ရှင်းမိသားစု၏ အရှုပ်အထွေး
Vol. 28 Ch. 288
ရောက်လာသော အမျိုးသမီးမှာ အမှန်တကယ်ပင် ရှင်းမိသားစု၏ တရားဝင်သမီး ရှင်းရွယ်ရွယ် ဖြစ်သည်။
"ရှင်းချန်... မင်းကိုး"
ရှင်းရွယ်ရွယ်မှာ ဒေါသ အကြီးအကျယ် ထွက်နေသည်။ နိမ့်ကျသော လေလွင့်ကျင့်ကြံသူများအတွက် မဟုတ်ဘဲ၊ အလောင်းကျင့်ကြံသူ တစ်ဦးအနေဖြင့် မမျှော်လင့်ဘဲ သဘာဝရန်သူဖြစ်သော လျှပ်စီးပညာဖြင့် တိုက်ခိုက်ခံရသဖြင့် အလွန်အမင်း နေရခက်သွားသောကြောင့် ဖြစ်သည်။ သူမ ဂရုတစိုက် ဖုံးကွယ်ထားသော အလောင်းကျင့်ကြံသူ သရုပ်မှန်မှာ ထုတ်ဖော်ခံလိုက်ရပြီး ပစ်မှတ်ထားခံရသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
"ရှင်းချန်... ခုခံဖို့ ပြင်ထား"
ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ရှင်းရွယ်ရွယ်သည် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှင်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
သူမသည် အရှိန်ပြင်းစွာ ဝင်ရောက်လာသော်လည်း စွမ်းအားကိုမူ ထိန်းချုပ်ထားပြီး မှော်လက်နက်များကို မသုံးဘဲ လက်ဝါးဖြင့်သာ ရိုက်ချလိုက်သည်။
"ရှင်းရွယ်ရွယ်... မင်း ဘာလုပ်နေတာလဲ" ဟု စုချန်းက ထိတ်လန့်တကြား အော်ရင်း မြို့ထဲသို့ ထွက်ပြေးရန် ကြိုးစားသည်။
သို့သော် ရှင်းချန်မှာ ရှင်းရွယ်ရွယ်လက်မှ လွတ်မြောက်အောင် ပြေးနိုင်စွမ်း မရှိပေ။ ရှင်းရွယ်ရွယ်၏ လက်ဝါးမှာ အောက်သို့ ကျဆင်းလာချိန် လေထုမှာ ချက်ချင်းပင် ကွဲထွက်သွားပြီး စူးရှသော လေခွင်းသံပင် ထွက်ပေါ်လာသည်။
ပြေးမလွတ်မှန်း သိသွားသော ရှင်းချန်လည်း မိုးကြိုးဒိုင်းကျင့်စဉ်ကို အသက်သွင်းပြီး ကာကွယ်လိုက်သည်။ သို့သော် ထိုဒိုင်းမှာ အလွယ်တကူ ကွဲကြေသွားပြီး အရှိန်ဖြင့် ဆက်လက် ကျဆင်းလာသော လက်ဝါးက ရှင်းချန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်မိသွားသည်။ ရှင်းချန်မှာ ပြင်းထန်သော ရိုက်ချက်ကြောင့် အမြင်အာရုံများ ဝေဝါးသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဘုန်း"
ပြုတ်ကျသောအရှိန်မှာ ပြင်းထန်လှသဖြင့် အောက်ရှိ အဆောက်အဦးငယ်ပင် ပြိုကျသွားသည်။
ရှင်းရွယ်ရွယ်က ထိခိုက်ဒဏ်ရစေရန် မရည်ရွယ်ဘဲ၊ အရှက်ခွဲလိုစိတ်ဖြင့် ပါးရိုက်ခဲ့သောကြောင့်သာ ရှင်းချန်မှာ ပြင်းထန်စွာ ဒဏ်ရာမရခဲ့ခြင်း ဖြစ်သည်။ သို့သော် ဖရိုဖရဲဖြင့် မြင်မကောင်း ရှုမကောင်း ဖြစ်သွားသည်။ မျက်နှာမှာ နီရဲရောင်ကိုင်းနေပြီး ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေသည်။ ဆံပင်များမှာလည်း ရှုပ်ပွနေပြီး အဝတ်အစားများလည်း စုတ်ပြဲနေသည်။
"ရှင်းရွယ်ရွယ်... အရူးမ၊ တစ်နေ့ကျရင် မင်းကို နောင်တရစေရမယ်" ဟု ရှင်းချန်က အံကြိတ်ကာ ကျိန်ဆဲရင်း အပျက်အစီးများထဲမှ ထလာသည်။
ရှင်းရွယ်ရွယ်က ယခင်ကကဲ့သို့ သူ့ကို ရိုက်နှက်ပြီး ထွက်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ခေါင်းမော့ကြည့်လိုက်သောအခါ သူ့ရှေ့တွင် ရပ်နေပြီး ဒေါသထွက်နေသော မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ငါ့ကို အရူးမလို့ ခေါ်ရဲတယ်ပေါ့လေ"
ပြောပြောဆိုဆို ရှင်းရွယ်ရွယ်က ခြေထောက်ကို မြှောက်ကာ ကန်လိုက်သည်။
ရှင်းချန်လည်း အထိတ်ထိတ် အလန့်လန့်ဖြင့် မိုးကြိုးလှံ နှစ်စင်း ဖန်တီးကာ ပစ်လွှတ်လိုက်သည်။
ရှင်းရွယ်ရွယ်၏ ကန်ချက်က ရင်ဘတ်တည့်တည့် ထိသွားသဖြင့် ရှင်းချန် နောက်သို့ အရှိန်ပြင်းစွာ လွင့်ထွက်သွားပြီး အဆောက်အအုံ အတော်များများကို ပြိုလဲသွားစေသည်။
ရှင်းရွယ်ရွယ်မှာလည်း ရှင်းချန်အား အထင်သေးမိသဖြင့် မမျှော်လင့်ဘဲ မိုးကြိုးလှံတစ်စင်း ထိမှန်ခြင်းကို ခံလိုက်ရသည်။ ကံကောင်းထောက်မပြီး ဝိညာဥ်စွမ်းအင်ဒိုင်းဖြင့် ကာကွယ်လိုက်နိုင်သောကြောင့် လျှပ်စီးလှံ၏ စွမ်းအင်အများစုကို တားဆီးနိုင်ခဲ့သည်။ လျှပ်စီးအနည်းငယ်သာ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။
ကံဆိုးစွာဖြင့် ရှင်းရွယ်ရွယ်မှာ ရရှိထားသော အလောင်းဘုရင် သွေးသန့်စင်ပညာကို ကျင့်ကြံဆဲ ဖြစ်သဖြင့် သူမ၏ ဖုတ်ကောင်အသွင်ပြောင်းမှုကို အပြည့်အဝ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ထိုအချိန်တွင် အလောင်းကျင့်ကြံသူ၏ သဘာဝရန်သူဖြစ်သော မိုးကြိုးလျှပ်စီးစွမ်းအင် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသော ခဏတွင် ဖော်ပြ၍ပင် မရသော နာကျင်မှုကို ဖြစ်ပေါ်စေပြီး အလောင်းချီများ ပြင်းထန်စွာ လှုပ်ခတ်လာကာ ထိန်းချုပ်မရတော့မည့် လက္ခဏာများ ပြသလာသည်။
"ဂါးး"
ရှင်းရွယ်ရွယ်သည် ရုတ်တရက် နက်ရှိုင်းသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။ သူမ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်ကျသွားပြီး အလွန်အမင်း ကြမ်းတမ်းသောပုံစံ ပေါက်သွားသည်။ ပါးစပ်မှာလည်း တွန့်လိမ်သွားပြီး သွားများကို ဖြဲပြနေရာ မကြာမီတွင် စူးရှသော အစွယ်များ ထွက်ပေါ်လာတော့မည့်အလား ရှိသည်။
"ရှင်းချန်... မင်း သေသင့်တယ်"
ရှင်းရွယ်ရွယ်၏ ကိုယ်မှ အလောင်းချီ အငွေ့အသက်နဲ့အတူ သတ်ဖြတ်လိုစိတ်အော်ရာများ လျင်မြန်စွာ မြင့်တက်လာသည်။ လက်ချောင်းများမှာ လက်သည်းများအဖြစ် ကွေးသွားပြီး ရှင်းချန်ထံသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။
အပျက်အစီးများထဲမှ ထလာခါစရှိသေးသော ရှင်းချန်မှာ အေးစက်သော လေပြင်းနှင့်အတူ ရှင်းရွယ်ရွယ်၏ တိုက်ခိုက်မှု ရောက်ရှိလာသဖြင့် ထိတ်လန့်သွားသည်။ "ရှင်းရွယ်ရွယ်... မင်း ဘာလုပ်ချင်တာလဲ။ ငါ့ကို တကယ် သတ်ချင်တာလား" ဟု အော်ရင်း တွန့်ဆုတ်မနေတော့ဘဲ ဓားဖြင့် ခုတ်ချလိုက်သည်။
နှစ်ဦးလုံး အစွမ်းကုန် ထုတ်သုံးလိုက်သဖြင့် တိုက်ပွဲမှာ ပို၍ ပြင်းထန်လာသည်။ ရှင်းချန်မှာ အများအားဖြင့် ခုခံရုံသာ တတ်နိုင်ပြီး ရှင်းရွယ်ရွယ်၏ ဖိအားပေးခြင်းကို အဆက်မပြတ် ခံနေရသည်။ ရှင်းရွယ်ရွယ်က အသိစိတ် မလွတ်သေးသောကြောင့် သူ့ကို မသတ်မိရန်၊ ခြေလက်များ ပြတ်မသွားစေရန် ဂရုစိုက်နေသဖြင့်သာ သက်သာရာ ရနေခြင်း ဖြစ်သည်။
သို့သော် အနီးအနားရှိ အဆောက်အအုံများနှင့် လေလွင့်ကျင့်ကြံသူများမှာမူ ထိုမျှ ကံမကောင်းကြပေ။ တိုက်ပွဲမှ ထွက်ပေါ်လာသော လက်ကျန်အင်အားမှာ ဖျက်ဆီးအားပြင်းသော မုန်တိုင်းတစ်ခုကဲ့သို့ပင်။ အဆောက်အအုံများမှာ စက္ကူကဲ့သို့ပင် အားနည်းလှသဖြင့် ထိခိုက်မှုအောက်တွင် အပိုင်းပိုင်း ပြိုကျကုန်သည်။ အပျက်အစီးများမှာ နေရာအနှံ့သို့ လွင့်စင်သွားပြီး လေထဲတွင် ဖုန်မှုန့်များ ဖုံးအုပ်နေတော့သည်။ အဆောက်အအုံများတွင်းရှိ လေလွင့်ကျင့်ကြံသူများမှာ လွတ်မြောက်ရန်ပင် အချိန် မရကြပေ။ သူတို့၏ ခန္ဓာကိုယ်များမှာ အပိုင်းပိုင်း ပြတ်တောက် ပျက်စီးကုန်သည်။ အကူအညီတောင်းသံများနှင့် အော်ဟစ်ညည်းညူသံများမှာ ထိုနယ်မြေတစ်ခုလုံးတွင် ဟိန်းထွက်နေသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် အဆောက်အအုံ ၁၀၀ ကျော် ပြိုကျသွားပြီး လေလွင့်ကျင့်ကြံသူ ရာနှင့်ချီ၍ သေဆုံးသွားခဲ့သည်။ အားနည်းသူများ၏ အသက်ကို အရေးမပါဟု မှတ်ယူထားကြသဖြင့် ရှင်းချန်နှင့် ရှင်းရွယ်ရွယ်တို့က ဂရုမစိုက်ကြပေ။ အဆင့်မြင့်ကျင့်ကြံသူ တချို့တလေ ရောက်လာသော်လည်း ရှင်းမိသားစု၏ တိုက်ရိုက်မျိုးဆက်ချင်း တိုက်ခိုက်နေမှုတွက် လက်မလျှိုရဲသဖြင့် ရှောင်ထွက်သွားကြသည်။
"တော်တော့"
ရုတ်တရက် မိုးကြိုးပစ်လိုက်သကဲ့သို့ နားကွဲမတတ် အော်ဟစ်သံတစ်ခု လေထဲတွင် တုန်ခါသွားကာ လူငယ်တစ်ဦး လေထဲတွင် ပေါ်လာသည်။
ထိုသူမှာ ရှင်းရွယ်ရွယ်၏ အစ်ကိုရင်း၊ ရှင်းမိသားစု၏ သားကြီး ရှင်းလီယန်ပင် ဖြစ်သည်။ "မင်းတို့နှစ်ယောက်... ချက်ချင်း ရပ်လိုက်စမ်း" ဟု ရှင်းလီယန်က ဒေါသတကြီး ပြောလိုက်သည်။ သူ့မျက်လုံးများမှာလည်း ဒေါသကြောင့် ရဲရဲနီနေသည်။
မှော်အတတ်ဖလှယ်ပွဲအတွက် နီးကပ်လာပြီဖြစ်ရာ၊ ဂိုဏ်းအသီးသီးမှ တပည့်များနှင့် အစွမ်းထက်သော လေလွင့်ကျင့်ကြံသူ အများအပြား ဖန်မြို့တော်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုအချိန်မျိုးတွင် မောင်နှမနှစ်ယောက် တိုက်ပွဲကြောင့် လေလွင့်ကျင့်ကြံသူ အများအပြား အလဟဿ သေဆုံးသွားခြင်းက ရှင်းမိသားစု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်မှာ အမှန်ပင် ဖြစ်သည်။
ရှင်းလီယန်၏ အော်ဟစ်သံကြောင့် ရှင်းရွယ်ရွယ်ပင် တုန်လှုပ်သွားပြီး တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။
"ဟွန့်"
နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ရှင်းရွယ်ရွယ်သည် ဓားပျံကို စီးကာ လေထဲသို့ ပျံတက်သွားသည်။
ရှင်းချန်မှာမူ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ပင်၊ သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး တစ်ကိုယ်လုံး သွေးများ စိုရွဲကာ ဖရိုဖရဲ ဖြစ်နေသည်။
"အစ်ကိုကြီး... အစ်မရွယ်ရွယ်က..."
ရှင်းချန် စကားမဆုံးမီမှာပင် ရှင်းလီယန်က ဖြတ်ပြောလိုက်သည်။
"တော်တော့.. ချက်ချင်း ပြန်တော့၊ ဒီမှာ အရှက်မကွဲစေနဲ့"
ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်သော ရှင်းလီယန် ရှေ့တွင် ရှင်းချန်မှာ မဖီဆန်ဝံ့ပေ။ ဒဏ်ရာရထားသည့်ကြားမှ အားတင်းကာ ထွက်ခွာသွားခဲ့သည်။
ထို့နောက် ရှင်းလီယန်လည်း အရိပ်အယောင်မရှိ ပျောက်ကွယ်သွားသည်။ ကျန်ရှိခဲ့သည်မှာ အပျက်အစီးများနှင့် သေဆုံးသူများ၏ အလောင်းများသာ ဖြစ်သည်။
……
စုန့်ဝမ်မှာမူ ရှင်းရွယ်ရွယ် ရောက်ရှိလာတည်းက အခြေအနေ မဟန်မှန်း ရိပ်မိပြီး လစ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲကို စက်ကွင်းလွတ်ရာ အဝေးတစ်နေရာမှသာ စောင့်ကြည့်နေခဲ့သည်။
အစောပိုင်းတွင် ရှင်းရွယ်ရွယ်ထံ၌ ပါရှိသော အော်ရာ ဖုံးကွယ်သည့် ရတနာကြောင့် စုန့်ဝမ် သူမကို ချက်ချင်း မမှတ်မိခဲ့ပေ။ ဖုတ်ကောင်အသွင်ပြောင်း လက္ခဏာများကို မြင်တွေ့လိုက်ရမှသာ သူ့ဆီမှ အလောင်းဘုရင် သွေးသန့်စင်ပညာကို လဲလှယ်သွားသော အမျိုးသမီးဖြစ်ကြောင်း သတိပြုမိလိုက်ခြင်း ဖြစ်သည်။
တိုက်ပွဲပြီး၍ ရှင်းရွယ်ရွယ် ဆုတ်ခွာသွားသည်ကို ကြည့်ရင်း စုန့်ဝမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် မရိပ်မိနိုင်လောက်သာ အကွာအဝေးမှ နောက်ယောင်ခံ လိုက်ပါလာခဲ့သည်။ ကံကောင်းထောက်မပြီး ရှင်းရွယ်ရွယ်က မြောက်ဘက်မြို့သို့ မပြန်ဘဲ တောင်ဘက်မြို့၏ ဈေးတန်းအတွင်း လမ်းလျှောက် ဝင်သွားခဲ့သည်။
ရှင်းရွယ်ရွယ် သွားလာနေရင်း အတော်လေး ဆိတ်ငြိမ်သော နေရာတစ်ခုသို့ ရောက်သောအခါ ထူးဆန်းသော ပိုးကောင်တစ်ကောင်က သူမအာရုံကို ဆွဲဆောင်လိုက်သည်။
"ဒါက အဲဒီလူရဲ့ ကူပိုးကောင်ပဲ"
ရှင်းရွယ်ရွယ်က တီးတိုးရေရွတ်ရင်း ကူပိုးကောင်ကို ဖမ်းရန် ပြင်လိုက်သော်လည်း ထိုကူပိုးကောင်မှာ လမ်းဘေးရှိ ကျောက်တံတိုင်း၏ အက်ကြောင်းတစ်ခုအတွင်းသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
ရှင်းရွယ်ရွယ် အနီးကပ် ကြည့်လိုက်သောအခါ ကျောက်အက်ကြောင်းထဲတွင် ကျောက်စိမ်းပြားတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ရှင်းရွယ်ရွယ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း သံသယဖြစ်ဖွယ်ရာ မည်သည့်လူပုဂ္ဂိုလ်ကိုမျှ မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ စစ်ဆေးပြီး မည်သည့်အန္တရာယ်မျှ မရှိကြောင်း အတည်ပြုပြီး နောက်ဆုံးတွင် သူမ၏ ဝိညာဉ်အာရုံကို ကျောက်စိမ်းပြားအတွင်းသို့ ထည့်သွင်းကြည့်ရှုလိုက်သည်။
"ရွှေအမြုတေအဆင့်အတွက် အလောင်းဘုရင် သွေးသန့်စင်ကျင့်စဥ် ရယူချင်တယ်ဆိုရင်၊ ဒီည တစ်နာရီ ကြယ်တာရာရေကန်ကို လာခဲ့ပါ။ ပြီးခဲ့တဲ့တစ်ခါက ရတနာမျိုးတွေကိုပဲ ယူလာပါ။ တစ်ယောက်တည်း လာရမယ်။ အကယ်၍ နောက်ကျမယ်၊ လူပိုခေါ်လာမယ်ဆိုရင် နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
"ဒါ အဲဒီလူပဲ။ ရတနာဖလှယ်ပွဲ အပြင်ဘက်မှာ ငါ့ကို ကြားဖြတ်တားခဲ့တဲ့ အဲဒီလူက လမ်းမှန်ကျင့်ကြံသူ ဖြစ်ရမယ်။ ဒါပေမဲ့ သူက နှစ်ကြိမ်လုံး အလောင်းသန့်စင်ပစ္စည်းတွေကိုပဲ လဲလှယ်ဖို့ တောင်းဆိုတယ်။ ကြည့်ရတာ ဒီလူ့နောက်ကွယ်မှာ အလောင်းကျင့်ကြံသူတစ်ယောက် ရှိနေပုံရတယ်၊ သာမန်ကျင့်ကြံသူ မဟုတ်ဘဲ ရွှေအမြုတေအဆင့် တစ်ယောက် ဖြစ်နိုင်တယ်။ သူက တကယ်ပဲ ရွှေအမြုတေအဆင့် အလောင်းဘုရင် သွေးသန့်စင်ကျင့်စဥ်ကို ပိုင်ဆိုင်ထားတာလား"
ဤအချက်ကို စဉ်းစားမိသောအခါ ရှင်းရွယ်ရွယ် မျက်နှာတွင် ဝမ်းသာမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ငါက အခြေတည်အဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတာ။ တစ်ယောက်တည်း သွားမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ အခုလေးတင် ဟိုအကောင်ရှင်းချန်ကို ရိုက်နှက်လိုက်တာဆိုတော့၊ အဲဒီမိန်းမယုတ် ရှန်းယွဲ့က အဖေ့ဆီ သွားငိုပြမှာ အသေအချာပဲ။ ခုချိန် အဖေ့ကို ဝင်ပါပေးဖို့ တောင်းဆိုလို့ မဖြစ်ဘူး။ အဖေက ငါ ရွှေအမြုတေအဆင့် ရောက်သွားရင် အလောင်းဘုရင် သွေးသန့်စင်ပညာကို ဆက်ကျင့်ကြံဖို့ ခွင့်မပြုတော့ဘူး။ ကြည့်ရတာ အဖွားကျင်းကိုပဲ အကူအညီ တောင်းရတော့မယ် ထင်တယ်"
ဆုံးဖြတ်ပြီးသည်နှင့် ရှင်းရွယ်ရွယ်လည်း ဓားပျံကို စီးနင်းကာ မြောက်ဘက်မြို့ဆီသို့ ဦးတည်လိုက်သည်။ ရှင်းကောင်းဟန်၏ တရားဝင်သမီး ဖြစ်သည့်အားလျော်စွာ ဖခင်၏ ချစ်ခင်မှုကို ရရှိထားပြီး၊ ဖခင်ဖြစ်သူက သူမအတွက် ရွှေအမြုတေအဆင့် အစောင့်အရှောက်တစ်ဦးဖြစ်သည့် အဖွားကျင်းကိုပင် ခန့်အပ်ပေးထားသည်။ အဖွားကျင်းသည် ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သူမတွင် ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိပြီး၊ သာမန်အစောင့်တစ်ယောက်ကဲ့သို့ ရှင်းရွယ်ရွယ်နောက် နေ့စဉ် လိုက်ပါနေခြင်း မရှိပေ။ အဖွားကျင်း၏ အကူအညီကို ရရှိရန်အတွက် ရှင်းရွယ်ရွယ်အနေဖြင့် သူမကို ကောင်းမွန်စွာ ပြောဆိုဖျောင်းဖျရမည် ဖြစ်သည်။
...