← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း ၇၅။ အံ့ဖွယ်အဘွားကြီး

အဘွားကြီးကျောက်သည် လီချန်ရွှမ်းနောက်မှ ကပ်လိုက်လာပြီး အိမ်ဝင်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လိုက်ကြသည်။

လီမိသားစုမှာ အသားဟင်းချက်နေ၍ ရှေ့ခြံဝင်းတစ်ခုလုံး မွှေးကြိုင်နေ၏။

ရှေ့ခြံဝင်းတွင် အသားရနံ့ကြောင့် လမ်းသလားနေသော ကျန်းမုန့်မုန့်မှာ အဘွားကြီးကျောက်ကို မြင်သောအခါ လှစ်ခနဲနေအောင် လှည့်ပြေးသွားလေသည်။

ကြည့်စမ်း... ‘အာဂအဘွားကြီး’ဆိုတဲ့ နာမည်ဆိုးက နားထောင်လို့မကောင်းပေမဲ့ တကယ်တမ်းကျတော့ မမြင်သာတဲ့ ပြဿနာအသေးအမွှားလေးတွေကို ဖြေရှင်းပေးနိုင်သားပဲ…အနည်းဆုံးတော့ ဟိုလူရှုပ်မလေး ကျန်းမုန့်မုန့် သူမရှေ့မှာဆို ဘာမှမလုပ်ရဲဘူးလေ…

လက်ရှိတွင် ကျန်းရှင်းဖှမှာ ဆေးရုံတက်နေရဆဲဖြစ်ပြီး အဘွားကြီးဟွမ်မှာလည်း အိမ်ပြန်လာလျှင် ပစ္စည်းဘာညာ သိမ်းဆည်းပြီးသည်နှင့် ချက်ချင်း ပြန်ထွက်သွားလေ့ရှိ၏။ အိမ်နီးချင်းအားလုံးမှာ သူမနှင့် စကားပြောဆိုရန် အခွင့်အရေးပင် မရကြပေ၊ ထို့ကြောင့်လည်း ကျန်းမုန့်မုန့်တစ်ယောက်မှာ ဝင်းထဲတွင် ပို၍ ခြေရှုပ်နေတတ်သည်။

သို့သော် လူတိုင်းအမြင်တွင် အဘွားကြီးဟွမ်အား တိုင်တန်းလျှင်ပင် ထိုအဘွားကြီးမှာ စိတ်ထဲမှ ခိုးရယ်၍ အမြတ်ထွက်သည်ဟု သတ်မှတ်နေမည်ဖြစ်ကြောင်း သံသယရှိနေကြ၏။ ထို့ကြောင့် ဤကိစ္စအား တရားဝင်ကိုင်တွယ်ရန် လိုအပ်ပြီး အကောင်းဆုံးမှာ သူတို့မိသားစုအားလုံးရှေ့တွင် ခြံဝင်းထဲမှ လူအားလုံးကို အစည်းအဝေးခေါ်၍ သေသေချာချာ ဆွေးနွေးမှရပေမည်။

ဒီတိုင်းလွှတ်ထားလို့တော့ မရတော့ဘူး…

"ခြံဝင်းကြီးထဲက သူခိုးငယ်၊ ငယ်ငယ်က အပ်ခိုး၊ ကြီးတော့ ရွှေခိုး" ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူးလေ…

အဘွားကြီးကျောက် ခေါင်းကိုခါယမ်းရင်း ကျန်းမုန့်မုန့်ကို အထင်အမြင်သေးစွာ ကြည့်လိုက်လေသည်။

သို့သော် သူမ ချက်ချင်း အမူအရာပြင်လိုက်ပြီး လီမိသားစုအိမ်ဘက်ကိုကြည့်ကာ နှုတ်ခမ်းမဲ့လိုက်၍ မိမိအိမ်သို့ အမြန်ပြန်လာခဲ့၏။

သူမ မြင်ခဲ့တဲ့ အတင်းအဖျင်းတွေကို ချန်ချင်းယွီကို ပြောပြဖို့ စိတ်လောနေပြီလေ…

တကယ်ပါပဲ... အသက်ကြီးလာလေ ထူးဆန်းတာတွေ မြင်ရလေပဲ…

လျိုကျင့်က ကျန်းရှင်းဖှနဲ့ တွဲနေတာ မဟုတ်ဘူးလား..

ဒါပေမဲ့ ကြည့်ရတာ လျိုကျင့်က လီချန်ရွှမ်းနဲ့လည်း ရိုးရိုးတော့ မဟုတ်ဘူးပဲ…

ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး…

ဒီလူတွေ တကယ်ပဲ ရွံစရာကောက်ကျစ်စဉ်းလဲတဲ့ အကွက်တွေ ခင်းနေကြတာပဲ…

အဘွားကြီးကျောက်မှာ လုံးဝပင် ဆွံ့အနေပြီး အိမ်ပြန်ရောက်သည်နှင့် ချန်ချင်းယွီကို ဆွဲခေါ်ကာ တိုးတိုးလေး ဖောက်သည်ချလေတော့သည်။

"ချွေးမရေ... ချွေးမ၊ ငါပြောမယ်၊ ဒီနေ့တော့ ငါ တကယ့်ကို အံ့ဩစရာကြီး မြင်ခဲ့ရတာဟေ့..."

“ဗုဒ္ဓေါ… သောက်ကျိုးနည်း”

ချန်ချင်းယွီမှာ အံ့ဩလွန်း၍ မျက်လုံးများပင် ဝိုင်းစက်သွားရ၏။

ဒါမျိုးဖြစ်လာလိမ့်မယ်လို့ သူမ တကယ်ကို မထင်ထားခဲ့ဘူးလေ…

အမယ်လေး အံ့ဖွယ်ကိစ္စတွေ မကုန်နိုင်ပါလား…

ဘာတွေဖြစ်ကုန်တာလဲ…

ချန်ချင်းယွီ မယုံနိုင်သည့်နှယ် ခေါင်းကိုကုတ်ရင်း မေးလိုက်မိလေသည်။

"လျိုကျင့်က အသက်ဘယ်လောက်ရှိပြီလဲ..”

"အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ကျန်းရှင်းဖှလောက်တော့ မကြီးပါဘူး။ ဒါတွေက ဘယ်လိုဖြစ်ကုန်တာလဲ”

ချန်ချင်းယွီမှာ ခေါင်းတငြိမ့်ငြိမ့်နှင့် လုံးဝကို ဝေခွဲမရနိုင်အောင် ကြောင်တောင်တောင် ဖြစ်သွားရှာ၏။ သူမကိုယ်တိုင်လည်း နားမလည်နိုင်ကာ အဘွားကြီးကျောက်မှာလည်း ပြောစရာစကားပင် ပျောက်ရှနေမိသည်။ သို့သော် လျိုကျင့်ကို မြင်လိုက်ရသည့်အခါမှ အဘွားကြီးကျောက်သည် မိမိ၏ချွေးမလေးမှာ လူကောင်းတစ်ယောက်ပါလားဟု ပို၍ ခံစားလိုက်ရပြန်၏။ ချန်ချင်းယွီသည် တစ်ခါတစ်ရံ မျက်နှာနှစ်မျိုးနှင့် ရှိတတ်သည်ဆိုစေဦး..စာရိတ္တ ပျက်ပြားသည့် အလုပ်များကို မလုပ်ပေ။ တကယ်၍သာ လျိုကျင့်ကဲ့သို့သော မိန်းမမျိုးသာဆိုလျှင်ဖြင့် မိမိတို့အိမ်မှာ ဒုက္ခပင် ဖြစ်ပေတော့မည်။

သို့သော် နေပါဦး...

လျိုကျင့်မှာ လင်ယောကျ်ားရှိတယ် မဟုတ်ဘူးလား…

ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလှသည်။

“သူ့လင်ကတော့ အစိမ်းရောင်ဦးထုပ် ဆောင်းခံထားရတာပဲ (အဖောက်ပြန်ခံရတာပဲ) ငါအထင်တော့ ဆံပင်လေးတွေတောင် စိမ်းနေလို့ နွားတောင် ကျောင်းလို့ရလောက်ပြီ”

ချန်ချင်းယွီမှာမူ အံ့အားသင့်လွန်းသဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ငေးကြည့်နေမိ၏။ အဘွားကြီးကျောက်မှာ ဆက်၍

“ငါက သူ့ကို အထင်ကြီးပြီး ပြောလိုက်တာပါ။ စဉ်းစားကြည့်စမ်း... ကျန်းရှင်းဖှ သူတို့အိမ်ထဲအထိတောင် ဝင်နေနေပြီဟာ၊ သူက တကယ်ပဲ ဂရုမစိုက်ဘူးတဲ့လား”

ခန္ဓီပါရမီက ကြီးမားလွန်းလို့ ပါရမီဖြည့်စရာတောင် မလိုတော့ဘူး…

“ကျွန်မတော့ နားမလည်နိုင်တော့ဘူး အမေရယ်၊ တကယ်ကို အံ့ဩတုန်လှုပ်မိတာပဲ”

ချန်ချင်းယွီ တုန်လှုပ်စွာ ပြောလိုက်မိ၏။

ထို့ကြောင့်လည်း လူအများမှာ ဤခေတ်ကာလသည် ရိုးသားဖြောင့်မတ်ပါသည်ဟု ဆိုကြသော်လည်း အလုံးစုံမူ မမှန်ကန်လှပေ။ ရိုးသားသည်ဆိုသည်မှာ သတင်းအချက်အလက် နည်းပါးနေခြင်းမျှသာ ဖြစ်ပြီး တကယ်တမ်း၌မူ လူတို့၏ သဘာဝမှာ အတူတူပင်ဖြစ်ကာ ကောက်ကျစ်စဉ်းလဲသူများလည်း ရှိနေသည်သာ ဖြစ်သည်။

ကြည့်စမ်း... ဤမျှအထိ ဆိုးရွားသောသူများပင် ရှိနေသည် မဟုတ်ပါလား…

ချန်ချင်းယွီမှာ စကားပင် ဆက်မဆိုနိုင်ဘဲ ဆွံ့အလျက် ရှိနေ၏။

အဘွားကြီးကျောက်မှာမူ မကျေမနပ်နှင့် ဆက်၍ ရေရွတ်နေပြန်သည်။

“ငါ နင့်ကို ပြောသားပဲ၊ လီချန်ရွှမ်းက လူကောင်းမဟုတ်ပါဘူးဆိုတာ။ မိသားစုစည်းစိမ်ကို ဖြုန်းတီးပစ်နိုင်တဲ့သူဟာ လူကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားလို့ သူ မစဉ်းစားမိဘူးလား…သူကတော့ သမက်ဝင်နေပြီးမှ ဘာမှမထောက်ထားဘဲ နောက်ကျောကို ဓားနှင့်ထိုးမည့်သူပဲ..အဲ့ဒီလိုလူမျိုးကို ဘယ်လိုလုပ် ယုံကြည်လို့ ရမှာလဲ..လင်စန်းရှင်း တစ်ယောက်သာ အူတူတူနှင့် တစ်နေကုန် သူ့လင်အကြောင်းပဲ ချီးမွမ်းနေတာ၊ ဦးနှောက်မရှိတဲ့ အရူးမပဲ”

အဘွားကြီးကျောက် အားမရသေးဘဲ ဆက်ပြောပြန်ကာ

“ငါ့အထင်တော့ လီချန်ရွှမ်း သားမရတာဟာ သူ့ရဲ့ ဝဋ်ကြွေးပဲ…သူက သားလိုချင်သေးတယ်ပေါ့၊ အိပ်မက်မက်နေလိုက်ဦး”

သူမသည် မရပ်မနား ဆက်၍ပင် ကဲ့ရဲ့နေ၏။

“သားရဖို့အတွက် အဲ့ဒီနှစ်ယောက်က ညတိုင်း အဲ့ဒီအလုပ်ကို လုပ်နေကြတာ..ရှေ့ခြံက အဘွားကျူး ပြောပြတာ ငါကြားခဲ့တယ်..သူတို့က ညဘက်ဆို အလုပ်ရှုပ်နေကြတာလေ၊ လင်စန်းရှင်းရဲ့ အသံကလည်း အရမ်းကျယ်တာပဲ..တစ်ညလုံး ညည်းညူနေတာ၊ သူတို့အိမ်မှာ အဲ့ဒါလုပ်နေတာကို သူများတွေ မသိမှာ စိုးနေတဲ့အတိုင်းပဲ…အရှက်မရှိတဲ့ အရူးမ... သူ့သမီး လီလင်းလင်းတောင် ဘေးအခန်းမှာ နေနေတာကို သူကတော့ တကယ်ကို အရှက်မဲ့လွန်းပါတယ်”

အဘွားကြီးကျောက်သည် လင်စန်းရှင်းကို အမှန်တကယ်ပင် အမြင်မကြည်လှပေ။ အမှန်စင်စစ် အဘွားကြီးကျောက်သည် မည်သူ့ကိုမျှ သဘောကျသူမဟုတ်ဘဲ ခြံဝင်းအတွင်းရှိ တခြားသော အမျိုးသမီးများအားလုံးကို အဆင့်အတန်းမရှိဟု သတ်မှတ်ကာ အထင်သေးတတ်သူ ဖြစ်သည်။

အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်ရင်း

“သူကတော့ တဂျောက်ဂျောက်နှင့် ရှုပ်နေတာပဲ၊ အခုထိလည်း ကလေးတစ်ယောက်မှ မရသေးဘူး..ငါ့အထင်တော့ လီချန်ရွှမ်းတစ်ယောက် ဖောက်ပြန်တော့မည် ထင်နေတာ တကယ်ကိုပဲဟဲ့…ကလေးမရတာက လင်စန်းရှင်းကြောင့် မဟုတ်ဘဲ လီချန်ရွှမ်းကြောင့်လည်း ဖြစ်နိုင်တာပဲ”

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ပြီး “အိုး...” ဟု အာမေဍိတ်သံ ပြုလိုက်မိ၏။

ဤခေတ်ကာလတွင် လူအများစုအတွက် ကလေးမရခြင်းမှာ မိန်းမဖြစ်သူ၏ ချို့ယွင်းချက်ဟုသာ ယူဆကြပြီး ယောကျ်ားဖြစ်သူကြောင့်ဟု မည်သူမျှ သံသယမဖြစ်ကြပေ။ အထူးသဖြင့် မျိုးဆက်ဟောင်းဖြစ်သည့် အဘွားကြီးကျောက်တို့ကဲ့သို့သော သူများထံမှ ဤကဲ့သို့ ခေတ်မီသော အတွေးအခေါ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့မိပေ။

ချန်ချင်းယွီ၏ အံ့အားသင့်မှုမှာ ထင်ရှားလွန်းသဖြင့် အဘွားကြီးကျောက်က မေးကို ပင့်လိုက်ကာ

“ငါက အလုပ်လုပ်နေတဲ့ အမျိုးသမီးပဲ၊ သာမန် အိမ်ရှင်မတွေလို မဟုတ်ဘူး။ ငါ့မှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ လီချန်ရွှမ်းကို ကြည့်ပါဦး... သူ့မျက်ကွင်းတွေက ညိုမည်းပြီး သေတော့မည့် ရုပ်ဖမ်းနေတာ..ဒါကို လင်းစန်းရှင်းကိုချည်းပဲ အပြစ်တင်လို့ မရဘူး.. လင်စန်းရှင်းကသာ အရာရာဟာ သူ့အပြစ်လို့ ထင်ပြီး အမြဲတမ်း သနားစရာရုပ်နှင့် နေနေတာ၊ အရမ်းကို တုံးတာပဲ..ငါ့အထင်တော့ လီချန်ရွှမ်းက လင်စန်းရှင်း ကလေးမရနိုင်ဘူးလို့ ယူဆနေတာကြောင့် ကလေးရဖို့အတွက် တခြားလူကို ရှာနေတာနေမှာ”

ချန်ချင်းယွီ ရိုးရိုးသားသားပင် မေးခွန်းထုတ်လိုက်သည်။

“ဒါပေမဲ့ လျိုကျင့်မှာ လင်ရှိတယ်လေ အမေရဲ့..ပြီးတော့ သူမနှင့် ကျန်းရှင်းဖှရဲ့ ဆက်ဆံရေးကလည်း ရိုးရိုးမှ မဟုတ်တာ။ ဆိုတော့... တကယ်လို့ သူမမှာ ကလေးရလာရင် အဲ့ဒါ ဘယ်သူ့ကလေးလို့ ပြောရမလဲ၊ ဘယ်လိုခွဲခြားမလဲ”

ဤခေတ်တွင် DNA စစ်ဆေးခြင်းကဲ့သို့သော နည်းပညာများလည်း မရှိသေးပေ။

အဘွားကြီးကျောက်မှာလည်း ဆွံ့အသွားပြီး ပြန်မေးလိုက်မိ၏။

“ဟုတ်သားပဲ... အဲ့ဒါကို ဘယ်လိုများ တွက်ချက်မလဲ”

အတင်းပြောဖော် ပြောဖက် ယောက္ခမနှင့် ချွေးမနှစ်ဦးမှာ ခဏမျှ ကြောင်အသွားကြပြီးနောက် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားကြကာ ခေါင်းကို တပြိုင်နက်တည်း ခါယမ်းလိုက်ကြသည်။

“ကျွန်မတို့တော့ နားမလည်နိုင်တော့ဘူး”

သာမန်လူတို့အနေဖြင့် ဤသူတို့၏ လုပ်ရပ်များကို နားလည်နိုင်စွမ်း မရှိကြပေ။ သို့သော် အဘွားကြီးကျောက် ထပ်လောင်းပြောဆိုသည်မှာ…

“လီချန်ရွှမ်းက သူ့ကို ၁၀ ယွမ်တောင် ပေးလိုက်သေးတယ်။ သူက တစ်လလုံးမှ ၃၀ ယွမ်လောက် ရတာလေ၊ တကယ်ကို ရက်ရောလွန်းတာပဲ..သူတို့အိမ်က လီလင်းလင်းတောင် ဒီလောက် မုန့်ဖိုးရမှာ မဟုတ်ဘူး..တကယ်ပါပဲ... သူစိမ်းတွေအတွက်ဆိုလျှင် ပိုက်ဆံကို ရက်ရက်ရောရော သုံးစွဲပြီး ကိုယ့်မိသားစုကျတော့ တွန့်တိုကြတာပဲ”

ချန်ချင်းယွီသည်လည်း ထိုမိသားစု၏ လုပ်ရပ်ကို လုံးဝသဘောမကျနိုင်သဖြင့် ခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။

“မရတော့ဘူး... ငါ သူတို့အိမ်နားသွားပြီး ချောင်းမြောင်း နားထောင်ရမယ်၊ လင်စန်းရှင်း ဒါကို သိ၊ မသိ ဆိုတာ သိရအောင်”

အဘွားကြီးကျောက် ဆိုကာ လက်ဝါးချင်း ပွတ်သပ်လျက် စိတ်လှုပ်ရှားနေတော့သည်။

ချန်ချင်းယွီ “.........”

သူမ၏ ဦးနှောက်မှာ ထိုအခြင်းအရာများကို လိုက်ပါမတွေးတောနိုင်တော့သလို ခံစားလိုက်ရ၏။ သူမသည် ခေတ်သစ်ကာလမှ ကူးပြောင်းလာသူဖြစ်ပြီး ခေတ်မီအချက်အလက်များနှင့် ဗဟုသုတ ကြွယ်ဝသူဖြစ်သော်လည်း ယခုမူ သူမ၏ ဦးနှောက်မှာ လိုက်မမီတော့ပေ။ သူမ ဇဝေဇဝါနှင့် မေးလိုက်သည်။

“လင်စန်းရှင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ အမေရဲ့၊ လီချန်ရွှမ်းက ဒါကို သူမကို လျှို့ဝှက်ထားရမှာ မဟုတ်ဘူးလား”

အဘွားကြီးကျောက် သူမကို “နင်က အရမ်းနုသေးတာပဲ” ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်ကာ

“လီချန်ရွှမ်းက လင်စန်းရှင်းကိုတောင် ဒါကို တိုင်ပင်ထားတာ ဖြစ်နိုင်တယ်။ သားရဖို့အတွက်ဆိုရင်ပေါ့... လင်စန်းရှင်းကိုယ်တိုင်ကလည်း သားအရမ်းလိုချင်နေတာဆိုတော့ ဒါက မထူးဆန်းဘူးလေ”

ချန်ချင်းယွီ : သောက်ကျိုးနည်း…

အကယ်၍ ထိုသို့သာ အမှန်ဖြစ်ခဲ့လျှင်မူ ဤအခြင်းအရာမှာ အမှန်တကယ်ပင် ရယ်ဖွယ်ကောင်းလှပေတော့မည်။

ဤအတင်းအဖျင်းများကြောင့် ချန်ချင်းယွီ၏ စိတ်အစဉ်မှာ ရှုပ်ထွေးနောက်ကျိကုန်၏။ သူမသည် မိမိကိုယ်မိမိ အပြစ်ကင်းစင်သော ပန်းလေးတစ်ပွင့်ကဲ့သို့ ဟန်ဆောင်ခဲ့ဖူးသော်လည်း ယခုမူ သူမသည် အမှန်တကယ်ပင် ပန်းလေးတစ်ပွင့် ဖြစ်နေပြီဟု ခံစားလိုက်ရသည်။ ဤခြံဝန်းအတွင်းရှိ လူများနှင့် ယှဉ်လိုက်ပါက သူမသည် တကယ့်ကို အပြစ်ကင်းစင်လွန်းသည့် နုနယ်သူလေးတစ်ဦးသာ ဖြစ်ပေတော့၏။

အမယ်လေး… ငါက တကယ်ကို ရိုးသားလှချည်လား…

“ဒါကတော့ တကယ်ကို လွန်လွန်းပါတယ်”

ချန်ချင်းယွီ ထိုသို့သာ ညည်းတွားနိုင်တော့သည်။ သူမ၏ အတွေးအားလုံးသည် ထိုစကားတစ်ခွန်းအတွင်း၌သာ စုစည်းလျက် ရှိနေသည်။

“နင်က အတွေ့အကြုံ နုနယ်သေးတာပေါ့ ငါ ငယ်ငယ် သူဌေးအိမ်မှာ အစေခံလုပ်ခဲ့တုန်းက ဒါထက်ပို၍ ဆိုးရွားတာကို မြင်တွေ့ခဲ့ဖူးပြီးသား..နင်က ဘာသိမှာလဲ”

အဘွားကြီးကျောက်မှာ ပြောဆိုကာ ဇာတ်လမ်းကို အဆုံးသတ်လိုက်လေတော့၏။

ချန်ချင်းယွီ “…”

ဟုတ်ပါတယ်.. ကျွန်မတကယ်ကို မသိတာပါ…

ဘာမှနားမလည်တော့တဲ့အခါ ဟင်းချက်တာက အလက်တွေ့ကျဆုံးပဲ…

ချန်ချင်းယွီ: "ဟင်းချက်ကြမယ်"

အဘွားကြီးကျောက်: "ငါ တို့ဖူးလှီးလိုက်မယ်..."

ချန်ချင်းယွီ : "ကျွန်မ ဆန်ဆေးလိုက်မယ်။"

အဘွားကြီးကျောက် သက်ပြင်းချရင်း

"အေး... နင်က အရင်ထက်လည်း ပိုစားလာတယ်၊ ဆန်တွေ၊ ဂျုံတွေကိုလည်း အိတ်လိုက်ဝယ်လာတော့ ငါတို့အိမ်မှာ ဂျုံအိတ်ခွံတွေ အများကြီး စုမိနေပြီ။"

အကယ်၍ အစိုးရရိက္ခာအရောင်းဆိုင်သို့သာ သွားလျှင် ဤသို့ဖြစ်မည်မဟုတ်ပေ၊ ထိုဆိုင်များ၌ စျေးဝယ်လျှင် မိမိကိုယ်ပိုင် အိတ်ကိုသာ သယ်ဆောင်သွားရသည်ဖြစ်၍ အိတ်အပိုဆိုသည်မှာ ဝေလာဝေးပင်။ သို့သော် မှောင်ခိုစျေးတွင် ထိုသို့ ထုံးစံမရှိပေ။ အိတ်လိုက်ဝယ်လျှင် အိတ်ပါအလကားရလေသည်။ ထို့ကြောင့် သူတို့အိမ်တွင် အိတ်ခွံများ တပုံတပင် ဖြစ်နေ၏။

ဆန်အိတ်များမှာ များသောအားဖြင့် ပလပ်စတစ်များဖြစ်သော်လည်း ဂျုံအိတ်များမှာမူ ပြန်လည်အသုံးချ၍ရသော ပိတ်သားအိတ်များဖြစ်သည်။

အဘွားကြီးကျောက် : "ဒီပိတ်အိတ်တွေကို ပြန်ဖြုတ်ပြီး အိပ်ရာခင်း လုပ်လို့ရတယ်။ မိသားစုအတော်များများလည်း ဒီလိုပဲ လုပ်ကြတာ၊ တကယ်ကောင်းတဲ့ ပစ္စည်းလေးတွေ။"

ချန်ချင်းယွီ သဘောမတူဘဲ

"ပစ္စည်းထည့်ဖို့ပဲ သိမ်းထားလိုက်ပါ..အိပ်ရာခင်းလုပ်ရင် သိပ်မသက်သာလှဘူး..နောက်ခါကျမှ မှောင်ခိုဈေးသွားရင် အဝတ်အထည်ကူပွန်တွေနဲ့ သွားလဲလိုက်မယ်။"

အဘွားကြီးကျောက် ခဏလောက် ဝေခွဲမရဖြစ်နေပြီးမှ မနေနိုင်ဘဲ ပြောလိုက်မိ၏။

"နင့်မှာ ပိုက်ဆံဘယ်လောက်ရှိလဲ နင်သိမှာပါ…ပိုက်ဆံကို ချွေတာသုံးစွဲစမ်းပါဦး။ မဟုတ်ရင် ပိုက်ဆံကုန်သွားရင် ဘယ်လိုလုပ်မလဲ..နင်ကလည်း အများကြီးစားတော့ အကုန်လုံးက ပိုက်ဆံတွေချည်းပဲ..ဘာပဲဖြစ်ဖြစ် လူဆိုတာ ဗိုက်ဝဖို့က အဓိကပဲ..အဝတ်အစားနဲ့ တခြားအသုံးအဆောင်တွေဆိုတာက အပြင်ပန်းတွေပါ။"

ချန်ချင်းယွီ : "အဲဒါအတွက် စိတ်မပူပါနဲ့။ ကျွန်မ ဘယ်လိုစီမံရမလဲ သိပါတယ်။"

သူမတွင် အဘိုးအဘွားများ ချန်ထားခဲ့သော ပိုက်ဆံများရှိကြောင်း တိုက်ရိုက်ပြောမည် မဟုတ်သော်လည်း ဤသို့ သုံးစွဲနေသော ပိုက်ဆံအတွက် အကြောင်းပြချက် တစ်ခုခုပေးရန် လိုအပ်နေလေသည်။ ချန်ချင်းယွီ ခဏလောက် စဉ်းစားပြီးနောက်

“တစ်ခါတလေ ငါးဖမ်းပြီး ပိုက်ဆံအနည်းငယ် ရှာလို့ရတာရှိတယ်။"

အင်း... ဒါက အကြောင်းပြချက်ကောင်းပဲ..

အဘွားကြီးကျောက် ရုတ်တရက် သဘောပေါက်သွားပြီး

"ဩော်... မဟုတ်မှလွဲရော…ငါလည်း စဉ်းစားနေတာ၊ နင်က ဘာလို့ အခုတလော ပိုက်ဆံတွေကို လက်ဖွာနေရတာလဲလို့။ ဘာလို့ ဖုံးကွယ်ထားတာလဲ…ငါတို့က မိသားစုတွေပဲ မဟုတ်လား..စောစောစီးစီး ပြောပြရမှာပေါ့၊ ငါက နင့်ဆီက လုယူမှာကျနေတာပဲ။"

ချန်ချင်းယွီ အေးစက်စက်နှင့် ရယ်မောလိုက်ပြီး

"အမေက ကျွန်မဆီက အရင်လုနိုင်အောင် ကြိုးစားကြည့်ဦးလေ။"

အဘွားကြီးကျောက် တိုးတိုးလေး ရေရွတ်ကာ

"ဘာလို့ အမှန်တရားတွေကိုပဲ ပြောနေရတာလဲ"

မိစ္ဆာမလေး… ငါမလုနိုင်မှန်းသိလို့ တမင်ပြောနေတာ… မသိတတ်တဲ့ခွေးမလေး…

သူမ မျက်တောင်တဖျတ်ဖျတ်ခတ်

ရင်း အလွန်တရာ စပ်စုချင်သည့်အလား အမြန်မေးလိုက်ကာ

"အဲဒါဆို... ငါးတွေကို ဘယ်လောက်နဲ့ ရောင်းရလဲ..ပြောပြပါဦး၊ ငါ ဘယ်သူ့ကိုမှ တကယ်မပြောဘူး။"

ချန်ချင်းယွီ: "..."

အဘွားကြီးကျောက် : "ငါက လိုချင်လို့မဟုတ်ပါဘူး၊ သိချင်ရုံသက်သက် မေးကြည့်တာ။"

ချန်ချင်းယွီ: "..."

မုသားစကား တစ်ခွန်းက အဲဒါကို ဖုံးကွယ်ဖို့ တခြားမုသားစကားတွေ အများကြီး လိုအပ်လာစေတာပဲ…

"မသေချာဘူး…အကောင်ကြီးတာရှိသလို အကောင်သေးတာလည်းရှိတယ်၊ အများကြီးရတာရှိသလို နည်းနည်းပဲရတာလည်းရှိတယ်၊ ဈေးနှုန်းက ဘယ်လိုလုပ် တစ်သမတ်တည်း ရှိမှာလဲ…ပိုက်ဆံအများကြီးတော့ မဟုတ်ပါဘူး၊ ကျွန်မတို့ စားစရိတ်လေး ကာမိရုံပါပဲ..တကယ်လို့ ငါးဖမ်းတာက ပိုက်ဆံအများကြီးရမယ်ဆိုရင် လူတိုင်း ငါးသွားဖမ်းကြမှာပေါ့။ အလကားရတဲ့ ထမင်းထုပ်ဆိုတာ မရှိဘူး…ဒီကိစ္စတွေကို စိတ်မပူနဲ့။ အမေက အမေ့လစာထဲက စားစရိတ်ကို အချိန်မှန်မှန်ပေးဖို့ပဲ အာရုံစိုက်၊ တခြားဘာမှ မတွေးနဲ့။ စားစရာသောက်စရာရှိနေတာ ကောင်းတာပဲ မဟုတ်လား…ကျွန်မကို ပြဿနာမပေးနဲ့..ပြီးတော့ အပြင်မှာလည်း သွားပြီး အတင်းမပြောနဲ့။ ကျွန်မကို ပြဿနာဖြစ်အောင်လုပ်ရင်တော့ ကျွန်မကလည်း အားနာနေမှာ မဟုတ်ဘူးနော်..”

ဤမိန်းမကြီးမှာ မိမိတွင် ပိုက်ဆံရှိကြောင်းသိလျှင် ပြဿနာရှာမည်စိုး၍ ချက်ချင်း သတိပေးလိုက်လေသည်။

သူမ စိတ်ရင်းမကောင်း၍ မဟုတ်ဘဲ ဤအဘွားကြီးမှာ ထိုသို့သော လူမျိုးဖြစ်နေ၍ပင်။

နည်းနည်းလေး ကောင်းပြလိုက်ရင်ကို ဘဝင်မြင့်ပြီး ဘဝမေ့တဲ့သူ…

ကံကောင်းသည်မှာ ယခုလက်ရှိတွင် အဘွားကြီးကို ရိုက်နှက်ခြင်း မရှိတော့သော်လည်း ချန်ချင်းယွီတစ်ယောက် အပြင်ဘက်တွင် ပြဿနာများစွာ ရှာထားသည့်အတွက် အဘွားကြီးကျောက်မှာ သူမကို တကယ်ပင် လန့်နေဆဲဖြစ်၏။

မဟုတ်ရင်တော့ …သူက ပြန်ပြီးတော့ ပြဿနာရှာနေဦးမှာပဲ…

ဒီအဘွားကြီးက သဘောကောင်းပြီး ပြောရဆိုရလွယ်တဲ့ အမျိုးသမီးမျိုး မဟုတ်ဘူး… လူ့ဂွစာ..အော်ကြောလန်ကြီး..

ချန်ချင်းယွီမှာလည်း ပြဿနာရှာသည့်နေရာတွင် မည်သူမှလိုက်မမီသူဖြစ်၍ အဘွားကြီးကျောက်မှာ သူမကို ကြောက်ရွံ့နေပြီး အလွယ်တကူ ရန်မစရဲပေ။

ချန်ချင်းယွီ၏ တင်းမာသော အမူအရာကြောင့် အဘွားကြီးကျောက် ငြိမ်ကုပ်သွားကာ အသံပင်မထွက်တော့ချေ။

"ဟေး... နင်ကလည်း၊ ငါက ဘယ်လိုလူလဲဆိုတာ နင်သိပါတယ်၊ ဟုတ်တယ်မလား..ငါက သံယောဇဉ်ကို အလေးထားဆုံးပဲ၊ ငါတို့က မိသားစုတွေပဲ၊ ငါ နင့်ကို ဒုက္ခမပေးပါဘူး။ စိတ်မပူနဲ့။"

အဘွားကြီးကျောက်မှာ နေ့လယ်စာပြင်ဖို့ အလုပ်ရှုပ်နေ၏။

နှစ်ယောက်အတူတူလုပ်တော့ အချိန်ကုန် သက်သာတာပေါ့…

အဘွားကြီးကျောက်: "ဒီ ကြက်သွန်မြိတ်တွေကို ဘာလုပ်မှာလဲ..ဘာလို့ ဆီမသတ်တာလဲ.."

ချန်ချင်းယွီ : "နောက်ထပ်တစ်သုတ် လှီးပြီး ကြက်သွန်မြိတ် ပန်ကိတ်လုပ်မလို့။"

ကြက်သွန်မြိတ်များမှာ အလွန်ပင် ကြီးထွားနှုန်းမြန်လှပြီး တစ်ခါရိတ်သိမ်းပြီးတိုင်း ခပ်မြန်မြန်ပင် ပြန်ထွက်လာသည်။

အဘွားကြီးကျောက်: "ကောင်းတာပေါ့၊ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က အဲဒါကို သိပ်ကြိုက်တာ။"

ချန်ချင်းယွီ : "သေချာတာပေါ့။"

ကလေးနှစ်ယောက်၏ အကြိုက်ဆုံးစားစရာမှာ အသားငါးများ သို့မဟုတ် သရေစာမုန့်များ မဟုတ်ဘဲ ကြက်ဥနှင့် ကြက်သွန်မြိတ်ပန်ကိတ် ဖြစ်နေခြင်းမှာ ချန်ချင်းယွီကို အံ့ဩသင့်စေ၏။ သို့သော် ကလေးများ အကြိုက်ဖြစ်နေ၍ သူမ အများကြီးလုပ်ကျွေးလေ့ရှိလေသည်။

မကျွေးနိုင်တာမှမဟုတ်တာ…

ယနေ့ နေ့လယ်စာအတွက် သူတို့မှာ ငါးတို့ဖူးစွပ်ပြုတ်ကို ပြင်ဆင်နေကြ၏။ ငါးမှာ ညှီနံ့ရှိ၍ အနံ့နည်းနည်းပြင်းသော်လည်း အသားဟင်းတစ်ခွက်ဖြစ်ရာ ဟင်းသီးဟင်းရွက်များထက် သာ၍ကောင်းမွန်လေသည်။ အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးကြိုင်သော ရနံ့မှာ ဒုတိယဝင်းတစ်ခုလုံး ပျံ့နှံ့သွား၏။

နေ့လယ်စာစားချိန် လူတိုင်း အိမ်တွင်ရှိနေကြပြီး ရှီရှောင်ဝေတစ်ယောက် သူ၏ထမင်းစားတူကို ပစ်ချကာ ဒေါသတကြီးပြောဆိုလိုက်သည်။

"ဟိုဘက်အိမ်တွေ ဘာစားနေလဲကြည့်ဦး၊ ကျွန်တော်တို့ ဘာစားနေရလဲကြည့်ဦး…အမေက အမြဲပြောတယ်၊ ကျွန်တော်တို့က ဒီဝင်းထဲမှာ အခြေအနေအကောင်းဆုံး မိသားစုဆို။ ဒါပေမဲ့ ကြည့်ပါဦး၊ ရှေ့ဝင်းက လီမိသားစုက အသားကြော်နေတယ်၊ မျက်နှာချင်းဆိုင်အိမ်က ငါးဟင်းချက်နေတယ်။ ကျွန်တော်တို့ကျတော့…ဟင်းသီးဟင်းရွက်တွေချည်းပဲ၊ အသားတစ်ဖဲ့တောင်မပါဘူး..ကျွန်တော် ဘယ်လိုလုပ် စာကျက်နိုင်မှာလဲ…အကယ်၍ ကျွန်တော် စာမေးပွဲကျခဲ့ရင် အမေ့အပြစ်ပဲ။ အာဟာရဖြစ်အောင် ကောင်းကောင်းမစားရဘဲ ဘယ်လိုလုပ်မှာလဲ..လီမိသားစုက လီလင်းလင်းကိုတောင် အားရှိအောင် ကျွေးနေတာ…အမေက ကျွန်တော့်ကို သိပ်ချစ်တယ်သာပြောတာ၊ ပါးစပ်ပဲရှိတယ်…ဘာမှလည်း လုပ်မပေးဘူး…ဒီလိုဟင်းမျိုးကို ကျွန်တော် ဘယ်လိုစားနိုင်မှာလဲ.."

ရှီရှောင်ဝေ စိတ်ဆိုးမာန်ဆိုးဖြင့် ဗျစ်တောက်ဗျစ်တောက် ပြောလေတော့၏။

အစ်မကြီးဖန်သည်လည်း စိတ်မချမ်းမသာဖြစ်သွားပြီး ထိုမိသားစုနှစ်စုမှာ သူတို့ဘဝများ ကောင်းစားနေသယောင် ငါးများ၊ အသားများ စားပြပြီး ကြွားနေကြသည်ဟု ပြစ်တင်ပြောဆိုလိုက်လေသည်။ ထို့နောက် သူမက အမြန်ပင် ချော့မော့လိုက်ကာ

"ဒီလအတွက် အသားလက်မှတ်တွေ အကုန်ကုန်သွားလို့ပါ၊ နောက်လအထိ စောင့်လိုက်ဦး။ နောက်လကျရင် အမေ အသားဝယ်ကျွေးပါ့မယ်"

ရှီရှောင်ဝေမှာ ဒေါသတကြီးဖြင့်

"နောက်လဆို ကျွန်တော် စာမေးပွဲဖြေပြီးသွားပြီ၊ အသားစားလည်း ဘာမှမထူးတော့ဘူး။ စားမယ်ဆိုရင် အခုစားရမှာ"

သူသည် အစ်မကြီးဖန်ကို ခိုင်းစေလိုက်ကာ

"အမေ... တစ်ယောက်ယောက်ဆီမှာ အသားလက်မှတ် သွားလဲလိုက်ပါ..ကျွန်တော်တို့က အိမ်နီးနားချင်းတွေထက် နိမ့်ကျနေလို့ မဖြစ်ဘူးမလား..ဟိုမုဆိုးမနှစ်ယောက်တောင် ကျွန်တော်တို့ထက် ကောင်းကောင်းစားနေတာ၊ ကျွန်တော်တော့ အရှုံးမပေးနိုင်ဘူး... အမေက လူတကာ အထင်သေးအောင် လုပ်နေတာလား.."

"လူတစ်ယောက်ရဲ့ အခြေအနေက တစ်ကြိမ်နှစ်ကြိမ်လောက်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ သူတို့ရတဲ့ငါးက ပိုက်ဆံပေးဝယ်ရတာမှ မဟုတ်တာ"

"ပိုက်ဆံကုန်ကုန် မကုန်ကုန်၊ သူတို့မှာ ရှိနေတာပဲ…ကျွန်တော်တို့မှာမှ မရှိတာ။"

ရှီရှောင်ဝေ ဆက်တိုက် ညည်းညူနေစဉ်မှာပင် သူ့ညီဖြစ်သူမှာ မျက်လုံးအသာလှန်ပြီး သူ့အစ်ကိုကို အထင်သေးသည့်အလား ကြည့်လိုက်၏။ တခြားကလေးသုံးယောက်ရှိသော မိသားစုများတွင် ညီအစ်ကိုအချင်းချင်း ဆက်ဆံရေးသည် မောင်နှမဆက်ဆံရေးထက် ပိုကောင်းလေ့ရှိ​သော်ငြား သူတို့မိသားစုမှာမူ တမူထူးခြားနေသည်။ ရှီရှောင်ကွမ်းသည် သူ့အစ်ကိုကို အထင်သေးပြီး ကျေးလက်တောရွာကို ဆင်းသွားရသည့် သူ့အစ်မကိုလည်း အမြဲတမ်း သတိရနေတတ်သူဖြစ်၏။

သူ ခနဲ့တဲ့တဲ့ ငေါ့လိုက်ကာ

"ပိုက်ဆံမကုန်ဘူးဆိုရင် အစ်ကိုလည်း ငါးသွားဖမ်းလေ…ကိုယ်တိုင်လည်း ဘာမှမဖမ်းနိုင်ဘဲ အိမ်မှာပဲ ပြဿနာရှာနေတယ်။ အစ်ကို့ကို မသိတဲ့သူဆိုရင် အသက် ရှစ်နှစ်အရွယ် ကလေးလို့တောင် ထင်ရမယ်။ ဟား…တကယ်ရယ်ရတယ်…အသားမစားရလို့ စာမေးပွဲကျမယ်ဆိုတာမျိုးက။ စာမေးပွဲကျရင် ဘာလုပ်မလဲ…အသားမစားရလို့လို့ပဲ အပြစ်ပုံချဦးမှာလား…အစ်ကိုက ကိုယ့်ကိုယ်ကိုယ်ကလွဲလို့ အကုန်လုံးကို အပြစ်တင်နေတာပဲ။ ဒီလိုလူစားမျိုးတွေက တကယ့်ကို အရှက်မရှိတာပဲ…"

"မင်း..ငါက မင်းအစ်ကိုနော်..ငါ့ကို ဒီလိုစကားမျိုး ဘယ်လိုပြောရဲတာလဲ… 'ရိုသေမှု' ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမှန်းတောင် မင်းမသိဘူးလား…"

ရှီရှောင်ဝေ အော်ဟစ်လိုက်လေသည်။

ရှီရှောင်ကွမ်းသည်လည်း မဆိုင်းမတွ ပြန်ပြောလိုက်ကာ

"ကျွန်တော်က လူကြီးတွေကိုပဲ ရိုသေတာ၊ အစ်ကို့ကို မဟုတ်ဘူး..အစ်ကိုက ရိုသေခံရဖို့ ထိုက်တန်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိဘူးလား..”

သူသည် သူ့အစ်ကိုကို အတော်လေး မုန်းတီးနေပြီး လုံးဝအလျှော့မပေးပေ။

"အစ်ကို တကယ်တော်တယ်ဆိုရင် စာကြိုးစားပြီး အောင်အောင်ဖြေလေ…အလကားစာအုပ်တွေဖတ်ရင်တော့ တက်ကြွနေပြီး ကျောင်းစာအုပ်ဖတ်ရင်တော့ သမ်းဝေနေတာပဲ။ အဲဒါကိုမှ စာမေးပွဲဖြေချင်သေးတယ်…လူအတွေကို လှည့်စားမလို့လား…"

ရှီရှောင်ကွမ်း တရစပ် ဆက်ပြောနေ၏။

"မင်းလို ကောင်လေးကို ငါရိုက်သတ်ပစ်မယ်..ငါ့အကြောင်း မကောင်းပြောရဲတယ်ပေါ့.."

"ဟီးဟီး၊ အစ်ကို ကျွန်တော့်ကို မမီပါဘူး.."

ရှီရှောင်ကွမ်း သွက်လက်စွာ ရှောင်တိမ်းလိုက်ပြီး သူ့အစ်ကိုအပေါ် အညှာအတာမရှိဘဲ အပြင်ကို ပြေးထွက်သွားရင်း အော်ပြောလိုက်လေသည်။

“အစ်ကို့ကို ဒေါသထွက်အောင် လုပ်ပြီး ရိုက်သတ်ပစ်မယ်…စာကိုလည်း စနစ်တကျမကျက်ဘဲ အသားတွေ၊ ငါးတွေစားဖို့ ဘာတွေဟန်ဆောင်နေတာလဲ…အစ်ကိုက အဲဒါတွေနဲ့ ထိုက်တန်လားဆိုတာ ကိုယ့်ဘာသာရော မေးဖူးလား…သွား... ချေးပဲစားလိုက်.."

"အားးးးအားးးး..မင်းကို ငါရိုက်သတ်မယ်..မင်းလို ကောင်စုတ်..မင်းလို လူယုတ်မာမျိုး ငါ့ညီဖြစ်လာတာ ငါ့ကံတရားက တကယ်ဆိုးတာပဲ.."

ရှီရှောင်ကွမ်းသည်လည်း ချက်ချင်း ပြန်ပက်လိုက်ကာ

“တိုက်ဆိုင်လိုက်တာ..အစ်မလည်း အဲဒီလိုပဲ တွေးနေမှာ။ အစ်ကို့လို လူယုတ်မာမျိုး အစ်ကိုဖြစ်နေတာကိုလေ…အစ်မက တောမှာ ဒုက္ခရောက်နေတာတောင် အစ်ကိုက ဘာမှလုပ်မပေးဘူး..အစ်ကိုက နှလုံးသားမရှိတဲ့ကောင်၊ အမေ့ကိုတောင် အစ်မဆီကနေ ပစ္စည်းတွေတောင်းဖို့ စာရေးခိုင်းသေးတယ်။ အစ်ကိုက တကယ့်ကို ယုတ်မာလွန်းတယ်..မိုးကြိုးပစ်လို့ သေသွားရင် ကောင်းမှာပဲ…"

ရှီရှောင်ကွမ်းတစ်ယောက် ဝင်းထဲမှာ ပတ်ပြေးရင်း အော်ဟစ်နေ၏။

ထိုအချိန်မှာပင် ရှီရှန်းနှင့် အစ်မကြီးဖန်တို့ သူတို့ အငယ်ဆုံးသားလေး ရုတ်တရက် ပေါက်ကွဲထွက်လာရခြင်း အကြောင်းရင်းကို သိလိုက်ရလေသည်။ အစ်မကြီးဖန် ဒေါသထွက်သွားပြီး

"ဟဲ့ ကောင်လေး၊ မင်း ဘာလုပ်နေတာလဲ…ဘာတွေ လျှောက်ပြောနေတာလဲ..ငါက မင်းအစ်မဆီက ဘယ်တုန်းက ပစ္စည်းတောင်းလို့လဲ… နောက်ပြီး မင်းအစ်မက ငါတို့မိသားစုဆီ ပစ္စည်းတွေ ပို့ပေးတယ်ဆိုတာကလည်း သူမလုပ်သင့်လုပ်ထိုက်တာပဲလေ။ တောမှာက ဆန်ရေစပါးနဲ့ ရိက္ခာတွေ ပေါတာပဲ။ မိသားစုကို ကူညီတာ ဘာမှားလို့လဲ…အခုတော့ မင်းက မင်းအစ်ကို့ကို အပြစ်တင်နေတယ်.. မင်းက ဘယ်လိုဖြစ်လို့ ဒီလောက် နားမလည်ရတာလဲ…ငါ မင်းကို ရိုက်တော့မယ်…"

မိခင်နှင့် သားဖြစ်သူ ရှီရှောင်ဝေတို့ ရှီရှောင်ကွမ်းကို ဝိုင်းဖမ်းဖို့ ကြိုးစားကြ၏။

ဤကလေးမှာ အသက်ငယ်ပင် ငယ်သော်လည်း အတော်လေး တွန့်မဆုတ်ဘဲ အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောလေသည်။

"တောမှာ ရိက္ခာတွေ ပေါတယ်ဆိုတာ ဘာကိုပြောတာလဲ…တောက အဲဒီလောက်ကောင်းနေရင် လူတွေအားလုံးက မြို့ပေါ်တက်ဖို့ ဘာလို့ ဒီလောက် ကြိုးစားနေကြတာလဲ…ဘာလို့ ဘယ်သူမှ တောမသွားချင်ကြတာလဲ…ကျွန်တော့်ကို လာနောက်နေတာလား…အစ်မက တောမှာ ဒီလောက် ဒုက္ခရောက်နေရတာ …အစ်မဆီက ပစ္စည်းတောင်းဖို့ အမေတို့မှာ ဘာအခွင့်အရေးရှိလို့လဲ…အစ်ကိုကတော့ ဘာမှအသုံးမကျဘဲ အထက်တန်းကျောင်းတောင် ရောက်နေသေးတယ်။ ပညာသင်ပေးနေရတာ နှမြောဖို့ကောင်းလိုက်တာ..သူ အစ်မအပေါ် အကွက်ချစီစဉ်နေတာကို ကျွန်တော် သည်းခံမယ်ထင်နေလား…သူက လူလားမြောက်နေတဲ့ ယောကျ်ားကြီးဖြစ်ပြီး ကြိုးစားအားထုတ်ရမယ့်အစား အစ်မဆီကနေပဲ အမြတ်ထုတ်ဖို့ ကြည့်နေတယ်။ ရွံလိုက်တာ…ရွံလိုက်တာ..ဝေါ့ ..ဝေါ…ထွီ.."

အဘွားကြီးကျောက်နှင့် တခြားသူများမှာ ထမင်းပန်းကန်လုံးကိုယ်စီကိုင်၍ ပွဲကြည့်ရန် အိမ်ရှေ့သို့ ထွက်လာကြလေသည်။

ရှီရှောင်ကွမ်း ချန်ချင်းယွီကို အမြန်လှမ်းကြည့်ကာ

“ဒီ ‘ရွံလိုက်တာ..ရွံလိုက်တာ..’ ဆိုတာ အစ်မဆီက သင်ထားတာလေ၊ သိပ်အားရဖို့ကောင်းတာပဲ”

ချန်ချင်းယွီမှာ ထိုစကားကြောင့် ဆွံ့အသွားရပြီး

‘ဘာလဲ... ဒါကိုတောင် မူပိုင်ခွင့် တောင်းဦးမလို့လား’

အဘွားကြီးကျောက်သည်လည်း ထောက်ခံပြောဆိုလိုက်၏။

“သူတို့မိသားစုမှာတော့ ဒီအငယ်ဆုံးလေးကမှ တကယ့်လူ၊ ကလေးက အကုန်သိနေတာ”

ထိုအချိန်တွင် ရှီမိသားစုသာမက ဒုတိယဝင်းအတွင်းရှိ လူများ၊ ထိုမှတစ်ဆင့် တခြားဝင်းမှ လူများပါ ထိုမြင်ကွင်းကို ကြည့်ရှုရန် စုရုံးလာကြပြီဖြစ်သည်။ အစ်မကြီးဖန်မှာမူ ဒေါသအလိပ်လိပ် တက်လာပြီး မျက်လုံးများပင် ပြာဝေလာတော့၏။ သိက္ခာကို အင်မတန် အလေးထားသူ ဖြစ်သော်လည်း ယခုကဲ့သို့ လူပုံအလယ်တွင် အရှက်ကွဲရခြင်းမျိုးကိုမူ တစ်ခါမျှ မကြုံဖူးချေ။ အထူးသဖြင့် မိမိ၏ သားအရင်းမှ ပြန်လည်ပြောဆိုနေခြင်းကြောင့် သူမ ပို၍ ဒေါသထွက်နေရခြင်း ဖြစ်သည်။

“မင်းလို ကောင်စုတ်လေးက ဘာသိမှာလဲ..မင်းအစ်မ ကျေးလက်ကိုဆင်းသွားတုန်းက မင်းက ငါးနှစ် ခြောက်နှစ်ပဲ ရှိသေးတာ၊ ဘာတွေမှတ်မိနေလို့လဲ..မင်းက မင်းအစ်မဘက်ကနေ ရမ်းကာပြီး ကာကွယ်နေတာပဲ..”

အစ်မကြီးဖန် အော်ဟစ်လိုက်၏။

ရှီရှောင်ကွမ်းသည်လည်း လည်ပင်းကြောများ ထောင်နေအောင် ပြန်လည်အော်ဟစ်ကာ

“ကျွန်တော် အဲဒီတုန်းက ငယ်သေးပေမဲ့ မအပါဘူး..အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်…အစ်မက တောမှာ ဒုက္ခတွေ ဒီလောက်ရောက်နေတာကို အမေတို့က သူ့ဆီကနေ ပစ္စည်းတွေ တောင်းနေတာက မှားတယ်”

ထို့နောက် ရှီရှောင်ဝေကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆက်လက်ပြောဆိုလိုက်သည်။

“အစ်ကို... အစ်ကိုက အရှက်မရှိတဲ့ လူယုတ်မာပဲ၊ အစ်ကိုက အမေ့ကို မြှောက်ပင့်ပေးနေတာ ကျွန်တော် အကုန်ကြားတယ်..အစ်ကို့လို လူစားမျိုးက စာမေးပွဲကျဖို့ပဲ ထိုက်တန်တယ်။ ဒီလောက် စိတ်ဓာတ်ပုတ်တဲ့သူက စာမေးပွဲအောင်မှာမဟုတ်ဘူး၊ အသုံးမကျတဲ့ကောင်..”

ထိုစဉ် လူအုပ်ကြားမှ ‘ဖြောင်း..ဖြောင်း..ဖြောင်း..’ ဟူသော လက်ခုပ်သံများ ထွက်ပေါ်လာပြီး လူအချို့မှာလည်း လိုက်လံတီးခတ်ကြ၏။ သို့သော် ချက်ချင်းပင် ထိုလုပ်ရပ်သည် မသင့်တော်ကြောင်း သတိပြုမိသွားကြပြီး အစ်မကြီးဖန်၏ ဒေါသမီးကို ပို၍ လောင်မြိုက်စေမည် စိုးကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အနေခက်စွာဖြင့် လက်ခုပ်တီးခြင်းကို ရပ်လိုက်ကြသည်။

အစ်မကြီးဖန်မှာမူ သူမကို လူတကာက အထင်သေးနေကြသည်ဟု ယူဆကာ ဒေါသအလွန်အမင်း ထွက်နေလေပြီ။ သူမ၏ မျက်နှာမှာ ပုပ်သိုးလာပြီး မဲမှောင်နေကာ ချန်ချင်းယွီအနေဖြင့် ထိုအမျိုးသမီး ဒေါသကြောင့် မေ့လဲသွားမည်ကို စိုးရိမ်မိသည့်အထိ ဖြစ်ရ၏။ ပထမဆုံး လက်ခုပ်တီးလိုက်သူကို ချန်ချင်းယွီ လှမ်းကြည့်လိုက်ရာ ထိုသူမှာ မာကျန်းဖြစ်နေသည်ကို တွေ့ရသည်။ မာကျန်းမှာ လူအများ၏ အကြည့်ကို ဂရုမစိုက်ဘဲ အေးဆေးစွာ ပြုံးနေလေ၏။

မာကျန်း : “ကလေး... မင်း ဦးလေးကို မှတ်မိလား.. ဦးလေးက မင်းအစ်မထက်တောင် အရင် ကျေးလက်ကို ဆင်းခဲ့ရတာ”

“ကျွန်တော် ငယ်ငယ်တုန်းက ကိစ္စတွေကိုတော့ သိပ်မမှတ်မိတော့ဘူး”

ရှီရှောင်ကွမ်း ပြန်ပြောလိုက်၏။

“ဒီကလေးက စကားပြောတာ ရှင်းတယ်၊ အကျိုးအကြောင်းလည်း ဆီလျော်တယ်၊ ဉာဏ်လည်းကောင်းတယ်။ နောင်ကျရင် တကယ် အောင်မြင်မယ့်ကလေးပဲ။ သူက စကားကို ဒီလောက် ကောင်းကောင်းပြောနိုင်တာပဲ၊ တို့တွေ လက်ခုပ်တီးပြီး အားပေးသင့်တာပေါ့”

မာကျန်း ပြုံးလိုက်ပြီး ပြောဆိုကာ နည်းနည်းလေးမျှ ရှက်ရွံ့ခြင်း မရှိပေ။

ရှီရှောင်ဝေမှာမူ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေပြီး

အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

“ဒီကောင်က ဘာအနာဂတ်မှ ရှိမှာမဟုတ်ဘူး..သူကလည်း ကျေးလက်ကိုဆင်းရမယ့် ကံပါလာတဲ့ကောင်ပဲ…”

ရှီရှောင်ကွမ်းမှာလည်း အလျှော့မပေးဘဲ ပြန်ပင်လေ၏။

“ကျေးလက်ဆင်းရမယ်ဆိုလည်း ဆင်းရမှာပေါ့။ ကျွန်တော်က နိုင်ငံတော်ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တာ၊ အစ်ကို့လိုမျိုး အသိစိတ်မရှိဘဲ အစ်မဆီကနေ ကပ်စားချင်နေတဲ့သူ မဟုတ်ဘူး။ အမြှီးမရှိတဲ့ လူဖျင်း”

ထိုအခါ ရှီရှောင်ဝေ စိတ်လွတ်သွားပြီး ရှီရှောင်ကွမ်းကို ရိုက်နှက်ရန် ပြေးဝင်သွားတော့သည်။ ရှီရှောင်ကွမ်းမှာ သွက်လက်စွာ ရှောင်ထွက်ကာ ဝမ်တာ့ချွေ၏ နောက်ကွယ်တွင် ပုန်းလိုက်၏။ဝမ်တာ့ချွေ ရှီရှောင်ဝေကို တားဆီးကာ သတိပေးလိုက်၍ ရှီရှောင်ဝေမှာ ရှေ့ဆက်မတိုးရဲတော့ပေ။ ရှီရှောင်ကွမ်းမှာမူ ယွမ်ဟောင်မင်၏ နောက်တွင် တစ်လှည့်၊ အဘွားကြီးကျောက်၏ နောက်တွင် တစ်လှည့် ပတ်ပြေးရင်း သူ့အစ်ကိုကို လှောင်ပြောင်နေတော့သည်။

ရှီရှောင်ဝေသည် ဝမ်တာ့ချွေနှင့် ယွမ်ဟောင်မင်တို့ကို မထိရဲသော်လည်း အဘွားကြီးကျောက်ကိုမူ အထင်သေးစွာဖြင့် “ဖယ်စမ်း..” ဟု ဆိုကာ ပါးရိုက်ရန် ကြိုးစားလိုက်၏။ သို့သော် သူ ခြေချော်သွားသဖြင့် အဘွားကြီးကျောက်ကို မထိလိုက်ချေ။ အဘွားကြီးကျောက်မှာ ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ရှီရှောင်ဝေကို ဆွဲဖမ်းကာ “နင်လို ကောင်စုတ်လေးက ငါ့ကိုတောင် လက်ပါချင်တာလား..” ဟု အော်ဟစ်လျက် ရှီရှောင်ဝေ၏ ပါးကို အရှိန်ပြင်းပြင်းဖြင့် သုံးချက်ဆင့်၍ ရိုက်နှက်လိုက်တော့သည်။

“နင်လို လူရမ်းကား ခွေးကောင်က ငါ့ကို ရိုက်ချင်တာလား..ငါက နင့်ကို ဘာလုပ်လို့လဲ..အရှက်မရှိတာကို ငါ ပညာပေးရမယ်..ပြဿနာရှာတတ်တာကို ပညာပေးရမယ်..ငါ့ကို စိတ်ဆင်းရဲအောင် လုပ်တာကို ပညာပေးရမယ်..”

အဘွားကြီးကျောက် ကြိမ်းမောင်းလိုက်သည်။

ပါးရိုက်ခံလိုက်ရသော ရှီရှောင်ဝေမှာ မျက်စိထဲ ကြယ်လွင့်မတတ် ဖြစ်သွားရပြီး အစ်မကြီးဖန်မှာ အော်ဟစ်ကာ သူမ၏ သားကို ကယ်တင်ရန် အပြေးအလွှား ရောက်ရှိလာပါတော့၏။

“အားးး..ငါ့သားကို လွှတ်စမ်း၊ ဒီအဘွားကြီး...”

အဘွားကြီးကျောက် လှမ်းကန်လိုက်ရာ အစ်မကြီးဖန်တစ်ယောက် ‘ဘုန်း’ ကနဲ မြေကြီးပေါ်သို့ မှောက်ရက်လဲကျသွားတော့သည်။

အဘွားကြီးကျောက် နှာခေါင်းရှုံ့ရင်း

“ဟဲ့ ကောင်စုတ်လေး... နင်က ငါ့ကို ပြန်ချမလို့လား..ဘာလဲ... အငယ်ကောင်ကို မနိုင်တော့ အကြီးကောင်က ထွက်လာတာလား…မင်းကိုယ်မင်း ဘာကောင်လဲဆိုတာတောင် သိရဲ့လား…တောက်... ငါ လူတကာနဲ့ သတ်ပုတ်နေတုန်းက နင်လိုကောင်က ရွှံ့ပုပ်ထဲမှာ သေးပန်းတမ်းကစားနေတုန်းရှိသေးတယ်၊ ငါ့ကို လာစိန်ခေါ်ရဲတယ်ပေါ့…နင်..မြင်းဘုရင်မှာ မျက်လုံးသုံးလုံးရှိမှန်း မသိသေးဘူးထင်တယ်..”

အဘွားကြီးကျောက်

ရှီရှောင်ဝေကိုပါ လက်သီးဖြင့် အချက်အချို့ ထပ်မံထိုးနှက်လိုက်ရာ သူသည် မူးဝေဝေဖြစ်သွားပြီး သတိလစ်မတတ် ခံစားလိုက်ရသည်။

“ငါ့သားလေး... အဒေါ်ကြီးကျောက်၊ ရှင်က တကယ့်ကို နှလုံးသားမရှိတဲ့ မိန်းမကြီးပဲ... အား..”

အစ်မကြီးဖန်၏ အော်ဟစ်မှုကို အဘွားကြီးကျောက် ဂရုမစိုက်ဘဲ ရှေ့သို့တိုးကာ ထပ်မံကန်ကျောက်လိုက်ပြီး ကြိမ်းမောင်း ဆဲလိုလိုက်၏။

“နင်က ငါ့ကို ပြန်ပြောရဲသေးတယ်ပေါ့…နင့်သားကောင်စုတ်က အကြံပုတ်နဲ့ ငါ့ကိုနင်းပြီး နာမည်ကြီးအောင် လုပ်ချင်နေတာလား..နင်တို့က ဘာကောင်တွေလဲဆိုတာ မသိဘူးများ မှတ်နေလား..နင်တို့ရဲ့ လှည့်ကွက်တွေကို ငါက မမြင်ဘူးထင်နေတာလား..”

သူမ ရှီရှောင်ဝေကို အားဖြင့် တွန်းလွှတ်လိုက်ရာ သူသည် အစ်မကြီးဖန်ပေါ်သို့ အရှိန်ဖြင့် ထပ်လျက်သား ပြုတ်ကျသွားတော့သည်။ သားအမိနှစ်ယောက်လုံး နာကျင်စွာဖြင့် ညည်းတွားသံများ ထွက်ပေါ်လာ၏။

အဘွားကြီးကျောက်မှာမူ ဘာကိုမျှ ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။

“ငါက သဘောကောင်းလွန်းနေတော့ မုတ်ဆိတ်မွေးတောင် မပေါက်သေးတဲ့ ဒီကောင်စုတ်က ငါ့ကို လက်ပါချင်နေတယ်ပေါ့…နင် ကိုယ့်နာမည်ကိုယ်တောင် မေ့သွားအောင် လုပ်ပေးလိုက်မယ် ငါက ကျောက်တာ့ရာဟဲ့..”

“အားနာပါတယ်၊ တကယ့်ကို အားနာပါတယ်…အဒေါ်ကျောက်... ဒါက နားလည်မှုလွဲသွားတာပါ၊ တကယ်ပါ။ ကလေးက စိတ်တိုနေလို့ပါ၊ အဒေါ့်ကို ရိုက်ဖို့ လုံးဝရည်ရွယ်တာ မဟုတ်ပါဘူး။ အဒေါ်က သဘောထားကြီးတဲ့သူပဲ၊ ကလေးတွေနဲ့ အပြိုင်မဖြစ်ပါနဲ့တော့။ အိမ်ကျရင် ကျွန်တော် သူတို့ကို သေချာဆုံးမပါ့မယ်၊ ပြစ်တင်စကား ပြောပါ့မယ်။ အားလုံးက ကျွန်တော့်မိသားစုအမှားပါ၊ ကျွန်တော့်မျက်နှာကို ထောက်ပြီး စိတ်မဆိုးပါနဲ့တော့ဗျာ”

ရှီရှန်း အမြန်ပြေးဝင်လာကာ တောင်းပန်လိုက်၏။

ရှီရှန်းသည် ဤဝင်းထဲတွင် နှစ်အတော်ကြာ အတူနေထိုင်လာသူပီပီ အဘွားကြီးကျောက်၏ စရိုက်ကို ကောင်းကောင်းသိသည်။ ထို့ကြောင့် အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်သာ တောင်းပန်လိုက်ခြင်း ဖြစ်၏။ ဤနည်းသည် အလွယ်ကူဆုံးနှင့် အမြန်ဆုံးနည်းလမ်းပင် ဖြစ်သည်။ အကယ်၍သာ အငြင်းအခုံ ဆက်လုပ်နေမည်ဆိုလျှင်... မိမိတို့ဘက်က မှန်နေလျှင်ပင် အဘွားကြီးကျောက်၏ စရိုက်နှင့်ဆိုပါက အနိုင်ရရန် မလွယ်ကူမှန်း သူသိနေသည်။

“အားလုံးက သူတို့အမှားတွေပါ။ အိမ်ပြန်ရောက်ရင် ကျွန်တော် သူတို့ကို ကောင်းကောင်းဆုံးမပါ့မယ်။ ဒါက ကျွန်တော့်မိသားစုရဲ့ အမှားပါ အဒေါ်ကျောက်..ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ၊ နောက်တစ်ခါ မဖြစ်စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်”

ရှီရှန်း ဆက်ပြောလိုက်၏။

အဘွားကြီးကျောက်က “ဟွန့်” ဟု နှာခေါင်းရှုံ့ကာ ခါးထောက်လျက် ရန်လိုသော ပုံစံဖြင့် မျက်မှောင်ကြုတ်၍ မေးကိုမော့လိုက်ပြီး ကြုံးဝါးလိုက်လေသည်။

“ရှီရှန်း... နင့်မျက်နှာကို ထောက်ပြီး ဒီတစ်ခါတော့ ငါလွှတ်ပေးလိုက်မယ်၊ ဒါပေမဲ့ နောက်တစ်ခါသာ ရှိလာရင်တော့ ငါအားနာနေမှာ မဟုတ်ဘူး။ ဘာလဲ... ငါ့ကို အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်နေတာလား…မြို့တောင်ပိုင်းကနေ မြို့မြောက်ပိုင်းအထိ သွားမေးကြည့်လိုက်စမ်း၊ ရန်ဖြစ်မယ်ဆိုရင် ငါ ‘ကျောက်တာ့ရာ’ က ဘယ်သူ့ကို ကြောက်ဖူးလို့လဲ... ငါ တစ်ခါမှ မရှုံးဖူးဘူး…”

“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ အဒေါ်က တကယ့်ကို တော်ပါတယ်ဗျာ...”

“ဟွန့်..”

အဘွားကြီးကျောက် ထပ်မံနှာခေါင်းရှုံ့လိုက်သည်။ သူမ ကြွားဝါနေခြင်း မဟုတ်ပေ၊ သူမသည် တကယ့်ကို လက်ရုံးရည်ရှိသူ ဖြစ်၏။

ငါ..ကျောက်တာ့ရာက ချန်ချင်းယွီတစ်ယောက်ကလွဲလို့ ဘယ်တုန်းကမှ မရှုံးဘူးဟဲ့…

ချန်ချင်းယွီ ထိုမြင်ကွင်းကို ပြုံးလျက် ကြည့်နေပြီး ဘယ်သူမှ မမြင်ခင် အဘွားကြီးကျောက်ကို လက်မထောင်ပြလိုက်သည်။ အဘွားကြီးကျောက်မှာ ချက်ချင်းပင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရပြီး …

အင်းလေ... သူမ ကြွားနေတာကို မိသွားပြီကိုး…

သို့သော်လည်း …

ကိစ္စမရှိပါဘူး… သူတို့က မိသားစုဝင်တွေပဲဥစ္စာ၊ ချန်ချင်းယွီက သူမကို သစ္စာဖောက်မှာ မဟုတ်ဘူးလေ…

အဘွားကြီးကျောက် ခေါင်းမော့ ခါးထောက်လျက်

“ကလေးတွေ အမှန်အတိုင်း ပြောတာကိုပဲ အမြဲ အပြစ်မတင်နဲ့ဦး။ နင်တို့ကသာ တကယ်တော်တယ်ဆိုရင် အဲဒီလို ယုတ်မာတဲ့ ကိစ္စတွေကို ဘာလို့ မရပ်တန့်နိုင်ရတာလဲ”

ပုန်းနေဆဲဖြစ်သော ရှီရှောင်ကွမ်းမှာအဘွားကြီးကျောက်ကို လက်မထောင်ပြလိုက်သည်။ သူချန်ချင်းယွီ၏ အပြုအမူကို မြင်သွားခြင်း ဖြစ်သော်လည်း ချန်ချင်းယွီမှာမူ မရှက်ပေ။

မိသားစုဝင်အချင်းချင်း တစ်ဖက်သတ် အားပေးတာက သဘာဝပဲ မဟုတ်လား…

ချန်ချင်းယွီ ပြုံးလိုက်မိ၏။ ရှီအငယ်လေးကောင်လေး ပြဿနာရှာရခြင်းမှာ သူ့အစ်ကိုကို စိတ်တိုအောင် လုပ်ရန်ထက် သူ့အမေ သူ့အစ်မအပေါ် အမြတ်ထုတ်နေခြင်းကို တားဆီးရန် ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ ဤလုပ်ရပ်သည် တခြားသူများအတွက် အသုံးမဝင်နိုင်သော်လည်း အစ်မကြီးဖန်အတွက်မူ သေချာပေါက် အာနိသင်ရှိမည် ဖြစ်၏။ ဆိုရသော် အစ်မကြီးဖန်သည် သိက္ခာကို အင်မတန် အလေးထားသူ ဖြစ်သောကြောင့်ပင်။

ဤဝင်းအတွင်းတွင် ရွှီကောင်းမင်၊ ယွမ်ဟောင်မင်နှင့် အစ်မကြီးဖန်တို့သည် သိက္ခာကို အသက်ထက်တန်ဖိုးထားသည့် ‘ထိပ်သီးသုံးဦး’ ဖြစ်ကြသည်။ အထူးသဖြင့် အစ်မကြီးဖန်ဆိုလျှင် သူမ၏ နှုတ်ခမ်းပေါ်တွင် ဝက်ဆီများ သုတ်လိမ်းကာ အသားစားနေရသယောင် ကြွားဝါတတ်သူ ဖြစ်ပြီး၊ အိမ်တွင်လည်း င်္အကျီအသစ် ဝတ်ထားသယောင် ဟန်ဆောင်ရန် အင်္ကျီကော်လာအတု အများအပြား ရှိနေတတ်သူ ဖြစ်၏။

ယခုကဲ့သို့ ရှီရှောင်ကွမ်းတစ်ယောက် လူပုံအလယ်တွင် အရှက်ခွဲလိုက်ပြီးနောက် သူမ၏ မာနကြောင့် နောက်နောင်တွင် သူမသမီးထံ ပစ္စည်းများတောင်းရန် စာရေးတော့မည် မဟုတ်ပေ။ ရှီမိသားစု၏ သမီးကြီးမှာ အင်မတန် သမီးလိမ္မာဖြစ်ကြောင်း ကြားဖူးရာ အစ်မကြီးဖန်သည်သာ စာရေးတောင်းဆိုပါက သူမသည် နည်းမျိုးစုံဖြင့် ကူညီပေးပေလိမ့်မည်။ ထို့ကြောင့် တကယ်တမ်းတွင် ရှီရှောင်ကွမ်းသည် သူ့အစ်မ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီအနေဖြင့် ထိုကဲ့သို့ အနစ်နာခံ၍ မိဘကို လုပ်ကျွေးခြင်းမျိုးကို နားမလည်နိုင်သော်လည်း၊ သူမ၏ မှတ်ဉာဏ်ထဲတွင်မူ ထိုမိန်းကလေးမှာ ထိုကဲ့သို့ စရိုက်မျိုး ရှိသည်ဟု သိထား၏။

ထိုခေတ်ကာလတွင် ထိုကဲ့သို့သော စရိုက်မျိုးရှိသည့် မိန်းကလေးများစွာ ရှိနေခြင်းမှာ ချန်ချင်းယွီအတွက် ထူးဆန်းနေသော်လည်း၊ နောင်ဆယ်စုနှစ်များစွာ ကြာသည့်တိုင်အောင် ‘မောင်ကို ပံ့ပိုးပေးရသည့် နတ်မိမယ်များ’ ရှိနေဆဲ ဖြစ်သဖြင့် စဉ်းစားကြည့်လျှင် ထူးဆန်းလှသည်တော့ မဟုတ်ပေ။

“တော်ကြပါတော့ လူတို့ရာ။ ရှီရှန်း... မင်းမိန်းမကို တွဲထူပြီး အိမ်ပြန်တော့၊ ဒီမှာ ပွဲလာမလုပ်နဲ့တော့။ ဒီနေ့ တနင်္ဂနွေနေ့မှာ သူမကို အနားယူခိုင်းလိုက်ပါ။ ဒီလို မြင်ကွင်းမျိုးက ကြည့်လို့မကောင်းဘူး၊ သိက္ခာကျစရာကြီး..အစ်မကြီးဖန်... နင့်သမီးကြီးဆီကနေ အမြတ်ထုတ်ဖို့ မကြိုးစားပါနဲ့တော့..သူမက တောမှာ အလုပ်လုပ်ပြီး ရမှတ်တွေ ရှာနေရတာ၊ ပိုက်ဆံ ဘယ်လောက်ရမှာမို့လို့လဲ…နင့်မှာကျတော့ အလုပ်လည်းရှိ၊ လစာလည်း ကောင်းကောင်းရနေတာပဲ။ ဘာတွေ လုပ်နေတာလဲ..အဒေါ်ကြီးကျောက်ကို ကြည့်စမ်း၊ ပညာမတတ်တဲ့ အဘွားကြီးဆိုပေမဲ့ လူတိုင်းကို တန်းတူထားတယ်၊ မြေးယောကျ်ားလေးရော မြေးမိန်းကလေးကိုပါ အတူတူပဲ။ နင်ကတော့ အမြဲတမ်း တစ်ဖက်သတ် ဘက်လိုက်လွန်းတယ်”

မာကျန့်ယီ နောက်ဆုံးတွင် ဝင်ရောက် ပြောဆိုလိုက်လေတော့သည်။

အစ်မကြီးဖန်မှာ ဆဲရေးတိုင်းထွာချင်စိတ်ကို အတော်လေး ထိန်းထားရ၏။ မာကျန့်ယီသည် ယခုမှ လူကြီးလူကောင်း ပုံစံဖမ်းကာ ဝင်ရောက်ပြောဆိုနေခြင်းမှာ သူမအမြင်တွင် အလွန်ဟန်ဆောင်ကောင်းလွန်းသည်ဟု ထင်နေမိသည်။

'စောစောကကျ ဘာလို့ ဝင်မပြောတာလဲ..အခုမှ လာပြီး ဟန်ကိုယ့်ဖို့ လုပ်နေတာ'

သူမ ကျိတ်၍ ပြစ်တင်နေမိ၏။

“အားလုံးပဲ၊ အိမ်ပြန်ပြီး ထမင်းစားကြတော့”

မာကျန့်ယီ အော်ပြော၍ လူအုပ်ကို လူစုခွဲလိုက်သည်။

ထို့နောက် သူ ဆက်၍

“ကလေးက ငယ်သေးတာပဲ၊ ဖြည်းဖြည်းချင်း ဆုံးမကြပါ။ ဘာမဟုတ်တာနဲ့ လက်မပါကြနဲ့ဦး။ ရှောင်ဝေ... မင်းလည်း အတူတူပဲ၊ အစ်ကိုကြီး ဖြစ်ပြီး ညီကို အနိုင်မကျင့်နဲ့”

ရှီရှောင်ဝေမှာမူ ဒေါသထွက်လွန်း၍ အံကြိတ်ကာ လူသတ်ချင်သည့် မျက်လုံးများဖြင့် ကြည့်နေတော့သည်။

အဘွားကြီးကျောက် ခနဲ့တဲ့တဲ့ ရယ်မောရင်း ထပ်လောင်းပြောဆိုလိုက်၏။

“စာကို စနစ်တကျ မကျက်ဘဲ ဒီလို မဟုတ်ကဟုတ်ကတွေပဲ လျှောက်လုပ်နေတာ၊ ဘယ်လိုလုပ် လူကောင်းဖြစ်မှာလဲ”

“အဒေါ်ကျောက်... အိမ်ပြန်ပြီး မြန်မြန် ထမင်းသွားစားပါတော့ဗျာ”

မာကျန့်ယီ တားလိုက်ရသည်။

အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်သော်လည်း ဆက်၍ အငြင်းမပွားတော့ပေ။ သူမသည် မာကျန့်ယီ၏ မျက်နှာကိုမူ အတော်လေး ထောက်ထားပုံရ၏။

ချန်ချင်းယွီ အဘွားကြီးကျောက်ကို အသာအယာ တွဲထူပေးရင်း

“အမေ... အဆင်ပြေရဲ့လား..ဘယ်နားများ ထိခိုက်သွားသေးလဲ..နေလို့ကော ကောင်းရဲ့လားဟင်..”

သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကိုကြည့်ကာ အဘွားကြီးကျောက်မှာ စကားပင် မပြောနိုင်တော့ဘဲ “အေးပါ... ငါ ဘာမှမဖြစ်ပါဘူး” ဟု နှုတ်ခမ်းစူ၍ ပြန်ပြောလိုက်ရသည်။

ချန်ချင်းယွီ… ညည်း ရုပ်ရှင်မင်းသမီး မလုပ်တာ နှမြောစရာပဲ… ညည်းထက် သရုပ်ဆောင်ကောင်းသူတောင် ညည်းလောက် ကောင်းမှာ မဟုတ်ဘူး…

ထိုအခါမှ ချန်ချင်းယွီ စိတ်သက်သာရာရသွားသည့် ပုံစံဖြင့် နောက်ဆုံးစကားကိုမှ တိုးတိုးလေး ပြောလိုက်၏။

“နောင်ကျရင် တစ်ယောက်ယောက်က လာတိုက်ခိုက်ရင် ဝေးဝေးမှာပဲ နေပါတော့။ အမေက အသက်ကြီးပြီပဲ၊ ကျွန်မတို့က ရန်ဖြစ်ရမှာကို မတတ်နိုင်ဘူး (ရန်ဖြစ်ရင် ရှုံးမှာစိုးတယ်)”

အဘွားကြီးကျောက် ပြန်ပက်

လိုက်ကာ

“ဟင်း... ငါက သူတို့ကို ကြောက်နေမယ် ထင်လား..သတ္တိရှိရင် လာခဲ့လေ..”

ချပွဲဆိုပါလား..ရန်မစတာပဲ အေးပါတယ်လို့ မတွေးမိကြဘူးလား..

ဒီက ယောကျ်ားရင့်မာကြီးတွေ အဘွားကြီးကျောက်နဲ့ ချကြရင်တော့ ရှုံးမှာတော့ မဟုတ်ပါဘူး…

ဒါပေမဲ့ မရှုံးဘူးဆိုတာက အနိုင်ရတာကို ဆိုလိုတာမှ မဟုတ်တာ…အရင်တုန်းက အဘိုးကြီးကျန်းကိုပဲ ကြည့်လေ…

ရှုံးတယ်လို့တော့ ပြောမရပေမဲ့ တစ်မျက်နှာလုံး အကုတ်ခံလိုက်ရတာလေ၊ အရှက်ကွဲတာကတော့ ကိုယ်တိုင်ပဲ မဟုတ်လား…ဒါကြောင့် လူတိုင်းက ဒီအဘွားကြီးကို မပတ်သက်မိအောင် အတတ်နိုင်ဆုံး ရှောင်ကြတာပေါ့…

ယောကျ်ားကြီးတန်မဲ့ အဘွားကြီးတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် အရှုံးဘက်ကပဲ..ဒီလို အဘွားကြီးတွေနဲ့ဆိုရင် အခြေအနေမဟန်ရင် ခါးပုံစ (ပုဆိုး/ဘောင်းဘီ) ကို အတင်းဆွဲချွတ်ပစ်ဖို့ကလည်း ဝန်လေးကြတာမဟုတ်

ဘူး…ပါးစပ်က ဘယ်လောက်ပဲ ကြွားကြွား၊ တကယ်တမ်း ခါးပုံစအချွတ်ခံရမယ့် အရေးကျတော့ ဘယ်သူမှ "ငါကတော့ အောင်နိုင်သူဟေ့" လို့ မကြွေးကြော်နိုင်ကြတော့ဘူး…

အဲဒီအချိန်ကျမှ နာမည်ပြောင် တစ်ခုခုသာ အပေးခံလိုက်ရရင် နောင်ကျရင် လူကြားထဲ ဘယ်လိုမျက်နှာပြပြီး "လောကအလယ်မှာ လှုပ်ရှား" တော့မလဲ…

နောက်ဆုံးတွင် နာမည်ဆိုးတစ်ခုနှင့် ကျန်ရစ်ခဲ့ကာ လူကြားထဲ မည်သို့ မျက်နှာပြရတော့မည်နည်း။ ယောကျ်ားကြီးတန်မဲ့ ထိုကဲ့သို့ အရှက်ကွဲခြင်းမျိုးကို သူတို့ မခံယူနိုင်ကြချေ။

ထို့ကြောင့် ယေဘုယျအားဖြင့် ယောကျ်ားလေးများသည် ဘာကိုမှ မကြောက်သည့် ဤအဘွားကြီးများကို လုံးဝ မပတ်သက်ကြပေ။ ၎င်းမှာ အဘွားကြီးကျောက် တစ်ယောက်တည်းတင် မဟုတ်ဘဲ တခြားသော အဘွားကြီးများလည်း ထိုနည်းအတိုင်းပင်။

လောကမှာ အရှက်မဲ့တဲ့ အဘွားကြီးတွေကို ဘယ်သူမှ မတွန်းလှန်နိုင်ဘူး…

“စိတ်မပူပါနဲ့ အဒေါ်ကြီးကျောက်ရာ၊ ကျွန်တော်တို့က ပြဿနာရှာတတ်တဲ့ လူစားမျိုးတွေ မဟုတ်ပါဘူး။”

“ဟုတ်တာပေါ့၊ အကြောင်းမရှိဘဲ အဒေါ်နဲ့ လာမပတ်သက်ရဲပါဘူး။ ကျွန်တော်တို့က မချနိုင်ပါဘူးဗျာ။”

“မှန်တယ်၊ အဒေါ်က သိပ်သန်မာတာပဲ၊ ကျွန်တော်တို့ မနိုင်ပါဘူး။”

အမျိုးသမီးများ စကားမပြောရသေးခင်မှာပင် အမျိုးသားများက အလျှော့ပေးနေကြပြီ ဖြစ်သည်။ အဘွားကြီး အချို့မှာမူ သူတို့၏ ခင်ပွန်းများကို မျက်စိလှန်ကြည့်ကာ 'ဘာမှမသုံးစားရတဲ့ဟာတွေ' ဟု စိတ်ထဲမှ ဆိုနေကြ၏။

သို့သော် ဤကဲ့သို့သော အဘွားကြီးများနှင့် ပတ်သက်ဖူးသူတိုင်း သိကြသည်မှာ ၎င်းတို့သည် တကယ်ကို အနိုင်ကျင့်၍ မရသော လူစားမျိုးများ ဖြစ်ကြသည်။

ယခုမှ တွဲထူခံလိုက်ရသော အစ်မကြီးဖန်မှာမူ အလွန်ဒေါသထွက်နေ၏။

'ဒီလူတွေက ယောကျ်ားတွေကော ဟုတ်ရဲ့လား…အဘွားကြီးကျောက်ကို ဘာလို့ ဒီလောက် ရမ်းကားခွင့် ပေးထားရတာလဲ..ဘာလို့ ကိုယ်လုပ်ချင်တာကို မလုပ်ကြတာလဲ… ငကြောက်တွေ… သိက္ခာမဲ့လိုက်တာ’

နောက်ဆုံးတွင် အစ်မကြီးဖန်သည် သူမ၏ အငယ်ဆုံးသားဖြစ်သူ ရှီရှောင်ကွမ်းကို စိုက်ကြည့်လိုက်သည်။ ရှီရှောင်ကွမ်းမှာ ဘာကိုမှ မကြောက်ပေ။ ယနေ့ သေချာပေါက် အရိုက်ခံရမည်ဆိုသည်ကို သူ ကြိုသိထားပြီးသား ဖြစ်၏။

သို့သော်လည်း ကိစ္စမရှိပါ၊ သူ မကြောက်ပေ…

သူ့အစ်မ အေးအေးဆေးဆေး နေရဖို့အတွက်ဆိုလျှင် အရိုက်ခံရခြင်းမှာ ထိုက်တန်ပါသည်ဟု သူတွေးထားလေသည်။

ဝင်းထဲက ယောကျ်ားရင့်မာကြီးတွေ တစ်ယောက်ချင်းစီက တကယ်တမ်းကျတော့ အရွယ်မရောက်တရောက် ကလေးတစ်ယောက်လောက်တောင် စိတ်ဓာတ်မခိုင်ကြည်ကြဘူး…

ရှီရှောင်ကွမ်းမှာ အရိုက်ခံရမည်ကို လုံးဝမကြောက်တော့ဘဲ ရင်ကိုကော့၊ ခေါင်းကိုမော့ထားလေရဲ့။…

ချန်ချင်းယွီ စိတ်ထဲမှ ကျိတ်၍ အံ့ဩချီးမွမ်းမိလေသည်။

'ရှီရှန်းနဲ့ အစ်မကြီးဖန်တို့လို လူစားမျိုးကနေ ဒီလိုကလေးမျိုး ထွက်လာတာ တကယ်ကို မျိုးရိုးဗီဇ ဖောက်ပြန်တာပဲ’

"ကဲ... လူစုခွဲကြစို့၊ လူစုခွဲကြစို့။"

"အိမ်ပြန်ရောက်ရင် ကလေးကို မရိုက်နဲ့ဦးနော်။"

"ဟုတ်တယ် အစ်မဖန် တစ်ခါတလေ ကလေးပြောတာလည်း မမှားပါဘူး၊ အဒေါ်လည်း နည်းနည်းပါးပါး နားထောင်ပေးလိုက်ပါဦး။"

"ဒါပေါ့၊ ရှောင်ဝေ... မင်းလည်း အတူတူပဲ၊ အစ်မဖြစ်သူအပေါ် အမြဲတမ်း အကွက်ချဖို့ပဲ မစဉ်းစားနဲ့ဦး။ မင်းအစ်မမှာလည်း တောမှာ ဒုက္ခရောက်နေရှာတာ မလွယ်ဘူး။"

ကိုယ့်ကိစ္စ မဟုတ်ကြရာ လူတိုင်းမှာကိုယ်ကျင့်တရား ဘက်တော်သားကြီးကဲ့သို့ စကားကောင်းများ ပြောနေကြလေ၏။

ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်ပေးရတာမှ မဟုတ်တာ…

အစ်မကြီးဖန်၏ မျက်နှာ ပိုပြီး ပုပ်သိုးသွားသော်လည်း ရှီရှန်းမှာ အမြန်ဝင်ပြောကာ

"ဒါပေါ့... ဒါပေါ့၊ လူတိုင်း နားမလည်မလွဲကြပါနဲ့။ ကျွန်တော့်မိန်းမက တကယ်တော့ သမီးကြီးကို သိပ်ချစ်တာပါ..ကလေးဆီကနေ ပစ္စည်းတွေ ထောက်ပံ့ခိုင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..."

တကယ်တမ်း သူသည်လည်း စိတ်ထဲမှ သူ့မိန်းမကို ဆဲနေမိလေသည်။

ကိစ္စအကောင်းကို အခုလို အရှက်ကွဲအောင် လုပ်ပစ်တာကိုး…

ရှီရှောင်ဝေ : "အားးးး…အားးးး.."

သူ လူအုပ်ထဲမှ ဒေါသတကြီး တိုးထွက်သွားရင်း

"ကိုယ့်အလုပ်ကိုယ် လုပ်ကြစမ်းပါ..ခင်ဗျားတို့က သူများကိစ္စဆို အမြဲတမ်း ဝင်ပါချင်နေတာပဲ”

ဒုန်း..

သူ အိမ်ထဲဝင်ပြီး တံခါးကို ဝုန်းကနဲ ပိတ်ချလိုက်တော့၏။

ချန်ချင်းယွီ သက်ပြင်းချရင်း

"ဒီကောင်လေးကတော့ စိတ်တိုတတ်လိုက်တာ"

"ဘယ်သူပြောလို့လဲ…သူ့စိတ်က ဘယ်ကနေ ရောက်လာမှန်းတောင် မသိဘူး။ ကိုယ်ကမှားနေတာကို ကိုယ်ပဲအမှန်ဆိုတဲ့ ပုံစံမျိုးနဲ့။ သူ့ကို ဘယ်လိုများ ပြုစုပျိုးထောင်ထားပါလိမ့်၊ အရင်က ဒီလောက်အထိ အားမကိုးရတဲ့သူ မဟုတ်ပါဘူး.."

ရှီရှန်း : "အားလုံးပဲ တောင်းပန်ပါတယ်။ ကျွန်တော့်သားက အခုတလော စာကျက်ရတာနဲ့ ခေါင်းတွေ အရမ်းကိုက်နေလို့ စိတ်က သိပ်မကြည်တာပါ။ သူက ကလေးဆိုးတော့ မဟုတ်ပါဘူး၊ ဖိအားတွေ များနေလို့ပါ…အားလုံးပဲ ခွင့်လွှတ်ပေးကြပါ။"

"ဟူး... ရှင်လည်း သူ့ကို သေချာလေး ထိန်းကျောင်းသင့်တယ်နော်။"

"ဟုတ်ပါ့…"

ရှီရှန်း ; "ဒါပေါ့... ဆုံးမရမှာပေါ့၊ ဒါပေမဲ့ ဒီစာပေကိစ္စတွေကလည်း... ဟူး။"

ရှီရှန်း စိတ်ပျက်လက်ပျက် ပြုံးလိုက်၏။

လင်းစန်းရှင်းမှာ ရှီရှန်း ခံစားချက်ကို နားလည်သည့်ပုံစံဖြင့်

"စာကျက်တယ်ဆိုတာ ဒီလိုပါပဲ၊ ဖိအားက တကယ်ကြီးတာ။ ကျွန်မသမီးလည်း အတူတူပဲ၊ စာကျက်လွန်းလို့ ခေါင်းတွေတောင် ကိုက်ပြီး တုံ့ပြန်မှုတွေတောင် နှေးနေပြီ။ ကျွန်မတို့ နားလည်ပါတယ်၊ အိမ်နီးနားချင်းတွေပဲဥစ္စာ။ အချင်းချင်း သိလာတာ နှစ်တွေလည်း မနည်းတော့ဘူး၊ ဘယ်သူမှ စိတ်ထဲထားမှာ မဟုတ်ပါဘူး၊ စိတ်မပူပါနဲ့"

ရှီရှန်း : "ဟူး..."

သူ စကားလမ်းကြောင်းကို ပါးပါးနပ်နပ် ပြောင်းလိုက်ပြီး

"လင်းလင်းရော စာပြန်တာ ဘယ်လိုနေလဲ"

လင်းစန်းရှင်း : "ကလေးကတော့ ကြိုးစားနေတာပါပဲ၊ ဒါပေမဲ့ ပြောရခက်တယ်၊ နောက်ဆုံး ဘယ်လိုဖြစ်လာမလဲ ဘယ်သူမှမသိနိုင်ဘူး။ ဒါနဲ့..."

သူမ ချန်ချင်းယွီကို ကြည့်ပြီး ပြောလိုက်ကာ

"ရှောင်ချန်... ကြားရတာတော့ ညည်းက အထက်တန်းအောင်ထားတယ်ဆို၊ ငါ့သမီး လင်းလင်းက အလယ်တန်းပဲ ပြီးသေးတာ။ ညည်း လင်းလင်းကို စာလေး ဘာလေး ကူကြည့်ပေးလို့ ရမလား…တကယ်လို့ သူမသာ စာမေးပွဲအောင်သွားရင် ညည်းကို သိပ်ကျေးဇူးတင်မှာ။"

ချန်ချင်းယွီ “….”

နေပါဦး..

ဒီမိန်းမ ဘာတွေ တွေးနေတာလဲ…

သူမမှာ စာပြနိုင်တဲ့ အရည်အချင်းရှိတယ်ထားဦး၊ တခြားသူကို စာပြပေးဖို့ အချိန်မရှိဘူးလေ..လူတိုင်းမှာ ကိုယ်စီ အလုပ်တွေနဲ့ မဟုတ်လား…

သောက်ကျိုးနည်းလှချည်လား… အမြတ်ထုတ်ချင်နေတယ်ပေါ့…

ယောက္ခမရေ…

သူမ ရှက်ပြုံးလေးပြုံးရင်း

"အဲဒါတော့ အဆင်မပြေလောက်ဘူး ထင်တယ်..အားလုံးလည်း ဝင်းထဲကလူတွေပဲ၊ ကျွန်မအိမ်ရဲ့ အခြေအနေကိုလည်း သိကြတာပဲ။ ကျွန်မမှာ ဘယ်မှာ အချိန်ရှိမှာလဲ..အိမ်အလုပ်တွေနဲ့လည်း မအားသလို၊ ကလေးနှစ်ယောက်ကိုလည်း ကြည့်ပေးနေရသေးတယ်..."

သူမ စကားမဆုံးခင်မှာပင် အဘွားကြီးကျောက် ဒေါသတကြီးဖြင့် ကြားဖြတ်ပြောဆိုလေတော့သည်။

“လင်စန်းရှင်း... နင် အရှက်မရှိလိုက်တာ…ငါ့ချွေးမက ဘာလို့ နင့်သမီးကို စာပြပေးရမှာလဲ.. ‘ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ငါတို့ကို နင့်ကျွန်တွေလို ခိုင်းစားချင်တာလား..ငါ့ချွေးမမှာသာ အချိန်တွေ အဲဒီလောက် ပေါနေရင် သူမကိုယ်တိုင်ပဲ စာမေးပွဲ သွားဖြေမှာပေါ့။ နင့်မိသားစုအတွက် ဘာလို့ အနစ်နာခံပေးရမှာလဲ…နင်ကတော့ တကယ့်ကို အရှက်မရှိတဲ့သူပဲ။ လူတိုင်းမှာ ကိုယ်စီ အလုပ်တွေ ရှိတာပဲ…ငါ့ချွေးမကို အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်နေတာလား…ဒီကိုလာပြီး အလုပ်တွေ လာခိုင်းနေရအောင် နင်က ဘာမို့လို့လဲ.. နင်က ရှီရှောင်ဝေထက်တောင် ပိုပြီး အရှက်မရှိတဲ့သူပဲ..”

ဒုန်း..

ရှီရှောင်ဝေ အိမ်ထဲတွင် ပစ္စည်းများကို စတင်ပေါက်ခွဲနေလေ၏။

အဘွားကြီးကျောက်မှာမူ ဂရုမစိုက်ဘဲ ဆက်အော်လေသည်။

“နင်က လူတွေကို အမိန့်ပေးနိုင်တယ် ထင်နေတာလား..နင့်ကိုယ်နင် ဘာကောင်လဲဆိုတာတောင် သိရဲ့လား..ငါပြောပြမယ်၊ ငါ့ချွေးမက သဘောကောင်းပေမဲ့ ငါကတော့ မဟုတ်ဘူး။ ငါ့မိသားစုကို လာပြီး အနိုင်ကျင့်ရင် ငါအားနာနေမှာ မဟုတ်ဘူး။ နင်က ဘာအသုံးကျတဲ့ဟာမို့လို့လဲ..ဘယ်သူ့ကို လာပြီး ဆရာလုပ်ချင်နေတာလဲ..ငါက နင့်ကို အနိုင်ကျင့်တယ်လို့ လာမလုပ်နဲ့။ နင်ကသာ အူကြောင်ကြောင် လာမလုပ်ရင် ဘယ်သူကမှ နင့်ကို ဂရုစိုက်မှာ မဟုတ်ဘူး..ဒီဝင်းထဲမှာ နင်က ဘာအဆင့်ရှိလို့လဲ…စကားပြောရဲသေးတယ်၊ ဘာလောက် အသုံးမကျတဲ့ဟာမလဲ..”

အဘွားကြီးကျောက် တရစပ် ကြိမ်းမောင်းတော့သည်။

လင်စန်းရှင်းမှာ ရှုံးနိမ့်မှုကြောင့် မျက်လုံးများ နီမြန်းလာကာ တကယ်ပင် အလဲအကွဲ ဖြစ်သွားရ၏။ သူမသည် လူအများ မပတ်သက်ရဲသည့် အမျိုးသမီး ဖြစ်သော အဘွားကြီးကျောက်ကိုမူ မယှဉ်နိုင်ချေ။

“ကျွန်မ... အဲဒီလို မဟုတ်...”

“ဘာမဟုတ်တာလဲ…နင်က အရူးလုပ်နေတာလား..နှစ်ပေါင်းများစွာကတည်းက အချွန်နဲ့မဆောက်တဲ့ မြေခွေးအိုကြီးတွေပဲ၊ ဘာတွေ လာဟန်ဆောင်နေတာလဲ…အားလုံးက စာမေးပွဲ အတူတူ ဖြေကြမှာပဲ၊ ဘာလို့ အချင်းချင်း ကူညီပြီး မလေ့လာကြတာလဲ…ဘာလို့ ငါ့ချွေးမကို လာဆွဲထည့်နေတာလဲ…နင် အကြံပုတ်နေတယ်ဆိုတာ ငါသိတယ်..ကိုယ်ကျိုးရှာတဲ့ မိစ္ဆာမ..”

“ထွီ..ဖာသည်မ..”

အဘွားကြီးကျောက် ပြောဆိုကာ ဆဲဆိုလိုက်၏။

လင်စန်းရှင်းမှာ အဆဲခံရလွန်းသဖြင့် တစ်ကိုယ်လုံး ယိုင်နဲ့သွားကာ သနားစဖွယ် ငိုကြွေးလေတော့သည်။

“မဟုတ်ပါဘူး၊ ကျွန်မ တကယ် စေတနာနဲ့ ပြောတာပါ၊ ကျွန်မက...”

“ဘာလို့ ငိုနေတာလဲ..နင့်ကိုယ်နင် ၁၇ နှစ်၊ ၁၈ နှစ် အရွယ် မိန်းကလေးလို့ ထင်နေတာလား..မိုးထဲက သစ်ခွပန်းလေးလို ငိုပြရင်တော့ လှဦးမယ်။ အခုတော့ မျောက်အိုကြီး ငိုသလိုပဲ၊ ဘာတွေ အားနွဲ့တဲ့ မိန်းမသားအဖြစ် ဟန်ဆောင်နေတာလဲ…နိမိတ်မရှိလိုက်တာ..”

အဘွားကြီးကျောက်၏ တိုက်ခိုက်နိုင်စွမ်းမှာ ဝင်းအတွင်းရှိ အမျိုးသမီးအားလုံးတွင် အမြင့်ဆုံးပင် ဖြစ်သည်။

တစ်ယောက်ပြီးတစ်ယောက် သူမကို မယှဉ်နိုင်ကြောင်း၊ တကယ်ကို မယှဉ်နိုင်ကြောင်း ပြောနေကြတော့၏။

လီချန်ရွှမ်းသည်လည်း သူ့ဇနီး မည်သို့မျှ အနိုင်မရနိုင်ကြောင်း သဘောပေါက်သွားပြီး၊ ဆက်လက်ရှင်းပြကာ အရှက်ကွဲနေမည့်အစား အမြန်ဆုတ်ခွာခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

မမြင်ကြဘူးလား..ရှီရှန်း ဘယ်လောက်ပါးနပ်လဲ..

အစ်မကြီးဖန်တို့ မိသားစုလည်း ထိုနည်းအတိုင်းပင်။ ဤအဘွားကြီးတို့ မိသားစုမှာ တကယ်ကို မပတ်သက်ရဲစရာပင်။

လီချန်ရွှမ်း : “ကျွန်တော့်မိန်းမက စကားမပြောတတ်လို့ပါ အဒေါ်ကျောက်ရာ၊ စိတ်ထဲမထားပါနဲ့။ မင်းလည်း အိမ်ပြန်တော့၊ ဒီမှာ ဘာတွေ လာပြီး ဗျစ်တောက်ဗျစ်တောက် လုပ်နေတာလဲ”

လင်စန်းရှင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်ရည်များကို သုတ်လျက် အလွန်မတန် ဝမ်းနည်းကြေကွဲစွာဖြင့် ထွက်ခွါသွားလေ၏။

သူမမှာ သမီးဖြစ်သူ အမှတ်ကောင်းကောင်း ရစေချင်ရုံသာ ဖြစ်သည်။ ချန်ချင်းယွီမှာလည်းအထက်တန်းအောင်ထားသည်မို့ ကူညီပေးခြင်းက ဘာမှားသနည်း…

လူတွေက ဒီလောက်အထိ ကိုယ်ကျိုးမကြည့်သင့်ဘူးလေ…

လင်စန်းရှင်း စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်နေသော်လည်း ပြဿနာရှာရန် မဝံ့ရဲပေ။ သူမသည် အဘွားကြီးကျောက်ကို အလွန်ကြောက်၏။ အဘွားကြီးကျောက်မှာ ဆဲရုံတင်မကဘဲ ကိုယ်ထိလက်ရောက်ပါ ကျူးလွန်နိုင်သူ ဖြစ်သည်။ လင်စန်းရှင်း စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားရ၏။

အဘွားကြီးကျောက်မှာ ထိုကဲ့သို့သော လူစားမျိုးကို မုန်းတီးသဖြင့် မျက်စိလှန်ပြလိုက်သည်။

ဘာလိုတောင် အသုံးမကျတဲ့ဟာလဲ..

ငါတို့မိသားစုဆီက အကူအညီ လိုချင်တယ် ဟုတ်လား…

အိမ်မက်ပဲ မက်နေလိုက်…

ငါ ‘ကျောက်တာ့ရာ’ က အရှုံးခံမယ့်သူ မဟုတ်မှန်း ဒင်း မသိဘူးလား…

ဒင်းကများ ဘာကောင်မမို့လို့ ဒီလောက် ဘဝင်မြင့်နေရတာလဲ…

“လာ... အိမ်ပြန်ပြီး ထမင်းစားကြစို့။ တကယ့် လူယုတ်မာတွေပဲ”

အဘွားကြီးကျောက် ပြောဆိုကာ အိမ်ထဲဝင်သွား၏။

နောက်ဆုံးတွင် အဘွားကြီးကျောက်သည်သာ ဤရှုပ်ထွေးလှသော ကိစ္စရပ်အားလုံးကို ဗိုလ်ကျစိုးမိုးကာ အဆုံးသတ်ပေးလိုက်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အဘွားကြီးကျောက်သည် ခါးလေးထောက်၊ ရင်လေးကော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချန်ချင်းယွီနှင့်အတူ အိမ်ပြန်သွားလေသည်။

သက်ဆိုင်သူများ ထွက်ခွာသွားပြီးနောက် ကျန်ရှိနေသည့် လူအုပ်ကြီးသည်လည်း နေ့လယ်စာစားရန် အသီးသီး လူစုခွဲလိုက်ကြ၏။

မာကျန်း ပိုင်ဖုန်းရှန်းကို တိုးတိုးလေး ကပ်ပြောလိုက်ကာ

"အဒေါ်ကြီးကျောက်က အရင်ကထက် အများကြီး ပိုသန်မာလာတာပဲ"

ယခင်ဆိုလျှင် အဒေါ်ကြီးကျောက်သည် တစ်ခုခုဖြစ်တိုင်း ငိုယိုအော်ဟစ်ကာ သေကြောင်းကြံမည်ဟု ခြိမ်းခြောက်တတ်သူဖြစ်သည်။ မြေကြီးပေါ်တွင် ပက်လက်လှန်ထိုင်ကာ ပွဲလုပ်တတ်သည့် သူမသည် ယခုအခါတွင်မူ စကားလုံးများမှာ တကယ်ကို ထက်မြက်လှ၏။ အချိန်ကာလသည် အရာရာကို ပြောင်းလဲစေသည်မှာ အမှန်ပင်၊ အဘွားကြီးကျောက်၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း အဆင့်မြင့်သွားခဲ့လေပြီ။

ဟိုပါးရိုက်ချက်ကို ကြည့်ပါဦး..

ပြီးတော့ ဆဲဆိုပုံတွေကလည်း တရစပ်ပါပဲလား…

သူတို့ရွာမှ အဆိုးဆုံး မိန်းမကြမ်းကြီးတောင်မှ သူမကို ယှဉ်နိုင်မည် မဟုတ်ချေ။

“အမေ... အဒေါ်ကြီးကျောက်ကို နောက်နောင် သွားမပတ်သက်နဲ့တော့နော်။ သူမက ပိုပိုပြီး ကြောက်ဖို့ကောင်းလာပြီ..အရင်က ပြဿနာရှာတတ်ရုံပဲ၊ အခုတော့ လူတွေကို အနိုင်ကျင့်တဲ့နေရာမှာ ဆရာကျနေပြီ”

မာကျန်း ပြောလိုက်၏။

ပိုင်ဖုန်းရှန်း : “ငါက ဘာလို့ သူ့ကို သွားပတ်သက်ရမှာလဲ..ပြီးတော့ သူမက အိမ်မှာတောင် အမြဲရှိတာ မဟုတ်ဘူး။ ကြားရက်ဆို အလုပ်လုပ်ပြီး တစ်ပတ်မှ တစ်ရက်ပဲ နားတာ။ ဘာလို့ လူတွေကို လိုက်ဒုက္ခပေးနေမှာလဲ…တို့ဝင်းထဲမှာဆိုရင် ငါတို့မိသားစုနဲ့ သူမတို့မိသားစုက ဆက်ဆံရေး တော်တော်ကောင်းပါတယ်..အဒေါ်ကြီးကျောက်က ပြဿနာရှာတတ်ပေမဲ့ နင့်အဖေကိုတော့ အမြဲလေးစားပါတယ်…နင့်အဖေ ဖြန်ဖြေပေးတိုင်း သူမက အမြဲနားထောင်တယ်”

မာကျန်း : “ဝိုး..အဖေ တော်တာပေါ့။ အဖေက အခုတော့ အာဏာရှိနေပြီပဲ”

မာကျန့်ယီ အသာအယာပြုံးရင်း

“ငါလည်း ဒီလောက်နှစ်တွေတစ်လျှောက် အုပ်ချုပ်ရေးမှူး လုပ်လာတာ အလကားတော့ မဟုတ်ပါဘူး”

သူ ခဏနားပြီးမှ ဆက်၍

“နောက်ပြီးတော့ သူမတို့မိသားစုဘက်က မှန်နေသရွေ့ ငါက သူတို့ဘက်ကပဲ အမြဲရပ်တည်ပေးမှာပါ”

မာကျန်း အဓိပ္ပာယ်ပါပါဖြင့် မျက်ခုံးပင့်ပြကာ သူ့အမေကို တစ်ချက်ကြည့်လိုက်သည်။

မာကျန့်ယီ : “ကောင်စုတ်လေး... မင်းအမေကို ဘာလို့ အဲဒီလိုကြည့်တာလဲ..ငါ့ကို ဘယ်လိုလူစားမျိုးလို့ ထင်နေတာလဲ..ငါက အကြံအစည်ရှိလို့ လုပ်နေတာလား…ငါက ပြဿနာတွေ မကြီးထွားအောင် လုပ်နေတာကွ..သူမတို့မိသားစုမှာက မုဆိုးမနှစ်ယောက်တည်း ရှိတာ။ အကြံပုတ်ရှိတဲ့ လူတွေကို ငါတို့က ထိန်းမထားရင် လူတိုင်းက သူတို့ကို ဝိုင်းပြီး အမြတ်ထုတ်ကြမှာပဲ၊ အဲဒါဆိုရင် ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။ အဒေါ်ကြီးကျောက်ကလည်း အလျှော့ပေးမယ့်သူ မဟုတ်သလို၊ ဟိုချွေးမလေးကလည်း အထင်သေးလို့မရဘူးကွ…သူမရဲ့ နူးညံ့တဲ့ ပုံစံကိုကြည့်ပြီး မ

လှည့်စားမခံမိစေနဲ့…သူမက ကြွက်သတ်ဆေးတောင် သောက်ရဲတဲ့သူ။ တစ်ခုခုဖြစ်သွားရင် တာဝန်ခံဖြစ်တဲ့ ငါပဲ တာဝန်ရှိလာမှာ။ ဒါကြောင့် သူတို့ဘက်က မှန်နေသရွေ့ ငါက သူတို့ဘက်က ရပ်တည်ပေးပြီး တခြားသူတွေကို ထိန်းချုပ်ရမယ်။ အဲဒီလို ထိန်းထားမှ ဘယ်သူမှ ပြဿနာမရှာရဲဘဲ ရေရှည်မှာ အားလုံး စိတ်အေးရမှာ”

“အဖေ တကယ်တော်တာပဲ..အဖေက တကယ်ကို အရည်အချင်းရှိတယ်”

မာကျန်း ချီးကျူးလိုက်လေသည်။

မာကျန့်ယီ : “ဒီလောက်နှစ်တွေအကြာကြီး အုပ်ချုပ်ရေးမှူးလုပ်လာတာ ဒီသဘောတရားကို ငါ မသိဘဲ နေမလား”

သူ၏ အဓိက ရည်ရွယ်ချက်မှာ ပြဿနာများကို ရှောင်ရှားရန်ပင် ဖြစ်သည်။

“အဖေက မုဆိုးမတွေ ဒုက္ခရောက်တာကို သိတယ်ဆိုရင် ကျွန်တော်နဲ့ ရှုမေတို့ တွဲတာကို ဘာလို့ သဘောမတူတာလဲ..”

တိုးတိုးလေး ပြောသံတစ်ခု ထွက်ပေါ်လာ၏။

မာကျန့်ယီသည် သူ၏ တတိယသားဖြစ်သူ အိမ်မှာရှိနေသည်ကို ထိုအခါမှ သတိပြုမိသွားသည်။ သို့သော်...

သူ ဟိန်းဟောက်လိုက်ကာ…

“ပါးစပ်ပိတ်စမ်း…တခြားသူတွေကို သနားတာက ငါ့သားကို အရှုပ်အထွေး လုပ်ခိုင်းတာ မဟုတ်ဘူး…အဲဒီမိန်းမက မင်းထက် ၁၀ နှစ်တောင် ကြီးတာ၊ မင်း ရူးနေတာလား..”

“ရှု့မေက လူကောင်းပါ..”

“ဘာမှမဆိုင်တာတွေ လာမပြောနဲ့... ငါ သဘောမတူဘူး။ ငါပြောတာကို နားမလည်ဘူးလား…ငါ လုံးဝ သဘောမတူဘူး…”

မာကျန့်ယီမှာ အလွန်ဒေါသထွက်သွားပြီး အော်ဟစ်လိုက်တော့သည်။

“မင်း တောကမိန်းမတစ်ယောက်ကိုပဲ ယူယူ၊ ယောကျ်ားတစ်ယောက်နဲ့ပဲ အတူနေနေ ငါလက်ခံနိုင်သေးတယ်၊ ဒါပေမဲ့ ကလေးတစ်ဖက်နဲ့ မင်းထက် ၁၀ နှစ်ကြီးတဲ့ မုဆိုးမကို ယူတာကိုတော့ ငါ လုံးဝ သဘောမတူဘူး..”

မာကျန်း “ဝိုး”

မာဝေကျွင်း “ဝိုး”

မာရှောင်မေ့ “ဝိုး”

မိသားစုတစ်ခုလုံး မှင်သက်သွားကြသည်။

ဒီအဘိုးကြီးကတော့ တကယ်ကို အတွေးရဲလွန်းတာပဲ…

ပိုင်ဖုန်းရှန်း ထစ်ထစ်အအဖြင့်

“အဲ... အဲ... သူက ယောကျ်ားတစ်ယောက်ကိုတော့ သွားရှာလို့ မဖြစ်ဘူးလေ...”

မာကျန့်ယီ ဒေါသတကြီး ဆက်လက်အော်ဟစ်ကာ

“သူက သူ့ထက် ၁၀ နှစ်ကြီးတဲ့ မိန်းမကို ယူရင် ကလေးရမှာ မဟုတ်ဘူး၊ အတူတူပဲကို ဘာလို့ ယောကျ်ားတစ်ယောက် မရှာတာလဲ…နှစ်ယောက်လုံး ကလေးမရနိုင်တာ အတူတူပဲ၊ ယောကျ်ားချင်းဆိုတော့ ဖောက်ပြန်စရာလည်း မလိုဘူး၊ ယောကျ်ားနှစ်ယောက်က လုပ်အားလည်း ပိုကောင်းတော့ မိသားစုကို ပိုပြီး ထောက်ပံ့နိုင်မှာပေါ့..”

ပိုင်ဖုန်းရှန်းမှာ သူမ၏ တံတွေးနှင့်ပင် သူမ ပြန်သီးမတတ် ဖြစ်သွားရသည်။

ကလေးများမှာ မာကျန့်ယီကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြရာ …

“ဘာကြည့်နေတာလဲ”

မာကျန့်ယီ ငေါက်လိုက်၏။

မာကျန်း မေးစေ့ကို ပွတ်ရင်း

“အဖေ... အဖေပြောတာ တစ်ဖက်က ကြည့်ရင်တော့ မှန်သလိုပဲနော်”

“ဘာမှန်တာလဲ..ပါးစပ်ပိတ်စမ်း။ မင်းနဲ့ မင်းမိန်းမက အေးအေးဆေးဆေး နေကြစမ်းပါ၊ အဲဒီလို မဟုတ်ကဟုတ်ကတွေ လျှောက်မတွေးနဲ့”

ပိုင်ဖုန်းရှန်း သူမ၏ သားကြီး ထိုလမ်းကို လိုက်သွားမည် စိုးရိမ်သဖြင့် အော်လိုက်မိသည်။

အို... အဖေနဲ့အမေရယ်…

အဘိုးကြီး ဘာတွေ လျှောက်ပြောနေတာလဲမသိဘူး…

ဒါမျိုးကို ပေါ့ပေါ့တန်တန် မပြောသင့်ဘူး၊ သားကြီးက ပေါက်တတ်ကရ လုပ်တတ်သည့်သူ။

အမယ်လေး မလုပ်သက့်တာတွေ လုပ်ကုန်မှဖြင့်…

“မင်းမိန်းမက တောကဆိုတာကို ငါတို့က စိတ်မရှိပါဘူး။ အတူတူ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့က ပိုအရေးကြီးတယ်။ နင့်အဖေက နင့်အတွက် ယာယီအလုပ်တစ်ခုရအောင် ကြိုးစားပေးနေတယ်။ အလုပ်ရတာနဲ့ နင့်မိန်းမကို ပြန်ခေါ်လာပြီး အတူနေကြ။ မင်း ကျေးဇူးသိတတ်ရမယ်၊ မိန်းမကို တောမှာ တစ်ယောက်တည်း ပစ်မထားရဘူး”

ပိုင်ဖုန်းရှန်း တတွတ်တွတ် ဆုံးမနေတော့သည်။ သူမ၏ သားဖြစ်သူ ကျေးလက်မှပြန်လာပြီး လမ်းမှားရောက်သွားမည်ကို အလွန်စိုးရိမ်နေမိ၏။

ပိုင်ဖုန်းရှန်းမှာ ခေါင်းပင် မူးလာတော့သည်။ သူမ ဘာမှမတတ်နိုင်တော့ချေ။ ကလေး ၄ ယောက်ထဲတွင် အငယ်ဆုံးတစ်ယောက်သာ ပုံမှန်ဖြစ်နေသည်မို့ သူမ မည်သို့ စိုးရိမ်စိတ် မဝင်ဘဲ နေနိုင်မည်နည်း။

သူမ သားကြီးကို သေချာဖျောင်းဖျရမည်…

မာကျန်း : “အမေက ကျွန်တော် တောကမိန်းမယူတာကို အထင်သေးတယ် မဟုတ်လား..”

“ဘယ်သူပြောလဲ..အိမ်ထောင်ကျပြီးမှတော့ ဘာလို့ အထင်သေးရမှာလဲ…ကိုယ့်အရင်းအမြစ်ကို မမေ့ရဘူး။ နင့်အဖေ ပြောတာတွေကို နားမထောင်နဲ့။ မင်းက ငါတို့မိသားစုရဲ့ သားဦးပဲ၊ မင်းက မင်းခြေထောက်ပေါ် မင်းရပ်နိုင်ရမယ်”

ပိုင်ဖုန်းရှန်းမှာ အတင်းနားသွင်းတော့၏။

မာကျန်း “...”

သူ့အမေက တကယ်ကို ကြောက်တတ်လွန်းနေပြီ…

မာဝေကျွင်းမှာမူ သူ့အစ်ကိုကြီးကို အားကျသည့် မျက်လုံးများဖြင့် ကြည့်ကာ

“အစ်ကိုကြီးကျတော့ သူကြိုက်တဲ့သူကို ယူလို့ရတယ်၊ ဒုတိယအစ်မကျတော့လည်း ချစ်သူနောက် လိုက်သွားလို့ရတယ်၊ ကျွန်တော်ကျတော့ ဘာလို့ မရတာလဲ..”

မာကျန့်ယီမှာ သူ့ကို လျစ်လျူရှုထားလိုက်ပြီး ဘာမဟုတ်တာတွေ ပြောနေသည်ဟုသာ သတ်မှတ်ထားသည်။

ပိုင်ဖုန်းရှန်း သက်ပြင်းချရင်း ညည်းညူလိုက်မိ၏။

“တို့ဝင်းထဲက သုံးမြောက်သားတွေက ဘာလို့ ဒီလောက်တောင် အငြိမ်မနေနိုင်ကြတာလဲ”

ရွှီကောင်းမင်၏သားသည်လည်း အလုပ်ရှိပါလျက်နှင့် အဖော်မရှာဘဲ လျှောက်ကစားနေသည်။ အစ်မကြီးဖန်၏သားမှာလည်း အရွယ်မရောက်သေးဘဲ ပြဿနာများရှာနေ၏။ ယခုတော့ သူမ၏ သားကိုယ်တိုင်သည်လည်း အဘွားကြီးတစ်ယောက်၏ အိမ်သားဖြစ်ဖို့ စိတ်ကူးနေသည်။

သုံးယောက်မြောက်သားတွေအားလုံးက ပြဿနာရှာဖို့ပဲ ကံပါလာကြတာလား…

“နင်သာ ချန်ချင်းယွီလို မိန်းမမျိုးကို ရခဲ့ရင် ငါ တကယ် ကံကောင်းမှာပဲ”

ပိုင်ဖုန်းရှန်း ရိုးရိုးသားသား သက်ပြင်းချကာ ပြောလိုက်သည်။

မာကျန်း “...”

သူ့အမေမှာ တကယ်ကို ရိုးအလွန်း၏။ ချန်ချင်းယွီ ရှီရှောင်ဝေကို ခြေထိုးလဲလိုက်သည်ကို သူ မြင်လိုက်သည်။ တခြားသူများ သတိမထားမိခင်မှာပင် သူ ချန်ချင်းယွီကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့၍ သူ ထင်ထားသည့်အတိုင်းပင် ချန်ချင်းယွီသည် အနိုင်ကျင့်၍ရသည့် အမျိုးသမီး မဟုတ်ချေ။

မာကျန်း စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

‘ရိုးအလှချည်လား အဖေနဲ့အမေရယ်..’

အခန်း ၇၆။ တိုက်တိုက်ဆိုင်ဆိုင်

ညနေစောင်းအချိန်၊ အိမ်တိုင်းစေ့ အပြင်ထွက်ပြီး လေညင်းခံနေကြသည်။

မကြာသေးခင်ကာလအတွင်း ရာသီဥတု ပူလာသောကြောင့် လူတိုင်း ညဘက်စောစောမအိပ်ကြဘဲ ဝင်းထဲမှာထိုင်ပြီး စကားစမြည် ပြောနေကြ၏။ ၎င်းမှာ ခြံဝင်းငါးခုရှိသော အိမ်ရာကြီး ဖြစ်သဖြင့် အိမ်ထောင်စုများ အလွန်များပြားကာ လူဦးရေ အလွန်များသည်။ အခြေခံအားဖြင့် ရှေ့ဝင်းမှာ တစ်အုပ်စု၊ နောက်ဝင်းမှာ တစ်အုပ်စု ခွဲနေကြ၏။ အလယ်ဝင်းမှာလည်း တစ်အုပ်စုရှိပြီး အမျိုးသားနှင့် အမျိုးသမီးများလည်း သီးသန့်ခွဲကာ ကိုယ့်အဖွဲ့နှင့်ကိုယ် စကားဖောင်ဖွဲ့နေကြသည်။

ဤသို့ စကားပြောရင်းနှင့် မှောင်သွားတတ်သဖြင့် လျှပ်စစ်မီးလည်း ချွေတာရာရောက်ကာ မီတာခ သက်သာစေ၏။

သို့သော်လည်း အချို့အိမ်များမှာတော့ ချွင်းချက်ဖြစ်သည်။ စာမေးပွဲဖြေဆိုရန် ရှိသည့်အိမ်အချို့မှာ မီးထွန်းပြီး စာကျက်နေကြဆဲပင်။ စာကျက်တာ ဘယ်လောက်ခရီးပေါက်သလဲဆိုသည်ကို ခဏထား၊ ပုံစံကြည့်ရသည်မှာ အတော်လေး အခြေအနေမဟန်ကြပေ။ တစ်ယောက်ချင်းစီမှာ ဖုန်တောထဲမှ ထွက်လာသကဲ့သို့ ညစ်ပေနွမ်းနယ်ပြီး မျက်နှာများမှာလည်း အာဟာရမပြည့်သည့်ပုံစံမျိုး ဖြစ်နေကြ၏။

စာကျက်တာ အတော်ဆုံးဆိုသည့် ယွမ်ဟောက်ရွှယ်ပင်လျှင် မျက်နှာဖြူဖျော့နေပြီး ဆံပင်ကိုလည်း အောက်နားမှာသာ အလွယ်တကူ စည်းထားသည်။ ပုံမှန်ကဲ့သို့ သပ်သပ်ရပ်ရပ်မရှိတော့ဘဲ ဝင်ထွက်သွားလာနေပုံမှာလည်း ဝိညာဉ်မရှိသည့်နှယ် မိန်းမောတွေဝေနေ၏။

ချန်ချင်းယွီ တွေးမိသည်မှာ သူတို့ပုံစံသည် နောင်ဆယ်စုနှစ်အနည်းငယ်ကြာလျှင် တွေ့ရမည့် "နိုင်ငံ့ဝန်ထမ်းစာမေးပွဲ" ဖြေမည့်သူများ၏ အခြေအနေနှင့် တူနေပြီဖြစ်သည်။ လူများမှာ စာပဲဖိကျက်လွန်း၍ ထုံထိုင်းနေကြသော်လည်း မိမိတို့ကျက်နေသည့် လမ်းကြောင်းသည် မှန်၊ မမှန်ကိုတော့ မသိကြပေ။ သူတို့အားလုံး ကျေးလက်သို့ ဆင်းပြီး အလုပ်မလုပ်ချင်ကြသော်လည်း စာမေးပွဲဝင်ဖြေမည့်သူသည် အလွန်များနေ၏။

ချန်ချင်းယွီသည် သူတို့တစ်ယောက်ချင်းစီ ဖိအားများနေသည်ကို ကြည့်ပြီး မိမိအနေနှင့် ထိုစာမေးပွဲထဲ ရောမပါခဲ့သည်မှာ တော်သေးသည်ဟု တစ်ဖန်ပြန်၍ ရေရွတ်မိသည်။

ပြောရမည်ဆိုလျှင် ချန်ချင်းယွီကိုယ်တိုင်လည်း စာမေးပွဲအောင်မည်ဟု မပြောရဲပေ။ သူမ တက္ကသိုလ်တက်ခဲ့ဖူးသော်လည်း အားကစားထူးချွန်သူအဖြစ်နှင့် တက်ခဲ့ခြင်းဖြစ်သည်။ သူမ အနေဖြင့် ဆုကြီးများ ရရှိခဲ့ဖူးသဖြင့် ထူးချွန်ကျောင်းသားအဖြစ် အထူးသတ်မှတ်ချက်နှင့် ကိုက်ညီခဲ့ခြင်းဖြစ်၏။

သို့သော်လည်း ငယ်စဉ်ကတည်းက လေ့ကျင့်ခန်းလုပ်ခြင်းကိုသာ အာရုံစိုက်ခဲ့သဖြင့် ပညာရေးရလဒ်မှာမူ သာမန်ထက်ပင် ပို၍သာမန်ကာလျှံကာ ဖြစ်သည်။

"မူလခန္ဓာပိုင်ရှင်" အကြောင်း ပြောရမည်ဆိုလျှင်လည်း သူမ အထက်တန်းကျောင်းတက်စဉ်က အခြေအနေများ အလွန်ရှုပ်ထွေးနေချိန်ဖြစ်သဖြင့် ဆရာများမှာ စာသေချာမသင်ကြပေ။ နောက်ပိုင်းတွင် အဘိုးနှင့်အဘွား ဆုံးပါးသွားသဖြင့် ကျောင်းတက်သော်လည်း စိတ်လေပြီး အချိန်ဖြုန်းနေခဲ့ခြင်းသာဖြစ်၏။

ထို့ကြောင့် ပညာရေးနှင့် ပတ်သက်လာလျှင် ချန်ချင်းယွီ တကယ်ကို မရပေ။

ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် အင်တာနက်တစ်ခွင်စာအုပ်များမှ ကူးပြောင်းသူများကြားတွင် ပညာရေးအညံ့ဆုံး ကူးပြောင်းလာသူဟု ထင်မိသည်။ အခြားသူများဆိုလျှင် ချင်းဟွာတက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်တို့ကို အေးဆေးလေး တက်နိုင်ကြ၏။

သူမမှာမူ စက်ရုံအလုပ်ဝင်စာမေးပွဲတောင် အောင်မည်မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေသည်။

အော်... တကယ်တော့ ထင်နေတာမဟုတ်ဘူး၊ သေချာပေါက် အောင်မှာမဟုတ်တာပါ…

ချန်ချင်းယွီသည် ဤကိစ္စတွင် မိမိကိုယ်ကိုယ် ကောင်းကောင်းသိသည်။ သူမသည် တစ်ခါမှ စာမတော်ခဲ့ဖူးပေ။ ထို့ကြောင့်လည်း သူမက "ဇာတ်လိုက်မ" မဖြစ်ရခြင်းဖြစ်မည်ဟု တွေးမိ၏။

ဇာတ်လိုက်မဆိုတာ စာမတော်တာမျိုး ရှိပါ့မလား၊ ဟီးဟီး။

ယွမ်ဟောက်ရွှယ်ကို ကြည့်ဦး၊ သူမကတော့ ဇာတ်လိုက်မပုံစံမျိုး အနည်းငယ်ရှိတယ် ပြောရမယ်…စာလည်း အတော်တော်တော်တယ်လို့ကြာရတယ်…

သို့သော်လည်း ချန်ချင်းယွီ မနာလိုမဖြစ်ပေ။ သူမသည် စာမတော်သော်လည်း သူမ၌ ကိုယ်ပိုင်အားသာချက်များ ရှိသည်။

လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမည်သာ…

သူမသည် မိမိကိုယ်ကိုယ် ဒုက္ခပေးမည့်သူမျိုး မဟုတ်ပေ။ ထို့ကြောင့် ဝင်းထဲမှ စာမေးပွဲဖြေမည့်သူများ၏ ကွက်လပ်ဖြစ်နေသော မျက်ကွင်းညိုညိုများကို ကြည့်ပြီး "စာမတော်တဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မနေတာပဲ ကောင်းပါတယ်" ဟု ချန်ချင်းယွီ တွေးလိုက်၏။

တကယ်ပါ၊ လူဆိုတာ ကိုယ့်အခြေအနေကိုယ် သိရမယ်၊ ကိုယ့်ကိုယ်ကိုယ် နားလည်မှုရှိရမယ်…

ဒါဟာ "စာညံ့သူတစ်ယောက်ရဲ့ နိုးကြားမှု" ပဲ…

ချန်ချင်းယွီတို့ ရှေ့ဝင်းမှာ ထိုင်ပြီး အိမ်တွင်းရေးအကြောင်းများ ပြောနေကြစဉ် လီလင်းလင်းသည် အိမ်သာသွားရန် ထွက်လာသည်။ ပုံကြီးချဲ့ပြောခြင်း မဟုတ်ပေ…သူမ လမ်းလျှောက်နေပုံမှာ အားမရှိဘဲ ယိုင်နဲ့နဲ့ ဖြစ်နေရှာ၏။ စာမေးပွဲဖြေဆိုရန် အချိန်ကာလလည်း နီးကပ်လာပြီဖြစ်သဖြင့် လီလင်းလင်း၏ အခြေအနေမှာ ပို၍ဆိုးရွားလာသည်။

ဝင်းတစ်ခုလုံးတွင် သူမသည် အခွင့်အရေး အနည်းဆုံးဖြစ်နေပြီး

သူမပြီးလျှင် ယွမ်ရှောင်ချွေ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးမှာ အလယ်တန်းအဆင့်သာ အောင်မြင်ထားသဖြင့် လျှောက်ထားနိုင်သည့် အလုပ်ရာထူး နေရာမှာလည်း နည်းပါးလွန်းသည်။ သတ်မှတ်ချက်နိမ့်သည့် ရာထူးများအတွက် လျှောက်ထားသူမှာ သဘာဝအတိုင်း ပိုများပေလိမ့်မည်။ လီလင်းလင်း ဤအချက်ကို ကောင်းကောင်းသိသဖြင့် ဖိအားပိုများနေခြင်းဖြစ်၏။ သူမ အဒေါ်ကြီးများကို တစ်ချက်ပြုံးပြပြီး နှုတ်ဆက်လိုက်ကာ တစ်ယောက်တည်း အပြင်သို့ ထွက်သွားသည်။

လင်စန်းရှင်း အမြန်လှမ်းပြောကာ

"လင်းလင်းရေ၊ အိမ်သာသွားတာ သိပ်ကြာမနေနဲ့ဦးနော်၊ မြန်မြန်ပြန်လာပြီး စာကျက်ရမှာ။"

လီလင်းလင်း တစ်ချက်တုံ့သွားပြီး "ဟုတ်ကဲ့" ဟု နာခံမှုရှိစွာ ခေါင်းညိတ်ပြရှာ၏။

"အမယ်လေး၊ နင်ကတော့ ကောင်းကင်နဲ့မြေကြီးကိုပဲ မကဘူး၊ လူတွေ အပေါ့အပါးသွားတာကိုပါ လိုက်ချုပ်ကိုင်နေတာလား။ အိမ်သာသွားတာတောင် အချိန်ကန့်သတ်ချက် ရှိရသလား”

အဘွားကြီးကျောက်မှာ ဝင်ပြောလိုက်မိလေသည်။

လင်စန်းရှင်း အားနွဲ့သောအသံနှင့်

"အဲလိုပြောတာ မဟုတ်ပါဘူး။ ကျွန်မက ဘယ်မှာ အဲလိုသတ်မှတ်ထားလို့လဲ။ ဒါပေမဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေက ကျွန်မတို့လို အသက်ကြီးတဲ့သူတွေလောက် စိတ်ရှည်သည်းခံမှု မရှိကြတော့ မှာရတာပေါ့။ စာများများမကျက်ရင် ဘယ်လိုလုပ် အောင်မှာလဲ။"

သူမ၏သမီးမှာ အလယ်တန်းအောင်ပြီးကတည်းက အလုပ်မရသေးပေ။ နေ့စားအလုပ်ပင် မရှိသဖြင့် ရပ်ကွက်ထဲမှာ စုပေါင်းလုပ်သည့် အလုပ်လေးများကိုသာ လုပ်နေရသည်။ လင်စန်းရှင်းခမျာ ဤတစ်ကြိမ် ရလဒ်ကောင်းထွက်လာဖို့ မျှော်လင့်နေရှာ၏။

‘ယာယီအလုပ် ဆိုပေမဲ့လည်း အားလုံးက တစ်နေ့ကျရင် အမြဲတမ်းဝန်ထမ်း ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတာပဲလေ…ဒါကြောင့် အားကုန်ထုတ်ပြီး ကြိုးစားနေကြတာပေါ့..’

‘နောက်ပြီး နှစ်တိုင်းမှာ ကျေးလက်ဆင်းရမယ့်သူ ဘယ်လောက်တောင် များလဲ..ဘယ်သူကများ လမ်းစမရှိဘဲ နေချင်မှာလဲ..’

ပြိုင်ဆိုင်မှုက အရမ်းကြီးလွန်းတယ်…

လင်စန်းရှင်း နှုတ်ခမ်းကိုကိုက်ပြီး သမီးအတွက် စိတ်ပူနေသည်။

"အချိန်အားလုံးကို စာကျက်ဖို့ သုံးတာကတော့ အကောင်းဆုံးပါပဲ။"

အဘွားကြီးဝမ် : "ဒါပေါ့၊ နင့်သမီးကလည်း အသက်မငယ်တော့ဘူး။ အလုပ်အကိုင် အတည်တကျလေး မြန်မြန်ရှာပြီး နောက်ထပ် ဖူးစာဖက်လည်း ရှာရဦးမယ်။ အလုပ်မရှိရင် ဖူးစာဖက်ရှာရတာလည်း မလွယ်ဘူး။ ဘယ်သူက အလုပ်မရှိတဲ့သူကို လိုချင်မှာလဲ။"

လင်စန်းရှင်းမှာ "ဒါပေါ့" ဟု ညည်းတွားရင်း ထောက်ခံလိုက်၏။

ထိုသို့ပြောနေစဉ် သူမသည် မသိမသာနှင့် ယွမ်ရှောင်ချွေကို လှမ်းကြည့်လိုက်သည်။

အခြားသူများ အသေအလဲ စာကျက်နေချိန်တွင် ယွမ်ရှောင်ချွေမှာမူ စာအုပ်ကို တစ်ချက်ပင်မကြည့်ဘဲ တစ်နေ့ကုန် လူကြားထဲမှာ စကားပြော၍ ကောင်းနေဆဲပင်။

လင်စန်းရှင်း၏ အကြည့်ကို သတိထားမိသွား၍လားမသိ၊ အဘွားကြီးဝမ် လှမ်းမေးလိုက်၏။

"ရှောင်ချွေ.. နင်က ဘာလို့ အိမ်မှာစာမကျက်တာလဲ။ နင့်အစ်မ ဟောက်ရွှယ်ဆိုရင် အရမ်းကြိုးစားနေတာ။"

ယွမ်ရှောင်ချွေ : "ကျွန်မ စာကျက်လည်း သူ့ကို မမီပါဘူး။ ဘာလို့ ကျက်နေရမှာလဲ.. ကျောက်ရုံက ကျွန်မအတွက် အလုပ်ရှာပေးမယ်လို့ ကတိပေးထားတယ်.. သူမ ကျွန်မအတွက် စီစဉ်ပေးမှာကိုပဲ စောင့်နေလိုက်မယ်"

သူမသည် ယခုအခါ "ဒေါ်လေးကျောက်ရုံ" ဟုပင် မခေါ်တော့ဘဲ "ကျောက်ရုံ" ဟု နာမည်တိုက်ရိုက် ခေါ်နေလေပြီ….

မိမိအကြောင်း မိမိသာအသိဆုံးဖြစ်၍ သူမ အဘယ်သို့ ဖြစ်ပျက်ခဲ့သည်ကို သူမကိုယ်တိုင်သိသော်လည်း အခြားသူများသည်ကား မသိကြပေ။ ထို့ကြောင့် လူတိုင်း ယွမ်ရှောင်ချွေကိုကြည့်ပြီး ခေါင်းခါနေကြသည်။ ကျောက်ရုံမှာ ဟောက်ရွှယ်ကို ပစ်ထားပြီး ရှောင်ချွေအတွက် အလုပ်ရှာပေးလိမ့်မည်ဆိုသည်ကိုလည်း မယုံကြပေ။

သူမလို လင်ကောင်မပေါ်တဲ့ သမီးက ဟောက်ရွှယ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ….

အဘွားကြီးဝမ်မှာ လှောင်ပြောင်ခနဲ့သော လေသံဖြင့်

"နင်ကတော့ အားမနာလိုက်တာ၊ ပါးစပ်ဟလိုက်တာနဲ့ အလုပ်ပဲ။ အလုပ်တွေက ဒီလောက်တောင် ပေါနေလို့လား။ နင်ကတော့ အကောင်းချည်းပဲ တွေးနေတာပဲ"

လူကြီးတစ်ယောက်အနေနှင့် သူမသည် လူကြီးကို မရိုသေသည့် ကျေးဇူးမသိသော ယွမ်ရှောင်ချွေကို အလွန်အမြင်ကပ်နေခြင်းဖြစ်၏။

အခြားသူများလည်း ထိုနည်းတူပင်။

ယွမ်ရှောင်ချွေ ကျောက်ရုံအပေါ် ဆက်ဆံပုံမကောင်းသဖြင့် အားလုံးမှာ သူမကို အထင်သေးနေကြသည်။

ယွမ်ရှောင်ချွေမှာမူ ထိုအချက်များကို ဂရုမစိုက်ပေ။ သူမကိုယ်တိုင်လည်း ထိုလူများကို ပြန်၍ အထင်သေးနေ၏။

ဘယ်အိမ်ကများ အပုပ်နံ့မထွက်တဲ့ကိစ္စ ရှိလို့လဲ…

ရယ်စရာပဲ…

ဘယ်သူ့ကို လာအထင်သေးနေတာလဲ…

ကိုယ့်မျက်ချေးကျ ကိုယ်မမြင်တဲ့ဟာတွေ…

ယွမ်ရှောင်ချွေ ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်၏။

"ကျွန်မက ပါးစပ်ဟပြီး အလုပ်တောင်းတာ မဟုတ်ဘူး၊ သူတို့ ကျွန်မအတွက် အလုပ်ရှာပေးရမှာက ကောင်းကင်ဘုံက သတ်မှတ်ထားတဲ့ တာဝန်ပဲ။ တကယ်လို့ ရှာမပေးနိုင်ရင် ကျောက်ရုံက သူရဲ့အလုပ်ကို ကျွန်မကို ပေးလို့ရတာပဲ။ သူက ကျွန်မအမေရဲ့ ယောက်ျားကို လုယူသွားတာပဲ၊ ဒီလောက်လေး ပေးဆပ်ရတာ ဘာမှားလို့လဲ..နောက်ပြီး ကျွန်မအမေက ကျွန်မရဲ့ အဘိုးအဘွားတွေကို သေသည်အထိ ပြုစုစောင့်ရှောက်ပေးခဲ့တာ။ ကျွန်မအဖေက ကျွန်မရဲ့ အရင်းခေါက်ခေါက် အမေအပေါ်မှာ အကြွေးတင်နေတာ၊ ကျွန်မကို ပြန်ပြီး အစားထိုးပေးသင့်တာပေါ့"

ယွမ်ရှောင်ချွေသည် ကျောက်ရုံက သူမအပေါ် ကြံစည်နေသည့်

အကြောင်းကိုမူ ထုတ်မပြောပေ။ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်၍ နာမည်ပျက်မည်စိုးကာ မဖွယ်မရာကိစ္စများထဲ မပတ်သက်ချင်ပေ။ ထို့ကြောင့် ဤအချက်ကိုသာ အကြောင်းပြချက်လုပ်၍ ပြောနေခြင်းဖြစ်သည်။

"ကျွန်မအမေမှာ ဂုဏ်ကျေးဇူးရော၊ ပင်ပန်းဆင်းရဲမှုရော၊ မတရားခံရတာတွေရော ရှိခဲ့တာပဲ။ ကျွန်မက သမီးတစ်ယောက်အနေနဲ့ အကျိုးခံစားခွင့် မရသင့်ဘူးလား။ ဘာပဲဖြစ်ဖြစ် ကျွန်မကို မြို့ပေါ်ခေါ်လာပြီးပြီဆိုမှတော့ မြို့မှာပဲ နေမှာပဲ၊ ကျေးလက်ဆင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟောက်ရွှယ် ကျေးလက်ဆင်းရင်တောင် ကျွန်မကတော့ မဆင်းနိုင်ဘူး။ နောက်ပြီး ကျောက်ရုံကိုယ်တိုင် ကျွန်မကို ကတိပေးထားပြီးသား၊ ကျွန်မအတွက် အလုပ်တစ်ခု သေချာပေါက် စီစဉ်ပေးမယ်လို့။ အဲဒီတော့ ကျွန်မက ဘာပူစရာလိုလဲ"

ယွမ်ရှောင်ချွေ ဂုဏ်ယူဝင့်ကြွားစွာ မေးစေ့ကို မော့ထား၏။

ချန်ချင်းယွီသည် ယွမ်ရှောင်ချွေ၏ ဤပုံစံကိုကြည့်ပြီး သူမ တကယ်ကို ရိုးအ (နုံအ) လွန်းသည်ဟု တွေးမိသည်။

‘ကျောက်ရုံက ကတိပေးတိုင်းသာ ဖြစ်ရရင် အလုပ်ဖြစ်နေမှာပေါ့..ကတိပေးတာက ကတိပေးတာပဲ၊ တကယ်ဖြစ်လာမယ်လို့ မဆိုလိုဘူး…ဒီလောက်လေးနဲ့ပဲ လူက အရူးလုပ်ခံလိုက်ရတာလား.. ဖျင်းလိုက်တာ’

ချန်ချင်းယွီ မျက်တောင်လေး ခတ်လိုက်ပြီးနောက် ခေါင်းမော့ကာ ပြောလိုက်လေသည်။

“အစ်မကျောက်က အဆက်အသွယ် အတော်ပေါတာပဲနော်၊ သေချာပေါက် ရမယ်လို့တောင် ကတိပေးရဲတယ်ဆိုတော့ တကယ်ကို တော်တာပဲ"

အခြားသူများလည်း ဤစကားကို ကြားသောအခါ တစ်ခုခုကို စဉ်းစားမိသွားကြ၏။ အဘွားကြီးဝမ်

မကျေမနပ်နှင့်

"သူက သာမန်အလုပ်သမားတစ်ယောက်ပဲ၊ ရုံးခန်းမှာ လုပ်နေတာတောင် သာမန်အလုပ်သမားပဲလေ။ ဘာတွေ ဟိတ်ဟန်ထုတ်နေတာလဲ၊ သူ့မှာ ဒီလောက် အရည်အချင်းရှိတယ်လို့ ငါတော့ မယုံဘူး"

အဘွားကြီးဟွမ်သည်လည်း ဝင်ပြောလေသည်။

"ငါလည်း အဲလိုပဲ ထင်တယ်။ ကြွားတာကတော့ ဘယ်သူမဆို ကြွားနိုင်တာပဲ၊ တကယ့်အချိန်ကျမှ ကြည့်ကြသေးတာပေါ့။ နင် ဘယ်လိုအလုပ်မျိုး ရမလဲဆိုတာ ငါလည်း စောင့်ကြည့်ဦးမယ်"

ယွမ်ရှောင်ချွေ : "ဟွန့်၊ အဒေါ်ကြီးတို့က မနာလိုဖြစ်နေကြတာ"

ချန်ချင်းယွီ ယွမ်ရှောင်ချွေကို တစ်ချက်ပြန်ကြည့်ပြီး သူမသည် ကျောက်ရုံ၏စကားကို တကယ်ယုံနေဆဲဖြစ်သဖြင့် အတွေ့အကြုံမှာ နုငယ်သေးသည်ဟု တွေးမိ၏။ ယခင်၌ ကျောက်ရုံ သူမကို ဘယ်နှစ်ကြိမ် လိမ်ခဲ့ဖူးသည်ကို မေ့သွားပုံရသည်။ ချန်ချင်းယွီ ဘေးဘယ်ညာကြည့်ပြီး

"အစ်မကျောက်ဒီနေ့ စကားဝိုင်းထဲ မလာဘူးလား"

ယွမ်ရှောင်ချွေ : "သူမ ကျွန်မအတွက် အဆက်အသွယ် သွားရှာပေးနေတာ"

ဟွန့်၊ ကျောက်ရုံက တော်ရင်လည်း ဘာဖြစ်လဲ၊ အခုတော့ သူမရဲ့ လက်ခုပ်ထဲက ရေပဲ…ဘာပဲဖြစ်ဖြစ် သူမ အလုပ်တစ်ခုတော့ လိုချင်တယ်၊ ကျောက်ရုံက နည်းလမ်းရှာပေးကို ရှာပေးရမယ်…

ယွမ်ရှောင်ချွေမှာ စိတ်လိုက်မာန်ပါ လုပ်တတ်သော်လည်း ကျောက်ရုံအပေါ် သတိမထားဘဲ မနေပေ။ သူမ အဓိက သတိထားနေသည်မှာ ကျောက်ရုံ သူမကို ကိုယ်ကျင့်တရား ပျက်ပြားသည့် ကိစ္စများတွင် ထောင်ချောက်ဆင်မှာကို ဖြစ်သည်။ သို့သော်လည်း သူမ ချောင်းနားထောင်ခဲ့စဉ် သိလိုက်ရသည်မှာ ပြီးခဲ့သည့်အကြိမ်၌ သူတို့မှာ လူကြီးမင်းများကို သွားစော်ကားမိရာတွင် ကျောက်ရုံ လူရှာပြီး ဖြေရှင်းပေးခဲ့သည်ဟူသောအချက်ပင်။

တကယ်ကို ကောက်ကျစ် ဉာဏ်များတဲ့မိန်းမပဲ..

ထို့ကြောင့် ယွမ်ရှောင်ချွေ ရန်တွေ့နေသော်လည်း တစ်ဖက်တွင်မူ သတိထားနေဆဲပင်…

"ဟယ်..အဆက်အသွယ်ရှာတာလား။ ဒါတွေက တရားမျှတတဲ့ စာမေးပွဲတွေလေ၊ နင့်အိမ်က အဆက်အသွယ်ရှာတယ်ဆိုတာ သိပ်တော့ မကောင်းဘူးမလား။ အဲဒါက တခြားကြိုးစားပြီး စာကျက်နေတဲ့သူတွေအတွက် ဘယ်လောက်တောင် မတရားလိုက်လဲ"

အစ်မကြီးဖန်၏ လေသံမှာ အလွန်နားမခံသာလှကာ မျက်နှာထားမှာလည်း မကောင်းပေ။

‘တကယ်လို့ ကျောက်ရုံက အဆက်အသွယ်ရှာနိုင်တယ်ဆိုရင်၊ သူတို့တွေ ဒီလောက် ကြိုးစားပမ်းစား စာကျက်နေတာက အလကား ဖြစ်သွားမှာပေါ့..’

‘ရှောင်ချွေက နေရာတစ်ခု ယူလိုက်ပြီဆိုလျှင် အခြားသူအတွက် နေရာတစ်ခု လျော့သွားပြီလေ..မဖြစ်သင့်ဘူး…တောက်..’

အစ်မကြီးဖန် မကျေမနပ်ဖြစ်နေသကဲ့သို့ လင်စန်းရှင်းလည်း မကျေမနပ် ဖြစ်နေသည်။

လင်စန်းရှင်း : "ရှောင်ချွေကတော့ ကံကောင်းရှာပါတယ်…ဘယ်သူမှ မယှဉ်နိုင်ပါဘူး၊ အားလုံးလည်း ယှဉ်လို့မရပါဘူး"

ချန်ချင်းယွီတို့ မိသားစုသည်ကား ဤစာမေးပွဲနှင့် မပတ်သက်သဖြင့် ဝင်းထဲတွင် ကြည့်ရှုသူသက်သက်သာ ဖြစ်၏။ လူတိုင်း၏ မျက်နှာအမူအရာ အမျိုးမျိုးကို ကြည့်ရင်း သူမ တွေးမိသည်မှာ … အကယ်၍ ယွမ်ရှောင်ချွေသာ အလုပ်ရသွားခဲ့လျှင် တစ်ခုခုပြဿနာတက်မှာ သေချာလေသည်။

အစ်မကြီးဖန်တို့ဆိုတာ နောက်ကွယ်ကနေ တစ်ခုခု လုပ်ကြမှာပဲ…

အစ်မကြီးဖန်မှာ ယခုပင် စကားထဲက ဇာတိပြလာသည်။

"ကျောက်ရုံက အပြင်ထွက်ပြီး အဆက်အသွယ်ရှာတာ၊ နင့်အတွက် ရှာပေးနေတာလို့ နင်သေချာလား။ ဟောက်ရွှယ်အတွက် ဖြစ်နေရင်ရော"

သူမ ရန်တိုက်ပေးလိုက်ခြင်း ဖြစ်၏။

ယွမ်ရှောင်ချွေမှာ စိတ်မလှုပ်ရှားပေ။

"အဲဒါတော့ မဖြစ်နိုင်ဘူး၊ သူက ကျွန်မအတွက် လုပ်ပေးနေတာ။ ဟောက်ရွှယ်က စာအရမ်းတော်တာပဲ၊ လူရှာစရာမလိုဘဲ အောင်မှာပါ"

"နင်ကလည်း ဘယ်လိုသိနေတာလဲ"

"ဟောက်ရွှယ်က အစကတည်းက စာတော်တာပဲ၊ ဒါကို ဘယ်သူမသိဘဲ နေမှာလဲ။ ရှင့်အိမ်က ရှီရှောင်ဝေလည်း သိတာပဲလေ"

အစ်မကြီးဖန်၏ မျက်လုံးများ ဝေ့ဝဲသွားလေသည်။

ချန်ချင်းယွီ ဘေးနားမှ ဝိုင်းကြည့်နေရင်း အစ်မကြီးဖန်၏ အမူအရာသည် တစ်မျိုးကြီး ဖြစ်နေသည်ကို သတိထားမိလိုက်၏။ ပြောရခက်သော်လည်း တစ်ခုခုတော့ မှားနေသည်မှာ သေချာသည်။

“ချန်ချင်းယွီရေ၊ နင့်အိမ်ကကြက်မကြီးက အခုထိ နေ့တိုင်း ဥနေတုန်းပဲလား။”

ဤလူများ စာမေးပွဲကိစ္စကို စိတ်ဝင်စားနေကြသော်လည်း အဒေါ်ကြီးမေ့မှာမူ နေ့စဉ်ဘဝ ရှင်သန်ရေးကို ပိုစိတ်ဝင်စား၏။ သူမအိမ်မှာ စာမေးပွဲဖြေမည့်သူ မရှိသော်လည်း စားဝတ်နေရေးသည်ကား အတော်လေး ကျပ်တည်းသည်။

“နေ့တိုင်း ဥပါတယ်၊ တစ်နေ့ကို နှစ်လုံးကတော့ ပုံမှန်ပါပဲ။”

ချန်ချင်းယွီ ပြန်ဖြေလိုက်၏။

သူတို့အိမ်ရှိ ကြက်မကြီးနှစ်ကောင်မှာ တကယ်ကို အားကိုးရသည်။ ဥကို ပုံမှန်လေး ထုတ်ပေးနေဆဲပင်။

အဒေါ်ကြီးမေ့ : “ငါ့အိမ်က အခုမှ မွေးထားတဲ့ နှစ်ကောင်ကတော့ ဥတာ သိပ်မဟန်သလိုပဲ။”

“ကျွန်မအိမ်က ကြက်တွေက မွေးထားတာ ကြာပြီလေ၊ ဒေါ်လေးတို့ဆီက ကြက်တွေက အခုမှဆိုတော့ ပတ်ဝန်းကျင်သစ်နဲ့ သိပ်မယဉ်သေးလို့ ဖြစ်မှာပါ..မှတ်မိသေးလား..ကျွန်မအိမ်က ကြက်တွေလည်း အစကတည်းက ဥတာမှ မဟုတ်တာ၊ ဖြည်းဖြည်းချင်း အသားကျသွားရင် အဆင်ပြေသွားမှာပါ။”

ချန်ချင်းယွီ အားပေးလိုက်သည်။

“ဒါလည်း ဟုတ်တာပဲ။”

အဒေါ်ကြီးမေ့မှာ ချန်ချင်းယွီသည် အပြင်ပန်းကြည့်လျှင် နူးနူးညံ့ညံ့ ပျော့ပျော့ပြောင်းပြောင်း ရှိသော်လည်း အိမ်ထောင်မှုကိုကောင်းကောင်းနိုင်နင်းပြီး ဦးနှောက်လည်း ပြေးသည်ဟု ထင်မိ၏။ သူမ တီထွင်ကြံဆထားသည့် အရာများမှာ နေထိုင်မှုဘဝအတွက် အတော်လေး အထောက်အကူပြုသည်။ ပိုက်ဆံမကုန်ဘဲ ပစ္စည်းကောင်းလေးများ ရနိုင်လျှင်မူအကောင်းဆုံးပင်။

“နှမြောစရာကောင်းတာက ငါ့အိမ်မှာ ပန်းအိုးမရှိတာပဲ၊ ရှိရင်တော့ ငါလည်း ဖက်ဖူးနံနံတို့၊ ကြက်သွန်မြိတ်တို့ စိုက်ထားချင်တာ။ ဆောင်းတွင်းကျရင် ဟင်းခတ်အမွှေးအကြိုင်လေးတွေ လတ်လတ်ဆတ်ဆတ်စားရတာ ကောင်းတာပေါ့။”

“ဘယ်အိမ်မှာ ပန်းအိုးရှိမှာလဲ၊ စိုက်ချင်ရင် ပန်းအိုးအချို့ ဝယ်လိုက်လေ။”

အဘွားကြီးဟွမ် ခပ်တိုးတိုး ပြောလိုက်၏။

အဒေါ်ကြီးမေ့ : “အဲလိုတော့ ဘယ်ဖြစ်မလဲ၊ ပန်းအိုးတစ်လုံးကိုလည်း ပိုက်ဆံမနည်းပေးရတာ၊ မဖြစ်နိုင်ပါဘူး။”

သူမမှာ ဘာမှမရင်းဘဲ အလကားလိုချင်နေခြင်းဖြစ်သည်…

‘ကိုယ်တိုင်ပိုက်ဆံထုတ်ဝယ်ဖို့တော့ အစီအစဉ်မရှိ၊ တစ်စုံတစ်ယောက်က မလိုတော့၍ ပေးလျှင်တော့ အကောင်းဆုံး’ ဟု တွေးနေသည်။

“ဒါနဲ့ ပိုင်ဖုန်းရှန်း ညည်းတို့အိမ်က သားကြီးက အခုထိ မပြန်သေးဘူးလား။”

အဘွားကြီးဝမ်မှာ ပိုင်ဖုန်းရှန်းကို လှမ်းမေးလိုက်၏။

ဤအကြောင်းကို ပြောလိုက်သည်နှင့် ပိုင်ဖုန်းရှန်း ပြုံးလိုက်ပြီး

“ကျွန်မတို့အိမ်က သားကြီးလား၊ မပြန်တော့ဘူး။”

သူမသည် အလွန်ဂုဏ်ယူနေပြီး စိတ်ထဲမှာလည်း အတိုင်းထက်အလွန် ပျော်နေသည်။ သူမ ဤအကြောင်းကို ကြွားချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူမ၏အမျိုးသားမှာ ကိစ္စအဝဝ သေချာမပြီးမချင်း အခြားသူများကို အသိမပေးရန်နှင့် သူတစ်ပါး အနှောင့်အယှက်ပေးမည်ကို စိုးရိမ်၍ တားထားခြင်းဖြစ်၏။ ထို့ကြောင့် ပိုင်ဖုန်းရှန်းသည် ယနေ့အထိ အောင့်ထားခဲ့ရခြင်းပင်။

ယနေ့တွင်မူ သူမသား၏ ကိစ္စများ အားလုံး အဆင်ပြေချောမွေ့သွားလေပြီ…နောက်ဆုံး၌ သူမ ပြောနိုင်ပြီဖြစ်သည်။

ပိုင်ဖုန်းရှန်း ဝင်းပသော အပြုံးနှင့်

“ကျွန်မတို့ သားကြီးက ဒီတစ်ခါ ပြန်လာတာ၊ နောက်ထပ် မသွားတော့ဘူး။”

“ဘာပြောတယ်..”

“ဘာဖြစ်လို့လဲ..သူက ကျေးလက်ဆင်းနေရတဲ့ လူငယ် မဟုတ်ဘူးလား..ဘယ်လိုလုပ် မြို့မှာ နေခဲ့လို့ရမှာလဲ။”

“ဟုတ်တယ်လေ..ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..ဒါက မူဝါဒနဲ့ မညီဘူးလေ။ နင်တို့က လူကို အတင်းအကျပ် နေခိုင်းလို့ မရဘူးလေ၊ အဲဒါကို တစ်ယောက်ယောက်က သိသွားရင် အလုပ်ပြုတ်ကုန်လိမ့်မယ်။”

“ဟုတ်ပါတယ် အဒေါ်ကြီးတို့ စိတ်မကူးယဉ်စမ်းပါနဲ့။”

“နင်တို့ သားသမီးကို ချစ်တာ သိပါတယ်၊ ဒါပေမဲ့ မူဝါဒကိုတော့ ဆန့်ကျင်လို့ မရဘူးလေ။ နင့်အိမ်က အဘိုးကြီးမာကတောင် ခေါင်းဆောင်ပိုင်းမှာ လုပ်နေတာ၊ ပြဿနာတက်လာရင် ပိုဆိုးကုန်မယ်။”

“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး”

လူတိုင်း တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေကြ၏။

အဘွားကြီးကျောက်ပင် မှင်တက်သွားပြီး

“နင်တို့အိမ်က တကယ်ကို သတ္တိကောင်းတာပဲ။ ဒါမှမဟုတ် နင်တို့ သားကြီးက စက်ရုံက စာမေးပွဲကို ဝင်ဖြေမှာလား..ဒါပေမဲ့ အဲဒါက ဒီမြို့ခံအိမ်ထောင်စုစာရင်း ရှိမှ ဖြေလို့ရတာ မဟုတ်လား..နင်တို့ လူရှာထားတာလား။”

“ဟုတ်တယ်..ပြောပါဦး၊ ဒီစာမေးပွဲကို ဖြေမှာလား..နင့်သားကြီး စာကြည့်နေတာလည်း ငါတို့ မတွေ့မိပါဘူး။”

“အိုး... ဒီမှာ တစ်ယောက်ပြီးတစ်ယောက် အဆက်အသွယ်တွေ ရှာနေကြတာပဲ။ နေရာကလည်း အကန့်အသတ်နဲ့၊ နင်တို့ ဒီလိုလုပ်နေတာကို တစ်ယောက်ယောက်က တိုင်လိုက်ရင်တော့ သွားပြီပဲ။”

“တကယ်ပါပဲ၊ ဒီလောကမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား...”

“လူရှာထားတာ သေချာတယ် မဟုတ်လား”

ဝင်းထဲရှိ အခြေအနေမှာ ရုတ်တရက် အလွန်ပင် ပွက်ပွက်ညံသွားသည်။ ရာသီဥတုထက်ပင် ပို၍ ပူပြင်းသွားသလိုပင်..

ချန်ချင်းယွီ လူတစ်ယောက်ချင်းစီကို ကြည့်လိုက်သောအခါ အဘွားကြီးပိုင်အတွက် ဝမ်းသာပေးသူ တစ်ယောက်မှ မရှိသည်ကို တွေ့ရ၏။ အားလုံး မျက်မှောင်ကြုတ်နေကြပြီး ပိုင်ဖုန်းရှန်းကို စူးစိုက်

ကြည့်နေကြသည်။ အစ်မကြီးဖန်တို့၏ မျက်လုံးထဲတွင် မနာလိုမှုများ အတိုင်းသား မြင်နေရ၏။

ချန်ချင်းယွီ : “......”

သေချာတာပေါ့၊ ဒီလိုအချိန်မျိုးမှာ မြို့ကို ပြန်လာနိုင်တာက လူတိုင်းရဲ့ ကြိုဆိုမှုကို မရနိုင်ပါဘူး….

မနာလိုမှုတွေကနေ ရန်ငြိုးတွေတောင် ဖြစ်ကုန်ကြပြီ…

ကြောက်ဖို့ကောင်းလိုက်တာ…

ချန်ချင်းယွီ တွေးမိသည်မှာ မာကျန့်ယီသည် ဤစာမေးပွဲမှတစ်ဆင့် သားဖြစ်သူကို စက်ရုံသွင်းလောက်သည်အထိတော့ မိုက်မဲမည်မဟုတ်ပေ။ အကယ်၍ ဤစာမေးပွဲဖြင့် ဝင်လျှင် သူ၏သားမှာ အရည်အချင်း မပြည့်မီသည့်အချက် ပေါ်သွားမည်ဖြစ်ပြီး ထိုအခါ လူတိုင်း ဝိုင်းပြီး တိုက်ခိုက်ကြပေလိမ့်မည်။

ကြည့်ပါဦး…ဝင်းထဲက အုပ်ချုပ်ရေး တာဝန်ခံနေရာကို အမြဲတမ်း မျက်စိကျနေတဲ့ ရှီကျန့်ရှန်းတောင် ခါးကို မတ်လိုက်ပြီး မျက်လုံးတွေက ကစားနေပြီ…ဘာတွေ ကြံစည်နေလဲ မသိဘူး…

ပိုင်ဖုန်းရှန်းသည် အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူနေသော်လည်း လူတိုင်း၏ မျက်နှာအမူအရာ အမျိုးမျိုးကို မြင်လိုက်ရသောအခါ အတုအယောင် အပြုံးလေးတောင် မပြုံးနိုင်ကြသည်ကို တွေ့ရသဖြင့် စိတ်ထဲမှာ တစ်ချက် တုန်ရင်သွားသည်။ သူမ၏ အမျိုးသားမှာတကယ်ကို အမြော်အမြင်ရှိသည်ဟု ချက်ချင်း တွေးမိလိုက်၏။ အကယ်၍ ဤကိစ္စကို စောစောစီးစီး ထုတ်ပြောမိလျှင် ကိစ္စများပျက်စီးသွားလောက်ပြီ…

မဟုတ်ဘူး၊ သေချာပေါက် ပျက်စီးမှာ…

ကံကောင်းလိုက်တာ…

သူမ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သောအခါ မနာလိုမဖြစ်သူမှာ ချန်ချင်းယွီ တစ်ယောက်တည်းသာ ရှိ၏။ ချန်ချင်းယွီမှာ ရိုးသားသော အပြုံးဖြင့် သူမတို့အတွက် တကယ်ဝမ်းသာနေပုံရသည်။ ပိုင်ဖုန်းရှန်း စိတ်ထဲကနေ ရေရွတ်မိ၏။

ငါ ပြောသားပဲ၊ ချန်ချင်းယွီက တကယ်ကို လူကောင်းလေးပါလို့…

အဘွားကြီးကျောက်လို လူစားမျိုးက ဘယ်လိုလုပ် ဒီလိုချွေးမကောင်း ရထားတာလဲ…

တကယ့် ယောက္ခမဆိုးနဲ့ ချွေးမကောင်း ဆုံတာပဲ…

သူမ လူတိုင်းကို ကြည့်ပြီးမှ သတိပြန်ဝင်လာကာ ပြုံးပြီး ပြောလိုက်လေသည်။

“ကျွန်မတို့ သားကြီးက ကျွန်မတို့ စက်ရုံကို ဝင်မှာ မဟုတ်ပါဘူး…စက်ရုံက စာမေးပွဲဆိုတာကလည်း သူကမှ အရည်အချင်းမပြည့်မီတာ။”

လူတိုင်း ခဏတာ မှင်တက်သွားပြီးမှ သဘောပေါက်သွားကြ၏။

ဟုတ်တာပေါ့… အဘိုးကြီးမာက ဂရုစိုက်တတ်တဲ့သူပဲ… ဒီလို သိသာထင်ရှားတဲ့ အမှားမျိုးကို ဘယ်လုပ်ပါ့မလဲ…

သူက ဝါရင့်ကြီးပဲ…တကယ့် မြေခွေးအိုကြီးလို အနံ့ခံကောင်းတဲ့သူပဲ…

အစ်မကြီးဖန် နေရခက်စွာနှင့် ဟန်လုပ်ပြီး ပြုံးလိုက်ကာ

“ဟဲဟဲ... အဲဒါဆို သူက ဘယ်လိုလုပ် ကျန်ခဲ့မှာလဲ..ကျွန်မတို့ကိုလည်း ပြောပြပါဦး၊ အားလုံးက ဝင်းတူထဲက လူတွေပဲလေ၊ ဖုံးကွယ်မထားပါနဲ့။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

အားလုံးမှာ စိတ်လှုပ်ရှားစွာနှင့် သိချင်နေကြလေသည်။

ချန်ချင်းယွီ လူတိုင်း၏ စိတ်အားထက်သန်နေသည့် ပုံစံကိုကြည့်ပြီး ပိုင်ဖုန်းရှန်းသာ ယနေ့ အမှန်အတိုင်း မပြောပြလျှင် ဤည ဝင်းထဲရှိ အိမ်တော်တော်များများ အိပ်ပျော်ကြမည်မဟုတ်ဟု တွေးမိလိုက်၏။

သို့သော်လည်း ပိုင်ဖုန်းရှန်းမှာ ကိစ္စအဝဝကို အသေအချာ ပြင်ဆင် အချောသတ်ပြီးပြီဖြစ်၍ ဖုံးကွယ်မထားတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ကျွန်မတို့ သားကြီးက အလုပ်နေရာဆက်ခံတာပါ။"

"ဘာ…အလုပ်နေရာဆက်ခံတာလား။ အဘိုးကြီးမာက အနားယူတော့မလို့လား။"

"အဘိုးကြီးမာက အနားယူရမယ့် အရွယ်မှ မဟုတ်သေးတာ..ဒီအတိုင်း အလုပ်ကို လက်လွှတ်လိုက်တော့ နင်တို့ လင်မယားနှစ်ယောက်က ဘယ်လိုလုပ်မလဲ..နင့်ရဲ့ စတုတ္ထမြောက်ကလေးကလည်း ကျောင်းတက်နေတုန်းပဲလေ။"

"ဟုတ်ပါ့၊ နင်တို့ မိသားစုက ဘာလို့ ဒီလောက် စိတ်လိုက်မာန်ပါ လုပ်ရတာလဲ.."

ပိုင်ဖုန်းရှန်း : "အမလေး... နင်တို့ကလည်း စိတ်စောလိုက်ကြတာ၊ ငါ စကားတောင် မဆုံးသေးဘူး။ ငါ့အမျိုးသားရဲ့ အလုပ်ကို ဆက်ခံတာ မဟုတ်ပါဘူး၊ ငါတို့ရဲ့ အမျိုးတော်စပ်တဲ့သူတစ်ယောက်ရဲ့ အလုပ်ကို ဆက်ခံတာ။ ငါတို့မှာ အမျိုးတစ်ယောက်ရှိတယ်၊ သူက စစ်တပ်ထဲက ယောကျာ်းနောက်ကို လိုက်သွားတော့မလို့ အဲဒါနဲ့ သူထားခဲ့တဲ့ အလုပ်နေရာက လွတ်သွားတာပေါ့.. ငါ့သားကြီးက ရွာမှာတုန်းကလည်း ဆရာလုပ်ခဲ့တာဆိုတော့ အလုပ်သဘာဝချင်း တူနေတာနဲ့ ဟိုဘက်နဲ့ ညှိနှိုင်းပြီး ဒီအလုပ်ကို ဆက်ခံလိုက်တာ..အားလုံး အပြီးအစီး လုပ်ပြီးသွားပြီ၊ မနက်ဖြန် သူ အလုပ်စဆင်းတော့မယ်…ငါတို့ စက်ရုံက မူလတန်းကျောင်းတော့ မဟုတ်ဘူး၊ မြို့ပြင်နားမှာပဲ။ နည်းနည်းတော့ ဝေးပေမဲ့ ပေကျင်း လေးခရိုင် နယ်နိမိတ်ထဲမှာပဲဆိုတော့ ငါတို့နဲ့ နီးနီးနားနား ရှိနေတာပဲ တော်ပါပြီ.."

တစ်ဝင်းလုံး တိတ်ဆိတ်သွားသည်။

ချန်ချင်းယွီ : "ဒါဆိုရင် တကယ်ကို ကောင်းတာပေါ့။ ဂုဏ်ယူပါတယ် ဒေါ်လေးပိုင်၊ သားဖြစ်သူလည်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့.."

ပိုင်ဖုန်းရှန်း : "ဟုတ်ပါ့တော်၊ အဲဒါကို ပြောတာ.."

ရှီကျန့်ရှန်း စူးရှသောအသံနှင့် မေးလိုက်၏။

"ဒါက အမြဲတမ်းဝန်ထမ်းလား။"

ပိုင်ဖုန်းရှန်း : "အင်း၊ အမြဲတမ်းဝန်ထမ်းပဲ။"

လူတိုင်း၏ မျက်နှာများမှာ တစ်ဆင့်ထက်တစ်ဆင့် ပို၍ ကြည့်ရဆိုးလာ၏။

‘လူတိုင်းက ယာယီ အလုပ်သမား ဝန်ထမ်းနေရာအတွက်တောင် အသေအလဲ ကြိုးစားနေရချိန်မှာ ကျေးလက်ဆင်းသွားတဲ့ လူငယ်တစ်ယောက်က အမြဲတမ်းဝန်ထမ်း ရာထူးကို ရသွားတယ်တဲ့…’

"အဲဒါက... နင့်သားကြီး ရွာကိုပြန်ပြီး လုပ်ထုံးလုပ်နည်းတွေ သွားလုပ်တာလည်း ငါတို့ မတွေ့မိပါဘူး။ အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်ဝင်ဖို့ စာရွက်စာတမ်းတွေ အားလုံး ပြီးသွားပြီလား။"

"လုပ်ထုံးလုပ်နည်းတွေ မပြီးသေးတာ မဟုတ်လား…နင် ဘယ်သူ့ဆီက အလုပ်ကို ယူလိုက်တာလဲ။"

ဤစကားများထဲတွင် တစ်ဖက်သား၏ အားနည်းချက်ကို ရှာဖွေပြီး ကြားဖြတ်လုယူချင်သည့် အငွေ့အသက်များ ပါဝင်နေသည်။

ပိုင်ဖုန်းရှန်း : "ငါ့ချွေးမက ရွာမှာ ရှိနေတာ မဟုတ်လား… သူမကပဲ အားလုံး ကူလုပ်ပေးတာပေါ့။ သားကြီးက သူ့မိန်းမဆီ ကြေးနန်းရိုက်လိုက်တယ်။ စာရေးချင်ပေမဲ့ စာက အရမ်းနှေးလွန်းလို့ ကြေးနန်းက ပိုမြန်တယ်လေ…သူ့မိန်းမက အားလုံးလုပ်ပေးပြီး တိုက်ရိုက် ပါဆယ်နဲ့ ပို့ပေးလိုက်တာ.. အခု လုပ်ထုံးလုပ်နည်းတွေ အားလုံး ပြီးသွားပြီ… သားကြီးက ဒီမှာ အလုပ်စဆင်းဖို့ အချိန်မဆိုင်းနိုင်လို့လေ၊ သူ့မိန်းမလည်း နောက်ရက်အနည်းငယ်အတွင်း ရောက်လာတော့မယ်.."

ချွေးမဖြစ်သူသည် ကျေးလက်အိမ်ထောင်စု လူဦးရေစာရင်း ဖြစ်သော်လည်း ရွာမှ ထောက်ခံစာယူလာလျှင် မြို့ပေါ်၌ အမျိုးသားနှင့်အတူ နေထိုင်ခွင့်ရှိ၏။ အကယ်၍ မာကျန်းသည် ယာယီဝန်ထမ်းသာဆိုလျှင် မဖြစ်နိုင်သော်လည်း အမြဲတမ်းဝန်ထမ်းဖြစ်၍ အဆင်ပြေသွားခြင်းဖြစ်သည်။

ချွေးမဖြစ်သူသည် ရွာမှာ အလုပ်မလုပ်တော့သဖြင့် လုပ်အားခမရတော့ဘဲ ရိက္ခာဝေစုလည်း ရတော့မည်မဟုတ်ပေ။

ရွာအချို့တွင် "လူဦးရေအလိုက် ၆ ပုံ၊ လုပ်အားအလိုက် ၄ ပုံ" ခွဲတမ်းစနစ် ရှိသော်လည်း လူကိုယ်တိုင်မှာ ရွာမှာ မရှိသည့်အတွက် ပြဿနာမတက်အောင် ထိုဝေစုကို မယူဘဲ နေလိုက်ခြင်းမှာ ပို၍ စိတ်ချရ၏။ ဤသို့ဆိုလျှင် သူမ၌ အစိုးရ သတ်မှတ်ရိက္ခာ မရှိတော့ပေ။

ရိက္ခာဝေစု မရှိလျှင် တစ်ယောက်တည်းမှ မိသားစုတစ်ခုလုံးကို ကျွေးမွေးရမည်ဖြစ်ပြီး မလောက်ငလျှင် ပြင်ပမှ ဈေးကြီးပေး၍ ဝယ်စားရမည်ဖြစ်သဖြင့် ဘဝက အနည်းငယ် ခက်ခဲနိုင်ပေသည်။

သို့သော်လည်း မည်မျှပင် ခက်ခဲပါစေ မြို့ပေါ်ရှိ ဘဝသည် ကျေးလက်ထက်စာလျှင် ပို၍ သာနေဆဲပင်။

"နင့်ချွေးမက လိုက်လာမှာလား"

ပိုင်ဖုန်းရှန်း ခေါင်းညိတ်ပြ၏။

"သူက ကျေးလက်က မိန်းကလေး မဟုတ်လား…"

"အေးလေ၊ သူပါ မြို့ပေါ်လိုက်လာရင် နင့်သားကြီးမှာ ဖိအားတွေ အများကြီး ရှိလာမှာပေါ့.."

"ငါ ပြောသားပဲ၊ ကျေးလက်က မိန်းကလေးကို မယူသင့်ဘူးလို့.. ရိက္ခာဝေစုလည်း မရှိဘူး၊ အခုတော့ ဟုတ်ပါပြီ၊ နောက်ကျရင် ကလေးတွေရလာရင် ကလေးတွေက အမေရဲ့ အိမ်ထောင်စုစာရင်းနောက် လိုက်ရမှာဆိုတော့ အိမ်မှာ လူများလာရင် ပိုခက်ခဲလိမ့်မယ်"

"ဒါပေါ့၊ အဲဒါကို ပြောတာ။"

လူတိုင်း တစ်ယောက်တစ်မျိုး ဝိုင်းပြောနေကြသော်လည်း ချန်ချင်းယွီမှာမူ သူတို့တမင်တကာ ပိုင်ဖုန်းရှန်းကို အလွန်မပျော်ရွှင်စေချင်၍ ပြောနေကြမှန်း သိလေသည်။

ကြောက်စရာကောင်းတဲ့ မနာလိုစိတ်တွေပါလား…

ပိုင်ဖုန်းရှန်းမှာ ဂရုမစိုက်သည့်အလား အေးအေးဆေးဆေးပင် ပြန်ပြောလေ၏။

"တကယ်တော့ အဆင်ပြေပါတယ်၊ ငါ့ချွေးမရဲ့ အဖေက ရွာက ရွာလူကြီးလေ… အိမ်ခြေအခြေအနေလည်း ကောင်းပါတယ်။ နောက်ပြီး လင်မယားဆိုတာ ဘယ်လိုလုပ် ခွဲနေလို့ ရမလဲ… ငါ့သား ရွာမှာရှိတုန်းက ခမည်းခမက် မိသားစုက သူ့ကို အများကြီး စောင့်ရှောက်ပေးခဲ့တာ.. အခု မြို့ပြန်ရောက်ပြီဆိုမှတော့ ကျေးဇူးကို မမေ့သင့်ဘူး၊ မဟုတ်ရင် "ချန်ရှစ်မေ့" (ကျေးဇူးကန်းသူကို တင်စားပြီးခေါ်ကြတာပါ) ဖြစ်ကုန်မှာပေါ့… ငါ့သားက အဲလိုလူမျိုး မဟုတ်ပါဘူး…တကယ်တော့ ကျေးလက်ချွေးမကလည်း သူ့ဟာနဲ့သူ ကောင်းကွက်ရှိပါတယ်၊ သူတို့က အလုပ်ကြိုးစားတယ်လေ.. နောက်ပြီး သူတို့လင်မယားက အချင်းချင်း အရမ်းချစ်ကြတာ။ ငါတို့ မိဘတွေအနေနဲ့ ကလေးတွေကို ခွဲမထားသင့်ဘူး၊ အဲဒါက လူမဆန်ရာ ကျလိမ့်မယ်။ ငါ့အမျိုးသားနဲ့ ငါကတော့ အဲလိုမျိုး မလုပ်နိုင်ပါဘူး… သားကြီး လက်ထပ်တုန်းက ငါနဲ့ သူ့အဖေက စိတ်ဆိုးနေလို့ ဘာမှမလုပ်ပေးခဲ့ဘူး၊ ခမည်းခမက် မိသားစုကပဲ အကုန်စီစဉ်ပေးခဲ့တာ… အခု ပြန်စဉ်းစားကြည့်တော့တောင် အားနာဖို့ ကောင်းနေတယ်။ ဒါတွေက နှစ်တွေလည်း ကြာခဲ့ပြီဆိုတော့ အကုန်ပြီးသွားပါပြီ…အခုက ငါတို့ဘက်က ပြန်ပြီး ပြုစုစောင့်ရှောက်ပေးရမယ့် အချိန်ပဲ.."

[ချန်ရှစ်မေ့ အကြောင်းက အတိုချုပ်ရရင် ရွာက စာပေးသမား မိန်းမကအရမ်းပံ့ပိုးပေး.. နောက် နန်းတွင်းစာမေးပွဲအောင် မိန်းမနဲ့ကလေးတွေကိုပစ်ပြီး ဘုရင့်သမီးလား/ အမတ်သမီးကိုလားမသိဘူး ယူတာထင်တယ် အဲ့ဒါကြောင့် သစ္စာဖောက်ကောင်တွေကို ချန်ရှစ်မေ့လို့တင်စားကြတာ]

ပိုင်ဖုန်းရှန်းကိုယ်တိုင်လည်း စိတ်ထဲတွင် တစ်မျိုးတော့ ဖြစ်နေရှာသည်။ မိဘဆိုသည်မှာ ကိုယ့်သားသမီးကို အကောင်းဆုံးဘဝမှာသာ ရှိစေချင်ကြသည် မဟုတ်လော့။ သို့သော်လည်း သူမသား မာကျန်းပြောသွားသည့်စကားကား မှန်၏။လူဆိုသည်မှာ ကျေးဇူးကန်းသူ (ချန်ရှစ်မေ့) မဖြစ်သင့်ပေ။ ထို့ပြင် ယခုအချိန်တွင် လူတိုင်း သူမတို့မိသားစုကို မျက်စိဒေါက်ထောက် ကြည့်နေကြသည်ဖြစ်ရာ တစ်ခုခု အမှားအယွင်းရှိလျှင် တစ်ယောက်ယောက်သည် သွားတိုင်တောမည်မှာ သေချာသည်။

လူတိုင်း စိတ်ထားကောင်းကြလိမ့်မည်ဟု သူမ မယုံကြည်ပေ။

သားဖြစ်သူ၏ အကွက်ကျကျ တွေးခေါ်မှုကို ပိုင်ဖုန်းရှန်း သဘောကျမိ၏။ ထို့ကြောင့်လည်း သားသင်ပေးသည့်အတိုင်း ပြန်ပြောလိုက်ရာ အခြေအနေကို ကောင်းကောင်း ထိန်းနိုင်သွားသည်။

ပိုင်ဖုန်းရှန်း ပျော်ပျော်ရွှင်ရွှင်နှင့် ဤသို့ပြောနေသဖြင့် တစ်ဖက်သားမှာလည်း ရန်တိုက်၍ မရတော့ဘဲ လူတိုင်းမျက်နှာ ပျက်ကုန်ကြ၏။

စောစော၌ စည်ကားနေသည့် ဝင်းထဲတွင် အခြေအနေမှာ ရုတ်တရက် အေးစက်သွားပြီး အစ်မကြီးဖန်သည် ထရပ်လိုက်ကာ

"အေး... ငါလည်း အိမ်ပြန်ပြီး ငါ့သား စာဘယ်လိုကျက်နေလဲ သွားကြည့်ဦးမယ်"

"ကျွန်မလည်း ထွက်ကြည့်ရဦးမယ်၊ လင်းလင်းက အိမ်သာသွားတာ ဘာလို့ ဒီလောက်ကြာနေရတာလဲ။ ဒီကလေးမကတော့ တကယ်ပဲ၊ ခိုးနားချင်တာနဲ့ပဲ စာကို သေသေချာချာ မကျက်ဘူး"

လင်စန်းရှင်းသည်လည်း ထရပ်ပြီး ပြောလိုက်၏။

ခဏအတွင်းမှာပင် လူစုကွဲသွားလေသည်။

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည် ထိုင်ခုံပုလေးများကို ဆွဲကာ အိမ်ထဲဝင်ခဲ့ကြ၏။ အဘွားကြီးကျောက် မနေနိုင်ဘဲ ခပ်တိုးတိုး ပြောကာ

"နင် တွေ့တယ်မလား..လူတိုင်းရဲ့ မျက်နှာတွေကို မြင်တယ်မလား..အိုး... ဆေးရောင်စုံ ပန်းချီကားကျနေတာပဲ၊ ဟားဟား၊ သူတို့တွေ မနာလိုဖြစ်လွန်းလို့ သေတော့မယ် ထင်တယ်"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။

မမြင်ဘဲ နေမလား…

တကယ်ကို အထင်းသား မြင်လိုက်ရတာပဲ…

"ဒါပေမဲ့ မာကျန့်ယီကတော့ တကယ်တော်တာပဲ၊ သူ့သားအတွက် အလုပ်ရှာပေးနိုင်တယ်ဆိုတော့ သူ့အဆက်အသွယ်က တကယ်ကို ကျယ်ပြန့်တာပဲ"

ချန်ချင်းယွီသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကိစ္စကို သတိရသွားသည်။ သူမ အပြင်မှာ ခိုးစားခဲ့သည့်ထို့နေတွင် မာကျန့်ယီသည် ထိုနေရာမှာပင် ဧည့်ခံပွဲလုပ်နေရန် စီစဉ်နေ၏။ ဤကိစ္စအတွက် ဖြစ်ပေလိမ့်မည်။ သို့သော် မာကျန့်ယီ သားဖြစ်သူအတွက် စီစဉ်ပေးသည့် အလုပ်ဆက်ခံသည့်စနစ်မှာ စက်ရုံစာမေးပွဲဖြေပြီး ဝင်ခြင်းထက်စာလျှင် ပို၍ခိုင်မာပြီး ဂုဏ်ရှိလှသည်။

"သူ့မှာ သားကို ပြန်ခေါ်နိုင်တဲ့ အရည်အချင်းရှိရင် သားဖြစ်သူ ကျေးလက်ကို စသွားခါစကတည်းက ဘာလို့ မစီစဉ်ပေးတာလဲ"

ချန်ချင်းယွီ နားမလည်သဖြင့် မေးလိုက်၏။

အဘွားကြီးကျောက် ချန်ချင်းယွီကို တစ်မျိုးကြည့်ကြည့်ကာ ပြောလေတော့သည်။

"ဒါကြောင့် ပြောတာပေါ့၊ နင်က ငယ်သေးတယ်လို့။ စဉ်းစားကြည့်လေ၊ အဲဒီတုန်းက မာကျန်းကိုယ်တိုင်က ကျေးလက်ဆင်းဖို့ ဆန္ဒပြုခဲ့တာ။ သွားပြီးပြီးချင်း ပြန်ခေါ်မယ်ဆိုရင် မာကျန့်ယီမှာ မျက်နှာရှိပါဦးမလား… တစ်ဖက်ကကြည့်ရင် သူ မျက်နှာကို ဂရုစိုက်တယ်ဆိုဦးတော့၊ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း မခံနိုင်ဘူးလေ.. သွားပြီးချင်း ပြန်ခေါ်လာတာက အစိုးရရဲ့ မူဝါဒကို ကစားစရာ လုပ်သလို ဖြစ်နေမှာပေါ့… မာကျန့်ယီက အဲဒီလောက်အထိတော့ မမိုက်ပါဘူး…နှစ်နှစ်သုံးနှစ်လောက် ကြာသွားမှ စီစဉ်ပေးရင်တော့ ဘာမှမဖြစ်တော့ဘူး… ဒါပေမဲ့ မာကျန်းက အလုပ်ဒဏ်ကို မခံနိုင်လို့ ရွာမှာ အိမ်ထောင်ပြုလိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ.. မာကျန့်ယီက ဒေါသထွက်လွန်းလို့ သားကို ပစ်ထားလိုက်တာ နှစ်တွေ အများကြီး ကြာသွားတာပေါ့.. ကံကောင်းတာက မာကျန်းက ရွာမှာ ဆရာလုပ်နေရလို့ သိပ်တော့ မပင်ပန်းရှာပါဘူး.. မာကျန့်ယီကလည်း အကုန်လုံးကို တွက်ဆပြီးသားပါ"

ချန်ချင်းယွီ အံ့သြတကြီးနှင့်

"ဟုတ်ပါပြီ၊ အမေက ဒါတွေအကုန်လုံး သိနေတာလား"

အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ

"ငါ ဘာလို့ မသိရမှာလဲ။ ငါတို့လို အသက်ကြီးတဲ့သူတွေက နင်တို့ လူငယ်တွေထက်စာရင် အခြေအနေတွေကို ပိုပြီး အမြင်ကျယ်ကျယ် ကြည့်တတ်ပါတယ်။ 'သက်တမ်းရင့်ချင်းက ပိုစပ်တယ်' (အတွေ့အကြုံရှိသူက ပိုတော်သည်) ဆိုတဲ့ စကား မကြားဖူးဘူးလား။ နင် ဘယ်လောက်ပဲ တော်တော်၊ ဘဝအတွေ့အကြုံမှာတော့ ငါ့ကို မမီသေးပါဘူး၊ ဝေးပါသေးတယ်"

ချန်ချင်းယွီ ရယ်မောလိုက်မိ၏။ တော်တော်လေး ရယ်လိုက်ပြီးမှ သူမ ပြောလိုက်လေသည်။

"ဒါနဲ့၊ ဒီည ကျွန်မ မှောင်ခိုဈေးကို တစ်ခေါက် သွားဦးမယ်"

အဘွားကြီးကျောက် : "အိမ်မှာ ဆန်၊ ဆီ၊ ဆေး၊ ဆားတွေ ကုန်သွားလို့လား။ အများကြီး ကျန်သေးတယ် ထင်တာပဲ"

ချန်ချင်းယွီ : "ရှိပါသေးတယ်၊ ဒါပေမဲ့ ဝါဂွမ်းရှိလား သွားကြည့်မလို့.. အရင်တစ်ခါက လဲထားတာ နည်းနည်းလေးပဲ ရှိသေးတယ်၊ မလောက်ဘူး။ နောက်ထပ် နည်းနည်းလောက် ထပ်ရှာပြီး ဆောင်းတွင်းကျရင် ဂွမ်းကပ်အင်္ကျီနဲ့ ဂွမ်းကပ်ဘောင်းဘီ အသစ်တွေ လုပ်ရမယ်.. အိမ်က ဂွမ်းကပ်အင်္ကျီတွေက သုံးမရတော့ဘူး၊ ဆောင်းတွင်းကျရင် အအေးဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး"

သူမ ဝတ်ထားသည့် ဂွမ်းကပ်အင်္ကျီဆိုလျှင် အတွင်းရှိ ဂွမ်းများသည် ဖရုံသီးဖတ်များနှယ် ဖြစ်နေပြီး နွေးထွေးမှု လုံးဝမရှိတော့ပေ။ အသစ်မလဲလျှင် ဆောင်းတွင်း အပြင်ထွက်ရင်း ဖျားနာကုန်လိမ့်မည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ င်္အကျီများမှာလည်း သုံးမရတော့ပေ။ ကလေးများတင်မက အဘွားကြီးကျောက်ကိုယ်တိုင်၏ င်္အကျီသည်လည်း အဆင်မပြေတော့ပေ။

ချန်ချင်းယွီ ယခင်က စိတ်ဆိုးနေခဲ့သော်လည်း အဘွားကြီးကျောက်၏ အင်္ကျီကို ပြန်ကြည့်သောအခါ သူမတို့နှင့် သိပ်မထူးခြားသည်ကို တွေ့ရသည်။

ဒါကလည်း မဆန်းပါဘူးလေ…အရင်က အိမ်မှာ အလုပ်လုပ်နိုင်သူ တစ်ယောက်တည်းရှိပြီး လူငါးယောက်ကို ကျွေးနေရတာ မဟုတ်လား…

ဆင်းရဲနွမ်းပါးမှုမျဉ်းအထက်မှာ ရှိနေသည်ဆိုဦး…ဘဝသည်ကား တကယ်ကို ခက်ခဲခဲ့၏။ လင်းကျန့်ဝမ်သည်လည်း အလုပ်ရုံမှာ အပယ်ခံရပြီး အလုပ်များလည်း များလွန်းသဖြင့် ပင်ပန်းနွမ်းနယ်ကာ ကျန်းမာရေး သိပ်မကောင်းခဲ့ပေ။ ရာသီကူးတိုင်း သူ ဖျားတတ်သည်။

ထိုအခါ ပိုက်ဆံလည်း ကုန်ပြန်၏။

ထို့ကြောင့် သူတို့အိမ်၏ အခြေအနေမှာ တကယ်ကို မကောင်းခဲ့ခြင်း ဖြစ်သည်။

ဗိုက်ဝအောင် စားဖို့ပင် ခက်ခဲနေသည့် ဘဝတွင် အခြားအရာများမှာ ဒုတိယဦးစားပေးသာ ဖြစ်ခဲ့ပေလိမ့်မည်။

ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး

"ကျွန်မ ဝါဂွမ်းတွေ အများကြီးပိုလဲခဲ့မယ်၊ အမေလည်း အင်္ကျီအသစ် တစ်ထည်လုပ်ပါ"

အဘွားကြီးကျောက်၏ မျက်လုံးများ ပြူးထွက်သွားပြီး ချန်ချင်းယွီကို မယုံကြည်နိုင်သလို ကြည့်နေသည်။ ချန်ချင်းယွီသည် သူမအပေါ် စေတနာအမှန် မရှိသည်ကို သူမသိ၏။ ပုံမှန်ဆိုလျှင် ကောင်းနိုးရာရာ စားစရာရှိသည့်တိုင် သူမအတွက် ချန်မထားတတ်ပေ။

အခုတော့... မမျှော်လင့်ဘဲ…

အဘွားကြီးကျောက် ဝမ်းသာလွန်း၍ မျက်ရည်ကျလုလုပင်..

ဘုရားရေ။

တကယ်ကို ကံကောင်းတာပဲ၊ ချန်ချင်းယွီက နောက်ဆုံးတော့ လူလိုသူလို ပြုမူတတ်လာပြီ…

ချန်ချင်းယွီ - "......"

ဒီလောက်အထိ ဖြစ်ဖို့ လိုလို့လား…

အင်္ကျီလေး တစ်ထည်ပဲလေ…

အပိုတွေမလုပ်စမ်းနဲ့ ကြက်သီးထလိုက်တာ…

ချန်ချင်းယွီ ဘာမှမပြောရသေးခင်မှာပင် အဘွားကြီးကျောက် စိတ်အားထက်သန်စွာနှင့်

"ချွေးမရေ၊ နင် စိတ်ချလိုက်စမ်းပါ။ ငါတို့ ဘဝတွေ သေချာပေါက် တိုးတက်လာမှာ… ဘယ်သူကများ ငါတို့အိမ်ကို လာပြီး ပြဿနာရှာရဲမလဲ၊ နင်တောင် ထွက်လုပ်စရာမလိုဘူး၊ ငါပဲ အကုန်လုံးကို အပြတ်ရှင်းပစ်မယ်..."

ချန်ချင်းယွီ : "အင်း။"

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာနှင့်

"ဘယ်သူမှ ငါတို့အိမ်ကို အခွင့်အရေး လာမယူစေရဘူး…ငါတို့ ယောက္ခမနဲ့ ချွေးမ နှစ်ယောက်ပေါင်းရင် ဒီဝင်းတစ်ခုလုံးကို သိမ်းကျုံးအောင်နိုင်ရမယ်.."

ချန်ချင်းယွီ : "အင်း၊ အင်း။"

အဘွားကြီးကျောက် လက်ကိုပွတ်ရင်း

"ဒါနဲ့၊ ဝါဂွမ်းကို ဝယ်လို့ရပါ့မလား။ အဲဒါက ဝယ်ရခက်တယ် မဟုတ်လား"

ချန်ချင်းယွီ : "ရှာကြည့်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် လူကတော့ အအေးမိပြီး အသေမခံနိုင်ဘူးလေ"

"ဟုတ်တယ်၊ ဟုတ်တယ်။"

"ဒါပေမဲ့ ငါတို့အားလုံး ဂွမ်းအင်္ကျီအသစ်တွေ ဝတ်ထားရင် သူများတွေက သံသယဝင်ကုန်ကြမှာ မဟုတ်လား"

အဘွားကြီးကျောက်မှာလည်း သတိတရား သတိလေးတော့ ရှိနေသေး၏။

ချန်ချင်းယွီ : "အင်္ကျီအသစ်ချုပ်ပြီးရင် အတွင်းထဲကနေ ခံဝတ်ထားလေ၊ အပြင်ကို မထုတ်ပြရင် ရတာပဲ မဟုတ်လား… အပြင်ထွက်ရမယ်ဆိုရင်လည်း အပေါ်ကနေ အင်္ကျီအဟောင်း တစ်ထည် ထပ်ဝတ်လိုက်ပေါ့။ ဒါမှမဟုတ် မယုံကြည်သေးရင် အင်္ကျီအဟောင်းကိုပဲ အပေါ်ယံကနေ ပြန်ကပ်ချုပ်ထားလိုက်လေ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါ ကောင်းတယ်.."

ယောက္ခမနှင့် ချွေးမနှစ်ဦး တိုင်ပင်ပြီးနောက် ချန်ချင်းယွီ လိုအပ်သည်များကို ပြန်တွက်ချက်နေသည်။

တကယ်ပါ… လူနေမှုဘဝဆိုတာ ဒီလိုပါပဲ…အရာအားလုံးက လိုအပ်နေသလို ခံစားနေရတာ…

ဒီနေ့ ဒါလေးလိုလိုက်…မနက်ဖြန် ဟိုဟာလေး ပြတ်သွားလိုက်နှင့်..

အားလုံးကို ပြည့်စုံအောင် လုပ်ရမည်ဆိုလျှင် ပိုက်ဆံလည်း အတော်ကုန်ပေလိမ့်မည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဂွမ်းင်္အကျီသည်ကား မရှိမဖြစ် လိုအပ်၏။ ချန်ချင်းယွီတို့ သားအမိများသာမက အဘွားကြီးကျောက်

ကိုယ်တိုင်သည်လည်း နေ့တိုင်း အလုပ်သွားနေရသူဖြစ်ရာ အနွေးထည် အထူကြီး မဝတ်ထားလျှင် တကယ်ကို အဆင်ပြေမည် မဟုတ်ပေ။

အဘွားကြီးကျောက်သည်လည်း စတင်တွက်ချက်တော့သည်။

"ငါတို့ရဲ့ ဂွမ်းအဟောင်းတွေကို ပြန်ဖွပြီး စောင်တစ်ထည်လောက် လုပ်လို့ရတယ်၊ အဲဒါဆို ဆောင်းတွင်းမှာ ပိုနွေးတာပေါ့။"

ချန်ချင်းယွီ : "ကောင်းပြီလေ။"

အဘွားကြီးကျောက် : "နင်သိတဲ့အတိုင်းပဲ၊ ပိုက်ဆံသုံးရမယ့်နေရာတွေက တကယ့်ကို များလွန်းတယ်..."

သူမမှာ ဘာမှပြန်မပြောဘဲ တိတ်နေသည့် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်လိုက်၏။

ချန်ချင်းယွီသည် ယခုအချိန်တွင် ပိုက်ဆံကိစ္စနှင့် ပတ်သက်၍ အဘွားကြီးကျောက်နှင့် အငြင်းအခုန် မလုပ်ချင်ပေ။ အိမ်တစ်အိမ်တည်းမှာ အတူနေနေကြသည်ဖြစ်ရာ အဘွားကြီးကျောက် လိမ္မာပါးနပ်စွာ ပူးပေါင်းဆောင်ရွက်နေသရွေ့ သူမဘက်မှ အနည်းငယ် ပိုပေးရသည်ကို စိတ်မရှိပေ။ သို့သော် အကယ်၍ အဘွားကြီးကျောက် ရန်စလာလျှင်တော့ သူမ သေချာပေါက် သည်းခံမည်မဟုတ်ပေ။

ချန်ချင်းယွီသည် အတင်းအကျပ်ခိုင်းစေခြင်းထက် နူးညံ့စွာ ပြောဆိုစည်းရုံးခြင်းကို ပို၍ လက်ခံတတ်သူမျိုးဖြစ်သည်။

အခြေအနေပေးလျှင် သူမ လက်မပါချင်ပေ…

ကံကောင်းထောက်မစွာဖြင့် အဘွားကြီးကျောက်သည် မကြာသေးခင်ကာလများအတွင်း အတော်လေး လိမ္မာနေပြီး အိမ်မှုကိစ္စအဝဝကိုလည်း ကူညီကိုင်တွယ်ပေးနေ၏။

"ဟူး... ဒီဘက်ခေတ်မှာ မုဆိုးမတစ်ယောက်ဖြစ်ရတာ တကယ်ကို ခက်ခဲပါလား"

ချန်ချင်းယွီ သက်ပြင်းချလိုက်ပြီးနောက်

"ကျွန်မ မကြာခင် ချဲယုံဖုန်းဆီကို သွားဖို့ စဉ်းစားထားတယ်၊ သူ့ကိုတော့ ချန်ထားလို့ မဖြစ်ဘူးလေ"

အဘွားကြီးကျောက် ချက်ချင်း ခေါင်းညိတ်ပြကာ

"ကောင်းတယ်၊ အဲဒီလူယုတ်မာကို ငါ သင်ခန်းစာပေးချင်နေတာ ကြာပြီ။ အော်... ဒါနဲ့၊ လီတာ့ရှန်းတစ်ယောက် အလုပ်ရုံမှာ အခြေအနေ မဟန်ဘူးလို့ ကြားတယ်။ သူက နှစ်ခါဆက်တိုက် အိမ်သာကျင်းထဲ ခုန်ချခဲ့တာဆိုတော့ ဘယ်သူက ခံနိုင်မှာလဲ။ လူတိုင်းက သူ့ကို ရှောင်နေကြတာ။ တကယ်လို့ ချဲယုံဖုန်းသာ အလုပ်ရုံမှူး မဟုတ်ရင် ဘယ်သူမှ သူ့ကို ဂရုစိုက်ကြမှာ မဟုတ်ဘူး။ ဒီလိုညစ်ပတ်တဲ့ကိစ္စကို ဘယ်သူက ရွံရှာတာမျိုး မဖြစ်ဘဲ နေမှာလဲ။ မဖြစ်ဘူးဆိုရင်တောင် ဒီလို နိမိတ်မကောင်းတဲ့သူမျိုးကို လူတော်တော်များများက..."

"ကျွန်မတော့ မခံစားနိုင်ဘူး.."

ချန်ချင်းယွီ အံ့သြတကြီး ရေရွတ်လိုက်ကာ

"အမေက သတင်း တော်တော်နှံ့တာပဲ..ဒါတွေကိုတောင် သိနေတယ်ပေါ့။"

အဘွားကြီးကျောက် သက်ပြင်းချကာ

"ဟယ်... ထမင်းစားဆောင်ဆိုတာ အတင်းပြောကြတဲ့ ဗဟိုဌာနကြီးလေ။ ငါတို့ မသိတာ ဘာရှိမှာလဲ။ နောက်ပြီး သူ အိမ်သာကျင်းထဲ ခုန်ချတဲ့ကိစ္စက တကယ့်ကို ခေါင်းစဉ်ကြီး ဖြစ်နေတာ… လူတွေ ပြောနေကြတာကတော့ သူနဲ့ သူ့မိန်းမက သရဲစီးနေတာ (သရဲပူးနေတာ) ဖြစ်ရမယ်တဲ့"

ချန်ချင်းယွီ ရယ်မောရင်း

"အဲဒါ မကောင်းဘူးလား..သရဲစီးတယ်ဆိုတော့ တကယ့်ကို ထူးခြားနေတာပေါ့.."

အဘွားကြီးကျောက်မှာ ပြောစရာ စကားလုံးပင် ပျောက်ရှသွားသည်။

ချန်ချင်းယွီ : "သူတို့က သူများကို ဝိုင်းပယ်ဖို့ ကြိုးစားနေကြတာဆိုတော့၊ အခု သူတို့ကိုယ်တိုင် ဝိုင်းပယ်ခံရတဲ့ အရသာကို ခံစားကြည့်ကြတာပေါ့"

"မှန်တယ်"

အမှန်အတိုင်း ပြောရလျှင် လီတာ့ရှန်းသည် မကြာသေးခင်ကာလ၌ တကယ်ကို အခြေအနေ မကောင်းလှပေ။ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ ပြောသလိုပင် သူသည် ဝိုင်းပယ်ခံထားရပြီး ဖိအားများအများကြီးအောက် ရောက်နေ၏။

လူတွေက ဘာလို့ သူ့ကို ရှောင်နေကြတာလဲ…

ပထမအချက်မှာ သူ သရဲစီးခံရပြီး နိမိတ်မကောင်းဘူးဟု ထင်ကြခြင်းဖြစ်သည်။ ဒုတိယအချက်မှာကား အိမ်သာကျင်းထဲ ခုန်ချခဲ့သည့်အတွက် ကံဆိုးသူဟု သတ်မှတ်ကြခြင်းဖြစ်၏။

မည်သို့ပင်ဖြစ်ဖြစ် ကံဆိုးမည့်သူဟု ထင်ကြသဖြင့် လူတိုင်းမှာ အလိုအလျောက်ပင် ဝေးဝေးက ရှောင်ကြသည်သာ…

ညစ်ပတ်တာကို အသာထားဦး၊ တကယ်ပဲ သရဲခြောက်နေတာဆိုရင် ကိုယ့်ဆီပါ သရဲတွေ ကပ်ပါလာမှာကို ဘယ်သူက မကြောက်ဘဲ နေမှာလဲ…

အမယ်လေး… ကျောတောင်စိမ့်တယ်..

ထို့ကြောင့် အလုပ်ရုံထဲတွင် မည်သူမှ သူ့အနား မကပ်ရဲကြပေ။ လီတာ့ရှန်းသည် အဆင့် (၆) ကျွမ်းကျင် အလုပ်သမား ဝန်ထမ်းတစ်ဦးဖြစ်ပြီး ချဲယုံဖုန်း၏ ဆွေမျိုးလည်း ဖြစ်သဖြင့် အမြဲတမ်း အမြှောက်ပင့်ခံ၊ မျက်နှာချိုသွေးခံခဲ့ရသူ ဖြစ်၏။ ယခုမူ အခြေအနေများရုတ်တရက် ပြောင်းလဲသွားပြီး ကွာခြားချက်မှာ အလွန်ကြီးမားလွန်းသဖြင့် သူ မခံစားနိုင်လောက်အောင် ဖြစ်နေရသည်။

နေ့တိုင်း အလုပ်သွားရသည်မှာ အသုဘသွားရသကဲ့သို့ စိတ်မချမ်းမြေ့စရာ ကောင်းနေ၏။

သရဲခြောက်ခံရပြီး အိမ်သာကျင်းထဲ ခုန်ချခဲ့ရသည်ကပင် စိတ်ဖိစီးစရာ အလုံအလောက် ဖြစ်နေခဲ့ပြီး၊ ယခုထိုကိစ္စကြောင့်ပင် ဝင်းထဲရှိ အိမ်နီးချင်းများပါ သူ့အိမ်ကို ရှောင်နေကြ၏။ သမီးနှင့် သမက်သည်လည်း သူ့ကို အပြစ်တင် ညည်းညူနေကြသည်။ အလုပ်မှာပင်လျှင် သူ့ကို လက်ညှိုးထိုးပြီး အတင်းပြောနေကြကာ မည်သူမှ သူ့စက်နားမှာ မရပ်ရဲကြပေ။

အလုပ်လွှဲပြောင်းပေးရမည့် တာဝန်ရှိသည့် အချိန်မျိုးမှလွဲ၍ လူတိုင်းက သူ့ကို အဝေးကပင် ရှောင်ကြ၏။

ထို့ကြောင့် လီတာ့ရှန်းသည် တကယ်ကို စိတ်ဓာတ်ကျနေပြီး တစ်နေ့ကုန် သက်ပြင်းချနေရသည်။ သူနှင့် သူ့မိန်းမ မျက်နှာပြလိုက်သည်နှင့် လမ်းကြားထဲရှိ လူတိုင်း လျှပ်စစ်မီးပွင့်သကဲ့သို့ အဝေးသို့ ရှောင်ထွက်သွားကြ၏။

မျက်နှာနာတတ်သည့် အလုပ်ရုံမှ လူများနှင့်စာလျှင် အိမ်နီးချင်းများမှာ ပို၍ပင် ဆိုးသည်။ အလုပ်တူတူ လုပ်နေကြသည် မဟုတ်သဖြင့် အလုပ်ဆင်းချိန်တွင် လူတိုင်းတစ်ယောက်ကိုတစ်ယောက် ရှောင်ဖယ်နေကြရုံသာ။ အချုပ်

အားဖြင့် လီတာ့ရှန်းသည် အလွန်ကြီးမားသော ဖိအားအောက် ရောက်နေ၏။ သူသည် မိုးမိပြီး ဖျားကာ မူးလဲသွားခဲ့သဖြင့် ဆေးရုံမှာ ငါးရက်တောင် တက်ခဲ့ရသေးသည်… ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှစ်ဖက်ညှပ် တိုက်ခိုက်ခံလိုက်ရခြင်းပင်။

ယခု သူ အလုပ်ပြန်ဝင်နေသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်၏။

သို့သော် အခြေအနေမှာ တိုးတက်မလာပေ။ လူအများမှာ သူ အိမ်သာကျင်းထဲ ခုန်ချခဲ့သည့်ကိစ္စကို မေ့နိုင်ပုံမရကြဘဲ၊ သူနှင့်အတူ ထမင်းလက်ဆုံ စားမည့်သူ တစ်ယောက်မှ မရှိသဖြင့် သူသည် ညစ်ပတ်သည့် အရာတစ်ခုနှယ် ဖြစ်နေသည်။ လီတာ့ရှန်းသည် တကယ်ကို စိတ်မကောင်းဖြစ်နေပြီး အားအင်လည်း ကုန်ခမ်းနေ၏။

ညနေတိုင်း အိမ်တိုင်းလိုလို ဝင်းထဲမှာ စုပြီး အတင်းပြောနေကြသော်လည်း သူနှင့် သူ့မိန်းမမှာမူ ပါဝင်ခွင့်မရှိပေ။ သူတို့ ပေါ်လာသည်နှင့် လူတိုင်း အိမ်ပြန်ကုန်ကြသည်။

မည်မျှပင် မျက်နှာပြောင်သည်ဖြစ်စေ၊ သူတို့လည်း မခံစားနိုင်တော့သဖြင့် အိမ်ထဲ၌သာ အောင်းနေကြရ၏။

ညဉ့်နက်သော်လည်း လီတာ့ရှန်းမှာ ဟိုလှည့်ဒီလှည့်နှင့် အိပ်မပျော်နိုင်

ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ"

မိန်းမဖြစ်သူမှ မေးလိုက်ရာ လီတာ့ရှန်း သက်ပြင်းချပြီး

"ဘာမှမဟုတ်ပါဘူး၊ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေလို့ပါ"

လီတာ့ရှန်း၏ ဇနီးသည်မှာလည်း စိတ်မအေးရပေ။ အလုပ်မှာ အလုပ်များနေသဖြင့် လူအများရှောင်သည်ကို မတွေးအားသည့် လီတာ့ရှန်းနှင့်မတူဘဲ၊ သူမမှာမူ အိမ်မှာနေရသူဖြစ်ရာ ပို၍ ခံစားရ၏။ ယခင်ဆိုလျှင် သူမသည် အာဏာရှိသော ဆွေမျိုးရှိသဖြင့် ဝင်းထဲတွင် အလွန်ဂုဏ်ယူ ဝင့်ကြွားခဲ့သူ ဖြစ်ပြီး လူအများမှာ သူမကို မျက်နှာချိုသွေးခဲ့ကြသည်။

ယခု သူမ ပေါ်လာတိုင်း လူအများမှာ သရဲမြင်သကဲ့သို့ ထွက်ပြေးနေကြ၏။

ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မှာလဲ…

တစ်ယောက်တည်း ဖြစ်နေရသည်မှာ တကယ်ကို နေရခက်လှပြီး တစ်ဖက်မှာလည်း သူမ သရဲကြောက်နေသည်။ သရဲမှာ တစ်ကြိမ်၊ နှစ်ကြိမ် ပေါ်လာနိုင်လျှင် နောက်ထပ်လည်း ထပ်ပေါ်လာနိုင်သည် မဟုတ်လော့။ နေ့ဘက်တွင် ထိုသို့သော သတင်းမျိုး မကြားရသော်လည်း တစ်ယောက်တည်းရှိနေချိန်တိုင်း သူမ စိတ်ထဲ မလုံမလဲ ဖြစ်နေရ၏။

သူမသည် ယခုရက်ပိုင်းအတွင်း တကယ်ကို ခါးသီးနာကျင်မှုများဖြင့် ပြည့်နှက်နေရသည်။ သူမသည် သက်ပြင်းတစ်ချက်ချကာ ထထိုင်လိုက်ပြီး

"ကျွန်မ ဘာလုပ်ရမလဲ.. ဒီဝင်းထဲက ကျေးဇူးမသိတဲ့လူတွေကိုလည်း ကြည့်ဦး… အရင်ကတော့ အိမ်နီးချင်းကောင်းတွေလိုလိုနဲ့၊ အခု ကျွန်မတို့မိသားစု တစ်ခုခုဖြစ်တော့မှ အားလုံးက ရှောင်ဖယ်နေကြတယ်။ ကျွန်မကို ဖားခဲ့ကြတဲ့နေ့တွေကို မေ့သွားကြပြီ၊ အဲဒီအသုံးမကျတဲ့ဟာတွေ..တစ်ယောက်မှ အားကိုးလို့မရဘူး"

လီတာ့ရှန်း မျက်တောင်တစ်ချက်

ပင့်ကြည့်ကာ

"ဘယ်က ကျေးဇူးမသိတဲ့သူတွေလဲ..လျှောက်မပြောစမ်းပါနဲ့။ မင်းက သူတို့အတွက် ဘာလုပ်ပေးဖူးလို့ ကျေးဇူးမသိဘူးလို့ ပြောနေတာလဲ.. တစ်ယောက်ယောက်ကြားသွားရင် မင်းပါးကို ရိုက်လိမ့်မယ်။ အခု လူတိုင်းပြောနေကြတာက ငါတို့မိသားစုက မကောင်းတာတွေ အများကြီးလုပ်ခဲ့လို့ အခု ဝဋ်လည်နေတာတဲ့။ ပြဿနာတွေ နည်းနေသေးလို့လား..”

အဒေါ်ကြီးလီ ယခုတစ်ကြိမ်တွင် တိတ်သွား၏။ သူမ နောက်တစ်ကြိမ် သက်ပြင်းချကာ

"အဘိုးကြီး၊ သူတို့ ရှောင်တာကိုတော့ ငါလက်ခံပါတယ်။ ဒါပေမဲ့ နင် တစ်ခုခုတော့ စဉ်းစားဦးမှပေါ့..ဟိုသရဲကော … သူ နောက်ထပ် ပြန်လာဦးမယ်လို့ ထင်လား.."

ဒါက သူတို့အကြောက်ဆုံးအရာပင်…

လီတာ့ရှန်း ဘာမှပြန်မပြောဘဲ တိတ်နေသည်။

"တစ်ခုခု ပြောဦးလေ…"

"ငါ ဘာပြောရမှာလဲ..ငါတစ်ယောက်တည်းနဲ့ သရဲကို ဘယ်လိုတိုက်မလဲ..”

တစ်စုံတစ်ယောက် သူတို့ကို နောက်ပြောင်နေသည်ဟု သူတို့မထင်ကြပေ။ သူတို့ တကယ်ပဲ သရဲမြင်ခဲ့ရသည်ဟု ခံစားနေရ၏။ ထိုအကြောင်းကို တွေးမိရုံနှင့် သူတို့ တုန်လှုပ်နေကြသည်။

"ငါတို့ ဘာလုပ်သင့်သလဲ..”

လီတာ့ရှန်း မေးလိုက်၏။

"တရားဟောဆရာ ဒါမှမဟုတ် ဘုန်းကြီးတစ်ပါးလောက် ရှာကြည့်ရင်ကော..."

အဒေါ်ကြီးလီ အကြံပြုသည့်အနေဖြင့် တိုးတိုးလေး ပြောလိုက်သည်။

လီတာ့ရှန်း လန့်သွားပြီး

"ပါးစပ်ပိတ်စမ်း..ဒါက လုံးဝမဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး… နင် ရူးနေတာလား… နင် တရားဟောဆရာနဲ့ ဘုန်းကြီးတွေ ရှာနိုင်ရင်တောင် သူတို့ကို သုံးရဲလို့လား.. အဲလိုလုပ်လိုက်တာနဲ့ တစ်ယောက်ယောက်က နင့်ကို မိရိုးဖလာ အယူသီးမှုလုပ်တယ်ဆိုပြီး သွားတိုင်လိမ့်မယ်ဆိုတာ မယုံဘူးလား… ထောင်ထဲသွားချင်လို့လား… တကယ်လို့ နင် ထောင်ကျသွားရင် နင့်ခမည်းခမက်တွေက သမက်ကို ငါတို့သမီးနဲ့ သေချာပေါက် ကွာရှင်းခိုင်းလိမ့်

မယ်.. ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ..”

"ရှင်သိတဲ့အတိုင်းပဲ၊ ဒီမှာ အရာအားလုံးက အဆင်ပြေနေတာလေ။ တခြားလူတွေရဲ့ မိသားစုတွေကျတော့ အေးအေးဆေးဆေးပဲကို၊ ဘာလို့ တို့မိသားစုကျမှ သရဲခြောက်နေရတာလဲ…ဟီးဟီး... အဟင့်~"

လီတာ့ရှန်းသည် ရုတ်တရက် လင်းကျန့်ဝမ်ကို သတိရသွားသည်။ သူမြင်နေရသည့် သရဲမှာ လင်းကျန့်ဝမ် ဖြစ်လိမ့်မည်ဟု သူ အမြဲတမ်း ခံစားနေရ၏။ သူ့မိန်းမမှာ အမျိုးသမီးသရဲဟု ပြောသော်လည်း သူမ မှားနေသည်ဟု သူ ထင်နေဆဲပင်။ ဤသရဲမှာ လင်းကျန့်ဝမ် ဖြစ်ရန် အခွင့်အလမ်း အများဆုံးဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အရင်က ဒါမျိုးတွေ မဖြစ်ဖူးဘူးလေ…

လင်းကျန့်ဝမ် သေပြီး မကြာခင်မှာပင် သူ့မိသားစု သရဲခြောက်ခံရခြင်း ဖြစ်၏။

ကြည့်လေ၊ လင်းကျန့်ဝမ် သေတဲ့နေ့က သူကိုယ်တိုင် လင်းကျန့််ဝမ်ကို အချိန်ပိုဆင်းဖို့ တမင်စီစဉ်ခဲ့တာ…လူ သေသွားပြီဆိုမှတော့ သူ သရဲခြောက်ခံရတာ မဆန်းဘူးပေါ့..

လီတာ့ရှန်း ထထိုင်လိုက်ပြီး ဆေးတံကို ထုတ်ကာ

"ငါ လင်းကျန့်ဝမ်ကို အချိန်ပိုဆင်းခိုင်းပြီး မနှိပ်စက်ခဲ့သင့်ဘူး။ တကယ်လို့ သူ အချိန်ပိုမဆင်းခဲ့ရင်၊ သာမန်စက်ရုံအလုပ်သမားတစ်ယောက်ဖြစ်တဲ့ သူက သူခိုးနဲ့ ဘယ်လိုလုပ် သတ်ပုတ်မိပြီး အသက်ဆုံးရှုံးရမှာလဲ…နောက်ဆုံးတော့ ဒါ ငါ့အမှားပါပဲ"

သူ ဝမ်းနည်းပူဆွေးစွာဖြင့်

"သူ အခု ကလဲ့စားလာချေတာက သဘာဝကျပါတယ်။ ငါသာ သူ့နေရာမှာဆိုရင်လည်း ကလဲ့စားလာချေမှာပဲ"

လူဆိုသည်မှာ များသောအားဖြင့် အပြစ်ရှိစိတ်ကြောင့်သာ စိတ်လှုပ်ရှားတတ်ကြရာ၊ အမျိုးသမီးသရဲဟု သံသယရှိလျှင်ပင် လင်းကျန့်ဝမ်အပေါ် မကောင်းတာလုပ်ထားခဲ့သဖြင့် သူ့ကိုသာ ပြေးမြင်ကြပြီး အလိုလိုပင် အပြစ်ရှိသလို ခံစားရသည်။ လီတာ့ရှန်းသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း လုံးဝယုတ်မာသည့်သူတော့ မဟုတ်ပေ။ လင်းကျန့်ဝမ်၏ မမျှော်လင့်ဘဲ သေဆုံးမှုအတွက် သူ တကယ်ပင် နောင်တရမိ၏။

ထို့ကြောင့် သရဲပေါ်လာသည့်အခါ သူသည် လင်းကျန့်ဝမ်ဟု ချက်ချင်း တွေးလိုက်ခြင်းဖြစ်သည်။

"ဒါဆို... ဒါဆို ဘယ်သူက သူ့ကို သူ့သမက်ရဲ့ အလုပ်နေရာကို လုခိုင်းလို့လဲ..."

လီတာ့ရှန်း၏ လေသံမှာ တည်ငြိမ်သော်လည်း အားကိုးရာမဲ့နေပုံရသည်။

"သူက စာမေးပွဲမှာ အမှတ်ကောင်းလို့ ရခဲ့တာလေ၊ အဲဒါကို ဘယ်လိုလုပ် လုတယ်လို့ ခေါ်မလဲ…မင်းက အခုထိ ဒါမျိုးတွေ ပြောရဲသေးတာလား၊ သေချင်လို့လား..”

အဒေါ်ကြီးလီ လန့်သွားပြီး လည်ပင်းကို ကျုံ့ကာ ဘာမှမပြောရဲတော့ပေ။ သို့သော် ချက်ချင်းပင် အပြစ်ကို လွှဲချလိုက်၏။

"ဒါတွေအားလုံးက ချဲယုံဖုန်းကြောင့်ပဲ၊ သူက ရှင့်ကို လင်းကျန့်ဝမ်ကို ပစ်မှတ်ထားဖို့ ခိုင်းခဲ့တာ။ ချဲယုံဖုန်းရဲ့ အမှားတွေချည်းပဲ… သူက အလုပ်ရုံမှူး၊ ခေါင်းဆောင်ရဲ့ သမက် ဖြစ်နေပြီးတော့ သူ့ညီအတွက်တောင် အမြဲတမ်းဝန်ထမ်းအလုပ်တစ်ခု မစီစဉ်ပေးနိုင်ဘူး။ သူကိုယ်တိုင် အသုံးမကျတာ သိသာနေတာကို၊ လင်းကျန့်ဝမ်က စာမေးပွဲမှာ အမှတ်ကောင်းလို့ဆိုပြီး ရန်ငြိုးထားတယ်။ ငါတို့အပေါ် ဘယ်လိုလုပ် အပြစ်ပုံချလို့ ရမှာလဲ… လင်းကျန့်ဝမ်ကို နှိပ်စက်ဖို့ ရှင့်ကို အမြဲခိုင်းနေတာ သူ မဟုတ်ဘူးလား.. မဟုတ်ရင် ရှင်က ဘယ်လိုလုပ် လုပ်ရဲမှာလဲ..”

ပြောရင်းပြောရင်းဖြင့် ပို၍ပင် သေချာလာကာ

"ဟုတ်တယ်၊ အားလုံးက ချဲယုံဖုန်းရဲ့ အမှားတွေ၊ အားလုံးက သူ့အမှားတွေပဲ။ သူက အသုံးမကျဘူး၊ သူ့မိန်းမကိုလည်း အလိုမလိုက်နိုင်ဘူး၊ ဘာအကျိုးအမြတ်မှလည်း မရဘူး၊ ဒါပေမဲ့ ကျွန်မတို့အပေါ်မှာတော့ အခွင့်အရေး ယူတယ်။ ကြည့်စမ်း၊ ဒီသရဲကိစ္စက တို့မိသားစုကို ခြောက်လှန့်နေပြီ၊ ငါတို့ သူ့ကို တကယ်သွားရှာသင့်တယ်"

သရဲအကြောင်း ပြောလိုက်သည်နှင့် သူတို့နှစ်ဦးစလုံး အလွန်ကြောက်သွားကြသည်။

"တာ့ရှန်း၊ ဒီသရဲဇာတ်လမ်းတွေက တကယ်ပဲ ဖြစ်နိုင်လို့လား..”

လီသရှန်း : "ငါ ဘယ်လိုပြောရဲမှာလဲ... ကြည့်လေ... သရဲတွေက လူကို မကြောက်ကြဘူး"

"ခွေးနက်သွေး၊ သရဲတွေက ခွေးနက်သွေးကို ကြောက်တယ်လို့ ငါကြားဖူးတယ်..."

လီသရှန်း : "အဲဒါကို ငါတို့ ဘယ်မှာသွားရှာမလဲ... တောခွေးတွေကိုလည်း ငါတို့ မဖမ်းနိုင်ဘူး၊ လျှိုကျင့်ရဲ့ ရည်စားတောင် ခွေးကိုက်ခံရသေးတာပဲ၊ ငါတို့ဆိုရင် ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး"

"ဒါဆိုရင်... ကြက်ဖသွေး၊ ကြက်ဖသွေးက မိစ္ဆာတွေကို မောင်းထုတ်နိုင်တယ်လို့ ကျွန်မကြားဖူးတယ်၊ ကျွန်မတို့ တစ်ခုခုထဲ ထည့်ပြီး ကိုယ်နဲ့မကွာ ဆောင်ထားရင်ကော... တကယ်လို့ သရဲကို တွေ့ရင် အဲဒါနဲ့ ပက်လိုက်လို့ရတာပေါ့၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကောင်းပါတယ်။ ရှင်ဘယ်လိုထင်လဲ... မဟုတ်ရင် ဘာမှမရှိဘဲနဲ့ ကျွန်မ စိတ်မအေးနိုင်ဘူး"

လီတာ့ရှန်း : "ဒါလည်း ဟုတ်တာပဲ"

နောက်တစ်ခါ သရဲက ဘယ်အချိန်မှာ ထပ်ပေါ်လာမလဲ ဘယ်သူသိမှာလဲ…

ကြိုတင်ပြင်ဆင်ထားတာကတော့ သေချာပေါက် ပိုကောင်းတာပဲ…

လီတာ့ရှန်း ပြတ်သားစွာဖြင့် အခိုင်အမာဆိုလိုက်၏။

"ငါ အခုပဲ မှောင်ခိုဈေးကို သွားလိုက်မယ်"

"ကြက်ဖတစ်ကောင်ကို စောစောရလေ၊ ငါတို့ ပိုပြီး စိတ်အေးရလေပဲ"

သူသည် ချက်ချင်းထွက်ရန် အဝတ်အစားများ စတင်လဲလှယ်တော့သည်။ အပြင်မှာ မှောင်ပြီး ကြောက်စရာကောင်းသော်လည်း မှောင်ခိုဈေးမသွားဘဲ ထိုအရာမျိုးကို ဝယ်၍မရနိုင်ပေ။ ဘာပဲဖြစ်ဖြစ် သွားရတော့မည်ဖြစ်ရာ သူ သတ္တိမွေးပြီးသာ သွားရတော့မည်။

"မိန်းမ... ဒီညကြီးဆိုတော့..."

"နေ့ခင်းကြောင်တောင် မှောင်ခိုဈေးကို သွားရဲလို့လား..အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ…"

"အင်း... မင်း ပြောတာလည်း ဟုတ်သားပဲ..”

လီတာ့ရှန်း ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။ သူသည် နေ့ဘက်တွင် အလုပ်သွားရမည်ဖြစ်ပြီး၊ အိမ်သာကျင်းထဲ ခုန်ချခဲ့သည့်ကိစ္စကြောင့် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသူဖြစ်သည်။ နေ့ဘက်တွင် မှောင်ခိုဈေးသွားခြင်းမှာ အလွန်

သိသာလွန်းလှ၏။ သရဲမှာ ကြောက်စရာကောင်းသော်လည်း အဖမ်းခံရပြီး ထောင်နန်းစံရမည်မှာလည်း ထပ်တူပင် ကြောက်စရာကောင်းသည်သာ…

နှစ်ခုကို ချိန်ဆကြည့်ပြီးနောက် သရဲမြင်ရသည်မှာ သည်းခံနိုင်စရာဖြစ်သည်ဟု သူခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် အလုပ်မရှိ၊ ပိုက်ဆံမရှိဖြစ်နေမည့်အစား သရဲမြင်ရသည်ကမှ တော်သေးသည်ဟု တွေးမိသောကြောင့်ပင်။

"ဒါဆိုရင် ဟင်းချက်ဓားတစ်လက် ယူသွားဦး။"

လီတာ့ရှန်း စကားပင်မထွက်နိုင်တော့ဘဲ

"သရဲတွေက ဟင်းချက်ဓားကြောက်တယ်လို့ ဘယ်တုန်းက ကြားဖူးလို့လဲ... အသုံးမကျတဲ့ ဒီပစ္စည်းက တကယ့်အရှက်ရစရာကြီး.. ဒီလိုမှန်းသိရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက နယ်ဘက်ဆင်းပြီး မက်မွန်သားဓား တစ်လက်လောက် သွားရှာထားရမှာ။ အဲဒါဆိုရင်တော့ အထိုက်အလျောက် အသုံးဝင်ဦးမယ်"

"ဘာပဲဖြစ်ဖြစ် ယူသွားစမ်းပါ။ သရဲမဟုတ်ရင်တောင် ဓားပြရန်က ကာကွယ်တာပေါ့။ အဘိုးကြီး... လမ်းတစ်လျှောက်မှာရှိတဲ့ အိမ်သာတွေကိုလည်း မျက်စိကစားသွားဦး။ တကယ်လို့ သရဲတွေ့ရင် အိမ်သာကျင်းထဲသာ ခုန်ချလိုက်။ ရွံစရာကောင်းပေမဲ့ တကယ်အလုပ်ဖြစ်တယ်နော်။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မတို့ ခုန်ချလိုက်တော့ သရဲပျောက်သွားတာ ရှင်တွေ့သားပဲ။ တကယ်ထိရောက်တာ။"

လီတာ့ရှန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။

သိက္ခာနှင့် အသက်ကို ရွေးရလျှင် သူသည် အသက်ကိုသာ ရွေးမည်ဖြစ်သည်။

တကယ်လို့ တခြားနည်းလမ်းမရှိတော့ရင် သူ ခုန်ချလိုက်မည်သာ…

"ကဲ... ငါသွားပြီ။"

"စောစောပြန်လာနော်။"

"စိတ်မပူပါနဲ့။"

ညဉ့်နက်သန်းခေါင်၊ လေတိုက်ပြီး ကောင်းကင်တစ်ခုလုံး မှောင်မည်းနေချိန်တွင် လီတာ့ရှန်းသည် အင်္ကျီလက်ထဲသို့ ဟင်းရွက်လှီးဓားတစ်လက် ထိုးထည့်ကာ မှောင်ခိုဈေးရှိရာသို့ တုန်တုန်ယင်ယင်ဖြင့် လျှောက်လာခဲ့သည်။ မှောင်ခိုဈေးသည် သူတို့ရပ်ကွက်နှင့် သိပ်မဝေးလှပေ။ ပုံမှန်ဆိုလျှင် သွားရသည်မှာ ဘာမှမဖြစ်သော်လည်း ညဘက်တွင် လျှောက်ရသည်မှာ သူ့အတွက် အလွန်နေရခက်လှ၏။

ညဉ့်နက်နေပြီဖြစ်ရာ သူ့ခြေသံမှလွဲ၍ ပတ်ဝန်းကျင်တွင် မည်သူမှမရှိပေ။

လီတာ့ရှန်း သက်ပြင်းချကာ ခြေလှမ်းကို သွက်သွက်လှမ်းလိုက်၏။

တစ်ချိန်တည်း၊ ထိုညမှာပင် ချန်ချင်းယွီသည်လည်း အဝတ်အစားလဲ၊ မျက်နှာကို ပုဝါနှင့်စည်းကာ အပြင်သို့ ထွက်လာခဲ့သည်။

သူတို့နှစ်ဦးစလုံးမှာ ရပ်ကွက်တစ်ခုတည်းမှာ နေထိုင်ကြသော်လည်း တစ်ယောက်ပြီးမှ တစ်ယောက် ထွက်လာကြသဖြင့် လမ်းတွင် မဆုံမိကြပေ။ ချန်ချင်းယွီသည် လီတာ့ရှန်းထက် နောက်ကျပြီးမှ ထွက်လာသော်လည်း သူမသည်

လျင်မြန်လှ၏။ သူမသည် လက်မှတ်မှောင်ခိုသမားများကို ရှာရန် မှောင်ခိုဈေးသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ဝါဂွမ်းဆိုသည်မှာ ဆိုင်တင်ရောင်းသည့် ပစ္စည်းမျိုး မဟုတ်သဖြင့် မှောင်ခိုသမားများကို ရှာခြင်းသည် ပို၍ အဆင်ပြေ၏။

ချန်ချင်းယွီသည် ထိုနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသဖြင့် လမ်းကို ကျွမ်းကျင်နေပြီဖြစ်သည်။

လူတိုင်း မှောင်ခိုဈေးကို တိတ်တဆိတ် လာကြသည်မှာ မဆန်းပေ။ အမှန်တကယ်ပင် လာသင့်သည့်နေရာ ဖြစ်၏။ ပစ္စည်းအတော်များများမှာ ရှားပါးလှပြီး မှောင်ခိုဈေးမှာသာ ရှာတွေ့နိုင်သည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဤနေရာတွင် ပစ္စည်းမဝယ်ဖူးသူဟူ၍ မရှိသလောက်ပင်။

ချန်ချင်းယွီသည် လက်ဖွာသူတစ်ဦး ဖြစ်ပြီး၊ သူမ မျက်နှာကို ဖုံးအုပ်ထားသော်လည်း မမြင်ရသည့်တိုင် ပြောင်းလဲခြင်းမရှိသော သူမ၏ ဝတ်စားဆင်ယင်မှုကြောင့် လက်မှတ်မှောင်ခိုသမားများမှာ သူမကို မှတ်မိနေကြသည်။

ချန်ချင်းယွီ : "ဝါဂွမ်းဝယ်ခွင့်လက်မှတ် ရှိလား..."

သူမ ပြီးခဲ့သည့်တစ်ခေါက် တချို့ဝယ်ထားသော်လည်း မလုံလောက်သေးပေ။

"ရှိတယ်... ကျွန်တော့်ဆီမှာတော့ အများကြီးမရှိဘူး။ လောက်မလား ကြည့်ဦး။ မလောက်ရင် ထပ်ရှာပေးမယ်၊ ကျွန်တော့်သူငယ်ချင်းဆီမှာ ရှိသေးတယ်"

ချန်ချင်းယွီ ကြည့်လိုက်ပြီး ပြောလိုက်၏။

"ထပ်ပေးပါဦး၊ ရှိသမျှ အကုန်ယူမယ်"

မိသားစုမှာ လူလေးယောက်ရှိပြီး ဂွမ်းကပ်အင်္ကျီနှင့် ဘောင်းဘီများ လိုအပ်သည်။ ပိုလျှံသည်များကို စောင်ချုပ်ရန် သုံးနိုင်၏။

ဘာလို့ မလိုချင်ဘဲ နေပါ့မလဲ…

များများရလေ ကောင်းလေပဲ..

ချန်ချင်းယွီသည် ထိုလူ လက်ထဲမှ လက်မှတ်များကို လှန်လှောကြည့်နေသည်ကို သတိပြုမိပြီး ပြောလိုက်လေသည်။

"ဒီအထည်လက်မှတ်တွေလည်း ယူမယ်"

ချန်ချင်းယွီသည် ဝတ်ရေးစားရေးတွင် သိပ်ပြီး ဇီဇာမကြောင်သော်လည်း ကောင်းကောင်းဝတ်နိုင်သည့် အခြေအနေရှိနေပါလျက်နှင့် မည်သူသည် အဝတ်ဟောင်းများချည်း ဝတ်ချင်မည်နည်း။

အပြင်င်္အကျီများကို အသစ်စက်စက်ကြီး မဝတ်နိုင်သော်လည်း အတွင်းခံင်္အကျီအဖြစ် သုံးနိုင်သည် မဟုတ်ပါလား…

"ဆန်လက်မှတ်တွေလည်း လိုချင်သေးတယ်"

"ရော့... ဒီမှာ"

ချန်ချင်းယွီသည် အပ်ချုပ်စက်ဝယ်ခွင့်လက်မှတ်တစ်ခုကိုပါ တွေ့လိုက်ရသည်။ သူမ လိုချင်သော်လည်း နှမြောတသစွာဖြင့်ပင် လက်လွှတ်လိုက်ရ၏။ သူမ၏ မိသားစုအခြေအနေမှာ အပ်ချုပ်စက်ဝယ်ရန် မသင့်တော်သေးပေ၊ အလွန်အမြင်ကပ်စရာ ဖြစ်သွားနိုင်သည်။

ချန်ချင်းယွီ : "တခြား ဘာရှိသေးလဲ..."

မှောင်ခိုသမား : "လက်မှတ်ကတော့ ဒါကုန်ပြီ။ ဒါပေမဲ့ ခုနက အထည်လက်မှတ်တွေ ဝယ်တာ တွေ့လို့၊ ကျွန်တော့်ဆီမှာ အထည်စတွေ ရှိသေးတယ်၊ လိုချင်လား... အနည်းငယ်တော့ ချို့ယွင်းချက်ပါတယ်"

ချန်ချင်းယွီ : "ဟင်... ဘယ်လိုမျိုးလဲ..."

"ဒါတွေက ပစ္စည်းကောင်းတွေဗျ၊ ရှန်ဟိုင်းကလာတဲ့ ပန်းပွင့်ကြီးတွေနဲ့ အထည်စတွေ တကယ့်ကို တောက်ပြောင်ပြီး ဖက်ရှင်ကျတာ။ အချို့နေရာတွေမှာ ချုပ်ရိုးလေးတွေ ပြေနေတာမျိုးတော့ ရှိနိုင်တာပေါ့။ ဒါပေမဲ့ ဒါကတော့ ဘာမှလုပ်လို့မရဘူးလေ။ အနာအဆာ မပါရင်လည်း ဒီကို ဘယ်ရောက်လာပါ့မလဲ ဟုတ်တယ်မလား..."

ချန်ချင်းယွီ : "ဟုတ်သားပဲ၊ သွားကြည့်ရအောင်"

"ဒါဆို ကျွန်တော့်နောက် လိုက်ခဲ့"

ချန်ချင်းယွီသည် ထိုလူ့နောက်သို့ သတိကြီးစွာဖြင့် လိုက်သွားသည်။ သူမ စိတ်လှုပ်ရှားနေမိသည်မှာ အမှန်ပင်။ လှည့်စားခံရမှာကို ကြောက်နေမိ၏။ သို့သော် ထိုလူပြောသည့်နေရာမှာ မဝေးလှဘဲ မှောင်ခိုဈေးဝင်းအတွင်းမှာပင် ရှိနေကာ သူသည်လည်း အတော်လေး သတိကြီးသူဖြစ်ပြီး ချန်ချင်းယွီကို ကင်းတဲငယ်လေးတစ်ခုအတွင်းသို့ ခေါ်သွားသည်။

"ကြည့်လိုက်ဦး"

လှည့်စားခံရမှာကို စိုးရိမ်နေမိသော်လည်း မှောင်ခိုဈေးမှာ နှစ်ပေါင်းများစွာ ကျင်လည်နေသည့်သူအဖို့ ဤသို့လုပ်မည် မဟုတ်သည်မှာ ထင်ရှား၏။ အဝတ်စဆိုလျှင်လည်း အဝတ်စအစစ်၊ ဂွမ်းသားစစ်စစ်ပင် ဖြစ်သည်။

"ဒါက ပန်းပွင့်ကြီးတွေနဲ့ ပုံစံပဲ၊ အရှေ့မြောက်တရုတ်ပြည်က ပန်းပွင့်ကြီးတွေပါတဲ့ ဂျာကင်အင်္ကျီချုပ်တဲ့ ပုံစံမျိုးပေါ့။"

ချန်ချင်းယွီ မကူးပြောင်းလာခင်က TikTok ကြည့်နေစဉ်တွင် ချောမောလှပသော မိန်းကလေးများစွာသည် ဤဆောင်းတွင်း၌ ထိုကဲ့သို့သော အင်္ကျီများကို ဝယ်ယူဝတ်ဆင်ကြသည်ကို တွေ့ခဲ့ရသည်။ ၎င်းက ပြန်လည်ခေတ်စားလာခဲ့သည် ခေတ်ဟောင်းစတိုင်ပင်…

ထို့အပြင် အပြာနှင့် အဖြူရောင် လေးထောင့်ကွက်များလည်း ရှိသေးသည်။ သို့သော် ထိုအသားမှာ အင်္ကျီချုပ်ရန် သိပ်မသင့်တော်ဘဲ အိပ်ရာခင်းနှင့် စောင်စွပ်လုပ်ရန်သာ ကောင်း၏။

ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီး

"ကျွန်မ အများကြီးယူမယ်၊ လျှော့ပေးနိုင်မလား..."

မှောင်ခိုသမား : "ဘယ်လောက်ယူမှာလဲ..."

ချန်ချင်းယွီ ခဏစဉ်းစားပြီး အရေအတွက်တစ်ခု ပြောလိုက်သည်။

မှောင်ခိုသမား - "..."

အရေအတွက်မှာ တော်တော်များ၏။ ပုံမှန် မှောင်ခိုဈေးလာသူများသည် ဤမျှအထိ အများကြီး မဝယ်ကြပေ။

သူ ခဏစဉ်းစားပြီးနောက်

"ဒီလိုလုပ်လေ၊ အားလုံးပေါင်းထဲက (၅၀) ပြား လျှော့ပေးမယ်။ ဒါက ကျွန်တော် အများဆုံး လျှော့ပေးနိုင်တာပဲ။ ခင်ဗျားလည်း ပစ္စည်းခဏခဏ ဝယ်နေကျဆိုတော့ ဒါက အတော်လေး လျှော့ပေးတာဆိုတာ သိမှာပါ"

ယခုအချိန်သည် ရောင်းသူ့ဈေးကွက် ဖြစ်သည် မဟုတ်ပါလား…

ချန်ချင်းယွီ ပြတ်သားစွာဖြင့်

"ကောင်းပြီလေ"

သူမ ချက်ချင်း သဘောတူလိုက်သည်။ မှောင်ခိုဈေးမှာ ပစ္စည်းဝယ်လျှင် အချိန်ဆွဲနေ၍ မရပေ။

ပိုက်ဆံကုန်သွားသော်လည်း သူမ ပျော်ရွှင်မှုကို ရရှိလိုက်၏။ အမှန်တကယ်ပင် ဈေးဝယ်ရခြင်း၏ ပျော်ရွှင်မှုကို မည်သူမျှ မတားဆီးနိုင်ပေ။

ဘာပဲဖြစ်ဖြစ် ရောက်တုန်းရောက်ခိုက် ချန်ချင်းယွီသည် ဂျုံမှုန့်တစ်အိတ်ပါ ထပ်ဝယ်ပြီး ပြန်လာခဲ့သည်။ သူမသည် အိတ်များစွာကို သယ်ပြီး လမ်းမပေါ်တွင် ခိုးကြောင်ခိုးဝှက် လျှောက်လာခဲ့၏။ လမ်းမှာ သူမထက် ပို၍ ခိုးကြောင်ခိုးဝှက် ဖြစ်နေသူများကိုလည်း တွေ့ရသည်။

ချန်ချင်းယွီသည် သူမရှေ့ရှိ လူတစ်ယောက်ကို ကြည့်လိုက်၏။ နီးကပ်လာသည်နှင့်အမျှ ထိုလူကို တစ်နေရာရာမှာ မြင်ဖူးသလိုလို ခံစားလိုက်ရသည်။

ကြက်ဖကြီးတစ်ကောင်ကို သယ်လာသည့် လီတာ့ရှန်းသည် သူ့နောက်မှ ခပ်တိုးတိုး ခြေသံများကို ကြားလိုက်ရရာ နှလုံးခုန်သံများ မြန်လာပြီး... ကြောက်လန့်သွားလေတော့သည်…

ဘုရားကယ်ပါ… သရဲလိုက်လာပြီထင်တယ်…

အိမ်သာရော.. အိမ်သာ ဘယ်မှာလဲ…

All Chapters