← Chapters

ထောင်ချောက်မိခြင်း

Vol. 28 Ch. 289

ထောင်ချောက်မိခြင်း

Vol. 28 Ch. 289

ထိုည၊ နံနက် ၁ နာရီတွင် ရှင်းရွယ်ရွယ် ကြယ်တာရာကန်၏ အလယ်ကျွန်း အထက်တွင် အချိန်မီ ပေါ်လာခဲ့သည်။ သို့သော် စုန့်ဝမ်မှာမူ ပေါ်မလာသေးပေ။ ရှင်းရွယ်ရွယ်က သူမအား ချိန်ဆိုထားသူမှာ သတိကြီးသည်ကို သိရှိပြီးဖြစ်သဖြင့် မလောဘဲ၊ ဓားပျံပေါ်တွင် ရပ်လျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ရေမျက်နှာပြင်ပေါ်သို့ မျက်နှာဖုံးစွပ်ထားသော လူရိပ်တစ်ခု တက်လာသည်။ ထိုသူမှာ စုန့်ဝမ် ဖြစ်ပြီး၊ ကန်အောက်ခြေတွင် ပုန်းအောင်းနေကာ ကူပိုးကောင်ကို အသုံးပြု၍ ပတ်ဝန်းကျင်ကို ကင်းထောက်နေခြင်း ဖြစ်သည်။ ရှင်းရွယ်ရွယ် တစ်ယောက်တည်း လာသည်ကို အတည်ပြုနိုင်ပြီးမှသာ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်တစ်ခါက သူမသည် ဝိညာဥ်သန္ဓေ အထွတ်အထိပ်အဆင့်ရှိ သူမ၏ဖခင်ကို ခေါ်ဆောင်လာခဲ့ဖူးသဖြင့် စုန့်ဝမ်မှာ အထူး ဂရုစိုက်နေရခြင်း ဖြစ်သည်။

"တာအိုရောင်းရင်း... မင်း နည်းနည်း နောက်ကျနေတယ်နော်။ မင်း မလာရဲဘူးလို့ ငါ ထင်နေတာ၊ ဒါပေမဲ့ ကန်အောက်ခြေမှာ ပုန်းနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး" ဟု ရှင်းရွယ်ရွယ်က လှောင်ပြောင်သရော်သော လေသံဖြင့် ပြောလိုက်သည်။

စုန့်ဝမ် စိတ်ထင့်သွားသည်။ အစောပိုင်းက ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း၊ ယခု ရှင်းရွယ်ရွယ် စကားပြောလိုက်သည့်အခါမှ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ သူ့ရှေ့တွင် ရှိနေသော ရှင်းရွယ်ရွယ်မှာ ပြီးခဲ့သည့်အကြိမ်က တွေ့ခဲ့သော ရှင်းရွယ်ရွယ်နှင့် တစ်စုံတစ်ရာ ကွာခြားနေသည်ဟု ခံစားမိနေသည် မဟုတ်ပါလား။ သို့သော် မည်သည့်အရာက ကွဲပြားနေသည်ကို အတိအကျ မပြောနိုင်သေးပေ။ သူ့အနေဖြင့် ဝိညာဉ်ထိုးဖောက်ကျင့်စဉ်အတွက် ညှိနှိုင်းရန် ရှင်းရွယ်ရွယ်ကို ဤနေရာသို့ မျှားခေါ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ကိုယ်တိုင် ထောင်ချောက်ထဲ မကျစေရန် ဂရုစိုက်ရမည် ဖြစ်သည်။

"ပစ္စည်းတွေ ပါလား" ဟု စုန့်ဝမ်က အသံနှိမ့်၍ မေးလိုက်သည်။

ရှင်းရွယ်ရွယ်က သိုလှောင်အိတ်တစ်ခုကို ထုတ်ပြလိုက်သည်။

"အင်း... အကုန်ယူလာခဲ့တယ်၊ ဒါပေမဲ့ မင်းဆီမှာ တကယ်ပဲ နောက်ဆက်တွဲကျင့်စဉ် ရှိတာ သေချာရဲ့လား"

စုန့်ဝမ်က ကျောက်စိမ်းပြားတစ်ခုပြလိုက်သည်။

"ကျင့်စဉ်က ဒီမှာ ရှိတယ်။ လဲကြရအောင်"

ရှင်းရွယ်ရွယ်က အဓိပ္ပာယ်ဖော်မရသော အပြုံးမျိုးဖြင့် ရုတ်တရက် ပြုံးလိုက်သည်။

"ရွှေအမြုတေအဆင့် ကျင့်စဉ်တစ်ခုတည်းအတွက်နဲ့ စျေးအများကြီး တောင်းတာ လောဘကြီးလွန်းတယ်လို့ မထင်ဘူးလား"

စကားဆုံးသည်နှင့် ရှင်းရွယ်ရွယ်သည် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ စုန့်ဝမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ တပြိုင်နက်တည်းမှာပင် တစ်ပေခန့်ရှည်သော သံဆူးချွန်အမြောက်အမြား ထွက်ပေါ်လာပြီး စုန့်ဝမ်၏ ဦးခေါင်းဆီသို့ တည့်တည့် ဦးတည်လာသည်။

ကြိုတင်ပြင်ဆင်ထားသော စုန့်ဝမ်ကလည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ချက်ချင်းပင် ၁၀ ပေကျော် ရှည်လျားသော မိုးကြိုးလှံ သုံးစင်း လျင်မြန်စွာ ဖြစ်ပေါ်လာပြီး သံဆူးချွန်များထံသို့ ပြေးဝင်သွားသည်။ သံဆူးချွန်များနှင့် ထိမိတော့မည့် အချိန်တွင် မိုးကြိုးလှံများ ရုတ်တရက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းများကို ထုတ်လွှတ်လိုက်သည်။ လျှပ်စီး၏ ရိုက်ခတ်မှုအောက်တွင် သံဆူးချွန်များ၏အရှိန်မှာ သိသိသာသာ လျော့ကျသွားပြီး အန္တရာယ် မပေးနိုင်တော့ပေ။

စုန့်ဝမ်မှာမူ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။

သူ့ရှေ့တွင် ရှိနေသော ရှင်းရွယ်ရွယ်မှာ အစစ်အမှန် မဟုတ်ပေ။ ထိုလူ၏ အော်ရာမှာ အမြဲတမ်း ဖုံးကွယ်ထားသဖြင့် စုန့်ဝမ်အနေဖြင့် ကျင့်ကြံမှုအဆင့်ကို အာရုံခံမရခဲ့ပေ။ တိုက်ခိုက်လိုက်သော အခါတွင်မှ အော်ရာအစစ်အမှန် ပေါ်ထွက်လာခဲ့သည်။ သူ့ရှေ့မှ လူမှာ ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

စုန့်ဝမ်သည် ထိုသူနှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် မရှိဘဲ လျှပ်စီးလွတ်မြောက်နည်းစနစ်ကို အမြန်အသုံးပြု၍ ထွက်ပြေးလိုက်သည်။

စုန့်ဝမ်၏ လျှပ်စီးကျင့်စဉ်များကို မြင်လိုက်ရသောအခါ အဖွားကျင်း၏ မျက်လုံးများတွင် အံ့သြမှုများ ဖြတ်ပြေးသွားသည်။

"ရွယ်အာ ပြောတော့ သူက အလောင်းကျင့်ကြံသူဆို"

မှန်ပေသည်၊ စုန့်ဝမ်၏ ရှေ့တွင် ရှိနေသော ရှင်းရွယ်ရွယ်မှာ အဖွားကျင်းက ရုပ်ဖျက်ထားခြင်း ဖြစ်သည်။ စုန့်ဝမ်သည် ဤအလဲအလှယ်များမှ မတန်တဆစျေးဖြင့် အမြတ်ထုတ်ရန် ကြံစည်ခဲ့သည်။ သို့သော် ရှင်းရွယ်ရွယ်မှာလည်း စိတ်ကောင်းရှိသူ မဟုတ်ပေ၊ သူမကလည်း စုန့်ဝမ်ကို ပြန်လည် ဖမ်းဆီးရန် ကြံစည်ခဲ့သည်။ ထို့ကြောင့် အဖွားကျင်းကို မျက်နှာဖုံးမှော်ရတနာ တတ်ဆင်၍ ရုပ်ဖျက်ဟန်ဆောင်စေပြီး တိုက်ခိုက်စေခဲ့ခြင်း ဖြစ်သည်။

ရွှေအမြုတေ အစောပိုင်းအဆင့်သာ ရှိသော်လည်း စုန့်ဝမ်သည် လျှပ်စီးလွတ်မြောက်နည်းစနစ်ကို အသုံးပြုနေသဖြင့် သူ့အရှိန်မှာ ရွှေအမြုတေ အလယ်အဆင့်ရှိသော အဖွားကျင်းထက် မလျော့သည့်အပြင် အနည်းငယ်ပင် သာလွန်နေသည်။

၎င်းတို့နှစ်ဦးကြား အကွာအဝေး ပိုမို ကွာဟလာသည်ကို မြင်သောအခါ အဖွားကျင်းသည် ရုတ်တရက် စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူမ၏ အရှိန်ကို မြှင့်တင်လိုက်သည်။

၎င်းကို မြင်သောအခါ စုန့်ဝမ်က လျှပ်စီးနည်းစနစ်ကို စတင် အသက်သွင်းလိုက်သည်။ အထက်ကောင်းကင်တွင် တိမ်တိုက်မည်းများ လိပ်တက်လာပြီး ငွေရောင်လျှပ်စီးများမှာ တိမ်တိုက်များကြားတွင် သွားလာနေသော ငွေရောင်မြွေငယ်လေးများအလား တဖျပ်ဖျပ် လက်နေသည်။

"မဟာဂူမိုးကြိုး"

ချက်ချင်းပင် တိမ်တိုက်များကြားရှိ လျှပ်စီးများသည် လျင်မြန်စွာ စုစည်းကာ သိပ်သည်းလာပြီး ပန်းကန်လုံးခန့် အထူရှိသော မိုးကြိုးလျှပ်စီးတစ်ခု တိမ်တိုက်များကို ဖောက်ထွက်ကာ အဖွားကျင်းထံသို့ ပြေးဝင်သွားသည်။

ရုတ်တရက် ကျဆင်းလာသော မိုးကြိုးကို မြင်လိုက်ရသောအခါ အဖွားကျင်းသည် အလွန်ပင် အံအားသင့်သွားတော့သည်။ သူမရှေ့တွင် ထွက်ပြေးနေသောသူမှာ ရွှေအမြုတေ အစောပိုင်းအဆင့်သာ ရှိသော်လည်း၊ အသုံးပြုလိုက်သော လျှပ်စီးကျင့်စဉ်မှာ ရွှေအမြုတေ အလယ်အဆင့်ရှိသူ၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်လောက်အောင် အစွမ်းထက်နေသည်။ ထို့အပြင် အသုံးပြုသွားသော လျှပ်စီးကျင့်စဉ်မှာ သူမ တစ်ခါမျှ မမြင်ဖူးသော ပုံစံမျိုး ဖြစ်နေသည်။ ၎င်းတွင် ပါရှိသော ကောင်းကင်ချီမှာ ပိုမို ကျယ်ပြောပြီး အားကောင်းလှသည်။

အဖွားကျင်းမှာ မပေါ့ဆဝံ့တော့ပေ။ တည်ငြိမ်သော အမူအရာဖြင့် လက်ကို မြှောက်ကာ သံဆူးချွန် ၉ စင်းကို ပစ်လွှတ်လိုက်သည်။ သံဆူးချွန်များသည် ကောင်းကင်သို့ ပျံတက်သွားပြီး မိုးကြိုးဆီသို့ တည့်တည့် ဦးတည်သွားသည်။

ဤသံဆူးချွန်များမှာ မိစ္ဆာနှိမ်ဆူးချွန်ဟု လူသိများသော အနိမ့်စားအဆင့် မှော်ရတနာများ ဖြစ်သည်။ ၎င်းတို့ကို သန့်စင်စဉ်အတွင်း သတ္တုဓာတ်အခြေခံ ဝိညာဉ်ပစ္စည်း အမျိုးမျိုးကို ပေါင်းစပ်ထားသဖြင့် အလွန်အမင်း မာကျောရုံသာမက မိစ္ဆာများကို နှိမ်နင်းနိုင်သော အထူးစွမ်းအားလည်း ပါရှိသည်။ ၎င်းတို့သည် အမျိုးမျိုးသော မှော်မန္တန်များနှင့် ကာကွယ်ရေး အစီအရင်များကို ဖောက်ထွင်းနိုင်ပြီး၊ အထူးသဖြင့် အစွမ်းထက်သော ကျင့်ကြံသူများ၊ သန်မာသော ခန္ဓာကိုယ်ရှိသည့် မိစ္ဆာသားရဲများကို တိုက်ခိုက်ရာတွင် ထိရောက်လှသည်။

"ဂျိမ်း.."

လျှပ်စီးနှင့် သံဆူးချွန်များ ထိမိသွားကာ နားကွဲမတတ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် စူးရှသော လျှပ်စီးများ ပျံ့နှံ့သွားပြီး ညကောင်းကင်ကို နေ့ခင်းဘက်အလား လင်းထိန်သွားစေသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းမှာ အပြင်ဘက်သို့ လျင်မြန်စွာ ရိုက်ခတ်သွားပြီး ပတ်ဝန်းကျင်ရှိ လေထုကို တုန်ခါသွားစေသည်။

အဖွားကျင်းသည် မိုးကြိုးပစ်ခတ်မှုကို ဟန့်တားနိုင်ခဲ့သော်လည်း သူမ၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားပြီး စုန့်ဝမ်နှင့် သူမကြားရှိ အကွာအဝေးမှာ လျင်မြန်စွာ ကွာဟသွားခဲ့သည်။

"ပြေးချင်တာလား၊ အဲဒီလောက် မလွယ်ဘူး"

အဖွားကျင်းသည် ဤမျှလွယ်လွယ်နှင့် လက်လွှတ်မခံလိုပေ။ ခန္ဓာကိုယ်ကို လှုပ်ရှားကာ အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ စုန့်ဝမ်နောက်သို့ တစ်ဖန် ပြန်လည်လိုက်ပါတော့သည်။

သို့သော် ခြေလှမ်း ရာဂဏန်းခန့်သာ လိုက်ရသေးသည်၊ နောက်ထပ် မိုးကြိုးတစ်ချက် ထပ်မံ ကျဆင်းလာပြန်သည်။ အဖွားကျင်းမှာ ဝိညာဉ်စွမ်းအင်ကို ထပ်မံစုစည်းကာ အစွမ်းကုန် ပြန်လည်ကာကွယ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ယင်းကြောင့် အရှိန်ပြန်ရခါစ အခြေအနေမှာ တစ်ဖန် ပြန်လည်၍ နှေးကွေးသွားရပြန်သည်။

မှောင်မိုက်နေသော အဝေးတစ်နေရာတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော စုန့်ဝမ်ကို ကြည့်ရင်း အဖွားကျင်း၏ စိတ်ထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားကာ ခပ်တိုးတိုး ကျိန်ဆဲလိုက်မိသည်။ မကျေမနပ်ဖြစ်နေသော်လည်း ထိုသူကို လိုက်မမီနိုင်တော့ကြောင်း သူမ သိလိုက်သည်။ အဖွားကျင်းလည်း မတတ်သာသည့်အဆုံး လှည့်ပြန်ခဲ့ပြီး ဖန်မြို့ဘက်သို့ ဦးတည်သွားတော့သည်။

လိုက်ဖမ်းနေသူ ရပ်တန့်သွားသည်ကို မြင်သောအခါ စုန့်ဝမ်သည်လည်း အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်သည်။ ကံကောင်းစွာဖြင့် ရှင်းရွယ်ရွယ် စေလွှတ်လိုက်သူမှာ ရွှေအမြုတေ အလယ်အဆင့် ကျင့်ကြံသူသာ ဖြစ်နေ၍ တော်သေးသည်။ အကယ်၍ ဝိညာဉ်သန္ဓေအဆင့်သာ ဖြစ်ခဲ့လျှင် အန္တရာယ်ရှိသွားနိုင်သည်။

ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးနောက် သူ့စိတ်နေစိတ်ထားမှာ တိတ်တဆိတ် ပြောင်းလဲသွားခြင်းကို စုန့်ဝမ် ယခုမှပင် သတိပြုမိသွားသည်။ သူ့အနေဖြင့် ယခင်ကကဲ့သို့ သတိကြီးကြီးမထားတော့ဘဲ အရဲစွန့်သည့်ပုံစံ ဖြစ်လာနေပုံရသည်။

"နောင်ကို ဒီနေ့လိုမျိုး မဆင်မခြင် မလုပ်မိစေရဘူး"

စုန့်ဝမ်သည် မိမိကိုယ်ကိုယ် စိတ်ထဲမှ တိတ်တဆိတ် သတိပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

စုန့်ဝမ်လက်ထဲတွင် အဝါရောင် စာရွက်တစ်ရွက် ရုတ်တရက် ပေါ်လာသည်။ ထိုစာရွက်မှာ မှောင်မိုက်ကြယ်မှောင်ခိုဈေးရှိ ဆေးပင်တစ်ရာခန်းမမှ ဝန်ထမ်းတစ်ဦး ပေးခဲ့သော အလောင်းကျိန်စာရေစင်၏ အပိုင်းအစ ဖြစ်သည်။ ဝန်ထမ်းက ဆေးပင်တစ်ရာခန်းမသည် ရှင်းမိသားစု၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ပြောခဲ့သည်။

ထို့အပြင် ထိုအစေခံက သခင်မလေးဆိုသည့် စကားလုံးကိုလည်း ထပ်တလဲလဲ ပြောခဲ့ဖူးသည်။ တိုက်တိုက်ဆိုင်ဆိုင် ရှင်းရွယ်ရွယ်သည်လည်း ရှင်းမိသားစု၏ ကျင့်စဉ်များကို မကျင့်ဘဲ အလောင်းဘုရင် သွေးသန့်စင်ပညာကို ကျင့်ကြံနေခြင်း ဖြစ်သည်။ ဤသဲလွန်စများကို ထောက်ချင့်ကာ စုန့်ဝမ်သည် ရှင်းရွယ်ရွယ်မှာ ထိုအစေခံပြောသော သခင်မလေး ဖြစ်နိုင်ပြီး ဆေးပင်တစ်ရာခန်းမ၏ အစစ်အမှန် ထိန်းချုပ်သူဖြစ်မည်ဟု သံသယဝင်လာသည်။

စဥ်းစားနေသည်ထက် သွားရောက် စနည်းနာခြင်းက ပိုကောင်းမည်ဟု စုန့်ဝမ် ဆုံးဖြတ်လိုက်ပြီး ဆယ်ကျော်သက်အရွယ် ကျင့်ကြံသူလေးတစ်ဦးအဖြစ် ရုပ်ဖျက်ကာ မှောင်ခိုဈေးဘက်သို့ ဓားစီး၍ ပျံသန်းသွားတော့သည်။

......

ညသန်းခေါင်ကျော်တွင် ရှင်းရွယ်ရွယ် ဆေးပင်တစ်ရာခန်းမသို့ ရောက်လာသည်။

"အဖွားကျင်း... ဘယ်လိုလဲ၊ အဲဒီလူကို ဖမ်းမိခဲ့လား"

သူ့ကို စောင့်နေသာ အဖွားကျင်းကို မြင်သောအခါ ရှင်းရွယ်ရွယ်က မနေနိုင်ဘဲ အလျင်အမြန် မေးလိုက်သည်။

အဖွားကျင်းက ခေါင်းခါလိုက်သည်။

"သူ လွတ်သွားပြီ"

"ကျင့်စဉ်ကော"

"ကျင့်စဉ်ကိုလည်း ငါ မရခဲ့ဘူး"

ရှင်းရွယ်ရွယ် အလွန်အမင်း စိတ်ပျက်သွားပြီး ထိုင်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

အဖွားကျင်းက "သခင်မလေး သူ့ကို အကဲခတ် မှားခဲ့တာပဲ။ သူက အလောင်းကျင့်ကြံသူ မဟုတ်ဘူး၊ မိုးကြိုးကျင့်စဉ် အထူးပြုတဲ့ လမ်းမှန်ကျင့်ကြံသူ တစ်ယောက်ပဲ"ဟု ပြောလိုက်သည်။

ရှင်းရွယ်ရွယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူသာ လမ်းမှန်ကျင့်ကြံသူဆိုရင် ဘာဖြစ်လို့ အလောင်းသန့်စင် ပစ္စည်းတွေကို လဲလှယ်ဖို့ တောင်းဆိုနေရတာလဲ"

"ဒါတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သူ လွတ်သွားပြီဆိုတော့ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး။ သခင်မလေး... လာမယ့်ရက်တွေမှာ သတိထားတာ ကောင်းမယ်။ မိသားစုဆီ ပြန်သွားပြီး အဲဒီမှာ ဆက်ကျင့်ကြံတာက အကောင်းဆုံးပဲ"

"နားလည်ပါပြီ၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖွားကျင်း"

ရှင်းရွယ်ရွယ်က ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။

ညဦးပိုင်း သူမ မိသားစုဆီ ပြန်သွားချိန် ဖခင်ဖြစ်သူ ရှင်းကောင်းဟန်က ခေါ်ယူကာ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ ဖခင်ဖြစ်သူများ ကိုယ်လုပ်တော်ရှန်းယွဲ့က သူမသည် ရှင်းချန်အား အနိုင်ကျင့် ရိုက်နှက်ကြောင်း ငိုယိုတိုင်ကြားခဲ့သောကြောင့် ဖြစ်ကြောင်း သိလိုက်ရပြီး ၎င်းကိစ္စက ရှင်းရွယ်ရွယ်၏ စိတ်အခြေအနေ ဆိုးရွားစေခဲ့သည်။

ယခုတစ်ဖန် အဖွားကျင်းက ကျင့်စဉ်ကိုပါ ယူမလာနိုင်သည့်အတွက် စိတ်အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားကာ ဒေါသပေါက်ကွဲနေတော့သည်။ အဖွားကျင်းအပေါ် အပေါ်ယံတွင် လေးစားဟန်ပြသော်လည်း စိတ်ထဲတွင်မူ များစွာ မကျေမနပ် ဖြစ်နေသည်။ သို့သော် အဖွားကျင်း၏ ကျင့်ကြံမှု အဆင့်အတန်းနှင့်၊ နောင်တွင်လည်း အကူအညီ လိုအပ်ဦးမည် ဖြစ်သောကြောင့် မကျေနပ်မှုကို အပြင်ပန်းတွင် ထုတ်မပြခဲ့ပေ။

ရှင်းရွယ်ရွယ် စိတ်အ​ခြေအနေကို ရိပ်မိသော အဖွားကျင်းက ထပ်မံ အကြံပေးခြင်း မပြုတော့ဘဲ မျက်နှာဖုံး မှော်ရတနာနှင့် သိုလှောင်အိတ်ကို ပြန်ပေးလိုက်သည်။ ထို့နောက် နှစ်ဦးသား အရေးမပါသော စကားအနည်းငယ်ကို ပြောဆိုခဲ့ကြပြီး အဖွားကျင်းလည်း ထွက်လာခဲ့သည်။

………………

All Chapters