အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း ၇၃။ စာ
ရေဆိုးမြောင်းအတွင်းမှ ချန်ချင်းယွီ တွေ့ခဲ့သောအရာမှာ စာတစ်စောင်သာဖြစ်၏။
စာထဲတွင် မည်သူ့ကိုဆိုပြီး နာမည်မတပ်ထားကာ မည်သူရေးသည်ဆိုသည့် လက်မှတ်လည်း မပါရှိပေ။ လက်ရေးမှာလည်း အတော်လေး စုတ်ပြတ်ဆိုးရွာလှပြီး ပုံမှန်ဘောပင်ဖြင့် ရေးသားထားခြင်းပင် မတူပေ။
သို့ရာတွင် ဤစာသည် သူမကို ရည်ညွှန်းကြောင်း ချန်ချင်းယွီ ချက်ချင်းပင် သဘောပေါက်နေခဲ့သည်။
တခြားသော အကြောင်းအရာများ မပါရှိသော်လည်း အနီးကပ်နေခဲ့ရသူအဖို့ ဤစာသည် သူမ၏အဘွားဖြစ်သူ ရေးသားထားခြင်းဖြစ်ကြောင်း မမှတ်မိနိုင်စရာ အကြောင်းမရှိပေ။ အဘွားဖြစ်သူမှာ အလွန်ပင် သတိကြီးလှပြီး အကယ်၍ ဤစာကို တခြားသူတစ်ယောက်ယောက် ရသွားလျှင်ပင် မည်သူ့ကိုရည်ညွှန်းပြီး မည်သူမှရေးခဲ့သည်ကို မသိနိုင်ပေ။
ချန်ချင်းယွီသည် စာကို သေသေချာချာ ဖြန့်ကိုင်၍ ဖတ်လိုက်၏။
နှုတ်ဆက်ပါတယ်…
ဒီစာကို ဖတ်နေတဲ့အချိန်မှာ ဖြစ်နိုင်တာကတော့ တို့တွေ ဒီလောကကနေ ထွက်ခွါသွားလောက်ပြီ…အတူတူမနေနိုင်ခဲ့တဲ့အတွက် တို့တွေ အရမ်းနောင်တရမိတယ်… ဒါပေမဲ့ တစ်ခါတစ်လေကျရင် လူတွေက အချိန်ရဲ့ဒီရေလှိုင်းတွေကို မတိုက်ခိုက်နိုင်ဘူး… တချို့သော ကိစ္စတွေဟာ ကံကြမ္မာစေရာအတိုင်းပါပဲလေ…
တို့တွေ သွားပြီနော်… ဝမ်းမနည်းပါနဲ့.. ကောင်းကောင်းရှင်သန်ပါ… တို့တွေက အသက်လည်းကြီးပြီ ကျန်းမာရေးလည်း မကောင်းတော့ဘူး တကယ်လို့ ဒီလိုဆင်းရဲဒုက္ခတွေကို ခံရမယ်ဆိုရင် တို့တွေခံနိုင်မှာ မဟုတ်ဘူး… သနားစရာဘဝနဲ့ အသက်ရှင်နေရမှာထက် နည်းနည်းလောက် စောစောစီးစီးထွက်သွားတာက တို့တွေခံစားရမယ့် ဒုက္ခကို ကင်းဝေစေတာပေါ့…
တို့တွေက ဘဝတစ်ခုလုံးကို စာပေပညာတွေအပေါ်မှာပဲ မြှုပ်နှံထားခဲ့တာ … အခြေအနေအားလုံးက ဒီလိုမျိုး ပြောင်းလဲသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး… ခင်မင်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေ လုပ်ဖော်ကိုင်ဘက်အားလုံး ကွယ်လွန်သူတွေ၊ ကျေးလက်ကို ပို့ခံရသူတွေချည်းပဲ.. တို့တွေ အသက်အရွယ်မှာ ငယ်ငယ်ကတည်းက ဘာဆင်းရဲဒုက္ခမှ မခံစားခဲ့ဖူးတော့ ကျေးလက်သွားပြီး နေထိုင်၊ လယ်ယာလုပ်ခိုင်းတာက တို့တွေကို သေခိုင်းလိုက်တာနဲ့ အတူတူပဲ.. ကျန်းမာရေးလည်း မကောင်းဘူးလေ.. မြို့ကိုပြန်ရောက်မယ့် အချိန်ထိ တို့တွေ အသက်ရှင်မှာ မဟုတ်ဘူး.. တို့တွေမှာ သွေးတိုး၊ ဆီးချိုနဲ့ တခြား တခြားသော အသေးအဖွဲရောဂါတွေကလည်း အပြည့်ပါပဲ တို့တွေ ကျန်းမာရေးက တော်တော် ဆိုးရွာနေတာ ဒီလိုဆင်းရဲဒုက္ခကို တကယ်မခံစားနိုင်ဘူး… အခုတော့ တို့တွေ သွားပြီနော်… ဒါကထာဝရအဆုံးသတ်ဖြစ်ပြီး တို့တွေလည်း စိတ်တုံးတုံးချနိုင်ခဲ့ပြီ.. ဒါကြောင့်မို့ တို့တွေအတွက် ဝမ်းမနည်းပါနဲ့ ဝမ်းနည်းစရာလည်း မလိုပါဘူး…
ကြိုတင်ပြင်ဆင်ထားခဲ့ကြလို့ တို့တွေရဲ့အခြေအနေက ပုံမှန်ထင်ရပြီး ရုတ်တရတ် မဆန်ခဲ့ပါဘူး… မင်းအဖေကတော့ တကယ်ကို အားကိုရလို့ မရတဲ့သူနော်.. မင်းအမေနဲ့ သူ ပတ်သက်တာကို တို့တွေပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမဲ့ တားလို့မရခဲ့ဘူး၊ အခုတော့ ဒီလိုရလဒ်မျိုး ထွက်လာခဲ့ပြီပေါ့..
'မကောင်းတဲ့မိဘဆိုတာ မရှိဘူး' ဆိုတဲ့ ရှေးရိုးစကားပုံတစ်ခု ရှိပေမဲ့ တို့တွေကတော့ အဲဒါကို မယုံဘူး..တချို့လူတွေက မွေးကတည်းက စိတ်ဓာတ်မကောင်းကြတာမို့ မင်း သူ့ကို သတိထားရမယ် သူက လူသတ်တာတို့၊ မီးရှို့တာတို့အထိတော့ မလုပ်ရဲပေမဲ့ တခြား ရွံရှာစရာကောင်းတဲ့ ကိစ္စတွေကိုတော့ အများကြီး လုပ်ခဲ့တာ အမှန်ပဲ..သူက အရမ်း လောဘကြီးတယ်၊ သူ့ကို သတိနဲ့ ဆက်ဆံပါ..
တို့ မိသားစုနောက်ခံက မကောင်းလှပေမဲ့ ငါတို့မှာ ပိုက်ဆံရှိတယ်လေ..ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ တို့တွေ အရမ်းကို အေးအေးဆေးဆေးနဲ့ လူမသိအောင် နေထိုင်ခဲ့ကြတယ်..တို့တွေ မရှိတော့ရင်လည်း ဘယ်သူမှ သိပ်ပြီး ဂရုစိုက်နေမှာ မဟုတ်ပါဘူး..ငါတို့ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို သေတ္တာ ကိုးလုံးထဲ ခွဲထည့်ထားတယ်..သေချာရှာကြည့်ပါ၊ မင်း ရှာတွေ့မှာပါ… ဒါကို မင်းရဲ့ နေ့စဉ်ဘဝအတွက် သုံးစွဲပါ…အကြီးအကျယ် ပြဿနာမရှိရင် ဒီပိုက်ဆံက မင်းကို နှစ်ပေါင်းများစွာ သက်သောင့်သက်သာ နေထိုင်နိုင်စေလိမ့်မယ်လို့ ထင်ပါတယ်..
ဒါ့အပြင် တို့တွေမှာ မိသားစုအမွေအနှစ်တချို့လည်း ရှိသေးတယ်၊ အဲဒါတွေကိုလည်း သိမ်းဆည်းထားပြီးသားပါ…ဒါပေမဲ့ ဒါတွေအားလုံးကို သယ်ဆောင်သွားဖို့က 'သုံးနှစ်သားလေးက ရွှေတုံးကို ကိုင်ပြီး လူကြားထဲ လျှောက်သွားနေသလို' မင်းအတွက် အရမ်း အန္တရာယ်များတယ်..ဒီအမွေအနှစ်တွေကြောင့် မင်းကို ဘေးဒုက္ခဖြစ်စေမယ့်အစား အလင်းမမြင်ရဘဲ ဒီအတိုင်းပဲ ရှိနေတာကို တို့တွေ ပိုလိုလားတယ်..ဒါကြောင့် အဲဒါတွေ မရှိဘူးလို့ပဲ သဘောထားလိုက်ပါ..
မင်း တို့တွေကို သတိရပေးပြီး ကောင်းမွန်တဲ့ဘဝမှာ ရှင်သန်နေသရွေ့ ဒါဟာ တခြားအရာအားလုံးထက် ပိုအရေးကြီးပါတယ်.. မင်းရဲ့ လောဘကြီးတဲ့ အဖေကို ပြန်တွေ့ခဲ့ရင်တောင် သူ့ကိစ္စထဲ ဝင်မပါနဲ့..ပိုက်ဆံက လူတွေကို ရူးသွပ်သွားစေနိုင်တဲ့အထိ စွမ်းအားကြီးတယ်..ဒါကြောင့် လက်လွှတ်လိုက်ပါ..မင်း ကောင်းကောင်းမွန်မွန် နေနိုင်သရွေ့ တို့တွေ မရှိတော့ရင်တောင် စိတ်အေးရမှာပါ..
ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပါ..အားလပ်ရက်တွေနဲ့ ပွဲတော်ရက်တွေမှာ တို့တွေရဲ့ ဂူသင်္ချိုင်းဆီ လာလည်နိုင်ရင် အကောင်းဆုံးပေါ့..ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..နောက်ဆုံးအနေနဲ့... ဒီစာကို ဒီအတိုင်း မချန်ထားခဲ့ပါနဲ့ (ဖျက်ဆီးပစ်ပါ)။"
စာမှာ ရှည်လျားလှသည်လည်းမဟုတ်၊ တိုသည်လည်းမဟုတ်၊ သင့်တင့်လျောက်ပတ်စွာ ရေးသားထားသည်သာ…
ချန်ချင်းယွီ စာကိုတင်းကြပ်နေအောင် ဆုပ်ကိုင်ထားမိပြီး မျက်ဝန်းများမှာ နီရဲနေခဲ့သည်။
“မေမေ..ဘာဖြစ်လို့လဲ”
သူမ ကလေးလေးနှစ်ယောက် ရှောင်ကျားနှင့်ရှောင်ယွမ်မှာ ထွက်လာကြပြီး မိခင်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။
ချန်ချင်းယွီ ခေါင်းခါပြလိုက်ပြီး ပြန်ပြောလိုက်သည်။
“မေမေ ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်”
သူမ စာကိုသေတ္တာထဲ ပြန်ထည့်လိုက်ပြီး သေတ္တာကို မီးဖိုထဲသို့ လျင်မြန်စွာ ပစ်ထည့်လိုက်၏။ ထို့နောက်..
“မေမေတို့ ရေသွားချိုးကြစို့”
ရှောင်ကျားနှင့်ရှောင်ယွမ်မှာ မိခင်ဖြစ်သူကို စိုးရိမ်ပူပန်စွာကြည့်ပြီး တိုးတိုးလေး ဆိုလာကြသည်။
“မေမေ ဝမ်းမနည်းပါနဲ့”
ချန်ချင်းယွီ ညင်ညင်သာသာလေး ခေါင်းညိမ့်ပြလိုက်ပြီး
“မေမေ သိပါတယ်.. ဝမ်မနည်းပါဘူး.. သွားကြစို့”
သူမသည် စိတ်ကိုအမြန်ဆုံးပြန်ထိန်းလိုက်ပြီး ကလေးနှစ်ယောက်ကို ခေါ်ထုတ်လာခဲ့၏။ အများသုံးရေချိုးခန်းမှာ သိပ်မဝေးလှသဖြင့် စက်ဘီးစီးသွားစရာမလိုပေ။ ချန်ချင်းယွီသည် အိမ်တံခါးကို သေချာခတ်ပြီး သူတို့ကို ဦးဆောင်ကာ ထွက်လာခဲ့သည်။
အပြင်ရောက်မှ တစ်ခုခုကို သတိရသွားပြီး "ခဏစောင့်ဦးနော်" ဟု ပြောကာ အိမ်ထဲသို့ ပြန်ဝင်သွား၏။
ချန်ချင်းယွီသည် မီးဖိုထဲမှ သံဘူးလေးကို ပြန်ထုတ်ယူလိုက်သည်။ ထိုသံဘူးမှာ အပြင်ဘက်တွင် သံချေးများတက်နေပြီး အလွန်ရိုးစင်းလှသည့်အပြင် ရေဆိုးမြောင်းထဲမှ ပစ္စည်းတစ်ခုသည် အဘယ်မှာ ကောင်းနိုင်မည်နည်း။ သူမသည် မဆိုင်းမတွဘဲ ထိုဘူးကို သတင်းစာဖြင့် ထုပ်ပိုးကာ အပြင်သို့ ထွက်လာခဲ့၏။ကံကောင်းသည်မှာ ဘူးက သိပ်မကြီးသဖြင့် အထုပ်ထဲတွင် ဘာရှိမှန်း မသိသာပေ။ သူမ အပြင်ကို တစ်ခေါက်ပြန်ထွက်လာချိန်တွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သူတို့၏ နှာခေါင်းလေးများကို လက်ဖြင့် ပိတ်ထားကြသည်။
ချန်ချင်းယွီ စကားမဆိုဘဲ ပြုံးလိုက်ပြီး
"ရေမချိုးခင် အိမ်သာအရင်သွားရအောင်"
"ဟုတ်ကဲ့ပါ~"
အမှန်စင်စစ် ချန်ချင်းယွီသည် အိမ်သာသွားရန်မဟုတ်ဘဲ ထိုအရာကို အိမ်သာကျင်းထဲသို့ ပစ်ချရန်သာ ဖြစ်၏။
၎င်း၏ အနံ့မှာ အလွန်ပြင်းထန်လှသဖြင့် မည်သည့်နေရာတွင်ထားထား သိသာနေမည်ဖြစ်သော်လည်း အိမ်သာကျင်းထဲတွင်မူ အနံ့အသက်ချင်းရောနေ၍ သိသာနေမည်မဟုတ်ပေ။
ပစ်ချပြီးနောက်တွင်မှ ချန်ချင်းယွီသည် စိတ်အေးသွားဟန်ဖြင့် ရင်ဘတ်ကို ဖိလိုက်မိသည်။
သူမ စိတ်ပေါ့ပါးသွားပြီးနောက် ကလေးများကို ရေချိုးခန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ချန်ချင်းယွီ စိတ်မကြည်မလင်
ဖြစ်နေသည်ကို ကလေးနှစ်ယောက်မှာ ရိပ်မိကြသဖြင့် လမ်းတစ်လျှောက်တွင် မြူးတူးခုန်ပေါက်မနေဘဲ သူမကိုသာ အကဲခတ်ကြည့်နေကြ၏။ ချန်ချင်းယွီ လက်ကိုမြှောက်ကာ သူတို့၏ခေါင်းလေးများကို ပွတ်သပ်ပေးရင်း "မေမေ ဘာမှမဖြစ်ပါဘူး" ဟု ပြောလိုက်သည်။
ရှောင်ကျား : "....မေမေ၊ မေမေ့လက်တွေက အရမ်းညစ်ပတ်နေတယ်"
အသံချိုချိုအေးအေးလေးနှင့် ရှောင်ယွမ်မှာ အစ်ကိုဖြစ်သူအား
"မေမေ့ကို ရွံမသွားနဲ့လေ"
"ငါက မေမေ့ကို မရွံပါဘူး၊ မေမေ့ကို ချစ်တာ"
ရှောင်ကျား အမြန်ပြန်ပြောပြီး ချန်ချင်းယွီကို ကြည့်ကာ အလေးအနက်ထား၍ ပြုံးပြလိုက်၏။
"မေမေ၊ သားက မေမေ့ကို အချစ်ဆုံးပဲ"
ချန်ချင်းယွီက ညင်သာစွာ ခေါင်းညိတ်ပြရင်း
"မေမေ သိပါတယ်၊ တို့ရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်လေးတွေက လိမ္မာတဲ့ကလေးလေးတွေပဲ"
သူမ နူးညံ့စွာ ပြုံးလိုက်ပြီး
"မင်းတို့က မေမေ့ရဲ့ ရတနာအကြီးလေးနဲ့ ရတနာအငယ်လေးတွေလေ၊ မေ့နေပြီလား"
ကလေးနှစ်ယောက်စလုံး ချက်ချင်း ခေါင်းတငြိမ့်ငြိမ့်နှင့်
"မှတ်မိပါတယ်၊ သားနှစ်ယောက်လုံး မှတ်မိတယ်"
ချန်ချင်းယွီ : "ဒါဆိုရင် ပြီးတာပဲ"
သူမ ပြုံးရင်း မေးလိုက်၏။
"မေမေ့ဆီမှာ အနံ့ဆိုးထွက်နေလား"
"အဲ..."
ကလေးနှစ်ယောက် ခမျာ အမှန်အတိုင်း ပြောရမလားဆိုပြီး ဝေခွဲမရ ဖြစ်သွားကြသည်။
သူတို့လေးတွေ၏ ပုံစံကိုကြည့်ပြီး ချန်ချင်းယွီ မရယ်ဘဲ မနေနိုင်တော့ပေ။
ကလေးလေးတွေဆိုတော့ မလိမ်တတ်ကြသေးဘူးလေ…
"တို့တွေ အဝတ်အစားအသစ်တွေ ယူလာတယ်လေ။ သေချာဆေးကြောလိုက်ရင် အနံ့ဆိုးတွေ ပျောက်သွားမှာပါ"
ကလေးနှစ်ယောက်မှာလည်း အပြိုင်အဆိုင် ခေါင်းညိမ့်လိုက်ကြပြီး
"ဟုတ်တယ်၊ ဆေးပြီးရင် မွှေးသွားမှာ"
“အမှန်ပဲ”
ချန်ချင်းယွီ ပြန်ထောက်ခံပေးလိုက်၏။
သူမ ကလေးများကို ရေချိုးခန်းထဲသို့ ခေါ်သွားခဲ့သည်။ ကလေးများနှင့် စနောက်နေသော်လည်း ချန်ချင်းယွီ၏ စိတ်ထဲတွင်မူ ထိုစာအကြောင်းကိုသာ တွေးနေမိ၏။ အမှန်တကယ်တွင် သူမ အဘွား၏စာသည် ရှင်းလင်းသယောင်နှင့် လျှို့ဝှက်ချက်များ ပါနေသည်။
တစ်စုံတစ်ယောက် ရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် ထိုသို့ ရေးထားခြင်းဖြစ်နိုင်၏။ အစမရှိ အဆုံးမရှိ ရေးသားထားပုံအရ ၎င်းစာသည် သူမ၏ အဘိုးအဘွားများ ချန်ထားခဲ့ခြင်းဖြစ်သည်ဟု မည်သူမျှ အသေအချာ ပြောနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က လူကြီးသူမတစ်ဦးဦး ချန်ထားခဲ့သောစာဟု ခန့်မှန်းမိလျှင်ပင်...
ထိုစာထဲတွင် ပစ္စည်းများကို မည်သည့်နေရာတွင် ဝှက်ထားသည်ဟု အတိအကျ ဖော်ပြမထားပေ။
ထို့အပြင် မိသားစုမှာ ချမ်းသာကြွယ်ဝသည်ဟု ဆိုသော်လည်း သူမအား ပစ္စည်းများကို လိုက်မရှာစေချင်ကြောင်း စာထဲတွင် ရေးသားထား၏။ သို့သော် ၎င်းမှာ မသိစေချင်၍ မဟုတ်ဘဲ တခြားနက်ရှိုင်းသည့် အဓိပ္ပာယ်မျိုး ပါနေကြောင်း ချန်ချင်းယွီ တွေးလိုက်မိသည်။ သို့သော် ထိုအချက်များမှာ သူမအတွက် အရေးမကြီးပေ။ အဓိကအချက်မှာ အဘိုးအဘွားတို့သည် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်မှာ အမှန်တကယ်ဖြစ်ပုံပေါ်၏။
သူတို့သည် မူလအစကတည်းက အချိန်များစွာယု၍ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး မိမိကိုယ်ကိုပါ သေကြောင်းကြံခဲ့ကြသည်။
မူလပိုင်ရှင်မှာ အဘိုးအဘွားများသည် မိမိအတွက်ကြောင့် သေကြောင်းကြံစည်သွားခဲ့သည်ဟု ယုံကြည်နေခြင်းမှာ မထူးဆန်းတော့ပေ။ ကြည့်ရသည်မှာ မိသားစုအချင်းချင်းကြားတွင် ပြောပြမရနိုင်သည့် နားလည်မှုများ ရှိနေခဲ့ဟန်ပေါ်၏။
ချန်ချင်းယွီ ဝမ်းနည်းသွားခဲ့ပြီး တစ်ဖက်တွင်လည်း စိတ်သက်သာရာ ရသွားရသည်။ သူမ ထင်သကဲ့သို့ လူသတ်မှု မဟုတ်၍ အနည်းဆုံး စိတ်အေးသွားမိ၏။
အင်း…တကယ်တော့ ဒီလောကမှာ လုပ်ကြံဖန်တီးထားတဲ့ ပူးပေါင်းကြံစည်မှုတွေ၊ အကွက်ချစီစဉ်မှုတွေက ထင်သလောက် အများကြီး မရှိပါဘူး… ဒါကလည်း ဟုတ်တာပါပဲ၊ ဒီနေရာက စုံထောက်ကိုနန် ဇာတ်လမ်းထဲကလို နေရာမျိုးမှ မဟုတ်တာ၊ ဘယ်မှာ လူသတ်မှုအရှုပ်တော်ပုံတွေ ဒီလောက် အများကြီး ရှိနေပါ့မလဲ…
စိတ်အေးသွားသော်လည်း ဝမ်းနည်းကြေကွဲမှုမှာ ကျန်နေဆဲပင်။
မည်သို့ပင်ဖြစ်စေ… သူတို့မှာ သူမ၏ မိသားစုဝင်များ မဟုတ်လော့။
ချန်ချင်းယွီ သက်ပြင်းများ ချလိုက်မိပြီးနောက် စာအကြောင်းကို ထပ်မံ တွေးတောလိုက်မိသည်။
သူမ၏အဘိုးအဘွားတို့မှာ တမင်တကာ ကြိုတင်၍ ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ ဝှက်ထားခဲ့လျှင် မည်သည့်နည်းနှင့်မှ လူယုတ်မာ ချန်ရိကျွင်းလက်ထဲ အရောက်မခံနိုင်ကြောင်း သိသာလှ၏။ စာထဲတွင်လည်း သားမက်ဖြစ်သူ ချန်ရိကျွင်းအပေါ် မုန်းတီးနေကြောင်း သိသာနေသည်။ သို့ဖြစ်၍ ထိုသို့သောလူမျိုးလက်ထဲ သူတို့အမွေအနှစ်များ အပါခံမည် မဟုတ်ပေ။
ထို့အပြင် စာ၏အဆုံးသတ် မှာကြားချက်မှာ…. တစ်ခုခုကို လျှို့ဝှက်ထားကြောင်း ချန်ချင်းယွီ ခံစားမိနေ၏။
သူမအနေဖြင့် သူတို့ကို နားမလည်သော်လည်း စာမှာ ရိုးရိုးတမ်းတမ်း နှုတ်ဆက်မျှသာ ဖြစ်သည်ဟူ၍မူ သူမ လုံးဝမယုံပေ။ သူမ၏ အဘိုးအဘွားများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မတည်ထောင်ခင်ကတည်းက တက္ကသိုလ်ဘွဲ့ရ ပညာတတ်များဖြစ်ပြီး နိုင်ငံခြား၌ပင် ပညာသင်ကြားခဲ့သူများ ဖြစ်၏။ သူတို့သည် ဗဟုသုတကြွယ်ဝပြီး ထက်မြက်ကြကာ ယဉ်ကျေးသော ပညာတတ် လူတန်းစားဖြစ်သည့်အပြင် အလွန်ပင် ဉာဏ်ကောင်းကြ၍ ချန်ရိကျွင်းအား အလွယ်တကူ အခွင့်အရေးပေးမည် မဟုတ်ပေ။ ထိုစာထဲရှိ စကားလုံးများမှာ သာမန်ကာလျှံကာ ပုံစံမျိုးဖြစ်ပြီး သူတစ်ပါးလက်ထဲ ကျရောက်သွားလျှင် မသိသာအောင် ရေးသားထားခဲ့ပြီး နောက်ဆုံးမှာကြားချက်သည်သာ ပိုနက်ရှိုင်းသော အဓိပ္ပာယ် ပါဝင်နေ၏။
“မေမေ ရောက်ပြီ”
“ကဲ ဝင်ကြစို့”
ချန်ချင်းယွီ ကလေးနှစ်ယောက်ကို ရေချိုးခန်းထဲ ခေါ်ဆောင်းသွားသည်။ လက်မှတ်စစ်သူ အမျိုးသမီးမှာ နှာခေါင်းရှုံ့၍ မျက်စောင်းထိုးကာ ကြည့်နေ၏။ သူမပုံစံမှာ သန့်ရှင်းမှု မရှိသော ချန်ချင်းယွီ၏ အနံ့အသက်ကို အလွန်ရွံရှာနေဟန်ပေါ်သည်။
သို့သော် အရေထူသော ချန်ချင်းယွီမှာ ဂရုမစိုက်ပေ။ သူမ အနေဖြင့် ရေဆိုးမြောင်း၏ အနံ့အသက်များကို ဖယ်ရှားပစ်ချင်ရုံသာမက မနေ့ည၌ မိုးမိခဲ့သည့်အတွက် ခန္ဓာကိုယ် နွေးထွေးသွားစေရန် ရေနွေးနွေးဖြင့် ရေချိုးချင်နေ၏။
မနေ့ည၌ ရေချိုးခဲ့သော်လည်း ယခုကဲ့သို့ ရေနွေးနွေးစိမ်ချိုးသည့် ခံစားချက်ကို မမီနိုင်ပေ။
ချန်ချင်းယွီ ရေကန်ထဲတွင် ကိုယ်ကိုနစ်ထားရင်း ကိစ္စအတော်များများကို စဉ်းစားနေမိသည်။ ဤခန္ဓာကိုယ် မူလပိုင်ရှင်သည် အဘယ်ကြောင့် အမြဲတမ်း လူမသိအောင် နေထိုင်ပြီး မိသားစုနောက်ခံကြောင့် အကဲဖြတ်ခံရမှာကို ကြောက်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမတို့မိသားစုသည်ကား သာမန်မိသားစု မဟုတ်၍ပင်။ သူမ အဘိုးဖြစ်သူ၏ မိခင် (ချန်ချင်းယွီ၏ ဘွားဘွားကြီး) သည် နောက်ဆုံးလက်ကျန် တော်ဝင်မိသားစု၏ မင်းသမီးတစ်ပါး ဖြစ်၏။
ထို့အပြင် သူမ အဘွားသည်လည်း ပြည်ပတွင် ပညာသင်ခဲ့သည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်ခဲ့ပြန်ရာ သူတို့အားလုံးမှာ သာမန်မိသားစုမှ ဆင်းသက်လာသည်ဟုဆိုလျှင် မည်သူယုံမည်နည်း။
သူတို့၏ ပိုင်ဆိုင်မှုများကို ဖြုန်းတီးပစ်လိုက်ပြီဟု ဆိုလျှင်ပင် သူတို့သည် လျှော့တွက်၍မရသော အရှိန်အဝါရှိသူများ ဖြစ်နေသေးသည်။
ချန်ရိကျွင်း တွေးသကဲ့သိုပင် သူတို့မှာ မသောက်မစား၊ လောင်ကစားကင်း၍ ရိုးရိုးတန်းတန်းသာ နေခဲ့ကြရာ ဤမျှ များပြားလှသော သူတို့စည်းစိမ်များကို အဘယ်မှာ ကုန်အောင် သုံးနိုင်မည်နည်း။ တဖြည်းဖြည်း ကုန်သွားသည်ဖြစ်စေ၊ အသေအချာ ပြန်စမ်းစစ်လျှင် ယုတ္တိမရှိလှပေ။ ထို့ကြောင့်ပင် မူလ ချန်ချင်းယွီသည် ကြွက်ကလေးတစ်ကောင်ကဲ့သို့ ကြောက်ကြောက်ရွံ့ရွံ့ နေနေခဲ့ခြင်းပင်။
သူမ၏ အဘိုးနှင့် အဘွားမှာ ဆင်းရဲဒုက္ခဒဏ်ကို မခံစားလိုကြသဖြင့် ဤသို့ပင် လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။
ဤသို့ ပြန်လည်ဆင်ခြင်ကြည့်လျှင်မူ သူတို့၏ လုပ်ရပ်မှာ အံ့သြဖွယ်ရာ မရှိတော့ပေ။
ထိုလူကြီးနှစ်ဦးမှာ ငယ်စဉ်ကတည်းကပင် ချမ်းသာကြွယ်ဝမှုကြား၌ ကြီးပြင်းလာခဲ့ကြသူများဖြစ်ရာ ယခုကဲ့သို့ ရောဂါဝေဒနာများ ဖိစီးနှိပ်စက်လာချိန်တွင် ဆက်လက်ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြတော့သည်မှာ ဓမ္မတာပင် ဖြစ်၏။ တစ်ခါတစ်ရံတွင် မိမိ၏ ဆန္ဒကို တိတိကျကျ သိမြင်နေခြင်းမှာ ဘာမှမသိဘဲ တွေဝေစွာ ရှင်သန်နေခြင်းထက် ပို၍ပင် ပြတ်သားမှုကို ဖြစ်စေသည်။
ချန်ချင်းယွီသည် ရေကန်အတွင်း၌ လှဲလျောင်းစိမ်နေရင်း အဘိုးနှင့် အဘွားတို့၏ ဘဝအသေးစိတ်များကို ပြန်လည်ပုံဖော်ကြည့်ရာ ဤဆုံးဖြတ်ချက်မှာ သူတို့၏ ပင်ကိုယ်စရိုက်နှင့် ထပ်တူကျနေကြောင်း တွေ့ရ၏။ အမှန်စင်စစ် သူမသည် သူတို့ချန်ထားရစ်ခဲ့သည့် ရတနာများအပေါ်၌လည်း များစွာ စွဲလမ်းမက်မောခြင်း မရှိလှပေ။ ရှာတွေ့ပါက ကံကောင်းခြင်းတစ်ရပ် ဖြစ်သော်လည်း၊ ရှာမတွေ့ခဲ့လျှင်လည်း 'ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ' ပေါ်ပေါက်လာသည့်အခါ သူမ၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် ဘဝကို တည်ဆောက်နိုင်သည်ဟု ယုံကြည်ထားသည်။ အချိန်ခရီးသွားလာခဲ့ရခြင်းသည် သူမ၏ ဉာဏ်ရည်ကို တိုးတက်မလာစေခဲ့သော်ငြား၊ အနာဂတ်၏ ဖြစ်ပျက်ပုံများကို ကြိုတင်သိမြင်ထားသည့် အသိတရားမှာ သူမအတွက် အကြီးမားဆုံး အားသာချက် ဖြစ်နေ၏။
ထို့ပြင် သူမသည် ကိုယ်ခံပညာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ထားသူ ဖြစ်သည်။ ချန်ချင်းယွီမှာ ရောင့်ရဲလွယ်သော သဘာဝရှိရာ သူမ၌ ပိုင်ဆိုင်ထားသော အားသာချက်များမှာ လုံလောက်နေပြီဟု ခံစားနေရ၏။ အဆိုးဆုံးအခြေအနေ၌ပင် သူမသည် ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြင့် သက်သောင့်သက်သာ ရှင်သန်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ကျန်း မိသားစု၏ ဝှက်ဖဲများကို ရှာဖွေရန် စိတ်အားထက်သန်ခြင်း မရှိဘဲ၊ လာမည့် နှစ်အနည်းငယ်အတွင်း စားဝတ်နေရေး ပြေလည်စေရန်အတွက် သေတ္တာအနည်းငယ်မျှ ရှာတွေ့လျှင်ပင် ကျေနပ်နေမည်သာ။ အမှန်တကယ်ပင် လွန်ခဲ့သော နှစ်အနည်းငယ်မှာ အခက်ခဲဆုံးအချိန်များ ဖြစ်ခဲ့သော်လည်း နောင်တွင်မူ အရာရာ တိုးတက်ပြောင်းလဲလာတော့မည် မဟုတ်လော့။
သို့သော်လည်း စာ၏ နောက်ဆုံး စကားလုံးအချို့မှာ အပေါ်ယံ အဓိပ္ပာယ်ထက် ပိုမိုနက်ရှိုင်းသည်ဟု သူမ အခိုင်အမာ ယုံကြည်ထားသည်။ ချန်ချင်းယွီသည် ခေတ္တမျှ စိတ်ရှုပ်ထွေးသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည်
ထိန်းချုပ်လိုက်၏။ အရာရာကို ကံတရား၏ လမ်းညွှန်မှုအတိုင်းသာ လွှတ်ထားရန် ဆုံးဖြတ်လိုက်သည်။ ဤစာကိုပင် စိတ်ကူးပေါက်၍ ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ရာ နောင်တွင်လည်း အခြားအရာများကို ရှာတွေ့နိုင်ကောင်း၏။ ယခု ရရှိထားသည့် အရာများမှာပင် သူမအတွက် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
ငယ်စဉ်ကတည်းက တစ်ဦးတည်း ရှင်သန်ခဲ့ရသူဖြစ်သဖြင့် သူမသည် မိမိ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ရာ၌ အလွန်ပင် ကျွမ်းကျင်လှ၏။
သူမ ရေချိုးခန်းမှ ထွက်လာချိန်တွင် မိုးဖွဲလေးများ စဲသွားခဲ့ပြီ ဖြစ်သည်။ သူမသည် မိမိ၏ ခန္ဓာကိုယ်သာမက အဝတ်အစားများကိုပါ တစ်ခါတည်း သန့်စင်အောင် လျှော်ဖွတ်ခဲ့၏။ ထိုခေတ်ကာလ၏ ဓလေ့ထုံးစံနှင့်အညီ ချွေတာနိုင်သမျှ ချွေတာခြင်း ဖြစ်သလို၊ သန့်ရှင်းနေသော ခန္ဓာကိုယ်ထက်၌ အနံ့အသက်ဆိုးသော အဝတ်အစားများကို ဝတ်ဆင်ရန်မှာ သူမအတွက် အဖြစ်မခံနိုင်သော ကိစ္စရပ်ပင်။
မဟုတ်ရင် ရေချိုးလည်း ဘာထူးတော့မှာလဲ…
လျှော်ပြီးသား အဝတ်ခြင်းတောင်းကို မရင်း ကလေးများကို လက်တစ်ဖက်စီမှ ဆွဲထားရသည်။
"မေမေ၊ သားတို့ ဘာသာ လမ်းလျှောက်နိုင်ပါတယ်"
ကလေးများမှာ ပြောဆိုလာ၏။
ချန်ချင်းယွီ : "မြေပြင်က ရွှဲနေတာလေ။ မေမေက မင်းတို့ကို ပြောင်စင်အောင် ဆေးပေးထားတာ၊ အနည်းဆုံးတော့ တစ်ရက်လောက် သန့်သန့်ရှင်းရှင်း နေပါဦး..မင်းတို့အကြောင်း မေမေမသိဘူး ထင်နေလား..ခဏလေး မျက်စိလွဲလိုက်တာနဲ့ ရေအိုင်တွေထဲ ခုန်ချတော့မှာ မဟုတ်လား"
ရှောင်ကျားနှင့်ရှောင်ယွမ်တို့မှာ မျက်လုံးလေးများ ကလည်ကလည်နှင့် ဟိုကြည့်ဒီကြည့် လုပ်နေကြလေသည်။
သူတို့မေမေက အကွက်မြင်မြင်နဲ့ မှန်အောင် ခန့်မှန်းလိုက်တာပဲ…
ချန်ချင်းယွီ တိုးတိုးလေး ရယ်လိုက်မိ၏။
ဒါ သူမရဲ့ ကလေးတွေလေ၊ သူတို့ ဘာလုပ်ချင်နေလဲဆိုတာ ကြည့်လိုက်ရုံနဲ့ သိတာပေါ့…
ဒီမျောက်လောင်း ကလေးနှစ်ကောင်ရဲ့ အကြောင်းကို သူမ အကုန်သိပါတယ်…
ဒါပေမဲ့ မရဘူးနော်…
ကလေးများ ယခုကဲ့သို့ သန့်သန့်ရှင်းရှင်း သပ်ရပ်နေသည်မှာ မြင်ရခဲလှသည်ပင်။
တခြားအချိန်တွေမှာ ညစ်ပတ်ချင်သလောက် ညစ်ပတ်နိုင်ပေမဲ့ ဒီနေ့တော့ မရဘူး…
"ဗိုက်ဆာနေကြပြီလား"
"ဟုတ်"
ရှောင်ယွမ်မှာ တဂူးဂူးမြည်နေတဲ့ သူမ ဗိုက်ကလေးကို ပွတ်နေ၏။
ချန်ချင်းယွီ သာသာယာယာ ရယ်လိုက်ရင်း
"လာ... မေမေ မင်းတို့ကို မုန့်လိုက်ကျွေးမယ်"
ကံကောင်းသည်မှာ သူမသည် မှောင်ခိုစျေးသို့သွားတိုင်း ရိက္ခာလက်မှတ်နှင့် အသားလက်မှတ်များကို တတ်နိုင်သမျှ ဝယ်ယူစုဆောင်းထားလေ့ရှိသည်။ သို့မဟုတ်ပါက ဤမျောက်ကလေးနှစ်ကောင်ကို ခေါ်ထုတ်ပြီး အပြင်၌ စားသောက်ရန် ရိက္ခာလောက်ငမည်မဟုတ်ပေ။ ချန်ချင်းယွီသည် အစားအသောက်နှင့် ပက်သက်လာလျှင် မိမိကိုယ်ကိုယ် ဘယ်သောအခါမှ နှမြောတွန့်တိုသူ မဟုတ်ပေ။ သူမအတွက်မှာ အဝတ်အစား ညံ့ဖျင်းသည်မှာ ကိစ္စမရှိသော်လည်း အစားအသောက် ညံ့ဖျင်းသည်ကိုမူ အဖြစ်မခံနိုင်ပေ။
ယခုဆိုလျှင် သူမသည် ခွဲတမ်းရသော စီမံကိန်း ရိက္ခာများကိုပင် ဝယ်ယူခြင်း နည်းပါးသွားခဲ့ပြီဖြစ်၏။
သတ်မှတ်ထားသော ရိက္ခာခွဲတမ်းအပြင် သီးသန့်မှောင်ခိုစျေးသို့ သွားသည့်အခါတိုင်း အကောင်းစားဆန်နှင့် ဂျုံမှုန့်များကိုသာ ရွေးချယ်ဝယ်ယူလေ့ရှိသည်။
အဝတ်အစား ညံ့ဖျင်းပါက သူတစ်ပါးကို မျက်စိလည်အောင် လှည့်စားထားနိုင်သော်လည်း၊ အစားအသောက် ညံ့ဖျင်းလျှင်မူ မိမိ၏ ဝမ်းဗိုက်သာ အနစ်နာခံရမည် မဟုတ်လော့။ ထို့ပြင် စားသောက်လိုက်သည်ကိုလည်း သူတစ်ပါး မြင်နိုင်သည်မဟုတ်ရာ၊ ချန်ချင်းယွီသည် ဤကိစ္စတွင် အလျှော့ပေးမည့်သူမဟုတ်ပေ။
သို့သော် သူမသည် ပုံမှန်အားဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက် အနီးအနားတွင် စားသောက်လေ့မရှိပေ။ သူတစ်ပါး မြင်သွားလျှင် အနည်းနှင့်အများ စကားပြောစရာ ဖြစ်နိုင်၏။ သူမသည် ကလေးများကို ခေါ်ဆောင်ကာ အမြဲတမ်း ဝေးရာသို့ သွားလေ့ရှိသည်။ သို့သော် ယနေ့မူ အချိန်နှောင်းသွားပြီဖြစ်ရာ ဒေသပိုင် စားသောက်ဆိုင်များမှာ နေ့လယ်စာအချိန် ပြီးဆုံးသွားခဲ့ပြီဖြစ်၍ ချန်ချင်းယွီ ခေတ္တမျှ တွေဝေသွားပြီးနောက် ကောင်းမွန်သော နေရာတစ်ခုကို သတိရသွား၏။
သူမ ရယ်မောလိုက်ပြီး
“ဒီနေ့ တို့တွေ နေရာသစ်တစ်ခုကို သွားကြမယ်”
သမဝါယမ အရောင်းကုန်တိုက်မှ ထန်ယွီ့ချန်သည် သူမကို အနီးအနားတွင် စားသောက်ဆိုင်အသေးလေး တစ်ဆိုင်ရှိကြောင်း ပြောပြခဲ့ဖူးသည်ကို သတိရသွားခြင်းဖြစ်သည်။ ချန်ချင်းယွီသည် ထိုသူ သူမကို လိမ်ညာမည်ဟု မစိုးရိမ်ပေ၊ အကြောင်းမှာ ထိုသို့လုပ်ဆောင်ခြင်းမှလည်း မည်သည့်အကျိုးအမြတ်မှ မရနိုင်ပေ။ သူမသည် လမ်းကြောင်းကို မှတ်မိနေဆဲပင်။
ကလေးနှစ်ယောက်ကို ဦးဆောင်ကာ လမ်းများတစ်လျှောက် ကွေ့ဝိုက်လာပြီးနောက် တစ်အိမ်တည်း သီးသန့်ရှိသော အိမ်ရှေ့သို့ ရောက်ရှိလာ၏။ အပြင်မှကြည့်လျှင် သာမန်အိမ်တစ်အိမ်နှင့်သာ တူလှသည်။
ချန်ချင်းယွီ တံခါးကို “ဒေါက် ဒေါက်” မြည်အောင် ခေါက်လိုက်၏။
“ဘယ်သူလဲ”
ချန်ချင်းယွီ အသံတိုးတိုးဖြင့် “ထန်ယွီချန် မိတ်ဆက်ပေးလို့ စားဖို့လာတာပါ” ဟု ပြန်ဖြေလိုက်သည်။
တံခါးလာဖွင့်ပေးသော မိန်းကလေးမှာ ဆံပင်ကျစ်ဆံမြီး အရှည်ကြီး ကျစ်ထားသူဖြစ်သည်။ သူမသည် ချန်ချင်းယွီကို အထက်အောက် အကဲခတ်ကြည့်ပြီးနောက် ကလေးနှစ်ယောက် ပါလာသည်ကို မြင်သောအခါ “ဝင်ခဲ့ပါ” ဟု ဆိုကာ လမ်းဖယ်ပေးလိုက်၏။
ချန်ချင်းယွီ: “ဒီအချိန်ထိ ဟင်းတွေ ရှိသေးရဲ့လား”
ကျစ်ဆံမြီးနှင့် မိန်းကလေးမှာ ခေါင်းညိတ်ပြကာ
“ရှိပါတယ်။”
ယနေ့မှာ မိုးရွာနေသဖြင့် ဧည့်သည် နည်းပါးလှသည်။ ယခု မိုးစဲသွားပြီ ဆိုသော်ငြားလည်း စားချိန်သောက်ချိန် ကျော်လွန်သွားပြီ ဖြစ်၏။
ချန်ချင်းယွီသည် ထိုမိန်းကလေးနောက်မှ အိမ်ထဲသို့ လိုက်ဝင်လာခဲ့ရာ အခန်းငယ်လေးများစွာ ခွဲခြားထားသည်ကို တွေ့ရသည်။ အခန်းငယ်တစ်ခုထဲသို့ ဝင်လိုက်ရင်း သူမ မျက်ခုံးပင့်လိုက်မိသည်။ မည်သည့်ခေတ်ကာလတွင်မဆို သတ္တိရှိသူများ ရှိနေစမြဲပင်။ ဤနေရာမှာ စားသောက်ဆိုင်မှန်း သိသာလှပြီး စစ်ဆေးခံရမည်ကိုပင် မကြောက်ကြပေ။ သို့မဟုတ်ပါကလည်း တစ်စုံတစ်ယောက်၏ အကာအကွယ်ကို ရရှိထားခြင်း ဖြစ်ပေလိမ့်မည်။
သူမသည် ထိုအရေးကိစ္စများကို ဂရုမစိုက်ဘဲ ကလေးများကို နေရာချပေးရင်း ယနေ့ရနိုင်သော စားစရာကို မေးမြန်းလိုက်၏။
“ဒီနေ့ ဘာဟင်းတွေ ရလဲ..အသားဟင်း ရှိလား..”
ကျစ်ဆံမြီးမိန်းကလေး : “အကုန်ရှိပါတယ်။ လက်မှတ်ပါရင် စျေးတစ်မျိုး၊ လက်မှတ်မပါရင် စျေးတစ်မျိုးပါ။ လက်မှတ်မပေးရင်တော့ စျေးနည်းနည်း ပိုကြီးမယ်”
ချန်ချင်းယွီ ခေါင်းညိတ်လိုက်ကာ
“နားလည်ပါပြီ။”
လက်ငင်းငွေချေစနစ်ကို သုံးနိုင်ခြင်းက ပို၍ အဆင်ပြေလှသည်။
ချန်ချင်းယွီသည် ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ သေချာမသိသဖြင့် ထပ်မေးလိုက်၏။
“သတ်မှတ်ထားတဲ့ ဟင်းလျာတွေပဲ စားရမှာလား၊ ဒါမှမဟုတ် ကြိုက်တာ မှာလို့ရလား”
ကျစ်ဆံမြီးမိန်းကလေး : “မြန်မြန်စားချင်ရင်တော့ ဟင်းချက်တာမှာပါ။ အသားဟင်းဆိုရင် ကြက်သွန်မြိတ် ဒါမှမဟုတ် ငရုတ်သီးနဲ့ ကြော်ပေးလို့ရတယ်၊ ဝက်သားနဲ့လည်း ရတယ်။ ချက်တာဆိုရင်တော့ ဝက်သားနီချက်နဲ့ အသားပေါင်းရှိတယ်၊ ဒါကတော့ နည်းနည်း ကြာလိမ့်မယ်။ ဟင်းသီးဟင်းရွက်ဆိုရင် မုန်ညင်းဖြူနဲ့ ဟင်းနုနွယ်တို့ ရှိတယ်၊ ချက်စားလို့ ရပါတယ်။”
ချန်ချင်းယွီ : “အပြင်ထွက်စားမှတော့ ဘယ်သူက အသီးအရွက် စားမှာလဲ… ဝက်သားကြော်တစ်ပွဲ၊ ငရုတ်သီး အသားကြော်တစ်ပွဲ၊ ကြက်သွန်မြိတ် အသားကြော်တစ်ပွဲနဲ့ ဝက်သားနီချက်တစ်ပွဲ ပေးပါ။”
သူမ၏ မျောက်ကလေးနှစ်ကောင်မှာ သုံးနှစ်သားသာ ရှိသေးသော်လည်း အစပ်တော်တော် စားနိုင်ကြသည်။ ချန်ချင်းယွီသည် သူတို့လေးတွေ အစပ်မကြောက်ဘဲ ကြိုက်နှစ်သက်ကြသည်ကို သတိထားမိသဖြင့် သိပ်ပြီး ကန့်သတ်မထားတော့ပေ။ အမှန်တကယ်လည်း ယခုခေတ် ငရုတ်သီးများမှာ ထင်သလောက် သိပ်မစပ်လှပေ။
ကျစ်ဆံမြီးမိန်းကလေးသည် ချန်ချင်းယွီကို မယုံနိုင်သည့်နှယ် ကြည့်နေမိ၏။ ဤကဲ့သို့ ဟင်းမှာသူမျိုးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
သူမ ခေတ္တတိတ်ဆိတ်သွားပြီးနောက် “ငါးရော ယူဦးမလား” ဟု မေးလိုက်၏။
ချန်ချင်းယွီ ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ ငါးမှာ သူမအိမ်တွင် ရှိပြီးသားဖြစ်ရာ မစားချင်ပေ။ ထို့ကြောင့် နောက်ထပ်
အမျိုးအစားကို ထပ်မေးလိုက်သည်။
“တခြား ပင်လယ်စာရော ရှိလား”
“ဒီနေ့တော့ ကမာ ရှိတယ်၊ အမှုန့်ကပ်ကြော် လုပ်ပေးလို့ ရပါတယ်။”
ချန်ချင်းယွီ: “ဒါဆို အဲဒါတစ်ပွဲရယ်၊ ကြက်ဥကြော် တစ်ပွဲရယ် ပေးပါ။”
ကျစ်ဆံမြီးမိန်းကလေး: “ရှင်တို့ ကုန်အောင် စားနိုင်မှာ မဟုတ်ဘူး။”
ချန်ချင်းယွီ: “ရပါတယ်၊ မကုန်ရင် ပါဆယ်ထုတ်သွားမယ်။”
ကျစ်ဆံမြီးမိန်းကလေး: “ကောင်းပါပြီ၊ ကြက်ဥကို ဒီအတိုင်းကြော်မလား၊ တစ်ခုခု ထည့်မလားလောလောဆယ် ဆလပ်ပင်ပေါက်လေးတွေ ရှိတယ်၊ အနံ့မွှေးမွှေးလေးနဲ့ စားလို့ကောင်းတယ်။”
ချန်ချင်းယွီ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ပြုံးပြကာ
“ကောင်းပြီလေ၊ ရှင့်သဘောအတိုင်းပဲ..ထမင်းရော၊ ပေါက်စီရော နှစ်မျိုးလုံး ပေးပါ။ ဪ... ပြီးတော့ ခေါက်ဆွဲ သုံးပွဲလည်း ပေးဦး၊ ဂျင်းများများ ထည့်ပေးနော်၊ ရမလား”
“ရတာပေါ့”
ကျစ်ဆံမြီးမိန်းကလေးသည် ငွေကို မြန်မြန်ဆန်ဆန် သိမ်းဆည်းလိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ ထွက်သွားလေသည်။
သူမအတွက်မှာ လူသုံးယောက်တည်းနှင့် ဤမျှအများကြီး မှာသူကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ ထိုသုံးယောက်ထဲတွင် နှစ်ယောက်မှာ ကလေးများ ဖြစ်နေသည်မှာ ပို၍ပင် ထူးဆန်းလှ၏။ သို့သော် မကုန်လျှင် ယူသွားမည်ဟု ဆိုထားသဖြင့်လည်း သိပ်မအံ့သြတော့ပေ။ သူတို့၏ စားသောက်ဆိုင်လေးမှာ စက်ရုံနှင့် နီးပြီး အနီးအနားတွင်လည်း သမဝါယမ ကုန်စုံဆိုင်များနှင့် ဆိုင်ခန်းများစွာ ရှိသဖြင့် အရောင်းအဝယ် အလွန်ကောင်းလှသည်။
ထို့ကြောင့်ပင် သူတို့ဆိုင်၌ ဟင်းလျာအမျိုးအစား စုံလင်နေခြင်း ဖြစ်၏။ အချို့လူများမှာ အထူးတလည် လာရောက်ဝယ်ယူပြီး ပါဆယ်ထုတ်သွားကြသည်အထိပင်။ ထို့ကြောင့် ချန်ချင်းယွီ အများကြီးမှာသည်ကို သူတို့ သိပ်ပြီး ဂရုမထားကြပေ။
ချန်ချင်းယွီမှာမူ ပထမဆုံးအကြိမ် ရောက်ဖူးသော်လည်း ကြောက်ရွံ့ခြင်း မရှိပေ။ ခေတ်သစ်လူသားတစ်ယောက်အနေဖြင့် စားသောက်ဆိုင် မဝင်ဖူးသူ မရှိပေ။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ စူးစမ်းလိုစိတ်ဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေကြသည်။ ရှောင်ကျား အသံတိုးတိုးဖြင့် ကပ်မေးကာ
“မေမေ၊ ဒီနေရာက စားသောက်ဆိုင်လား”
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်လေ၊ မင်းတို့ကို ဗဟုသုတရအောင် ခေါ်လာတာ။”
ကလေးလေးမှာ ချက်ချင်းပင် မျက်နှာလေး ဝင်းပသွားပြီး လည်ပင်းရှည်ကာ ဟိုကြည့်ဒီကြည့်နှင့် ပြောလေသည်။
“မေမေ၊ ဒီနေရာက ဒေသပိုင် စားသောက်ဆိုင်ထက် သေးတယ်နော်”
ချန်ချင်းယွီ ခေါင်းညိမ့်ပြလိုက်၏။ အမှန်စင်စစ် ဤနေရာမှာ ဒေသပိုင် ဆိုင်ထက် မသေးလှပေ၊ အခန်းငယ်လေးများ ခွဲထားသဖြင့် သေးသည်ဟု ထင်ရခြင်းသာ ဖြစ်သည်။ လူများ၏ လုံခြုံရေးအတွက် ဤသို့ စီစဉ်ထားခြင်းဖြစ်ကြောင်း သူမ သဘောပေါက်၏။ ဤနေရာသို့ လာစားသူများသည် မိမိကိုယ်ကို သူတစ်ပါး အလွယ်တကူ မှတ်မိသွားမည်ကို မလိုလားကြပေ။
ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ထားရဲသည်မှာ နောက်ကွယ်တွင် အရှိန်အဝါရှိသူ တစ်စုံတစ်ယောက် ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။
ချန်ချင်းယွီမှာ ထိုအရေးများကို ဂရုမစိုက်ဘဲ အစားစားရန်သာ အာရုံစိုက်ထားသည်။
“မေမေ၊ ခေါက်ဆွဲထဲကို ဘာလို့ ဂျင်းထည့်တာလဲ၊ ဂျင်းက စားလို့မကောင်းဘူး”
ရှောင်ကျား စပ်စုပြန်၏။ ဤကလေးမှာ အသေးစိတ် အကုန်လိုက်မေးတတ်သည့် စီမံခန့်ခွဲသူလေးသဖွယ် ဖြစ်နေသည်။
ရှောင်ယွမ်သည်လည်း ဘေးမှ ခေါင်းညိတ်လျက် “စားလို့မကောင်းဘူး” ဟု နှုတ်ခမ်းလေးစူကာ ထောက်ခံရှာ၏။
ချန်ချင်းယွီ: “မနေ့က မင်းတို့ မိုးမိထားတာလေ…မေမေက စိတ်မချလို့ပါ။ ဂျင်းစားလိုက်တော့ ချွေးထွက်သွားပြီး ကိုယ်ထဲက အအေးပတ်တာတွေ ပျောက်သွားတာပေါ့။ မဟုတ်ရင် ဖျားသွားရင် ဘယ်လိုလုပ်မလဲ…ဖျားရင် ခါးသက်နေတဲ့ ဆေးတွေ သောက်ရမယ်၊ ဆေးတောင် ထိုးရဦးမှာနော်။”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချက်ချင်းပင် မျက်လုံးလေးများ ပြူးသွားကြသည်။ အမွှာများပီပီ အမူအရာချင်းမှာ တစ်ထပ်တည်း ကျနေ၏။
“ဒါဆိုလည်း ဂျင်းပဲ စားပါတော့မယ်”
ရှောင်ကျား အခြေအနေကို ကြည့်ကာ ချက်ချင်း ဆုံးဖြတ်ချက် ပြောင်းလိုက်သည်။
ရှောင်ယွမ်လေးမှာလည်း ဘေးမှနေ၍ ခေါင်းလေးကို တငြိမ့်ငြိမ့် လုပ်နေရှာ၏။
စားမယ် စားမယ်…
ဆေးမသောက်ချင်ဘူး…
ခါးတဲ့ဆေးတွေ အဝေးကို သွားပါ…
ချန်ချင်းယွီ ပြုံးလိုက်မိသည်။ ညစာစားရန် နောက်ကျသွားပြီ ဖြစ်သော်လည်း ဟင်းပွဲများမှာ အလွန်ပင် လျင်မြန်စွာ ထွက်လာခဲ့ပြီး ခေတ္တအတွင်းမှာပင် ဟင်းအကြော်အလှော်များ စုံစုံလင်လင် ရောက်ရှိလာတော့သည်။
“ကဲ... စားကြစို့”
“ဟုတ်ကဲ့”
သားအမိသုံးယောက်သား အားရပါးရပင် လက်စွမ်းပြကြလေ၏။ ကလေးများမှာ သေးသေးလေးများ ဖြစ်သော်လည်း အစားစားသည့်နှုန်းမှာမူ သိပ်မနှေးလှပေ။
“ဖြည်းဖြည်းစားကြ၊ ဘာတွေ အလောတကြီး ဖြစ်နေတာလဲ..သေသေချာချာ ဝါးစားကြဦး”
ချန်ချင်းယွီ သတိပေးစကားဆိုလျှင် ကလေးများမှာလည်း ချိုသာစွာ ပြန်တုံ့ပြန်ကြသည်။
“ဟုတ်ကဲ့..”
ကလေးငယ်များမှာ အနည်းငယ် ဖြည်းဖြည်းချင်း စားသော်လည်း မြိန်ရည်ယှက်ရည် ရှိလှ၏။ အစားမရွေးသည့် ကလေးများဖြစ်ရာ စားရသမျှမှာ သူတို့အတွက် အလွန်ပင် အရသာရှိနေသည်။
ချန်ချင်းယွီမှာမူ ကြည့်ရင်းနှင့် ဂုဏ်ယူမဆုံး ဖြစ်နေတော့၏။
တွေ့လား... ဒါ သူမရဲ့ ကလေးတွေပဲ…သူမ ချန်ချင်းယွီက ကလေးမွေးတာ တော်ရုံတင်မကဘူး၊ ကလေးတွေကလည်း သိပ်ကို လိမ္မာတာပဲ..
သူမကိုယ်သူမ အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်ကြောင်းပင် ခဏတာ မေ့လျော့ကာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိသည်။
ဟင်း… ဘယ်သူကများ ဒီကလေးတွေကို သူမ သွေးသားမဟုတ်ဘူးလို့ ပြောမှာလဲ…
အိုး.. ငါ့ကလေးလေးတွေ ချစ်စရာလေးတွေ..
ယနေ့ခေတ်ကာလတွင် အစားရွေးသည့်ကလေးဟူ၍ မရှိသလောက် ရှားပါးလှပြီး၊ အသားဟင်းဆိုလျှင် ပို၍ပင် အစားမရွေးကြကြောင်းကိုလည်း သူမ မေ့နေခဲ့သည်။
သို့သော်လည်း ချန်ချင်းယွီကတော့ ဂရုမစိုက်ပါ…သူမကလေးကတော့ သူမအတွက် အတော်ဆုံးပဲ…
သားအမိ သုံးယောက်မှာ ဟင်းများစွာ မှာထားသော်လည်း ချန်ချင်းယွီ၏ စားနိုင်စွမ်းနှင့်ဆိုလျှင် အကုန်ပြောင်စင်သွားရန် လုံလောက်လှသည်။ ပါဆယ်ထုတ်သွားဖို့ဆိုသည်မှာ သူမအတွက်တော့ စဉ်းစားစရာပင် မလိုတော့ပေ။
“ဝက်သား နံရိုးကြော်တစ်ပွဲနဲ့ ကမာကြော် တစ်ပွဲ ထပ်ပေးပါဦး”
ချန်ချင်းယွီ ထပ်မှာလိုက်ပြန်၏။
ကျစ်ဆံမြီးနှင့် မိန်းကလေးမှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး ခဏကြာမှ အံ့ဩသင့်စွာဖြင့် တုံ့ပြန်လာသည်။
“ဟင်…ဪ... ဟုတ်ကဲ့၊ ရပါတယ်”
တကယ်ကို အများကြီးပါပဲ၊
အစ်မကြီး ရှင် လူရော ဟုတ်ရဲ့လား… စားနိုင်လှချည်လားရှင်…
ဒါပေမဲ့...
သူမတို့က ဆိုင်အတွက် ဝင်ငွေကောင်းပေးမယ့်သူများ ဖြစ်သဖြင့် အများကြီးမှာလေ ပိုကောင်းလေ မဟုတ်ပါလား…
“တို့အိမ်မှာ ဆီကြော်ဟင်းတွေ သိပ်မလုပ်ဖြစ်ဘူး၊ ဒါကြောင့် အများကြီး စားကြနော်၊ မကုန်ရင်တော့ အိမ်ယူသွားကြတာပေါ့”
ချန်ချင်းယွီ ကလေးများကို မှာကြားလိုက်၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း လိမ္မာစွာ ခေါင်းညိတ်ကြသည်။
ရှောင်ယွမ် : “ဆီကြော်တွေက စားလို့ကောင်းတယ်၊ ဒါပေမဲ့ အိမ်မှာလုပ်ရင် သူများတွေ သိကုန်လိမ့်မယ်”
ရှောင်ကျားမှာလည်း “ဆီလည်း အများကြီး ကုန်တယ်လေ” ဟု ချက်ချင်းပင် ဝင်ထောက်ခံလိုက်၏။
ချန်ချင်းယွီ : “အို... မင်းတို့လေးတွေက တော်တော် သိတတ်ကြတာပဲ။ ဟုတ်တယ်... ဆီအများကြီး ကုန်တာကြောင့် တို့တွေ အပြင်ထွက်စားကြတာပေါ့”
ဆီများသဖြင့် အဓိကအစားအစာ (ထမင်း/ပေါက်စီ) ကို သိပ်မစားနိုင်တော့သော်လည်း ချန်ချင်းယွီမှာ အကုန်လုံးကို အပြီးသတ် စားပစ်လိုက်သည်။ သူတို့တွင် ထမင်းဘူးများ ပါမလာသဖြင့် အကြွင်းအကျန် သယ်စရာမရှိပေ။ကောင်းကောင်း စားလိုက်ရသဖြင့် အလွန်ပင် ကျေနပ်သွားရ၏။ မိခင်နှင့် ကလေးနှစ်ယောက်မှာ ဗိုက်ကလေးများ အစွမ်းကုန် တင်းကားနေအောင် စားပြီးနောက်မှ ပြန်ရန် ပြင်ဆင်ကြတော့သည်။
ထိုအချိန်တွင် စင်္ကြံလမ်းဘက်မှ စကားပြောသံများကို ကြားလိုက်ရ၏။ ထိုအသံမှာ အလွန်ပင် ရင်းနှီးလှရာ ချန်ချင်းယွီ ချက်ချင်းပင် မှတ်မိသွားသည်…မာကျန့်ယီအသံပင်…
တခြားသူကို မမှတ်မိရင်သာနေမယ်..သူမတို့ ခြံဝင်းထဲက လူဆိုရင်တော့ သူမ ချက်ချင်း သိတာပေါ့…
အမယ်လေး အကုန်လုံး ခွေးချီသွားတောင် မှတ်မိတယ်…
ချန်ချင်းယွီသည် တိတ်ဆိတ်စွာပင် တံခါးနားသို့ တိုးကပ်သွားပြီး အပြင်ဘက်မှ အသံများကို နားစွင့်နေလိုက်သည်။
မာကျန့်ယီမှာ ထမင်းလာစားခြင်းမဟုတ်ဘဲ စားပွဲဝိုင်းကြိုတင်မှာယူရန်နှင့် ဟင်းများ မှာရန် လာခြင်းဖြစ်၏။ ဒီနေ့ညနေတွင် ဧည့်ခံပွဲတစ်ခု ပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်ပေလိမ့်မည်။
ချန်ချင်းယွီသည် သူမှာကြားနေသော ဟင်းလျာများကို အာရုံစိုက် နားထောင်နေမိသည်။
ဝိုး... နည်းလှသည်မဟုတ်…
ဟင်းပွဲပေါင်း ဆယ်ပွဲကျော်ရှိပြီး အများစုမှာ အသားဟင်းများဖြစ်ရာ သူသည် အရေးကြီးသော ဧည့်သည်များကို ဧည့်ခံရန် ပြင်ဆင်နေပုံရ၏။
ချန်ချင်းယွီ ခေါင်းကုတ်လိုက်မိသည်။ မာကျန့်ယီကို ဤကဲ့သို့သော ပုံစံမျိုးဖြင့် မြင်တွေ့ရခဲလှ၏။
မာကျန့်ယီသည် လှည့်ဖြားစည်းရုံးတတ်သည့်နေရာတွင် ဆရာတစ်ဆူဖြစ်သော်လည်း လူပုံစံမှာ ရိုးသားဖြောင့်မတ်သည့် ပုံစံမျိုးဖြစ်ကြောင်း ချန်ချင်းယွီ နားလာ်ထားသည်။ သို့သော်လည်း သူသည် လုံးဝကို အကွက်မရှိသူတော့ မဟုတ်နိုင်ပေ။
“တွေ့တယ်မလား…သူက အားလုံးကို ဧည့်ခံမှာလေ။”
“ဘယ်လို အရက်မျိုး လိုချင်လဲ”
“မောင်ထိုင် မောင်ထိုင်ပဲ ဖြစ်ရမယ်။”
“ကောင်းပါပြီ၊ အဲဒါလည်း ရှိပါတယ်။”
...
ချန်ချင်းယွီသည် ခေတ္တမျှ နားစွင့်နေပြီးနောက် အံ့အားသင့်သွားမိ၏။ ယခုခေတ်ကာလတွင် 'မောက်ထိုင်' အရက်မှာ အလွန်ပင် စျေးကြီးလှသည်။ အဘိုးကြီးမာမှာ တကယ်ကို အားသွန်ခွန်စိုက် လုပ်ဆောင်နေခြင်းပင်။ ဤဟင်းပွဲများအတွက်တင် ချန်ချင်းယွီ သုံးစွဲခဲ့သော ငွေဆယ်ဂဏန်းမက ကုန်ကျပေလိမ့်မည်။ လူအများ၏ တစ်လစာ လစာနှုန်းထားနှင့် ညီမျှသော ငွေပမာဏကို အကုန်အကျခံနေရသည်ဆိုလျှင် အဘိုးကြီးမာ ဧည့်ခံမည့်သူမှာ မည်မျှပင် အရေးကြီးနေသနည်း။
သူမသည် ယခုတစ်ခေါက် ပြန်ရောက်လာသည့် မာကျန်းကို ရုတ်တရက် သတိရသွားပြီး သံသယဝင်မိသွား၏။ အဘိုးကြီးမာသည် မာကျန်းကို ဆဲဆိုနေခြင်း၊ အေးစက်သော မျက်နှာထားဖြင့် ဆက်ဆံခြင်းနှင့် သားဖြစ်သူကို အဆက်အသွယ်မလုပ်ဘဲ ငြင်းပယ်နေခြင်းများကို ကြည့်၍ တလွဲထင်လျှင် မှားသွားပေမည်။ မာကျန်းဘက်မှ အလျှော့ပေးလိုက်သည်နှင့် အဘိုးကြီးမာသည် သားဖြစ်သူအတွက် အစွမ်းကုန် စီစဉ်ပေးတော့မည်သာ…
မိဘဟူသည်မှာ...
အင်း…ချန်ရိကျွင်းလို ခွေးသူတောင်းမျိုးကတော့ ဘယ်နှယောက်ရှိပါ့မလဲ… ရှားပါတယ်..
အများစုမှာ သားသမီးအတွက် အမြဲငဲ့ညှာတတ်ကြသည်သာ…
မာကျန့်ယီ၏ ယခုလုပ်ရပ်မှာ မာကျန်းကို စက်ရုံ၌ အလုပ်ရစေရန် အသေအချာ စီစဉ်နေခြင်းပင် ဖြစ်ရမည်။
ချန်ချင်းယွီ စဉ်းစားကြည့်ရာ မာကျန်း အလုပ်ရရန် အမှန်တကယ်ပင် ဖြစ်နိုင်ခြေရှိ၏။ မာကျန့်ယီသည် စက်ရုံတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ပြီး ခေါင်းဆောင်ငယ် ရာထူးတစ်ခုကိုလည်း ရရှိထားသူဖြစ်သည်။ ထို့ပြင် သူသည် မည်သူ့ကိုမျှ မပြစ်မှားဘဲ လူမှုဆက်ဆံရေး ကောင်းမွန်သူလည်း ဖြစ်၏။ သူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး စက်ရုံသို့ ရောက်ရှိလာခဲ့သူဖြစ်ရာ သူ၏ ရဲဘော်ဟောင်းများထဲတွင်လည်း အရှိန်အဝါရှိသူများ ပါဝင်ပေလိမ့်မည်။ ရှီကျန့်ရှန်းပင် ဤအချက်ကို မကြာခဏ ငြူစူစွာ ပြောဆိုလေ့ရှိသည်။
မာကျန့်ယီ၌ ထိုကဲ့သို့သော အဆက်အသွယ်များ ရှိသော်လည်း သူသည် မိမိ၏ သားသမီးများအတွက် မည်သည့်အခါမျှ အကျိုးအမြတ် မတောင်းခံခဲ့ဖူးပေ။
အကယ်၍ သူ တကယ်တမ်း အကူအညီတောင်းမည်ဆိုလျှင် အမြဲတမ်းဝန်ထမ်းအဖြစ် မရနိုင်လျှင်ပင် ယာယီဝန်ထမ်းအဖြစ်တော့ အလုပ်ရနိုင်၏။
ချန်ချင်းယွီသည် အဘိုးကြီးမာ ဟင်းများမှာကြားပြီး ထွက်သွားသည်အထိ စောင့်ဆိုင်းနေပြီးမှ အပြင်သို့ ထွက်လာခဲ့သည်။ အဘိုးကြီးမာကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
သူမသည် ဘာမှမပြောဘဲ ကလေးနှစ်ယောက်ကို ချီပိုးကာ ထွက်ခွါလာခဲ့၏။ ကျစ်ဆံမြီးရှည်နှင့် မိန်းကလေးမှာ သူမတို့ကို လိုက်လံပို့ဆောင်ရင်း အသံကိုနှိမ့်ကာ
“ဒီနေ့ ရာသီဥတုက သိပ်မကောင်းဘူး။ ပုံမှန်ဆိုရင်တော့ ရာသီဥတုကောင်းရင် အသားတွေ၊ ဟင်းသီးဟင်းရွက်တွေက မြန်မြန်ကျက်တယ်။ အသားဟင်းစားချင်ရင်တော့ စောစောလာတာ အကောင်းဆုံးပဲ”
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ကာ
“ကောင်းပါပြီ”
သူမသည် ဘေးကင်းလုံခြုံမှုရှိစေရန် တံခါးဝမှ အသာချောင်းကြည့်ပြီးမှ ကလေးများကို ခေါ်ထုတ်လာခဲ့သည်။
မိခင်နှင့် ကလေးနှစ်ယောက်မှာ ဗိုက်ဝသွားကြပြီဖြစ်ရာ ချန်ချင်းယွီသည် ဝမ်းနည်းမှုများကို မေ့ပျောက်သွားခဲ့ပြီဖြစ်၏။ကောင်းမွန်သော အစားအသောက်တစ်ခုက မဖြေရှင်းနိုင်သည့် ပြဿနာဟူ၍ မရှိပေ၊ အကယ်၍ တစ်နပ်နှင့် မပြေလည်ပါက နှစ်နပ် စားလိုက်ရုံသာ ရှိသည်။
အစားအသောက်ဆိုတာ… လူကို ဘယ်တော့မှ သစ္စာမဖောက်ဘူး…
သူမ အိမ်သို့ ပြန်လာစဉ် မိုးစဲသွားပြီဖြစ်ရာ လမ်းမထက်၌ လူစည်ကားနေပြီဖြစ်၏။
ချန်ချင်းယွီ ကလေးကိုချီပြီး လမ်းကြားထဲသို့ ဝင်လာစဉ် ခြံဝင်းတံခါးဝ၌ ယွမ်ရှောင်ချွေတစ်ယောက် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ သူမ ချန်ချင်းယွီကို အဝေးမှ မြင်သည်နှင့် အပြေးအလွှား လာနှုတ်ဆက်၏။
“အစ်မချန်”
သူမ၏ ခေါ်ပုံခေါ်နည်းမှာလည်း ဝါစဉ်ကို ရှုပ်ထွေးစေသည်။
ချန်ချင်းယွီမှာ ကျောက်ရုံကို “အစ်မကျောက်” ဟု ခေါ်သော်လည်း၊ ယွမ်ရှောင်ချွေမှာ သူမကို “အစ်မချန်”ဟု ခေါ်နေ၏။
သို့သော်လည်း ထိုအရာများကို သူမ ဂရုမစိုက်ပေ။
“တစ်ခုခု ဖြစ်လို့လား”
သူမ စူးစမ်းစွာ မေးလိုက်၏။
သူမနှင့် ယွမ်ရှောင်ချွေမှာ အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုး မရှိပေ။
ချန်ချင်းယွီ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွား၏…
သူမ စောစောက စာရွက်ကို ပစ်ချလိုက်သည်ကို ယွမ်ရှောင်ချွေ မြင်သွားခဲ့တာလား…
မဟုတ်နိုင်ပါဘူးလေ…
သူမ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိ၍ ထိုသို့ မဖြစ်နိုင်ပေ။
ချန်ချင်းယွီသည် ဘာမှမသိသည့်ပုံစံဖြင့် “ဘာကိစ္စရှိလို့လဲ” ဟု ပြန်မေးလိုက်သည်။
ယွမ်ရှောင်ချွေ : “ဘယ်တွေ သွားနေတာလဲ..အခုမှ ပြန်လာရသလား..ကျွန်မ အစ်မချန်ကို စောင့်နေတာ ဘယ်လောက်ကြာပြီလဲ သိရဲ့လား..တကယ်ပါပဲ၊ ဒီလို မိုးရွာတဲ့နေ့မျိုးမှာတောင် အိမ်မှာ မကပ်နိုင်ဘူးနော်။”
ချန်ချင်းယွီ၏ အပြုံးများ အနည်းငယ် အေးခဲသွားရ၏။ ဤသည်မှာပင် သူမ ယွမ်ရှောင်ချွေနှင့် မပတ်သက်ချင်သည့် အကြောင်းရင်း ဖြစ်သည်။ ဤအမျိုးသမီးမှာ အခြားသူ၏ ကိစ္စများတွင် အလွန်စပ်စုလွန်းလှ၏။
ချန်ချင်းယွီ အေးစက်စွာပင် ပြန်ပြောလိုက်သည်။
“နင်က တော်တော် စပ်စုတာပဲ”
ထိုသို့ပြောပြီးနောက် သူမသည် ယွမ်ရှောင်ချွေကို ဂရုမစိုက်ဘဲ အိမ်ထဲသို့ တန်းဝင်သွားခဲ့၏။
ယွမ်ရှောင်ချွေ: “ခဏနေပါဦး၊ ကျွန်မ ပြောစရာရှိလို့”
ချန်ချင်းယွီ တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“ငါတို့က သိပ်ရင်းနှီးတာလည်း မဟုတ်တော့ ပြောစရာကိစ္စ မရှိဘူးထင်တယ်၊ ဟုတ်တယ်မလား”
သူမသည် ကွယ်ရာမှ ကူညီနိုင်သော်လည်း ယွမ်ရှောင်ချွေကို ဗြောင်ကျကျ ကူညီမည်မဟုတ်ပေ။ ယွမ်ရှောင်ချွေသည် စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးလှ၏။ စကားပြောလျှင်လည်း သတိမရှိသလို၊ တစ်စုံတစ်ယောက်ကို သစ္စာဖောက်ရန်လည်း ဝန်လေးမည့်သူမဟုတ်ရာ ချန်ချင်းယွီသည် သူမကို တိုက်ရိုက်ကူညီရန် လုံးဝစဉ်းစားမည်မဟုတ်ပေ။
ယွမ်ရှောင်ချွေ မျက်လုံးလေးပြူးကာ
“ဘယ်လိုပြောလိုက်တာလဲ…ကျွန်မက ရှင့်ရဲ့ အကူအညီလိုတာပေါ့။ တို့တွေက ခြံဝင်းတစ်ခုတည်းသားတွေပဲ၊ မရင်းနှီးဘူးဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက် ကူညီသင့်တာပေါ့”
ချန်ချင်းယွီ : “ငါကို ကြည့်ဦးလေ၊ ကလေးတွေကိုလည်း ဂရုစိုက်နေရတယ်။ ဘယ်သူ့ကို ကူညီနိုင်မှာလဲ..အိမ်ပြန်ပြီး အဝတ်လျှော်ရဦးမယ်။ ငါ တကယ်ပဲ ဘာမှမလုပ်ပေးနိုင်ဘူး။ နင် ပြောစရာရှိရင် ငါ့ရဲ့ ယောက္ခမနဲ့ပဲ ပြောလိုက်ပါ”
သူမ၏ ထာဝရ ဒိုင်းလွှားကား…'ကျွန်မက အားကိုးရာမဲ့ပြီး ဘာမှမလုပ်တတ်တဲ့ အိမ်ထောင်ရှင်မလေးပါ' ဟူ၍ပင်။
နောက်ထပ် ဒိုင်းလွှားတစ်ခုမှာမူ…'ကျွန်မမှာ အရမ်းကြောက်စရာကောင်းပြီး ရက်စက်တဲ့ ယောက္ခမကြီး အဘွားကြီးကျောက်ရှိပါတယ်' ဟူ၍ပင်။
အပြည့်စုံဆုံးပါပဲ…
ယွမ်ရှောင်ချွေ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။ သူမသည် ချန်ချင်းယွီကို သူမ၏ အကြံအစည်ထဲတွင် ဆွဲထည့်ချင်နေခြင်း ဖြစ်၏။ ချန်ချင်းယွီမှာလည်း မိခင်ဖြစ်သူ ဆုံးပါးသွားကာ ဖခင်မှာလည်း အစွမ်းအစမရှိဘဲ မိထွေး၏ လက်အောက်တွင် နေနေရသူဖြစ်ရာ၊ သူမအပေါ် ကိုယ်ချင်းစာစိတ်ရှိပြီး ကူညီလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ချန်ချင်းယွီ ဤမျှအလိုက်မသိဘဲ ငြင်းဆန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။
ချန်ချင်းယွီ: “ငါ သွားတော့မယ်၊ အိမ်မှာ အလုပ်တွေ ရှိသေးတယ်၊ မဟုတ်ရင် ယောက္ခမ အလုပ်ကပြန်လာရင် စိတ်မချမ်းသာဖြစ်နေဦးမယ်”
ယွမ်ရှောင်ချွေ: “အဲဒီအဘွားကြီးကိစ္စကို ခဏထားစမ်းပါဦး”
ချန်ချင်းယွီ မျက်လုံးလေးပြူးကာ မကျေမနပ်ဖြစ်ဟန်ဖြင့်
“နင် ဘယ်လိုပြောလိုက်တာလဲ..ငါ့ယောက္ခမက အရမ်းသဘောကောင်းတဲ့သူပါ။ နင် အဲဒီလိုပြောမယ်ဆိုရင်တော့ ငါတို့ ပြောစရာစကား မရှိတော့ဘူးထင်တယ်။ ပြီးတော့ ငါတို့က သိပ်ရင်းနှီးတာလည်း မဟုတ်တော့ တကယ်ပဲ ပြောစရာမရှိတော့ပါဘူး”
ချန်ချင်းယွီသည် ကလေးကိုချီကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့၍ ယွမ်ရှောင်ချွေမှာ မျက်မှောင်ကြုတ်လျက် မြေပြင်ကို ဆောင့်နင်းကာ ကျန်ရစ်ခဲ့သည်။
သို့သော်လည်း သူမ ပြန်စဉ်းစားကြည့်ရာ ချန်ချင်းယွီသည် သူမဘက်က ရပ်တည်ပေးနိုင်မည့်သူ ဟုတ်၊ မဟုတ်ကို သေချာမသိပေ။ ချန်ချင်းယွီကိုယ်တိုင်မှာ ကလေးနှစ်ယောက်နှင့် ဗာဟီရများနေပြီး အားကိုးရမည့်ပုံ မပေါ်သဖြင့် ယွမ်ရှောင်ချွေသည်လည်း သူမကို အားကိုးချင်စိတ် မရှိတော့ပေ။
ဟင်း... ဘယ်သူကများ သူမဆီကို အဲဒီစာရွက် ပစ်ပေးခဲ့တာလဲ…ကူညီမယ်ဆိုရင်လည်း ဘာလို့ လူကိုယ်တိုင် ထွက်မလာကြတာလဲ…အဲဒါဆိုရင် သူမမှာ အဖော်ရတာပေါ့…
သောက်ကျိုးနည်း… ကူညီမယ်ဆိုလည်း လူလုံးထွက်ပြဦးမှပေါ့…
ယွမ်ရှောင်ချွေ တစ်ယောက်တည်း စိတ်ပျက်လက်ပျက် ရပ်ကျန်နေခဲ့၏။ ချန်ချင်းယွီမှာ ကလေးများနှင့်အတူ အိမ်ထဲသို့ ဝင်လာခဲ့စဉ် ထောင့်တစ်နေရာမှ ချောင်းကြည့်နေသော လင်စန်းရှင်းကို တွေ့လိုက်ရသဖြင့် ဆွံ့အသွားမိသည်။
အစ်မကြီး… နေရာတကာပဲနော်…
လင်စန်းရှင်းသည် ချန်ချင်းယွီနှင့် တိုးသွားသဖြင့် အနေရခက်စွာ ပြုံးပြရင်း
“ရှောင်ချန်၊ ဘယ်တွေ သွားနေတာလဲ... ရေချိုးသွားတာလား”
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
“ဟုတ်ကဲ့၊ မနေ့ညက မိုးမိသွားလို့ ကလေးကို စိတ်မချတာနဲ့ ကိုယ်ပူသက်သာအောင် ရေနွေးနွေးလေးနဲ့ သွားချိုးပေးတာပါ။ ဒေါ်လေးတို့ မနေ့ညက ရုပ်ရှင်သွားကြည့်ကြတယ်မလား”
“ဟုတ်ပါရဲ့၊ တို့တွေက နောက်ကျမှ ရောက်သွားလို့ နောက်ဆုံးတန်းမှာ ထိုင်ခဲ့ရတယ်”
လင်စန်းရှင်းစကားကို ချန်ချင်းယွီက အားကျဟန်ဖြင့်
“အဲဒါ ပိုကောင်းတာပေါ့။ ဒေါ်လေးတို့က နောက်မှာဆိုတော့ အမြန်ထွက်လို့ရတာပေါ့။ ကျွန်မတို့က အလယ်မှာ၊ ရှေ့မှာက လူကြီးတွေ၊ နောက်မှာလည်း လူတွေနဲ့။ မှောင်လည်းမှောင်နေတော့ ကလေးနဲ့ လမ်းလျှောက်ရမှာ ကြောက်တာနဲ့ နောက်ဆုံးမှ ထွက်လာခဲ့ရတယ်”
“တို့တွေလည်း အတူတူ ထွက်လာကြတာပါပဲ။”
“နေပါဦး၊ ဒေါ်လေးတို့ထွက်လာတော့ မိုးရွာနေသေးလား”
လင်စန်းရှင်း : “ရွာတာပေါ့…မိုးက သည်းကြီးမဲကြီးကို ရွာနေတာ၊ မိုးကြိုးတွေလည်း ပစ်နေတာနဲ့ အရမ်းကြောက်စရာကောင်းတယ်။ နင်တို့ပြန်လာတော့မှ မိုးက နည်းနည်းစဲသွားတာ။ ငါတို့တောင် မနေ့ညက ဂျင်းပြုတ်ရည် လုပ်သောက်လိုက်ရသေးတယ်။”
ချန်ချင်းယွီ: “ကျွန်မလည်း တူတူပါပဲ။”
စကားစမြည် အနည်းငယ်ပြောပြီးနောက် လင်းစန်းရှင်းမှာ ချက်ချင်းပင် စပ်စုမေးမြန်းတော့သည်။
“ယွမ်ရှောင်ချွေက နင့်ကို ဘာပြောနေတာလဲ”
ချန်ချင်းယွီ ခေါင်းခါပြပြီး
“မသိပါဘူး၊ ကျွန်မတို့က မရင်းနှီးတော့ ဘာမှမဟုတ်လောက်ပါဘူး။ တစ်ခုခုဆိုရင်တောင် ကျွန်မက မကူညီနိုင်ပါဘူး၊ အိမ်မှာက ယောက္ခမကပဲ အရာရာ ဆုံးဖြတ်တာလေ။”
လင်စန်းရှင်းသည် သူတို့ပြောနေသည်ကို ကြားခဲ့သော်လည်း ထပ်မံအတည်ပြုလိုသဖြင့် မေးမြန်းခြင်းဖြစ်၏။
“သူ့ဆီမှာ တစ်ခုခု အရေးကြီးတာ ဖြစ်နေတယ်လို့ နင်ထင်လား..ဒီနေ့ သူနဲ့ ဟောက်ရွှယ်တို့ ခွေးနဲ့ကြောင်လို ရန်ဖြစ်နေတာ တွေ့လိုက်တယ်။ အဲဒီကလေးမက တကယ်ကို ကျေးဇူးကန်းတာပဲ။ ယွမ်မိသားစုက သူ့အပေါ် အဲဒီလောက်ကောင်းတာကို အိမ်မှာ အဲဒီလောက် မောက်မာပြနေတာ၊ တကယ်ကို အားကိုးလို့မရတဲ့ သူပဲ”
လင်စန်းရှင်း မနှစ်သက်ဟန်ဖြင့် ဝေဖန်လိုက်၏။
လူတိုင်း နူးညံ့ပြီး ရိုးသားသူကိုသာ နှစ်သက်ကြရာ ယွမ်ရှောင်ချွေကဲ့သို့ နှုတ်သီးကောင်းလျှာပါးရှိသူကို သူမ သိပ်သဘောမကျပေ။
အကယ်၍ နောင်တွင် သူမ၏ သမီးဖြစ်သူ ဤမိသားစုထဲသို့ ဝင်ရောက်ပြီး ဟောက်ဖုန်းနှင့် လက်ထပ်ဖြစ်ခဲ့လျှင် ဤကဲ့သို့သော ယောက်မမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် လင်စန်းရှင်းသည် ယွမ်ရှောင်ချွေ တစ်နေရာရာသို့ ထွက်သွားပြီး သူမသမီးအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်သာ ဆုတောင်းနေမိတော့သည်။
ချန်ချင်းယွီသည် လင်စန်းရှင်းနှင့်အတူ အခြားသူများ၏ အတင်းအဖျင်းကို ဝိုင်းပြောရန် ဆန္ဒမရှိပေ။ လင်စန်းရှင်း၏ မထီမဲ့မြင်ပြုသည့် အမူအရာကို ကြည့်ရင်း သူမ တကယ်ပင် နားမလည်နိုင်ဖြစ်ရ၏။ ယွမ်ရှောင်ချွေသည် လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ သူမနှင့် ဘာမှမဆိုင်သည်မဟုတ်ပေ။
တကယ်ပါပဲ… ဒီဝင်းထဲကလူတွေကတော့ တကယ်ကို ထူးဆန်းကြတာပဲ…
“ကျွန်မ အဝတ်လျှော်ရဦးမယ်၊ သွားတော့မယ်နော်”
ချန်ချင်းယွီ ထိုသို့ပြောကာ ကလေးများကိုခေါ်ပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ “ဟူး...” ခနဲ သက်ပြင်းချလိုက်ကြ၏။
“ဘာဖြစ်လို့လဲ..မေမေက မင်းတို့ကို ချီလာတာလေ၊ မေမေတောင် အမောမဖြေရသေးဘူး”
ချန်ချင်းယွီ စနောက်လိုက်၏။
ရှောင်ယွမ်လေးမှာ ချိုသာစွာ ပြုံးပြလိုက်ပြီး
“မေမေ... သမီး အများကြီး စားလိုက်မိလို့ ဗိုက်နည်းနည်း တင်းနေလို့ပါ”
ချန်ချင်းယွီ: “မေမေ ချဉ်စော်ကားသီးရည် ဖျော်ပေးရမလား”
ကလေးနှစ်ယောက်လုံး ခေါင်းခါပြကြပြီး
“ဟင့်အင်း၊ မသောက်နိုင်တော့ဘူး။”
ချန်ချင်းယွီ : “ဒါဆိုရင်လည်း မင်းတို့ဘာသာ ဆော့နေကြတော့၊ နောက်ခါကျရင် အဲဒီလောက် အများကြီး မစားနဲ့တော့နော်။”
“ဟုတ်ကဲ့”
ချန်ချင်းယွီသည် အဝတ်များကို စင်ပေါ်သို့ အမြန်ယူသွားလိုက်သည်။ အမှန်တော့ အဝတ်များမှာ လျှော်ပြီးသားဖြစ်ရာ တစ်ခါပြန်သန့်စင်လိုက်ရုံဖြင့် လုံလောက်၏။ ချန်ချင်းယွီ အလုပ်ရှုပ်နေစဉ် ယွမ်ရှောင်ချွေ အပြင်မှ ပြန်ရောက်လာပြီး ချန်ချင်းယွီ အလုပ်လုပ်နေသည်ကို မြင်သောအခါ စိုက်ကြည့်၍ နှာခေါင်းရှုံ့ကာ အလယ်ခြံဝင်းဘက်သို့ တန်းဝင်သွားခဲ့သည်။
ချန်ချင်းယွီ: “...”
စိတ်မဆိုးနဲ့…စိတ်မဆိုးနဲ့..
လူမိုက်နဲ့ ဖက်မဖြစ်ပါနဲ့..
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ချော့လိုက်ရ၏။ ယွမ်ရှောင်ချွေသည် မကောင်းမှုတစ်ခုခု လုပ်ထားသည်မဟုတ်သော်လည်း လူမုန်းများနေသည်မှာ သူမ၏ စိတ်နေစိတ်ထားမှာ ပုံမှန်မဟုတ်ကြောင်း ပြသနေခြင်းပင်။
ချန်ချင်းယွီသည် ယွမ်ရှောင်ချွေကို ဂရုမစိုက်တော့ပေ။ သူမနှင့် တိုက်ရိုက် မဟာမိတ်ဖွဲ့ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ သူမ အဝတ်များကို လှန်းပြီးနောက် အိမ်ထဲသို့ ဝင်လာခဲ့သည်။ မိုးရွာထားသဖြင့် အရာရာမှာ စိုထိုင်းထိုင်း ဖြစ်နေသောကြောင့် သူမသည် ပေါက်စီများ စတင်
ပေါင်းလိုက်၏။ အုတ်ကုတင်ကို အပူပေးရန် မီးမွှေးရမည်ဖြစ်ရာ တစ်ခါတည်း ပေါက်စီပေါင်းလိုက်ခြင်းမှာ အကောင်းဆုံးပင်။ သူမ ဗိုက်မဆာသော်လည်း စားနိုင်စွမ်းကြီးမားသူဖြစ်ရာ ဗီဒိုထဲတွင် အသင့်စားရန် သိမ်းထားခြင်းမှာ ပို၍ အဆင်ပြေသည်။
ချန်ချင်းယွီသည် မီးဖိုထဲရှိ စာကို တစ်ချက်ပြန်ကြည့်ပြီးနောက် ဆီစိမ်ထားသော အဝတ်စကိုလည်း အထပ်ထပ် စစ်ဆေးနေမိသည်။ ၎င်းမှာ အလွန်ရိုးရှင်းလှ၏။ ရုပ်ရှင်ထဲရှိ လျှို့ဝှက်ချက်များကဲ့သို့ မီးအပူပေးကြည့်သော်လည်း ဘာမှပေါ်မလာပေ။ ရေစိမ်ကြည့်သော်လည်း ထူးခြားမှု မရှိခဲ့ပေ။
တကယ်တမ်း ထိုကဲ့သို့ ရှုပ်ထွေးလှသော လျှို့ဝှက်ချက်များမှာ ရုပ်ရှင်ထဲတွင်သာ ရှိပြီး လက်တွေ့တွင်မူ မရှိကြောင်း သိလိုက်ရသဖြင့် ရေရွတ်လိုက်မိလေသည်။
‘ငါကတော့ စောက်ရူးထနေမိပြန်ပြီ’
သူမသည် ထိုအဝတ်စများကို မီးဖိုထဲသို့ ပြတ်ပြတ်သားသားပင် ပစ်ထည့်ကာ မီးရှို့လိုက်၏။ အမှန်စင်စစ် မီးရှို့ရန် မလိုသော်လည်း သေးငယ်လွန်းသဖြင့် အသုံးမဝင်ရာ သူမ မသိမ်းထားချင်တော့ပေ။ သူမသည် ဤကိစ္စတွင် အလွန်သတိကြီးသူဖြစ်ရာ သူမ၏ အဘိုးအဘွားများ သတိထားသကဲ့သို့ သူမသည်လည်း ထိုစာကိုပင် ချန်မထားဘဲ ဖျက်ဆီးပစ်လိုက်သည်။
စာထဲက မှာကြားချက်အတိုင်းပင်…နောင်တွင် ပြဿနာမတက်စေရန် အချို့သော အရာများကို မပြောဘဲ ထားခြင်းသည် အကောင်းဆုံးပင်။
ချန်ချင်းယွီ၏ စိတ်ထဲတွင် အဘွားချန်ထားခဲ့သည့်စာမှာ နေရာယူထားသော်လည်း အခြားတစ်ဖက်တွင် တစ်စုံတစ်ယောက် သူမအကြောင်းကို တွေးတောနေသည်ကို သူမ မသိရှိပေ။
ထိုသူမှာ အခြားသူမဟုတ်…ကျန်းရှင်းဖှပင်ဖြစ်၏။
သို့သော် ကျန်းရှင်းဖှမှာ သူမကို စိတ်ဝင်စားနေခြင်းမဟုတ်ဘဲ မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်စဉ်းစားရင်း ကြောက်လန့်နေခြင်း ဖြစ်သည်။ တစ်ချက်တစ်ချက် အကြောင်းအရာများကို ပြန်တွေးမိလျှင် ဆက်စပ်မှုများမှာ ပေါ်ထွက်လာရ၏။ လင်းကျန့်ဝမ် သေဆုံးပြီးချိန်မှစ၍ သူတို့မိသားစုမှာ ကံဆိုးမှုများနှင့် ရင်ဆိုင်နေရကြောင်း သူ သတိထားမိသည်။
ဒါက တကယ့်ကို ကံဆိုးမိုးမှောင်ကျခြင်းပင်…
အဘွားကြီးကျောက်နှင့် ရန်ဖြစ်သည်ကို ခဏထားဦး……မြွေသားစားမိ၍ ခြေထောက်များ မခိုင်ဘဲ ဆေးရုံတွင် ပုလင်းချိတ်ခဲ့ရသည်မှာ ချန်ချင်းယွီဖြစ်စေ၊ အဘွားကြီးကျောက်ဖြစ်စေ လုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။
ပြီးတော့ ခွေးလေခွေးလွင့် အကိုက်ခံရခြင်းမှာလည်း မဖြစ်သင့်သော ကိစ္စပင်…
ဪ... ပြီးတော့ သူ အရိုက်ခံရသည့် ကိစ္စလည်း ရှိသေးတယ်…
“အမေ... ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် အရိုက်ခံရတဲ့နေ့ကို အမေ မှတ်မိလား”
သူ အမြန်မေးလိုက်သည်။
ဆေးရုံတွင် သားဖြစ်သူကို ပြုစုနေသော အဘွားကြီးဟွမ်မှာခေါင်းညိတ်ပြကာ
“မှတ်မိတာပေါ့ အဲဒီနေ့က...”
ကျန်းရှင်းဖှ စကားဖြတ်ပြောလိုက်ကာ
“အဲဒီနေ့က အဒေါ်ကြီးကျောက်နဲ့ သူ့ချွေးမ ဘယ်မှာရှိနေလဲ အမေ မှတ်မိလား”
“အိမ်မှာရှိတာပေါ့..အမေ ပြောပြပြီးသားပဲလေ”
ထိုစဉ်က သူမသည် အဘွားကြီးကျောက်ကို ချက်ချင်း သံသယဝင်ခဲ့မိသေးသည်။
သို့သော်လည်း အဘွားကြီးကျောက်သည် အိမ်တွင် သူမ၏ချွေးမကို ဟောက်ငေါက်နှိပ်စက်နေသည်ကို ပတ်ဝန်းကျင်ရှိ လူတိုင်း သိကြ၏။
တော်တော်ကို ဆဲဆိုနေတာလေ… နားပါတဲ့သူတိုင်းကြားတဲ့ကိစ္စကြီးကို…
“အဲဒီတုန်းက အမေလည်း သံသယဝင်သားပဲ... ဒါပေမဲ့ စုံစမ်းကြည့်တော့ သူတို့က အိမ်မှာပဲ ရှိနေကြတာ၊ ဒါကြောင့် သူတို့လက်ချက်တော့ လုံးဝမဟုတ်နိုင်ဘူး။ အဘွားကြီးကျောက်က ဘယ်လောက်ပဲ ကြမ်းပါစေ၊ ကိုယ်ပွားပြီး နေရာနှစ်နေရာမှာ တစ်ပြိုင်တည်း ရှိမနေနိုင်ဘူးလေ။ သားကို ရိုက်တာ သူတို့မဟုတ်တာတော့ သေချာတယ်”
ကျန်းရှင်းဖှ : “...”
“သား... နင် ဘာဖြစ်လို့လဲ…ပြောစမ်းပါဦး၊ မနေ့ညက နင့်ကို ရိုက်တာ ချန်ချင်းယွီလား…ဒါမှမဟုတ် အဘွားကြီးကျောက်လား..”
ကျန်းရှင်းဖှ : “...သူမပဲလိုလို၊ ဒါပေမဲ့ သူမလည်း မဟုတ်သလိုလိုပဲ။”
သူသည် စကားများ ဗလုံးဗထွေးဖြစ်နေပြီး ခေါင်းကိုသာ ကုတ်နေမိသည်။
“သူမက အဲဒီလောက် ပိန်ပိန်ပါးပါးလေးကို၊ ဘယ်လိုလုပ်ပြီး အဲဒီလောက် အားရှိမှာလဲ…ဒါပေမဲ့ အဲဒီနေရာမှာ ရှိနေတာက ချန်ချင်းယွီပဲ၊ ငါလည်း အသေအချာ မပြောတတ်ဘူး... သရဲများလား မသိဘူး”
သူ့ကို ရိုက်လိုက်သည့် အားမှာ အလွန်ပြင်းထန်ကြောင်း သူ ကောင်းကောင်းမှတ်မိနေ၏။
သူ အသံကိုနှိမ့်ကာ
“သူတို့မိသားစုက တစ်ခုခု ထူးဆန်းနေတယ်လို့ ကျွန်တော် ထင်တယ်”
အဘွားဟွမ်သည်လည်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ခေါင်းကို တရစပ်ညိတ်ကာ
“သားလည်း အဲဒီလို ထင်တာလား…အမေလည်း အဲဒီလိုပဲ ထင်တယ်၊ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သူတို့မိသားစုက တကယ်ကို ထူးဆန်းနေတာ။ ကြည့်လေ... အခုဆို ရွှီကောင်းမင်ကိုတောင် သူတို့ ကိုင်တွယ်နိုင်နေပြီ။ ရွှီကောင်းမင်က အရင်တုန်းကဆို အဘွားကြီးကျောက်ကို အသာလေး အကွက်ဆင်နိုင်တာ၊ အခုတော့ တစ်ခါမှ မအောင်မြင်တဲ့အပြင် အမြဲတမ်း လျော်ကြေးပေးနေရတယ်။ ဪ... ဒါနဲ့၊ မကြာသေးခင်က ရွှီကောင်းမင်နဲ့ သူ့မိန်းမတို့ အဘွားကြီးကျောက်တို့ဆီ လာပြီး ပြဿနာမရှာတော့တာ သတိထားမိလား”
ကျန်းရှင်းဖှမှာ ထိုအချက်ကို သတိမထားမိခဲ့ပေ။ သူသည် ဖျားနာခွင့် မကြာခဏ ယူတတ်သော်လည်း အလုပ်လည်း လုပ်ရသဖြင့် အိမ်တွင် အမြဲရှိမနေတတ်ပေ။
အဘွားကြီးဟွမ် ဆက်ပြောပြလိုက်၏။
“အမေ ပြောပြမယ်၊ ရွှီကောင်းမင်နဲ့ ရှီကျန့်ရှန်းတို့က နာမည်ကောင်းရချင်လို့ အဘွားကြီးကျောက်ကို အသုံးချနေကျလေ၊ ဟုတ်တယ်မလား..ဟင်း... ငါက စကားသာ ပွင့်ပွင့်လင်းလင်း ပြောတတ်တာ၊ အရာရာကိုတော့ ထွင်းဖောက်မြင်တယ်။ ဒါပေမဲ့ ဒီနောက်ပိုင်း လအနည်းငယ်အတွင်းမှာ သူတို့ တစ်ခါမှ မအောင်မြင်တဲ့အပြင် လျော်ကြေးတွေတောင် အများကြီး ပေးလိုက်ရတယ်။ ကြည့်လေ... ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ ဝဖြိုးလာတာ ရွှီမိသားစုဆီက ရတဲ့ လျော်ကြေးတွေကြောင့်ပဲ။ ဒါကြောင့်လည်း ဒီနောက်ပိုင်း ရှီကျန့်ရှန်းက ငြိမ်နေတာ၊ ပြဿနာမရှာရဲတော့ဘူး။”
သူမ သတိကြီးစွာဖြင့် ထပ်လောင်းပြောကြားလေသည်။
“သား... နင်လည်း သတိထားမိတယ် မဟုတ်လား..အဲဒီ ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေးက တကယ်ကို ကြောက်စရာကောင်းတယ်။ လင်းကျန့်ဝမ်ရဲ့ ဝိညာဉ်က သူတို့ကို တစ်နေကုန် လိုက်စောင့်ရှောက်နေတယ်လို့ နင်မထင်ဘူးလား..တစ်ယောက်ယောက်က သူတို့ကို နှိပ်စက်ရင် သူက ကူညီပေးနေတာလား…သားရယ်... တို့တွေက သာမန်လူတွေပဲလေ။ သာမန်လူက သရဲကို ဘယ်လိုယှဉ်နိုင်မှာလဲ…အခုကစပြီး ချန်ချင်းယွီနဲ့ ဝေးဝေးနေပါ။ သူမက အေးဆေးတယ်ဆိုပေမဲ့ အဘွားကြီးကျောက်ကတော့ မဟုတ်ဘူးလေ…ပြီးတော့ သူမရဲ့ လင်းကျန့်ဝမ်က သရဲဖြစ်နေပြီ... အား... မတော်တဆ သေတဲ့သူတွေက ရန်ငြိုးကြီးတဲ့ သရဲတွေ ဖြစ်တတ်တယ်လို့ ငါကြားဖူးတယ်။ ဘုရား... ဘုရား... ကြောက်စရာကြီး၊ တို့တွေ သူ့ကို မယှဉ်နိုင်ဘူး။ ချန်ချင်းယွီကို အခွင့်ကောင်းယူဖို့ လုံးဝမစဉ်းစားနဲ့တော့…ဟေး... ဟုတ်တယ်၊ ဟုတ်တယ်၊ တို့မိသားစု ကံဆိုးတာက နင် ချန်ချင်းယွီကို အခွင့်ကောင်းယူဖို့ ကြိုးစားကတည်းကပဲ။ အခုအချိန်ကစပြီး တို့တွေ သူမကို မပြစ်မှားကြနဲ့တော့…ငါ့သား.. အမေ့စကားနားထောင်စမ်းပါ..”
ကျန်းရှင်းဖှ မာန်တင်းကာ
“လင်းကျန့်ဝမ်က ဘာထူးခြားလို့လဲ..သူ အသက်ရှင်စဉ်တုန်းကတောင် မကြောက်ရတာ၊ သေသွားတော့ရော ဘာဖြစ်လဲ..ကျွန်တော်က သူ့ကို ကြောက်ရမှာလား..ရယ်စရာပဲ..”
“သားရယ်... အဲဒီလို မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အသက်ရှင်နေတာနဲ့ သေသွားတာက မတူဘူး။ အမေ ငယ်ငယ်တုန်းက ဒီလိုပုံပြင်တွေ အများကြီး ကြားဖူးတယ်။ အချို့လူတွေက အသက်ရှင်စဉ်မှာ ကြောက်တတ်ပေမဲ့ သေသွားရင်တော့ အဲဒီလို မဟုတ်တော့ဘူး။ အသက်ရှင်နေတဲ့သူမှာ ကန့်သတ်ချက်တွေ ရှိပေမဲ့ သေသွားတဲ့သူက ဘာကို ကြောက်စရာရှိတော့မှာလဲ…တို့တွေ တကယ်ကို...”
“ဝိုး…ရှင်... သတိထားပါဦး.. ကျွန်မကို တစ်ယောက်တည်း ပစ်မထားပါနဲ့ဦး..”
ထိုအော်ဟစ်သံကြောင့် အဘွားကြီးဟွမ် ထိတ်လန့်သွားပြီး “ငါ သွားကြည့်လိုက်ဦးမယ်” ဟု ဆိုကာ အခန်းဝသို့ အမြန်ပြေးထွက်သွားသည်။ စင်္ကြံလမ်းတွင် သူနာပြုနှစ်ဦးမှာ စိတ်နောက်နေသော အဘိုးအိုတစ်ဦးကို တွန်းထုတ်သွားသည်ကို တွေ့ရ၏။ သူ၏ မျက်နှာမှာ နီမြန်းနေပြီး ဘာတွေမှန်းမသိ တတွတ်တွတ် ရေရွတ်နေကာ လုံးဝ သတိလွတ်နေပုံရသည်။ သူ၏ ဘေးတွင် အဘွားအိုတစ်ဦး ငိုယိုအော်ဟစ်ကာ လိုက်ပါလာ၏။
ဘာကြောင့်မှန်းမသိ၊ ထိုသူ၏ ငိုယိုသံတွင် အနံ့အသက်ဆိုးတစ်ခု ပါဝင်နေသည်ဟု အဘွားကြီးဟွမ် ခံစားနေရသည်။
သူမသည် တံခါးဝမှ ချောင်းကြည့်နေစဉ် လူနာတင်ယာဉ် ဖြတ်သွားချိန်၌ ထိုစိတ်နောက်နေသော အဘိုးအို၏ တတွတ်တွတ် ရေရွတ်သံကို ခပ်သဲ့သဲ့ ကြားလိုက်ရ၏။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်... ကျွန်တော် တကယ် တောင်းပန်ပါတယ်၊ ကျွန်တော် မှားခဲ့ပါတယ်... ကျွန်တော့်နောက်ကို လိုက်မလာပါနဲ့တော့... လင်းကျန့်ဝမ်..ကျွန်တော့်ဆီ လာမရှာပါနဲ့တော့...”
အဘွားကြီးဟွမ် : အမယ်လေး…သောက်ကျိုးနည်း…ကယ်ကြပါ…
နေ့ခင်းကြောင်တောင်ကြီးမှာပင် သူမ၏ ကြက်သီးမွေးညင်းများ ထသွားတော့သည်။
သူမ လင်းကျန့်ဝမ်အကြောင်းကို ပြောနေစဉ်မှာပင်……
ရုတ်တရက် တစ်စုံတစ်ယောက်က ထိုသို့သော စကားမျိုးကို ယောင်ယမ်းပြောဆိုလာသဖြင့် အဘွားကြီးဟွမ်မှာ ခြေမခိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားတော့၏။
“အဒေါ်... အဆင်ပြေရဲ့လား..မြန်မြန်ထပါဦး။”
သူနာပြုမလေးတစ်ဦးမှာ လာရောက်ကူညီပေးသည်။
အဘွားကြီးဟွမ်မှာ ပုံမှန်အားဖြင့် စိတ်ပုပ်သူတစ်ဦးဖြစ်ပြီး ဆရာဝန်၊ သူနာပြုများအပေါ် ဆက်ဆံရေး မကောင်းလှသော်လည်း၊ ယခုမူ သူမသည် ကြောက်လန့်တုန်ရီလျက် သူနာပြုမလေး၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ မေးမြန်းလိုက်မိ၏။
“စောစောက အဲဒီလူက ဘယ်သူလဲ..သူ ဘာဖြစ်တာလဲ..”
သူနာပြုမလေး အသံကိုနှိမ့်ကာ
“သူက စက်ရုံကပဲလေ။ အဒေါ် ကြားဖူးမှာပေါ့၊ အိမ်သာကျင်းထဲကို နှစ်ခါတောင် ခုန်ချတဲ့ စက်ရုံကလူလေ... သူပေါ့”
အဘွားကြီးဟွမ်: “……”
သူမ သိလိုက်ပါပြီ…
သူမ ထိုသူကို ကောင်းကောင်းသိလိုက်ပါပြီ…
ပတ်ဝန်းကျင်မှာတောင် ထိုကိစ္စကို အတင်းအဖျင်း ပြောခဲ့ကြသေးတာ..
သူမ မှတ်မိသည်မှာ... ဤသူသည် လင်းကျန့်ဝမ်၏ ဆရာပင်…
အား…
အဘွားကြီးဟွမ်မှာ ကြောက်လန့်တုန်ရီသွားပြီး မေ့လဲလုနီးပါး ဖြစ်သွားတော့သည်။
“အဒေါ်... အဆင်ပြေရဲ့လားဆရာဝန် သွားခေါ်ပေးရမလား...”
“ဟင့်အင်း... မလိုဘူး..မလိုပါဘူး..သူ ဘာဖြစ်တာလဲ..အိမ်သာကျင်းထဲ ထပ်ခုန်ချပြန်ပြီလား”
“မဟုတ်ပါဘူး၊ အဲဒါကြောင့် မဟုတ်ပါဘူး။ မနေ့ညက မိုးတွေ အရမ်းရွာခဲ့တယ် မဟုတ်လား..သူက မိုးမိသွားတာ၊ ဒီနေ့တော့ အဖျားတက်ပြီး ယောင်နေတာလေ။ သိတဲ့အတိုင်း စက်ရုံကိစ္စတွေကလည်း ရှုပ်ထွေးနေတာပဲ။ ရုပ်ရှင်ပြတာက ကောင်းတဲ့ကိစ္စ ဖြစ်သင့်တာကို၊ အခုတော့ မိုးသည်းကြီးမဲကြီး ရွာချလိုက်တော့ ဘယ်သူမှ အဆင်မပြေကြတော့ဘူး။ အကုန်လုံး မိုးမိကုန်ကြတာလေ။ ကိုယ်ခံအား မကောင်းတဲ့သူတွေဆိုရင် ဒါမျိုးကို မခံနိုင်ကြဘူး”
ကောင်းတဲ့ကိစ္စကနေ ဆိုးတဲ့ကိစ္စ ဖြစ်သွားရပြန်ပြီ…
သူနာပြုမလေး ရုတ်တရက် သတိရသွားပြီး
“အဒေါ်တို့လည်း စက်ရုံကပဲ မဟုတ်လား..ဪ... ဟုတ်သားပဲ”
မနေ့ည၌ မှောင်နေသဖြင့် စက်ရုံရှိ လူတော်တော်များများ ထိခိုက်ဒဏ်ရာ ရခဲ့ကြရာ ကျန်းရှင်းဖှသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
သို့သော်လည်း အချို့လူများမှာ မှောင်ရိပ်ခိုပြီး မတော်တရော် လုပ်ကိုင်ရန် ကြိုးစားရင်း အရိုက်ခံရသည်ဟု သူနာပြုမလေး ကြားထားမိရာ... သူမ၏ မျက်ဝန်းများထဲတွင် ချက်ချင်းပင် မထီမဲ့မြင် အထင်သေးသည့် အရိပ်အယောင်များ ပိုမို ထင်ဟပ်လာတော့၏။
သူမ အကြောင်းမဲ့ နှာခေါင်းရှုံ့ခြင်း မဟုတ်ပေ။ ကျန်းရှင်းဖှကို မြင်လိုက်ရ၍ပင်။ ပြီးခဲ့သည့်တစ်ခေါက် ကျန်းရှင်းဖှ ဆေးရုံတက်စဉ်က သူမ၏ တင်ပါးကို ရုန့်ရင်းကြမ်းတမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်ခဲ့သည်မှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်။ ထို့ကြောင့် မှောင်နေချိန်တွင် သူသည် တစ်ခုခု မဟုတ်တာ လုပ်ခဲ့၍ အရိုက်ခံရခြင်း ဖြစ်နိုင်သည်ဟု သူမ တွေးမိလိုက်၏။
ထိုသို့တွေးပြီးနောက် သူနာပြုမလေးမှာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
အဘွားကြီးဟွမ် သူမကို အမြန်ပြန်ဆွဲထားပြီး ဗလုံးဗထွေးဖြင့်
“သူ... သူ ဘာတွေပြောနေတာလဲ..ဘာတွေ ယောင်နေတာလဲ”
“သူ ဘာတွေပြောနေမှန်း ကျွန်မက ဘယ်လိုသိမှာလဲ..တတွတ်တွတ်နဲ့ ယောင်နေတာပဲ။ ‘လင်း... လင်း’ ဆိုပြီးတော့ ပြောနေတာပဲ ခပ်သဲ့သဲ့ ကြားရတယ်။ ကျွန်မ အလုပ်သွားရဦးမယ်”
သူနာပြုဆရာမလေးမှာ ခပ်ပေါ့ပေါ့ပြောကာ အဘွားကြီးဟွမ်ကို ဂရုမစိုက်တော့ဘဲ အမြန်ထွက်သွားတော့သည်။
အဘွားကြီးဟွမ်မှာ တုန်တုန်ရီရီဖြင့် ပို၍ပင် ကြောက်လန့်သွားရ၏။
“အမေ... ဘာဖြစ်လို့လဲ”
ကျန်းရှင်းဖှ နားမလည်နိုင်ဖြစ်ရသည်။ သူ့အမေမှာ လူနာကြည့်ရုံ ကြည့်ခဲ့ခြင်း ဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှအထိ ပျာယာခတ်သွားရသနည်း။
အဘွားကြီးဟွမ်သည် နံရံကို အမှီပြုကာ သားဖြစ်သူ၏ အနားသို့ တုန်တုန်ရီရီဖြင့် လျှောက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ရှိနေ၏။ သူမသည် လူနာတင်ကုတင်ပေါ်သို့ ဘုတ်ခနဲ ထိုင်ချလိုက်ပြီး စတင်ပြောလိုက်သည်။
“အပြင်မှာ ရောက်နေတာ လီတာ့ရှန်းပဲ”
“လီတာ့ရှန်း ဟုတ်လား.. အဲဒါ ဘယ်သူလဲ..အမေနဲ့ သိတာလား..ဘာလဲ... အမေရဲ့ ရည်းစားဟောင်းလား”
ကျန်းရှင်းဖှ နောက်ပြောင်လိုက်၏။
အဘွားကြီးဟွမ် စိုးရိမ်တကြီး အော်ဟစ်လိုက်ကာ
“ဒီကောင်စုတ်လေး၊ ဘာတွေ လျှောက်ပြောနေတာလဲ…ငါနဲ့ သိတာ မသိတာထက်၊ နင်လည်း သူ့ကို သိတာပဲလေ။ သူက လင်းကျန့်ဝမ်ရဲ့ ဆရာလေ”
ကျန်းရှင်းဖှ အံ့အားသင့်သွားပြီး “ဟမ်” ဟု အာမေဍိတ် ထွက်သွားသည်။
အဘွားကြီးဟွမ်မှာ “လီတာ့ရှန်းလေ၊ သူက...” ဟု ဆိုကာ စောစောမှ ကြားခဲ့သည်များကို အမြန်ပြန်ပြောပြလိုက်စဉ်၊ သားအမိနှစ်ယောက်စလုံး၏ မျက်နှာမှာ သရဲတစ်ဦးကို မြင်လိုက်ရသည့်အလား ဖြူဖျော့သွားလေ၏။
သူတို့မှာ သရဲကို သံသယဝင်နေခြင်းဖြစ်သော်လည်း ယခု သူတို့ပုံစံမှာ သရဲထက်ပင် ပို၍ ကြောက်စရာကောင်းနေတော့သည်။
“ဒါ... ဒါကတော့...”
“တွေ့လား... တွေ့လား... ငါပြောသားပဲ၊ အယူအဆတွေကို မယုံလို့ မရဘူးဆိုတာ…လီတာ့ရှန်းတောင် အခုလို ဖြစ်နေပြီ။ အကြောင်းမဲ့ အိမ်သာကျင်းထဲကို ဘယ်သူက နှစ်ခါတောင် ခုန်ချမှာလဲ…သူ သရဲဝင်ပူးခံရတာ ဖြစ်ရမယ်။ သရဲက သူ့ကို အကွက်ဆင်နေတာပဲ။ သရဲက သူ့ကိုယ်ထဲဝင်ပြီး အိမ်သာကျင်းထဲ ခုန်ချခိုင်းတာ သေချာတယ်..”
အဘွားကြီးဟွမ် ပြောဆိုကာ ကြောက်လန့်တုန်ရီနေ၏။ သူမသည် အမှန်တရားကို တွေ့ရှိသွားပြီဟု ထင်မှတ်နေလေသည်။
တကယ်ကို ကြောက်စရာကြီးပါပဲ..
ဒါက သရဲလေ… ဘယ်သူကများ သရဲမကြောက်မှာလဲ…
အမယ်လေး.. မွေးမေရေ..
“ဒါတွေက အယူသီးတာတွေပါ... ခေတ်နောက်ကျတဲ့ အယူအဆတွေပါ...”
ကျန်းရှင်းဖှခမျာ မိမိကိုယ်ကိုယ် ပြန်ဖျောင်းဖျနေ၏။
အဘွားကြီးဟွမ် ဒေါသတကြီးဖြင့် ငေါက်ငမ်းလိုက်ကာ
“ပါးစပ်ပိတ်စမ်း…ဘာခေတ်နောက်ကျတဲ့ အယူအဆလဲ..ဒါတွေက တိုက်ဆိုင်မှု မဟုတ်ဘူး…လင်းကျန့်ဝမ်ကို ပြစ်မှားမိတာဖြစ်ဖြစ်၊ အဘွားကြီးကျောက်တို့ သမီးယောက္ခအအုပ်စုကို သွားနှောင့်ယှက်တာဖြစ်ဖြစ် ကံဆိုးလိမ့်မယ်။ ဒါက တကယ်ရှိတာ…သရဲ ရှိကိုရှိတယ်ဟဲ့..သား... နင်က ငါ့ရဲ့ တစ်ဦးတည်းသောသားလေ၊ နင် တစ်ခုခုဖြစ်လို့ မဖြစ်ဘူး။ ဘာမှ မိုက်မိုက်ကန်းကန်း မလုပ်နဲ့တော့…နင်က လူလည်ဆိုတာ ငါသိပေမဲ့ သူတို့အိမ်နဲ့တော့ ဝေးဝေးနေပါ။ အရမ်းကြောက်ဖို့ကောင်းတယ်.. နင် ဘယ်လောက်ပဲ အစွမ်းရှိရှိ သရဲကိုတော့ မနိုင်ဘူး.. အမေ တောင်းပန်ပါတယ်”
ကျန်းရှင်းဖှ : “...”
သူ့ရင်ထဲမှာလည်း တဒိန်းဒိန်း ခုန်နေ၏။
ပုံမှန်အားဖြင့် လေလုံးထွားတတ်သော်လည်း ယခုမူ သူ တကယ်ကို ကြောက်သွားခဲ့ပြီဖြစ်သည်။
သူသည် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီကို အပြစ်တင်ချင်သော်လည်း မတတ်နိုင်တော့ပေ။
ဒိန်းဒိန်း…
သူ့နှလုံးခုန်သံမှာ အပြင်သို့ပင် ကြားနေရတော့မည့်အလားပင်…
ကျန်းရှင်းဖှ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေးလေးနက်နက်ပင် ကတိပေးလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ၊ နောက်ဆို သူတို့နဲ့ ဝေးဝေးနေပါ့မယ်”
အဘွားကြီးဟွမ်မှာ အလွန်ပင် စိတ်သက်သာရာရသွားပြီး မျက်ရည်များ ဝဲလျက်
“အေး... အဲဒါမှပေါ့ ငါ့သားလေးရယ်…”
မစသင့်တာတွေ သွားမစပါနဲ့တော့…
လင်းကျန့်ဝမ်ရေ မလာပါနဲ့…
အခန်း ၇၄။ ကံဆိုးလိုက်တာ
ရိုးရိုးသားသား ဆိုရလျှင်…
ချန်ချင်းယွီမှာ လီတာ့ရှန်းတို့အပေါ်တွင်သာ လှည့်ကွက်များ သုံးခဲ့ခြင်းဖြစ်၏။ သူမတို့ ဝင်းထဲတွင် ထိုသို့ပြုလုပ်ရန် တစ်ခါမျှ မတွေးခဲ့ဖူးပေ။
တကယ်ပါရှင်… ကျွန်မက ရိုးရိုးသားသားပါ.. သူများကို ခြောက်လှန့်တာမျိုး မလုပ်ပါဘူး…
အထူးသဖြင့်… ပထမဆုံးအကြိမ်မှာ..
အဲ့ဒါက လင်စန်းရှင်းနဲ့ တခြားသူတွေ အတွေးလွန်နေကြတာပါ… တကယ်ပါ… ကိုယ့်ဝင်းထဲမှာတော့ ဒါမျိုးလုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး…
သို့ရာတွင် လူအများဆိုသည်မှာ ခက်လှဘိ.. မိမိစိတ်ကူးဖြင့် များစွာအတွေးလွန်နေကြလေသည်။ ရွှီကောင်းမင်နှင့် ကျန်းရှင်းဖှဆိုလျှင် မရေမတွက်နိုင်သော သရဲပုံပြင်ပေါင်းများစွာ စိတ်ကူးယဉ်ပြီးကြပြီဖြစ်၏။
ရလဒ်အနေဖြင့် ထိုမိသားစုနှစ်ခုလုံးမှာ လွန်စွာငြိမ်သက်သွားကြပြီး အဘွားကြီးကျောက်နှင့် ချန်ချင်းယွီကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေခဲ့၍ ချန်ချင်းယွီမှာ အနည်းငယ် မသက်မသာ ခံစားနေရသည်။
နေ့စဉ် ပြဿနာများလာရှာနေလျှင် စိတ်ရှုပ်စရာကောင်းလှသော်လည်း ငြိမ်သက်သောအခါတွင်မူ တစ်ခုခု ပျောက်ဆုံးနေသကဲ့သို့ပင်…
ဪ… လူတွေလည်း ရတာမလို..လိုတာမရ.. လူအလို နတ်မလိုက်နိုင်ပါလား..
အဘွားကြီးဟွမ်၏ အင်မတန် အတင်းအဖျင်းပြောတတ်သော စရိုက်ကြောင့် ယုံစားနေလျှင် လွဲသွားမည်သာ.. မျက်မှောက်အခြေအနေတွင် အဘွားကြီးဟွမ်သည် သရဲပုံပြင်များကို သတင်းမဖြန့်ရဲပေ။
အမယ်လေး.. ရူးနေလို့လား… ဖမ်းခံရမှာပေါ့ဟဲ့…
မျက်မှောက်ခေတ်ကာလမှာ အယူသီးမှုများကို ဖယ်ရှားပစ်ရန် လှုံ့ဆော်နေသောကာလဖြစ်ပြီး သရဲပုံပြင်များ ပြောခြင်းမှာ မူဝါဒကို ဆန့်ကျင်နေပြီး ဘဝကို ငြီးငွေ့၍ အေးအေးချမ်းချမ်း မနေလိုသူသာလျှင် ပြောပေလိမ့်မည်။ အဘွားကြီးဟွမ် မပြောရဲသလို တခြား မည်သူမှလည်း မပြောရဲကြချေ။ ထို့ကြောင့် လူတိုင်းမှာ တစ်ခုခုလွဲချော်နေသည်ဟု မည်မျှပင် တွေးထင်နေသည်ဖြစ်စေ ပါးစပ်မှ ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲကြ၍ မိမိတို့အိမ် နောက်ကွယ်တွင်သာ တိတ်တဆိတ် ပြောဆိုကြရ၏။
ချန်ချင်းယွီ ပြောလိုက်မိလေသည်။
“ယောက္ခမ..အမေ.. ကျွန်မတို့ဝင်းထဲမှာ အခုနောက်ပိုင်း အတော်လေး ငြိမ်နေကြတယ်နော်”
ယနေ့ အလုပ်မှဆင်းလာသော အဘွားကြီးကျောက်မှာ ခေါင်းညိမ့်ကာ ထောက်ခံလိုက်၏။
“နင်ပြောသလိုပဲ.. သူတို့က တစ်ခုခုတော့ တစ်ခုခုပဲ.. ဒါမှမဟုတ် ကိစ္စအကြီးကြီး လုပ်ဖို့များ ကြံစည်နေကြတာလား”
ချန်ချင်းယွီ ခေါင်းလေးစောင်းလိုက်ကာ
“အဲ့လောက်ကြီးတော့ မဆိုးနိုင်ပါဘူး ဟုတ်တယ်မလား”
အဘွားကြီးကျောက် နှုတ်ခမ်းမဲ့ကာ ပြန်ပြောလိုက်သည်။
“အမယ်လေး ငါတော့ ဒီလူတွေက လူကောင်းတွေလို့ မယုံပါဘူးအေ”
ချန်ချင်းယွီ တခစ်ခစ် ရယ်မောလိုက်မိ၏။
အဘွားကြီးကျောက်ဆိုတာ ဘယ်သူမို့လို့လဲ…
ဖြတ်သွားတဲ့ခွေးကိုတောင် မြင်ရင် ကန်ကျောက်ချင်နေတဲ့ မိန်းမကြီးလေ…
အမယ်လေး သူက သူများတွေကို လူကောင်း မဟုတ်ဘူးလို့ တွေးနေသေးတာ…ဟိဟိ
သို့သော် အဘွားကြီးကျောက်တွင်လည်း မိမိအယူအဆနှင့်မိမိ ရှိနေလေသည်။
“ပြောရမယ်ဆိုရင် အခုနောက်ပိုင်း အတော်လေး ငြိမ်နေကြတာက ပုံမှန်ပါပဲအေ..လူငယ်တွေ အကုန်လုံးက စက်ရုံစာမေးပွဲအတွက် ပြင်ဆင်နေကြတာမလား.. တကယ်လို့ သူတို့တွေ ပြဿနာရှာလို့ ကလေးတွေ စာမေးပွဲကို နှောက်ယှက်မိရင် ဘယ်လိုလုပ်မလဲ…ဘယ်သူမှ ပြဿနာမရှာရဲဘူးလေ၊ တခြားမကြည့်နဲ့ ပြဿနာအရှာဆုံး အဘွားကြီးဟွမ်အိမ်ပဲကြည့်… လူလေးယောက်မှာ လုကြီးသုံးယောက်က ကျိုးကန်းနေတာတောင် ဘာမှမပြောရဲဘူး ငြိမ်နေကြတာ..”
အဘွားကြီး၏ စကားတချို့မှာ မှန်ကန်ကြောင်း ချန်ချင်းယွီ တွေးလိုက်မိ၏။
သူတို့အိမ်ရာဝင်းထဲတွင် ငြိမ်သက်နေသော်လည်း အပြင်ဘက်တွင်မူ ပွက်ပွက်ညံ ဇာတ်လမ်းများရှိနေလေသည်။
ထိုနေ့ ရေဆိုးမြောင်းအတွင်းသို့ လှည့်စားခံရပြီး ကျသွားသည့် သူမ၏ ချစ်လှစွာသော ဖခင်ဆိုလျှင် ပြန်ထွက်ရန် ခြောက်နာရီမျှ အချိန်ယူခဲ့ရသည်ဟု ချန်ချင်းယွီ ကြားခဲ့ရ၏။ ထိုအဘိုးကြီး မည်မျှ ဒုက္ခရောက်ခဲ့သည်ကို သူမ မသိသော်လည်း ကြားရသောသတင်းအရ ဖျားနာခွင့်တင်၍ အိမ်တွင်အနားယူနေရသည် ဟူ၍ပင်။
ကောင်းလေစွ..
အမှန်တကယ်တွင် ချန်ရိကျွင်း၏အကြောင်းကို ချန်ချင်းယွီရှေ့တွင် မည်သူမှ ထုတ်ဖော်မပြောကြပေ။ သို့သော်လည်း…
ရေဆိုးမြောင်းထဲ ပြုတ်ကျတယ်ဆိုတာ… ရှားရှားပါးပါး ကိစ္စကြီးလေ..
အတင်းအဖျင်းတွေက နေရာအနှံ့ပဲ ချန်ချင်းယွီ မကြားချင်မှအဆုံး…
နောက်ထပ် အတင်းအဖျင်း သတင်းကြီးတစ်ခုလည်းရှိသည်။ လီတာ့ရှန်း အကြောင်းပင်…မစင်ကျင်းထဲသို့ နှစ်ခါတိုင် ခုန်ချခဲ့သော
လီတာ့ရှန်း လင်မယားမှာ စက်ရုံသို့ အလုပ်ပြန်မဝင်မီ စိတ်ပင်ပန်းမှုများ လျော့ကျစေရန် စက်ရုံမှ ရုပ်ရှင်ပြသည်ကို သွားပြည့်ခဲ့ကြ၏။
ရလဒ်ကတော့…. အင်း ပြောမနေပါနဲ့တော့… အဖျားကြီးပြီး သေတော့မလို့တဲ့…
ဤသို့ အပြင်းအထန်ဖျားနာခြင်းမှာ ရှားပါးလှသော ဖြစ်ရပ်ဖြစ်ပြီး ထိုလူမှာ ဆေးရုံတက်နေရကာ တိုက်တိုက်ဆိုင်ဆိုင် ကျန်းရှင်းဖှနှင့် တစ်ဆောင်တည်း ဖြစ်နေသည်။
အမယ်လေး… ဆေးရုံတက်ဖော်တက်ဖက်လေးတွေပေါ့…
ထပ်ပြောရမည်ဆိုလျှင် အဘိုးကြီးကျန်းလည်း ရှိသေး၏။ အစ်မကြီးဖန်နှင့် သူသား၏ ပူးပေါင်းရိုက်နှက်မှုနှင့် မျက်နှာကို ကုတ်ဆွဲခံလိုက်ရသော အဘိုးကြီးကျန်းမှာ အတော်လေး ဒူပေတာပေ ခံနိုင်ရှာသည်။ မျက်နှာတွင် ကုတ်ရာပရပွနှင့် အလုပ်သွားနေ၏။
တကယ်ကို အရှက်မရှိလိုက်တာ…
ပို၍စွမ်းဆောင်ရည်ရှိသူဟု ဆိုရလျှင် သူတို့မြေး ကျန်းမုန့်မုန့်ပင်။ လူကြီးများမှာ ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြချိန်တွင် ကလေးမလေးသည် အိမ်တွင် အေးအေးဆေးဆေးပင် သက်သောင့်သက်သာရှိလှသည်။
ကလေးမလေးကတော့ အတော်ကို စွမ်းဆောင်ရည် မြင့်မားတာပဲ…
အကယ်၍ နစ်နာသူများအကြောင်း ပြောရလျှင်မူ အိမ်နီးချင်းများသာ ဖြစ်ပေမည်။ ပြောရလျှင် ထိုကလေးမလေးမှာ မကောင်းသည့်နေရာတွင် အမြဲတစေ ထူးချွန်သူလေးပင် မဟုတ်လော့။
သူမသည် ပိုက်ဆံခိုးခြင်း၊ တန်ဖိုးကြီးပစ္စည်းများခိုးခြင်းမျိုး လုံးဝမလုပ်ပေ… သူမ မျက်လုံးများသည်ကား စားစရာအပေါ်သာ အာရုံရှိ၍ စားစရာမှန်သမျှ ခိုးမည်သာ။
အဘွားကြီးကျောက်ဆိုလျှင် သူမသည် သူတို့၏ ကြက်ခြံကို ချောင်းကြည့်နေသည်ကိုပင် တစ်ကြိမ်မိသွားခဲ့ပြီး၊ ထိုကလေးမလေးကို အဘွားကြီးကျောက် ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းလွှတ်လိုက်မှသာ သူတို့လည်း အနည်းငယ် စိတ်အေးသွားရသည်။ ယခုအခါတွင် ထိုကလေူမလေးမှာ သူတို့အိမ်ကို ယခင်လောက် သိပ်မစောင့်ကြည့်တော့ပေ။ သို့သော်လည်း သူတို့အနေဖြင့် သူမကို လုံးဝကြီး စိတ်မချနိုင်ကြသေးပေ။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မိုးရွာပြီးနောက်တွင် လူအင်အားရှိသည့် အိမ်တိုင်းလိုလိုမှာ မှိုရှာရန်အတွက် မြို့ပြင်သို့ သွားကုန်ကြ၏။
သူတို့သည် မှိုများကို စားရန်အတွက်သာမကဘဲ ဆောင်းတွင်းအတွက်ပါ အခြောက်လှန်း သိမ်းဆည်းခဲ့ကြသည်။
ချန်ချင်းယွီသည် ကူးပြောင်းရောက်ရှိလာသည့် ပထမဆုံးနှစ်သာ ရှိသေးသော်လည်း ရပ်ကွက်ထဲရှိ အခြားသူများထံမှ သင်ယူခဲ့ရာ ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက် အလွန်ရှားပါးကြောင်း သိထား၏။ နွေဦး၊ နွေရာသီနှင့် ဆောင်းဦးတို့တွင် သီးနှံများ ပေါများစွာ ထွက်ရှိသဖြင့် လူအများစုမှာ စုဆောင်းထားကြရသည်၊ သို့မဟုတ်ပါက ဆောင်းတွင်းတွင် ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူကိုသာ စားနေရမည်သာ။
ထို့ကြောင့် ချန်ချင်းယွီသည် မှိုများကို ခူးဆွတ်ပြီး အတော်များများကို အခြောက်လှန်းထားခဲ့သည်။
ကျန်းမုန့်မုန့်မှာ ကလေးတစ်ယောက်ဖြစ်သဖြင့် တောင်ပေါ်သို့ မတက်နိုင်သည်မှာ သဘာဝပင်။ သူမ၏ ရည်မှန်းချက်မှာ…လူတိုင်းလှန်းထားသည့် မှိုများကို စောင့်ကြည့်ရန်ပင် ဖြစ်၏။
ယခုအခါ လူတိုင်းမှာ ထိုကလေးမကို တကယ်ပင် အနည်းငယ် ကြောက်လန့်နေကြပြီဖြစ်သည်။ အကယ်၍ သူမ မှိုတစ်ဆုပ်လောက် ယူသွားခဲ့လျှင်၊ ပမာဏ သိပ်မများသော်ငြားလည်း ထိုကိစ္စကို စကားထဲထည့်ပြောပါက လူအမြင်တွင် စိတ်ပုပ်သူဟု ထင်ခံရမည်ဖြစ်ပြီး၊ မပြောဘဲနေလျှင်လည်း တကယ်ပင် စိတ်တိုစရာ ဖြစ်နေ၏။ ထို့ကြောင့် မကြာသေးမီက လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီရင်း ထိုကလေးကို အနီးကပ် စောင့်ကြည့်နေကြသည်။ ရှီကျန့်ရှန်းပင်လျှင် တစ်ခါတစ်ရံတွင် ချန်ချင်းယွီတို့ မိသားစုအတွက် ပစ္စည်းများကို ကူညီကြည့်ရှုပေးတတ်၏။
အခြားနည်းလမ်း မရှိတော့ပေ…
တစ်ဦးကိုတစ်ဦး ကူညီကြရမည်။ သို့မဟုတ်ပါက မတော်တဆ တစ်ခုခု ပျောက်ရှသွားနိုင်သည်။
အဘွားကြီးကျောက်သည်လည်း တစ်ခါတစ်ရံ တံခါးဝတွင် ထိုင်နေတတ်ပြီး ရပ်ကွက်ထဲရှိ အခြားမိသားစုများအတွက် ပစ္စည်းများကို ကူညီစောင့်ကြည့်ပေးတတ်၏။ လူတိုင်း ဤမျှအထိ စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် ကူညီနေကြသည်ကို မြင်ရခဲလှသည်။
ယခုအချိန်တွင် လူတိုင်းမှာ အဘွားကြီးဟွမ် အမြန်ဆုံး ပြန်လာရန်သာ မျှော်လင့်နေကြ၏။ သို့မှသာ သူမနှင့် သေသေချာချာ စကားပြောဆိုနိုင်မည် မဟုတ်လော့။
ဤ ကျန်းမုန့်မုန့် ဆိုသည့်ကလေးမှာ တကယ်ကို လက်ခံနိုင်စရာ မရှိပေ။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူတို့လည်း ဆက်ပြီး သည်းခံနိုင်ကြတော့မည် မဟုတ်ပေ။
ဘယ်လို ကလေးအမျိုးအစားလေးမှန်းကို မသိဘူး…
သို့ရာတွင် ကျန်းမိသားစု၏ လူကြီးမှအစ ကလေးအဆုံး အလွန်တရာ တစ်ကိုယ်ကောင်းဆန်ကြသည်ဟု ဆိုနိုင်ပေသည်။ သူတို့မှာ မိမိကိုယ်ကိုသာ ဗဟိုပြုထားကြပြီး အဘယ်အကြောင်းအရာဖြစ်စေ ဂရုမစိုက်ပေ။
ချန်ချင်းယွီ ငါးမျှားမသွားသည်မှာ ရက်အတော်ကြာပြီဖြစ်၏။ သူမသည် ကလေးများကို မြို့ပြင်သို့ခေါ်ဆောင်၍ မှိုများလိုက်လံရှာဖွေနေခဲ့ပြီး အတော်လေး တွက်ခြေကိုက်အောင် ရိတ်သိမ်းနိုင်ခဲ့သည်။ တောင်ပေါ်တွင် မှိုရှာသူများ များစွာရှိသော်လည်း ချန်ချင်းယွီတို့ သားအမိသုံးယောက်မှာ အတော်လေး အရည်အချင်းရှိရှိ ရှာဖွေနိုင်ခဲ့ကြ၏။ ချန်ချင်းယွီမှာ ယခုအချိန်တွင် ယခင်အကြောင်းအရာကို မျှော်လင့်နေမိသည်။
အရင်တစ်ခေါက်ကလေ.. အရင်တစ်ခေါက်ကပေါ့… ရှီကျန့်ရှန်း မှိုတွေအကုန်ပေးခဲ့တာ..
ဒီတစ်ခါတော့ အဘွားကြီးရှီက မပေရတော့ဘူး..
အမယ်လေး… တမ်းတလိုက်တာ.. အဲ့အဘွားကြီး ပြဿနာရှာရင် သိပ်ကောင်းမှာပဲ…
တကယ်လို့သာ ပြဿနာရှာရင်ခဲ့ရင်…ဟင်း…အဘွားကြီးက စာတတ်သွားပြီ…
ယခင်ကဲ့သို့ ကြီးမားသော ကံကောင်းမှုမျိုးများ မကြုံတွေ့ခဲ့ရသော်လည်း ချန်ချင်းယွီမှာ မှိုအတော်များများကို ခူးဆွတ်နိုင်ခဲ့ကာ အတော်လေး အမြတ်ထွက်ခဲ့သည်။ သူမမှာ လေးငါးရက် ဆက်တိုက်သွားခဲ့ပြီး အတော်လေး တွက်ခြေကိုက်ခဲ့၏။
အဘွားကြီးကျောက် : “နင် ဒီနေ့ တောင်ပေါ်ကို ထပ်သွားဦးမှာလား”
ချန်ချင်းယွီ ခေါင်းယမ်းပြလိုက်ကာ
“မသွားဘူး.. ကျွန်မ မနေ့ကတည်းက မသွားတော့တာ…အများကြီးမကျန်တော့ဘူး ကျွန်မတခြား တောဟင်းရွက်လေးတွေလည်း ခူးလာခဲ့တယ် မဟုတ်ရင် ခြင်းထောင်တောင် ပြည့်မှာမဟုတ်ဘူး”
မှိုခူး၍ရသည့် အချိန်များမှာ ရက်အနည်းငယ်သာရှိပြီး ထိုရက်များကျော်သည်နှင့် ကုန်သွားပြီဖြစ်သည်။
လူတိုင်းမှာ မှိုလိုချင်ကြ၍ မြို့ပြင်တွင် မှိုရှာထွက်သူများ အလွန်များပြားနေ၏။ မိုးရွာပြီးစအချိန်ဆိုလျှင် မြို့ထဲလမ်းမများထက် မြို့ပြင်ပတ်ဝန်းကျင် မှိုရှာသူများ အလွန်စည်ကားနေတတ်သည်။
“ခဏနေရင် ကျွန်မ ငါးသွားမျှားမလို့၊ မသွားဖြစ်တာ တော်တော်ကြာပြီ။ ရှင်ကတော့ အိမ်မှာပဲ နေခဲ့၊ ဒီမှာ ကျွန်မတို့ လှန်းထားတဲ့ မှိုတွေ ရှိတယ်။ ကျွန်မတို့သာ မျက်စိဒေါက်ထောက် မကြည့်ရင် ဟိုကလေးမ လာခိုးသွားနိုင်တယ်”
ချန်ချင်းယွီ ပြောလိုက်၏။
တကယ်တမ်းတွင် ကျန်းမုန့်မုန့်မှာ သူတို့အိမ်ဘက်သို့ သိပ်မလာရဲပေ။ အဘွားကြီးကျောက် ဆူပူကြိမ်းမောင်းထားသည့်အပြင် ထိုအဘွားကြီးမှာ ဒေါသကြီးကာ ကပ်စေးနှဲ၍ မည်သူ့မျက်နှာမှ မထောက်ထားတတ်၍ပင်။ အကယ်၍ သူမထံမှ တစ်ခုခု ယူမိလျှင် အဘွားကြီးကျောက်မှာ တစ်လောကလုံးသိအောင် ပြဿနာရှာမည့်သူဖြစ်သည်။ တခြားသူများကဲ့သို့ အပြောခံရမည်စိုးကာ အောင့်သက်သက် ငြိမ်ခံနေမည့်သူ မဟုတ်ပေ။ ကျန်းမုန့်မုန့်မှာ ငယ်ရွယ်သော်လည်း လူကဲခတ်ရာတွင် ကျွမ်းကျင်၍ အနားမကပ်ချေ။ သို့သော် မည်သူမှ အာမမခံနိုင်၍ အဘွားကြီးကျောက်သည် အပြင်မထွက်ဘဲ အိမ်တွင်သာ စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်၏။
"အေးအေး၊ နင်ပဲ သွားလိုက်တော့။ ငါ အိမ်မှာ နေခဲ့မယ်၊ ရှောင်ကျားနဲ့ ရှောင်ယွမ်ကို ခေါ်သွားဖို့ မလိုဘူး"
အဘွားကြီးကျောက် ပြန်ပြောလိုက်သည်။
ချန်ချင်းယွီ ခေါင်းညိမ့်ပြကာ..
“ကောင်းပြီ”
ရှောင်ကျားနှင့်ရှောင်ယွမ်မှာ ဟိုကြည့်ဒီကြည့် လုပ်နေကြသော်လည်း လိုက်ချင်သည်ဟု ဇွတ်အတင်း မပူဆာကြပေ။ အမှန်တွင် ကလေးနှစ်ယောက်မှာ ဤရက်များအတွင်း ချန်ချင်းယွီနှင့်အတူ တောင်ပေါ်တွင် မှိုရှာထွက်နေရ၍ ပင်ပန်းနေကြရှာ၏။ သူတို့မှာ မိခင်ကိုကပ်သည့် ကလေးများဖြစ်ကြသော်လည်း မိမိကိုယ်ကို ပင်ပန်းနေသည်ကိုလည်း နားလည်ကာ လူကြီးများ၏စိတ်ကိုလည်း အကဲခတ်တတ်ကြသည်။ အတိတ်၌ အဘွားဖြစ်သူသည် သူတို့ကို ချစ်ခင်ခြင်းမရှိဘဲ အမြဲလိုလို ရွံ့ရှာသောအကြည့်များဖြင့် ကြည့်တတ်၏။ မိခင်ဖြစ်သူ ကာကွယ်ပေးထား၍သာ ဘွားအေမှာ သူတို့ကို ရိုက်နှက်ခြင်း မပြုသော်လည်း သူတို့မိခင်မှာ အမြဲလိုလို ဆူပူကြိမ်းမောင်းဆဲဆို ခံနေရပြီး တစ်ခါတစ်ရံ အရိုက်နှက်ပင်ခံရသည်။ ကလေးများမှာ အရာအားလုံးကို မှတ်မိ၏။ သို့ရာတွင် အဘွားဖြစ်သူမှာ လက်ရှိတွင် ယခင်ထက် သူတို့အပေါ် အများကြီး ကြင်နာလာခဲ့သည်။
ထို့အပြင်…အဘွားမှာ သူတို့၏မိခင်ဖြစ်သူကို အနည်းငယ် ကြောက်ရွံ့ဟန်ပေါ်နေ၏။ ထို့ကြောင့် ကလေးများမှာ အဘွားဖြစ်သူအား မကြောက်ကြတော့ပေ။
သူစိမ်းများ ပြဿနာရှာသည့် အချိန်တိုင်း အဘွားဖြစ်သူမှာ ရှေ့ဆုံးမှဦးစွာထွက်၍ အမြဲတမ်း ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် ကလေးများမှာ ဘွားအေဖြစ်သူနှင့် အတူနေခဲ့ရမည်ကို စိုးရိမ်စိတ်မရှိကြချေ။
“မေမေ နေ့လယ်စာစားဖို့ ပြန်လာမှာလား”
ချန်ချင်းယွီ ခေါင်းညိမ့်ပြကာ
“ဒါပေါ့”
“ဒါပေမဲ့ မေမေနောက်ကျနေရင် အရင်စားနှင့်နော် မစောင့်နဲ့”
ချန်ချင်းယွီ ထပ်မံပြောကြားလိုက်၏။
အဘွားကြီးကျောက် : “စိတ်ချစမ်းပါ”
အဘွားကြီးမှာ အိမ်တွင်ရှိနေသော်လည်း အလကားမနေပေ။ အိပ်ရာခင်းများ၊ စောင်များကို ဖြုတ်၍ လျှော်ဖွတ်ရန် ကြံသည်နေ၏။ ဤကိစ္စမှာ ချန်ချင်းယွီအား အားကိုး၍မရကြောင်း သူမ သိလေသည်။
ချန်ချင်းယွီက ကူမှာလည်း မဟုတ်ပါဘူး…ဟူး... ဒီလိုမျိုး ချွေးမမျိုးလည်း ရှိမှရှိပါပေ့…
တကယ်ကို အားကိုးမရလိုက်တာ…
သို့သော်လည်း အဘွားကြီးကျောက် အပြင်ထုတ်ပြီး မပြောရဲပေ။
တကယ်တော့ စိတ်ထဲကသာ တတွတ်တွတ် မြည်တွန်တောက်တီးနေတာပါ၊ တကယ်တမ်းကျတော့ စိတ်ဆိုးနေတာ မဟုတ်ပါဘူး…
ချန်ချင်းယွီ ဤကဲ့သို့ ဇွဲနပဲရှိပြီး ပြတ်သားနေခြင်းကိုပင် အဘွားကြီးကျောက် တိတ်တဆိတ် သဘောကျနေမိ၏။
ဘာမှမလုပ်တတ်တာထက်စာရင် အနည်းငယ် ထက်မြက်နေတာကမှ တော်သေးတယ် မဟုတ်လား…
လူတစ်ယောက်က အရမ်းနူးညံ့လွန်းနေရင် ကိုယ်တိုင် ဒုက္ခရောက်ရုံတင်မကဘဲ မိသားစုကိုပါ ထိခိုက်နိုင်တာလေ…
တစ်ကိုယ်ကောင်းဆန်ရတယ်ဟဲ့… ဒါမှ ဘဝက နေပျော်တာ…
ထို့ကြောင့် ချန်ချင်းယွီ
နောက်ကွယ်မှာ ယခုကဲ့သို့ ခိုင်မာပြတ်သားနေသည်ကို အဘွားကြီးကျောက် တစ်မျိုး စိတ်သက်သာရာရနေမိလေသည်။
"သွားလေ၊ ငါတို့ မွန်းတည့်ချိန်အထိ စောင့်နေမယ်။ အချိန်မီတော့ ပြန်လာခဲ့ဦး၊ လူဆိုတာ ထမင်းစားရမှာလေ။"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြပြီး
"သိပါတယ်"
"အော်... ဒါနဲ့၊ နင့်ကို ပြောစရာ လျှို့ဝှက်ချက်တစ်ခု ရှိသေးတယ်။ ငါ ခုတလော တစ်ခုခုကို သတိထားမိနေတယ်"
အဘွားကြီးကျောက် ချန်ချင်းယွီနားကို ခိုးကြောင်ခိုးဝှက် ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။
ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ပြီး
"ဘာကိစ္စလဲ”
"ယွမ်ရှောင်ချွေက ယွမ်ဟောင်မင်တို့၊ ကျောက်ရုံတို့နဲ့ စိတ်ဝမ်းကွဲနေကြပြီ ထင်တယ်"
“….”
ချန်ချင်းယွီ တစ်ယောက် ဘာပြောရမှန်းမသိ ဆွံ့အသွားမိလေသည်။
သူမ သက်ပြင်းချကာ စိတ်ရင်းဖြင့်
"ဒါကို ရှင်က ပြောနေဖို့ လိုသေးလို့လား..တစ်ရပ်ကွက်လုံး တစ်ဝင်းလုံး သိနေကြပြီလေ။ ဘယ်သူကများ မမြင်ဘဲ နေမှာလဲ”
အဘွားကြီးတော့ ခေတ်နောက်ကျနေပြန်ပြီ….
အတိတ်ကာလက ယွမ်ရှောင်ချွေသည် ယွမ်မိသားစုအပေါ် သစ္စာရှိလှသော အစေခံကောင်းတစ်ဦးပမာ အသုံးတော်ခံခဲ့ဖူး၏။ သူမသည် ကျောက်ရုံ၏ သွေးထိုးလှုံ့ဆော်မှုများနောက်သို့ အလွယ်တကူ လိုက်ပါတတ်ပြီး သူတစ်ပါးအပေါ် ရန်လိုစော်ကားရန်လည်း ဝန်မလေးခဲ့ပေ။ ယွမ်မိသားစုမှလွဲ၍ ကျန်ရှိသောသူတို့အား အောက်ခြေလွတ်ကာ နှိမ့်ချဆက်ဆံလေ့ရှိသည့် သူမ၏ အမူအရာမှာလည်း ထင်ရှားလှ၏။
သို့သော် ယခုအခါတွင်မူ အခြေအနေအရပ်ရပ်တို့သည် ပြောင်းလဲသွားခဲ့ချေပြီ။
ယွမ်ရှောင်ချွေသည် ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့အား နှိမ့်ချပြောဆိုရုံမျှမက ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့၏ အတွင်းရေးကိစ္စရပ်များကိုပါ အတင်းအဖျင်းသဖွယ် လိုက်လံပြောဆိုနေတော့သည်။ ယွမ်မိသားစု၏ အိမ်တွင်းရေး လျှို့ဝှက်ချက် အသေးအဖွဲများမှာလည်း သူမကြောင့် ပြင်ပသို့ တစစ ပေါက်ကြားလျက်ရှိနေ၏။
"သူ ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလို့ ထင်လဲ"
"ဘာရှိရမှာလဲ၊ အဲဒီနှစ်ယောက်က လူကောင်းမဟုတ်ဘူးဆိုတာ သူ သိသွားလို့နေမှာပေါ့"
ချန်ချင်းယွီ ဆိုလိုက်သည်။ ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ရှေ့တွင် ဟန်ဆောင်နေခြင်းမျိုး မပြုတော့ဘဲ သက်ပြင်းတစ်ချက်ကို အသာချရင်း မိမိတို့မှာ တစ်ခရီးတည်းသွားသူများဖြစ်ကြောင်း တွေးလိုက်မိ၏။
သူမ နှုတ်ခမ်းလေးစူလျက်
"စောင့်သာကြည့်နေ၊ သူတို့ကြားမှာ ဒီထက်မကတဲ့ ဇာတ်လမ်းတွေ ရှိသေးတယ်။ ကျောက်ရုံကတော့ ဒီအတိုင်း ငြိမ်နေမှာမဟုတ်ဘူး"
"ငါလည်း အဲဒီလိုပဲ ထင်တယ်။ ကျောက်ရုံက ကောက်ကျစ်တာ။ ယွမ်ရှောင်ချွေကို မြို့ပေါ်မှာ ဆက်ထားဖို့ အစီအစဉ်မရှိဘူးဆိုတာ ရှောင်ချွေကိုယ်တိုင်လည်း သိသွားပြီ ထင်တယ်။ သူကလည်း အဖြစ်မရှိလိုက်တာ၊ ကိုယ့်ခြေကိုယ်လက် မခိုင်ခင်မှာ သူများသမီးအတွက် အကုန်ပုံအောပြီး ကူညီပေးနေရတယ်လို့။ ပြီးခဲ့တဲ့ ညစာစားပွဲကိုပဲ ကြည့်လေ၊ တစ်ခုခုတော့ မဟုတ်တာ သေချာတယ်။ ကျောက်ရုံက အဲဒီလောက်ကြီး ကိုယ်ကျိုးစွန့်တတ်တဲ့သူလို့ ငါတော့ မယုံဘူး။ တကယ်လို့ သူကသာ အဲဒီလောက် စိတ်ကောင်းရှိရင် သူ့အလုပ်ကို ဘာလို့ ယွမ်
ရှောင်ချွေကို မပေးတာလဲ..ဟမ့်.."
အဘွားကြီးကျောက်မှာမူ ချိုသာသော စကားများထက် လက်တွေ့လုပ်ရပ်ကသာ ပို၍ အရေးကြီးကြောင်း စိတ်ထဲမှ မှတ်ချက်ပြုနေမိသည်။ သူမတို့အိမ်မှ ချန်ချင်းယွီသည် ဒေါသကြီး၍ အပြုအမူကြမ်းတမ်းတတ်သော်လည်း လက်တွေ့တွင်မူ သူမအား အလုပ်အကိုင် လွှဲပြောင်းပေးခဲ့သဖြင့် ယခုအခါ ပင်စင်လစာဖြင့် အေးချမ်းစွာ နားနေနိုင်ပြီ ဖြစ်၏။ သူမ၏ အိမ်တွင်လည်း သုံးနှစ်သားအရွယ် ကလေးနှစ်ဦးရှိသည့်တိုင် ကျေးလက်သို့ အလုပ်ဆင်းရန်မှာ ၁၄ နှစ်၊ ၁၅ နှစ်ခန့် လိုအပ်သေးရာ ထိုအချိန်တွင် သူမ ပင်စင်ယူသည်မှာပင် ကြာမြင့်နေမည်ဖြစ်သဖြင့် စိုးရိမ်စရာမရှိချေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ချန်ချင်းယွီသည် အပြောထက် လက်တွေ့ကို ဦးစားပေးသူဖြစ်ကြောင်း သိသာလှသည်။
ကျောက်ရုန်မှာမူ စကားကိုသာ လှပအောင် ပြောဆိုတတ်ပြီး "မွေးစားသမီး" အပေါ် စေတနာထားသယောင် ဟန်ဆောင်နေခြင်းသာ ဖြစ်’၏။
အမှန်စင်စစ်မူ ထိုကလေးမှာ ယွမ်ဟောက်မင်၏ သွေးသားအရင်းအချာပင် ဖြစ်လေသည်။
မွေးစားသမီး… ငါ့ဖင်ကြီးပဲ မွေးစားသမီး… ယွမ်ဟောက်မင် သမီးရင်းဆိုတာ လူတကာသိတယ်… ကြောင်သူတော်တွေ.. ကြောင်သူတော်တွေ…
ကလေးအပေါ် ချစ်ခင်သည်ဆိုသည်မှာလည်း အပေါ်ယံမျှသာ ဖြစ်ပေလိမ့်မည်။ တကယ်တမ်း ချစ်ခင်မြတ်နိုးပါက မိမိ၏ အလုပ်အကိုင်ကို အနစ်နာခံ၍ အဘယ်ကြောင့် မပေးအပ်ခဲ့သနည်း။ အဘွားကြီးကျောက်သည် ယွမ်မိသားစုဝင်တို့အား အသွေးအသားထဲမှ အယောင်ဆောင်ကောင်းသူများအဖြစ် သတ်မှတ်လိုက်၏။
"ငါကတော့ သူတို့ကို အထင်ကိုမကြီးတာ။ အဆုံးသတ်မှာ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ချင်သေးတယ်။ ဒါပေမဲ့ ကျောက်ရုံရဲ့ မျက်နှာကတော့ အခုတလော တော်တော်လေး ပျက်နေတယ်နော်"
ချန်ချင်းယွီသည် ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။ သူမ၏မျက်နှာ အဘယ်ကြောင့် မပျက်ဘဲ ရှိပါမည်နည်း။ တစ်ဖက်လူကို ပြစ်မှားမိထားသည်မှာ မပြေလည်သေးမီမှာပင် ယွမ်ရှောင်ချွေမှာ ပြဿနာများ ထပ်မံဖန်တီးနေပြန်၏။ သူမတွင် အစီအစဉ်ရှိသော်လည်း ကျန်းရှင်းဖှမှာ ဆေးရုံမှ မဆင်းရသေးသဖြင့် လက်တွေ့အကောင်အထည် မဖော်နိုင်သေးချေ။
ထို့အပြင် ယွမ်ရှောင်ချွေသည် သူမ၏ အကြံအစည်များကိုလည်း ရိပ်မိနေပြီ ဖြစ်သည်။
ချန်ချင်းယွီသည် သက်ပြင်းတစ်ချက်ကိုသာ ချလိုက်မိ၏။ အမှန်တကယ်ပင် စုပေါင်းနေအိမ်ဝင်းများတွင် နေထိုင်ရသည်မှာ အမြဲတစေ ဆူညံပွက်လောရိုက်လျက် ရှိနေတော့သည်။
တကယ်ကိုပါပဲ… အသက်တစ်ရာမနေရ…အမှုတစ်ရာကြုံရတယ်ဆိုတာ.. ဒီအိမ်ရာဝင်းပဲ..
သူထက်သူ တစ်မူထူးခြား လူစွမ်းကောင်းများ ပေါလှပါဘိ…
သူမသည် လက်မောင်းနှစ်ဖက်ကို ဆန့်တန်းကာ အကြောဆန့်လိုက်ပြီး
"ကဲ... ကျွန်မ သွားတော့မယ်၊ တခြားသွားစရာလည်း မရှိတော့ဘူး"
"အေးအေး..သွားလေ"
ချန်ချင်းယွီ၏ အစားကောင်းခြင်းမှာ အကျိုးမဲ့မဟုတ်ဘဲ သူမတွင် မကုန်ခမ်းနိုင်သော အင်အားများ ရှိနေသည်ဟု အဘွားကြီးကျောက် ခံစားမိ၏။ အခြားသူများမှာ ရက်ဆက် တောင်တက်ခဲ့ရသဖြင့် နုံးချိနေကြသော်လည်း ချန်ချင်းယွီမှာမူ လန်းဆန်းတက်ကြွလျက် ရှိနေဆဲပင်။
နှိုင်းယှဉ်၍ပင် မရနိုင်ချေ…
ညည်းကတော့ မယ်ဗလပါပဲအေ… ညည်းကို ဂျပန်ခေတ်ပို့ပြီး စစ်တိုက်ခိုင်းရမှာ…
အချို့သူတို့၏ အစားကြူးခြင်းမှာ အလကားမဟုတ်ကြောင်းကိုလည်း အဘွားကြီးကျောက် သဘောပေါက်သွားသည်။ သူမ၏ မိသားစုမှာ မြို့ပေါ်တွင် အခြေချသူများဖြစ်သော်လည်း အကယ်၍သာ လယ်သမားမိသားစု ဖြစ်ခဲ့လျှင် ချန်ချင်းယွီကဲ့သို့ နွားတစ်ကောင်ပမာ ခွန်အားရှိသူမျိုးမှာ များစွာ အားကိုးထိုက်မည် ဖြစ်၏။
အဘွားကြီးကျောက်သည် အိမ်ထဲသို့ ပြန်ဝင်ကာ အိပ်ရာခင်းများကို ချွတ်လေတော့သည်။
ထိုအချိန်တွင် ချန်ချင်းယွီသည်လည်း သူမ၏ စက်ဘီးကို တွန်းထုတ်လာခဲ့ရာ ရှေ့ဝင်းထဲတွင် လင်စန်းရှင်းမှာ တံခါးစောင့်နတ်မင်းကြီးပမာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ယနေ့မှာ တနင်္ဂနွေ အားလပ်ရက်ဖြစ်ပြီး ဝမ်မေ့လန်မှာလည်း အိမ်တွင်ရှိနေသဖြင့် အဘွားကြီးဝမ်မှာ ကလေးထိန်းပေးရန် လာရောက်စရာ မလိုတော့ချေ။
ထို့ကြောင့် လင်စန်းရှင်းမှာ ရှေ့ဝင်းထဲတွင် တစ်ဦးတည်း ရှိနေလေသည်။
"ရှောင်ချန်၊ အပြင်ပြန်ထွက်တော့မလို့လား"
ချန်ချင်းယွီ : "ငါးဖမ်းသွားမလို့ပါ"
လင်စန်းရှင်းမှာ နှုတ်ခမ်းလေး တွန့်သွားပြီး သက်ပြင်းတစ်ချက်ချကာ
"အေးအေး... သွားလေ၊ ရသလောက်သာ ဖမ်းခဲ့တော့"
ချန်ချင်းယွီ ထွက်သွားသည်ကို ကြည့်ရင်း သူမသည် အိမ်ထဲသို့ဝင်ကာ ခင်ပွန်းဖြစ်သူအား မြည်တွန်တောက်တီးလိုက်၏။
"အကယ်၍ ကျွန်မသာ အဘွားကြီးကျောက်တို့လို မိသားစုထဲကို ရောက်သွားရင်တော့ ဒုက္ခရောက်မှာပဲ။ ရှောင်ချန်ကို ကြည့်ပါဦး၊ တစ်ရက်ကလေးတောင် အနားမရဘူး။ နေ့တိုင်း ဟိုဟာလုပ် ဒီဟာလုပ်နဲ့ အလုပ်များနေတာ။ ဟိုတစ်နေ့က မှိုသွားခူးတုန်းကလည်း တစ်ဝင်းလုံးက လူတွေ အကုန်ပင်ပန်းနေကြတာ။ အားလုံးက နားချင်နေကြတဲ့အချိန် သူက ငါးဖမ်းထွက်ရဦးမယ်တဲ့..အလုပ်ကတော့ မဆုံးနိုင်ဘူး"
ထို့နောက် လီလင်းလင်းဘက်သို့ လှည့်ကာ
"လင်းလင်း နင်ကလည်း အရွယ်ရောက်နေပြီဆိုတော့... အမေ ဘာကို ဆိုလိုတာလဲဆိုတာ သိမှာပါ။ ရှီရှောင်ဝေနဲ့ မပတ်သက်ဖို့ အမေ တားခဲ့တာ ဘာမှားလို့လဲ။ ဘယ်မိဘကမှ ကိုယ့်သားသမီးရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ မနေပါဘူး။ နင်က ယွမ်ဟောက်ဖုန်းနဲ့ပဲ ပေါင်းရမှာ။ ကျောက်ရုံက ယောက္ခမကောင်းတစ်ယောက် ဖြစ်မှာပါ။ ကြည့်လေ... ယွမ်ရှောင်ချွေလို ကျေးဇူးမသိတဲ့သူကိုတောင် သူမက စိတ်မဆိုးဘူး။ မွေးစားသမီးကိုတောင် ဒီလောက်ကောင်းပြနေရင် ချွေးမအပေါ်မှာတော့ ပိုပြီး ကောင်းမှာ သေချာတယ်။ အစ်မကြီးဖန်ကို ကြည့်ဦး၊ သူမက အဘွားကြီးကျောက်ထက် နည်းနည်းလောက်ပဲ သာတာ။ အဲဒီလို မိသားစုထဲ ရောက်သွားရင် နင်ပဲ ဒုက္ခရောက်မှာ။ တစ်နေကုန် အိမ်မှုကိစ္စတွေနဲ့ နပန်းလုံးနေချင်လို့လား။ အဲဒါကိုပဲ ပျော်နေမှာလား။ ပြီးတော့ ဆူပူ ရိုက်နှက်တာတွေလည်း ခံရဦးမှာ၊ အဲဒါကိုရော သဘောကျလို့လား"
လီလင်းလင်းမှာ ခေါင်းကို အမြန်ပင် ခါယမ်းလိုက်လေသည်။
"ဒါပေါ့၊ အမေပြောတာကို နားထောင်ရင် ဘယ်တော့မှ မမှားဘူး"
လင်စန်းရှင်းမှာ ပြောဆိုရင်း အဘွားကြီးပိုင်ဘက် ရောက်သွားပြန်ကာ ထပ်မံ၍ မကျေမနပ် ပြောဆိုနေတော့၏။
"အဘွားကြီးပိုင်ကလည်း တကယ်ပါပဲ၊ ရဲစခန်းက ကွမ်ထင်းထင်းနဲ့ ဟောက်ဖုန်းကို မိတ်ဆက်ပေးဖို့ ဇွတ်လုပ်နေတာ။ အောက်တန်းကျလိုက်တာ။ ငါတို့က တစ်ဝင်းတည်းသားတွေလေ၊ နင်နဲ့ ဟောက်ဖုန်းကလည်း ငယ်သူငယ်ချင်းတွေ၊ သူက နင့်ကိုပဲ ဒီလိုလူကောင်းနဲ့ မိတ်ဆက်ပေးသင့်တာ မဟုတ်ဘူးလား။ သူကတော့ ကြားထဲက အကျိုးဆောင်လုပ်နေတာပေါ့လေ"
သူမသည် စိတ်ဓာတ်ပြတ်သားသူ မဟုတ်သဖြင့် အိမ်တွင်း၌သာ ဗြစ်တောက်ဗြစ်တောက် ပြောဆိုနေခြင်းဖြစ်ပြီး အပြင်တွင်မူ မပြောရဲချေ။
သို့သော် သူမသည် သမီးဖြစ်သူကို အနားသို့ဆွဲခေါ်ကာ သတိပေးဆုံးမပြန်ကာ
"ဟောက်ဖုန်း အိမ်ပြန်လာရင် သူ့အနားမှာ အချိန်ပိုပေးဦး။ နင်တို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေပဲဟာ၊ ငယ်ကတည်းက သံယောဇဉ်ရှိနေတာက ကြားထဲက မိတ်ဆက်ပေးတာတွေထက် ပိုခိုင်မြဲတယ်။ အဘွားကြီးပိုင်က တခြားသူနဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားနေရင်ရော ဘာဖြစ်လဲ။ ဟောက်ဖုန်းကသာ နင့်ကိုသဘောကျရင် အဲဒီမိန်းကလေးကို သူငြင်းမှာပေါ့"
သူမသည် ပိုင်ဖုန်းရှန်းအား ထိပ်တိုက်ရင်ဆိုင်ရန် ရှက်ရွံ့နေသဖြင့် သမီးဖြစ်သူကိုသာ ဤကဲ့သို့ ညွှန်ကြားနေခြင်းဖြစ်သည်။
လီလင်းလင်းသည် မျက်နှာလေး အနည်းငယ် နီမြန်းလျက် ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်မိ၏။
သူမ ငယ်စဉ်၌ ဘာမှနားမလည်ခဲ့သဖြင့် မိမိနှင့်ရွယ်တူဖြစ်သော ရှီရှောင်ဝေကို သဘောကျခဲ့ဖူးသည်။ ထိုစဉ်အချိန်၌ ဟောက်ရွှယ်အပေါ် အနိုင်လိုချင်သောစိတ်လည်း အနည်းငယ် ပါကောင်းပါပေလိမ့်မည်။ သို့သော် ယခုအခါတွင်မူ သူမသည် မရင့်ကျက်သော မိန်းကလေးတစ်ဦး မဟုတ်တော့ချေ။ ရှီရှောင်ဝေသည် အားကိုးထိုက်သူတစ်ဦး မဟုတ်ကြောင်းကိုလည်း သူမ ကောင်းစွာ သိရှိသွားခဲ့ပြီဖြစ်၏။
သူ၏ အလုပ်အကိုင်ကို ခေတ္တဘေးဖယ်ထားလျှင်ပင် သူသည် လူကောင်းတစ်ယောက်ဟု မဆိုနိုင်ပေ။
သူသည် မဖွယ်မရာစာအုပ်များကို ခိုးကြောင်ခိုးဝှက် ဖတ်ရှုတတ်သူဖြစ်ရာ လူကောင်းတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် မိခင်ဖြစ်သူ ပြောသည်မှာ မှန်ကန်သည်ဟု လီလင်းလင်း ပိုမိုခံစားလာရ၏။ ဟောက်ဖုန်းကဲ့သို့ အလုပ်အကိုင်ရှိပြီး ရုပ်ရည်သန့်ပြန့်ကာ အရည်အချင်းရှိသူမျိုးကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်သင့်ပေသည်။
အိမ်ထောင်ရေးဟူသည် အမျိုးသမီးတစ်ဦးအတွက် ဒုတိယအကြိမ် ပြန်လည်မွေးဖွားခြင်းပင် ဖြစ်ရာ သူမအနေဖြင့် ပေါ့ဆ၍ မဖြစ်နိုင်ချေ။
အတိုချုပ်ဆိုရသော် လီလင်းလင်းသည် မိခင်ဖြစ်သူ၏ အမြင်ကို ယုံကြည်အားကိုးလိုက်လေ၏။
"သမီးသိပါတယ်၊ ဒါနဲ့ ဒေါ်လေးပိုင်က ဟောက်ဖုန်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး အခုတလော ဘာသံမှမကြားရတော့ဘူးနော်"
လင်စန်းရှင်း လှောင်ပြုံးပြုံးလျက်
"သူ့သားပြန်ရောက်နေတာလေ၊ တခြားဟာတွေ လုပ်ဖို့ အချိန်ရှိပါဦးမလား။ အခုတလော အဲဒီသားအမိနှစ်ယောက် မာကျန်းကိစ္စနဲ့တင် အလုပ်ရှုပ်နေကြတာ"
သူမ ဆက်လက်၍ ဝေဖန်ပြန်ကာ
"နင်လည်း မာကျန်းလို မဖြစ်စေနဲ့ဦး။ သူ့ကိုကြည့်ပါလား၊ စာလည်း သိပ်မတော်တော့ ကျေးလက်ကို ဆင်းသွားရတယ်။ ရွာရောက်သွားတော့မှ သူကိုယ်သူ မစွမ်းသာမှန်း သိသွားတာ မဟုတ်လား။ အခုတော့ တောသူတစ်ယောက်နဲ့ပဲ လက်ထပ်လိုက်ရတယ်။ ရှီရှောင်ဝေသာ အလုပ်မရှိရင် သူလည်း ဒီလိုပဲ ဖြစ်မှာ။ နင်က မြို့မှာပဲ နေရမှာဆိုတော့ အလုပ်အကိုင်ရှိတဲ့သူကိုပဲ အပိုင်တွဲရမယ်"
လီလင်းလင်း အမြန်ပင် ခေါင်းငြိမ့်ပြလိုက်၏။
သားအမိနှစ်ဦး၏ စကားဝိုင်းကို နားထောင်နေသော လီချန်ရွှမ်းမှာမူ တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် မှတ်ချပြုလိုက်သည်။
"အဘိုးကြီးမာတို့ ဇနီးမောင်နှံက မာကျန်းကို ဒီမှာပဲ အခြေချစေချင်ပုံရတယ်"
ထိုစကားကို ကြားသောအခါ လင်စန်းရှင်းက နှာခေါင်းရှုံ့လျက်
"သူတို့ကတော့ ဖြစ်စေချင်တာပေါ့၊ ဒါပေမဲ့ ဘယ်အရာမှ အလကားမရဘူးလေ။ ကျေးလက်ပို့လိုက်တဲ့ ကျေးလက်လူငယ်တစ်ယောက်က မြို့ကို ပြန်လာချင်တယ် ဟုတ်လား။ အိပ်မက်ယောင်နေတာပဲ။ နေ့စားအလုပ်သမားတောင် သူတို့က ခေါ်မှာမဟုတ်ဘူး။ သူကတော့ မျှော်လင့်ချက်တွေ ထားနေတာပေါ့၊ မဖြစ်နိုင်တာ၊ လုံးဝကို မဖြစ်နိုင်တာ"
လီချန်ရွှမ်းမှာ "ပြောရခက်ပါတယ်..." ဟု ဆိုလိုက်သော်လည်း ဤကိစ္စမှာ သူ၏မိသားစုနှင့် မသက်ဆိုင်သဖြင့် အလေးအနက် မစဉ်းစားတော့ပေ။
"ဘာပဲဖြစ်ဖြစ်... နင် စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ဖို့ လိုတယ်။ အမှတ်ကောင်းတာက ဘာထက်မဆို ပိုအရေးကြီးတယ်။ ယာယီအလုပ်လေးတစ်ခုခု ရထားမှလည်း နင့်ဘက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှာ"
လီချန်ရွှမ်း အကြံပြုလိုက်သည်။ လီလင်းလင်းမှာ ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ခါးသီးမှုကို ခံစားလိုက်ရ၏။ သူမသည် စာတော်သော ကျောင်းသူတစ်ဦး မဟုတ်ချေ။ အကယ်၍သာ စာတော်ခဲ့ပါက အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲကို ထိုစဉ်ကတည်းက အောင်မြင်ခဲ့မည်ဖြစ်သည်။ မိန်းကလေးဖြစ်သော်လည်း တစ်ဦးတည်းသော သမီးဖြစ်၍ သူမ၏ မိသားစုမှာ ကျောင်းမထားပေးခြင်း မဟုတ်ဘဲ သူမကိုယ်တိုင်သည် စာမေးပွဲ မအောင်မြင်ခဲ့ခြင်းသာ ဖြစ်၏။
ယခုတစ်ကြိမ် ရေးဖြေစာမေးပွဲတွင် အထက်တန်းအောင်ထားသူများစွာ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ရာ သူမအနေဖြင့် ကြီးမားသော ဖိအားကို ခံစားနေရလေတော့သည်။
သူမကဲ့သို့ အလယ်တန်းအဆင့်သာ အောင်မြင်ထားသည့်သူ မဆိုထားနှင့် အထက်တန်းအောင်ထားသော ရှီရှောင်ဝေပင်လျှင် ကြီးမားသော ဖိအားဒဏ်ကို ခံစားနေရ၏။ သို့မဟုတ်လျှင် ရှီရှောင်ဝေတစ်ယောက် အခုတလော ဤမျှအထိ စိတ်မထိန်းနိုင်ဘဲ ဖြစ်နေမည်မဟုတ်ချေ။ ယခင်က မောက်မာဝင့်ကြွားတတ်သည့် လူဘော်ကြော့လေးဖြစ်သော်လည်း ယခုအခါတွင်မူ စကားတစ်ခွန်း၊ နှစ်ခွန်း ပြောရုံမျှဖြင့် ပေါက်ကွဲလွယ်နေတော့သည်။
စာပေလေ့လာရသည့် ဖိအားမှာ အမှန်တကယ်ပင် ကြီးမားလှ၏။
ဤစာမေးပွဲသည်သာ သူတို့အတွက် ကျေးလက်သို့ အလုပ်ဆင်းရန်မလိုဘဲ မြို့ပေါ်တွင် ဆက်လက်နေထိုင်နိုင်မည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေ၏။
အထူးသဖြင့် ဟောက်ရွှယ်၏ စာကျက်မှတ်မှုမှာ သူတို့ထက် သိသိသာသာ ပိုမိုကောင်းမွန်နေသဖြင့် အားလုံး ပို၍ပင် ဖိအားဝင်နေကြသည်။ လီလင်းလင်းသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းအထပ်ထပ်ချရင်း အချိန်မဆွဲဝံ့တော့ဘဲ စာကိုသာ ကြိုးစားပမ်းစား ကျက်မှတ်နေရလေတော့၏။
ထိုစဉ် သူမသည် အကြောင်းပြချက်မရှိဘဲ ချန်ချင်းယွီကို အားကျစိတ်ကလေး အနည်းငယ် ဖြစ်ပေါ်လာမိသည်။
ချန်ချင်းယွီ၏ အလုပ်မှာ ပင်ပန်းလှသော်လည်း အနည်းဆုံးတော့ သူမသည် စာကျက်ရန် သို့မဟုတ် စာမေးပွဲဖြေရန် မလိုပေ။
လီလင်းလင်းသည် စာကျက်ရမည့်အစား ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကိုသာ ပို၍ ရွေးချယ်ချင်နေမိ၏။
သို့သော်လည်း သူမမှာ ရွေးချယ်စရာမရှိချေ။ စိုးရိမ်စိတ်များ ရှိနေသော်လည်း စာကိုသာ အရူးအမူး ကြိုးစားနေရတော့သည်။
တစ်ဖက်တွင်မူ လီလင်းလင်း အားကျနေရသော ချန်ချင်းယွီမှာ မြစ်ကမ်းဘေးသို့ ရောက်ရှိနေပြီဖြစ်၏။ တနင်္ဂနွေနေ့ ဖြစ်သဖြင့် မြစ်ကမ်းဘေးတွင် လူများမှာ ပို၍ပင် စည်ကားလျက်ရှိသည်။ ချန်ချင်းယွီသည် နေရာလွတ်တစ်ခုကို ရှာဖွေကာ အလုပ်စတင်တော့သည်။ သူမသည် ဤနေရာသို့ မရောက်ဖြစ်သည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သဖြင့် အမှန်တကယ်ပင် လွမ်းဆွတ်နေမိ၏။
ငါးမျှားရတဲ့သူတစ်ဦးအတွက် အရေးကြီးဆုံးက ငါးရဖို့ပဲလေ…
အဟမ်း… ဘယ်နည်းနဲ့ရရ ရဖို့ပေါ့..
ငါးမျှားနေရသည့် လုပ်ငန်းစဉ်မှာလည်း အရေးပါလှပြီး
အကယ်၍ ငါးရရှိခဲ့ပါက ပို၍ပင် ဝမ်းမြောက်စရာ ကောင်းလှ၏။
ချန်ချင်းယွီသည် ငါးမျှားရန် အမြန်ပင် ပြင်ဆင်လိုက်သော်လည်း လူများလွန်းသောကြောင့် ဖြစ်နိုင်သည်၊ အတော်ကြာသည်အထိ ငါးတစ်ကောင်မျှ မမိသေးချေ။ သို့သော် ချန်ချင်းယွီမှာ ငါးမရမည်ကို စိုးရိမ်မနေပေ။ အကယ်၍ ငါးမမိပါက ဝယ်ယူလိုက်ရုံသာ။
ကိုယ်တိုင်ဖမ်းမိသည်ဖြစ်စေ၊ တစ်ဆင့်ဝယ်ယူသည်ဖြစ်စေ သူမ၏လက်ထဲတွင် ငါးရှိနေရန်သာ အဓိကဖြစ်သည်။ မှန်ပေသည်၊ အတော်ကြာအောင် အချည်းနှီးဖြစ်နေပြီးနောက်တွင်မူ ရင်းနှီးသော မိတ်ဆွေဟောင်းတစ်ဦး သူမဆီသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။
"ဒီနေ့ အခြေအနေ ဘယ်လိုလဲ"
ဆရာယွီ ချဉ်းကပ်လာကာ တိုးတိုးလေး မေးလိုက်သည်။
ထို့နောက် တစ်ဖန် "ကလေးတွေရော ပါမလာဘူးလား" ဟု ထပ်မံမေးမြန်းပြန်၏။
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ
"ကလေးတွေက အိမ်မှာပဲ၊ တစ်ယောက်ယောက် ကြည့်ပေးထားတာမို့လို့ ကျွန်မလည်း အေးအေးဆေးဆေး ထွက်လာခဲ့တာ"
သူမသည် တစ်ဖက်လူ၏ ငါးခြင်းထဲသို့ လှမ်းကြည့်လိုက်၏။
"ဆရာ့မှာတော့ ငါးတွေ အများကြီးရထားတာပဲ"
ဆရာယွီ ဂုဏ်ယူဝင့်ကြွားစွာဖြင့်
"ဒါပေါ့... ငါ ဒီမနက်စောစောကတည်းက လာတာလေ။ တနင်္ဂနွေနေ့ဆို လူစည်မယ်ဆိုတာ သိလို့ပေါ့။ မင်းကို မတွေ့တာ ရက်နည်းနည်းရှိပြီ၊ မှိုသွားခူးနေတာလား"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြပြီး စိတ်အားထက်သန်စွာဖြင့်
"ဆရာရထားတဲ့ ငါးတွေအားလုံးကို ကျွန်မ ယူမယ်လေ၊ အခုထိ ကျွန်မတစ်ကောင်မှ မမိသေးလို့"
"ကောင်းပြီလေ"
ဆရာယွီ သဘောတူလိုက်၏။
ဒါမျိုးပဲကြိုက်တာ… ရော့ပတ္တမြား..ရော့နဂါးပဲ..
သူတို့နှစ်ဦးသည် ငါးများကို အလျင်အမြန်ပင် လဲလှယ်လိုက်ကြသည်။
"ဒါဆို ငါ သွားတော့မယ်"
ဆရာယွီ အမြန်ပြောကာ ထွက်ခွာသွားလေသည်။
ဆရာယွီသည် အခြေအနေအရပ်ရပ်ကို နားလည်တတ်သူတစ်ဦးဖြစ်သဖြင့် ပစ္စည်းလဲလှယ်ပြီးနောက်တွင် မည်သည့်မေးခွန်းမျှ ထပ်မမေးတော့ဘဲ သူ၏ ငါးမျှားခြင်းအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်နေ၏။
မြစ်ကမ်းဘေးတွင် သူတို့ကဲ့သို့သော သူများစွာ ရှိကြ၏။ အချို့မှာ ငါးဖမ်းကျွမ်းကျင်သော်လည်း မိမိတို့၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ကြသူများဖြစ်ပြီး အချို့မှာမူ မိမိတို့၏ ဘဝရပ်တည်မှုကို မြှင့်တင်လိုကြသူများ ဖြစ်သည်။ မှောင်ခိုဈေးကွက်ကို တင်းတင်းကျပ်ကျပ် နှိမ်နင်းနေသော်လည်း ဤကဲ့သို့သော "အလဲအလှယ်" မျိုးကိုမူ တင်းကျပ်စွာ စည်းကမ်းထုတ်ထားခြင်း မရှိချေ။
အမှန်စင်စစ်မူ အရာရာတိုင်းတွင် မျက်ကွယ်ပြုထားရမည့် အချိန်ဟူသည် အမြဲရှိနေတတ်သည် မဟုတ်လော့။
မမြင်ဘူးလား… စားသောက်ဆိုင် အသေးလေးတွေတောင် ဖွင့်ထားကြတာပဲကို… အဲ့ဒါ တမင်မျက်ကွယ်ပြုထားပေးလို့ပေါ့…
ချန်ချင်းယွီ ငါးများလဲလှယ်ပြီး အလွန်ကျေနပ်နေ၏။
ဟိဟိ… ငါးကြီးလေးကောင်တောင်.. တွက်ခြေကိုက်တာပဲ..
ပြောရလျှင် ဆရာယွီ၏ ငါးမျှားစကေးမှာ တကယ်ပင် ကျွမ်းကျင်အဆင့်ဖြစ်သည်။
ချန်ချင်းယွီ ကျေနပ်နေ၍ နှုတ်ခမ်းထောင့်များတွင် ကော့တက်ကာ အပြုံးများပေါ်နေ၏။ သူမ အချိန်အကြာကြီး ငါးမျှားပြီးနောက် နောက်ဆုံးတွင် ငါးသေးသေးတစ်ကောင် ဖမ်းမိသွားခဲ့သည်။
ဟင်း.. သေးသေးလေး.. ဒါပေမဲ့လည်း လက်ဗလာဖြစ်တာထက်စာရင် ပိုကောင်းပါတယ်…
ဘာပဲဖြစ်ဖြစ် ကိုယ်တိုင် ဖမ်းမိတာပဲလေ..
“ဟူး…ဒီကို ရက်နည်းနည်းလောက် မလာလိုက်တာနဲ့ ငါ့ရဲ့လက်ရည်တွေ ကျကုန်တာလား”
ချန်ချင်းယွီ မိမိကိုယ်ကို ဆန်းစစ်ရင်း ရယ်မောလိုက်မိသည်။ ရုတ်တရတ် ဘေးဘီသို့ လှည့်အကြည့်လိုက်တွင် မျက်မှန်းတန်းမိသူတစ်ဦးကို တွေ့ရှိသွား၏။
အမှန်ပင်… သူမမှာ ထိုသူကို သိနေသော်လည်း ထိုသူမှာ သူမကိုမသိပေ။
ဒါက ကျောက်ရုံရဲ့ ကျောင်းနေဖက် သူငယ်ချင်း ရှန့်ရှန့်ပဲ…
ချန်ချင်းယွီသည် ပြီးခဲ့သည့်အကြိမ်က သူမအား တစ်ချက်လှမ်းကြည့်ဖူးရာ သူမ၏ ပုံပန်းသဏ္ဌာန်ကို ကောင်းစွာမှတ်မိနေသည်။ ထိုမိန်းမသည် ကြည့်ရသည်မှာ ဆောင်ကြာမြိုင်မှ မိန်းမကြီးသဖွယ်ပင်…
သူမသည် ထိုမိန်းမအား အကဲခတ်ကြည့်လိုက်ရာ ဆံပင်ဖြူဖြူနှင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့်အတူ ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုသက်ကြီးအမျိုးသားမှာ... သူမ မြင်ဖူးနေကျလူပင်…
သူသည် ပါတီ အတွင်းရေးမှူးကျန့် ပင် ဖြစ်လေတော့သည်။
ချန်ချင်းယွီ "..."
ဒါတွေက ဘယ်လိုလူစားတွေပါလိမ့်..
ဒီလိုဟာတွေနဲ့ လာတွေ့တာ တကယ် သောက်ကျိုးနည်းတာပဲ…
သာယာသော တနင်္ဂနွေနေ့လေးတွင် ဤကဲ့သို့သော လူစားမျိုးများနှင့် ဆုံတွေ့ရသည်မှာ အမှန်တကယ်ပင် ကံဆိုးလှ၏။
ချန်ချင်းယွီသည် ဤကဲ့သို့သော လူမျိုးများကို အလွန်အမင်း ရွံရှာမိ၏။ သူတို့သည် လူရုပ်ပေါက်နေကြသော်လည်း သူတို့၏ လုပ်ရပ်များမှာမူ လူမဆန်လှချေ။
သူမသည် မျက်စောင်းတစ်ချက်ထိုးကာ ခေတ္တစဉ်းစားလိုက်ပြီးနောက် ငါးဆက်မဖမ်းတော့ဘဲ ပစ္စည်းများသိမ်းရန် ဆုံးဖြတ်လိုက်သည်။
ဤကဲ့သို့သော လူယုတ်မာများနှင့် တစ်နေရာတည်းတွင် ရှိနေရသည်မှာပင် သူမအတွက် များစွာ စက်ဆုပ်ဖွယ်ကောင်းလှပေသည်။ ချန်ချင်းယွီသည် ပစ္စည်းများကို ပြတ်ပြတ်သားသား သိမ်းဆည်းလိုက်သော်လည်း မမျှော်လင့်ဘဲ ရှန့်ရှန့် မှာ သူမအနားသို့ ချဉ်းကပ်လာကာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လာ၏။
“ရဲဘော် မင်္ဂလာပါ”
ချန်ချင်းယွီ မျက်ခုံးတစ်ချက်
ပင့်လျက်
"မင်္ဂလာပါ ဘာကိစ္စရှိလို့လဲ"
သူမသည် ဤမိန်းမအား လုံးဝမသိရှိချေ။
ရှန့်ရှန့်သည် ကြင်နာတတ်သော အစ်မကြီးတစ်ဦးပမာ အားရပါးရ ရယ်မောလိုက်သည်။
သူမသည် ချန်ချင်းယွီကို အကဲခတ်ကြည့်ရှုရာတွင် သူမ၏ အလှအပကြောင့် အံ့အားသင့်သွားသည့် အရိပ်အယောင်လေး မျက်ဝန်းထဲတွင် ဖြတ်ပြေးသွား၏။ ထို့နောက် သူမ စကားဆိုလေသည်။
"ကြည့်ရတာ ငါးတွေ အများကြီး ရထားတာပဲ။ တို့မိသားစုကတော့ ဒီနေ့ ကံမကောင်းဘူး ဖြစ်နေတယ်။ ဒီက ညီမလေးဆီက ငါးအချို့ကို တို့ဆီ ခေတ္တလွှဲပေးလို့ ရမလား။ လူကြီးတွေကို စိတ်ချမ်းသာအောင် လုပ်ပေးချင်လို့ပါ"
သူမသည် ချန်ချင်းယွီ၏ ဝတ်စားဆင်ယင်မှုကို တစ်ချက်ကြည့်လိုက်ရာ ချမ်းသာကြွယ်ဝသူတစ်ဦး မဟုတ်ကြောင်း ယူဆမိသဖြင့် သူမ၏ တောင်းဆိုချက်ကို ငြင်းပယ်လိမ့်မည်မဟုတ်ဟု ထင်မှတ်ထားသည်။ သို့သော်လည်း ချန်ချင်းယွီ မဆိုင်းမတွပင် ခေါင်းခါလိုက်ကာ ပြန်ပြောလိုက်၏။
"ဒါကတော့ အဆင်မပြေဘူးထင်တယ်။ ကျွန်မတို့မိသားစုလည်း အာဟာရဖြစ်အောင် စားဖို့လိုအပ်နေလို့ပါ။ တခြားတစ်ယောက်ဆီမှာပဲ ရှာကြည့်ပါဦး"
ထို့နောက် သူမသည် သူမ၏ ငါးပုံးကိုမကာ ထွက်ခွာရန် ပြင်လိုက်၏။
"နေပါဦး၊ တို့ပေးမယ့် ဈေးက တကယ့်ကို သင့်တင့်မျှတပါတယ်၊ ညီမလေး နစ်နာစေမှာ မဟုတ်ပါဘူး"
ရှန့်ရှန့် အလျင်အမြန် ဖြတ်ပြောလိုက်သည်။ သူမသည် ဤမိန်းကလေးမှာ အခွင့်အရေးကို အသုံးချကာ ဈေးတင်ချင်နေခြင်းဖြစ်သည်ဟု ယူဆကာ မကျေမနပ် ဖြစ်သွားမိ၏။ သူမသည် ဤကဲ့သို့သော လူစားမျိုးများကို အများအပြား တွေ့ဖူးထားသည် မဟုတ်လော့။
ဟမ့်… ဟန်ဆောင်နေသေးတယ်..
သူမ ချန်ချင်းယွီကို ဆွဲထားကာ
"ဈေးကွက်ပေါက်ဈေးထက် ပိုပေးမယ်လို့ ငါ အာမခံတယ်"
သူမသည် မျက်ခုံးလေးကို အသာပင့်လိုက်၏။
တကယ်လို့ နင်သာ အခြေအနေကို နားလည်မယ်ဆိုရင် အခွင့်အရေးကို အသုံးချဖို့ မကြိုးစားနဲ့…
နင့်ရဲ့ ရုပ်ရည်လေးက လှပနေလို့သာ၊ နောင်တစ်ချိန်မှာ "အသုံးချ" လို့ ရနိုင်သေးတာမို့လို့သာ သည်းခံနေတာ…
ဘာလို့ ငါက နင့်ကို အခွင့်အရေး ပေးရမှာလဲ…
ပြောရလျှင် ဤမိန်းမနှင့် ကျောက်ရုံမှာ အတန်းဖော်ဟောင်းများ ဖြစ်ကြသည့်အတိုင်း သူတို့၏ စိတ်ဓာတ်မှာလည်း ထပ်တူကျလှပေသည်။
သို့သော်လည်း သူတို့သည် မည်သူ့မျက်နှာကိုမျှ မထောက်ထားတတ်သည့် ချန်ချင်းယွီနှင့် လာရောက်ဆုံတွေ့ခဲ့ရခြင်း ဖြစ်၏။
ချန်ချင်းယွီသည် တည်ငြိမ်လျက်ရှိသည်။ သူမသည် ရှန့်ရှန့်၏ ရည်ရွယ်ချက်ကို ကောင်းစွာ ရိပ်မိသွားပြီ ဖြစ်၏။ သူမ၏ လေသံမှာ အေးဆေးသော်လည်း ပြောလိုက်သည့် စကားလုံးများမှာမူ ပြင်းထန်လှ၏။
"ဒါက မှောင်ခိုရောင်းဝယ်မှုသက်သက်ပဲ မဟုတ်လား။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သိတာတောင် မဟုတ်ဘူး။ ဒီလိုမျိုး လူတွေကို လိမ်ညာဖို့ မလိုအပ်ဘူး မဟုတ်လား။ အဲဒီလိုဆိုရင်တော့ ကျွန်မက ပိုတောင် မရောင်းနိုင်တော့ဘူး။ တခြားလူကိုပဲ သွားရှာပါ"
ချန်ချင်းယွီသည် သူမ၏ လက်မောင်းကို ရုန်းဖယ်လိုက်ကာ ငါးပုံးကို စက်ဘီးတွင် အေးစက်စွာ ချိတ်ဆွဲလျက် ထွက်ခွာသွားလေတော့သည်။
"တကယ့်ကို ရွံစရာကောင်းတဲ့ လူစားတွေပဲ။"
ပါတီ အတွင်းရေးမှူးကျန့်နှင့် သူ၏အပေါင်းအပါများမှာ စက်ဆုပ်ဖွယ်ကောင်းသကဲ့သို့ ရှန့်ရှန့်နှင့် ကျောက်ရုံတို့ကဲ့သို့သော ကြံရာပါများမှာလည်း ထပ်တူပင် ဖြစ်၏။
သူတို့ထဲတွင် ကောင်းကွက်ဟူ၍ မရှိချေ။
ခွေးမတွေ…
ချန်ချင်းယွီ ချက်ချင်းထွက်ခွာသွားသဖြင့် ရှန့်ရှန့်၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားရသည်။ သူမသည် နှုတ်ခမ်းကိုကိုက်လျက် ကျိန်ဆဲလိုက်မိ၏။
"နင်ကတော့ အဆိုးအကောင်းကို မသိဘူးပဲ။ နင့်ရုပ်လေးက မလှရင် နင်လို ဆင်းရဲသားမကို ငါက ဘာလို့ အဖက်လုပ်နေမှာလဲ"
သူမသည် သက်ပြင်းတစ်ချက်ချကာ တခြားတစ်ယောက်ထံမှ ငါးများစွာကို အလျင်အမြန် ဝယ်ယူလိုက်သည်။ ထို့နောက် ထိုငါးများကို အတွင်းရေးမှူးကျန်း၏ ငါးပုံးထဲသို့ လောင်းထည့်ကာ ချိုသာစွာဖြင့် ပြုံးလျက်
"အတွင်းရေးမှူးကျန်း ဒီနေ့ နေက တော်တော်ပူတယ်။ ခဏလောက် ငါးဖမ်းပြီးရင် နားလိုက်ပါဦးနော်။ မဟုတ်ရင် နေပူရှိန်မိပြီး အလုပ်တွေ ကြန့်ကြာနေပါဦးမယ်။ စက်ရုံကတော့ လူကြီးမင်းမရှိရင် မဖြစ်ဘူးလေ"
ပါတီ အတွင်းရေးမှူးကျန်း ပြုံးလိုက်ပြီး
"ငါက ငယ်ငယ်ကတည်းက ပင်ပန်းဆင်းရဲခံလာရတာဆိုတော့ ဒါမျိုးတွေက ကိစ္စမရှိပါဘူး"
ရှန့်ရှန့်သည်လည်း အမြန်ပင် ထပ်လောင်း ပြောဆိုလိုက်လေသည်။
"ဟုတ်ကဲ့ပါ၊ ကျွန်မကသာ စဉ်းစားဉာဏ် မရှိတာပါ။ လူကြီးမင်းရဲ့ ငယ်ဘဝအကြောင်းတွေကို ကျွန်မ ဘာမှမသိသေးဘူး။ အတွင်းရေးမှူးပိုင်ဆီကနေ သင်ယူရဦးမယ်"
"သူ့ကျန်းမာရေး ဘယ်လိုနေသေးလဲ”
အတွင်းရေးမှူးကျန်း မေးမြန်းလိုက်၏။
“ဦးခေါင်းထိသွားတာဆိုတော့ ဆရာဝန်က ရက်နည်းနည်း ထပ်နားခိုင်းထားတယ်။ ဒါကလည်း ကောင်းပါတယ်။ သူ မရှိတော့ ကျွန်မ လူကြီးမင်းကို ပိုပြီး ဂရုစိုက်ခွင့်ရတာပေါ့။ ဒီလိုအခွင့်အရေးမျိုးက အမြဲမရဘူးလေ၊ အခုတော့ ကျွန်မ အပြည့်အဝ အသုံးချရမှာပေါ့"
ရှန့်ရှန့်သည် စကားအရာတွင် ကျွမ်းကျင်သူဖြစ်သည့်အတိုင်း သက်ကြီးရွယ်အိုတစ်ဦးအား မည်ကဲ့သို့ ဖျောင်းဖျရမည်ကို ကောင်းစွာ သိရှိလေသည်။
အတွင်းရေးမှူးကျန်း ဘာမျှပြန်မပြောသော်လည်း သူ၏ မျက်ဝန်းများတွင်မူ ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
ရှန့်ရှန့် တစ်ဖန် ပြုံးလိုက်ပြန်ကာ မျက်တောင်လေး ခတ်လျက် "အတွင်းရေးမှူးကျန့်... ဟိုလေ..."
သူမသည် နှုတ်ခမ်းကိုကိုက်၍ တိုးညှင်းသော လေသံဖြင့်
"ပြီးခဲ့တဲ့အကြိမ်က ကျွန်မရဲ့ အတန်းဖော်ဟောင်း လုပ်မိတဲ့ အမှားအတွက် လူကြီးမင်းကို သေချာ တောင်းပန်ခွင့်ရမယ့် အခွင့်အရေးကို သူမက ရှာနေတာပါ။ သူမက တကယ်ကြီး ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မတို့က အတန်းဖော်တွေ ဖြစ်ခဲ့တာလည်း ကြာပြီဆိုတော့ သူမက ကျွန်မဆီကို ထပ်ခါထပ်ခါ လာအကူအညီတောင်းနေလို့ပါ။ ကျွန်မလည်း စိတ်မကောင်းဖြစ်မိလို့ပါ။ သူမကတော့ သူမရဲ့ လူမိုက်ကလေးမကို အခက်ခဲဆုံးနေရာကို ပို့ပစ်ပါမယ်လို့ ကတိပေးထားပါတယ်။ လူကြီးမင်းအနေနဲ့ သူတို့ ဇနီးမောင်နှံကို အပြစ်မတင်ပါနဲ့လို့ပဲ ကျွန်မ တောင်းပန်ချင်ပါတယ်..."
ပါတီ အတွင်းရေးမှူးကျန်းသည် ရှန့်ရှန့်ကို မော့ကြည့်လိုက်သည်။
ရှန့်ရှန့်သည်လည်း အားတက်သရောဖြင့်
"ကျွန်မ နောက်ထပ် စားသောက်ပွဲတစ်ခု စီစဉ်ပေးပါ့မယ်၊ သူမကို ကိုယ်တိုင်လာပြီး တောင်းပန်ခိုင်းမယ်လေ၊ လူကြီးမင်း ဘယ်လိုသဘောရလဲဟင်..."
အတွင်းရေးမှူးကျန့် ပြန်တုံ့ပြန်လိုက်၏။
"မလိုအပ်ပါဘူး။ အဲဒီမိန်းကလေးက မသိနားမလည်ဘဲ အတင်းအဓမ္မ ပါဝင်ခဲ့ရတာဆိုတာ သိတာကြောင့် ငါ့ဘက်ကလည်း အတင်းအကျပ် လုပ်ဖို့ စိတ်မဝင်စားဘူး။ သူမကလည်း ထူးထူးခြားခြား လှပနေတဲ့သူမျိုး မဟုတ်ပါဘူး..ငါ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒါမျိုးတွေကို အတင်းအကျပ်လုပ်ပြီး ပြဿနာ အရှည်အကြာဖြစ်အောင် လုပ်ဖို့ မတန်ဘူး..သူမက မင်းရဲ့ အတန်းဖော်လည်း ဖြစ်နေတာကြောင့် ဒီအတိုင်းပဲ ထားလိုက်ပါတော့…ဒါက မင်းမျက်နှာကို ထောက်ထားလို့ပဲ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တခြားဘယ်သူတွေ ပါဝင်ပတ်သက်နေလဲဆိုတာကိုတော့ သေချာစုံစမ်းထားဖို့ လိုမယ်"
ကွဲသွားသော မီးသီးနှင့် အခြားဖြစ်ရပ်များမှာ တခြားသူများ ပါဝင်ပတ်သက်နေနိုင်ကြောင်း ညွှန်ပြနေသဖြင့် အတွင်းရေးမှူးကျန့် စိုးရိမ်နေခြင်း ဖြစ်သည်။
အကယ်၍ ထိုသို့သော စိုးရိမ်ပူပန်မှုများသာ မရှိလျှင် ကျောက်ရုံအား သူ ဒုက္ခပေးသည်မှာ ကြာလှပေပြီ။ သူ့အား ဤမျှအထိ စိတ်မသက်မသာ ဖြစ်အောင် လုပ်ဝံ့သူကို သေထိုက်သူဟုပင် သူ သတ်မှတ်ထား၏။
သူ၏ ငယ်ဘဝတွင် သူသည် ရည်မှန်းချက်ကြီးပြီး ရဲတင်းသူတစ်ဦး ဖြစ်ခဲ့သော်လည်း အသက်ကြီးလာသည်နှင့်အမျှ ပျော်ပါးမှုကိုသာ ပို၍ အာရုံစိုက်လာခဲ့သည်။ အခွင့်အရေးကို အသုံးချကာ စက်မှုစက်ရုံ၏ အတွင်းရေးမှူး ဖြစ်လာခဲ့ခြင်းသည် သူ၏ အသုံးအဖြုန်းကြီးသော လူနေမှုပုံစံကို ပို၍ ပံ့ပိုးပေးသကဲ့သို့ ဖြစ်ခဲ့၏။
သူသည် ရှန့်ရှန့်အား တစ်ချက်ကြည့်လိုက်၏။ ရှန့်ရှန့်မှာ ငယ်ရွယ်သူတစ်ဦး မဟုတ်တော့သဖြင့် သူမအပေါ် စိတ်ဝင်စားမှု မရှိချေ။
"ဒီတစ်ကြိမ်တော့ ငါ ခွင့်လွှတ်လိုက်မယ်၊ ဒါပေမဲ့ ငါ့ကို နောက်တစ်ခါ ထပ်ပြီး စိတ်မပျက်စေနဲ့"
"သိပါပြီ၊ သိပါပြီရှင်"
ရှန့်ရှန့် အမြန်ပင် ပြန်ပြောလိုက်ကာ
"စိတ်ချပါ လူကြီးမင်း၊ ကျွန်မ အခြေအနေကို အမြဲစောင့်ကြည့်နေပါတယ်။ အခုတလောလည်း အရမ်းသတိထားနေပါတယ်"
အကယ်၍ တစ်ယောက်ယောက် သူမအား စောင့်ကြည့်နေသည်မှာ အမှန်ဖြစ်ပါက သူမ ဧကန်မုချ ထိုသူကို လွှတ်ထားမည် မဟုတ်ချေ။
"စိတ်ချပါ၊ ကျွန်မ လိမ္မာပါ့မယ်"
ရှန့်ရှန့် ထပ်လောင်း ဆိုလိုက်သည်။
အတွင်းရေးမှူးကျန်း ခေါင်းငြိမ့်ပြလိုက်၏။
ယုတ်ညံ့သော စိတ်ထားရှိသူများမှာ အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုနေကြစဉ် ချန်ချင်းယွီမှာမူ သူမ၏စက်ဘီးဖြင့် ခပ်လှမ်းလှမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် တံတွေးတစ်ချက်ထွေးကာ "ရွံစရာကောင်းလိုက်တာ။ ဘာလို့ ဒီလိုလူမျိုးတွေနဲ့ ခဏခဏ တိုးနေရတာလဲ။ နောက်ရက်တွေမှာတော့ အဲဒီနေရာကို မသွားတော့တာ ပိုကောင်းမယ် ထင်တယ်" ဟု တစ်ကိုယ်တည်း ရေရွတ်နေ၏။
ထိုလူယုတ်မာများနှင့် ထပ်မံ၍ မဆုံတွေ့လိုတော့ချေ။ သူတို့တွင် မည်မျှအထိ ယုတ်ညံ့သော အကြံအစည်များ ရှိနေမည်ကို မည်သူသိနိုင်ပါမည်နည်း။
ချန်ချင်းယွီသည် မိမိ၏ ရုပ်ရည်သွင်ပြင်အပေါ် ယုံကြည်မှုရှိသဖြင့် များစွာ သတိထားနေခြင်း ဖြစ်သည်။
သူမသည် စက်ဘီးကိုစီးကာ အိမ်သို့ ပြန်လာခဲ့စဉ် လမ်းကြားထဲသို့ မဝင်မီမှာပင် အဘွားကြီးဟွမ် ထွက်လာသည်ကို တွေ့လိုက်ရ၏။ အဘွားကြီးဟွမ်သည် ချန်ချင်းယွီကို မြင်လိုက်သည်နှင့် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
ချန်ချင်းယွီ : ‘သောက်ကျိုးနည်း.. ဘာပါလိမ့်’
နေပါဦး... ငါက လက်သီး တော်တော်ထက်တယ်ဆိုတာ သူ သိသွားပြီလား…
သူမသည် ခေါင်းကို ကုတ်လျက် စဉ်းစားနေမိသည်။
အဘွားကြီးဟွမ် လက်လျော့လိုက်တာလား…
မိမိ၏ အစွမ်းအစများကို တစ်နေရာရာတွင် ထုတ်ပြမိသွားသလော့..
သူမ မစဉ်းစားတော့ဘဲ လှမ်းမေးလိုက်ကာ
"ဒေါ်လေးဟွမ်၊ ဆေးရုံသွားမလို့လား..သွားတွေ သွားပြင်မလို့လား”
အဘွားကြီးဟွမ်၏ သွားများကိုလည်း အဘွားကြီးကျောက် ရိုက်ချိုးခဲ့ခြင်း ဖြစ်သည်။
ဤအကြောင်းကို ဖော်ထုတ်ပြောဆိုလိုက်ခြင်းမှာ အဘွားကြီးဟွမ်အား ကျိန်ဆဲချင်စိတ် ပေါက်သွားစေ၏။ ဆဲဆိုရာတွင် တစ်ဖက်လူ၏ အားနည်းချက်ကို မထိခိုက်စေရဟူသော ဆိုရိုးစကားရှိသော်လည်း ဤမိန်းကလေးမှာမူ ဘာမျှနားမလည်ဟန် ရှိနေ၏။
ခွေးမလေး… မြူစွယ်တတ်တဲ့ မြေခွေးမ..
အဘွားကြီးဟွမ်သည် အော်ဟစ်ဆဲဆိုချင်သော်လည်း ဒေါသကို ထိန်းချုပ်ကာ တိတ်ဆိတ်နေလိုက်သည်။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လျက် အသက်ကို ပြင်းပြင်းရှူကာ အတင်းအကြပ် ပြုံးရင်း
"ငါ့သားကို သွားပြုစုမလို့ပါ"
ထို့နောက် သူမသည် ချန်ချင်းယွီနှင့် ဝေးရာသို့ အမြန်ပင် လျှောက်သွားလေတော့၏။
ဘေးမှ ဖြတ်သွားစဉ်တွင်မူ သူမသည် ချန်ချင်းယွီအား ဒေါသတကြီးဖြင့် စိုက်ကြည့်သွားခဲ့သေး၏။
ချန်ချင်းယွီ "..."
ငါက ရန်ပွဲမှာ ကျွမ်းကျင်တယ်ဆိုတာ သူ သိပုံမရပါဘူး…
သို့ဆိုလျှင် အဘွားကြီးဟွမ်အဘယ်ကြောင့် ဤကဲ့သို့ အမူအရာများ ပြနေရသနည်း။
ချန်ချင်းယွီသည် အမှန်ပင် နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူမသည် ထက်မြက်သူတစ်ဦး ဖြစ်သော်လည်း ဤကိစ္စကိုမူ အဖြေရှာမရချေ။
ချန်ချင်းယွီသည် ပခုံးတစ်ချက်တွန့်ကာ သူမ၏ စက်ဘီးကိုတွန်း၍ "အမေ... ကျွန်မ ပြန်လာပြီ” ဟု လှမ်းအော်လိုက်သည်။
အဘွားကြီးကျောက် အံ့အားသင့်စွာဖြင့် မော့ကြည့်ကာ
"ဒီနေ့ အစောကြီး ပြန်လာတာပဲလား"
ချန်ချင်းယွီ : "ဟုတ်တယ်၊ ဒီနေ့ ငါးတွေ အများကြီး ရထားတာနဲ့ အစောကြီး ပြန်လာခဲ့တာ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အသံကြားသဖြင့် ပြေးလာကြပြီး ငါးပုံးထဲသို့ လှမ်းကြည့်ကာ "ဝါး..”ဟု အံ့ဩတကြီး အော်ဟစ်ကြလေ၏။
ချန်ချင်းယွီ ရယ်မောလိုက်ပြီး
"ဒီနေ့ နေ့လယ်စာကို ငါးဟင်း စားကြမလား..."
သူမ မေးခွန်းကို ကလေးငယ်များမှာ "စားမယ်..” ဟု ပြိုင်တူ ဖြေလိုက်ကြသည်။
သူတို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ငါးဟင်း မစားခဲ့ရသည်မှာ ကြာပြီဖြစ်၏။
အဘွားကြီးကျောက်သည်လည်း ဝမ်းမြောက်ဝမ်းသာဖြင့်
"အို... ဒီနေ့ ရထားတဲ့ ငါးတွေက တကယ်ကြီးတာပဲ၊ နင်ကတော့ ကံကောင်းလိုက်တာ။ ငါတို့ပတ်ဝန်းကျင်မှာ နင်လောက် ကံကောင်းတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
ချန်ချင်းယွီ နှာခေါင်းကိုပွတ်ကာ အနည်းငယ် ရှက်နေမိသည်။
အဟမ်း..အဟမ်း.. ဘာပဲဖြစ်ဖြစ်ပါလေ.. ကိုယ်ပုံးထဲကဟာ ကိုယ့်ဟာပဲပေါ့…
"ဒီအဘိုးကြီးတွေကို ကြည့်ပါဦး၊ အမြဲတမ်း ကြွားလုံးထုတ်နေကြတာ၊ တကယ်တမ်းကျ ဘာမှဖြစ်မြောက်အောင် မလုပ်နိုင်ကြဘူး။ ငါ့ချွေးမနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူး။ အို... ငါ့ချွေးမကတော့ တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ။ နေဦး... နေ့လယ်စာအတွက် တို့ဖူးလေးဝယ်ပြီး ငါးကို တို့ဖူး၊ အာလူးနဲ့ စွပ်ပြုတ်လေးချက်ရမယ်။ စဉ်းစားကြည့်တာနဲ့တင် ဘယ်လောက်တောင် အရသာရှိမလဲ မသိဘူး"
အဘွားကြီးကျောက်မှာ မျက်နှာတစ်ခုလုံး ဝင်းပလျက် ရှိနေတော့သည်။ ချန်ချင်းယွီသည်လည်း လိုက်ပါပြုံးရယ်ရင်း
"ဒါဆိုရင် ကျွန်မ အာလူးနွှာထားလိုက်မယ်လေ"
"အေးအေး..ငါက ငါးတွေကို အကြေးခွံခွာပြီး ပြင်ဆင်ထားလိုက်မယ်၊ ဒါမှ ငါးခြောက်လေးတွေပါ လှန်းထားလို့ရမှာ။ ဆောင်းတွင်းကျရင် ဟင်းတစ်ခွက် ပိုတာပေါ့"
ထို့နောက် သူမမှာ "အို... အိမ်မှာ ဆားကုန်နေပြီပဲ၊ ငါ ထွက်ဝယ်လိုက်ဦးမယ်။ ငါ့ကို ပိုက်ဆံပေးဦး" ဟု ဆိုကာ လက်ဖြန့်လိုက်၏။
ချန်ချင်းယွီ အဘွားကြီးကျောက်အား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ အဘွားကြီးကျောက်မှာ အနည်းငယ် တွန့်သွားပြီး လေသံတိုးတိုးဖြင့် မြည်တွန်တောက်တီးလိုက်လေသည်။
"ငါတို့သဘောတူထားတာက ငါက ပိုက်ဆံပေးရင် နင်က အိမ်အသုံးစရိတ် ကာမိအောင် လုပ်ပေးရမယ်ဆိုတာလေ"
"အံဆွဲထဲမှာရှိတယ်"
ချန်ချင်းယွီ ပြန်ပြောလိုက်၏။ သူမသည် ဤကိစ္စနှင့်ပတ်သက်၍ အဘွားကြီးကျောက်နှင့် အခြေအတင် မဖြစ်လိုချေ။ ဤသည်မှာ သူတို့၏ သဘောတူညီချက်ဖြစ်သကဲ့သို့ သူမသည်လည်း ကတိမတည်သူတစ်ဦး မဟုတ်ပေ။ အဘွားကြီးကျောက်သည် တစ်လလျှင် အိမ်အသုံးစရိတ် ယွမ်နှစ်ဆယ်ကျော် ပေးချေထားသဖြင့် ချန်ချင်းယွီသည်လည်း ပစ္စည်းဝယ်ယူရာတွင် တွန့်တိုခြင်း မရှိချေ။ အဘွားကြီးကျောက်သည် ပိုက်ဆံကိုယူကာ အပြင်သို့ထွက်ရန် ပြင်ရင်း
"တခြားဘာဝယ်ချင်သေးလဲ”
"ဝယ်ချင်တာပေါ့..ပဲငံပြာရည် တစ်ပုလင်းပါ တစ်ခါတည်း ဝယ်ခဲ့ပေးပါ"
အဘွားကြီးကျောက်သည် ခေါင်းငြိမ့်ပြကာ အပြင်သို့ သုတ်သီးသုတ်ပျာ ထွက်သွားလေသည်။ ချန်ချင်းယွီသည် တံခါးဝတွင်ထိုင်ကာ အာလူးနွှာရင်း ငါးခေါင်းများကို ဖြတ်တောက်လျက် အူလမ်းကြောင်းနှင့် ပါးဟက်များကို ဖယ်ရှားလိုက်၏။ ရှောင်ယွမ်မှာ ချက်ချင်းပင် ပြေးလာကာ အော်ပြောလေသည်။
"မီမီ့ကို ကျွေးမယ်…”
ချန်ချင်းယွီ : "ငါးအူတွေကို ကြက်တွေကိုကျွေးလိုက်၊ ကျန်တာတွေကိုတော့ မီမီ့ကို ပေးလိုက်ပေါ့"
ဤအရပ်တွင် လမ်းဘေးကြောင်ဟူသမျှကို "မီမီ" ဟုသာ အမည်ပေးထားကြ၏။ ဤငါးခေါင်းနှင့် ငါးပါးဟက်များကို အထင်သေး၍မရပေ၊ ကြောင်ကလေးများအတွက်မူ များစွာ အာဟာရဖြစ်လှပေသည်။ ယခုခေတ်ကာလတွင် လူများပင်လျှင် ငတ်မွတ်နေကြရရာ ကြောင်များမှာမူ ပို၍ပင် ဆိုးဝါးလှ၏။ ချန်ချင်းယွီတို့ မိသားစုကဲ့သို့ တိရစ္ဆာန်လေးများကို ပုံမှန်အစာကျွေးသူမျိုးမှာ ရှားပါးလှပေသည်။ ထို့ကြောင့် ကြောင်ကလေးများမှာ သူမကို များစွာ ချစ်ခင်ကြ၏။ ချန်ချင်းယွီ "မီမီ... မီမီလေးရေ..." ဟု ခေါ်လိုက်ရာ "မြောင်~" ဟူသော အသံနှင့်အတူ ကြောင်ကလေး ရောက်ရှိလာတော့သည်။ သူမသည် အစာများကို ပုံမှန်ကျွေးနေကျနေရာတွင် ချပေးလိုက်ပြီးနောက် ဝင်းထဲသို့ ပြန်ဝင်လာခဲ့၏။
"နင် ကြောင်တွေကို အစာသွားကျွေးပြန်ပြီလား”
လင်စန်းရှင်း လှမ်းမေးလိုက်၍ ချန်ချင်းယွီ ပြုံးပြလိုက်ကာ
“ဒါတွေက ချက်စားလို့လည်း မရဘူးလေ ကြောင်ကျွေးရုံပဲ”
အမှန်စင်စစ်မူ လင်စန်းရှင်းသည် ချန်ချင်းယွီအပေါ် အနည်းငယ် မနာလိုဖြစ်နေခြင်း ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ အိမ်ရှင်မများဖြစ်ကြသော်လည်း ချန်ချင်းယွီမှာ အဘယ်ကြောင့် ငါးဖမ်းရာတွင် ဤမျှအထိ ကျွမ်းကျင်နေရသနည်း။ လင်စန်းရှင်းသည် မိမိကိုယ်ကို ချန်ချင်းယွီထက် သာလွန်သူတစ်ဦးဟု ယူဆထားသကဲ့သို့ သူမ၏ မိသားစုဘဝမှာလည်း ပို၍ ပြည့်စုံသည်ဟု ထင်မြင်ထား၏။ သို့သော်လည်း ချန်ချင်းယွီ၏ မိသားစုမှာ ငါးဖမ်းတတ်ခြင်းကြောင့် ရက်အနည်းငယ်ခြားတစ်ခါ ငါးဟင်း စားနေကြရသည်။ အရိုးများလှသော်လည်း အသားသည် အသားပင် မဟုတ်လော့။ တစ်ဝင်းတည်း နေထိုင်ကြသူများဖြစ်သည့်အတိုင်း လင်စန်းရှင်းမှာမူ အားကျစိတ်ကို မထိန်းနိုင်ချေ။ သူမသည် နှုတ်ခမ်းကို မဲ့လိုက်ပြီးနောက် တိုးညှင်းသော လေသံဖြင့် စေတနာစကား ပြောသယောင် အကြံပြုလေ၏။
"နင်က အမြဲတမ်း ငါးပဲဖမ်းနေတာဆိုတော့ အိမ်မှုကိစ္စတွေကို ပစ်ပယ်ထားသလို ဖြစ်မနေဘူးလား။ ဒီမနက်တင် အဒေါ်ကြီးကျောက် စောင်တွေ၊ အိပ်ရာခင်းတွေ လျှော်နေတာ ငါမြင်လိုက်တယ်။ ရှောင်ချန်... အဒေါ်ကြီးကျောက်က စကားပြော နည်းနည်းကြမ်းပေမဲ့ သူ့ကို အပြစ်တင်လို့တော့ မရဘူးလေ။ နင်က ချွေးမကောင်းတစ်ယောက် ဖြစ်ဖို့ လိုသေးတယ်။ ဒီလို အိမ်မှုကိစ္စတွေက ယောက္ခမ လုပ်ရမယ့် အလုပ်တွေ မဟုတ်ဘူး၊ နင်ကိုယ်တိုင် ကိုင်တွယ်နိုင်ရမယ်။ မဟုတ်ရင်တော့ အပြင်လူတွေက နင့်ကို ချွေးမဝတ္တရား မကျေပွန်ဘူးလို့ ပြောကြလိမ့်မယ်၊ နာမည်ပျက်ရလိမ့်မယ်။ အချိန်မရှိရင် ငါးဖမ်းမသွားနဲ့တော့။ ငါးကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အရိုးတွေ များလွန်းတယ်။ တစ်ခါတလေ စားတာကတော့ ဟုတ်ပါပြီ၊ အမြဲစားနေရင်တော့ ဘယ်ကောင်းမလဲ။ ငါးဖမ်းတာက အိမ်မှုကိစ္စတွေကို အနှောင့်အယှက် မဖြစ်စေနဲ့ဦး"
သူမသည် ချန်ချင်းယွီအား ငါးဖမ်းမသွားစေချင်ဘဲ အနှောင့်အယှက်ပေးလိုခြင်းသာ ဖြစ်သည်။ ချန်ချင်းယွီ၏ ခက်ခဲသော ဘဝကို သနားသယောင်ရှိသော်လည်း သူမ အခြေအနေ ကောင်းလာသည့်အခါတွင်မူ မနာလိုစိတ်ဖြင့် ဖျက်လိုဖျက်ဆီး လုပ်ချင်နေခြင်း ဖြစ်၏။ ချန်ချင်းယွီသည် လင်စန်းရှင်း၏ စိတ်ကူးကို အတိအကျ မသိသော်လည်း သူမ၏ ရည်ရွယ်ချက်ကိုမူ ရိပ်မိလိုက်သည်။ ဤသည်မှာ "သူငယ်ချင်း ဒုက္ခရောက်မှာကို စိုးရိမ်သော်လည်း သူငယ်ချင်း ကားကောင်းစီးမှာကိုတော့ ပို၍ ကြောက်လန့်နေခြင်း" ဟူသော ခေတ်သစ်စိတ်ဓာတ်မျိုးပင် မဟုတ်လော့။
သူတို့သည် သူငယ်ချင်းများ မဟုတ်ဘဲ အိမ်နီးချင်းများသာ ဖြစ်ကြသော်လည်း လင်စန်းရှင်းမှာမူ ထိုစိတ်ဓာတ်မျိုး အပြည့်အဝ ရှိနေ၏။ ချန်ချင်းယွီက မျက်ခုံးတစ်ချက်ပင့်လျက်
"ဒေါ်လေးလင်၊ ဒေါ်လေးကတော့ လျှောက်တွေးနေပြန်ပြီ..အလုပ်တွေ ကြန့်ကြာနေတာမျိုး မရှိပါဘူး။ အိမ်မှာ လုပ်စရာက ဒီလောက်ပဲရှိတာ၊ ဘယ်လိုလုပ်ပြီး အလုပ်ပျက်မှာလဲ။ ငါးဖမ်းတာနဲ့ အိမ်မှုကိစ္စက ဘာဆိုင်လို့လဲ…အဝတ်လျှော်တဲ့ ကိစ္စကတော့... ကျွန်မ ယောက္ခမက သူ့ဘာသာသူပဲ လျှော်ချင်တာလေ..သူ့ပစ္စည်းတွေကို ကျွန်မ ထိတာတောင် သူက မကြိုက်ဘူး။ အဲဒီတော့ ကျွန်မကလည်း သူ့စကားကို နားထောင်ရတာပေါ့၊ မဟုတ်ဘူးလား…ကိုယ့်ဘဝအကြောင်း ကိုယ်ပဲ အသိဆုံးပါ။ ဘယ်သူကမှ အတင်းအဖျင်း ပြောကြလိမ့်မယ်လို့ ကျွန်မ မထင်ဘူး…ဒါက ကျွန်မ ယောက္ခမရဲ့ ကိစ္စပဲလေ၊ ဘယ်သူက ဂရုစိုက်နေမှာလဲ။ အဲဒါက သူများကိစ္စကို ဝင်ပါနေတာ မဟုတ်ဘူးလား"
ထို့နောက် ပြုံးလိုက်ပြီး နှုတ်ဆက်ပြောဆိုကာ ထွက်လာခဲ့၏။
"ဒေါ်လေးလည်း ဒေါ်လေးအလုပ်ကို ဆက်လုပ်ပါဦး၊ ကျွန်မလည်း လုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်"
ချန်ချင်းယွီသည် လင်စန်းရှင်းကို အမှန်ပင် နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူများကိစ္စကို အကြောင်းမရှိဘဲ ဝင်ပါတတ်သူဟုသာ သူမ သတ်မှတ်လိုက်၏။
လင်စန်းရှင်းမှာမူ ရှက်ကိုးရှက်ကန်း ဖြစ်သွားရပြီး ချန်ချင်းယွီ ထွက်သွားသည်ကို ကြည့်ကာ မကျေမနပ် ဖြစ်နေတော့သည်။ သူမသည် စေတနာဖြင့် ကူညီပြောဆိုခြင်းကို ဤမိန်းကလေးမှာ အဘယ်ကြောင့် နားမလည်ရသနည်း။ သူမကဲ့သို့သော ဇနီးသည်လူငယ်လေးတစ်ဦးမှာ နေ့စဉ်လူနေမှုဘဝတွင် မိမိတို့ကဲ့သို့သော လူကြီးများကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ လင်စန်းရှင်းသည် နှုတ်ခမ်းကို စူလျက် အိမ်ထဲသို့ ဝင်လာကာ
"ဒီဘက်ခေတ် လူငယ်တွေကတော့ တို့တုန်းကနဲ့ တကယ်ကို မတူတော့ဘူး။ အရင်တုန်းကဆို လူကြီးတွေ ပြောသမျှကို အကုန်မှတ်ထားကြတာ…ဒါက သူတို့အတွက် ကောင်းဖို့ ပြောနေတာဆိုတာကို သိကြတယ်။ အခု လူငယ်တွေကတော့ အဲဒီလို မတွေးတော့ဘူး၊ ကိုယ့်စိတ်နဲ့ကိုယ်ပဲ ရှိနေကြတယ်"
လီလင်းလင်းမှာ စာဖတ်ရင်း ငိုက်မြည်းနေသဖြင့် မိခင်ဖြစ်သူ ဘာတွေဖြစ်နေမှန်းပင် သတိမထားမိချေ။
"ဒုတိယဝင်းက ချန်ချင်းယွီလေ၊ တကယ်ပါပဲ…ငါက စေတနာနဲ့ ပြောနေတာကို သူက ငါ့ကို ပြန်ပြီး နှိမ်လိုက်သေးတယ်"
ချန်ချင်းယွီသာ ဤနေရာတွင် ရှိနေပါက "အို... ဒေါ်လေးက သတိထားမိသွားတာလား…မဆိုးဘူး မဆိုးဘူး.. ကိုယ့်ကိုပြောမှန်းတော့ သိသားပဲ" ဟု ဧကန်မုချ ပြန်ပြောမိပေလိမ့်မည်။
လီလင်းလင်း မျက်မှောင်ကြုတ်ကာ
"သူက အမေ့ကို နှိမ်လိုက်တယ် ဟုတ်လား”
အမှန်အတိုင်းဆိုရသော် လီလင်းလင်းသည် ထိုစကားကို မယုံကြည်ချေ။ ချန်ချင်းယွီမှာ မည်မျှအထိ နူးညံ့သိမ်မွေ့သူဖြစ်ကြောင်း တစ်ဝင်းလုံးရှိ လူတိုင်းသိကြသည်။
"အမေ တခြားဟာနဲ့ မှားနေတာ မဟုတ်ဘူးလား”
သူမ ပြန်မေးမိလိုက်၏။ လင်စန်းရှင်းမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး ငေါက်ငမ်းကာ
"နင်က ဘာစကား ပြောလိုက်တာလဲ…ငါက နင့်အမေလေ၊ အိမ်မှာ အလကားနေရင်း အတင်းအဖျင်း ပြောနေမယ် ထင်လို့လား။ သူက တကယ်ကို စေတနာကို မသိတတ်တာ…အရင်ကတော့ သူ့ကို သနားမိပါတယ်၊ အခုတော့ လူတစ်ယောက်က သနားစရာ ဖြစ်နေရတဲ့ နောက်ကွယ်မှာ အမြဲတမ်း အကြောင်းပြချက် ရှိနေတတ်တာပဲ"
လီလင်းလင်းသည်လည်း အခြေအနေကို ထိန်းသိမ်းရန်
"ဟုတ်ပါပြီ၊ အမေက အလကားနေရင်း လျှောက်ပြောမယ့်သူ မဟုတ်မှန်း သမီး သိပါတယ်..သူနဲ့ အခြေအတင် ဖြစ်မနေပါနဲ့တော့၊ မတန်ပါဘူး။ အမေ... ထမင်းမချက်သေးဘူးလား..အဖေရော နေ့လယ်စာစားဖို့ ပြန်လာမှာလား..”
ထိုစကားကို ကြားသောအခါ လင်စန်းရှင်းမှာ
"နင့်အဖေက အိမ်မှာ မစားရင် ဘယ်မှာ သွားစားမှာလဲ.. ဒီနေ့က တနင်္ဂနွေ အားလပ်ရက်ပဲဟာ၊ သူ့ကို အပြင်မှာ လမ်းလျှောက်ခိုင်းလိုက်ပါ။ အိမ်မှာ အသားနည်းနည်း ရှိသေးတယ်၊ အဖေ့အတွက် မြည်းစရာ ဟင်းလေးတစ်ခွက်လောက် လုပ်ပေးလိုက်မယ်"
လီလင်းလင်း ခေါင်းငြိမ့်ပြလိုက်၏။ ဟင်းသီးဟင်းရွက်များအကြောင်း ရောက်သွားသောအခါ လင်စန်းရှင်းမှာ ထပ်မံ၍ မနာလို ဖြစ်ပြန်သည်။
"ချန်ချင်းယွီ စိုက်ထားတဲ့ ပန်းအိုးတွေက အပင်တွေတောင် ပေါက်နေပြီ။ မနေ့ကတင် သူ ကြက်သွန်မြိတ်တွေ ခူးနေတာ ငါမြင်လိုက်သေးတယ်"
"ဒါဆို သမီးတို့လည်း စိုက်ကြမယ်လေ"
လီလင်းလင်း အကြံပြုလိုက်ရာ လင်စန်းရှင်းမှာ ဝေခွဲမရစွာဆိုပြန်၏။
"အဆင်ပြေပါ့မလား မသိဘူး။ ပန်းအိုးတွေကလည်း ဈေးကြီးတယ်လေ။ ဟင်းသီးဟင်းရွက်တွေကတော့ တကယ်တမ်းကျ သိပ်ဈေးမကြီးပါဘူး"
အမှန်စင်စစ်မူ ဤဝင်းအတွင်းရှိ ထိုမုဆိုးမမိသားစုမှာ တဖြည်းဖြည်းနှင့် အခြေအနေ ကောင်းမွန်လာနေခြင်း ဖြစ်သည်။ ယောကျ်ားတစ်ယောက် မရှိသော်လည်း သူတို့၏ ဘဝမှာ ယခင်ကထက် ပို၍ ပြည့်စုံလာ၏။ ပထမအချက်မှာ ချန်ချင်းယွီက ငါးဖမ်းတတ်သဖြင့် အိမ်တွင် အသားငါး မပြတ်သကဲ့သို့ ဆောင်းတွင်းအတွက် ငါးခြောက်များပင် လှန်းထားနိုင်သည်။ ဒုတိယအချက်မှာ ကြက်နှစ်ကောင် မွေးထားသဖြင့် တစ်နေ့လျှင် ဥနှစ်လုံး ပုံမှန်ရရှိနေ၏။ တတိယအချက်မှာ ချန်ချင်းယွီ ဝယ်ယူထားသော ပန်းအိုးကြီး ရှစ်အိုးတွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များမှာလည်း အောင်မြင်ဖြစ်ထွန်းနေပြီ ဖြစ်သည်။ အထူးသဖြင့် ကြက်သွန်မြိတ်များမှာ အကြိမ်ကြိမ် ခူးဆွတ်စားသုံးနေရပြီ ဖြစ်၏။ များများစားစား မဟုတ်သော်လည်း ဝယ်ယူစားသုံးရမည့် စရိတ်ကို သက်သာစေသည်ပင်။ သူတို့တွင် ငရုတ်သီး၊ နံနံပင်၊ ကြက်သွန်မြိတ်နှင့် ကညွတ် ဟူ၍ အမျိုးအစား လေးမျိုးစီကို ပန်းအိုးနှစ်အိုးစီဖြင့် စိုက်ပျိုးထားခြင်း ဖြစ်သည်။
ဤအသေးအဖွဲ ကိစ္စလေးများမှာ တဖြည်းဖြည်းနှင့် စုဆောင်းမိလာသောအခါ ငွေကြေးများစွာ သက်သာစေလေ၏။ လင်စန်းရှင်းသည် ထိုအချက်များကို တွက်ချက်ကြည့်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့လျက်
"သူတို့ မိသားစုကတော့ တကယ်ကို အဆင့်အတန်းရှိရှိ နေထိုင်နေကြတာပဲ…"
လီလင်:လင်း ; "ဒါပေါ့၊ သူတို့မိသားစုဘဝက အရင်ကထက် အများကြီး အဆင်ပြေလာတာ…ဒါပေမဲ့လည်း မထူးဆန်းပါဘူး၊ အရင်က အဒေါ်ကြီးကျောက်က အလုပ်မလုပ်ဘူးလေ။ အခုကျတော့ အိမ်မှာ အလုပ်လုပ်တဲ့သူက တစ်ယောက်ပဲ ရှိတော့ပေမဲ့ လူဦးရေက တစ်ယောက် လျော့သွားတာကိုး…အဒေါ်ကြီးကျောက်က မနက်စာနဲ့ နေ့လယ်စာကို ထမင်းစားဆောင်မှာ အလကားစားရတော့ တစ်နေ့ကို နှစ်နပ်စာ သက်သာသွားတာပေါ့။ သူတို့ဝင်ငွေက အရင်အတိုင်းပဲ ဆိုရင်တောင် လူတစ်ယောက်ခွဲစာ အသုံးစရိတ် သက်သာသွားတာပဲ..ဒါကြောင့်လည်း သူတို့ဘဝက ပိုပြည့်စုံလာတာပေါ့..ဒါတင်မကဘူး၊ ချန်ချင်းယွီကလည်း ဝီရိယရှိပြီး အစစအရာရာ စီမံခန့်ခွဲတတ်တော့ သူတို့အိမ်အခြေအနေက ပိုကောင်းလာတာပေါ့"
"အဘွားကြီးကျောက်အတွက်တော့ တကယ့်ကို ကံထူးတာပဲ..သူက ဘာများထိုက်တန်လို့ ဒီလိုအခွင့်အရေးမျိုး ရနေတာလဲ မသိဘူး"
လင်စန်းရှင်း မကျေမနပ် ပြောလိုက်၏။
လီလင်းလင်းသည်လည်း "အမှန်ပဲ အမေရဲ့" ဟု ထောက်ခံလိုက်သည်။
လင်စန်းရှင်းသည် စိတ်တိုနေမိသည်။ ယခင်တွင် ဤဝင်းတစ်ခုလုံး၌ သူမ၏ခင်ပွန်းတစ်ဦးတည်းသာ ထမင်းစားဆောင်တွင် အလကားစားခွင့်ရသည့် အခွင့်ထူးခံဖြစ်ခဲ့သော်လည်း ယခုအခါ အခြားသူများပါ ထိုသို့ စားသောက်ခွင့်ရနေသဖြင့် သူမ ပို၍ပင် စိတ်မသက်မသာ ဖြစ်လာရ၏။
"အဘွားကြီးကျောက်လို လူမျိုးက ထမင်းစားဆောင်မှာ အလုပ်လုပ်ဖို့ မထိုက်တန်ပါဘူး။ ကောင်းကင်ကြီးက တကယ်ကို မျက်စိမရှိဘူးပဲ"
သူမသည် ပုံမှန်အားဖြင့် နူးညံ့သူဖြစ်ပြီး သူတစ်ပါးအကြောင်း မကောင်းပြောလေ့မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ၏ မနာလိုစိတ်ကို မထိန်းနိုင်တော့ချေ။
"ဟူး.. သူတို့သားလေး ဆုံးသွားတာကိုး။ ဒါက အလုပ်အရာကို ဆက်ခံရုံသက်သက်ပါပဲ..ဒီလိုကိစ္စမျိုးက ဝမ်းသာစရာတော့ မဟုတ်ပါဘူး…မိသားစု ပြန်လည်ဆုံစည်းရတာလောက် ဘာမှမကောင်းပါဘူးအမေရယ်"
လီလင်းလင်း မိခင်ဖြစ်သူအား နှစ်သိမ့်လိုက်သည်။
ထိုအခါမှ လင်စန်းရှင်းသည် စိတ်အနည်းငယ် ကြည်လင်သွားပြီး
"သမီးပြောတာ မှန်ပါတယ်။ ကဲ... ငအမေ ထမင်းသွားချက်တော့မယ်..တို့တွေ အသားမစားရတာ တစ်ပတ်ရှိပြီ၊ နင့်အဖေအတွက် တော်တော်လေး ခက်ခဲမှာပဲ။ သူတစ်ယောက်တည်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာဆိုတော့ အာဟာရဖြစ်အောင် ကျွေးရဦးမယ်။ မိသားစုမှာ ယောကျ်ားရှိဖို့က အရေးကြီးဆုံးပဲ၊ မဟုတ်ရင် အဘွားကြီးကျောက်တို့ မိသားစုလို အရိုးခြောက်မတတ် အလုပ်လုပ်နေရမှာ။ နင့်အဖေရှိနေတာ အမေတို့အတွက် တကယ့်ကို ကံကောင်းတာပဲ၊ ဒါတွေက သူ့ကျေးဇူးတွေချည်းပဲ။ နင်လည်း ကျေးဇူးသိတတ်ဖို့ သင်ယူထားဦး"
"သမီးသိပါတယ်"
"ကဲ... သွား၊ စာသွားဖတ်တော့"
လီလင်းလင်း ဟူး...ခနဲ သက်ပြင်းချလိုက်မိသည်။
သားအမိနှစ်ဦးစလုံးသည် လီချန်ရွှမ်းအား နတ်ဘုရားတစ်ပါးပမာ ကိုးကွယ်နေကြ၏။ လီချန်ရွှမ်းသည် အလုပ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သူဖြစ်ပြီး လဲကျနေသော ဆီပုလင်းကိုပင် ကောက်ပေးမည့်သူ မဟုတ်ချေ။ သူသည် မိသားစု၏ အငြင်းပွားဖွယ်မရှိသော အိမ်ထောင်ဦးစီး ဖြစ်သည်။ ထိုအချိန်တွင် ဤအိမ်ထောင်ဦးစီးကြီးသည် လမ်းကြားတစ်ခုအတွင်းမှ ထွက်လာပြီး သူ၏အဝတ်အစားများကို ပြန်လည်ပြင်ဆင်ကာ ညစ်ညမ်းသော အပြုံးတစ်ခုဖြင့် လျှောက်လာနေ၏။
အဘွားကြီးကျောက် … “ဟင်..”
အဘွားကြီးကျောက်သည် တို့ဖူးဝယ်ရန် ထွက်လာစဉ် လမ်းကြားတစ်ခုအတွင်းမှ လီချန်ရွှမ်း ထွက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရခြင်း ဖြစ်သည်။ သူမ နှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် လီချန်ရွှမ်း၏ နောက်မှ အမျိုးသမီးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရပြန်၏။ ထိုအမျိုးသမီးသည်လည်း သူမ၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်နေ၏။
အဘွားကြီးကျောက်မှာ “ဟယ်..”
အဘွားကြီးကျောက်သည် မုဆိုးမဖြစ်နေသည်မှာ ကြာပြီဖြစ်သော်လည်း လောကအတွေ့အကြုံရှိသော လူကြီးတစ်ဦး ဖြစ်သည်။
ဒါက...
ဤလမ်းကြားမှာ လမ်းပိတ်နေသော နောက်ဖေးလမ်းကြားဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်တွင် အိမ်များမရှိကြောင်း အဘွားကြီးကျောက် သတိရလိုက်၏။ ဤလူနှစ်ဦးမှာ တစ်ဦးနောက်တစ်ဦး ထွက်လာကြခြင်းဖြစ်ရာ... အဘွားကြီးကျောက်၏ ဦးနှောက်ထဲတွင် အတွေးများ ပွက်လောရိုက်သွားတော့သည်။
အို... သူမသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
အမှန်အတိုင်းဆိုရသော် ဝမ်ကျန့်ကော်နှင့် လီချန်ရွှမ်းတို့သည် သားယောကျ်ား လိုချင်ကြသဖြင့် အပြင်တွင် မိန်းကလေးများနှင့် ရှုပ်ပွေနေကြသည်ဟု သူမ ကြားဖူးသော်လည်း ထိုသည်မှာ ကောလာဟလမျှသာ ဖြစ်ခဲ့၏။
ယခုမူ... အဘွားကြီးကျောက်သည် သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့ရာ လီချန်ရွှမ်းမှာ ရုတ်တရက် ရပ်တန့်သွား၏။
အဘွားကြီးကျောက်သည် လမ်းဘေးရှိ သစ်ပင်တစ်ပင်နောက်တွင် အမြန်ပင် ပုန်းကွယ်လိုက်ရသည်။
"ငါ့ကို မမြင်ပါစေနဲ့…ငါ့ကို မမြင်ပါစေနဲ့…"
အဘွားကြီးကျောက်သည် ပိန်လှီသူဖြစ်သဖြင့် သစ်ပင်နောက်တွင် ကောင်းစွာ ပုန်းကွယ်နိုင်ခဲ့သော်လည်း လီချန်ရွှမ်းမှာမူ နောက်လှည့်မကြည့်ခဲ့ချေ။ သူ ရပ်လိုက်သောအခါ အမျိုးသမီးဖြစ်သူသည် ခြေလှမ်းသွက်သွက်ဖြင့် လိုက်လာပြီး သူနှင့် ယှဉ်တွဲ၍ လျှောက်လာကြ၏။ အဘွားကြီးကျောက် တစ်ဖန် လှမ်းကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားရ၏။
ဝါး…ဝိုး… ဝေါင်း..
ဤလူနှစ်ဦးမှာ တကယ့်ကို ရဲတင်းလှပေသည်။
သူတို့သည် လက်ချင်းကို တိတ်တဆိတ် ချိတ်ထားကြခြင်း ဖြစ်၏။
ကောင်းကင်ကြီးရေ... ဒါက ဘယ်လို အဓိပ္ပာယ်မဲ့တဲ့ ကိစ္စကြီးလဲ…
နေခင်းကြောင်တောင်ကြီးမှာ အမှန်တကယ်ပင် အရှက်မရှိ ရဲတင်းလွန်းလှသည်။
တနင်္ဂနွေနေ့ ဖြစ်သဖြင့် လမ်းမပေါ်တွင် လူများစည်ကားနေသော်လည်း ဤလူနှစ်ဦးမှာ လျှို့ဝှက်စွာ ပျော်ပါးနေကြခြင်းကို အဘွားကြီးကျောက် များစွာ တုန်လှုပ်မိသည်။ သို့သော် နေဦး... ထိုအမျိုးသမီး၏ နောက်ကျောပုံစံမှာ ရင်းနှီးနေသလို ရှိ၏။
သူမက ဘယ်သူပါလိမ့်…
အဘွားကြီးကျောက်သည် စပ်စုချင်စိတ်၊ ရင်ခုန်စိတ်နှင့် အတင်းပြောချင်စိတ်တို့ ပေါင်းစပ်ကာ လက်ကို ပွတ်နေမိတော့သည်။
မှန်နေပါပြီ…မှန်နေပြီ…တကယ်ကို ဖြစ်လာပြီ…
ဒီလူ… လီချန်ရွှမ်းက လောဘကြီးပြီး အသည်းနှလုံးမရှိတဲ့သူပဲ… လူယုတ်မာပဲ..
လင်စန်းရှင်းကတော့ လူမှားပြီး ယုံကြည်နေခဲ့တာပဲ…
အဘွားကြီးကျောက်သည် ထိုလူနှစ်ဦးအား ဖမ်းဆီးကာ မည်သူမည်ဝါဖြစ်ကြောင်း ကြည့်ရှုချင်သော်လည်း ထိုသို့လုပ်၍ မရနိုင်မှန်း သိရှိသည်။ သူမမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ထဲတွင် တဖိုဖို ဖြစ်နေရ၏။ အမျိုးသမီးဖြစ်သူ လှည့်ကြည့်လာမည့်အချိန်ကို စောင့်ရင်း သူမသည် သူတို့နောက်သို့ အသာလေး လိုက်ပါသွားသည်။
သို့သော် အဘွားကြီးကျောက် ပို၍ ဝေခွဲမရ ဖြစ်လာရသည်မှာ ဤလူနှစ်ဦးသည် သူတို့၏ နေအိမ်ဝင်းဆီသို့ တည့်တည့်မတ်မတ် လာနေကြခြင်း ဖြစ်သည်။
ဘုရားရေ.. ဒီမိန်းမက အိမ်ဝင်းထဲထိ လိုက်ဝင်မလို့လား…
အမယ်လေး ဘုရားရေ…
သူတို့၏ လမ်းကြားထဲသို့ ဝင်ခါနီးတွင် အမျိုးသမီးဖြစ်သူမှာ ရပ်လိုက်၏။ သူမ လီချန်ရွှမ်းအား တစ်ခုခုပြောလိုက်ရာ လီချန်ရွှမ်းက သူ၏အိတ်ထဲသို့ နှိုက်လိုက်သည်။
ဝါး…သူ ပိုက်ဆံထုတ်ပေးလိုက်ပြီ…
ဘုရားသခင်…
အဘွားကြီးကျောက်၏ စူးရှသော မျက်လုံးများမှာ လီချန်ရွှမ်းသည် ၁၀ ယွမ်တန် တစ်ရွက် ထုတ်ပေးလိုက်သည်ကို ချက်ချင်းပင် မြင်လိုက်ရ၏။
အဘွားကြီးကျောက်မှာ ဆွံ့အသွားရရှာသည်။
အမျိုးသမီးဖြစ်သူမှာ များစွာ ကျေနပ်သွားဟန်ရှိပြီး လီချန်ရွှမ်း၏ အဝတ်အစားများကိုပင် သပ်ရပ်အောင် ပြင်ဆင်ပေးလိုက်သေးသည်။ ထို့နောက် သူမသည် မခွဲနိုင်မခွာရက်ဟန်ဖြင့် အနောက်သို့ အကြိမ်ကြိမ် လှည့်ကြည့်ရင်း လမ်းကြားထဲသို့ ပျောက်ကွယ်သွားလေတော့၏။
အဘွားကြီးကျောက်သည် ထိုအမျိုးသမီး၏ ဘေးတိုက်မျက်နှာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မှင်တက်သွားရ၏။
ကောင်းကင်ကြီးရေ…
ဒါက ဘယ်သူပါလိမ့်…
ဒါက ကျန်းရှင်းဖှရဲ့ ချစ်သူ၊ သူတို့ အလုပ်ရုံက လျိုကျင့် မဟုတ်လား…
လောကအတွေ့အကြုံ များလှသော အဘွားကြီးကျောက်ပင်လျှင် ယခုဖြစ်ရပ်ကြောင့် လုံးဝကို အံ့အားသင့်ကာ မှင်တက်ကျန်ရစ်ခဲ့လေတော့သည်။
သောက်ကျိုးနည်း… ချန်ချင်းယွီရေ.. သတင်းထူးဟေ့…