← Chapters

နတ်မိမယ်ရှန်းယွဲ့အား ချဥ်းကပ်ခြင်း

Vol. 28 Ch. 294

နတ်မိမယ်ရှန်းယွဲ့အား ချဥ်းကပ်ခြင်း

Vol. 28 Ch. 294

ရှင်းရွယ်ရွယ် စကားကြောင့် ရှင်းချန် ထိတ်လန့်တုန်လှုပ်သွားသည်။

"ဝေ့တင်း... မင်း ငါ့ကို ရည်ရွယ်ချက်ရှိရှိ ခေါ်လာခဲ့တာလား။ ဒါက မင်းရဲ့ ထောက်ချောက်ပေါ့၊ ဟုတ်လား"

ရှင်းရွယ်ရွယ်က ရှင်းချန်ကို စက်ဆုပ်ရွံရှာစွာဖြင့် လှမ်းကြည့်လိုက်သည်။

"ငတုံးကောင်… မင်း အခုထိ နားမလည်သေးဘူးလား"

ရှင်းချန်လည်း စုန့်ဝမ်နှင့် သူ့ဘေးတွင် ရပ်နေသော ငွေရောင်ဖုတ်ကောင်ကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်း... မင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူပဲ။ မင်း ငါ့ကို ကယ်တင်ခဲ့တာတွေ အားလုံးက ငါ့အနားကို ကပ်ဖို့အတွက်ပဲ၊ ဝိညာဥ်ထိုးဖောက်ကျင့်စဥ်ကို ရရှိဖို့သက်သက်ပဲမလား"

စုန့်ဝမ်လည်း ထိုငတုံးနှင့် စကားများပြီး အချိန်မဖြုန်းချင်သဖြင့် "ရှင်းချန်... မင်းရဲ့ သိုလှောင်လက်စွပ်ကို ပေးစမ်း။ ငါ့ကို အင်အားသုံးအောင် မလုပ်နဲ့"ဟု ပြောလိုက်သည်

ရှင်းချန် မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားသည်။

"မင်း လိုချင်တာ ငါ အကုန်ပေးပါ့မယ်။ ငါ့ကို မသတ်ပါနဲ့"

ပျာပျာသလဲဖြင့် သိုလှောင်လက်စွပ်ကို ဖြုတ်ယူကာ ပစ်ပေးလိုက်သည်။

စုန့်ဝမ်က ထိုလက်စွပ်နှင့် ရှင်းချန်၏ ခန္ဓာကိုယ်ပေါ်တွင် ခြေရာခံနိုင်သော အမှတ်အသားများနှင့် အန္တရာယ်ပေးနိုင်သည့် မှော်ရတနာများ မရှိကြောင်း အတည်ပြုပြီးနောက် လက်စွပ်ကို ပြန်ပစ်ပေးလိုက်သည်။

ရှင်းချန်မှာ သိုလှောင်လက်စွပ် ပြန်ရသဖြင့် စိတ်ရှုပ်ထွေးသွားသည်။

"မင်း ဘာကို လိုချင်နေတာလဲ။ ငါ့ဆီမှာ အဲဒီကျင့်စဉ်နည်းလမ်း မရှိဘူး"

"မစိုးရိမ်ပါနဲ့၊ မင်းသာ ပူးပေါင်းဆောင်ရွက်သရွေ့ ငါ မင်းကို မသတ်ပါဘူး" ဟု စုန့်ဝမ်က ပြောလိုက်သည်။

"ငါ ပူးပေါင်းဆောင်ရွက်ပါ့မယ်၊ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါ့မယ်" ဟု ရှင်းချန်က ပျာပျာသလဲ ခေါင်းညိတ်ပြသည်။

"မင်းအမေမေဆီကို သတင်းပို့နိုင်တဲ့ ကျောက်စိမ်းပြား ပေးစမ်း"

ရှင်းချန်၏ သိုလှောင်လက်စွပ်ထဲတွင် သတင်းပို့ ကျောက်စိမ်းပြား အများအပြား ရှိနေပြီး ထင်ရှားသော အမှတ်အသားများ မရှိသဖြင့် မည်သည့်အရာက သူ့အမေထံမှ ဖြစ်ကြောင်း အသေအချာ မသိရှိနိုင်ပေ။

"မင်း ဘာဖြစ်လို့ ငါ့အမေရဲ့ သတင်းပို့ ကျောက်စိမ်းပြားကို လိုချင်ရတာလဲ"

စုန့်ဝမ်၏ အေးစက်ခက်ထန်သော အကြည့်တစ်ခုက လုံလောက်သော အဖြေ ဖြစ်ခဲ့သည်။

ရှင်းချန် တုန်လှုပ်သွားပြီး "ငါ ပေးပါ့မယ်၊ အခုချက်ချင်း ပေးပါ့မယ်" ဟု ဆိုကာ သိုလှောင်လက်စွပ်ထဲမှ သတင်းပို့ ကျောက်စိမ်းပြားတစ်ခု ထုတ်ယူပြီး ပစ်ပေးလိုက်သည်။

စုန့်ဝမ်က ထိုကျောက်စိမ်းပြားကို ယူပြီး ခေတ္တမျှ လေ့လာကြည့်သော်လည်း ဟုတ်၊ မဟုတ် ချက်ချင်း အတည်မပြုနိုင်ပေ။ သို့သော်လည်း ရှင်းချန်၏ ကြောက်ရွံ့တတ်သော သဘာဝအရ ဤအရာသည် အမှန် ဖြစ်သင့်သည်။

စုန့်ဝမ် ထိုကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီးနောက် ရှင်းချန်၏ သိုလှောင်လက်စွပ်ကို ယူကာ ကျောက်ဂူ၏ ထောင့်တစ်နေရာတွင် ယင်ယနလေးသွယ်အစီအရင်ကို တည်ဆောက်လိုက်သည်။ တည်ဆောက်ပြီးနောက် မောင်နှမ နှစ်ဦးစလုံးကို ထိုအစီအရင်ထဲ ပစ်ထည့်လိုက်သည်။

"ငါ မင်းတို့ကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့။ ဒါက တတိယအဆင့် အစီအရင်ပဲ။ မဆင်မခြင် လှုပ်ရှားလို့ အစီအရင်ကို နှိုးဆွမိသွားရင် သေကုန်လိမ့်မယ်"

စကားအဆုံးတွင် စုန့်ဝမ် ကျောက်ဂူထဲမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ရှင်းချန်က အချိန်အတန်ကြာ စောင့်ကြည့်နေပြီးမှ မတ်တပ်ရပ်ကာ လျှပ်စီးတစ်ခု ထုတ်လွှတ်လိုက်သည်။ ယင်းမှာ လက်သီးဆုပ်ခန့်သာ ရှိပြီး စွမ်းအားမှာ အလွန် အားနည်းလှသည်။

လျှပ်စီးတန်း အစီအရင် အတားအဆီးနှင့် ထိမိသည်နှင့် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

"ဂျိမ်း…"

ချက်ချင်းပင် ပြင်းထန်သော လေပြင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အစီအရင်အတွင်း လျင်မြန်စွာ တိုက်ခတ်လာတော့သည်။

သေးငယ်သော တိုက်ခိုက်မှုကိုသာ ခံလိုက်ရခြင်းဖြစ်၍ လေပြင်းမှာ အလွန်အမင်း မပြင်းထန်လှဘဲ ရှင်းချန်က ယင်းကို လွယ်ကူစွာပင် တားဆီးနိုင်ခဲ့သည်။

သို့သော်လည်း ရှင်းရွယ်ရွယ်အဖို့မူ ထိုမျှ မလွယ်ကူခဲ့ပေ။ သူမ၏ ဒဏ်ရာများမှာ ပြင်းထန်လှသဖြင့် ထိုလေပြင်းကြောင့် အခြေအနေမှာ ပိုမို ဆိုးရွားသွားခဲ့သည်။

"ရှင်းချန်... မင်းက တကယ့် ငတုံးပဲ။ ဒါက တတိယအဆင့် အစီအရင်ဟဲ့။ ဘယ်သူမှ စောင့်ကြပ်မနေရင်တောင် မင်းလိုလူက ဖျက်ဆီးနိုင်တဲ့အရာ မဟုတ်ဘူး။ မင်း သေချင်ရင်လည်း ငါ့ကို ဆွဲမထည့်နဲ့"

ရှင်းချန်က ဒဏ်ရာပြင်းထန်နေသော ရှင်းရွယ်ရွယ်ကို မကြောက်တော့ဘဲ ပြန်အော်လိုက်သည်။

"မင်း စကားကို ယဉ်ယဉ်ကျေးကျေး ပြောတာ ပိုကောင်းမယ်။ မင်းပါးစပ်ကို မထိန်းရင် အဲဒီလူက မသတ်ခင် ငါကိုယ်တိုင် သတ်မိလိမ့်မယ်"

"နင့်လို ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ မွေးမိခင်ကိုတောင် ရောင်းစားခဲ့တဲ့သူကများ စကားကြီး စကားကျယ် ပြောရဲသေးတယ်ပေါ့"

"သူ့ကို ငါ့အမေရဲ့ သတင်းပို့ ကျောက်စိမ်းပြား ပေးခဲ့တယ်လို့ ဘယ်သူပြောလဲ။ သူ့ကို ပေးခဲ့တာ အစ်ကိုကြီးရဲ့ ကျောက်စိမ်းပြားကွ။ သူသာ အဲဒါကို သုံးဖို့ ကြိုးစားရင် အစ်ကိုကြီးက တစ်ခုခု မှားနေတာကို သတိပြုမိသွားလိမ့်မယ်။ အဲဒီလိုဆိုရင် မင်းနဲ့ငါ လွတ်မြောက်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်။ မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်"

ရှင်းရွယ်ရွယ်၏ မျက်ဝန်းထဲမှ လှောင်ပြောင်မှုများမှာ ပျောက်ကွယ်မသွားခဲ့ပေ။

"ငတုံးကောင်၊ အဲဒီသတင်းစကားကို ပို့ပြီးလို့ တစ်ဖက်လူက မင်းအမေ မဟုတ်မှန်း သိသွားရင် သူက သွားတွေ့မယ်လို့ ထင်နေတာလား။ အစ်ကိုကြီးက သံသယဝင်ရင်တောင် သူက အချိန်မီ ရှာတွေ့နိုင်မှာလား။ အဲဒီလူ ပြန်လာရင် မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။ မင်းလုပ်ခဲ့တာ ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ"

ရှင်းချန် ယခုမှ ထိတ်လန့်သွားပြီး "ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ" ဟု မေးသည်။

"ငတုံးကတော့ ငတုံးပဲ။ လူတိုင်းက မင်းလို မိုက်မဲနေကြတာ မဟုတ်ဘူး"

ရှင်းချန် မျက်နှာပျက်သွားသော်လည်း ခေါင်းကို မော့ကာ ပြတ်သားစွာ ပြောလိုက်သည်။

"ကိစ္စမရှိဘူး။ ငါ သေရမယ်ဆိုရင်တောင် ငါ့အမေကိုတော့ ဘယ်တော့မှ အန္တရာယ်အဖြစ် မခံဘူး"

ရှင်းရွယ်ရွယ်ပင် သူ့မောင်ငတုံးကောင်အား ကြည့်ရင်း အံအားသင့်သွားသည်။ ရှင်းချန်သည် တုံးအပြီး အတ္တကြီးကာ ကြောက်ရွံ့တတ်သူ ဖြစ်သည်။ သို့သော် သူ့မိခင်အပေါ်တွင် ဤမျှအထိ ဂရုစိုက်တတ်ပြီး မိခင်ကို ကာကွယ်ရန်အတွက် အသက်ကိုပင် ပေးဆပ်ရန် အသင့်ရှိနေခြင်းမှာ အမှန်ပင် အံ့အားသင့်စရာ ကောင်းလှပေတော့သည်။

ထိုစဥ်မှာပင် အစီအရင်၏ အပြင်ဘက်တွင် စုန့်ဝမ် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"သခင်လေးရှင်းက ဒီလောက်တောင် မိဘအပေါ် သိတတ်တဲ့သူ ဖြစ်နေမယ်လို့ ထင်မထားမိဘူး"

ရှင်းချန် ထိတ်လန့်သွားပြီး "မင်း... ဘာဖြစ်လို့ ထွက်မသွားသေးတာလဲ" ဟု မေးလိုက်သည်။

စုန့်ဝမ်က "ရှမ်းယွဲ့ရဲ့ သတင်းပို့ ကျောက်စိမ်းပြားကို ပေးစမ်း" ဟု အေးစက်စက် ပြောလိုက်သည်။

ရှင်းချန် ထိတ်လန့်သွားသော်လည်း အလျှော့ပေးရန် စိတ်မကူးချေ။

"မဖြစ်နိုင်ဘူး။ မင်း ငါ့ကို သတ်မယ်ဆိုရင်တောင် ငါ့အမေရဲ့ သတင်းပို့ ကျောက်စိမ်းပြားကိုတော့ မပေးဘူး"

စုန့်ဝမ်မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"သေချင်တာလား၊ အဲဒါက ဒီလောက်မလွယ်ကူပါဘူး"

သေးငယ်သော ကူတစ်ကောင် စုန့်ဝမ်၏ ပါးစပ်ထဲမှ ပျံသန်းထွက်လာခဲ့သည်။

"ဒါက ငါမွေးမြူထားတဲ့ ကူပိုးကောင်တစ်ကောင်ပဲ၊ သူက သက်ရှိသတ္တဝါတွေကို အာဟာရပြုပြီး အသက်ရှင်တာ။ လူသားတွေရဲ့ အဆုတ်ဟာ ပြန်လည်ရှင်သန်နိုင်စွမ်းရှိတယ်လို့ ပြောကြတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ငါ တော်တော်လေး စိတ်ဝင်စားနေတာ။ သခင်လေးရှင်းက အခြေတည်အဆင့် ကျင့်ကြံသူဆိုတော့ မင်းခန္ဓာကိုယ်က ကြံ့ခိုင်မှာ သေချာပါတယ်၊ ပြန်လည်နာလန်ထူနိုင်စွမ်းလည်း တော်တော်လေး ကောင်းမွန်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ မင်းရဲ့ အဆုတ်တစ်ဝက်ကို အကိုက်ခံလိုက်ရပြီးရင် ပြန်နာလန်ထူဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲဆိုတာ ငါ သိချင်မိတယ်"

ရှင်းချန် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

"ရှမ်းယွဲ့ရဲ့ သတင်းပို့ ကျောက်စိမ်းပြားကို ပေးစမ်း။ ငါလိုချင်တာ ရပြီးတာနဲ့ မင်းတို့ နှစ်ယောက်စလုံးကို လွှတ်ပေးမယ်"

ကြောက်တတ်သော ရှင်းချန်မှာ သေဆုံးရမည့် ဘေးမှ လွတ်မြောက်ရန်အတွက် သူ့သိက္ခာ၊ လွတ်လပ်ခွင့်နှင့် မိသားစုကို ဆုံးရှုံးရမည် ဖြစ်ပါစေဦးတော့၊ မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် အသင့်ရှိနေခဲ့သည်။ သူ ကာကွယ်မည့် တစ်ခုတည်းသော အရာမှာ သူ့မိခင် ဖြစ်သည်။ စုန့်ဝမ်၏ စကားက အမှောင်မိုက်ဆုံး အခိုက်အတန့်တွင် မျှော်လင့်ချက် အလင်းရောင် အနည်းငယ်ကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်သွားသည်။

"မင်း ပြောတာ အတည်ပဲလား။ ငါ့ကိုရော၊ ငါ့အမေကိုရော တကယ်ပဲ အသက်ချမ်းသာပေးမှာလား"

"ငါက ဝိညာဥ်ထိုးဖောက်ကျင့်စဉ်ကိုပဲ လိုချင်တာ။ မင်းကို သတ်လိုက်လို့ ဘာအကျိုးအမြတ်မှ ရှိလာမှာ မဟုတ်ဘူး။ မင်းနဲ့ ရှမ်းယွဲ့ပါ ခန္ဓာကိုယ်ပေါ်မှာ ဝိညာဉ်အမှတ်အသားတွေ ရှိနေကြတာပဲ။ မင်းတို့ကို သတ်လိုက်ရင် ငါ့အတွက် အဆုံးမရှိတဲ့ ဒုက္ခတွေပဲ ရောက်လာလိမ့်မယ်"

"မင်း ကတိပေးတာနော်။ ငါ့သိုလှောင်လက်စွပ်ထဲက သတင်းပို့ ကျောက်စိမ်းပြားတွေ အားလုံးကို ထုတ်လိုက်။ ဘယ်တစ်ခုက ငါ့အမေဟာလဲဆိုတာ ပြောပြမယ်"

စုန့်ဝမ်က သတင်းပို့ ကျောက်စိမ်းပြားများ ထုတ်ယူကာ သူ့ရှေ့မှောက်တွင် ပျံဝဲနေစေခဲ့သည်။

ရှင်းချန်က ၎င်းတို့ထဲမှ တစ်ခုကို လက်ညှိုးထိုးပြလျက် "ဒါက ငါ့အမေဟာပဲ" ဟု ပြောလိုက်သည်။

စုန့်ဝမ်သည် ကျောက်စိမ်းပြားအားလုံးကို သိမ်းဆည်းလိုက်ပြီး "ဒီတစ်ကြိမ်တော့ မင်း အမှန်အတိုင်း ပြောတာ ဖြစ်ဖို့ ငါ မျှော်လင့်ပါတယ်။ ဒါမှမဟုတ်ရင်... မင်းကို သေချင်စိတ်ပေါက်သွားအောင် လုပ်ပစ်မယ်" ဟု ဆိုသည်။

ပြောပြီးနောက် အစီအရင်အတွင်းသို့ ဝင်ရောက်ကာ နှစ်ဦးစလုံးကို သတိလစ်သွားအောင် ပြုလုပ်လိုက်သည်။

...

‘ရှင်းကတော်... သခင်လေးရှင်းချန် အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပြီး အဆိပ်ဂူတစ်ခုထဲမှာ ပိတ်မိနေပါတယ်။ ဒီကိစ္စက သခင်မလေးရှင်းနဲ့လည်း ပတ်သက်နေပါတယ်။ သခင်လေးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာအတွက် ရှင်းကတော်အနေနဲ့ သိုသိုသိပ်သိပ် ဖြေရှင်းစေချင်ပါတယ်။ အကယ်၍ သခင်လေးကို ကယ်တင်ချင်တယ်ဆိုရင် ဖန်မြို့ရဲ့ အနောက်ဘက် မြို့ဆင်ခြေဖုံးဆီကို အမြန်ဆုံး လာခဲ့ပါ’

နံနက်စောစောပိုင်းတွင် ရှင်းချန် အလောတကြီး ထွက်ခွာသွားခဲ့ပြီးနောက် ရှန်းယွဲ့သည် တစ်နေ့လုံး သားဖြစ်သူကို မမြင်တွေ့ခဲ့ရပေ။ အချိန်ကြာလာသည်နှင့်အမျှ သားဖြစ်သူ ပြန်လည်ရောက်ရှိမလာသေးသဖြင့် ရှမ်းယွဲ့သည် စိုးရိမ်ပူပန်လာသည်။ သတင်းပို့ ကျောက်စိမ်းပြားကို အသုံးပြု၍ သားဖြစ်သူထံ ဆက်သွယ်ရန် ပြင်ဆင်နေဆဲမှာပင် ဤသတင်းစကားကို ရုတ်တရက် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ရှန်းယွဲ့မှာ ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားသည်။ သားဖြစ်သူ ဒုက္ခရောက်နေပြီလော။ မည်သူက သားဖြစ်သူ၏ သတင်းပို့ ကျောက်စိမ်းပြားကို အသုံးပြု၍ သူမထံ ဆက်သွယ်နေရသနည်း။ ကျောက်စိမ်းပြားမှတဆင့် ခံစားမိသော ကျင့်ကြံမှုအော်ရာမှာ အနည်းငယ် ရင်းနှီးနေပုံရသည်။ ဤလူကို တစ်နေရာရာတွင် မလွဲမသွေ မြင်တွေ့ဖူးခဲ့ရမည် ဖြစ်သည်။ သို့သော်လည်း မည်သည့်နေရာတွင် ဖြစ်ကြောင်း သူမ အမှတ်မရနိုင်တော့ပေ။

ရှန်းယွဲ့သည် မာနကြီးသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဝေ့တင်းကဲ့သို့သော သူကို စက်ဆုပ်ရွံရှာတတ်သဖြင့် ထိုလေလွင့်ကျင့်ကြံသူ၏ အော်ရာကို သူမ ဘယ်သောအခါမှ အာရုံမစိုက်ခဲ့ဖူးချေ။

‘မင်းက ဘယ်သူလဲ’

ရှန်းယွဲ့သည် တည်ငြိမ်အောင် ကြိုးစားလျက် ပြန်လည်အကြောင်းပြန်လိုက်သည်။

‘ရှင်းကတော်... မင်း ငါ့ကို ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် မေ့သွားရတာလဲ’

ဤစကားလုံးများထဲမှ မကျေနပ်မှုနှင့် ဒေါသအရိပ်အယောင်များကို အထင်အရှား ခံစားသိရှိနိုင်သဖြင့် ယင်းက ရှန်းယွဲ့ကို ပို၍ပင် စိုးရိမ်ပူပန်သွားစေခဲ့သည်။

‘မင်းက ဘယ်သူလဲ’

‘ငါက သတင်းစကား ပေးပို့သူသက်သက်ပါ။ ငါဘယ်သူလဲဆိုတာ သိဖို့ မလိုအပ်ပါဘူး။ ဝိညာဉ်ကျောက်တုံး တစ်သိန်း... မဟုတ်ဘူး… အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀၀ ကို ယူလာပြီး အနောက်ဘက် မြို့ဆင်ခြေဖုံးဆီကို တစ်ယောက်တည်း လာခဲ့ပါ’

တစ်စုံတစ်ဦးက ရှင်းမိသားစုအပေါ် အခွင့်အရေးယူရန် ကြိုးစားနေခြင်းပင်။ ရှန်းယွဲ့သည် ဤကဲ့သို့သော အရှက်ကွဲမှုကို မကြုံတွေ့ခဲ့ဖားသဖြင့် သွေးများပင် ဆောင့်တက်လာခဲ့ရသည်။ ရှန်းယွဲ့၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်သွားခဲ့ပြီး လက်ချောင်းများမှာလည်း ကျောက်စိမ်းပြားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း တုန်ယင်နေခဲ့သည်။

သူမသည် အမြဲတမ်း ပြတ်သားပြီး အလျှော့မပေးတတ်သူ ဖြစ်သော်လည်း ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါတွင် ဘာလုပ်ရမှန်း မသိဖြစ်သွားခဲ့ရသည်။ နောက်ဆုံးတွင် ခင်ပွန်းဖြစ်သူ ရှင်းကောင်းဟန်ထံသို့ သတင်းပို့ရန် ဆုံးဖြတ်လိုက်သည်။

ရှန်းယွဲ့ ထရပ်လိုက်ချိန်တွင် ကျောက်စိမ်းပြားဆီသို့ နောက်ထပ် သတင်းစကားတစ်ခု ထပ်မံရောက်ရှိလာခဲ့သည်။

‘ဒီအခြေအနေဟာ ရှင်းချန်က ရှင်းရွယ်ရွယ်ကို သတ်ဖို့အတွက် လုပ်ကြံသတ်ဖြတ်သူတွေ ငှားရမ်းခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်နေပါတယ်။ ဒီကိစ္စသာ ပေါက်ကြားသွားရင် ရှင်းမိသားစုထဲမှာ သူ့အတွက် နေရာ ရှိတော့မှာ မဟုတ်ဘူး’

ဤစကားလုံးများက ရှန်းယွဲ့ကို ချက်ချင်းပင် သတိဝင်လာစေခဲ့သည်။ ရှင်းချန်နှင့် ရှင်းရွယ်ရွယ်တို့အကြား ပဋိပက္ခသည် အချိန်အကြာကြီးကတည်းက တောက်လောင်နေခဲ့ခြင်း ဖြစ်သည်။ မကြာမီက ရှင်းရွယ်ရွယ်သည် ဖန်မြို့ရှိ ကျင့်ကြံသူ အများအပြား၏ ရှေ့မှောက်တွင် ရှင်းချန်ကို လူသိရှင်ကြား ရိုက်နှက်ပြီး အရှက်ကွဲစေခဲ့သည်။

ရှင်းချန်၏ ကလဲ့စားချေတတ်သော သဘာဝအရ လုပ်ကြံသတ်ဖြတ်သူများကို ငှားရမ်းခြင်းမှာ အံ့အားသင့်စရာ မရှိပေ။ အကယ်၍ ထိုသူပြောသော စကားများသာ အမှန်ဖြစ်ပါက၊ ရှင်းမိသားစုက သိရှိသွားသည်နှင့် ရှင်းချန်သည် ကိုယ်လုပ်တော်၏ သားတစ်ဦး ဖြစ်သည့်အတွက် မိသားစုစည်းမျဉ်းများအရ တရားဝင်သမီးတော်ကို အန္တရာယ်ပြုရန် ကြိုးပမ်းမှုကြောင့် ကွပ်မျက်ခြင်း ခံရပေလိမ့်မည်။

ရှန်းယွဲ့ အများကြီး တွေးနေရန် အချိန်မရှိတော့ပေ။ အစေခံတစ်ဦးမျှပင် မခေါ်ဆောင်ဘဲ ဓားပျံပေါ် တက်ကာ ချိန်းဆိုသည့်နေရာသို့ ဦးတည် ထွက်ခွာခဲ့သည်။ မည်သူမည်ဝါဖြစ်ကြောင်း အများသူငှာ မသိရှိနိုင်စေရန်အတွက် မျက်နှာဖုံးပုဝါတစ်ခုဖြင့် ရုပ်ဖျက်ထားခဲ့သည်။ ထိုမျက်နှာဖုံးပုဝါမှာ အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်ပြီး သူမ၏ မျက်နှာနှင့် ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ထားနိုင်စွမ်း ရှိသည်။

အနောက်ဘက် မြို့ဆင်ခြေဖုံးတွင် သွားလာနေကြသော ကျင့်ကြံသူ အများအပြား ရှိနေပြီး ရှန်းယွဲ့သည် လေထဲတွင် ဝဲပျံနေရင်း ထိုဧရိယာကို စစ်ဆေးကြည့်ရှုခဲ့သော်လည်း သူမထံ ဆက်သွယ်နေသူဟု ထင်ရသော မည်သူ့ကိုမျှ ရှာမတွေ့ခဲ့ပေ။

သူမသည် သတင်းပို့ ကျောက်စိမ်းပြားဖြင့် ဆက်သွယ်ရန်မှအပ အခြားရွေးချယ်စရာ မရှိခဲ့ချေ။

‘ငါ ရောက်နေပြီ၊ မင်း ဘယ်မှာလဲ’

‘မင်း ကတိမတည်ဘဲ ရှင်းမိသားစုဆီ ဖွင့်ဟခဲ့တယ်။ မင်း သူတို့ကို ဒီနေရာထိ တိတ်တဆိတ် ခေါ်လာခဲ့ပြီပဲ။ ဒီကိစ္စ ဒီမှာတင် ပြီးဆုံးသွားပြီ။ ရှင်းချန် ရှိနေတဲ့နေရာကို မင်းတို့မိသားစုပဲ လိုက်ရှာကြတော့။ ဒါပေမဲ့ မြန်မြန်လုပ်တာ ကောင်းလိမ့်မယ်၊ သူ အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး’

ဤသတင်းစကားကို မြင်ရသောအခါ ရှန်းယွဲ့ အလွန်အမင်း ထိတ်လန့်သွားသည်။

‘ငါ မိသားစုက ဘယ်သူ့ကိုမှ သတင်းမပေးခဲ့ဘူး။ ငါ လေထဲမှာ မတ်တပ်ရပ်နေတာ၊ ငါ တစ်ယောက်တည်း ရှိနေတာကို မင်း မြင်ရလိမ့်မယ်’

‘ရှင်းမိသားစုက ကျင့်ကြံသူတွေ အနီးအနားမှာ ပုန်းကွယ်မနေဘူးလို့ ဘယ်လို သေချာအောင် လုပ်မှာလဲ’

‘ငါ့ကို ယုံကြည်အောင် ဘာလုပ်ပေးရမလဲ’

ရှန်းယွဲ့မှာ စိုးရိမ်ပူပန်လွန်းသဖြင့် မျက်ဝန်းထဲတွင် မျက်ရည်များပင် ဝဲလာသည်။

‘မင်းရဲ့ ဝိညာဉ်ကို တိုင်တည်ပြီး ကျိန်ဆိုပေးပါ’

မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ရှန်းယွဲ့သည် သူမ၏ ဝိညာဉ်ကို တိုင်တည်၍ ကျိန်ဆိုလိုက်သည်။

‘ရပြီ။ ငါ မင်းရဲ့ အနောက်တောင်ဘက် ခြေလှမ်းတစ်ရာအကွာမှာရှိတဲ့ ကုန်းလေးတစ်ခုမှာ ရှိနေတယ်။ ငါ့ဆီ လာခဲ့ပါ’

ရှန်းယွဲ့ ထိုကုန်းလေးဆီသို့ ရောက်ရှိသောအခါ ထိပ်တွင် မတ်တပ်ရပ်နေသော လူတစ်ယောက်ကို အမှန်ပင် မြင်တွေ့လိုက်ရသည်။

"ဝေ့တင်း... မင်းပဲကိုး"

ရှန်းယွဲ့သည် စုန့်ဝမ်ကို မြင်တွေ့ရသောအခါ ဒေါသထွက်လာပြီး "ဝေ့တင်း... အကြောင်းအရာ အပြည့်အစုံကို ငါ့ကို အခုချက်ချင်း ပြောပြစမ်း"ဟာ ခပ်တင်းတင်း ဆိုလာသည်။

"သခင်လေးရှင်းက ရှင်းရွယ်ရွယ်ကို ကလဲ့စားချေဖို့ အဆိပ်ကျင့်ကြံသူတစ်ယောက်ကို တိတ်တဆိတ် ငှားရမ်းပြီး လုပ်ကြံခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဆိပ်ကျင့်ကြံသူက လောဘကြီးလွန်းတယ်။ သခင်မလေးရှင်းကို သတ်မပစ်မယ့်အစား ဖမ်းဆီးပြီး သူ့ရဲ့ အဆိပ်ဂူဆီ ခေါ်ဆောင်သွားခဲ့တယ်။ နောက်ပြီး သခင်လေးရှင်းရဲ့ မိသားစုအပေါ် သစ္စာဖောက်မှုကို ဖွင့်ချမယ်လို့ ခြိမ်းခြောက်ပြီး ဝိညာဉ်ကျောက်တုံးတွေတေ ပိုပေးဖို့ တောင်းဆိုတယ်။ သူတောင်းတဲ့ပမာဏကို သခင်လေးရှင်းက မပေးနိုင်လို့ ကျွန်တော့်ကို အဆိပ်ဂူဆီ ခေါ်ဆောင်သွားပြီး အဲဒီကျင့်ကြံသူနဲ့ ညှိနှိုင်းခဲ့ပါတယ်"

"ညှိနှိုင်းမှုတွေ ပျက်ပြားသွားပြီး ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်။ အဆိပ်ကျင့်ကြံသူက သန်မာပေမဲ့ သခင်လေးရှင်းမှာ သူ့ကိုယ်သူ ကာကွယ်ဖို့ အကာအကွယ်ဒိုင်း ရှိနေတာကြောင့် ခုခံနိုင်ခဲ့ပါတယ်။ သူတို့ တိုက်ခိုက်နေချိန် ကျွန်တော်က သခင်မလေးရှင်းရဲ့ အဆိပ်ကို ဖြေပေးနိုင်ခဲ့တယ်။ သူက အဆိပ်ပြေတာနဲ့ ဝိညာဉ်ဖြိုခွဲအဆောင်ကို အသက်သွင်းပြီး အဆိပ်ကျင့်ကြံသူကို သတ်ပစ်ခဲ့တယ်။ အဆိပ်ကျင့်ကြံသူက သေဆုံးခါနီးမှာ အစီအရင်တစ်ခုကို နှိုးဆွလိုက်တာကြောင့် သခင်လေးတို့ပါ အထဲမှာ ပိတ်မိသွားခဲ့ရတာ ဖြစ်ပါတယ်"

စုန့်ဝမ်သည် ဤလုပ်ကြံဇာတ်လမ်းကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ရှန်းယွဲ့၏ ယုံကြည်မှုကို ရရှိရန်အတွက် ဝိညာဉ်ဖြိုခွဲအဆောင်နှင့် အကာအကွယ်ဒိုင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်ခုမှာ ရှင်းချန်နှင့် ရှင်းရွယ်ရွယ်တို့၏ အသက်ကယ် ရတနာများ ဖြစ်ကြပြီး ထုတ်သုံးချိန်မှအပ ပြင်ပလူများ မည်သို့မျှ သိရှိကြမည် မဟုတ်ပေ။ ဤရတနာနှစ်ခုကို ထည့်သွင်းပြောဆိုခြင်းဖြင့် စုန့်ဝမ်သည် ၎င်းတို့ကို သူကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

"ဒါဆိုရင် ငါ့သားရဲ့ သတင်းပို့ ကျောက်စိမ်းပြားက ဘာဖြစ်လို့ မင်းလက်ထဲ ရောက်နေရတာလဲ"

ရှန်းယွဲ့က စုန့်ဝမ်၏ စကားထဲမှ ဟာကွက်ကို ထောက်ပြလိုက်သည်။

စုန့်ဝမ် အနည်းငယ် အံအားသင့်သွားသည်။ ရှန်းယွဲ့သည် မောက်မာတတ်သော်လည်း အသိဉာဏ် ကင်းမဲ့နေခြင်းတော့ မဟုတ်ပေ။

"သခင်လေးရှင်းက အစီအရင်ထဲမှာ ပိတ်မိနေတဲ့ နောက်ဆုံး အခိုက်အတန့်မှာ ကျွန်တော့်ဆီ ပစ်ပေးခဲ့တာပါ"

ရှန်းယွဲ့သည် နီရဲသော နှုတ်ခမ်းလွှာများကို အနည်းငယ် စေ့လိုက်ပြီး သွယ်လျသော မျက်ခုံးအစုံမှာလည်း အနည်းငယ် တွန့်ကွေးသွားကာ ပိုမို တည်ကြည်လေးနက်လာခဲ့သည်။ ဝေ့တင်း၏ စကားများအရ သူမသည် ဤအခြေအနေကို ရှင်းမိသားစုထံ ဖွင့်ဟ၍ မရနိုင်ပေ။

ထို့အပြင် ရှန်းယွဲ့ကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေသော အခြားကိစ္စတစ်ခုလည်း ရှိနေသေးသည်။ ယင်းမှာ ရှင်းရွယ်ရွယ် သေဆုံးမသွားခြင်းပင်။ အကယ်၍ သူမသာ အသက်ရှင်လျက် မိသားစုဆီ ရောက်ရှိသွားပါက ဤအခြေအနေသည် သေချာပေါက် ပေါက်ကြားသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် ရှင်းချန်သည်လည်း မိသားစုစည်းမျဉ်းများမှ ရှောင်လွှဲနိုင်တော့မည် မဟုတ်ပေ။

"ဒီမျိုးမစစ်မလေးကတော့ သေကိုသေရမယ်"

ရှန်းယွဲ့၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်သွားခဲ့သည်။

"ငါ့သား ပိတ်မိနေတဲ့နေရာကို အခုချက်ချင်း ခေါ်သွားစမ်း"

ရှန်းယွဲ့သည် စုန့်ဝမ်က အန္တရာယ်ပြုလာနိုင်ခြေ ရှိသည်ကို လုံးဝ စိုးရိမ်ပူပန်ပုံ မရပေ။ စုန့်ဝမ် ပြသထားသော ကျင့်ကြံခြင်းအဆင့်မှာ သူမထက် အဆင့်ငယ် နှစ်ဆင့်မျှသာ မြင့်မားသည်။ သို့သော်လည်း ရှန်းယွဲ့တွင် ရှင်းချန်နှင့် ရှင်းရွယ်ရွယ်တို့ထက် ပိုမိုသန်မာသော ကိုယ်ပိုင် အသက်ကယ် အဖိုးတန်ရတနာများ ရှိနေသည်။

စုန့်ဝမ်က မျက်မှောင်ကြုတ်လျက် "ရှင်းကတော်... တစ်ခုခုကို မေ့လျော့နေတာမျိုး မရှိဘူးလား" ဟု မေးလိုက်သည်။

"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ”

"ကျွန်တော်တို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀၀ လို့ သဘောတူထားခဲ့ကြတယ်လေ"

ရှန်းယွဲ့ခမျာ ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားသည်။

"ငါ့သားကို မမြင်ရသေးခင် မင်းက ဝိညာဉ်ကျောက်တုံးတွေကို တောင်းဆိုရဲတယ်ပေါ့"

စုန့်ဝမ်က အေးစက်စွာ ပြုံးလိုက်သည်။

"ဒါက ကျွန်တော့်အပြစ် မဟုတ်ပါဘူး။ ကျွန်တော် ရှင်းချန်ရဲ့ အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့တာတောင် မင်းတို့ သားအမိနှစ်ယောက်က အဆင့်နိမ့်ဝိညာဉ်ကျောက် နည်းနည်းပဲ ပေးခဲ့တာ။ ဒီတစ်ကြိမ်လည်း အဲဒီလို မလုပ်ဖူးလို့ မပြောနိုင်ဘူးလေ"

"ကောင်းပြီ... ရော့ယူလိုက်။ မင်းသာ ငါ့ကို လိမ်ညာရဲရင် အဆုံးမဲ့ပင်လယ်မှာ မင်းအတွက် နေရာရှိတော့မှာ မဟုတ်ဘူး"

အဆင့်မြင့် ဝိညာဉ်ကျောက် ၁၀၀ ဟူသည်မှာ ရှန်းယွဲ့အတွက်မူ မပြောပလောက်သောအရာ ဖြစ်သည်။ ပုံမှန်အားဖြင့် တွန့်တိုတတ်သော်လည်း သားဖြစ်သူ၏ အသက်အန္တရာယ်နှင့် ပတ်သက်လာသောအခါတွင်မူ ပေးရန် ဝန်မလေးခဲ့ပေ။

စုန့်ဝမ်က ထိုဝိညာဉ်ကျောက်တုံးများကို အကြိမ်ကြိမ် အဖန်ဖန် ရေတွက်ပြီးမှသာ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ရှန်းယွဲ့အား သတင်းပေးပို့ရခြင်း ရည်ရွယ်ချက်မှာ လောဘကြောင့်သာ ဖြစ်သည်ဟု ထင်မြင်သွားစေရန်နှင့် သူမ၏ သတိထားမှုကို လျှော့ချရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

"အခု ငါ့ကို ငါ့သားဆီ ခေါ်သွားပေးနိုင်ပြီလား" ဟု ရှန်းယွဲ့က လောဆော်လိုက်သည်။

စုန့်ဝမ်က "ရှင်းကတော်... ကျေးဇူးပြုပြီး ကြွပါ" ဟု ဆိုကာ လမ်းပြခေါ်ဆောင်သွားတော့သည်။

………..

All Chapters