ အကွက်ဆင်နေတာ။ ဒါက သိသိသာသာနဲ့ အမိန့်ကို ဖီဆန်တာပဲ"

"ငါတို့ လိုက်သွားမယ်၊ ဘာဖြစ်မလဲဆိုတာ ကြည့်မယ်။ ကျောက်အန်တီကြီးကိုပဲ ပစ်မှတ်ထားမယ်ဆိုရင်တော့ မရဘူးနော်"

"ဟုတ်တယ်၊ လောကမှာ တရားဥပဒေဆိုတာ ရှိသေးရဲ့လား"

ထိုစဉ် လျိုကျင့်သည်လည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ "ကျွန်မတို့မိသားစုလည်း တရားမျှတမှု လိုချင်ပါတယ်၊ အရင်က ကျွန်မယောကျ်ားကို နှိပ်စက်ခဲ့တာတွေကို ခေါင်းဆောင်တွေ ရှင်းပေးရမယ်" ဟု အော်ဟစ်ကာ ပါဝင်လာသည်။ သူမသည်လည်း အခြေအနေကို ကြည့်၍ မိမိအတွက် အကျိုးအမြတ်တစ်ခုခု ရရှိရန် ပါးနပ်စွာ ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ လူအုပ်ကြီးနောက်ခံရှိနေ၍ ကြောက်စရာမရှိပေ၊ မည်သို့ပင်ဖြစ်စေ လူများအုံကြွမှုကြောင့် စက်ရုံမှ ဖြေရှင်းပေးမည်သာ။ ထို့ကြောင့် အကျိုးအမြတ်တစ်ခုခုရရန် သူမယောကျာ်းကိုဆွဲ၍ အမြန်လိုက်လာ၏။

အခြေအနေများမှာ လုံခြုံရေးဌာနတစ်ခုတည်းဖြင့် ထိန်းချုပ်၍မရတော့ဘဲ လုံခြုံရေးခေါင်းဆောင်ဝမ်မှာ ဒုတိယစက်ရုံမှူးကို အမြန်ဆုံး အကြောင်းကြားလိုက်ရသည်။

ဒီကိစ္စက သူတို့လုံခြုံရေးဌာနတစ်ခုတည်းနဲ့ ရှင်းလို့ရမယ့် အခြေအနေ မဟုတ်တော့ဘူး…

ချန်ချင်းယွီကိုယ်တိုင်ပင်လျှင် ကိစ္စများ ဤမျှအထိ ကြီးကျယ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် ပြဿနာရှာတွင် ကျွမ်းကျင်သော်လည်း ရှေ့သို့အကွက်မြင်ရာတွင် ၁၀ ကွက်လောက်တော့ ကြိုမမြင်နိုင်ပေ။ ယခုကိစ္စမှာ တစ်ဆင့်ပြီးတစ်ဆင့် ဤအခြေအနေသို့ ရောက်လာခြင်းသာ။

လီတာ့ရှန်းကိုယ်တိုင် စိတ်ဓာတ်ပြိုလဲပြီး လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုမိခြင်းမှာ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့၏။

ဘုရားရေ…ဒီနေ့ ဒီလောက်အထိ အင်အားကြီးမားတဲ့ ဆန္ဒပြမှုမျိုး ဖြစ်လာမယ်လို့ မတွေးမိခဲ့ဘူး…

ဒါပေမဲ့ ကိစ္စက ကြီးသွားပြီဆိုမှတော့၊ သူမကလည်း ပိုကြီးအောင် လုပ်ဖို့ ဝန်မလေးပါဘူး…

ဒါမျိုးက အကျွမ်းဆုံးကိစ္စပဲလေ…

ကိစ္စက ပိုကြီးလေလေ၊ လီတာ့ရှန်းတို့ မိသားစုက လူတွေကို လွယ်လွယ်နဲ့ ကလဲ့စားမချေရဲလေလေပေါ့…မဟုတ်ရင် သူတို့က အပြစ်ကနေ လွတ်မှာ မဟုတ်တော့ဘူးလေ..

နောက်ပြီး ကိစ္စကြီးသွားရင် စက်ရုံက လီတာ့ရှန်းကို သေချာပေါက် အရေးယူမှာပဲ…

သူတို့မိသားစုက တစ္ဆေခြောက်တယ်၊ သရဲခြောက်တယ်လို့ ပါးစပ်ကမချ ပြောနေတာက "အယူသီးမှု"ကို ပြန့်ပွားအောင် လုပ်နေတာပဲ…

နောက်ပြီး စက်ရုံထဲမှာ ကွယ်ရာကနေ အကွက်ဆင်တာတွေက အပြင်ကို ပျံ့သွားရင် စက်ရုံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတော့…စက်ရုံကတော့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး…

ချန်ချင်းယွီမှာ ဤအခြေအနေကို ကျေနပ်နေမိသည်။

အဘွားကြီးကျောက်မှာမူ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေဆဲဖြစ်သဖြင့် ချန်ချင်းယွီ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ချန်ချင်းယွီမှာ သူမကို စိတ်ချစမ်းပါဟူသော အကြည့်ဖြင့် အားပေးလိုက်၏။ အဘွားကြီးကျောက်မှာ ထိတ်လန့်နေသော်လည်း ဤမျှများသော လူအုပ်ကြီးကြောင့် စိုးရိမ်စိတ်များ လျော့ပါးသွားရလေသည်။

ချွေးမကတောင် မစိုးရိမ်တာ၊ ငါက ဘာလို့ စိုးရိမ်နေရမှာလဲ။

"ငါလူရိုက်တာနဲ့ ပစ္စည်းဖျက်ဆီးတာကို သူတို့ တရားစွဲမလား"

အဘွားကြီးကျောက် တိုးတိုးလေး မေးမြန်းရှာသည်။ ချန်ချင်းယွီမှာမူ ယုံကြည်ချက်အပြည့်ဖြင့်

"စိတ်မပူပါနဲ့ အမေ စက်ရုံက အရှက်ကွဲမှာစိုးလို့ သူတို့ကို ဖိအားပေးပြီး တရားစွဲခိုင်းမှာ မဟုတ်ပါဘူး"

စက်ရုံကလည်း ဒီလို ရပ်ကျော်ရွာကျော် အရှက်ခွဲခံရမယ့်ကိစ္စမျိုးကို မလိုချင်ဘူးလေ..

ထို့အပြင် လီတာ့ရှန်းမှာလည်း သရဲကြောက်နေ၍ ကိုယ်တိုင် တရားစွဲမည့်ကိစ္စမျိုး လုပ်မည်မဟုတ်သည့်အပြင် စက်ရုံဘက်မှလည်း ခွင့်ပြမည်မဟုတ်ပေ။

အေးဆေးပါပဲ၊ ဘာမှမဖြစ်ဘူး…

ချွေးမဖြစ်သူ၏ စကားကြောင့် အဘွားကြီးကျောက်မှာ စိတ်အေးသွားပြီး မေးစေ့ကို ပင့်ကာ ရဲရဲဝံ့ဝံ့ပင် ရှေ့သို့ ဆက်လက်လှမ်းချီလိုက်၏။

လူအုပ်ကြီးမှာ စက်ရုံ၏ လုံခြုံရေးဌာနသို့ ရောက်ရှိလာကြသည်။ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော ချန်ချင်းယွီသည် တစ်ဖက်တွင် ငြိမ်သက်စွာ ထိုင်နေရင်း ငိုယိုဟန်ဆောင်ကာ အသံဟောင်းတိပ်ခွေတစ်ခု ဖွင့်ထားသည့်နှယ် ထပ်တလဲလဲ ပြောဆို၍ ဦးနှောက်ဆေးတော့၏။

“ကိုကိုကျန့်ဝမ်ရဲ့ ဘဝက ဘာလို့ ဒီလောက်တောင် သနားဖို့ကောင်းရတာလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖေဆုံးရှုံးခဲ့ရတယ်၊ အလုပ်ကို ဆက်ခံမယ့်သူ မရှိလို့ ဝမ်းစာရှာဖို့အတွက် အလုပ်ကို စွန့်လွှတ်ခဲ့ရတယ်။ အနာဂတ်ရှိဖို့အတွက်လည်း သူဟာ တစ်စက္ကန့်မနားဘဲ ကြိုးစားပမ်းစား စာသင်ခဲ့ရတယ်၊ အလုပ်တစ်ခုရဖို့ မျှော်လင့်ချက်နဲ့ပေါ့… ကိုကိုကျန့်ဝမ်နဲ့ သူ့အမေတို့ သားအမိနှစ်ယောက် မုဆိုးမနဲ့ မိဘမဲ့ဘဝနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေက ရေတွက်လို့တောင် မကုန်နိုင်ပါဘူး… နောက်ဆုံးတော့ သူတို့ဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ အမြဲတမ်းဝန်ထမ်းအလုပ်ကို ရခဲ့ကြတယ်… ဒါပေမဲ့ ဂဟေဆက်အလုပ်ရုံထဲ ရောက်သွားရုံရှိသေးတယ်၊ ရက်စက်တဲ့လူတွေနဲ့ ကြုံရတော့တာပဲ။ သူ ဒီလောက် ဒုက္ခရောက်နေတာတောင် မိသားစုကို တစ်ခွန်းမှ မညည်းတွက်ခဲ့ဘူး… သူ မခံစားရဘူးလို့ ထင်နေကြလား… ဒါတွေအားလုံးက ကျွန်မတို့မိသားစုမှာ အဆက်အသွယ်မရှိလို့ပဲ… သူက မိသားစုကို လုပ်ကျွေးနေရတဲ့သူဆိုတော့ ဘယ်သူ့ကိုမှ မစော်ကားရဲဘူးလေ... ဝူးဝူး...”

ချန်ချင်းယွီ ရှိုက်ကြီးတငင် ငိုကြွေးရင်း

“ထွက်သွားတဲ့သူက ထွက်သွားပြီလေ… အပြစ်ရှိတဲ့သူတချို့ကလည်း သူတို့ရဲ့ ရုပ်မှန်တွေကို ထုတ်ပြနေကြပြီ… ဒါတောင်မှ ကျွန်မတို့ ကိုကိုကျန့်ဝမ်ကို နာမည်ဖျက်ဖို့ ကြိုးစားနေကြတုန်းပဲ... တကယ့်ကို ယုတ်မာလွန်းကြတယ်... ဝူးဝူး...”

“ကိုကိုကျန့်ဝမ် ငယ်ငယ်တုန်းက အဖေမရှိတော့ လူအများက သူ့ကို အထင်သေးခဲ့ကြတယ်… အဲဒီတုန်းက လူအတော်များများက သူ့ကို ပစ်မှတ်ထားပြီး နှိပ်စက်ခဲ့ကြပေမဲ့ သူကတော့ အမြဲတမ်း ပြုံးပြုံးလေးပဲ နေခဲ့ရှာတယ်… ဒါပေမဲ့ ဘာဖြစ်လို့ လူကောင်းတွေက ကောင်းကျိုးမခံစားရတာလဲ.. လောကကြီးက ဒီလိုပဲလား.. သူ ငယ်ငယ်တုန်းက အမြဲတမ်း ဗိုက်ဆာခဲ့ရတယ်၊ သူငယ်ချင်းလည်း မရှိခဲ့ဘူး၊ ဒါပေမဲ့ သူက အကောင်းမြင်စိတ်နဲ့ပဲ နေခဲ့တာ… ကျွန်မ တကယ် နားမလည်နိုင်တာက ကျွန်မယောက္ခမက စက်ရုံအတွက် အမှန်တရားအတိုင်း လုပ်ဆောင်ခဲ့တာပဲ၊ ဘာလို့ လူတွေက သူ့မိသားစုကို အခုထိ အထင်သေးနေကြရတာလဲ...”

ချန်ချင်းယွီ ဆက်လက်၍ အစွမ်းကုန် ဇာတ်လမ်းဆင်နေ၏။

“ကျွန်မတို့မိသားစုက ရုန်းကန်နေရတာ ကြာပါပြီ၊ ကိုကိုကျန့်ဝမ်ကလည်း အတော်လေး ကြိုးစားခဲ့တာ၊ ကျွန်မတို့အားလုံး အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ၊ ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ... ဘာလို့လဲ......”

သူမသည် မျက်နှာကို လက်နှင့်အုပ်ကာ တတွတ်တွတ် ရေရွတ်ရင်း ငိုကြွေးနေတော့သည်။

“ကိုကိုကျန့်ဝမ် ပြောဖူးတယ်၊ သူ ငယ်ငယ်တုန်းက ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြဘူးတဲ့၊ ကျောင်းနေဖက်တွေနဲ့ ကစားဖို့တောင် အချိန်မရှိခဲ့ဘူး။ တခြားသူတွေ ကစားနေတဲ့အချိန်မှာ သူကတော့ မီးသွေးခဲဖိုး ချွေတာနိုင်အောင် နေ့တိုင်း ထင်းလိုက်ကောက်နေရတာ...”

“အဲဒီတုန်းကဆိုရင် ဟင်းသီးဟင်းရွက်ဖိုးလေး ချွေတာနိုင်ဖို့ မိသားစုအတွက် မြို့ပြင်မှာ တောဟင်းသီးဟင်းရွက်တွေ သွားတူးရင်း တစ်ညလုံး မအိပ်ဘဲ နေခဲ့ရတာ...”

“နောက်ပြီးတော့...”

ချန်ချင်းယွီက တစ်ခုပြီးတစ်ခု ရင်ဖွင့်ပြောဆိုနေသည်မှာ နားထောင်နေကြသူများ၏ မျက်ဝန်းများကို နီရဲလာစေပြီး အချို့ဆိုလျှင် မျက်ရည်ပင် ကျလာကြ၏။

အဘွားကြီးကျောက်မှာလည်း ဆက်လက်ထိန်းချုပ်မထားနိုင်တော့ဘဲ အသံကုန်ဟစ်ကာ ငိုကြွေးလေတော့သည်။

သူမသည် ဤအကြောင်းအရာများကို တစ်ခုမှမသိခဲ့ပါချေ။ သူမ၏သားမှာ ဤမျှအထိ ဒုက္ခခံခဲ့ရမည်ဟု မည်သို့တွေးမိပါမည်နည်း။

အဟမ်း… ကျွန်မဇာတ်လမ်းဆင်ထားတာလေ ရှင်ဘယ်သိမှာတုန်း…

“ငါ့သားလေး... ငါ့ရဲ့ ကျန့်ဝမ်လေး...”

ဒုတိယစက်ရုံမှူး ကျိုးနှင့် ဒုတိယစက်ရုံမှူး ဟယ်တို့သည် အတူတူ ရောက်ရှိလာကြ၏။ ကိစ္စရပ်များ ဤမျှအထိ ကြီးကျယ်သွားပြီဖြစ်ရာ ၎င်းတို့အနေဖြင့် အမြန်ဆုံးလာရောက်ရသည်မှာ သဘာဝပင် ဖြစ်သည်။ ဒုတိယစက်ရုံမှူး ကျိုးသည် ဝန်ထမ်းများ ပြန်လည်နေရာချထားရေးကို တာဝန်ယူရသူဖြစ်ပြီး အဘွားကြီးကျောက်ကို နေရာချထားပေးခဲ့သူလည်း ဖြစ်သဖြင့် သူမကို ကောင်းကောင်းမှတ်မိနေ၏။

ထို့ကြောင့် အဘွားကြီးကျောက်၏ အခြေအနေကို ကြားသိရသောအခါ နောက်ထပ် ပြဿနာများ ထပ်မံမကြီးထွားစေရန် စိုးရိမ်စိတ်ဖြင့် မနှောင့်နှေးဘဲ အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်သည်။

ဒုတိယစက်ရုံမှူး ဟယ်မှာမူ လုံခြုံရေးပိုင်းကို တာဝန်ယူရသူဖြစ်ပြီး ဖြစ်ပျက်သမျှကို သိရှိပြီးဖြစ်၏။

သူ့ခေါင်းထဲတွင် အုန်းအုန်းကျွတ်ကျွတ် မြည်ဟည်းနေတော့သည်။ သူသည် ပါတီအတွင်းရေးမှူး ကျန်း၏ လူယုံတစ်ယောက် ဖြစ်၍ အခြေခံအားဖြင့် အတွင်းရေးမှူး ကျန်း အနားယူလျှင် သူ့ကိုပင် ဆက်ခံသူအဖြစ် အဆိုပြုမည်မှာ သေချာသလောက် ရှိ၏။ ချဲယုံဖုန်းမှာ ပါတီအတွင်းရေးမှူး ကျန်း၏ သမက်ဖြစ်ရာ ဤကိစ္စတစ်ခုလုံးသည် အတွင်းရေးမှူး ကျန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။

ဒုတိယစက်ရုံမှူး ဟယ်သည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ဆင်းရဲဒုက္ခကို တစ်ခါမှ မကြုံဖူးသဖြင့် ဒေါသအလွန်ကြီးသူလည်း ဖြစ်၏။

လာရသည့် လမ်းတစ်လျှောက်တွင် သူသည် ချဲယုံဖုန်းကို ခေါ်ယူပြီး ပါးရိုက်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။

"သူ့ဦးနှောက်ထဲမှာ နောက်ချေးတွေပဲ ရှိနေတာလား..."

ဤမျှ ရိုးရှင်းသော ကိစ္စရပ်ကို သူ ဖျက်ဆီးခဲ့သည့်အပြင်၊ သူ၏ ထုံထိုင်းလှသော ညီဖြစ်သူကိုပင် ထိန်းမထားနိုင်ခဲ့ချေ။ ချဲယုံဖုန်း၏ ညီမှာ အလွန်တုံးအလှသဖြင့် အချက်ပေါင်း တစ်ရာလောက် ပါးရိုက်ရန်ပင် ထိုက်တန်လှ၏။

သူသည် လူတုံးလူအများစွာကို မြင်ဖူးသော်လည်း ဤမျှအထိ အသိဉာဏ်ကင်းမဲ့သူမျိုးကိုမူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

ဦးနှောက်အချဉ်ပေါက်နေတဲ့ဟာတွေ… လူလောကမှာကို ရှိမနေသင့်တာ…

ဒုတိယစက်ရုံမှူး ဟယ်နှင့် ကျိုးတို့သည် အတူတူ ရောက်ရှိလာကြသည်။ ၎င်းတို့သည် တစ်ဖက်တည်းသားများ မဟုတ်ကြသော်လည်း ပဋိပက္ခလည်း မရှိကြပေ။ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခါးသီးသော အပြုံးဖြင့် ပြုံးလိုက်ကြ၏။ စက်ရုံ၏ ဂုဏ်သိက္ခာမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်နေပြီ မဟုတ်ပါလား…

ကံကောင်းသည်မှာ အဘွားကြီးကျောက်နှင့် သူမ၏ချွေးမတို့သည် ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားနိုင်ခြင်းပင်။

စက်ရုံခေါင်းဆောင်ပိုင်းသည် တရားမျှတမှုရှိကြောင်း သေချာသည်၊ မဟုတ်လျှင် လင်းကျန့်ဝမ်သည် ဤအလုပ်ကို ရရှိမည် မဟုတ်ပေ။

ခေါင်းဆောင်ပိုင်းမှာ ဖြောင့်မတ်သဖြင့်သာ ချဲယုံဖုန်းနှင့် လီတာ့ရှန်းတို့၏ လုပ်ရပ်မှာ လူမဆန်လှကြောင်း ထင်ရှားနေခြင်း ဖြစ်၏။

သူတို့နှစ်ဦးမှာ တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်နေကြသည်။ လီတာ့ရှန်း၏ ကိစ္စမှာ လူသိရှင်ကြား ဖြစ်သွားပြီဖြစ်ရာ ပြတ်ပြတ်သားသား ကိုင်တွယ်ရန် လိုအပ်နေပြီဖြစ်၏။ မဟုတ်လျှင် စက်ရုံ၏ ဂုဏ်သတင်း ထိခိုက်ပေတော့မည်။

၎င်းတို့သည် ပေကျင်းမြို့၏ ထိပ်တန်းစက်ရုံကြီးတစ်ခု ဖြစ်သဖြင့် အရှက်အကွဲ မခံနိုင်ကြချေ။

ချဲယုံဖုန်း...

ဒုတိယစက်ရုံမှူး ကျိုး ဒုတိယစက်ရုံမှူး ဟယ်ကို တစ်ချက်ကြည့်လိုက်သည်။ ဒုတိယစက်ရုံမှူး ဟယ်သည်လည်း စကားကို ဝိုက်မပြောတတ်သူ ဖြစ်ရာ၊ ဤလူကို အရေးယူရန် လိုအပ်နေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။

မင်းညီက ဘာလို့ ထွက်ပြောရတာလဲ... မင်းအပြစ် မဟုတ်ရင်တောင် ဒါက မင်းအပြစ်ပဲ…

ဝက်လိုအသင်းဖော်ရှိနေတဲ့ မင်းကံတရားပဲ…

ထို့အပြင် ဒုတိယစက်ရုံမှူး ဟယ်သည် ချဲယုံဖုန်းမှာလည်း အပြစ်ကင်းသူ မဟုတ်ကြောင်း ကောင်းကောင်းသိသည်။

ဤကိစ္စမှာ ကြည့်လိုက်ရုံဖြင့် ရိုးရှင်းလှရာ လုံခြုံရေးခေါင်းဆောင်ဝမ်ပင် သိမြင်နိုင်လျှင် ဒုတိယစက်ရုံမှူး ဟယ်မှာ ပို၍ပင် သိမြင်နိုင်ပေသည်။

သူသည် ဒေါသကြီးသော်လည်း အရည်အချင်းရှိပြီး ပြတ်သားသူ ဖြစ်၏။ အခန်းထဲသို့ မဝင်မီကပင် ဘာလုပ်ရမည်ကို သူ ဆုံးဖြတ်ပြီးဖြစ်သည်။ သူတို့နှစ်ဦး အခန်းထဲသို့ အဝင်တွင် ချန်ချင်းယွီ၏ တတွတ်တွတ် ရေရွတ်ငိုကြွေးသံကို ကြားလိုက်ရ၏။

သူမသည် လင်းကျန့်ဝမ်၏ ငယ်ဘဝအကြောင်းကို တစ်ခုပြီးတစ်ခု ရင်ဖွင့်နေခြင်း ဖြစ်သည်။

သူမသည် အဘွားကြီးကျောက်ထက်ပင် ပို၍ အသေးစိတ် သိနေပြီး နားထောင်နေသူတိုင်း မျက်ရည်အရွှဲသားဖြင့် တကယ်ပင် စိတ်မကောင်း ဖြစ်နေကြရ၏။

ချန်ချင်းယွီသည် မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုနေဆဲဖြစ်သည်။

သူမ၏ မျက်ရည်များမှာ ရေပိုက်ခေါင်းဖွင့်ထားသကဲ့သို့ပင် မရပ်မနား စီးကျနေပြီး အခန်းတစ်ခုလုံးမှာ ရှိုက်သံများဖြင့် ပြည့်နှက်နေ၏။

ဒုတိယစက်ရုံမှူး ဟယ် - "..."

ဒုတိယစက်ရုံမှူး ကျိုးသည်လည်း ကောင်းကင်ကိုသာ မော့ကြည့်နေမိတော့သည်။

ကျုပ် ဒါကို ကြိုသိနေတယ်… ဒီလိုဖြစ်မှာကို ကျုပ်သိပြီးသားပါဗျာ..

ဒီအဘွားကြီး သမီးယောက္ခမက ပြဿနာရှာတဲ့နေရာမှာ ထိပ်တန်းပဲ…

ကျုပ် သဘောပေါက်ပြီးသားပါ..

ချန်ချင်းယွီမှာမူ အခန်းထဲသို့ ဝင်လာကတည်းက စကားမပြတ်ဘဲ တတွတ်တွတ် ပြောနေဆဲပင်။ သူမ၏ စကားသံများမှာ အခြားသူများ၏ အသံကို လွှမ်းမိုးထား၏။ အသက်ကြီးသူ လီတာ့ရှန်း ဇနီးမောင်နှံနှင့် ၎င်းတို့၏ သမီး၊ သမက်တို့ပင်လျှင် မညည်းတွားရဲဘဲ အာရုံစိုက် နားထောင်နေကြသည်။

မှန်မှန်ကန်ကန် ပြောရလျှင် လီတာ့ရှန်းသည် သူ၏ လုပ်ရပ်များအတွက် နောင်တရစပြုနေပြီ ဖြစ်၏။ လင်းကျန့်ဝမ်တွင် ဤမျှ ခက်ခဲသော ငယ်ဘဝ ရှိခဲ့မှန်း သူ မသိခဲ့ချေ။ သိခဲ့လျှင် သူ ဤသို့ လုပ်ခဲ့မည် မဟုတ်ပေ။ သူသည် တကယ်ပင် လွန်သွားပြီဟု ခံစားနေရလေသည်။

လီတာ့ရှန်း၏ အမြဲတမ်း နှုတ်သီးကောင်းလှသော ဇနီးသည်ပင်လျှင် နှုတ်ဆိတ်နေတော့၏။

ချန်ချင်းယွီ၏ အသံမှာ နူးညံ့ချိုသာပြီး မျက်ရည်စများ စိုစွတ်နေကာ နာရီဝက်ကျော်ကြာသည်အထိ မရပ်မနား ရှိုက်ငိုနေခဲ့သည်။ တံခါးဝတွင် ခဏမျှ ရပ်နားထောင်နေကြသော ဒုတိယစက်ရုံမှူး ကျိုးနှင့် ဟယ်တို့ပင်လျှင် ဆက်၍ နားမထောင်နိုင်တော့ချေ။ သူတို့နှစ်ဦး အခန်းထဲသို့ ဝင်လိုက်သည်နှင့် လီတာ့ရှန်းသည် ဘုန်းခနဲ မြေကြီးပေါ် ဒူးထောက်ကျသွားကာ

"ငါဟာ လူမဟုတ်ဘူး... ငါဟာ တကယ့် လူယုတ်မာပဲ... ငါ့သမက်ဘက်က ရပ်တည်ပေးချင်ရုံတင်ပါ၊ သူ ဒီလောက် ဒုက္ခရောက်နေရမှန်း ငါ တကယ်မသိခဲ့ဘူး..."

လီတာ့ရှန်း၏ အိမ်မှာ ဖျက်ဆီးခံထားရပြီး သက်ကြီးရွယ်အို ဇနီးမောင်နှံမှာလည်း အရိုက်ခံထားရသဖြင့်၊ လူတိုင်း သူသည် နောက်တစ်ကြိမ် ပြဿနာထပ်ရှာဦးမည်ဟု ထင်မှတ်ထားကြ၏။ သို့သော် မထင်မှတ်ဘဲ လီတာ့ရှန်းမှာ ဝုန်းခနဲ ဒူးထောက်ချလိုက်ပါတော့သည်။ သူသည် မျက်ရည်များကို သုတ်ရင်း

“ကျုပ်မသိခဲ့ဘူး၊ လင်းကျန့်ဝမ်ရဲ့ ဘဝက ဒီလောက်အထိ ခက်ခဲနေမယ်မှန်း ကျုပ် တကယ်မသိခဲ့တာပါ။ ကျုပ် ကျိန်ဆိုဝံ့ပါတယ်၊ တစ်ဖက်သားကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ သူ့ကိုကြည့်မရလို့ အနှောင့်အယှက်ပေးချင်ရုံတင်ပါ၊ တကယ် ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဝူးဝူး... ကျုပ် မှားသွားတယ်၊ ကျုပ်ဟာ သေထိုက်တဲ့ကောင်ပါ၊ ကျုပ်ဟာ တကယ့် လူယုတ်မာပဲ...”

လီတာ့ရှန်းသည် အရိုက်ခံထားရသဖြင့် တစ်ကိုယ်လုံး နာကျင်နေသော်လည်း ဤကိစ္စမှာ လူသိရှင်ကြား ဖြစ်သွားပြီဖြစ်ရာ စက်ရုံဘက်မှ အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် အပြစ်ကို ဝန်ခံလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေမည်။

ထို့အပြင် လီတာ့ရှန်းသည် တကယ်ပင် ကြောက်လန့်နေခြင်း ဖြစ်သည်။

အခြားသူများ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူကိုယ်တိုင်အတွက်ကား သရဲခြောက်နေသည်မှာ အမှန်ဖြစ်ကြောင်း သိနေ၏။ အခြားသူများ မမြင်ရသော်လည်း သူကိုယ်တိုင်မြင်တွေ့ခဲ့ရသည် မဟုတ်လော့။

အကယ်၍ သူသာ အဘွားကြီးကျောက်ကို ပြန်လည်တရားစွဲနေလျှင် သရဲ သူ့ထံသို့ ထပ်မံရောက်ရှိလာပါက မည်သို့လုပ်မည်နည်း။

ထို့အပြင် လင်းကျန့်ဝမ်၏ဘဝမှာ ယခင်က အလွန်ပင် ခက်ခဲခဲ့ရာ သူ၏လုပ်ရပ်မှာ ကိုယ်ကျင့်တရား ကင်းမဲ့လွန်းလှသဖြင့် ယခုကဲ့သို့ အရိုက်ခံရခြင်းမှာပင် သက်သာသေးသည်ဟု သူ ခံစားနေရသည်။

သူ တကယ်ပင် မှားခဲ့လေပြီ…

လီတာ့ရှန်း တစ်ယောက်တည်း အမှားကို သိရုံနှင့်ဆိုလျှင် ကိစ္စက မပြီးသေးသော်လည်း ယခုအခါ အဖြစ်အပျက်အားလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေလေ၏။

အထူးသဖြင့် သရဲခြောက်သည့်ကိစ္စမှာ သူကဲ့သို့ အသက်ကြီးသူတစ်ဦးအဖို့ တကယ်ပင် ကြောက်စရာကောင်းလှသည်။

အခြားသူများ မမြင်ရဘဲ သူနှင့်သူ့ဇနီး နှစ်ဦးတည်းသာ မြင်တွေ့နေရခြင်းက ၎င်းမှာ သရဲခြောက်ခြင်းဖြစ်ကြောင်း သက်သေပြနေသည်သာ။

အရိုက်ခံရစဉ် ဒေါသထွက်ခဲ့သော်လည်း အမှောင်ရိပ်သန်းလာသည်နှင့် သရဲဇာတ်လမ်းကို ပြန်လည်သတိရလာသည်။ သူ၏ သမီးနှင့် သမက်တို့ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ခြင်းမှာလည်း ကံဆိုးရုံသက်သက် မဟုတ်နိုင်ပေ။

လီတာ့ရှန်း : “အမှားပေါင်း တစ်ထောင်ကျူးလွန်မိတာပါ…အားလုံးက ငါ့အမှားတွေပါ။ ငါဟာ အရိုက်ခံရဖို့၊ အဆဲခံရဖို့ ထိုက်တန်ပါတယ်။ အစ်မကြီး... ကျွန်တော့်ကို နောက်ထပ် ပါးရိုက်ချင်ရင်လည်း ရိုက်ပါ၊ ကျွန်တော် ခံပါ့မယ်။ ဒါတွေအားလုံးက ကျွန်တော့်အမှားတွေပါ...”

“ဒါ နင့်အမှားပေါ့၊ နင့်အမှားမဟုတ်ရင် ဘယ်သူ့အမှား ဖြစ်ရမှာလဲ... နင်က ဘယ်လိုတောင် ပြောရဲတာလဲ...”

အဘွားကြီးကျောက် နောက်ဆုံးတွင် ဝင်ပြောခွင့်ရသွားသည်။

ချန်ချင်းယွီ တတွတ်တွတ် ပြောနေစဉ် သူမမှာ စကားတစ်ခွန်းပင် ဝင်ပြောခွင့်မရခဲ့ချေ။ သူမ၏ ချွေးမဖြစ်သူမှာ တကယ်ပင် စကားပြောကောင်းလွန်းလှ၏။

ယခုအခါ သူမ ပြောရမည့်အလှည့် ရောက်လာပြီဖြစ်ရာ

“နင်သာ ငါ့သားကို အချိန်ပိုတွေ အတင်းမဆင်းခိုင်းဘူးဆိုရင် သူ ဒီလောက်အထိ ပင်ပန်းချင်မှ ပင်ပန်းမှာ၊ အဲဒီလောက် မပင်ပန်းဘူးဆိုရင် သူ ခိုးသူကို ဖမ်းမိချင် ဖမ်းမိမှာ၊ ခိုးသူကို ဖမ်းမိရင်တောင် သူ အသက်ဆုံးရှုံးရမှာ မဟုတ်ဘူး။ ဒါတွေအားလုံးက နင့်အမှား မဟုတ်ဘူးလား... အားလုံးက မင်းကြောင့်ပဲ...”

လီတာ့ရှန်း : “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို သေစေချင်တဲ့ ရည်ရွယ်ချက် တကယ်မရှိပါဘူး... အဲဒီတုန်းက တိုက်ဆိုင်သွားတာပါ၊ တောင်းပန်ပါတယ်၊ တကယ် တောင်းပန်ပါတယ် အစ်မကြီး...”

“ထွက်သွားစမ်း၊ ဘယ်သူ့ကို အစ်မကြီး ခေါ်နေတာလဲ...”

အဘွားကြီးကျောက်မှာ ဒေါသတကြီးဖြင့် ဟောက်လိုက်ကာ

“နင်က ဆရာတစ်ယောက် ဖြစ်နေပြီးတော့ ဘာမှမသင်ပေးတဲ့အပြင် ငါ့သားက သူ့ဘာသာ ကြိုးစားပြီး စာမေးပွဲဖြေတာကိုတောင် နင်တို့ကတားဆီးသေးတယ်။ ငါ့မိသားစု ဘာလို့ ဒီလောက် ဒုက္ခရောက်နေရတာလဲလို့ ငါ စဉ်းစားနေတာ၊ နင်လို အသည်းနှလုံးမရှိတဲ့လူကြောင့်ပဲ...”

အဘွားကြီးကျောက်သည် အပြစ်အားလုံးကို လီတရှန်းပေါ်သို့ ပုံချလိုက်တော့သည်။ သို့သော် သူမ ပြောသည်မှာလည်း လုံးဝကြီးတော့ မမှားပေ။

လီတာ့ရှန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုကြွေးရင်း

“ကျွန်တော် သိပါတယ်၊ ကျွန်တော်ဟာ လူယုတ်မာမှန်း သိပါတယ်။ ကျွန်တော် လောဘဇောတက်သွားမိတာပါ၊ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ခဲ့ပါဘူး၊ တကယ်ပါ... ဝူးဝူး...”

မှောင်လာသည်နှင့်အမျှ လီတာ့ရှန်း၏ စိတ်ထဲတွင် အပြစ်ရှိစိတ်နှင့် ကြောက်ရွံ့စိတ်တို့မှာ ပိုမိုကြီးစိုးလာ၏။ သူသည် မိမိကိုယ်ကို ပါးပြန်ရိုက်ကာ

“ငါ့အမှားတွေပါ၊ အားလုံးက ငါ့အမှားတွေပါ...”

လီတာ့ရှန်း : “အစ်မကြီး... ကျွန်တော့်ကို ရိုက်ပါ၊ ကျွန်တော့်အသက်ကိုတော့ ချမ်းသာပေးပါ။ ကျွန်တော့်ကို သေလုနီးပါး ရိုက်ရင်တောင် ကျွန်တော် မညည်းပါဘူး၊ ဒါတွေအားလုံးက ကျွန်တော့်အမှားတွေပါ...”

လီတာ့ရှန်းမှာ ကြောက်စိတ်ဝင်သွားပြီး သူ၏ ဇနီးသည်လည်း ထို့အတူပင် ဖြစ်သည်။

လီတာ့ရှန်း၏ ဇနီးသည်မှာ ခက်ထန်သူဖြစ်သော်လည်း လီတာ့ရှန်းသည် အိမ်ထောင်ဦးစီးဖြစ်ရာ သူကိုယ်တိုင် အပြစ်ဝန်ခံနေ၍ သူမအနေဖြင့် ဘာမှမပြောရဲတော့ချေ။ ထို့အပြင် ဆယ်စုနှစ်များစွာ အတူနေလာခဲ့သော ဇနီးမောင်နှံဖြစ်ရာ လီတာ့ရှန်း ကြောက်လန့်နေသည်ကို သူမ သိ၏။

ညအချိန်တွင် သူ ကြောက်သကဲ့သို့ သူမလည်း ကြောက်လှသည်။ သူမကိုယ်တိုင်လည်း သရဲကို မြင်တွေ့ခဲ့ရသည် မဟုတ်လော့။ ထိုအရာကြီးမှာ လူများသည့်အချိန်တွင်ပင် ထွက်ပေါ်လာတတ်သည်ဟု သူမ ယူဆထား၏။

ဒုတိယအကြိမ်၊ လူတွေ အများကြီးရှိနေသည့်အချိန်မှာတောင် သရဲက ထွက်လာခဲ့တာ မဟုတ်လား…

အခြားသူများ မမြင်ရသော်လည်း သူမ မြင်ရသည်…

ဤသို့ တွေးမိသည်နှင့် လီတာ့ရှန်း၏ ဇနီးသည်မှာလည်း ရုတ်တရက် ဒူးထောက်ချလိုက်ကာ ရှိုက်ငိုရင်း

“ကျွန်မလည်း မှားသွားပါတယ်... ကျွန်မတို့ မိသားစုကို ခွင့်လွှတ်ပေးကြပါ...”

သရဲကြီးရေ...

ကျေးဇူးပြုပြီး ငါတို့နောက်ကို ထပ်မလိုက်ပါနဲ့တော့...

ရိုက်နှက်ခံထားရသဖြင့် မျက်နှာတွင် ဖူးယောင်ညိုမဲနေသော လူနှစ်ယောက်မှာ တုန်ရီလျက် ဒူးထောက်နေကြရသည်။ အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ

"ဟန်ဆောင်မနေနဲ့... ခေါင်းဆောင်တွေလာမှ အကွက်ရွှေ့နေတာလား။ စောစောကတော့ တကယ့်ကို အားကိုးတကြီးနဲ့ ရမ်းကားနေကြတာ မဟုတ်လား။ တကယ့်ကို အရှက်မရှိတဲ့လူတွေ..."

"အဘွားကြီး... ဘယ်လိုစကားမျိုး ပြောတာလဲ..."

လီမိသားစု၏ ဒုတိယသမီးဖြစ်သူမှာ တော်တော်ပင် ထောင်လွှားနေဆဲ ဖြစ်၏။ ဒုတိယစက်ရုံမှူး ဟယ် သူမကို အထင်အမြင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

"ပါးစပ်ပိတ်ထားစမ်း။ မင်းလို ပြင်ပလူတစ်ယောက်က ဒီနေရာမှာ ရမ်းကားရမယ့်နေရာ မဟုတ်ဘူး"

လီဒုတိယသမီးမှာ မာနကြီးပြီး စိတ်ကြီးဝင်နေသော်လည်း ၎င်းတို့ဇနီးမောင်နှံမှာ လုံးဝ တုံးအသည့်သူများတော့ မဟုတ်ကြချေ။ ရှေ့မှလူမှာ ဒုတိယစက်ရုံမှူးဖြစ်ပြီး ချဲယုံဖုန်းပင်လျှင် သူ့ကို မယှဉ်နိုင်မှန်း သိကြသဖြင့် စကားတစ်ခွန်းပင် မဟရဲတော့ပေ။

ဒုတိယစက်ရုံမှူး ဟယ် : "ဒီတစ်ကြိမ် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအားလုံးကို ကျွန်တော် သိရှိပြီးပါပြီ။ ဒုတိယစက်ရုံမှူးတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးအပေါ် အလွန်အမင်း စက်ဆုပ်ရွံရှာမိသလို၊ နောက်နောင် ဒီလိုမျိုး လုံးဝမဖြစ်စေရဘူးလို့လည်း အာမခံပါတယ်။ စက်ရုံအလုပ်သမားတွေ ဒီလို မတရားမှုကို ထပ်ပြီး မခံစားစေရပါဘူး။ အားလုံး စိတ်အေးအေးထားကြပါ၊ ကျွန်တော် ဒီနေရာကနေ ကိုယ်တိုင် အာမခံချက် ပေးပါတယ်… ပထမအချက်၊ ဒီကိစ္စကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါမယ်။ စက်ရုံကနေ မနက်ဖြန် အစည်းအဝေးခေါ်ပြီး ဒီပြဿနာကို ဆွေးနွေးမှာဖြစ်သလို လူတိုင်း ကျေနပ်လောက်မယ့် အဖြေတစ်ခုကိုလည်း ပေးပါမယ်။ ဒုတိယအချက်၊ ကျွန်တော်တို့ စက်ရုံရဲ့ အလုပ်ခန့်ထားမှု လုပ်ငန်းစဉ်ဟာ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိစေရမယ်လို့ ကျွန်တော် အာမခံပါတယ်။ အဆက်အသွယ်တွေသုံးပြီး ဝင်ရောက်တာမျိုး လုံးဝ မရှိစေရပါဘူး။ အလုပ်ထဲ ရောက်သွားပြီးရင်လည်း စီမံခန့်ခွဲမှုကို တိုးမြှင့်သွားမှာဖြစ်သလို၊ ဝါရင့်ဝန်ထမ်းတွေ ဒါမှမဟုတ် ခေါင်းဆောင်ပိုင်းတွေက မိမိတို့ ရာထူးကို အလွဲသုံးစားလုပ်ပြီး လူသစ်တွေကို အနိုင်ကျင့်တာ၊ ဖယ်ထုတ်တာမျိုးတွေ လုံးဝ ခွင့်မပြုပါဘူး။ နောက်ဆုံးအနေနဲ့..."

"ရဲဘော် ကျောက်တာ့ရာ မဟုတ်လား... စိတ်မပူပါနဲ့၊ ခင်ဗျားရဲ့ ခင်ပွန်းနဲ့ သားဟာ စက်ရုံအတွက် အသက်ပေးသွားခဲ့ကြတာပါ။ သူတို့ရဲ့ သွေးနဲ့ မျက်ရည်တွေကို အလဟဿ အဖြစ်မခံပါဘူး။ ဒီတစ်ကြိမ်မှာ စက်ရုံက ခင်ဗျားအတွက် ရှင်းလင်းချက်တစ်ခု ပေးပါမယ်။ ချဲယုံဖုန်းဖြစ်ဖြစ်၊ လီတာ့ရှန်းဖြစ်ဖြစ် ပတ်သက်နေသူမှန်သမျှကို သေချာစုံစမ်းစစ်ဆေးပြီး ခင်ဗျားကျေနပ်အောင် လုပ်ပေးပါ့မယ်"

သူသည် လူအားလုံးကို ကြည့်ပြီး ထပ်မံ ပြောကြားလိုက်၏။

"ကျွန်တော် ဒီနေရာကနေ အာမခံပါတယ်။ အားလုံး အိမ်ပြန်ကြလို့ ရပါပြီ၊ အချိန်လည်း တော်တော်နှောင်းနေပြီ။ ပြန်ပြီး အနားယူကြပါ၊ မနက်ဖြန် အလုပ်ကို တက်တက်ကြွကြွ လာခဲ့ကြပါ။ ကျွန်တော်တို့ စက်ရုံကို ယုံကြည်ပါ၊ ကျွန်တော့်ကိုလည်း ယုံကြည်ပေးကြပါ"

သူသည် မကျေမနပ်ဖြစ်နေသော မျက်နှာထားရှိသည့် လီအာ့ယာ (လီဒုတိယသမီး) နှင့် သူမ၏ အသုံးမကျသော ခင်ပွန်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။

ဒုတိယစက်ရုံမှူး ဟယ်သည် ၎င်းတို့ကို အဖက်လုပ်ရန် ပျင်းရိနေ၏။

ဘယ်လိုလူမျိုးတွေလဲ…

ချဲယုံဖုန်းလို လူစားမျိုးကိုတောင် သူ ဂရုမစိုက်ဘူး…

အလုပ်အကိုင် အရည်အချင်းလည်း မရှိဘဲ ဆွေမျိုးကောင်းလို့ ရာထူးတက်လာသူကို ဘယ်သူကမှ မလေးစားဘူး…

ထို့နောက် သူ ဆက်၍

"ဒါက ဘယ်သူလဲ..."

"ဒါက လင်းကျန့်ဝမ်ရဲ့ ဇနီး၊ ရှောင်ချန်ပါ"

ဒုတိယစက်ရုံမှူး ဟယ် : "ရှောင်ချန် မဟုတ်လား... မငိုပါနဲ့တော့။ ခင်ဗျား စိတ်မကောင်းဖြစ်နေတာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ သေသွားတဲ့သူကတော့ ပြန်မရှင်လာနိုင်တော့ဘူးလေ။ အိမ်က ယောက္ခမနဲ့ ကလေးတွေကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ။ ငိုလွန်းလို့ ကျန်းမာရေး ထိခိုက်သွားရင် ခင်ဗျားရဲ့ မိသားစုပဲ ဒုက္ခရောက်မှာ။ ကျေးဇူးပြုပြီး မငိုပါနဲ့တော့"

သူသည် ချန်ချင်းယွီကို ကြည့်ပြီး ခေါင်းကိုက်သွားရသည်။ ဤမျှအထိ ငိုတတ်သောသူမျိုး တစ်ခါမျှ မမြင်ဖူးချေ။

သူတို့ အထဲမဝင်ခင်ကတည်းက သူမ ငိုနေသံကို ကြားနေရပြီး၊ အထဲရောက်သည့်တိုင် မရပ်သေးချေ။ မျက်ရည်များမှာ ရပ်တန့်ခြင်းမရှိ စီးကျနေပြီး မျက်လုံးများမှာလည်း သစ်ကြားသီးကဲ့သို့ ဖူးယောင်နေကာ ရှိုက်ကြီးတငင် ငိုနေသည်မှာ တကယ်ပင် မြင်မကောင်းလှပေ။

သောက်ကျိုးနည်းအောင် ငိုနိုင်တာပဲ…

ချန်ချင်းယွီမှာ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရှိုက်ငိုရင်း

"ကျွန်မ... ကျွန်မ... ဝူးဝူး၊ ကျွန်မတို့ မိသားစုက ဘာလို့ ဒီလောက်တောင် စိတ်ဆင်းရဲစရာ ကောင်းနေရတာလဲ... အီးဟီး.. ကျွန်မရဲ့ ကိုကိုကျန့်ဝမ်ကို ဘာလို့ ဒီလိုကြီး စွန့်ခွာသွားခိုင်းရတာလဲ... ဟီးဟီး... ကိုကိုကျန့်ဝမ်... အီးဟီး"

"ရှောင်ချန်လေးရယ်၊ မငိုပါနဲ့တော့"

ချန်ချင်းယွီ : "ကိုကိုကျန့်ဝမ်နဲ့ ကျွန်မက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြတာ၊ အခု သူ မရှိတော့ဘူးဆိုတော့ ကျွန်မ ရင်ကွဲမတတ် ခံစားရပါတယ်။ တကယ်တော့ ကျွန်မလည်း မရှင်သန်ချင်တော့ပါဘူး၊ အဟင့်... ဒါပေမဲ့ ကျွန်မမှာ ယောက္ခမနဲ့ ကလေးတွေ ရှိသေးတယ်၊ သူတို့ကို ပစ်မထားနိုင်ဘူး။ သူတို့သာ မရှိရင် ကျွန်မ လိုက်သွားတာ ကြာပါပြီ၊ အီးဟီး… ဘယ်သူက သေမှာကို ကြောက်လို့လဲ... ဟီး.."

ချန်ချင်းယွီမှာ နူးညံ့သိမ်မွေ့ပုံရသော်လည်း ခေါင်းမာလှ၏။

ထိုစဉ် ပိုင်ဖုန်းရှန်း အမြန်ဝင်ပြောကာ

"သူ့ကို စိတ်မလှုပ်ရှားစေပါနဲ့၊ ရှောင်ချန်လေး... မငိုနဲ့တော့နော်..."

သူမ အမြန်ချော့မော့ရင်း တိုးတိုးလေး ဆက်ပြောလိုက်လေသည်။

"လင်းကျန့်ဝမ်ကို သင်္ဂြိုဟ်ပြီးတုန်းက သူ ကြွက်သတ်ဆေး စားခဲ့သေးတယ်၊ သူ့ကို ထပ်ပြီး စိတ်မလှုပ်ရှားစေနဲ့ဦး။"

ဟင်...

အားလုံး ထပ်မံ ထိတ်လန့်သွားကြသည်။

တကယ့်ကိုပဲ ဘယ်လိုလူမျိုးဖြစ်ဖြစ်၊ ကိုယ့်အသက်ကို ကိုယ်မနှမြောတဲ့သူဆိုရင်တော့ အားလုံးက ကြောက်ကြရတာပါပဲ…

ကိုယ့်အသက်ကိုတောင် မနှမြောတဲ့သူတွေက လောကမှာ ကြောက်ဖို့အကောင်းဆုံးပဲ…

ဒုတိယစက်ရုံမှူး ကျိုး အလျင်အမြန်ပင် ချော့မော့ပြောဆိုလိုက်ကာ

"ခင်ဗျားတို့မိသားစုရဲ့ နာကျင်ခံစားရမှုတွေကို ကျွန်တော် သိပါတယ်။ အဒေါ်ကြီးကျောက် ခင်ဗျား စက်ရုံမှာ အလုပ်ဝင်ဖို့ ကိစ္စတွေကို ကျွန်တော်ကိုယ်တိုင် စီစဉ်ပေးခဲ့တာပါ။ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ကျွန်တော့်စကားကို နားထောင်ပြီး အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါ။ ကျွန်တော့်ကိုရော၊ ဒုတိယ စက်ရုံမှူး ဟယ် ကိုရော ယုံကြည်လိုက်ပါ၊ ဒီကိစ္စကို ကျွန်တော်တို့ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပေးမှာဖြစ်သလို ခင်ဗျားတို့ကိုလည်း စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိတော့ လုံးဝ မတွေးပါနဲ့။ သေတာထက်စာရင် အသက်ရှင်နေတာက ပိုကောင်းပါသေးတယ်၊ အသက်ရှင်နေမှ အရာအားလုံးက အဓိပ္ပာယ်ရှိမှာပေါ့၊ ဟုတ်တယ်မလား..."

ဘေးလူများသည်လည်း တညီတညွတ်တည်း ခေါင်းညိတ်ကြပြီး ဝိုင်းဝန်းဖျောင်းဖျကြ၏။

ချန်ချင်းယွီ : "အီးဟီး... အီးဟီးဟီး..."

ချန်ချင်းယွီ : "ဝူးဝူး... ဝူးဝူးဝူး..."

"မငိုပါနဲ့တော့၊ မငိုပါနဲ့တော့နော်..."

"ကြည့်ပါဦး၊ ဒီကလေးမလေး ဘယ်လောက်တောင် ငိုထားလဲဆိုတာ၊ သတိလစ်သွားပါဦးမယ်။ ခင်ဗျားတို့က တစ်ဝင်းတည်းသားတွေမလား၊ သူ့ကို ကူညီပြီး ဂရုစိုက်ပေးလိုက်ကြပါဦး။"

"ရှောင်ချန်လေး မငိုပါနဲ့တော့၊ နင်ငိုနေတာ မြင်ရင် ကလေးတွေလည်း စိတ်ပူကြမှာပေါ့။"

"ဟုတ်တယ်၊ စက်ရုံကို ယုံကြည်လိုက်ပါ။"

"စက်ရုံခေါင်းဆောင်တွေက လင်းကျန့်ဝမ်ကို အလုပ်ခန့်ဖို့ ပုံမှန်အတိုင်း စီစဉ်ပေးခဲ့တယ်ဆိုကတည်းက ခေါင်းဆောင်တွေက တရားမျှတတယ်ဆိုတာ သိသာပါတယ်။ တချို့လူတွေကတော့ ကောင်းကျိုးခံစားရမှာ မဟုတ်ပါဘူး။"

"ဘဝက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဆက်ပြီး လျှောက်လှမ်းရမှာပဲ။ ကြံ့ကြံ့ခံပါ ရှောင်ချန်လေးရယ်။"

ချန်ချင်းယွီ : "ဝူးဝူး... ကျွန်မ မတောင့်ခံနိုင်တော့ဘူး... ဝူးဝူး။"

"မငိုပါနဲ့တော့... မငိုပါနဲ့တော့..."

အဘွားကြီးကျောက် ချွေးမဖြစ်သူ၏ ပုခုံးကို ပုတ်ပေးရင်း

"ညည်းကတော့ တကယ်ကို အသုံးမကျတာပဲ။ အခုလိုအချိန်မျိုးမှာ ငါ့လို အဘွားကြီးပဲ ရှေ့ထွက်ရတော့မှာပဲ"

သူမကိုယ်တိုင်လည်း ငိုလွန်း၍ မျက်လုံးများ ဖူးယောင်နေသော်လည်း ယခုအခါ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး

"ခေါင်းဆောင်နှစ်ယောက်၊ ဒီတစ်ကြိမ်တော့ ခေါင်းဆောင်တို့စကားကို ကျွန်မ နားထောင်ပါ့မယ်။ ကျွန်မတို့မိသားစုက စက်ရုံကို ယုံကြည်ပါတယ်။ စက်ရုံဘက်က ကျွန်မတို့အတွက် ရှင်းလင်းချက်တစ်ခု သေချာပေါက် ပေးရပါမယ်။"

"စိတ်ချပါ၊ သေချာပေါက် လုပ်ပေးမှာပါ။"

အဘွားကြီးကျောက် ခေါင်းညိတ်ပြကာ

"ကောင်းပါပြီ၊ ဒီတစ်ခါတော့ ခေါင်းဆောင်တို့ကို ကျွန်မ ယုံကြည်လိုက်မယ်။ ဒါပေမဲ့ ရှင်တို့ကသာ လူတွေကို လှည့်စားမယ်ဆိုရင်တော့ ကျွန်မ စက်ရုံတံခါးဝမှာ ကြိုးဆွဲချသေလိုက်မယ်..."

"အဲဒီအထိတော့ မဟုတ်တာ၊ အဲဒီလိုမျိုး လုံးဝ မဖြစ်စေရပါဘူး။ စိတ်ချပါ၊ ကျွန်တော်တို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါ့မယ်။"

အဘွားကြီးကျောက် : "ကောင်းပြီ၊ ရှင်တို့ကို တစ်ကြိမ်ပဲ ယုံကြည်မယ်... ရှင်တို့က လူကောင်းတွေပါ၊ တချို့လူတွေနဲ့ မတူဘူး..."

သူမက နှာခေါင်းရှုံ့လိုက်ပြီး လီတာ့ရှန်းတို့ဘက်ကို တံတွေးနှင့် ထွေးလိုက်ကာ

"ငါတို့ သွားကြမယ်"

"ဟုတ်တယ်၊ ဟုတ်တယ်၊ အိမ်ပြန်ကြစို့။"

"အဒေါ်ကြီးကျောက်.. မနက်ဖြန်တော့ တစ်ရက်လောက် နားလိုက်ပါဦး။ သန်ဘက်ခါမှ အလုပ်လာဆင်းပေါ့၊ ခင်ဗျားရဲ့ အခြေအနေကလည်း သိပ်မကောင်းသေးဘူး၊ တစ်ရက်လောက် အနားယူပြီး အားပြန်မွေးလိုက်ပါဦး"

အဘွားကြီးကျောက် : "မနားပါဘူး... ကျွန်မ တစ်ခါမှ ခွင့်မယူဖူးဘူး၊ မဖြစ်ဘူး... အဲဒါ ကျွန်မရဲ့ ရက်မှန်ကြေးလေ။"

"ဒီလိုလုပ်လေ၊ မနက်ဖြန်ကို ခွင့်ရက်လို့ မသတ်မှတ်ဘဲ အပိုတစ်ရက် နားခိုင်းတာပါ။ အတော်ပဲ မနက်ဖြန် စက်ရုံမှာ အစည်းအဝေးလုပ်ပြီး တိုင်ပင်ရဦးမှာဆိုတော့ အဖြေထွက်လာရင်လည်း သန်ဘက်ခါမှ အကြောင်းကြားလို့ ရမှာ။ ဒါကြောင့် တစ်ရက်ပဲ နားလိုက်ပါ"

အဘွားကြီးကျောက် : "လစာ မဖြတ်ဘူးလား..."

"မဖြတ်ဘူး၊ မဖြတ်ဘူး"

"ကျွန်မရဲ့ ရက်မှန်ကြေးကိုရော မထိခိုက်ဘူးလား..."

"မထိခိုက်ဘူး၊ မထိခိုက်ပါဘူး"

"ဒါဆိုရင်တော့ ရတာပေါ့"

"ချွေးမ၊ ငါတို့ သွားကြစို့"

ချန်ချင်းယွီ : "ဟုတ်ကဲ့~"

နှစ်ယောက်သား အပြင်သို့ ထွက်လာကြရာ လူအုပ်ကြီးမှာ လမ်းဖယ်ပေးကြသည်။ လူအတော်များများသည်လည်း သူတို့နှင့်အတူ လိုက်ပါသွားကြ၏။

ဒုတိယစက်ရုံမှူး ဟယ် လီတာ့ရှန်းကို ကြည့်ကာ အထင်သေးစွာဖြင့်

"ဒီလောက် အသက်ကြီးမှ ဒါမျိုးတွေ လျှောက်လုပ်နေတယ်၊ မင်းလည်း အိမ်ပြန်တော့"

လီအာ့ယာ တစ်ခုခု ပြောချင်နေသေးသော်လည်း လီတာ့ရှန်း အလျင်အမြန်ပင်

"ဒါဆို... ဒါဆိုရင် ကျွန်တော်တို့လည်း သွားပါပြီ"

လီအာ့ယာ : "အဖေကလည်း ဘာလို့ ဒီလောက် ကြောက်နေရတာလဲ... အဖေ အရိုက်ခံထားရတာကို ကြည့်ဦးလေ၊ ကျွန်မတို့ဘက်ကမှ အမှန်တရားရှိတာ"

သူမ ခြေဆောင့်ကာ ငြူစူလိုက်၏။

လီတာ့ရှန်း : "နင့် ပါးစပ်ပိတ်ထားစမ်း၊ နောက်ထပ် ဘယ်လောက်ထိ ပြဿနာရှာဦးမှာလဲ... အိမ်ပြန်မယ်။"

"အဖေက ကျွန်မကို ငေါက်တယ်ပေါ့... အဖေက ကျွန်မကို ငေါက်ရက်တယ်၊ ကျွန်မက အဖေ့အတွက် လုပ်ပေးနေတာကို အဖေက ငေါက်တယ်၊ အဖေက တကယ့်ကို အသုံးမကျတဲ့လူပဲ..."

လီအာ့ယာသည်လည်း သူမ၏ ဖခင်ဖြစ်သူအပေါ် မလေးမစား ပြန်ပြောတော့သည်။ သူမသည် နှုတ်ခမ်းကိုကိုက်ကာ မကျေမနပ်ဖြစ်လျက်

"သွားကြစို့၊ အဖေ့ကို ဂရုမစိုက်နဲ့တော့၊ သူ့ဘာသာ ဘယ်လိုဖြစ်နေနေ ထားခဲ့လိုက်..."

"အာ့ယာ..."

အဒေါ်ကြီးလီမှာ သမီးဖြစ်သူကို ဖျောင်းဖျချင်သော်လည်း လီအာ့ယာ နှာခေါင်းရှုံ့ကာ ဆိုလေသည်။

"အမေတို့ ကျွန်မကို လာမတောင်းပန်ရင် ကျွန်မ အိမ်ပြန်မှာ မဟုတ်ဘူး"

သာမန်အချိန်ဆိုလျှင် လီတာ့ရှန်း သမီးဖြစ်သူကို အလိုလိုက် ချော့မော့နေမည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၌ ထိုသို့လုပ်ရန် ခွန်အား မရှိတော့ပေ။ သူသည် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။

သူ ဘာတွေလုပ်ခဲ့မိတာလဲ…

ဒီလိုကိစ္စကို လုပ်မိတာ သူ ဘာများရလိုက်သလဲ…

ဒုက္ခတွေပဲ အဖတ်တင်တာမလား.. သရဲကလိုက်နေသေးတယ်…

ငါ့ဘဝနှယ်..

"သွားကြစို့..."

"အဘိုးကြီး..."

"သွားစို့…”

လီတာ့ရှန်းသည် ချဲယုံဖုန်း၏ ခိုင်းစေချက်များကို လိုက်နာခဲ့ခြင်းဖြစ်ပြီး၊ သူ၏သမက်ဖြစ်သူအတွက်ကြောင့်သာ လင်းကျန့်ဝမ်ကို ပစ်မှတ်ထား အနိုင်ကျင့် နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယနေ့တွင် ကိစ္စရပ်များ ဤမျှအထိ ကြီးကျယ်သွားသော်လည်း ချဲယုံဖုန်းမှာ သူ့ဘက်မှ ရပ်တည်ကူညီရန် ပေါ်ပင်မလာခဲ့ချေ။ ချဲယုံဖုန်းအနေဖြင့် ဤအကြောင်းကို မသိဘဲနေမည်ဟု သူ မယုံကြည်ပေ။

ဒုတိယစက်ရုံမှူး ကျိုးနှင့် ဟယ်တို့ပင် ရောက်လာကြပြီဖြစ်ရာ ချဲယုံဖုန်း မည်သို့လျှင် မသိဘဲ နေပါမည်နည်း။

သူ ပေါ်မလာခြင်းမှာ သူ့ကို "ဓားစာခံ"အဖြစ် အသုံးချလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။

လီတာ့ရှန်းသည် အလွန်အမင်း ပါးနပ်သူတစ်ယောက် မဟုတ်သော်လည်း ယခုအခါတွင်မူ အခြေအနေကို သဘောပေါက်သွားပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ သူသည် အသက်အရွယ်ရလာပြီး လောကအတွေ့အကြုံ များသူဖြစ်ရာ တစ်ကိုယ်လုံး စိမ့်တက်သွားရ၏။ မူလက သူသည် လင်းကျန့်ဝမ်ကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ချဲယုံဖုန်း၏ စေခိုင်းမှုကြောင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ချဲယုံဖုန်းသည် လင်းကျန့်ဝမ်၏ စာမေးပွဲရလဒ် ကောင်းမွန်မှုကို မနာလိုဖြစ်ပြီး သူ၏ညီဖြစ်သူ ချဲယုံချန်း အလုပ်မရနိုင်ခြင်းအပေါ် မကျေမနပ် ဖြစ်နေခဲ့၏။

ထို့ကြောင့် ချဲယုံဖုန်းမှာ လီတာ့ရှန်းကို လင်းကျန့်ဝမ်၏ ဆရာအဖြစ် တမင်တကာ စီစဉ်ပေးခဲ့ပြီးနောက်၊ လင်းကျန့်ဝမ်ကို ပညာမသင်ပေးဘဲ ဝိုင်းပယ်ထားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အခြေအနေများ ပျက်ပြားသွားချိန်တွင်မူ သူသည် အရိပ်ပင် မတွေ့ရတော့ချေ။

တကယ့်ကို ယုတ်မာလိုက်သည့် လူစားမျိုး…

လီတာ့ရှန်း : "သွားကြစို့။"

သက်ကြီးရွယ်အို ဇနီးမောင်နှံမှာ တစ်ဦးကိုတစ်ဦး တွဲထူကာ ထွက်လာခဲ့ကြ၏။

လီအာ့ယာ : "ဟွန်း... ကျွန်မတို့လည်း သွားမယ်။"

"ကောင်းပြီ..."

သူတို့အားလုံး ထွက်သွားကြသော်လည်း စက်ရုံခေါင်းဆောင်များမှာမူ အလျင်စလို ပြန်မသွားကြသေးပေ။ ဒုတိယစက်ရုံမှူး ဟယ်သည် လုံခြုံရေးဌာန၏ မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးသည်။ ဖြစ်ပျက်သမျှကို သိရှိပြီးဖြစ်သော်လည်း မှတ်တမ်းများမှာ ပိုမိုအသေးစိတ်မည်မှာ သေချာလှ၏။

ဌာနခွဲမှူးဝမ် : "မနေ့ညက လီတာ့ရှန်းဟာ သရဲမြင်တယ်လို့ အတင်းအကျပ် ပြောဆိုပြီး ရဲစခန်းမှာ ပုန်းအောင်းနေခဲ့ပါတယ်။ ရဲစခန်းမှာလည်း အသေးစိတ် မှတ်တမ်းတွေ ရှိပါတယ်။ ကျွန်တော် အဲဒီက ထွက်ဆိုချက်အားလုံးကို ဒီကို ပြောင်းရွှေ့ထားပြီးပါပြီ။"

ဤနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသော်လည်း ၎င်းတို့၏ အလုပ်ဝတ္တရားများကိုမူ ကျေပွန်အောင် ဆောင်ရွက်နေကြဆဲ ဖြစ်သည်။

မှန်မှန်ကန်ကန် ပြောရလျှင် ထိုခေတ်ကာလ၏ လုံခြုံရေးဌာနမှာ နောက်ဆယ်စုနှစ်များစွာကြာပြီးနောက် ဖြစ်ပေါ်လာမည့် ဌာနများနှင့် မတူညီပေ။ ထိုခေတ်တွင် လုံခြုံရေးဌာနသည် ပြည်သူ့လုံခြုံရေးဌာနကဲ့သို့ လုပ်ပိုင်ခွင့်မျိုး ရှိကြရာ ထွက်ဆိုချက်များကို လွှဲပြောင်းရယူခြင်းမှာ ပုံမှန်လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပြီး မည်သည့်မူဝါဒကိုမျှ ချိုးဖောက်ခြင်း မရှိပေ။

တကယ်တမ်းတွင် ရဲစခန်းသည်လည်း ဤကဲ့သို့သော အငြင်းပွားမှုမျိုးကို စက်ရုံ၏ လုံခြုံရေးဌာနသို့ လွှဲပြောင်းပေးရန်သာ ဆန္ဒရှိကြ၏။

ဤကိစ္စတွင် လူတစ်ယောက် သေဆုံးသွားသည်ဟု ပြောနိုင်သော်လည်း လင်းကျန့်ဝမ်သည် ဤပြဿနာကြောင့် တိုက်ရိုက်သေဆုံးသွားခြင်းမျိုးတော့ မဟုတ်ပေ။ သို့သော် ဤကိစ္စ ပျံ့နှံ့သွားပါက ရိုက်ခတ်မှု ကြီးမားနိုင်သဖြင့် ဂရုတစိုက် ကိုင်တွယ်ရန် လိုအပ်ပြီး စက်ရုံတွင်းရေးရာများနှင့်လည်း ပတ်သက်နေသည်။ ထို့ကြောင့် ရဲစခန်းထက် လုံခြုံရေးဌာနမှ ကိုင်တွယ်ဖြေရှင်းခြင်းက ပို၍ ထိရောက်၏။

ရဲစခန်းအနေဖြင့်လည်း ဤတာဝန်ကို လွှဲပြောင်းပေးလိုက်ရသဖြင့် သက်ပြင်းချနိုင်သွားသည်။

"လီတာ့ရှန်းက သရဲကို သုံးကြိမ်တောင် မြင်ခဲ့တာလား..."

"ဟုတ်ပါတယ်..."

ဒုတိယစက်ရုံမှူး ဟယ် : "တစ်ယောက်ယောက်က နောက်ပြောင်နေတာမျိုး ဖြစ်နိုင်မလား..."

ဌာနခွဲမှူး ဝမ် : "ကျွန်တော် ဒါကို အနည်းငယ် သိထားပါတယ်။ လီတာ့ရှန်း သရဲမြင်တဲ့ ကောလာဟလတွေက အရင်နှစ်ကြိမ်ကတည်းက ပျံ့နှံ့နေတာ တော်တော်ကြာပါပြီ။ စက်ရုံထဲက လူတိုင်း သိကြသလို အဲဒီအချိန်တိုင်းမှာ အနားမှာ လူတွေ ရှိနေခဲ့ပါတယ်။ အကယ်၍ တစ်ယောက်ယောက်က တမင်လုပ်တာဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကြည့်နေတဲ့ မျက်လုံးတွေက အများကြီးလေ။ ပထမတစ်ကြိမ်မှာ လီတာ့ရှန်းဟာ မိလ္လာကျင်းထဲကို သူ့ဘာသာသူ ပြုတ်ကျခဲ့တာပါ၊ အဲဒါကို လမ်းကြားထဲက လူတော်တော်များများ မြင်လိုက်ကြတယ်။ ဒုတိယတစ်ကြိမ်မှာတော့ လမ်းဘေးခွေးတစ်ကောင်က လူကို ကိုက်နေလို့ လူတွေအားလုံး ထွက်လာကြတဲ့အချိန် ဖြစ်နေပါတယ်။ လီတာ့ရှန်းနဲ့ သူ့ဇနီး မိလ္လာကျင်းထဲ ခုန်ချတာကို ဝင်းထဲက လူပေါင်းများစွာ မြင်ခဲ့ကြတာပါ။ တစ်ယောက်ယောက်က နောက်တာဆိုရင် ဒါမျိုးဖြစ်အောင် ဘယ်လိုလုပ်နိုင်မှာလဲ… မနေ့ညက ကိစ္စနဲ့ ပတ်သက်ပြီးလည်း ရဲစခန်းကို ကျွန်တော် မေးကြည့်ခဲ့ပါတယ်။ လီတာ့ရှန်းဟာ မှောင်ခိုဈေးကအပြန်မှာ မြင်ခဲ့တာလို့ ဆိုပါတယ်... လူတွေကတော့ သရဲလို့ ပြောကြတာပဲ။ သူက အန္တရာယ်ကင်းအောင်ဆိုပြီး ကြက်ဖခေါင်းကို ဖြတ်ခဲ့ပါသေးတယ်။ အမှန်အတိုင်း ပြောရရင် သူဟာ မှောင်ခိုဈေးသွားတဲ့ လူတွေနဲ့ တိုးတာပဲ ဖြစ်မှာပါ။ ကျွန်တော့်အမြင်အရတော့ သရဲတစ္ဆေဆိုတာ မရှိသလို သရဲဇာတ်လမ်းတွေကလည်း မဟုတ်နိုင်ပါဘူး။ လီတာ့ရှန်းရဲ့ စိတ်အခြေအနေက အတော်လေး ဆိုးရွားနေတာကို စက်ရုံမှူးတို့ မြင်နိုင်ပါတယ်။ လင်းကျန့်ဝမ် သေဆုံးပြီးနောက်မှာ သူဟာ စိတ်ဖိစီးမှုတွေ အရမ်းများနေပြီး ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တွေလုပ်ရင်း သူ့ဘာသာသူ ပြန်ကြောက်နေတာလို့ ကျွန်တော် ယူဆပါတယ်။"

အခြားသူများလည်း ဖြည့်စွက်ပြောကြလေသည်။

"ကျွန်တော်က သူတို့နဲ့ လမ်းတစ်လမ်းတည်းမှာ နေတာပါ။"

လုံခြုံရေးဝန်ထမ်းတစ်ဦး : "ဒုတိယတစ်ကြိမ် ခွေးကိုက်တုန်းက ကျွန်တော် အဲဒီမှာ ရှိနေပါတယ်။ သူက ရုတ်တရက် တစ်ဖက်ကို လက်ညှိုးထိုးပြီး သရဲရှိတယ်လို့ ပြောတယ်၊ နောက်ပြီး နောက်တစ်ဖက်ကို လက်ညှိုးထိုးပြီး သရဲရှိတယ်လို့ ထပ်ပြောပြန်တယ်။ ကျွန်တော်တို့ အားလုံး အဲဒီမှာ ရှိနေကြပေမဲ့ သရဲကို လုံးဝ မမြင်ရပါဘူး။ အဲဒီနောက်မှာ အဒေါ်ကြီးလီက လီတာ့ရှန်းကို ဆွဲပြီး မိလ္လာကျင်းထဲ ခုန်ချလိုက်တာ၊ သရဲတွေက မိလ္လာကျင်းကို ကြောက်တယ်ဆိုပြီး သူက ပြန်မတက်လာဘူး... ဒီလိုမျိုး တစ်ခါမှ မကြားဖူးပါဘူး..."

အခန်းထဲရှိ လူတိုင်းမှာ စက်ဆုပ်ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

"လင်းကျန့်ဝမ် သေပြီးကတည်းက လီတာ့ရှန်းဟာ တစ်ခုခုကို ငေးငိုင်နေတတ်တယ်လို့ ကြားမိတယ်။"

ဒုတိယစက်ရုံမှူး ဟယ် နှာခေါင်းရှုံ့ကာ

"ဒီလောက် စိတ်ဓာတ်ပျော့ညံ့တဲ့လူက ဘယ်လို မကောင်းမှုမျိုးတွေ လုပ်နိုင်မှာလဲ..."

သူ မျက်လုံးပင့်ကြည့်ကာ

"မင်းတို့ အဲဒီပတ်ဝန်းကျင်ကို နောက်တစ်ခေါက် ထပ်သွားကြည့်ကြ၊ သရဲဇာတ်လမ်းတွေအကြောင်း သေသေချာချာ မေးမြန်းပါ၊ သူတို့ရဲ့ အလုပ်ရုံအကြောင်းကိုလည်း စုံစမ်းပါ။ လီတာ့ရှန်းက လင်းကျန့်ဝမ်ကို ပစ်မှတ်ထားတာကို သူတို့အားလုံး သိသင့်တယ်။ နောက်ထပ် ဘယ်သူတွေ ပါဝင်ပတ်သက်သေးလဲဆိုတာကိုလည်း ကြည့်ပါ။ သတင်းအချက်အလက်အားလုံးကို အသေးစိတ် အစီရင်ခံစာ ပြုစုပါ။ ဒီညကစပြီး လုပ်ကြပါ။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မနက်ဖြန် ခေါင်းဆောင်ပိုင်းကို တင်ပြဖို့ အစည်းအဝေးလုပ်မယ်"

"ကောင်းပါပြီ..."

"ကျွန်တော်က အလွန်အသေးစိတ်ကျတဲ့ သတင်းအချက်အလက်တွေကို လိုချင်တာပါ။ လီတာ့ရှန်းက လင်းကျန့်ဝမ်ကို ပစ်မှတ်ထားတာဖြစ်ဖြစ်၊ သရဲဇာတ်လမ်းဖြစ်ဖြစ် အားလုံးကို အသေးစိတ် ပြုစုပါ။ ပြီးတော့ အလုပ်ရုံရဲ့ ကိစ္စရပ်တွေကိုလည်း အသေးစိတ် စုံစမ်းစစ်ဆေးပါ။ လျိုကျင့်က သူမရဲ့ ယောကျ်ားလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အလုပ်ရုံမှာ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ပြောတယ်မဟုတ်လား... အဲဒါကိုလည်း စုံစမ်းပါ၊ မဟုတ်ရင် ဒီကိစ္စ မပြီးခင် နောက်ထပ် ပြဿနာတစ်ခု ထပ်ပေါ်လာလိမ့်မယ်။ အားလုံးကို တစ်ခါတည်း စုံစမ်းစစ်ဆေးလိုက်ပါ"

"ကောင်းပါပြီ။"

စုံစမ်းစစ်ဆေးမှုများ စတင်နေချိန်မှာပင် ချန်ချင်းယွီနှင့် တခြားသူများ လှည့်ပြန်လာခဲ့ကြသည်။

လေပြင်းတစ်ချက်ဝေ့သွားပြီး မိုးရွာတော့မည့်အလား ကောင်းကင်ကြီးသည် မှောင်မှောင်မည်းမည်း ဖြစ်လာ၏။ နွေဦးမှ နွေရာသီကို အကူးအပြောင်းကာလသည် မိုးရွာတတ်ကြောင်း လူတိုင်းသိကြလေသည်။

ချန်ချင်းယွီတို့အဖွဲ့ အိမ်ပြန်လမ်းတစ်လျှောက်တွင် ဘေးပတ်ဝန်းကျင်မှ လူတိုင်း သူတို့ကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြ၏။

စက်ရုံမှာ သိပ်မဝေးသောကြောင့် ဝင်းထဲကို မြန်မြန်ဆန်ဆန်ပင် ရောက်လာခဲ့ကြသည်။

အဘွားကြီးကျောက် : "ကဲ... လူစုခွဲကြရအောင်၊ အားလုံးပဲ အိမ်ကို အမြန်ပြန်ကြပါတော့"

ချန်ချင်းယွီ : "ကျွန်မတို့နဲ့အတူ လိုက်ပါပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်၊ ရှင့်တို့အားလုံးဟာ လူကောင်းတွေမှန်း ကျွန်မသိပါတယ်"

"ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါ ငါတို့လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ပဲလေ။"

"ဟုတ်တယ်၊ ငါတို့ထဲက အတော်များများက ကျန့်ဝမ်ကြီးပြင်းလာတာကို ကြည့်လာခဲ့ကြတာ၊ သူ့အတွက် ငါတို့ တတ်နိုင်တာလေးတော့ လုပ်ပေးရမှာပေါ့။"

"အေးပါ... အရမ်းကြီး ဝမ်းမနည်းပါနဲ့တော့။ သေသွားတဲ့သူကတော့ ပြန်ရှင်မလာတော့ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ၊ စက်ရုံကိုပဲ ယုံကြည်လိုက်ပါ။"

"မကောင်းတဲ့သူကတော့ တစ်နေ့ အဖမ်းခံရမှာပါ၊ ဒီကိစ္စကို သေချာဖြေရှင်းပေးပါလိမ့်မယ်။"

"အိမ်ပြန်ပြီး အနားယူလိုက်ပါဦး။"

ချန်ချင်းယွီ မျက်ရည်များဝဲလျက် ခေါင်းညိတ်ပြလိုက်၏။

အဘွားကြီးကျောက်မှာ ထိရှသွားဟန်ဖြင့် စိတ်အနည်းငယ် ပျော့ပြောင်းသွားပြီး ရေရွတ်လိုက်လေသည်။

"ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးချင်းက ပိုအားကိုးရတာပါပဲ"

အဘွားကြီးကျောက်ထံမှ ဤစကားမျိုး ကြားရသည့်အတွက် လူတိုင်း အံ့ဩသွားကြရ၏။

ဒီလိုနေ့လည်း ရှိလာသေးတယ်ပေါ့…

"ပြန်ကြစို့၊ ပြန်ကြစို့။"

"ပြန်ပြီးတော့ မျက်လုံးကို အဝတ်လေးနဲ့ အုပ်ထားလိုက်ဦး၊ သနားစရာလေး။"

"သွားကြရအောင်။"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့။"

လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုရင်း လူစုခွဲသွားကြသည်။အဘွားကြီးကျောက် ခေါင်းညိတ်ပြပြီး ချန်ချင်းယွီကို အိမ်ထဲ လိုက်ပို့လိုက်၏။ ဝမ်မေ့လန်မှာ ကလေးအချို့နှင့်အတူ သူ့အိမ်ရှေ့တံခါးတွင် ထိုင်နေသည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ "မေမေ..." ဟု အော်ဟစ်ပြီး ပြေးလာကြ၏။ ရှောင်ကျား သူ့အမေကို စိုးရိမ်တကြီး ကြည့်ရင်း

"မေမေ... မေမေ ငိုနေတာလား"

ရှောင်ယွမ်လေးမှာ သူ့အမေ၏ ခြေထောက်ကို ဖက်ထားပြီး

"မေမေ မငိုနဲ့တော့... ရှောင်ယွမ် သူ့ကို ရိုက်ပေးမယ်..."

သူမမှာ ချစ်စဖွယ် နူးညံ့သော ကလေးမလေး ဖြစ်သော်လည်း လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး

"သူက မေမေငိုအောင် လုပ်တာ၊ ဒါကြောင့် သမီး သူ့ကို ရိုက်မှာ..."

"ရပါတယ်၊ ဘာမှမဖြစ်ပါဘူး"

ချန်ချင်းယွီ အမြန် ပြန်ချော့လိုက်ရသည်။

သူမ ဝမ်မေ့လန်ကို ကြည့်ပြီး ကျေးဇူးတင်စကားဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်မမေ့လန်”

"ရပါတယ်၊ ဘာမှမဟုတ်တာ"

သူမမှာ ချန်ချင်းယွီ၏ နွမ်းနယ်နေသော ပုံစံကိုကြည့်ပြီး သက်ပြင်းချကာ နှစ်သိမ့်၍ ထွက်သွားလေသည်။

"မင်းလည်း ကောင်းကောင်းအနားယူဦး၊ ငါလည်း မင်းကို အနှောင့်အယှက် မပေးတော့ပါဘူး"

ချန်ချင်းယွီ ခေါင်းညိတ်ပြပြီး ကလေးနှစ်ယောက်ကို အိမ်ထဲ ခေါ်သွား၏။

အဘွားကြီးကျောက် တံခါးကို ပုံမှန်အတိုင်းပင် ဂျက်ထိုးလိုက်သည်။ သူမ အိမ်ကိစ္စဖြစ်၍ အတင်းအဖျင်း ပြောချင်စိတ်များ ရှိမနေပေ။

တခြားသူတွေလည်း အိမ်ပြန်

ကုန်ကြပါပြီ…

ဒါပေမဲ့ အိမ်ရောက်တဲ့အခါ သူတို့ ဘာတွေအကြောင်း စကားဖောင်ဖွဲ့ကြမလဲဆိုတာကတော့ တစ်ကဏ္ဍပေါ့…

တခြားသူများ မည်သို့တွေးမည်ကို ဂရုမစိုက်ဘဲ ချန်ချင်းယွီ ချက်ချင်းဆိုသလို ရေရွတ်လိုက်၏။

"မျက်နှာသွားသစ်ဦးမှပဲ၊ အရမ်းစပ်နေတာပဲ..."

အဘွားကြီးကျောက်မှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားရှာသည်။

ချန်ချင်းယွီ ကလေးများကို ပုတ်ပြီး

"သားတို့ သမီးတို့ အုတ်ကုတင်ပေါ်မှာ သွားဆော့နေကြနော်၊ မေမေ မျက်နှာသစ်ပြီးရင် လာခဲ့မယ်။ မေမေ ဘာမှမဖြစ်ဘူး၊ မေမေက သန်မာပါတယ်။"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကြုတ်ပြီး ချန်ချင်းယွီကို ကြည့်နေကြဆဲပင်။

"သွားကြပါ၊ လိမ်လိမ်မာမာနေနော်"

ကလေးနှစ်ယောက်လည်း မငြင်းရဲဘဲ အုတ်ကုတင်ပေါ်ကို ချက်ချင်း ပြန်တက်သွားကြသည်။ ကလေးများ တက်သွားတာကို ကြည့်ပြီးနောက် ချန်ချင်းယွီ သူမ၏အိတ်ကပ်ထဲမှ ကြက်သွန်နီ အပိုင်းအစလေးကို ထုတ်ပြီး မီးဖိုအောက်ထဲ ပစ်ထည့်လိုက်၏။

အဘွားကြီးကျောက်၏ နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားရကာ…

ချန်ချင်းယွီ ဘာလို့ ဒီလောက်တောင် ငိုနေရသလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး…

စက်ရုံထဲ စဝင်ကတည်းက အိမ်ပြန်ရောက်တဲ့အထိ အနည်းဆုံး နှစ်နာရီလောက် သူမ တောက်လျှောက် ငိုနေခဲ့တာ…

ကြက်သွန်နီ သုံးထားတာကိုး..

"ဒါကို ဘယ်ကရတာလဲ..."

အဘွားကြီးကျောက်မှာ တိုးတိုးလေး မေးမိသည်။

"ဒီညနေ ရဲစခန်းက လာကြမယ်လို့ မွန်းတည့်တုန်းက ကြားခဲ့တာနဲ့ အပြင်ထွက်ပြီး ဝယ်လာခဲ့တာ"

ချန်ချင်းယွီ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။

အဘွားကြီးကျောက် နှုတ်ခမ်းများ တွန့်လိမ်သွားမိပြန်ကာ…

"..."

သောက်ကျိုးနည်းပါပဲ… ညည်းကတော့ ဘဝကြီးနဲ့ရင်းပြီး သရုပ်ဆောင်နေပါလား…

သူမ ချန်ချင်းယွီ၏ ဖောင်းအစ်နေသော မျက်လုံးများနှင့် နီရဲနေသော နှာခေါင်းကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ

"ဘာလို့ ဒီလောက်အထိ ဒုက္ခခံနေတာလဲ... နင် မလုပ်နိုင်ရင် ငါ လုပ်ပေးမှာပေါ့"

ချန်ချင်းယွီ : "ကျွန်မတို့ထဲက တစ်ယောက်က လူကောင်းလုပ်ပြီး၊ နောက်တစ်ယောက်က လူဆိုးလုပ်ရမှာလေ။ နောက်ဆုံးတော့ ဒါကို လုပ်ကိုလုပ်ရမှာပဲ"

သူမ အသံကို ပိုပြီးတိုးလိုက်ကာ

"ကျွန်မက အမြဲတမ်း တတွတ်တွတ်ပြောနေတဲ့ မိန်းမကြီးတစ်ယောက် ဖြစ်ချင်နေတယ်လို့ ထင်လို့လား... ဒါတွေအားလုံးက တမင်လုပ်တာပါ။ ကျွန်မတို့မိသားစု ဘယ်လောက်ခက်ခဲနေလဲ၊ ရှင် ဘယ်လောက်ပင်ပန်းဆင်းရဲနေလဲ၊ ကျွန်မအတွက်ရော ဘယ်လောက်ခက်ခဲလဲ၊ ကျွန်မတို့ ဘယ်လောက်တောင် ဝမ်းနည်းနေရသလဲဆိုတာကို လူတွေပိုသိသွားအောင် လုပ်တာ။ အဲဒီလိုမှပဲ နောက်ပိုင်း ရှင်တစ်ခုခု အမှားအယွင်းလုပ်မိရင်တောင် လူတွေက ပိုပြီးခွင့်လွှတ်ပေးကြမှာ။ ရှင်က စက်ရုံမှာ ဆက်အလုပ်လုပ်ရဦးမှာလေ။ အခုဖြစ်ရပ်က နာမည်ပျက်စေနိုင်တဲ့အတွက် စက်ရုံက ရှင့်အပေါ် အငြိုးထားမှာကို ကျွန်မစိုးရိမ်တယ်။ လူအများရဲ့ အာရုံစိုက်မှုကို ခဏတဖြုတ်ရရုံနဲ့ ဘာမှမဖြစ်နိုင်ဘူးဆိုပေမဲ့ နောက်ပိုင်းမှာ ရှင့်ကို အကျပ်ကိုင်မှာမဟုတ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒါပေမဲ့ ကျွန်မတို့က သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေရင်တော့ တစ်မျိုးပေါ့.. လူတွေက ပုံမှန်အားဖြင့် သနားစရာကောင်းသူတွေကို ကိုယ်ချင်းစာတတ်ကြတယ်လေ။"

"လူတွေက ပိုပြီးခွင့်လွှတ်ပေးတတ်ကြတယ်။ မဟုတ်ရင် ကျွန်မ ဘာကိုမျှော်လင့်နေမှာလဲ... ဒါက ရှားရှားပါးပါး အခွင့်အရေး မဟုတ်ဘူးလား... ဒါ့အပြင် သားကောင်အဖြစ် သရုပ်ဆောင်တာက လီတာ့ရှန်းရဲ့ နောင်တကိုလည်း ပိုတိုးစေမှာပါ။ သူက စိတ်ဓာတ်ခိုင်မာတဲ့သူ မဟုတ်ဘူး၊ တခြားသူရဲ့ လွှမ်းမိုးမှုကို ခံရလွယ်တယ်။ သူက ကျန့်ဝမ်ကို တကယ်သတ်ခဲ့တာမှ မဟုတ်တာ။ ကျွန်မတို့ကလည်း သူ့ကို သတ်ပစ်လို့မှ မရတာ၊ ဟုတ်တယ်မလား... လူသတ်မှုက တရားမဝင်ဘူးလေ၊ ကျွန်မတို့လည်း မလုပ်ရဲပါဘူး... ဒီတစ်ခါတော့ စက်ရုံက သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူမှာ သေချာတယ်၊ ဒါကြောင့် လီတာ့ရှန်း စိတ်လိုက်မာန်ပါ မလုပ်မိအောင် ကျွန်မ သေချာစဉ်းစားရမယ်။ ကျွန်မတို့က လူကြီးတွေဆိုတော့ ဘာမှမကြောက်ပေမဲ့ အိမ်မှာ ကလေးတွေရှိတယ်လေ၊ သူတို့ကို မိနစ်တိုင်း စောင့်ကြည့်နေနိုင်ဖို့ဆိုတာ မလွယ်ဘူး။ သားကောင်အဖြစ် သရုပ်ဆောင်တာက စက်ရုံက ရှင့်အပေါ် အငြိုးထားတာ၊ အလုပ်မှာ တမင်ဒုက္ခပေးတာမျိုးတွေကို တားဆီးနိုင်သလို၊ လီတာ့ရှန်းလို စိတ်ပျော့တဲ့သူကိုလည်း လွှမ်းမိုးနိုင်တယ်။ ဒါက မကောင်းဘူးလား... ထိရောက်မှုရှိတယ်ဆိုမှတော့ ဒီလိုလုပ်ရတာ တန်ပါတယ်လေ။"

နောက်ဆယ်စုနှစ်များစွာ ခေတ်သစ်မှာဆိုရင်တော့ လူတွေက သနားစရာကောင်းအောင် သရုပ်ဆောင်တာကို မေးခွန်းထုတ်လာကြလိမ့်မယ်…

ဒါပေမဲ့ ဒီခေတ်က လူတွေကတော့ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးကြဘူးလေ..

"ကျန့်ဝမ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေက နင်ပဲ လုပ်ကြံပြောလိုက်တာလား..."

အဘွားကြီးကျောက် နောက်ဆုံး သဘောပေါက်သွားလေသည်။

ချန်ချင်းယွီ မျက်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း ရိုးသားလှသောပုံစံဖြင်

"သူက ပိုက်ဆံချွေတာဖို့အတွက် ဟင်းသီးဟင်းရွက်တွေ တူးတယ်၊ ထင်းတွေကောက်တယ်လို့ ကျွန်မပြောတာက ဘာတွေလုပ်ကြံတာလဲ... ဒါတွေက တကယ်မဖြစ်ခဲ့ဘူးလို့ ရှင် အမှန်အတိုင်း ပြောနိုင်လား..."

အဘွားကြီးကျောက် : "...အင်း။"

တကယ်တော့ ဒါတွေက တကယ်ဖြစ်ခဲ့တာပဲ…

သူ့မိသားစုတင် မဟုတ်ဘဲ ကလေးတိုင်းမှာ ဒီလိုအတွေ့အကြုံမျိုး ရှိကြတာပဲလေ…

နေဦး၊ မဟုတ်သေးပါဘူး…

ဒါတွေအားလုံးက သာမန်ကိစ္စတွေပဲလေ… ဒါပေမဲ့ ချန်ချင်းယွီက မျက်ရည်စက်လက်နဲ့ ပြဇာတ်ဆန်ဆန် ဖော်ပြလိုက်တော့ လင်းကျန့်ဝမ်က ငယ်ငယ်ကတည်းက ဒုက္ခမျိုးစုံခံပြီး ပေါင်းပင်တစ်ပင်လို ကြီးပြင်းလာခဲ့ရတဲ့ အလုပ်ကြိုးစားတဲ့ မိခင်တစ်ဦးတည်းရှိတဲ့ ကောင်လေးတစ်ယောက် ဖြစ်သွားရော…

ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် မိသားစုတိုင်းက ကလေးတိုင်းနီးပါး ဒီလိုကိစ္စတွေ လုပ်ခဲ့ကြတာပါပဲ…

ဒီခေတ်မှာ သာမန်မိသားစုက ဘယ်ကလေးက အလုပ်မလုပ်ရလို့လဲ…

အဘွားကြီးကျောက် - "..."

သေစမ်း…

ချန်ချင်းယွီကတော့ တကယ့်ကို ကောက်ကျစ်ဉာဏ်များလှချည်လား…

ချန်ချင်းယွီ : "ကျွန်မက ဒါမျိုးလုပ်ရတာ ဝါသနာပါလို့ ထင်နေလား... ဒီမိသားစုအတွက် ကျွန်မ အကုန်လုပ်နေတာပါ။ ကြည့်ပါဦး၊ ကျွန်မ ဘယ်လောက်တောင် ရုပ်ဆိုးအောင် ငိုထားရလဲဆိုတာ။"

အဘွားကြီးကျောက် : "အေးပါ... နင်ငိုတာကတော့ တကယ်ကို ရုပ်ဆိုးပါတယ်"

ချန်ချင်းယွီ : "ဟွန့်"

ရုပ်ဆိုးအောင် မငိုရင် သူမ ဘေးကင်းပါ့မလား...

စက်ရုံ ဒုတိယညွှန်ကြားရေးမှူး ဟယ် ဆိုတာ ဘယ်လိုလူလဲဆိုတာ သူမ သိတာပေါ့….

ဒီလူက ပါတီ အတွင်းရေးမှူး ကျန်းတို့၊ သူ့လူယုံတွေနဲ့ ပေါင်းပြီး ကစားတတ်တဲ့သူ…

ဟယ်မျိုးရိုးလူမှာ အပြင်ပန်း လူကြီးလူကောင်း ဖြစ်သော်လည်း ချန်ချင်းယွီ ထိုလူ၏ ကိုယ်ကျင့်တရားကို အထင်မကြီးရဲပေ။ ထို့ကြောင့် သူမ တမင်တကာ ပါးစပ်ကိုအုပ်၊ မျက်နှာကိုကွယ်ပြီး သနားစရာကောင်းအောင် ငိုပြခဲ့ခဲ့ခြင်းဖြစ်၏။

ဒါကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ နည်းလမ်းတစ်ခုပါပဲလေ..

ရုပ်ဆိုးတဲ့ မိန်းမကို ဘယ်သူက စိတ်ဝင်စားမှာလဲ…

စိတ်ရင်းကောင်းဖို့လိုတာဆိုတာ ချီးစကားတွေ… ဘယ်ယောကျာ်းမဆို လှတာကြိုက်ကြတာချည်းပဲ…

သူ့အနေဖြင့် သူမကို သေချာပေါက် စိတ်ဝင်စားမည်ဟု မဆိုသာသော်လည်း သူမတို့မိသားစုမှာ စွန့်စားမှုမျိုး မလုပ်နိုင်ပေ။ထို့ကြောင့် ဖြစ်နိုင်ချေများကို တွက်ဆ၍ သူမ သတိထားရမည်သာ။

"ပညာရှိဆိုတာ ပြိုတော့မယ့် နံရံအောက်မှာ မရပ်ဘူးလေ..."

အဘွားကြီးကျောက်မှာ ခုံတန်းလျားပေါ်မှာ ထိုင်ရင်း ငေးငိုင်နေမိသည်။

"ကိစ္စတွေက ဒီလောက်အထိ ကြီးကျယ်သွားလိမ့်မယ်လို့ ငါ တကယ်မမျှော်လင့်ထားမိဘူး"

ချန်ချင်းယွီ ခဏလောက် ငြိမ်သက်သွားပြီးမှ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။

"ကျွန်မလည်း မမျှော်လင့်ထားပါဘူး။"

ဘယ်သူက ထင်မှာလဲ…

သူမက သူ့ကို နည်းနည်းလောက် ခြောက်လှန့်ပြီး အာဃာတကို ဖြေဖျောက်ချင်ရုံတင်ပါ၊

ဒါပေမဲ့ လီတာ့ရှန်းရဲ့ စိတ်ဓာတ်က ဒီလောက်တောင် ပျော့ညံ့နေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ..

သူမ ဘာမှမလုပ်ရသေးဘူး၊ သူက ကိုယ့်ဘာသာကိုယ် ကြောက်ပြီး သေလုမျောပါး ဖြစ်နေတာလေ…

ဒါတွေအားလုံးက လီတာရှန်း ကိုယ်တိုင်လုပ်ခဲ့တဲ့ အကျိုးဆက်တွေပါပဲ…

"ကျန့်ဝမ်ရဲ့ ဝိညာဉ်က ကောင်းကင်ဘုံကနေ ငါတို့ကို စောင့်ရှောက်နေတာများလား..."

အဘွားကြီးကျောက် ရုတ်တရက် မေးလိုက်လေသည်။

ချန်ချင်းယွီ : "ကျွန်မက ရှင့်ကို စောင့်ရှောက်ခဲ့တာပါ။ ကျွန်မသာ ဒီလိုလှည့်ကွက်တွေ မသုံးခဲ့ရင် ဒါတွေ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ရှင်က ကျွန်မကို ကျေးဇူးတင်သင့်တာ၊ သူ့ကို မဟုတ်ဘူး ရှင်ကတော့ တကယ့်ကို ဇာတ်လမ်းဆင်တော်တာပဲ"

အဘွားကြီးကျောက် : "နင်ပဲ မမျှော်လင့်ထားဘူးဆို..."

ချန်ချင်းယွီ : "မမျှော်လင့်ထားဘူး၊ ဒါပေမဲ့ ကျွန်မကပဲ အစပျိုးခဲ့တာလေ။"

အဘွားကြီးကျောက် : "အေးပါ... ငါ နင့်ကို မပြောတော့ဘူး"

နင်ပဲအတော်ဆုံး ဟုတ်ပြီလား… နင့်ကိုပြိုင်မငြင်းနိုင်ပါဘူး.. မတတ်ပရယ်..

ချန်ချင်းယွီ မျက်နှာသစ်ပြီးနောက် အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

"အမေ... စက်ရုံက ဘာလုပ်မယ် ထင်လဲ... လီတာ့ရှန်းကို အလုပ်ထုတ်ပစ်နိုင်မလား..."

သူမ မေးမြန်းလိုက်မိ၏။ စက်ရုံအကြောင်းအရာများနှင့် ပက်သက်လာလျှင်မူ သူမ တကယ် မသိပေ။

အဘွားကြီးကျောက် အသေအချာ စဉ်းစားပြီးနောက်

"ဖြစ်နိုင်ခြေ နည်းလိမ့်မယ်လို့ ငါထင်တယ်။ ပုံမှန်အားဖြင့်တော့ ကြီးလေးတဲ့ ပြစ်မှုမျိုးမဟုတ်ရင် အလုပ်ကနေ မထုတ်ပစ်ကြဘူးလေ။ သူက အမြဲတမ်းဝန်ထမ်း ဖြစ်တဲ့အပြင် အလုပ်ရုံထဲမှာ တော်တော်လေး ကျွမ်းကျင်တဲ့ အဆင့် (၆) လုပ်သားတစ်ယောက်လည်း ဖြစ်နေတာကိုး။ ယာယီအလုပ်သမားမှ မဟုတ်တာ။ အကယ်၍ သူက လူသတ်မှုတို့၊ မီးရှို့မှုတို့ ကျူးလွန်ခဲ့ရင်တော့ ကျိန်းသေပေါက် အထုတ်ခံရမှာပေါ့။ ဒါပေမဲ့ အခုတော့ သူ့လက်အောက်က တပည့်တွေကို ဒုက္ခပေးခွင့်တော့ ရတော့မှာ မဟုတ်ပါဘူး"

ချန်ချင်းယွီ သက်ပြင်းချလိုက်မိသည်။ ယနေ့ခေတ်တွင် အစိုးရဝန်ထမ်း သို့မဟုတ် စက်ရုံအလုပ်သမားအလုပ်ကို သံဇလုံထမင်းဟု အဘယ်ကြောင့် ခေါ်ကြသည်ကို သူမ ကောင်းကောင်း သဘောပေါက်သွားလေပြီ…အကယ်ပင် ခိုင်မာလှပေ၏။

အဘွားကြီးကျောက်မှာ အလုပ်စဝင်သည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း အတင်းအဖျင်း သတင်းရပ်ကွက်၏ ရှေ့တန်းမျက်နှာစာတွင် ရှိနေသူဖြစ်ရာ အခြေအနေအရပ်ရပ်ကို အတော်အတန် သိနားလည်နေသည်။

"ငါ့အထင်တော့ သူ့ကို အဆင့် (၁) အထိ ရာထူးချပစ်လိမ့်မယ်၊ ဒါပေမဲ့ အလုပ်ရုံကနေတော့ ထွက်ခိုင်းမှာ မဟုတ်ဘူး။ သူက အလုပ်အရမ်းကျွမ်းတဲ့သူလို့ ငါကြားဖူးတယ်။ အဆင့် (၆) လောက်ရှိတဲ့ အလုပ်တွေကို သူက လုပ်ပေးနိုင်နေပေမဲ့ အဆင့် (၁) ရဲ့ လစာပဲ ပေးရမှာဆိုတော့ ဘယ်အကြီးအကဲမဆို သဘောကျမှာပဲလေ"

ချန်ချင်းယွီ : "ကြည့်ရသေးတာပေါ့၊ ဘာပဲဖြစ်ဖြစ် နောက်တစ်ရက် နှစ်ရက်အတွင်း သတင်းတစ်ခုခုတော့ ကြားရမှာပါ"

အဘွားကြီးကျောက် ခေါင်းညိတ်ရင်း ပြောဆိုကာ မလိုတမာဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

"လီတာ့ရှန်းက ငါတို့ကျန့်ဝမ်ကို မနာလိုဖြစ်နေတာပဲလို့ ငါထင်တယ်။ ကျန့်ဝမ်က သိပ်သိတတ်တာကိုး။ သူ့သမီးကိုပဲ ကြည့်ပါဦး၊ ဘာအသုံးမကျတဲ့ အမှိုက်ပုံလေးလဲလို့"

"အခုချိန်မှာ ငါတို့က လီတာ့ရှန်းကို ဘာမှမလုပ်ရင်တောင် သူတို့ကတော့ ဘေးကင်းမှာ မဟုတ်ဘူး။ အဲဒီလို သမီးမျိုးနဲ့ ဘယ်မှာ ကောင်းစားနိုင်ပါ့မလဲ။ စောင့်ကြည့်နေလိုက်၊ အသက်ကြီးလာရင် သူတို့ ဒုက္ခရောက်မှာ အသေအချာပဲ။"

ထို့နောက် သူမ လေးလေးနက်နက် ဆက်ပြော၍

"ငါ့ကို ယုံကြည်မှုမရှိဘူးလို့တော့ မထင်နဲ့နော်၊ ဒါပေမဲ့ ငါဒါတော့ သိတယ်။ ကလေးမွေးတယ်ဆိုတာ ကျားမ မရွေးဘူး၊ လိမ်မာသိတတ်ဖို့ပဲ လိုတာ... ကလေးက မကောင်းရင်တော့ အိုဇာတာ မကောင်းဘဲ ဒုက္ခရောက်ရမှာပဲ။"

ထို့ကြောင့်ပင် သူမသည် မိသားစုကို ဦးဆောင်နိုင်ရန် သားယောက်ျားလေးကို စိတ်ထဲမှ ပိုလိုလားသော်လည်း မြေးမလေး ရှောင်ယွမ်အပေါ်တွင်မူ ခွဲခြားဆက်ဆံခြင်း မရှိပေ။

အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…

ဘက်လိုက်နေခြင်းမှာ အပိုအလုပ်သာ ဖြစ်သည်။

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူမသည် မြေးမလေးကို အတူတူပင် ဂရုစိုက်မည်ဖြစ်ပြီး ၎င်းကသာ နောင်တစ်ချိန်အတွက် ပို၍ စိတ်ချရပေလိမ့်မည်။

လူဆိုတာ အရံအစီအစဉ်ရှိထားသင့်တယ်…

အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ ပညာရှိတစ်ဦးဟုပင် မှတ်ယူနေမိ၏။

"ငါပြောပြမယ်၊ ကလေးတွေကို ပြုစုပျိုးထောင်တယ်ဆိုတာ သူတို့ငယ်ငယ်တုန်းက တစ်မျိုး၊ ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်လောက်ဆိုရင်တော့ သူတို့ရဲ့ စရိုက်က ပေါ်လာပြီ။ လီတာ့ရှန်းရဲ့ သမီးကိုပဲ ကြည့်၊ ယောက်ျားတစ်ယောက်နောက်ကိုပဲ တကောက်ကောက်လိုက်နေပြီး ဖိနပ်လျက်နေတာ မိဘကိုတော့ လုံးဝ ဂရုမစိုက်ဘူး။ နောင်ကျရင် သူက သိတတ်လိမ့်မယ်လို့ မျှော်လင့်နေသေးလား... မေ့လိုက်စမ်းပါ၊ လုံးဝ မဖြစ်နိုင်ဘူး။"

ချန်ချင်းယွီ: "အို... ရှင်က ဖိနပ်လျက်သူ ဆိုတာ ဘာလဲဆိုတာတောင် သိနေတာလား..."

အဘွားကြီးကျောက်: "ဟိဟိ၊ နင် ပြောတာ ကြားလို့လေ။"

ရှီရှောင်ဝေသည် ဟောက်ရွှယ်၏ နောက်သို့ တကောက်ကောက်လိုက်နေကာ ဖိနပ်လျက်သည်ဟု ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်နေသည်ကို သူမ ကြားခဲ့ရခြင်းဖြစ်သည်။ ပြန်စဉ်းစားကြည့်သည့်အခါ ထိုစကားလုံးမှာ အလွန်ပင် ထိမိလှသည်ဟု သူမ ခံစားရ၏။

ကဲ... ထိုစကားလုံးကို သူမပင် ပိုင်နိုင်သွားလေပြီ…

"ငါပြောပြမယ်၊ ယောက်ျားတစ်ယောက်အပေါ်မှာပဲ ပုံအောပြီး အဲဒီလို လိုက်နေတဲ့သူကတော့ တကယ့် လူအပဲ။"

ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"နင်ကတော့ အဲဒီထဲမှာ မပါဘူးနော်၊ နင်က အရင်လို မဟုတ်တော့ဘူးမလား... နင်ကလည်း ချစ်တတ်တာမှန်ပေမဲ့ နင်က တကယ်ကို အံ့သဩဖို့ကောင်းတဲ့သူလေ..."

အဘွားကြီးကျောက် ခပ်သွက်သွက်ပင် ပြန်ဖာထေး ပြောလိုက်သည်။ သူမသည် ချန်ချင်းယွီကို မကျေမနပ် ဖြစ်သွားစေရန် မလုပ်ရဲပေ။

ချန်ချင်းယွီ: "ရှင်က အသိအမြင် တော်တော်ရှိမယ်လို့ ကျွန်မ မထင်ထားမိဘူး။"

အဘွားကြီးကျောက်: "ဟိဟိ၊ အေးပေါ့၊ ချင်းရင့်လေ ပိုစပ်လေဆိုတဲ့ စကားပုံ ရှိသားပဲ။ ငါလည်း ခေသူမဟုတ်ပါဘူး။"

သူမ တိုးတိုးလေး ဆက်ရေရွတ်ကာ

"ငါက အိမ်ထဲမှာပဲ ပိတ်မိနေလို့ပေါ့၊ အဲဒါက ငါ့ကို ကန့်သတ်ထားသလို ဖြစ်နေတာ။ ငါသာ အလုပ်ကို စောစောစီးစီး လုပ်ခဲ့ရင် ငါလည်း တခြားလူတစ်ယောက် ဖြစ်နေလောက်ပြီ"

ချန်ချင်းယွီ ပြုံးလိုက်မိသည်။

သူတို့နှစ်ဦးစလုံး ယခုအချိန်အထိ ဘာမျှ မစားရသေးသဖြင့် ချန်ချင်းယွီသည် အိမ်ထဲဝင်ကာ စားပွဲပေါ်မှဟင်းလျာများကို ပြန်နွှေးလိုက်၏။တစ်မိသားစုလုံး ညစာစားဖြစ်ကြချိန်တွင် ည ၉ နာရီ၊ ၁၀ နာရီပင် ရှိနေလေပြီ။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ငိုက်မြည်းနေကြသော်လည်း အိပ်ရန် ငြင်းဆန်နေကြဆဲဖြစ်သည်။

ချန်ချင်းယွီ : "သားတို့ သမီးတို့လည်း နည်းနည်းလောက် စားဦးမလား..."

ကလေးနှစ်ယောက်လုံး ခေါင်းညိတ်ပြီး အနားကို တိုးလာ၏။ အပြင်မှာ သူတို့အဘွားနှင့် မိခင်တို့ ရန်ဖြစ်နေကြစဉ် သူတို့ ညစာစားထားပြီးသားဖြစ်သော်လည်း...

ချန်ချင်းယွီ: "သားတို့ ငါးလည်း အများကြီးမစားရသေးဘူးပဲ။"

"ငါးအရိုးတွေ ရှိလို့ပါ။"

ငါးမှာ အရိုးများရှိနေ၍ ကလေးနှစ်ယောက်လုံးမှာ အရံဟင်းများကိုသာ စားခဲ့ကြပြီး ငါးကို မစားရဲဘဲ နည်းနည်းစီသာ တို့စားခဲ့ကြသည်။

ချန်ချင်းယွီ: "မေမေ ငါးအရိုးတွေ နွှင်ပေးမယ်နော်။"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့စိုးရိမ်တကြီးဖြင့် ချန်ချင်းယွီအနားကို တိုးကပ်လာကြ၏။

"မေမေ ဘာမှမဖြစ်ပါဘူး။ မေမေ ငိုထားလို့ မျက်လုံးတွေ ဖောင်းအစ်နေပေမဲ့ ဒါက ဘာမှမဟုတ်ပါဘူး... သားတို့အဘွား တခြားသူတွေနဲ့ အမြဲရန်ဖြစ်သလိုမျိုးပေါ့။ ကြည့်လေ... အဘွားက တခြားသူတွေနဲ့ မကြာခဏ ရန်ဖြစ်ပေမဲ့ တကယ်တမ်းကျတော့ သူက အရှုံးမပေးရဘူးမလား..."

ချန်ချင်းယွီ သေချာ ရှင်းပြလိုက်လေသည်။

ကလေးနှစ်ယောက်လုံးမှာ သူတို့အဘွားကို သေသေချာချာ ကြည့်လိုက်ကြ၏။

အဘွားကြီးကျောက်သည်လည်း ဝင်ထောက်ခံလိုက်ကာ

"ဟုတ်တယ်... အဘွားက ဘယ်တုန်းကမှ အရှုံးမပေးခဲ့ပါဘူး၊ မစိုးရိမ်ကြနဲ့"

ချန်ချင်းယွီ : "သားတို့က ငယ်သေးတော့ အခုချိန်မှာ နားမလည်နိုင်သေးပေမဲ့ နောင်ကျရင် နားလည်လာမှာပါ..."

ရှောင်ကျား : "ဒါဆိုရင် မေမေ နောက်မငိုနဲ့တော့နော်"

"အေးပါ... မေမေ မငိုတော့ဘူး..."

ချန်ချင်းယွီ ကတိပေးလိုက်၏။

သူမ ညစာကို မြိန်ရည်ယှက်ရည် စားရင်း

"ကြည့်စမ်း... မေမေ အားရပါးရ စားနိုင်သေးတယ်ဆိုတာ မေမေ တကယ်တော့ နေကောင်းတယ်လို့ အဓိပ္ပာယ်ရတာပေါ့"

ကလေးများမှာ ခေါင်းလေးတွေကို ကုတ်ရင်း

"ဒါလည်း ဟုတ်တာပဲနော်"

ချန်ချင်းယွီ ပြုံးလိုက်မိလေသည်။

တစ်မိသားစုလုံး ညစာစားချိန် နောက်ကျသွားသော်ငြား အားလုံး ဗိုက်ဝသွားကြ၏။ သို့သော် ယနေ့ဖြစ်ပျက်ခဲ့သည့် ဆူညံပွက်လောရိုက်မှုများကြောင့် တချို့မိသားစုများမှာ ယခုချိန်ထိ ထမင်းမစားရသေးသလို အိပ်လို့လည်း မပျော်

နိုင်ကြသေးပေ။

ဒီနေ့ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သူတို့ မလွဲမသွေ ဆွေးနွေးနေကြရတာကိုး…

သတင်းဆိုတာ နောက်ကျလို့မှ မရတာ… ဟဲဟဲ..

ရွှီကောင်းမင်နှင့် သူ့ဇနီးဆိုလျှင် ကြောက်လွန်း၍ မီးမပိတ်ရဲဘဲ အိပ်နေကြရ၏။

ရွှီကောင်းမင် : "မီးတွေ ဖွင့်ထားလိုက်စမ်းပါ၊ မီးခက နည်းနည်းကုန်ပေမဲ့ ပိုပြီးတော့ ဘေးကင်းတာပေါ့။ ငါတော့ တကယ်ကို ကြောက်နေပြီ။ မင်း မြင်လိုက်တယ်မလား... လီတာ့ရှန်းရဲ့ သမီးနဲ့ သမက်ကို ကြည့်ဦး... မှောက်ခုံကြီးတွေ လဲကျသွားတာလေ... ဒါကိုမှ သရဲမရှိဘူးလို့ ပြောဦးမလား... ငါတော့ မယုံဘူး၊ ကျိန်းသေပေါက် တစ်ခုခုရှိနေတာ။"

ရှီကျန့်ရှန်းတစ်ယောက် တုန်တုန်ရင်ရင်ဖြင့်

"သရဲအကြောင်း မပြောနဲ့ဦး၊ လူတောင်မှ ဒါကို ဘယ်ခံနိုင်ပါ့မလဲ... အရင်ကတော့ ကျွန်မက အဘွားကြီးကျောက်နဲ့ အပြိုင်ဖြစ်နိုင်တယ်လို့ ထင်ခဲ့တာ၊ ကျွန်မ တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တာပဲ... အရင်တုန်းက ကျွန်မတို့ဝင်းထဲမှာ ကိစ္စတွေ ရှုပ်ထွေးခဲ့တုန်းက သူက တမင်သက်ညှာပေးခဲ့တာပဲ။ ကျွတ်ကျွတ်... ဒီနေ့ လီတာ့ရှန်းတို့ လင်မယားကို သူ ဘာတွေလုပ်လိုက်သလဲ ကြည့်ဦး။ ကျွန်မမှာ ကြောက်လိုက်တာ သေတော့မယ့်အတိုင်းပဲ၊ အဘွားကြီးဟွမ်တောင်မှ ကြောက်နေရတာ။"

သူမ ဆက်ပြောပြန်ကာ

"အဓိပ္ပာယ်မရှိဘူးဆိုပေမယ့် .. အဘွားကြီးကျောက်က အခုတောင် ဒီလောက် အစွမ်းထက်နေတာ၊ သူ့မှာ သရဲတွေပါ ကူညီပေးနေတာဆိုတော့ ဘယ်သူက သူတို့ကို သွားထိရဲတော့မှာလဲ...... ဪ... ချန်ချင်းယွီ ဆိုတဲ့ ဒီမုဆိုးမလေးကလည်း ငိုလိုက်တာမှ လွန်ရော။ သူငိုတာကို ကြည့်ပြီး ကျွန်မမှာ ခေါင်းတောင် ကိုက်လာတယ်။ သူက ငိုလည်းငိုတယ်၊ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ တောက်လျှောက် ပြောနေတာ။ သူ စကားပြောတိုင်း ကျွန်မခေါင်းထဲမှာ ဝီဝီနဲ့ မြည်နေတာပဲ..."

ရွှီကောင်းမင် ချက်ချင်းဆိုသလို ကြားဖြတ်ပြောလိုက်ကာ

"သူတို့မိသားစုအကြောင်း မကောင်းတာ ဘာမှမပြောနဲ့။"

ရှီကျန့်ရှန်း: "..."

ရွှီကောင်းမင် : "သတိထားစမ်းပါ၊ နှုတ်မစောင့်ရင် ဒုက္ခရောက်တတ်တယ်။"

သူ လေသံတိုးတိုးဖြင့် သတိပေးလိုက်ကာ

"လင်းကျန့်ဝမ်ရဲ့ ဝိညာဉ်သာ ကြားသွားရင် ဘယ်လိုလုပ်မလဲ... သူ့မိသားစုအကြောင်း အတင်းမပြောနဲ့..."

ရှီကျန့်ရှန်းသည်လည်း ချက်ချင်းပင် ပြန်ပြင်ပြောလိုက်၏။

"အဘွားကြီးကျောက်နဲ့ ချန်ချင်းယွီတို့ကတော့ အကောင်းဆုံးလူတွေပါပဲ"

"ငါတို့က အရမ်းခင်မင်စရာကောင်းတဲ့ အိမ်နီးချင်းတွေပဲလေ"

သူမ ထပ်မံဖြည့်ပြောလိုက်ပြန်သည်။

ရွှီကောင်းမင် ခေါင်းလေး ခပ်ဖြည်းဖြည်း ညိမ့်ပြလိုက်၏။

ထိုအချိန်တွင် ချန်ချင်းယွီတစ်ယောက်မှာ ဤအကြောင်းများကို ဘာမှမသိရှာပေ။

အကယ်၍ သူမ သိခဲ့လျှင် သက်ပြင်းချ၍ ဤသို့ဆိုပေလိမ့်မည်။

အယူသီးတာ မကောင်းပါဘူး.. သိပ္ပံသဘောတရားကို ယုံစမ်းပါ… သရဲဆိုတာ တကယ်မရှိပါဘူးရှင့်… လက်တွေ့ကျကျ တွေးကြပါရှင်…

အခန်း ၈၀။ လူအထွေထွေ…

အယူသီးတယ်ဆိုတာ… လုံးဝကို လက်မခံသင့်ဘူး…

သေချာပေါက်ကို လက်မခံသင့်ဘူး…

အမှန်တကယ်တွင် လူတချို့မှာ တစ္ဆေသရဲများ ရှိကြောင်းကို ယုံကြည်ကြကာ အလွန်အမင်းပင် ယုံကြည်နေကြသည်။ မိသားစုများစွာမှာ ညသန်းခေါင်သန်းနွဲထိ မအိပ်နိုင်ကြဘဲ မိမိတို့ပြုလုပ်ခဲ့သည့် မကောင်းမှုများကို ပြန်လည်တွေးတောကြကာ ချက်ချင်းပင် ဗုဒ္ဓဘုရားကျောင်းသို့ သွားရောက်ဆုတောင်းချင်မိကြ၏။ ပြဿနာရှာ လှုံ့ဆော်သူလေး ချန်ချင်းယွီမှာမူ အင်မတန်နှစ်ခြိုက်စွာ အိမ်မောကျနေလေသတည်း။

အဟမ်း… ကျွန်မ.. ကျွန်မ.. လူတိုင်းက ဒီလောက်ထိ အယူသီး ယုံကြည်ကြလိမ့်မယ်လို့ ကျွန်မ တကယ်မသိခဲ့တာပါရှင်…

သူမမှာ ယနေ့ခေတ်လူများ၏ အယူသီးမှုကို တကယ်ပင် အထင်သေးမိသွား၏။

မနက်ခင်းစောစောစီးစီး ချန်ချင်းယွီတစ်ယောက် အိမ်သာသုံးရန်ထလာခဲ့သည်။ သူမ အိမ်ပြင်ထွက်ထွက်ချင်းမှာပင် ရှီကျန့်ရှန်းသည်လည်း ထွက်လာသည်ကို မြင်လိုက်ရပြီး ထိုအဘွားကြီး၏ မျက်လုံးများမှာ ဖူးယောင်နီရဲနေပြီး မျက်နှာမှာလည်း အလွန်ပင် နွမ်းလျနေ၏။ ယခင်နေ့ နာရီပေါင်းများစွာ အသည်းအသန် ငိုကြွေးခဲ့၍ မျက်လုံးများ ဖူးယောင်နေသည်မှတစ်ပါး ချန်ချင်းယွီမှာ အင်မတန် တက်ကြွလန်းဆန်းနေလေသည်။

ဆီးအိုးကိုသယ်၍ လမ်းလျှောက်နေသော ရှီကျန့်ရှန်းမှာမူ သရဲတစ်ကောင်နှင့်ပင် တူနေပြီး ခြေလှမ်းများမှာလည်း ယိမ်းယိုင်နေရှာ၏။

ချန်ချင်းယွီ သူမအား နှုတ်ဆက်တော့မည် ပြုလိုက်ချိန်တွင် လင်စန်းရှင်း ထွက်လာသည်ကို မြင်လိုက်ရပြန်သည်။ လင်စန်းရှင်း၏ မျက်ကွင်းမဲမဲကြီးများမှာ ရှီကျန့်ရှန်းနှင့် နင်လားငါလား ဖြစ်နေပြီး သူမသည်လည်း ယိမ်းယိုင်၍ ခြေမခိုင်ဖြစ်နေရှာ၏။ သူမသည် စိတ်မပါလက်မပါ အပြုံးတုတစ်ခုကို ပြုံးပြကာ

“ကောင်းသောနံနက်ခင်းပါ ရှောင်

ချန်ရေ..ဒီနေ့တော့ စောလှချည်လား”

“ကျွန်မ ဗိုက်နည်းနည်း မကောင်းဖြစ်နေလို့ အိမ်သာသွားမလို့ ထလာတာ”

ချန်ချင်းယွီ ပြန်နှုတ်ဆက်လိုက်သည်။

မနေ့ည ညစာစားပြီးနောက် ချက်ချင်းအိပ်ရာဝင်လိုက်သည့်အတွက် အစာမကြေဖြစ်နေသည်ဟု ချန်ချင်းယွီ ထင်နေမိ၏။

ချန်ချင်းယွီ အာလာပ ဿလာပများပြောမနေတော့ပေ။ သူမ၏ လက်ရှိအခြေအနေသည် အင်မတန် ဝမ်နည်းကြေကွဲ ပြိုလဲနေသည့်အသွင် ယူထားရသည် မဟုတ်လော့။ ရှီကျန့်ရှန်းနှင့် လင်စန်းရှင်းတို့နှစ်

ယောက်လုံး ချန်ချင်းယွီကို တိတ်တိတ်လေး ခိုးကြည့်လိုက်ကြသည်။ ခဏကြာပြီးနောက် လင်စန်းရှင်းမှာ မအောင့်အီးနိုင်စွာဖြင့် မေးလိုက်၏။

“ရှောင်ချန်… ဒီနေ့အပြင်ထွက်ဦးမှာလား”

ချန်ချင်းယွီ ခေါင်းခါပြလိုက်ကာ

“မသွားဘူးရှင့်”

လင်စန်းရှင်း : “ဒီနေ့ စက်ရုံက ဖြေရှင်းချက်ပေးမှာလား”

“ကျွန်မလည်း မသိဘူးရှင့်”

လင်စန်းရှင်းမှာ နေရခက်စွာဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး

“နင်…”

သူမ ထပ်မေးချင်နေသော်လည်း ကျောက်ရုံ ရောက်လာသည်ကို မြင်လိုက်ရလေသည်။ လူတိုင်းမှာ စောသောစီးစီး နိုးနေကြ၏။ ကျောက်ရုံမှာ ချန်ချင်းယွီကို သိမ်မွေ့သောအကြည့်တစ်ချက် ပို့လိုက်ပြီး နှုတ်ဆက်လိုက်သည်။

“စောစောစီးစီးပါလား ရှောင်ချန် စားပြီးပြီလား”

"မစားရသေးဘူး၊ အခုလေးတင် အိပ်ရာထတာ"

ရှီကျန့်ရှန်းကြားမှ ဝင်ပြောလိုက်၏။ သူ့မိသားစုနှင့် ကျောက်ရုံ့

မိသားစုသည် အရင်းနှီးဆုံးဖြစ်ကြသည်။

ကျောက်ရုံ : "ရှင်တို့တစ်တွေ မနေ့ညက ကောင်းကောင်းမအိပ်ကြရဘူး ထင်တယ်..."

အမှန်တကယ်တွင် ကျောက်ရုံကိုယ်တိုင်လည်း ပင်ပန်းနွမ်းနယ်နေပုံနေသော်ငြား ဤသုံးယောက်လောက်တော့ မဆိုးပေ။ ချန်ချင်းယွီ၏ မျက်လုံးများမှာ သစ်ကြားသီးလောက်နီးနီး ဖူးယောင်နေပြီး မျက်မှောင်ကြုတ်ထား၏။ တခြားလူများသည်လည်း ကောင်းကောင်းမအိပ်ရကြောင်း သိသာနေ၍ ချန်ချင်းယွီ ခေါင်းညိတ်ပြပြီး အိမ်သာဘက်သို့ တန်းဝင်သွားလေသည်။

ထူးထူးခြားခြားပင် ရှီကျန့်ရှန်းတစ်ယောက် ချန်ချင်းယွီဘက်မှ ကာကွယ်ပြောပေးလိုက်၏။

"ရှောင်ချန်က စိတ်မကောင်းဖြစ်နေတာ၊ သူ့ကို စကားတွေအများကြီး သွားမပြောနဲ့ဦး။"

ကျောက်ရုံ : “……”

နေပါဦး ကျွန်မက စကားတွေအများကြီး ပြောနေလို့လား...

နှုတ်ဆက်ရုံတင် မဟုတ်ဘူးလား...

ပြီးတော့ ရှီကျန့်ရှန်း... ညည်းက တကယ်ပဲ အဲ့ဒီလောက်တောင် စာနာတတ်သွားတာလား...

ဘယ်သူ့ကိုလာ ဆရာလုပ်နေတာလဲ…

ကျောက်ရုံ မျက်ခုံးပင့်ကြည့်

လိုက်စဉ် ရှီကျန့်ရှန်းမှာ သက်ပြင်းချ၍

"အိမ်တိုင်းမှာ ကိုယ်စီအခက်အခဲရှိကြတာပဲ။ သူလည်း တော်တော်လေး ရုန်းကန်နေရတာ။ လင်းကျန့်ဝမ်... ကျန့်ဝမ်အကြောင်းတော့ မပြောတော့ပါဘူး၊ စိတ်မကောင်းစရာကြီး"

လင်စန်းရှင်းကလည်း ရှီကျန့်ရှန်းကို အံ့အားသင့်စွာ ကြည့်နေမိလေသည်။ ရှီကျန့်ရှန်း ဆက်ပြီး

"ဟေ့... ငါတို့အားလုံးက ဝင်းတစ်ခုတည်းသားတွေပဲ၊ တခြားလူတွေလိုတော့ မဖြစ်သင့်ဘူး။ ငါတို့ဝင်းက စည်းလုံးရမယ်။ ရှောင်ချန် ခက်ခဲနေတာကို စိတ်မကောင်းဖြစ်အောင် ထပ်မလုပ်ကြနဲ့။"

ရှီကျန့်ရှန်းတစ်ယောက် တရစပ် ပြောနေ၍ ကျောက်ရုံနှင့် လင်စန်းရှင်းတို့မှာ သရဲမြင်လိုက်ရသည့်အလား ငေးကြည့်နေကြရ၏။

သူတို့တင်မကပေ… မနက်စောစော အိမ်သာလာတက်သည့် တခြားလူများလည်း ရှီကျန့်ရှန်းကို အံ့ဩတကြီး စိုက်ကြည့်နေကြမိလေသည်။

သူတို့မိသားစုနှစ်ခုမှာ မတည့်ကြကြောင်း လူတိုင်းသိနေသည့်အတွက် ဤသည်မှာ တကယ့်ကို ထူးဆန်းတဲ့ကိစ္စဖြစ်နေ၏။

သေစမ်း… နေလည်း အရှေ့ဘက်ကပဲ ထွက်နေတာပါ…

အဘွားကြီးတစ်ယောက် ဘယ်တုန်းကများ ကိုယ်ချင်းစာတတ်သွားတာလဲ…

သူလည်း ရူးသွားပြီလား…

ရှီကျန့်ရှန်းမှမူ တခြားလူများ ဘယ်လိုထင်ထင် ဂရုမစိုက်ဘဲ အိမ်သာထဲကို အမြန်ဝင်သွား၏။

နင်တို့ဘာသိလို့လဲ… လင်းကျန့်ဝမ်က သရဲဖြစ်နေတာဟဲ့…

ရှီကျန့်ရှန်းမှာ ငတုံးငအ အမျိုးအသားမဟုတ်ပေ… သူမနှင့်သူမအမျိုးသား ရွှီကောင်းမင်သည် ဤဝင်းထဲတွင် လူရည်လည်ဆုံး သူများထဲတွင် ပါဝင်လေသည်။ ဇနီးမောင်နှံနှစ်ယောက်လုံး မနေ့ညမှ အခြေအနေကို တစ်ညလုံး သုံးသပ်ပြီးတဲ့နောက် သူတို့မှာ သရဲတစ္ဆေများကို မယှဉ်နိုင်သည့်အပြင် ထိုသို့စွမ်းအားမျိုးလည်း မရှိကြောင်း ကောက်ချက်ချလိုက်ကြ၏။ ထို့ကြောင့် အေးအေးဆေးဆေး လိမ်လိမ်မာမာ နေခြင်းသည်သာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်အောင် ကာကွယ်နိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း တွေးလိုက်ကြသည်။

မဟုတ်ရင် လီတာ့ရှန်းလို အခြေအနေမျိုးဖြစ်သွားရင် တကယ် ဒုက္ခရောက်ကုန်ပါလိမ့်မယ်…

အမယ်လေး မစင်ကျင်းထဲတော့ မဆင်းနိုင်ပါဘူး…

အတွေ့အကြုံ ရင့်ကျက် လူရည်လည်လှသော ရွှီကောင်းမင်သည် မနေ့ညက ရှီကျန့်ရှန်းအတွက် အခြေအနေများကို ခွဲခြမ်းစိတ်ဖြာပေးခဲ့၏။ လီတာ့ရှန်းအလုပ်ရုံမှ ထွက်သွားရဖို့ အလားအလာများနေကြောင်း သူယူဆထားပြီး တခြားအလုပ်ရုံကို ပြောင်းရဖို့မှာမူ မဖြစ်နိုင်သလောက်ပင်။ အဖြစ်နိုင်ဆုံးမှာ ဝင်းထဲတွင် တံမြက်စည်းလှည်းခြင်း သို့တည်းမဟုတ် အိမ်သာဆေးခြင်းကဲ့သို့ တခြားအလုပ်များ ခိုင်းစေခံရဖို့ပင်။

တကယ်ပါပဲ...

ရွှီကောင်းမင် ကိုယ်တိုင်ပင် အခြေအနေကို သုံးသပ်မိပြီး သက်ပြင်းချလိုက်မိလေသည်။

သိက္ခာရှိတဲ့ ပေကျင်းက ယောကျ်ားတစ်ယောက်က တကယ်ပဲ အဲ့ဒီလိုအလုပ်မျိုး လုပ်နိုင်ပါ့မလား...

သိက္ခာဆိုတာ မရှိတော့ဘူးလား...

ထိုသို့ တွေးမိရုံဖြင့် သူကိုယ်၌ပင် ရှက်စိတ်ဝင်မိ၏။

တစ်ခါက အလုပ်ရုံအတွင်းဝယ် လူအများ၏ ရိုသေလေးစားမှုကို ခံယူခဲ့ရသော ဝါရင့်အလုပ်သမား တစ်ဦးဖြစ်ခဲ့သော်ငြား ယခုမူ သူ၏ဘဝမှာ နိမ့်ပါးလှသော အခြေအနေသို့ ထိုးဆင်းသွားခဲ့ရလေပြီ။ ထိုအခြေအနေကို သင်ခန်းစာယူလျက် ရွှီကောင်းမင်သည် မိမိ၏မိသားစုအနေဖြင့် နောင်နောင်တွင် ပိုမိုရိုးသားပွင့်လင်းစွာ နေထိုင်သွားရန်နှင့် အရာရာကို သတိကြီးစွာထား၍ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်မိသည်။ အထူးသဖြင့် ယောက္ခမနှင့် ချွေးမဖြစ်ကြသော အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့အပေါ်တွင် ယခင်ထက် ပိုမိုယဉ်ကျေးပျူငှာစွာ ဆက်ဆံသွားရန်မှာ သူ၏ဘဝအတွက် မရှိမဖြစ်လိုအပ်သော အပြောင်းအလဲတစ်ခု ဖြစ်နေကြောင်းကိုလည်း ကောင်းစွာနားလည် သဘောပေါက်သွားခဲ့၏။

"ငါတို့ လုံးဝ ပြဿနာမရှာလို့မဖြစ်ဘူး၊ ငါတို့ နောက်ဆက်တွဲကို မတတ်နိုင်ဘူး။"

ထို့ကြောင့် ယနေ့တွင် ရှီကျန့်ရှန်းမှာ ချန်ချင်းယွီကို မျက်နှာချိုသွေးနေရခြင်းပင်။

ချန်ချင်းယွီမှာ ကြောက်စရာမကောင်းသော်လည်း ကြောက်စရာကောင်းသည်မှာ မမြင်ရသည့် အရာကြီးမှ တစ်ခုခုတုံ့ပြန်လာမည်ကိုပင်။

ရှီကျန့်ရှန်း၏ ပြောင်းလဲသွားသော သဘောထားကို မြင်သောအခါ လူတိုင်းမှာ နေရာဒေသအလိုက် အရောင်ပြောင်းတတ်သော ပုတ်သင်ညိုများမှာ ထိုအဘွားကြီးနှင့် တူလှသည်ဟု မှတ်ချက်ချလိုက်မိကြသည်။

ကျောက်ရုံသည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် အိမ်ပြန်လမ်းသို့ တစ်ကိုယ်တည်း ခြေလှမ်းလှည့်ခဲ့လေသည်။ မနေ့ညက တစ်ညလုံး အိပ်စက်ခြင်းမရှိခဲ့သဖြင့် ပင်ပန်းနွမ်းနယ်နေသော်လည်း သူမ၏ စိတ်အာရုံထဲတွင်မူ ချန်ချင်းယွီနှင့် ယောက္ခမဖြစ်သူတို့၏ ဆက်ဆံရေး သို့မဟုတ် လင်းကျန့်ဝမ်၏ အကြောင်းအရာများမှာ အမှုထားစရာ ကိစ္စများ မဟုတ်ခဲ့ပေ။ သူမအား အမှန်တကယ် စိတ်အနှောင့်အယှက် ပေးနေသည်မှာ မိမိကိုယ်ပိုင် မိသားစု၏ အရေးကိစ္စများသာ ဖြစ်၏။

အလုပ်သမား ဝန်ထမ်းအသစ်ခေါ်ယူမည့် စာမေးပွဲဖြေဆိုရန် ရက်ပိုင်းမျှသာ လိုတော့သည့်အတွက် မိမိ၏သမီးကို မြို့ပေါ်၌ပင် အခြေချနေထိုင်စေလိုသော ဆန္ဒမှာ ပြင်းပြလျက်ရှိသည်။ သို့သော်လည်း ချန်ချင်းယွီတို့ မိသားစု၏ ဆူပူသောင်းကျန်းမှုများကြောင့် လူအများမှာ ဤစာမေးပွဲအပေါ် အထူးတလည် အာရုံစိုက် စောင့်ကြည့်နေကြပြီဖြစ်၏။ အကယ်၍ စက်ရုံဘက်မှသာ လုပ်ထုံးလုပ်နည်းအတိုင်း တရားမျှတစွာ တိတိကျကျ ဆောင်ရွက်ခဲ့ပါမူ သူမ၏သမီးမှာ စာမေးပွဲရှုံးနိမ့်၍ မြို့ပေါ်တွင် ဆက်လက်နေထိုင်ခွင့် ဆုံးရှုံးသွားလေမလားဟူသော စိုးရိမ်စိတ်တို့မှာ သူမ၏ ရင်ထဲတွင် အတောမသတ်နိုင်အောင် ဖြစ်ပေါ်နေတော့သည်။

သူ့သမီးကို ကျေးလက်ကို လုံးဝ အပို့မခံနိုင်ဘူး…

အတိတ်တွင် အတန်းဖော်ဟောင်း ရှန့်ရှန့်သည် သူမ၏ သမီးဖြစ်သူအတွက် အရာရာကို စီမံပေးထားပြီးဖြစ်ကြောင်း၊ မိမိ၏ ကျယ်ပြန့်လှသော လူမှုဆက်ဆံရေးကွန်ရက်ကို အသုံးချ၍ စက်ရုံ၏ ယာယီအသံလွှင့်သူအလုပ်ကို ရရှိစေရန် အာမခံချက် ပေးခဲ့ဖူး၏။ သို့သော်လည်း ယွမ်ရှောင်ချွေ၏ ဖျက်လိုဖျက်ဆီး လုပ်ရပ်များကြောင့် ထိုမျှော်လင့်ချက်အလုံးစုံမှာ ပြာပုံအတိ ဖြစ်ခဲ့ရလေပြီ။

ကျောက်ရုံသည် ရှန့်ရှန့်ထံမှ အကူအညီရရှိရန် ခြိမ်းခြောက်စကားဆို၍ အကျပ်ကိုင်ခဲ့ရသော်လည်း ထိုလုပ်ရပ်ကပင် သူမအား အကူအညီမဲ့စေခဲ့ရုံမျှမက ပတ်ဝန်းကျင်၌ ရန်သူဝိုင်းစေရန် ဖန်တီးပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။

အကျိုးဆက်အနေဖြင့် ရှန့်ရှန့်နှင့် သူမ၏ သံယောဇဉ်မှာလည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ရသဖြင့် နောင်တွင် မည်သည့်အကူအညီမျှ ရတော့မည်မဟုတ်သည်မှာ ဧကန်မလွဲပင်။

စက်ရုံတွင်း၌ နှစ်ရှည်လများ ကျင်လည်ခဲ့သော်လည်း ကျောက်ရုံသည် ပါတီအတွင်းရေးမှူးကျန်း၊သူ၏နောက်လိုက်အုပ်စုများနှင့် လုံးဝအဆက်အသွယ်မရှိခဲ့ပေ။ ထိုသူတို့သည် စက်ရုံအတွင်း၌ လူတော်လူကောင်းများအလား ဟန်ဆောင်နေထိုင်ကြပြီး ကွယ်ရာ၌ ယုတ်ညံ့သော နည်းလမ်းပေါင်းစုံကို အသုံးပြုနေကြသည်ကို သူမ လုံးဝမသိရှိခဲ့ပေ။ ယခုအချိန်၌ သူမကိုယ်တိုင် ထိုသူတို့ထံ သွားရောက်တွေ့ဆုံရန် ကြိုးစားလျှင်ပင် အရာရောက်မည်မဟုတ်ကြောင်း သူမ ကောင်းစွာနားလည်ထား၏။ ဖြေရှင်းမရသော ပြဿနာများ သူမ၏ရှေ့မှောက်၌ တောင်ပုံရာပုံ ရှိနေခြင်းကြောင့် ခေါင်းခဲစရာ ကိစ္စရပ်များမှာ အတောမသတ်နိုင်အောင် ဖြစ်နေလေတော့သည်။

သမီးဖြစ်သူ၏ အနာဂတ်အလုပ်အကိုင်မှာလည်း ဝေဝါးနေဆဲဖြစ်ပြီး ယွမ်ရှောင်ချွေ၏ ပြဿနာကိုလည်း မည်သို့ကိုင်တွယ်ရမည်ကို မသိနိုင်သေးပေ။

ယွမ်ရှောင်ချွေနှင့် ကျန်းရှင်းဖှတို့ကို လက်စားချေရန် ကြံစည်ထားသော်လည်း ကျန်းရှင်းဖှ ဆေးရုံတက်နေသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်ရာ လက်တွေ့အကောင်အထည်ဖော်ရန် အခွင့်အရေးမှာလည်း ဝေးကွာနေဆဲပင်။ မည်သည့်ကိစ္စမျှ အဆင်မပြေဘဲ လွဲချော်နေရခြင်းကြောင့် ကျောက်ရုံ၏ စိတ်နှလုံးမှာ လေးလံပင်ပန်းနေရ၏။

တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော စာမေးပွဲဆိုသည်မှာ သူမအတွက်တော့ ကျိန်စာတစ်ခုသဖွယ် ဖြစ်နေလေသည်။

သမီးဖြစ်သူမှာ စာပေထူးချွန်သော်ငြားလည်း ထောင်နှင့်ချီသော လျှောက်ထားသူများထဲမှ အယောက် ၈၀ သာ ရွေးချယ်မည့် ပြိုင်ပွဲတွင် ကျိန်းသေပေါက် အောင်မြင်မည်ဟု ယုံကြည်ရန်မှာ ခဲယဉ်းလှ၏။ ကျောက်ရုံသည် ခေါင်းကို နှိပ်နယ်လျက် စိတ်ပျက်လက်ပျက် အိမ်သို့ပြန်လာခဲ့စဉ် ဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အိုးခွက်ပန်းကန်သံများမှာ သူမ၏ စိတ်မရှည်မှုကို ပိုမိုမီးထိုးပေးနေသကဲ့သို့ ရှိနေသည်။

မကြာသေးမီကပင် ယွမ်ရှောင်ချွေမှာ အိမ်မှုကိစ္စများကို လျစ်လျူရှုကာ ထမင်းမချက်ဘဲ သပိတ်မှောက်နေခြင်းကြောင့် ကျောက်ရုံ၏ ရင်ထဲ၌ ထိုကောင်မလေးအပေါ် အငြိုးအတေးတို့ တဖွားဖွား ပေါ်ပေါက်လာရ၏။

"တကယ်ကို ယုတ်မာလိုက်တဲ့ ကောင်မစုတ်..."

ကျောက်ရုံ တံတွေးတစ်ချက် ထွေးလိုက်မိသည်။

သူမသည် ယွမ်ရှောင်ချွေ၏ အခန်းတံခါးကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေမိ၏။ အမှန်စင်စစ် သူတို့အိမ်တွင် အခန်းသုံးခန်းသာ ရှိသော်လည်း ယွမ်ရှောင်ချွေမှာ ကျေးလက်မှ လာသူဖြစ်သောကြောင့် မျက်နှာလိုက်သည်ဟု အပြောမခံရစေရန် ဟောက်ဖုန်း၏ အခန်းထဲတွင် အခန်းငယ်တစ်ခုကို သီးသန့်ကန့်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုအခန်းငယ်မှာ ကျဉ်းမြောင်းလှသော်လည်း သူမမှာ ယွမ်ရှောင်ချွေအပေါ် စေတနာထား၍ ကောင်းမွန်စွာ ဆက်ဆံခဲ့သည်ဟု မိမိကိုယ်ကို ယူဆထား၏။ သို့သော်လည်း ထိုမိန်းကလေးမှာ ကျေးဇူးတရားကို နားမလည်ဘဲ အသေးအဖွဲ အိမ်မှုကိစ္စလေးကိုပင် အပင်ပန်းမခံလိုကာ အတ္တကြီးလွန်းလှသည်ဟု သူမ မြင်မိလေသည်။

အရမ်းအတ္တကြီးတာပဲ… သူ့အမေဆီက ဘာဆိုဘာမှ သင်ယူမလာဘူး…

ကျောက်ရုံနှင့် ယွမ်ဟောက်မင်၏ ပထမဇနီးသည်တို့မှာ တစ်ချိန်က အချစ်ပြိုင်ဘက်များ ဖြစ်ခဲ့ကြသော်လည်း ကျောက်ရုံ၏ စိတ်ထဲတွင်မူ ထိုအမျိုးသမီးအား "လူကောင်းတစ်ယောက်" ဟု ယနေ့တိုင် အသိအမှတ်ပြုထားဆဲ ဖြစ်၏။

ထိုအမျိုးသမီးသည် ဆယ်ကျော်သက် အရွယ်၌ ယွမ်မိသားစုအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အလုပ်အကျွေး ပြုခဲ့သူဖြစ်သည်။ မိမိ၏ ခင်ပွန်း ပညာသင်ကြားနိုင်ရန်အတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်ကျွေးမွေးခဲ့ရုံမျှမက လယ်ယာလုပ်ငန်းနှင့် ယောက္ခမများအရေးကိုပါ တစ်ဦးတည်း ဒိုင်ခံထမ်းရွက်ခဲ့သည့် တကယ့်ကိုယ်ကျိုးစွန့် အမျိုးသမီးတစ်ဦးပင် ဖြစ်၏။

နောက်ပိုင်းတွင် ယွမ်ဟောက်မင် ကျောက်ရုံအား မေတ္တာသက်ဝင်သွားသည့်အခါ၌လည်း ထိုအမျိုးသမီးသည် မိမိကိုယ်မိမိ နိမ့်ကျသူဟု နှိမ့်ချစွာ ခံယူလျက် အေးချမ်းစွာပင် လမ်းခွဲပေးခဲ့သည်။ ဥပဒေအရ "ကွာရှင်း" ပေးခဲ့သော်လည်း မိသားစုအိမ်မှ ထွက်မသွားဘဲ လူကြီးနှစ်ဦး ကွယ်လွန်သည့်တိုင်အောင် သစ္စာရှိစွာ ပြုစုစောင့်ရှောက်ပေးခဲ့၏။

လူကြီးများ၏ နောက်ဆုံးခရီး အသုဘကိစ္စအဝဝကိုလည်း သူမကသာ တာဝန်ယူ စီစဉ်ပေးခဲ့သဖြင့် ကျောက်ရုံအနေဖြင့် ယောက္ခမများအတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ ထမ်းဆောင်ခဲ့ရခြင်း မရှိပေ။

ထို့ပြင် ကျေးလက်တွင် ကြက်မွေးမြူလျက် မြို့ပေါ်ရှိ ကျောက်ရုံတို့ မိသားစုထံသို့ လစဉ်မပြတ် ကြက်ဥများ ပို့ဆောင်ပေးလေ့ရှိသည်။ ကျောက်ရုံ ဟောက်ဖုန်းကို ဖွားမြင်၍ မီးနေချိန်၌ပင် ထိုအမျိုးသမီးသည် ကြက်ဥများစွာ စုဆောင်းပေးခဲ့ရုံမျှမက အသားဟင်းများပင် ဝယ်ယူကျွေးမွေးခဲ့သေး၏။ နှစ်စဉ် ရိတ်သိမ်းချိန် ရောက်တိုင်းတွင်လည်း ဆန်သစ်၊ ပဲသစ်နှင့် ကောက်ပဲသီးနှံများကို တစ်ပါတည်း ပို့ဆောင်ပေးတတ်သည့် အလွန်ဝီရိယရှိသော အမျိုးသမီးဖြစ်သည်။

ကျောက်ရုံသည် ထိုအမျိုးသမီးအပေါ် အမြဲတစေ အကောင်းမြင်သော စိတ်ရှိခဲ့၏။ ထို့ကြောင့်ပင် ယွမ်ရှောင်ချွေသည်လည်း သူမ၏ မိခင်ကဲ့သို့ပင် စိတ်သဘောထားကောင်းပြီး လုပ်ရည်ကိုင်ရည် ရှိလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင်မူ လုံးဝဆန့်ကျင်ဘက် ဖြစ်နေလေတော့သည်။ ယွမ်ရှောင်ချွေထံတွင် မည်သည့်အရည်အချင်းကောင်းမျှ ပါမလာဘဲ ပညာမတတ်သော တောသူမတစ်ဦးဖြစ်သည့်အလျောက် မိခင်ဖြစ်သူကဲ့သို့ အလုပ်ကြိုးစားလိုစိတ်နှင့် ဝီရိယမျိုးလည်း မရှိပေ။

ကျောက်ရုံသည် ယွမ်ရှောင်ချွေ၏ အခန်းတံခါးကို အပေါက်ပေါက်ထွက်မတတ် ရန်လိုစွာ စိုက်ကြည့်နေမိ၏။

"ဒီလို ကျေးဇူးကန်းတဲ့ သတ္တဝါကို ကျွေးမွေးပြုစုဖို့ ငါ့ပိုက်ဆံတွေ အလဟဿ ဖြုန်းတီးမိခဲ့ပြီ"

"မေမေ..."

ထိုစဉ် ဟောက်ရွှယ်သည် အိပ်ရာမှနိုး၍ အပြင်သို့ ထွက်လာရာ တံခါးဝ၌ပင် မိခင်ဖြစ်သူ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များနှင့် တည့်တည့်တိုးပြီး ထိတ်လန့်တုန်လှုပ်သွားလေတော့သည်။

ကျောက်ရုံ ချက်ချင်းပင်

"ဘာလို့ ဒီလောက်စောစော ထလာတာလဲ၊ နောက်ထပ် ခဏလောက် အိပ်ပါဦး။ စာကို အာရုံစိုက်နိုင်ဖို့နဲ့ စိတ်မလေဖို့က အားအင်ပြည့်ဝနေမှ ဖြစ်မှာ။ စာမေးပွဲက ရက်ပိုင်းပဲ လိုတော့တာဆိုတော့ သမီး အစွမ်းကုန် ကြိုးစားရမယ်နော်"

ဟောက်ရွှယ်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီးနောက် ခေါင်းညိတ်ပြကာ

"သမီးသိပါတယ် မေမေ၊ အစွမ်းကုန် ကြိုးစားမှာပါ"

သူမသည် မိခင်ဖြစ်သူကို အကဲခတ်သလို ကြည့်ရင်း

"မေမေ... သမီး တကယ်ပဲ စာမေးပွဲအောင်ပါ့မလားဟင်... လျှောက်တဲ့သူတွေကလည်း အများကြီးဆိုတော့ သမီး တကယ် စိတ်လှုပ်ရှားနေမိတယ်။ အကယ်၍... အကယ်၍ သမီးသာ စာမေးပွဲကျသွားရင် ကျေးလက်ကို ဆင်းရတော့မှာ မဟုတ်လားဟင်... တကယ်တော့ သမီးက ကျေးလက်ဆင်းရမှာကို မကြောက်ပါဘူး၊ ဒါပေမဲ့ မေမေနဲ့ ခွဲရမှာကို မလိုလားတာ။ မေမေ့နားမှာ နေပြီး မေမေ့ကို မပြုစုပေးနိုင်မှာကိုပဲ စိုးရိမ်တာပါ..."

"ဘာတွေ လျှောက်ပြောနေတာလဲ... မေမေ သမီးကို ကျေးလက်ထဲ လုံးဝ အပို့မခံနိုင်ဘူး”

ဟောက်ရွှယ် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး

"မေမေ့ကို အခက်တွေ့အောင် မလုပ်ချင်ဘူး..."

ကျောက်ရုံ : "အခက်တွေ့စရာ ဘာမှမရှိဘူး။ ငါက သမီးရဲ့ အမေပဲ၊ သမီးအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစားပေးရမှာပေါ့။"

ဟောက်ရွှယ် : "မေမေက အကောင်းဆုံးပဲ။"

သူမသည် ကျောက်ရုံ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ပြောလိုက်၏။

"လောကမှာ မေမေတစ်ယောက်ပဲ အကောင်းဆုံးရှိတာ၊ အမေရှိတဲ့ ကလေးက ရတနာတစ်ခုလိုပဲ”

ကျောက်ရုံ သမီးဖြစ်သူ၏ ကျောပြင်ကို ပုတ်ပေးရင်း ကတိပေးလိုက်လေသည်။

"စိတ်မပူပါနဲ့၊ သမီး မြို့မှာ ဆက်နေနိုင်ဖို့ မေမေ ကျိန်းသေပေါက် ကူညီမှာပါ"

ဟောက်ရွှယ် ခေါင်းညိတ်ပြပြီးနောက် လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်၏။

"အစ်ကိုမာကျန်းကတော့ တကယ့်ကို ကံကောင်းတာပဲ။ သူ ကျေးလက်ဆင်းသွားတာ ကြာပြီဖြစ်သလို အိမ်ထောင်စုစာရင်းပါ ထွက်သွားပြီးပြီကို အခုလို မြန်မြန်ဆန်ဆန် ပြန်လာနိုင်တာ… သူက အလုပ်နေရာကို ဆက်ခံဖို့ ပြန်လာနိုင်လိမ့်မယ်လို့ သမီး တကယ် မထင်ထားဘူး။"

ထိုအကြောင်းကို ပြောလိုက်သောအခါ ကျောက်ရုံလည်း စိတ်မသက်မသာ ဖြစ်သွားရသည်။ သူတို့အားလုံးမှာ ပူပန်နေကြရချိန်တွင် ထိုအကောင် မာကျန့်ယီသည် အဆက်အသွယ်ကောင်းများ ရှိနေပါလျက်နှင့် ဘာမှ မဟခဲ့ချေ။ နှမြောစရာကောင်းသည်မှာ သူတို့မိသားစုသည် တစ်ခါက မာကျန့်ယီကို ထမင်းဖိတ်ကျွေးခဲ့ဖူးပြီး သူသည်ကား တစ်ခွန်းမှ မပြောဘဲ အလကား စားသွားခဲ့ခြင်းပင်။

စစ်တပ်နောက် လိုက်သွားမည့် အမျိုးသမီးရဲဘော်၏ ကိစ္စမှာ နောက်ဆုံးမိနစ်မှ ဆုံးဖြတ်လိုက်ခြင်းမျိုး မဟုတ်ဘဲ ကြိုတင်စီစဉ်ထားပြီးသား ဖြစ်ရမည်ဟု သူမ ယုံကြည်နေ၏။ မာကျန်းပြန်လာခြင်းမှာ စက်ရုံစာမေးပွဲအတွက် မဟုတ်ဘဲ အလုပ်နေရာကို ဆက်ခံရန်သာ ဖြစ်သည်။ ၎င်းကို "ဆက်ခံခြင်း" ဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင် အလုပ်နေရာကို ရောင်းချခြင်းသာ ဖြစ်ကြောင်း လူတိုင်း သိကြ၏။

သို့သော်လည်း အလုပ်နေရာကို ပိုက်ဆံယူ၍ ရောင်းချသည်ဟု ဝန်မခံသရွေ့၊ အမျိုးတော်သူများအချင်းချင်း လွှဲပြောင်းပေးခြင်းဟုသာ သတ်မှတ်ကြပြီး ဘယ်သူမှ ဘာမှ မတတ်နိုင်ချေ။

အပြင်လူများတွင်လည်း အထောက်အထား မရှိကြပေ။

ထို့ပြင် လူအများအပြားမှာလည်း ဤသို့ပင် လုပ်ဆောင်နေကြသဖြင့် စုံစမ်းစစ်ဆေးခံရမည် မဟုတ်ဘဲ "ဆွေမျိုး" ဟု အကြောင်းပြချက် ပေးထားခြင်းမှာ အကာအကွယ် တစ်ခုသာ ဖြစ်သည်။

ထို့ကြောင့်ပင် ကျောက်ရုံက ဒေါသထွက်နေရခြင်းဖြစ်၏။ ထိုကဲ့သို့သော အခွင့်အရေးမျိုး ရှိနေသည်ကို မာကျန့်ယီမှာ သူတို့မိသားစုကို အဘယ်ကြောင့် မပြောပြခဲ့သနည်း… သမီးဖြစ်သူ မြို့မှာ ဆက်နေနိုင်ရန် ဇနီးမောင်နှံနှစ်ဦးလုံး မည်သို့ လုံးပန်းနေရသည်ကို သူ မြင်နေခဲ့သည် မဟုတ်လော့။

အမြဲတမ်း ဝန်ထမ်းအလုပ်ကို မာကျန်းမှာ ထိုသို့ လွယ်လွယ်ကူကူ ရသွားခဲ့သည်။

ဒါဟာ တကယ့်ကို မတရားတာပဲ…

သူ့သမီးက မိန်းကလေးဆိုတော့ ဆရာမလုပ်ရရင် အကောင်းဆုံးပေါ့…

သူတို့က ယာယီဝန်ထမ်း နေရာအတွက်တောင် ရုန်းကန်နေရချိန်တွင် မာကျန်းက အမြဲတမ်းဝန်ထမ်း ဖြစ်နေပြီ…

တောက်… သောက်အဘိုးကြီး မာကျန့်ယီ.. သေခါနီးကြီး..

အကယ်၍သာ စောစောသိခဲ့လျှင် သူမတို့ဘက်မှ ထိုနေရာကို ဝယ်ယူနိုင်ခဲ့မည်သာ…

မာကျန်းမှာ ရွာထဲ၌လည်း အလုပ်မရှိသည် မဟုတ်ပေ၊ ကျေးလက် ဆင်းသွားပြီးသား ယောင်္ကျားလေးတစ်ယောက်မှာ အဘယ်ကြောင့် ပြန်လာရသနည်း…

ဘာကြောင့်လဲ…

ယောင်္ကျားလေးတစ်ယောက် တောထဲမှာ နေရတာ ဘာမှ အဆန်းမဟုတ်တာ…

သူတို့မိသားစုကိုကျ ဘာလို့ ဒီအခွင့်အရေး မပေးခဲ့တာလဲ…

ကျောက်ရုံ : "သူ့မိသားစုက အတ္တကြီးတဲ့သူတွေချည်းပဲ။ အမေ့အထင်တော့ သူတို့ ဒါကို ကြိုသိနေကြတာ၊ ဒါပေမဲ့ ကိုယ့်အတွက်ကိုယ်ပဲ သိမ်းထားကြတာလေ။ ဝင်းထဲမှာလည်း သူတို့ကပဲ အုပ်ချုပ်ချင်နေသေးတယ်။ အစွန်းရောက်အောင်ကို အတ္တကြီးလွန်းကြတာ။"

သူမ အံကြိတ်ရင်း ပြောလိုက်သည်။

ဟောက်ရွှယ် : "မေမေ... စိတ်မကောင်းမဖြစ်ပါနဲ့။ သမီးတို့မိသားစုမှာ သူတို့လို အဆက်အသွယ်တွေမှ မရှိတာ၊ ဒါပဲ တတ်နိုင်တာပေါ့။ ယာယီဝန်ထမ်း... စာမေးပွဲအောင်တဲ့ ယာယီဝန်ထမ်းက မြို့မှာ ဆက်နေနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။ သမီး အစွမ်းကုန် ကြိုးစားပါ့မယ်။"

"သမီးလေး ဒုက္ခရောက်ရတာပဲ။"

ဟောက်ရွှယ် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး …

"ဒါက မပင်ပန်းပါဘူး။ တကယ်တော့ သမီး ကျေးလက်ဆင်းရမှာကို မကြောက်ပါဘူး။ ပိုမိုကောင်းမွန်တဲ့ ကျေးလက်ဒေသကို တည်ဆောက်ဖို့ဆိုတာ လူငယ်တစ်ယောက်အနေနဲ့ သမီးရဲ့ တာဝန်ပဲလေ။ ဒါပေမဲ့ ထွက်သွားပြီးရင် မေမေ့ကို နေ့တိုင်း မမြင်ရတော့မှာကို တွေးမိရင်တော့ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်..."

"ဘာ 'ပိုမိုကောင်းမွန်တဲ့ ကျေးလက်ဒေသကို တည်ဆောက်တာ' လဲ... အဲ့ဒါသာ လွယ်ရင် မာကျန်းက ရွာဆင်းသွားပြီး တစ်ပတ်ကျော်ရုံလေးနဲ့ ပြန်လာဖို့ ဒူးထောက်ငိုယိုပါ့မလား... သူသာ ပြန်မလာနိုင်ရင် သူများအိမ်မှာ ကပ်စားနေရတဲ့ဘဝပဲ ရောက်သွားမှာ။ အဲ့ဒါက လွယ်တဲ့အလုပ် မဟုတ်ဘူး။ သမီး ဝေဝေဝါးဝါး ဖြစ်မနေနဲ့။ မေမေ သမီးအတွက် နည်းလမ်းတစ်ခု စဉ်းစားပေးမယ်။ သမီး မြို့မှာပဲ ကျိန်းသေနေရမယ်။"

သူမသည် အတွေးနက်သွားလေတော့၏။

အဓိကအားဖြင့် သူမသည် ယွမ်ရှောင်ချွေကို သုံးပြီး တခြားလူတွေကို "မျက်နှာလုပ်" ချင်နေခြင်း ဖြစ်

သော်လည်း ယွမ်ရှောင်ချွေမှာ ထူးထူးခြားခြား လှပမနေသည့်အပြင် လူအများကိုလည်း သွား၍ စော်ကားမိထားသဖြင့် ဤနည်းလမ်းမှာ မဖြစ်နိုင်တော့ချေ။

သူမသည် ချန်ချင်းယွီကိုပါ အသုံးချရန် စိတ်ကူးရှိသော်လည်း ချန်ချင်းယွီသည် တကယ့်ကို ခေါင်းမာလွန်းသူ ဖြစ်သည်။ အပြင်ပန်းတွင် နူးညံ့ပုံရသော်လည်း လင်းကျန့်ဝမ်အပေါ်တွင်သာ စိတ်အပြည့်ရှိနေသူ ဖြစ်၏။ ထိုသို့သောသူမျိုးကို ကိုင်တွယ်ရန်မှာ အလွန်ခက်ခဲသည့်အပြင် သူမ၏ ယောက္ခမမှာလည်း ပို၍ ကြောက်စရာကောင်းနေသေးသည်။

အကယ်၍ ထိုအတားအဆီးများကို ကျော်လွှားနိုင်လျှင်ပင် သူတို့မိသားစု၏ မကြာသေးမီက ပြဿနာများကြောင့် လူတိုင်းစောင့်ကြည့်နေကြသဖြင့် သူမအနေဖြင့် မဆင်မခြင် မလှုပ်ရှားရဲချေ။

ချန်ချင်းယွီဘက်သည်လည်း မဖြစ်နိုင်တော့ပေ။

ဘယ်လိုပဲ စဉ်းစားစဉ်းစား အဆင်မပြေနိုင်ဘူး…

ကျောက်ရုံသည် သူမကိုယ်တိုင်ပင် အသုံးချခံရန် ဆန္ဒရှိမိသော်လည်း ကံဆိုးသည်မှာ သူမမှာ အသက်ကြီးနေပြီး ကလေးများစွာ ရှိနေခြင်းပင်။ သူမ လိုလားလျှင်ပင် တစ်ဖက်က လက်ခံမည်မဟုတ်ချေ။

ထိုသူတို့များမှာ ဘဝအဆင့်အတန်းကောင်းကောင်းဖြင့် နေသားကျနေသူများချည်းသာ…

သူမကိုယ်တိုင် လုပ်ရန်မှာလည်း မဖြစ်နိုင်ပေ…

ဟောက်ရွှယ်ကိုပဲ ရှေ့တန်းတင်ရတော့မည်လား…

ကျောက်ရုံ အတွေးနက်သွားပြန်၏။ ယာယီအလုပ်တစ်ခုအတွက်နှင့် သမီးဖြစ်သူကို စတေးရန်မှာ သူမ မရက်စက်နိုင်ကာ ထိုက်တန်သည်ဟုလည်း မယူဆချေ။ သမီးဖြစ်သူမှာ အရာရှိမိသားစုထဲသို့ ဝင်နိုင်မည့် အရည်အချင်းရှိသည်ဟု သူမ ယုံကြည်ထားသည်။ သမီးအတွက် ကြီးကျယ်သော အစီအစဉ်များလည်း သူမတွင် ရှိ၏။

သူမ၏ သမီးတွင်လည်း ကြီးမားသော ရည်မှန်းချက်များ ရှိသည်ဟု သူမ ယုံကြည်သည်…

အကယ်၍သာ ဤလမ်းကို ရွေးလိုက်လျှင် အလဟဿ ဖြစ်သွားပေလိမ့်မည်။

ရှန့်ရှန့်၏ ဂုဏ်သရေရှိသော အသွင်အပြင်ကို ကြည့်ပြီး အထင်ကြီးလျှင် မှားသွားမည်သာ… အတွင်းသိသူများမှာ သူမကို အထင်သေးကြ၏။ ထို့ပြင် သူမသည် အိမ်ထောင်ပြု၍ မရတော့သဖြင့် ဘာအနာဂတ် ရှိတော့မည်နည်း…

မဟုတ်သေးဘူး၊ ဒါလည်း အဆင်မပြေဘူး…

ကျောက်ရုံ : "ကဲ... စာဖတ်ဖို့ ပြန်သွားတော့။ မေမေ မနက်စာ လုပ်ပေးမယ်။ အလုပ်ကိစ္စကို စိတ်မပူနဲ့။"

ဟောက်ရွှယ် လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်ပြီး အထဲဝင်သွားသည်။

သူတို့နှစ်ဦး လူခွဲသွားချိန်တွင် တံခါးကို နားကပ်၍ ချောင်းနားထောင်နေသော ယွမ်ရှောင်ချွေမှာ မျက်လုံးအသာလှန်လိုက်ပြီး အိပ်ရာထဲသို့ ပြန်ဝင်ကာ တစ်မှေးအိပ်လိုက်၏။

အိမ်မှုကိစ္စတွေကို ဘယ်သူလုပ်လုပ် ဂရုမစိုက်ဘူး… သူကတော့ လုပ်မှာမဟုတ်ဘူး…

ငါ့ကိုများ ခိုင်းစားချင်တယ်ပေါ့ အိပ်မက်မက်နေလိုက်…

အခန်းထဲသို့ ပြန်ရောက်သောအခါ ယွမ်ဟောက်ရွှယ်သည် စာအုပ်ကို ဖွင့်လိုက်သော်လည်း စာမျက်နှာကိုမူ အကြာကြီးဖွင့်၍ လှန်မကြည့်ဘဲ မျက်မှောင်ကြုတ်လျက် အတွေးလွန်နေလေတော့သည်။

မနက်စောစောအချိန်တွင် မိသားစုအတွင်းရှိ လေထုမှာ အနည်းငယ် တင်းမာနေ၏။

မိသားစုတိုင်း၏ ပျော်ရွှင်မှုများမှာ မတူညီကြကာ ဝမ်းနည်းမှုများမှာလည်း ကွဲပြားကြသည်။

မြို့မှာ ဆက်နေနိုင်ရေးအတွက်သာ အာရုံစိုက်နေသော ကျောက်ရုံနှင့် ဆန့်ကျင်ဘက်အနေဖြင့် ရှီကျန့်ရှန်း၏ မိသားစုမှာမူ ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမ စိတ်မဆိုးအောင် မည်သို့နေရမည်ကိုသာ ပူပန်နေကြ၏။

ဘာကြောင့်လဲဟု မမေးပါနှင့်…အဖြေကတော့ အတူတူပဲ… သူတို့ သရဲကြောက်နေလို့ပါ…

မနေ့ည၌ ဇနီးမောင်နှံနှစ်ဦးလုံး မီးဖွင့်ပြီး တစ်ညလုံး အိပ်ခဲ့ကြရသည်။

သူတို့ သူရဲဘောကြောင်လွန်း၍ မဟုတ်ဘဲ လင်းကျန့်ဝမ် ကွယ်လွန်ပြီးကတည်းက သူတို့ တကယ်ပင် ကံဆိုးမှုများနှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်၏။

ပထမဆုံး ရွှီကောင်းမင် ခြေထောက်နင်းမိ၍ အရိုးကျိုးသည်၊ ထို့နောက် မှိုအဆိပ်သင့်သည်၊ နောက်ပြီး အစာအဆိပ်သင့်သည်... သူတို့အခြေအနေထက် ပိုဆိုးသည်မှာ မရှိတော့ချေ။

ရွှီကောင်းမင်နှင့် ဇနီးသည်မှာ ဈေးပေါ၍ ပုပ်သိုးနေသော အသားများကို ဝယ်မိခြင်းမှာ မိမိအမှားဟု မထင်ဘဲ သရဲခြောက်နေခြင်းသာ ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေကြ၏။ သူတို့ လမ်းမပျောက်သွားခြင်းမှာပင် ကံကောင်းသည်ဟု မှတ်ယူနေကြပြီး မဟုတ်လျှင် သရဲဖမ်းစားသည့် တောထဲရောက်နေသည်ဟု ထင်ကြပေလိမ့်မည်။

ဇနီးမောင်နှံနှစ်ဦးမှာ တိုးတိုးတိတ်တိတ် တိုင်ပင်နေကြပြီး အိမ်မှ မထွက်ခွာမီ ရွှီကောင်းမင် လေးလေးနက်နက် ထပ်မံသတိပေးလိုက်သည်။

"အိမ်မှာရှိနေတုန်း သူတို့အိမ်ကို မျက်ခြေမပြတ် ကြည့်ထားပေး။ သူတို့ အကူအညီလိုရင် သွားကူညီလိုက်။ ကောင်းမှုလုပ်တဲ့အခါ ငါတို့ရဲ့ စေတနာကို ပြဖို့လိုတယ်။ မဟုတ်ရင် သရဲက ငါတို့ကို လာရှာနေရင် ဘယ်လိုလုပ်မလဲ... သူက အရမ်းစွဲလမ်းတတ်တဲ့ ဝိညာဉ်ပဲ၊ သူ့မိသားစုအတွက် တကယ် စိတ်ပူနေမှာ သေချာတယ်။ ငါတို့က ကောင်းကောင်းမွန်မွန် နေပြရင် သူ ငါတို့ရဲ့ ကြိုးစားမှုကို မြင်ပြီး ငါတို့ကို လာနှောင့်ယှက်မှာ မဟုတ်တော့ဘူး။ ငါပြောမယ်... သရဲတွေက လူတွေကို ဒုက္ခပေးတဲ့နေရာမှာ ဆရာကြီးတွေပဲ။ လီတာ့ရှန်းကို ကြည့်ဦး၊ သူက ဒီလိုပြဿနာမျိုး မရှိခဲ့ဘူး၊ ဒါပေမဲ့ အိမ်သာကျင်းထဲကို ထပ်ခါတလဲလဲ ခုန်ချနေတာက လူရယ်စရာကြီး ဖြစ်နေပြီ မဟုတ်လား..."

ရှီကျန့်ရှန်း : "ဒါကို စိတ်မပူပါနဲ့၊ ကျွန်မ နားလည်ပါတယ်..."

သူမ၏ မျက်ဝန်းအစုံမှာ ခိုင်မာပြတ်သားပြီး စိတ်ရင်းမှန်ပုံပေါ်နေကာ အဘွားကြီးကျောက်တို့ မိသားစုအတွက် ဘာမှမဟုတ်သည့် ကိစ္စလေးများမှအစ ကူညီပေးချင်နေ၏။

အတိုချုပ်ပြောရလျှင် သူတို့မိသားစုသည် ပေကျင်းမြို့၏ အကောင်းဆုံး အိမ်နီးချင်းများ ဖြစ်ရပေမည်။

"ငါတို့က အာဏာပိုင်တွေကို မတော်လှန်နိုင်ဘူးလေ၊ သည်းခံပြီးပဲ နေကြတာပေါ့။"

"ရှင် ပြောတဲ့အတိုင်းပဲ နားထောင်ပြီး လုပ်ကြတာပေါ့။"

ရွှီကောင်းမင်မှာ "ဒီနေ့ စက်ရုံမှာတော့ တကယ့်ကို ရုတ်ရုတ်သဲသဲ ဖြစ်တော့မှာပဲ" ဟု တစ်ဦးတည်း ရေရွတ်ရင်း အိမ်မှထွက်လာခဲ့ရာ လမ်းတွင် အဘိုးကြီးကျန်းနှင့် သားဖြစ်သူသာမက၊ ယွမ်ဟောက်မင်တို့နှင့် ဆုံသဖြင့် အတူတူ လမ်းလျှောက်လာခဲ့ကြသည်။ ထိုယောင်္ကျားသားများသည် ပုံမှန်အားဖြင့် အလုပ်သို့ အတူသွားလေ့ရှိကြပြီး ဦးလေးကျန်းနှင့် တခြားသူများမှာ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေကြ၏။ တစ်ဝင်းလုံးတွင် သရဲရှိသည်ဟု ပထမဆုံး စတင်ယုံကြည်သူမှာ ရွှီကောင်းမင်၏ မိသားစုဖြစ်သည်။ သူတို့သည် မကြာသေးမီကပင် ဆုံးရှုံးမှုများစွာနှင့် ကြုံတွေ့နေရသဖြင့် သဘာဝကျစွာပင် ယုံကြည်သွားကြခြင်းဖြစ်၏။

ဒုတိယမြောက် ယုံကြည်နိုင်ခြေ အရှိဆုံးမှာ အဘိုးကြီးကျန်း၏ မိသားစုဖြစ်သည်။ အဘွားကြီးဟွမ်သည် အစောပိုင်း၌ပင် သရဲခြောက်သည်ဟု သံသယရှိနေခဲ့ရာ ယခုအခါတွင်မူ အခိုင်အမာ ယုံကြည်သွားခဲ့လေပြီ…

ကျန်းရှင်းဖှပင်လျှင် ယုံကြည်နေမိ၏။ လင်းကျန့်ဝမ် ကွယ်လွန်ပြီးနောက် သူသည် ထိုမုဆိုးမလေးကို မျက်စိကျခဲ့ရာမှ သူ၏ဘဝမှာ ကံဆိုးမှုများနှင့်သာ ကြုံတွေ့နေရပြီး ရက်ပိုင်းခြားတစ်ခါ ဒုက္ခရောက်နေခဲ့သည်။ သူသည် ဆေးရုံ၏ ပုံမှန်လူနာဖြစ်လာခဲ့ရပြီး သူ၏ ဆေးခွင့်မှတ်တမ်းများမှာလည်း တောင်ပုံရာပုံ ဖြစ်နေပြီဖြစ်ရာ အကယ်၍ သူသာ အမြဲတမ်းဝန်ထမ်း မဟုတ်ခဲ့ပါလျှင် အလုပ်ထုတ်ခံရသည်မှာ ကြာလှပြီဖြစ်၏။ သို့သော်လည်း လွန်ခဲ့သော လပိုင်းအတွင်း သူ၏ လစာများမှာ များစွာအဖြတ်ခံခဲ့ရလေသည်။

ကျန်းရှင်းဖှသည် သူ၏ သွားပြုပြင်သည့် ကိစ္စကို ယနေ့တိုင် မေ့မရသေးဘဲ ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲဖြစ်သည်။

သူ့ကို ရိုက်နှက်ခဲ့သူမှာ ချန်ချင်းယွီဖြစ်မည်ဟု သူခံစားမိသော်လည်း ချန်ချင်းယွီတွင် ထိုမျှလောက် အင်အားမရှိနိုင်ကြောင်း သူကျိန်းသေ သိနေ၏။ ထိုရိုက်ချက်များ၏ ဒဏ်ရာဒဏ်ချက်ကို သူကိုယ်တိုင် အသိဆုံးဖြစ်၏။ ကျန်းရှင်းဖှ၏ အတွေးတွင် ထိုစဉ်က ချန်ချင်းယွီသည် သရဲပူးကပ်ခံထားရခြင်း ဖြစ်နိုင်သည်ဟု တွေးမိလေသည်။

သို့မဟုတ်လျှင်လည်း သရဲတစ္ဆေမှာ သူ့ဘေးနားရှိ ယောင်္ကျားများကို ထိန်းချုပ်ပြီး သူ့ကို ဝိုင်းဝန်းရိုက်နှက်ခိုင်းခြင်းမျိုး ဖြစ်ရမည်။

ဒါပဲ ဖြစ်ရမယ်..

သူ့ကို အသိဉာဏ်မရှိသူလို့များ ထင်နေကြသလား…

မိန်းမတစ်ယောက်က ဒီလောက်ထိ အားမသန်နိုင်ပါဘူး…

လုံးဝ မဖြစ်နိုင်တာ…

ထို့ကြောင့်ပင် သူ ဒဤကိစ္စကို ဆက်ပြီး မလိုက်ရဲတော့ခြင်း ဖြစ်၏။

သူ သေချာစဉ်းစားလေလေ၊ သရဲပုံပြင်မှာ တကယ့်အမှန်တရားဖြစ်သည်ဟု ပို၍ ယုံကြည်လာလေလေပင်။

နေ့ခင်းကြောင်တောင် အချိန်ဖြစ်သော်လည်း သူသည် အတော်လေး ကြောက်လန့်နေမိပြီး တစ်ယောက်တည်း လမ်းမလျှောက်ရဲချေ။ သူသည် ယောင်္ကျားသားတစ်စုကြားထဲတွင် တိုးဝင်လျက် စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

"လောကမှာ တကယ်ပဲ သရဲတွေ ရှိတယ်လို့ မင်းတို့ ထင်လား..."

"သရဲက ဘယ်လိုလုပ် ရှိမှာလဲ... မရှိနိုင်ပါဘူး။"

"ဒါဆိုရင် သရဲမရှိတာ သေချာတာပေါ့။ နေ့ခင်းကြောင်တောင်ကြီးမှာ ဘာသရဲတစ္ဆေလဲ... ဒါတွေက ရှေးရိုးစွဲ အယူသီးမှုတွေပဲ။ အဲ့ဒါတွေကို မယုံကြည်သင့်ဘူး။"

"ဟုတ်တယ်၊ အားလုံးက အတုတွေပဲ၊ ရှေးရိုးစွဲ အယူသီးမှုတွေ။ သရဲဆိုတာ မရှိဘူး၊ ကျိန်းသေကို မရှိတာ။ မင်းက သိပ္ပံပညာကိုပဲ ယုံကြည်ရမယ်။"

လူအများ ကျန်းရှင်းဖှကို ချက်ချင်းပင် ငေါက်ငမ်းလိုက်ကြသည်။

ဒီလိုစကားမျိုးတွေကို လျှောက်မပြောသင့်ဘူး… လက်ပတ်နီတွေ ကြားသွားလို့ လာဖမ်းနေရင် ဘယ်လိုလုပ်မလဲ..

သရဲထက် သူတို့က ပိုကြောက်ဖို့ကောင်းတာ..

ကျန်းရှင်းဖှ နှုတ်ခမ်းကို တွန့်လိုက်ရင်း အားနာဟန်ဖြင့် ပြုံးကာ

"ကျုပ် ဒီအတိုင်း ပြောကြည့်တာပါဗျာ"

သူ ဒီအတိုင်း ပြောကြည့်တာ ဟုတ်

မဟုတ်ဆိုသည်မှာကား ကိုယ်တိုင်သာ သိပေလိမ့်မည်။

အတိုချုပ်ပြောရလျှင် ထိုလူတစ်စုလုံးမှာ အလုပ်သို့သွားရာ လမ်းတစ်လျှောက်လုံး စိတ်ဓာတ်များ ကျဆင်းနေကြ၏။

စက်ရုံတွင်မူ ယနေ့တွင် ဆူညံပွက်လောရိုက်နေသည်။ ရွှီကောင်းမင်နှင့် ကျန်းမိသားစုတို့ သရဲပုံပြင်ကြောင့် ကြောက်လန့်နေကြချိန်တွင် လူအများအပြားမှာ လီတာ့ရှန်းက ဆရာဖြစ်သူဆိုသည့် ဂုဏ်ပုဒ်ကို အသုံးချကာ တပည့်ဖြစ်သူအပေါ် တမင်တကာ ပစ်မှတ်ထား ကြံစည်ခဲ့သည့် ကိစ္စနှင့် အလုပ်ရုံကြီးကြပ်ရေးမှူးက မိမိရာထူးကို အလွဲသုံးစားလုပ်ကာ မမျှတသော အလုပ်တာဝန်များ ပေးအပ်ခဲ့သည့် ကိစ္စကို ဆွေးနွေးနေကြ၏။

လုံခြုံရေးဝန်ထမ်းများမှာ စုံစမ်းစစ်ဆေးရန် အစောကြီး ရောက်ရှိနေကြပြီဖြစ်သည်။

စက်ရုံရှိ လူအတော်များများမှာလည်း တင်းမာနေကြ၏။ ဤဆရာဖြစ်သူများမှာ သူတို့၏ကျွမ်းကျင်မှုကို အားကိုး၍ တပည့်ဖြစ်သူများထံမှ လက်ဆောင်ပစ္စည်းများစွာ လက်ခံခဲ့သည် မဟုတ်လော့။

တပည့်နှင့် ဆရာ ဆက်ဆံရေးဆိုတာက ရှေးခေတ်ကတည်းက ဒါမျိုးပဲ မဟုတ်ဘူးလား…

တရားဝင် ဆရာတင်ထားခြင်းမျိုး မဟုတ်သော်လည်း ဤအယူအဆမှာ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အချို့သော ဓလေ့ထုံးတမ်းများမှာ ဤကဲ့သို့ပင် ဖြစ်နေတတ်၏။

လူတိုင်းမှာ စုံစမ်းစစ်ဆေးမှုသည် မိမိတို့ကိုပါ ထိခိုက်လာမည်ကို စိုးရိမ်ကာ ထိတ်လန့်နေကြသည်။ သို့သော် အချို့သော ရိုးသားသူများမှာမူ ဤလူယုတ်မာကို စက်ဆုပ်ရွံရှာနေကြ၏။ ဤလုပ်ရပ်မှာ သူတို့၏ ကောင်းမွန်သော ဂုဏ်သတင်းကို ညှိုးနွမ်းစေသည် မဟုတ်လော့။

ပြောရလျှင် စုံစမ်းစစ်ဆေးမှုမှာ လီတာ့ရှန်းအပေါ် အာရုံစိုက်နေသော်လည်း တခြားသူများတွင်လည်း ကိုယ်စီအတွေးများ ရှိနေကြသည်။ စက်ရုံမှာ တကယ့်ကို ရုတ်ရုတ်သဲသဲ ဖြစ်နေလေတော့၏။

သို့သော်လည်း အဘွားကြီးကျောက်တစ်ယောက်မှာ ထိုအချင်းအရာများကို ဘာမှမသိချေ။

သူမသည် ယနေ့ အလုပ်မသွားခဲ့ပေ။

အဘွားကြီးကျောက်သည် ရှားရှားပါးပါး အိပ်ရာထနောက်ကျခဲ့ပြီး နိုးလာချိန်တွင် မွန်းလွဲပိုင်းပင် ကျော်နေပြီဖြစ်သည်။ တခြားလူများမှာ အလုပ်သွားကုန်ကြလေပြီ…

ချန်ချင်းယွီမှာလည်း စောစောထ၍ အိမ်သာသွားပြီးနောက် ပြန်အိပ်ခဲ့ရာ အဘွားကြီးကျောက်နှင့် တစ်ချိန်တည်းလောက်တွင်မှ ပြန်နိုးလာခြင်းဖြစ်၏။ သူမသည် မနေ့ည၌ ကောင်းကောင်းအိပ်ခဲ့ရပြီး ကလေးလေးမှာလည်း ယခုထိ မနိုးသေးချေ။

ချန်ချင်းယွီသည် မျက်နှာသစ်ရန် ရေဇလုံတစ်ခုနှင့် ထွက်လာစဉ် ရှီကျန့်ရှန်း အိမ်ထဲမှနေ၍ လှမ်းမြင်သွားသည်။

သူမသည် ချက်ချင်းပင် ပြုံးရွှင်စွာဖြင့် ထွက်လာပြီး

"ရှောင်ချန်... ဘာလို့ မျက်နှာသစ်ဖို့ ရေအေးကို သုံးနေတာလဲ... အဲ့ဒါ မကောင်းဘူးလေ... ရာသီဥတုက နွေးနေတယ်ဆိုပေမဲ့ မိန်းကလေးတွေက ရေနွေးကိုပဲ သုံးသင့်တယ်၊ ဒါမှ ခန္ဓာကိုယ်အတွက် ကောင်းမှာ။ ဒီမှာ ခဏစောင့်၊ ငါ့အိမ်မှာ ရေနွေးရှိတယ်။ ငါ လာလောင်းပေးမယ်၊ နင်က ရောပြီး သုံးလိုက်ရုံပဲ"

ချန်ချင်းယွီ : "……”

ဘုရားရေ… ဒီနေ့ အနောက်ဘက်က နေထွက်နေတာလား

ရှီကျန့်ရှန်း စကားများ တရစပ်ပြောပြီးနောက် အိမ်ထဲသို့ အမြန်ဝင်ကာ ရေနွေးအိုးတစ်လုံးနှင့် ပြန်ထွက်လာသည်။

"ငါ ရေနွေး လောင်းပေးမယ်နော်။"

ချန်ချင်းယွီ : "ရှင်... အားနာစရာကြီး... မလိုပါဘူး..."

"လိုတာပေါ့... ကဲပါ... ငါနဲ့ အားနာမနေပါနဲ့။ ငါတို့က ဝင်းတစ်ခုတည်းသားတွေပဲ၊ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့"

ချန်ချင်းယွီသည် သူမအား မျက်နှာချိုသွေး အမူအရာဖြင့် ရေလောင်းပေးနေသော ရှီကျန့်ရှန်းကို ကြည့်ရင်း စိတ်ထဲတွင်တော့ "သိုးရေခြုံထားတဲ့ ဝံပုလွေ" တစ်ကောင်၏ အပြုံးမျိုးဟု ခံစားနေမိ၏။

သူမအား ရေပေးနေသည်လား သို့မဟုတ် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တစ်ခုခုလုပ်မည့် အရည်များ ပေးနေသည်လားဟုပင် သံသယဝင်မိတော့သည်။

"မဖြစ်နိုင်တာတွေ... လျှောက်မတွေးစမ်းနဲ့။"

သူမ နှုတ်ခမ်းလေးကို စေ့လျက် ပြုံးပြလိုက်ပြီး

"ကျေးဇူးတင်ပါတယ် ဒေါ်လေးရှီ"

ဒေါ်လေးရှီ ဤမျှလောက် သဘောကောင်းနေသည်မှာ မြင်ရခဲလှသည့် မြင်ကွင်းပင်။

"ငါတို့က ဝင်းတစ်ခုတည်းသားတွေပဲလေ၊ အားနာနေစရာ မလိုပါဘူး။ ကျန့်ဝမ်လေး ကြီးပြင်းလာတာကို ငါကိုယ်တိုင် မြင်ခဲ့တာ။ အခု သူ မရှိတော့ပေမဲ့ အိမ်နီးချင်းပီပီ သူ့မိသားစုကို တတ်နိုင်သလောက် ကူညီရမှာက ငါ့တာဝန်ပဲပေါ့။ အကူအညီ လိုတာရှိရင်သာ ပြောလိုက်စမ်းပါ၊ ငါ အကုန်လုပ်ပေးဖို့ အဆင်သင့်ပဲ..."

ချန်ချင်းယွီ : "ရှင်... အော်... ဟုတ်ကဲ့...~"

အဘွားကြီးရှီ၏ သဘောထားမှာ အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့သည်။ ချန်ချင်းယွီသည် သူမကို သံသယဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဘာတွေကြံစည်နေသလဲဟု တွေးတောနေမိသော်လည်း သူမကိုယ်တိုင်မှာ အေးအေးဆေးဆေးပင် ရှိနေ၏။

အဘွားကြီးရှီ ချန်ချင်းယွီ၏ မျက်လုံးများကို ကြည့်ကာ

"နင့်ရဲ့ မျက်လုံးတွေက တော်တော် ဖူးယောင်နေတာပဲ၊ အယောင်ကျအောင် ကြက်ဥနဲ့ မလှိမ့်လိုက်ဘူးလား..."

ချန်ချင်းယွီ : "မလိုပါဘူး၊ ရက်ပိုင်းအတွင်း အလိုလို ပျောက်သွားမှာပါ။ ဘာမှမဖြစ်ပါဘူး"

သူမကတော့ ဒါကို ဂရုမစိုက်ပါဘူး…

သူမ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာရလျှင် အနာကျက်မြန်သူဖြစ်သဖြင့် မျက်လုံးယောင်ခြင်းမှာ စိုးရိမ်စရာ မဟုတ်ဟု မှတ်ယူထား၏။

အဘွားကြီးရှီ ခဏမျှ တုံ့ဆိုင်းနေပြီး

"ငါတို့ လမ်းထိပ်ဆုံးက ဝင်းကြီးထဲမှာ ရေတွင်းတစ်တွင်း ရှိတာ ငါမှတ်မိတယ်။ ဒီမှာ ခဏစောင့်၊ ငါ ရေတွင်းရေ တစ်ပုံး သွားခပ်ပေးမယ်။ အဲ့ဒီရေက အေးစိမ့်နေတာပဲ၊ မျက်လုံးကို ရေစွတ်ပုဝါလေးနဲ့ အုပ်ပေးရင် အယောင်ကျသွားလိမ့်မယ်"

ချန်ချင်းယွီ : "ရှင်..."

"စောင့်နေနော်၊ ငါ သွားခပ်ပေးမယ်..."

ထိုစဉ် သူမသည် အဘွားကြီးကျောက်ကို လှမ်းမြင်သွားပြီး လှမ်းပြောပြန်၏။

"ဒေါ်ကြီးကျောက် ရေ... ကြည့်ပါဦး၊ ရှင့်မျက်လုံးတွေကလည်း ယောင်နေတာ ကြည့်လို့တောင် မရတော့ဘူး။ ခဏစောင့်၊ ကျွန်မ ရေသွားခပ်ပေးမယ်။ ရေအေးလေးနဲ့ အုပ်လိုက်ရင် သက်သာသွားလိမ့်မယ်..."

ချန်ချင်းယွီမှာ တစ်ချက်မျှ တုန်

တက်သွားပြီး ရှီကျန့်ရှန်းတစ်ယောက် သရဲပူးနေပြီလားဟုပင် ထင်မိတော့သည်။ သူမသည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး

နေ့ခင်းကြောင်တောင်ကြီးမှာတော့ မဖြစ်နိုင်ပါဘူးနော်…

နေပါဦး... ညဘက်မှာလည်း သရဲမှ မရှိတာ…

သရဲတွေက ဘယ်မှာလဲ..

ချန်ချင်းယွီ ခေါင်းကို ကုတ်ရင်း အိမ်ထဲမှ ထွက်လာသော အဘွားကြီးကျောက်ဘက်သို့ လှည့်ကြည့်

လိုက်၏။ အဘွားကြီးကျောက်မှာလည်း အံ့ဩမှင်သက်နေပြီး "ဒီမိန်းမကြီးက ငါ့ကို ဘာတွေ ထောင်ချောက်ဆင်ဖို့ ကြံနေပြန်တာလဲ..." ဟု ဝေခွဲမရစွာ ရေရွတ်နေလေသည်။

ချန်ချင်းယွီက ခေါင်းခါပြလိုက်၏။ နှစ်ယောက်လုံးမှာ လုံးဝကို ဇဝေဇဝါ ဖြစ်နေကြရသည်။

ရှီကျန့်ရှန်းက ဒီနေ့ တကယ့်ကို ထူးဆန်းနေပါလား…

ကြက်သီးထလိုက်တာ… ဦးနှောက်ပျက်သွားတာများလား

ချန်ချင်းယွီ : "သူ ငါတို့ကို တစ်ခုခု အကူအညီတောင်းချင်လို့လား မသိဘူးနော်။"

ထို့နောကိ ပြန်ပြီး ခေါင်းခါလိုက်ကာ

"အဲ့ဒီလိုလည်း မတူပါဘူး။"

အဘွားကြီးကျောက် : "ငါတော့ နားကိုမလည်နိုင်တော့ဘူး။"

ချန်ချင်းယွီ : "ကျွန်မလည်း နားမလည်တော့ဘူး။"

ရှီကျန့်ရှန်း ရုတ်တရက်ကြီး ယဉ်ကျေးပျူငှာနေခြင်းမှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။ ယောက္ခမနှင့် ချွေးမနှစ်ဦး မျက်နှာသစ်နေစဉ် ချန်ချင်းယွီ တိုးတိုးလေး ပြေပြလိုက်၏။

"ကျွန်မကို ရေနွေးတောင် လောင်းပေးသေးတယ်။ ကျွန်မကို ရေနွေးနဲ့ လောင်းသတ်မလို့လားလို့တောင် ထင်မိတယ်"

အဘွားကြီးကျောက်မှာ "သူ ရူးသွားပြီ ထင်တယ်" ဟုသာ ပြောနိုင်တော့သည်။ တကယ့်ကို ဝေခွဲမရဖြစ်နေသဖြင့် ဘာပြောရမှန်းပင် မသိတော့ချေ။ အဓိကမှာ ယနေ့တွေ့ရသော ရှီကျန့်ရှန်းမှာ ပုံမှန်တွေ့နေကျ ရှီကျန့်ရှန်း မဟုတ်ဘဲ ထူးဆန်းလွန်းနေခြင်းပင်။

လူစားလဲလိုက်သလိုပါပဲ…

နှစ်ယောက်သား မျက်နှာသစ်ပြီးနောက် အဘွားကြီးကျောက် မနက်စာ စတင်ပြင်ဆင်သည်။ သူမသည် ညကတည်းက ဂျုံနယ်ပြီး ခေါက်ဆွဲများကို ကိုယ်တိုင် ပြုလုပ်ထား၏။

"နံနံပင်လေး နည်းနည်း သွားခူးလိုက်ဦး၊ အနံ့လေး မွှေးသွားအောင်လို့"

“ကောင်းပြီ”

လပိုင်းအတွင်းမှာပင် သူမ၏ စိုက်ပျိုးထားမှုများမှ အကျိုးကျေးဇူး ခံစားနေရပြီဖြစ်သည်။ အမှန်တကယ်ပင် အသုံးဝင်လှ၏။

"ရှောင်ချန်ရေ... ဒေါ်ကြီးကျောက်ရေ... ရေ ရပြီနော်..."

ရှီကျန့်ရှန်း၏ အသံမှာ ကျယ်လောင်လှ၏။

"ရေခပ်လာပေးတယ်၊ တကယ့်ကို လန်းဆန်းသွားမှာပဲ၊ အပူကျအောင် သုံးလိုက်ကြဦး။"

ချန်ချင်းယွီ : သောက်ခွေးပဲ…

အဘွားကြီးကျောက် ရှီကျန့်ရှန်းကို သေချာစိုက်ကြည့်ပြီး

"ရှီကျန့်ရှန်း... အမှန်အတိုင်းပဲ ပြောစမ်းပါ၊ နင် ဘာလုပ်ချင်နေတာလဲ... နင့်ရဲ့ အပြုအမူတွေက ထူးဆန်းနေတယ်၊ တစ်ခုခု မကောင်းတာ ကြံစည်နေသလိုပဲ ခံစားနေရတယ်။ လိုချင်တာရှိရင် တည့်တည့်ပြောစမ်းပါ။ လှည့်ကွက်တွေ သုံးမနေနဲ့"

ရှီကျန့်ရှန်း၏ မျက်နှာမှာ ခဏမျှ တင်းသွားသော်လည်း ချက်ချင်းပင်

"ရှင်ကလည်း... ဘယ်လိုတွေ ပြောလိုက်တာလဲ... ကျွန်မမှာ ဘာစိတ်ပုပ်မှ မရှိပါဘူး.. အိမ်နီးချင်းအချင်းချင်း တကယ် စိတ်ပူလို့ပါ။ အရင်က ကျွန်မတို့ကြားမှာ အဖုအထစ်တွေ ရှိခဲ့ဖူးတာ မှန်ပေမဲ့ အဲ့ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ မဟုတ်လား... မကြာသေးခင်က ကိစ္စတွေ အများကြီး ဖြစ်ခဲ့တော့ ကျွန်မနဲ့ ကျွန်မအမျိုးသားလည်း အသေအချာ ပြန်စဉ်းစားကြည့်မိတယ်.. အရင်က ကျွန်မတို့ တကယ့်ကို မကောင်းခဲ့ဘူးဆိုတာ နားလည်သွားတယ်.. ဒါပေမဲ့... စိတ်မပူပါနဲ့၊ နောင်ကို ဒါမျိုး ထပ်မဖြစ်စေရဘူး… အရင်က မကောင်းခဲ့တာတွေကို ပြင်မှာပါ..နောင်ကို အိမ်နီးချင်းကောင်းတွေအဖြစ် ကျိန်းသေ နေသွားမှာပါ… တစ်ခုခု အကူအညီလိုရင်သာ လှမ်းခေါ်လိုက်ပါ၊ ကျမတို့ ကျိန်းသေ ကူညီမှာပါ"

အဘွားကြီးကျောက် : "အော်......"

သူမသည် ရှီကျန့်ရှန်းကို အထက်အောက် ကြည့်လိုက်သော်လည်း လုံးဝကြီး မယုံကြည်သေးချေ။

ရှီကျန့်ရှန်း သူမ၏ ရင်ဘတ်ကို လက်ဖြင့် တဗုန်းဗုန်း ပုတ်ပြကာ

"စိတ်ချပါ၊ အားလုံး အဆင်ပြေသွားမှာပါ။ ကျွန်မမှာ တခြား အရည်အချင်းတွေ သိပ်မရှိပေမဲ့ သစ္စာရှိမှုမှာတော့ နံပါတ်တစ်ပဲ"

“ဪ~”

ရှီကျန့်ရှန်း ဆက်ပြီး

"ငါတို့က အိမ်နီးချင်း မဟုတ်ရင်တောင် ငါက တခြားလူတွေကို ကူညီတတ်တဲ့သူပါ"

အဘွားကြီးကျောက် မျက်မှောင်ကြုတ်လျက်သာ ရှိနေဆဲပင်။

ချန်ချင်းယွီက ဟိုကြည့်သည်ကြည့်နှင့် အခြေအနေကို ရိပ်မိသွားကာ..

ရှီကျန့်ရှန်းက သရဲကို တကယ် ယုံသွားပြီပဲ... သူ ကြောက်နေတာပဲ…

အင်း... ဘာပြောရမှန်းတောင် မသိတော့ပါဘူးလေ.. ဘာပဲဖြစ်ဖြစ် ဒါလည်း ကောင်းတာပေါ့...ပြဿနာရှာတဲ့သူနည်းသွားတာပေါ့

"ဒေါ်လေးရှီ... ဒေါ်လေးရဲ့ စေတနာကို ကျမတို့ သိပါတယ်၊ ကျေးဇူးတင်ပါတယ်"

ရှီကျန့်ရှန်း မျက်နှာ ဝင်းပသွားပြီး "အဲ့ဒါပေါ့..." ဟု ထောက်ခံလိုက်၏။

ချန်ချင်းယွီ အဘွားကြီးကျောက်၏ လက်ကို ဆွဲလိုက်ပြီး

"အမေ... ဒေါ်လေးရှီရဲ့ စေတနာကို အလကား မဖြစ်စေပါနဲ့"

သူမမှာ ရေတွင်းအထိ သွားပြီး ရေခပ်လာပေးရသည် မဟုတ်ပါလား…

အဘွားကြီးကျောက်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားပြီးနောက်

"အေးလေ... ထားလိုက်ပါတော့"

ရှီကျန့်ရှန်းမှာ ဝမ်းသာအားရဖြင့်

"အို... တခြားအကူအညီလိုတာ ရှိသေးလား... ကျွန်မကိုသာ လှမ်းခေါ်လိုက်ပါ၊ ကျွန်မက အားနေတာပါ၊ ကူညီရတာကိုလည်း ပျော်ပါတယ်"

အဘွားကြီးကျောက် : "ငါ အိမ်သာသွားချင်လို့၊ ငါ့ကိုယ်စား သွားပေးမလား..."

ရှီကျန့်ရှန်း : "ရပါတယ်... အဲ... ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်နော်။"

သူမမှာ အနည်းငယ် အနေရခက်သွားပြီးမှ "တစ်ခုခုဆိုရင်တော့ လှမ်းခေါ်လိုက်နော်" ဟု ထပ်ပြောပြန်လေသည်။

"အေးပါ အေးပါ"

အဘွားကြီးကျောက် ဝတ်ကျေတမ်းကျေ ပြန်ပြောလိုက်၏။

သို့သော်လည်း ယောက္ခမနှင့် ချွေးမနှစ်ဦးမှာ စေတနာကို မသိတတ်သူများ မဟုတ်ကြပေ။ သူမတို့နှစ်ဦးသည် ပုဝါများကို အတူတူ ညှစ်ထုတ်ပြီး မျက်လုံးပေါ်သို့ အုပ်လိုက်ကြသည်။ အေးမြသော ပုဝါများကြောင့် တကယ့်ကို နေလို့ထိုင်လို့ ကောင်းသွားရ၏။

ချန်ချင်းယွီ : "သူကတော့ တကယ့်ကို အပြောကောင်းတာပဲနော်..ဒေါ်လေးရှီ ဒီလောက်အထိ ယဉ်ကျေးနေပါလား"

အဘွားကြီးကျောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

"သူက အခြေအနေကြည့်ပြီး ကစားတဲ့နေရာမှာတော့ ဆရာကြီးပဲလေ"

ဟွန်း... ရှီကျန့်ရှန်း သူတို့အပေါ် ယဉ်ကျေးပြနေသော်လည်း အဘွားကြီးကျောက်မှာ သူမကို လူကောင်းတစ်ယောက်ဟု မသတ်မှတ်နိုင်သေးချေ။

အိမ်နီးချင်းဖြစ်လာတာ ဒီလောက်ကြာပြီပဲ၊ ဘယ်သူက ဘယ်လိုလူလဲဆိုတာ အချင်းချင်း သိနေတာပဲကို… လာဟန်ဆောင်မနေနဲ့…

ညည်းတို့ ဟန်ဆောင်ကောင်းတယ်ဆိုတာ မြေခွေးမလေး ချန်ချင်းယွီကို မမှီပါဘူးအေ့

ချန်ချင်းယွီ စကားမဆိုခဲ့ပေ။

သူမ၏ စိတ်ထဲတွင်မူ ဟန်ဆောင်မှု၏ ဖျက်အားကောင်းပုံကို တစ်ဖန် အံ့ဩနေမိပြန်သည်။

‘တကယ်ပါပဲ... ဒီလောက်အထိ အသုံးဝင်လိမ့်မယ်လို့ မထင်ထားဘူး…စောစောစီးစီးသာ သိခဲ့ရင်... အစောကြီးကတည်းက လုပ်လိုက်ပါတယ်.. ဒါဆိုရင် ငါတို့ ဒီလောက်အထိ အကြိမ်ကြိမ် ရန်ဖြစ်နေစရာ လိုပါဦးမလား….’

သို့သော်လည်း တစ်ဖက်တွင် ဤကဲ့သို့ လှည့်ကွက်သုံးခြင်းမှာ အလွန်ထိရောက်သဖြင့် နောင်တွင် မဆင်မခြင် မလုပ်မိရန် သတိထားရမည်ဟု ခံစားနေမိသည်။

အဘွားကြီးကျောက် ရုတ်တရက် မေးလိုက်၏။

"ချွေးမ... ကျန့်ဝမ်က တကယ်ပဲ စက်ရုံမှာ အဲ့ဒီလောက်တောင် မတရား အနိုင်ကျင့်ခံခဲ့ရတာလို့ နင်ထင်လား..."

ချန်ချင်းယွီသည် လင်းကျန့်ဝမ်၏ ပုံမှန်အပြုအမူများကို သေသေချာချာ ပြန်လည်စဉ်းစားကြည့်ပြီးနောက် သတိထားကာ ပြန်ပြောလိုက်သည်။

"သူ တချို့ကိစ္စတွေမှာ မတရားခံခဲ့ရတာတော့ ရှိမယ်လို့ ကျွန်မ ထင်တယ်"

အဘွားကြီးကျောက် စကားမပြောမီ သူမ ဆက်၍

"ဒါပေမဲ့ ကျွန်မထင်တာကတော့ သူ မျက်နှာသာ မပေးခံရတာနဲ့ တချို့ကိစ္စတွေမှာ နစ်နာခဲ့တာ ရှိပေမဲ့ အဲ့ဒါက အလွန်အကျွံကြီးတော့ မဟုတ်လောက်ဘူး။ ဒီအချက်မှာတော့ ကျွန်မ ကျန့်ဝမ်ကို ယုံတယ်.. သူက ဒုက္ခတွေကို ငုံ့ခံပြီး မတရားတာတွေကို ငြိမ်ခံနေမယ့် လူမျိုး မဟုတ်ဘူး.. ကျန့်ဝမ်က အလုပ်ကြိုးစားပြီး ရိုးအလွန်းတဲ့သူ လုံးဝမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မထင်တာကတော့ မတရားတာတွေ ရှိမှာတော့ သေချာတယ်။ လီတာ့ရှန်းတို့က သူ့ကို အနိုင်ကျင့်မှာ သေချာပေမဲ့ ကျန့်ဝမ်ကတော့ အရမ်းကြီး နစ်နာခံမှာ မဟုတ်ဘူး.. နည်းနည်းပါးပါးတော့ အထိနာတာ ရှိမှာပေါ့၊ ဘာပဲဖြစ်ဖြစ် သူတို့က ဆရာတွေ၊ လူကြီးတွေဆိုတော့ ကိုယ်ကျင့်တရားအရ အသာစီးရနေကြတာကိုး။ ဒါပေမဲ့ ကျန့်ဝမ်က လူလည်ပဲ၊ သူ နစ်နာရင်တောင် အများကြီးတော့ မဟုတ်လောက်ဘူးလို့ ကျွန်မ ထင်ပါတယ်"

အဘွားကြီးကျောက် ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ချင်းယွီ၏ စကားကို သဘောတူလိုက်သည်။

"တကယ်တော့ ငါလည်း အဲ့ဒီလိုပဲ ထင်တယ်… ငါတို့က အချင်းချင်း အားကိုးလာခဲ့ကြတာ။ ငါ့ရဲ့ အော်ကြောလန်တာကို ကြည့်ပြီး အထင်မကြီးနဲ့၊ ရွှီကောင်းမင်လို ကောက်ကျစ်ပြီး အတွက်အချက်များတဲ့သူနဲ့ တိုးရင် ငါတောင် နစ်နာခဲ့ရတာ။ ဒါပေမဲ့ ကျန့်ဝမ်ကတော့ ငါ့အတွက် အမြဲတမ်း မျက်နှာပွင့်အောင် လုပ်ပေးနိုင်ခဲ့တယ်။ သူက အဲ့ဒီလောက်အထိ မအပါဘူး၊ လုံးဝ အနိုင်ကျင့်ခံနေရမယ့်သူ မဟုတ်ဘူး… ငါ့သားကသာ အဲ့ဒီလောက် ရိုးသားနေတယ်ဆိုရင် မုဆိုးမနဲ့ သားအမိနှစ်ယောက် ဒီလောက်အထိ ဘယ်ရှင်သန်နိုင်ပါ့မလဲ... စက်ရုံမှာရော အလုပ်ရပါ့မလား... သူက တော်ပါတယ်… ငါထင်တာလည်း အပေါ်ယံမှာတော့ အနိုင်ကျင့်ခံရတာ ရှိနိုင်ပေမဲ့ တကယ့်လက်တွေ့မှာတော့ သူ အများကြီး နစ်နာမှာ မဟုတ်ဘူး။"

ဤအချက်တွင် ယောက္ခမနှင့် ချွေးမနှစ်ဦးမှာ စိတ်ချင်းတိုက်ဆိုင်နေကြ၏။ ဤသည်မှာ မိမိကိုယ်ကိုယ် ဖြေသိမ့်နေခြင်း မဟုတ်ဘဲ လင်းကျန့်ဝမ်နှင့် အနီးကပ်ဆုံးရှိခဲ့သူများဖြစ်၍ သူ၏ အကျင့်စရိုက်ကို ကောင်းစွာ နားလည်ထားကြသောကြောင့် ဖြစ်သည်။ ချန်ချင်းယွီ၏ မှတ်ဉာဏ်ထဲရှိ လင်းကျန့်ဝမ်မှာ ဘာမှမသိနားမလည်သော လူအတစ်ယောက် လုံးဝမဟုတ်ချေ။

အဘွားကြီးကျောက်သည်ကား သူမ၏သားအကြောင်းကို ပို၍ပင် နားလည်ထားသည်။

အဘွားကြီးကျောက် : "ကျန့်ဝမ်ဘယ်လောက်ပဲ နစ်နာသည်ဖြစ်စေ၊ လီတာ့ရှန်းနဲ့ ချဲယုံဖုန်းတို့ မှားတာကတော့ အမှန်ပဲ"

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"ဒါကတော့ သေချာတာပေါ့၊ ဒါကြောင့်လည်း ကျွန်မလုပ်တာ ဘာမှမမှားဘူးလို့ အမြဲတမ်း ခံစားနေရတာ"

စကားပြောနေရင်း အဘွားကြီးကျောက် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ဆတ်ခနဲ ထထိုင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မည်သူမှ မရှိသည်ကို တွေ့မှ သက်ပြင်းချနိုင်ပြီး

"နောက်ကို ငါတို့ စကားပြောရင် အသံလျှော့ပြောကြရအောင်၊ ဘယ်သူမှ လာပြီး ချောင်းနားမထောင်နိုင်အောင်လို့"

ချန်ချင်းယွီ ဂုဏ်ယူစွာဖြင့် ခေါင်းမော့ကာ ရယ်မောလိုက်ပြီး

"ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ..."

သူမမှာ တကယ့်ကို ကျေနပ်အားရနေပုံဖြင့်

"အပြင်ဘက်က ကြက်ခြံတွေနဲ့ ပန်းအိုးတွေက အလကား ထားထားတယ်လို့ ထင်နေတာလား..."

ပြတင်းပေါက်အပြင်ဘက်တွင် ကြက်ခြံရှိရုံတင်မကဘဲ ဟင်းသီးဟင်းရွက် စိုက်ထားသည့် ပန်းအိုးကြီး ရှစ်လုံးလည်း ရှိသည်။ ပြတင်းပေါက်မှာ ကပ်ပြီး ချောင်းနားထောင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလို အနားကပ်ရုံနှင့်တင် အသံမြည်သွားပေလိမ့်မည်။ ထိုကြက်မကြီးများမှာ သက်ရှိများဖြစ်သဖြင့် အနည်းငယ် ထိမိရုံနှင့်တင် ဆူညံပွက်လောရိုက်ကုန်ကြမည်သာ။

အဘွားကြီးကျောက် အတော်ကြာအောင် ဆွံ့အသွားပြီးမှ

"ဒါဆို နင်က အစကတည်းက ဒါကို ကြိုတင်ကြံစည်ပြီး ပြတင်းပေါက်အောက်မှာ တမင် သွားထားခဲ့တာပေါ့ ဟုတ်လား..."

ချန်ချင်းယွီ : "ဘာပဲဖြစ်ဖြစ် တစ်နေရာရာမှာတော့ ထားရမှာပဲလေ၊ ဒါကြောင့် ကျွန်မအတွက် အသင့်တော်ဆုံးနေရာမှာပဲ သွားထားလိုက်တာပါ"

သူမသည် ရှေ့ကို ဆယ်လှမ်းကြိုမြင်နိုင်သည်အထိ အလွန်အမင်း ပါးနပ်လှသည်တော့မဟုတ်ပေ။ သို့သော် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာရသူပီပီ အရာရာကို မိမိကိုယ်တိုင်သာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရသဖြင့် အခြေအနေအရပ်ရပ်ကို အသေးစိတ် စဉ်းစားတွေးခေါ်တတ်သည့် အလေ့အထရှိနေ၏။ မည်သို့ဆောင်ရွက်လျှင် ပိုမိုထိရောက်မည်ကို တွက်ချက်တတ်သောကြောင့် ယခုနေရာသည် အသင့်တော်ဆုံးဖြစ်နေခြင်းပင်။

အဘွားကြီးကျောက်သည် ပြတင်းပေါက်ကိုဖွင့်၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ ပန်းအိုးများကို မဖယ်ရှားဘဲ အနားကပ်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိသွားလေသည်။

"တကယ်တော်တာပဲ... နင်ကတော့ တကယ်ကို တော်တာပဲ"

ချန်ချင်းယွီသည် ပျော်ရွှင်စွာ ရယ်မောလိုက်မိ၏။ ခဏမျှ ရယ်မောပြီးနောက်မှ ကလေးငယ်များ ယနေ့ အိပ်ရာထနောက်ကျနေသည်ကို သတိပြုမိသွားသည်။ ကလေးနှစ်ဦးစလုံးမှာ အိပ်စက်နေရင်း ချွေးများပင် ထွက်နေကြလေပြီ။ ချန်ချင်းယွီက ကလေးငယ်၏ နဖူးကို စမ်းကြည့်လိုက်ရာ ဖျားနာခြင်းမရှိသည်ကို သိရသဖြင့် စိတ်သက်သာရာ ရသွား၏။

"သူတို့ကို နှိုးလိုက်တော့၊ ထမင်းစားရမယ့်အချိန် ရောက်ပြီ။"

ချန်ချင်းယွီ : "ဟုတ်ကဲ့... ဝက်ကလေးတို့ရေ... ထကြတော့..."

ယခုအခါ ချန်ချင်းယွီသည် ဟင်းလျာများကို သီးခြားစီ ခွဲချက်နေမည့်အစား အိုးတစ်လုံးတည်းဖြင့် အပြီးသတ်ချက်ပြုတ်သည့် နည်းလမ်းကိုသာ အသုံးပြုတော့ရာ အလွန်ပင် အဆင်ပြေချောမွေ့လှသည်။ တစ်ပွဲချင်းစီ ခွဲခြားပြင်ဆင်ပေးရခြင်းသည် လုပ်ငန်းရှုပ်ထွေးလှပြီး ယခုကဲ့သို့ တစ်ပေါင်းတည်း ချက်ပြုတ်လိုက်ခြင်းမှာ ပိုမိုလွယ်ကူသက်သာစေ၏။

မိသားစုဝင်များမှာ အိပ်ရာထနောက်ကျခဲ့ကြသော်လည်း ချက်ပြုတ်ထားသော ခေါက်ဆွဲတစ်အိုးနီးပါးကို အကုန်အစင် စားသောက်လိုက်ကြသဖြင့် နေ့လယ်စာအတွက် အလောတကြီး ပြင်ဆင်ရန် မလိုတော့ပေ။

မနေ့က အဖြစ်အပျက်များကြောင့် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း အဘွားကြီးကျောက်မှာ ယနေ့တွင် စိတ်အခြေအနေ ကြည်လင်ကောင်းမွန်လျက်ရှိသည်။ အစပိုင်းတွင် ဒေါသတကြီး ဖြစ်ခဲ့ရသော်လည်း မိမိ၏သားအကြောင်းကို ကောင်းစွာသိရှိထားသဖြင့် သူမ စိတ်အေးသွားမိ၏။ သူမ၏သားသည် ထိုမျှအထိ အနိုင်ကျင့်ခံနေမည့်သူ မဟုတ်ကြောင်း သူမ ယုံကြည်ထားသည်။

ထို့ပြင် သူမတို့သမီးယောက္ခမနှစ်ဦး အတူတကွ လက်တွဲဆောင်ရွက်မည်ဆိုပါက မည်သည့်အခါမျှ ရှုံးလိမ့်မည်မဟုတ်ကြောင်း သေချာလှ၏။ ဤဖြစ်ရပ်သည် လီတာ့ရှန်းကို သင်ခန်းစာပေးလိုက်နိုင်သည့်အပြင် စက်ရုံဘက်မှလည်း သူမတို့အား ပြန်လည်နှစ်သိမ့်ရတော့မည်ဖြစ်ရာ အကျိုးခံစားခွင့်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။

ဤအကြောင်းရင်းများအပြင် ယနေ့တွင် သူမအတွက် ရှားရှားပါးပါး အလုပ်နားရက်တစ်ရက် ရရှိလိုက်ခြင်းမှာလည်း စိတ်ချမ်းမြေ့စရာပင် ဖြစ်၏။

ဘယ်လို ပြောရမလဲဆိုတော့...

ဒါက အားလပ်ရက်တစ်ခုလိုပါပဲ…

တခြားလူတွေ အလုပ်လုပ်နေချိန်မှာ ကိုယ်တစ်ယောက်တည်း အားနေတာ၊ ပြီးတော့ လစာလည်း အဖြတ်မခံရသလို အလုပ်ပျက်ကွက်မှုလည်း စာရင်းမသွင်းခံရဘူးဆိုတဲ့ ခံစားချက်မျိုး…

အဟိ…တကယ့်ကို နားလည်ရလွယ်ပါတယ်…

တကယ့်ကို ကျေနပ်စရာကောင်းတာပါပဲ…

ထို့ကြောင့် အဘွားကြီးကျောက်သည် သောကဗျာပါဒများ ကင်းစင်ကာ စိတ်လက်ကြည်လင် လန်းဆန်းလျက် ရှိနေတော့သည်။

ဤကဲ့သို့ ရှားပါးလှသော အားလပ်ရက်တွင် အဘွားကြီးကျောက်သည် အိမ်ရှေ့၌ ထိုင်ကာ ဖိနပ်ခုံများကို ဖာထေးချုပ်လုပ်နေ၏။ ပုံမှန်အားဖြင့်မူ သူမ အလုပ်မရှိခဲ့စဉ်အချိန်များတွင် ဝင်းအတွင်းရှိ သက်ကြီးအမျိုးသမီးများ စုဝေးလေ့ရှိကြပြီး အဝတ်အစားဖာခြင်း သို့မဟုတ် ဖိနပ်ချုပ်ခြင်း စသည့် အိမ်တွင်းမှုကိစ္စရပ်များကို ဆောင်ရွက်ရင်း စကားစမြည် ပြောဆိုလေ့ရှိကြသည်။ ဤကဲ့သို့သော အမျိုးသမီးတို့၏ လုပ်ငန်းဆောင်တာလေးများသည်ပင် စကားဝိုင်းဖွဲ့ရန် အကောင်းဆုံး အချိန်အခါများ ဖြစ်၏။

အဘွားကြီးကျောက်၏ အပြုအမူကို မြင်တွေ့လိုက်ရသောအခါ ရှီကျန့်ရှန်းသည် ထိုင်ခုံပုလေးတစ်လုံးကို အလျင်အမြန် ယူဆောင်လာခဲ့သည်။ သူမသည် သူမ၏ တတိယမြောက်သားဖြစ်သူ၏ အဝတ်အစားများကို ဖာထေးရင်း

“ဒေါ်ကြီးကျောက်ရေ... လာပါ၊ ခဏလောက် အတူတူ ထိုင်ကြရအောင်။ ရှင့်မှာ အလုပ်တွေ ရှိနေတာနဲ့ ငါတို့ အဘွားကြီးတွေ ဒီလိုမျိုး စုံစုံလင်လင် မထိုင်ဖြစ်ကြတာ ကြာပြီပဲ”

အဘွားကြီးကျောက်မှာမူ ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်သာ နေ၏။ သူမသည် မျက်တောင်လေးပင့်ကာ ကြည့်ရင်း ရှီကျန့်ရှန်းတစ်ယောက် ယနေ့ ဆေးမှားသောက်လာသလောဟု စိတ်ထဲမှပင် သံသယပွားနေမိသည်။

ထို့နောက် သူမ စိတ်ရင်းဖြင့် မေးမြန်းလိုက်မိ၏။

“နင် ဒီနေ့မနက် ဆေးမှားသောက်မိလာတာလား”

ရှီကျန့်ရှန်း “……”

အဘွားကြီးကျောက် ဆက်၍

“မဟုတ်ရင် နင် ဘာဖြစ်လို့ ဒီနေ့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ။ ငါတော့ နင့်ရဲ့ အမူအရာကို အသားမကျနိုင်သေးဘူး”

ထိုအခါ ရှီကျန့်ရှန်း အလျင်အမြန်ပင် ပြန်လည်ချေပ၍

“အရင်က ငါ မှားခဲ့တာတွေ ရှိပါတယ်၊ အဲ့ဒါတွေက ငါ့အမှားတွေပါ။ ငါတို့မိသားစုက ဝေဝေဝါးဝါး ဖြစ်ခဲ့မိတာပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အတူနေလာတဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးမျိုးတော့ ရှိသင့်တာပေါ့ မဟုတ်ဘူးလား”

ထို့နောက် ခေတ္တမျှ စကားရပ်သွားပြီးမှ ဆက်လက်ပြောဆိုလိုက်၏။

“ငါ့စိတ်ထဲမှာတော့ ရှင်က ငါ့ရဲ့ ရွှီကောင်းမင်ထက်တောင် ပိုပြီး အရေးကြီးပါတယ်”

ရှီကျန့်ရှန်း၏ အတွေးထဲတွင်မူ သူမ၏ အမျိုးသားဖြစ်သူ ရွှီကောင်းမင်နှင့် အဘွားကြီးကျောက်တို့အကြား၌ အဖုအထစ်အချို့ ရှိခဲ့ဖူးသော်လည်း ကျားမ ကွဲပြားသဖြင့် ထိတွေ့ဆက်ဆံမှု များစွာမရှိလှပေ။ သို့သော် နှစ်ကာလများစွာအတွင်း ဤဝင်းထဲ၌ အဘွားကြီးကျောက်နှင့် ထိပ်တိုက်ရင်ဆိုင်မှု အများဆုံးဖြစ်ခဲ့သူမှာ သူမကိုယ်တိုင်သာ ဖြစ်နေသည်။

တကယ်ပဲ သရဲခြောက်တာဆိုရင် သူမက ပိုပြီး အန္တရာယ်မရှိနိုင်ဘူးလား...

ဒါကြောင့် သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားရပေါ့

ရွှီကောင်းမင်ကတော့ ယောင်္ကျားတစ်ယောက်ဆိုတော့ ယန်စွမ်းအားပြည့်ဝနေတာကြောင့် ဒါတွေကို မကြောက်ဘူးလေ…

သူမကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်ရုံပါ…

ဒါကြောင့် သူမက အဘွားကြီးကျောက်နဲ့ ရင်းနှီးတဲ့ ညီအစ်မတွေ၊ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်အောင် လုပ်ရတော့မယ်...

"တကယ်ပါ၊ ရှင်က ရွှီကောင်းမင်ထက်တောင် ပိုအရေးကြီးပါတယ်..."

အဘွားကြီးကျောက်မှာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားရလေသည်။

အဘွားကြီးကျောက်သည် ပုံမှန်အားဖြင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့တတ်သူမဟုတ်သော်လည်း ယခုကဲ့သို့ ရှီကျန့်ရှန်း၏ ပုံမှန်မဟုတ်သော အပြုအမူများက သူမအား များစွာဇဝေဇဝါ ဖြစ်သွားစေ၏။ သူမသည် ရှီကျန့်ရှန်းကို သံသယမျက်လုံးများဖြင့် စေ့စေ့ကြည့်ရင်း….

ဘုရားရေ.. ရှီကျန့်ရှန်းက ငါ့အပေါ်မှာ စိတ်ကစားနေတာလား…

သူမသည် အသက်အရွယ်ရလာပြီ ဖြစ်သော်လည်း လောကတွင် အမျိုးသားက အမျိုးသမီးကို နှစ်သက်ခြင်းသာမက တစ်ခါတရံ အမျိုးသားအချင်းချင်း သို့မဟုတ် အမျိုးသမီးအချင်းချင်း နှစ်သက်မြတ်နိုးတတ်သည့် သဘာဝများ ရှိတတ်ကြောင်းကိုလည်း သိရှိထားသူ ဖြစ်ပေသည်။

ဒါဆို... ရှီကျန့်ရှန်းမှာ တခြား စိတ်ဝင်စားမှုတစ်ခုခု ရှိနေတာလား...

ရှီကျန့်ရှန်းက သူမကို ကြိုက်နေတာလား...

အဘွားကြီးကျောက်မှာ ချန်ချင်းယွီကဲ့သို့ အယူသီးသည့်ကိစ္စအကြောင်း မစဉ်းစားမိပေ။ သူမ ခံစားမိသည့် ရှီကျန့်ရှန်း၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှ၏။

ရှီကျန့်ရှန်းက သူမကို ကြိုက်နေတာပဲ...

သူမကို ကြိုက်နေတာ...

အဘွားကြီးကျောက် ကောင်းကင်ကို တစ်ချက်ကြည့်ရင်း ဝမ်းနည်းသလိုလိုဖြင့် ရေရွတ်လိုက်လေသည်။

"..."

ငါက ဒီလောက်တောင် လူချစ်လူခင် ပေါနေတာလား…

အရင်တုန်းက အဘိုးကြီးတွေ ငါ့ကို ခိုးကြည့်ကြတာ မပြောနဲ့၊ အခုဆိုရင် အဘွားကြီးတစ်ယောက်ကတောင် ငါ့ကို မျက်စိကျနေပြီ..

ဒါကို ဘာခေါ်လဲ...

ဆွဲဆောင်မှုပဲ...

ဒါက ဆွဲဆောင်မှုပဲ...

တကယ့်ကို ဆွဲဆောင်မှုပဲ...

အဘွားကြီးကျောက်သည် ရှီကျန့်ရှန်း၌ ဤကဲ့သို့သော ထူးဆန်းသည့် အတွေးအမြင်များ ရှိနေသည်ဟု အခိုင်အမာ သံသယဝင်သွားကာ မိမိ၏ ထိုင်ခုံကို အသာအယာ အဝေးသို့ ရွှေ့လိုက်လေသည်။ သူမသည် လူချစ်လူခင် ပေါများသူ ဖြစ်သော်လည်း ဤကိစ္စမျိုးကိုမူ လုံးဝစိတ်မဝင်စားပေ။

ငါတို့က သိက္ခာရှိတဲ့ လူတွေပဲလေ…

တစ်ဖက်တွင်လည်း အဘွားကြီးကျောက်သည် ရွှီကောင်းမင်ကို အမှန်တကယ်ပင် သနားမိသွား၏။

"ဒီလောက်အထိ ရုန်းကန်ကြိုးစားခဲ့ရတာ နောက်ဆုံးတော့ သူက ရှင့်ကို မကြိုက်ဘူး ဖြစ်နေတာပဲ"

"ဟွန်း... ထိုက်တာပဲ..."

"ကျောက်ရုံရေ... ငါ..."

"အားလုံး ဘာတွေ အလုပ်ရှုပ်နေကြတာလဲ..."

အဒေါ်ကြီးမေ့သည် အိမ်ထဲမှ ထိုင်ခုံလေးတစ်လုံးကို ဆွဲယူလာပြီးနောက် ဝင်ထိုင်လိုက်ကာ

"ဒေါ်ကြီးကျောက်ရေ... သေသွားတဲ့သူက ပြန်ရှင်မလာနိုင်တော့ဘူး၊ အများကြီး စိတ်မကောင်းမဖြစ်ပါနဲ့၊ ဘဝကတော့ ဆက်သွားနေရဦးမှာပဲ"

အဘွားကြီးကျောက်သည် နှုတ်ခမ်းကို စေ့ထားကာ ဘာမျှ ပြန်မပြောဘဲ ဆိတ်ဆိတ်သာ နေ၏။

ထိုစဉ် ရှီကျန့်ရှန်း အလျင်အမြန် ဝင်ရောက်ပြောဆိုကာ

"ဘယ်အမေကမှ သူ့သားကို မချစ်ဘဲ နေမလဲ... ဒါပေမဲ့ ငါထင်တာတော့ လီတာ့ရှန်းတို့အုပ်စုတော့ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"

အရှုံးပေးရတာက သေတာထက် ပိုကောင်းတာပေါ့…

သူမမှာ ဂရုမစိုက်ဘဲ လီတာ့ရှန်းကို အားမနာတမ်း ကဲ့ရဲ့ရှုံ့ချလေတော့သည်။

"ယောင်္ကျားကြီးတန်မဲ့ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်နေတာတောင် ဒီလောက်အထိ ယုတ်မာပြီး သေးသိမ်တဲ့ နည်းလမ်းတွေ သုံးတာကတော့ ကြားရတာတောင် ရှက်စရာကြီး။ ရှင်တို့လို ယောင်္ကျားတွေက ဒီအဘိုးကြီးနှစ်ယောက်လောက်တောင် စိတ်ထားမကြီးနိုင်ကြဘူးလား။ ဒီလောက် ယုတ်ညံ့တဲ့ကိစ္စတွေ လုပ်တာ မြင်ရင်တောင် အန်ချင်လာတယ်။ ငါကတော့ ဒီလိုလူစားမျိုးကို လုံးဝကြည့်မရဘူး၊ သိက္ခာမဲ့လွန်းတယ်၊ ပေကျင်းက ယောင်္ကျားတွေအတွက် အရှက်ခွဲနေတာပဲ..."

ရှီကျန့်ရှန်း အားနာခြင်း အလျှင်းမရှိပေ။ သူမတို့မိသားစုနှင့် လီတာ့ရှန်းမှာလည်း မည်သည့် ဆွေမျိုးတော်စပ်မှုမှ မရှိသဖြင့် အဘယ်ကြောင့် ကာကွယ်ပေးနေရမည်နည်း။ ထို့ကြောင့် လီတာ့ရှန်းကို စိတ်ရှိလက်ရှိ ကဲ့ရဲ့လိုက်ခြင်းပင် ဖြစ်၏။ အဘွားကြီးကျောက်၏ ဒေါသများ ထိုလူ့အပေါ်သို့ ရောက်သွားပါက သူမတို့မိသားစုအတွက် ဘေးကင်းသွားမည်သာ…

သူမကိုယ်သူမ တကယ့်ကို ပါးနပ်လွန်းသည်ဟု တွေးကာ ကျေနပ်နေတော့သည်။

အဘွားကြီးရှီ ထိုသို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေချိန်တွင် ချန်ချင်းယွီခမျာ ဝေခွဲမရစွာဖြင့် ငေးကြည့်နေမိ၏။ သူမသည် အကြိမ်ပေါင်းများစွာ ရေရွတ်နေမိသည်မှာ…

ဒီခေတ်က လူတွေကတော့လေ...တကယ်ကြီး သရဲရှိတယ်လို့ ယုံနေကြတာပဲ... တကယ်ကို ယုံနေတာ... ဒါဟာ တကယ့်ကို ထူးဆန်းတဲ့ ကိစ္စပဲ…

ချန်ချင်းယွီသည် ကောင်းကင်ကိုသာ ငြိမ်သက်စွာ မော့ကြည့်နေမိသည်။ နားလည်ပေးနိုင်သော်လည်း အံ့ဩတုန်လှုပ်မိသည်မှာ အမှန်ပင်။

ဒါက တကယ့်ကို...

ချန်ချင်းယွီတစ်ယောက် အံ့ဩနေစဉ်မှာပင်...

ဟိုဘက်တွင်မူ လုံခြုံရေးဌာနက အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေ၏။ အဓိကအားဖြင့် လီတာ့ရှန်း၏ ပတ်ဝန်းကျင်နှင့် အလုပ်ရုံဘက်မှ လူများကို တစ်ဦးချင်း မေးမြန်းနေခြင်းဖြစ်သည်။ ထို့ကြောင့် လူတိုင်းမှာ ထိတ်လန့်နေကြသော်လည်း လုံခြုံရေးဝန်ထမ်းများမှာ တစ်ဆင့်ချင်း စနစ်တကျ စစ်ဆေးလျက်ရှိသည်။

ဤကိစ္စနှင့် ပတ်သက်၍ အမှန်အတိုင်း ပြောရလျှင် လင်းကျန့်ဝမ်သည် ထိုမျှအထိ အရေးမပါလှကြောင်း သူတို့အားလုံး သိကြ၏။ သို့သော် စက်ရုံ၏ ဂုဏ်သိက္ခာမှာမူ အလွန်အရေးကြီးလေသည်။ ဤကိစ္စသည် ကြီးကျယ်လှသည်မဟုတ်သော်လည်း သက်ရောက်မှုမှာ အလွန်ဆိုးရွားလှ၏။ အထူးသဖြင့် အလုပ်သင်ခေါ်ယူမည့် စာမေးပွဲ ကျင်းပတော့မည့် အချိန်ဖြစ်၍ လူတိုင်း စောင့်ကြည့်နေကြခြင်းကြောင့်ပင်။

ထို့ကြောင့် ကမ္ဘာသိအောင် ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။ သို့မဟုတ်လျှင် စက်ရုံ၏ ဂုဏ်သိက္ခာကို မည်သို့ ထိန်းသိမ်းနိုင်တော့မည်နည်း။

ဒုတိယစက်ရုံမှူး ဟယ်သည် စက်ရုံမှူးအဖွဲ့ဝင်များကို စုစည်းကာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို စုံစမ်းစစ်ဆေးရမည်မှာ အငြင်းပွားဖွယ်မရှိပေ။ ပါတီအတွင်းရေးမှူး ကျန်းပင်လျှင် ချဲယုံဖုန်းကို အကာအကွယ်မပေးဘဲ ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးရန် သဘောတူခဲ့၏။

စက်ရုံ၏ ဂုဏ်သိက္ခာနှင့် ယှဉ်လျှင် သမက်ဖြစ်သူ ချဲယုံဖုန်းမှာ မည်သို့မျှ အရေးမပါလှပေ။

မနေ့ညကတည်းက ဒုတိယစက်ရုံမှူး ဟယ် သူ့အိမ်သို့ လာရောက်တွေ့ဆုံခဲ့သဖြင့် အတွင်းရေးမှူး ကျန်းသည် ကြိုတင်သိရှိထားပြီးသားဖြစ်ပြီး ပြတ်သားပြတ်သား ဆုံးဖြတ်ထားသည်။ ချဲယုံဖုန်းကဲ့သို့သော သမက်မျိုးမှာ ထိုမျှအထိ အရေးမပါလှပါချေ။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်သဘောထားတစ်ခု ပေးပါရစေ။ ကျုပ်ဆွေမျိုးနဲ့ ပတ်သက်နေတဲ့အတွက် ကျုပ် ပါဝင်ပတ်သက်ဖို့ မသင့်တော်ပေမဲ့ တစ်ခုတော့ ရှိပါတယ်။ အကယ်၍ ချဲယုံဖုန်းသာ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေတာ သေချာရင်တော့ ကျိန်းသေ ပြင်းပြင်းထန်ထန် အရေးယူရပါမယ်။ တခြားသူတွေထက်တောင် ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူရပါလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်က ပထမ၊ မိသားစုက ဒုတိယပဲ ဖြစ်ရမယ်။ သူ ဒီလိုကိစ္စမျိုး လုပ်ခဲ့တယ်ဆိုရင်တော့ ကျုပ် လုံးဝ ခွင့်မလွှတ်နိုင်ဘူး။ အရေးယူခံရမှသာ သူ ဘာမှားခဲ့လဲဆိုတာ သိမှာပါ"

ပါတီ အတွင်းရေးမှူး ကျန်း ကိုယ်တိုင် ထိုသို့ သဘောထားပေးလာသဖြင့် စက်ရုံ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပို၍ပင် တင်းကြပ်သွားတော့သည်။

ဤကိစ္စကို လုံခြုံရေးဌာနမှ ဦးဆောင်နေသော်လည်း စုံစမ်းစစ်ဆေးမှုမှာ အလွန်အမင်း မမြန်လှပေ။ အကြောင်းမှာ သက်သေထွက်ဆိုသူ များပြားသဖြင့် တစ်ဦးချင်းစီ၏ ထွက်ဆိုချက်များကို မှတ်တမ်းတင်ရခြင်းသည် အချိန်အလွန်ကုန်စေ၏။ လုံခြုံရေးအဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်ပြီး တစ်ဖွဲ့သည် အလုပ်ရုံတွင် ကျန်ခဲ့ကာ နောက်တစ်ဖွဲ့မှာ လီတာ့ရှန်း၏ အိမ်အနီးသို့ သွားရောက်စစ်ဆေးကြသည်။

"အရင်က အလုပ်ရုံမှာတုန်းက လီတာ့ရှန်းက လင်းကျန့်ဝမ်အပေါ် တကယ်ပဲ မကောင်းခဲ့တာပါ။ အမြဲတမ်း ညစ်ပတ်တဲ့ အလုပ်တွေ၊ ပင်ပန်းတဲ့ အလုပ်တွေကိုပဲ ခိုင်းတတ်တာ ကျွန်တော်တွေ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ဘာမှဝင်ပြောလို့ မရဘူးလေ။"

"လင်းကျန့်ဝမ် အလုပ်ရုံကို စဝင်လာတုန်းက ဌာနမှူးက လီတာ့ရှန်းကို သူ့ရဲ့ဆရာအဖြစ် တာဝန်ပေးခဲ့တာပါ။ ဒါပေမဲ့ သူက ဘာမှသေသေချာချာ မသင်ပေးခဲ့ဘူး။ လင်းကျန့်ဝမ်က တခြားလူတွေနားသွားပြီး ခိုးသင်ခဲ့ရတာ။ အဲ့ဒါကိုတောင် လီတာ့ရှန်းက မကောင်းပြောသေးတာ။"

"ကျွန်တော် အလုပ်လုပ်နေတုန်းက တခြားလူတွေကို သိပ်ဂရုမစိုက်ဖြစ်ပေမဲ့ လင်းကျန့်ဝမ်ပြောတာ တစ်ခါကြားဖူးတယ်။ အစပိုင်းမှာ ဘယ်သူမှ မသင်ပေးလို့ ကိုယ့်ဘာသာကိုယ်ပဲ လေ့လာခဲ့ရတယ်၊ ဒါကြောင့် အလုပ်က နည်းနည်းနှေးနေတယ်၊ အလုပ်ရုံရဲ့ တိုးတက်မှုကို ထိခိုက်မှာ စိုးရိမ်တယ်လို့ သူ ပြောခဲ့ဖူးတယ်။"

"အလုပ်ရုံမှူး ချဲက လင်းကျန့်ဝမ်ကို တော်တော်မုန်းတယ်လို့ ကြားဖူးတယ်။ လင်းကျန့်ဝမ် စက်ရုံမဝင်ခင်က အလုပ်ရုံမှူးရဲ့ ညီက ကျွန်တော်တို့ အလုပ်ရုံကို လာမယ်လို့ ကောလာဟလတွေ ထွက်ခဲ့သေးတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မလာဖြစ်ဘူး... အဲ့ဒီနောက်ပိုင်း အလုပ်ရုံမှူးက ဆရာကြီးလီကို ခေါ်ပြီး တိုးတိုးတိတ်တိတ် ပြောတာတွေ ခဏခဏ တွေ့ရတယ်။ ဘာတွေပြောလဲတော့ မသိဘူး၊ ဒါပေမဲ့ ဆရာကြီးလီ ပြန်လာတိုင်း လင်းကျန့်ဝမ်ကို အလုပ်တွေ ပိုခိုင်းတော့တာပဲ။"

"ဟုတ်တယ်... ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စက်ရုံမှာ ပွဲလုပ်တော့ ဆရာကြီးလီ မူးနေလို့ ကျွန်တော်နဲ့ တခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက် သူ့ကို အိမ်လိုက်ပို့ပေးခဲ့သေးတယ်။ လမ်းမှာ သူက လင်းကျန့်ဝမ်ကို တောက်လျှောက် ဆဲလာတာ။ ဒီကောင်က မျက်နှာချောချောလေးနဲ့ စာမေးပွဲမှာ အမှတ်ကောင်းပြီး သူ့သမက်ရဲ့ ရာထူးကို လုသွားတယ်တဲ့။ တစ်နေ့နေ့တော့ ဒီကောင်ကို အလုပ်ထွက်သွားအောင် လုပ်မယ်လို့လည်း ပြောသေးတယ်။ မယုံရင် ဟိုဘက်က လူကိုလည်း မေးကြည့်ပါ၊ သူလည်း ကြားခဲ့တာပဲ။ ပြီးတော့ ဒါတွေက ချဲယုံဖုန်း ခိုင်းတာလို့လည်း လီတာ့ရှန်းက ပြောခဲ့သေးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း လုပ်ချင်စိတ်ရှိနေတာ ကျွန်တော်မြင်နေရတာပဲ..."

"မှန်ပါတယ်... ကျွန်တော်နဲ့ တခြားတစ်ယောက် သူ့ကို လိုက်ပို့ပေးခဲ့တာပါ။ အဲ့ဒီတုန်းက သူက မဟုတ်ကဟုတ်ကတွေ အများကြီး ပြောခဲ့တာ။ ချဲယုံဖုန်းက အသုံးမကျဘူး၊ မိန်းမအကြိုက်ကို မလိုက်တတ်ဘူး၊ သူ့ညီအရင်းကိုတောင် အလုပ်သွင်းမပေးနိုင်တဲ့ အသုံးမကျတဲ့ကောင်ဆိုပြီး ဆဲနေတာ။"

"လီတာ့ရှန်းက လင်းကျန့်ဝမ်ကို အနိုင်ကျင့်တယ်ဆိုပေမဲ့ တကယ်တော့ သူက သတ္တိမရှိပါဘူး။ လင်းကျန့်ဝမ် သေဆုံးသွားတဲ့ အချိန်တုန်းကဆိုရင် သူ နေ့တိုင်း အလုပ်လာတာ စိတ်နဲ့လူနဲ့ မကပ်ဘူး။ တော်တော်လေးကို ကြောက်နေပုံရတယ်..."

"ကျွန်တော်ကတော့ အလုပ်ရုံမှူးနဲ့ ဆရာကြီးလီတို့ တိုးတိုးတိတ်တိတ် စကားပြောတာ ခဏခဏ တွေ့ဖူးတယ်။ တစ်ခါတုန်းက ထမင်းစားဆောင် မသွားဖြစ်လို့ ကျွန်တော် ကြားလိုက်တာက လင်းကျန့်ဝမ်ကို ရာထူးတိုးစာမေးပွဲ မဖြေနိုင်အောင် ဖိထားမယ်လို့ သူတို့ တိုင်ပင်နေကြတာ။ လင်းကျန့်ဝမ်ကို လုံးဝ စာမေးပွဲ ဖြေခွင့်မပေးဘဲ တစ်သက်လုံး အဆင့် (၁) အလုပ်သမား ဘဝနဲ့ပဲ ထားမယ်၊ ဘယ်တော့မှ ခေါင်းမဖော်နိုင်အောင် လုပ်မယ်လို့ အလုပ်ရုံမှူး ချဲက ပြောနေတာ။"

"ကျွန်တော်ကြားတာကတော့..."

...

အလုပ်ရုံတစ်ခုတွင် လူပေါင်းစုံရှိရာ အချို့က သူတစ်ပါးကို မငြိုငြင်စေလိုသဖြင့် နှုတ်လုံကြသော်လည်း အချို့ကမူ တရားမျှတမှုကို ရှေးရှု၍ အမှန်အတိုင်း ထွက်ဆိုကြသည်။ အချို့မှာမူ ပြောရခက်နေကြသော်လည်း စုပေါင်းလိုက်သောအခါ စုံစမ်းစစ်ဆေးမှုမှ အချက်အလက်များစွာ ထွက်ပေါ်လာ၏။

ပထမအချက်မှာ လီတာ့ရှန်းသည် လင်းကျန့်ဝမ်အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် လင်းကျန့်ဝမ်အား အတတ်ပညာမသင်ပေးဘဲ ထားခဲ့ခြင်းမှာ အကြီးမားဆုံး ပြဿနာဖြစ်ပြီး ၎င်းသည် လုပ်ငန်းခွင်နှင့် ထုတ်လုပ်မှုအဆင့်ဆင့်ကိုပါ နှောင့်နှေးစေသဖြင့် အခြေအနေမှာ အလွန်ပင် ဆိုးရွားလှ၏။

ဒုတိယအချက်မှာ ညစ်ပတ်ပင်ပန်းသော အလုပ်များကို တမင်သက်သက် ရွေးချယ်ခိုင်းစေခြင်း ဖြစ်သည်။

နောက်ဆုံးအချက်မှာ ရာထူးတိုးစာမေးပွဲ ဖြေဆိုခွင့်မရအောင် ဖိနှိပ်ထားခြင်း ဖြစ်၏။

ဤအချက်များအပြင် ချဲယုံဖုန်းသည် ဤကိစ္စများတွင် ပါဝင်ပတ်သက်နေပြီး လီတာ့ရှန်းအား နောက်ကွယ်မှ အကြိမ်ကြိမ် စေခိုင်းခဲ့ကြောင်း လူအများအပြား သက်သေခံခဲ့ကြသည်။ လုံခြုံရေးခေါင်းဆောင်ဝမ်သည် ရုံးခန်းသို့ ပြန်ရောက်သောအခါ မနေနိုင်ဘဲ ညည်းတွားလိုက်မိ၏။

"ချဲယုံဖုန်းက အလုပ်ရုံမှူးတစ်ယောက် ဖြစ်နေတာတောင် သူ့အတွက် ရှေ့နေလိုက်ပေးမယ့်သူ တစ်ယောက်မှ မရှိပါလား၊ သူ့ရဲ့ လူမှုဆက်ဆံရေးကတော့ တကယ့်ကို အံ့ဩစရာပဲ"

လုံခြုံရေးဌာနအနေဖြင့် ခေါင်းဆောင်ပိုင်းကို စုံစမ်းစစ်ဆေးရာတွင် လူအများစုမှာ နောက်နောင် အငြိုးအတေး အာဃာတထားပြီး လက်စားချေခံရမည်ကို စိုးရိမ်သဖြင့် များသောအားဖြင့် နှုတ်ဆိတ်နေလေ့ရှိကြောင်း ကောင်းစွာနားလည်ထားသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ တစ်ဦးချင်း မေးမြန်းစစ်ဆေးရာ၌ လူဦးရေ ထက်ဝက်ခန့်မှာ ချဲယုံဖုန်းအပေါ် ကောင်းသတင်း တစ်ခွန်းမျှ မပြောခဲ့ကြချေ။

လီတာ့ရှန်း လုပ်သမျှမှာ ချဲယုံဖုန်း၏ စေခိုင်းမှုကြောင့်ဖြစ်ကြောင်း သက်သေထွက်ဆိုသူ အများအပြား ရှိနေသည်ကို ကြည့်ခြင်းဖြင့် သူ၏ လူချစ်လူခင် နည်းပါးမှုကို သိသာစေ၏။

ခေါင်းဆောင်ဝမ်မှာလည်း အပြောရခက်အောင်ပင် ဖြစ်သွားရသည်။

ဤကဲ့သို့သော လူမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

"သူက ကိုယ်ပိုင်အရည်အချင်းနဲ့ တက်လာတာမှ မဟုတ်တာ၊ အစကတည်းက သူ့ကို မကြည်သူတွေ အများကြီးပဲ။ အခုလို နောက်ကွယ်မှာ မဟုတ်တာတွေ လုပ်နေမှတော့ ပိုပြီး အထင်သေးခံရမှာပေါ့။ ဒီလိုလူစားမျိုးကို ဘယ်သူကများ အဖက်လုပ်ချင်မှာလဲ"

ဒုတိယခေါင်းဆောင်မှာ တည့်တည့်ပင် ဆိုလိုက်သည်။

ယခုကဲ့သို့ စိတ်အားထက်သန်မှု အပြည့်ဖြင့် အလုပ်လုပ်ကြသည့် ခေတ်ကာလတွင် ဆွေမျိုးကောင်း၍ ရာထူးရလာပြီး လုပ်ငန်းကျွမ်းကျင်မှုလည်းမရှိ၊ ကိုယ်ကျင့်တရားလည်းမကောင်းသည့် လူစားမျိုးကို မည်သူကမျှ နှစ်သက်မည်မဟုတ်ပေ။

"ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်က အလုပ်လုပ်နိုင်တဲ့ အရည်အချင်းတော့ ရှိရမယ်၊ မဟုတ်ရင် ဘယ်သူကမှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။"

"အဲ့ဒါတော့ သေချာတာပေါ့။"

"နေဦး... သူတို့နေတဲ့ လမ်းကြားကို သွားစစ်တဲ့လူတွေ ပြန်ရောက်ပြီလား..."

"ပြန်ရောက်ပြီ၊ ခုနတင် အချက်အလက်တွေ စုစည်းလိုက်တယ်။ သရဲခြောက်တယ်ဆိုတာကိုတော့ ကျွန်တော် မယုံပါဘူး... လီတာ့ရှန်းက ကိုယ့်ဘာသာကိုယ် ပြန်ကြောက်နေတာပဲ ဖြစ်ရမယ်။ လင်းကျန့်ဝမ် သေသွားတော့ သူ တကယ် ကြောက်သွားတာလေ၊ အလုပ်ရုံက လူတွေ ပြောတာကို ကြည့်ရင်လည်း သိသာပါတယ်။"

"သူတို့ဝင်းထဲက လျိုကျင့်ဆိုတဲ့ အမျိုးသမီး ပြောတာတော့ သူတို့မိသားစုလည်း အနိုင်ကျင့်ခံရတယ်ဆိုပဲ..."

"အဲ့ဒီကိစ္စ ရှိသေးတယ်၊ အဲ့ဒါလည်း ချဲယုံဖုန်းရဲ့ ညီကြောင့်ပဲလေ။ လျိုကျင့်ရဲ့ ယောင်္ကျားက ချဲယုံဖုန်းညီရဲ့ မယားနဲ့ အရင်က ရည်းစားတွေ ဖြစ်ခဲ့ဖူးသတဲ့။ အဲ့ဒီမိသားစုကတော့ ကြည့်ဦး..."

"ချဲယုံဖုန်းရဲ့ ညီကတော့ တကယ့်ကို ပြဿနာရှာတဲ့လူပဲ..."

"အဲ့ဒါတော့ ဟုတ်တာပေါ့..."

အခန်းထဲရှိ လူများမှာ ထိုသို့သော ယုတ်ညံ့သည့် လုပ်ရပ်များကို ကြည့်ကာ စက်ဆုပ်ရွံရှာစွာဖြင့် ခေါင်းခါယမ်းနေကြတော့၏။

"ကဲ... တော်ပြီ၊ ငါ ခေါင်းဆောင်တွေဆီ သွားလိုက်ဦးမယ်"

ခေါင်းဆောင်ဝမ် ပြောဆိုကာ ထွက်ခွာသွားလေသည်။

All Chapters