← Chapters

မဖိတ်ခေါ်ဘဲ ရောက်လာသည့်ပြဿနာ

Vol. 28 Ch. 287

မဖိတ်ခေါ်ဘဲ ရောက်လာသည့်ပြဿနာ

Vol. 28 Ch. 287

လအတန်ကြာ ကုန်ဆုံးသွားပြီးနောက် ငွေရောင်ဖုတ်ကောင်သည် ရွှမ်ယင်ကျောက်များနှင့် အလောင်းသန့်စင်ခြင်း ဝိညာဉ်ပစ္စည်းများအား စုပ်ယူသန့်စင်ခြင်း ပြီးဆုံးသွားသည်။ ယခုအခါတွငါ သူ့ခန္ဓာကိုယ်မှ ငွေရောင်အလင်းနှင့်အတူ ပြင်းထန်သော အလောင်းချီစွမ်းအင်များ ထွက်ပေါ်လာကာ ဂူတစ်ခုလုံး ချက်ချင်း ဖုံးလွှမ်းသွားသည်။

ဂူအတွင်းရှိ လေထုမှာ ထိုအလောင်းချီ အရှိန်အဝါကြောင့် ခဲသွားသကဲ့သို့ ဖြစ်သွားပြီး ဖိနှိပ်လွန်းကာ အေးစက်လှသော ခံစားမှုကို ပေးစွမ်းနေသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြားပြီးနောက်တွင်မှ ငွေရောင်အလင်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားပြီး ငွေရောင်ဖုတ်ကောင်မှာ သူ့နဂိုပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။ သို့သော်လည်း မျက်ဝန်းများမှာမူ ယခင်နှင့်မတူ၊ အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေပြီး ကြည့်မိသူတိုင်းအား ထိတ်လန့်တုန်လှုပ်မှုကို ပေးစွမ်းနေပေတော့သည်။

ခေါင်းတလားထဲရှိ ငွေရောင်ဖုတ်ကောင်ကို ကြည့်ရင်း စုန့်ဝမ်သည် ဝူယင်ထံမှ သူရရှိခဲ့သော အရည်အသွေးမြင့် အလောင်းကောင်မွေးမြူခေါင်းတလားမှာ တတိယအဆင့် အလယ်ပိုင်းသို့ ရောက်ရှိသွားပြီဖြစ်သော ငွေရောင်ဖုတ်ကောင်အတွက် မလုံလောက်တော့ကြောင်း သတိပြုမိလိုက်သည်။

"အင်း… ပိုကောင်းတဲ့ အလောင်းကောင်မွေးမြူရေး ခေါင်းတလားတစ်ခု ရှာဖို့ လိုနေပြီပဲ"

စုန့်ဝမ်သည် ခေါင်းတလားကို သိမ်းဆည်းကာ ဂူအတွင်းမှ ထွက်ခွာပြီး တောင်ဘက်မြို့ဆီသို့ ဦးတည်လိုက်သည်။

ဖန်မြို့တော်တွင် နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူများ ရှားပါးလှသည် မဟုတ်ပေ။ နတ်ဆိုးလမ်းစဥ်ပစ္စည်း ရောင်းချသည့် ဆိုင်များလည်း အများအပြား ရှိသည်။ စုန့်ဝမ် ဆိုင်အတော်များများ သွားရောက်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်းဖြင့် ထိပ်တန်းအဆင့် အလောင်းကောင်မွေးမြူခေါင်းတလား တစ်လုံးကို ဝယ်ယူခဲ့သည်။

မူလက မှော်ရတနာအဆင့်ရှိသော ခေါင်းတလားကို ဝယ်ယူရန် ရည်ရွယ်ခဲ့သော်လည်း ထိုခေါင်းတလားများမှာ တိုက်ခိုက်ရေးမှော်ရတနာများထက် များစွာ ပို၍ ဈေးကြီးနေသည်။ အဆင့်နိမ့် မှော်ရတနာ ခေါင်းတလားတစ်ခုပင်လျှင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၆၀ မှ ၇၀ ခန့် အထိ ကျသင့်သည်။

ထိပ်တန်းအဆင့် ခေါင်းတလားမှာ လောလောဆယ်အတွက် လုံလောက်သည်ကို ထည့်တွက်ပြီး၊ မိမိမှာလည်း ထိုမျှ မချမ်းသာသဖြင့် စုန့်ဝမ်မှာ ဒုတိယအကောင်းဆုံးကိုသာ ရွေးချယ်ခဲ့ရသည်။

သွားလာရင်း မြို့အတွင်း၌ ကျင့်ကြံသူများ အဝင်အထွက် ပိုမိုများပြားလာသည်ကို စုန့်ဝမ် သတိပြုမိသည်။ မြို့၏ တောင်ဘက်ခြမ်းတွင် မကြာမီ ကျင်းပတော့မည့် မှော်အတတ်ဖလှယ်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် အိမ်များကို စတင်ဆောက်လုပ်နေကြသည်။

ရှင်းမိသားစုက ဤပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာမည့် ကျင့်ကြံသူအားလုံးမှာ ဧည့်သည်တော်များ ဖြစ်ကြသည်။ ရှင်းမိသားစုသည် ထိုပညာရှင်များအတွက် လုံခြုံပြီး သက်တောင့်သက်သာရှိသော တည်းခိုနေထိုင်စရာများကို ပြင်ဆင်ပေးနေခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ပတ်တာ ကုန်လွန်သွားသည်။ တစ်ရက်တွင် ကျင့်ကြံနေစဉ် သိုလှောင်လက်စွပ်တွင်းရှိ ဆက်သွယ်ရေးကျောက်စိမ်းပြား တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။

ထုတ်ကြည့်လိုက်သောအခါ တစ်နှစ်ကျော်ကြာ သတင်းမကြားရသည့် ရှင်းချန်ထံမှ သတင်းစကား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဝေ့တင်း.. ချင်းဖုန်းမျှော်စင်ကို မြန်မြန် လာခဲ့။ ဒီသခင်လေးရဲ့ လျှပ်စီးကျင့်စဉ် ပြီးမြောက်သွားပြီ၊ မင်းကို အဲဒါရဲ့ တကယ့်အစွမ်းကို သက်သေပြချင်လို့"

ထိုလေသံမှာ မောက်မာမှုနှင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသည်။

...

ချင်းဖုန်းမျှော်စင်တွင် ၁၃ ထပ် ရှိပြီး ၁၃ ထပ်မြောက်မှာ အမြင့်ဆုံးထပ် ဖြစ်သည်။

ရှင်းချန်သည် ပြတင်းပေါက်နားတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး အောက်ဘက်ရှိ ကျင့်ကြံသူများကို မောက်မာစွာ ငုံ့ကြည့်နေသည်။

"ဝေ့တင်း... ဒီသခင်လေးက မိုးကြိုးလှံနဲ့ မိုးကြိုးရိုက်ချက် အပါအဝင် ဒုတိယအဆင့် လျှပ်စီးကျင့်စဉ်တွေကို ကျွမ်းကျင်သွားပြီ။ နောက်ထပ် တစ်နှစ်ခွဲနေရင် ကျင်းပမယ့် မှော်အတတ်နှီးနှောဖလှယ်ပွဲမှာ ဒီသခင်လေး တောက်ပလာမှာ အသေအချာပဲ"

"သခင်လေး လျှပ်စီးကျင့်စဉ်တွေ ကျွမ်းကျင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်" ဟု စုန့်ဝမ်က ဆိုသည်။ ရှင်းချန်မှာ လူအတစ်ယောက်ဖြစ်သော်လည်း မိုးကြိုးလျှပ်စီးပါရမီမှာ အမှန်တကယ်ပင် ထူးခြားသည်ကို ဝန်ခံရမည်ဖြစ်သည်။

"အင်း" ရှင်းချန်က ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်သည်။

"သခင်လေး... ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ သခင်လေးကို သင်ကြားပြသပေးဖို့ ဆရာကြီးတွေ ရှာတွေ့ခဲ့လား" ဟု စုန့်ဝမ်က မေးသည်။

ရှင်းချန်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။

"ငါ့အမေက ပိုင်မန့်ကို ဆူပူကြိမ်းမောင်းလိုက်တော့၊ သူက ငါ့အစ်ကိုကြီးဆီ သွားငိုပြပြီး ငါ့ကို အပြစ်ပေးဖို့ တိုင်ခဲ့သေးတယ်။ ဒါပေမဲ့ ငါတို့ညီအကိုကြား ဆက်ဆံရေးက အပြင်လူ တစ်ယောက်က နှောင့်ယှက်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ အစ်ကိုကြီးက ငါ့ကို အပြစ်ပေးမယ့်အစား ငါ့ရဲ့ လျှပ်စီးကျင့်စဉ် လမ်းပြပေးဖို့ ဆရာတစ်ယောက်ကိုတောင် လွှတ်ပေးခဲ့သေးတယ်။ ဒါပေမဲ့ အစ်ကိုကြီးကို လေညင်းရိပ်သာဆီ နောက်ထပ်မသွားဖို့ ကတိပေးခဲ့ရတယ်၊ အဲဒါကြောင့် ဒီတစ်ခါ မင်းနဲ့တွေ့ဖို့ ချင်းဖုန်းမျှော်စင်ကို ရွေးလိုက်တာ"

စုန့်ဝမ်သည် အခြေအနေကို သဘောပေါက်သွားသည်။ ရှင်းချန်နှင့် ရှင်းလီယန်တို့ကြားတွင် ထိုမျှ နက်ရှိုင်းသော ဆက်ဆံရေးရှိ၍ မဟုတ်ဘဲ၊ ရှင်းလီယန်သည်လည်း သူ၏ ပြဿနာရှာတတ်သော မေမေလေးကို ရင်မဆိုင်ချင်သလို၊ လေညင်းရိပ်သာ၏ စီးပွားရေးကို မထိခိုက်စေလိုသောကြောင့်သာ အလျှော့ပေးလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

ထိုအခိုက်မှာပင် ရှင်းချန်၏ လက်ဖဝါးတွင် လျှပ်စီးတစ်ခု ပေါ်လာသည်။ သူ့မျက်နှာမှာ အစွမ်းထက်သော ကျင့်စဉ်တစ်ခုကို သင်ယူပြီးကာစဖြစ်၍ လက်တွေ့ စမ်းသပ်ပြချင်နေပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

"ဝေ့တင်း... မြို့ပြင်ကို သွားကြရအောင်။ ဒီသခင်လေးက လျှပ်စီးကျင့်စဉ်တွေ မင်းမြင်အောင် ပြချင်လို့"

"သခင်လေးရဲ့ အမေက ဖန်မြို့တော်ကနေ ထွက်ခွာခွင့် မပြုဘူး မဟုတ်လား"

"ရပါတယ်၊ ငါတို့ အဝေးကြီး မသွားပါဘူး။ တောင်ဘက်မြို့ရဲ့ အစွန်အဖျားမှာပဲ နေမှာပါ၊ ငါ့အမေလည်း သိမှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ရှင်းချန်သည် လေထဲသို့ ပျံတက်သွားပြီး ဖန်မြို့တော်၏ အနောက်တောင်ဘက်သို့ ဦးတည်လိုက်သည်။

မြို့၏ အနောက်တောင်ဘက်မှာ ဆင်းရဲသားရပ်ကွက်ဖြစ်ပြီး၊ အိမ်ငယ်များသာ ရှိကာ ချီစုစည်းခြင်း အစောပိုင်းအဆင့်ရှိ လေလွင့်ကျင့်ကြံသူများသာ နေထိုင်ကြသည်။

ရှင်းချန်သည် လေထဲတွင် ရပ်နေပြီး သူ့အောက်တွင် တောင်ဘက်မြို့၏ အစွန်အဖျားနှင့် သစ်ပင်အနည်းငယ် ပျံ့ကျဲနေသော တောရိုင်းမြေပြင် ရှိနေသည်။

ရှင်းချန်က လျှပ်စီးပညာ အသက်သွင်းလိုက်သောအခါ လေများ စတင်တိုက်ခတ်လာပြီး ကောင်းကင်တွင် တိမ်တိုက်များ စတင် လည်ပတ်လာသည်။

"ဂျိမ်း"

နွားပေါက်တစ်ကောင်၏ ခြေထောက်ခန့် ရှိသော လျှပ်စီးတန်းတစ်ခု ကောင်းကင်မှ ကျဆင်းလာကာ သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားပြီး ၎င်းကို ချက်ချင်းပင် လေးငါးပိုင်း ကွဲထွက်သွားစေသည်။ သစ်ကိုင်းနှင့် သစ်ရွက်များမှာ လေထဲသို့ ပျံ့ကျဲသွားပြီး မြေပြင်မှာပင် ကျင်းတစ်ခု ဖြစ်သွားသည်။

ထိုနေရာရှိ လေလွင့်ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို တွေ့ရှိပြီး လန့်ဖျပ်သွားသော ငှက်များကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးကြသည်။

"ဟားဟားဟား..."

ကျင့်ကြံသူများ ထိတ်လန့်တကြား ထွက်ပြေးသည်ကို မြင်သောအခါ ရှင်းချန်က မောက်မာစွာ ရယ်မောလိုက်သည်။

"ဒီလို နိမ့်ကျတဲ့ လေလွင့်ကျင့်ကြံသူတွေက ပုရွက်ဆိတ်တွေထက် မပိုပါဘူး။ သူတို့က အားနည်းပြီး အသိပညာလည်း မရှိကြဘူး။ ဟဲဟဲ... ပုရွက်ဆိတ်တွေကို သုံးပြီး ဒီသခင်လေးရဲ့ လျှပ်စီးကျင့်စဉ်တွေကို စမ်းသပ်ကြည့်ရင် ကောင်းမလားပဲ"

ရှင်းချန်မျက်နှာတွင် ကောက်ကျစ်ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး ချက်ချင်းပင် လေထဲတွင် မိုးကြိုးလှံ သုံးစင်း ပေါ်လာသည်။ သူ ဖန်တီးလိုက်သော မိုးကြိုးလှံများမှာ စုန့်ဝမ်၏ လှံများထက် များစွာ အားနည်းပြီး အရှည်မှာလည်း နှစ်ပေခန့်သာ ရှိသည်။ သို့သော် အောက်ဘက်ရှိ လေလွင့်ကျင့်ကြံသူများအတွက်မူ ၎င်းမှာ သူတို့ မခုခံနိုင်သော အလွန်အမင်း ပြင်းထန်သည့် အင်အား ဖြစ်နေဆဲပင်။

မိုးကြိုးလှံ သုံးစင်းသည် လေးမှ ပစ်လိုက်သော မြားများကဲ့သို့ အောက်သို့ ထိုးဆင်းသွားသည်။

"ဘုန်း၊ ဘုန်း၊ ဘုန်း"

မိုးကြိုးပေါက်ကွဲသံ သုံးကြိမ် ထွက်ပေါ်လာသည်။ မိုးကြိုးလှံများသည် မြေကြီးကို ဖောက်ဝင်သွားပြီး မြေပြင်ကို တုန်ခါသွားစေသည်။ အချိန်မီ မလွတ်မြောက်နိုင်သော လေလွင့်ကျင့်ကြံသူ သုံးဦးမှာ မိုးကြိုးလှံများ ထိမှန်ကာ အပိုင်းပိုင်း ပေါက်ကွဲသွားသည်။ လွင့်စင်သွားသော အသားစများမှာ ပြင်းထန်သော လျှပ်စီးကြောင့် မီးလောင်ကျွမ်းကာ မည်းနက်သွားပြီးနောက် လေထဲတွင် ပြာအဖြစ် လွင့်ပါးသွားခဲ့သည်။

ရှင်းချန်မှာ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

"ဝေ့တင်း... ဒီသခင်လေးရဲ့ လျှပ်စီးကျင့်စဉ်တွေက ဘယ်လိုလဲ။ ဟားဟားဟား..."

"သခင်လေးရှင်းရဲ့ လျှပ်စီးကျင့်စဉ်က အရမ်းအစွမ်းထက်ပါတယ်" ဟု စုန့်ဝမ်က ချီးကျူးလိုက်သည်။

ရှင်းချန်သည် မိုးကြိုးလှံများကို တစ်စင်းပြီးတစ်စင်း အောက်သို့ ပစ်လွှတ်နေသည်။ သူ့စိတ်ထဲတွင် သူသည် မိုးကြိုးနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားကာ အသိပညာမဲ့သော သာမန်လူများကို အပြစ်ပေးပြီး ညစ်ပတ်သော ကမ္ဘာကြီးကို သန့်စင်ပေးနေသည်ဟု မှတ်ယူနေသည်။ စိတ်လှုပ်ရှားနေသော စုချန်းသည် လက်ကို မြှောက်ကာ အရပ်မျက်နှာ အနှံ့သို့ မိုးကြိုးလှံ အမြောက်အမြားကို ပစ်လွှတ်လိုက်ပြန်သည်။

"ဟားဟားဟား... ​ဝေ့တင်း… ကြည့်စမ်း၊ ဒီလူတွေ ထွက်ပြေးနေတဲ့ပုံက တော်တော် ရယ်ရတာပဲ"

"သခင်လေးရှင်း... ကျွန်တော်တို့ ဒီနေရာကနေ ထွက်သွားသင့်ပြီ" ဟု စုန့်ဝမ်က အကြံပြုလိုက်သည်။

ရှင်းချန်၏ တိုက်ခိုက်သတ်ဖြတ်နေမှုမှာ တောင်ဘက်မြို့ရှိ ကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို ခံနေရသော်လည်း မည်သူကမျှ သူ့ကို လာရောက် မတားဆီးကြပေ။ တောင်ဘက်မြို့၏ အေးချမ်းမှုကို ထိန်းသိမ်းရသော အစောင့်များပင် ပေါ်မလာခဲ့ကြပေ။ ရှင်းချန်သည် ကျင့်ကြံသူများကို သတ်နေခြင်း မဟုတ်ဘဲ မိစ္ဆာများ သို့မဟုတ် တောရိုင်းတိရစ္ဆာန်များကို သတ်နေသကဲ့သို့ ဖြစ်နေသည်။

စုန့်ဝမ်သည် လူအများအပြား၏ စောင့်ကြည့်ခြင်းကို ခံနေရသည့် ခံစားချက်ကို မကြိုက်သဖြင့် ထွက်ခွာလိုခြင်း ဖြစ်သည်။

ရှင်းချန်သည်လည်း စိတ်ကျေနပ်သွားသဖြင့် "ကောင်းပြီ... သွားကြတာပေါ့"ဟု ဆိုကာ လက်ခံလိုက်သည်။

ထိုအချိန်မှာပင် အဝေးမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူက မြို့ပြင်မှာ လျှပ်စီးကျင့်စဉ်တွေကို ဒီလောက် ပေါ့ပေါ့ဆဆ သုံးရဲတာလဲ"

ထွက်ခွာတော့မည့် ရှင်းချန်သည် ထိုအသံကို ကြားသောအခါ ရပ်တန့်သွားသည်။

"ဟား… ဖန်မြို့တော်မှာ ဒီသခင်လေးရဲ့ ကိစ္စကို ဝင်ပါရဲတဲ့သူ ရှိသေးတာလား။ ဒီလို တရားမျှတချင်တဲ့သူက ဘယ်သူလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

ခဏအတွင်းမှာပင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဓားကို စီးလျက် ရောက်ရှိလာသည်။ သူမကိုယ်မှ မိုးကြိုးစွမ်းအင်လှိုင်းများ ထွက်ပေါ်နေခြင်းမှာ သူမသည် လျှပ်စီးနှင့် နီးကပ်စွာ ထိတွေ့ခဲ့ရခြင်း သို့မဟုတ် ရှင်းချန်၏ မိုးကြိုးလှံတစ်စင်းဖြင့် အထိခံခဲ့ရခြင်းကို ပြသနေသည်။ သို့သော်လည်း သူမသည် ထိုတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပြီး မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ပေ။

ရှင်းချန်သည် ထိုအမျိုးသမီး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်ရှိ မောက်မာမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။

"ရှင်းရွယ်ရွယ်... နင် ဒီမှာ ဘာလုပ်နေတာလဲ"

ရှင်းချန်၏ လေသံတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ သိသိသာသာ ပါဝင်နေသည်။

………..

All Chapters