အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း ၇၇။ သရဲတစ်ကောင်နဲ့တွေ့ပြီ
ဤလောကတွင် ကိစ္စရပ်အတော်များများသည် တိုက်ဆိုင်လွန်းလှ၏။
သန်းခေါင်ယံအချိန်တွင် လူနှင့်မဆုံချင်လေလေ၊ ပို၍ဆုံရလေလေပင်။
လူကောင်းနှင့်တွေ့လိုလေလေ၊ ဆယ်ပုံ၌ ရှစ်ပုံကိုးပုံမှာ ရန်သူနှင့်သွားတိုးတတ်လေသည်။
လီတာ့ရှန်းနှင့် ချန်ချင်းယွီတို့မှာ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ရန်သူများဟု မဆိုသာသော်လည်း ပဋိပက္ခကြီးကြီးမားမားတော့ ရှိခဲ့ဖူး၏။ ချန်ချင်းယွီသည် ထိုသူ၏နောက်ကျောကိုကြည့်ကာ ပို၍ပို၍ ရင်းနှီးနေသလို ခံစားလာရသည်။
ချန်ချင်းယွီ မှတ်ဉာဏ်ကောင်းလွန်း၍ မဟုတ်ဘဲ လီတာ့ရှန်းတစ်ယောက် အအေးမိဖျားနာရာမှ သက်သာလာသည်မှာ မကြာသေးသဖြင့် အဝတ်အစားအပါး မလဲရသေးကာ အနွေးထည်ဝတ် သောကြောင့် ဖြစ်၏။ သူသည် လွန်ခဲ့သော ရက်သတ္တပတ်နှစ်ပတ်ခန့်က အဝတ်အစား… ဆိုလိုသည်မှာ မစင်တွင်းထဲ ခုန်ချခဲ့စဉ်က ဝတ်ဆင်ခဲ့သော ထိုအဝတ်အစားကိုပင် ဝတ်ထားဆဲဖြစ်သည်။ ဤသို့ဆိုလျှင် ချန်ချင်းယွီအနေဖြင့် မမှတ်မိဘဲ နေပါမည်လော့…
မည်သို့ပင်ဆိုစေကာမူ သူသည် ထိုအဝတ်အစားနှင့် မစင်တွင်းထဲ ခုန်ချခဲ့သည်မဟုတ်ပါလား….
ထိုသို့သော မြင်ကွင်းမျိုးကို မည်သူက မေ့နိုင်ပါမည်နည်း။
ယနေ့ညတွင် လရောင်သည်လည်း အတော်လေးသာနေ၏။ ချန်ချင်းယွီသည် သူ့အပေါ် နဂိုကတည်းက အမှတ်သညာရှိပြီးသားဖြစ်ရာ နောက်ကျောကို ကြည့်ရုံဖြင့် ပို၍သေချာသွားသည်။
သူမသည် လီတာ့ရှန်း၏ နောက်မှ လိုက်လာရင်း "ဒီလူက လီတာ့ရှန်းနဲ့ တူလှချည်လား" ဟု တွေးနေမိသည်။
ချန်ချင်းယွီ လီတာ့ရှန်းဖြစ်ကြောင်း မှတ်မိသွားသော်လည်း၊ လီတာ့ရှန်းမှာမူ နောက်သို့လှည့်မကြည့်ရဲကာ အလွန်ကြောက်လန့်နေ၏။ နောက်မှလိုက်လာသော ခြေသံသည် တစ်လျှောက်လုံး ပါလာသဖြင့် စိတ်ထဲတွင် ပို၍ပို၍ ထိတ်လန့်တုန်လှုပ်နေမိသည်။ လမ်းတွင် ဓားပြတိုက်မည့်သူနှင့် တွေ့နေသလား သို့မဟုတ် သရဲနှင့်တွေ့နေသလား မဝေခွဲနိုင်တော့ပေ။
ယခင်ဆိုလျှင် သူ ဤမျှ တုံ့ပြန်မှုပြင်းထန်မည်မဟုတ်သော်လည်း ယခုအခါ အခြေအနေသည် တခြားစီဖြစ်နေ၏။
သရဲနှင့် တွေ့ဖူးသူ၏ ရင်ထဲတွင် အကြောက်တရားများ ကိန်းအောင်းနေသည်မဟုတ်ပါလား…
သူသည် တုန်တုန်ရင်ရင်ဖြင့် မိမိကိုယ်မိမိ လမ်းလျှောက်နှေးလွန်းသည်ဟု အပြစ်တင်နေမိသည်။ ကြက်ဖကြီးကို ဝယ်ရခက်လွန်း၍ အကြာကြီး ရှာလိုက်ရသောကြောင့်သာ မဟုတ်လျှင် သူ အိမ်ပြန်ရောက်နေသည်မှာ ကြာလှပြီဖြစ်၏။ ယခုမူ စိတ်ထဲတွင် တလှပ်လှပ်နှင့် ကြောက်လန့်နေမိသည်။
ချန်ချင်းယွီသည် တိတ်တဆိတ်ပင် ပုဝါကို အပေါ်သို့ ဆွဲတင်ကာ မျက်နှာကို ဖုံးလိုက်၏။ သူမသည် ခြေလှမ်းကို အနည်းငယ်ပိုမြန်အောင် လျှောက်လိုက်ပြီး လီတာ့ရှန်းကို အမီလိုက်လာသည်။ ယနေ့တွင် သူမသည် လီတာ့ရှန်းကို ခြောက်လှန့်ရန် အစီအစဉ်မရှိဘဲ သူ့ကိုကျော်တက်ကာ အမြန်ပြန်သွားရန်သာ ရည်ရွယ်ထားခြင်းဖြစ်၏။
ပုံမှန်ဆိုလျှင် သူမ ပြင်ဆင်ထားတတ်သော်လည်း ယနေ့မှာ ပြင်ဆင်မထားသဖြင့် ဝရုန်းသုန်းကား မလုပ်လိုပေ။ ရန်သူကို သတိပေးသလိုဖြစ်သွားလျှင် မကောင်းပေ။
နောက်ပြီး လီတာ့ရှန်းက မစင်တွင်းထဲ ခုန်ချထားသူမလား…
အမယ်လေး… အတွေးနဲ့တင် ရွံနေပြီ…
သူမအနေဖြင့် သူနှင့် တကယ်ကို အနီးကပ် မရှိချင်ပေ…
လီတာ့ရှန်း: ‘ငါတော့သွားပြီ..’
ခြေသံက ပို၍ ပို၍ နီးကပ်လာပြီ…
သူသည် ဟင်းသီးဟင်းရွက်လှီးဓားကို ဆွဲထုတ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် မိမိကိုယ်မိမိ အားပေးလိုက်သည်။
"မကြောက်နဲ့ မကြောက်နဲ့၊ ငါ ဘာကိုမှ မကြောက်ဘူး… လူပဲဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ် ငါ လီတာ့ရှန်းက မကြောက်ဘူး…"
ချန်ချင်းယွီ: ‘သောက်ကျိုးနည်း..’
ဒီလူက တကယ်ပဲ ကြောက်နေတာလား….
ဦးနှောက်မဲ့လှချည်လား…
တစ်စုံတစ်ယောက်က လမ်းအတူတူသွားနေတာပဲလို့ သူ မတွေးမိဘူးလား…
ချန်ချင်းယွီ နားမလည်နိုင်သော်လည်း ခြေလှမ်းကို ပိုမြန်မြန်လျှောက်လိုက်၏။ ပို၍ နီးကပ်လာသော ခြေသံကြောင့် လီတာ့ရှန်း၏ ထိတ်လန့်မှုမှာ အထွတ်အထိပ်သို့ ရောက်သွားကာ ရုတ်တရက် နောက်သို့လှည့်ပြီး တုန်တုန်ရင်ရင်ဖြင့် အော်ဟစ်လိုက်သည်။
"နင် ဘယ်သူပဲဖြစ်ဖြစ်… လူပဲဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ် ငါ့နားကနေ အမြန်ထွက်သွား… ထွက်သွားစမ်း.."
သူသည် လက်ထဲမှ ဓားကို နှစ်ချက်ခန့် ဝေ့ယမ်းပြလိုက်ကာ
"ငါ့မှာ ဓားပါတယ်နော်၊ ငါ့ကို ရန်ပြုဖို့ ကြံနေတာဆိုရင်တော့ နင် အတွက်မှားသွားပြီ။"
ချန်ချင်းယွီ ဘာမှပြန်မပြောဘဲ ခြေလှမ်းရပ်ကာ လီတာ့ဆန်းကို စိုက်ကြည့်နေမိ၏။
လီတာ့ရှန်း တုန်ရင်စွာဖြင့်
"ထွက်သွား… မဟုတ်ရင် ငါ့ဓားရဲ့ အစွမ်းကို ပြလိုက်ရမလား..."
သူသည် ချန်ချင်းယွီကို အထက်အောက် အကဲခတ်လိုက်သည်။ ဤလူသည် စက်မှုစက်ရုံမှ အလုပ်သမားဝတ်စုံကို ဝတ်ထားပြီး မျက်နှာကို မမြင်ရသော်လည်း ပခုံးပေါ်တွင် ဂျုံအိတ်တစ်အိတ် ထမ်းထားကာ ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကိုလည်း ကိုင်ထားသဖြင့် မှောင်ခိုစျေးသို့ ပစ္စည်းလာဝယ်သူနှင့် တူနေ၏။
သူ အနည်းငယ် စိတ်အေးသွားပြီး ပြောလိုက်ကာ
"ငါ့နောက်ကို လိုက်မလာနဲ့တော့။"
ဤသူသည် လမ်းတူနေခြင်းဖြစ်နိုင်ကြောင်း ရိပ်မိသော်လည်း သူ စိတ်မချနိုင်သေးပေ။
ယေဘုယျအားဖြင့် မှောင်ခိုစျေးတွင် လူနှင့်တွေ့လျှင် ရှောင်သွားတတ်ကြသော်လည်း ဤလူမှာမူ သူ့နောက်သို့ တကောက်ကောက် လိုက်နေသဖြင့် သူ လုံးဝစိတ်မအေးနိုင်ပေ။
"ဒီလမ်းကို နင်မသွားနဲ့… လစ်
လိုက်တော့ "
ချန်ချင်းယွီက လီတာ့ရှန်းကို ကြည့်လိုက်သည်။ ဤအဘိုးကြီး ယခုအချိန်တွင် အတော်လေး ဗိုလ်ကျချင်နေသည်ကို သူမ မမျှော်လင့်ထားပေ။
ဘာလဲ… ဓားရှိရုံနဲ့ အဟုတ်ကြီးမှတ်နေတာလား…
သူမသည် ခြေထောက်ဖြင့် ကျောက်ခဲလေးတစ်လုံးကို ကန်တင်လိုက်ပြီး သူ့ဆီသို့ တည့်တည့်ပစ်ပေါက်လိုက်၏။
လီတာ့ရှန်း: "အား.."
သူ့ခြေထောက်တွင် နာကျင်မှုတစ်ခု ခံစားလိုက်ရပြီး "ဗုန်း" ခနဲ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။
"သရဲရှိတယ်… သရဲရှိတယ်.. အား... အား... အား… သရဲဗျို့.."
သရဲက လက်စွမ်းပြလိုက်ပြီ၊ သရဲက တိုက်ခိုက်လိုက်တာ…
သူ တကယ်ခံစားလိုက်ရသည်၊ တကယ့်ကို ခံစားလိုက်ရခြင်းဖြစ်သည်။
"အား... သွား... သွားစမ်း.. ငါ့နောက် မလိုက်နဲ့.."
လီတာ့ရှန်းသည် စူးစူးဝါးဝါး အော်ဟစ်တော့သည်။ ယောက်ျားကြီးတန်မဲ့ ကြက်ဆင်တစ်ကောင်ကဲ့သို့ အော်ဟစ်နေပြီး စိတ်ပေါက်ကရဖြစ်ကာ
"သွားစမ်း၊ သွားစမ်း... ငါ့နောက် မလိုက်နဲ့၊ လင်းကျန့်ဝမ်… မင်း ငါ့ကို မလိုက်နဲ့၊ ငါ့ကို လာမရှာနဲ့… မင်း ချဲယုံဖုန်းဆီ သွားရှာပါ… မင်းကို ဒုက္ခပေးဖို့ ငါ့ကို ခိုင်းတာ ချေယုံဖုန်းပဲ.. သူ့ဆီသာ သွားရှာပါတော့…"
ချန်ချင်းယွီ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွား၏။
သို့သော်လည်း ဤလီတာ့ရှန်းသည် အလွန်အမင်း စိတ်ဓာတ်ပျော့ညံ့လွန်းသည် မဟုတ်ပါလား…
ကြောက်တတ်လိုက်တာ…
အင်းပေါ့လေ… မဟုတ်တာလုပ်ထားတဲ့သူတွေက ဘယ်သောအခါမှ လိပ်မလုံဘူးဆိုတာ အမှန်ပဲကို…
လီတာ့ရှန်းသည် "သရဲ" နှင့် ဆက်တိုက်ဆိုသလို အကြိမ်ကြိမ် ဆုံတွေ့ခဲ့ဖူးသဖြင့် ယခုအခါ လုံးဝ တထစ်ချ ယုံကြည်နေပြီ ဖြစ်သည်။ အသေးအဖွဲကိစ္စလေးတစ်ခု ဖြစ်လာလျှင်ပင် သံသယဝင်ကာ ကြောက်လန့်တုန်လှုပ်နေတတ်၏။ ယခုမူ သူသည် တစ်စုံတစ်ယောက် သူ့ကို မြင်သွားမည်ကိုပင် မကြောက်တော့ဘဲ ပတ်ဝန်းကျင်ရှိလူအားလုံး နိုးလာအောင်ပင် အော်ဟစ်နေတော့သည်။
"ထွက်သွား… ထွက်သွားစမ်းပါ…"
သူသည် အော်ဟစ်ရင်းနှင့် မိမိတွင် ကြက်ဖကြီးတစ်ကောင် ပါလာသေးသည်ကို ရုတ်တရက် သတိရသွားကာ ကြက်ဖကို အတင်းဆွဲယူ၍ ဟင်းသီးဟင်းရွက်လှီးဓားဖြင့် "ရွှပ်" ခနဲ တစ်ချက်တည်း ခုတ်ချလိုက်ရာ သွေးများ ပန်းထွက်လာ၏။
သူသည် ကြက်ဖကို ကိုင်ကာ ရူးသွပ်သွားသည့်နှယ် ခါယမ်း၍…
"ငါ နင့်ကို မကြောက်ဘူး၊ ငါ မကြောက်ဘူး.. ထွက်သွားစမ်း..."
ရူးသွပ်နေလေပြီ…
ချန်ချင်းယွီသည် ဆဲပစ်ချင်စိတ်များ တဖွားဖွားပေါ်လာရသည်။
ဒီလူကတော့ဖြင့်...
သူမက ကျောက်ခဲလေးတစ်လုံး ကန်လိုက်တာကို သူကတော့ ဇာတ်လမ်းတွေ အတော်ခင်းနေတော့တာပဲ…
အစ်ကိုကြီး… ရှင်တော့ သရဲကားထဲမှာပါရင် အတော်အောင်မြင်မှာပဲ… အထူးကြောက်ပြစရာတောင် မလိုဘူး…
ကြက်သွေးများ စင်လာတော့မည်ကို မြင်သဖြင့် ချန်ချင်းယွီသည် အမြန်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
သွေးတွေနဲ့ ပေကျံမနေချင်ပါဘူးနော်…
လီတာ့ရှန်း စူးစူးဝါးဝါး အော်နေကာ
"မင်း ငါ့ကို ဖုံးကွယ်လို့ မရဘူး၊ ဖုံးကွယ်လို့ မရဘူး... ငါ့ကို လိမ်လို့လည်း မရဘူး၊ ငါသိတယ်၊ မင်းက လင်းကျန့်ဝမ် မဟုတ်လား... မင်းက သရဲစုတ်၊ မှောင်ခိုစျေးလာတဲ့လူလို ဟန်ဆောင်နေပေမဲ့ ငါကတော့ တစ်ချက်တည်းနဲ့ အကဲခတ်မိတယ်... ငါ့ကို လှည့်စားဖို့ မကြံနဲ့၊ ထွက်သွား... ထွက်သွားစမ်းပါ... ငါက တမင်တကာ မင်းကို အချိန်ပိုဆင်းခိုင်းတာ မဟုတ်ပါဘူး၊ တမင်လုပ်တာ မဟုတ်ပါဘူး... အဲ့ဒီညမှာ သူခိုးဝင်မယ်ဆိုတာ ငါလည်း ဘယ်သိပါ့မလဲ... ငါ့ဆီ လာမရှာပါနဲ့၊ သူခိုးဆီပဲ သွားရှာပါ... အား... သူခိုးလည်း သေသွားပြီပဲ... ဒါဆိုရင် တခြားလူဆီ သွားရှာပါ၊ ချဲယုံဖုန်းဆီ သွားပါ... ဪ... ဟုတ်သားပဲ၊ မင်း ရွှီကောင်းမင်ဆီလည်း သွားလို့ရတယ်၊ သူက ငါ့ကို လက်ဆောင်တွေပေးပြီး မင်းကို ဒုက္ခပေးဖို့ အရိပ်အမြွက် ပြောခဲ့တာလေ။ ပြီးတော့ ယွမ်ဟောက်မင်လည်း ပါသေးတယ်၊ သူလည်း အဲ့ဒီလိုပဲ လုပ်ခဲ့တာ။ သူ့သားက ပိုက်ဆံပေးပြီး အလုပ်ထဲဝင်ရတာ၊ မင်းကတော့ ကိုယ့်အရည်အချင်းနဲ့ကိုယ် စာမေးပွဲအောင်ပြီး ဝင်လာတာဆိုတော့ သူက မင်းကို မနာလိုဖြစ်ပြီး တမင်သက်သက် ပြဿနာရှာခိုင်းတာ။ သူတို့ဆီသာ သွားပါ... သူတို့ဆီ သွားပါတော့…အား..."
ချန်ချင်းယွီ: "..."
လီတာ့ရှန်းတော့ ရူးတော့မှာပဲ…
ဒါကလည်း အတော်လေးကို စိတ်ခြောက်ခြားလွန်းနေတာပဲ…
ဒီလောက် စိတ်ဓာတ်ပျော့ညံ့တဲ့လူက ဘယ်လိုများ မကောင်းမှုတွေ လုပ်ရဲတာပါလိမ့်…
လီတာ့ရှန်း: "အား... ငါ့ဆီ လာမရှာပါနဲ့ဦး.."
ချန်ချင်းယွီ မလှုပ်ဘဲ ရပ်နေသည်ကို မြင်သောအခါ သူမ ကြက်ဖကြီးကို ကြောက်နေသည်ဟု သူ ထင်သွားကာ ဝမ်းသာအားရဖြင့် ကြက်ဖကြီးကို ချန်ချင်းယွီဆီသို့ အရှိန်ပြင်းပြင်းနှင့် လွှင့်ပစ်လိုက်ပြီး လှည့်၍ အသေအလဲ ထွက်ပြေးတော့သည်…
"ကယ်ကြပါဦး... အား......"
သောက်ကျိုးနည်း…
ချန်ချင်းယွီသည် အမြန်ပင် နောက်ထပ်တစ်လှမ်း ဆုတ်လိုက်သဖြင့် ခေါင်းပြတ်ကြက်ဖကြီး၏ တိုက်ခိုက်မှုမှ လွတ်မြောက်သွား၏…
ချန်ချင်းယွီ : "အမလေးတော်"
ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများ မရှိသဖြင့် တော်သေးသည်ဟု သူမ တိုးတိုးလေး ရေရွတ်မိသည်။
မဟုတ်လျှင် သူမအတွက် လွတ်မြောက်ရန် မလွယ်ကူလှပေ။
ကြက်ဖကြီးသည် ချန်ချင်းယွီ၏ ခြေရင်းသို့ "ဗုန်း" ခနဲ ကျလာ၏။ ချန်ချင်းယွီသည် နှုတ်ခမ်းကို မဲ့လိုက်ရင်း လီတာ့ရှန်း အော်ဟစ်ပြေးလွှားသွားသည်ကို ကြည့်ကာ ခေတ္တတွေဝေသွားပြီးမှ ခေါင်းပြတ်ကြက်ဖကို ကောက်ယူလိုက်သည်။
ဒါက... ဒီနေ့တော့ သူမအပြစ် တကယ်မဟုတ်တော့ပါဘူးနော်…
လီတာ့ရှန်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကတော့ တကယ်ကို လွန်လွန်ကျူးကျူး ညံ့ဖျင်းလှချည်ရဲ့…
ဒီကြက်ဖကြီးက ကြည့်ရတာ အတော်ဆူဖြိုးပုံပဲ… အလကားရတာပဲ ယူထားရမှာပေါ့…
လီတာ့ရှန်းကလည်း ပစ်ချသွားပြီဆိုတော့ တခြားလူ ကောက်သွားတာထက်စာရင် သူမပဲ ယူသွားလိုက်တော့မယ်… ဟဲဟဲ
ချန်ချင်းယွီ တွေးလိုက်၏။
သူမသည် ကြက်တောင်ပံကို ကိုင်ကာ အိမ်သို့ ဝေးရာလမ်းမှ ပတ်ပြန်ခဲ့သည်။
ချန်ချင်းယွီသည် သတိဝီရိယ အလွန်ကောင်းသူဖြစ်ရာ လမ်းဆက်သွားလျှင် တစ်စုံတစ်ယောက် နောက်ယောင်ခံလိုက်လာမည်ကို စိုးရိမ်သဖြင့် တခြားလမ်းဘက်သို့ ချိုးကွေ့သွားလိုက်၏။ အနည်းငယ် ပတ်လျှောက်ရသော်လည်း ဘေးကင်းရေးသည် ဦးစားပေးရမည်သာ။
ချန်… သတိဝီရိယ အလွန်ကောင်းသူ… ချင်းယွီ။
အစိုးရိမ်ကြီးတတ်သည့်နေရာတွင် သူမက ထိပ်ဆုံးကပင်…
သူမ၏ လုပ်ဆောင်ချက်များသည် ပြီးပြည့်စုံသော အစီအစဉ်များ မဟုတ်ဘဲ အခြေအနေအရ ပြောင်းလဲတတ်သော်လည်း သတိထားသည့် နေရာတွင်မူ သူမသည် အတော်ဆုံးဖြစ်သည်။ ချန်ချင်းယွီသည် လမ်းကို ပတ်သွားလိုက်ခြင်းဖြင့် စိတ်အေးသွားရ၏။
ချန်ချင်းယွီ လမ်းလွှဲသွားသော်လည်း လီတာ့ရှန်းခမျာ ပို၍ ကြောက်လန့်နေတော့သည်။ သူသည် အရှိန်အဟုန်ဖြင့် ပြေးနေရင်း ပို၍ ပို၍ မြန်လာ၏။ သို့သော်လည်း ထိုလူ သူ့နောက်မှ လိုက်နေသေးလားဆိုသည်ကို သိချင်သဖြင့် နောက်သို့ လှည့်ကြည့်မိရာ... ဤသို့ကြည့်လိုက်ခြင်းက ပို၍ပင် ထိတ်လန့်သွားစေသည်…
ဘယ်သူမှ မရှိတော့ဘူး…
သူ့နောက်မှာ ဘယ်သူမှ မရှိတော့ဘူး…
သေချာပြီ၊ တကယ်ကို သရဲက လူယောင်ဆောင်နေတာပဲ…
ညဖက်ဖြစ်၍ သဲသဲကွဲကွဲ မမြင်ရသော်လည်း လီတာ့ရှန်းမှာ ထိုလူ ဝတ်ဆင်ထားသော အဝတ်အစားသည် လင်းကျန့်ဝမ်၏ အဝတ်အစားနှင့် တူသည်ဟု ပိုတွေးမိလာသည်။
လင်းကျန့်ဝမ်ပဲ… လင်းကျန့်ဝမ်… သေချာတယ်၊ သူက သူ့အနားကပ်ဖို့ လူယောင်ဆောင်နေတာ…
အား... ဟုတ်တယ်..
ဟုတ်တယ်၊ ဟုတ်တယ်…
အဲ့ဒီ "လူ" က ပစ္စည်းတွေ အများကြီး သယ်ထားတာတောင် သူ့ကို အသာလေး အမီလိုက်နိုင်တယ်…
ဒါက မဟုတ်ဘူး၊ ဒါက သိသိသာသာကြီးကို မှားနေတာ…
‘သူကလည်း ခွန်အားနည်းတဲ့လူ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဟိုလူထမ်းထားတဲ့ အိတ်က ဂျုံဖြူကျင်း ၂၀လောက် ရှိမယ့်အိတ်၊ နောက်ပြီး အထုပ်ကြီးတစ်ထုပ်လည်း ပါသေးတယ်…ဒီလောက် ပစ္စည်းအများကြီးနဲ့ ဘယ်လိုလုပ် အဲ့လောက် ပေါ့ပေါ့ပါးပါး လျှောက်နိုင်မှာလဲ..ဒါ သရဲမဟုတ်လို့ ဘာဖြစ်နိုင်ဦးမှာလဲ..’
လီတာ့ရှန်းမှာ ကြောက်လွန်း၍ သေတော့မလိုပင်၊ စိတ်ထဲတွင် ကြောက်စရာ ဇာတ်လမ်းပေါင်းစုံကို တွေးနေမိ၏။
သူ့နောက်ကို မလိုက်လာတော့ဘူး…
ဟုတ်တယ်၊ ကြက်သွေးက အစွမ်းထက်လို့ ဖြစ်မှာ၊ ကြက်သွေးက အာနိသင်ရှိလို့ သရဲက ကြောက်သွားတာဖြစ်ရမယ်…
အဲ့ဒါပဲ ဖြစ်ရမယ်…
လီတာ့ရှန်းသည် အချိန်တိုအတွင်းမှာပင် သရဲဇာတ်လမ်းကို ကိုယ့်ဘာသာကိုယ် ဇာတ်လမ်းဆင် ဖန်တီးလိုက်တော့သည်။
သူ ပိုတွေးလေ ပိုကြောက်လေဖြစ်ကာ အော်ဟစ်ပြေးလွှားရင်း မိမိကိုယ်မိမိ အားပေးနေမိ၏။
"ငါ့ဆီ လာမရှာနဲ့တော့... အား..."
နိုးကြစမ်းပါ… လူတွေအများကြီး ထွက်လာကြစမ်းပါ… လူများရင် သရဲလည်း ကြောက်ရမှာပဲ… သူ လွတ်မြောက်နိုင်ပါတယ်...
"ငါ့နောက်ကို မလိုက်နဲ့..."
လီတာ့ရှန်းသည် အသက်အရွယ် မငယ်တော့သော်လည်း ခြေဖဝါးမှနေ မီးပွင့်မတတ် အပြင်းအထန် ပြေးနေတော့၏။
သူ စူးစူးဝါးဝါး အော်ဟစ်နေသဖြင့် ဆူညံသံများ ထွက်ပေါ်လာကာ ဝင်းအတော်များများရှိ အိမ်များတွင် မီးများလင်းလာကြသည်။ သတ္တိရှိသည့် ယောက်ျားအချို့လည်း ဘာဖြစ်သလဲဆိုသည်ကို ထွက်ကြည့်လာကြ၏။
လီတာ့ရှန်း : "သရဲရှိတယ်... ကယ်ကြပါဦးဗျို့..."
ယခုအခါ သူသည် စက်မှုစက်ရုံ ဝန်ထမ်းအိမ်ရာဝင်းနားသို့ ရောက်နေပြီဖြစ်သည်။ မစင်တွင်းထဲ ခုန်ချခဲ့သည့် "သူရဲကောင်း" အဖြစ် လူတိုင်း သူ့ကို မြင်ဖူးကြ၏။ သူ မြန်မြန်ပြေးနေသော်လည်း ထွက်ကြည့်သူအများစုတွင် လက်နှိပ်ဓာတ်မီးများ ပါလာကြသဖြင့် မီးဖြင့် ထိုးကြည့်လိုက်ရာ
"ဟေ့... ဒါ လီတာ့ရှန်း မဟုတ်လား... သန်းခေါင်ယံအချိန်ကြီး ဘာတွေလုပ်နေတာလဲ..."
"ညကြီးမင်းကြီး ဘာတွေ ထပ်ဖြစ်နေပြန်တာလဲ..."
"နေပါဦး၊ သူ သရဲထပ်တွေ့ပြန်တာလား... အတည်ကြီးလား၊ အရင်တစ်ခေါက်ကလည်း အဲ့လိုပဲလေ။ သူတို့ဝင်းထဲက လူတွေအကုန်ရှိနေတာ ဘယ်သူမှ မမြင်ရဘဲ သူတို့ပဲ မြင်ရတယ်ဆိုတော့ ထူးဆန်းတယ်မလား..."
"ထူးဆန်းတာ မထူးဆန်းတာ ခဏထားပါဦး၊ သူ့မျက်နှာပေါ်မှာ ဘာလို့ သွေးစက်တွေ ပေနေတာလဲ..."
"အမလေးတော်... သူ ရူးပြီး လူသတ်လိုက်တာများလား..."
တကယ်တမ်းတွင် သရဲရှိသည်ဟု ယုံသူရှိသကဲ့သို့ မယုံသူလည်း ရှိလေသည်။
မာကျန်း၊ ယွမ်ဟောက်ရွှယ်နှင့် ယွမ်ဟောက်ဖုန်းတို့ကဲ့သို့ လူငယ်ပိုင်းများအတွက်မူ သူတို့သည် ပညာတတ်များဖြစ်ပြီး အလံနီအောက်မှာ ကြီးပြင်းလာသူများဖြစ်၍ သရဲရှိသည်ကို မယုံကြပေ။ သို့သော် ခေတ်ဟောင်းမှ လာကြသည့် အသက်ကြီးပိုင်းများအတွက်ကား အယူအဆဟောင်းများမှာ စွဲမြဲနေဆဲဖြစ်ရာ သရဲရှိသည်ကို အတော်လေး ယုံကြည်ကြလေ၏။
ယခုအချိန်တွင် လီတာ့ရှန်း၏ အခြေအနေကို ကြည့်ပြီး လူအချို့မှာ ယုံကြည်နေကြပြီး၊ အချို့မှာလည်း မယုံကြည်ကြပေ။
သို့သော် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ လီတာ့ရှန်း၏ မျက်နှာပေါ်တွင် သွေးစက်များ ပေကျံနေသည်မှာတော့ အမှန်ပင်…
ဒါက တစ်ခုခုသာဆိုလျှင် ကိစ္စက အကြီးအကျယ် ဖြစ်သွားနိုင်တယ် မဟုတ်ပါလား…
လူတိုင်း စိတ်မအေးနိုင်ကြသဖြင့် သတ္တိရှိသူအချို့မှာ နောက်မှ တကောက်ကောက် လိုက်လာကြသည်။
"ဘာဖြစ်တာလဲဆိုတာ ငါ သေချာကြည့်ရမယ်၊ မဟုတ်ရင် ရဲစခန်းကို အကြောင်းကြားရမယ်..."
"ဒါပေါ့၊ အကြောင်းကြားရမှာပေါ့..."
"သူ အိပ်ပျော်နေရင်း လမ်းလျှောက်နေတာ (ယောင်နေတာ) များလား..မဟုတ်ရင် ဘာလို့ ညရောက်တိုင်း ဆူညံနေရတာလဲ.. နောက်ပြီး သူက သန်းခေါင်ယံအချိန်ကြီး အပြင်ထွက်ပြီး ဘာတွေ လျှောက်လုပ်နေတာလဲ…"
"ဟေး... မင်းပြောတာလည်း ယုတ္တိရှိသားပဲ။"
"ငါ့အမြင်တော့ ရဲစခန်းကိုပဲ အကြောင်းကြားလိုက်တာ ပိုကောင်းမယ်။"
"ဟုတ်တယ်။"
လူတိုင်း စိတ်မချနိုင်ကြပေ။ အကယ်၍ သူ တမင်သက်သက် လုပ်ကြံဖန်တီးနေခြင်းဆိုလျှင် ကိစ္စမရှိသော်လည်း၊ ယခုမူ မျက်နှာပေါ်ရှိ သွေးစက်များမှာ ကြောက်စရာကောင်းလှ၏။ ထိုအထဲမှ လူအချို့သည် စိတ်မအေးနိုင်သဖြင့် အိမ်နီးချင်းများကိုပါ ခေါ်ကာ ရဲစခန်းသို့ တန်းတန်းမတ်မတ် သွားကြတော့သည်။ အချို့မှာမူ လီတာ့ရှန်း၏ အိမ်သို့ လိုက်သွားကြ၏။ ဤဝန်းကျင်တွင် နေထိုင်သူအားလုံးမှာ စက်မှုစက်ရုံမှ ဝန်ထမ်းများဖြစ်ကြသဖြင့် တစ်ဦးကိုတစ်ဦး အားပေးကာ လိုက်သွားကြခြင်း ဖြစ်သည်။
လီတာ့ရှန်းတစ်ယောက် သူ အသံကုန်အော်ဟစ်ပြီး လမ်းလျှောက်ခဲ့ခြင်းကြောင့် သူ့ကို လူအများ သံသယဝင်နေကြသည်ကို မသိရှာပေ။
သူသည် အိမ်တံခါးကို "ဗုန်းဗုန်းဗုန်း" ဟု ထုလိုက်ရာ လီတာ့ရှန်း၏ ဇနီးသည်မှာ အမြန်တံခါးဖွင့်
ပေး၏။
"အဘိုးကြီး၊ ရှင် ဘာဖြစ်လာတာလဲ..."
သူမသည် လီတာ့ရှန်းကို မြင်လိုက်ရသည်နှင့် အသံကုန် အော်ဟစ်ကာ လန့်ဖျပ်ပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားတော့သည်။ သူမသည် လီတာ့ရှန်း၏ မျက်နှာကို ညွှန်ပြကာ တုန်တုန်ယင်ယင်ဖြင့်
"ရှင်... ရှင်... ရှင့်မျက်နှာမှာ သွေးတွေချည်းပဲ။"
လီတာ့ရှန်း လက်ဖြင့် သုတ်လိုက်ရာ မျက်နှာတစ်ခုလုံး သွေးများဖြင့် ပေပွသွားတော့၏။ သူ့ဇနီးမှာ ပို၍ ကြောက်လန့်ကာ နောက်သို့ ဆုတ်သွားပြီး
"ရှင်... ရှင်က လူလား၊ သရဲလား..."
အိမ်နီးချင်းများလည်း ထွက်လာကြပြီး လီတာ့ရှန်းကို ကြည့်ကာ အနားမကပ်ရဲကြပေ။
အိမ်တိုင်းမှ မီးများ လင်းလာသဖြင့် လီတာ့ရှန်း၏ မျက်နှာက ပို၍ ထင်ရှားလာသည်။
လီတာ့ရှန်း : "ငါ... ငါ သရဲတွေ့ခဲ့တယ်..."
သူ့မျက်နှာသည် ဖြူလျော့နေပြီး တုန်တုန်ရင်ရင်ဖြင့် ကြမ်းပြင်ပေါ်တွင် ခွေကျသွားကာ ငိုသံပါကြီးဖြင့် ပြောရှာ၏။
"ငါ သရဲတွေ့ခဲ့တယ်၊ သရဲက ငါ့နောက်ကို တကောက်ကောက် လိုက်နေတာ။ အဲ့ဒါနဲ့ ငါ ကြက်ကို သတ်လိုက်တယ်၊ တော်သေးတာပေါ့၊ ကြက်သွေးက အစွမ်းထက်လို့... ဒါကြောင့်ပဲ ငါ အိမ်ပြန်ရောက်လာတာ။"
"အမလေး..."
လီတာ့ရှန်း၏ ဇနီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ကျန်သည့်လူများမှာလည်း တီးတိုး ဝေဖန်နေကြတော့၏။
ယခုအခါ ရာသီဥတု နွေးလာပြီဖြစ်ပြီး နွေဦးပေါက်နေပြီ ဖြစ်သော်လည်း ဤစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကာ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အိမ်နီးချင်းတစ်ယောက်မှ နေ့တိုင်း သရဲတွေ့နေသည်ဟု အော်ဟစ်နေသည်ကို မည်သူ ခံနိုင်ပါမည်နည်း။ လူတိုင်း အတော်လေး ကြောက်လန့်နေကြ၏။
"ငါ ကြက်ဖကြီးကို သတ်လိုက်တော့ သွေးတွေ အများကြီး ထွက်လာတာ၊ အဲ့ဒါကြောင့် တော်သေးတာ၊ အဲ့ဒါကြောင့် တော်သေးတာ... အဲ့ဒီသရဲက ငါ့နောက်ကို မလိုက်ရဲတော့ဘူး၊ ဟီး... ဟီး... ငါ တကယ်ကို မခံစားနိုင်တော့ဘူး၊ ငါ တကယ်ကို မခံနိုင်တော့ဘူး... သရဲက ဘာလို့ ငါ့နောက်ကိုပဲ လိုက်နေရတာလဲ... ဘာလို့လဲ... ငါ အမှားကို ဝန်ခံပါတယ်၊ ငါ ဝန်ခံပြီးပြီလေ၊ ငါ မှားသွားပါပြီ၊ ငါ တောင်းပန်ပါတယ်၊ တောင်းပန်ပြီးပြီ မဟုတ်လား... သင်္ချိုင်းမှာ သွားပြီး ဦးတိုက်ခိုင်းရင်တောင် ရပါတယ်... ဟီး... ဟီး... သရဲကြီး ငါ့နောက် မလိုက်ပါနဲ့တော့၊ ငါ သိပါတယ်၊ အဲ့ဒီသရဲက လင်းကျန့်ဝမ် ဖြစ်ရမယ်။ သူက ငါ့ကို အလုပ်ကောင်းကောင်း မသင်ပေးခဲ့လို့၊ သူ့ကို အလုပ်ကြမ်းတွေ၊ အလုပ်ညစ်ပတ်တွေပဲ ခိုင်းခဲ့လို့၊ တခြားလူတွေ သူ့ကို အဖော်မလုပ်အောင် တမင်တကာ ကြားထဲက ကုန်းချောခဲ့လို့၊ သူ့ကို တမင်သက်သက် အချိန်ပိုဆင်းခိုင်းခဲ့လို့ သူ ငါ့ကို နာကြည်းနေတာ။ အားလုံးက ငါ့အပြစ်ပါ..အရာအားလုံးက ငါ့အပြစ်ပါ၊ ဒါပေမဲ့ စက်ရုံကို သူခိုးဝင်မယ်ဆိုတာ ငါ တကယ်မသိခဲ့ပါဘူး၊ ငါ လူသတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး... တောင်းပန်ပါတယ်၊ တကယ်ကို တောင်းပန်ပါတယ်၊ ဟီး... ဟီး..."
"ဟင်..."
"အမလေး... ငါ ပြောသားပဲ၊ သူတို့မိသားစုက တမင်သက်သက် လုပ်နေတာလို့။ သူတို့က ပြောတော့ စည်းကမ်းတင်းကြပ်မှ မှန်တာဆိုပြီးတော့။"
"ဘာစည်းကမ်း တင်းကြပ်တာလဲ၊ ကြည့်စမ်း၊ အခုတော့ အမှန်တွေ ပေါ်ကုန်ပြီ မဟုတ်လား... ငါပြောပါတယ်၊ ဘာလို့ သရဲက တခြားလူဆီ မသွားဘဲ သူ့ဆီပဲ လာနေရတာလဲဆိုတော့ သူက မကောင်းမှုတွေ လုပ်ထားလို့ကိုး။"
"သူတို့မိသားစုက တကယ့်ကို ယုတ်မာတာပဲ၊ ဟိုလူက သူ့ကို ဘာလုပ်လို့ ဒီလောက်တောင် ဒုက္ခပေးရတာလဲ။"
"ငါ ပြောပြမယ်၊ အဲ့ဒီတုန်းက အလုပ်ဝင်စာမေးပွဲမှာ သူ့သမက်လည်း ဖြေတာ မအောင်ဘူးလေ၊ အဲ့ဒါကို တခြားလူပေါ် မဲဆွယ်တာပေါ့။"
"တကယ်ကို အရှက်မရှိတာပဲ၊ ကိုယ့်ဘာသာကိုယ် သေချာမဖြေလို့ မအောင်တာကို သူများကို သွားနာကြည်းရသလား... ဘာလဲ... အဲ့ဒီရာထူးက သူ့အိမ်ပိုင် ရာထူးမှတ်နေလို့လား... နောက်ပြီး အဲ့ဒီတုန်းက အောင်တဲ့လူ ၂၀ ကျော် ရှိတာကို။ ဘာလို့ လင်းကျန့်ဝမ်တစ်ယောက်တည်းကိုပဲ နာကြည်းနေရတာလဲ... သရဲတွေ့တာ ထိုက်တန်ပါတယ်။ ဒါက ဝဋ်လည်တာပဲ။"
"အဲ့ဒီတုန်းက လူတွေ အများကြီးပါ၊ ဒါပေမဲ့ သူတို့ အလုပ်ရုံကို ရောက်လာတာက လင်းကျန့်ဝမ်တစ်ယောက်တည်းလေ။ သူတို့ အလုပ်ရုံက မဟုတ်ရင် သူက ဘယ်လိုလုပ် ဒုက္ခပေးနိုင်မှာလဲ..."
လင်းကျန့်ဝမ် စက်ရုံထဲ ရောက်လာသည်မှာ လွန်ခဲ့သော ၄-၅ နှစ်ခန့်မှ ဖြစ်ပြီး ၁၀ နှစ်၊ ၈ နှစ်လောက် ကြာခဲ့သည့် ကိစ္စမဟုတ်သဖြင့် လူတိုင်းမှတ်မိနေကြသေးသည်။ လီတာ့ရှန်း ဤမျှ ကြောက်လန့်နေသည်ကို မြင်သောအခါ လူတိုင်း ထိုအတိတ်ဟောင်းများကို ပြန်သတိရလာပြီး လီတာ့ရှန်းကို အလွန်အမင်း ရွံရှာမိကြ၏။
ယုတ်မာသည်ဆိုသည်မှာ ဤသို့ပင် ဖြစ်ပေမည်။
အိမ်နီးချင်းအချင်းချင်း ဖြစ်သော်လည်း လူတိုင်း သူ့ကို အထင်သေးကြသည်။
သူသည် ဤမျှ မရေရာသော အကြောင်းပြချက်ဖြင့် လင်းကျန့်ဝမ်ကို ဒုက္ခပေးခဲ့သည်ဆိုလျှင် သူတို့နောက်ကွယ်တွင်လည်း ကြံစည်နေမည်မှာ မလွဲပေ။ သူတို့က ဝင်းတစ်ခုတည်းတွင် နေကြသဖြင့် ပွတ်တိုက်မှုများက ပိုရှိနေနိုင်၏။ တော်သေးသည်မှာ သူတို့သည် ဂဟေဆော်သည့် အလုပ်ရုံတွင် မရှိ၍သာ၊ မဟုတ်လျှင် သူ့လက်ခုပ်ထဲမှ ရေ ဖြစ်နေမည်မှာ သေချာသည်။
သူ့ရဲ့ အမျိုး ခမည်းခမက်ဘက်က အလုပ်ရုံမှူးဆိုတော့ ဘယ်သူ့ဘက်က ပါမလဲဆိုတာ ပြောနေစရာတောင် မလိုပါဘူး…
လူယုတ်မာတွေ… သရဲခြောက်ခံရတာတောင် နည်းသေးတယ်… ဘာလို့များ ဂုတ်ချိုးမသတ်လိုက်ပါလိမ့်..
လူတိုင်းမှာ လီတာ့ရှန်း ငိုယိုနေသည်ကို ကြည့်ကာ သနားမိရာမှတစ်ဆင့် သရဲတွေ့ရသည့် အကြောင်းရင်းကို ရိပ်မိသွားကြ၏။
တခြားလူတွေ ဘာလို့ သရဲမတွေ့ရတာလဲ… လူကောင်းတွေ ဘာလို့ သရဲမတွေ့ရတာလဲ... အဲ့ဒီသရဲက ဘာလို့ လီတာ့ဆန်းနောက်ကိုပဲ တကောက်ကောက် လိုက်နေရတာလဲ... သူက ယုတ်မာလွန်းလို့ မဟုတ်ပါလား...
လီတာ့ရှန်းခမျာ တခြားလူများ ဘာပြောနေသလဲဆိုသည်ကို မကြားနိုင်တော့ပေ။ သူ့ခေါင်းထဲတွင် သရဲခြောက်ခံနေရသည့် အသိသည်သာ ကြီးစိုးနေသည်။ သူသည် တုန်တုန်ယင်ယင်ဖြင့် မိမိကိုယ်မိမိ ပွေ့ဖက်ကာ ထိုနေရာမှာပင် ထိုင်၍ တိတ်တဆိတ် မျက်ရည်ကျနေတော့၏။ ယခင် မိမိ ယုတ်မာခဲ့မိသည်ကိုသာ နောင်တရနေမိသည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာမည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ…
လင်းကျန့်ဝမ်သည် သူခိုးဖမ်းရင်း ကွယ်လွန်သွားခြင်း ဖြစ်သော်လည်း လင်းကျန့်ဝမ်ကို အချိန်ပိုဆင်းခိုင်းသူမှာ သူပင် ဖြစ်သည်။ ထိုအချိန်တွင် လင်းကျန့်ဝမ်မှာ တစ်လလုံး အချိန်ပိုဆင်းထားရသဖြင့် စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်နေချိန် ဖြစ်ရာ သူခိုးကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။
သူ့ကြောင့်၊ အားလုံးက သူ့ကြောင့်ဖြစ်ရတာ...
လီတာ့ရှန်း : "ငါ မရည်ရွယ်ပါဘူး၊ ငါ မရည်ရွယ်ပါဘူး၊ ဤသို့ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး..."
"မထင်ထားဘူးဆိုပြီး ဒီလိုတွေ လုပ်ရဲတယ်လား... ဘယ်သူ့ကို လာလိမ်နေတာလဲ။"
ဝင်းထဲမှ လူများအားလုံး ထွက်လာကြသည်။ လျိုကျင့်မှာ လီတာ့ရှန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေပြီးနောက် ရုတ်တရက် သူမ၏ခင်ပွန်းဘက်သို့ လှည့်ကာ မေးလိုက်၏။
"ရှင် အလုပ်စဝင်တုန်းက တစ်စုံတစ်ယောက်က ရှင့်ကို တမင်ဒုက္ခပေးတာမျိုး ရှိခဲ့လား..."
သူမ၏ခင်ပွန်းမှာလည်း ဂဟေဆော်သည့် အလုပ်ရုံတွင် ခေတ္တအလုပ်လုပ်ခဲ့ဖူးပြီး နောက်ပိုင်းတွင်မှ နေရာပြောင်းသွားသူ ဖြစ်သည်။
နေရာပြောင်းနိုင်ရန်အတွက် သူတို့မိသားစုမှာ ပိုက်ဆံအတော်များများ အကုန်ခံကာ လက်ဆောင်ပေးခဲ့ရသည်ကို လျိုကျင့် သိထား၏။
လျိုကျင်၏ ခင်ပွန်းဖြစ်သူ ပင်းကျစ်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။
"သူ ငါ့အပေါ် ထားတဲ့ သဘောထားကလည်း သိပ်မကောင်းပါဘူး။ သူ့မျက်နှာကို မကြည့်ချင်လို့ပဲ ငါ နည်းလမ်းရှာပြီး နေရာပြောင်းလိုက်တာ။"
သူသည် လီတာ့ရှန်းကို ကြည့်လိုက်ရာတွင်လည်း နာကြည်းမှုများ ပါဝင်နေ၏။
"အိမ်နီးချင်းအချင်းချင်းကို ခင်ဗျားတို့မိသားစုက တကယ့်ကို လူမဆန်တာပဲ..."
လီတာ့ရှန်းမှာ စိတ်လွင့်နေလေတော့သည်။
ပင်းကျစ် : "ငါ အရင်က သူတို့အိမ်က ဒုတိယသမီးကို စိတ်ဝင်စားခဲ့ဖူးတယ်၊ တွဲလည်း တွဲခဲ့ဖူးတယ်။ နောက်ပိုင်း သူတို့သမီးက လူကုံထံတစ်ယောက်နဲ့ တွေ့သွားတော့ ငါ့ကို ပစ်သွားတာ။ အဲ့ဒီနောက်ပိုင်း ငါတို့က အိမ်ထောင်အသီးသီး ကျကုန်ကြတာပေါ့… ဒါပေမဲ့ ဦးလေးလီက အဲ့ဒီကိစ္စကို အငြိုးထားပြီး ငါ့ကို နာကြည်းနေတာ။ အပစ်ခံရတဲ့ ငါတောင် သူတို့ကို နာမကြည်းပါဘူး၊ သူတို့က လူမဆန်ဘဲနဲ့ ကျူးလွန်ခံရတဲ့ ငါ့ကို ပြန်ပြီး ရန်ငြိုးထားနေကြတာ… ငါ့ကို နှိမ်လိုက်ရမှ သူတို့ စိတ်ချမ်းသာမယ် ထင်နေတာလား မသိဘူး၊ အမြဲတမ်း ငါ့ကို အပြစ်ရှာတယ်။ အလုပ်ရုံမှူးကလည်း သူတို့သမီး ယောကျ်ားဖြစ်သူရဲ့ အစ်ကိုကြီးဆိုတော့ သူတို့က တစ်ဖွဲ့တည်းလေ.. အလုပ်ရုံမှာ ငါ အဆင်မပြေတော့လို့ နည်းလမ်းရှာပြီး ထွက်သွားလိုက်တာ"
သူက အသေးစိတ် ရှင်းပြလိုက်၏။ ယခင်ဆိုလျှင် သူသည် လူတကာကို မပြစ်မှားချင်သဖြင့် မပြောရဲခဲ့ပေ။ သို့သော် ယခုမူ မကြောက်တော့ပေ။
လီတာ့ရှန်းကိုယ်တိုင်က ဝန်ခံနေပြီမလား…
ဘာကြောက်ရမှာလဲ…
ထို့အပြင် ယခုအခါ သူ့ဇနီးသည်လည်း ထိုအလုပ်ရုံတွင် မရှိတော့ပေ။
သူ့ဇနီးရဲ့ အရည်အချင်းနဲ့လည်း ရာထူးတက်ဖို့ မမျှော်လင့်နိုင်တော့တာမို့ ဘာကို ကြောက်နေစရာ လိုတော့မလဲ…
လျိုကျင့် စူးစူးဝါးဝါး အော်ဟစ်
လိုက်ကာ
"ရှင်တို့ မိသားစုကတော့ တကယ့်လူကောင်းတွေပါပဲ၊ လူကောင်းကြီးတွေပေါ့။ အပြင်ပန်းမှာတော့ လူကောင်းယောင်ဆောင်ပြီး နောက်ကွယ်မှာတော့ ဒီလို ယုတ်မာတဲ့ ကိစ္စတွေပဲ လုပ်နေတာ။ တကယ့်ကို လူမဆန်ဘူး…ရှင်တို့နောက်ကို သရဲလိုက်နေတာ သိပ်မှန်တာပဲ။ ရှင်တို့လို လူမျိုးတွေ သေသွားရင်တောင် မနှမြောပါဘူး..."
"နင် ခွေးမ ဘာတွေ လျှောက်ပြောနေတာလဲ..."
လီတာ့ရှန်း၏ ဇနီးမှာ အော်ဟစ်လိုက်သည်။
လျိုကျင့် : "ဘာလဲ၊ လုပ်ရဲရင် ခံရဲရမှာပေါ့။ ရှင်တို့အိမ်က လီတာ့ရှန်းက ယောက်ျားမဟုတ်ဘူးလား... အရှက်မရှိတဲ့လူတွေ၊ မိသားစုတစ်ခုလုံး ဘာတွေလဲ မသိဘူး။ ရှင်တို့ ဒီလိုတွေ လုပ်နေရင် တစ်နေ့ ဝဋ်လည်မှာပဲ။ ကြည့်စမ်း၊ သေချာကြည့်စမ်း၊ ဒီလောကမှာ လူတွေအများကြီးရှိတာ ဘာလို့ ရှင်တို့အိမ် တစ်အိမ်တည်းပဲ သရဲခြောက်နေရတာလဲ... ရှင်တို့ ယုတ်မာတဲ့ ကိစ္စတွေ အများကြီး လုပ်ထားလို့ မဟုတ်ပါလား..."
သူမခင်ပွန်း နေရာမပြောင်းခင်က အလုပ်ပင်ပန်းလွန်းလို့ ကျန်းမာရေး ထိခိုက်ခဲ့တာကြောင့်သာ မဟုတ်ရင် သူမက ဘာလို့ သူ့အလုပ်ကို ဆက်လုပ်နေရမှာလဲ…
မိန်းမသားတစ်ယောက်အနေနဲ့ ယောက်ျားတွေကြားထဲမှာ အလုပ်လုပ်ရတာ လွယ်တယ်မှတ်နေလား…
ဤသို့ တွေးလိုက်မိသည်နှင့် သူမသည် လီတာ့ရှန်းတို့ မိသားစုကို ပို၍ မုန်းတီးသွားတော့၏။
အားလုံးက သူတို့အပြစ်တွေချည်းပဲ…
"လူတိုင်း သတိထားကြနော်၊ ဒီမိသားစုနဲ့တော့ မပတ်သက်ကြနဲ့။ ကြည့်စမ်း၊ သူတို့ ဘယ်လောက်တောင် ယုတ်မာသလဲဆိုတာ။"
"ဒါပေါ့၊ တကယ့်ကို အရှက်မရှိတဲ့လူတွေနဲ့ အတူနေရတာ ရှက်စရာပဲ။"
"ဒါ ဘယ်လို လူမျိုးတွေလဲ မသိဘူး..."
လူတိုင်း ဝိုင်းဝန်းရှုံ့ချနေကြပြီး ဤမိသားစုကို ပို၍ပင် အထင်သေးသွားကြတော့သည်။ ပုံမှန်ဆိုလျှင် လူကောင်းယောင်ဆောင်နေပြီး ယခုမှ လူသတ်သကဲ့သို့ ဖုံးကွယ်ထားသည်များ ပေါ်ကုန်ပြီ မဟုတ်လော့။
ဒါ ဘယ်လိုလူကောင်းမျိုးလဲ... တကယ့်ကို ယုတ်မာညစ်ပတ်လွန်းတဲ့ အမှိုက်တွေပဲ...
လီတာ့ရှန်း၏ဇနီးမှာ ဒေါသဖြင့် တုန်ရင်နေပြီး လီတာ့ရှန်းကို တွန်းထိုးကာ
"ရှင် တစ်ခုခု ပြောပါဦး၊ သူတို့က ကျွန်မတို့ ခေါင်းပေါ်အထိ တက်နင်းပြီး စော်ကားနေကြပြီလေ။"
လီတာ့ရှန်းမှာ တခြားလူများ ဘာပြောနေသလဲဆိုသည်ကို ဂရုစိုက်နိုင်သည့် စိတ်ဓာတ်ခွန်အား မရှိတော့ပေ။ သူသည် ခေါင်းများမူးနောက်ပြီး ကိုက်ခဲနေကာ ကြောက်လည်း ကြောက်နေသဖြင့်
"ပြောချင်တာ ပြောပါစေ၊ သရဲခြောက်နေတာ၊ အခု သရဲခြောက်နေတာနော်၊ မင်းက တခြားလူတွေ ပြောတာကို ဂရုစိုက်နေတုန်းလား..."
"ဒါပေမဲ့..."
"လီတာ့ရှန်း၊ လီတာ့ရှန်း ရှိသလား..."
ထိုသို့ ပြောဆိုနေစဉ်မှာပင် ရဲအရာရှိ သုံးဦး အတူတူ ရောက်လာသည်ကို လူတိုင်း မြင်လိုက်ကြရ၏။
"ဘယ်သူက လီတာ့ရှန်းလဲ..."
လီတာ့ရှန်း ခေါင်းမော့လိုက်ကာ
"ကျွန်တော်..."
သူ့မျက်နှာတစ်ခုလုံး သွေးများနှင့် ပေပွနေသည်။
"မလှုပ်နဲ့... မလှုပ်နဲ့..."
"လက်နှစ်ဖက်ကို မြှောက်ထား... ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ၊ ဒီသွေးတွေအကြောင်းကို ရဲစခန်းမှာ သေချာရှင်းပြရမယ်။"
အခင်းဖြစ်ပွားရာနေရာသည် တစ်ဖန်ပြန်၍ ဝရုန်းသုန်းကား ဖြစ်သွားပြန်သည်။
လီတာ့ရှန်းသည် ရဲဦးထုပ်များကို ကြည့်ကာ ခေတ္တမျှ ငြိမ်ကျသွားပြီးမှ ရုတ်တရက် မျက်လုံးများ အရောင်တောက်ပလာကာ အော်ဟစ်လိုက်၏။
"မြန်မြန်... မြန်မြန် ကျွန်တော့်ကို ခေါ်သွားကြပါ... ခင်ဗျားတို့ ရဲဦးထုပ်တွေ ဆောင်းထားတာဆိုတော့ သရဲက ဘယ်လိုမှ အနားကပ်ရဲမှာ မဟုတ်ဘူး..."
ရဲအရာရှိများ: ".….”
ဒါက လူသတ်သမား မဟုတ်ဘဲ
အရူးတစ်ယောက်လား...
လီတာ့ရှန်း: "ကျွန်တော့်ကို ခေါ်သွားကြပါ၊ ခေါ်သွားပါတော့။ ရဲစခန်းမှာ နိုင်ငံတော်အလံနဲ့ နိုင်ငံတော်တံဆိပ်တွေ ရှိနေတာဆိုတော့ အဲ့ဒါက အလုံခြုံဆုံးပဲ။ ဘယ်လို သရဲသဘက်မှ မလာရဲဘူး။ ကျွန်တော့်ကို ခေါ်သွားပါ၊ သွားချင်တယ်..."
လီတာ့ရှန်း၏ ဇနီး: "ကျွန်မကို တစ်ယောက်တည်း ထားမသွားပါနဲ့၊ ကျွန်မ အိမ်မှာ တစ်ယောက်တည်း မနေရဲဘူး၊ ကျွန်မလည်း လိုက်မယ်..."
အိမ်နီးချင်းများ: "................................"
တိတ်ဆိတ်သွားကြသည်…
အပ်ကျသံမကြားရအောင် တိတ်ဆိတ်မှုကြီးပင်…
ဒါ ဘာကြီးလဲ…
ရဲစခန်းကို ကိုယ့်ဘာသာ အတင်းလိုက်ချင်တဲ့လူ ရှိသေးတယ်လား…
ဒါတွေက ဘာတွေ ဖြစ်ကုန်တာလဲ…
မမြင်ဖူး မကြာဖူးတာတွေ ကြုံနေရပြီ…
ရဲအရာရှိ: "... ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲ..."
လီတာ့ရှန်း: "ရဲစခန်းကို သွားချင်တယ်၊ ရဲစခန်းရောက်မှ ပြောမယ်..."
ရဲအရာရှိ: "..."
"ကဲ... သွားမယ်၊ သွားမယ်၊ အခုပဲ သွားကြစို့..."
လီတာ့ရှန်းတစ်ယောက် မစောင့်နိုင်တော့သည့်အလား...
လီတာ့ရှန်းတို့ဘက်၌ ဝရုန်းသုန်းကား ဖြစ်နေချိန်တွင် ချန်ချင်းယွီတစ်ယောက် အိမ်ကို ရောက်နေပြီဖြစ်သည်။ လမ်းကို အတော်လေး ပတ်လျှောက်ခဲ့ရသော်လည်း သူမသည် ခြေလှမ်းသွက်သူဖြစ်ရာ အိမ်သို့ မြန်မြန်ဆန်ဆန် ပြန်ရောက်လာခြင်း ဖြစ်၏။ ချန်ချင်းယွီသည် ပစ္စည်းများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး စိတ်ကျေနပ်သွားလေသည်။
ငယ်စဉ်အခါ၌ မိဘမဲ့ဂေဟာတွင် ဗိုက်မဝခဲ့ဖူးသဖြင့် ချန်ချင်းယွီသည် ရိက္ခာစုဆောင်းရသည်ကို အနှစ်သက်ဆုံးဖြစ်၏။ အနားတွင် ရိက္ခာရှိနေသရွေ့ လူမှာ မထိတ်လန့်တော့ဘဲ စိတ်အေးလက်အေး ရှိနေတတ်သည်။
နောက်ပြီးတော့လေ…အဟမ်း..
ဘယ်သူ ထင်ထားပါ့မလဲ…
သူမက မှောင်ခိုစျေးကို တစ်ခေါက်သွားရုံနဲ့ ကြက်ဖကြီးတစ်ကောင် အလကား ရလာလိမ့်မယ်လို့လေ….
ခေါင်းပြတ်နေပေမဲ့ ကြည့်ရတာ ၄-၅ ပေါင် (၇-၈ ကျင်း) လောက်ရှိမယ့် ကြက်ဖဆူဆူဖြိုးဖြိုးကြီး.. အဟိ..
ယနေ့ခေတ်မှာ လူလည်းပိန်၊ ကြက်လည်းပိန်သည့်ကြားမှ ဤကြက်ဖမှာ အတော်လေး ဆူသည်ဟု ဆိုရမည်။
ချန်ချင်းယွီသည် ကြက်ဖကြီးကို ထောင့်တစ်နေရာတွင် ဝှက်ထားလိုက်၏။ သူမမှာ အလွန် သတိကြီးသူဖြစ်ရာ ကြက်သွေးများ စိမ့်ထွက်လာပြီး လူမြင်သွားမည်ကို စိုးရိမ်သဖြင့် အပြင်မှာကတည်းက သွေးများ ကုန်အောင် စောင့်ပြီးမှ သယ်လာခြင်း ဖြစ်သည်။ ထို့နောက် သူမ လက်ဆေးကာ အဝတ်အစားများကို လဲလိုက်၏။
လီတာ့ရှန်းရဲ့ စိတ်ဓာတ်က တကယ့်ကို ညံ့ဖျင်းလွန်းတယ်လို့ ပြောရမယ်…
ယခုအခါ သူမ ဘာမှ မခြောက်လှန့်ရသေးခင်မှာပင် လီတာ့ရှန်းတစ်ယောက် သူ့ဘာသာသူ စိတ်ကူးယဉ်ပြီး ကြောက်နေလေပြီ…
တကယ်ကို... ထိုက်တန်တာပဲ..
မကောင်းတာမလုပ်ရင် ဘာကြောက်စရာရှိလဲ…
သူမသည် နှာခေါင်းရှုံ့လိုက်ပြီးမှ စောင်ထဲသို့ ဝင်လိုက်သည်။ လီတာ့ရှန်းတို့ ဇနီးမောင်နှံမှာ အိပ်မပျော်ဘဲ တုန်ရင်နေချိန်တွင် ချန်ချင်းယွီသည်ကား အလွန်ကောင်းမွန်စွာ အိပ်ပျော်သွား၏။
ဘာကို စိတ်ပူနေရမှာလဲ..
အရှုံးပေါ်နေတာ သူမမှ မဟုတ်ဘဲ..
ကြက်ဖတစ်ကောင်တောင် အမြတ်ထွက်ခဲ့သေးတာပဲကို…
နောက်တစ်နေ့ မနက်တွင် အဘွားကြီးကျောက် ချန်ချင်းယွီကို လှုပ်နှိုးလိုက်သည်။ ချန်ချင်းယွီမှာ အိပ်ချင်မူးတူးဖြင့် ကြက်ပေါင်ငုံ့စားနေသည့် အိမ်မက် မက်နေစဉ် မျက်လုံးဖွင့်လိုက်ရာ အဘွားကြီးကျောက်၏ မျက်နှာကြီးကို မြင်လိုက်ရသဖြင့် … သောက်ကျိုးနည်း.. သောက်ခွေးထဲမှ..
သောက်အဘွားကြီး စောစောစီးစီး ဘာလုပ်တာလဲ…
အဘွားကြီးကျောက်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးများ အရောင်တောက်နေပြီး
"ချွေးမ၊ နင် ကြက်ဖကြီး ဝယ်လာတာလား..."
ချန်ချင်းယွီသည် မျက်လုံးများကို ပွတ်လိုက်ရင်း အိပ်ရာနိုးစ အသံအက်အက်ကလေးဖြင့်
"မဝယ်ပါဘူး~ အဲ့ဒါ ကောက်ရတာ။"
အဘွားကြီးကျောက်၏ မျက်လုံးများမှာ ပို၍ ပြူးထွက်သွားကာ
"ကောက်ရတာ... ဒီလို ပစ္စည်းမျိုးကို ကောက်ရတယ်လို့လား... မကြားဖူးပါဘူးအေ၊ ငါ့သက်တမ်းတစ်လျှောက်မှာ ဒီလို ကံကောင်းတာမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။"
အဘွားကြီးကျောက် လုံးဝ မယုံကြည်နိုင်သေးပေ။
ညည်း ဘယ်သူ့ကိုလိမ်ချင်နေတာလဲ…
ဒီလောက် ရိက္ခာရှားတဲ့ခေတ်မှာ ဘယ်သူက လွှင့်ပစ်မှာလဲ…
သွားသွား သရဲပဲ သွားလိမ်…
လွှင့်ပစ်လိုက်သော လီတာ့ရှန်း “……”
ချန်ချင်းယွီ : "တကယ် ကောက်ရတာပါ၊ လီတာ့ရှန်း ပစ်ချသွားတာ။"
အဘွားကြီးကျောက် : သေစမ်း…
လီတာ့ရှန်း ရူးသွားပြီ…
သူမ ဝမ်းသာအားရဖြင့် ဆက်မေးကာ
"နင် လီတာ့ဆန်းကို ထပ်သွားခြောက်လိုက်တာလား... မခြောက်တော့ဘူးလို့ ပြောထားတယ် မဟုတ်လား..."
ချန်ချင်းယွီ ခေါင်းခါလိုက်ပြီး
"သူ့အိမ်ကို သွားတာ မဟုတ်ပါဘူး၊ မနေ့ညက မှောင်ခိုစျေးကအပြန် လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့တာ။ သူက မလုံမခြုံဖြစ်ထားတဲ့ စိတ်ကြောင့်ထင်ပါရဲ့၊ ကျွန်မကို သရဲမှတ်ပြီးတော့ ကြက်ဖကြီးနဲ့ လှမ်းပေါက်တာလေ။ ဪ... ကြက်ခေါင်းကိုလည်း သူကိုယ်တိုင်ပဲ ခုတ်ထားတာ၊ ကြက်သွေးက သရဲပြေးတယ်လို့ သူထင်နေတာလား မသိပါဘူး။ တကယ်ပါပဲ... သွေးတွေ အများကြီး ခါယမ်းနေတာ၊ ကျွန်မက သွက်လက်လို့သာပေါ့၊ မဟုတ်ရင် သွေးတွေနဲ့ ပေကုန်တော့မှာ။"
အဘွားကြီးကျောက် ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားရှာ၏။
သူမသည် နှုတ်ခမ်းကို မဲ့လိုက်ရင်း ခေတ္တမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။
လီတာ့ရှန်းကတော့ တကယ်ကို လွန်လွန်ကျူးကျူးပါလား…
"ယောကျ်ားကြီးတန်မဲ့ ကိုယ့်ဘာသာကိုယ် ပြန်ခြောက်နေရတာလား၊ ဒီလောက်တောင် စိတ်ဓာတ်ပျော့ညံ့သေးသိမ်ရသလား..."
ချန်ချင်းယွီ: "စိတ်ဓာတ်ပျော့ညံ့သေးသိမ်တာ မသေးသိမ်တာ ထားပါဦး၊ သူက သူများကို အနိုင်ကျင့်နှိပ်စက်ခဲ့တာဆိုတော့ ဒါတွေက သူနဲ့ ထိုက်တန်ပါတယ်။"
လင်းကျန့်ဝမ် နေရာမပြောင်းနိုင်တာကို အခွင့်ကောင်းယူပြီး နှိပ်စက်ခဲ့တာ မဟုတ်လား…
အခုတော့ ကြောက်ပြီး သေမလိုဖြစ်နေတာ ထိုက်တန်ပါတယ်… ကိုယ်ထိုက်နဲ့ကိုယ့်ကံပဲ…
အဘွားကြီးကျောက် : "ဒါပေါ့၊ ယုတ်မာတဲ့ကောင်တွေက မစင်စားရဖို့တောင် ထိုက်တန်သေးတယ်။"
အင်း... အဲ့ဒီလူကတော့ တကယ် စားခဲ့ဖူးတာပဲ…
အဘွားကြီးကျောက် : "ဒါဆို ဒီကြက်ကို......"
ချန်ချင်းယွီ : "ဝင်းထဲမှာ ချက်လို့ မရဘူး။ သူက မနေ့ညက ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားသွားတာ၊ နောက်ပြီး ကြက်ခေါင်းကလည်း လမ်းပေါ်မှာ ကျန်ခဲ့မှာပဲ။ ဒီသတင်းက ပျံ့သွားနိုင်တယ်၊ ကျွန်မတို့ ကြက်ချက်နေရင် လူသိသာလွန်းလိမ့်မယ်။"
"ဒါဆို... ဒါဆို... ချွေးမရေ။ ငါ့ကို ကြည့်ပါဦး၊ ငါက အခုတော့ ဒီမိသားစုအတွက်ပဲ စိတ်ရောကိုယ်ပါ နှစ်ထားတာပါ။ နင့်စကားကိုပဲ နားထောင်တယ်၊ နင်သွားဆိုတဲ့ဆီ သွားတယ်၊ မလုပ်နဲ့ဆိုတာ မလုပ်ဘူး။ ငါက တကယ့်လူကောင်းပါအေ... ငါတို့က မိသားစုဝင်တွေပဲ မဟုတ်လား၊ စားကောင်းသောက်ဖွယ်ရှိရင် ငါ့ကိုတော့ ချန်လှပ်မထားပါနဲ့ဦး..."
အဘွားကြီးကျောက် ချန်ချင်းယွီကို ဆွဲကာ မျက်နှာလိုမျက်နှာရ ပြုံးပြနေ၏။
လူဆိုတာ အခြေအနေကို ကြည့်တတ်ရမယ်…မဟုတ်လျှင် ကြက်ဖင်တောင် စားရမှာ မဟုတ်ဘူး…
ဒါက အဘွားကြီးကျောက် ချန်ချင်းယွီအပေါ် နားလည်ထားသည့် အချက်ပင်…
ငါ ကျောက်တာ့ရာက အခြေအနေနဲ့ အချိန်အခါအလိုက် နေတတ်တဲ့ ပညာရှိဟဲ့…
သူမ ဆက်ပြောကာ
"ကြည့်ပါဦး၊ ငါက အလုပ်သွားရပေမဲ့ အိမ်အလုပ်တွေကိုလည်း တတ်နိုင်သလောက် ဝိုင်းလုပ်ပေးပါတယ်၊ အပြင်ကလူတွေနဲ့ ရန်ဖြစ်ရမယ်ဆိုရင်လည်း ငါက ရှေ့ဆုံးကပဲ။ ဘယ်လိုလဲ..."
ချန်ချင်းယွီ: "သိပါတယ်၊ သိပါတယ်၊ အမေလည်း ပါတာပေါ့။"
ချန်ချင်းယွီ ခေတ္တစဉ်းစားပြီးမှ
"ဒီနေ့ ကျွန်မ ငါးသွားမျှားရင်း တစ်နေရာရာမှာ ကြက်ကင်လိုက်မယ်၊ အမေ့အတွက်လည်း ချန်ထားပေးမယ်။"
အဘွားကြီးကျောက် : "အေး... ရပြီ..."
ကြက်ဖင်၊ ကြက်ခြေထောက်၊ ကြက်လည်ပင်းဆိုရင်တောင် အသားပဲ မဟုတ်လား…
ချန်ချင်းယွီ သူမကို ကောင်းကောင်းမွန်မွန် ချန်ပေးမည်မဟုတ်ကြောင်း သေချာသော်လည်း ….
အလကားရတာပဲ မဟုတ်လား…
"ချွေးမရေ၊ နင်က တကယ်ကို စိတ်ထားကောင်းတဲ့သူဆိုတာ ငါ သိပြီးသားပါ။"
ချန်ချင်းယွီ မျက်လုံးလှန်ကြည့်လိုက်ပြီး
"မျက်နှာချို မသွေးနေနဲ့တော့၊ အလုပ်သွားဖို့ ပြင်တော့၊ ဘယ်နှစ်နာရီရှိပြီလဲ ကြည့်ဦး။"
"အေး... ဟုတ်သားပဲ။"
ချန်ချင်းယွီ : "ကျွန်မတို့အိမ်မှာ နာရီမရှိတာ တကယ် အဆင်မပြေဘူး။ နောက်လကျရင် စက်မှုလက်မှုလက်မှတ်တွေ စုပြီး နာရီတစ်လုံး ဝယ်ရမယ်။"
"ကောင်းပြီ..."
အဘွားကြီးကျောက် ချန်ချင်းယွီ ခိုင်းသမျှ အကုန်လုပ်မည်ဖြစ်သည်။ သူမသည် နောက်မကျအောင် အမြန်ပင် အလုပ်သို့ ပြေးသွား၏။
ဝမ်တာ့ချွေထက်တော့ မသာရင်တောင် အလုပ်မပျက်စေရဘူး၊ လခအပြည့် ရအောင် လုပ်ရမယ်…
အဘွားကြီးကျောက် အလုပ်သွားပြီးနောက် ချန်ချင်းယွီလည်း ဆက်အိပ်၍ မရတော့ပေ။ သူမသည် မနေ့ညမှ ဝယ်လာသော အထည်စများကို သေသေချာချာ ခေါက်ကာ ဗီရိုထဲတွင် သိမ်းဆည်းလိုက်သည်။
ချန်ချင်းယွီ၏ ဘဝမှာ အစီအစဉ်တကျ ရှိလှ၏။ အခြေခံအားဖြင့် နေ့တိုင်း အပြင်ထွက်တတ်ပြီး ငါးမျှားသည်ဖြစ်စေ၊ ငါးဝယ်သည်ဖြစ်စေ အနည်းနှင့်အများ အမြဲတမ်း အဖတ်တင်တတ်သည်။ သူမသည် ဝါဂွမ်းလက်မှတ်များကို စစ်ဆေးပြီး ပိုက်ဆံအချို့ကို ထည့်ယူလိုက်၏။ ပိုက်ဆံသုံးရသည့် အခါတိုင်းတွင်လည်း အဘိုးအဘွား လူကြီးမိဘများ၏ အထောက်အပံ့ရှိ၍သာ တော်တော့သည်ဟု ရေရွတ်မိတတ်သည်။ အဘိုးနှင့်အဘွား ချန်ထားခဲ့သည့် ပိုက်ဆံသာမရှိလျှင် သူမလည်း ဝမ်းရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေရမည်ဖြစ်ရာ ယခုကဲ့သို့ သက်သောင့်သက်သာ နေနိုင်မည် မဟုတ်ပေ။
"မေမေ~"
ချန်ချင်းယွီ နောက်သို့လှည့်ကြည့်လိုက်ပြီး
"နိုးပြီလား... ထပြီး မျက်နှာသစ်ကြတော့၊ ဒီနေ့ တို့တွေ လုပ်စရာတွေ အများကြီး ရှိသေးတယ်နော်။"
"ဟင်..."
ကလေးလေးနှစ်ယောက် မျက်လုံးပွတ်ရင်း စိတ်ဝင်တစား ဖြစ်သွားကြသည်။
"မေမေ၊ ဘာလုပ်မှာလဲဟင်..."
ချန်ချင်းယွီ: "ဒီနေ့ လုပ်စရာတွေက အများကြီးပဲ၊ မေမေ့နောက် လိုက်ခဲ့ရင် သိရမှာပေါ့။"
ချန်ချင်းယွီသည် မနက်စောစော သမ်းဝေရင်း အကုန်ပြင်ဆင်ပြီးမှ ကလေးနှစ်ယောက်ကို တင်ကာ အပြင်ထွက်ခဲ့သည်။ ရှေ့ဝင်းကို ဖြတ်သွားချိန်တွင် လူများ သိပ်မရှိသေးပေ။ မနက်ခင်းဆိုလျှင် အိမ်တိုင်း ကိုယ်စီ အလုပ်ရှုပ်နေကြသည်သာ။ သူမသည် သမဝါယမ ကုန်ပဒေသာဆိုင်ဆီသို့ တန်းတန်းမတ်မတ် စီးလာခဲ့သော်လည်း မိမိတို့ ရပ်ကွက်ထဲမှဆိုင်သို့ မသွားဘဲ ချန်းမန်လမ်းမကြီးဘက်ရှိ ဆိုင်ကြီးများရှိရာသို့ သွားလိုက်၏။ ထိုဘက်ရှိ ဆိုင်များမှာ ပိုကြီးပြီး ပစ္စည်းပိုစုံသည်။
"မေမေ၊ ဘာဝယ်မှာလဲ..."
ကလေးနှစ်ယောက်မှာ ယခင်ကဲ့သို့ မဟုတ်တော့ပေ။ ယခုအခါ သူတို့မှာ အပြင်ဗဟုသုတရှိသည့် ကလေးများ ဖြစ်နေပြီဖြစ်ရာ အစောပိုင်းကဲ့သို့ ကြောက်ကြောက်လန့်လန့် မဖြစ်တော့ပေ။
ချန်ချင်းယွီ: "ဝါဂွမ်းဝယ်မလို့လေ၊ သားတို့သမီးတို့အတွက် ဝါဂွမ်းထည် ချုပ်ပေးမလို့။"
ကလေးများ မျက်လုံးပြူးသွားကြပြီး ရှောင်ယွမ် ခေါင်းလေးစောင်းကာ မေးရှာသည်။
"ဒါပေမဲ့ အခုက ပူတယ်လေ။"
ချန်ချင်းယွီ: "မေမေ သိတာပေါ့၊ အခု ကြိုချုပ်ထားပြီး သိမ်းထားမှ ဆောင်းတွင်းကျရင် ဝတ်လို့ရမှာပေါ့။ ဆောင်းဦးပေါက်မှ ချုပ်မယ်ဆိုရင် ကြာနေမှာပေါ့..."
"ဪ~"
ကလေးများ သဘောပေါက်သွားကြ၏။
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"ကဲ... သွားစို့..."
သူမ ဝယ်သည့်ပမာဏမှာ များသော်လည်း ဤဘက်မှာ ဆိုင်ကြီးဖြစ်သဖြင့် ပစ္စည်းလက်ကျန် များလှရာ အလုံအလောက် ရရှိခဲ့သည်။
ချန်ချင်းယွီ အင်္ကျီမချုပ်တတ်ပေ၊ ထိုသို့သော ဝါဂွမ်းထည်မျိုးကိုလည်း ဝင်းထဲရှိ လူများကို အကူအညီ မတောင်းချင်သဖြင့် အပ်ချုပ်ဆိုင်သို့သာ တန်းသွားလိုက်၏။ ယခုခေတ် အပ်ချုပ်ဆိုင်များသည်လည်း အစိုးရပိုင်များ ဖြစ်ကုန်သည်။ ယခင် ပုဂ္ဂလိကပိုင်များ ဖြစ်သော်လည်း နောက်ပိုင်းတွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပိုင်ဆိုင်သည့် စနစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။ သူမသည် အထည်စနှင့် ဝါဂွမ်းများကို ကိုယ်တိုင် ယူလာခဲ့သည်။ ဤဆိုင်သို့ ပထမဆုံးအကြိမ် လာခြင်းဖြစ်သော်လည်း သူမ မထိတ်လန့်ပေ။
ကလေးနှစ်ယောက်မှာလည်း မိခင်ပါလာသဖြင့် သတ္တိရှိနေကာ မျက်လုံးဝိုင်းလေးများဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေကြသော စပ်စုစိန်လေးများ ဖြစ်နေကြ၏။
"ဒါက အင်္ကျီချုပ်မလို့လား၊ စောင်ချုပ်မလို့လား..."
ဝါဂွမ်းများ အများကြီး သယ်လာတတ်လျှင် များသောအားဖြင့် စောင်ချုပ်ရန်သာ ဖြစ်တတ်သည်။
ချန်ချင်းယွီ: "အင်္ကျီချုပ်မလို့ပါ၊ ကလေးနှစ်ယောက်အတွက် ဂွမ်းကပ်ထည် အပေါ်အောက် တစ်စုံစီရယ်၊ ကျွန်မအတွက် တစ်စုံရယ်ပါ။ အသားနည်းနည်း ချန်ချုပ်ပေးပါ၊ အရမ်း ကျပ်မသွားစေနဲ့ဦး။ ကလေးတွေ ဘောင်းဘီနားကိုလည်း နည်းနည်းလေး ပိုရှည်ပေးပါဦး၊ နောင်ကျရင် ဝတ်လို့ရအောင် အပိုလေး ချန်ပေးစေချင်လို့ပါ။"
"နားလည်ပြီ..."
ကလေးအင်္ကျီချုပ်လျှင် ဤသို့ မလုပ်သည့်သူ မရှိသလောက်ပင်…
"ကဲ... လာကြ၊ အတိုင်းအတာလေးတွေ တိုင်းလိုက်ရအောင်။"
ကလေးနှစ်ယောက်မှာ မျက်လုံးလေးများ အရောင်ဝင်းပနေပြီး စိတ်လှုပ်ရှားလွန်းသဖြင့် နှုတ်ခမ်းလေးများကို ခပ်တင်းတင်းစေ့ကာ
"ဂွမ်းကပ်အင်္ကျီ အသစ်ချုပ်ပေးမှာလားဟင်..."
ချန်ချင်းယွီ: "ဒါပေါ့၊ သားတို့သမီးတို့ သဘောကျရဲ့လား..."
ကလေးများက ခေါင်းကို အားရပါးရ ညိတ်ကြသည်။
ဘယ်သူက မကြိုက်ဘဲ နေပါမည်နည်း…
အင်္ကျီအသစ်ကို မကြိုက်သည့်သူ မရှိပေ။
သူမနှင့် ကလေးနှစ်ယောက် အတိုင်းအတာ တိုင်းပြီးနောက် ချန်ချင်းယွီမှာ စာရွက်လေးတစ်ရွက် ထုတ်ပေးလိုက်ပြီး
"ဒီအတိုင်းအတာအတိုင်း အပေါ်အင်္ကျီတစ်ထည် ထပ်ချုပ်ပေးပါဦး။"
"ဝါဂွမ်း ဘယ်လောက်သုံးမလဲ၊ ယေဘုယျအားဖြင့်တော့..."
နှစ်ယောက်သား တိုင်ပင်နေကြပြီး ချန်ချင်းယွီ ထိုကိစ္စတွင် သိပ်နားမလည်သော်လည်း အပ်ချုပ်ဆိုင်မှ ဆရာကြီးမှာ အတွေ့အကြုံများသူဖြစ်ရာ အကြံဉာဏ်ကောင်းများ ပေးခဲ့၏။ မိမိမသိသည့် ကိစ္စတွင် ကျွမ်းကျင်သူကို မေးရမည်ဟူသော အသိမှာ ချန်ချင်းယွီတွင် အမြဲရှိသည်။
ဝါဂွမ်းကိစ္စ တိုင်ပင်ပြီးနောက် ဆရာကြီးမှာ မေးလာ၏။
"ဘယ်လို အထည်စကို သုံးမှာလဲ..."
အပ်ချုပ်ဆိုင်တွင်လည်း အထည်စများ ရှိတတ်ပြီး သမဝါယမ ကုန်ပဒေသာဆိုင်နှင့် ဈေးနှုန်းအတူတူပင် ဖြစ်သည်။ အင်္ကျီချုပ်သူများအတွက် အဆင်ပြေစေရန် ရောင်းချပေးခြင်း ဖြစ်၏။
ချန်ချင်းယွီမှာ မနေ့ညမှ အထည်စများ ဝယ်ထားသော်လည်း ထိုအရောင်မှာ ဝါဂွမ်းထည်ချုပ်ရန် သိပ်မသင့်တော်လှပေ။
သို့သော်လည်း သူမ ယူလာခဲ့သည်။ ထို့အပြင် အထည်လတ်မှတ်များလည်း ပါလာသေး၏။
"ကျွန်မမှာ အထည်လက်မှတ်တွေ ရှိပါတယ်၊ ဒီလောက်ချုပ်ဖို့ဆိုရင် လက်မှတ်ဘယ်လောက် ထပ်လိုမလဲ ကြည့်ပေးပါဦး။ အကယ်၍ အများကြီး လိုနေသေးတယ်ဆိုရင်တော့ အပေါ်အင်္ကျီကို ဒီပန်းပြောက်ပါတဲ့ အထည်နဲ့ပဲ ချုပ်လိုက်ပါတော့မယ်။"
အဲ့ဒါဆိုရင်တော့…. အင်း…
တကယ့်ကို ပန်းပွင့်ကြီးတွေနဲ့ ဝါဂွမ်းထည်ကြီး ဖြစ်သွားပေလိမ့်မည်။
"ဟိုး... မင်းရဲ့ ဒီအထည်စက မဆိုးဘူးပဲ... ကြည့်ရတာ တော်တော်လှသားပဲ။"
ဤခေတ်တွင် မိမိအလုပ်ကို မိမိမြတ်နိုးကြသည့် ခေတ်ဖြစ်ရာ အပ်ချုပ်ဆရာကြီးသည် အထည်စမျိုးစုံကို ကိုင်တွယ်ရသည်မှာ အပျော်ဆုံးပင်။ ချန်ချင်းယွီ ယူလာသည့် ပန်းပြောက်ပန်းပွင့်ကြီးပါသော အထည်စကို မြင်လိုက်သည်နှင့် မျက်လုံးများ အရောင်တောက်သွားကာ
"ဒါက လှလိုက်တာ... ဘယ်မှာ လဲခဲ့တာလဲ..."
ချန်ချင်းယွီ: "ကျွန်မ အမျိုးတွေက ခွဲပေးလိုက်တာပါ၊ ချို့ယွင်းချက်လေးတွေ ပါတယ်လို့ ပြောပေမဲ့ ကျွန်မကြည့်ရတာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဂွမ်းကပ်ထည်ချုပ်ဖို့ကျတော့ နည်းနည်း ကလေးဆန်နေမလားလို့။"
အပ်ချုပ်ဆရာကြီးမှာ ချန်ချင်းယွီကို အံ့သြတကြီး ကြည့်လိုက်သည်။ သူသည် လုံးဝကို နားမလည်နိုင်သည့်ပုံစံဖြင့်
"ဒါက ဘယ်လောက် လှသလဲ။"
ချန်ချင်းယွီ: ‘သောက်ကျိုးနည်း..’
ဒီခေတ်ရဲ့ အလှအပစံနှုန်းကတော့…
အင်း… ထားပါတော့လေ..
နှစ်ဦးသား၏ အလှအပဆိုင်ရာ အယူအဆမှာ မတူညီကြပေ။
ဆရာကြီးသည် ချန်ချင်းယွီ၏ အထည်စကို တွက်ချက်ကြည့်ရာ သိသိသာသာကို မလောက်ငှပေ။ ချန်ချင်းယွီသည်လည်း ထိုအထည်ကို သိပ်သဘောမကျမှန်း သိသဖြင့် သူ ခေတ္တစဉ်းစားပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။
"မင်း ဒီအထည်ကို မကြိုက်ဘူးဆိုရင် ငါ့ဆီက အထည်နဲ့ လဲလို့ရတယ်နော်။"
ချန်ချင်းယွီ: "ရှင်..."
အပ်ချုပ်ဆရာကြီး: "မင်း လိုချင်တဲ့ အထည်နဲ့ လဲလိုက်လေ၊ မင်းရဲ့ ဒီပန်းပွင့်ပန်းပြောက်ပါတဲ့ အထည်စကို ငါ့ကို ပေးလိုက်။ ငါ မင်းကို အထည်စ နည်းနည်း ပိုပေးမယ်၊ ပြီးတော့ ကော်စင်တွေ၊ ကြယ်သီးတွေအတွက် ပိုက်ဆံ ထပ်မယူတော့ဘူး။"
ချန်ချင်းယွီ မျက်လုံးလေးလည်ကလည်ဖြင့်
"ကျွန်မ ကြိုက်တဲ့ အထည်နဲ့ လဲလို့ရတာလား..."
"ငါ့ဆိုင်မှာရှိတဲ့ အထည်တွေထဲက ကြိုက်တာနဲ့ လဲလို့ရတယ်..."
သူ့ဆိုင်တွင်လည်း အထည်များ ရောင်းသော်လည်း ကုန်တိုက်ကြီးများ သို့မဟုတ် ကုန်ပဒေသာဆိုင်များလောက် ပုံစံမစုံလှပေ။ ဤနေရာတွင် သာမန်အထည်စများကိုသာ ရနိုင်သည်။
ချန်ချင်းယွီ ချက်ချင်းပင်
"ဒါဆိုရင် ဟို မင်ပြာရောင် အထည်နဲ့ လဲမယ်။"
ကလေးတွေအတွက်ဆိုရင် အရောင်နုတွေ မသုံးသင့်ဘူး..
ပေကျံလွယ်သည် မဟုတ်ပါလား…
အရောင်ရင့်ရင့်က အကောင်းဆုံး၊ အညစ်အပေ ခံနိုင်ပြီး ကြည့်ရတာလည်း စိတ်အေးရတယ်…
"ရတာပေါ့..."
ချန်ချင်းယွီ သေချာတွက်ကြည့်လိုက်ရာ သူမအနေဖြင့် လုံးဝ အရှုံးမရှိပေ။ မှောင်ခိုစျေးတွင် သူမသည် ပိုက်ဆံဖြင့် ဝယ်ခဲ့ခြင်းဖြစ်ရာ အမှန်တကယ်တွင် ဤနေရာရှိ အထည်ဈေးထက် ပိုကြီးသော်လည်း အထည်လက်မှတ် မလိုပေ…အထည်လက်မှတ် မလိုသည့်အတွက် သူမ လုံးဝ အမြတ်ထွက်သွားပြီဖြစ်၏။
နှစ်ဖက်လုံး ပျော်ရွှင်သွားကြသည်။
အယူအဆ ကွဲပြားမှုကြောင့် ချန်ချင်းယွီသည် တခြားလူများနှင့် ပစ္စည်းချင်း ဖလှယ်သည့်အခါ နှစ်ဖက်စလုံး အလွန်ဝမ်းသာသွားတတ်ပြီး တစ်ဖက်နှင့်တစ်ဖက်လည်း တစ်ဖက်လူကို အနည်းငယ် အူကြောင်ကြောင်နိုင်သည်ဟု ထင်မိကြလေ၏။
မည်သို့ပင်ဆိုစေကာမူ လူတိုင်းမှာ မိမိကိုယ်မိမိ အမြတ်ထွက်သူဟုသာ ထင်ကြလေသည်။
ချန်ချင်းယွီ: "ဒါဆို အင်္ကျီတွေကို ဘယ်တော့ လာယူရမလဲ..."
အပ်ချုပ်ဆရာ: "ရက်သတ္တပတ် နှစ်ပတ် (၁၅ ရက်) ကြာရင် လာယူပါ၊ လာ... မင်းအတွက် ပြေစာရေးပေးမယ်။"
ချန်ချင်းယွီ အမြန်ပင် ခေါင်းညိတ်လိုက်၏။
သူမဘက်တွင် အဆင်ပြေသွားပြီဖြစ်သည်။ အထည်လဲလိုက်သဖြင့် လက်ထဲရှိ အထည်များလည်း မသုံးလိုက်ရပေ။
ရှောင်ယွမ်ခမျာ နှုတ်ခမ်းလေးကို ဆူလိုက်ရင်း တီးတိုးပြောရှာသည်။
"မေမေ၊ သမီးတို့အိမ်က အရှုံးပေါ်သွားတာလားဟင်၊ ဟိုအထည်က အရမ်းလှတာကို၊ အခုတော့ မလှတဲ့ အထည်နဲ့ လဲလိုက်ရပြီ။"
ချန်ချင်းယွီ ခေါင်းခါလိုက်ပြီး
"အရှုံးမပေါ်ပါဘူး၊ တို့တွေက အမြတ်ထွက်လိုက်တာ။"
သူမသည် ကလေးကို မလိမ်ညာဘဲ သေချာ ရှင်းပြလိုက်၏။
"တို့အိမ်မှာက မိန်းကလေးတွေချည်းပဲလေ၊ အဘွားတစ်ယောက်ပဲ ပိုက်ဆံရှာနိုင်တာ။ လူတိုင်းက တို့အိမ်ကို စောင့်ကြည့်နေကြတာလေ။ အကယ်၍ တို့တွေက အရမ်းလှတာတွေ ဝတ်ပြီး အရမ်းကောင်းတာတွေ စားနေရင် သူတို့က ပြဿနာရှာကြလိမ့်မယ်။ ဒါပေမဲ့ တို့တွေက ပြဿနာရှာတာကို ကြောက်တာတော့ မဟုတ်ပါဘူး.. အဘွားတစ်ယောက်တည်းနဲ့တင် လူအုပ်ကြီးကို အသာလေး နှိမ်နိုင်တာပဲ။ ဒါပေမဲ့ နေ့တိုင်း ဆူညံပူညံဖြစ်နေရင်လည်း စိတ်ညစ်စရာကြီးလေ မဟုတ်လား... တခြားလူတွေရဲ့ ကိစ္စကို ထိုင်ကြည့်ရတာက ပျော်စရာကောင်းပေမဲ့၊ တခြားလူတွေက တို့ကိစ္စကို ဝိုင်းကြည့်နေကြရင်တော့ မကောင်းဘူးလေ... ဒါကြောင့် ကိစ္စမများတာ အကောင်းဆုံးပဲ။ မင်ပြာရောင်နဲ့ လဲလိုက်တော့ လူမသိတော့ဘူးလေ.. သားတို့ သမီးတို့အထဲမှာ ဝတ်ထားရင် အင်္ကျီအသစ်ဝတ်ထားမှန်း ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ဒါက ပိုကောင်းတာပေါ့။ တစ်ခါတလေကျရင် ချမ်းသာတာကို လူမသိအောင် နေတာက အကောင်းဆုံးပဲ"
ကလေးလေးများမှာ သိပ်နားမလည်သေးသော်လည်း ခဏလောက်စဉ်းစားပြီးနောက်တဖြည်းဖြည်း သဘောပေါက်လာကြပုံရသည်။
ချန်ချင်းယွီ: "မေမေ အထည်လဲလိုက်လို့ အထည်လက်မှတ်တွေ သက်သာသွားတယ်၊ ပြီးတော့ အင်္ကျီကြယ်သီးတွေ၊ ဘောင်းဘီခါးကြိုးနဲ့ ခြေထောက်က ကော်စင်တွေကိုလည်း ဝယ်စရာမလိုတော့ဘူး။ ကြည့်စမ်း... ဒါဆို ပိုက်ဆံရော လက်မှတ်ရော ပိုထွက်လာပြီ မဟုတ်လား..."
ကလေးနှစ်ယောက်မှာ တကယ်နားလည်သွားခြင်းလား၊ နားလည်ချင်ယောင်ဆောင်ခြင်လားမသိပေ၊ နှစ်ယောက်သား ပြိုင်တူ ခေါင်းညိတ်ပြကြ၏။
ရှောင်ယွမ် မျက်နှာလေး ဝင်းပသွားပြီး
"ဒါဆိုရင် သမီးတို့တွေ အမြတ်ထွက်တာပေါ့။"
ချန်ချင်းယွီ: "ဒါပေါ့၊ အမြတ်ထွက်တာမှ အများကြီးပဲ။ တို့တွေ အပြင်ကနေ ကြည့်ရင် အင်္ကျီအဟောင်း၊ အစုတ်လေးတွေ ဝတ်ထားတာက တခြားလူတွေ မြင်ဖို့ပဲလေ။ ဒါပေမဲ့ တို့အထဲမှာ ဝတ်ထားတာက အသစ်တွေပဲလေ၊ ဒါက ပိုကောင်းတာပေါ့ မဟုတ်ဘူးလား..."
သူမသည် လက်ထဲက အထည်လက်မှတ်ကို ဝေ့ယမ်းပြလိုက်ပြီး
"မေမေ သားတို့အတွက် အတွင်းခံ အင်္ကျီနဲ့ ဘောင်းဘီအသစ် တစ်စုံစီ ဝယ်ပေးမယ်၊ နှစ်သစ်ကူးကျရင် ဝတ်ဖို့လေ၊ ဟုတ်ပြီလား..."
"ဟုတ်..."
ကလေးလေးများ အသံစူးစူးလေးနှင့် ပြိုင်တူအော်ကြသည်။
နှစ်သစ်ကူးဖို့ ခြောက်လလောက် လိုသေးပေမဲ့ ရတာပေါ့…
ကလေးတွေကတော့ ပျော်သွားကြလေပြီ…
ချန်ချင်းယွီလည်း လိုက်ပြုံးမိ၏။
သူမသည် စက်ဘီးကို နင်းကာ ကလေးများကို တင်ပြီး အဘိုးအဘွားတို့၏ အိမ်ဟောင်းသို့ လာခဲ့သည်။ ခေါင်းပြတ်နေသော ကြက်ဖကြီးကို အိမ်ခေါင်မိုးပေါ်တွင် ခေတ္တဝှက်ထားလိုက်ပြီး
"ကဲ... သွားစို့၊ ငါးသွားမျှားမယ်။"
ရှောင်ကျားနှင့်ရှောင်ယွမ် “……”
ဤနေရာသို့ ဘာလာလုပ်သနည်းဟု သူတို့ စဉ်းစားနေကြသည်။ သို့သော်လည်း မိမိတို့ဉာဏ်ရည်ဖြင့် နားမလည်၍ မိခင်နောက်ကိုသာ လိုက်ခဲ့ကြ၏။
ချန်ချင်းယွီ ဤအိမ်ဟောင်းမှာပင် ကြက်ကင်ရန် ကြံစည်ထားသော်လည်း အရင်ဆုံး ငါးသွားမျှားရဦးမည်။
ခေါင်းမပါတဲ့ ကြက်ကြီးတစ်ကောင်ကို ဆွဲပြီး လမ်းလျှောက်နေလို့မှ မဖြစ်တာ…
တစ်စုံတစ်ယောက်က မတော်တဆ မြင်သွားလျှင် ပြဿနာတက်
နိုင်သည် မဟုတ်ပါလား…
ချန်ချင်းယွီသည် အရာအားလုံးကို အစီအစဉ်ချပြီးမှ ကလေးများကို မြစ်ကမ်းဘေးသို့ ခေါ်လာခဲ့သည်။
ချန်ချင်းယွီသည် မြစ်ကမ်းဘေး၏ ပုံမှန်ဧည့်သည် ဖြစ်နေပြီဖြစ်၏။သို့သော် သူမမှာ အမျိုးသမီးတစ်ယောက် ဖြစ်နေသဖြင့် တခြားလူများမှာ သူမနှင့် သိပ်ပြီး စကားမပြောရဲကြပေ။ သို့သော် ရှောင်ကျားနှင့်ရှောင်ယွမ်မှာ ကလေးများဖြစ်ကြ၍ အသက်ကြီးပိုင်း အဘိုးအချို့သည် ကလေးနှစ်ယောက်ကို မြင်လျှင် ပြုံးရယ်ကာ နောက်ပြောင်ကြသည်။
"ဟေ့ ကောင်လေးတွေ၊ မင်းတို့ကို မတွေ့တာ ရက်အတော်ကြာပြီနော်..."
ရှောင်ကျား ရဲရဲတင်းတင်းဖြင့် သွက်သွက်လက်လက် ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်တွေက တောထဲမှာ မှိုသွားခူးနေလို့ပါ။"
"ဟိုး... မင်းတို့က မှိုတောင် ခူးတတ်နေပြီလား၊ ဘယ်မှိုက စားလို့ရတယ်ဆိုတာ သိလို့လား..."
"သိတာပေါ့... ဒါပေမဲ့ မေမေက ကျွန်တော်တို့ကို ခူးခွင့်မပေးဘူး။"
ကလေးလေးမှာ တည်တည်တံ့တံ့ဖြင့်
"မေမေက ပြောတယ်၊ မှိုက သေချာမသိရင် စားမိလို့ အဆိပ်မိပြီး သေနိုင်တယ်တဲ့။ မေမေ ခူးလာတဲ့ မှိုတွေကိုတောင် အဘွားက တစ်ခေါက် ထပ်စစ်ရသေးတာ။"
ကောင်လေးမှာ အဘိုးရွှီနှင့် အဘွားရှီတို့ မှိုမှားစားပြီး ဝရုန်းသုန်းကား ဖြစ်ခဲ့သည်ကို မှတ်မိနေဆဲပင်။
သူ…ရှောင်ကျားကတော့ အဲ့လို အရှက်မကွဲစေရဘူး…
"မှိုက စားလို့ကောင်းပေမဲ့ သတိထားရမယ်။"
ရှောင်ယွမ်လေးမှာလည်း ကြက်တူရွေးနှုတ်တိုက် လိုက်ပြောရှာသည်။
"သတိထားရမယ်။"
လူတိုင်း ရယ်မောကြကုန်၏။ ကလေးများမှာလည်း မရှက်မကြောက်ဘဲ တစ်ဦးချင်းစီ၏ ငါးပုံးများကို လိုက်ကြည့်ပြီး
"ငါးတွေ သိပ်မပါဘူးနော်။"
"ဒါပေါ့ကွ၊ ဒီရက်ပိုင်း ငါးသိပ်မမိဘူး ဖြစ်နေတာ။"
ချန်ချင်းယွီသည် ကလေးနှစ်ယောက် တခြားလူများနှင့် စကားဖောင်ဖွဲ့နေသည်ကို ကြည့်ပြီး စိတ်မပူမိပေ။ ကလေးဆိုသည်မှာ ရဲရဲတင်းတင်း ရှိရပေမည်။ သူမကိုယ်တိုင် စောင့်ကြည့်နေသည်ဖြစ်၍ ကလေးသူခိုးများ ရန်ကိုလည်း စိုးရိမ်စရာမလိုပေ။
ချန်ချင်းယွီ ကလေးများကို ညဘက် ပြောပြလေ့ရှိတဲ့ ပုံပြင်များမှာ ဝံပုလွေမှာ အဘွားကြီးယောင်
ဆောင်၍ ကလေးကိုစားသည့် ပုံပြင်မျိုး မဟုတ်ဘဲ၊ ‘ပြန်ပေးဆွဲ ကလေးသူခိုးများ ဘယ်လိုလှည့်စားတတ်တယ်၊ ဘယ်လိုလူလိမ်တွေ ရှိတတ်တယ်ဆိုသည့်’ အကြောင်းအရာများ ဖြစ်သည်။
ကလေးဆိုသည်မှာ တက်ကြွလန်းဆန်းပြီး ပျော်ပျော်ရွှင်ရွှင် ရှိသည်မှာ ကောင်းသော်လည်း၊ သူစိမ်းများအပေါ်၌ သတိဝီရိယ အမြဲရှိနေရမည်။
ကလေးပထမဆုံးအကြိမ် မွေးမြူဖူးခြင်း ဖြစ်သော်လည်း ချန်ချင်းယွီခမျာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရှာ၏။
ကလေးများ စကားပြောနေတုန်းမှာပင် ချန်ချင်းယွီ၏ ငါးမျှားတံတွင် ငါးတစ်ကောင် လာဟပ်တော့သည်။
ရှောင်ကျား ပြေးလာပြီး
"မေမေက တကယ့်ကို တော်တာပဲ၊ လာတာနဲ့ ချက်ချင်း ငါးမိတာပဲ။"
ချန်ချင်းယွီ ဂုဏ်ယူစွာဖြင့်
"ဒါပေါ့၊ ငါက ဘယ်သူမို့လို့လဲ..."
"မေမေက အတော်ဆုံးပဲ..."
ကလေးနှစ်ယောက်က ပျော်ရွှင်စွာ လက်ခုပ်တီးကြ၏။
မြစ်ကမ်းဘေးတွင် ပျော်ရွှင်စရာ လေထုလေး လွှမ်းခြုံနေသည်။ ငါးမျှားဝါသနာအိုးများ၏ ပျော်ရွှင်မှုကို သာမန်လူမျာဍ နားလည်နိုင်မည် မဟုတ်ပေ။
ကလေးများမှာလည်း ငါးမျှား မလာရသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ အော်ဟစ်ပျော်ရွှင်နေကြသည်။ ချန်ချင်းယွီ ငါးမျှားတတ်သည်ဆိုသော်လည်း အတော်ကြီး ကျွမ်းကျင်လှသည် မဟုတ်ပေ။ ထို့ကြောင့် သူမ ငါးအများကြီး ရလာတတ်သည်မှာ ၁၀ ကြိမ်လျှင် ၈ ကြိမ်လောက်သည် ဝယ်လာခြင်းသာ ဖြစ်၏။
တော်သေးသည်မှာ ဤခေတ်တွင် လူအတော်များများ အိမ်အသုံးစရိတ်အတွက် မိမိရသည့်ငါးကို ပြန်ရောင်းချင်ကြခြင်းပင်။
ချန်ချင်းယွီသည် နေ့လယ်တွင် ငါးမျှားခြင်းရပ်လိုက်ပြီး ငါးကြီးသုံးကောင်နှင့် သာမန်အရွယ် ငါးတစ်ကောင် ရလာခဲ့သည်။
အင်း... ဟိုသာမန်အရွယ် ငါးလေးကတော့ သူမ ကိုယ်တိုင် မျှားမိတာပေါ့…
ဒါပေမဲ့ တခြားလူတွေကတော့ ဘယ်သိပါ့မလဲ…
ချန်ချင်းယွီသည် ယနေ့ ထမင်းဘူး ပါမလာခဲ့သဖြင့် ကလေးနှစ်ယောက်ကို ခေါ်ကာ အိမ်ဟောင်းသို့ တန်းပြန်ခဲ့၏။ နေ့လယ်အချိန်ဆိုလျှင် အိမ်တိုင်း ထမင်းချက်နေကြသဖြင့် လမ်းပေါ်မှာ လူသိပ်မရှိရာ သူမ တိတ်တဆိတ် ဝင်လာရန် အကောင်းဆုံးအချိန်ပင်။ ကလေးများကို အိမ်ထဲခေါ်သွားပြီးနောက် သူမသည် ကြက်ကင်ရန် အလုပ်စတော့သည်။
တကယ်ဆိုလျှင် ဤကြက်ဖကြီးသည် ချက်စားလျှင် ပိုကောင်းမည် ဖြစ်သော်လည်း သူတို့အိမ်ဝင်း၌ လူသိသာအောင် ချက်၍မရပေ။
ဝင်းကြီးထဲမှာ နေရတာဆိုတော့ ဘာချက်ချက် အကုန်လုံးက သိနေကြတာ မဟုတ်လား…
လူတွေက ခွေးထက်တောင် အနံ့ခံကောင်းသေး…
ရာသီဥတုသည်လည်း ပူလာပြီဖြစ်ရာ အကြာကြီး သိမ်းထား၍လည်း မရသဖြင့် ကြက်ကင်စားလိုက်ရခြင်းသာ အကောင်းဆုံးပင်။
အမှန်တော့ သူမက ကြက်သားမှိုချက်လေး ပိုစားချင်မိတာပေါ့…
ချန်ချင်းယွီတို့ သားအမိသုံးယောက် ကြက်ကင်တစ်ကောင်တည်းနှင့် ဝမည်မဟုတ်သည်မှာ သေချာလှသည်၊ အဘွားကြီးကျောက် အတွက်လည်း ချန်ထားပေးချင်သေးသဖြင့် သူမ မြန်မြန်ဆန်ဆန် အပြတ်တိုက်ပြီး အိမ်ပြန်မှ ထမင်းထပ်ချက်ရန် ကြံစည်ထားသည်။ ကလေးနှစ်ယောက်သည် လိမ်လိမ်မာမာလေး ယှဉ်တွဲထိုင်နေကြပြီး ချန်ချင်းယွီမှာ "ခဏနေရင် စားလို့ရပြီနော်" ဟု ပြောလိုက်၏။
ဤဝင်းမှာလည်း ကျယ်ဝန်း၍သာ တော်တော့သည်။ သူတို့နေသည့် ဝင်းကြီးထဲဆိုလျှင် တစ်ခုခုကောင်းကောင်းချက်လျှင် လူသိသာလွန်းလှသော်လည်း ဤနေရာမှာမူ အဆင်ပြေ၏။
သို့သော်လည်း ချန်ချင်းယွီသည် ဤနေရာသို့ အမြဲလာရန် မရည်ရွယ်ပေ။ ကြာလာလျှင် လူမြင်သွားနိုင်ပြီး သူမကို သံသယဝင်လာကြလိမ့်မည်။ မည်သို့ပင်ဆိုစေ ဤအိမ်သည် သူမအဘိုးအဘွားများ၏ အိမ်ဟောင်း မဟုတ်လော့။ ချန်ချင်းယွီ ကြက်ကင်နေစဉ် ကလေးများခေတ္တထိုင်ပြီးနောက် ဝင်းထဲတွင် ဟိုလျှောက်ဒီလျှောက် လုပ်နေကြ၏။
ရှောင်ကျား သစ်ခက်လေးတစ်ခက်ကို ကိုင်ပြီး ဝင်းထဲမှာ ဟိုခေါက်ဒီခေါက်ဖြင့် ပတ်လျှောက်နေသည်။
ချန်ချင်းယွီ ပြုံးမိသွား၏။ အမှန်တကယ်၌ သူမအဘိုးနှင့်အဘွားများမှာ ဗိသုကာပညာရှင်များ ဖြစ်ကြသော်လည်း ဤအိမ်မှာ ထူးထူးခြားခြား မည်သည်မှ ဆင်ယင်ထားခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်းပင်။ ဗိသုကာပညာရှင် လက်ရာဟု ပြော၍ပင် မရပေ။ ဤအိမ်ကို အဘိုးတို့ ဝယ်ပြီးနောက် ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်။
ရိုးရှင်းလှ၍ ဗိသုကာပညာသင်ပေးသည့် တက္ကသိုလ်ဆရာ၊ ဆရာမများပြင်ထားသည့် အိမ်ဟု မည်သူ ထင်ပါမည်နည်း။
ဘေးပတ်ဝန်းကျင်ရှိ အိမ်များနှင့် ဘာမှမခြားနားပေ။
အင်း... ပြောရရင် သာမန်အိမ်တွေလောက်တောင် လက်တွေ့မကျလှဘူး… အချို့နေရာတွေဆိုလျှင် ပိုနေသလိုတောင် ထင်ရတယ်…
ဥပမာအားဖြင့် အဝင်တံခါး ဘယ်ဘက်ရှိ တိုင်ဆိုလျှင် ဘယ်ညာ မညီပေ။
ညီမှ လှသည်ဟု မဆိုလိုသော်လည်း တစ်ဖက်မှာပိုပြီး တစ်ဖက်မှာ မရှိခြင်းသည် အမြင်တွင် တစ်မျိုးကြီး ဖြစ်နေစေသည်။
ကြက်ဖကြီး ကျက်ဖို့ ကြာနေသဖြင့် ချန်ချင်းယွီ အတွေးနယ်ချဲ့နေမိ၏။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူမ နှုတ်ခမ်းကို ကိုက်ကာ ဧည့်ခန်းထဲရှိ တိုင်များကို လှမ်းကြည့်လိုက်သည်။
ဟုတ်သားပဲ၊ သူမအဘိုးအဘွားတွေက ဗိသုကာပညာရှင်တွေပဲ၊ မလှတာကို သူတို့မသိဘဲ နေပါ့မလား…
သူတို့ ပြင်ချင်ရင် ပြင်လို့ရတာပဲ…
သူတို့ ပြင်ပြီးတာတောင် ဒီလိုဖြစ်နေတာက ယုတ္တိမရှိဘူး…
အဖြစ်နိုင်ဆုံးကတော့... တစ်ခုခုအတွက် အသုံးဝင်လို့ပဲ ဖြစ်ရမယ်…
သူမ ချက်ချင်းထပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်၏။ သူမ ဗိသုကာပညာ နားမလည်သော်လည်း မည်သည့်အိမ်မှ ဤကဲ့သို့ မညီမညာ အလှဆင်မည်မဟုတ်ပေ။ သူမ တိုင်ကို ခေါက်ကြည့်သော်လည်း အထဲမှာ ဟာနေသည့် အသံမျိုးတော့ မကြားရပေ။
ချန်ရိကျွင်းလည်း လွန်ခဲ့တဲ့နှစ်တွေက ဒီနေရာကို ခဏခဏ လာရှာခဲ့တာဆိုတော့ တကယ်လို့ အထဲမှာ ဟာနေလျှင် သူလည်း သိသွားလောက်ပြီပေါ့…
ဒါပေမဲ့ တစ်ခုခုတော့ မှားနေတာ သေချာတယ်…
ခေါက်ရုံနှင့်တော့ မသေချာနိုင်ဘူး…
သူမအတွက် တူကြီးတစ်လက် လိုနေပြီ…
"ရှစ်ဆယ်... ရှစ်ဆယ်..." ဆိုပြီး ထုရမည့် တူကြီးမျိုးပေါ့...
ချန်ချင်းယွီသည် သံသယအပြည့်ဖြင့် နောက်ထပ် အကဲခတ်ကြည့်ပြီးမှ ကြက်ကင်သည့်ဘက်သို့ ပြန်လှည့်လာသည်။
"မေမေ၊ ဘာဖြစ်လို့လဲဟင်..."
ချန်ချင်းယွီ: "ဘာမှမဖြစ်ပါဘူး... လာ... ခဏနေရင် ရပြီ။"
သူမသည် ပေတူးနေသော ကြောင်စုတ်လေးများကဲ့သို့ ဖြစ်နေသည့် ကလေးနှစ်ယောက်ကို ကြည့်လိုက်၏။
ကလေးဆိုတာ အဝတ်အစားကောင်းကောင်း ဝတ်ပေးလို့ မရသေးဘူးပဲ…
ကြည့်စမ်း... မနက်ကမှ ထွက်လာတာ အခုတော့ အပေတူးလေးတွေ ဖြစ်ကုန်ပြီ…
သို့သော်လည်း ချန်ချင်းယွီ သူတို့ကို အရမ်းကြီး မချုပ်ချယ်ပေ၊ ကလေးဆိုသည်မှာ ကလေးသဘာဝအတိုင်း နေရမည်သာ… ကလေးများ ဆော့သည်မှာ မထူးဆန်းပေ..
မဆော့မှသာ ထူးဆန်းနေတာ…
သူမကိုယ်တိုင် ငယ်စဉ်က နွေးထွေးမှု သိပ်မရခဲ့သဖြင့် မိမိကလေးများကိုမူ အတတ်နိုင်ဆုံး ကောင်းကောင်းထားချင်၏။
"ဆားလေးဖြူးပြီး နောက်ထပ် နည်းနည်းလောက် ထပ်ကင်ဦးမယ်..."
ချန်ချင်းယွီတို့ သားအမိသုံးယောက် အပြင်မှာ ခိုးစားပြီးနောက် ဗိုက်ဝမှ တံခါးများဖွင့်ကာ အနံ့ပျောက်အောင် လုပ်လိုက်သည်။
သူမ အမြန်သိမ်းဆည်းပြီး ကလေးနှစ်ယောက်ကို တင်ကာ စက်ဘီးဖြင့် ခပ်မြန်မြန် ထွက်လာခဲ့၏။
သူတို့ ထွက်သွားပြီး မကြာမီမှာပင် အိမ်နီးနားချင်းတစ်ဦး ရောက်လာပြီး နှာခေါင်းလေး တရှုံ့ရှုံ့ဖြင့်
"ဒီမှာ ဘာလို့ အနံ့လေး မွှေးနေပါလိမ့်..." ဟု ရေရွတ်နေသည်ကိုတော့ ချန်ချင်းယွီ မသိလိုက်ပေ။
သို့သော်လည်း အိမ်ထဲကိုမူ မဝင်ရဲကြပေ။ ဤအိမ်ဟောင်းမှာ ဤရပ်ကွက်တွင် အနည်းငယ် နာမည်ကြီးနေ၍ ဝေးဝေးရှောင်ကြ၏။ တစ်ခါတလေ ကလေးများ လာဆော့တတ်သော်လည်း လူကြီးမှာ ရှောင်ရှားကြသည်။
"ဘယ်သူ့ကလေးတွေများ လာဆော့တာလဲ မသိဘူး။"
အနံ့ထွက်လာတယ်ဆိုမှတော့ လူရှိလို့ပဲ ဖြစ်ရမယ်…
ချန်ချင်းယွီမှာ နောက်ဖေးတံခါးမှ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် ဤပတ်ဝန်းကျင်ကို ကျွမ်းကျင်၍သာ တော်တော့၏။ သူမ စက်ဘီးကို အားရပါးရ နင်းထွက်လာရင်း၊ ပြီးခဲ့သည့်တစ်ခေါက် ချန်ရိကျွင်း တစ်ယောက် ရေဆိုးမြောင်းအပေါက်ထဲမှ နာရီပေါင်းများစွာ ကြာသည်အထိ တွားသွားပြီး ထွက်လာရသောပုံစံကို မမြင်လိုက်ရခြင်းကို နောင်တရမိလေသည်။
တကယ့်ကို အသုံးမကျတဲ့လူပဲ…
ဦးနှောက်ရေဝင်နေတာ…
နေလယ်ခင်း အပြင်မှာ ကြက်ကင်စားခဲ့သော်လည်း ချန်ချင်းယွီတို့ ယနေ့ အိမ်ကို နည်းနည်း စောပြန်ရောက်ကြ၏။ နေ့လယ်စာ မပါသွား၍ ကြက်ကင် စားပြီးသည်နှင့် ငါးဆက်မမျှားတော့ဘဲ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာအိမ်ရောက်သောအခါ ခေါက်ဆွဲလေး နည်းနည်း ထပ်စားပြီး ဝင်းထဲတွင် အကွက်ခုန်တမ်း ကစားနေကြ၏။
ချန်ချင်းယွီ အဝတ်လျှော် ဖွပ်ဖတ်နေစဉ် အဘွားကြီးဝမ် ရောက်လာလေသည်။ အဘွားကြီးဝမ်မှာ လျှို့ဝှက်ချက် တစ်ခုခုကို ပြောတော့မည့်ပုံစံဖြင့်
"ရှောင်ချန်၊ ဒီနေ့မနက်က ပုလိပ်တွေ နင့်အိမ်ကို လာသွားတယ်ဟဲ့။"
ချန်ချင်းယွီ: ‘လခွမ်း…’
သူမ ခေတ္တမျှ ကြောင်သွားပြီးနောက် အံ့သြဟန်ဖြင့်
"ကျွန်မအိမ်ကိုလား... ကျွန်မအိမ်မှာ ဘာမှလည်း မဖြစ်ဘဲနဲ့..."
မနေ့ညက ကိစ္စကို လူမြင်သွားတာလား..
မဖြစ်နိုင်တာ..
သူမ အမြဲတမ်း ရုပ်ဖျက်ပြီး သေချာလုပ်တာပဲလေ…
ချန်ချင်းယွီ မိမိကိုယ်မိမိ ယုံကြည်မှု ရှိ၏။
သူမ သံသယဖြင့်
"ကျွန်မအိမ်ကို ဘာကိစ္စနဲ့ လာရှာတာလဲဟင်..."
အဘွားကြီးဝမ် ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး
"အို... နင်မသိသေးဘူးပဲ၊ ဟို လီတာ့ရှန်းလေ၊ သူ နောက်တစ်ခါ သရဲထပ်မြင်ပြန်ပြီတဲ့။"
ချန်ချင်းယွီ: "..."
အဘွားကြီးဝမ် : "လီတာ့ရှန်းဆိုတာ ကျန့်ဝမ်ရဲ့ ဆရာဟောင်းလေ။ သူက သရဲမြင်တယ်၊ အဲ့ဒီသရဲက လင်းကျန့်ဝမ်ပဲလို့ ဇွတ်ပြောနေတာ။ အဲ့ဒါကြောင့် ရဲတွေက နင့်အိမ်ကို လာပြီး အခြေအနေ မေးမလို့ပေါ့။ အဒေါ်ကြီးပိုင်က နင် ငါးသွားမျှားနေတယ်လို့ ပြောလိုက်လို့ ညနေမှ ပြန်လာမယ် ပြောသွားတယ်။ အမလေး... နင်မသိပါဘူး၊ သူ့အိမ်မှာ မနေ့ညက ထပ်ပြီး ဝရုန်းသုန်းကား ဖြစ်ပြန်ပြီတဲ့၊ ဒီနေ့ တစ်ရပ်ကွက်လုံး ပျံ့နေပြီ။"
ချန်ချင်းယွီ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး
"သူကလည်း ထူးဆန်းလိုက်တာ၊ သူ သရဲမြင်တိုင်း ကျွန်မတို့ ကျန့်ဝမ်ကိုပဲ လာစွပ်စွဲနေတာလား... ကျွန်မတို့ ကျန့်ဝမ်က တကယ်ပဲ သရဲဖြစ်နေတယ်ဆိုရင်တောင် ကျွန်မဆီ မလာဘဲ သူ့ဆီ သွားပါ့မလား... သူက ဘယ်သူမို့လို့လဲ... သူ့ကိုယ်သူ အရေးပါတယ် ထင်နေတာလား..."
အဘွားကြီးဝမ် : "အဲ..."
ချန်ချင်းယွီ : "ပြီးတော့ သူက ဒီလိုမျိုး အယူသီးတာတွေကို လျှောက်ဖြန့်နေတာ မကောင်းဘူး ထင်တယ်နော်။ သူ့စိတ်ထဲမှာ မလုံလို့ သံသယစိတ်နဲ့ သရဲမြင်နေတာ မဟုတ်ဘူးလား။"
အဘွားကြီးဝမ် : "အဲ..."
ကြည့်ရတာ ပြောတာလည်း ဟုတ်သလိုလိုပဲ…
အခန်း ၇၈။ အခွင့်အရေးကိုယူ၍ ပြဿနာရှာခြင်း
ချန်ချင်းယွီသည် ညနေစောင်းတွင် ငါးစွပ်ပြုတ်ကို ဆက်ချက်နေပြီး၊ အိုးဘေးနားတွင် ပြောင်းဖူးမှုန့်ဖြင့် နယ်ထားသော မုန့်နှစ်လေးများကို ကပ်၍ ပေါင်းထားလိုက်သည်။
အမှန်တကယ်တွင် သူမသည် အစေ့အဆန်ကြမ်းများကို သိပ်မကြိုက်လှသော်လည်း ငါးနှင့်အတူစားလျှင်မူ အဆင်ပြေလှ၏။ ၎င်းအပြင် ညနေပိုင်းတွင် ရဲစခန်းမှရဲအရာရှိများ လာရောက်မည်ဖြစ်ရာ သာမန်အတိုင်း ရိုးရိုးရှင်းရှင်း စားသောက်ရသည်မှာ ပို၍ကောင်းသည်။ ငါးဟင်းသည် အသားဟင်း ဖြစ်သော်လည်း ဤငါးမှာ ပိုက်ဆံပေးဝယ်ထားရခြင်းမဟုတ်ကြောင်း တစ်ဝင်းလုံး သိကြသဖြင့် ထူးခြားမှုမရှိပေ။
မိသားစုလိုက် ထမင်းမစားရသေးခင်မှာပင် ရဲအရာရှိများ ရောက်ရှိလာ၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် အဘွားကြီးကျောက်သည်လည်း အလုပ်ဆင်း၍ ဝင်းထဲသို့ အတူတူ ဝင်လာသည်။
အဘွားကြီးကျောက်သည် ပုံမှန်လူများထက် အလုပ်စောစောဆင်းလေ့ရှိရာ ခပ်သွက်သွက်လေး လျှောက်လာရင်း လှမ်းမေးလိုက်၏။
"ရဲဘော်တို့၊ ကျွန်မတို့ဝင်းထဲကို ဘာကိစ္စနဲ့ လာကြတာလဲ... ဘာထူးခြားလို့လဲ... ဘာလို့ ထပ်ရောက်လာတာလဲ... ရှီရှောင်ဝေက မဟုတ်ကဟုတ်က စာအုပ်တွေ ထပ်ဖတ်လို့လား... ဒါမှမဟုတ် ဘယ်သူက ဘာပြဿနာ ထပ်ရှာပြန်ပြီလဲ..."
အဘွားကြီးကျောက်မှာ အတင်းအဖျင်း သတင်းဆိုလျှင် လက်မလွှတ်တမ်း စပ်စုတတ်သူဖြစ်ရာ မည်သည့် သတင်းထူးမဆို နောက်ကျကျန်ရစ်မည်ကို အလွန်စိုးရိမ်နေသည်။
ရဲအဖွဲ့ကို ဦးဆောင်လာသူမှာ ရဲအရာရှိကြီးဖြစ်ပြီး အဘွားကြီးကျောက်ကို မြင်သောအခါ ပြုံး၍ နှုတ်ဆက်ကာ ပြောလိုက်၏။
"ဒီတစ်ခါတော့ တခြားသူတွေကို မဟုတ်ဘူး၊ အဘွားတို့အိမ်ကို လာတာပါ။"
အဘွားကြီးကျောက် မျက်လုံးလေး ကလယ်ကလယ်နှင့်
"ကျွန်မတို့အိမ်ကိုလား... ကျွန်မတို့အိမ်ကို ဘာလာလုပ်တာလဲ... ကျွန်မတို့က ဘာမကောင်းတာမှ မလုပ်ဘူးနော်။"
"တကယ်တော့ လီတာ့ရှန်း ကြောင့်ပါ..."
ရဲအရာရှိမှာ အကြောင်းအရာကို အကျဉ်းချုပ် ရှင်းပြရန် ကြိုးစားသော်လည်း မပြီးသေးခင်မှာပင် အဘွားကြီးကျောက် ဒေါသတကြီး အသံကျယ်ကြီးဖြင့် ကြားဖြတ်ပြောလိုက်သည်။
"ကောင်းပြီလေ... ဒီလူယုတ်မာကြီးက စက်ရုံမှာ ငါ့သားကို နှိပ်စက်နေတာကိုး... အကုသိုလ်ကောင်၊ ဒီနေ့ စက်ရုံမှာ သူနောက်တစ်ခါ သရဲခြောက်ခံရတယ်ဆိုတဲ့ သတင်းကို ငါကြားလိုက်သေးတယ်၊ ငါ့သားကိုပါ အနိုင်ကျင့်ခဲ့လိမ့်မယ်လို့ မထင်ထားမိဘူး။ ငါ့ရဲ့ ကျန့်ဝမ်လေးရေ... အမေ့ရဲ့ သားလေး၊ နင့်ဘဝက ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ၊ ငယ်ငယ်ကလည်း ကောင်းကောင်းမနေခဲ့ရဘူး၊ ကြီးလာတော့မှ အလုပ်သမားဖြစ်ကာစ ရှိသေးတယ်၊ ဒီလူယုတ်မာကြီးရဲ့ နှိပ်စက်တာကို ခံရပြန်ပြီလား... သာသနာဖျက်ကောင်... တခြားသူတွေ သရဲမခြောက်ဘဲ သူကျမှ ခြောက်ခံရတာ သူက အရမ်းယုတ်မာလွန်းလို့ပဲ... မိုးကြိုးပစ်ရမယ့်ကောင်..."
အဘွားကြီးကျောက်၏ ငိုယိုအော်ဟစ်သံကြောင့် တစ်ဝင်းလုံးရှိ လူများ ထွက်လာကြသည်။ ချန်ချင်းယွီသည်လည်း ထွက်လာပြီး ပျာသလဲလဲ မေးမြန်းလိုက်၏။
"အမေ… ဘာဖြစ်လို့လဲ..."
အဘွားကြီးကျောက်သည် ချန်ချင်းယွီနှင့် မျက်လုံးချင်းဆုံမိသောအခါ ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးလေကာ
"ချွေးမရေ၊ ကျန့်ဝမ်လေးက သနားစရာကောင်းလိုက်တာ၊ ငါတို့သားလေးက နိုင်ငံတော်အတွက် အလုပ်ကို ကြိုးကြိုးစားစား လုပ်နေတာပါ၊ သူဘာလို့ အမြဲတမ်း ပင်ပန်းနေရတာလဲလို့ ငါစဉ်းစားနေတာ၊ အခုတော့ လူယုတ်မာတွေက နောက်ကွယ်ကနေ ဒုက္ခပေးနေလို့ကိုး..."
သူမ ဆက်လက် ငိုယိုအော်ဟစ်ကာ
"လီတာ့ရှန်းက ငါ့သားကို အနိုင်ကျင့်ခဲ့တာတဲ့၊ ဒီလူကြီးက လူစိတ်မရှိဘူး၊ သေသင့်တယ်..."
အဘွားကြီးကျောက်၏ အော်သံမှာ ဗျောက်အိုးဖောက်သကဲ့သို့ ကျယ်လောင်လှရာ သူတို့ဝင်းတင်
မကဘဲ အနီးအနားရှိ ဝင်းများပင် ကြားနိုင်လောက်သည်။
ချန်ချင်းယွီသည် ထိုသတင်းကို ကြားရသောအခါ မျက်နှာတစ်ပြင်လုံး နီရဲတက်လာပြီး တစ်ကိုယ်လုံး မီးတောက်နေသကဲ့သို့ ဖြစ်သွားကာ
"လူယုတ်မာ... လူယုတ်မာ... လူယုတ်မာ... ဒီလူယုတ်မာက မကောင်းတာလုပ်ထားပြီး ဝဋ်ပြန်လည်မှာ ကြောက်လို့ သရဲအပေါ် ပုံချနေတာပဲ၊ ကိုကိုကျန့်ဝမ် မရှိတော့တာတောင် အပုပ်နံ့ လာဖြန့်နေသေးတယ်၊ ဘာသရဲလဲ... ရှင့်ရင်ထဲမှာပဲ သရဲရှိတာနေမှာ... မရဘူး... သွားရှာမယ်၊ သူက ဘာမို့လို့ ငါ့ကိုကိုကျန့်ဝမ်အပေါ် ဒီလိုလုပ်ရတာလဲ..."
"ခဏနေဦး..."
အဘွားကြီးကျောက် ပြောကာ အိမ်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး ဟင်းသီးဟင်းရွက်လှီးသည့် ဓားမကြီးကို ကိုင်၍ ပြန်ထွက်လာ၏။
"ငါ ဒီကောင့်ကို ခုတ်သတ်ပစ်မယ်... ငါ့သားကို အနိုင်ကျင့်တယ်၊ ငါ့သားကို သတ်တာနဲ့ အတူတူပဲ၊ သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်..."
"အမလေး ဘုရား ဘုရား..."
"အမေရေ၊ ကျောက် ကျောက် ကျောက် အဘွား၊ ဒီလိုမလုပ်ပါနဲ့၊ အမြန်ချလိုက်ပါဦး... ရူးရူးမိုက်မိုက် မလုပ်ပါနဲ့..."
"ဟုတ်တယ်၊ လူသတ်တာ ရာဇဝတ်မှုလေ၊ ဒီလိုမလုပ်ပါနဲ့..."
"ဓားကို အမြန်ချလိုက်ပါ..."
ချန်ချင်းယွီ : "ဓားကိုပေး... ကျွန်မ ရာဇဝတ်မှုကျူးလွန်ရမှာ မကြောက်ဘူး၊ အဆိုးဆုံးတော့ အသက်တစ်ချောင်းနဲ့ တစ်ချောင်း လဲလိုက်မှာပေါ့... ကျွန်မ သူတို့ကို သတ်ပစ်မယ်..."
သူမ ဓားကို ဆွဲယူကာ အပြင်သို့ ပြေးထွက်ရန် ကြိုးစားလိုက်သဖြင့် ရဲဘော်များမှာ အမြန်ဆွဲထားရသည်။
ချန်ချင်းယွီ ဤမျှအထိ ဒေါသပေါက်ကွဲလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားမိပေ။
ချန်ချင်းယွီ : "ဖယ်ကြပါ၊ သူတို့မိသားစုက ဒီလောက်ယုတ်မာနေတာ၊ ကျွန်မ သွားမေးမယ်... သူတို့မှာ လူစိတ်ဆိုတာ ရှိသေးလားလို့... ကိုကိုကျန့်ဝမ်အသက်ရှိစဉ်ကလည်း နောက်ကွယ်ကနေ ဒုက္ခပေးတယ်၊ သေသွားတော့လည်း အပုပ်ချသေးတယ်၊ ကမ္ဘာပေါ်မှာ သရဲရှိရင်တောင် ကိုကိုကျန့်ဝမ်က လူကောင်းတစ်ယောက်ပဲ၊ သူတို့ကိုယ်တိုင်က အရမ်းယုတ်မာလွန်းလို့၊ မကောင်းတာလုပ်ထားတော့ ကြောက်ပြီး စိတ်ခြောက်ခြားနေတာနေမှာ... ကျွန်မ သွားရှာမယ်..."
"ရှောင်ချန်၊ ရှောင်ချန် ဟုတ်တယ်မလား... စိတ်အေးအေးထားပါဦး၊ အေးအေးဆေးဆေး..."
"ဒီကိစ္စက သူတို့မိသားစု မိုးကြိုးပစ်ခံရမှာ..."
"ဓားကိုပေးပါ၊ ဒီလိုလုပ်လို့မရဘူး၊ ဓားပေး..."
ရဲအရာရှိကြီးမှာ အားစိုက်ပြီး ဓားကို လုယူလိုက်ရ၏။ ယောက္ခမနှင့် ချွေးမ နောက်တစ်ခါ ထပ်ကိုင်မိမည်ကို စိုးရိမ်သဖြင့် ဓားကို နောက်ရှိလူထံ အမြန်ပေးလိုက်ရသည်။
ချန်ချင်းယွီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း
"ကျွန်မ ကိုကိုကျန့်ဝမ် ကို ပြန်ပေး...... ကိုကိုကျန့်ဝမ် ကို ပြန်ပေးကြ......"
အဘွားကြီးကျောက် : "လူစိတ်မရှိဘူး၊ ဒီလီတာ့ရှန်း မိသားစုက တကယ်ကို လူစိတ်မရှိတာ။ ဒီလောက်ယုတ်မာတာ တစ်ခါမှ မမြင်ဖူးဘူး... ချွေးမရေ၊ နင်က ငယ်ပါသေးတယ်၊ အိမ်မှာ ကလေးလည်း ရှိသေးတယ်၊ ငါသွားမယ်၊ နင်မသွားနဲ့၊ ငါပဲသွားသတ်မယ်..."
အဘွားကြီးကျောက် အပြင်သို့ တဟုန်ထိုး ပြေးထွက်သွား၏။
"သူ နောက်လမ်းက အိမ်မှာနေတာ ငါမှတ်မိတယ်... ငါ သွားရှာမယ်..."
"အမလေး အမေရေ..."
"ဘုရားရေ၊ ဒါ ဘာတွေ ဖြစ်ကုန်တာလဲ..."
"သူတို့ကို သွားသွားပြီး ဘာလို့ ဆွပေးမိတာလဲ..."
"လီတာ့ရှန်းက အနိုင်ကျင့်လွန်းလို့ ဖြစ်တာပါ။"
ရဲဘော်များ နောက်မှ လိုက်ဖမ်းတော့မည့်အချိန်တွင် ချန်ချင်းယွီ ရဲနှစ်ယောက်ကို ပြန်ဆွဲထားပြီး အော်လိုက်ကာ
"အမေရေ… မြန်မြန်ပြေး..."
ရဲဘော်များ - "........."
အလိုလေး...
သူတို့ ဤသို့ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားမိပေ။
သူတို့လာရခြင်းမှာ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ အခြေအနေကို စူးစမ်းရန်၊ သူတို့နှစ်ယောက် သရဲဟန်ဆောင်နေခြင်း ဟုတ်မဟုတ် ကြည့်ရန်ဖြစ်သည်။ သရဲခြောက်သည်ဆိုခြင်းမှာ ကောင်းသည့်ကိစ္စ မဟုတ်သဖြင့် တကယ်တမ်း တစ်စုံတစ်ယောက်မှ တမင်လုပ်ဆောင်နေခြင်းဖြစ်ပါက အရေးယူရန် လာခြင်းဖြစ်၏။
သို့သော် ဘာမှမမေးရသေးခင်မှာပင် ယောက္ခမနှင့် ချွေးမနှစ်ယောက်မှာ ဒေါသတကြီးဖြင့် ပေါက်ကွဲသွားကြလေတော့သည်။
ဝင်းထဲရှိ အလုပ်သွားနေကြသော လူကြီးပိုင်းများ အိမ်မပြန်လာကြသေးသည့်အတွက် ရှေ့ဆုံးမှ ဦးဆောင်လာရသူမှာ ပိုင်ဖုန်းရှန်းဖြစ်၏။ ပိုင်ဖုန်းရှန်းသည်လည်း တော်တော်လေး မကျေမနပ်ဖြစ်နေပြီး
"နင်တို့ ကောင်းကောင်းမွန်မွန် မပြောနိုင်ကြဘူးလား... အမလေး၊ ကြည့်စမ်းပါဦး၊ ဒီကိစ္စက ငါတို့ဝင်းကို တော်တော်လေး အရှုပ်အထွေးဖြစ်စေတာပဲ..."
တစ်စုံတစ်ယောက် ထိခိုက်ကုန်ရင် ဘယ်လိုလုပ်မလဲ…
ပိုင်ဖုန့်ရှန်း အမြန်ပင် နောက်မှ ပြေးလိုက်သွားရလေသည်။
ရှီကျန့်ရှန်း၊ အဘွားကြီးဟွမ်နှင့် အဒေါ်ကြီးမေ့တို့ကဲ့သို့ အတင်းအဖျင်းကြည့်ရသည်ကို ဝါသနာပါသူများမှာလည်း ချက်ချင်းပင် နောက်မှ တသီကြီး လိုက်သွားကြ၏။ အဘွားကြီးဝမ်မှာ မြေးများကို ကြည့်နေရသည့်အတွက် မလိုက်နိုင်ဘဲ ပတ်ချာလည်ဝိုင်းနေပြီး ငါးရံ့ပြာလူး တဆတ်ဆတ် ဖြစ်နေလေသည်။
"အမလေး၊ အဘွားကြီးကျောက် လူတော့ မသတ်လောက်ပါဘူးနော်..."
သူမ စိုးရိမ်တကြီး ပြောနေရှာ၏။
ချန်ချင်းယွီ : "ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကျွန်မတို့ ယောက္ခမနဲ့ချွေးမ နှစ်ယောက်ပဲ တာဝန်ယူမယ်၊ ဒီလောက်အထိ အနိုင်ကျင့်တာမျိုးတော့ မခံနိုင်ဘူး။ စက်ရုံမှာ အလုပ်ဝင်တာတောင်မှ ဒီလို အငြိုးအတေးခံရမယ်လို့ မထင်ထားဘူး... လီတာ့ရှန်းကိုယ်တိုင် ဘူးပေါ်သီးပေါ် မပြောရင် ကျွန်မတို့ ဒါတွေ သိမှာတောင် မဟုတ်ဘူး။ သူ့လိုလူမျိုး ဘာလို့ မိုးကြိုးမပစ်တာလဲ... သူနဲ့ တစ်ဖွဲ့တည်းသားတွေ အားလုံးလည်း မိုးကြိုးပစ်ခံရမှာပဲ... စက်ရုံမှာ တရားမျှတမှုဆိုတာ ရှိသေးရဲ့လား... ကျွန်မ ယောက္ခမအကြောင်း ကျွန်မသိတယ်၊ သူက ရက်စက်ကြမ်းကြုတ်တဲ့လူ မဟုတ်ပါဘူး၊ ကျွန်မတို့က တရားမျှတမှုပဲ လိုချင်တာ... အခု စက်ရုံက အလုပ်သမားအသစ်တွေ ထပ်ခေါ်တော့မယ်၊ အသစ်ဝင်လာတဲ့သူတွေက တချို့လူတွေရဲ့ အလိုကျ မဟုတ်တာနဲ့ပဲ ဒီလို နှိပ်စက်လို့ ရတာလား... ဘာကြောင့်လဲ... ကျွန်မတော့ မယုံဘူး၊ ဒီကမ္ဘာမှာ အမှန်တရားရှိတဲ့နေရာ မရှိတော့ဘူးလား..."
သူမ ရဲနှစ်ယောက်ကို ဆွဲထားပြီး မလွှတ်ပေးပေ။ ရဲတစ်ယောက်မှာ ရှေ့ကို ပြေးလိုက်သွားပြီး၊ ကျန်နှစ်ယောက်မှာ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့၍
"ရှောင်ချန် ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ခင်ဗျားကို ဖမ်းရလိမ့်မယ်နော်..."
ချန်ချင်းယွီ အသံကျယ်ကြီးနှင့်
"ဖမ်းလေ... ဖမ်းလိုက်ကြ... ရှင်တို့က လူဆိုးကို မဖမ်းဘဲ ကျွန်မကို ဖမ်းချင်နေတာ၊ အမှန်တရားဆိုတာ ရှိသေးရဲ့လား။ ကျွန်မ ဂရုမစိုက်ဘူး၊ ဒီလောက် အနိုင်ကျင့်တာမျိုးတော့ မရှိသင့်ဘူး၊ ကျွန်မတို့လို ရိုးရိုးသားသား နေတဲ့သူတွေကပဲ အမြဲ အနိုင်ကျင့်ခံနေရမှာလား... အော်... ဟုတ်သားပဲ၊ လီတာ့ရှန်းက သရဲမြင်တယ်ဆိုတာနဲ့ ရှင်တို့က ဘာလို့ ကျွန်မတို့အိမ်ကို လာတာလဲ... ဘာလဲ... ကျွန်မတို့ကို အပုပ်ချချင်လို့လား... လီတာ့ရှန်းက ကျွန်မတို့ကို သရဲဟန်ဆောင်တယ်လို့ ပုံချချင်တာလား... ရှင်တို့က လူဆိုးဘက်ကနေ ကူပြီး အနိုင်ကျင့်ပေးနေတာလား..."
"မဟုတ်ပါဘူး၊ ကျွန်တော်တို့က ပုံမှန်စုံစမ်းစစ်ဆေးတာပါ..."
"မယုံဘူး..."
ချန်ချင်းယွီ၏ မျက်လုံးအိမ်မှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာသည်ကို မြင်ရလျှင် ဘေးနားရှိ အိမ်နီးချင်းများလည်း စိတ်မကောင်း ဖြစ်လာကြသည်။
"လီတာ့ရှန်းက ကျွန်မရဲ့ ကိုကိုကျန့်ဝမ်ကို အနိုင်ကျင့်တယ်၊ ကိုကိုကျန့်ဝမ်၊ အီးဟီး... ဟီး..."
ချန်ချင်းယွီ ရုတ်တရက် လက်ကိုလွှတ်ပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ အော်ဟစ်ငိုကြွေးတော့၏။
ရဲတစ်ယောက်မှာ လီတာ့ရှန်းတို့အိမ်ဘက်ကို အမြန်ပြေးသွားပြီး၊ ကျန်တစ်ယောက်မှာ ချန်ချင်းယွီကို နှစ်သိမ့်ပေးလိုက်ရသည်။
"ရှောင်ချန်၊ မငိုပါနဲ့တော့၊ ကျွန်တော်တို့ အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး၊ ဘယ်သူကမှ ခင်ဗျားတို့ကို မတရား စွပ်စွဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က တကယ်ပဲ ပုံမှန် စုံစမ်းစစ်ဆေးတာပါ၊ လီတာ့ရှန်းက သူတွေ့တဲ့ သရဲက လင်းကျန့်ဝမ်လို့ ပြောနေလို့သာ ကျွန်တော်တို့ လာမေးရတာပါ။ ခင်ဗျားတို့ သရဲဟန်ဆောင်တယ်လို့ ပြောတာ လုံးဝ မဟုတ်ပါဘူး၊ တကယ်ပါ။ ဒါက လုပ်ထုံးလုပ်နည်းအရ လာတာပါ၊ မငိုပါနဲ့တော့... ဒီကိစ္စကို စက်ရုံဘက်ကိုလည်း သေချာပြောပြပေးပါ့မယ်၊ လီတာ့ရှန်းလို စရိုက်မကောင်းတဲ့လူမျိုးကို စက်ရုံကနေ အရေးယူဖို့ ကျွန်တော်တို့ အကြောင်းကြားပေးမှာပါ။ ကျွန်တော်တို့ကို ယုံပါ၊ ရဲတွေက တရားမျှတစွာ လုပ်ဆောင်တယ်ဆိုတာ ခင်ဗျား သိပါတယ်နော်။ သူ့လုပ်ရပ်က ဥပဒေနဲ့ မငြိစွန်းရင်တောင်မှ ဒါဟာ အလွန်ဆိုးရွားတဲ့ အပြုအမူဖြစ်လို့ စက်ရုံကို အကြောင်းကြားရင် သူတို့ဘက်ကလည်း အပြင်းအထန် စစ်ဆေးပါလိမ့်မယ်၊ အဖွဲ့အစည်းကို ယုံကြည်ပါ၊ ကျွန်တော်တို့ကိုလည်း ယုံကြည်ပါ"
ချန်ချင်းယွီ မျက်လုံးလေး ပင့်ကြည့်ပြီး
"တကယ်လား..."
"တကယ်ပါ၊ တကယ်ပါဗျာ၊ မငိုပါနဲ့တော့၊ အိမ်မှာ ကလေးတွေလည်း ရှိတယ်မဟုတ်လား... ငိုလို့ နေမကောင်းဖြစ်သွားရင် ကိုယ့်လူတွေပဲ စိတ်မကောင်းဖြစ်ရမှာလေ..."
ချန်ချင်းယွီ "ဟီး... ဟီး...အဟင့်"
သူမမှာ ပြဿနာရှာရန် ကြိုတင်
တွက်ဆထားပြီးသားဖြစ်၍ ကလေးများကို အပြင်မထွက်ခိုင်းပေ။ ကံကောင်းသည်မှာ သူမအိမ်မှ ကလေးနှစ်ယောက်သည်လည်း သူတို့ဘွားအေဖြစ်သူ တစ်ပတ်မှာ တစ်ခါလောက် ပြဿနာရှာတတ်သည်ကို သိနေ၍ အသားကျနေပြီဖြစ်၏။
တကယ်ပါ… အသားကျနေပါပြီ…
လိမ္မာပါးနပ်စွာနှင့် အိမ်ထဲမှာပင် နေပြီး အပြင်ထွက်မလာကြပေ။ ကလေးနှစ်ယောက်လုံး ထမင်းတောင် စားနေကြပြီဖြစ်သည်။
ချန်ချင်းယွီ ကလေးများအတွက် မစိုးရိမ်ပေ။ သူမ အကြီးအကျယ် ငိုကြွေး သရုပ်ဆောင်နေသော်လည်း ဦးနှောက်မှာ ဖျတ်လတ် အလုပ်လုပ်နေ၏။
ရဲတွေ လာမယ်လို့ ကြားကတည်းက သူမ ကြိုတင်စဉ်းစားထားပြီးသား…
သရဲဟန်ဆောင်ပြီး ခြောက်ရုံနဲ့ ဘာထူးမှာလဲ၊ ဒီအခွင့်အရေးကို သုံးပြီး ကိစ္စကို ကြီးကြီးကျယ်ကျယ် ဖြစ်သွားအောင် လုပ်ရမယ်…
အလုပ်ကို ပုံမှန်လုပ်နေတာပဲ၊ ဘာလို့ တစ်စုံတစ်ယောက်က စက်ရုံထဲမှာ ဗိုလ်ကျစိုးမိုးနေရတာလဲ…
ဘာလဲ... ဒါက ခေတ်သစ်လူ့အဖွဲ့အစည်း မဟုတ်တော့ဘူးလား...
ယခုတွင် စက်ရုံမှ အလုပ်သမားအသစ်များ ထပ်ခေါ်တော့မည့်အချိန်ဖြစ်၍ အားလုံးသည် အထူးစိတ်ဝင်စားနေကြလေသည်။
ဟမ့်…ကိုယ့်အိမ်ကလူတွေ အလုပ်ထဲရောက်ရင် အနိုင်ကျင့်ခံရမှာကို အားလုံးက ကြောက်ကြတာပဲ….
ဒါကြောင့် စက်ရုံက သိက္ခာကို ငဲ့ရင် လီတာ့ရှန်းကို အရေးယူရမှာပဲ…
အလုပ်ထုတ်ပစ်တာမျိုးအထိ မဖြစ်ရင်တောင်မှ ဒီပြဿနာကို ငြိမ်သက်သွားအောင် တစ်ခုခုတော့ ပြစ်ဒဏ်ပေးရမှာပဲ…
ချဲယုံဖုန်းကိုပါ ဆွဲထည့်လို့ရရင် ပိုကောင်းမယ်၊ မရရင်လည်း နောက်မှ ချဲယုံဖုန်းကို သရဲဟန်ဆောင်ပြီး ထပ်ခြောက်ဦးမှာပဲ..
ဟဲဟဲ…ချယ်ယုံဖုန်းကလည်း ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲ ကြည့်ကြသေးတာပေါ့..
"အီးဟီး... ဟီး..."
ချန်ချင်းယွီ ငိုယိုရင်းဖြင့် အသံကျယ်ကြီး အော်ပြောလိုက်၏။
"စက်ရုံထဲမှာ ဒီလိုလူမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... လီတာ့ရှန်း ကိုယ်တိုင် မပြောရင် ကျွန်မတို့ ဘယ်လိုသိမှာလဲ... ဒီလောက်အထိ ယုတ်မာတဲ့လူ ရှိတာလား... သူက ဘာမို့လို့ ဒီလောက်အနိုင်ကျင့်ရဲတာလဲ၊ တခြားသူတွေကရော ဘာလို့ သူ့စကားကို နားထောင်နေရတာလဲ... သူက ခေါင်းဆောင်လည်း မဟုတ်ဘဲနဲ့။"
သူမ စကားထဲတွင် အဓိပ္ပာယ်အများကြီး ပါနေလေသည်။
ထိုစကားကို ကြားသောအခါ တစ်ယောက်က
"ဟုတ်တယ်၊ လီတာ့ရှန်းဆိုတဲ့ လူအိုကြီးက ဘာကောင်မို့လို့လဲ... သူက ဘာလို့ ဒီလောက် အနိုင်ကျင့်ရဲရတာလဲ..."
"ဒီနေ့ သတင်းတွေ အများကြီး ကြားလိုက်ရတယ်၊ လင်းကျန့်ဝမ်အကြောင်း ပြောနေတာလို့ မထင်ထားဘူး။ တကယ်ကို ရက်စက်တဲ့လူပဲ၊ ကျန့်ဝမ်ကဘယ်လောက် လူကောင်းလေးလဲ။"
"အဲဒါတော့ ဟုတ်ပါ့၊ ကျန့်ဝမ်က ဒီတစ်ဝိုက်မှာ ထိပ်တန်းလူငယ်ပဲ၊ အလုပ်လည်း ကြိုးစားတယ်၊ လိမ္မာတယ်၊ စာလည်း တော်တယ်၊ တကယ်ကို လူတော်လေးပါ... နှမြောစရာကြီး။"
"အေး၊ ငါကြားတာတော့၊ ကျန်းရှင်းဖှရဲ့ ရည်စား လျှိုကျင့်လည်း မနေ့ညက ဒေါသတွေ ပေါက်ကွဲနေတာတဲ့၊ သူမရဲ့ အမျိုးသားကိုလည်း လီတာ့ရှန်းတို့ မိသားစုက နှိပ်စက်လို့ ပိုက်ဆံပေး၊ လက်ဆောင်ပေးပြီး တခြားနေရာကို ပြောင်းလိုက်ရတာတဲ့။ အဲဒီမှာ ပင်ပင်ပန်းပန်း လုပ်ရလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ လူက ပျက်စီးသွားတာ၊ ဒါကြောင့် လျှိုကျင့်က အစားဝင်လုပ်ရတာလေ။ လျှိုကျင့်သာ အစားမဝင်ရင် ကျန်းရှင်းဖှနဲ့ ဒီလိုတွေ ဖြစ်မှာ မဟုတ်ဘူး၊ တကယ်ကို ဝဋ်ကြွေးတွေပဲ။"
"လီတာ့ရှန်းကတော့ တကယ်ကို အကုသိုလ်တွေ ထုပ်ပိုးထားတဲ့လူပဲ။"
"ဟုတ်ပါ့၊ လူကို ကြည့်ရင်တော့ ရိုးသားတဲ့ အဘိုးကြီးလိုလိုနဲ့၊ လုပ်ရပ်တွေကတော့ လူမဆန်ဘူး။"
"သူ့နောက်ကွယ်မှာ ကျောထောက်နောက်ခံ ရှိတာကိုး၊ အလုပ်ရုံမှူးက..."
"ဟဲဟဲ၊ တိမ်ချင်းတိမ်ချင်း အုပ်ဖွဲ့သလို၊ လူယုတ်မာချင်း ပေါင်းနေကြတာ။"
"အသံတိုးတိုးပြောပါ၊ သူတို့ကြားသွားရင် နင့်ကို အလုပ်ထဲမှာ နှိပ်စက်နေဦးမယ်..."
"ငါ အသံကျယ်ကျယ် တိုးတိုးက ကိစ္စမဟုတ်ဘူး၊ ငါ့သားက အခု အလုပ်ဝင်ဖို့ စာမေးပွဲဖြေတော့မယ်၊ ဝင်သွားလို့ ဒီလို အနိုင်ကျင့်ခံရရင် အဖေဖြစ်တဲ့သူက စိတ်မကောင်းဖြစ်မှာပေါ့... ဒီလိုမျိုး လုပ်လို့ရမလား... လီတာ့ရှန်းက ကြောက်လို့သာ ဝန်ခံလိုက်တာ၊ မဟုတ်ရင် ဘယ်သူသိမှာလဲ... အဘွားကြီးကျောက်လို အာဂသူတောင် အခုမှ သိတာလေ။ အဘွားကြီးကျောက် ပြဿနာရှာတာ မှန်တယ်၊ ဘာလို့ ဒီအတိုင်း ငြိမ်ခံနေရမှာလဲ..."
"ဟုတ်တယ်၊ ငါတို့အိမ်ကလည်း စက်ရုံကိစ္စတွေ သိပ်မပြောဖြစ်
ဘူး..."
လူအများ ဝိုင်းဝန်းဆွေးနွေးနေကြစဉ် ချန်ချင်းယွီ မီးလောင်ရာလေပင့်လိုက်သည်။
"ဟုတ်တယ်၊ လီတာ့ရှန်းက သာမန်အလုပ်သမားဟောင်းကြီးတစ်ယောက်ပါ၊ ဘယ်လိုတောင် စိတ်နှလုံးရက်စက်ပြီး ဒီလိုတွေလုပ်နိုင်ရတာလဲ။ ကျွန်မတို့မိသားစုက သူ့ကို ဘာများစော်ကားမိလို့လဲ... အရင်ကဆို သူ့ကိုတောင် မသိခဲ့ကြတာပါ။ အလုပ်ရုံကိုရောက်ပြီး သူ့ဆီမှာ ပညာသင်တဲ့အခါမှာလည်း ကျွန်မတို့က ရိုးရိုးသားသားနဲ့ အလုပ်ကိုပဲ ကြိုးကြိုးစားစား လုပ်ခဲ့ကြတာ၊ သူတို့က ဘာလို့ ကျွန်မတို့ကို ဒီလိုမျိုး အနိုင်ကျင့်ရက်ရတာလဲ... ကျွန်မတို့မိသားစုက ဆင်းရဲလို့ပဲ အနိုင်ကျင့်ခံရ၊ ပစ်မှတ်ထားခံရရမှာလား... ဒါက ကိုကိုကျန့်ဝမ်တို့က မိဘမဲ့ (ဖခင်မရှိတဲ့) မိသားစုဖြစ်နေလို့၊ သူ့အမေပဲရှိပြီး ဘာအဆက်အသွယ်မှ မရှိတာကို အခွင့်ကောင်းယူတာ မဟုတ်ဘူးလား..."
သူမ၏အသံမှာ တုန်ယင်နေပြီး မျက်ရည်များ ဝဲတက်လာကာ ခံစားနေရသည့် မတရားမှုများသည် လျှံထွက်လာတော့မည့်အတိုင်းပင်။
ယင်းကို ကြားရသူတိုင်း သူမကို သနားသွားကြပြီး ပို၍ ကိုယ်ချင်းစာလာကြ၏။ မှန်ပေသည်… မိမိတို့မိသားစုသာ ဤကဲ့သို့ အဆက်ဆံခံရမည်ဆိုလျှင် မည်သူက မကြောက်ဘဲ နေမည်နည်း။ ယခုခေတ်သည်ခေတ်ဟောင်းမဟုတ်တော့ပေ။
အခုခေတ်က ပြည်သူတွေကသာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ အရှင်သခင်တွေပဲ…
သူတို့ ဘယ်လိုများ ဒီလိုလုပ်နိုင်ရတာလဲ…
စိတ်ဓာတ်တွေ စုတ်ပဲ့လှချည်လား…
"ဒါက လုပ်ထုံးလုပ်နည်း မဟုတ်ဘူး... ငါတို့ကို ဘာလို့ ဒီလိုဆက်ဆံရတာလဲ......"
စိတ်တိုတတ်သည့် လူတစ်ယောက်မှာ အော်ဟစ်လိုက်သည်။
"သူက တကယ့်ကို လူမဆန်တဲ့သူပဲ... အကယ်၍ စက်ရုံက ဒါကို ဖြေရှင်းမပေးဘူးဆိုရင် ငါတို့အချင်းချင်း စုပေါင်းပြီး အထက်လူကြီးတွေဆီ သွားမယ်... ငါတို့က ဘာလို့ ဒါမျိုး ကြုံရမှာလဲ... သူက နှလုံးသားမရှိတဲ့ အဘိုးကြီးပဲ..."
"အတိအကျပဲ... သူက သားသမီးမထွန်းကားမယ့် လူစားမျိုးပဲ… နေဦး၊ သူက သားမှမရှိတာ။ ကျွန်တော်ကြည့်ရတာ သူက အကျင့်စာရိတ္တ သိပ်ညံ့လွန်းလို့ ဒါက သူ့ထိုက်နဲ့သူ့ကံပဲ..."
"ကျွန်တော့်ကလေးလည်း ဒီနှစ် စက်ရုံရဲ့ ယာယီအလုပ်သမားစာမေးပွဲ ဝင်ဖြေမှာ၊ ဒါကို မြင်ရတော့ တကယ့်ကို စိတ်မအေးဖြစ်ရတယ်..."
"တချို့လူတွေက သူတို့ရဲ့ ဝါရင့်လုပ်သက်ကို အားကိုးပြီး လူမိုက်လို ကျင့်ကြံနေကြတာ။"
"ဒါကို ဘယ်သူက ငြင်းနိုင်မှာလဲ..."
"ဝါရင့်တာနဲ့ မသက်ဆိုင်ပါဘူး.. ဝါရင့်ထဲမှာ လူကောင်းတွေအများကြီးပါ.. ကျွန်တော့်အထင်တော့ လီတာ့ရှန်းက လူကြီးပိုင်းမှာ အမျိုးရှိတာကို အားကိုးနေတာ။ ငါးခုံမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ်၊ သူက ကျွန်တော်တို့ ဝါရင့်အလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးနေတာ... သူက တကယ့် လူယုတ်မာပဲ..."
ထိုအချိန်တွင် စက်ရုံဆင်းချိန်ဖြစ်၍ လူများ ပိုမိုစုရုံးလာကြသည်။ အလုပ်သမားဟောင်း အချို့လည်း ရောက်လာပြီး ဇာတ်လမ်းအကျဉ်းကို ကြားသိရသောအခါ ဒေါသတကြီး ပါဝင်လာကြ၏။
သူတို့မှာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြသော်လည်း လီတာ့ရှန်းကဲ့သို့သော နိမိတ်မကောင်းသူကြောင့် ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့ရသည်။
ရွှီကောင်းမင်သည် စကားတစ်လုံးမှ မဟရဲဘဲ တုန်တုန်ရင်ရင်ဖြင့် ပြန်လာခဲ့၏။ လီတာ့ရှန်းသည် မနေ့ညက ထပ်မံခြောက်လှန့်ခံရကြောင်း၊ သရဲမြင်သည်ဟု ဆိုကာ အဓိပ္ပာယ်မရှိသည်များကို ပြောဆိုပြီး လူတိုင်းကို ထိတ်လန့်စေခဲ့ကြောင်း သူ စက်ရုံတွင် ကြားခဲ့ရသည်။ လီတာ့ရှန်းသည် ထိတ်လန့်လွန်း၍ မျက်စိမျက်နှာပျက်ကာ ရဲစခန်းအထိပင် သွားခဲ့ဟု ဆိုကြ၏။
ရွှီကောင်းမင်ကော မည်သို့ မကြောက်ဘဲ နေနိုင်မည်နည်း။
လီတာ့ရှန်း သရဲမြင်သည့်ကိစ္စနှင့် ပတ်သက်၍ တစ်ဝက်မှာ ယုံကြည်ကြပြီး တစ်ဝက်မှာမူ မယုံကြပေ။
လီတာ့ရှန်းတို့ ဝင်းထဲရှိ လူများမှာကား အသေအချာ ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဇနီးမောင်နှံနှစ်ဦး မဆိုင်းမတွဘဲ အိမ်သာကျင်းထဲ ခုန်ချသွားသည်ကို သူတို့ မျက်မြင်တွေ့ခဲ့ရလေသည်။
၎င်းမှာ အသိသာကြီး ပူးကပ်ခံရခြင်းပင်…
မဟုတ်ရင် ဘာလို့ ဒီလိုလုပ်ကြမှာလဲ…
မစင်ကျင်းဆိုတာ ကောင်းတဲ့နေရာမို့လို့လား…
ဘယ်သူက အလကားနေရင်း ခုန်ချမှာလဲ… ဝါဝါဖြစ်နေတိုင်း ရွှေတွင်းကြီးမှ မဟုတ်တာ…
ဒါကြီးက မစင်ကျင်းလေ.. ချီးတွင်းကြီးဟ…
ထိုနေ့က မျက်လုံးပေါင်းများစွာမှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ထိုနေရာတွင် ဘယ်သူမှ မရှိခဲ့ပါ…
ဘယ်သူမှ မရှိဘူး…
သူတို့ဘာသာသူတို့ ခုန်ချခဲ့ကြတာ…
ထို့ကြောင့် ထိုဝင်းထဲရှိ လူအများမှာ သရဲရှိသည်ဟု ယုံကြည်သွားကြသည်။
သို့သော် လူငယ်အများစုမှာမူ လီတာ့ရှန်းသည် အပြစ်မကင်းသည့်စိတ်ဖြင့် ကိုယ့်ဘာသာကိုယ် ပြန်ခြောက်နေခြင်းသာ ဖြစ်သည်ဟု ထင်ကြ၏။
သို့သော် အခြားသူများ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ရွှီကောင်းမင်မှာ ယုံ၏။
သူသည် ထက်မြက်သူဖြစ်ပြီး ထက်မြက်လွန်းသူများ၏ ထုံးစံအတိုင်း အရာရာကို အများကြီး တွေးတတ်သည်။ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီကို ပစ်မှတ်ထားသည့်သူ မည်သူမဆို ပျက်စီးရတော့မည်ကို သူ သဘောပေါက်လိုက်၏။
သတိကြီးသော ရွှီကောင်းမင်မှာ မူလ၌ ထိုအဘွားကြီး ကျောက်တာ့ရာကို အမှန်တကယ် သံသယဝင်မိသည်။
ဘာပဲဖြစ်ဖြစ် အဲ့အဘွားကြီးက သံသယဖြစ်စရာ အကောင်းဆုံးလေ…
သို့သော် ရွှီကောင်းမင် သေချာပြန်စဉ်းစားကြည့်သောအခါ အဘွားကြီးကျောက်ကို သူ ပြင်းပြင်းထန်ထန် သံသယရှိသော်လည်း၊ ကိစ္စရပ်များ ဖြစ်ပွါးသွားသည့် အချိန်များစွာတွင် သူမမှာ အပြင်ထွက်၍ ပြဿနာရှာနိုင်သည့် အနေအထားတွင် မရှိခဲ့ပေ။ သူမနှင့် ချွေးမဖြစ်သူတို့မှာ အမြဲတမ်း အိမ်မှာပဲ ရှိနေကြ၏။
ထို့အပြင် အဘွားကြီးကျောက်နှင့် သူမ၏ချွေးမတို့မှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ရည်ရှိသူများဟုလည်း ရွှီကောင်းမင် မယုံကြည်ပေ။ ထို့ကြောင့် သူသည် ဝင်းအတွင်းရှိ လူများထဲတွင် သရဲခြောက်နေသည်ဟု အယုံကြည်ဆုံးသူ ဖြစ်နေပေတော့သည်။
ဒါဟာ လင်းကျန့်ဝမ်ရဲ့ မကျွတ်မလွတ်သေးတဲ့ ဝိညာဉ်က လီတာ့ရှန်းကို လိုက်ခြောက်နေတာပဲ ဖြစ်ရမယ်…
မဟုတ်ရင် လီတာ့ရှန်းကလည်း အူကြောင်ကြောင် စောက်ရူးမှ မဟုတ်တာပဲ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမယ့် အလုပ်မျိုး လုပ်မလဲ…
ဒါက လုံးဝ မဖြစ်နိုင်ဘူး…
ဒါ သရဲခြောက်တာ သေချာတယ်…
နေ့ခင်းကြောင်တောင်၊ လက်တိုအင်္ကျီဝတ်ထားပြီး ချမ်းလည်းမချမ်းဘဲနှင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထကာ ဆံပင်များ ထောင်တက်သွား၏။
သူ တကယ်ကို ကြောက်နေပါပြီ…
ဝါး... မှောင်ရိပ်ကျသည့် ထောင့်တစ်နေရာတွင် သရဲတစ်ကောင် ပုန်းအောင်းနေပြီး သူ့ကို ချောင်းကြည့်နေသလိုမျိုး ခံစားနေရသည်။
ရွှီကောင်းမင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ဘုရားရေ…လူတွေ တော်တော်များများရှိနေပြီး လူအင်အားနှင့် ယန်ဓာတ်တွေ ဒီလောက်အားကောင်းနေတာတောင် သူ ကြောက်နေတုန်းပဲ…
"ရှောင်ချန်၊ မငိုပါနဲ့တော့။ ဘာပဲဖြစ်ဖြစ် စက်ရုံက အမြဲတမ်း ဖြေရှင်းပေးမှာပါ။ စက်ရုံကို ယုံကြည်ရမယ်"
ယခုမှ အလုပ်ဆင်းလာရုံရှိသေးသည့် ကျောက်ရုံမှာ လူကောင်းလုပ်ကာ ပြောလိုက်သည်။ သူမသည် ဝင်းအတွင်း၌ ဩဇာအနည်းငယ်ရှိသူ ဖြစ်၏။
ချန်ချင်းယွီ မော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများမှာ ယုန်ကလေးကဲ့သို့ နီမြန်းဖူးရောင်နေသည်။
"ကျွန်မ စက်ရုံကို မယုံတာမဟုတ်ပါဘူး..."
သူမ၏ မျက်လုံးများတွင် ဇဝေဇဝါဖြစ်ဟန် အနည်းငယ် ပါဝင်နေ၏။
သူမ တိုးတိုးလေး ဆက်ပြော၍
"စက်ရုံခေါင်းဆောင်တွေက ဒါကို သိတာမဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ လူနည်းစုကပဲ သီလစာရိတ္တမရှိတဲ့ အလုပ်တွေကို လုပ်ခဲ့ကြတာပါ… သူတို့ နောက်ဆုံးတော့ သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံစားရမှာပါ"
ကျောက်ရုံ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
ဤစကားများမှာ သူမကိုယ်တိုင်လည်း ချန်ချင်းယွီအပေါ် မကောင်းကြံစည်ခဲ့ဖူးသည်ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့်ပင်။
ကျောက်ရုံ: "အဲ... အင်း..."
သူမ စကားလမ်းကြောင်း လွှဲလိုက်ကာ
"အဒေါ်ကြီးပိုင်ကော... အဒေါ်ကြီးရှီကော... ဝင်းထဲမှာ ဒီလိုတွေ ဖြစ်နေတာ သူတို့ ဘာလို့ ဒီမှာမရှိကြတာလဲ... သူတို့က ညည်းကို နှစ်သိမ့်ပေးဖို့တောင် မကြိုးစားကြဘူးပဲ၊ တကယ်ပါပဲ"
ချန်ချင်းယွီ : "သူတို့ ကျွန်မယောက္ခမ နောက်ကို လိုက်သွားကြတာ..."
"ဪ ဟုတ်သားပဲ၊ ယောက္ခမ... အဒေါ်ကြီးကျောက်က ဘာလုပ်လို့လဲ..."
"ရှင် အလုပ်ဆင်းလာတာ မကြာသေးလို့ မသိသေးတာလား... အဒေါ်ကြီးကျောက်က လီတာ့ရှန်းကို သွားရှာတာလေ"
"ဟာ... သွားပြီ..."
"ဘုရားရေ၊ ငါ သွားကြည့်ဦးမှ..."
"အမလေး၊ အဒေါ်ကြီးကျောက် ဒီမှာ မရှိတာ မဆန်းပါဘူး၊ သူက တကယ့် အကြမ်းစားကြီးလုပ်နေတာပဲ"
"ငါလည်း လိုက်မယ်..."
ရုတ်တရက်ဆိုသကဲ့သို့ လူတစ်ဝက်လောက် ပျောက်ကွယ်သွားကြ၏။ အဘွားကြီးကျောက် ဘာများလုပ်မလဲဆိုသည်ကို လူတိုင်းပို၍ စိတ်ဝင်စားနေကြသည်…
အဘွားကြီးကျောက် ဘာလုပ်နိုင်မှာလဲ... အင်း...
သူမ လုပ်နိုင်တာတွေ အများကြီးရှိတာပေါ့…
အဘွားကြီးကျောက်ဆိုတာ ဘယ်သူလဲ… ပေကျင်းမြို့ဟောင်းက နာမည်ကြီး အာဂမိန်းမကြီးလေ..
အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည် တစ်ဦးနှင့်တစ်ဦး စေတနာရှိသည် မဟုတ်ကြသော်လည်း မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်သည့်နေရာတွင်မူ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကာ အပေးအယူ အတော်လေး မျှကြသည်။ အထူးသဖြင့် ပြဿနာရှာသည့် နေရာတွင် ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့မှာ စိတ်ချင်းဆက်နေသလိုပင်။
ပြဿနာရှာတဲ့နေရာမှာတော့ ကျွန်မတို့က နံပါတ်တစ်ပဲ…
ချန်ချင်းယွီ ဟန်ဆောင်လိုက်သည်နှင့် သူမ ဘာကို ရည်ရွယ်သည်ဆိုသည်ကို အဘွားကြီးကျောက်မှာ ချက်ချင်း ရိပ်မိ၏။
ဤရူးကြောင်ကြောင် မိန်းမနှစ်ယောက်ဖြစ်သော ယောက္ခမနှင့် ချွေးမကြားတွင် အမှန်တကယ်ပင် နတ်ဖက်သည့် နားလည်မှုမျိုး ရှိနေကြခြင်းပင်…
အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ ရည်ရွယ်ချက်ကို နားလည်ပြီးနောက် အစွမ်းကုန် အမြန်နှုန်းဖြင့် ပြေးတော့သည်။ ရဲများပင် သူမကို မမီနိုင်ပေ။ အဘွားကြီးကျောက်သည် လီတာ့ရှန်း၏ အိမ်သို့ အပြေးအလွှား သွားလိုက်၏။ သူမသည် ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးသဖြင့် တည်နေရာ အကြမ်းဖျင်းကိုသာ သိသည်။ လမ်းကြားထဲရှိ အဘိုးကြီးတစ်ယောက်ကို ဖမ်းဆွဲပြီး
"ဟို လူယုတ်မာ လီတာ့ရှန်း ဘယ်မှာနေလဲ..."
ထိုလူမှာ အဘွားကြီးကျောက်၏ ကြောက်မက်ဖွယ် အမူအရာကြောင့် ထိတ်လန့်သွားပြီး အမြန်ညွှန်ပြကာ
"ဟိုမှာ... ဟို ဝင်းအကြီးကြီးထဲက ဘယ်ဘက်အိမ်ပဲ"
အဘွားကြီးကျောက် ခေါင်းညိတ်ပြီး လက်ကိုလွှတ်ကာ ဆက်ပြေးပြန်၏။
"ဘုရားရေ... ကြောက်စရာကြီး..."
သို့သော် ထိုလူမှာလည်း ပွဲကြည့်ချင်လှသဖြင့် သူမနောက်မှ အမြန်လိုက်သွားသည်။
အဘွားကြီးကျောက်သည် အသက်ပင် ပြင်းပြင်းရှူရင်း အမြန်ပြေးလာခဲ့၏။ လီတာ့ရှန်း၏ ဝင်းထဲသို့ ဝင်သွားပြီးနောက် အသံကုန်ဟစ်၍
"လီတာ့ရှန်း၊ နင် လူယုတ်မာ၊ ထွက်ခဲ့စမ်း... ထွက်ခဲ့..."
ရုတ်တရက် ဝင်းထဲရှိ အိမ်အချို့မှ လူများ ထွက်လာကြသော်လည်း လီတာ့ရှန်းကိုမူ မတွေ့ရပေ။
ပင်းကျစ် : "ဒါ သူ့အိမ်ပဲ။ သူ ဒီနေ့မနက်ကပဲ ရဲစခန်းက ပြန်လာတာ၊ အိမ်မှာ ရှိတယ်"
သူသည် ယဉ်ကျေးမနေဘဲ တိုက်ရိုက်ပင် ချောက်ချပြောဆိုလိုက်သည်။
သူ့မိသားစုနှင့် လီတာ့ရှန်းမိသားစုမှာ ကာလရှည်ကြာ ရန်ငြိုးရှိခဲ့ကြ၏။ ယခင်၌ သူတို့ကို မစော်ကားရဲခဲ့ကြသော်လည်း ယခု အခြားသူမှ စတင်လိုက်ပြီဖြစ်၍ သူလည်း ချက်ချင်းပင် လိုက်ပါလာခြင်း ဖြစ်သည်။
အဘွားကြီးကျောက် အပြေးအလွှားသွားပြီး တံခါးကို "ဒုန်း" ခနဲ အသံမြည်အောင် ကန်ဖွင့်လိုက်၏…
"ဘယ်သူလဲ... ဘာလုပ်တာလဲ... ဒီအရူးမက ဘယ်က ရောက်လာတာလဲ..."
လီတာ့ရှန်း၏ မိန်းမဖြစ်သူ၏ အမူအရာကို မြင်သည်နှင့် အဘွားကြီးကျောက် ပြင်းထန်သော တိုက်စစ်ကို ချက်ချင်း စတင်လိုက်တော့သည်။
အဘွားကြီးကျောက်ဆိုသည်မှာ ရန်ပွဲတစ်ခုတွင် အရှုံးပေးတတ်သည့် အမျိုးအစား မဟုတ်ပေ…
"အရူးမ ဟုတ်လား... ငါက နင့်မိသားစုလောက် ရူးလို့လား... နင်တို့အားလုံးက ရူးပြီး သရဲမြင်နေကြတာ မဟုတ်ဘူးလား... နင်တို့က ငါ့သားကိုတောင် နင်တို့ကို နှောင့်ယှက်နေတဲ့ သရဲပါဆိုပြီး နာမည်ဖျက်ရဲသေးတယ်... ဖယ်စမ်း... နင်တို့ အိပ်မက်မက်နေတာပဲ။ သရဲရှိတယ်ဆိုရင်တောင် ငါ့သားက သူ့အမေဆီပဲ လာမှာပေါ့၊ နင်တို့ဆီ ဘာလာလုပ်မှာလဲ။ နင်တို့မှာ အပြစ်ရှိနေလို့ ဒီလိုဖြစ်တာလို့ပဲ ငါထင်တယ်"
အဘွားကြီးကျောက်သည် ဤစကားစုကို ချန်ချင်းယွီဆီမှ မှတ်သားလာခြင်း ဖြစ်၏။
"ဘာလဲ... နင်တို့ ငါ့သားကို ပစ်မှတ်ထားခဲ့တယ်၊ ငါ့သားကို အနိုင်ကျင့်ခဲ့တယ်လို့ ငါကြားတယ်။ တောက်... နင်တို့က ငါတို့လို မုဆိုးမနဲ့ မိဘမဲ့တွေကို အထင်သေးနေတာလား......"
အဘွားကြီးကျောက်သည် လီတာ့ရှန်း၏ ဇနီးကို ဖမ်းဆွဲကာ ဘယ်ပြန်ညာပြန် မရပ်မနား ရိုက်နှက်တော့သည်။ စုစုပေါင်း ခြောက်ချက်၊ ခုနစ်ချက်ခန့် ရှိမည်၊ သွားတစ်ချောင်းပင် ကျွတ်ထွက်သွား၏...။
ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများမှာ တံခါးနှင့် ပြတင်းပေါက်များတွင် ကပ်ကာ ဤမြင်ကွင်းကို သွားတကြိမ်းကြိမ်းဖြင့် ကြည့်နေကြသည်။ ကိုယ်တိုင် အရိုက်ခံရခြင်း မဟုတ်သော်လည်း ကြည့်နေရုံနှင့်ပင် နာကျင်လှ၏။
အဘွားကြီးကျောက် အော်ဟစ်လိုက်ကာ
"နင်တို့ အဖိုးကြီး အဖွားကြီးတွေ ဒီကနေ ထွက်သွားစမ်း... ငါ နင်တို့ကို နောက်ထပ် အခွင့်အရေး မပေးတော့ဘူး... လီတာ့ရှန်း၊ နင် ထွက်ခဲ့စမ်း..."
သူမသည် လီတာ့ရှန်း၏ ဇနီးကို ဘေးသို့ တွန်းဖယ်လိုက်ပြီး အိမ်ထဲသို့ ပြေးဝင်သွားသည်။ လှဲနေသော လီတာ့ရှန်းမှာ ယခုမှ ထထိုင်ကာ
"ဘာလုပ်တာလဲ... အား..."
အဘွားကြီးကျောက် သူ့အပေါ် ခုန်အုပ်လိုက်ပြီး လက်အမြန်နှုန်းမှာ နောက်ယောင်ခံပုံရိပ်များ ထင်ကျန်ရစ်သည်အထိ ဒေါသတကြီး ကုတ်ခြစ်တော့၏။
"ငါ့သားကို အနိုင်ကျင့်ချင်တယ်ပေါ့ .. သေစမ်း.. လူယုတ်မာ လုပ်ရတာကို ပျော်နေတယ်ပေါ့.. သေစမ်း..ငါ ကျောက်တာ့ရာ တစ်သက်လုံး ဒီလိုမတရားမှုကို ဘယ်တုန်းကမှ ခေါင်းငုံ့မခံခဲ့ဖူးဘူးဆိုတာ နင်မသိဘူးလား... နင် ငါ့သားကို ဒုက္ခပေးတယ်၊ လူတွေကို အနိုင်ကျင့်တယ်၊ နင်တို့ အရှက်မရှိတာကို ငါသင်ခန်းစာပေးလိုက်မယ်... လူယုတ်မာဖြစ်ရတာကိုကြိုက်နေရင် ငါသင်ခန်းစာပေးလိုက်မယ်... နင် သရဲမြင်ချင်သေးလား... လူက သရဲထက် ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ သိသွားအောင် အခုပဲ ငါသင်ခန်းစာ ပေးလိုက်မယ်..."
အဘွားကြီးကျောက်သည် လီတာ့ရှန်းကို နှိပ်ကွပ်ရန် အခွင့်အရေးကို နောက်ဆုံးတွင် ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
တကယ်တမ်းဆိုလျှင် သူမ၏ စိတ်ဆန္ဒအရဆိုပါက လီတာ့ရှန်းနှင့် ချဲယုံဖုန်းတို့၏ အိမ်သို့ တိုက်ရိုက်သွားလိုက်ချင်၏။ သို့သော် သူမ၏ ချွေးမပြောသည်မှာ မှန်သည်၊ ထိုသို့လုပ်ခြင်းသည် သူမ၏ မိသားစုကို အခြေအနေ မဟန်အောင် ဖြစ်စေနိုင်သည်။
သို့သော် ယခုအခါ သရဲခြောက်သည့် သတင်းများ ပျံ့နှံ့နေပြီး လင်းကျန့်ဝမ်အကြောင်း သတင်းများလည်း ပြန့်နေပြီဖြစ်၏… ထို့ပြင် ၎င်းမှာ လီတာ့ရှန်းကိုယ်တိုင် ပြောခဲ့သည့် ဇာတ်လမ်းဖြစ်၍… သူမအနေဖြင့် လာရောက်ပြဿနာရှာခြင်းမှာ အလွန်ပင် သဘာဝကျနေပေတော့သည်။
အကောင်းဆုံးမှာ ၎င်းသည် သရဲခြောက်သည့်ကိစ္စမှာ သူတို့နှင့် မပတ်သက်ကြောင်း သက်သေပြရာလည်း ရောက်၏။
ခဏတာမျှသာ ဖြစ်သော်လည်း ချန်ချင်းယွီရော အဘွားကြီးကျောက်ပါ ဘာလုပ်ရမည်ကို ချက်ချင်း ရိပ်မိခဲ့ကြသည်။ သူမ၏ သားနှင့် ပတ်သက်လာလျှင် အဘွားကြီးကျောက်၏ ဦးနှောက်မှာ အလွန်မြန်၏။ သူမ၏ သားမှာ သူမ ဘဝတစ်ခုလုံး အားကိုးအားထားပြုခဲ့ရသူ မဟုတ်လော့။
အခုတော့ ဒီလိုပဲ ဆုံးရှုံးသွားခဲ့ရပြီ…
လီတာ့ရှန်း သူ့ကို တိုက်ရိုက်သတ်ခဲ့ခြင်း မဟုတ်သော်လည်း တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေပြီး သူမကိုယ်တိုင်လည်း သူ့လက်ထဲတွင် ဒုက္ခရောက်ခဲ့ရသည်။ အဘွားကြီးကျောက်သည် လီတာ့ရှန်းနှင့် ချဲယုံဖုန်းကို အရိုးထဲကပင် နာကျည်းနေခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူမ ချက်ချင်း တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး လီတာ့ရှန်းကို အခွင့်အရေး တစ်စက်ကလေးမျှ မပေးဘဲ အပြေးအလွှား လာရောက်ခဲ့ခြင်းဖြစ်သည်။
ထိုအဘိုးကြီး အဘွားကြီး နှစ်ယောက်စလုံးမှာ လူကောင်းမဟုတ်ကြကာ မိမိသားကိုပင် မကောင်းကြံစည်ခဲ့ကြပြီး ပါးစပ်သည်လည်း အလွန်ပင် ယုတ်ရင်းကြမ်းတမ်း၏။ ထိုအကြောင်းကို တွေးမိသည်နှင့် အဘွားကြီးကျောက်၏ ဒေါသမီး ဟုန်းခနဲ တောက်လောင်လာသည်။ သူမ သူတို့ကို နှိပ်ကွပ်ရန် အကြောင်းပြချက် တစ်ခု နောက်ဆုံးတွင် ရရှိခဲ့ပြီ….
ခိုင်လုံသော အကြောင်းပြချက် တစ်ခုပင်….
သည်းခံထားရတာကြာပြီ… နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီ…
အဘွားကြီးကျောက် ကုတ်ခြစ်မှုကြောင့် လီတာ့ရှန်းခမျာ အော်ဟစ်ကာ
"ဒီမိန်းမယုတ်... ဘာလုပ်နေတာလဲ... ခင်များကို ငါ တရားစွဲမယ်... တော်တော့..."
အဘွားကြီးကျောက် အော်ပြောကာ
"ဟက်... တရားစွဲလိုက်စမ်းပါ... ငါလည်း နင်ကို တရားပြန်စွဲမှာပဲ... ငါ့သားကို ဒုက္ခပေးတဲ့အတွက် နင်ကို တရားစွဲမယ်... လူယုတ်မာ... အဘိုးကြီးယုတ်... ဆင်းခဲ့စမ်း..."
သူမသည် သူ့ကိုအုတ်ခုတင်ပေါ်မှ ဆွဲချလိုက်ပြီး ပါးကို အားရပါးရ ရိုက်လိုက်၏။
လီတာ့ရှန်းသည် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး ဖြစ်သည်သာမက ပင်ပန်းသော အလုပ်ကြမ်းများလည်း လုပ်ရသူ ဖြစ်သဖြင့် သန်မာပြီး အဘွားကြီးကျောက်ကို ရှုံးစရာ အကြောင်းမရှိပေ။ သို့သော် သူသည် တစ်ညလုံး မအိပ်ရသေးသည့်အပြင် မိမိလုပ်ရပ်အတွက် နောင်တရကာ နှစ်ရက်တိုင်တိုင် အိပ်မပျော်ခဲ့သဖြင့် အင်အားကုန်ခမ်းနေပြီ ဖြစ်သည်။
ကျောက်တာ့ရာကို သူ ဘယ်လိုမှ ပြန်မတိုက်ခိုက်နိုင်တော့ပေ။
"နင့်ကို ငါ သေအောင် သတ်မယ်..."
"ငါ့ယောကျ်ားကို လွှတ်လိုက်စမ်း၊ ဒီအဘွားကြီး..."
အဘွားကြီးကျောက် နောက်ပြန်လှည့်ကာ သူမ၏ ဆံပင်ကို ဆွဲပြီး ပါးကို အားရပါးရ ရိုက်လိုက်၏။တစ်ချိန်တည်းမှာပင် လီတာ့ရှန်း၏ အားနည်းချက်ရှိသော နေရာကို အားကုန် ကန်ထည့်လိုက်သည်…
အမျိုးသားတစ်ဦးသည် ထိုနေရာကို အတိုက်ခိုက်ခံရလျှင် ချက်ချင်းပင် တိုက်ခိုက်နိုင်စွမ်း တစ်ဝက်ကျော် ဆုံးရှုံးသွားတတ်ရာ….
ထိုသို့ အားပြင်းပြင်းဖြင့် အကန်ခံရသောအခါ လီတာ့ရှန်းမှာ
အော်ဟစ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရ၏။
ကြည့်နေသော အမျိုးသားများမှာပင် ချွေးပြန်သွားကြသည်…
ဘုရားရေ…
ဒါက သေစေနိုင်တဲ့ တိုက်ကွက်ပဲ…
ထိုအဘွားကြီးကို ကြည့်ရင်း သူတို့မှာ သူမ၏ ကျွမ်းကျင်မှုကို မချီးကျူးဘဲ မနေနိုင်ကြတော့ပေ…
အဘွားကြီးကျောက်သည် လီတာြရှန်း၏ ဇနီးကို လက်တစ်ဖက်ဖြင့် ဆံပင်ဆွဲထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရူးသွပ်စွာ ကုတ်ခြစ်နေသည်။
"နှလုံးသားမရှိတဲ့ လူယုတ်မာ... နင်တို့အားလုံးက မြွေတွေ ကြွက်တွေလိုပဲ... လူမဆန်ကြဘူး... တကယ့်ကို ယုတ်မာပြီး အရှက်မရှိတဲ့ လူတွေ..."
အဘွားကြီးမှာမူ နောင်တမရသေးသည့်အပြင် ပါးစပ်မှ အညစ်အကြေးကဲ့သို့ အယုတ်တအနတ္တများ ပြောနေဆဲဖြစ်ကြောင်း အဘွားကြီးကျောက် သိ၏။
မဟုတ်ရင် သူ့ချွေးမက ဒေါသထွက်ပြီး သူ့ကို အိမ်သာကျင်းထဲ တွန်းချပါ့မလား…
"မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့တော့..."
"ဘုရားရေ၊ တော်ပါတော့..."
အဘွားကြီးကျောက်နောက်ကို လိုက်လာသော ရဲသားမှာ နောက်ဆုံးတွင် မီလာပြီး ကြားထဲသို့ တိုးဝင်ကာ
"မလုပ်ပါနဲ့..."
အဘွားကြီးကျောက်မှာ လှောင်အိမ်ထဲမှ ထွက်လာသော ကျားသစ်တစ်ကောင်ကဲ့သို့ပင်၊ မည်သူမှ တား၍မရပေ။ သူမ လီတာ့ရှန်း၏ ဇနီးကို တွန်းဖယ်လိုက်ပြီး ရဲသားမှာ ထိုအမျိုးသမီးကို ထိန်းပေးနေစဉ်တွင် အဘွားကြီးကျောက်မှာ "ယင်ကိုးပါးအရိုးဖောက်လက်သည်း" သိုင်းကို ကျွမ်းကျင်ထားသူတစ်ဦးအလား ရှေ့သို့ ပြေးဝင်သွားပြန်သည်။
ကံကောင်းထောက်မစွာဖြင့် ဆရာကြီးကျင်းယုံ၏ မက်မွန်မြေမှချစ်တေးတစ်ပုဒ်၊ သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းများမှာ ရုပ်မြင်သံကြားတွင် မပြရသေးကာ စာအုပ်လည်း မရောက်သေး၍ပင်…မဟုတ်လျှင် သူမသည် မေချောက်ဖုန်ကဲ့သို့ ယင်ကိုးပါးအရိုးဖောက်လက်သည်းသိုင်းကို လေ့ကျင့်ထားသည်ဟု လူတိုင်း သံသယဝင်ကြမည်မှာ အသေအချာပင်။
အဘွားကြီးကျောက်သည် သူ့ကို မနားတမ်း ကုတ်ခြစ်တော့၏။
သူမသည် အားနည်းချက်ရှိသော နေရာ ဟုတ်မဟုတ်ကိုပင် ဂရုမစိုက်တော့ဘဲ မညှာမတာ ကန်ကျောက်တော့သည်။
"အား... အားးး..."
"ကယ်ကြပါဦး..."
လီတာ့ရှန်းမှာ အော်ဟစ်နေရပြီး ဆဲဆိုဖို့ပင် အားမရှိတော့ပေ။ သူသည် လုံးဝ ရှုံးနိမ့်သွားရှာပြီ…
"အမလေး ငါ့ယောကျ်ားရေ... ဒီအရူးမ..."
အဘွားကြီးကျောက် အော်လိုက်ကာ
"နင်တို့ကရော မရူးဘူးလား... အမြဲတမ်း သရဲ သရဲနဲ့ အော်နေကြတာ မဟုတ်ဘူးလား... တောက်... နင်တို့က ငါ့သားကို သရဲလို့ ပြောရဲသေးတယ်ပေါ့... ငါ့သားက မြေမြှုပ်ထားပြီးသားကို နင်တို့က နာမည်ဖျက်ရဲသေးတယ်။ နင်တို့က အယူသီးမှုကို အားပေးနေတာပဲ... လူမဆန်လိုက်တာ... ငါ့သားကို ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေ တမင်ခိုင်းတယ်၊ တမင် အချိန်ပိုတွေ ဆင်းခိုင်းတယ်၊ ပညာလည်း တမင်မသင်ပေးဘူး ဟုတ်လား... အားလုံးပဲ လာကြည့်ကြပါဦး... စက်ရုံမှာ ဒီလိုဆရာမျိုးနဲ့ တွေ့ရင် ဘယ်သူက အသက်ရှင်နိုင်မှာလဲ... ငါ့သားက တကယ့် လူရိုးလေးပါ၊ နင်တို့ကိုတောင် သူ မဖော်ထုတ်ခဲ့ဘူး။ သူက ရိုးအလွန်းလို့ နင်တို့က အခွင့်ကောင်းယူခဲ့တာ... ဒါပေမဲ့ ငါ ကျောက်တာ့ရာကတော့ ငါ့သား ဒီလို အနှိပ်စက်ခံရတာကို ကြည့်မနေနိုင်ဘူး။ ပြောစမ်း... ဘာလို့ ငါ့သားကို ပစ်မှတ်ထားတာလဲဆိုတာ ပြောစမ်း... ဒီနေ့ ငါ့ကို ရှင်းရှင်းလင်းလင်း အဖြေမပေးရင် နင်တို့ အဘိုးကြီး အဘွားကြီး နှစ်ယောက်လုံးကို ငါ ရိုက်သတ်ပစ်မယ်..."
"အားလုံးပဲ လာကြည့်ကြပါဦး... ဆရာက တပည့်အပေါ် ဘယ်လို မတရားလုပ်သလဲဆိုတာ ကြည့်ကြပါဦး၊ တပည့်မှာ အသက်ရှင်ဖို့ အခွင့်အရေးတောင် မရှိဘူး... အားလုံးပဲ လာကြည့်ကြပါဦး..."
အဘွားကြီးကျောက်မှာ ဝါရင့်သမ္ဘာရင့် ပုဂ္ဂိုလ်ကြီးပီပီ တစ်ချက်ကလေးမှ အရှုံးမခံပေ။ ပါးစပ်မှလည်း တတွတ်တွတ်ပြောဆိုနေသလို လက်ခြေများမှာလည်း မနားတမ်း လှုပ်ရှားနေ၏။
ရဲအရာရှိများခမျာလည်း သူမကို ဆွဲဖယ်ရန် အပြေးအလွှား ရောက်လာကာ
"အဒေါ်ကြီးကျောက်၊ အဒေါ်ကြီးကျောက်... စိတ်လျှော့ပါဦး..."
"ငါ့သားလေး ဆုံးသွားပြီအေ... ဘယ်လိုလုပ် စိတ်လျှော့နိုင်မှာလဲ... အထက်က မိုးနတ်မင်းကြီး ကြည့်နေပါတယ်၊ ငါ့သားလေး ဆုံးသွားပြီ... ငါ အကောင်းဆုံး ပြုစုပျိုးထောင်ထားတဲ့ သားလေး ဆုံးသွားပြီ... ဒါတွေအားလုံးက ဒီလီတာ့ရှန်းကြောင့်ပဲ... သူ့ကြောင့်ပဲ... ငါ့အသက်ကိုပဲ ရင်းရရင်းရ၊ ငါ့သားအတွက် တရားမျှတမှု ရအောင်ယူရမယ်... အေး... ငါကတော့ အဆုံးထိ တိုက်မှာပဲ၊ နင်တို့လည်း တစ်ယောက်မှ မလွတ်စေရဘူး..."
အဘွာဍကြီးကျောက်သည် အသက်ကြီးပိုင်း ရဲအရာရှိကို ဘေးသို့ တွန်းဖယ်လိုက်ပြီး အုတ်ခုတင်ပေါ်သို့ ခုန်တက်ကာ ပြတင်းပေါက်မှန်ကို "ဒုန်း" ခနဲ အသံမြည်အောင် ရိုက်ခွဲလိုက်သည်…
ခလွမ်း…
သောက်ကျိုးနည်းကုန်ပြီ…
ဘေးမှ ကြည့်နေသူများလည်း အမြန် နောက်ဆုတ်သွားကြ၏။
ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသော အဘွားကြီးဟွမ်မှာ ရှီကျန့်ရှန်း၏ လက်ကို ဆွဲထားရင်း တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။
"ကြည့်ရတာ သူက ငါနဲ့ ရန်ဖြစ်ရင်တောင် အိမ်နီးချင်းဆိုပြီး အတော်လေး လျှော့ပေးထားတာပဲ။ အမလေး... ဘုရား ဘုရား..."
ရှီကျန့်ရှန်းလည်း တုန်နေ၏။
သူ့မိသားစုသည်လည်း အဘွားကြီးကျောက်နှင့် အကြိမ်ကြိမ် ရန်ဖြစ်ဖူးသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ဖူးပေ။
ကြည့်ရသည်မှာ အဘွားကြီးကျောက်မှာ သူတို့အပေါ် အတော်လေး ညှာတာခဲ့ပုံရသည်။
ဘုရားရေ...
လီတာ့ရှန်းနဲ့ သူ့မိန်းမကို ကြည့်ကြပါဦး... တကယ့်ကို သနားစရာ အခြေအနေ ဖြစ်နေပြီ...
ဒါပေမဲ့ သူတို့က ဒါနဲ့ ထိုက်တန်ပါတယ်…
ဘယ်သူမပြု မိမိမှုပဲဟာကို..
အဘွားကြီးကျောက် မှန်များကို ရိုက်ခွဲပြီးနောက် ခုန်ဆင်းလာကာ ဗီဒိုပေါ်ရှိ ပစ္စည်းများကို လက်ဖြင့် ဝှေ့ယမ်းချလိုက်၏။
ခွမ်း... ခွမ်း...
ပစ္စည်းများ မြေပြင်ပေါ်သို့ ပြန့်ကျဲကျကုန်၏...။
"ဒီအရူးမ၊ ဘာလုပ်နေတာလဲ... ငါ့ပစ္စည်းတွေ..."
အဘွားကြီးကျောက်က ရှေ့သို့ ခုန်အုပ်လိုက်သော်လည်း ရဲအရာရှိမှာနောက်မှ အမြန်ဖမ်းဆွဲထားကာ
"မရိုက်ပါနဲ့တော့..."
အဘွားကြီးကျောက်မှာ အတင်းအဓမ္မ တားဆီးခံထားရသော်လည်း လီတာ့ရှန်း၏ ဇနီးကို ခုန်ကန်လိုက်သေးသည်။ ရဲအရာရှိကြီးမှာ အဘွာဍကြီးကျောက်ကို ဆွဲထုတ်သွားပြီး ဖျောင်းဖျနေရ၏။
"အဒေါ်ကြီးရယ်၊ စိတ်အေးအေးထားပါ။ သူတို့ မှားတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ အဒေါ်ကြီးက ဒီလိုမျိုး ဆူဆူပူပူ လုပ်တာလည်း မှားနေတယ်။ အဒေါ်ကြီး ဒေါသထွက်တာကို ကျွန်တော် နားလည်ပါတယ်၊ ဘယ်သူမဆို ဒီလိုအခြေအနေမျိုးမှာ ဒေါသထွက်ကြမှာပဲ။ ဒါပေမဲ့ ဒေါသကြောင့် အဒေါ်ကြီးပါ ထိခိုက်မခံပါနဲ့။ မရိုက်ပါနဲ့တော့၊ တော်ပါတော့ဗျာ..."
ရဲအရာရှိခမျာမှာ ချွေးများ ပြန်နေတော့သည်။ အဘွားကြီးတစ်ယောက်ကို သူ ဘယ်လိုမှ မထိန်းနိုင်ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
အဘွားကြီးတွေက ကြောက်စရာပဲ…
အဘွားကြီးတွေကို ဝေးဝေးရှောင်…
ကံကောင်းထောက်မစွာဖြင့် အခြားရဲသားတစ်ယောက် ထပ်ရောက်လာကာ
"ဘုရားရေ..."
သူတို့နှစ်ယောက်လုံး အဘွားကြီးကျောက်ကို မြဲမြဲကိုင်ထားကြ၏။ လီတာ့ရှန်း ကြောက်လန့်ပြီး နောက်ဆုတ်သွားသော်လည်း သူ့မိန်းမမှာမကြောက်ပေ။ သူမ အခွင့်အရေးကို မြင်သည်နှင့် ကြွေဇလုံတစ်ခုကို ကောက်ကိုင်ကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ကြိုးစားတော့သည်။ ပိုင်ဖုန်းရှန်းက အော်သတိပေးလိုက်ကာ
"အဒေါ်ကြီးကျောက်၊ သတိထား..."
အဘွားကြီးကျောက် အားဖြင့် တိမ်းရှောင်လိုက်ရာ သူမကို ကိုင်ထားသော ရဲသားကို သွားထိလေသည်။
"ဘုန်း..."
အဘွားကြီးကျောက် အော်ဟစ်၍
"ကြည့်စမ်း၊ နင်က လူကိုတောင် ရိုက်တယ်ပေါ့... လွှတ်စမ်း... အားလုံး ကြည့်ကြပါဦး... ဒီမိသားစုက မကောင်းတာတွေ လုပ်ရုံတင်မကဘူး၊ အခုထိ မောက်မာနေတုန်းပဲ၊ ရဲကိုတောင် ဂရုမစိုက်ဘဲ ခိုးပြီး တိုက်ခိုက်နေသေးတယ်။ ငါ သူ့ကို သင်ခန်းစာ ပေးရမယ်..."
သူမသည် ရုန်းကန်ပြီး လွတ်အောင် ထွက်လိုက်ပြီးနောက် ဇလုံကို လုယူကာ ထိုလူယုတ်မာမ၏ ခေါင်းကို အကြိမ်ကြိမ် ထုတော့သည်။
"ခိုးပြီး တိုက်ခိုက်ချင်သေးတယ် ဟုတ်လား... လူကို ရိုက်ချင်သေးတယ် ဟုတ်လား... ရဲကိုတောင် မညှာတဲ့အထိ နှလုံးသား မရှိတာကို ငါသင်ခန်းစာပေးပြမယ်... လူမဆန်တာကို ငါသင်ခန်းစာပေးပြမယ်... အဲဒီလောက်အထိ မောက်မာနေတာကို ငါသင်ခန်းစာပေးပြမယ်..."
"အားးး... နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့... ငါ့သမီးရဲ့ ယောက္ခမတွေနဲ့ ပြောပြီး နင်တို့ကို အလုပ်ဖြုတ်ခိုင်းမယ်... နင်က ငါ့ကို ရိုက်ရဲတယ် ဟုတ်လား... နင့်ကို အလုပ်ဖြုတ်ပစ်မယ်... နင် အလုပ်ပြုတ်မှာ သေချာတယ်..."
အဘွာဋကြီးကျောက် ဆက်၍ ဆဲဆိုတုံ့ပြန်ကာ
"ကောင်းပြီ၊ အားလုံး ကြားကြတယ်မလား... ဒီမိသားစုက သိပ်မောက်မာနေတာ၊ သူတို့ နောက်ကွယ်မှာ အရှိန်အဝါရှိတဲ့ လူတွေ ရှိနေလို့ကိုး... ဒါကြောင့်လည်း သူတို့က အားလုံးဟာ ဝန်ထမ်းအချင်းချင်း ဖြစ်ပါလျက်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အနိုင်ကျင့်ရဲတာပေါ့... သူတို့မှာ ကူညီမယ့်သူတွေ ရှိနေတာကိုး... ဟက်... နင်တို့က ငါ့ကို ကြောက်မယ် ထင်နေလား... ငါက အမြဲတမ်း ဝန်ထမ်းတစ်ယောက်ပဲ၊ ငါ့ယောကျ်ားရော ငါ့သားရော စက်ရုံအတွက် အသက်ပေးခဲ့ကြတာ။ ငါ့ယောကျ်ားက ဖျက်ဆီးမယ့်သူတွေကို တားဆီးရင်း သေခဲ့တာ။ ငါ့သားက သူခိုးဖမ်းရင်း သေခဲ့တာ။ ငါတို့တစ်မိသားစုလုံး စက်ရုံအတွက် အလုပ်အကျွေး ပြုခဲ့ကြတာ၊ ဒါပေမဲ့ အဲဒီဂုဏ်ပုဒ်တွေကို သုံးပြီး ဘာတစ်ခုမှ တောင်းဆိုခဲ့တာ မရှိဘူး။ အလုပ်ကိုလည်း ရိုးရိုးသားသားပဲ ဆက်ခံခဲ့တာ။ နင်က ငါ့ကို အလုပ်ဖြုတ်ချင်တယ် ဟုတ်လား... စက်ရုံခေါင်းဆောင်တွေက နင်တို့မိသားစုရဲ့ လိမ်ညာစကားတွေကို နားယောင်လိမ့်မယ်လို့ ငါမယုံဘူး... ငါ့ကို အလုပ်ဖြုတ်ရဲတဲ့သူ ရှိရင် ငါ တိုင်ပစ်မယ်... ငါ့ကို အလုပ်ဖြုတ်မယ် ဟုတ်လား... နင်က ဘာကောင်မမို့လို့လဲ..."
အဘွားကြီးကျောက်သည် ပို၍ ဒေါသထွက်လာပြီး လူကို မရိုက်တော့ဘဲ ပစ္စည်းများကိုသာ လိုက်လံရိုက်ခွဲတော့သည်။ သူမကို တားဆီးနေသော ရဲနှစ်ဦးမှာလည်း အားသိပ်မစိုက်တော့ပေ။ သူတို့သည်လည်း တရားမျှတမှုကို မြတ်နိုးသူများဖြစ်ကြရာ၊ အဘွားကြီးကျောက် မိသားစု၏ သေဆုံးရမှု အကြောင်းရင်းများကို ခေတ္တဘေးဖယ်ထားလျှင်ပင်၊ အဒေါ်ကြီးလီ (လီတာရှန်းဇနီး)သည် သူမ၏ အရှိန်အဝါကို သုံးပြီး လူတစ်ယောက်ကို အလုပ်ဖြုတ်ပစ်မည်ဟု အလွယ်တကူ ပြောဆိုနေခြင်းမှာ တကယ့်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု သူတို့ ခံစားလိုက်ရသောကြောင့်ပင်။
ယခုအခါ လူမှုရေးမူဝါဒများမှာ အတော်လေး တင်းမာနေသေးသော်လည်း နှစ်အနည်းငယ်အတွင်း အခြေအနေများ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီဖြစ်သည်။ နောက်ခံရာဇဝင် ပြဿနာရှိသူများမှလွဲ၍ သာမန်ပြည်သူအများစုမှာ ပုံမှန်ဘဝဖြင့် ရှင်သန်နေကြ၏။
သို့သော် အားလုံးမှာ သာမန်လူတန်းစားများ ဖြစ်ကြသည့်အတွက်ကြောင့်ပင် အဒေါ်ကြီးလီ၏ စကားများကို ကြားရသောအခါ ပို၍ ရွံရှာမိကြခြင်းဖြစ်သည်။
သူတို့မှာ အရှိန်အဝါရှိသော အမျိုးအဆွေများ မရှိကြပေ၊ သို့ဆိုလျှင် သူတို့မှာ ဤကဲ့သို့ပင် အသုံးချခံ၊ အနိုင်ကျင့်ခံ ဖြစ်နေရုံသက်သက်လော့…
အစပိုင်းတွင် အရိုက်ခံနေရသော ထိုအဘိုးကြီး အဘွားကြီးအပေါ် အနည်းငယ် သနားစိတ် ဖြစ်မိသော်လည်း ယခုမူ လူတိုင်း၏ မျက်လုံးထဲတွင် ရွံရှာမုန်းတီးမှုများဖြင့်သာ ပြည့်နှက်နေတော့၏။
ဤလောကတွင် လူအများစုမှာ သာမန်လူများသာ ဖြစ်ကြပြီး သူတို့သည် ကောင်းမှုကုသိုလ် အများကြီး မလုပ်နိုင်သော်လည်း မကောင်းမှု အကြီးအကျယ်ကိုလည်း လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့ မတရားမှုမျိုး ကြုံတွေ့ရသူများကို ပို၍ ကိုယ်ချင်းစာမိကြခြင်း ဖြစ်သည်။
"ဒါတွေက ဘယ်လိုလူတွေလဲ......"
"သူ့မိသားစုက သူတို့သမက်ရဲ့ အစ်ကိုက အလုပ်ရုံမှာ အလုပ်သမားခေါင်းဆောင် ဖြစ်နေလို့ အဲဒီလောက် မောက်မာနေတာ"
"သူတို့က တကယ်ပဲ လူတစ်ယောက်ကို အလုပ်ဖြုတ်ရဲမယ် ထင်လား..."
"ဘယ်သူသိမှာလဲ... ဖြစ်နိုင်တာပဲ မဟုတ်လား... သူက ခေါင်းဆောင်တစ်ယောက်ပဲလေ"
"ခေါင်းဆောင်ဖြစ်ရင်တောင် လူတစ်ယောက်ကို စိတ်အလိုကျ အလုပ်ဖြုတ်လို့ မရပါဘူး။ ပြီးတော့ စက်ရုံခေါင်းဆောင်တွေက ဒါမျိုးလုပ်မယ်လို့ ကျွန်တော် မယုံဘူး။ ကျွန်တော်တို့ စက်ရုံခေါင်းဆောင်တွေက အလုပ်သမားတွေအပေါ် တကယ် ကိုယ်ချင်းစာတတ်ကြတာ။ ဒီတစ်ခေါက် အလုပ်သမားသစ် ခေါ်ယူစဉ်မှာ သူတို့ ဘယ်လောက်တောင် ဖိအားတွေ ကြုံခဲ့ရသလဲ ကြည့်ဦး"
"စက်ရုံမှူးနဲ့ တခြားလူတွေက လူကောင်းတွေပါ၊ ဒါပေမဲ့ ငါးခုံမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ် ဆိုသလို လူယုတ်မာတွေကတော့ ရှိနေတာပဲ..."
"နတ်ဆိုးကို တွေ့ရတာထက် သူ့နောက်လိုက်တွေကို ရင်ဆိုင်ရတာ ပိုခက်တယ်ဆိုတဲ့ စကားက အမှန်ပဲ။ စက်ရုံက ခေါင်းဆောင်ကြီးတွေ ကောင်းတာက ကောင်းပါတယ်၊ ဒါပေမဲ့ ဒီအောက်ခြေခေါင်းဆောင်တွေကတော့ တကယ့်ကို အသုံးမကျတဲ့သူတွေပဲ..."
"အဒေါ်ကြီးကျောက်၊ ကျွန်တော်တို့ အဒေါ်ကြီးဘက်က ရှိတယ်... အားရပါးရသာ ရိုက်ခွဲပစ်လိုက်..."
"အတိအကျပဲ... သူတို့ အဒေါ်ကြီးကို အလုပ်ဖြုတ်ဖို့ ကြိုးစားရင် ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေဆီ သွားကြမယ်..."
“ဟုတ်တယ်...”
လူတိုင်း အဘွားကြီးကျောက်ဘက်မှ ကူညီနေကြသောကြောင့် အဒေါ်ကြီးလီမှာ ဒေါသထွက်ပြီး ပါးစပ်ထဲ ရှိရာ လျှောက်ပြောတော့၏။
"သူ့ကို အလုပ်ဖြုတ်မှာပဲ၊ လင်းကျန့်ဝမ် သေတာက သူ့ကံပဲ။ သူ့ဘာသာသူ သူခိုးဖမ်းတဲ့နောက်ကို ဘာလို့ လိုက်သွားရတာလဲ... အလုပ်ရုံ အလုပ်သမားတစ်ယောက်က ဒီလောက်အထိ အပိုတွေ လုပ်နေဖို့ လိုလို့လား... သူက လူယုတ်မာပဲ၊ သူက ငါ့သမက်ရဲ့ အလုပ်နေရာကိုတောင် လုခဲ့သေးတာ။ သူသာ စက်ရုံစာမေးပွဲ အောင်မသွားရင် ငါ့သမက်က အမြဲတမ်းဝန်ထမ်း ဖြစ်နေတာ ကြာပြီ။ သူက ဘာမို့လို့ ငါ့သမက်နေရာကို လာယူရတာလဲ၊ သေတာ သူ့ထိုက်နဲ့သူ့ကံပဲ..."
ဝုန်း...
ဤစကားမှာ လူတိုင်း၏ ဦးနှောက်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။
အဘွားကြီးကျောက်သည် ဤအကြောင်းကို ချန်ချင်းယွီ ပြောပြ၍ သိထားပြီးဖြစ်သော်လည်း ယခုကဲ့သို့ ကိုယ်တိုင် နားနှင့်ဆက်ဆက် ကြားလိုက်ရသောအခါ ချက်ချင်းပင် မခံမရပ်နိုင်ဖြစ်ကာ ရှေ့သို့ ခုန်အုပ်ပြီး ကုတ်ခြစ်ရိုက်နှက်တော့သည်။
"ငါ့သားက သူ့အရည်အချင်းနဲ့သူ စာမေးပွဲအောင်ခဲ့တာ၊ နင်တို့နဲ့ ဘာဆိုင်လို့လဲ... နင်တို့ဘာသာ စာမေးပွဲမအောင်တာကို ငါ့သားကို လာပြီး မကောင်းကြံရတယ်လို့၊ နင်တို့နဲ့ ငါ အသေတိုက်မယ်..."
ယခုတစ်ကြိမ်တွင်မူ ရဲများမှာ တားဆီးရာ၌ အားမထည့်တော့ပေ။
သူတို့သည် အဘွားကြီးကျောက်ကို "ဖမ်းဆွဲ" ထား၍ မရတော့သကဲ့သို့ပင်။
အဘွားကြီးကျောက်သာမက အခြားသူများလည်း မျက်လုံးအစုံ နီမြန်းကာ ဒေါသထွက်နေကြ၏။
ဒါက လူထု၏ ဒေါသကို ဆွပေးလိုက်ခြင်းပင်…
လူတိုင်း အကြောင်းပြချက် အမျိုးမျိုးကို စဉ်းစားခဲ့ကြသော်လည်း ဤအချက်မျိုးမှာ နောက်ဆုံးမှ စဉ်းစားမိမည့် အချက် ဖြစ်နေပေလိမ့်မည်။ သို့သော် သေချာစဉ်းစားကြည့်လျှင် မည်သူ မကြောက်ဘဲ နေမည်နည်း။
"သတ်ပစ်လိုက်..."
"သူတို့မိသားစုကို သတ်ပစ်တာတောင် ထိုက်တန်တယ်... ဒါ ဘယ်လို လူယုတ်မာတွေလဲ... တောက်... ငါ့လက်သီးတွေတောင် ယားလာပြီ..."
"ဒီမိသားစုက တကယ့်ကို မုန်းစရာကောင်းတာပဲ..."
"ဒါဆို သူတို့က သူတို့ပေးချင်တဲ့သူကို အမြဲတမ်းဝန်ထမ်းနေရာ ပေးလို့ရတယ်ပေါ့... တရားဝင် စာမေးပွဲဖြေပြီး အလုပ်ရတဲ့သူတွေက သူတို့အတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတာလား... ဒါက တကယ့်ကို ယုတ်မာလွန်းတယ်..."
လူတိုင်း ဆူညံစွာ အော်ဟစ်နေကြစဉ် ချန်ချင်းယွီ ရောက်လာခဲ့သည်။
သူမသည် အလုပ်ဆင်းလာသော ဝမ်မေ့လန်ကို ကလေးခေတ္တအပ်ထားခဲ့ပြီး အပြေးအလွှား ရောက်လာခြင်း ဖြစ်၏။
တကယ်တမ်းတွင် ချန်ချင်းယွီ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ အရေးမကြီးသော်လည်း အဘွားကြီးကျောက် အရေးနိမ့်သွားမည်ကို သူမ စိုးရိမ်ခဲ့သည်။ သူမရှိနေလျှင် အဘွားကြီးကျောက် လုပ်ဆောင်နိုင်သည်များ ပိုအသက်ဝင်နိုင်သည် မဟုတ်လော့။
ချန်ချင်းယွီသည် တစ်လမ်းလုံး အပြေးအလွှား လာခဲ့ရာ လမ်းမေးနေစရာပင် မလိုတော့ပေ။ လမ်းမပေါ်တွင် လူများစွာမှာ ဆူညံပွက်လောရိုက်နေသည့်ဘက်သို့ ပွဲကြည့်ရန် အပြေးအလွှား သွားနေကြ၍ပင်။
"ဖယ်ပေးကြပါဦး၊ အားလုံးပဲ လမ်းဖယ်ပေးကြပါဦး၊ ကျွန်မကို ပေးဝင်ပါဦး၊ အမေ... အမေ..."
"ရှောင်ချန် ရောက်လာပြီဟေ့။"
"ရှောင်ချန်၊ အထဲမဝင်နဲ့ဦး၊ နင့်ယောက္ခမက ရူးသလိုမူးသလို ဖြစ်နေတာ။"
ချန်ချင်းယွီသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းခါပြလိုက်ပြီး
"ကျွန်မ စိတ်ပူလို့ပါ အမေရယ်..."
"ဘယ်သူက ငါ့အမေကို အနိုင်ကျင့်ရဲတာလဲ..."
ရုတ်တရတ် အလိုလိုက်ခံထားရသည့် မောက်မာသော အသံတစ်ခု ထွက်ပေါ်လာ၏။
လူတိုင်း လှည့်ကြည့်လိုက်ရာ လူငယ်စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။
သူတို့၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံနှင့်ပင် ထိုမိန်းကလေးမှာ လီတာ့ရှန်း၏ သမီးဖြစ်ကြောင်း သိသာလှ၏။ သူမ ခြေဆောင့်ကာ
"နင်တို့ တောသားတစ်စု၊ ဘာရပ်ကြည့်နေတာလဲ... သူတို့ကို မတားဘဲနဲ့..."
"မင်းတို့ မြန်မြန်အထဲဝင်ပြီး ကူညီပေးကြစမ်း၊ မြန်မြန်..."
သူမဘေးရှိ အမျိုးသားမှာလည်း ထပ်တူပင် ဆရာကြီးစတိုင် ဖမ်းနေသည်။ ရှဉ့်မျက်နှာကဲ့သို့ မျက်နှာပေးမျိုးနှင့် မောက်မာသော အမူအရာမှာ သူတို့ ရန်ပွဲတားခိုင်းခြင်းကိုပင် ကျေးဇူးပြုလိုက်သည့်အလားပင်…
ချန်ချင်းယွီ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ ဤလူနှစ်ယောက်မှာ ဖြစ်ပွါးခဲ့သော ကိစ္စရပ်များတွင် အတော်လေး ပါဝင်ပတ်သက်ခဲ့ကြသူများ ဖြစ်သည်။
ထို့ပြင် ယခုဖြစ်ပျက်သမျှ ကိစ္စများမှာလည်း သူမရှေ့ရှိ ဤလူကို စက်ရုံထဲ သွင်းပေးရန် ကြိုးပမ်းရာမှ အစပြုခဲ့ခြင်း မဟုတ်လော့…
ချန်ချင်းယွီ သူတို့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ အကြည့်တစ်ချက် ပို့လိုက်ကာ ရှေ့သို့ ဆက်တိုးလိုက်သည်။
"ခွင့်ပြုပါဦး၊ ကျွန်မ အထဲဝင်ပါရစေ။"
ထိုနည်းတူပင် လီတာ့ရှန်း၏ သမီးသည်လည်း အော်ဟစ်ကာ
"ငါ့လမ်းက ဖယ်စမ်း... နင်တို့အားလုံးက တကယ့်ကို အလိုက်မသိကြဘူး... စိတ်ပျက်စရာကြီး..."
ချန်ချင်းယွီ ရှေ့သို့ တိုးသွားသော်လည်း သူမ၏ ခြေထောက်မှာ မဆိုင်းမတွပင် နောက်သို့ လျှောတိုက်သွားကာ သူမ ကြိုတင်ချိန်ရွယ်ထားသည့် ကျောက်ခဲလေးတစ်လုံးကို ကန်လိုက်သည်...
"အား..."
ယခုလေးတင် အော်ဟစ်နေသည့် လီတာ့ရှန်း၏ သမီးမှာ ရုတ်တရက် ခြေသလုံး၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး ရှေ့သို့ မှောက်ခုံလဲကျသွားတော့၏။ ကျန်သည့်လူများမှာလည်း ပြဿနာထဲ ပါမည်စိုး၍ အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသည်။ သူမသည် သူမ၏ယောကျ်ားကို လှမ်းဆွဲလိုက်ရာ နှစ်ယောက်သား မြေပြင်ပေါ်သို့ "ဒုန်း" ခနဲ အသံမြည်အောင် လဲကျသွားကြလေသည်။
ချန်ချင်းယွီက မျက်ခုံးပင့်လိုက်မိ၏။
အို... သူမက ထိုအမျိုးသားကို သင်ခန်းစာပေးရန် ကြံစည်ထားသော်လည်း မမျှော်လင့်ဘဲ ဆုလာဘ်တစ်ခုပါ ရလိုက်ခြင်းပင်။
"နင်တို့ လူယုတ်မာတွေ၊ ဘာလို့ အကုန်လုံး ရှောင်နေကြတာလဲ... အား... နာလိုက်တာ..."
တကယ်တမ်း လီတာ့ရှန်း၏ သမီးမှာ ရုပ်ရည်မဆိုးသော်လည်း ဤကဲ့သို့ စူးစူးဝါးဝါးနှင့် ရွဲ့စောင်းပြောတတ်သည့် စကားများကြောင့် သူမကို လူချစ်လူခင် နည်းစေသည်။
"နင်တို့ မျက်စိမပါတဲ့ ကောင်တွေ..."
သူမသည် တတွတ်တွတ်ဆဲဆိုရင်း ဘေးရှိအမျိုးသား ရုန်းကန်ထိုင်လိုက်သည်ကို မြင်သောအခါ ကမန်းကတမ်း ဆွဲထူလိုက်၏။
ထိုစဉ် လဲကျသွားသော အမျိုးသားမှာ ပါးရိုက်ချက်တစ်ခုကို သူမအား ရိုက်ချလိုက်ပြီး ဆဲဆိုလိုက်လေသည်။
"နင် မျက်စိမပါဘူးလား၊ ငါ့ကို လှမ်းဆွဲရတယ်လို့... အား... နာလိုက်တာ"
"အာ... တောင်းပန်ပါတယ် အချစ်ရယ်.. ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။ ကြည့်ရအောင်၊ ဘာဖြစ်သွားလဲလို့… အားလုံးက မိန်းမအမှားတွေပါ..."
စောစောလေးတင် စူးစူးဝါးဝါးနှင့် ရွဲ့စောင်းပြောနေသော်လည်း ယခုမူ ပြန်၍ ဖားယားချော့မော့နေပြန်၏။
သူမ နှုတ်ခမ်းကိုကိုက်ကာ ပတ်ဝန်းကျင်ရှိလူများကို စိုက်ကြည့်လိုက်ပြီး
"နင်တို့ ဘာလို့ ငါ့ကို မဖမ်းပေးကြတာလဲ... ဒါ နင်တို့အမှားတွေပဲ၊ မဟုတ်ရင် ငါ့ယောကျ်ား လဲကျမှာ မဟုတ်ဘူး.. ကလေးလေး နာနေလား... ဒဏ်ရာရသွားလား ကြည့်ရအောင်"
ပတ်ဝန်းကျင်ရှိလူများမှာ ခဏချင်းပင် ရွံရှာသွားကြသည်။ ကလေးကို ကလေးလေး ဟု ခေါ်သည်ကိုသာ မြင်ဖူးသော်လည်း ယောကျ်ားကြီးတစ်ယောက်ကို ထိုသို့ခေါ်သည်မှာ တစ်ခါမှ မမြင်ဖူးကြပေ။
နင် ဒီထက်ပိုပြီး ရွံစရာကောင်းအောင် လုပ်နိုင်သေးလား…
ကလေးလေးတဲ့ နင့်ကြီးတော်ကြီးကို ကလေးလေးလား…
ယခုအချိန်တွင် ထိုဇနီးမောင်နှံမှာ သူတို့၏ အဖေနှင့်အမေအရင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တစ်ဦးကိုတစ်ဦးသာ အသည်းအသန်ဖြစ်ပြနေကြသည်။
"နာနေလား... လာ... ဆေးရုံသွားပြရအောင်၊ အရိုးများ ထိခိုက်သွားလားမသိဘူး..."
သူမ တစ်ဖန် ဒေါသတကြီး အော်ဟစ်ပြန်ကာ
"နင်တို့ တောသားတစ်စု... ငါ့ယောကျ်ား တစ်ခုခုဖြစ်ရင် နင်တို့ကို ငါ အေးအေးဆေးဆေး မထားဘူး..."
လူတိုင်း ထိုနှစ်ယောက်ကို မယုံနိုင်စရာပုံစံဖြင့် ကြည့်ရင်း ပို၍ပင် ရွံရှာမိကြ၏။
ဒါတွေက ဘယ်လိုလူစားတွေလဲ...
ဦးနှောက်ရောပါကြရဲ့လား…
ချန်ချင်းယွီ ထိုအမျိုးသားကို တစ်ချက်ကြည့်လိုက်ကာ…
မိန်းမကိုပဲ ရိုက်တတ်တဲ့ ခွေးကောင်..
လီတာ့ရှန်း၏သမီးကို ကြည့်ပြန်တော့လည်း…
အင်း... တကယ့်ကို လူယုတ်မာနောက်မြီးဆွဲ.. သစ္စာဖောက်မ…
တကယ်ကို တစ်ယောက်မှ လူကောင်းမဟုတ်ကြပေ။
ချန်ချင်းယွီသည် သူတို့နှစ်ဦး ရုန်းကန်ထိုင်လိုက်သည်ကို စောင့်ကြည့်နေစဉ် ထိုအမျိုးသားမှာ တော်တော်လေး မောက်မာနေဆဲဖြစ်သည်။
"နင်တို့ အထဲဝင်ပြီး ကိစ္စတွေကို မြန်မြန်ဖြေရှင်းပေးကြစမ်း... ငါ့အစ်ကိုက ချဲယုံဖုန်းကွ၊ နင်တို့က ဘယ်လိုအဆင့်မို့လို့ ငါတို့မိသားစုကို စော်ကားရဲတာလဲ... ငါ့အစ်ကိုကြီးရဲ့ ယောက္ခမက ကျန်းရှူးကျိ ပါတီအတွင်းရေးမှူးကျန်းကွ။ နင်တို့ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရင် အလုပ်ဖြုတ်ပစ်မယ်၊ အကုန်လုံးကို အလုပ်ဖြုတ်ပစ်မယ်..."
ဟား...
ချန်ချင်းယွီမှာ ဤစကားကို ကြားသောအခါ မျက်လုံးများ ပြူးသွားရသည်။
လီတာ့ရှန်း ဇနီးမောင်နှံ ဘာကြောင့် အဲဒီလောက် ဘဝင်မြင့်နေသလဲဆိုတာ မဆန်းတော့ပါဘူး…
သူတို့သမက်က ပိုပြီးတော့တောင် ဘဝင်မြင့်နေတာကိုး..
ဒီလောက်အထိ ဦးနှောက်မပါတဲ့လူမျိုး ရှိလိမ့်မယ်လို့ သူမ အရင်က မတွေးဖူးခဲ့ဘူး… ဒါပေမဲ့ အခုတော့ တွေ့လိုက်ရပြီ… ဘုရားရေ..
"ငါ့အဖေက လီကန်း" (ကျော်ကြားသော အရှိန်အဝါသုံး အနိုင်ကျင့်မှုစကား) ဆိုတဲ့ လူစားမျိုးက ဘယ်ခေတ်မှာမဆို ရှိနေတာပဲ…
သူမသည် လူများဖြင့် ပြည့်နှက်နေသော လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်၊ ယခုအချိန်တွင် သူမ ဘာမှ ကြောက်နေစရာ မလိုတော့ပေ။
သူတို့မိသားစုက အခုလို ပိုပြီးသောင်းကျန်းလေ၊ သူမအတွက် ပိုပြီး အန္တရာယ်ကင်းလေပဲ…
ဟိဟိ.. လောကကြီးမှာ ဦးနှောက်မရှိတဲ့သူတွေများတာလည်း တစ်မျိုးတော့ကောင်းသား…
အဘယ်ကြောင့်ဆိုသော် သူတို့မှာခေါင်းဆောင်ပိုင်းတွင် အမျိုးရှိသည်ဟု အော်ဟစ်နေကြရာ၊ အကယ်၍ သူတို့ ပြဿနာရှာမည်ဆိုလျှင် ထိုခေါင်းဆောင်များလည်း ရှင်းရခက်သွားမည်ဖြစ်သည်။
ဤမျှလောက်များပြားသော လူအုပ်ကြီးသည် သက်သေခံ မြင်တွေ့နေရသည်ဖြစ်ရာ၊ သူမတို့ဘက်တွင် တစ်ခုခုဖြစ်လာခဲ့လျှင် လူတိုင်းမှာ ဤအဖြစ်သည် အာဏာသုံးပြီး ကလဲ့စားချေခံရခြင်းဟု ထင်ကြတော့မည်သာ…
ချဲယုံဖုန်းဖြစ်စေ၊ ကျန်းရှူးကျိဖြစ်စေ အတူတူပင်၊ ဤခေတ်ကာလတွင် နာမည်ဂုဏ်သတင်းမှာ အလွန်အရေးကြီး၏။ သူတို့ကဲ့သို့ အဆင့်အတန်းရှိသူများအတွက် ပို၍ပင် အရေးကြီးလှသည်။
ချန်ချင်းယွီ : "အခုမှပဲ သိတော့တယ်၊ စက်ရုံက ချဲမိသားစုပိုင် ဖြစ်သွားပြီဆိုတာကို"
လူတိုင်း တိတ်ဆိတ်သွားကြသဖြင့် ချန်ချင်းယွီ၏ စကားသံမှာ ပတ်ဝန်းကျင်ရှိ လူတိုင်း၏နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်သွားလေ၏။
လူတိုင်း အံ့အားသင့်ကာ အသက်ရှူပင် မှားသွားကြသည်၊ ထို့နောက် ပြန်စဉ်းစားကြည့်ရာ ….
ဟုတ်သားပဲ၊ သူတို့က ဘာအခွင့်အရေးနဲ့ လူတွေကို အလုပ်ဖြုတ်မှာလဲ...
"သူတို့မိသားစုက သိပ်မောက်မာလွန်းတယ်။"
"ဟုတ်တယ်၊ သူက ယာယီဝန်ထမ်းတောင် မဟုတ်ဘဲနဲ့ ဘယ်လိုအခွင့်အရေးနဲ့ အဲဒီလို ပြောနိုင်ရတာလဲ။"
"ချဲယုံဖုန်းလို လူယုတ်မာမျိုးကတောင် ခေါင်းဆောင် လုပ်နေတာလား... သူက ခေါင်းဆောင်လုပ်ပြီး သူ့စိတ်တိုင်းမကျတာနဲ့ စာမေးပွဲဖြေပြီး ဝင်လာတဲ့သူတွေကို ပစ်မှတ်ထားနေတာလား။ တကယ့်ကို ယုတ်မာလိုက်တာ။"
"ဒီစက်ရုံက သူတို့ပိုင်တာမှ မဟုတ်တာ။ ပါတီအတွင်းရေးမှူးယောက္ခမရှိတာ တကယ်ကောင်းတာပဲ၊ အိမ်က ခွေးတွေတောင် အရှိန်အဝါနဲ့ ဟောင်နိုင်ကြတယ်။"
"ကျန်းရှူးကျိက အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ ဒါဟာ ကျန်းရှူးကျိရဲ့ နာမည်ကို ဖျက်ဆီးနေတာပဲ..."
"တကယ့် အမှိုက်တွေ။"
"နေ့တိုင်း သူများအကြောင်းပဲ ပြောနေတာ၊ တကယ့်လူဆိုးတွေက ငါတို့ကြားထဲမှာတင် ရှိနေတာပဲ..."
"စက်ရုံက ငါတို့ကို ရှင်းလင်းတဲ့ အဖြေတစ်ခု ပေးရမယ်။"
"ဟုတ်တယ်..."
လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားသည်။
ယင်းမှာ ချန်ချင်းယွီ
ဘာမှ သွေးထိုးပေးနေစရာ မလိုတော့ဘဲ၊ ထိုမိသားစုသည် သူတို့ဘာသာသူတို့ ရန်ကို ဖိတ်ခေါ်နေကြခြင်းပင်တည်း။
အခင်းဖြစ်ပွားရာနေရာသည် တစ်ဖန်ပြန်၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်၏။ လူအုပ်ကြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ချန်ချင်းယွီသည် ကျောက်ခဲလေးတစ်လုံးကို ထပ်မံကန်လိုက်ရာ ထိုအမျိုးသား၏ ဒူးခေါင်းကို တည့်တည့်မှန်သွားတော့သည်။
"အား..."
ဗုန်း။
ကောင်းကောင်းမွန်မွန် ရပ်နေရင်းမှ ထိုလူသည် နောက်တစ်ကြိမ် ထပ်လဲပြန်၏။
ယခုတစ်ကြိမ်တွင်မူ ပတ်ဝန်းကျင်ရှိလူများက အမြန်ပင် ပြောကြသည်။
"ကျွန်တော် သူနဲ့ မထိဘူးနော်။"
"ကျွန်မလည်း သူ့ကို မတို့မိပါဘူး၊ သူ့ဘာသာသူ လဲကျသွားတာပါ..."
"မဟုတ်မှလွဲရော... ညဘက်တွေမှာ ဘာတွေများ အသည်းအသန် လုပ်နေလို့လဲမသိဘူး၊ ခြေထောက်တွေက ဒီလောက်အထိ ပျော့ခွေနေရအောင်။ ဒါက မစွမ်းတာများလား။"
"အင်း... ကောင်းကောင်းမွန်မွန် ရပ်နေရင်းနဲ့ ဘာလို့လဲတာလဲ... သူ့ယောက္ခမ ဇနီးမောင်နှံလည်း သူတို့ဘာသာသူတို့ အိမ်သာကျင်းထဲ ခုန်ချခဲ့ကြတာပဲ... အင်း..."
စကားထဲတွင် အဓိပ္ပာယ်များပါနေ၏။
ဤမျှများပြားလှသော လူအုပ်ကြီးရှေ့တွင် မည်သူမျှ အယူသီးသည့်စကားကို ပေါ်ပေါ်ထင်ထင် မပြောရဲကြသော်လည်း၊ အချိန်အတော်ကြာအောင် ဆူညံနေပြီး ယခုအခါ မိုးချုပ်စပြုလာပြီဖြစ်ရာ စိတ်ငယ်တတ်သူများမှာ သရဲခြောက်သည့်ကိစ္စကို အလိုလို ပြန်သတိရလာကြသည်။ တစ်ယောက်က စတင်ပြောဆိုလိုက်သည်နှင့် ကျန်သည့်လူများလည်း ထိုအကြောင်းကို တွေးမိသွားကြပြီး တစ်ဦးကိုတစ်ဦး မျက်လုံးချင်းဆုံကာ ကြည့်လိုက်ကြတော့၏။
အပြင်ဘက်တွင် ဆူညံနေစဉ် လီတာ့ရှန်းဇနီးမောင်နှံမှာလည်း အရိုက်ခံထားရသဖြင့် မြေပြင်ပေါ်တွင် တစ်ဦးကိုတစ်ဦးမှီကာ ညည်းတွားနေကြရသည်။ သူတို့အိမ်မှာလည်း အဘွားကြီးကျောက်၏ လက်ချက်ဖြင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီ…
အဘွားကြီးကျောက်သည် တကယ်တမ်းတွင် လူသတ်ရဲသည့်အထိ သတ္တိမရှိပေ။ သူမသည် ခါးထောက်ကာ အပြင်သို့ ထွက်လာပြီး နှာခေါင်းရှုံ့၍
"တကယ့်ကို 'အကောင်တူရာ စု' ကြတာပဲ၊ တစ်ယောက်မှ လူကောင်း မပါဘူး။"
"ဒီအဘွားကြီးက ငါ့အဖေနဲ့အမေကို အနိုင်ကျင့်တယ်... နင်... အား..."
ဗုန်း...
နောက်တစ်ယောက် ထပ်လဲပြန်ပြီ..
လူတိုင်း မျက်နှာပျက်သွားကြပြီး တကယ်ကို ကြောက်လန့်စပြုလာကြ၏။
ဒါ... တကယ်ပဲ သရဲမခြောက်တာ သေချာရဲ့လား..
ဘာကြောင့်များ ဦးရေပြားတွေ ထုံကျင်လာရတာလဲ…
အလိုလိုနေရင်း လဲကျကုန်တာ…
ဘုရားရေ.. သရဲရှိနေပြီ..
"ဒီမှာ ဘာတွေဖြစ်နေတာလဲ..."
ခဏတာ တိတ်ဆိတ်သွားစဉ် စက်ရုံ၏ လုံခြုံရေးဌာနမှ လူများ ရောက်လာကြသည်။ ဤဝင်းအတွင်း နေထိုင်သူအားလုံးမှာ စက်ရုံမှ ဝန်ထမ်းများဖြစ်ကြရာ ကိစ္စသည် ဤမျှအထိ ကြီးကျယ်သွားသဖြင့် လုံခြုံရေးဌာနမှာလည်း မသိဘဲ မနေပေ။ လမ်းတစ်လျှောက်တွင်လည်း သူတို့သည် အခြေအနေ အရပ်ရပ်ကို အတော်များများ စုံစမ်းလာခဲ့ကြပြီးသား ဖြစ်၏။
လုံခြုံရေးဌာနမှ လူများလည်း စိတ်ထဲတွင် ဤလူတစ်စုကို 'အလုပ်မရှိ အလုပ်ရှာသူများ' ဟု ကျိန်ဆဲနေကြသည်။
သို့သော် ယခုအချိန်တွင် အဘွားကြီးကျောက်တို့ ယောက္ခမနှင့် ချွေးမ၌ အမှားရှိသည်ဟု မည်သူမျှ မထင်ကြပေ။
တကယ်တမ်းလည်း ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက မပေါက်ကွဲဘဲ နေမည်နည်း။
လီတာ့ရှန်းကို ကြည့်ဦး…ကိစ္စတွေက ပြီးသွားပြီကို သူကိုယ်တိုင်က ဘာလို့ ဒီလောက်အထိ သံသယဝင်ပြီး ကြောက်နေရတာလဲ…
သတ္တိကလည်း နည်းလှချည်လား၊ မကောင်းတာ လုပ်ရင်လည်း မကြောက်နဲ့လေ…
အခုတော့ လုပ်ပြီးမှ ကြောက်နေတော့ သတင်းတွေကလည်း ဟိုးဟိုးကျော်ကုန်ပြီ၊ ဒါက ကိုယ့်ဘာသာကိုယ် ပြဿနာရှာတာ မဟုတ်ဘူးလား…
ကိုယ့်ပြဿနာကို မီးထွန်းရှာတဲ့ စောက်ရူး..
လုံခြုံရေးဌာနမှ အဖွဲ့ခေါင်းဆောင် ဝမ်သည် လူခုနစ်ရှစ်ယောက်နှင့်အတူ ရောက်လာပြီး မြင်ကွင်းကို ကြည့်ကာ "ဟာ... သွားပြီ.." ဟု ရေရွတ်လိုက်မိသည်။
အမလေး။
တစ်အိမ်လုံး ဆင်နင်းထားသလိုပါလား…
အဘွားကြီးကျောက်ကို ကြည့်သည့် သူ၏ အကြည့်များပင် ပြောင်းလဲသွားသည်။
ဒီအဘွားကြီးကတော့ တကယ်ကို စွမ်းတာပဲ…
သူတို့ လုံခြုံရေးဌာနထဲ ခေါ်ထားဖို့တောင် သင့်တော်နေပြီ..
အဘွားကြီးကျောက်မှာ အားကနဲ အော်ဟစ်ကာ ငိုချလိုက်ပြီး
"ခေါင်းဆောင်ဝမ်ရယ်၊ ကျွန်မတို့မိသားစုအတွက် တရားမျှတမှု ရှာပေးပါဦး... လီတာ့ရှန်းက လူစိတ်မရှိဘူးရှင့်၊ သူက လူယုတ်မာပဲ..."
ဦးအောင် အရင် တိုင်တန်းလိုက်ခြင်းပင်…
"ဒါက ဘာဖြစ်တာလဲ..."
အဘွားကြီးကျောက် ဘာမှမပြောရသေးခင်မှာပင် လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက်နှင့် အကုန်လုံးကို ရှင်းပြကြတော့သည်။ ယခုအခါ လုံခြုံရေးဌာန မသိသေးသည့် အချက်အလက်လေးများကိုပင် လူအုပ်ကြီးမှ ဖြည့်စွက်ပေးလိုက်ကြသဖြင့် အားလုံး ပြည့်စုံသွား၏။ ခေါင်းဆောင်ဝမ် ရဲအရာရှိကြီးကို ကြည့်လိုက်ရာ ရဲအရာရှိကြီးသည်လည်း ခေါင်းညိတ်ပြလိုက်၍ ဆိုလိုသည်မှာ ထိုလူများပြောသည်မှာ အမှန်ပင် ဖြစ်သည်ဟူ၍ပင်…
ခေါင်းဆောင်ဝမ် : "..."
လီတာ့ရှန်း မိန်းမ၊ သမီးနဲ့ သမက်က ရူးသွားကြတာလား…
ဒါမှမဟုတ် မွေးရာပါဦးနှောက်ချို့ယွင်းတာလား…
ကျပ်မပြည့်တာလား…
အပြစ်ပုံချတတ်သူကို မြင်ဖူးသော်လည်း မိမိအိမ်ထဲ ပြဿနာများရောက်လာအောင် ဆွဲခေါ်နေသူကိုကား မမြင်ဖူးသေးပေ။
သူတို့ ပြောခဲ့သည့် စကားများမှာ သေချာပေါက် ဟိုးဟိုးကျော်သွားတော့မည်သာ..
ကိစ္စမှာ ဤမျှအထိ ကြီးကျယ်သွားပြီဖြစ်ရာ ကာယကံရှင်များဘက်မှလည်း သေချာပေါက် ရှင်းလင်းချက် တောင်းကြတော့မည်။ ချဲယုံဖုန်းမှာလည်း ဤမိသားစုကြောင့် သေချာပေါက် ပတ်သက်သွားတော့မည်။ တကယ်ကို အူကြောင်ကြောင်နိုင်လှ၏။
ခေါင်းဆောင်ဝမ်ပင်လျှင် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားရသည်။
တစ်ချိန်တည်းမှာပင် ချဲယုံဖုန်းအတွက်လည်း စိတ်ထဲမှ အနည်းငယ် သနားမိ၏။
ကျွစ် ကျွစ်… ဒီလို ဦးနှောက်မရှိတဲ့ အမျိုးတွေ ရှိနေရတယ်လို့…
ဒါကြောင့်ပြောတာ ရန်သူတစ်ရာကို မကြောက်နဲ့ ဝက်လိုအသင်းဖော်ကိုပဲ ကြောက်ဆိုတာ… အလကား စကားမှမဟုတ်တာ..
သို့သော် များမကြာမီပင် လင်းကျန့်ဝမ်၏ ကိစ္စတွင် ချဲယုံဖုန်း၌လည်း အပြစ်မကင်းကြောင်း သူ ရိပ်မိလိုက်သဖြင့် စိတ်ထဲတွင် ရွံရှာမှုများ တိုးလာပြန်သည်။ သူတို့ လုံခြုံရေးဌာနမှ လူများမှာ အခြေခံအားဖြင့် စစ်တပ်မှ အငြိမ်းစားယူထားသူများ ဖြစ်ကြရာ ရဲတပ်ဖွဲ့ကဲ့သို့ပင် တရားမျှတမှုကို မြတ်နိုးသူများ ဖြစ်ကြ၏။
ဤမိသားစုကို ကြည့်ရသည်မှာ သနားစရာကောင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ မည်သူမျှ သူတို့ကို မသနားကြပေ။
ထိုကဲ့သို့သော လူစားမျိုးမှာ သနားစရာ မလိုပေ။
"ဒီအဘွားကြီးကို အမြန်ဖမ်းပေးကြပါဦး၊ သူ ကျွန်မတို့အိမ်ကို လာပြီး ဒီလိုတွေ လုပ်သွားတာ၊ အိမ်ထဲက ပစ္စည်းတွေလည်း အကုန်ရိုက်ခွဲသွားတယ်..."
လီတာ့ရှန်းသမီးမှာ ငိုယိုအော်ဟစ်ကာ တိုင်တန်းတော့သည်။
အဘွားကြီးကျောက် : "ဟက်... နင်က ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနေတာပဲ၊ ငါက နင့်အိမ်ကို ရိုက်ခွဲတယ် ဟုတ်လား... ကောင်းပြီ၊ ငါလည်း ပြန်မေးမယ်၊ နင့်ယောကျ်ားက ဘာမှမဟုတ်တဲ့ အသုံးမကျတဲ့ကောင် ဖြစ်နေလို့ စက်ရုံစာမေးပွဲ မအောင်တာကို ဘာလို့ ငါ့သားအပေါ်မှာ အငြိုးထားရတာလဲ... ငါ့သားကတော့ အခု မရှိတော့ဘူး၊ ဒါပေမဲ့ ငါ ကျောက်တာ့ရာကတော့ မသေသေးဘူး။ စက်ရုံဘက်က ငါ့ကို ရှင်းလင်းတဲ့ အဖြေတစ်ခု မပေးရင် ငါလည်း လုံးဝ လက်ခံမှာ မဟုတ်ဘူး..."
ချန်ချင်းယွီ ဘေးမှ ဖြည့်စွက်ပြောကာ
"ကိုကိုကျန့်ဝမ်က စာမေးပွဲကို တရားမျှတစွာ အောင်မြင်ပြီး စက်ရုံထဲ ဝင်ခွင့်ရခဲ့တာပါ၊ ဒါဟာ စက်ရုံခေါင်းဆောင်တွေက မျှတပြီး မှန်ကန်တယ်ဆိုတာ သက်သေပါပဲ။ ရှင်တို့ဘာသာ စာမေးပွဲမအောင်ဘဲ အောင်တဲ့သူကို ပစ်မှတ်ထားနေတာဟာ စက်ရုံရဲ့ ဒီလို မှန်ကန်တဲ့ လုပ်ဆောင်ချက်ကို အထင်သေးရာ ရောက်ပါတယ်။ ရှင်တို့က ပြည်သူလူထုကို ဆန့်ကျင်နေတာပဲ... ရှင်တို့လို လူမျိုးတွေ စက်ရုံထဲမှာ ရှိနေသရွေ့ ကျွန်မတို့လို သာမန်အလုပ်သမားတွေ ဘယ်လိုလုပ် စိတ်အေးလက်အေး အလုပ်လုပ်နိုင်မှာလဲ..."
သူမသည် စက်ရုံခေါင်းဆောင်များကို မထိခိုက်အောင်လည်း သတိထား ပြောဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ အဘွားကြီးကျောက်မှာ စက်ရုံတွင် အလုပ်လုပ်နေဆဲဖြစ်သောကြောင့်ပင်။
ထို့ပြင် သူမ ပြောသည်မှာလည်း မမှားပေ၊ လင်းကျန့်ဝမ် စာမေးပွဲအောင်ခဲ့ခြင်းမှာ စက်ရုံ၏ တရားမျှတမှုကို ပြသနေခြင်း ဖြစ်၏။
ဤပြဿနာအားလုံးမှာ ချဲယုံဖုန်းနှင့် လီတာ့ရှန်းတို့၏ အမှားများသာ ဖြစ်သည်။
"ကျွန်မတို့က စက်ရုံခေါင်းဆောင်တွေကို ယုံကြည်ပါတယ်၊ လုံခြုံရေးဌာနကိုလည်း ယုံကြည်ပါတယ်၊ ကျွန်မတို့မိသားစုအတွက် တရားမျှတမှုကို သေချာပေါက် ပြန်ရှာပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
ချန်ချင်းယွီ ပြတ်ပြတ်သားသား ပြောလိုက်သည်။
အဘွားကြီးကျောက်သည်လည်း ခါးထောက်ကာ အားပေးထောက်ခံလိုက်၏။
"ငါ့ချွေးမ ပြောတာ မှန်တယ်..."
ချန်ချင်းယွီ ပြောစကား မပယ်ရှားနဲ့တဲ့…
ဦးနှောက်က ဉာဏ်နီဉာဏ်ဝါဉာဏ်ပြာ အကုန်ထွက်တယ်…
ယုံစားလိုက်… မမှားစေရဘူး..