← Chapters

ရှင်းရွယ်ရွယ်နောက် ခြေရာခံလိုက်ခြင်း

Vol. 28 Ch. 290

ရှင်းရွယ်ရွယ်နောက် ခြေရာခံလိုက်ခြင်း

Vol. 28 Ch. 290

အချိန်က နံနက် ၄ နာရီခန့် ရှိပြီး အရုဏ်တက်ရန် နီးကပ်နေပြီ ဖြစ်ကာ မှောင်ခိုဈေးသည်လည်း မကြာမီ ပိတ်တော့မည်။

အဖွားကျင်း ဆိုင်ထဲမှ ထွက်လာစဉ် ဆယ်ကျော်သက်အရွယ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး သူမဘေးမှ ဖြတ်ကာ အဆောက်အအုံထဲသို့ ဝင်လာသည်။ အဖွားကျင်းက ထိုသူအား အရေးမစိုက်သော်လည်း ရုပ်ဖျက်ထားသော စုန့်ဝမ်က အဖွားကျင်း၏အော်ရာကို မှတ်မိလိုက်သဖြင့် ဝမ်းသာသွားသည်။ ထိုသူမှာ ယမန်နေ့ညက ကြယ်တာရာကန်တွင် တွေ့ခဲ့သူပင် မဟုတ်ပါလား။ ထို့သို့ အဆင့်မြင့် ကျင့်ကြံသူ ဆိုင်ထဲမှ ထွက်လာခြင်းမှာ ရှင်းရွယ်ရွယ် ဆိုင်ထဲတွင် ရှိနေသည့် သဘောပင်။

"ခွင့်ပြုပါဦး၊ ခင်ဗျားတို့ ဆိုင်မှာ နဂါးအကြောမြက် ရှိလား"

"ရှိပါတယ်။ စီနီယာက သက်တမ်း ဘယ်လောက်ရှိတာကို လိုချင်တာလဲ"

ဆိုင်ဝန်ထမ်းက အခြေတည်အဆင့်အော်ရာ ထုတ်လွှတ်ထားသော စုန့်ဝမ်ကို လေးလေးစားစား ဖြေသည်။

"မင်းတို့ဆီမှာ သက်တမ်းအရင့်ဆုံးက ဘယ်လောက်လဲ"

"သက်တမ်း နှစ်ငါးရာရှိတဲ့ နဂါးအကြောမြက် ရှိပါတယ်၊ နည်းနည်းတော့ ဈေးကြီးပေမဲ့ပေါ့"

စုန့်ဝမ်က အံ့သြပြီး မျက်ခုံးပင့်လိုက်မိသည်။ ဆေးပင်တစ်ရာခန်းမသည် ရှင်းမိသားစုဆိုင် ဖြစ်သဖြင့် ရှားပါးပစ္စည်းများ ရှိလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဤမျှ သက်တမ်းရှိသော နဂါးအကြောမြက် ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

နဂါးအကြောမြက်သည် ဝိညာဥ်သားရဲများ၏ သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်သည်။ တစ်နှစ်အတွင်း စုန့်ဝမ် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း ကူပိုးကောင်များ အဆင့်တက်မည့်လက္ခဏာ မတွေ့ရသေးပေ။ ထို့ကြောင့် နဂါးအကြောမြက်ကို အသုံးပြု၍ သွေးမျိုးဆက်ကို မြှင့်တင်ကာ ၎င်းတို့၏ ဆင့်ကဲပြောင်းလဲမှုကို လှုံ့ဆော်ရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။

"နှစ်ငါးရာသက်တမ်းရှိတဲ့ နဂါးအကြောမြက်က တစ်ပင်ကို ဘယ်လောက်လဲ"

"တစ်ပင်ကို ဝိညာဉ်ကျောက် နှစ်ထောင်ပါ"

နဂါးအကြောမြက်မှာ ဒုတိယအဆင့် ဝိညာဉ်ဆေးပင်သာ ဖြစ်ပြီး ဝိညာဥ်သားရဲများသာ စားသုံးနိုင်သည်။ သက်တမ်း နှစ်ငါးရာရှိသော်လည်း ထိုဈေးနှုန်းမှာ အတော်ပင် မြင့်မားနေသေးသည်။

"တစ်ထောင်ဆိုရင်ကော" ဟု စုန့်ဝမ်က စျေးဆစ်လိုက်သည်။

"စီနီယာ... တောင်းပန်ပါတယ်။ ဒီဈေးနှုန်းက ပိုင်ရှင်ကိုယ်တိုင် သတ်မှတ်ထားတာမို့လို့ ကျွန်တော်တို့ ဈေးလျှော့လို့ မရပါဘူး"

စုန့်ဝမ် ခေါင်းငြိမ့်လိုက်သည်။

"ဒါဆို မင်းတို့ဆီမှာ လက်ကျန် ဘယ်နှစ်ပင် ရှိလဲ"

ဖောက်သည်ကြီး တစ်ဦးနှင့် တွေ့ပြီဟု ထင်မှတ်ပြီး ဝန်ထမ်းမှာ ဝမ်းသာအားရဖြင့် "ရှစ်ပင် ရှိပါတယ် စီနီယာ"ဟု ပြန်ဖြေလိုက်သည်။

စုန့်ဝမ်က ခေါင်းခါလိုက်သည်။

"ရှစ်ပင်ပဲလား၊ နည်းလွန်းတယ်"

"စီနီယာက ဘယ်နှစ်ပင် လိုချင်တာလဲ။ ကျွန်တော် တာဝန်ခံကို တခြားနေရာတွေကနေ မှာပေးဖို့ ပြောပေးနိုင်ပါတယ်" ဟု ဝန်ထမ်းက ပြာပြာသလဲ ပြောလာသည်။

"အပင် ငါးဆယ်"

ဝန်ထမ်းမှာ ဝမ်းသာလွန်ပြီး ထကမိမတတ် ဖြစ်သွားသည်။ ယင်းမှာ ဝိညာဉ်ကျောက် တစ်သိန်းတန် ရောင်းချမှုဖြစ်ရာ ဆုကြေး အများအပြား ရရှိမည် ဖြစ်သည်။

"စီနီယာ... ကျေးဇူးပြုပြီး အနောက်ဖက်ဝင်းထဲက လက်ဖက်ရည်ဆောင်မှာ ခဏ နားနေပေးပါ။ နဂါးအကြောမြက်တွေကို ၁၅ မိနစ်အတွင်း ယူလာပေးပါ့မယ်"

စုန့်ဝမ်က သဘောတူလိုက်သည်။

ဝန်ထမ်း၏ ဦးဆောင်မှုဖြင့် သူတို့သည် အနောက်ဖက်ဝင်းသို့ ရောက်ရှိသွားသည်။ အနောက်ဖက်ခြံဝင်းမှာ သုံးဖက်သုံးတန် အခန်းများဖြင့် ဝန်းရံထားပြီး စနစ်တကျ ရှိလှသည်။ ခြံဝင်းထဲတွင် ကျောက်တောင်တုများနှင့် စိမ်းလန်းသော သစ်ပင်များ ရှိနေသဖြင့် အေးချမ်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်နေသည်။

ဝန်ထမ်းက စုန့်ဝမ်ကို အနောက်ဘက်ရှိ လက်ဖက်ရည်ဆောင်သို့ ခေါ်ဆောင်သွားပြီး ဝိညာဉ်လက်ဖက်ရည် ဖျော်ပေးကာ မထွက်ခွာမီ လျှောက်မသွားရန် သတိပေးခဲ့သည်။

စုန့်ဝမ်လည်း လက်ဖက်ရည်သောက်ရင်း အေးအေးလူလူ ထိုင်နေလိုက်သည်။ မည်သူမျှ မရိပ်မိစေရန် သူသည် ဝိညာဉ်အာရုံကို အသုံးမပြုဘဲ နေလိုက်သည်။ နှမ်းစေ့ခန့်ရှိသော ကူပိုးကောင်လေးတစ်ကောင်သာ လက်ဖက်ရည်ဆောင်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားသည်။

အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးချိန်တွင် ကူပိုးကောင် ပြန်ရောက်လာသည်။ ကူပိုးကောင်မှတစ်ဆင့် စုန့်ဝမ်သည် အနောက်ဖက်ခြံဝင်းအတွင်းရှိ အခြေအနေအရပ်ရပ်ကို သိရှိလိုက်ရသည်။ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ လက်ဖက်ရည်ဆောင်များ အတွင်း၌ ထူးခြားမှု မရှိပေ။

မြောက်ဘက်ရှိ အဆောက်အအုံတန်းတွင်မူ အစီအရင်များ ရှိနေသဖြင့် အတွင်းရှိ လှုပ်ရှားမှုများကို မည်သည့်နည်းနှင့်မျှ စုံစမ်း၍ မရနိုင်ပေ။ စုန့်ဝမ်လည်း ကူကောင်ကို ထပ်မံ စေလွှတ်လိုက်ပြီး ခြံဝင်းအတွင်းရှိ ကျောက်တောင်တုအတွင်း ပုန်းအောင်းနေရန် ညွှန်ကြားလိုက်သည်။

၁၅ မိနစ်အကြာတွင် ဝန်ထမ်းနှင့် အခြေခံတည်ဆောက်အဆင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦး ပေါ်လာသည်။ ဝန်ထမ်းက ထိုအမျိုးသမီးကို ဆေးပင်တစ်ရာခန်းမ၏ တာဝန်ခံအဖြစ် မိတ်ဆက်ပေးသည်။

"ကျွန်မတို့ဆီမှာ နှစ်ငါးရာသက်တမ်းရှိတဲ့ နဂါးအကြောမြက် အပင်ငါးဆယ် အဆင်သင့်ရှိပါတယ်။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပေးပါ"

တာဝန်ခံက သစ်သားစားပွဲပေါ်တွင် ကျောက်စိမ်းသေတ္တာ ငါးလုံးကို တင်လိုက်သည်။

စုန့်ဝမ်လည်း သေတ္တာငါးလုံးကို ဖွင့်ကာ တစ်ခုချင်းစီ စစ်ဆေးလိုက်သည်။ သေတ္တာတစ်လုံးစီတွင် နဂါးအကြောမြက် ၁၀ ပင်စီ ပါဝင်ပြီး အားလုံးမှာ သက်တမ်း နှစ်ငါးရာဝန်းကျင် ရှိကြသည်။

စုန့်ဝမ်လည်း စစ်ဆေးပြီးသည်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက် တစ်သိန်းကို တာဝန်ခံအား ပေးလိုက်ပြီး ကျောက်စိမ်းသေတ္တာ ငါးလုံးကို သိမ်းဆည်းလိုက်သည်။

"တာအိုရောင်းရင်း... နောက်လိုတာရှိရင်လည်း လာခဲ့ပါဦးနော်"

စုန့်ဝမ် ထွက်ခွာရန် မတ်တပ်ရပ်လိုက်စဉ် တာဝန်ခံအမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။

ယင်းကို ကြားသောအခါ စုန့်ဝမ်၏ နှုတ်ခမ်းများမှာ ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်သွားပြီး စကားမပြောဘဲ ခေါင်းငြိမ့်ပြကာ ထွက်ပေါက်ဆီသို့ လျှောက်လှမ်းသွားသည်။

ဆေးပင်တစ်ရာခန်းမမှ ထွက်လာပြီးနောက် စုန့်ဝမ်သည် အဝေးသို့ မသွားသေးဘဲ အနီးနားရှိ ဆိုင်များတွင် လှည့်လည်ကြည့်ရှုနေခဲ့သည်။

မိုးလင်းလာပြီး မှောင်ခိုဈေး ပိတ်တော့မည့် အချိန်အထိ ဆေးပင်တစ်ရာခန်းမ၏ အနောက်ဖက်ခြံဝင်းတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

မကြာမီ ဆိုင်များ ပိတ်သိမ်းလာပြီး မှောင်ခိုဈေး အစောင့်များ ပေါ်လာကာ ကျင့်ကြံသူများကို စတင် မောင်းထုတ်နေသဖြင့် စုန့်ဝမ်သည်လည်း ထွက်ခွာရန်မှတစ်ပါး အခြားမရှိတော့ပေ။

စုန့်ဝမ် ထွက်လာပြီး မကြာမီမှာပင် ထူထပ်သော မြူများ တက်လာပြီး မှောင်ခိုဈေး တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ယင်းမှာ မှောင်ခိုဈေး၏ ပုံရိပ်ယောင် အစီအရင်ပင် ဖြစ်သည်။ အဆိုပါ အစီအရင်က အတွင်းရှိလူများအား အပြင်ထွက်ခွင့် ပေးထားသာ်လည်း အတွင်းကို ဝင်ခွင့်မပြုပေ။ ကျင့်ကြံသူများ နေ့ခင်းဘက်တွင် မဝင်နိုင်စေရန် တားဆီးထားခြင်း ဖြစ်သည်။

စုန့်ဝမ်လည်း လှည့်ပတ်ကြည့်ရင်း မှောင်ခိုဈေး၏ နောက်ဘက်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် ကျောက်ဆောင် အက်ကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အော်ရာကို ဖုံးကွယ်ကာ ပုန်းအောင်းနေလိုက်သည်။ ကူကောင်၏ အကူအညီဖြင့် ဝိညာဉ်အာရုံမှာ မိုင် ၃၀ ကျော်အထိ ဖြန့်ကျက်နိုင်ပြီး မှောင်ခိုဈေးတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သည်။

ရှင်းရွယ်ရွယ် မှောင်ခိုစျေးမှ ထွက်လာသည်နှင့် သူ ချက်ချင်း သိနိုင်လိမ့်မည်။ သို့သော် သူမထံတွင် အော်ရာ ဖုံးကွယ်သည့် ရတနာ ရှိနေသဖြင့် ဝိညာဥ်အာရုံမှ လွတ်သွားမည်ကို စိုးရိမ်သောကြောင့် စောင့်ကြည့်ရန် ကူကောင်တစ်ကောင် ထားခဲ့ခြင်း ဖြစ်သည်။

အချိန်အတော်ကြာ စောင့်ရလိမ့်မည်ဟု ထင်ထားသော်လည်း နှစ်နာရီအကြာတွင် ကူကောင်သည် အစီအရင် အပြင်ဘက် ထွက်လာခဲ့သည်။ ၎င်း၏ ရှေ့ ခြေလှမ်းအနည်းငယ်တွင် မျက်နှာဖုံးစွပ်ထားသော ရှင်းရွယ်ရွယ် ရှိနေပြီး သူမက ဓားပျံစီးနင်းရင်း ဖန်မြို့တော်၏ အရှေ့ဘက် အဝေးတစ်နေရာသို့ ပျံသန်းသွားသည်။

……

ရှင်းရွယ်ရွယ်တစ်ယောက် အရှေ့ဘက်သို့ မိုင်တစ်ထောင်နီးပါး ပျံသန်းခဲ့ပြီး ကျယ်ပြောလှသော ချောက်ကြီးတစ်ခု၏ အောက်ခြေသို့ ရောက်ရှိသွားသည်။ ချောက်၏ အောက်ခြေမှာ မှောင်မိုက်၊ စိုထိုင်းနေပြီး ကြောက်မက်ဖွယ်ကောင်း၍ စိတ်မသက်မသာဖြစ်ဖွယ် လေထုဖြင့် ပြည့်နှက်နေသည်။

ရှင်းရွယ်ရွယ်က ထိုနေရာနှင့် ရင်းနှီးပုံရပြီး လျှိုမြောင်အောက်ခြေရှိ ဂူတစ်ခုဆီသို့ ဦးတည်သွားသည်။ ထိုဂူတွင် မည်သည့် အစီအရင်မျှ မရှိသော်လည်း ရှင်းရွယ်ရွယ်သည် အထဲသို့ ဇွတ်ဝင်မသွားဘဲ ဂူပေါက်ဝတွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။

"အဆိပ်အဖိုးကြီး... ထွက်လာခဲ့စမ်း။ ဒီသခင်မလေး မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်"

"ဟီးဟီးဟီး... သခင်မလေးရှင်းပါလား။ ငါ့ရဲ့ အဆိပ်တွင်းကို ကိုယ်တိုင် လာရောက်လည်ပတ်တာ ဂုဏ်ယူစရာပဲ။ ဘာကိစ္စ ရှိလို့လဲ"

မှောင်မိုက်သော ဂူထဲမှ ကုန်းကုန်းကွကွ ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ထိုသူမှာ မွဲခြောက်ခြောက် မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အားနည်းသော အဘိုးအို တစ်ဦးဖြစ်ပြီး၊ အရိုးပေါ် အရေတင်ဖြင့် ပိန်လှီလှသည်။ မျက်လုံးများမှာ မျက်တွင်းဟောင်းလောင်း ဖြစ်နေပြီး အပေါက်မည်းကြီး နှစ်ခုအလားပင်။ လက်ချောင်းများမှာ ရှည်လျား ခြောက်သွေ့နေပြီး သစ်ကိုင်းခြောက်များနှင့် တူလှသည်။

ရှင်းရွယ်ရွယ် အဘိုးအို၏ ရွံရှာဖွယ် အသွင်အပြင်ကို ကြည့်ကာ စက်ဆုပ်ရွံရှာဟန် ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်ဖုံးကွယ်လိုက်သည်။

"ဒီနေရာက စကားပြောဖို့ အဆင်မပြေဘူး။ မင်းရဲ့ အဆိပ်တွင်းထဲ ဝင်ကြရအောင်"

အဆိပ်အဖိုးအိုက အရိုးပေါ်အရေတင် ခြောက်သွေ့သော လက်ကို မြှောက်ကာ ဂူပေါက်ဝဘက်သို့ ပြလိုက်သည်။

"ငါ့ရဲ့ အဆိပ်တွင်းမှာ ဘာတားမြစ်ချက်မှ မရှိပါဘူး။ သခင်မလေး အလိုရှိသလို ဝင်ထွက်နိုင်ပါတယ်"

"တော်စမ်းပါ။ မင်းရဲ့ ခွင့်ပြုချက်မရဘဲ အဆိပ်တွင်းထဲကို မဆင်မခြင် ဝင်တာက သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ" ဟု ရှင်းရွယ်ရွယ်က ပြန်ပြောရင်း ရှေ့သို့ တိုးလိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်လိုက်ပြီး အဆိပ်ဖြေဆေး တစ်လုံးကို ထုတ်ကာ မျိုချလိုက်သည်။

ယင်းကို မြင်သောအခါ အဆိပ်အဖိုးအိုက ရုတ်တရက် ထူးဆန်းစွာ အော်ဟစ် ရယ်မောလိုက်သည်။ ထိုအခိုက် နှစ်ပေခန့် ရှည်သော ကင်းခြေများတစ်ကောင် မီးခိုးရောင် ဝတ်ရုံထဲမှ တွားထွက်လာပြီး ပိန်လှီသော မျက်နှာပေါ်သို့ တက်ကာ အဖိုးအို၏ ပါးစပ်ထဲသို့ ဝင်သွားသည်။ အဖိုးအိုက ကိုက်ချလိုက်ရာ စိမ်းဖန့်ဖန့် အရည်များ စင်ထွက်သွားပြီး သွေးများက ဝါကျင့်ကျင့် သွားများကို ပေကျံသွားသည်။ ဝါးစားနေသော ဂလုပ်ဂလုပ် မြည်သံများ ထွက်ပေါ်လာသည်။

"ငါ့ရှေ့မှာ အဲဒီလို ရွံစရာကောင်းတဲ့ ပိုးမွှားတွေကို ဆက်စားနေမယ်ဆိုရင်၊ မင်းပါးစပ်ထဲက သွားတွေကို တစ်ချောင်းမကျန် ရိုက်ချိုးပစ်မယ်" ဟု ရှင်းရွယ်ရွယ်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါ မစားတော့ပါဘူး" ဟု အဆိပ်အဖိုးအိုက ပြန်ဖြေသည်။

၎င်းတို့ စကားပြောရင်း ဂူအတွင်းပိုင်းသို့ လျင်မြန်စွာ ဝင်သွားကြရာ ဧက အနည်းငယ် ကျယ်ဝန်းသော ဂူကြီးတစ်ခုသို့ ရောက်ရှိသွားသည်။ ဂူအတွင်း၌ မျက်နှာသစ်ကန် အရွယ်အစားရှိသော ပင့်ကူကြီးများ၊ ပေအနည်းငယ် ရှည်သော ကင်းခြေများနှင့် တောက်ပသော ရောင်စုံအဆိပ်ပြင်းမြွေများ ရှိနေသည်။

"သခင်မလေး... အခု အထဲကို ရောက်ပြီဆိုတော့ စကားပြောလို့ ရပြီလား။ ဘာကိစ္စကြောင့် ငါ့ရဲ့ နိမ့်ကျလှတဲ့ နေရာကို ကိုယ်တိုင် လာရတာလဲ" ဟု အဆိပ်အဖိုးအိုက မေးသည်။

"မင်းဆီမှာ အမျိုးသမီးတစ်ယောက်ရဲ့ ကာမစိတ်ကို ကြွစေနိုင်တဲ့အရာ ရှိလား။ အဲဒါက ဘာခြေရာလက်ရာမှ မကျန်ရဘူး၊ ဘယ်သူမှလည်း စစ်ဆေးလို့ မရတာမျိုး ဖြစ်ရမယ်"

အဆိပ်အဖိုးအို၏ ညာဘက်လက်တွင် အနက်ရောင် မြေအိုးလေး တစ်လုံး ရုတ်တရက် ပေါ်လာသည်။

"ဒါက မက်မွန်ပွင့်အချစ်အဆိပ်ပဲ။ ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူအတွက်တော့ အဲဒီအနံ့ကို နည်းနည်းလေး ရှူမိရုံနဲ့တင် သူတို့ရဲ့ ကာမစိတ်တွေကို ဖိနှိပ်ဖို့ ခက်ခဲသွားလိမ့်မယ်။ ငါ မေးပါရစေဦး၊ သခင်မလေး ဘယ်သူ့ကို ကိုင်တွယ်ချင်လို့လဲ"

"ငါ့ကိစ္စကို မမေးနဲ့။ ဒါက သာမန် ကာမဆေးဆိုရင်၊ မင်းရဲ့ အဆိပ်တွင်းအထိ ဒီလောက် အဝေးကြီး လာနေမှာ မဟုတ်ဘူး။ ကာမစိတ်ကြွဆေးတွေက ဖြေဖျောက်ဖို့ လွယ်လွန်းတယ်၊ အလုပ်ဖြစ်ရင်တောင် အလွယ်တကူ စစ်ဆေးတွေ့ရှိသွားနိုင်တယ်။ ဒီထက်ပိုပြီး လျှို့ဝှက်တာမျိုး မရှိဘူးလား"

"သခင်မလေး ရှာနေတဲ့ အရာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မွေးမြူဖို့ ခက်တယ်။ ငါ့ဆီမှာ တစ်ပင်ပဲ ရှိတယ်"

"ငါ့မဝယ်နိုင်ဘူးလို့ မင်း ထင်နေတာလား" ဟု ရှင်းရွယ်ရွယ်က မကျေမနပ်ဖြင့် မေးလိုက်သည်။

"အာ… ငါ ဘယ်လိုလုပ် ထင်ဝံ့မှာလဲ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ သခင်မလေးရှင်း"

အဆိပ်အဖိုးအိုက ဂူထောင့်တစ်နေရာသို့ လျှောက်သွားပြီး ကျောက်နံရံကို အသာအယာ ဖိလိုက်ရာ ၁၀ ပေခန့် မြင့်သော ကျောက်တံခါးတစ်ခု ပွင့်လာသည်။ သူက အရင်ဝင်သွားပြီး ရှင်းရွယ်ရွယ်က နောက်ကနေ လိုက်ပါသွားသည်။

………..

All Chapters