← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း ၇၁။ အသေးအဖွဲကိစ္စများ

မှောင်မည်းနေသော ခန်းမကြီးအတွင်း လူအချို့ ရှေ့ထွက်လာကြသော်လည်း စနစ်တကျ ထိန်းသိမ်းပေးမည့်သူ မရှိသဖြင့် လူအုပ်ကြီးမှာ အလွန်နှေးကွေးစွာ ရွေ့လျားနေကြသည်။ တစ်ဦးနှင့်တစ်ဦး ဆဲဆိုတိုင်းထွာကာ ဘိုးဘွားဘီဘင် ၁၈ ဆက်တိုင်အောင် မေတ္တာပို့နေကြသည်မှာ "ခင်မင်ရင်းနှီးမှု" ပြနေသယောင် ရှိနေ၏။

လူအုပ်ကြီး ဆူညံပွက်လောရိုက်ရင်း အပြင်သို့ တိုးထွက်နေကြသော်လည်း ချန်ချင်းယွီမှာမူ မလောဘဲ "တခြားသူတွေကို အရင်သွားခွင့်ပေးလိုက်ပါ" ဟု ဆိုကာ အဘွားကြီးကျောက်ကို ဆွဲပြီး ခုံတန်းအတွင်းမှလူများ အရင်ထွက်နိုင်အောင် လမ်းဖယ်ပေးထားလိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ဖယောင်းတိုင် ထွန်းလိုက်သဖြင့် အလင်းရောင် အနည်းငယ် ရလာပြီး၊ အလင်းမှာ သိပ်မလင်းလှသော်လည်း အမှောင်ထုထဲတွင် ကိုယ့်ကိုယ်ကိုယ် စိတ်ထင်တိုင်းကျဲနေသူများသည် အလင်းစလေး မြင်ရသည်နှင့် အနည်းငယ် ပြန်လည် ထိန်းသိမ်းလာကြ၏။

အလင်းရောင် ရလာသည်နှင့်အမျှ လူတိုင်း သတိထားလာကြသော်လည်း ဆူညံသံများသည်ကား လျော့မသွားပေ။

"အပြင်မှာ မိုးရွာနေပြီဟေ့၊ အမလေး... လျှပ်စီးတွေ လက်ပြီး မိုးတွေ ခြိမ်းနေလိုက်တာ"

စက်မှုစက်ရုံမှာ စက်ရုံကြီးဖြစ်သည့်အတိုင်း ခန်းမကြီးကိုလည်း ကောင်းမွန်စွာ တည်ဆောက်ထားသဖြင့် အပြင်မှာ မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း အထဲတွင် ဘာသံမှ မကြားရပေ။ မိုးရွာနေသောကြောင့် အပြင်ရောက်သူအချို့မှာ ဆက်မသွားဘဲ ရပ်နေ၍ လူပိတ်နေမှု ဖြစ်ပေါ်သော်လည်း ယခုအခါ လုံခြုံရေးဌာနသည် တံခါးဝတွင် လမ်းရှင်းပေးနေပြီ ဖြစ်သည်။

လူအုပ်ကြီးက မသွားချင်သော်လည်း သွားရတော့မည်။

စောစောပိုင်း၌ အမှောင်ထဲတွင် ကိုယ့်လက်ညှိုးပင် မမြင်ရသဖြင့် ဘယ်သူဘယ်ဝါမှန်း မသိဘဲ ရဲတင်းစွာ အော်ဟစ်နေကြသူများသည် အပြင်ရောက်၍ လုံခြုံရေးဝန်ထမ်းများနှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ တစ်ယောက်ချင်းစီမှာတုပ်တုပ်မျှမလှုပ်ဘဲ လိမ္မာသွားကြ၏။ လုံခြုံရေးများ လမ်းရှင်းပေးလိုက်သဖြင့် လူအုပ်ကြီးမှာ သိသိသာသာ မြန်မြန်ဆန်ဆန် ရွေ့လျားသွားသည်။

ရှောင်ကျား အနည်းငယ် စိတ်ပူလာပြီး

"မေမေ၊ သားတို့ မသွားသေးဘူးလား..."

"မသွားသေးဘူး၊ ခဏစောင့်ဦး"

ချန်ချင်းယွီ ပြန်ဖြေပေးလိုက်၏။

ရှောင်ကျား ခေါင်းလေးကို မော့ကာ အဝေးသို့ အားစိုက်ကြည့်ရင်း လေသံပျော့ပျော့လေးဖြင့်

"မလောဘူး၊ မလောဘူး"

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"အိပ်ချင်နေပြီလား..."

"မအိပ်ချင်သေးဘူး"

ရှောင်ယွမ်လေးမှာ ချန်ချင်းယွီ၏ ပုခုံးကို မှီလိုက်ပြီး ဆိုလာရှာသည်။

"သမီးတော့ အိပ်ချင်ပြီ..."

"ဒါဆို ခဏလောက် မှေးနေလိုက်လေ၊ မေမေ ချီထားမယ်၊ ရတယ်"

ချန်ချင်းယွီ ပြောသော်လည်း ရှောင်ယွမ် ခေါင်းခါကာ ငြင်းလိုက်၏။

"မအိပ်ဘူးနော်"

ကလေးမလေးမှာ နှုတ်ခမ်းလေးစူကာ

"သမီး အောင့်ထားမယ်..."

ကိုကို မအိပ်သေးသဖြင့် သူမလည်း မအိပ်နိုင်ဟု ဆိုကာ ရှောင်ယွမ် အသက်ကို ပြင်းပြင်းရှူပြီး လက်ကလေးဖြင့် မျက်ခွံကို ဆွဲဖြဲလျက် "ရှောင်ယွမ် မအိပ်ဘူး၊ ဘယ်လိုမှ မအိပ်ဘူးနော်" ဟု ဆိုလေသည်။

ချန်ချင်းယွီမှာ တခစ်ခစ် ရယ်မိသွားပြီး "အေးပါအေးပါ" ဟု ဆိုကာ ကလေးကို အတင်းအကျပ် မလုပ်ဘဲ လွှတ်ထားလိုက်၏။

"ငါ ခဏချီပေးရမလား..."

အဘွားကြီးကျောက် မေးသော်လည်း ချန်ချင်းယွီ ငြင်းပယ်လိုက်ကာ ခေါင်းခါပြလိုက်သည်။

"ရပါတယ်၊ ကျွန်မ မပင်ပန်းပါဘူး"

သူတို့ အခုချက်ချင်း မထွက်ကြသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ အလင်းရောင်ရ၍ အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ရှိလာကြသော်လည်း လူအုပ်ကြီး တိုးထွက်နေသည့်ကြားတွင် တစ်ဦးကိုတစ်ဦး နင်းမိကြသည်မှာ သာမန်ကိစ္စနှယ် ဖြစ်နေပြီး မကျေမနပ် ညည်းညူသံများလည်း ပလူပျံနေ၏။

"ငါ့ရဲ့ ဖိနပ်ဖြူလေးတော့ သွားပါပြီ၊ နင်းထားလိုက်တာ ဒီလောက်တောင် ညစ်ပတ်ကုန်တာ ဘယ်လိုလုပ် စီးတော့မလဲ၊ စိတ်တိုလိုက်တာ၊ လမ်းကြည့်လျှောက်ကြစမ်းပါ"

"ဘာလို့ တွန်းနေတာလဲ၊ ရှေ့ကလူတွေက နှေးနေတာကို ငါက ဘာလုပ်ရမှာလဲ"

"အာ့... သောက်ကျိုးနည်း၊ ဘယ်လက်သရမ်းတဲ့ကောင်က ငါ့တင်ပါးကို လာကိုင်တာလဲ၊ မိန်းမ မမြင်ဖူးဘူးလား၊ အိမ်ပြန်ပြီး နင့်အမေကို သွားကိုင်ပါလား..."

……

ရုပ်ရှင်ပြပွဲအပြီး လူစုခွဲချိန်တွင် ညည်းညူဆဲဆိုသံတို့မှာ ပွက်လောရိုက်လျက် ရှိနေတော့သည်။

ချန်ချင်းယွီတို့အုပ်စုမှာမူ အိမ်ပြန်ရန် အလောတကြီး မရှိကြပေ။ လူအုပ်ကြီး တိုးဝှေ့ရုန်းကန်ကာ တစ်ဦးကိုတစ်ဦး အပြစ်တင်စကားဆိုနေကြသည်ကို ကြည့်ရှုရင်း သူတို့မလောခြင်းမှာ မှန်ကန်ကြောင်း တွေးတောမိနေ၏။ သို့မဟုတ်ပါက အင်အားသုံး၍ တိုးဝှေ့လျှင်ပင် လူအုပ်ကြီး၏ ရိုက်ခတ်မှုဒဏ်ကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။ ချန်ချင်းယွီတို့သည် လူအုပ်ကြီး အပြင်ဘက်သို့ ကုန်စင်အောင် ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ တည်ငြိမ်စွာဖြင့် အပြင်သို့ ထွက်လာခဲ့ကြသည်။

"ညည်းပြောတာ နားထောင်လို့ တော်တော့တယ်။ ကြည့်ပါဦး၊ အခုမှ လူရှင်းသွားတာ"

အဘွားကြီးကျောက် စိတ်ကျေနပ်စွာ ဆိုလေ၏။

"ဒါပေါ့ ကျွန်မစကားကို များများနားဆထာင်"

ချန်ချင်းယွီ ဝင့်ကြွားစွာပြုံးလျက် ပြန်ပြောလိုက်သည်။

ယောက္ခမနှင့် ချွေးမနှစ်ဦးသား ကလေးငယ်များကိုယ်စီ ပွေ့ချီကာ အပြင်သို့ ထွက်လာကြစဉ် ယခုမူ ဆဲဆိုသံများ တိတ်ဆိတ်သွားချေပြီ။ လူနည်းသွားသည်ဖြစ်ရာ ခြေထောက်နင်းမိခြင်း သို့မဟုတ် အသားယူနှောင့်ယှက်ခြင်းမျိုးလည်း မရှိတော့ပေ။ အဘွားကြီးကျောက် အပြင်ဘက်သို့ မျှော်ကြည့်ရင်း စိုးရိမ်တကြီး ပြောလိုက်၏။

"အပြင်မှာ မိုးဘယ်လောက်တောင် သည်းနေမလဲ မသိဘူး"

"ကျွန်မ ထီးတစ်ချောင်း ယူလာရင် ကောင်းသား"

သူမသည် အိမ်သို့ ခေတ္တပြန်ခဲ့သေးသော်လည်း အလုပ်ရှုပ်နေသည်နှင့် မေ့ကျန်ခဲ့ခြင်းဖြစ်သည်။ စိတ်ထဲတွင်လည်း 'ငါကတော့လေ... အပျော်အပါး ကြည့်ဖို့ပဲ စိတ်စောနေတာနဲ့ အရေးကြီးတာကျ မေ့နေတယ်' ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိ၏။ သို့သော်လည်း သူမ၏ စိတ်ထဲတွင်မူ ယွမ်ရှောင်ချွေ ကို သတိပေးရန် အခွင့်အရေး ရှာဖွေနေဆဲပင်။ ကျောက်ရုံတို့ လင်မယား၏ အကွက်ချစီစဉ်မှုတွင် ယွမ်ရှောင်ချွေ မပါသွားစေရန် သူမ လုံးပမ်းနေရသည်။

ချန်ချင်းယွီသည် ဤကိစ္စတွင် သူမကိုယ်တိုင် ပါဝင်ပတ်သက်သည်ကို မသိစေရန် အဟောင်းဆိုင်သို့ သွားကာ သတင်းစာဟောင်းများထဲမှ စာလုံးများညှပ်၍ စာတိုပေးပို့ရန် ကြံစည်နေ၏။ သူမသည် ယွမ်ရှောင်ချွေအပေါ် ကိုယ်ချင်းစာစိတ်ရှိသော်လည်း ရာနှုန်းပြည့် ယုံကြည်သည်မဟုတ်ရာ ကိုယ်တိုင် စာရေးသားပေးပို့ရန် ဝန်လေးနေသည်။

ထိုသို့ အတွေးနယ်ချဲ့နေစဉ် အနောက်ဘက်ဆီမှ ရုတ်ရုတ်သဲသဲ ဖြစ်သံများ ကြားလိုက်ရသဖြင့် သူမ သိချင်စိတ်ဖြင့် လှည့်ကြည့်မိ၏။

"ဟင်... ဘယ်သူတွေ ရန်ဖြစ်နေပြန်တာလဲ..."

အဘွားကြီးကျောက် စပ်စုချင်စိတ်ဖြင့် လှည့်ကြည့်သော်လည်း အမှောင်ထုကြောင့် သဲသဲကွဲကွဲ မမြင်ရပေ။ သို့သော် အသံမှာမူ ရှင်းလင်းစွာ ကြားနေရသည်။ ရန်ဖြစ်နေသူတို့မှာ တခြားသူမဟုတ်ဘဲ ချဲယုံဖုန်းတို့ လင်မယား ဖြစ်နေ၏။ ချဲယုံဖုန်း၏ဇနီးဖြစ်သူမှာ တစာစာဖြင့် အားမနာပါးမနာ ဆဲဆိုနေလေသည်။

"ရှင်ကတော့လေ... အသုံးမကျတဲ့ လူဖျင်းပဲ... ကြည့်စမ်း၊ ရုပ်ရှင်ကြည့်တာတောင် အေးအေးဆေးဆေး မကြည့်ရဘူး။ ရှင် ဘာများ အသုံးကျသေးလဲ... ကျွန်မဖြင့် ရှင့်လို ယောက်ျားမျိုးကို ယူမိတာ ရှစ်သက်စာ ကံဆိုးတာပဲ။ လူလည်း သိပ်မရှိတော့တာကို ဒီလမ်းလေး လျှောက်တာတောင် ကျွန်မခြေထောက်ကို နင်းမိသေးတယ်။ ရှင် ဘာလုပ်တတ်သေးလဲ... လူဖျင်းကြီး..."

ချဲယုံဖုန်းခမျာ ဇနီးဖြစ်သူအား အသံပျော့လေးဖြင့် ဝပ်တွား ချော့မြူရှာ၏။

"မိန်းမရယ်... ကိုယ့်အမှားပါ။ ကိုယ်မှားသွားတယ်၊ မှောင်နေလို့ မမြင်လိုက်လို့ပါ..."

"ရှင် မျက်စိကန်းနေတာလား... ရှင့်စိတ်က ဘယ်ဆီရောက်နေပြီး ဘယ်မြေခွေးမကို လွမ်းနေတာလဲ... တခြားသူတွေ ဘယ်သူမှ လာမနင်းဘဲ ရှင်ကမှ ဘာလို့ လာနင်းရတာလဲ... ယောက်ျားတစ်ယောက် ဖြစ်ပြီး ဘာအသုံးကျလဲ... ကလေးလည်း မရဘူး၊ ရုပ်ရှင်ကြည့်ရင်း ခြေထောက်လည်း နင်းသေးတယ်။ ရှင် တမင်လုပ်တာ မဟုတ်လား... ကံကို ဆိုးတာပဲ... တစ်မိသားစုလုံး ကံဆိုးမတွေ... ရှင့်ညီရဲ့ ယောက္ခမတွေဆိုရင်လည်း ချေးကျင်းထဲ ခုန်ချတယ်ဆိုပဲ... ရွံစရာကြီး... အဲဒီလိုလူရဲ့ သမီးနဲ့ လင်ညီအစ်မ ဖြစ်ရတာ ကျွန်မဖြင့် ကံဆိုးလှချည်ရဲ့။ လူတွေ ကျွန်မကို ဘယ်လိုလှောင်နေကြမလဲ ရှင်သိလား... ကျွန်မ မျက်စိမှောက်လို့ ရှင့်ကို ယူမိတာ"

အဆိုပါ အမျိုးသမီးမှာ စိတ်တိုင်းမကျဖြစ်နေသဖြင့် တစိုက်မတ်မတ် အော်ဟစ်ဆဲဆိုနေတော့သည်။

ချဲယုံဖုန်းသည်လည်း အလွန်ပင် စိတ်ရှည်စွာဖြင့် ရှင်းပြနေ၏။

"ဒါတွေက အထင်လွဲတာပါ မိန်းမရယ်၊ သူတို့ မကောင်းတာပါ။ ကိုယ်တို့ သူတို့နဲ့ မတွေ့ရင် ပြီးတာပဲ မဟုတ်လား... မိန်းမ စိတ်မဆိုးပါနဲ့၊ မင်း စိတ်တိုရင် ကိုယ် ရင်ထဲမကောင်းလို့ပါ။ လာ... ကိုယ် ပိုးပြီး ခေါ်သွားမယ်.. အိမ်ပြန်ရောက်ရင် ညစာ ကောင်းကောင်းလေး လုပ်ကျွေးမယ်လေ။ ဘာစားချင်လဲ... မင်း စားချင်တာ အကုန်လုပ်ပေးမယ်"

"ရှင် အစကတည်းက ပိုးသင့်တာ... အပြင်မှာလည်း မိုးရွာနေတယ်၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ကျွန်မ ဒီလို မိုးရွာတဲ့နေ့တွေကို အမုန်းဆုံးပဲ"

"ရပါတယ်... မင်း ဒီတံခါးဝမှာ ခဏစောင့်နေနော်။ ကိုယ် အိမ်ကို ပြေးပြီး ထီးသွားယူခဲ့မယ်၊ မင်း မိုးမစိုစေရဘူး..."

"ရှင်က ကျွန်မကို ဒီမှာ တစ်ယောက်တည်း ထားခဲ့မလို့လား... ရှင့်မှာ အသိစိတ် မရှိဘူးလား... ကျွန်မကို ထားခဲ့မယ်ပေါ့... ရှင်... လူယုတ်မာ..."

"မဟုတ်ပါဘူး မဟုတ်ပါဘူး... ဒါဆို ကိုယ် လုံခြုံရေးဆီမှာ ထီးသွားငှားလိုက်မယ်။ သူတို့ဆီမှာ ရှိမှာပါ။ စိတ်ချနော်၊ ကိုယ် မင်းကို ထားမသွားဘူး။ အတူတူ သွားကြမယ်..."

လူနှစ်ဦး၏ အော်ဟစ်သံတို့မှာ ပတ်ဝန်းကျင်သို့ ပျံ့လွင့်နေသည်။ လူဦးရေမှာ အစောပိုင်းလောက် မများတော့သော်လည်း ရာဂဏန်းခန့် ရှိနေသေးသဖြင့် လူတိုင်း နားစွင့်နေကြ၏။ ချဲယုံဖုန်းတွင် ယောက်ျားပီသသော စိတ်ဓာတ် အနည်းငယ်မျှပင် မရှိကြောင်း လူအုပ်ကြီးမှာဝေဖန်နေကြသည်။

ဇနီးသည်ကို ကြောက်ရွံ့သူများ တွေ့ဖူးကြသော်လည်း ဤမျှအထိ ကျိုးနွံသူမျိုးမူ မတွေ့ဖူးကြပေ။

သို့သော်လည်း ပြန်လည်စဉ်းစားကြည့်လျှင် ချဲယုံဖုန်းသည် ဇနီးသည်ဘက်မှ အရှိန်အဝါဖြင့် ရာထူးတက်လာသူဖြစ်ရာ ဤသို့ အနှိမ်ခံရခြင်းမှာ မဆန်းပေ။ အလုပ်ရုံမှူး ဖြစ်လာရခြင်းမှာလည်း သူ၏ အရည်အချင်းကြောင့်မဟုတ်ဘဲ ဇနီးဖြစ်သူအား အထိန်းတော် ကုန်းကုန်းကြီးသဖွယ် ဝတ်ကြီးဝတ်ငယ် ပြုစုပေးခြင်းကြောင့်သာ ဖြစ်လိမ့်မည်။

လူအုပ်ကြီးမှာ တိတ်ဆိတ်စွာဖြင့် အကဲခတ်နေကြ၏။ ချဲယုံဖုန်း၏ ဇနီး လင်ဖြစ်သူကို ဆုံးမနေချိန်တွင် ဘေးလူများမှာ ခြေသံတောင် မထွက်အောင် ဖြည်းဖြည်းချင်း လျှောက်လှမ်းကာ အားရပါးရ နားထောင်နေကြတော့သည်။

အဘွားကြီးကျောက် ချန်ချင်းယွီကို လေသံတိုးတိုးဖြင့်

"သူ့မိန်းမက အမြဲတမ်း နှိပ်ကွပ်ထားလို့ စိတ်ဝေဒနာ ဖြစ်နေပြီး ငါ့သားကို အလုပ်ရုံထဲမှာ လာနှိပ်စက်နေတာ ဖြစ်မယ်"

"ဒါတော့ ဘယ်သူသိမလဲ"

ချန်ချင်းယွီ ပြန်ပြောလိုက်၏။

အမှန်တကယ်တွင် အဆိုပါအမျိုးသမီး၏ သဘောထားမှာ လွန်ကဲလှသော်လည်း ချန်ချင်းယွီအတွက်မူ ဤသည်မှာ ဖြစ်သင့်သည်ဟု ယူဆသည်။ ချဲယုံဖုန်းကဲ့သို့ ကိုယ်ပိုင်အရည်အချင်းမရှိဘဲ လူကပ်ကာ ရာထူးတက်လိုသူမှာ ဤကဲ့သို့သော ပေးဆပ်မှုမျိုး ရှိရမည်သာ။

'ဒီလိုလူမျိုးကို ယောကျာ်းပိုင်းလုံးလို့ မပြောလို့ ဘာလို့ပြောမှာလဲ...’

‘လူလေးစာခံချင်သေးတယ်ပေါ့ စဉ်းစားလေ...’

သူမ ပြုံးစိစိဖြင့် တွေးနေမိ၏။

ယခုမူ သူတို့ အပြင်ဘက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ မိုးသည်ကား သည်းထန်စွာ ရွာသွန်းနေဆဲပင်။ လူတိုင်း ခေါင်းပေါ် အဝတ်များအုပ်ကာ မိုးထဲ၌ ပြေးလွှားနေကြရ၏။ လုံခြုံရေးများမှာ လူစုခွဲနေပြီဖြစ်ရာ မပြန်၍လည်း မရချေ။

ချန်ချင်းယွီသည် သည်းထန်စွာ ရွာသွန်းနေသော မိုးကိုကြည့်ရင်း မျက်မှောင်ကြုတ်လျက် ခြေလှမ်းတို့ ရှေ့သို့ မဆက်ချင်တော့ပေ။

အဝေးတစ်နေရာတွင် မြင်နေရသော ရပ်နေသည့် လူအနည်းငယ်မှာအခြေအနေကို လာရောက်ကြီးကြပ်ရန် အိမ်မှ တကူးတက ထွက်လာသူများ ဖြစ်ဟန်တူသည်။ ရုပ်ရှင်ပြသသည့်ကိစ္စမှာ သေးငယ်သည်ဟု ထင်ရသော်လည်း လူဦးရေ ထောင်နှင့်ချီ ရှိနေသဖြင့် လူအုပ်ပိသည့် အန္တရာယ်မှာ ရှောင်လွှဲမရနိုင်ချေ။ ထို့ကြောင့်လည်း တာဝန်ရှိသူများ ကိုယ်တိုင် ရောက်ရှိနေခြင်း ဖြစ်၏။ ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မျက်လုံးအစုံကို လှန်လိုက်မိလေသည်။

'အလို...'

'ဟိုမှာ ဒုတိယစက်ရုံမှူး ဟယ် မဟုတ်လား...'

‘နောက်ထပ် သူတော်ကောင်း အရေခြုံတစ်ယောက်ပါလား’

သူ့ဘေးတွင်မူ အတွင်းရေးမှူး ပိုင် ရပ်နေ၏။ သူသည် ပါတီအတွင်းရေးမှူး ကျန်း၏ လက်အောက်ငယ်သား ဖြစ်သော်လည်း ယခုမူ မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမဲကာ အရိုက်ခံထားရသည့် ပုံစံမျိုး ပေါက်နေသည်။ ထို့ပြင် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်ပါလျက် အဘယ်ကြောင့်မှန်းမသိ ခပ်အမ်းအမ်း၊ ခပ်ကုတ်ကုတ်ကြီး ရပ်နေသည်မှာ ကြည့်ရသည်မှာ အတော်ပင် ခွကျလှ၏။

ချန်ချင်းယွီသည် နောက်တစ်ကြိမ် မျက်စိစောင်းလိုက်ပြီးနောက် အဘွားကြီးကျောက်ကို ဆွဲကာ

"အမေ... ကျွန်မတို့ အိမ်ကိုပဲ အပြေးပြန်ကြရအောင်"

"ဟင်... ဘာဖြစ်လို့လဲအေ..."

အဘွားကြီးကျောက် နားမလည်နိုင်စွာ မေးရှာသည်။

"ဒီနေရာမှာ အမေ့အတွက် တခြားလုပ်စရာရှိသေးလို့လား..."

"အင်း... တကယ်တော့လည်း မရှိပါဘူး"

မိုးသည်းနေပြီဖြစ်ရာ ထီးငှားရန်မှာလည်း မဖြစ်နိုင်တော့ချေ။ ဤမျှများပြားလှသော လူအုပ်ကြီး ထွက်လာချိန်တွင် မည်သူ ထီးအပိုရှိမည်နည်း။ ရှိလျှင်ပင် လုံခြုံရေးဌာန၏ မျက်မှောက်တွင် မည်သူမှ အငြိုးခံပြီး ထီးထုတ်ပေးလိမ့်မည်

မဟုတ်ပေ။

"သွားစို့ သွားစို့..."

ချန်ချင်းယွီ ထပ်မံတိုက်တွန်းလိုက်၏။

သူမမှာ မိုးထဲလေထဲ အပြေးပြန်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

"အေးအေး... သွားကြတာပေါ့"

အဘွားကြီးကျောက် ပွစိပွစိဖြင့် မကျေမနပ် မနားတမ်း ရွတ်နေပြန်၏။

"ရုပ်ရှင်လေး အေးအေးဆေးဆေး ကြည့်ရအောင် လာပါတယ်ဆိုမှ ဒါမျိုးတွေ ဖြစ်ကုန်တာပဲ... တကယ်ဆို မလာခဲ့ရင် ကောင်းသား"

ရုပ်ရှင်မှာလည်း မပြီးသေး၊ မိုးသည်လည်း သည်းထန်စွာ ရွာသွန်းနေသဖြင့် အချိန်ကုန်ရကျိုး မနပ်ဟု သူမ ခံစားနေရသည်။

"ကဲ... သွားကြစို့..."

ချန်ချင်းယွီ ဘာမျှပြန်မပြောတော့ဘဲ ကလေးကို ပွေ့ချီကာ ရှေ့ဆုံးမှ ဦးဆောင်၍ ပြေးထွက်ခဲ့၏။

ရှောင်ကျား နှင့် ရှောင်ယွမ် တို့ မောင်နှမမှာမူ "အား..." ဟု တစ်ပြိုင်နက် အော်ဟစ်ကာ တခိခိ ရယ်မောနေကြသည်။ မိုးထဲလေထဲ ပြေးလွှားရသည့် အရသာမှာ ကလေးငယ်များအတွက် အလွန်ပင် ထူးခြားဆန်းသစ်နေဟန်တူ၏။

ချန်ချင်းယွီသည် သွက်လက်လှရာ ခဏချင်းအတွင်းမှာပင် ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားသည်။

"အမလေးတော်..."

အဘွားကြီးကျောက် အံ့သြတကြီး ရေရွတ်မိ၏။

'ချန်ချင်းယွီက ခြေထောက်တွေ သိပ်မရှည်ပါဘဲနဲ့ ဘယ်လိုများ ဒီလောက် မြန်မြန်ပြေးနိုင်ရတာလဲ...'

‘ညည်း မလုပ်နိုင်တာများ ရှိသေးလား...’

သူမလည်း ချွေးမဖြစ်သူနောက်သို့ အမီလိုက်ရင်း နှစ်ဦးသား မိုးထဲတွင် ပြေးထွက်ခဲ့ကြသည်။

ဒုတိယစက်ရုံမှူး ဟယ်သည် ပြေးလွှားနေသော သူတို့အား အမှုမဲ့အမှတ်မဲ့ တစ်ချက်ကြည့်လိုက်သော်လည်း အာရုံထဲ ထည့်မထားပေ။ သူ မကျေမနပ်ဖြစ်နေသော လေသံဖြင့် ဆူပူကြိမ်းမောင်းနေ၏။

"သတင်းဖြန့်ချိရေးဌာနက ဘယ်လိုအလုပ်တွေ စီစဉ်ထားတာလဲ... ရာသီဥတု မကောင်းရင် ရုပ်ရှင်ပြပွဲကို ဖျက်လိုက်ရမှာပေါ့..အခုတော့ ကြည့်စမ်း... ရှုပ်ယှက်ခတ်ကုန်ပြီ။ လူတွေလည်း ဒဏ်ရာရလို့ ဆေးရုံပို့ရတယ်၊ လူတိုင်းဆီကလည်း အပြစ်တင်သံတွေပဲ ကြားနေရတယ်။ ကောင်းတဲ့အလုပ်ကနေ ဆိုးတဲ့အလုပ် ဖြစ်ကုန်ပြီ။ အားလုံးက ဒီလိုပဲ လက်လွတ်စပယ် လုပ်နေကြရင် ဘာများ အဆင်ပြေဦးမှာလဲ..."

ထိုသို့ ဆူပူနေသည်ကို တစ်နေရာမှ ချောင်းမြောင်းကြည့်ရှုနေသူတစ်ဦး ရှိနေသည်မှာ ကြာလှလေပြီ…ယွမ်ရှောင်ချွေ သည် ထိုသူအား ပညာပေးရန် အခွင့်အရေး မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အိမ်သို့ အမြန်ပြန်ရန် ပြင်ဆင်လိုက်သည်။ သူမသည် အတွင်းရေးမှူးပိုင်အား ရိုက်နှက်မိခဲ့သဖြင့် စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားနေရကာ လူအုပ်ကြီးထဲမှ ဦးဆုံး ပြေးထွက်လာသူများထဲတွင် ပါဝင်ခဲ့ခြင်းပင်။

သို့သော်လည်း သူမ အပြင်သို့ ထွက်လာသည်နှင့် ဒုတိယစက်ရုံမှူး ဟယ် ရောက်ရှိလာသည်ကို တွေ့လိုက်၍ စိတ်ထဲတွင် ချက်ချင်းပင် အိမ်မပြန်ချင်ပေ။

သူမသည် ထိုသူအား ပညာပေးရန် အခွင့်အရေးကို ချောင်းမြောင်းနေခဲ့သော်လည်း ဒုတိယစက်ရုံမှူး ဟယ်သည် လူအုပ်ကြား၌ အမြဲခြံရံနေသဖြင့် သူမအတွက် အခွင့်အလမ်းဟူသည် ပေါ်မလာခဲ့ချေ။ ယွမ်ရှောင်ချွေ၏ အတွေးမှာ ရိုးရှင်းလှ၏။ ဤလူများသည် သူမနှင့် အိပ်စက်ရန် ကြံစည်နေကြမှတော့ လူကောင်းများ မဖြစ်နိုင်ဟု သူမ သတ်မှတ်ထားသည်။

သူမသည် ကာမကျူးလွန်ခံရလုနီးပါး ဖြစ်ခဲ့ရသဖြင့် လက်စားချေရန် ကြံစည်ခြင်းမှာ ဖြစ်သင့်သည့်ကိစ္စပင်။

သို့သော်လည်း သူမသည် မိမိ၏ အဆင့်အတန်းနှင့် အကန့်အသတ်ကို ကောင်းစွာသိရှိ၏။ သူမသည် စကားကြီးစကားကျယ် ပြောတတ်သော်လည်း လူအုပ်ကြီးရှိနေချိန်တွင် ဇွတ်တိုးဝင်ရန်မူ မလုပ်ရဲချေ။ ထိုသူတို့သည် အရှိန်အဝါရှိသူများဖြစ်ပြီး သူမမှာမူ သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ရာ အကယ်၍ အဖမ်းခံရလျှင် ထောင်နန်းစံရမည်မှာ သေချာလှသည်။

သည်းထန်သော မိုးရေထဲတွင် အချိန်အနည်းငယ်မျှ စိုရွှဲသွားပြီးနောက် ယွမ်ရှောင်ချွေ၏ စိတ်ရူးများမှာ အနည်းငယ် ငြိမ်ကျသွား၏။

အတွင်းရေးမှူး ပိုင်အား အောင်မြင်စွာ ရိုက်နှက်နိုင်ခဲ့သဖြင့် သူမသည် အနည်းငယ် ဘဝင်မြင့်နေခဲ့ခြင်းသာ...

ယွမ်ရှောင်ချွေသည် အိမ်သို့ ပြေးလွှားပြန်လာရင်းမှ နောက်ဆက်တွဲကိစ္စများကို တွေးတောကာ စိုးရိမ်စိတ်များ ဝင်လာမိသည်။ သူမသည် သူတစ်ပါးကို ခြောက်လှန့်ပြောဆိုရာ၌ ကျွမ်းကျင်သော်လည်း တကယ်တမ်းတွင်မူ အားကိုးရာမဲ့သော ကျေးလက်တောသူလေးတစ်ဦးသာ ဖြစ်ပြီး အစစ်အမှန် ခွန်အားမျိုး မရှိပေ။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပိုမိုမြန်ဆန်စွာ ပြေးလွှားနေမိ၏။

'ငါသာ အဘွားကြီးကျောက် ဒါမှမဟုတ် အဘွားကြီးဟွမ်တို့လို တိုက်ခိုက်နိုင်ရင် သိပ်ကောင်းမှာပဲ'

သို့သော်လည်း... အဘွားကြီးဟွမ် ကိုယ်တိုင်ပင် အရိုက်ခံလိုက်ရသည် မဟုတ်ပါလား…

ယွမ်ရှောင်ချွေသည် လူအုပ်ကြီးထက် စောစီးစွာ ထွက်လာခဲ့သူဖြစ်ရာ သူမကို မြင်တွေ့သွားသူများလည်း ရှိနေနိုင်သည်။ သူမသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်ခြစ်ရင်း အိမ်သို့သာ အပြေးပြန်လာခဲ့၏။

ချန်ချင်းယွီတို့အုပ်စုမှာမူ သူတို့သည်သာ အိမ်သို့ နောက်ဆုံးမှ ပြန်ရောက်သူများဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် အိမ်ရောက်၍ ရေနွေးတည်နေစဉ်မှာပင် ယွမ်ရှောင်ချွေတစ်ယောက် အသက်ရှူမဝဘဲ မောဟိုက်စွာဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရ၏။ ချန်ချင်းယွီ သူမကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် ဘာမျှမပြောဘဲ ရေနွေးကိုသာ ဆက်လက်တည်နေ၏။

မိုးရေထဲမှ ပြန်လာကြသူများဖြစ်ရာ တစ်ကိုယ်လုံး စိမ့်တက်နေကြသည်။ နွေရာသီသို့ ကူးပြောင်းတော့မည့် အချိန်ဖြစ်သော်လည်း ညဘက်တွင် မိုးမိခြင်းမှာ အတော်ပင် အေးစက်လှပေသည်။

အဘွားကြီးကျောက်သည် မီးဖို၌ မီးမွှေးကာ ဂျင်းပြုတ်ရည်ကို အမြန်ပင် တည်ထားလိုက်၏။ ဤအခြေအနေကို ပေါ့ဆ၍ မရပေ။ နွေရာသီတွင် မိုးမိလျှင်ပင် အအေးမိ ဝေဒနာ ခံစားရနိုင်သည်သာ။

"ဂျင်းပြုတ်ရည် ရပြီဟေ့။ ရှောင်ကျားနဲ့ ရှောင်ယွမ်၊ လာကြဦး... တစ်ယောက် တစ်ခွက်စီ သောက်လိုက်ကြ"

အဘွားကြီးကျောက် လှမ်းခေါ်လိုက်၏။

ကလေးငယ်နှစ်ဦးမှာ အတွင်းခံအင်္ကျီ၊ ဘောင်းဘီရှည်လေးများဖြင့် အုတ်ကုတင်ပေါ်တွင် ထိုင်နေကြသည်။ အိမ်ပြန်ရောက်သည်နှင့် ကိုယ်လက်သုတ်သင်ပြီးကြသဖြင့် ယခုမူ စောင်လေးများခြုံကာ နွေးထွေးမှုကို ခံစားနေရပြီဖြစ်၏။ မိုးမိခဲ့သဖြင့် စိတ်လှုပ်ရှားနေ၍လားမသိ၊ အိပ်ချင်စိတ်တို့မှာ လွင့်ပြယ်နေလေသည်။

"ပူတုန်းလေး သောက်လိုက်ကြ၊ ဒါပေမဲ့ လျှာမလောင်စေနဲ့ဦးနော်"

အဘွားကြီးကျောက် သတိပေးလိုက်၏။

"ဟုတ်ကဲ့..."

သူတို့အိမ်သားများ အလုပ်ရှုပ်နေကြသကဲ့သို့ အခြားအိမ်များတွင်လည်း ဂျင်းပြုတ်ရည် တည်ကြသူ၊ ရေနွေးနွေးဖြင့် ကိုယ်လက်သုတ်သင်ကြသူများနှင့် ဆူညံလျက်ရှိသည်။ သို့သော် အခြားသူများမှာ စောစီးစွာ ပြန်ရောက်ကြသဖြင့် ယခုအချိန်တွင် အနားယူရန် ပြင်ဆင်နေကြပြီ ဖြစ်၏။

ချန်ချင်းယွီတို့မှာမူ အခြေအနေကြည့်နေကြသဖြင့် ယခုအထိ ရေမချိုးရသေးချေ။

အဘွားကြီးကျောက် ဂျင်းပြုတ်ရည်ကို သောက်ရင်း

"ငါကတော့ ငါတို့က နောက်ဆုံးမှ ပြန်ရောက်တာ ထင်နေတာ၊ အခုတော့ ယွမ်ရှောင်ချွေက ငါတို့ထက်တောင် နောက်ကျနေပါလား။ ဒီကောင်မလေး ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ မသိဘူး"

ချန်ချင်းယွီလည်း အကြောင်းရင်းကို မသိပေ။ ရုပ်ရှင်ရုံထဲတွင် သူမသည် ယွမ်ရှောင်ချွေကို သတိမထားမိခဲ့ချေ။ သို့သော်လည်း သူမသည် ယွမ်ရှောင်ချွေအတွက် သိပ်ပြီး စိုးရိမ်မနေတော့ပေ။ အကယ်၍ ယွမ်ရှောင်ချွေသာ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့၏ အောက်တန်းကျသော ဗီဇကို မသိခဲ့ပါက စိုးရိမ်စရာရှိသော်လည်း၊ ယခုမူ သူမသည် အမှတ်မထင် သိရှိသွားခဲ့ပြီ ဖြစ်ရာ အခြေအနေမှာ မဆိုးလှပေ။

ယွမ်ရှောင်ချွေသည် သူတစ်ပါး နှိပ်စက်သမျှ ငြိမ်ခံနေမည့် မိန်းမစားမျိုး မဟုတ်ပေ။

သူတို့နေထိုင်ရာ ဝင်းကြီးအတွင်း၌ အညံ့ခံဆုံး၊ အသည်းငယ်ဆုံးသူကို ပြပါဆိုလျှင် လီလင်းလင်းသာ ဖြစ်လိမ့်မည်။

သို့မဟုတ်... လူအများ၏ အမြင်တွင်မူ အညံ့ခံဆုံးသူမှာ ချန်ချင်းယွီကိုယ်တိုင်ပင် ဖြစ်နေနိုင်၏။

ချန်ချင်းယွီသည် ဂျင်းပြုတ်ရည်ကို ငုံ့သောက်ရင်း နှုတ်ခမ်းအစုံကို ကွေးညွတ်ကာ ပြုံးလိုက်မိသည်။

အဘွားကြီးကျောက်မှာမူ တတွတ်တွတ် ဆက်လက်ပြောဆိုနေပြန်၏။

"ဒီနေ့ ဒီလောက်လူတွေ မိုးမိပြီး ပြန်လာကြတာဆိုတော့ မနက်ဖြန်ကျရင် ခွင့်တိုင်တဲ့သူတွေ ဘယ်လောက်တောင် များမလဲ မသိဘူး။ ညည်းကြည့်နေလိုက်... သတင်းဖြန့်ချိရေးဌာနကတော့ ဒီတစ်ခါ အကြီးအကျယ် အဆူခံရတော့မှာ..."

"ကျွန်မ ဒါတွေတော့ နားမလည်ပါဘူး"

တကယ် နားမလည်တာပါရှင်...

သူမသည် ဘဝဟောင်း၌ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ အလုပ်တစ်ခါမှ မလုပ်ဖူးသဖြင့် လုပ်ငန်းခွင်အကြောင်းကို တကယ်ပင် နားမလည်ခြင်း ဖြစ်သည်။

ရေနွေးဆူလာသည်ကို မြင်

သောအခါ သူမမှာ

"ရေနွေးရပြီ ကျွန်မတို့ တစ်ယောက်တစ်ဝက် ခွဲသုံးကြတာပေါ့"

"အေး... ရတယ်"

အဘွားကြီးကျောက်သည် ပုံမှန်အားဖြင့် အလွန်အမင်း သန့်ရှင်းရေးလုပ်တတ်သူ မဟုတ်သော်လည်း ယခုကဲ့သို့ မိုးမိထားချိန်တွင်မူ အအေးမိမည်ကို စိုးရိမ်သဖြင့် မပေါ့ဆရဲချေ။

"ဒီနေ့တော့ အတော်လေး အထိနာတာပဲ"

"အထိနာပါဘူး ရှင်ကလည်း... ဘာမှ မရှုံးပါဘူး။ မိုးမိတာလည်း တစ်မျိုး ထူးခြားတဲ့ အတွေ့အကြုံပဲ မဟုတ်လား... ရှောင်ကျား၊ ရှောင်ယွမ်"

ကလေးနှစ်ယောက်မှာ အုတ်ကုတင်ပေါ်တွင် ထိုင်နေရင်းမှ တံခါးဘောင်ကို မှီကာ ခေါင်းလေးများ ပြူထွက်လာကြပြီး သံပြိုင်ဖြေကြ၏။

"ဟုတ်ပါတယ်..."

ချိုလွင်လွင် အသံလေးများမှာ ချစ်စရာကောင်းလှ၏။

ကလေးငယ်များမှာ လူကြီးများကဲ့သို့ များများစားစား မစဉ်းစားတတ်ကြပေ။ သူတို့အတွက်မူ ဤသို့ မိုးထဲလေထဲ ပြေးလွှားရခြင်းမှာပင် ပျော်စရာတစ်ခု ဖြစ်နေတော့သည်။ ကလေးနှစ်ဦး ခေါင်းလေးများ ရမ်းကာ ပျော်နေကြသဖြင့် ချန်ချင်းယွီ

အမိန့်ပေးလိုက်ကာ

"ကဲ... တော်ပြီ၊ စောင်ထဲ အမြန်ပြန်ဝင်ကြတော့။ မေမေ ရေချိုးတော့မယ်"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း "ဟုတ်ကဲ့" ဟု ဆိုကာ ခေါင်းလေးများ ပြန်ဝင်သွားကြပြီး ကိုယ့်စောင်ပုံထဲကိုယ် ပြန်လည် လဲလျောင်းကြ၏။ ကလေးများမှာ ပြန်ရောက်ကတည်းက ကိုယ်လက်သုတ်သင်ပြီး ဂျင်းပြုတ်ရည် သောက်ထားကြသဖြင့် မချမ်းတော့ပေ။ ဆက်တိုက် အပူပေးထားသဖြင့် အုတ်ခုတင်မှာလည်း ပူနွေးနေပြီး အခန်းတွင်း၌ နွေးထွေးသော အငွေ့အသက်များ ဖုံးလွှမ်းလျက် ရှိသည်။

"ညီမလေး... မီးပြတ်သွားတုန်းက ကြောက်သလား..."

ရှောင်ကျား မေးလိုက်၏။

ရှောင်ယွမ် ခေါင်းလေးရမ်းကာ

"မကြောက်ပါဘူး..."

အစပိုင်းတွင် အနည်းငယ် ထိတ်လန့်ခဲ့သော်လည်း မိခင်ဖြစ်သူသည် ဘေးနားတွင် အမြဲရှိနေသဖြင့် သူမ မကြောက်တော့ပေ။ ရှောင်ကျားသည်လည်း လူကြီးလေးတစ်ယောက်ကဲ့သို့ ခေါင်းညိတ်ကာ

"ကိုကိုလည်း မကြောက်ပါဘူး၊ ဒါပေမဲ့ မီးပြတ်သွားတော့ အကုန်လုံး ရှုပ်ယှက်ခတ်သွားတာပဲ"

"ဟုတ်တယ်နော်"

ရှောင်ယွမ် သူမ၏ နူးညံ့သောအသံလေးဖြင့် ဆက်ပြောပြန်ကာ

"လူတွေ ရန်ဖြစ်ကြသေးတယ်"

ကလေးမလေးသည် အနည်းငယ် စိတ်လှုပ်ရှားနေသကဲ့သို့ ရှိသော်လည်း နှမြောတသလေသံဖြင့် ဆိုလေ၏။

"နှမြောစရာကြီးနော်... မှောင်လွန်းလို့ ဘာမှ မမြင်ရဘူး"

"အင်းလေ"

အတင်းအဖျင်း ပြောတတ်သော ကလေးလေးနှစ်ဦးမှာ တတွတ်တွတ်နှင့် စကားကောင်းနေကြသည်။

"မှောင်မည်းနေတာဆိုတော့ လူမှားပြီး ရိုက်မိကြမလား မသိဘူးနော်"

"မသိဘူးလေ၊ ဒါပေမဲ့ တို့တွေအိမ်မှာ မီးမပြတ်တာတော့ သိပ်ကောင်းတာပဲ"

"ဟုတ်တယ်နော်"

ကလေးနှစ်ဦး စကားလက်ဆုံ ကျနေစဉ်မှာပင် ချန်ချင်းယွီ ရေချိုးပြီး၍ အခန်းထဲသို့ ဝင်လာခဲ့၏။ သူမသည် ခေါင်းလျှော်ထားသဖြင့် ဆံပင်များကို အဝတ်ဖြင့် သေသေချာချာ ပတ်ထားသည်။ ရှောင်ကျား သူမကို မြင်သည်နှင့်

"မေမေ... စောင်ထဲ မြန်မြန်လာဝင်၊ စောင်ထဲမှာ သိပ်နွေးတာပဲ"

"အေးပါ... သားတို့က ဘာလို့ အခုထိ မအိပ်သေးတာလဲ"

သူမ ရှောင်ယွမ်၏ ပါးဖောင်းဖောင်းလေးကို ဆွဲကစားရင်း

"ခန်းမထဲမှာတုန်းက အိပ်ချင်နေတာ မဟုတ်လား..."

ရှောင်ယွမ် ခေါင်းညိတ်ကာ

"အဲဒီတုန်းက အိပ်ချင်ပေမဲ့ အခုတော့ မအိပ်ချင်တော့ဘူး"

သူမ၏ မျက်နှာလေး မော့ကာ ပြန်ပြောလေသည်။

"ဒါပေမဲ့လည်း လဲနေလိုက်ဦး၊ ခဏနေရင် အိပ်ပျော်သွားမှာပါ။ ကလေးတွေက ညဘက် မအိပ်ရင် အရပ်မရှည်ဘူးနော်။ တို့ ရှောင်ကျားနဲ့ ရှောင်ယွမ်က အရပ်ရှည်ရှည်ကြီး ဖြစ်ချင်တာ မဟုတ်လား"

"ဖြစ်ချင်တယ်၊ ဖြစ်ချင်တယ်"

ကလေးနှစ်ယောက်မှာ အပြိုင်အဆိုင် ခေါင်းညိတ်ကြသည်။

"အရပ်ရှည်ပြီး လူကောင်ကြီးမှ မေမေ့ကို ကာကွယ်ပေးနိုင်မှာ"

ရှောင်ကျား ဆိုလိုက်ရာ ချန်ချင်းယွီမှာ ကြည်နူးသွားရ၏။

သူမ ကလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း

"လိမ္မာလိုက်တဲ့ ကလေးတွေ၊ ကဲ... အမြန်အိပ်ကြတော့။ မနက်ဖြန်ကျရင် ကွေ့ဟွားကိတ် လုပ်ကျွေးမယ်"

ထိုစကားကြားသည်နှင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး တံတွေးများကို အပြိုင်အဆိုင် မျိုချမိကြသည်။ အမြွှာမောင်နှမပီပီ တစ်ဦးနှင့်တစ်ဦး လုပ်ဆောင်ပုံချင်းမှာလည်း အလွန်တူလှသည်။ ချန်ချင်းယွီသည် ကလေးများ၏ ချစ်စဖွယ်ပုံရိပ်ကို ကြည့်ရှုရင်း စိတ်ထဲတွင် များစွာ ပျော်ရွှင်နေမိ၏။

"လိမ္မာတယ်... အိပ်ကြတော့နော်"

ကလေးနှစ်ဦးမှာ စောင်ကို အသေသေချာချာ ခြုံကာ မျက်လုံးလေးများကို မှိတ်လိုက်ကြသော်လည်း မျက်ခွံအောက်မှ မျက်လုံးလေးများ လှုပ်ရှားနေသည်ကို ကြည့်ခြင်းဖြင့် ချက်ချင်း အိပ်မပျော်သေးကြောင်း သိသာလှသည်။ ချန်ချင်းယွီသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ ကလေးများကို ပြုံးလျက် ကြည့်နေမိ၏။ မိမိ၏ သားသမီးများဖြစ်ရာ မည်သို့ကြည့်ကြည့် ချစ်မဝနိုင်အောင် ရှိတော့သည်။

ကလေးဆိုသည်မှာ အင်အားအကန့်အသတ်ရှိသည်သာ။ စောစောပိုင်း စကားများနေသော်လည်း ငြိမ်သက်သွားသည်နှင့် မကြာမီမှာပင် အိပ်ပျော်သွားကြကာ အသက်ရှူသံ ခပ်မှန်မှန်လေးများ ထွက်ပေါ်လာ၏။

ထိုအချိန်တွင် အဘွားကြီးကျောက်လည်း ရေချိုးပြီး၍ အခန်းထဲသို့ ဝင်လာရာ ချန်ချင်းယွီ သတိပေးလိုက်သည်။

"ရှူး... ကလေးတွေ အိပ်သွားပြီ၊ အသံတိုးတိုးလုပ်ပါ"

အဘွားကြီးကျောက် ခေါင်းညိတ်ကာ လေသံကို လျှော့လိုက်သော်လည်း ညည်းညူရန်မူ မမေ့ပေ။

"ငါက အသံကျယ်တဲ့သူ မဟုတ်ပါဘူး၊ ညည်းကလည်း ငါ့ကို ဘယ်လိုများ ထင်နေတာလဲ"

သူမ ဆက်လက်၍ အတင်းအဖျင်းဇာတ်လမ်းကို ပြောလေ၏။

"စောစောက ငါ တံခါးဖွင့်ပြီး ရေအပြင်ထွက်သွန်တော့ ဟိုဘက်အိမ်မှာ မီးလင်းနေတုန်းပဲ။ အထဲကနေ ငိုသံတွေတောင် ကြားရတယ်"

သူမ၏ မျက်နှာတွင် စပ်စုချင်စိတ်တို့မှာ အထင်းသား ပေါ်လွင်နေပြီး

"ဖန်မျိုးရိုးတို့ အိမ်က ဘယ်သူငိုနေတာလဲ မသိဘူးနော်"

ချန်ချင်းယွီလည်း ထိုစကားကြောင့် စိတ်ဝင်စားသွားကာ ပြတင်းပေါက်နားသို့ တိုး၍ အပြင်ဘက်သို့ လှမ်းကြည့်မိသည်။ အဒေါ်ကြီးမေ့တို့နှင့် ရွှီကောင်းမင်တို့ အိမ်များမှာ မီးပိတ်နေကြပြီ ဖြစ်သော်လည်း အစ်မကြီးဖန်တို့ အိမ်မှာမူ မီးလင်းနေဆဲပင်။ သို့သော်လည်း အသံကိုမူ သဲသဲကွဲကွဲ မကြားရပေ။

"သူတို့အိမ်က ဘာလို့ ငိုနေတာလဲ... ဘယ်သူမှ အရိုက်ခံရတာလည်း မဟုတ်ဘဲနဲ့"

ချန်ချင်းယွီ သိချင်စိတ်ဖြင့် မေးလိုက်၏။

အဘွားကြီးကျောက်လည်း ဝေခွဲမရဖြစ်နေကာ

"မသိဘူးလေ... ရှောက်ဝေနဲ့ အစ်မကြီးဖန်တို့ သားအမိက အဘိုးကြီးကျန်းကို တရစပ် ဝိုင်းရိုက်ခဲ့ကြတာပဲ။ သူတို့က ဘာမှ အထိနာတာ မဟုတ်ဘဲနဲ့ ဘာလို့ ငိုနေကြတာလဲ မသိဘူး။ ငါဖြင့် အပြင်ထွက်ပြီး သွားချောင်းကြည့်ချင်လိုက်တာ"

“……”

ချန်ချင်းယွီမှာမူ ယောက္ခမဖြစ်သူ၏ စပ်စုချင်စိတ်ကို ကြည့်ကာ ဆွံ့အနေမိသည်။

မိုးပြိုသွားရင်တောင် ဘာလိုပြိုတာလဲ လိုက်စပ်စုမယ့် အဘွားကြီး...

ယနေ့ည၏ ဖြစ်ရပ်မှာ အလွန်ပင် ရှုပ်ထွေးပွေလီလှ၏။ အမှောင်ထုကို အကာအကွယ်ယူကာ တစ်ဦးကိုတစ်ဦး ရိုက်နှက်ကြသူများ၊ အခွင့်ကောင်းယူ၍ အသားယူနှောင့်ယှက်သူများ၊ ရန်ငြိုးဟောင်းကို လက်စားချေသူများနှင့် လက်ဆော့သူများဖြင့် ရုပ်ရှင်ရုံကြီးတစ်ခုလုံး ပွက်လောရိုက်သွားခဲ့ရသည်။

ဘယ်လောက်တောင် ပွက်ပွက်ညံနေလဲဆိုတာ......

အခြေအနေမှာ အလွန်ပင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သော်လည်း အမှောင်ထုကြောင့်ပင် ရန်ပွဲများမှာ ကြာရှည်မခံဘဲ လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့၏။ အဘွားကြီးကျောက်သိထားသည်မှာ ရှီရှောက်ဝေ တစ်ယောက် လူရိုက်ခဲ့သည်ဟူသောအချက်သာ ဖြစ်သည်။ သို့သော် အဘိုးကြီးကျန်းမှာမူ မြေးဖြစ်သူ ကျန်းမုန့်မုန့်ကို ဆွဲကာ လူအုပ်ကြားမှ အသည်းအသန် ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

သူမနှင့် စကားများနေကျဖြစ်သော အဘွားကြီးဟွမ်ပင်လျှင် သားဖြစ်သူကို ဆွဲ၍ အပြင်သို့ ထွက်သွားခဲ့သည်။ အစရှိသော်လည်း အဆုံးမသတ်နိုင်သော အဆိုပါ အရှုပ်အထွေးကြီးထဲတွင် မည်သည့်အိမ်မှာ မည်သို့ဖြစ်ကျန်ရစ်ခဲ့သည်ကို မည်သူမျှ သဲသဲကွဲကွဲ မသိနိုင်တော့ချေ။

"အေး... ဒါနဲ့ ညည်းက ကျန်းရှင်းဖှကို ရိုက်လိုက်တာ၊ လူမိသွားနိုင်မလား..."

အဘွားကြီးကျောက် စိုးရိမ်တကြီး မေးလိုက်သည်။ သူမသည် ဤကိစ္စအတွက် စိတ်မအေးနိုင်ဖြစ်နေရရှာ၏။

ချန်ချင်းယွီ အေးဆေးစွာပင်

"မှောင်မည်းနေတာပဲ အမေရယ်၊ ကျွန်မကသာ ဝန်မခံရင် သူက ကျွန်မကို ဘာလုပ်နိုင်မှာလဲ..."

ပြတင်းပေါက်မရှိသော ခန်းမကြီး၏ အမှောင်ထုကို သူမ ကျေးဇူးတင်နေမိတော့သည်။

"ဒါပေမဲ့ ညည်းက အဲဒီနေရာမှာ ထိုင်နေတာလေ..."

ချန်ချင်းယွီ ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး

"မှောင်နေတာပဲဟာ၊ ကျွန်မ နေရာမပြောင်းဘူးလို့ သူက ဘယ်လိုလုပ် အသေအချာ ပြောနိုင်မှာလဲ။ အမေ မစိုးရိမ်ပါနဲ့၊ ကျွန်မကတော့ အသေအလဲ ငြင်းမှာပဲ။ ကျွန်မထင်တာတော့... သူက ရှင့်ကိုတောင် သံသယဝင်ရင် ဝင်နေဦးမှာ။ သူတို့အိမ်က ဘာပဲပြောပြော ကျွန်မတို့က ဝန်မခံရင် ပြီးတာပဲလေ"

ဟဟ... သေတောင် ဝန်မခံဘူး... သူတို့ကဘာလုပ်နိုင်မှာ မို့လို့လဲ...

ချန်ချင်းယွီ ဂရုမစိုက်သည့်အလား နှာခေါင်းရှုံ့လိုက်ပြီး ထပ်လောင်းပြောလိုက်၏။

"ဘာမှ မပူနဲ့ ကျန်းသားအဖေတွေက မိန်းမလိုက်စားချင်တဲ့ စိတ်ပဲရှိတာ၊ တကယ်တမ်းတော့ ဘာအရည်အချင်းမှ ရှိတာမဟုတ်ဘူး"

"ဘာ... သူက ငါ့ကိုတောင် သံသယဝင်ဦးမယ် ဟုတ်လား..."

အဘွားကြီးကျောက် မျက်လုံးအစုံ ပြူးကျယ်သွားတော့သည်။ သူမ၏ မျက်လုံးမှေးမှေးများမှာ နွားမျက်လုံးကဲ့သို့ပင် ဝိုင်းစက်သွား၏။

"ဒီကောင်မှာ ဦးနှောက်ကော ရှိရဲ့လား..."

ချန်ချင်းယွီမှာ မအောင့်နိုင်ဘဲ ထပ်မံရယ်မောမိပြန်သည်။

"တောက်... ချီးပဲ... ငါကိုက ကံဆိုးနေတာ… ရုပ်မလှတာနဲ့ စွပ်စွဲခံရရောလား... ငါက ကျန်းရှင်းဖှကို လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးအေ။ သူကသာ ငါ့ကို အရင်ဆုံး သံသယဝင်တယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ လူယုတ်မာပဲ"

အဘွားကြီးကျောက် ဒေါသတကြီး ဆဲဆိုလိုက်၏။

ချန်ချင်းယွီမှာ တခိခိနှင့် ရယ်မောနေမိဆလသည်။

အဘွားကြီးကျောက် မကျေမနပ်ဖြစ်နေဆဲပင်။

"ငါ့မှာတော့လေ... ဒီရုပ်ရည်ကြောင့်ပဲ အမြဲတမ်း အနစ်နာခံနေရတာပါပဲ"

ချန်ချင်းယွီသည် ယောက္ခမဖြစ်သူ၏ စကားကို သဘောမတူဟန်ဖြင့် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

‘အမယ်လေး…ရှင်က ရုပ်ကြမ်းရုံတင်မကဘူး၊ တကယ်လည်း ဒေါသကြီးတာပဲဟာ'

သို့သော် အဘွားကြီးကျောက် ကိုယ်တိုင်ကမူ ထိုသို့မထင်ပေ။ ယောက္ခမနှင့် ချွေးမနှစ်ဦးသား အပြင်ဘက်မှ ရှုပ်ထွေးသမျှ ကိစ္စအဝဝကို ဂရုမထားတော့ဘဲ အိပ်စက်ရန်သာ ပြင်ဆင်ကြတော့၏။ အပြင်ဘက်တွင် မိုးသည်းနေဆဲဖြစ်ရာ အိပ်ရေးပျက်ခံ၍ အတင်းအဖျင်း နားစွင့်နေလျှင်လည်း အကျိုးထူးမည်မဟုတ်ပေ။

"ဒီတစ်ခါ မိုးရွာပြီးရင်တော့ ရာသီဥတုက တဖြည်းဖြည်း ပြန်ပူလာတော့မှာပဲ"

ချန်ချင်းယွီ မှတ်ချက်ပေးလိုက်သည်။

"မိုးရွာပြီးရင် မှိုရှာဖို့ အကောင်းဆုံးအချိန်ပဲအေ"

အဘွားကြီးကျောက် ဆိုကာ ချန်ချင်းယွီကို ခိုးကြည့်ရင်း

"ညည်း မြို့ပြင်ကို သွားဦးမလား"

"သွားရမှာပေါ့"

ချန်ချင်းယွီ ခေတ္တစဉ်းစားပြီးနောက်

"သဘက်ခါလောက်မှ သွားတော့မယ်။ မိုးရွာပြီးချင်းတော့ မှိုက ချက်ချင်းထွက်ဦးမှာ မဟုတ်ဘူး။ အလကား သက်သက် အပင်ပန်းမခံချင်ဘူးလေ"

အဘွားကြီးကျောက်လည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြ၏။

ထိုည၌ လူအတော်များများ မီးပိတ်လိုက်ကြသော်လည်း အမှန်တကယ် အိပ်ပျော်သွားသူကား အနည်းငယ်မျှသာ ရှိသည်။ ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်မျိုးနှင့် ကြုံရခဲသဖြင့် လူတိုင်းအတင်းအဖျင်း သတင်းများကိုသာ စောင့်မျှော်နေကြ၏။

ချန်ချင်းယွီမှာမူ ခဏမျှ စကားစမြည်ပြောပြီးသည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။ သူမသည် မည်သည့်နေရာ၌မဆို အိပ်ပျော်လွယ်သော အလေ့အကျင့်ကောင်း ရှိသူတစ်ဦးသာတည်း။

တိုက်ဆိုင်စွာပင် အဘွားကြီးကျောက်သည်လည်း မကြာမီမှာပင် အိပ်ပျော်သွားခဲ့သည်။

နှစ်ဦးသားမှာ မိုးလင်းသည်အထိ နှစ်ခြိုက်စွာ အိပ်စက်ခဲ့ကြ၏။အဘွားကြီးကျောက်သည် ယနေ့ အလုပ်သွားရမည်ဖြစ်သော်လည်း စိုးရိမ်စိတ် လုံးဝမရှိဘဲ အလုပ်သွားရန်ပင် စိတ်အားထက်သန်နေမိသည်။ အလုပ်ခွင်သို့ရောက်လျှင် ယမန်နေ့ညက အဖြစ်အပျက်နှင့် ပတ်သက်သည့် အတင်းအဖျင်းများကို အဝအပြဲ ကြားရတော့မည်

ဖြစ်သောကြောင့်ပင်။ မနေ့ညက အမှောင်ထဲတွင် သူမသည် ဘေးနားရှိ အခြေအနေများကိုသာ သိရှိခဲ့ပြီး အခြားနေရာများတွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို သဲသဲကွဲကွဲ မသိခဲ့ရပေ။

အိပ်ရာဝင် နောက်ကျခဲ့သော်လည်း အဘွားကြီးကျောက်သည် နံနက်ခင်းတွင် အားအင်ပြည့်ဝနေကာ မိုးကာအင်္ကျီကို ဝတ်ဆင်၍ အောင်နိုင်သူတစ်ဦး၏ အမူအရာဖြင့် အိမ်မှ ထွက်ခွာသွားတော့သည်။

နံနက်စောစောတွင် မိုးဖွဲဖွဲလေး ရွာသွန်းနေဆဲဖြစ်ရာ အပြင်ဘက်မှ ဆူညံသံများကြောင့် ချန်ချင်းယွီ နိုးလာခဲ့၏။ ပြန်အိပ်ရန် ကြိုးစားသော်လည်း မရတော့သဖြင့် မနက်စာအတွက် ဆန်ပြုတ်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ ပြီးခဲ့သည့်အပတ်က ဆန်ကွဲအချို့ ဝယ်ယူထားခဲ့သဖြင့် မကြာသေးမီရက်များအတွင်း နံနက်တိုင်း ဆန်ပြုတ်ကိုသာ အဓိကထား စားသောက်နေခြင်း ဖြစ်၏။ ဆန်ပြုတ်ချည်းဆိုလျှင် အဆာမခံမည်စိုးသဖြင့် ပေါက်စီအချို့ကိုပါ ထပ်မံပေါင်းလိုက်သည်။

အိမ်ရှင်မတစ်ဦး၏ ဘဝမှာ ဤသို့ပင်တည်း။ အိမ်တွင်းမှုကိစ္စ အသေးအဖွဲလေးများကို လုပ်ကိုင်ရင်း တစ်နေ့တာ၏ ထက်ဝက်ခန့်မှာ ကုန်ဆုံးသွားတတ်သော်လည်း မည်သည့်အရာကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်ဟုပင် ပြန်လည်ပြောပြရန် ခက်ခဲလှသည်။ အထူးသဖြင့် ချန်ချင်းယွီကဲ့သို့ အစားကောင်းကောင်း စားတတ်သူတစ်ဦးအဖို့ ဟင်းချက်သည့် ကိစ္စမှာ အချိန်အတော်ပေးရသည့် အလုပ်တစ်ခုဖြစ်နေ၏။

'ဟူး... အသင့်စား စားစရာတွေ ဝယ်လို့ရရင် သိပ်ကောင်းမှာပဲ။ အခွင့်အရေးသာရှိရင် ငါ အပြင်ကပဲ ဝယ်စားလိုက်မှာ။ အခုတော့ဖြင့်...'

သူမ စိတ်ထဲမှ ညည်းညူမိသည်။

ချန်ချင်းယွီသည် နံနက်စာအတွက် ပေါက်စီများ ပေါင်းလိုက်ပြီး ကွေ့ဟွားကိတ်များကိုလည်း ပြန်နွေးလိုက်၏။ စားရေးသောက်ရေးနှင့် ပတ်သက်လျှင် ညစာမှအပ ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် မိမိတို့အစီအစဉ်ဖြင့်သာ မိမိတို့ စားသောက်လေ့ရှိကြသည်။

"ရှောင်ချန်... ရှောင်ချန်ရေ"

ချန်ချင်းယွီ တံခါးဖွင့်လိုက်စဉ် အံ့သြတကြီး ဖြစ်သွား၏။

“အစ်မကျောက်ရုံလား… ဘာကိစ္စလဲရှင့်”

သူမထံသို့ ကျောက်ရုံ လာတွေ့လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

'ဒီမိန်းမက နောက်တစ်ခါ... နောက်တစ်ခါ... အလုပ်မသွားပြန်ဘူးလား မသိဘူး'

‘သူ့အထက်လူကြီး သူ့ကို အလုပ်မထုတ်သေးဘူးလား’

‘ရှင်သာ ခေတ်သစ်မှာဆို ပြုတ်စော်နံနေမှာ သေချာပြီ’

ချန်ချင်းယွီသည် မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ကျောက်ရုံကို ကြည့်ကာ

"အစ်မကျောက်ရုံ တစ်ခုခု အလိုရှိလို့လားရှင်..."

ကျောက်ရုံ နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်ပြီး

"ရှောင်ချန် နင်က မြစ်နားမှာ ငါးခဏခဏ သွားမျှားတတ်တယ်လို့ ကြားလို့ပါ။ အမြဲတမ်းလည်း အကောင်ကြီးကြီးတွေ ရတတ်တယ်ဆိုတော့ အစ်မကို ငါးတစ်ကောင်၊ နှစ်ကောင်လောက် လဲပေးလို့ ရမလားလို့ပါ"

သူမ၏ အမူအရာမှာ တစ်ခုခုကို အရိပ်အယောင် ပြနေသကဲ့သို့ပင်။

"အစ်မက နင်ကို အလကား မခိုင်းပါဘူး"

ချန်ချင်းယွီသည် ငွေကြေးကို လက်ခံမည့်သူ မဟုတ်ချေ။ သူမသည် ပုံမှန်အားဖြင့် အဒေါ်ကြီးမေ့နှင့်သာ ပစ္စည်းချင်း ဖလှယ်လေ့ရှိပြီး ငွေကြေးနှင့် ပတ်သက်သည့် ကိစ္စမျိုးကိုမူ အစမခံခဲ့ပေ။ မည်သူ့ကိုမျှ သူမအပေါ် ကြံစည်ရန် အခွင့်အရေး ပေးမည်မဟုတ်ပေ။ သူမ ရိုးသားဖြူစင်ဟန်ဖြင့် ပြုံးလိုက်ပြီး သိမ်သိမ်မွေ့မွေ့လေး ဆိုလိုက်၏။

"အစ်မကျောက်ရယ်... ကျွန်မ အခုတလော ငါးမမျှားဖြစ်တာ ကြာပါပြီ။ ဒီနေ့လည်း မိုးရွာနေတယ်၊ မနက်ဖြန်နဲ့ သဘက်ခါဆိုရင်လည်း မှိုသွားရှာဖို့ ရှိနေတော့ နောက်ထပ် ရက်အတော်ကြာတဲ့အထိ ငါးမျှားနိုင်မှာ မဟုတ်ဘူးရှင့်"

သူမ ခေတ္တမျှ ရပ်လိုက်ပြီးနောက် ပိုမိုပွင့်လင်းဟန်ဖြင့် ဆက်ပြောလေသည်။

"ဒါတင်မကသေးဘူး... ကျွန်မတို့ အိမ်မှာတောင် စားဖို့က သိပ်မလောက်ချင်ဘူး။ ဒီလိုကိစ္စမျိုးကျတော့ ယောက္ခမဖြစ်သူကပဲ ဆုံးဖြတ်ရတာပါ။ အစ်မက ကျွန်မကို လာပြောပေမဲ့ ကျွန်မကတော့ ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး"

ကျောက်ရုံ၏ အပြုံးမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ ချန်ချင်းယွီ၏ လောကဝတ်မသိမှုကို ကြည့်ကာ သူမ စိတ်ထဲမှ သက်ပြင်းချမိ၏။ သူမသည် ချန်ချင်းယွီအား လက်သိပ်ထိုး ငွေစုနိုင်မည့် အခွင့်အရေးကောင်းကို ပေးပါလျက်နှင့် ထိုမိန်းကလေးက ဆုပ်ကိုင်ရန် မကြိုးစားဘဲ တည့်တည့်တိုး ငြင်းပယ်လိုက်သဖြင့် သူမ အတော်ပင် မကျေမနပ် ဖြစ်သွားရသည်။

အကယ်၍သာ ချန်ချင်းယွီကို မိမိဘက်ပါအောင် ဆွဲဆောင်ပြီး တဖြည်းဖြည်း ထိန်းချုပ်လိုသည့် ဆန္ဒသာ မရှိပါက ငါးတစ်ကောင်အတွက်နှင့် သူမ ငွေအကုန်ခံမည်မဟုတ်ပေ။

ကျောက်ရုံသည် သူမ၏ လေသံကို လျှော့လိုက်ပြီး စိုးရိမ်ပေးဟန်ဖြင့်

"နင်ကလည်း အိမ်ထောင်ရှင်မလေး ဖြစ်နေပြီပဲ၊ ကိုယ့်အတွက်ကိုယ်လည်း စဉ်းစားဦးမှပေါ့။ အရာရာကို ယောက္ခမ ဆုံးဖြတ်တာချည်း ခံနေရင် သူက နင့်ကို နှိပ်စက်လို့ သေသွားမှာပေါ့အေ.. နင်က သိပ်ရိုးလွန်းတာပဲ.. နင် ဒီလိုဖြစ်နေတာကို ကြည့်ပြီး ရှောင်လင်း (ကျန့်ဝမ်) က ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ။ နင် အခက်အခဲ ဖြစ်နေတာ မြင်လို့ အစ်မက ကူညီချင်ရုံတင်ပါ ငါ့ညီမရဲ့.. အစ်မပေးတဲ့ ဈေးကလည်း မနည်းပါဘူး။ နင် ပိုက်ဆံလေး ဘာလေး လဲလှယ်ထားပြီး ကိုယ်ပိုင်စုဘူးလေး လုပ်ထားတာက အရာရာကို ဒေါ်ကြီးကျောက် စကားပဲ နားထောင်နေရတာထက် ပိုကောင်းတာပေါ့"

လူဟူသည် ငွေစုချင်သည့်စိတ် ကိန်းအောင်းသွားသည်နှင့် သေးငယ်သော အလိုဆန္ဒလေးမှာ တဖြည်းဖြည်း ကြီးထွားလာတတ်သည် မဟုတ်လော့။

ချန်ချင်းယွီသည် ကျောက်ရုံကို မကျေမနပ်ဖြစ်သော အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်၏။ သူမက ပြတ်သားစွာဖြင့်

"အစ်မကျောက်... ဘာတွေ ပြောနေတာလဲရှင်၊ ကျွန်မ ယောက္ခမက ကျွန်မအပေါ် သိပ်ကောင်းတာပါ။ အစ်မက ကျွန်မတို့ကို စိတ်ဝမ်းကွဲအောင် သွေးထိုးနေတာလား၊ ကျွန်မတို့က မိသားစုဝင်တွေလေ။ ကျွန်မက သူ့စကားကို နားမထောင်လို့ အစ်မ စကားကို နားထောင်ရမှာလား၊ ကျွန်မထင်တာတော့... အကယ်၍ ကိုကိုကျန့်ဝမ်သာ ရှိနေဦးမယ်ဆိုရင် ကျွန်မနဲ့ ယောက္ခမ အဆင်ပြေပြေ နေထိုင်ကြတာကို မြင်ရင် သူ သိပ်ဝမ်းသာမှာ။ ကျွန်မတို့ အရင်လို ရန်မဖြစ်ကြတော့ဘဲ အခုလို သင့်သင့်မြတ်မြတ် ရှိနေရတာက မြင်ရခဲတယ်လေ… အစ်မက ဘာလို့ ကျွန်မတို့ကို ဒုက္ခလာပေးနေရတာလဲ..."

ကျောက်ရုံ ပြန်လည် ချေပကာ

"ဟဲ့... ငါက စေတနာနဲ့ ပြောတာကို နင်က ဘာလို့ ပြန်ကိုက်နေရတာလဲ"

သူမ တကယ်ပင် စိတ်တိုသွား၏။

‘ဒီကောင်မလေး ဦးနှောက်ပဲ မရှိတာလား..’

‘နည်းနည်းလောက် စဉ်းစားကြည့်ရုံနဲ့ သူမ ပြောတာက မှန်ကန်နေတာကို

အဲ့လောက်တောင် အတွေးအခေါ်မရှိဘူးလား…’

‘ဉာဏ်ရည်နိမ့်ပါးနေတာလား…’

‘သူမအပေါ် ကျေးဇူးတင်သင့်တယ် မဟုတ်ဘူးလား’

ချန်ချင်းယွီ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ရင်း မင်းသမီးရှုံးမည့် အိုက်တင်ဖြင့်

"အစ်မက ကျွန်မနဲ့ ယောက္ခမကြားမှာ ပြဿနာတက်အောင် လုပ်နေတာကို ကျွန်မက ကျေးဇူးတင်ရမှာလားဟင်... အစ်မကျောက်ကို လူကောင်းတစ်ယောက်လို့ ကျွန်မ ထင်ထားခဲ့တာပါ။ ရှင် ဒီလို မလုပ်သင့်ဘူး။ မိသားစုတစ်ခုမှာ အရေးကြီးဆုံးက စည်းလုံးညီညွတ်မှုပဲ မဟုတ်လား"

သူမ လေသံပျော့ပျော့လေးဖြင့် ဆက်ပြောလိုက်ပြန်၏။

"အစ်မက ကျွန်မ ယောက္ခမအပေါ် အထင်လွဲနေတာ ဖြစ်ပါလိမ့်မယ်.. သူက တကယ်တော့ လူကောင်းပါရှင်။ အပြင်ပန်းကသာ ကြမ်းတမ်းနေပေမဲ့ စိတ်ထားက သိပ်နူးညံ့တာ၊သူက သိပ်ပြီး ခံစားလွယ်တဲ့သူပါ.. အခု အစ်မတို့ မြင်နေရတဲ့ သူ့ရဲ့ပုံစံက အပြင်ပန်း သရုပ်ဆောင်ပြနေတာပဲ ရှိတာ။ သူက ကွယ်ရာမှာ တိတ်တိတ်လေး မျက်ရည်ကျပြီး ဆင်းရဲဒုက္ခတွေကို ကြိတ်မှိတ် ခံစားနေရတာပါ.. အပြင်ပန်းမှာတော့ သူက သန်မာဟန် ဆောင်နေရတာပေါ့.. အစ်မတို့အားလုံး သူ့အပေါ် အထင်လွဲနေကြတာ အများကြီးပါပဲ"

သောက်ကျိုးနည်း…

နင် ဘယ်သူ့ကိုလာလိမ်နေတာလဲ…

မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ရဲလှချည်လား…

ချန်ချင်းယွီ ကိုယ်တိုင်ပင် မိမိစကားများကို စိတ်ထဲမှ ရွံရှာမိသော်လည်း လူဟူသည်မှာ ဇွဲကောင်းရမည် မဟုတ်လော့။

သူမက လေသံအေးအေးလေးဖြင့်ပင် ဆက်ပြောကာ

"လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးရှင့်။ အစ်မက ကျွန်မ ယောက္ခမအပေါ် အခုလို ထင်မြင်နေတာဟာ သူ့ကို သေချာနားမလည်သေးလို့ပါ။ တကယ်လို့ သူ့အကြောင်းကိုသာ သေချာသိသွားရင် အစ်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် မှားသွားလဲဆိုတာ သိလာပါလိမ့်မယ်။ ညလယ်ခေါင်ကြီး နောင်တရလွန်းလို့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်တောင် ပေါက်သွားနိုင်တယ် သိလား။ တကယ်ပါ... ကျွန်မယောက္ခမက သိပ်ကို စိတ်ထားကောင်းတဲ့သူပါ။ အစ်မတို့က စက်ရုံတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်နေကြတာပဲ၊ အချင်းချင်း ပိုပြီး ရင်းရင်းနှီးနှီး ပေါင်းသင်းသင့်တာပေါ့။ ဒါမှသာ သူဟာ ဘယ်လောက် လူကောင်းလဲဆိုတာ သိလာမှာ။ တစ်နေ့ကျရင် အစ်မတို့ဟာ သိပ်ကို ခင်မင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်သွားနိုင်တယ်၊ အဲ... သိပ်ကို သိပ်ကို ရင်းနှီးတဲ့ သူငယ်ချင်းမျိုးပေါ့"

ကျောက်ရုံမှာ ထိုစကားများကို ကြားရသည်တွင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ စိတ်မသက်မသာ ဖြစ်လာတော့သည်။

'ဘာသူငယ်ချင်းကောင်းလဲ... ငါ့ဖင့်ကြီးပဲ သူငယ်ချင်းကောင်း… ငါ့ကို ရွံအောင် တမင်ပြောနေတာလား'

သူမသည် အဘွားကြီးကျောက်ကဲ့သို့သော နှုတ်ကြမ်းကိုယ်ကြမ်းဖြင့် ရန်တွေ့တတ်သည့် မိန်းမကြီးမျိုးကို အမုန်းဆုံးပင်…

"အစ်မကျောက်... အမှန်တော့ ကျွန်မက..."

"အလုပ်နောက်ကျတော့မယ်အေ"

ကျောက်ရုံသည် ချန်ချင်းယွီ၏ စကားကို ပြတ်ပြတ်သားသားပင် ဖြတ်ပြောလိုက်၏။

"နောက်ကျနေပြီ၊ ငါ သွားရတော့မယ်"

အမှန်စင်စစ် သူမသည် အလုပ်နောက်ကျနေသည်မှာ ကြာလှပြီဖြစ်သည်…

"ဟင်... အစ်မ အလုပ်သွားဦးမလို့လား... ဆေးရုံသွားမလို့ ထင်နေတာ။ မနေ့ညက အစ်မလည်း အတော်လေး အရိုက်ခံလိုက်ရတာလား... ကြည့်ပါဦး... မျက်နှာတစ်ခုလုံးကို ဖူးရောင်နေတာပဲ"

ချန်ချင်းယွီ မျက်တောင်းပုတ်ခတ် ပုတ်ခတ်ဖြင့် အံ့ဩတကြီး ဆိုလိုက်သည်။

သူမ ကျောက်ရုံ၏ မျက်နှာကို လက်ညှိုးညွှန်ပြကာ ထပ်လောင်း ပြောလိုက်ပြန်၏။

"မမြင်ဘူးလားဟင်... မျက်နှာတောင် ပုံပျက်သွားတော့မယ်”

ယမန်နေ့ညက ယွမ်ရှောင်ချွေသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေသဖြင့် လက်ကုန်နှက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်ရုံ၏ မျက်နှာမှာ ယခုအထိ ဖူးရောင်နေဆဲဖြစ်ပြီး နှုတ်ခမ်းနှင့် ပါးပြင်တို့တွင်လည်း အညိုမဲစွဲနေကာ နဖူးတွင်လည်း လက်သည်းဖြင့် ကုတ်ခြစ်ထားသည့် ဒဏ်ရာများ ရှိနေ၏။ ချန်ချင်းယွီ သူမကို ကိုယ်ချင်းစာသည့် အမူအရာဖြင့်

"သူတို့က ဘာလို့ အစ်မကို ရိုက်ရတာလဲဟင်…အစ်မခမျာ ကံဆိုးလှချည်လား…"

ကျောက်ရုံ၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားတော့သည်။ သူမသည် ပုံမှန်အားဖြင့် ဟန်ဆောင်ကောင်းသူ ဖြစ်သော်လည်း မကြာသေးမီက ဆိုးရွားသော ကိစ္စများစွာနှင့် ဆက်တိုက် ကြုံတွေ့နေရသဖြင့် စိတ်ကို ထိန်းချုပ်ရန် ခက်ခဲနေ၏။

သူမ အတင်းအကြပ် ပြုံးလိုက်ရင်း

"ဒါက မတော်တဆဖြစ်တာပါ၊ မတော်တဆပါ။ ငါ သွားတော့မယ်နော်"

သူမ အမြန်ပင် ထွက်ခွာသွားတော့သည်။ သူမသည် ချန်ချင်းယွီနှင့် နောက်ထပ် စကားတစ်လုံးမျှ မပြောချင်တော့ပေ။

ဤမျှအထိ တုံးအပြီး ခေါင်းမာကာ ဦးနှောက်မရှိသော အမျိုးသမီးမျိုး တစ်ခါမှ မတွေ့ဖူးဟု ကျောက်ရုံ ခံစားနေရ၏။

သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ ထွက်ခွါသွားစဉ်…စဉ်းစားခန်းဝင်နေမိသည်။

'ချန်ချင်းယွီက တုံးအပေမဲ့ သူတစ်ပါး အသုံးချလို့ရမယ့်သူ မဟုတ်ဘူး။ ငါ ဘာဆက်လုပ်ရပါ့မလဲ'

ကျောက်ရုံသည် ယွမ်ရှောင်ချွေနှင့် ပတ်သက်၍လည်း ကိုယ်ပိုင်အစီအစဉ်များ ရှိနေခဲ့၏။ သို့သော်လည်း ယမန်နေ့ညက ကျန်းမိသားစုဝင်များထဲမှ မည်သူမျှ အိမ်ပြန်မလာကြဘဲ ဆေးရုံသို့ နောက်တစ်ခေါက် ထပ်မံရောက်ရှိသွားကြသည်ဟု ကြားသိရသဖြင့် အရာရာမှာ သူမ ထင်သလို ဖြစ်မလာဘဲ လွဲချော်နေသည်ဟု ခံစားနေရသည်။

အရေးကြီးဆုံးမှာ ယွမ်ရှောင်ချွေ၏ အခြေအနေပင် ဖြစ်၏။ သူမသည် နားထင်ကို ဖိထားရင်း ခေါင်းကိုက်ဝေဒနာနှင့်အတူ ထွက်ခွာသွားတော့သည်။

ကျောက်ရုံ ထွက်သွားပြီးနောက် ရှီကျန့်ရှန်း အမြန်ပင် ထွက်လာကာ စပ်စုလေ၏။

"ကျောက်ရုံက ဘာလာလုပ်တာလဲ..."

"ကျွန်မဆီမှာ ငါးလာလဲချင်လို့တဲ့။ ဒါပေမဲ့ အခုတလော ငါးမမျှားဖြစ်တော့ ငြင်းလိုက်ရတယ်။ အဲဒါထက်... ဒေါ်လေး မြင်လိုက်လား... အစ်မကျောက်ရုံ အရိုက်ခံထားရတာ တော်တော်နာပုံရတယ်။ ဘယ်လိုများ ဒီလောက်တောင် အရိုက်ခံလိုက်ရတာလဲ မသိဘူး၊ ထူးဆန်းလိုက်တာနော်"

"ဟဲ့... သူ အရိုက်ခံရတာလား"

ရှီကျန့်ရှန်း မျင်လုံးများ အရောင်တောက်လာပြီး ပြန်မေးလေသည်။ သူမသည် ကျောက်ရုံ၏ မျက်နှာကို သေသေချာချာ မမြင်လိုက်ရချေ။

ချန်ချင်းယွီ ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်၏။

"ဟုတ်တယ် အရိုက်ခံထားရတာ မျက်နှာမှာ ဒဏ်ရာတွေအများကြီးပဲ"

ယမန်နေ့ည ခန်းမကြီးအတွင်း၌ ကျောက်ရုံ အရိုက်ခံခဲ့ရခြင်း မဟုတ်သည်ကို ချန်ချင်းယွီ အသေအချာ သိရှိသော်လည်း အခြားသူများမှာမူ ထိုသို့မသိကြချေ။ ရှီကျန့်ရှန်း တစ်စုံတစ်ခုကို စဉ်းစားဟန်ဖြင့်

"မနေ့ညက အခြေအနေက တကယ့်ကို ပရမ်းပတာပဲ။ အမှောင်ထဲမှာ ဘယ်သူတွေ ဘာလုပ်နေကြမှန်း ဘယ်သူမှ မသိနိုင်ဘူး။ ဒါဟာ တော်တော်လေး သံသယဝင်စရာပဲ"

ချန်ချင်းယွီမှာ ဘာမျှမသိသလို ရိုးသားလှသော အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

"ကျွန်မလည်း ဘာမှ မသိပါဘူးဒေါ်လေးရယ်"

"မဖြစ်သေးပါဘူး၊ ငါ သွားစုံစမ်းကြည့်ဦးမှ"

ရှီကျန့်ရှန်းသည် အလယ်ဝင်းဘက်သို့ အပြေးအလွှား ထွက်သွားတော့၏။ ချန်ချင်းယွီသည် နှုတ်ခမ်းတစ်ချက်တွန့်ကာ ပြုံးလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။ ကလေးငယ်နှစ်ဦးမှာ အဝတ်အစားများ လဲလှယ်ပြီးကြပြီဖြစ်ကာ လိမ္မာပါးနပ်စွာဖြင့် သွားတိုက်နေကြရင်း နံနက်စာကို စောင့်မျှော်နေကြ၏။ နံနက်စာသည် သာမန်စားစရာဟု ထင်ရသော်လည်း ချန်ချင်းယွီမှာ များစွာ တန်ဖိုးထားသည်။ နံနက်ခင်းတွင် ဗိုက်ဝအောင် စားသောက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်သာ။

လတ်လတ်ဆတ်ဆတ် ပေါင်းထားသော ပေါက်စီများဆီမှ ထွက်ပေါ်လာသော အနံ့မှာ မည်သည့် ဟင်းခတ်အမွှေးအကြိုင်မျှ မပါသော်လည်း ဆာလောင်မှုကို နှိုးဆွပေးနေတော့သည်။ ချန်ချင်းယွီသည် ပေါက်စီ ခြောက်လုံးကို တစ်ထိုင်တည်း စားပစ်လိုက်ပြီး ဆန်ပြုတ် နှစ်ပန်းကန်ကိုလည်း ကုန်အောင် သောက်လိုက်၏။ အမှန်စင်စစ် ချန်ချင်းယွီ သတိထားမိသည်မှာ သူမ၏ ကလေးနှစ်ဦးသည် သူမနှင့် အတော်ပင် တူကြလေသည်။ သူတို့၏ အစားအသောက် စားနှုန်းမှာ သာမန်ကလေးများထက် ပို၍ များလှ၏။ အသက် သုံးနှစ်အရွယ်သာ ရှိသေးသော ကလေးငယ်မှာ ပေါက်စီအလုံးကြီး တစ်လုံး၊ ကွေ့ဟွားကိတ် နှစ်တုံးနှင့် ဆန်ပြုတ် တစ်ပန်းကန်ကို အေးဆေးပင် စားသောက်နိုင်ကြသည်။

ချန်ချင်းယွီ ကလေးများ၏ ဝမ်းဗိုက်လေးကို စမ်းကြည့်ရာ အလွန်အမင်း ဖောင်းကားမနေသဖြင့် ဤပမာဏမှာ သူတို့အတွက် အနေတော်ပင် ဖြစ်ကြောင်း သိလိုက်ရ၏။

မိုးရွာနေသဖြင့် မြစ်နားသို့ ငါးမျှားမသွားဖြစ်သည်မှာ ရက်အတော်ကြာပြီဖြစ်ရာ ရှောင်ကျား လွမ်းဆွတ်နေမိသည်။

"မေမေ... ဒီနေ့ ငါးသွားမျှားဦးမလားဟင်..."

"ဒီနေ့တော့ မသွားဘူးပေါ့ သားရဲ့"

သူမ ပြန်ဖြေရင်း ပြုံးလိုက်ကာ

"မိုးရွာနေတာဆိုတော့ အပြင်မထွက်တာ အကောင်းဆုံးပဲ"

ခေတ္တမျှ စဉ်းစားပြီးနောက် ကလေးများကို မှာကြားလိုက်လေသာ်။

"မေမေ ခဏနေရင် စားစရာတွေ သွားဝယ်ဦးမယ်။ သားတို့ မောင်နှမနှစ်ယောက် အိမ်မှာပဲ လိမ္မာလိမ္မာနဲ့ နေခဲ့နိုင်မလား..."

ယခင်ကလည်း ဤသို့ နေခဲ့ဖူးသဖြင့် ကလေးများမှာ လိမ္မာစွာပင် ခေါင်းညိတ်ပြ၏။

"အပြင်မှာ မိုးရွာနေတော့ သားတို့ကို ခေါ်သွားဖို့က အဆင်မပြေဘူးလေ။ ပြီးတော့ မနေ့ညကလည်း မိုးမိထားကြသေးတယ်၊ နောက်တစ်ခါ ထပ်စိုရင် အအေးမိမှာကို မေမေ စိုးရိမ်လို့ပါ။ မိုးတိတ်ပြီး ရာသီဥတု ပြန်ကောင်းလာတဲ့အခါကျမှ မေမေ သားတို့ကို ဈေးခေါ်သွားမယ်နော်"

ချန်ချင်းယွီ အကျိုးအကြောင်း ရှင်းပြစဉ် ရှောင်ကျားနှင့် ရှောင်ယွမ် တို့မှာလည်း နားလည်စွာဖြင့် ခေါင်းလေးများ အမြန်ညိတ်ကြသည်။

ချန်ချင်းယွီ ကလေးများကို တစ်ယောက်တစ်ချက် နမ်းလိုက်ပြီး ချီးမွမ်းလိုက်၏။

"လိမ္မာလိုက်တဲ့ ကလေးတွေ..."

ခေတ်ကာလ အခြေအနေက ခက်ခဲလွန်းလှသဖြင့် ကလေးငယ်များမှာ ငယ်ရွယ်သော်လည်း အတော်ပင် အလိုက်သိကြသည်။ သူမ၏ အသက်သုံးနှစ်အရွယ် ကလေးနှစ်ဦးသာမက ရှေ့ဝင်းရှိ နာ့နာ ညီအစ်မ သုံးဦးမှာလည်း အလွန်ပင် လိမ္မာပါးနပ်ကြ၏။

တကယ်တမ်း ကျန်းမုန့်မုန့်ပင်လျှင် အခြေအနေကို အနည်းငယ် နားလည်တတ်သည်။ ထိုကလေးမလေးမှာ မသိနားမလည်သူ မဟုတ်ဘဲ အတ္တကြီးသူသာ ဖြစ်၏။

ကျန်းမုန့်မုန့်အကြောင်းကို တွေးမိသည်နှင့် ချန်ချင်းယွီ ကလေးများကို မှာလိုက်၏။

"သားတို့ အိမ်မှာပဲ နေကြနော်၊ တံခါးကို အထဲကနေ သေသေချာချာ ဂျက်ထိုးထား။ မေမေ ပြန်လာလို့ တံခါးခေါက်တဲ့အခါမှ ဖွင့်ပေးရမယ်"

ကျန်းမုန့်မုန့်မှာ ယခုအချိန်တွင် အိမ်၌ မရှိသော်လည်း အချိန်မရွေး ပြန်ရောက်လာနိုင်၏။ ထိုကလေးမလေးသည် အေးအေးဆေးဆေး နေတတ်သူမျိုး မဟုတ်ပေ။

ခိုးတတ်သော ကလေးများကို မည်သူမျှ မနှစ်သက်ကြပေ။

တခြားသူ၏ ကလေးကို မဆိုထားနှင့် မိမိ၏ သားသမီးအရင်းများကိုပင် အချိန်ပြည့် စောင့်ရှောက်ရန် ခဲယဉ်းလှရာ သူတစ်ပါး၏ ကလေးကို ဂရုစိုက်ရန် သူမတွင် အချိန်မရှိပေ။

သူမသည် ကျန်းမုန့်မုန့်ကို မနှစ်သက်ချေ။ ထို့ပြင် ကလေးငယ်များအပေါ် သူမအနေဖြင့် အဆင်ပြေပြေ ဆက်ဆံနိုင်လိမ့်မည်ဟုလည်း တစ်ခါမှ မတွေးထင်ခဲ့မိပေ။

သူမ ငယ်စဉ်ကလည်း သူမအပေါ် မည်သူမျှ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြသည် မဟုတ်ပေ။

ထိုသို့ တွေးတောနေစဉ် ချန်ချင်းယွီ၏ စိတ်အာရုံထဲ၌ အတိတ်မှ ပုံရိပ်အချို့ ဝေဝါးစွာ ဖြတ်ပြေးသွားသည်။ ၎င်းမှာ မိဘမဲ့ဂေဟာမှ အမှတ်တရများမဟုတ်ဘဲ "ချန်ချင်းယွီ" အစစ်အမှန်၏ ကလေးဘဝ အမှတ်တရများ ဖြစ်နေ၏။ တစ်မိသားစုလုံး မွေးနေ့ပွဲ ကျင်းပနေကြသည့် မြင်ကွင်း၊ သူမသည် အနီရောင် ဖဲဂါဝန်လေးကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်တွင် ရွှေလက်ကောက်လေး တစ်ကွင်း တလက်လက် တောက်ပနေသည်။

သူမ၏ ဘိုးဘွားများနှင့် ဦးလေးဖြစ်သူတို့မှာလည်း သူမဘေးတွင် ဝန်းရံနေကြပြီး ထိုအခိုက်အတန့်ရှိ လူတိုင်းမှာ အားအင်တက်ကြွ တောက်ပနေကြ၏။

ချန်ချင်းယွီသည် နားထင်ကို ဖိကာ ထိုအမှတ်တရများကို အမိအရ ပြန်လည်ဖော်ထုတ်ရန် ကြိုးစားသော်လည်း မရပေ။ ထိုမြင်ကွင်းမှာ ခဏချင်းအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

"မေမေ... ဘာဖြစ်လို့လဲဟင်"

"ဘာမှမဖြစ်ပါဘူး"

ချန်ချင်းယွီ ဆိုကာ ပြုံးပြလိုက်၏။

"မေမေ ဘာမှမဖြစ်ဘူးနော်"

သူမသည် မိုးကာအင်္ကျီကို အမြန်ဝတ်ဆင်ကာ အပြင်သို့ ထွက်ခဲ့သည်။ ရှောင်ကျားမှာလည်း အခန်းပြင်သို့ ပြေးထွက်လာကာ တံခါးကို ဂျက်ထိုးလိုက်၏။ ထိုသို့ လိမ္မာပါးနပ်မှုကို ကြည့်ကာ ချန်ချင်းယွီ ကျေနပ်စွာ ခေါင်းညိတ်မိသည်။

သူမ မိုးကာအင်္ကျီဝတ်၍ ထွက်လာစဉ် အလယ်ဝင်းမှ မာကျန်းလည်း ထွက်လာသည်နှင့် ဆုံလေသည်။ မာကျန်း သူမကို ခေါင်းညိတ်

နှုတ်ဆက်ကာ

"ခယ်မလေး... အပြင်သွားမလို့လား..."

ချန်ချင်းယွီ ခေါင်းသာညိမ့်ပြလိုက်၏။ သူတို့အချင်းချင်း ရင်းနှီးကြသည်မဟုတ်ရာ အလွန်အမင်း ဖော်ရွေပြရန် သူမတွင် ဆန္ဒမရှိပေ။

ချန်ချင်းယွီသည် စက်ဘီးကို အမြန်နင်း၍ ထွက်ခွာသွားသော်လည်း မာကျန်းမှာမူ ဖြည်းဖြည်းချင်းသာ လျှောက်လှမ်းနေ၏။ မကြာမီမှာပင် ပိုင်ဖုန်းရှန်း အမီလိုက်လာကာ

"စောင့်နေရတာ ကြာသွားလား... သွားကြစို့..."

သူမသည် ရှေ့မှ စက်ဘီးနင်းသွားသော ချန်ချင်းယွီကို ကြည့်ကာ မှတ်ချက်စကားဆိုလေသည်။

"ကျန့်ဝမ်မိန်းမခမျာ ဒုက္ခများရှာတယ်။ သူက လူကောင်းလေးပါ၊ ဒါပေမဲ့ စိတ်ဓာတ်က သိပ်ပျော့လွန်းတယ်"

လူအများ သူမကို ကြည့်ကာ စိတ်ပျက်ဟန်ဆောင်နေကြသော်လည်း တကယ်တမ်းတွင်မူ ထိုလူကြီးမင်းကတော်များ အားလုံးမှာ ချန်ချင်းယွီကဲ့သို့သော ချွေးမမျိုးကိုသာ လိုချင်ကြသည်မှာ အမှန်ပင်။ ချန်ချင်းယွီတွင် မိဘအုပ်ထိန်းသူ အားကိုးရာ မရှိသော်လည်း အလွန်ပင် စကားနားထောင်၏။ အဘွားကြီးကျောက် "အရှေ့" ဟု ဆိုလျှင် သူမက "အနောက်" သို့ မသွားချေ။ "တောင်" ဟု ဆိုလျှင်လည်း "မြောက်" သို့ မလှည့်ချေ။ အလွန်ပင် လိမ္မာယဉ်ကျေးသိမ်မွေ့လှ၏။

မည်သည့်ယောက္ခမမဆို ဤကဲ့သို့သော ချွေးမမျိုး ရရှိထားခြင်းမှာ အလွန်ပင် ကံကောင်းလှသည်ဟု ဆိုရပေမည်။

"မင်းမိန်းမသာ ရှောင်ချန်ရဲ့ တစ်စိတ်တစ်ပိုင်းလောက် စကားနားထောင်ရင် အမေဖြင့် စိတ်ပူနေစရာ မလိုတော့ဘူး"

မာကျန်း ပြုံးလိုက်ပြီး ပြန်ပေုါလိုက်၏။

"ကျွန်တော့်မိန်းမက တော်သားပဲ။ မိန်းမအရှိန်အဝါနဲ့ နေမယ်ဆိုရင် ဒါမျိုးတွေကို ကြိုတင်ပြင်ဆင်ထားရမှာပေါ့။ သူတစ်ပါးကို အမှီပြုပြီး နေချင်သေးတယ်၊ ကိုယ်ကပဲ အနိုင်ကျင့်ခံရတာမျိုးတော့ ကျွန်တော် အဖြစ်မခံနိုင်ဘူး။ ကျွန်တော်က အဲဒီလောက် မတုံးပါဘူး"

ပိုင်ဖုန်းရှန်း သားဖြစ်သူကို မျက်စောင်းထိုးကာ

"ကျေးလက်က မိန်းမကို မယူပါနဲ့လို့ ပြောထားတာကို။ အခုတော့ ကြည့်စမ်း... တစ်ယောက်မှ စကားနားမထောင်ကြဘူး"

"အမေကလည်း ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ... ကျွန်တော် အဆင်ပြေနေတာပဲ။ ကျွန်တော်က ဒုတိယညီမလို အချစ်အတွက်နဲ့ အရာရာကို စွန့်လွှတ်ခဲ့တဲ့ လူအမျိုးအစား မဟုတ်ပါဘူး"

ပိုင်ဖုန်းရှန်း စကားအရှည်ကြီး ပြောတော့မည်ကို သိသဖြင့် သူ အမြန်ပင် လမ်းကြောင်းလွှဲကာ မေးလိုက်၏။

"အမေ... ဒါနဲ့ လင်းကျန့်ဝမ်က ဘယ်လိုသေသွားတာလဲ..."

ထိုစကားကြောင့် ပိုင်ဖုန်းရှန်းသက်ပြင်းချကာ

"သူက ညဘက် အချိန်ပိုဆင်းပြီး အပြန်နောက်ကျတာ။ အဲဒီမှာ သူခိုးတစ်ယောက်နဲ့ တိုးတာပဲ..."

"သူခိုးက စက်ရုံထဲကို ပစ္စည်းဝင်ခိုးတာကို သူက လက်ရဖမ်းမိတာလေ။ လင်းကျန့်ဝမ်နဲ့ အချိန်ပိုဆင်းတဲ့ အခြားလူတွေက လုံခြုံရေးအဖွဲ့နဲ့အတူ သူခိုးကို ဝိုင်းဖမ်းကြတာပေါ့။ သူက ကံဆိုးရှာပါတယ်၊ ရှာဖွေနေတုန်း သူခိုးနဲ့ တည့်တည့်တိုးပြီး နှစ်ယောက်သား လုံးထွေးသတ်ပုတ်ကြတာ။ သူခိုးက အသည်းအသန်ဖြစ်နေတော့ သူ့ရင်ဘတ်ကို ဓားနဲ့ ထိုးလိုက်တာပဲ"

မာကျန်းသည် ထိုစကားကို ကြားရပြီးနောက် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ

"အဲဒီသူခိုးကော..."

"သူခိုးကတော့ လုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေသွားပြီ။ လင်းကျန့်ဝမ်အပြင် လုံခြုံရေးတစ်ယောက်လည်း သေသွားသေးတယ်။ အခြေအနေက တကယ့်ကို အန္တရာယ်များခဲ့တာလို့ ပြောကြတာပဲ။ နောက်မှရောက်လာတဲ့ လူတွေက ပြဿနာတွေ ပိုကြီးလာမှာ စိုးရိမ်လို့ သေနတ်နဲ့ ပစ်လိုက်ကြတာ"

မာကျန်း သက်ပြင်းချရင်း ဆိုလိုက်မိလေသည်။

"လင်းကျန့်ဝမ်က ငယ်ငယ်ကတည်းက တရားမျှတမှုကို မြတ်နိုးတဲ့သူပါ။ အခုတော့ ကြည့်စမ်း... ဒီလိုမျိုး အဆုံးသတ်သွားရတယ်။ လူဆိုတာ ကိုယ့်အတ္တလေးနဲ့ကိုယ် နေတာကပဲ ပိုကောင်းပါတယ်"

"ဒါဆိုရင် မင်းက ဘာလို့ ကျေးလက်တောရွာတွေဆီ သွားပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံပြီး အလုပ်အကျွေးပြုဖို့ ဇွတ်လုပ်နေရတာလဲ"

မာကျန်း : "အဲဒီတုန်းက ကျွန်တော်က ငယ်သေးတော့ မသိတာပေါ့အမေရဲ့၊ လက်တွေ့ဘဝက ကျွန်တော့်ကို သင်ခန်းစာ ပေးလိုက်တာပါ။ ကျွန်တော်က ကျေးလက်ဒေသကို တည်ဆောက်ဖို့ သွားခဲ့တာလား…တကယ်တော့ လယ်သမားတွေကို ဒုက္ခသွားပေးခဲ့တာပါ။ ကျွန်တော်တို့ အလုပ်လုပ်သမျှ အကုန်လုံးက ရလာတဲ့ ကောက်ပဲသီးနှံတွေကို ပြန်ခွဲဝေယူနေရတာဆိုတော့ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတာပဲ ရှိတာ။ ဘာကို တည်ဆောက်ရမှာလဲ… ချီးကိုပဲ တည်ဆောက်… ဒီနှစ်ပိုင်းတွေမှာ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်လာရတာကတော့ လူဆိုတာ ကိုယ့်အတ္တလေးနဲ့ကိုယ် နေတာက မမှားပါဘူး။ လင်းကျန့်ဝမ်လို လူမျိုးကျတော့လည်း သိပ်ပြီး ဖြောင့်မတ်လွန်းတော့ အခုလို သေဆုံးသွားရပြီး မုဆိုးမနဲ့ မိဘမဲ့ကလေးတွေကိုပဲ ချန်ထားရစ်ခဲ့ရတာပေါ့"

ပိုင်ဖုန်းရှန်း သည် ထူးထူးခြားခြားပင် သားဖြစ်သူ၏ စကားကို ပြန်မချေပဘဲ အတော်ကြာ တိတ်ဆိတ်နေပြီးမှ

“မင်းပြောတာလည်း ဟုတ်တာပါပဲ။ ရှောင်ချန်ခမျာ တကယ်ကို ရုန်းကန်နေရရှာတာ။ သူနဲ့ ကျန့်ဝမ်က သိပ်ချစ်ကြတာလေ၊ အခုတော့ တစ်နေ့လုံး ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေရတယ်။ မင်းလည်း သိတဲ့အတိုင်း အဒေါ်ကြီးကျောက်က ပေါင်းရသင်းရ လွယ်တဲ့သူမဟုတ်ဘူး၊ ရှောင်ချန်ကို အတော်လေး နှိပ်စက်ခဲ့တာ။ သူ တကယ်ကို ဒုက္ခရောက်ခဲ့တာပါ။ သူတို့မိသားစုလေးက တကယ်ကို သနားဖို့ကောင်းတယ်၊ မိဘမဲ့ကလေးတွေနဲ့..."

"သူက မုဆိုးမဆိုတော့ ပြဿနာရှာတဲ့သူတွေရဲ့ ပစ်မှတ် ဖြစ်နေတာပေါ့။ ဒါပေမဲ့ အဒေါ်ကြီးကျောက်ကို ကြည့်ပါဦး၊ သူက ဒေါသကြီးပြီး ရန်တွေ့တတ်ပေမဲ့ အဆိုးကြီးတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ့ရဲ့ ခက်ထန်တဲ့ စရိုက်ကြောင့်ပဲ သူတို့သားအမိတွေ အရှုံးမပေးခဲ့ရတာ။ အဲဒီလိုမဟုတ်ဘဲ ရှောင်ချန် တစ်ယောက်တည်းသာ မိသားစုကို ထောက်ပံ့နေရမယ်ဆိုရင် အနိုင်ကျင့်ခံရလွန်းလို့ သေတာတောင် ကြာလှပြီ"

မာကျန်း “……”

သူ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးမှ

"လင်းကျန့်ဝမ်ရဲ့ မိန်းမက အဲဒီလောက်တောင် အားနွဲ့တာလား..."

ပိုင်ဖုန်းရှန်း အခိုင်အမာပင် ဆိုလိုက်၏။

"တကယ့်ကို အားနွဲ့တာပေါ့အေ..."

မာကျန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရေရွတ်လိုက်၏။

"ကျွန်တော်တော့ အဲဒီလို မထင်ဘူး"

ပိုင်ဖုန်းရှန်း သဘောမတူဟန်ဖြင့် ငေါက်ငမ်းလိုက်ကာ

"ဘာလို့ မဟုတ်ရမှာလဲ…သူက တကယ့်ကို ရိုးသားတဲ့သူပါ။ မင်း မသိလို့ပါ၊ အဘွားကြီးကျောက် သူ့အပေါ် သိပ်ရက်စက်ခဲ့တာ၊ ရိုက်တောင် ရိုက်တာ။ အခု လင်းကျန့်ဝမ် မရှိတော့မှသာ အချင်းချင်း မှီခိုနေကြရလို့ အရင်လို မလုပ်ကြတော့တာ"

ပိုင်ဖုန်းရှန်းသည် ချန်ချင်းယွီအပေါ် တကယ်ပင် ကိုယ်ချင်းစာစိတ် ရှိနေရှာသည်။

သူမ၏ ရှေးရိုးစွဲ အတွေးအခေါ်များကို ကြည့်၍ အထင်မလွဲသင့်ပေ။ သူမတို့အရွယ် အမျိုးသမီးကြီးများမှာ ရှေးခေတ် လူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာသူများဖြစ်ရာ ရှေးရိုးစွဲစိတ် ရှိနေခြင်းမှာ သဘာဝပင် ဖြစ်သော်လည်း သူမသည် စိတ်ထားဆိုးသူမဟုတ်ပေ။ သူမ စိတ်မကောင်းစွာဖြင့် သက်ပြင်းချရင်း

"သူက ကံကြမ္မာ ခါးသီးတဲ့ မိန်းကလေးပါပဲ၊ ဒါပေမဲ့ ကံကောင်းတာက သူ့မှာ သားလေးရှိနေသေးတာပေါ့။ ကြိုးစားပြီး တောင့်ခံထားရမှာပဲ၊ ကလေးကြီးလာရင်တော့ အခြေအနေတွေ ကောင်းလာမှာပါ"

မာကျန်း သူ့အမေကို ထူးဆန်းသလို ကြည့်လိုက်ပြီး ပြောလိုက်မိ၏။

"အမေက တကယ်ပဲ သူ့ကို အားနွဲ့တယ်လို့ ထင်နေတာလား…ကျွန်တော်တော့ အဲဒီလို မမြင်ဘူး။ သူက အနိုင်ကျင့်ခံရမယ့် အားကိုးရာမဲ့တဲ့ ဂေါ်ဖီထုပ်လေးနဲ့ မတူဘူး"

လွန်ခဲ့သည့် နှစ်အနည်းငယ်က အနိုင်ကျင့်ခံနေရသော ချန်ချင်းယွီနှင့် မဆုံခဲ့ဖူးသဖြင့် မာကျန်းအတွက်မူ သူ၏ ပထမဆုံး အမြင်အရ သူမသည် ပုံပေါ်သလောက် သနားစရာ မကောင်းဟု ခံစားနေရခြင်း ဖြစ်နိုင်သည်။ သူသည် လူကဲခတ်ရာတွင် တစ်ခါမျှ မမှားဖူးသဖြင့် မိမိ၏ ပထမဆုံး အမြင်ကို အတော်ပင် ယုံကြည်မှု ရှိ၏။

"မင်းကတော့ လေကြောရှည်နေပြန်ပြီ…သူက ငါတို့ဝင်းထဲမှာ အားအနွဲ့ဆုံးပဲ။ ဒါပေမဲ့ ငါ မင်းကို သတိပေးထားမယ်၊ သူ့နားကို မကပ်နဲ့။ သူက နူးညံ့နေရုံနဲ့ အနိုင်ကျင့်လို့ရမယ်လို့ မထင်နဲ့။ ပြီးတော့ သူ့ကို သွားပြီး မထိနဲ့ဦး… ညမင်းမှာ မိန်းမရှိတယ်လေ… ကျန်းရှင်းဖှလို လူမျိုးတော့ အဖြစ်မခံနဲ့..."

ကျန်းရှင်းဖှ အကြောင်းကို ပြောမိသည်တွင် ပိုင်ဖုန်းရှန်း စကားရပ်သွားပြီး လျှို့ဝှက်စွာဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မင်း တကယ်ပဲ ချန်ချင်းယွီ နားကို မသွားသင့်ဘူး။ သူက နည်းနည်း ထူးဆန်းတယ်။ သူ့နားကို ကပ်တဲ့သူတိုင်း ကံဆိုးတတ်ကြတယ်"

ယခုခေတ်တွင် အယူသီးမှုကို အားမပေးသော်လည်း ပိုင်ဖုန်းရှန်းမှာ ကျန်းရှင်းဖှသည် အတော်ပင် ကံဆိုးလှသည်ဟု ထင်မြင်နေမိသည်။

မည်သို့ပင်ဖြစ်စေ ပိုင်ဖုန်းရှန်း ချန်ချင်းယွီကို တစ်မျိုး ထူးဆန်းသည်ဟု ခံစားနေရ၏။ သူမအပေါ် ကောင်းသောသူဖြစ်စေ၊ ဆိုးသောသူဖြစ်စေ သေဆုံးခြင်း (သို့မဟုတ်) ကံဆိုးခြင်းများနှင့် ကြုံတွေ့နေရသည်မှာ ပုံမှန်မဟုတ်ဟု ထင်နေမိလေသည်။

သူမ အလေးအနက်ပင် မှာကြားကာ

"ဘာပဲဖြစ်ဖြစ် ငါပြောတာကိုသာ နားထောင်စမ်းပါ"

"ကျန်းရှင်းဖှကရော ဘာတွေ ကြံစည်နေလို့လဲ..."

မာကျန်းမေးလိုက်မိသည်။

ပိုင်ဖုန်းရှန်း : "ဟုတ်ချင်လည်းဟုတ်မယ်… မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့… ငါတောင် နည်းနည်းရိပ်မိတယ်။ ကျန်းရှင်းဖှခမျာ အခုတလော ကံဆိုးလွန်းလို့ ရူးတောင်သွားတော့မလားပဲ။ အခုထိ ဆေးရုံမှာပဲ ရှိသေးတယ်၊ အော်... ဒါနဲ့ မနေ့ကတင် လမ်းဘေးခွေး ကိုက်ခံလိုက်ရသေးတယ်လေ… သူ ဘယ်လောက်တောင် ကံဆိုးလဲဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။ ငါ့အမြင်တော့ သူလည်း နောက်ဆိုရင် ချန်ချင်းယွီကို ဝေးဝေးက ရှောင်ရတော့မယ် ထင်တယ်"

မာကျန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားရ၏။

အမေရေ… ခင်များ… အယူသီးနေတာနော်..

“မင်းက ငါ့ကို မယုံဘူးလား... မင်းအဖေ စက်ရုံက လီတာ့ရှန်း ဆိုတာ လင်းကျန့်ဝမ်ရဲ့ ဆရာပဲလေ။ ဒါပေမဲ့ သူက လူကောင်းမဟုတ်ဘူး။ လင်းကျန့်ဝမ်ကို အမြဲအနိုင်ကျင့်ပြီး အပင်ပန်းဆုံးနဲ့ အခက်ခဲဆုံး အလုပ်တွေကိုပဲ ခိုင်းတာ။ ကျန့်ဝမ်သေပြီးကတည်းက သူလည်း ကံဆိုးနေတာပဲ… သူနဲ့ သူ့မိန်းမ နှစ်ယောက်လုံး အိမ်သာကျင်းထဲကို နှစ်ခါတောင် ကျဖူးတယ်၊ သူတို့ဘာသာသူတို့ ခုန်ဆင်းသွားကြတာတဲ့။ ဒါကြီးက ကြောက်စရာမကောင်းဘူးလား…မင်းအဖေ ပြန်ပြောပြတုန်းကဆို ကြက်သီးတောင် ထတယ်တဲ့… ငါ့အထင်တော့... ဒါ လင်းကျန့်ဝမ်ရဲ့ ဝိညာဉ်ပဲ ဖြစ်ရမယ်။ တွေးကြည့်ရုံနဲ့တင် ကြောက်ဖို့ကောင်းလိုက်တာ…"

အဘွားကြီးသည် သူမဘာသာ ပြောရင်းနှင့်ပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

မာကျန်း သူ့အမေကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။ သူ့အမေသည် တကယ်ပင် ရိုးအလွန်းလှသည်ဟု သူတွေးမိ၏။

သို့သော်လည်း ….

သူတို့က ဘာလို့ ချန်ချင်းယွီကို သံသယမဝင်ကြတာလဲ…

ချန်ချင်းယွီကို သံသယမဝင်သည့်တိုင် ကျောက်အန်တီကိုတော့ သံသယဝင်သင့်သည် မဟုတ်ပါလား…

ဤနှစ်ယောက်ထဲမှ တစ်ယောက်ယောက်တွင် ပြဿနာရှိသည်မှာ သေချာသည်၊ သို့မဟုတ် နှစ်ယောက်လုံးလည်း ဖြစ်နိုင်သည်။

သက်သေမရှိဘဲ စွပ်စွဲသည်ဟု ထင်ကောင်းထင်နိုင်သော်ငြား သူသည် ခေတ်သစ်အလံတော်အောက်တွင် ကြီးပြင်းလာသော လူငယ်တစ်ဦးဖြစ်ရာ အယူသီးမှုများကို လုံးဝမယုံကြည်ချေ။

ထို့ပြင် သူသည် အခြားသူများကဲ့သို့ ချန်ချင်းယွီအပေါ် အမြင်စောင်းနေသူမဟုတ်ရာ သူမသည် အားနွဲ့ရိုးသားသော မိန်းကလေးတစ်ဦးဟုလည်း လုံးဝမယုံကြည်ပေ။

သို့သော် ဤကိစ္စများသည် သူနှင့်မသက်ဆိုင်ချေ။ နောက်ရက်အနည်းငယ်အတွင်း သူ ပြန်တော့မည်ဖြစ်သည်။ သူ ဝင်မပါသလို၊ ဝင်ပါလျှင်လည်း မည်သူမျှ ယုံကြမည်မဟုတ်ပေ။

ကြည့်ပါဦး... သူ့အမေကိုယ်တိုင်ပင် အခိုင်အမာ ငြင်းဆိုနေသည် မဟုတ်ပါလား…

မည်သို့ပင်ဖြစ်စေ သူသည် ထိုလူနှင့် မပတ်သက်သဖြင့် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။

မာကျန်းသည် တစ်ခါတစ်ရံ စိတ်မြန်တတ်သော်လည်း ကျေးလက်သို့ရောက်ပြီးနောက်တွင် အခြေအနေနှင့်အညီ လိုက်လျောညီထွေ နေထိုင်တတ်ပြီး ပြဿနာများကို ရှောင်ရှားတတ်သဖြင့် ဘဝကို အဆင်ပြေအောင် ဖြတ်သန်းနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ချန်ချင်းယွီနှင့် သူမ၏ယောက္ခမကြားတွင် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသော်လည်း သူ ဝင်မပါချေ။ သူသည် ကိုယ့်သေတွင်းကိုယ် တူးမည့်သူမျိုး မဟုတ်ပေ။

အိမ်သာကျင်းထဲ ကူးခတ်ရခြင်းနှင့် ဆေးရုံသို့ တခေါက်ခေါက် ရောက်နေရခြင်းမျိုးကို သူ မခံစားနိုင်ပါချေ။

ဒါကိုပဲ စိတ်ထဲမှတ်ထားလိုက်တော့မယ်…

မာကျန်းသည် ယခုအချိန်တွင် ထိုသို့တွေးနေသော်လည်း နောင်နှစ်အနည်းငယ်အကြာတွင် သူသည် ဤဝင်းအတွင်း၌ ချန်ချင်းယွီနှင့် အရင်းနှီးဆုံးသူ ဖြစ်လာမည်ဖြစ်ကာ သူ့မိန်းမနှင့်အတူ ချန်ချင်းယွီ၏ အားကိုးရဆုံးသော လက်ရုံးများ ဖြစ်လာလိမ့်မည်ဟု သူမသိခဲ့ချေ။

ယခုအချိန်တွင်မူ သူအေးအေးဆေးဆေးပင် အမေဖြစ်သူအား ပြောဆိုနေ၏။

"အမေ စိတ်မပူပါနဲ့၊ ကျွန်တော် သူမနားကို မသွားပါဘူး။ ကျွန်တော့်ကို လာထိတဲ့သူရှိရင်တော့ သူတို့ ဒုက္ခရောက်မှာပေါ့။ ကျွန်တော်က ဘာမှမဟုတ်တဲ့သူပါ၊ ဘယ်သူ့ကိုမှ မနှောင့်ယှက်ရဲပါဘူး။ ကဲ... လမ်းလျှောက်ထွက်ရအောင်။ ကျွန်တော် ဒီမှာ အမြဲနေလို့မရဘူးလေ၊ ပြန်မှဖြစ်မယ်။ မဟုတ်ရင် ကျွန်တော့်မိန်းမ စိတ်ပူနေလိမ့်မယ်။ အမြန်ဆုံးပြန်လာမယ်လို့ သူမကို ကတိပေးထားခဲ့တာ"

ပိုင်ဖုန်းရှန်းသည် ကျေးလက်ရှိ ချွေးမဖြစ်သူကို တွေးမိကာ မျက်မှောင်ကြုတ်လျက် မကျေမနပ်ဖြစ်နေသော်လည်း သားဖြစ်သူကို ကျေးလက်တွင် စောင့်ရှောက်ပေးမည့်သူ လိုအပ်သဖြင့် ဘာမျှမတတ်နိုင်ပေ။ သူမက သက်ပြင်းအရှည်ကြီး ချလိုက်သော်လည်း နှုတ်မှ

"အိမ်မှာ ရက်အနည်းငယ်လောက် ထပ်နေဦးပေါ့။ မင်းအဖေက မင်းကို ဒီမှာတင် အလုပ်ရအောင် ကြိုးစားပေးနေတုန်းပဲ။ အကယ်၍ ဒီမှာပဲ နေလို့ရသွားရင် မင်းအတွက် အများကြီး သက်သာသွားမှာပေါ့"

မာကျန်းသည် ဝမ်းသာအားရဖြင့် မိခင်၏လက်ကို ဆုပ်ကိုင်ကာ

"တကယ်လား... ဒါ တကယ်ပဲလားအမေ..."

"တကယ်ပေါ့အေ။ မင်းအဖေက လူသိသူသိ အဆင်အသွယ်ပေါတယ်၊ ဒီနှစ်တွေတစ်လျှောက် ဘယ်သူ့ဆီကမှ အကူအညီ မတောင်းခဲ့ဖူးဘူး။ အခု မင်းအတွက် ကူညီပေးတာကတော့ မှန်ကန်တဲ့ကိစ္စပါပဲ"

မာကျန်း ပို၍ပင် စိတ်လှုပ်ရှားစွာဖြင့်

"ဒါဆိုရင်... ဒါဆိုရင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်..."

"မင်း ပြန်လာနိုင်တာက အရာအားလုံးထက် ပိုကောင်းပါတယ်"

သားသမီးဆိုသည်မှာ မိဘတို့၏ အကြွေးများပင် မဟုတ်လော့။

ပိုင်ဖုန်းရှန်းတစ်ယောက် စကားဖောင်ဖွဲ့နေစဉ်မှာပင် ချန်ချင်းယွီသည် အဟောင်းအစုတ် စွန့်ပစ်ပစ္စည်း ရောင်းဝယ်ရေး ဝင်းထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုနေရာမှာ ကျိုးပဲ့နေသော စားပွဲ၊ ကုလားထိုင်များဖြင့် ရှုပ်ပွနေ၏။ ချန်ချင်းယွီသည် ရတနာရှာရန် အချိန်မဖြုန်းတော့ဘဲ သတင်းစာ အဟောင်းအပုံကြီးကိုသာ ကောက်ယူလိုက်သည်။

ရတနာရှာဖွေခြင်းနှင့် ပတ်သက်၍မူ သူမ သိထားပြီးသားဖြစ်၏။

ဝတ္ထုတော်တော်များများတွင် အဟောင်းအစုတ်ဆိုင်မှ ရတနာရှာသည့် ဇာတ်ကွက်များ ပါတတ်သော်လည်း အလွန်လျှို့ဝှက်သော ကိစ္စမျိုးမှလွဲ၍ ပစ္စည်းကောင်းများမှာ ဤနေရာသို့ မည်သည့်အခါမျှ ရောက်လာမည်မဟုတ်ပေ။ တော်လှန်ရေးကော်မတီဝင်များမှာ လူအ သုညများမဟုတ်ကြချေ။ ပစ္စည်းကောင်းသည် အမြဲတမ်း ပစ္စည်းကောင်းဖြစ်ကြောင်း မျက်စိမမြင်သူပင် သိနိုင်၏။ ထို့ကြောင့် အရာအားလုံးကို အမှိုက်ဟု သဘောထားကာ ဤနေရာသို့ ပို့လိုက်လိမ့်မည်ဟု တွေးတောခြင်းမှာ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

အဟောင်းဆိုင်မှ ဗီရိုများမှာလည်း အကုန်အစင် ဖျက်ဆီးခံထားရပြီး အခေါင်းပါသော မည်သည့်နေရာကိုမဆို အသေအချာ ရှာဖွေဖျက်ဆီးထားကြပြီးဖြစ်သည်။ ကျန်ရှိနေသော ပစ္စည်းများမှာလည်း သာမန်ကာလျှံကာ ပစ္စည်းများသာ ဖြစ်၏။ ထိုနေရာတွင် ရတနာရှာသူ ဟူ၍လည်း မရှိသလောက်ပင်။ ချန်ချင်းယွီသည် အမြန်ပင် ထွက်လာခဲ့သည်။ အဟောင်းဆိုင်သို့ အပေါစားပစ္စည်းလာရှာသူ မရှိသလောက် ဖြစ်သော်လည်း သတင်းစာအဟောင်း ဝယ်သူများမှာမူ အတော်ပင် များလှ၏။ ဆိုရသော် ၎င်းတို့သည် နံရံကပ်စာရွက်အဖြစ် အသုံးပြုရန် မရှိမဖြစ် လိုအပ်နေ၍ဖြစ်၏။

ချန်ချင်းယွီသည် ၅ ပြားပေး၍ သတင်းစာအပုံကြီးကို ဝယ်လိုက်သည်။

ငွေပေးချေနေစဉ် ထောင့်တစ်နေရာ၌ လဲလျောင်းနေသော ရေဆိုးနုတ်မြောင်းအဖုံး တစ်ခုကို သူမ သတိထားမိ၏။

'ဟင်... အခုခေတ်မှာ ရေမြောင်းဖုံး ခိုးတဲ့သူတွေတောင် ရှိနေပြီလား...'

'မဟုတ်နိုင်ပါဘူး... ရှိခဲ့ရင်တောင် သူတို့က ဒါကို ဘယ်ရောင်းရဲပါ့မလဲ။'

အဖြစ်အပျက် အကြောင်းအရာကို သူမ မသိသော်လည်း စပ်စုချင်စိတ်တော့ မရှိပေ။ သို့သော် ၎င်းအဖုံးမှာ သူမကို အကြောင်းအရာတစ်ခုဆီသို့ အမှတ်ရစေခဲ့သည်။

သူမသည် အတွေးများဖြင့် သတင်းစာများကို စက်ဘီးခြင်းထဲ ထည့်ကာ ထွက်ခွါလာခဲ့၏။ ဖြစ်နိုင်လျှင် သူမ၏ ဘိုးဘွားများ၏ အိမ်ဟောင်းဆီသို့ တစ်ခေါက်လောက် ပြန်သွားကြည့်သင့်သည်...

အခန်း ၇၂။ ရေဆိုးမြောင်း

ချန်ချင်းယွီ သူမ၏စက်ဘီးကို အရှိန်အကုန်တင်၍ နင်းလိုက်ရာ စက်ဘီးနင်းတံမှ မီးများပင် ပွင့်ထွက်မတတ် မြန်ဆန်လွန်းလှပြီး ခဏချင်းအတွင်းမှာပင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

စွန့်ပစ်ပစ္စည်းများ အရောင်းအဝယ်ဒိုင်မှ အဘိုးကြီးမှာ လန့်ဖျပ်သွားပြီး အပြင်သို့ ချောင်းကြည့်ရင်း ဆွံ့အစွာ ရေရွတ်မိလေ၏။

"ဒီကောင်မလေး စက်ဘီးစီးတာ အရမ်းမြန်တာပဲ..တကယ့်ကို သွက်လက်တဲ့ ကောင်မလေးပါလား.."

ချန်ချင်းယွီမှာမူ ထိုစကားများကို ဂရုမထားအားဘဲ အိမ်ဟောင်းကြီးဆီသို့သာ ဦးတည်နင်းနေခဲ့သည်။ သူမကိုယ်သူမ ပေါင်ချိန် ငယ်ငယ်

ကဲ့သို့ "မတော်တဆ ပြောလိုက်တဲ့ စကားတစ်ခွန်းက သံသယတွေကို ရှင်းလင်းသွားစေတယ်" ဆိုသည့် အခြေအနေမျိုး ရောက်နေသလို ခံစားနေရ၏။

သို့မဟုတ်လျှင်လည်း သူမသည် စုံထောက်လေး ကိုနန်လိုမျိုး အသေးအဖွဲအရာလေးတစ်ခုမှတစ်ဆင့် အတွေးအမြင်သစ်များ ရရှိသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။

ချန်ချင်းယွီသည် ယခုအချိန်တွင် ထိုကဲ့သို့ စိတ်ဓာတ်တက်ကြွနေသည့် အခြေအနေမျိုး ဖြစ်နေ၏။ အစပိုင်းတွင် သူမ ဘာမှမမှတ်မိသော်လည်း စောစော၌ လမ်းပေါ်က ရေဆိုးမြောင်း အဖုံးကို မြင်လိုက်ရချိန်တွင် မှတ်ဉာဏ်တစ်ခု ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။ ထိုအရာမှာ သူမ အသက် ၁၀ နှစ်အရွယ်က အမှတ်တရတစ်ခု ဖြစ်သည်။ ထိုစဉ်၌ သူမ၏ဦးလေးမှာ အသက်ရှိထင်ရှား ရှိနေသေးပြီး ခြံထဲတွင် ဒန်းတစ်ခု လုပ်ပေးထားခဲ့၏။ ချန်ချင်းယွီ ဒန်းပေါ်တွင် ထိုင်ကာ ရှေ့နောက်လွှဲနေပြီး ဦးလေးဖြစ်သူသည် နောက်မှ တွန်းပေးရင်း နှစ်ယောက်သား ကြည့်ဖူးသည့် ရုပ်ရှင်များအကြောင်း ငြင်းခုံနေခဲ့ကြသည်။

သူတို့သည် သူလျှိုရုပ်ရှင်တစ်ခုအကြောင်း ပြောဖြစ်ခဲ့ကြပြီး ထိုရုပ်ရှင်ထဲတွင် ရဲဘော်ဟောင်းတစ်ဦးက ပစ္စည်းတစ်ခုကို ဝှက်ထားခဲ့၏။ ထိုစဉ်က ချန်ချင်းယွီမှာ "သမီးသာဆိုရင် အိမ်ထဲမှာ မထားဘူး၊ အိမ်မှာဆိုရင် အလွယ်တကူ ရှာတွေ့သွားမှာပေါ့" ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။

"အပြင်မှာဆို ပျောက်သွားရင်

ရော"

ဦးလေးဖြစ်သူ မေးသောအခါ၊

ချန်ချင်းယွီ ရယ်မောရင်း ပြန်ဖြေခဲ့၏။

"ဒါဆိုရင် မိလ္လာရေဆိုးမြောင်းထဲမှာ ထည့်ပြီး တစ်နေရာရာမှာ ဝှက်ထားလိုက်မှာပေါ့"

"ဟားဟား၊ ဒါကတော့ အဓိပ္ပာယ်မရှိတာပဲ"

"သမီးကတော့ ဒါက အကောင်းဆုံးနည်းလမ်းလို့ ထင်တယ်။ စဉ်းစားကြည့်လေ၊ ဘယ်သူက အဲ့ဒီလို ထင်မှာလဲ..သမီးက ပစ္စည်းကို သေသေချာချာ အထပ်ထပ် အလွှာလွှာ ထုပ်ပိုးထားမှာလေ..."

ထိုစဉ်မှ ချန်ချင်းယွီမှာ ကျစ်ဆံမြီးလေးနှစ်ဖက်နှင့် အလွန်ငယ်သေးကာ ရယ်မောပျော်ရွှင်နေခဲ့သည်။

ချန်ချင်းယွီသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမ၏ အဘိုးအဘွားများရှိရာ အိမ်ဟောင်းဆီသို့ အမြန်ဆုံး စက်ဘီးနင်းသွားခဲ့၏။ အိမ်ထဲသို့ သူမ မဝင်သော်လည်း အဝေးမှနေ၍ ရေဆိုးမြောင်း အဖုံးကို လှမ်းမြင်လိုက်ရသည်။ သူမ ခဏမျှ တွန့်ဆုတ်နေပြီးနောက် အိမ်သို့ အမြန်ပြန်လာခဲ့၏။

သူမ ယခုအချိန်တွင် စိတ်လိုက်မာန်ပါ ဘာမှမလုပ်ရဲသေးပေ၊ စက်ဘီးရပ်ထားရန် နေရာလည်း မရှိသလို ပတ်ဝန်းကျင်မှာလည်း မှောင်အတိကျနေပြီဖြစ်သည်။ လက်နှိပ်ဓာတ်မီးလည်း ပါမလာခဲ့ပေ။

သူမ အရင်ပြန်ပြီး ပြင်ဆင်မှုအချို့ လုပ်ရန် လိုအပ်၏။

ချန်ချင်းယွီသည် အိမ်သို့ အမြန်ပြန်လာရင်း လမ်းတစ်လျှောက်တွင် သူမ၏ အဘိုးအဘွားများကို သတိရကာ အလွန်ဝမ်းနည်းနေမိသည်။

သူမသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ဦး ဖြစ်သော်လည်း သူမ၏ အဘိုးအဘွားများနှင့် လင်းကျန့်ဝမ် အပေါ်တွင် ပြောမပြတတ်အောင် နက်ရှိုင်းသည့် သံယောဇဉ်များ ရှိနေသည်။ ချန်ချင်းယွီသည် စိတ်ကို ကြည်လင်အောင် ခေါင်းကိုခါယမ်းလိုက်ပြီး စက်ဘီးကို ပိုမြန်အောင် နင်းလိုက်၏။

သူမ အိမ်ပြန်ရောက်ချိန်တွင် အပြင်၌ မိုးစဲလုနီးပါး ဖြစ်နေသော်လည်း တဖွဲဖွဲတော့ ရွာနေဆဲဖြစ်သည်။

မိုးရွာနေသောကြောင့် ခြံဝင်းထဲတွင် မည်သူမျှ ထိုင်မနေကြပေ။ ချန်ချင်းယွီသည် အလျင်အမြန် ပြေးဝင်လာပြီး စိုစွတ်နေသော သတင်းစာများကို ဂရုမစိုက်အားဘဲ သူမလိုအပ်သည့် စာလုံးများကို ညှပ်ကာ စာရွက်တစ်ရွက်ပေါ်တွင် ကပ်လိုက်၏။

အားလုံးပြီးစီးသွားသောအခါ ကျန်ရှိနေသော သတင်းစာစုတ်များကို မီးရှို့ရန်အတွက် ထောင့်တစ်နေရာတွင် စုပုံထားလိုက်သည်။

"မေမေ၊ ဘာလုပ်နေတာလဲ"

ကလေးတစ်ယောက်မှာ အတွင်းခန်းထဲမှ ချောင်းကြည့်ရင်း မေးလိုက်သောအခါ ချန်ချင်းယွီသည် သူမ ဘာလုပ်နေသည်ကို ကလေးကို မမြင်စေဘဲ ပြုံးရင်း ပြန်ပြောလိုက်၏။

"မေမေ ပစ္စည်းတွေ သိမ်းနေတာပါ။ ခဏနေရင် အပြင်သွားစရာရှိသေးတယ်။ သားတို့ အိမ်မှာ နေခဲ့ရဲလား"

ရှောင်ကျား : "ဟုတ်။"

ချန်ချင်းယွီ : "မေမေ ပြန်လာရင် သားတို့ကို ရေချိုးခန်း ခေါ်သွားမယ်လေ။"

ရှောင်ကျား: "တကယ်လား"

ရှောင်ကျား သူ့ညီမလေးကို အမြန်လှမ်းဆွဲလိုက်ပြီး မောင်နှမနှစ်ယောက်လုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ သူတို့အတွက် ရေချိုးခန်းသွားရခြင်းမှာ ရှားရှားပါးပါး "ပျော်စရာ အစီအစဉ်ကြီး" တစ်ခု ဖြစ်သောကြောင့် အလွန်ပျော်ရွှင်သွားကြ၏။

ချန်ချင်းယွီသည် ဗီရိုထဲမှ လက်နှိပ်ဓာတ်မီးကို ရှာတွေ့ခဲ့သော်လည်း အပြင်သို့ မထွက်ရသေးခင်မှာပင် အဘွားကြီးဟွမ်နှင့် တိုးတော့သည်။

အဘွားကြီးဟွမ် အပြင်မှ ပြန်လာခြင်းပင်။ သူမ၏အကြည့်က ချန်ချင်းယွီနှင့် ဆုံသွားချိန်တွင် ဒေါသများ ဟုန်းခနဲ ထွက်လာခဲ့၏။ သူမသည် ဆဲရေးတိုင်းထွာတော့မည့်ဆဲဆဲမှာပင် တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ သူမသည် ချန်ချင်းယွီကို ထိတ်ထိတ်လန့်လန့် တစ်ချက်ကြည့်လိုက်ပြီးမှ နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ အမြန်ပင် လစ်ထွက်သွားတော့၏။

ချန်ချင်းယွီ : "........."

ဒါ ဘာဖြစ်တာလဲ…

သူမ ဘာလို့ ပြဿနာမရှာတာလဲ..

ကျန်းရှင်းဖှက မနေ့ကပဲ အရိုက်ခံထားရတာလေ..

သူမကိုယ်တိုင်တောင် အဘွားကြီးကျောက်ရဲ့ အငေါက်ခံထားရတာပဲ…

ဘာလို့ ဒေါသမထွက်တာလဲ…

ထူးဆန်းနေတယ်…

ချန်ချင်းယွီ သူမကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ အဘွားကြီးဟွမ်မှာမူ ဘာပြဿနာမျှ မရှာဘဲ အိမ်ထဲသို့ အမြန်ဝင်သွား၏။

ချန်ချင်းယွီမှာ လုံးဝကို ဝေခွဲမရဖြစ်သွားသည်။ တစ်ခါတစ်ရံတွင် လူများ ပြဿနာမရှာခြင်းကပင် ထူးဆန်းနေတတ်၏။

သူမ နားမလည်နိုင်ဘဲ ခေါင်းကို ကုတ်နေမိသည်။ သူမ ရန်လိုချင်လွန်းလို့ သို့မဟုတ် ပြဿနာရှာချင်လွန်းလို့ မဟုတ်ပါဘဲ အဘွားကြီးဟွမ်၏ အပြုအမူမှာ အလွန်ထူးဆန်းနေသောကြောင့်တည်း။ အမှန်အတိုင်းပြောရလျှင် အဘွားကြီးဟွမ် ထူးဆန်းနေသည်မှာ အမှန်ပင်။ သို့သော် ယခုအချိန်တွင် သူမသည် ချန်ချင်းယွီကို တကယ်ကို မနှောင့်ယှက်ရဲတော့ခြင်း ဖြစ်သည်။ ချန်ချင်းယွီကို မဆိုထားနှင့်၊ အဘွားကြီးကျောက်ကိုပင် သူမ မရင်ဆိုင်ရဲတော့ပေ။

လူအချင်းချင်းသာ ချကြတာ၊ သရဲနဲ့တော့ ဘယ်သူမှ မချနိုင်ကြဘူးမဟုတ်လား…

အယူသီးမှုတွေက နောက်ကျနေပြီဆိုပေမဲ့ အခုတော့ ရောက်ရှိလို့လာပါပြီ…

မကြာသေးမီ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် နောက်ထပ် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးမှာ အယူသီးမှုတွင်းထဲသို့ ကျဆင်းသွားပြန်၏။

ချန်ချင်းယွီမှာမူ ဘာမှမသိရှာဘဲ အဘွားကြီးဟွမ်ကို မည်သို့ကိုင်တွယ်ရမည်ကိုသာ စိတ်ထဲတွင် စီစဉ်နေခဲ့သည်။ အဘွားကြီးဟွမ်တစ်ယောက်မှာမူ မိမိအား စာရင်းထဲမှ လုံးဝထုတ်လိုက်ပြီဆိုသည်ကို ချန်ချင်းယွီ မသိခဲ့ပေ။ အဘွားကြီးဟွမ် အိမ်ပြန်လာသည်မှာ သူမ၏သားအတွက် ပစ္စည်းများ လာသိမ်းခြင်းဖြစ်သည်။ သူမ၏သား ကျန်းရှင်းဖှမှာ ဆေးရုံပြန်တက်နေရပြီဖြစ်၏။

ဟုတ်ပါတယ်၊ နောက်တစ်ကြိမ် ထပ်တက်ရတာပါ…

တကယ် ကိုယ်ကျိုးနည်းနေတာပါပဲ…

သူ့လက် ကျိုးသွားပြီး မျက်နှာတစ်ခုလုံးမှာလည်း ပေါက်စီတစ်လုံးလို ဖူးရောင်နေကာ သွားအချို့လည်း ကျိုးသွားခဲ့သည်။

ဆရာဝန်က ပြောသည်မှာ ယောကျ်ားတစ်ယောက်ကို ဤမျှအင်အားမျိုးဖြင့် ရိုက်နှက်ရန်မှာ အမျိုးသမီးတစ်ဦးအတွက် လုံးဝမဖြစ်နိုင်ကြောင်း၊ ဤမျှ ခွန်အားကြီးသည့် အမျိုးသမီးမျိုး တစ်ခါမျှ မတွေ့ဖူးကြောင်း ဆိုလေ၏။ ဤသူမှာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး ဖြစ်ရမည်ဟု အခိုင်အမာပြောလေသည်။

တကယ့်ကို ကြောက်စရာကောင်းလှသည်…

သို့သော်လည်း ယခင်ည သူတို့ရှေ့တွင် ထိုင်နေသူများမှာမူ အိုမင်းမစွမ်းသူ၊ ငယ်ရွယ်သူနှင့် အားနည်းသူ စသည့် အမျိုးသမီးများသာ ဖြစ်နေသည်။

ထို့ကြောင့် ရှေးရိုးစွဲအယူရှိသည့် အဘွားကြီးဟွမ်သာမက ကျန်းရှင်းဖှ ကိုယ်တိုင်ပါ စိတ်မသက်မသာ ဖြစ်နေရ၏။

တကယ်တမ်းတွင် ချန်ချင်းယွီသည် သူ့ဘေးနားမှာတင် ရှိနေသောကြောင့် သူမ ရိုက်လိုက်သည်ဟု ထင်ခဲ့သော်လည်း အတွန်းခံလိုက်ရသည့် အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှသည်။ သူသည် အကြိမ်ပေါင်းများစွာ အပစ်ပေါက်ခံလိုက်ရသကဲ့သို့ပင် ခံစားခဲ့ရ၏။

တကယ်ပါ၊ လုံးဝချဲ့ကားပြောနေခြင်း မဟုတ်ရပါဘူးဗျာ…

ထို့ကြောင့် ကျန်းရှင်းဖှမှာ တကယ်ကို ထိတ်လန့်နေမိသည်။

သရဲမြင်ရမှာကို ဘယ်သူက မကြောက်ဘဲ နေပါ့မလဲ…

သူပိုစဉ်းစားလေလေ ပိုပြီး ကြောက်စရာကောင်းလာလေလေ ဖြစ်နေ၏။ ကျန်းရှင်းဖှ သူ့မိဘများကို ပြန်ပြောပြသောအခါ သုံးယောက်သား ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ထိုအကြောင်းကို တွေးမိလေလေ အခြေအနေက ပိုဆိုးလာလေလေပင်။ မကြာသေးမီကပင် ကံဆိုးမှုတွေက တစ်ခုပြီးတစ်ခု ဆင့်နေခဲ့သည် မဟုတ်လော့…

အကယ်၍ ဒီတစ်ခါ အရိုက်ခံရတာက လူတစ်ယောက်ယောက်က တကယ်လုပ်တာဆိုရင် ထားပါဦး..

ဒါပေမဲ့ အရင်ကကိစ္စတွေကရော…

ကျန်းရှင်းဖှ လမ်းဘေးခွေးကိုက်ခံရတာ၊ မြွေသားစားမိပြီး အစာအဆိပ်သင့်ကာ ဝမ်းလျှောတာတွေ...

ဒါတွေက လူသားတွေ ထိန်းချုပ်လို့ရတဲ့ အရာတွေ မဟုတ်ဘူးလေ…

သောက်ကျိုးနည်း…အမယ်လေး… သရဲကပ်နေပြီ..

မည်သို့ပင်ဖြစ်စေ၊ ယခုအခါ သူ့မိသားစုတစ်ခုလုံးမှာ အနည်းငယ် ကြောက်လန့်နေကြပြီဖြစ်သည်။

သူတို့ ပိုတွေးလေလေ ပိုကြောက်လေလေ ဖြစ်လာ၏။

ထို့ကြောင့် အဘွားကြီးဟွမ် ပြန်လာချိန်တွင် ချန်ချင်းယွီအပေါ် ငြိုငြင်စရာများ အပုံအပင်ရှိနေသော်လည်း စကားတစ်ခွန်းတောင် မဟရဲတော့ခြင်း ဖြစ်သည်။

သရဲကို ဘယ်သူက မကြောက်ဘဲ နေနိုင်ပါ့မလဲ…

ဒါက တကယ့်ကို ထူးဆန်းလွန်းလှ၏..

အဘွားကြီးဟွမ်သည် သားဖြစ်သူ၏ ဆေးရုံသုံးပစ္စည်းများကို သိမ်းဆည်းရန် အိမ်ထဲသို့ ဝင်သွားသည်။

ဖြစ်မှဖြစ်ရလေ…

သူမ၏သားမှာ ပြီးခဲ့သည့် လအနည်းငယ်အတွင်း အလုပ်ကို ကောင်းကောင်းမဆင်းနိုင်ခဲ့သဖြင့် လစာများပင် အဖြတ်ခံရပေတော့မည်။ ထိုအကြောင်းကို တွေးမိရင်း အဘွားကြီးဟွမ်တစ်ယောက် ဝမ်းနည်းပူဆွေးမှုများဖြင့် မွန်းကြပ်နေရ၏။

တကယ့်ကို ကံဆိုးလွန်းလှသည်၊ အလွန်အမင်းကို ကံဆိုးနေခြင်းဖြစ်သည်။

တော်သေးသည်ဟု ဆိုရမည်မှာ သူမ၏သားမှာ တကယ်ပင် ဒဏ်ရာရထားခြင်းပင်။ မဟုတ်လျှင် ဤမျှလောက် ကျန်းမာရေးခွင့်များ ယူနေပါက စက်ရုံမှ အထုတ်ခံရနိုင်ချေ ရှိ၏။ ထိုသို့ဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသည်ဆိုသော်လည်း ဤသို့သာ ခဏခဏ ဖြစ်နေပါက ပြောရခက်လှသည်။ ယနေ့ခေတ်တွင် အလုပ်ထုတ်ခံရမည်ကို မည်သူက မကြောက်ဘဲ နေပါမည်နည်း။

"အဘွားကြီးဟွမ်၊ အိမ်မှာ ရှိလား... ညည်းသားနဲ့ ခင်ပွန်းတို့ ဒဏ်ရာရသွားတယ်လို့ ကြားတယ်၊ သူတို့ ဘယ်လိုနေသေးလဲ..."

ရှေ့ခြံဝင်းထဲမှ အဘွားကြီးဝမ်မှာ မနေ့က လူစုထဲတွင် မပါခဲ့သဖြင့် အမှောင်ထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အတော်များများကို မသိလိုက်ပေ။ သူမသည် အလွန်ပင် သိချင်စိတ် ပြင်းပြနေပြီး အဘွားကြီးဟွမ် ပြန်လာသည်ကို မြင်မြင်ချင်း မည်သို့ဖြစ်ပျက်ခဲ့သည့် သတင်းကို စပ်စုရန် အပြေးအလွှား ရောက်လာခြင်း ဖြစ်သည်။

"ဘယ်လိုနေသေးလဲ..ညည်းရော နေကောင်းရဲ့လား..အို..ရှေ့သွားနှစ်ချောင်းတောင် ကျိုးသွားတာလား.."

အဘွားကြီးဝမ်မှာ ပျာပျာသလဲ ဖြစ်သွားပြီး

"အမလေး၊ အမလေး၊ သွားတွေ အကုန်ကုန်ပါပြီ..ဘယ်သူက ဒေါ်လေးကို ရိုက်လိုက်တာလဲ.."

အဘွားကြီးဟွမ်၏ မျက်နှာ ပျက်သွား၏။

အဲ့ဒီ အယုတ်တမာမ အဘွားကြီးကျောက်ကလွဲလို့ ဘယ်သူရှိဦးမှာလဲ…

သို့သော် ဤသို့ ဖြစ်ပျက်ခဲ့သော်လည်း သူမ ထိုအကြောင်းကို ထုတ်မပြောခဲ့ပေ။ ယင်းအစား

"နင်က ဘာလို့ အိမ်မှာ ကလေးမကြည့်ဘဲ ငါ့အိမ်ကို ဘာလာလုပ်တာလဲ..."

အဘွားကြီးဝမ် စပ်စုလိုသည့် အကြည့်များဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း

"ညည်းကို စိတ်ပူလို့ပါအေ၊ တစ်ညလုံး အိမ်မှာ ဘယ်သူမှ မရှိဘူးလို့ ကြားလို့၊ ဘာတွေဖြစ်ကုန်တာလဲ..မနေ့က အရိုက်ခံလိုက်ရတာလား…အမလေး၊ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေက တကယ့်ကို အကြီးအကျယ်ပဲနော်။ အလယ်ခြံဝင်းထဲက ကျောက်ရုံတောင် အရိုက်ခံလိုက်ရသေးတာ။ ညည်းတစ်ယောက်တည်း မဟုတ်ပါဘူး၊ အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့"

"ကျောက်ရုံ အရိုက်ခံရတယ် ဟုတ်လား"

"ဟုတ်တာပေါ့"

အဘွားကြီးဝမ်မှာ ယနေ့နံနက်က အခြေအနေကို အထင်အရှား မြင်ခဲ့ရသည်။

"သူ့မျက်နှာကလည်း ညည်းမျက်နှာလိုပဲ ရောင်ကိုင်းနေတာ…ပြောပါဦး၊ သူက ဘာလို့ အရိုက်ခံရတာလဲ…ဒါနဲ့ ညည်းကရော ဘာလို့ အရိုက်ခံရတာလဲ..."

သူမ တိုးတိုးတိတ်တိတ် မေးလိုက်၏။

အဘွားကြီးဟွမ်မှာ နေရခက်သွားပြီး ချက်ချင်းပင် ငေါက်လိုက်လေသည်။

"နင့်အလုပ်မဟုတ်တာတွေ လာမမေးနဲ့။ ငါ ဆေးရုံသွားရဦးမယ်၊ နင့်ကို အဖော်မလုပ်နိုင်ဘူး"

"ဒါနဲ့ ညည်းသားက ထပ်ပြီး အရိုက်ခံရတာလား…အမလေး၊ ညည်းသားကတော့ ကံဆိုးလွန်းလိုက်ပါတယ်အေ.. ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာကို သူ အေးအေးဆေးဆေး နေရတဲ့အချိန်ကို မရှိဘူး၊ တစ်ခုမဟုတ်တစ်ခု ဖြစ်နေတာပဲ”

အဘွားကြီးဟွမ်မှာ ပို၍ပင် နေရခက်သွား၏။ သူမကိုယ်တိုင်လည်း ဤအကြောင်းကိုပင် တွေးနေမိသည် မဟုတ်လော့။ အတော်ကြာမှ သူမသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အဘွားကြီးဝမ်ကို မောင်းထုတ်လိုက်လေသည်။

"သွားပါ၊ သွားစမ်းပါ၊ ငါ့သားက ဘာမှမဖြစ်ပါဘူး"

သို့သော် သူမ၏ ပုံစံမှာ အလွန်ပင် နွမ်းလျနေပုံရ၏။

အဘွားကြီးဝမ် ထပ်မံမေးမြန်းချင်သော်လည်း အဘွားကြီးဟွမ်

အခွင့်အရေး မပေးတော့ပေ။

"နင်က အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာပဲ၊ လူကို ကြည့်ရုံနဲ့ မသိဘူးလား... ငါ စိတ်တိုနေတာ မမြင်ဘူးလား... မြန်မြန် သွားတော့"

“ညည်းနှယ် ငါကစေတနာနဲ့ပြောတာလေ ဒါက ဘယ်လို အချိုးတုန်း”

အဘွားကြီးဟွမ် ခါးထောက်

လိုက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းပင်နှင်ထုတ်တော့၏။

"ငါ့အချိုးက ဘာဖြစ်လဲ..နင့်ကို ကြည့်မရလို့ စိတ်တိုနေတာလေ၊ အဲ့ဒါ မှားနေလို့လား..တကယ့်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ"

အဘွားကြီးဟွမ်သည် လှည့်၍ သူမကို အပြင်သို့ တွန်းထုတ်ရင်း အတင်းနှင်လေသည်။

"သွားတော့၊ သွားတော့"

သူမသည် ဆေးရုံသုံးရန်ပစ္စည်းများကို ထုပ်ပိုးကာ အပြင်သို့ ထွက်လာပြီး တံခါးကို "ဂျောက်" ခနဲ မြည်အောင် ခတ်လိုက်၏။

"ဖယ်စမ်းပါ၊ နင်က အရမ်းကို စိတ်ရှုပ်ဖို့ကောင်းတာပဲ"

"ဒါက ဘယ်လို အမူအရာလဲ..ငါတို့က ခြံဝင်းတစ်ခုတည်းမှာ နေနေလို့သာ ညည်းကို ဂရုစိုက်နေတာ၊ မဟုတ်ရင် ဘယ်သူက လာကြည့်မှာလဲ"

"နင့်အလုပ် မဟုတ်တာတွေကို လာလုပ်မနေနဲ့ ကောင်မ”

အဘွားကြီးဟွမ် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် တုန့်ပြန်လိုက်သည်။ သူမမှာ ထပ်ပြီး စကားမများချင်တော့ပေ။

"ငါ သွားပြီ"

“ဟဲ့ နေဦးလေ ညည်းကလည်း … နေပါဦး ဒီနေ့မှ ညည်းကအရင်နဲ့မတူပါလား.. မဟုတ်သေးပါဘူး.. ပုံမှန်ဆို ညည်း ဒီလောက် ဒေါသအိုး ပေါက်ကွဲနေတာ.. ပုံမှန်မဟုတ်ဘူး ..တကယ်ကို မူမမှန်ဘူး”

အဘွားကြီးဟွမ်သည် စကားတစ်ခွန်းပြောရန် ဟန်ပြင်ပြီးမှ တန့်သွားကာ ခဏမျှ စဉ်းစားပြီးနောက် အယူသီးသည့်ကိစ္စများကို လျှောက်မပြောတော့ရန် ဆုံးဖြတ်လိုက်ဟန်တူသည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း "နင့်အလုပ်မဟုတ်တာကို လာမပတ်သက်နဲ့" ဟု ဆိုကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွါသွားတော့၏။

အဘွားကြီးဟွမ် အမြန်ထွက်သွားသည်ကို ကြည့်ပြီး အဘွားကြီးဝမ်မှာ တတွတ်တွတ် ရေရွတ်ရင်း ဘာသတင်းမှ မရရှိခဲ့သည့်အတွက် နောင်တရစွာဖြင့် ရှေ့ခြံဘက်သို့ ပြန်လာခဲ့သည်။

"ဒီမိန်းမကတော့ ထူးထူးဆန်းဆန်းပဲ၊ တစ်ခုခုပြောတော့မလိုလိုနဲ့... ဘာလဲ၊ အရိုက်ခံရတာကို လူသိမှာကြောက်နေတာလား.. တစ်ခုခုတော့ မဟုတ်တာလုပ်ထားလို့ ဖြစ်ရမယ်၊ မဟုတ်ရင် သူ့အကျင့်နဲ့တော့ ဒီလောက် ငြိမ်နေမှာမဟုတ်ဘူး"

ထိုအချိန်တွင် ချန်ချင်းယွီသည် အိမ်ပြင်သို့ တစ်ကျော့ပြန် ထွက်လာခဲ့ပြန်ပြီဖြစ်၏။ သူမသည် ရေဆိုးမြောင်းဆီသို့ သွားရန် ရည်ရွယ်ထားစဉ် ယွမ်ရှောင်ချွေ တစ်ယောက် အိမ်သာတက်ရန် ထွက်လာသည်နှင့် ကွက်တိတိုးတော့သည်။ ချန်ချင်းယွီသည် သူမနောက်မှ ခပ်လှမ်းလှမ်းလိုက်သွားပြီး ယွမ်ရှောင်ချွေ အိမ်သာထဲဝင်သွားသည်နှင့် အိမ်သာနောက်ဘက်သို့ ပတ်ကာ စာရွက်လိပ်လေးကို ပစ်ထည့်လိုက်၏။ ယွမ်ရှောင်ချွေမှာ မနေ့က မိုးမိထားသဖြင့် ယနေ့တွင် တစ်ကိုယ်လုံး လေးလံထိုင်းမှိုင်းကာ နေမကောင်းချင်သည့်နှယ် ဖြစ်နေသည်။ ထို့အပြင် ဝမ်းလည်း အနည်းငယ် သွားနေသဖြင့် အိမ်သာတက်ရန် ပြင်နေစဉ် တစ်ခုခု ပစ်ထည့်လိုက်သည်ကို ခံစားလိုက်ရ၏။ သူမ လှမ်းဖမ်းလိုက်ရာ စာရွက်လိပ်လေးမှာ လက်ထဲသို့ "ဖတ်" ခနဲ ကျလာသည်။

"ဟင်"

သူမသည် လက်ထဲရှိ စာရွက်လိပ်လေးကို ကြည့်ရင်း နားမလည်နိုင်ဖြစ်သွားပြီး ယခင်ညမှ တစ်ပြားစေ့ကိစ္စကို ချက်ချင်း သတိရသွားသည်။ သူမ စိတ်ထဲတွင် "ဒိန်း" ခနဲ ဖြစ်သွားပြီး ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားရ၏။

ယွမ်ရှောင်ချွေသည် စာရွက်လိပ်ကို အမြန်ဖြန့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ဤစာမှာ သူမထံ ပေးပို့ခြင်းဖြစ်သည်။ လက်ရေးဖြင့် ရေးထားခြင်းမဟုတ်ဘဲ စာလုံးများ ညှပ်ကပ်ထားသည့် စာဖြစ်သော်လည်း ယွမ်ရှောင်ချွေ ဖတ်ကြည့်ပြီးနောက် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်လာတော့၏။

ကျောက်ရုံနှင့် သူမ၏အဖေသည် သူမအပေါ် ဤမျှအထိ လှည့်ကွက်ဆင်ကြလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ထိုသူမှာ သူမ၏ အရင်းခေါက်ခပ် အဖေအရင်းကြီး မဟုတ်လော့…

ယွမ်ရှောင်ချွေ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝိုင်းလာသည်။ သူမသည် သူမ၏အဖေကို အမြဲတမ်း အားကိုးချစ်ခင်ခဲ့သော်လည်း ရုတ်တရက်ကြီး ထိုလူ၏ သရုပ်မှန်ကို ဘာပြင်ဆင်မှုမှ မရှိဘဲ ယခုကဲ့သို့ ထိပ်တိုက် သိလိုက်ရသည့်အတွက် အလွန်ပင် ခံရခက်လှ၏။ သူမသည် စိတ်ထဲနာကျင်လွန်းသဖြင့် နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိရာ သွေးပင် ထွက်မတတ် ဖြစ်နေသည်။ စာရွက်စုတ်လေးကို စိုက်ကြည့်ရင်း ရင်ထဲတွင် မေးခွန်းများစွာ ပေါ်လာ၏။

သူ့အဖေက ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ…ဘယ်လိုလုပ်ပြီးတော့လဲ…

လုပ်ရက်လိုက်တာ…

ကျန်းရှင်းဖှ၏ ရွံစရာကောင်းသည့် ပုံစံကို မြင်ယောင်လာမိပြီး တစ်ကိုယ်လုံး စက်ဆုပ်ရွံရှာမိသည်။ သူမ၏ အဖေဖြစ်သူသည် သူမ ဂုဏ်သိက္ခာကို ငဲ့ကွက်ခြင်းမရှိဘဲ ကျန်းရှင်းဖှနှင့် ပေးစားရန် ကြံစည်နေသည်တဲ့လား…သူမကို သတင်းပေးသည့်သူမှာ မည်သူဖြစ်သည်ကို ယွမ်ရှောင်ချွေ မစဉ်းစားအားတော့ပေ။ ထို့နေညမှ လူပင် ဖြစ်နိုင်၏။

ဘယ်သူဖြစ်ဖြစ် သူမ ဂရုမစိုက်ပေ။ အရေးကြီးသည်မှာ သူမ၏ မိသားစုကိစ္စကို မည်သို့ ရင်ဆိုင်ရမည်နည်း ဆိုသည်ပင်။

ယွမ်ရှောင်ချွေတစ်ယောက် ရုတ်ခြည်း လမ်းပျောက်သွားသည့်အလား ခံစားလိုက်ရသော်လည်း ကံကြမ္မာကို အရှုံးမပေးလိုပေ။

ကိုယ့်ကိုယ်ကိုယ်တောင် အရှုံးပေးလိုက်ရင် သူမ ဘယ်သူ့ကို အားကိုးရတော့မှာလဲ…

ယခုအချိန်တွင် သူမ နားလည်သွားသည်မှာ ဤနေရာတွင် သူမအတွက် ဆွေမျိုးရင်းချာဟူ၍ မရှိတော့ခြင်းပင်။

ဒေါ်လေးကျောက်ရုံ ဟန်ဆောင်နေခြင်းဆိုလျှင် ဟောက်ဖုန်း၊ ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့မှာရော…

ယွမ်ရှောင်ချွေ ထိုကိစ္စကို ဆက်မတွေးရဲကာ သူတို့ကိုလည်း မယုံကြည်ရဲတော့ပေ။ သူမ ဘာလုပ်ရမည်ကို မသိဘဲ အလွန်ပင် စိတ်ရှုပ်ထွေးနေမိသည်။

ဘယ်လိုလုပ်ရမလဲ၊ ငါ ဘယ်လိုလုပ်ရမလဲ…

ယွမ်ရှောင်ချွေ့ စိတ်ဓာတ်ကျနေသော်လည်း သူမ၏ အခြေအနေကို ပြန်လည်သုံးသပ်ကြည့်၏။ ကျောက်ရုံနှင့် အဖေဖြစ်သူမှာ သူမကို စေတနာအမှန်ဖြင့် ထားရှိမည်မဟုတ်သောကြောင့် သူမအနေဖြင့် ကူညီပေးမည့်သူတစ်ဦးကို ရှာရန် လိုအပ်သည်။ သူတို့ကို အားကိုး၍ လုံးဝမဖြစ်နိုင်သဖြင့် အခြားနည်းလမ်းကိုသာ ရှာရပေမည်။

သူမ သိသည်မှာ ဤခြံဝင်းထဲရှိ လူများကိုသာ ဖြစ်၏။ သို့သော် ခြံဝင်းထဲရှိ လူများမှာလည်း ယွမ်မိသားစုနှင့် ရင်းနှီးကြသူများ ဖြစ်သဖြင့် အားကိုး၍ မရနိုင်ပေ။

ဘယ်လိုလုပ်ရပါ့မလဲ…

ယွမ်ရှောင်ချွေ တကယ့်ကို စိတ်ညစ်သွားရသည်။ ပြောရလျှင် သူမမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်သဖြင့် ဤကိစ္စက သူမအတွက် အလွန်ပင် ကြီးလေးလှ၏။

ချန်ချင်းယွီ … ဟုတ်သားပဲ..

ဟုတ်ပြီ…

သူမအနေဖြင့် ချန်ချင်းယွီနှင့် တိုင်ပင်ကြည့်လျှင် ကောင်းမလားဟု တွေးလိုက်မိသည်။

ယွမ်ရှောင်ချွေသည် ဟိုဟိုဒီဒီ စဉ်းစားကြည့်ရင်း ဤခြံဝင်းထဲတွင် သူမနှင့် အခြေအနေချင်း တူညီပြီး ကိုယ်ချင်းစာနာနိုင်မည့်သူမှာ ချန်ချင်းယွီ တစ်ယောက်သာ ရှိသည်ဟု ခံစားလိုက်မိ၏။ ချန်ချင်းယွီသည်လည်း မိထွေးရှိလာပြီးနောက် ဖခင်အရင်းမှာ ပထွေးကဲ့သို့ ဖြစ်သွားခဲ့သူဖြစ်ရာ သူတို့နှစ်ဦး၏ အခြေအနေမှာ ထပ်တူကျနေလေသည်။ သူမအနေဖြင့် ချန်ချင်းယွီနှင့် တိုင်ပင်ဆွေးနွေးလျှင် ကောင်းနိုင်မည်ဟု တွေးတောနေမိ၏။

ချန်ချင်းယွီမှာမူ ယွမ်ရှောင်ချွေ၏ အတွေးများကို မသိရှာပေ။ သူမသည် စာရွက်လိပ်ကို ပစ်ပေးခဲ့ပြီး ယွမ်ရှောင်ချွေ လက်ထဲရောက်သွားသည်ကို အတည်ပြုပြီးနောက် ထိုနေရာမှ ချက်ချင်း ထွက်ခွာခဲ့သည်။ သူမသည် ယွမ်ရှောင်ချွေနှင့် ရင်းနှီးသူမဟုတ်သဖြင့် သူမ၏ရှေ့တွင် လူလုံးပြမည်မဟုတ်ပေ။ ချန်ချင်းယွီသည် စက်ဘီးမစီးဘဲ အဘိုးအဘွားများ၏ အိမ်ဟောင်းဆီသို့ ခြေကျင်လျှောက်၍ ဦးတည်သွားခဲ့၏။

လူတိုင်းတွင် ကိုယ်စီကိုယ်စီ ပြဿနာများရှိကြပြီး ချန်ချင်းယွီတွင်လည်း ဖြေရှင်းစရာ ကိစ္စများ ရှိနေသည်သာ။

သူမသည် အချိန်ကုန်သက်သာစေရန် ဘတ်စ်ကားစီးသွားခဲ့ရာ ကားမှတ်တိုင်မှ ဆင်းလိုက်သည်နှင့် အိမ်ဟောင်းမှာ မဝေးတော့ပေ။

"ဟင်"

ချန်ချင်းယွီ လုံးဝထင်မှတ်မထားသော အခြေအနေတစ်ခုနှင့် ကြုံလိုက်ရသည်။ သူမသည် ဖခင်အရင်းဖြစ်သူနှင့် တိုးနေခြင်းပင်။

ချန်ရိကျွင်းသည် မိုးကာအင်္ကျီ ဝတ်ဆင်ထားပြီး တစ်ယောက်တည်း အလျင်အမြန် လျှောက်လှမ်းနေ၏။

ချန်ချင်းယွီ : "..."

ပြောနေစရာပင် မလိုပေ…သူသည်လည်း အိမ်ဟောင်းဆီသို့ သွားနေခြင်းမှာ သေချာသလောက် ရှိနေသည်။

ချန်ရိကျွင်းမှာ ယခုထက်ထိ လက်မလျှော့သေးခြင်းမှာ မထူးဆန်းလှပေ။ ကျန့်မိသားစုတွင် ငွေကြေးမရှိတော့ဟု သူ ဘယ်သောအခါမှ မယုံကြည်ခဲ့၍ပင်။ လူများ သေသွားသော်လည်း ကျန်ရစ်သော ငွေကြေးများ ရှိနေရမည်ဟု သူ အမြဲတစေ ထင်မြင်ကာ ရှာဖွေနေခြင်း ဖြစ်၏။ ထို့အပြင် သူသည် ယခင်ကလည်း အချို့ကို ရှာဖွေတွေ့ရှိခဲ့ဖူးသဖြင့် ယခုလည်း ထပ်မံရှာတွေ့နိုင်ရန် မျှော်လင့်နေခြင်းပင်။

လတ်တလောကာလ၌ ချန်ရိကျွင်း၏ ဘဝမှာ သိပ်ပြီး အဆင်မပြေလှပေ။ ယခင်က သူ ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့ခြင်းမှာ ဤအိမ်ဟောင်းမှ ရှာဖွေတွေ့ရှိခဲ့သော "လျှို့ဝှက်ရန်ပုံငွေ" များကြောင့် ဖြစ်သော်လည်း ယခုအခါ ထိုငွေများ ကုန်ဆုံးသွားပြီး လစာတစ်ခုတည်းအပေါ် မှီခိုနေရသဖြင့် သူ အကြပ်ရိုက်နေရလေသည်။

ချမ်းသာဖူးသူအဖို့ ဆင်းရဲခြင်းကို ခံနိုင်ရည်ရှိရန် ခဲယဉ်းလှသည်။ ချန်ရိကျွင်း၏ လက်ရှိဘဝမှာ အတော်လေးကို ကျပ်တည်းနေ၏။

ထို့အပြင် ကျေးလက်သို့ အလုပ်ဆင်းနေရသော သားဖြစ်သူသည်လည်း ခဏခဏ စာရေးပြီး ငွေတောင်းနေသဖြင့် သူ၏လက်ထဲတွင် ပို၍ပင် ငွေပြတ်လပ်နေရသည်။

သူတို့အိမ်တွင် အလုပ်လုပ်နိုင်သူ နှစ်ဦးရှိသော်လည်း သားကြီးဖြစ်သူမှာ သူရသမျှငွေကို ကိုယ်တိုင် စုဆောင်းထားသဖြင့် ချန်ရိကျွင်းတစ်ယောက်တည်း မိသားစုကို တာဝန်ယူနေရရာ ဘဝက အမှန်တကယ်ပင် ခက်ခဲလာ၏။

ထို့ကြောင့် သူသည် အိမ်ဟောင်းသို့ တစ်ခေါက်ပြန်လာကာ ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအဘိုးကြီး အဘွားကြီး နှစ်ယောက်တွင် အမှန်တကယ် ငွေကြေးမရှိသည်ကို သူ မယုံနိုင်ပေ။

သူတို့မှာ ငွေမရှိဘဲ ဘယ်နေပါ့မလဲ…

သူတို့က မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့ ပညာတတ်တွေလေ..

ချန်ရိကျွင်းသည် သူတို့တွင် ငွေရှိကြောင်းကို အခိုင်အမာ ယုံကြည်ထား၏။ သူ ပထမဆုံးအကြိမ် ယောက္ခမအိမ်သို့ ရောက်ခဲ့စဉ် သူသည် အသက် ၁၀ နှစ်ကျော်အရွယ်သာ ရှိသေးပြီး သူတို့နှင့် အမျိုးမတော်သေးပေ။ ထိုစဉ်က ခြံဝင်းငါးထပ်ရှိသော ထိုအိမ်ကြီးနှင့် ပန်းရနံ့များ သင်းပျံ့နေသည့် ခြံဝင်းကြီးကို မြင်လိုက်ရချိန်တွင် သူ အလွန်ပင် အံ့အားသင့်ခဲ့ရသည်။ သူ၏ အဒေါ်အရင်းမှာ ဤအိမ်တွင် အိမ်ဖော်လုပ်နေခြင်း မဟုတ်ပါက သူသည် ထိုခြံဝင်းထဲသို့ ဝင်ခွင့်ရရန်ပင် အခွင့်အရေး ရှိမည်မဟုတ်ပေ။

ထိုအချိန်မှစ၍ သူသည် ဤမိသားစုကို စိတ်ထဲတွင် စွဲလမ်းနေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် အဒေါ်ဖြစ်သူမှာလည်း သူ့ကို ကူညီခဲ့ပြီး ဤမိသားစုတွင် ကလေးနှစ်ယောက်သာ ရှိကြောင်းနှင့် အားလုံးကို မျှမျှတတ ဆက်ဆံကြောင်း စုံစမ်းပေးခဲ့သည်။ ထိုစဉ်ကတည်းက သူသည် ထိုမိသားစု၏ သမက်ဖြစ်ရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်းဖြစ်၏။

နောက်ပိုင်းတွင် အဒေါ်ဖြစ်သူ၏ သတင်းပေးမှုနှင့် သူကိုယ်တိုင် ဖန်တီးခဲ့သော "အလှလေးကို သူရဲကောင်းက ကယ်တင်ခြင်း" နည်းလမ်းဖြင့် ထိုမိသားစုမှ သမီးကြီး၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ဟက်…

သူ၏ ဇနီးဖြစ်သူမှာ အရာရာတွင် ကောင်းမွန်သော်လည်း အချစ်အတွက် ဆိုလျှင်ဖြင့် အလွန်ပင် အစွဲအလမ်းကြီးသူ တစ်ဦးဖြစ်နေ၏။ သူမသည် သူ့အပေါ်တွင် အလွန်သစ္စာရှိခဲ့သဖြင့် သူသည်လည်း ထိုမိသားစု၏ အရှိန်အဝါဖြင့် တိုးတက်လာခဲ့သည်။ သို့သော် ထိုအဘိုးကြီး အဘွားကြီး နှစ်ယောက်မှာ ငွေကြေးအမြောက်အမြား ရှိသည့်တိုင် သူ့ကို အပိုငွေ မပေးသည့်အပြင် ရာထူးတိုးရန်အတွက်လည်း ကူညီခြင်း မရှိခဲ့ပေ။

သူ့ယောက္ခမများမှာ သူ့မိသားစုဝင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးခဲ့သော်လည်း သူသည်ကား ထိုအရာများအတွက် အနည်းငယ်မျှပင် ကျေးဇူးမတင်ခဲ့ပေ။ ထိုအရာများမှာ သူ ရသင့်ရထိုက်သည်ဟု ထင်နေ၏။

ထိုလူအိုနှစ်ယောက်မှာ စာများသာဖတ်နေကြပြီး အမြဲတမ်း ပညာတတ်ဂုဏ် မောက်နေကြကာ သူ့ကို အထင်သေးခဲ့ကြသည်။ အမှန်တကယ်တွင် ချန်ရိကျွင်းသည် ဖြည်းဖြည်းချင်း အိမ်ထောင်ဦးစီးနေရာကို ရယူပြီး အိမ်ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန် ကြံစည်ထားခဲ့၏။

သို့သော် မည်သူမှ မထင်ထားသည်မှာ ထိုဇနီးဖြစ်သူသည် သူ အပြင်မှာ မယားငယ် ရှိနေသည်ကို သိသွားပြီးနောက် ပြဿနာရှာ၍ ကိုယ်ဝန်အရင့်အမာဖြင့် လဲကျသွားပြီး နောက်ဆုံးတွင် မီးဖွားရခက်ကာ အခြေအနေ ဆိုးရွားသွားခဲ့သည်။

သူ၏ ဇနီးဟောင်း ကျန်းရှို့ချင်း သည် ကိုယ်ဝန်ဆောင်စဉ် အာဟာရမပြည့်ဝ၍ မဟုတ်ဘဲ သူ တွန်းပစ်လိုက်သောကြောင့်သာ မီးဖွားရ ခက်ခဲသွားခြင်းတည်း။

ကျန်းရှို့ချင်းသည် တစ်ရက်နှင့် တစ်ညလုံး မီးဖွားရခက်ပြီးနောက် ကလေးမွေးခဲ့သော်လည်း ချက်ချင်းမသေဘဲ ရက်အနည်းငယ်ကြာမှ သတိရလာကာ သူနှင့် စကားများပြီး သွေးလွန်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်၏။ သို့သော် ချန်ရိကျွင်းမှာ ထိုအချက်များကို ဂရုမစိုက်ဘဲ အပြင်လူများအား ဇနီးဖြစ်သူသည် မီးဖွားရခက်၍ ဆုံးပါးသွားခြင်း ဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့သည်။

ထိုအဘိုးကြီး အဘွားကြီး နှစ်ယောက်မှာ သူ့ကို အပြစ်တင်ကာ ကြမ်းတမ်းစွာ ဆက်ဆံခဲ့ကြ၏။ သူသည်လည်း ဒေါသထွက်နေသည့်အပြင် ဝေရှု့ဖန်းကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အားလုံးကို ဂရုမစိုက်တော့ဘဲ နောက်အိမ်ထောင် ချက်ချင်းပြုလိုက်တော့သည်။ အစပိုင်းတွင် သူသည် ထိုပညာတတ် မိသားစုကို ချော့မော့ပေါင်းသင်းလျှင် ကောင်းမည်ဟု တွေးခဲ့သော်လည်း အဘိုးကြီး အဘွားကြီးမှာ သူ့ကို လုံးဝ မျက်နှာသာ မပေးတော့ပေ။

ထို့ကြောင့်ပင် သူသည် ချန်ချင်းယွီကို လက်လွှတ်မခံဘဲ ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။ ကလေးရှိမှသာ သူတို့ဆီက ငွေတောင်းရန် အကြောင်းပြချက် ရှိမည်မဟုတ်လော့..

ဟင်း…

ပညာတတ်ဆိုသည့် လူတန်းစားမှာ ဂုဏ်သိက္ခာကို အသက်ထက် အလေးထားကြသည် ဖြစ်ရာ သူသည် ထိုအချက်ကို ကောင်းကောင်း အသုံးချခဲ့သည်။

သို့သော် ၃-၄ နှစ်အတွင်းမှာပင် ကျန်းမိသားစုမှာ တစ်စတစ်စ ဆုတ်ယုတ်လာခဲ့၏။

မူလက အိမ်ကြီးအိမ်ကောင်းကို ရောင်းချလိုက်ရပြီး ယခုလက်ရှိ အိမ်ဟောင်းသို့ ပြောင်းရွှေ့ခဲ့ရကာ နောက်ပိုင်းတွင် ပို၍ပင် ပျက်စီးလာခဲ့သည်။ အထူးသဖြင့် ကျန်းမိသားစု၏ တစ်ဦးတည်းသော သားဖြစ်သူ ကွယ်လွန်သွားချိန်တွင် ချန်ရိကျွင်းမှာ အလွန်ပင် ကျေနပ်နေခဲ့၏။ သူသည် လူသတ်ရန် မဝံ့ရဲသဖြင့် ယောက္ခမ၏သား သေဆုံးမှုမှာ သူတိုက်ရိုက်မဆက်နွယ်ပေ။

သွယ်ဝိုက်၍မူ….

သို့သော် ထိုအချက်မှာ သူ့အတွက် အလွန်ပင် အကျိုးရှိသွားခဲ့သည်။

အဘိုးကြီး အဘွားကြီးတို့အတွက် ကျန်ရှိသော တစ်ဦးတည်းသော ဆွေမျိုးမှာ ချန်ချင်းယွီသာ ဖြစ်၏။

ဒါက သူ့သမီးလေ…

ထို့ကြောင့်ပင် သူသည် ချန်ချင်းယွီကို ကျန်းမိသားစုအိမ်တွင် ခဏခဏ သွားနေစေခဲ့သည်။

‘ဟားဟား၊ အတူနေတာ ကြာရင် သံယောဇဉ်ရှိလာမှာပဲ၊ အဲ့ဒီအခါကျရင် အဘိုးကြီး အဘွားကြီးတို့ရဲ့ ပစ္စည်းတွေအားလုံးက သူ့သမီးဆီ ရောက်လာလိမ့်မယ်၊ အဲ့ဒါဆိုရင် သူ့ပစ္စည်း ဖြစ်လာတာနဲ့ အတူတူပဲပေါ့’

နှမြောစရာကောင်းသည်မှာ ကံကြမ္မာသည် သူဖြစ်ချင်သလို ဖြစ်မလာခဲ့ပေ။ သို့သော်လည်း ချန်ရိကျွင်း သေသေချာချာ စဉ်းစားကြည့်သောအခါ ကျန်းမိသားစုတွင် ငွေမရှိတော့ဘူးဆိုသည်ကို လုံးဝ မယုံကြည်နိုင်ပေ။ အဘိုးအဘွား နှစ်ယောက်လုံးမှာ တက္ကသိုလ်ဆရာများ ဖြစ်ကြပြီး စာပေအနုပညာကို နှစ်သက်သည်မှလွဲ၍ အခြား ဝါသနာလည်း မရှိကြပေ။

ဘယ်လိုလုပ်ပြီး အိမ်ပိုင်ဆိုင်မှုတွေ အကုန် ပျောက်ကွယ်သွားနိုင်မှာလဲ…

အများကြီး ရှိခဲ့တဲ့ ပစ္စည်းတွေလေ…

ချီးပဲ…သူ မယုံနိုင်ဘူး

သူသည် ထိုလူအိုနှစ်ယောက်ကို တိုင်တန်းခဲ့ခြင်းမှာလည်း သူတို့မှာ ငွေမပေးဘဲ အလွန်တွန့်တိုခဲ့သောကြောင့်ပင်။ သူတို့၏ နောက်ခံမှာလည်း သိပ်မကောင်းသဖြင့် အခြားလူ တိုင်တန်းမည့်အစား သူကိုယ်တိုင် တိုင်တန်းကာ အကျိုးအမြတ် ရယူရန် ကြိုးစားခဲ့ခြင်းဖြစ်၏။ သို့သော်လည်း ငွေကြေးအမြောက်အမြားကို ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့်ပင် လူအိုနှစ်ယောက် ကွယ်လွန်သွားသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း သူသည် ယခုတိုင် ရှာဖွေနေခြင်း ဖြစ်သည်။

အကယ်၍ သူတို့မှာ ငွေရှိခဲ့လျှင် အဲ့ဒီငွေတွေ ဘယ်ရောက်သွားသလဲ…

အကယ်၍ သူတို့မှာ ငွေမရှိဘူးဆိုရင်ရော အဲ့ဒီငွေတွေနဲ့ ဘာဝယ်လိုက်သလဲ….

သူသည် အိမ်ခေါင်မိုးပေါ်တွင် သေတ္တာငယ်လေး တစ်လုံးကိုသာ ရှာတွေ့ခဲ့ဖူးပြီး ဤမျှလောက်သာ ရှိမည်ဟု သူ လုံးဝ မယုံကြည်ပေ။

ချန်ရိကျွင်းသည် ပတ်ဝန်းကျင်တွင် လူမရှိသည်ကို အခွင့်ကောင်းယူကာ အိမ်ဟောင်းခြံဝင်းထဲသို့ တိတ်တဆိတ် ခိုးဝင်သွားခဲ့၏။

သူ ထပ်ပြီး ရှာဖွေရဦးမည်…

"ဒီလူအိုကြီးနှစ်ယောက်ကတော့လေ၊ အရင်တုန်းက အကောင်းစား တိုက်အိမ်ကြီးမှာ နေပါဆိုတာကို မနေဘဲနဲ့ ရောင်းချပြီးတော့မှ ဒီလို အစုတ်အပြတ်နေရာကို ဝယ်နေတယ်၊ ပိုက်ဆံတွေ ဘယ်မှာ ဝှက်ထားကြတာလဲ၊ သေချင်းဆိုး အဘိုးကြီး အဘွားကြီးတွေ။"

ချန်ရိကျွင်းသည် အိမ်ရှိ သားသုံးယောက်အကြောင်း တွေးမိတိုင်း စိတ်တိုနေရသည်။

"တစ်ယောက်ပြီးတစ်ယောက်ကလည်း ပိုက်ဆံပဲ တောင်းနေကြတယ်၊ ဒီပိုက်ဆံတွေက ကျောက်ခဲထဲက ထွက်လာတာမှတ်လို့လား..ထွက်လာနိုင်လို့လား..သေချင်းဆိုးတွေ"

ဤနေရာကို သူ အကြိမ်ပေါင်း ထောင်ချီ ရှာဖွေခဲ့ဖူးသဖြင့် နေရာတစ်လက်မဆစ်ချင်းစီကိုပင် သူ ရင်းနှီးနေပြီဖြစ်၏။

သို့သော်လည်း လွတ်သွားသည့် အရာများ ရှိမလားဆိုသည့် မျှော်လင့်ချက်ဖြင့် သူ အသေအချာ ထပ်ရှာနေမိသည်။

"ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံတွေ တကယ်ပဲ ဘယ်ရောက်ကုန်တာလဲ..အဲ့ဒီ သေနာမလေး (ချန်ချင်းယွီ) ဆီမှာလည်း ဘာမှမရှိဘူး။ ဒီလူအိုနှစ်ယောက်က ကလေးကို အရမ်းချစ်ပြနေပြီးတော့ ဘာမှလည်း ချန်မထားခဲ့ဘူး၊ ဟန်ဆောင်တာတော့ တကယ့်ကို ထိပ်တန်းပဲ။ သူတို့ သွေးသားအရင်းအပေါ်မှာတောင် ဒီလိုလုပ်ရက်မယ်လို့ ကျုပ်မယုံဘူး။ ဒါကြောင့်လည်း သားဖြစ်သူက စောစောစီးစီး သေသွားတာ၊ ထိုက်တန်တာပဲ.. ခင်များတို့နှစ်ယောက်သာ အသိတရားရှိရင် ကျုပ်ကို အိပ်မက်ပေးပြီး ပိုက်ဆံတွေ ဘယ်မှာလဲဆိုတာ ပြောပြစမ်းပါ။ ဒါဆို ကျုပ် ခင်များတို့အတွက် စက္ကူပိုက်ဆံတွေ အများကြီး ရှာဖွေမီးရှို့ပေးဦးမယ်။ မဟုတ်ရင် ခင်များတို့က အဲ့ဒီ သေနာမလေးကိုပဲ အားကိုးမလို့လား…အဲ့ဒီကောင်မလေးက သူ့အမေအတိုင်းပဲ၊ ဦးနှောက်မရှိဘူး။ တစ်နေ့တစ်နေ့ လင်းကျန့်ဝမ်အကြောင်းပဲ တွေးနေတာ၊ ခင်များတို့အကြောင်းကို တွေးတောင် မတွေးမိဘူး။ သမက်ဆိုတာ သားတစ်ဝက်ပဲလေ။ ကျုပ်ကိုသာ ပစ္စည်းတွေ ဘယ်မှာလဲဆိုတာ အသိပေး၊ ကျုပ် စက္ကူပိုက်ဆံတွေ အများကြီး ရှို့ပေးမယ်၊ ဒါမှ ခင်များတို့ အောက်မှာ နေလို့ကောင်းမှာ။"

ချန်ရိကျွင်းသည် တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေသည်။ အမှန်တွင် သူ စကားများသူ မဟုတ်သော်လည်း လူအိုနှစ်ယောက်မှာ ဤနေရာတွင်ပင် သေဆုံးခဲ့ကြခြင်းဖြစ်ရာ တစ်ယောက်တည်း ရှိနေချိန်တွင် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ် အားပေးသည့်အနေဖြင့် ရေရွတ်နေခြင်း ဖြစ်၏။

"အဲ့ဒီကောင်မလေးက နိမိတ်မကောင်းတဲ့ မိန်းမပဲ၊ တစ်ယောက်ပြီးတစ်ယောက်ကို သေလမ်းပို့နေတာ၊ အခုတော့ သူ့ယောကျ်ားတောင် မရှိတော့ဘူး။ ခင်များတို့ကို သူ ပိုလို့တောင် ဂရုမစိုက်နိုင်တော့ဘူး။ ခင်များတို့ အားကိုးလို့ရတာ ကျုပ်ပဲရှိတယ်..ကျုပ်ပဲ..သိလား..ခင်များတို့မှာ ပိုက်ဆံမရှိဘူးဆိုတာ ကျုပ် လုံးဝမယုံဘူး။ ဒီနှစ်တွေထဲမှာလည်း တဖြည်းဖြည်း သုံးစွဲနေခဲ့တာပဲ၊ ခင်များတို့ တကယ်ပဲ ဘာတွေ ဝယ်ထားကြတာလဲ.."

ချန်ချင်းယွီမှာမူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အပြင်ဘက်မှနေ၍ ချောင်းမြောင်း နားထောင်နေသည်။

သူမသည် အဘိုးနှင့် အဘွားတို့၏ အကြောင်းကို သိချင်နေသော်လည်း ချန်ရိကျွင်း သူမကို အမှန်အတိုင်း ပြောပြမည် မဟုတ်သဖြင့် ဤကဲ့သို့ ခိုးနားထောင်ခြင်းသည်သာ အမှန်တရားကို သိနိုင်မည့် နည်းလမ်းဟု ယူဆထား၏။

ချန်ချင်းယွီသည် ငြိမ်သက်စွာ နေနေသည်။ သူမသည် တစ်နေ့တွင် တံတိုင်းခြေရင်း၌ ပုန်းလိုက်၊ နောက်တစ်နေ့တွင် တံတိုင်းပေါ် တက်လိုက်ဖြင့် လျှို့ဝှက်ချက်များကို စုံစမ်းနေသူလေးပင်…

အမယ်လေး…ငါ့နှယ် လျှို့ဝှက်အေးဂျင့်တောင် ငါလောက် အလုပ်မများဘူး…

ချန်ရိကျွင်း အခန်းထဲတွင် ဆက်လက် ရေရွတ်နေဆဲပင်။

"ကျုပ်ကို လာမခြောက်နဲ့ဦး၊ လူသေရင် သေပြီပဲ၊ လူသေက လူရှင်ကို မနိုင်ပါဘူး။ ခင်များတို့ကို ကျုပ် တိုင်တန်းခဲ့တာကိုလည်း စိတ်မနာကြနဲ့။ ကျုပ်သာ အရင်မတိုင်ရင် တခြားလူတွေက တိုင်ကြမှာပဲ။ အဲ့ဒီတော့ တခြားလူတွေ အကျိုးအမြတ် ရသွားမယ့်အစား ကျုပ်လို သမက်ဖြစ်သူ ရတာကမှ တော်သေးတယ်။"

သူသည် ဆက်လက်၍ ဟိုဟိုဒီဒီ ရှာဖွေနေရင်းမှ ရုတ်တရက် သတိရသွားကာ

"အယ်... မဟုတ်သေးပါဘူး၊ အရင်တစ်ခါက သေတ္တာက ဘယ်ရောက်သွားတာလဲ…”

ယခင် သူ ဝှက်ထားသမျှ အခိုးခံလိုက်ရသဖြင့် ဒေါသထွက်ကာ သေတ္တာကို ကြမ်းပြင်ပေါ် ရိုက်ခွဲခဲ့ဖူးသည်။

အခုတော့ ထိုအရာများ ဘယ်ရောက်ကုန်သနည်း…

ချန်ရိကျွင်းသည် ယခုမှပင် ထိုအချက်ကို သတိထားမိ၏။ သို့သော် မကြာမီမှာပင် သူ သိပ်ဂရုမစိုက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအိမ်တွင် လူမနေသဖြင့် ခြံထဲရှိ ထင်းစုတ်များ၊ အိမ်ထဲရှိ စားပွဲအစုတ်များအားလုံးကို တစ်ယောက်ယောက် လာယူသွားခြင်း ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ရာသီဥတု မကောင်းလျှင်လည်း လမ်းဘေးလေလွင့်သူများ ခိုနားတတ်သဖြင့် ပျောက်ဆုံးသွားခြင်းမှာ ဖြစ်နိုင်ချေ ရှိ၏။

သို့သော် သူ၏ လျှို့ဝှက်ရန်ပုံငွေများ ပျောက်ဆုံးသွားခြင်းကို တွေးမိသောအခါ...

ချန်ရိကျွင်းသည် ထပ်မံ၍ ဆဲဆိုပြန်သည်။

"မြေနိုးတွေ၊ ဘယ်သူက ငါ့ပစ္စည်းတွေကို ယူသွားတာလဲ၊ ငါ့ပိုက်ဆံကို လုရဲတယ်ပေါ့၊ မိုးကြိုးပစ်ခံရမယ့် ကောင်တွေ"

မည်သူက သူ့ကို စောင့်ကြည့်နေသည်ကို သူ တကယ်ကို နားမလည်နိုင် ဖြစ်နေ၏။

"ငါ့ပိုက်ဆံကို လုတဲ့သူ သေရမယ်..ကျန်းမိသားစုရဲ့ ပိုက်ဆံတွေ အားလုံးက ငါ့ဟာတွေပဲ၊ အားလုံးက ငါ့ဟာတွေ..ဘယ်သူအတွက်မှ မဟုတ်ဘူး.."

ချန်ရိကျွင်းသည် ဒေါသတကြီးဖြင့် ပိုက်ဆံများကို လိုက်ရှာရင်း ဆက်၍ ဆဲဆိုနေပြန်သည်။

"လူအိုကြီး နှစ်ယောက်က ဘာတွေ လျှောက်လုပ်ထားကြတာလဲ၊ နှစ်အနည်းငယ်အတွင်းမှာပဲ ဒီလောက်ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေကို ဖြုန်းတီးပစ်တယ်လို့။ ဒါကြောင့်လည်း မျိုးဆက်ပြတ်ကုန်တာ၊ မျိုးဆက်သစ်တွေအတွက် တစ်စက်ကလေးမှ မစဉ်းစားဘူး၊ ရှိသမျှကို အကုန်သုံးပစ်တယ်၊ သေကိုသေသင့်တာ။"

သူ ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့သဖြင့် ဒေါသတကြီးဖြင့် နံရံကို ကန်ကျောက်လိုက်၏။

အပြင်ဘက်တွင် ပုန်းနေသော ချန်ချင်းယွီသည် ခေါင်းလေးစောင်းကာ စဉ်းစားနေမိသည်။ ချန်ရိကျွင်းသည် စကားဟောင်းများကိုသာ ထပ်ခါတလဲလဲ ဆဲဆိုနေပြီး အချက်အလက် အချို့ကိုသာ သူမ ခန့်မှန်းမိ၏။

"ငါ မယုံဘူး၊ ပိုက်ဆံရှိကို ရှိရမယ်"

ချန်ရိကျွင်းသည် ရူးသွပ်စွာဖြင့် နံရံကို ထပ်မံကန်လိုက်ပြန်သည်။

"သေချာပေါက် ရှိရမယ်၊ ဒါက တစ်ခုခု မှားနေတာ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေက ဒီလောက်တိုတောင်းတဲ့ နှစ်တွေအတွင်းမှာ အကုန်ပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အကယ်၍သာ သူတို့ ပိုင်ဆိုင်မှုတွေ မပျက်စီးခဲ့ရင် နောက်ပိုင်းမှာ လူတန်းစားခွဲခြားသတ်မှတ်တဲ့အခါ ပိုပြီး နစ်နာစရာ ရှိတယ်။ အခုတော့ သူတို့က ပိုင်ဆိုင်မှုတွေ ပျက်စီးသွားလို့ အခြေအနေ သိပ်မဆိုးခဲ့တာ။ မဟုတ်ဘူး၊ ဒါ လုံးဝ မဟုတ်သေးဘူး၊ သူတို့ ကြိုတင်ပြီး သတင်းရထားတာ ဖြစ်ရမယ်။ ပိုက်ဆံတွေ ရှိနေသေးတာ သေချာတယ်။ လူတန်းစား သတ်မှတ်ချက် ကောင်းအောင်လို့ တမင်သက်သက် ပိုင်ဆိုင်မှုတွေ ပျက်စီးအောင်လုပ်ပြီး ပိုက်ဆံတွေကို ဝှက်ထားခဲ့တာပဲ။ ဟုတ်တယ်၊ သူတို့ အဲ့ဒီတုန်းကတည်းက ဝှက်ထားခဲ့တာ။ အဘိုးကြီး အဘွားကြီးတွေက ဒီလောက် ပါးနပ်တာ၊ ဘယ်လိုလုပ်ပြီး ကြိုတင် မပြင်ဆင်ဘဲ နေပါ့မလဲ။ သူတို့ တမင်လုပ်တာ၊ သေချာပေါက်ပဲ…မဖြစ်ဘူး၊ ငါ ရှာတွေ့အောင် ရှာရမယ်၊ ရှာတွေ့ကို တွေ့ရမယ်.."

ချန်ချင်းယွီသည် ထိုစကားများကို ကြားရသောအခါ အလေးအနက် စဉ်းစားမိသွား၏။

"ပိုက်ဆံတွေ ဘယ်မှာ ဝှက်ထားတာလဲ..အဲ့ဒီ သေနာမလေးကို ပေးလိုက်တာလား…မဟုတ်ဘူး၊ ဒါလည်း မဟုတ်သေးဘူး၊ ဒီနှစ်တွေမှာ အဲ့ဒီကောင်မလေး ဘဝက ဆိုးနေတာလေ။ အကယ်၍ သူ့မှာ ပိုက်ဆံရှိရင် ငါ သိမှာပေါ့။ သူ့မှာ ပိုက်ဆံမရှိဘူး၊ အား... ပိုက်ဆံတွေ တကယ်ပဲ ဘယ်မှာလဲ"

ချန်ချင်းယွီမှာမူ ဤအိမ်ထဲတွင်တော့ ဘာမှရှိမည်မဟုတ်ဟု ယူဆသည်။ အကယ်၍ ရှိခဲ့လျှင် နှစ်ပေါင်းများစွာ ရှာနေသည့် ချန်ရိကျွင်း ရှာတွေ့ခဲ့သည်မှာ ကြာလှပြီ။ သူသည် ဤနေရာကိုသာ စိုက်ကြည့်နေသော်လည်း ဘာမှ မတွေ့ခဲ့ပေ။ ချန်ချင်းယွီသည် လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိ၏။

သူမသည် ဆက်လက်၍ ချောင်းမနေတော့ပေ၊ လုပ်စရာ ကိစ္စများ ရှိနေသေးသည် မဟုတ်လော့…

ချန်ရိကျွင်းတစ်ယောက် ခွေးရူးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ သူမအနေဖြင့် ခေါင်းစွပ်စွပ်ပြီး ရိုက်ချင်သော်လည်း အချိန်မဖြုန်းလိုသဖြင့် ထိုနေရာမှ အမြန်ဆုတ်ခွာခဲ့သည်။ မိုးတဖွဲဖွဲ ရွာနေဆဲ ဖြစ်သဖြင့် လမ်းကြားထဲတွင် လူသူကင်းရှင်းနေ၏။

ချန်ချင်းယွီသည် လူသူကင်းရှင်းသည်ကို အခွင့်ကောင်းယူကာ ရေဆိုးမြောင်းအဖုံးကို ဖွင့်လိုက်ပြီး လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ကာ အောက်သို့ ခုန်ဆင်းလိုက်သည်။

အမလေး…သောက်ကျိုးနည်း

သူမ ချန်ချင်းယွီတစ်ယောက် ရေဆိုးမြောင်းထဲ ဆင်းရလိမ့်

မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး…

တကယ်ကို ကံဆိုးလိုက်တာ…

သို့သော်လည်း တစ်ခေါက်လောက် သွားရောက်အတည်ပြုရမည်သာ…

သူမသည် အဖုံးကို ပြန်စိလိုက်၏။လက်နှိပ်ဓာတ်မီး ပါလာသောကြောင့် သူမ မကြောက်ပေ။

အမှန်တော့ မပါလည်း မကြောက်ပါဘူး…

သို့သော်လည်း... အနံ့မှာ တကယ့်ကို သည်းမခံနိုင်စရာပင်၊ အလွန်ပင် ရွံစရာကောင်းလှသည်။

ချန်ချင်းယွီသည် မျက်လုံးပြူးကာ ရေဆိုးမြောင်းထဲမှ အနံ့ဆိုးများကို အောင့်ထားရင်း ဟိုဟိုဒီဒီ လိုက်ထိုးကြည့်လိုက်၏။ မိုးရွာနေသဖြင့် အချို့နေရာများတွင် ရေလျှံနေပြီး အနံ့အသက်မှာ အလွန်ဆိုးလှသည်။ သူမသည် နှာခေါင်းကို ပိတ်ထားရင်း အသေအချာ ရှာဖွေလိုက်၏။

ရေဆိုးမြောင်း ဖြစ်သော်လည်း အောက်တွင် လမ်းများစွာ ရှိနေသော်လည်း ကျဉ်းမြောင်းလွန်းသဖြင့် နေရာအတော်များများတွင် ခါးကုန်းပြီး သွားရသည်။ ချန်ချင်းယွီ ရှာဖွေနေစဉ် ရုတ်တရက်ဆိုသလို လမ်းကြောင်းအကွဲ တစ်နေရာတွင် သူမ၏ အကြည့် ရပ်တန့်သွား၏။ သူမသည် အနားသို့ တိုးသွားကာ သေသေချာချာ ထိုးကြည့်လိုက်ရာ... ဟုတ်ပါသည်၊ သံသေတ္တာငယ်လေး တစ်လုံးပင်…

ယခင် သူမ တွေ့ရှိခဲ့သော သစ်သားသေတ္တာနှင့် ပုံစံချင်း မတူသော်လည်း ဤအရာမှာ သူမအတွက် ချန်ထားခဲ့ခြင်းဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။ သူမသည် ထိုသံသေတ္တာငယ်လေးကို လမ်းကြောင်းအကွဲထဲမှ ထုတ်ယူလိုက်၏။ ဤကဲ့သို့ မှောင်မည်း စိုစွတ်သော နေရာတွင် နှစ်ရှည်လများ ရှိနေခဲ့သဖြင့် သံသေတ္တာမှာ သံချေးများ တက်နေပြီဖြစ်သည်။ သူမသည် ချက်ချင်း မဖွင့်ကြည့်သေးဘဲ ပတ်ဝန်းကျင်ကို ထပ်မံ ရှာဖွေကြည့်သော်လည်း ဘာမှ ထပ်မတွေ့တော့ပေ။

သူမသည် ဘေးပတ်ပတ်လည်မှ လမ်းခွဲလေးများထဲသို့လည်း ဝင်ကြည့်ခဲ့သည်။ ဤနေရာမှာ မှောင်မည်းနေသော်လည်း ပစ္စည်းဝှက်ရန် နေရာကောင်း မဟုတ်ပေ။ ထို့အပြင် အခြားတစ်နေရာသို့ လျှောက်သွားလိုက်သည်နှင့် အပေါ်မှ အသံများကို ကြားရပြီး မော့ကြည့်လိုက်လျှင် နောက်ထပ် ရေဆိုးမြောင်းအဖုံးကို တွေ့ရ၏။

တကယ်ကို လမ်းကြောင်းတွေက အနှံ့အပြားပါပဲ…

ချန်ချင်းယွီသည် အချိန်ဆွဲတတ်သူမဟုတ်ပေ။ နောက်ထပ် ဘာမှရှာမတွေ့တော့သဖြင့် သူမသည် ပြတ်ပြတ်သားသား ဆုတ်ခွာရန် ပြင်ဆင်လိုက်သည်။

အမှန်ပင်၊ အကယ်၍ သစ်သားသေတ္တာသာဆိုလျှင် ဤကဲ့သို့သော နေရာမျိုး၌ ကြာရှည်ခံမည်မဟုတ်ပေ။ ထို့ကြောင့် အဘိုးနှင့်အဘွားတို့သည် ပစ္စည်းများကို ဤကဲ့သို့နေရာမျိုးတွင် ဝှက်ထားလိမ့်မည်မဟုတ်ဟု သူမ တွေးမိ၏။ သူမသည် အပေါ်သို့ အမြန်ချောင်းကြည့်လိုက်ရာ သူမ၏ လှုပ်ရှားမှုများမှာ ချန်ရိကျွင်းထက် ပို၍ပင် မြန်ဆန်နေသည်။ ချန်ချင်းယွီသည် ရေဆိုးမြောင်းထဲမှ တွားသွားထွက်လာပြီး အဖုံးကို ပြန်စိလိုက်၏။

ဟူး... ဟူး... ဟူး...

လတ်ဆတ်တဲ့ လေထုလေး

အပြင်ဘက်က လေက တကယ့်ကို လတ်ဆတ်တာပဲ…

နှိုင်းယှဉ်ကြည့်လျှင် အောက်ဘက်မှ အနံ့သည် တကယ့်ကို ဆိုးရွားလွန်းလှသည်။

ချန်ချင်းယွီသည် သူမ၏ တစ်ကိုယ်လုံးတွင် အနံ့အသက်များ စွဲကျန်နေသည်ဟု ခံစားရသဖြင့် နှာခေါင်းရှုံ့ကာ ကိုယ့်ကိုယ်ကိုယ်ပင် ပြန်၍ ရွံရှာနေမိ၏။

သူမတွင် လက်ပတ်နာရီ မပါသော်လည်း တစ်မနက်ခင်းလုံး လှုပ်ရှားသွားလာခဲ့ရသဖြင့် ယခုအချိန်မှာ မွန်းတည့်ခါနီးပြီဟု ခန့်မှန်းရသည်။

ချန်ချင်းယွီသည် သံသေတ္တာလေးကို သေသေချာချာ ထည့်သိမ်းလိုက်ပြီး ချန်ရိကျွင်းကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူသည်လည်း ထွက်ခွာရန် ပြင်ဆင်နေပုံရ၏။ သူ၏ မျက်နှာမှာ ဘာမှရှာမတွေ့သဖြင့် အလွန်ပင် ပျက်ယွင်းနေသည်။

သူသည် မကျေမနပ်ဖြင့် အိမ်ပြင်သို့ ထွက်လာကာ တံတွေးတစ်ချက် ထွေးလိုက်လေသည်…

ချန်ရိကျွင်းသည် ခြံထဲတွင် ဟိုကြည့်ဒီကြည့် လုပ်နေသည်ကို မြင်သောအခါ ချန်ချင်းယွီသည် အိမ်ရှေ့တံခါးဝရှိ ရေဆိုးမြောင်းအဖုံးကို အမြန်ဖယ်ရှားလိုက်ပြီး ထောင့်တစ်နေရာတွင် ပုန်းနေလိုက်၏။ သူမ၏လက်ထဲတွင် ကျောက်ခဲလေးအချို့ကို ကိုင်ကာ အချိန်ကိုက်ရန် ပြင်နေသည်။

ချန်ချင်းယွီ၏ ဘဝလက်စွဲမှာ

"တပါးသူကို ဒုက္ခပေးပြီး ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်နေခြင်း" ပင်တည်း…

သူမသည် ဤကဲ့သို့ စိတ်ထားပုပ်သူအပေါ် စေတနာထားစရာ မလိုဟု ယူဆထား၏။ သူမ ချောင်းကြည့်နေရင်း ချန်ရိကျွင်းတစ်ယောက် ခြံထဲတွင် တစ်ပတ်ထပ်ရှာသော်လည်း ဘာမှမတွေ့သဖြင့် ဒေါသတကြီး ထွက်လာသည်ကို မြင်လိုက်ရသည်။ အိမ်ထဲတွင် ဆဲဆိုနေသော်လည်း အပြင်ထွက်လာချိန်တွင်မူ ဘာသံမှမထွက်ဘဲ အလွန်သတိထားနေ၏။

သူသည် အမြန်ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ခြေထောက်တစ်ဖက်မှာ နာကျင်သွားပြီး ပျော့ခွေသွားတော့သည်။

ဗြုန်း…

လူတစ်ကိုယ်လုံး ရေဆိုးမြောင်းထဲသို့ ကျသွားတော့သည်…

"အား…"

ချန်ရိကျွင်းသည် နာကျင်စွာ အော်ဟစ်လိုက်သံကီုး ထွက်ပေါ်လာ၏။

သူသည် ချန်ချင်းယွီကဲ့သို့ အစီအစဉ်ရှိရှိ ဆင်းသွားခြင်းမျိုးမဟုတ်ဘဲ ရုတ်တရက် ပြုတ်ကျသွားခြင်း ဖြစ်သည်။ ရေဆိုးမြောင်းမှာ သိပ်မနက်သော်လည်း ဤသို့ ရုတ်တရက်ကြီး ကျသွားခြင်းသည် သူ့ကို အတော်လေး ထိတ်လန့်သွား၏။

"အမလေး၊ အား... အား"

ချန်ရိကျွင်းသည် အသံကုန်

အော်ဟစ်ကာ ဆဲဆိုလေတော့သည်။

"ဘယ်သေနာက လုပ်တာလဲ"

အပြင်ဘက်တွင် မိုးသံလေသံများသာ ရှိနေပြီး လူသူကင်းရှင်းနေပုံ၏။ ချန်ရိကျွင်းမှာ "မအေဘေး..." ဟု စ၍ ဆဲလိုက်သော်လည်း လူများ ရောက်လာမည်ကို စိုးရိမ်သဖြင့် ချက်ချင်း ပြန်အသံတိတ်သွားသည်။ သူသည် နာကျင်နေသော တင်ပါးကို ပွတ်ရင်း နေရာအနှံ့မှ ကိုက်ခဲနေသည့် ဝေဒနာကို ခံစားနေရ၏။ သူသည် အားယူ၍ ထိုင်လိုက်ပြီး အဖုံးဝကို လှမ်းကိုင်ကာ အပေါ်သို့ တက်ရန် ကြိုးစားသော်လည်း အတော်လေး ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။

အပေါ်မှ တစ်ယောက်ယောက်က ဆွဲမပေးလျှင် တက်ရန် အလွန်ခဲယဉ်းလှသည်…

ချန်ရိကျွင်းသည် အော်ဟစ်အကူအညီတောင်းရန် ဝန်လေးနေ၏။ သူ မည်သူဆိုသည်ကို လူသိခံရမည်ကို ကြောက်နေခြင်းပင်။ပြောရလျှင် ချန်ရိကျွင်းမှာ အိမ်တွင်း၌သာ အနိုင်ကျင့်တတ်ပြီး အပြင်ဘက်တွင်မူ အလွန်ကြောက်တတ်သည့် လူစားမျိုးဖြစ်သည်။ သူသည် ဤနေရာတွင် ဘာလာလုပ်သနည်းဟု အမေးခံရမည်ကို စိုးရိမ်သဖြင့် မလှုပ်မယှက် နေနေမိ၏။

သူသည် ခဏမျှ တွန့်ဆုတ်နေပြီးနောက် လက်ကိုလွှတ်ကာ အပေါ်သို့ မည်သို့တက်ရမလဲဟု စဉ်းစားနေသည်။

အမှန်တွင် ဤပတ်ဝန်းကျင်၌ အိမ်များရှိသဖြင့် သူအော်ဟစ်လိုက်လျှင် လူများ ရောက်လာနိုင်၏။ သူ၏ အော်သံကြောင့် အချို့လူများ ထွက်ကြည့်ကြသော်လည်း ရေဆိုးမြောင်းထဲ လူကျနေသည်ကိုမူ သတိမထားမိကြပေ။ ချန်ရိကျွင်းသာ အကူအညီတောင်းလျှင် တစ်ယောက်ယောက်က ကူညီပေးကြမည်မှာ သေချာသည်။

သို့သော် ချန်ရိကျွင်းကိုယ်တိုင် မအော်သဖြင့် မည်သူမှ မတတ်နိုင်ပေ။ သူသည် စိတ်ပျက်စွာဖြင့် လက်ပိုက်ရင်း အပေါ်သို့ မော့ကြည့်နေ၏။

ချန်ချင်းယွီသည် မလှမ်းမကမ်းတွင် ပုန်းနေရင်း ချန်ရိကျွင်းကို ကြည့်ကာ ဤလူမှာ ဦးနှောက် တစ်ခုခု ဖြစ်နေသလားဟု တွေးမိသည်။

ဟမ့်…သူကိုယ်တိုင်က အကူအညီ လူမခေါ်ချင်မှတော့ ဖန်တီးပေးရတာပေါ့…

သူမသည် ဤဖခင်ယုတ်ကြီးကို "ကူညီ" ရန် ဆုံးဖြတ်လိုက်၏။

လူမြင်မှာ ကြောက်နေတယ်ပေါ့…

ကောင်းပြီလေ…ဒါဆိုလျှင် ဘယ်သူမှ မတွေ့နိုင်အောင် သူမက ကူညီပေးလိုက်ပါ့မယ်…

သူမသည် တကယ့်ကို စိတ်ထားကောင်းသူလေးပင်…

ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုပြီး လူမရှိသည်ကို အတည်ပြုပြီးနောက် အမြန်သွားကာ ရေဆိုးမြောင်းအဖုံးကို ပိတ်လိုက်တော့သည်။ ထို့အပြင် စေတနာရှေ့ထား၍ အပေါ်မှ ကျောက်တုံးတစ်တုံးကိုပါ တင်ပေးလိုက်၏။ကျောက်တုံးမှာ သိပ်မကြီးသော်လည်း အောက်ဘက်ရှိ လူမှာ အားပြု၍ တွန်းရန် ခက်ခဲလှသဖြင့် ဤကျောက်တုံးလေးသည်ပင် အဖုံးကို ဖွင့်မရအောင် တားဆီးထားနိုင်မည် ဖြစ်သည်။

ချန်ရိကျွင်း : "……"

ချန်ရိကျွင်း : "သောက်ကျိုးနည်း.."

"ဘယ်သူလဲ…ဘယ်သူလဲဟဲ့..သတ္တိရှိရင် လူကိုယ်တိုင် ထွက်ခဲ့စမ်း၊ အပြင်ထွက်ခဲ့"

ချန်ချင်းယွီသည် အသံတိတ် လှောင်ပြုံးပြုံးလိုက်ရင်း "ရေတွင်းထဲက ဖားလိုပဲ အထဲမှာပဲ နေတော့" ဟု စိတ်ထဲမှ ပြောလိုက်၏။

သို့သော်လည်း ချန်ချင်းယွီသည် တကယ် လူသတ်ရန် ကြံစည်နေခြင်း မဟုတ်ပေ။ သူမကိုယ်တိုင် အောက်သို့ ဆင်းဖူးသဖြင့် အခြေအနေကို သိရှိပြီးသားဖြစ်သည်။ အောက်ဘက်တွင် လမ်းကြောင်းများစွာ ရှိသဖြင့် ဤနေရာမှ မထွက်လျှင်ပင် အခြားတစ်နေရာမှ ထွက်နိုင်သည်ကို သူမ သိ၏။

လမ်းအဝေးကြီး လျှောက်စရာပင် မလိုဘဲ အစောပိုင်း သူမ လျှောက်ခဲ့သည့် လမ်းအတိုင်း ပြန်သွားရုံသာ..

ဒါက လူကို အန္တရာယ်ပြုတာ မဟုတ်ဘဲ ရွံစရာကောင်းအောင် လုပ်လိုက်ခြင်းသာ…

ချန်ရိကျွင်းကို ပညာပေးချင်ရုံသာ ဖြစ်၏။

သူသည် အလွန်တရာ စိတ်ရင်း ယုတ်ညံ့သူ မဟုတ်လော့။

ဤလူသည် သူမကဲ့သို့သော သမီးအရင်းကို ပုံမှန်အချိန်တွင် လာရောက်နှောင့်ယှက်ခြင်း မရှိသော်လည်း၊ တွေ့သည့်အခါတိုင်း ပညာပေးရန် ချန်ချင်းယွီ ဆုံးဖြတ်ထားသည်။ မဟုတ်လျှင် ကွယ်လွန်သွားသော အဘိုးနှင့်အဘွားတို့ကို အားနာစရာ ဖြစ်ပေလိမ့်မည်။ ချန်ချင်းယွီသည် သူမ၏ မိခင်အပေါ်တွင် နှောင်ကြိုး သိပ်မရှိလှပေ။ သူမ မှတ်ဉာဏ်မရမီကပင် မိခင်ဖြစ်သူမှာ ဆုံးပါးသွားခဲ့၍ သူတို့အကြားတွင် တွယ်တာမှု မရှိခဲ့ပေ။

သို့သော် သူမသည် အဘိုး၊ အဘွားနှင့် ဦးလေးတို့၏ လက်ပေါ်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်သဖြင့် သူတို့နှင့်မူ သံယောဇဉ် အလွန်ကြီးမားလှသည်။ သူမသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူ ဖြစ်သော်လည်း ထိုမှတ်ဉာဏ်များမှာ ယခုတိုင် လတ်ဆတ်နေဆဲ ဖြစ်၏။

ချန်ယိကျွင်းကဲ့သို့ လူမျိုးနှင့် တွေ့သောအခါ သူမ မနှိပ်စက်ဘဲ မနေနိုင်ပေ။

ချန်ချင်းယွီသည် တွေးသည်နှင့် ချက်ချင်း လုပ်ဆောင်ခဲ့သည်။

သူမသည် ရေဆိုးမြောင်းအဖုံးကို တိတ်တဆိတ် ပိတ်လိုက်ပြီး အောက်ဘက်မှ ချန်ရိကျွင်း၏ ဆဲဆိုသံများကို ဂရုမစိုက်တော့ပေ။

အဖုံးပိတ်လိုက်သောအခါ ချန်ရိကျွင်း၏ အသံမှာ အတော်လေး တိုးသွားပြီး၊ အနားသို့ ကပ်နားထောင်မှသာ အသံဗလံအချို့ကို ကြားရကာ အဝေးမှဆိုလျှင် ဘာသံမှ ကြားရမည်မဟုတ်ပေ။

ချန်ချင်းယွီ ဆုတ်ခွာရန် ပြင်လိုက်စဉ်မှာပင် မလှမ်းမကမ်းရှိ အိမ်တစ်အိမ်မှ ခြေသံများကို ကြားလိုက်ရသဖြင့် သူမ ချက်ချင်း ပုန်းလိုက်သည်။

ချန်ရိကျွင်းမှာမူ အောက်ဘက်မှ ဆက်လက်၍ အသံဗလံများ ပေးနေဆဲဖြစ်၏။ အိမ်ထဲမှ ထွက်လာသူမှာ အသက် ၄၀-၅၀ ခန့်ရှိသော အမျိုးသမီး တစ်ဦးဖြစ်ပြီး၊ သူမသည် ခြင်းတောင်းလေးကို ကိုင်ကာ ထွက်လာစဉ် မရေမရာ အသံများကို ကြားလိုက်ရသဖြင့် ခြေလှမ်းများ တန့်သွားကာ နားစွင့်လိုက်သည်။

"ဝူး... ဝူး... ကယ်... ကယ်ကြပါဦး..."

ထိုအမျိုးသမီးသည် လေသံနှင့်အတူ ထိုကဲ့သို့သော အသံမျိုးကို မရေမရာ ကြားလိုက်ရ၏။

အသံမှာ မသဲကွဲလှဘဲ တဖွဲဖွဲရွာနေသော မိုးသံနှင့်အတူ နားထဲသို့ ရောက်ရှိလာသည်။ မိုးရွာနေသဖြင့် အေးစိမ့်နေသော်လည်း ထိုအသံကြောင့် သူမ၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်လာရ၏။

"ဘယ်သူလဲ…ဘယ်သူလဲ..အခုချက်ချင်း ထွက်ခဲ့..လာပြီး နောက်မနေနဲ့…စနောက်မနေနဲ့နော်၊ အခုချက်ချင်း ထွက်ခဲ့၊ မြန်မြန်... ငါ နင့်ကို မြင်တယ်နော်"

ထိုအမျိုးသမီးသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိပေ။ သူမ ကြည့်လေလေ ပို၍ ကြောက်လန့်လာလေလေ ဖြစ်ပြီး "ဘယ်သူလဲ၊ ဘယ်သူလဲလို့" ဟု ထပ်ခါထပ်ခါ အော်မေးလိုက်၏။

သူမ အကြိမ်အနည်းငယ် အော်လိုက်သော်လည်း မည်သူမျှ ပြန်မထူးပေ။ ယင်းအစား ဝူးဝူးဝါးဝါး အသံများမှာ ပို၍ ကျယ်လောင်လာပြီး ထိုအသံများမှာ နာမည်ကျော် "သရဲအိမ်" ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လေတစ်ချက် အဝေ့တွင် သူမ၏ မိုးကာအင်္ကျီလေး လှုပ်ခတ်သွားရာ ထိုအမျိုးသမီးမှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ "အမလေး..သရဲခြောက်နေပြီ” ဟု အော်ဟစ်လိုက်တော့၏။

သူမသည် ခြင်းတောင်းကိုပင် ပစ်ချခဲ့ကာ သူမ၏ အိမ်ဝင်းထဲသို့ အမြန်ပြေးဝင်သွားပြီး "သရဲခြောက်နေပြီ၊ အပြင်မှာ သရဲခြောက်နေပြီ.." ဟု အော်ဟစ်နေတော့သည်။

ဒါက သူတို့ သတ္တိနည်းလို့ မဟုတ်ပါဘူး…

လုံးဝမဟုတ်ရပါဘူး…

သူတို့အိမ်အနီးတွင် နာမည်ကျော် သရဲခြောက်သည်ဆိုသော အိမ်ကြီး ရှိနေသောကြောင့် အနည်းငယ်မျှသော အသံဗလံများကိုပင် လူတိုင်းထိတ်လန့်နေကြခြင်း ဖြစ်၏။

ထိုအချိန်တွင်ပင် ထိုအမျိုးသမီးကြီးသည် အမျိုးမျိုးတွေးတောကာ ထိတ်လန့်တကြား အော်ဟစ်ပြေးဝင်သွားတော့သည်။ ခြံဝင်းအတွင်းမှ အလုပ်မသွားသည့် အဒေါ်ကြီးများ၊ အဘွားကြီးများနှင့် အမျိုးသမီးငယ်အချို့ စုရုံးထွက်လာကြ၏။ လူစုလူဝေးဖြစ်သွားမှသာ ထိုအမျိုးသမီးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကာ

"သရဲရှိတယ်၊ သရဲရှိတယ်…ဟိုအိမ်အိုကြီးဘက်မှာ သရဲခြောက်နေတာ။ အဲ့ဒီဘက်ကနေ 'ငါ့အသက်ကို ပြန်ပေး' လို့ အော်နေတဲ့အသံကို ကြားလိုက်ရတယ်... ဟုတ်တယ်၊ အဲ့ဒီအတိုင်း အတိအကျပဲ"

"ငါ အပြင်ထွက်လိုက်တာနဲ့ ကြားလိုက်ရတာ၊ တကယ့်ကို ကြောက်စရာကြီး..."

"ဘာပြောတယ်"

"အမလေး၊ အဲ့ဒီအိမ်လွတ်ကြီးက ကြောက်စရာကောင်းတယ်လို့ ငါပြောသားပဲ။ ရပ်ကွက်ကိုလည်း ခဏခဏ ပြောဖူးပါတယ်၊ သူတို့ကလည်း မဖျက်ပေးဘူး။ အခုကြည့်၊ ငါပြောတာ ဟုတ်နေပြီမလား..ဒါပေမဲ့ နေ့ခင်းကြောင်တောင်ကြီး သရဲခြောက်တယ်ဆိုတာက.."

"အဲ့ဒါကတော့ ပြောရခက်တယ်လေ၊ သရဲက ညမှထွက်ရမယ်လို့ ဘယ်သူသတ်မှတ်ထားလို့လဲ”

"သရဲတွေက နေရောင်ကို ကြောက်တယ် မဟုတ်လား”

"နင်ကလည်း ကြည့်ပါဦး၊ ဒီနေ့ နေသာလို့လား..ဒီလို မိုးအုံ့နေတဲ့နေ့မျိုးမှာ မကောင်းဆိုးဝါးတွေ ရှိနေနိုင်တာပေါ့။ အမလေး၊ တကယ့်ကို ကြောက်စရာကြီး... ဘာလို့ သရဲရှိနေရတာလဲ"

"ငါပြောပြမယ်၊ ငါက ဒီနားမှာ နေလာတာကြာပြီဆိုတော့ သိတယ်။ အဲ့ဒီအိမ်မှာ အရင်က တက္ကသိုလ်ပါမောက္ခလင်မယား နေခဲ့တာ။ တက္ကသိုလ်ဆရာတွေပေါ့... နောက်ပိုင်း အိမ်ထဲနွေးအောင် မီးသွေးတွေရှို့ရင်း ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး ဆုံးသွားကြတာ။ သူတို့သေတဲ့အချိန်မှာ အိပ်ပျော်နေကြတာတောင် အနီရောင်အိပ်ဝတ်စုံတွေ ဝတ်ထားကြတယ်တဲ့။ အနီရောင်ဝတ်ပြီး သေတဲ့သူတွေဆိုတော့ ဘယ်လောက် ခြောက်ခြားဖို့ကောင်းမလဲ စဉ်းစားသာကြည့်တော့…အဲ့ဒီတုန်းက ရဲတွေရော၊ တော်လှန်ရေးကော်မတီတွေရော ရောက်လာကြတာ အုန်းအုန်းကျွတ်ကျွတ်ပဲ..."

"အမလေး၊ အနီရောင်ဝတ်ပြီး သေတဲ့သရဲတွေက အဆိုးဆုံးလို့ ငါကြားဖူးတယ်"

"ဒါပေါ့၊ ဟုတ်တာပေါ့..."

အိမ်နီးချင်းများမှာ တတွတ်တွတ် ပြောဆိုနေကြသော်လည်း လူစုလူဝေးရှိနေသဖြင့် သိပ်မကြောက်ကြတော့ပေ။ အမှန်တကယ်၌ သူတို့ မသိသည်မှာ ချန်ရိကျွင်း အော်သံသည်ကား "ကယ်ကြပါဦး၊ လူရှိကြလား ကယ်ကြပါဦး" ဆိုသည်ကိုပင်။

ရေဆိုးမြောင်းထဲတွင် အသံမှာ မွန်းကျပ်နေသဖြင့် အပြင်မှလူများ သဲသဲကွဲကွဲ မကြားရခြင်း ဖြစ်သည်။

အစပိုင်းတွင် သူသည် ပတ်ဝန်းကျင်မှလူများ သိသွားမည်ကို စိုးရိမ်သဖြင့် မအော်လိုခဲ့သော်လည်း ရေဆိုးမြောင်းအဖုံး ပိတ်သွားချိန်တွင် ချန်ရိကျွင်းမှာ သေမတတ် ထိတ်လန့်သွားတော့၏။ တစ်ယောက်ယောက် သူ့ကို

တမင်သက်သက် လုပ်ကြံနေသည်ကို သိသွားပြီဖြစ်ရာ အသံကုန် ဟစ်အော်တော့သည်။

သို့သော်လည်း နောက်ကျသွားခဲ့ပြီ…

ချန်ယိကျွင်း : "လူရှိကြလား၊ မြန်မြန် လာကြပါဦး”

သူ အော်ဟစ်နေသော်လည်း အပေါ်သို့ အသံမှာ တိုးတိုးလေးသာ ရောက်ရှိ၏။ ချန်ရိကျွင်း ပိုတွေးလေလေ ပိုကြောက်လေလေ ဖြစ်လာသည်။ မည်သူမှ လာမကယ်ကြသဖြင့် သူ ပို၍ ထိတ်လန့်လာကာ သူ့ကို လုပ်ကြံသည့်သူမှာ အပေါ်၌ ရှိနေဦးမည်ဖြစ်ပြီး လူများလာလျှင်လည်း ထိုသူသည် လိမ်ညာမောင်းထုတ်လိမ့်မည်ဟု တွေးမိ၏။ ထိုသို့တွေးမိသည်နှင့် ချန်ရိကျွင်း မူးမေ့လဲမတတ် ဖြစ်သွားရလေသည်။

ဒီလူက ဘာလုပ်ချင်တာလဲ..ငါ့အသက်ကို ရန်ရှာချင်တာလား..

သူ ပိုကြောက်လာကာ ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ မဟုတ်လျှင် မှောင်သွားပါက ထိုလူမှာ အောက်သို့ဆင်းလာပြီး သူ့ကို သတ်ပစ်လိမ့်မည်ဟု ထင်နေသည်။

ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီမှာ ဆက်နေလို့ မဖြစ်ဘူး၊ ဒီနေရာက လုံးဝမလုံခြုံဘူး။ အဲ့ဒီလူ အောက်မဆင်းလာခင် ငါ အမြန်ထွက်ပြေးမှ ဖြစ်မယ်…

ရေဆိုးမြောင်းအဖုံးကို မည်သူပိတ်လိုက်သည်ကို သူ မသိသော်လည်း စိတ်ထဲတွင် လူသတ်သမားတစ်ဦးဟုသာ ထင်မြင်နေမိ၏။ သူ ဤနေရာတွင် ကြာကြာမနေရဲတော့ဘဲ အခြားတစ်နေရာမှ ထွက်ရန် ဆုံးဖြတ်လိုက်သည်။ ရေဆိုးမြောင်းဆိုသည်မှာ နေရာအနှံ့နှင့် ဆက်သွယ်နေသည် မဟုတ်လော့။

ချန်ရိကျွင်းမှာ အနည်းငယ်တော့ ဦးနှောက်ရှိနေသေး၏။

သို့သော် အရွယ်ရောက်ပြီးသား ယောကျ်ားကြီးတစ်ဦးအဖို့ ရေဆိုးမြောင်းထဲတွင် လျှောက်သွားရခြင်းမှာ မလွယ်ကူလှပေ။

အရပ်တစ်မီတာခြောက်ဆယ်သာရှိသော ချန်ချင်းယွီပင် ခါးကုန်းသွားရလျှင် တစ်မီတာခုနစ်ဆယ့်ငါးရှိသော ချန်ရိကျွင်းမှာ ပခုံးကိုကျုံ့ကာ ခါးကို အစွမ်းကုန်ကုန်းပြီး မှန်းဆလျှောက်လှမ်းနေရသည်။ ချန်ချင်းယွီကဲ့သို့ လက်နှိပ်ဓာတ်မီး မပါသဖြင့် သူသည် စမ်းတဝါးဝါးဖြင့်သာ သွားနေရ၏။ သို့သော် သူ တကယ် ကြောက်နေသဖြင့် အလွန်မြန်မြန် လျှောက်လှမ်းနေမိသည်။

အထူးသဖြင့် ပတ်ဝန်းကျင် အမှောင်အတိကျနေခြင်းမှာ သူ၏ ထိတ်လန့်မှုကို ပို၍ ကြီးထွားစေ၏။

ချန်ရိကျွင်းသည် ဤနေရာမှ လွတ်မြောက်ရန် အလျင်စလို သွားနေရင်းမှ တတွတ်တွတ် ဆုတောင်းနေမိသည်။

"သိကြားမင်းကြီး၊ နတ်မင်းကြီး၊ ကွမ်ရင်ဗုဒ္ဓ၊ ဘုရားရှင်တို့ ကယ်တော်မူကြပါ။ ကျွန်တော် ချန်ရိကျွင်းက လူကောင်းတစ်ယောက်ပါ၊ ကျွန်တော့်ကို ကယ်ကြပါ... အား.."

သူသည် ရေအိုင်တစ်ခုကို နင်းမိကာ "ဗြုန်း" ခနဲ ချော်လဲပြီး ရွှံ့နွံများဖြင့် ပေပွသွားလေ၏။

"အား.."

နာကျင်စွာဖြင့် ပြန်ထလာသော်လည်း ဒဏ်ရာမရပေ။ သို့သော် သူ သေမတတ် ကြောက်နေသဖြင့် တစ်ကိုယ်လုံး တုန်ရီနေပြီး အချိန်မဆွဲဘဲ ဆက်လျှောက်သည်။ တုန်တုန်ရင်ရင်ဖြင့် "မြေစောင့်နတ်မင်းကြီး၊ ကျွန်တော့်ကို စောင့်ရှောက်ပါ…" ဟု တတွတ်တွတ် ရေရွတ်နေ၏။

သူသည် မျက်စိမမြင်ရသည့် လူတစ်ယောက်လိုပင် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ကာ စမ်းတဝါးဝါးဖြင့် တစ်လှမ်းချင်း သွားနေပြီး အပြင်ထွက်ပေါက်ကို အသည်းအသန် ရှာဖွေနေသည်။

"အား…"

ဂျောက် ခနဲ နောက်တစ်ကြိမ် လဲကျပြန်၏။

အပြင်၌ မိုးရွာနေသဖြင့် ရေဆိုးမြောင်းထဲသို့ ရေများ စိမ့်ဝင်နေကာ "တောက် တောက်" ဆိုသည့် အသံများ ထွက်ပေါ်နေသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ချန်ရိကျွင်း ပို၍ ကြောက်လန့်လာကာ မအောင့်နိုင်ဘဲ ငိုချလိုက်တော့၏။

"ကျွန်တော့်ကို လွတ်အောင် ကူညီကြပါ၊ ဟီးဟီး... ငါ လွတ်အောင် ပြေးရမယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မပြစ်မှားဖူးပါဘူး၊ လူတိုင်းအပေါ် စေတနာထားခဲ့တာပါ။ ဘယ်သူက ငါ့ကို လုပ်ကြံချင်နေတာလဲ"

သူသည် ယခင်က သူ့ပိုက်ဆံများကို ယူသွားသည့်လူကို သတိရလိုက်သည်။

ထို့အပြင်... ထောင်ချောက်ဆင်ပြီး သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့သည့်လူကိုလည်း သတိရသွား၏။

အား…အဲ့ဒါ အဲ့ဒီလူပဲ ဖြစ်ရမယ်…

ဤသို့တွေးမိသည်နှင့် သူ၏မျက်နှာမှာ ဖြူလျော်သွားတော့သည်။

တစ်ယောက်ယောက်၊ တစ်ယောက်ယောက်က သူ့ကို အမြဲစောင့်ကြည့်နေခဲ့တာပဲ၊ မှောင်ရိပ်ထဲကနေ တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာ…

ဤသို့တွေးရင်း ချန်ရိကျွင်းမှာ သေမတတ် ကြောက်လန့်သွားကာ တစ်ကိုယ်လုံး တုန်ရီလျက် အသက်ကို ပြင်းပြင်းရှူရင်း "ငါ လွတ်အောင်ပြေးနိုင်ရမယ်၊ ငါ သေချာပေါက် လွတ်အောင်ပြေးနိုင်ရမယ်..." ဟု အော်ဟစ်နေမိ၏။

အတော်ကြာအောင် လျှောက်ပြီးနောက် နောက်ဆုံးတွင် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။ ဤနေရာတွင် ခါးကုန်းစရာ မလိုတော့ပုံရသော်လည်း ချန်ရိကျွင်းမှာ အသက်ကို ဝဝမရှူရဲသေးပေ။

ရေဆိုးမြောင်းအဖုံးက ဘယ်နားမှာလဲ…ဘာလို့ ဒီလောက်ကြာအောင် လျှောက်တာတောင် တစ်ခုမှ မတွေ့ရသေးတာလဲ…

သူ့တွင် လက်နှိပ်ဓာတ်မီး မပါသဖြင့် သဘာဝအလင်းရောင်ကိုသာ အားကိုးနေရသည်။

သို့သော် သူ၏ကံမှာ သိပ်မကောင်းလှပေ။ အချို့သော ရေဆိုးမြောင်းအဖုံးများမှာ အလုံပိတ်ထားသဖြင့် အလင်းရောင် အစအနပင် မရှိချေ။ သူသည်လည်း စမ်းတဝါးဝါးနှင့် မထိမိသဖြင့် ရှေ့သို့သာ ဆက်လျှောက်နေရတော့သည်။

အမှန်တွင် သူသည် ထွက်ပေါက်အချို့ကို ကျော်ခဲ့မိ၏။

ချန်ရိကျွင်း : "အီးဟီးဟီးဟီး…ငါ့ဘဝက ဘာလို့ ဒီလောက် ကံဆိုးရတာလဲ…ငါ ဒီနေရာမှာပဲ အသက်ပျောက်ရတော့မှာလား..ဟီးအီးဟီးဟီး.. ကယ်ကြပါဦး၊ လူရှိကြလား၊ ကယ်ကြပါဦးဗျ"

ချန်ရိကျွင်း ဆက်လက်လျှောက်လှမ်းနေသည်။ မှောင်အတိကျနေသည့် ပတ်ဝန်းကျင်ကြောင့် သူ တစ်ကိုယ်လုံး တုန်နေမိ၏။ ချန်ရိကျွင်းတစ်ယောက် ဤမျှအထိ ဒုက္ခမရောက်ရသည်မှာ အနှစ်နှစ်ဆယ်ကျော် ရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံးအကြိမ် ဤကဲ့သို့ ဒုက္ခရောက်ခဲ့သည်မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် မင်္ဂလာမဆောင်မီက ဖြစ်၏။

"ကယ်ကြပါဦး…တစ်ယောက်ယောက် လာကယ်ကြပါဦး.."

သူ အော်ဟစ်လိုက်သော်လည်း မည်သူမျှ ပြန်မထူးပေ။ ချန်ရိကျွင်းမှာ တဖွဖွ ရေရွတ်ရင်း ကိုယ့်ကိုယ်ကိုယ် အားပေးနေမိသည်။

"ငါမကြောက်ဘူး၊ ငါမကြောက်ဘူး၊ ငါဘာကိုမှ မကြောက်ဘူး..ငါက ယောကျ်ားပဲ၊ ယောကျ်ားဆိုတာ အားအင်အပြည့်ပဲ၊ ငါဘာကိုမှ မကြောက်ဘူး..ဘာမှမဖြစ်ဘူး၊ သေချာပေါက် ဘာမှမဖြစ်ဘူး..."

သူသည် တုန်တုန်ရင်ရင်နှင့် တတွတ်တွတ် ရွတ်ဆိုနေ၏။

တစ်ခဏအတွင်းမှာပင် သူသည် တကယ်ပဲ သရဲခြောက်နေတာလားဟုပင် တွေးမိသွားသည်။

သို့သော် ကျန်းအိမ်တော်၏ အိမ်ဟောင်းတွင် သရဲခြောက်သယောင် သူကိုယ်တိုင် လုပ်ခဲ့ဖူးသဖြင့် သရဲကိုမူ သိပ်မကြောက်ပေ။

သူ သရဲကို မကြောက်ပါဘူး..လူကိုသာ ကြောက်တာပါ…

ထို့ပြင် တစ်ယောက်ယောက်

ရေဆိုးမြောင်းအဖုံးကို တမင်ပိတ်လိုက်သည်ကို သူ သိနေသည်။

"ဘယ်သူလဲ..ဘယ်သူက ငါ့ကို လုပ်ကြံချင်နေတာလဲာ..ငါက ဘယ်သူ့ကိုမှ မပြစ်မှားဖူးပါဘူး"

"အဲ့ဒီ သေနာမလေးလား…မဟုတ်နိုင်ပါဘူး၊ သူက ဒီလောက် မစွမ်းပါဘူး၊ လူဖျင်းမပဲဟာကို..သူ့ယောက္ခမက သူ့ကို အုပ်ချုပ်ထားတာ၊ သူ ဒီလိုလုပ်နိုင်စွမ်း မရှိဘူး။"

"ဒါဆို ဘယ်သူဖြစ်နိုင်မလဲ..အလုပ်ရုံက အဘိုးကြီး ဝမ် လား..သူက ငါနဲ့ ရာထူးလုနေတာ... ဒါမှမဟုတ် အဘိုးကြီး ကျိုး လား၊ ပြီးခဲ့တဲ့ အပတ်က ငါ သူ့ထမင်းချိုင့်ကို တမင်တိုက်မှောက်ခဲ့လို့လား... အား၊ ဒါမှမဟုတ် အဘိုးကြီး ရွှီ လား..ငါ သူ့မိန်းမနဲ့ စနောက်နေတာကို သူ တွေ့သွားလို့လား။ ဒါမှမဟုတ် အဒေါ်ကြီး ကျူး လား..သူ ငါ့မိန်းမနဲ့ ရန်ဖြစ်တုန်းက ငါက ဘက်လိုက်ပြီး ပြောခဲ့လို့လား... ဘယ်သူလဲ၊ တကယ်ပဲ ဘယ်သူလဲ"

ချန်ရိကျွင်းမှာ သနားစရာကောင်းလှသည်။ ရှေ့တွင် လမ်းအလွန်ကျဉ်းနေသဖြင့် သူ တွားသွားနေရ၏။ မျက်ရည်များ တဖြိုင်ဖြိုင်ကျလျက် ကြိမ်းမောင်းနေလေသည်။

"ဘယ်သူက ငါ့ကို ဒုက္ခပေးတာလဲ..ငါနဲ့ သူနဲ့ကတော့ အသေအကြေပဲ"

ချန်ရိကျွင်းမှာ တွားသွားနေပြီး ထိုပုံစံမှာ "Crazy Stone" ကားထဲမှ ခိုးရာပါ သူခိုးလေးကဲ့သို့ပင် အလွန်ကြည့်မကောင်းလှပေ။ သို့သော် ချန်ရိကျွင်းမှာ ထိုသူထက် ပို၍ပင် သနားစရာကောင်းပြီး အကြိမ်ကြိမ် ချော်လဲနေ၏။ သူသည် သူတပါးကို ဒုက္ခပေးရာတွင် ရက်စက်သော်လည်း စိတ်ဓာတ်ကြံ့ခိုင်မှုမှာမူ အလွန်ညံ့ဖျင်းလှသည်။

လမ်းတစ်လျှောက်တွင် ချန်ရိကျွင်းမှာ စိတ်ဓာတ်များ ပြိုလဲနေပြီဖြစ်ကာ "ကယ်ပါ၊ ကယ်ကြပါဦး..." ဟု ငိုယိုကာ တွားသွားနေရှာ၏။

တစ်ဖက်တွင် ချန်ရိကျွင်းတစ်ယောက် ရေဆိုးမြောင်းထဲ၌ အသက်လုနေရချိန်တွင် ချန်ချင်းယွီမှာမူ သံသေတ္တာလေးကို ပိုက်ကာ အမြန်ပြန်လာခဲ့သည်။ သူမသည် ဘတ်စ်ကား မစီးခဲ့ပေ။ တစ်ကိုယ်လုံးတွင် အနံ့အသက်များ ထွက်နေသဖြင့် လူသိသာလွန်းသောကြောင့်ပင်။ ချန်ချင်းယွီသည် အိမ်သို့ ပြေး၍သာ ပြန်လာခဲ့၏။

ဤအချိန်တွင် သူမ၏ ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်ခြင်းမှာ အလွန်အသုံးဝင်လေသည်။

ချန်ချင်းယွီသည် မိုးကာအင်္ကျီဖြင့် မျက်နှာကို ကွယ်ကာ အလွန်မြန်မြန် ပြေးနေ၏။

ကြည့်ပါဦး၊ ဤသည်မှာ မိုးရွာသည့်နေ့၏ အားသာချက်ပင်။ မည်သို့ပင် ထူးထူးခြားခြား ပြုမူနေပါစေ၊ မည်သူမှ ထူးဆန်းသည်ဟု မထင်ကြပေ။

လမ်းပေါ်ရှိ လူတိုင်းမှာလည်း အလျင်စလို သွားလာနေကြသဖြင့် သူမ ပြေးနေသည်မှာ သဘာဝကျလှသည်။

ချန်ချင်းယွီသည် ချန်ရိကျွင်းကိုလည်း ဂရုမစိုက်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ခက်ခဲသော အခြေအနေမဟုတ်ဟု သူမ ယူဆ၏။ သူသည် ထိုနေရာ၌ပင် အော်ဟစ်အကူအညီတောင်းလျှင်ဖြစ်စေ၊ အခြားထွက်ပေါက်မှ ထွက်လျှင်ဖြစ်စေ မခက်ခဲသလို ဝေးလည်းမဝေးလှပေ။ သို့သော် ချန်ရိကျွင်းတစ်ယောက် "လွယ်ကူသော အဆင့်" မှ "ခက်ခဲသော အဆင့်" သို့ ကိုယ်တိုင် ပြောင်းလဲလိုက်လိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။

ဉာဏ်နည်းလိုက်တာ… သောက်အဘိုးကြီး..

သူမ အိမ်သို့ ရောက်သောအခါ အတော်လေး မောဟိုက်နေပြီ ဖြစ်သည်။ ယခုမှာ နေ့လယ်စာ ချက်ပြုတ်သည့် အချိန်ဖြစ်သဖြင့် ခြံဝင်းထဲတွင် လူမရှိပေ။

ထို့အပြင် မိုးရွာနေသဖြင့် မည်သူမျှ ခြံထဲတွင် မနေကြပေ။

ချန်ချင်းယွီ အိမ်ထဲဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်နမ်းကြည့်ကာ "အမလေး... ဒီအနံ့ကတော့" ဟု ညည်းတွားလိုက်မိ၏။

အိမ်သာနံတာကို မယုံရင်နေပါ၊ ရေဆိုးမြောင်းကိုတော့ မယုံလို့မရဘူး..

အဲ့ဒီထဲက အနံ့က အိမ်သာထက်တောင် ပိုပြင်းသေးတယ်...

ချန်ချင်းယွီ နှာခေါင်းရှုံ့ကာ ကိုယ့်ကိုယ်ကိုယ် ရွံရှာနေမိသည်။ ကလေးများ သူမကို မခေါ်မီမှာပင် သူမက အရင်ပြောလိုက်၏။

"ရှောင်ကျား၊ ရှောင်ယွမ်... ပြင်ဆင်ထားကြ၊ ရေချိုးသွားမယ်။"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အိမ်တွင် မျှော်လင့်တကြီး စောင့်နေကြလေသည်။

ဤအသံကို ကြားသည်နှင့် ချက်ချင်းပင် : "ဟုတ်ကဲ့..." ဟု ပြန်ပြောလိုက်ကြ၏။

ကလေးနှစ်ယောက်မှာ ကုတင်ပေါ်မှ အမြန်ဆင်းလာကြသည်။ သူတို့ တကယ့်ကို စောင့်နေရသည်မှာ ကြာပြီ ဖြစ်၏။

ချန်ချင်းယွီ : "မနက်က မုန့်တွေ စားပြီးပြီလား"

"စားပြီးပြီ။"

ပါးနပ်သော ရှောင်ယွမ်မှာ ဦးအောင်ပြောလိုက်ကာ

“ထမင်းမဆာသေးဘူး၊ ရေအရင်ချိုးလို့ရတယ်"

ရေအရင်ချိုးပြီးမှ ထမင်းစားမယ်၊ ရတာပေါ့…

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"မေမေ့အတွက် အဝတ်အစား အသန့်လေး ရှာပေးကြပါဦး။ အမေ ကိုယ်ပေါ်မှာ မသန့်ရှင်းဘူး၊ အထဲကို မဝင်တော့ဘူး"

"ဟုတ်ကဲ့~"

ကလေးနှစ်ယောက်မှာ ဗီရိုဆီသို့ အပြေးသွားကြသည်။ ထိုအချိန်တွင် ချန်ချင်းယွီသည် သံသေတ္တာလေးကို ဖွင့်လိုက်၏။ သံသေတ္တာထဲတွင် တန်ဖိုးကြီးပစ္စည်းများ မပါသော်လည်း ဆီစိမ်စက္ကူဖြင့် သေသေချာချာ ထုပ်ထားသည်ကို တွေ့ရသည်။ သူမ တစ်လွှာချင်း ခွာကြည့်လိုက်ရာ အထပ်ထပ် ဖြစ်နေ၏။

နောက်ဆုံးတွင် ကြက်သွန်နီ နွှာသကဲ့သို့ အထပ်ထပ် ခွာပြီးနောက် ချန်ချင်းယွီ မြင်လိုက်ရသည်မှာ...

စာတစ်စောင်ပင် ဖြစ်လေသည်။

All Chapters