ရှင်းချန်.. မင်းအလှည့်ပဲ
Vol. 28 Ch. 293
စုန့်ဝမ်လည်း ရှင်းရွယ်ရွယ်ကို အတင်းအကျပ် ပြန်ခွာလိုက်ပြီးနောက် သူမ၏ သိစိတ်ပင်လယ်ကို စစ်ဆေးကြည့်ရာ ဝိညာဉ်မှာ ထိခိုက်ဒဏ်ရာရရှိသွားခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။
"ဒါဆို မှတ်ဉာဏ်ပျောက်ဆုံးမှုက ဝိညာဉ်ရှာဖွေတာကြောင့် ယာယီဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပဲ ထင်တယ်" ဟု စုန့်ဝမ်က စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် ရှင်းရွယ်ရွယ် သတိလစ်သွားအောင် ပြုလုပ်လိုက်ပြီး ဝိညာဉ်ချုပ်နှောင်ကြိုးဖြင့် တုပ်နှောင်ကာ သူမကို စောင့်ရှောက်ရန် ကူနှစ်ကောင်ကို ချန်ထားခဲ့ပြီးနောက် ဂူထဲမှ ထွက်ခွာခဲ့သည်။
ဖန်မြို့သို့ ရောက်ရှိသောအခါ ပထမဦးစွာ ဂူအိမ်သို့ သွားရောက်ကာ ထိုနေရာရှိ ပစ္စည်းများအားလုံး သိမ်းဆည်း၍ ရှင်းလင်းလိုက်သည်။ ဆက်လုပ်မည့် လုပ်ငန်းစဉ်မှာ အန္တရာယ်ကြီးမားသဖြင့် အချိန်မရွေး ထွက်ပြေးတိမ်းရှောင်ရန် အဆင်သင့် ဖြစ်နေဖို့ လိုအပ်သည်။ ဤဂူအိမ်ကို နောက်တစ်ကြိမ် ပြန်လည်အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
ထို့နောက် ဂူအိမ်မှ ထွက်လာရင်း ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူကာ ရှင်းချန်ထံသို့ သတင်းစကားတစ်ခု ပေးပို့လိုက်သည်။
‘သခင်လေးရှင်း... မနေ့က သခင်လေးနဲ့ တိုက်ခိုက်ခဲ့တဲ့ မိန်းမ ဒဏ်ရာရထားပြီး မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ နေရာက ကျောက်ဂူတစ်ခုထဲမှာ ပိတ်မိနေတယ်’
ရှင်းချန်က ရှင်းရွယ်ရွယ်အပေါ် နာကျည်းမှု အတော်လေး ကြီးမားပံ ရသည်။ စုန့်ဝမ်ထံသို့ ချက်ချင်းပင် ပြန်လည်အကြောင်းပြန်ခဲ့သည်။
‘မင်း အခု ဘယ်မှာလဲ’
‘တောင်ဘက်မြို့ရဲ့ အရှေ့ဘက် မြို့ဆင်ခြေဖုံးမှာပါ’
‘အဲဒီမှာပဲ စောင့်နေ၊ ငါ အခုချက်ချင်း လာခဲ့မယ်’
၁၅ မိနစ်ပင် မပြည့်မီ ရှင်းချန် အပြေးအလွှား ရောက်ရှိလာသည်။
"ဝေ့တင်း... မင်း ရှင်းရွယ်ရွယ်နဲ့ ဘယ်နေရာမှာ ဆုံခဲ့တာလဲ"
"ဒီကနေ မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ ကျောက်ဂူတစ်ခုမှာပါ။ မကြာသေးခင်က ကျွန်တော် ကျင့်ကြံရေး အရင်းအမြစ်တွေ ပြတ်လပ်နေတာကြောင့် မိစ္ဆာသားရဲ အမဲလိုက်ဖို့နဲ့ ဝိညာဉ်ဆေးပင်တွေကို ရှာဖွေဖို့ သွားရင်း သခင်မလေးရှင်း တောင်ကြားတစ်ခုထဲကို တစ်ယောက်တည်း ဝင်သွားတာ လှမ်းမြင်လိုက်ရတယ်။ ကျွန်တော် အပြင်ဘက်မှာ အကြာကြီး စောင့်နေခဲ့ပေမဲ့ ပြန်ထွက်လာတာ မမြင်ရလို့ လိုက်သွားတော့ ကျောက်ဂူတစ်ခုထဲကနေ တိုက်ခိုက်သံတွေ ထွက်လာတာ ကြားခဲ့ရတယ်။ တိုက်ခိုက်သံတွေ ငြိမ်သက်သွားပေမဲ့ ဘယ်သူမှ ထွက်မလာလို့ ဂူထဲကို စွန့်စားဝင်ရောက်ခဲ့ပါတယ်။ သခင်လေးရှင်း... ကျွန်တော် အထဲမှာ ဘာကို ရှာတွေ့ခဲ့တယ်လို့ ထင်လဲ"
"မြန်မြန်ပြောစမ်း"
"အဲဒီကျောက်ဂူထဲမှာ အဆိပ်သတ္တဝါတွေနဲ့ ပြည့်နှက်နေပြီး သခင်မလေးရှင်းနဲ့ တိုက်ခိုက်နေတဲ့သူက အဆိပ်ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံရတယ်။ အဲဒီအဆိပ်ကျင့်ကြံသူ သေသွားပါပြီ။ ဒါပေမဲ့ သခင်မလေးရှင်းလည်း အဆိပ်သင့်နေပုံရပြီး အခု သူမရဲ့ စိတ်အာရုံတွေ ရှုပ်ထွေးနေပါတယ်"
"မင်းပြောတာ အမှန်ပဲလား?"
"ကျွန်တော် သခင်လေးရှင်းကို မလိမ္မာဝံ့ပါဘူး"
ရှင်းချန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မင်းမှာ လိမ်ပြောရဲတဲ့ သတ္တိရှိမှာလည်း မဟုတ်ပါဘူး။ မင်း အသက်ဘေးကို မမှုဘဲ ဂူထဲကို ဝင်သွားတယ်ဆိုတော့ အခွင့်အရေးကို အသုံးချပြီး အမြတ်ထုတ်ဖို့ ဖြစ်ရမယ် မဟုတ်လား"
စုန့်ဝမ်သည် အရှက်ရသွားဟန်ဖြင့် ရယ်မောလိုက်သည်။
ရှင်းချန်က သူ့ကို စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် ကြည့်ရင်း "အခြေအနေက အဲဒီလိုဆိုရင်... မင်း ဘာဖြစ်လို့ ရှင်းရွယ်ရွယ်ကို သတ်ပြီး သိုလှောင်လက်စွပ်ကို မလုယူခဲ့တာလဲ" ဟု မေးလိုက်သည်။
"သခင်လေး... သင် မသိလို့ပါ။ သူက မိန်းမောတွေဝေနေပေမဲ့ ထူးဆန်းတဲ့ နတ်ဆိုးကျင့်စဉ်တစ်ခု ကျင့်ကြံထားလို့ ခန္ဓာကိုယ်က နှစ်တစ်ထောင် ဖုတ်ကောင်အသွင်ကို ပြောင်းလဲနေပါတယ်။ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုက အရမ်းအာကောင်းလို့ ကျွန်တော် မစွန့်စားရဲတာပါ။ ပြီးတော့ ကျွန်တော် သူ့ကို မသတ်ရဲပါဘူး။ သတ်လိုက်ရင် ရှင်းမိသားစုလက်ကကနေ လွတ်မြောက်နိုင်မှာမှ မဟုတ်တာ"
စုန့်ဝမ်၏ ရှင်းပြချက်မှာ လုံးဝ ဟာကွက်မရှိ ပြည့်စုံလှသည်။
"နတ်ဆိုးကျင့်စဉ်တစ်ခု ဟုတ်လား" ဟု ရှင်းချန် တီးတိုး ရေရွတ်လိုက်သည်။
ရှင်းချန်မျက်နှာတွင် ကျေနပ်အားရသော အမူအရာတစ်ခု ပေါ်လာပြီး လမ်းလျှောက်နေရင်း တစ်ခါတစ်ရံ စုန့်ဝမ်ကို ကြည့်လိုက်သည်။ စုန့်ဝမ်၏ စကားကို သံသယဝင်နေပုံရသလို၊ ထိုကျောက်ဂူဆီသို့ သူကိုယ်တိုင် သွားရောက်သင့် ၊ မသင့်ကိုလည်း တွေဝေနေပုံရသည်။
ဥာဏ်နည်းလှသော ရှင်းချန်၏ စဥ်းစားချင့်ချိန်နေပုံက စုန့်ဝမ်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ ရှင်းချန် ဆုံးဖြတ်ချက်ချနိုင်ရန် တွန်းအားပေမှ ဖြစ်မည်ဟု တွေးမိသဖြင့် "သခင်လေး... သခင်မလေးရှင်း ဒုက္ခရောက်နေတာ ရှင်းမိသားစုဆီ သတင်းပို့ကြရအောင်" ဟု ပြောလိုက်သည်။
ရှင်းချန် ဇဝေဇဝါ ဖြစ်သွားသည်။
"ငါတို့ ဘာဖြစ်လို့ သတင်းပို့ရမှာလဲ"
"ကျွန်တော်က ဒီလောက် အရေးကြီးတဲ့ သတင်းကို ယူဆောင်လာပေးတာဆိုတော့ ဆုလာဘ်တွေ အများကြီး ပေးမှာ သေချာပါတယ်"
ရှင်းချန်က သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းက အဲဒီရွံစရာကောင်းတဲ့ မိန်းမကို ကယ်ချင်တာလား။ သူ ငါ့ကို ဘယ်လောက်တောင် ရိုက်နှက်ခဲ့လဲဆိုတာ မင်း မမြင်ဘူးလား"
စုန့်ဝမ်က ခေတ္တမျှ စကားစပြတ်သွားပြီး "ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ဟု မေးလိုက်သည်။
ရှင်းချန်က အေးစက်စွာဖြင့် "ငါ့ကို အဲဒီကျောက်ဂူဆီ ခေါ်သွားစမ်း။ ဒါကို ကိုယ်တိုင်မျက်မြင် ကြည့်ချင်တယ်။ မင်းက မသတ်ရဲပေမဲ့... ငါ့မှာတော့ သူ သေချာပေါက် သေချင်စိတ်ပေါက်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်"ဟု ဆိုလာသည်။
"သခင်လေး... တကယ်ပဲ ကိုယ်တိုင်သွားမလို့လား။ သခင်လေးရဲ့ အမေက ဖန်မြို့ကနေ ထွက်ခွာခွင့်မပြုဘူးလို့ အရင်က ပြောခဲ့တယ် မဟုတ်လား"
"ဝေ့တင်း.. မင်းက ဘယ်လိုသတ္တိနဲ့ ငါ့ကို အထင်သေးရဲတာလဲ။ ဒီလို အသေးအဖွဲ ကိစ္စရပ်တွေကို ငါ မထိန်းချုပ်နိုင်ဘူးလို့ မင်း ထင်နေတာလား"
စုန့်ဝမ်က ချက်ချင်းပင် တောင်းပန်လိုက်သည်။
"သခင်လေး.. ခွင့်လွှတ်ပါ။ ကျွန်တော် စကားမှားသွားပါတယ်။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ"
စုန့်ဝမ်လည်း ရှင်းချန်ကို လမ်းပြရင်း ထွက်ခွာလာခဲ့ကြသည်။ မိုင်ပေါင်းသောင်းချီ ဝေးကွာသော တောင်ကြားဆီသို့ ရောက်ရှိရန် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။
ကျောက်ဂူဝသို့ ရောက်ရှိသောအခါ စုန့်ဝမ်က "သခင်လေး... သခင်မလေးရှင်းက ဒီကျောက်ဂူထဲမှာ ပိတ်မိနေတာပါ။ အထဲမှာ အဆိပ်ပြင်း ပိုးမွှားတွေ အများကြီးရှိတာမို့ သတိထားပါ"ဟု သတိပေးလိုက်သည်။
ရှင်းချန်က ခေါင်းညိတ်လိုက်ပြီး အဆိပ်ဖြေဆေးတစ်လုံး သောက်လိုက်သော်လည်း ကျောက်ဂူထဲသို့ ဇွတ်အတင်း ဝင်ရောက်ခြင်း မပြုခဲ့ပေ။ ခဏမျှ တွေးနေပြီးနောက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဖြူရောင်အလင်းလွှာဖြင့် ဖွဲ့စည်းထားသော အကာအကွယ်ဒိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဝိညာဥ်စွမ်းအင်ဒိုင်း၊
ဤဒိုင်းသည် တစ်စုံတစ်ဦးက သူ့ဝိညာဉ်စွမ်းအားများကို ရှင်းချန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခြင်းဖြင့် ဖြစ်ပေါ်လာသောအရာ ဖြစ်သည်။ ဒီရေသားရဲကို ဖမ်းဆီးစဉ်က ယင်းအကာအကွယ် မရှိခဲ့သဖြင့် မကြာသေးမီကမှ ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ရမည်။
"သူ ဖန်မြို့ကနေ ထွက်ရဲတာ မဆန်းတော့ဘူးပဲ" ဟု စုန့်ဝမ် စိတ်ထဲမှ တွေးလိုက်သည်။ သို့သော်လည်း ထိုအကာအကွယ်ဒိုင်းမှာ စုန့်ဝမ်အတွက်မူ သူ့တိုက်ခိုက်မှုကို ကာကွယ်ရန် လုံလောက်သော ကြံ့ခိုင်မှုမရှိပေ။ ယင်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက ချန်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုဒိုင်းကို ဖျက်ဆီးရန် အားစိုက်ထုတ်မှု အများကြီး လိုအပ်မည်မဟုတ်ပေ။
"ဘာလုပ်နေတာလဲ၊ ရှေ့က လမ်းပြလေ" ဟု ရှင်းချန်က အမိန့်ပေးလိုက်သည်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ သခင်လေး" ဟု စုန့်ဝမ်က ပြောကြားကာ ကျောက်ဂူထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကျောက်ဂူအတွင်းရှိ အဆိပ်ပိုးမွှားအများစုမှာ စုန့်ဝမ်၏ သုတ်သင်ရှင်းလင်းခြင်း ခံထားရပြီး ဖြစ်သဖြင့် အဆိပ်တွင်းကြီးဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ကြသည်။
အဆိပ်တွင်းအတွင်း၌ ရှင်းရွယ်ရွယ်မှာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေပြီး သူမ၏ မျက်နှာတွင် ထိတ်လန့်မှု၊ အားကိုးရာမဲ့မှုများ ပြည့်နှက်နေသည်။ ကျောက်ဂူထဲသို့ မဝင်ရောက်မီကပင် စုန့်ဝမ်က ကူကောင်များအား ဝိညာဉ်ချုပ်နှောင်ကြိုးကို ဖြည်ချရန်နှင့် လူကိုပါ နှိုးထားရန် တိတ်တဆိတ် ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။
ရှင်းချန်က ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး ရှင်းရွယ်ရွယ်ကို ကြည့်ကာ သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။
"ရှင်းရွယ်ရွယ်… ငါ ဘယ်သူလဲဆိုတာ မင်း မှတ်မိလား"
ရှင်းရွယ်ရွယ်က ခေါင်းကို မော့လိုက်ပြီး ရှင်းချန်ကို ဇဝေဇဝါဖြင့် ကြည့်ကာ "မင်းက... ဘယ်သူလဲ" ဟု ပြန်မေးလာသည်။
ရှင်းချန်က "ဟား ဟား ဟား… သခင်မလေးရှင်းရွယ်ရွယ်၊ မင်းလည်း နောက်ဆုံးတော့ ဒီလို အခြေအနေမျိုး ရောက်သွားတာပဲကိုး" ဟု ပြောရင်း အားပါးတရ ရယ်မောတော့သည်။
သူ့ရယ်မောသံကြောင့် ထိတ်လန့်သွားသည့်အလား ရှင်းရွယ်ရွယ်က ခန္ဓာကိုယ်ကို ပို၍ပင် ကျုံ့လိုက်တော့သည်။ ဒူးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး ခေါင်းကို ဒူးကြားထဲတွင် နှိမ့်ထားကာ သူမ၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ သေးငယ်အောင် ပြုလုပ်နေသည်။ ဤသို့ ပြုလုပ်ခြင်းကသာ ဘေးကင်းလုံခြုံသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပုံရသည်။
ယင်းကို မြင်သောအခါ ရှင်းချန်က ပို၍ပင် အားရဝမ်းသာဖြစ်ပြီး ရယ်မောနေတော့သည်။ ရယ်မောသံများက ကျောက်ဂူတစ်ခုလုံးတွင် ပဲ့တင်ထပ်နေတော့သည်။
"ရှင်းရွယ်ရွယ်... မင်းက ငယ်ငယ်ကတည်းက ငါ့ကို အမြဲတမ်း ဆန့်ကျင်ဘက် လုပ်ခဲ့တာ။ ကျင့်ကြံမှု မြင့်မားတာကို အားကိုးပြီး ငါ့ကို ခဏခဏ အနိုင်ကျင့်ခဲ့တယ်၊ မိသားစုထဲမှာ ငါ့ကို အရှက်ကွဲအောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားပြီ၊ မင်းက လူအတစ်ယောက် ဖြစ်သွား….."
ရှင်းချန် အောင်ပွဲခံမှုထဲ နစ်မျောနေစဉ်မှာပင် မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သည်။
"ဖြောင်း"
စုချန်းသည် သူ့ကျောပြင်ကို ကြီးမားသော အင်အားကြီးတစ်ခု လာရောက် ရိုက်နှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ အကာအကွယ်ဒိုင်းသာ မရှိခဲ့လျှင် အသားစိုင်တုံးအဖြစ် သွေးအိုင်ထဲ နစ်မြုပ်သွားခဲ့ပေလိမ့်မည်။
ယခုပင်လျှင် ကျောက်ဂူအပြင်ဘက်ထိ လွင့်ထွက်သွားခဲ့သည်။ လေထဲတွင် ရှိနေစဉ် မည်သူက တိုက်ခိုက်လိုက်သည်ကို မသိရှိသေးမီ၊ ငွေရောင်ဖုတ်ကောင် တစ်ကောင် သူ့ထံသို့ ခုန်ဝင်လာသည်ကို လှမ်းမြင်လိုက်ရသည်။
ငွေရောင်ဖုတ်ကောင်က လက်သည်းများဖြင့် လွင့်စင်ထွက်လာသော ရှင်းချန်ကို လေထဲမှာပင် ဖြတ်ရိုက်ချလိုက်ပြန်သည်။
ရှင်းချန်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ အကာအကွယ်ဒိုင်းကြောင့် ဒဏ်ရာကြီးကြီးမားမား မရသော်လည်း ခေါင်းမှာ မူးဝေနေပြီး မသက်မသာ ဖြစ်သွားသည်။
ငွေရောင်ဖုတ်ကောင်က ရှင်းချန် ဘေးတွင် ဆင်းသက်လိုက်ပြီး အကာအကွယ်ဒိုင်းကို အဆက်မပြတ် ဆက်တိုက် တိုက်ခိုက်တော့သည်။ တဖြည်းဖြည်းနှင့် ထိုအကာအကွယ်ဒိုင်းမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး အားနည်းလာသည်။ နောက်ဆုံးတွင် ထိုအကာအကွယ်ဒိုင်းမှာ တိုက်ခိုက်မှုကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ စူးရှသော အက်ကွဲသံနှင့်အတူ ဖန်ခွက်တစ်ခုကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီး ဝိညာဉ်စွမ်းအား အမျှင်တန်းများသည် လေထုထဲသို့ ပျယ်လွင့်သွားသည်။
ရှင်းချန်လည်း မသက်သာလှ၊ ခြင်းထဲ ထည့်ကန်ခံရသည့်ပမာ အလူးအလဲ ခံထားရသဖြင့် ခုခံရန်ပင် မစွမ်းတော့ချေ။ ငွေရောင်ဖုတ်ကောင်၏ လက်သည်းအောက်တွင် သေဆုံးတော့မည်ဟု မျှော်လင့်ချက်မဲ့စွာ တွေးတောနေစဉ်မှာပင် ထိုငွေရောင်ဖုတ်ကောင်က တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်လိုက်သည်။
ရှင်ူချန်လည်း မြေပြင်ပေါ်တွင် လျင်မြန်စွာ တွားသွား၍ နောက်သို့ ဆုတ်လိုက်ပြီး ငွေရောင်ဖုတ်ကောင်နှင့် အကွာအဝေးတစ်ခုသို့ ရောက်အောင် ဖယ်ခွာလိုက်သည်။ ထိုအခိုက်အတန့်တွင် ဝေ့တင့်းက အေးအေးလူလူ လျှောက်လှမ်းလာသည်ကို သတိပြုမိသွားသည်။
"ဝေ့တင်း... ဒါ ဘာဖြစ်တာလဲ။ အဲဒီဖုတ်ကောင်က မင်းကို ဘာဖြစ်လို့ မတိုက်ခိုက်တာလဲ"
စုန့်ဝမ်ခမျာ ရှင်းချန်၏ တုံးအလှသော မေးခွန်းကြောင့် ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားခဲ့သည်။
"ဝူး..."
ရုတ်တရက် ကျောက်ဂူထဲမှ ဖုတ်ကောင်တစ်ကောင်၏ အော်ဟစ်သံ ပဲ့တင်ထပ်လာခဲ့သည်။ ယင်းမှာ ရှင်းရွယ်ရွယ် ဖြစ်နေသည်။
ငွေရောင်ဖုတ်ကောင်ကို မြင်သောအခါ သူမ၏ မှတ်ဉာဏ်ထဲမှ အရာအချို့ နိုးထလာပုံရသည်။ စောစောက စိတ်ရှုပ်ထွေးပြီး အားကိုးရာမဲ့နေသော အခြေအနေမှ ရက်စက်ကြမ်းကြုတ်သော ဖုတ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီး စုန့်ဝမ်ထံသို့ ပြေးဝင်တိုက်ခိုက်တော့သည်။
သူမကို ဆီးကြိုနေသည့်အရာမှာ ငွေရောင်ဖုတ်ကောင်၏ လက်သည်းချက်သာ ဖြစ်သည်။ တတိယအဆင့် ငွေရောင်ဖုတ်ကောင်က ခပ်ပြင်ပြင်း ရိုက်ချလိုက်သဖြင့် ရှင်းရွယ်ရွယ်မှာ အရှိန်ဖြင့် လွင့်ထွက်သွားသည်။ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားခဲ့ပြီး သွေးများပင် အန်ထွက်လာသည်။ နံရိုးအချို့လည်း ကျိုးသွားသည်။ ဒဏ်ရာရရှိသွားသော်လည်း ထူးဆန်းစွာပင် သူမ၏ မျက်ဝန်းများမှာ ပြန်လည် ကြည်လင်လာခဲ့သည်။
ရှင်းရွယ်ရွယ်က စုန့်ဝမ်ကို မုန်းတီးသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းက ဝိညာဥ်ထိုးဖောက်ကျင့်စဉ်ကို ရဖို့အတွက် တော်တော်ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ ဒီငတုံးကို ခေါ်လာခဲ့ရင်တောင် အသုံးမဝင်ဘူး။ သူလည်း ဝိညာဥ်ထိုးဖောက်ပညာကို ဘယ်တုန်းကမှ မကျင့်ဖူးဘူး"
…….