← Chapters

ရှင်းမိသားစု၏ အကြံအစည်

Vol. 28 Ch. 286

ရှင်းမိသားစု၏ အကြံအစည်

Vol. 28 Ch. 286

ကန်းဟုန်သည် တောင်ထိပ်တွင် ရပ်နေပြီး စုန့်ဝမ် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေရင်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ထွက်ပြေးဖို့ ကြိုးစားတာလား။ ငါ လိုချင်တာလည်း အဲဒါပဲ၊ ဒါမှ မင်းက လမ်းပြပေးပြီး ငါ့ကို ခေါ်သွားမှာလေ .. ဟား ဟား"

သို့သော် ကန်းဟုန်၏ အပြုံးမှာ ခဏသာ ခံလိုက်ပြီးနောက် အံ့သြသည့် အမူအရာသို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ဆက်သွယ်ရေး ကျောက်စိမ်းပြားနှင့် ဝိညာဉ်ဆေးပင်များ နှစ်မျိုးလုံးတွင် ဝိညာဉ်အာရုံ အမှတ်အသားများကို ထားခဲ့သည်။ ထိုအမှတ်အသားများမှာ အံ့သြစရာကောင်းသော အရှိန်အဟုန်ဖြင့် ဝေးရာသို့ လျင်မြန်စွာ ရွေ့လျားသွားကြောင်း အာရုံခံမိနေသည် မဟုတ်ပါလား။

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ၊ သူက အခြေတည်အဆင့်ပဲ ရှိသေးတာကို၊ သူ့အရှိန်က ရွှေအမြုတေ အလယ်အလတ် ကျင့်ကြံသူနဲ့ ရင်ဘောင်တန်းနိုင်နေတာလား။ နေဦး… သူကိုယ်တိုင်က တတိယအဆင့် ဆေးဆရာပဲ။ ဆရာဆိုတာက သူ လိမ်ပြောထားတာပဲ ဖြစ်ရမယ်"

ကန်းဟုန်၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စုန့်ဝမ်နောက်သို့ လိုက်လံ ဖမ်းဆီးတော့သည်။ မိုင်အနည်းငယ် လိုက်ပြီးနောက်တွင် ဝိညာဉ်စွမ်းအင် အမှတ်အသားများ ပျောက်ကွယ်သွားသဖြင့် ကန်းဟုန်၏ အမူအရာမှာ ဇဝေဇဝါ ဖြစ်သွားသည်။

"ထွက်ပြေးတဲ့ အရှိန်အရဆိုရင် အများဆုံး ရွှေအမြုတေ အလယ်အဆင့်ပဲ ရှိမယ်။ ငါက ရွှေအမြုတေ နှောင်းပိုင်းအဆင့် ဝိညာဉ်အာရုံ အမှတ်အသား ထားခဲ့တာလေ။ ဘာလို့ ဒီလောက် မြန်မြန် ဖျက်ဆီးခံလိုက်ရတာလဲ။ မဟုတ်သေးပါဘူး"

ကန်းဟုန်က အရှုံးမပေးပေ။ ဝိညာဉ်အာရုံ အမှတ်အသား နောက်ဆုံး အာရုံခံမိသည့် နေရာသို့ အရောက်သွားသော်လည်း စုန့်ဝမ်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။ ထိုနေရာကို သေချာစွာ ရှာဖွေပြီးနောက်တွင် အရိပ်အယောင်ကိုမျှ မတွေ့ရသဖြင့် စိတ်ပျက်စွာဖြင့် ဖန်မြို့တော်ဘက်သို့သာ ပြန်လှည့်လာခဲ့ရသည်။

ဖန်မြို့တော်၏ အနောက်မြောက် တံခါးသို့ ရောက်သောအခါ မြို့တံခါးရှိ အကာအကွယ် အစီအရင်မှာ လင်းလက်လာပြီး ကန်းဟုန်၏ လမ်းကို ပိတ်ဆို့လိုက်သည်။ ကန်ဟုန်က ဓားပုံစံ အစိမ်းရောင် တံဆိပ်ပြားတစ်ခု ထုတ်ယူလိုက်သည်။ ထိုတံဆိပ်ပြားပေါ်တွင် မြောက်ဘက်မြို့သို့ ပြင်ပကျင့်ကြံသူများ အဝင်အထွက် ပြုလုပ်နိုင်သည့် ပြင်ပဆိုသော စာလုံးကို ထွင်းထုထားသည်။ ဤတံဆိပ်ပြား ကိုင်ဆောင်ထားသူများသာ မြောက်ဘက်မြို့သို့ ဝင်ရောက်ခွင့် ရှိသည်။

ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်ပြီးနောက် တံဆိပ်ပြားမှ အစိမ်းနုရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီး ကန်းဟုန်သည် အတားအဆီးကို ချောမွေ့စွာ ဖြတ်ကျော်သွားခဲ့သည်။

မြောက်ဘက်မြို့အတွင်း ရောက်သောအခါ ကန်းဟုန်သည် မပျံသန်းတော့ဘဲ မြို့လယ်ဘက်သို့ လမ်းလျှောက်သွားခဲ့သည်။ သို့သော် လူတိုင်းက သူ့ကဲ့သို့ လမ်းလျှောက်နေကြခြင်း မဟုတ်ပေ။ ကျင့်ကြံသူ အများအပြားမှာ ကောင်းကင်ယံတွင် ပျံသန်းနေကြပြီး အခြေတည်အဆင့်နှင့် ချီစုစည်းခြင်းအဆင့်များပင် ပါဝင်သည်။

ဤသူများအားလုံးမှာ ခြွင်းချက်မရှိ ရှင်းမိသားစုဝင်များ ဖြစ်ကြသည်။ ဖန်မြို့တော်၏ မြောက်ဘက်မြို့တွင် ရှင်းမိသားစုဝင်များသာ လေထဲတွင် ပျံသန်းခွင့် ရှိသည်။ ပြင်ပကျင့်ကြံသူများမှာမူ ကန်းဟုန်ကဲ့သို့ ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်နေလျှင်ပင် စည်းကမ်းကို လိုက်နာပြီး မြေပြင်ပေါ်တွင်သာ လမ်းလျှောက်ရသည်။

မကြာမီ ကန်းဟုန်သည် ခမ်းနားသော အိမ်တော်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်သွားကာ စာကြည့်ဆောင်တံခါးကို ခေါက်လိုက်သည်။

"သခင်လေး... ကန်းဟုန် လာရောက် သတင်းပို့ပါတယ်"

"ဝင်ခဲ့" ဟု အခန်းထဲမှ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် တံခါးမှာ အလိုအလျောက် ပွင့်သွားသည်။

အခန်းတွင်း၌ အလွန်ပင် ခမ်းနားလှပစွာ ပြင်ဆင်ထားပြီး ပစ္စည်းတိုင်းမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်။ အခန်းအလယ်တွင် ခန့်ညားသော လူငယ်ကျင့်ကြံသူတစ်ဦး အနုစိတ် ထွင်းထုထားသော ထိုင်ခုံပေါ်တွင် ထိုင်နေသည်။

ထိုသူမှာ ရှင်းမိသားစု၏ သားကြီး သခင်ငယ် ရှင်းလီယန်ပင် ဖြစ်သည်။ "တတိယအဆင့် ဆေးဆရာ ၉ ယောက်ကို ရှာဖွေတာ ဘယ်လိုအခြေအနေ ရှိလဲ" ဟု ရှင်းလီယန်က ခပ်တိုးတိုးသာ မေးလိုက်သော်လည်း သူ့လေသံတွင် ငြင်းဆန်၍မရသော အာဏာစက် ပါဝင်နေသည်။

"သခင်လေးကို တင်ပြပါတယ်။ အခုအချိန်အထိ ဆေးဆရာ ၅ ယောက် ရှာတွေ့ထားပါတယ်၊ ဒါပေမဲ့ ၄ ယောက် ကျန်ပါသေးတယ်" ဟု ကန်းဟုန်က သတိကြီးစွာ တင်ပြလိုက်သည်။

"မှော်အတတ်စုဝေးပွဲ ကျင်းပဖို့ နှစ်နှစ်ပဲ လိုတော့တယ်။ ဆေးဆရာတွေ ရှာဖို့ ဘာလို့ ဒီလောက် အချိန်ကြာနေတာလဲ။ ဒီလပိုင်းတင် တတိယအဆင့် ဆေးဆရာ တစ်ယောက် ရှာတွေ့ပြီလို့ မင်း မပြောခဲ့ဘူးလား"

ကန်းဟုန်က အရိုအသေပြုကာ "ကျွန်တော် တာဝန် ပျက်ကွက်ခဲ့ပါတယ်၊ ပေါ့ဆမိလို့ အဲဒီလူက သံသယဝင်ပြီး ထွက်ပြေးသွားပါတယ်"ဟု တင်ပြလိုက်သည်။

ရှင်းလီယန်က ကန်းဟုန်ကို မကျေမနပ်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

"မင်းရဲ့ လက်အောက်ငယ်သားတွေကို ပိုပြီး ဂရုတစိုက် စောင့်ကြည့်ခိုင်းထားပါ။ တတိယအဆင့် ဆေးဆရာရဲ့ အရိပ်အယောင် တွေ့ရင် ချက်ချင်း သတင်းပို့ပါ။ နောက်ထပ် တစ်နှစ်ကြာတဲ့အထိ ဆေးဆရာ ၉ ယောက် မပြည့်သေးရင် တခြားနည်းလမ်းတွေကို စဉ်းစားရလိမ့်မယ်။ မှော်အတတ်စုဝေးပွဲက ကျင့်ကြံသူ အမြောက်အမြား ဆွဲဆောင်လိမ့်မယ်။ အဲဒါက ဝိညာဉ်ရင်းမြစ်ခန္ဓာရှိတဲ့ အခြေတည်အဆင့် ကျင့်ကြံသူ ၉ ယောက်ကို စုစည်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ငါတို့ အဲဒါကို အလဟဿ အဖြစ်မခံနိုင်ဘူး"

ဝိညာဉ်ရင်းမြစ်ခန္ဓာရှိသော ကျင့်ကြံသူများသည် သဘာဝအတိုင်း သာမန်လူများထက် ပိုမိုအားကောင်းသော ဝိညာဉ်စွမ်းအား ရှိကြသည်။ ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ သူတို့၏ ဝိညာဉ်စွမ်းအားမှာ သာမန်ကျင့်ကြံသူများထက် ပိုမို လျင်မြန်စွာ တိုးတက်လာသည်။

ကန်းဟုန်က "မေးပါရစေ... ရှင်းမိသားစုမှာ တတိယအဆင့် ဆေးဆရာ အများကြီး ရှိနေတာကို၊ ဘာလို့ မိသားစုအတွင်းက ဆေးဆရာ ၉ ယောက်ကို စုစည်းပြီး သခင်လေးအတွက် နတ်ဝိညာဉ်ဆေးတွေ မဖော်စပ်တာလဲ" ဟု မေးလိုက်သည်။

ရှင်းလီယန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ငါ ဘာကြောင့် မှော်အတတ် စုဝေးပွဲကို ဒီလောက် အပင်ပန်းခံ ကျင်းပနေတာလဲဆိုတာ မင်း သိလား"

ကန်းဟုန်၏ အဖြေကို မစောင့်ဘဲ ရှင်းလီယန်က ဆက်ပြောသည်။

"အပေါ်ယံကြည့်ရင် မှော်အတတ်စုဝေးပွဲကို ငါ စတင်ခဲ့တာ ဖြစ်ပေမဲ့၊ တကယ်တမ်းတော့ အဲဒါက ရှင်းမိသားစု တစ်ခုလုံးက ရေးဆွဲထားတဲ့ အစီအစဉ်ပဲ။ ဒီ မှော်အတတ် စုဝေးပွဲက မိသားစုအတွက် သူတော်စင်ဝိညာဉ်ဆေး ဖော်စပ်ဖို့ လိုအပ်တဲ့ ဝိညာဉ်ပစ္စည်းတွေကို စုဆောင်းဖို့ သက်သက်ပဲ။ သူတော်စင်ဝိညာဉ်ဆေး ဖော်စပ်ဖို့ အဓိက ပါဝင်ပစ္စည်းတွေက ဝိညာဉ်ရင်းမြစ်ခန္ဓာရှိတဲ့ အခြေတည်အဆင့် ကျင့်ကြံသူ ၉ ယောက်ရဲ့ သွေးနဲ့ ဝိညာဉ်တွေပဲ။ အဲဒါကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ဖို့အတွက် တတိယအဆင့် ဆေးဆရာ ၁၈ ယောက်က ၃၆ ရက်ကြာ ပူးပေါင်းလုပ်ဆောင်ရမယ်။ အဲဒီအချိန်ကျရင် ရှင်းမိသားစုရဲ့ တတိယအဆင့် ဆေးဆရာတွေ အားလုံးကို အသုံးချလိမ့်မယ်။ အရေအတွက် မလုံလောက်တဲ့ အခြေအနေမှာ အပြင်က ဆေးဆရာတွေ ထပ်ရှာရုံအပြင် ဘာနည်းလမ်း ရှိဦးမှာလဲ"

ကန်းဟုန်က သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိမ့်ပြသည်။ ရှင်းလီယန်က စူးစိုက်ကြည့်ရင်း ဆက်ရှင်းပြလာသည်။

"မှော်အတတ်စုဝေးပွဲကို တရားမျှတမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျင်းပလိမ့်မယ်။ ပြိုင်ပွဲအတွက် အဖွဲ့တွေ ဖွဲ့တဲ့အခါမှာ ကျင့်ကြံသူတွေရဲ့ ပါရမီနဲ့ ကျင့်ကြံမှု အဆင့်ကို စစ်ဆေးလိမ့်မယ်။ တကယ့် စမ်းသပ်ချက်က ငါတို့လိုချင်သူ ဟုတ်၊ မဟုတ် စစ်ဆေးဖို့ပဲ"

ကန်းဟုန်က အရိုအသေပြုကာ "ကျွန်တော်မျိုး နားလည်ပါပြီ" ဟု ဆိုသည်။

ရှင်းလီယန်က "မင်း သွားလို့ရပြီ။ အကယ်၍ မင်းသာ တတိယအဆင့် ဆေးဆရာနဲ့ ဝိညာဉ်ရင်းမြစ်ခန္ဓာရှိတဲ့ ကျင့်ကြံသူတွေကို အလုံအလောက် ရှာပေးနိုင်ရင် မင်းကို နတ်ဝိညာဉ်ဆေးတစ်လုံး ဆုချမယ်" ဟု ပြောလိုက်သည်။

နတ်ဝိညာဉ်ဆေးနှင့် သူတော်စင်ဝိညာဉ်ဆေးတို့ကို ဖော်စပ်နိုင်ရန်အတွက် ရှင်းမိသားစုသည် ဝိညာဉ်ရင်းမြစ်ခန္ဓာရှိသော ကျင့်ကြံသူများကို လျှို့ဝှက်စွာ မွေးမြူထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ အလုံအလောက် ရရှိရန် နောက်ထပ် အနှစ် ၃၀ သို့မဟုတ် ၄၀ ခန့် စောင့်ဆိုင်းရန်သာ လိုအပ်သည်။ သို့သော် ရှင်းမိသားစုသည် ထိုမျှကြာအောင် မစောင့်နိုင်တော့ပေ။

နောက်ထပ် ၁၀ နှစ်ကြာလျှင် ကြယ်ပင်လယ် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သစ် ရွေးချယ်မည့် အချိန် ရောက်လာတော့မည်။ ရွေးချယ်မှု လုပ်ငန်းစဉ်မှာ ရိုးရှင်းသည်။ အဓိက အဖွဲ့အစည်းတစ်ခုစီရှိ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ အရေအတွက်နှင့် ကျင့်ကြံမှု အစွမ်းကို ထည့်သွင်းစဉ်းစားပြီး အင်အားအကောင်းဆုံး အဖွဲ့အစည်းကို မဟာမိတ်အဖွဲ့အား အနှစ် ၃၀၀ ကြာ အုပ်ချုပ်ခွင့် ပေးအပ်မည် ဖြစ်သည်။

ရှင်းမိသားစုသည် ခေါင်းဆောင်နေရာကို မက်မောနေသည်မှာ ကြာပြီဖြစ်သည်။ မိသားစုတွင် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ သုံးဦး ရှိပြီး တစ်ဦးမှာ အစောပိုင်း၊ တစ်ဦးမှာ အလယ်ပိုင်းနှင့် တစ်ဦးမှာ နှောင်းပိုင်း အဆင့်များ ဖြစ်ကြသည်။ အရေအတွက်အရ ထိပ်ဆုံးတန်းတွင် ရှိသော်လည်း ကျင့်ကြံမှု အဆင့်အရမူ သာလွန်မှု မရှိပေ။ ထို့ကြောင့် အင်အားကို လျင်မြန်စွာ တိုးမြှင့်နိုင်ရန်အတွက် ဘိုးဘေးစဉ်ဆက် လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ဝိညာဉ်ထိုးဖောက်ပညာကို အားပြုရန် ရွေးချယ်လိုက်ကြသည်။

ရှင်းမိသားစုတွင် ရှင်းကောင်းဟန် တစ်ဦးတည်းသာလျှင် ဘိုးဘေးများ ချန်ထားရစ်ခဲ့သော သူတော်စင်ဝိညာဉ်ဆေးကို သောက်သုံးခဲ့ပြီး ဝိညာဉ်ထိုးဖောက်ပညာ တတိယအဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။ ကျန်နှစ်ဦးမှာမူ အောင်မြင်ခြင်း မရှိသေးပေ။ ထို့​ကြောင့် ဆေးလုံးများ ထပ်မံဖော်စပ်ရန် အရေးကြီးနေခြင်း ဖြစ်သည်။

...

ထိုအချိန်တွင် ကန်းဟုန်၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်လာပြီးနောက် စုန့်ဝမ်သည် ဂူအိမ်သို့ ပြန်လာပြီး ခေါင်းတလားတစ်ခုကို ထုတ်ယူလိုက်သည်။ ခေါင်းတလားအတွင်း၌ တတိယအဆင့် ငွေရောင်ဖုတ်ကောင် ရှိနေသည်။

စုန့်ဝမ်လက်ထဲတွင် ရွှမ်ယင်ကျောက် သုံးတုံးကို ကိုင်ထားပြီး ငွေရောင်ဖုတ်ကောင်ကို စူးစိုက်ကြည့်နေသည်။ ယခင်က ဤရွှမ်ယင်ကျောက် သုံးတုံးကို ငွေရောင်ဖုတ်ကောင် သုံးကောင် သန့်စင်ရန် အသုံးပြုမလား၊ သို့မဟုတ် ရှိပြီးသား ငွေရောင်ဖုတ်ကောင်ကို တတိယအဆင့် အလယ်အလတ်သို့ အဆင့်မြှင့်ရန် အသုံးပြုမလား ဆိုသည်ကို တွေဝေနေခဲ့သည်။

ယနေ့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်က အန္တရာယ် ရှိလာပြီ ဆိုသည်ကို သတိထားမိစေပြီး တိုက်ပွဲတွင် အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးကြောင်း သတိပြုမိစေခဲ့သည်။ ကြီးမားသော အင်အားကွာခြားမှု ရှေ့မှောက်တွင် အရေအတွက်ဖြင့် အစားထိုး၍ မရနိုင်ပေ။ ထို့ကြောင့် ရှိပြီးသား တတိယအဆင့် ငွေရောင်ဖုတ်ကောင်ကို အဆင့်မြှင့်တင်ရန် ​ဆုံးဖြတ်ခဲ့သည်။

စုန့်ဝမ်သည် ရွှမ်ယင်ကျောက်များနှင့် အလောင်းသန့်စင်ခြင်းဆိုင်ရာ ဝိညာဉ်ပစ္စည်း အမြောက်အမြားကို ခေါင်းတလားအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ငွေရောင်မီးငှက်ကို ခေါ်ယူကာ ငရဲအလောင်းအအေးမီးတောက်ကို အသက်သွင်းပြီး ဝိညာဥ်ပစ္စည်းများကို သန့်စင်ရာတွင် ကူညီပေးရန် ခေါင်းတလားထဲသို့ ထည့်လိုက်သည်။

ခေါင်းတလားအတွင်း၌ အစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာပြီး အလောင်းချီများလည်း တက်လိုက်ကျလိုက် ဖြစ်နေသည်။ အလောင်းသန့်စင်ခြင်းဆိုင်ရာ ဝိညာဉ်ပစ္စည်း အမျိုးမျိုးကို ငွေရောင်ဖုတ်ကောင်က တဖြည်းဖြည်း စုပ်ယူသွားသည်နှင့်အမျှ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အချို့တွင် ပြောင်းလဲမှုများ တိတ်တဆိတ် စတင် ဖြစ်ပေါ်လာသည်။ သိမ်မွေ့သော ငွေရောင်အလင်းတန်းများ တဖြည်းဖြည်း ပေါ်လာသည်။ ဤငွေရောင်အလင်းမှာ စူးရှခြင်း မရှိသော်လည်း ကြယ်စုံသော ကောင်းကင်ယံတွင် ပျံ့ကျဲနေသော လရောင်နှင့် တူပြီး ကြောက်မက်ဖွယ်ကောင်းကာ နက်နဲသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ငွေရောင်အလင်းမှာ အစိတ်အပိုင်းတစ်ခုမှ တစ်ကိုယ်လုံးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ ငွေရောင်အလောင်းကောင်၏ အရိုး၊ ကြွက်သားနှင့် အရေပြား လက်မတိုင်းမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ဖြည်းဖြည်းချင်း တစ်ကိုယ်လုံးမှာ ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသကဲ့သို့ ထိုငွေရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

……………

All Chapters