← Chapters

ပုံရိပ်ယောင်အချစ်အဆိပ်

Vol. 28 Ch. 291

ပုံရိပ်ယောင်အချစ်အဆိပ်

Vol. 28 Ch. 291

ကျောက်တံခါး၏ တစ်ဖက်တွင် အချင်းတစ်မိုင်ခန့် ကျယ်သော ဂူတစ်ခု ရှိနေသည်။ ဂူ၏ အမိုးတွင် လက်သီးဆုပ်အရွယ် ခရစ်စတယ်ကျောက်တုံး ရာနှင့်ချီ ကပ်ထားပြီး မှိန်ပျပျ အလင်းရောင်များ ထုတ်လွှတ်နေသည်။ ခရစ်စတယ်များမှ ထွက်သော အလင်းရောင်များသည် ရောယှက်သွားကာ ဂူတစ်ခုလုံးကို စိမ်းဖန့်ဖန့် အရောင် သန်းသွားစေပြီး၊ စက်ဆုပ်ဖွယ်ရာ လေထုကို ဖြစ်ပေါ်စေသည်။

ဂူအတွင်း၌ ဆေးပင် ရာနှင့်ချီ ပေါက်ရောက်နေသည်။ ၎င်းတို့အားလုံးမှာ အဆိပ်အလွန်ပြင်းသော အပင်များ ဖြစ်သည်။

အဆိပ်အဖိုးအိုက အပင်တစ်ပင်ကို ညွှန်ပြလိုက်သည်။ ထိုအပင်မှာ နှစ်ပေခန့် မြင့်ပြီး ထိပ်ဖျားတွင် လက်သီးဆုပ်အရွယ် ပန်းပွင့်တစ်ပွင့်တည်း ပွင့်နေသည်။ ပွင့်ချပ်များမှာ ရောင်စုံအလင်းတန်းများဖြင့် လင်းလက်နေသည်။

"ဒါက ပုံရိပ်ယောင်အချစ်ပန်းလို့ ခေါ်တယ်၊ ငါကိုယ်တိုင် မွေးမြူထားတဲ့ ထူးခြားတဲ့ ဆေးပင်တစ်ပင်ပဲ။ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော အပင်ဖြစ်ပြီး၊ ဒီမှာပဲ ရှိတာ။ ဒီပန်းရဲ့ အနံ့က ကျင့်ကြံသူရဲ့ ဝိညာဉ်ကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့ ပုံရိပ်ယောင်အဆိပ်တစ်မျိုးပဲ။ အဲဒါက စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေ ဖန်တီးပေးပြီး ကာမစိတ်ကို နှိုးဆွပေးတယ်၊ ကိစ္စပြီးသွားတဲ့အခါ ဘာခြေရာလက်ရာမှ ကျန်ခဲ့မှာ မဟုတ်ဘူး"

ရှင်းရွယ်ရွယ် ပြုံးလိုက်သည်၊ ထိုပုံရိပ်ယောင်အချစ်ပန်းကို သဘောကျသွားပုံရသည်။

"ဒီအဆိပ်ကို ငါ ဘယ်လို သုံးရမှာလဲ"

"ရနံ့ကို စုစည်းပြီး ကျောက်စိမ်းပုလင်းထဲ ပိတ်ထားလိုက်ရုံပဲ။ ပစ်မှတ်ကို အဲဒါ ရှူခိုင်းလိုက်ရင် အလုပ်ဖြစ်လိမ့်မယ်"

ရှင်းရွယ်ရွယ် မျက်နှာမဲ့သွားပြီး "ဘယ်သူက ကျောက်စိမ်းပုလင်းကို ကိုင်ပြီး ရှူလောက်အောင်အထိ မိုက်မဲမှာလဲ" ဟု ပြောလိုက်သည်။

"တစ်စုံတစ်ယောက်ကို သူတို့ မသိအောင် အဆိပ်ခပ်ချင်တယ်ဆိုရင်တော့ ရိုးရှင်းပါတယ်။ ပွင့်ချပ်တစ်ခု ခူးဆွတ်ပြီး သူတို့ရဲ့ အခန်း ဒါမှမဟုတ် ဂူထဲမှာ ထားလိုက်ရုံပဲ။ အနံ့က တဖြည်းဖြည်း ပျံ့နှံ့သွားလိမ့်မယ်၊ အချိန်တစ်ခု ကြာလာတာနဲ့ အဆိပ်ရဲ့ သားကောင် ဖြစ်သွားလိမ့်မယ်"

ရှင်းရွယ်ရွယ် ကျေနပ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။

"ဒါက အတော်လေး အဆင်ပြေတာပဲ။ ငါ့ကို ပွင့်ချပ်တစ်ခု ပေးပါ"

အဆိပ်အဖိုးအိုက ခေါင်းခါလိုက်သည်။

"အဲဒါက အလုပ်မဖြစ်ဘူး။ ပွင့်ချပ်တွေက ထွက်တဲ့ ရနံ့ကို သိမ်းဆည်းထားလို့ မရဘူး၊ အနံ့ ပျယ်သွားလိမ့်မယ်။ ပွင့်ချပ်တွေ သုံးပြီး အဆိပ်ခပ်ချင်တယ်ဆိုရင်၊ အပင်တစ်ပင်လုံးကို ယူသွားရမယ်"

ရှင်းရွယ်ရွယ် စူးရှသောအကြည့်က အဆိပ်အဖိုးအို၏ ရုပ်ဆိုးလှသော မျက်နှာပေါ် ကျရောက်လာသည်။ အဆိပ်အဖိုးအို အမှန်အတိုင်း ပြောနေခြင်း မဟုတ်ကြောင်း သူမ၏ အသိစိတ်က ပြောနေသည်။ ဝိညာဉ်ကျောက်များ ပိုပြီး ညှစ်ထုတ်ချင်သဖြင့် တစ်ပင်လုံးကို ဝယ်ခိုင်းနေခြင်း ဖြစ်သည်။

သို့သော်လည်း ဤအရာမှာ သူမ အမှန်တကယ် လိုအပ်နေသော အရာဖြစ်သဖြင့် မတန်တဆ ဈေးနှုန်းကို မတတ်သာဘဲ လက်ခံလိုက်ရသည်။

"စျေးက ဘယ်လောက် လိုချင်တာလဲ"

"ဝိညာဉ်ကျောက် တစ်သိန်း"

"ဒီအသုံးမကျတဲ့ အပင်တစ်ပင်တည်းကို ဝိညာဉ်ကျောက်တုံး တစ်သိန်း တောင်းတာလား"

ရှင်းရွယ်ရွယ်က ဒေါသတကြီးဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဒါက ကမ္ဘာပေါ်မှာ တစ်ခုတည်း ရှိတာ။ သခင်မလေးရှင်း ယူချင်ယူ မယူချင်နေ။ သဘောပဲ"

အဆိပ်အဖိုးအို၏ မောက်မာသော အမူအရာကို ကြည့်ပြီး ရှင်းရွယ်ရွယ် ရိုက်သတ်ချင်စိတ်ပင် ပေါက်သွားသည်။ သို့သော်လည်း သူမကို ဆူပူကြိမ်းမောင်းနေသည့် ဖခင်ဖြစ်သူကို သတိရလိုက်သောအခါ၊ ဖခင်ဖြစ်သူရှေ့ မျက်ရည်ခံထိုးပြီး သူမကို ဒုက္ခပေးလေ့ရှိသူ ရှန်းယွဲ့၏ ချောမောလှပသောမျက်နှာကိုပါ ပြန်မြင်ယောင်လာသည်။ ချက်ချင်းပင် ရှင်းရွယ်ရွယ်၏ စိတ်ထဲတွင် ဒေါသမီးများ ဟုန်းဟုန်းတောက်လာသည်။ ဖခင်ဖြစ်သူဘေးတွင် ရှန်းယွဲ့ ရှိနေသမျှ သူ့အတွက် ကောင်းလာစရာအကြောင်း မရှိသည်ကို နားလည်းထားသဖြင့် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ၊ သဘောတူတယ်"

"သခင်မလေး... ခဏလောက် စောင့်ပါဦး။ ကျွန်တော် အဲဒီပန်းကို အခုချက်ချင်း သွားယူပေးပါ့မယ်"

အဆိပ်အဖိုးအိုက ဝိညာဉ်ဆေးဥယျာဉ်ဆီသို့ လျင်မြန်စွာ သွားပြီး သူ့လက်ကို ဂေါ်ပြားကဲ့သို့ အသုံးပြုကာ ပန်းပင်၏ ပတ်ပတ်လည်ရှိ မြေလွှာကို နှစ်ပေခန့်အနက်အထိ တူးဆွ၍ ချောင်အောင် ပြုလုပ်လိုက်သည်။

ထို့နောက် ပန်းအိုးကြီးတစ်လုံး ထုတ်ယူလိုက်ပြီး ထိုဆေးပင်ကို ပတ်ဝန်းကျင်ရှိ မြေကြီးများနှင့်တကွ ပန်းအိုးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ မြေသားအား သေချာပြုပြင်ပြီးနောက် ပန်းအိုးကို ကိုင်ဆောင်ကာ ရှင်းရွယ်ရွယ်ထံသို့ ပြန်လျှောက်လာခဲ့သည်။

"ရနံ့တွေ ပျယ်မသွားအောင်လို့ သိုလှောင်လက်စွပ်ထဲ မထည့်တာ အကောင်းဆုံးပဲ။ ဒီအတိုင်း သယ်သွားတာက အနံ့ကို အထိရောက်ဆုံး ထိန်းသိမ်းနိုင်လိမ့်မယ်။ ဒါပေမဲ့ သတိတော့ထားနော်။ နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ထားတာ အကောင်းဆုံးပဲ။ အကယ်၍ မတော်တဆ နည်းနည်းလေးပဲ ဖြစ်ဖြစ် ရှူမိသွားရင်တော့... ဟဲဟဲ..."

ရှင်းရွယ်ရွယ်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။ အဆိပ်အဖိုးအို သတိမပေးမီက ထိုပန်း၏အနံ့ အနည်းငယ်ကို ရှူမိထားပြီး ဖြစ်သည်။ ထိုမျှဖြင့်ပင် သူမ၏ စိတ်ထဲတွင် အထိန်းအကွပ်မဲ့သော ကာမရာဂစိတ်များ တဟုန်ထိုး မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ အသိစိတ်ထဲတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ ကာမစပ်ယှက်မှု ပုံရိပ်များမှာ အထိန်းအကွပ်မရှိ ပေါ်ပေါက်လာတော့သည်။ သူမ၏ ရှေ့တွင်ရှိသော ရုပ်ဆိုးလှသည့် အဆိပ်အဖိုးအို၏ မျက်နှာပင်လျှင် ကြည့်ကောင်းသောအသွင် ပြောင်းလဲ၍ ထင်မြင်လာရသည်။ ကံကောင်းစွာဖြင့် အနံ့ကို အနည်းငယ်သာ ရှူမိခဲ့ခြင်းဖြစ်ပြီး ကာရာဂမစိတ်များကို မရမက အတင်းအကျပ် ဖိနှိပ်ထားနိုင်ဆဲ ဖြစ်သည်။

ရှင်းရွယ်ရွယ်က အဆိပ်အဖိုးအိုကို ဒေါသတကြီး စိုက်ကြည့်ရင်း "အဖိုးကြီး... မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေတာ ပိုကောင်းမယ်။ နောက်တစ်ခါ လှည့်ကွက် သုံးဖို့ ကြိုးစားရင် မင်းရဲ့ အဆိပ်တွင်းတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်"ဟု ခြိမ်းခြောက်ရင်း ဝိညာဉ်ကျောက်တုံး တစ်သိန်းပါ သိုလှောင်အိတ်ကို ပစ်ပေးလိုက်သည်။

"သခင်မလေးရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ရှေ့က ကြွပါ၊ ဒီပန်းပင်ကို သခင်မလေးကိုယ်စား သယ်ပေးပါ့မယ်"

ရှင်းရွယ်ရွယ်လည်း အချိန်မဆိုင်းရဲတော့ဘဲ ကျောက်တံခါးကို ဖြတ်ကျော်ပြီး အဆိပ်တွင်းထဲသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် အဆိပ်တွင်းထဲသို့ ခြေချလိုက်သည်နှင့် ရှင်းရွယ်ရွယ် ထိတ်လန့်တုန်လှုပ်သွားသည်။

အဆိပ်တွင်းထဲတွင် အမျိုးသားလူငယ်တစ်ဦး ရပ်နေသည်။ ထိုလူ ဂူထဲသို့ မည်သည့်အချိန်တွင် ဝင်ရောက်လာသည်ကို သူမကော အဆိပ်အဖိုးအိုပါ လုံးဝ သတိမထားမိခဲ့ကြပေ။

အဆိပ်အဖိုးအိုလည်း ထိုသူကို မြင်သွားပြီး "မင်းက ဘယ်သူလဲ၊ အဆိပ်တွင်းထဲကို ဘယ်လိုသတ္တိနဲ့ ကျူးကျော် ဝင်ရောက်ဝံ့တာလဲ" ဟု သတိကြီးစွာ ထားလျက် ခက်ထန်သော လေသံဖြင့် မေးလိုက်သည်။ အဆိပ်တွင်းအတွင်းရှိ ဂူမှာ အမျိုးမျိုးသော အဆိပ်ပြင်း သတ္တဝါများဖြင့် ပြည့်နှက်နေသည်။ သာမန်ကျင့်ကြံသူအဖို့ မည်သူမျှ မရိပ်မိစေဘဲ တိတ်တဆိတ် ခိုးဝင်လာရန် မဖြစ်နိုင်ပေ။

…

စုန့်ဝမ်က အံသြတုန်လှုပ်နေသော ရှင်းရွယ်ရွယ်နှင့် အဆိပ်အဖိုးအိုကို ပြုံးပြလိုက်သည်။

"ဒါက သာမန် အဆိပ်ပြင်း သတ္တဝါ အနည်းငယ်ပဲဥစ္စာ။ မင်းက တကယ်ပဲ ဒီနေရာကို နဂါးတွင်း၊ သားရဲဂူလိုမျိုး အန္တရာယ်ကြီးတဲ့ နေရာလို့ ထင်နေတာလား"

အဆိပ်အဖိုးအို၏ အမူအရာမှာ တည်ကြည် လေးနက်သွားသည်။

"မင်းလည်း အဆိပ်ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရတယ်။ ဒါပေမဲ့ ငါ့ရဲ့ အဆိပ်တွင်းထဲကို ကျူးကျော်ရဲမှတော့ ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

သူ့စကားအဆုံးတွင် ထောင့်ပေါင်းစုံမှ ရေတွက်မရနိုင်သော အဆိပ်ပြင်း ပိုးမွှားများနှင့် မြွေများ ထွက်လာကြပြီး စုန့်ဝမ်ထံ အုပ်စုလိုက် ဝိုင်းအုံ တိုးဝှေ့ ဝင်လာကြတော့သည်။

စုန့်ဝမ်က အရေးမစိုက်ဟန်ဖြင့် လက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ အသာအယာ ရိုက်ချလိုက်သည်။ ရှေ့ဆုံးမှ ပြေးဝင်လာသော ပင့်ကူကြီးတစ်ကောင်မှာ ချက်ချင်းပင် အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့ပြီး စိမ်းဖန့်ဖန့် အရည်များမှာ နေရာအနှံ့ စင်ထွက်သွားသည်။ ထိုပေါက်ကွဲမှုနှင့်အတူ အစိမ်းရောင် အဆိပ်မြူခိုးတိမ်တိုက်တစ်ခု လွင့်ပျံ ထွက်ပေါ်လာခဲ့သည်။ စုန့်ဝမ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ထိုအဆိပ်မြူခိုးများမှာ သူ့ခန္ဓာကိုယ်ထဲသို့ လုံးဝ စုပ်ယူခြင်း ခံလိုက်ရသည်။

အဆိပ်အဖိုးအို ဝမ်းသာသွားသည်။ ဤအဆိပ်တွင်းရှိ အဆိပ်ပြင်း ပိုးမွှားများနှင့် မြွေတစ်ကောင်ချင်းစီမှာ သူကိုယ်တိုင် အားသွန်ခွန်စိုက် မွေးမြူထားခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အားလုံးတွင် အသက်သေစေနိုင်သော အဆိပ်ပြင်းများ ပါဝင်သည်။ ထိုကျင့်ကြံသူလူငယ်မှာ အခြေတည်အဆင့် ကျင့်ကြံမှုသာ ရှိသော်လည်း အဆိပ်မြူခိုးများကို မောက်မာစွာဖြင့် ရှူသွင်းလိုက်သည်။ ယင်းမှာ သူ့အမြင်တွင် သေတွင်းထဲသို့ ကိုယ်တိုင် လျှောက်လှမ်းသွားခြင်းပင်။

သို့သော် အဆိပ်အဖိုးအို၏ ဝမ်းသာမှုမှာ ခဏချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ အဆိပ်မြူခိုးအားလုံးကို စုပ်ယူပြီးနောက်တွင်လည်း အဆိပ်မိသည့် လက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရပေ။ ထိုအစား ထိုအတွေ့အကြုံကို နှစ်ခြိုက်သဘောကျနေသည့်အလား အလွန် ကျေနပ်အားရပုံ ပေါက်နေသည်။

"ဒီလို ကလေးကလား လှည့်ကွက်မျိုးတွေကို လူကြားထဲ အရှက်ကွဲမခံဘဲ သိမ်းထားလိုက်တာ ပိုကောင်းမယ်" ဟု စုန့်ဝမ်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

ချက်ချင်းပင် ကူကောင်တစ်ကောင် ပျံသန်းထွက်လာပြီး အဆိပ်ပြင်း ပိုးမွှားများနှင့် မြွေများထံသို့ ပြေးဝင် တိုက်ခိုက်တော့သည်။ အသက်တစ်ရှိုက်စာအတွင်း အဆိပ်သတ္တဝါ အများအပြား သေဆုံးကုန်သည်။ ကျောက်အက်ကြောင်းများထဲ ထွက်ပြေး လွတ်မြောက်သွားသော အဆိပ်ပိုးမွှားနှင့် မြွေအနည်းငယ်မှတပါး ကျန်ရှိသောအကောင် အားလုံးမှာ မညှာမတာ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။

အဆိပ်အဖိုးအိုမှာ ဒေါသထွက်ပြီး ရင်ဘတ်ကို ထုကာ ခြေဆောင့်နေသော်လည်း စုန့်ဝမ်ကို တားဆီးရန် သူ ဘာမျှ မတတ်နိုင်ခဲ့ပေ။ သူ၏ တန်ဖိုးအရှိဆုံး လက်နက်များမှာ ရေတွက်၍ မရနိုင်သော အဆိပ်ပြင်းသတ္တဝါများသာ ဖြစ်သည်။

သို့သော် ဤအဆိပ်များမှာ စုန့်ဝမ်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိပေ။ အဆိပ်ပိုးမွှားများ သေဆုံးသွားချိန်တွင် ၎င်းတို့ထံမှ ထွက်လာသော အဆိပ်မြူခိုးများသည် စုန့်ဝမ်ကို စတင် ဖုံးလွှမ်းလာခဲ့သည်။ စုန့်ဝမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ ထိုမြူခိုးများကို စတင် စုဆောင်းနေလိုက်သည်။

ရှင်းရွယ်ရွယ်က အနီးနားရှိ ကူကောင်ကို မှတ်မိသွားပြီး သူမ၏ အမူအရာမှာ တည်ကြည်လေးနက်သွားသည်။ "မင်းပဲ" ဟု သူမက စုန့်ဝမ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

စုန့်ဝမ်က ခေါင်းညိမ့်ရင်း "သခင်မလေးရှင်း... မင်းနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်" ဟု ပြန်ဖြေသည်။

ရှင်းရွယ်ရွယ်က "မင်း ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ" ဟု မေးသည်။

"ဒါလား…. သခင်မလေးရှင်း ကိုယ်တိုင် ငါ့ကို ဒီကို ခေါ်လာခဲ့တာလေ"

"မင်း ငါ့နောက်ကို ခိုးလိုက်နေတာလား"

ရှင်းရွယ်ရွယ် နောင်တရသွားသည်။ ဤသို့ ဖြစ်လာမည်ကို သိခဲ့လျှင် သူမသည် အဖွားကျင်း၏ စကားကို နားထောင်ပြီး မိသားစုထံသို့ စောစောစီးစီး ပြန်သွားခဲ့သင့်သည်။

"မင်း ဘာဖြစ်လို့ ငါ့အနား ကပ်ဖို့ အမြဲ ကြိုးစားနေရတာလဲ” ဟု ရှင်းရွယ်ရွယ်က မေးလိုက်သည်။ ယခုအခါ စုန့်ဝမ်က သူမထံ ရောက်ရှိလာခြင်းမှာ ဝိညာဉ်ကျောက်များ လိုချင်ရုံသက်သက် မဟုတ်ကြောင်း သူမ အသေအချာ သိရှိသွားပြီဖြစ်သည်။

"ငါ မင်းဆီကနေ ဝိညာဥ်ထိုးဖောက်ကျင့်စဉ်ကို လိုချင်လို့ပါ" ဟု စုန့်ဝမ်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။

"မင်း ကံဆိုးသွားပြီ။ ငါက ဝိညာဥ်ထိုးဖောက်ကျင့်စဥ်ကို ဘယ်တုန်းကမှ မကျင့်ဖူးသလို၊ အဲဒီကျင့်စဉ်လည်း မရှိဘူး"

စုန့်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်

"မင်းဆီမှာ မရှိဘူး ဟုတ်လား"

"ငါကျင့်ခဲ့တဲ့ အလောင်းဘုရင် သွေးသန့်စင်ပညာမှာ ချို့ယွင်းချက်ရှိနေတယ်။ ငါ့ခန္ဓာကိုယ်က အထိန်းအကွပ်မရှိဘဲ ဖုတ်ကောင်အသွင် ပြောင်းလဲလာနေတာကြောင့်၊ ဝိညာဥ်ထိုးဖောက်ကျင့်စဥ်ကို အာရုံစိုက်ပြီး ကျင့်ကြံဖို့ ငါ့မှာ အင်အားမရှိခဲ့ဘူး"

………

All Chapters