ဦးလေးနှင့် အစ်ကိုကြီး
Vol. 118 Ch. 1580
“အင်မော်တယ် ဧကရာဇ်တဲ့လား၊ ခင်ဗျားကလား”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။ အိုးရန်လင်း မှင်တက်သွားသည်။ သူ့အရှေ့မှ လူငယ်လေးသည် အံ့ဩဖွယ် ကောင်းသော လူငယ်လေးပင်။
*ဟုတ်သားပဲ၊ သူ့ကိုယ်ထဲမှာ ယန်စွမ်းအင်မှ မရှိတာ၊ အဲ့တော့ သူ ချက်ချင်း ဘယ်ခံစားမိမှာလဲ*
အိုးရန်လင်းက သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်၍ ပြောလိုက်သည်။
“ဒီသခင်ကြီးက နာမည်ကျော် ဘုရင်တို့ရဲ့ ဘုရင်ပဲကွ”
ထို့နောက် အိုးရန်လင်းက မျက်လုံးကိုစွေ၍ ယဲ့ဖန်၏ တုံ့ပြန်မှုကို ချောင်းကြည့်လေသည်။ ယဲ့ဖန်က အံ့ဩသော အမူအရာ ပြလိမ့်မည်ဟု သူ ထင်ထားသော်လည်း ယဲ့ဖန် ပြန်ပြောလိုက်သည်က
“ကျုပ် တစ်ခါမှ မကြားဖူးဘူး”
“မင်း…”
အိုးရန်လင်း အလွန် ဒေါသထွက်သွားပြီး သွေးအန်လုနီးပါး ဖြစ်နေသည်။
*ဘယ်လို ချီးကျူးရမလဲ မသိတဲ့ လူငယ်ပါလား*
“ဘာပဲဖြစ်ဖြစ် ငါက အင်မော်တယ် ဧကရာဇ်အဆင့်ပဲ၊ မင်း နားလည်လား”
အိုးရန်လင်း လျစ်လျူရှုခံရသည်က ပထမဆုံးအကြိမ်ပင်။
*ဒီကောင်လေးက ကြောက်နေရမှာ မဟုတ်ဘူးလား၊ ဘာလို့ ငါ့ကို အရူးတစ်ယောက်ကို ကြည့်သလို လာကြည့်နေတာလဲ*
*ငါကလည်း ကိုးပြည်နယ်အတွင်းမှာ နာမည်ကျော်တဲ့လူပါ၊ ဘယ်လိုလုပ် ဒီကောင်က ငါ့ကို လာအထင်သေး နေတာလဲ*
*တကယ်ပါပဲ*
“ခိုးကြောင်ခိုးဝှက် ဝင်လာတဲ့ အင်မော်တယ် ဧကရာဇ်အဆင့် လူကို ငါ တစ်ခါမှ မမြင်ဖူးဘူး”
ယဲ့ဖန်က ပေါ်တင်ဖဲ့၍ ပြောလိုက်သည်။ ညသန်းခေါင်အချိန်တွင် နန်းတော်တွင်းသို့ ခိုးဝင်လာသဖြင့် သူ့၌ ကောင်းသော ရည်ရွယ်ချက် မရှိနိုင်ပေ။
အိုးရန်လင်းတစ်ယောက် နှလုံးသားကို ဓားနှင့် ထိုးစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သူ အသက်ပင် မရှူနိုင်ချေ။
*ဒီကောင်လေးက တော်တော် စိတ်ပျက်စရာ ကောင်းတာပဲ*
“မင်းက သောက်ရစ်ထုတ်ကောင်ပဲ၊ ငါက ဒီကို လူတစ်ယောက် ရှာဖို့လာတာ”
အိုးရန်လင်းက သူ့ကိုယ်သူ ခုခံပြောဆိုလေသည်။
“လူတစ်ယောက်ကို ရှာဖို့ ခိုးဝင်လာဖို့ လိုလို့လား၊ မင်း အခု အော်လိုက်တာနဲ့ လက်ရှိဘုရင်က ဒီလာပြီး မင်းကို နှုတ်ဆက်ရမှာလား၊ ခင်ဗျားမျက်နှာက ထည်ဝါလွန်းလို့ သူခိုးနဲ့တောင် တူသလိုပဲ”
ယဲ့ဖန် ပဟေဠိ ဖြစ်နေသည်။
*လူတစ်ယောက်ကို ရှာဖို့ သူခိုးဖြစ်ဖို့ လိုလို့လား*
“မင်းက ငယ်သေးတာပဲ၊ မင်းကိုယ်မင်း ငါ့လို နာမည်ကျော်ကြားပြီး လေးစားထိုက်တဲ့လူလို့ ထင်နေတာလား၊ ငါ့လိုလူက ဒီရောက်နေတာကို လူသိဖို့ လိုလို့လား၊ အခုအချိန်မှာ ဒီနိုင်ငံရဲ့ အုပ်ချုပ်သူက ငါ့ကို လိုလားရဲ့လား ငါ မပြောတတ်ဘူး၊ ငါ အမုန်းဆုံးကတော့ မင်းနဲ့ အတူ ရှိနေရတာပဲ၊ ဒီပုရွက်ဆိတ်တွေက အတော် ရှင်းရတာပဲ”
“ထပ်ပြောမယ်၊ ငါ ရှာနေတဲ့လူက ငါ တကယ် ရှာနေတဲ့လူ ဟုတ်ရဲ့လား မသေချာဘူး”
ထိုစကားက အလွန် နားလည်ရခက်သော်လည်း ထူးဆန်းသည်က ယဲ့ဖန် နားလည်နေခြင်း ဖြစ်သည်။
အိုးရန်လင်းက လူတစ်ယောက်ကို ရှာနေသည်ဟု ပြောသည်ကို ကြားသောအခါ ဘာကြောင့်မှန်းမသိဘဲ သူ့စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်လာသည်။ သူ ချက်ချင်း ပြန်မေးလိုက်သည်။
“ခင်ဗျားရှာနေတဲ့လူရဲ့ နာမည်က ဘာလဲ”
“ယဲ့ဖန်၊ မင်း သူ့ကို သိလား”
*ဟုတ်နေတာပဲ*
ယဲ့ဖန် ခန့်မှန်းမိသော်လည်း တစ်ဖက်လူက ထုတ်ပြောလာသောအခါ မသိမသာ အံ့ဩမိသေးသည်။
*သူက တကယ်တော့ ငါ့ကို လာရှာတာပဲ၊ သူ့မှာ ဘာရန်ငြှိုးမှ မရှိတာလား*
*သူက ရန်သူ မဟုတ်ဘူးဆိုရင် ဘာလို့ သူ့ကို လုံးဝ မသိရတာလဲ*
“အခု အင်ပါယာမှာ ယဲ့ဖန်ကို မသိတဲ့သူ ရှိလို့လား”
ယဲ့ဖန်က သူ့အကြောင်းကို ထုတ်မပြောဘဲ အိုးရန်လင်းစကားကို အလိုက်သင့် ဆက်ပြောလေသည်။
“မင်း ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ၊ သူ ဘယ်မှာလဲ မင်း သိလား”
အိုးရန်လင်း စိတ်မရှည်စွာ ပြောလေသည်။ အပြင်လူ ဖြစ်သော ယဲ့ဖန်နှင့် စကားများများ မပြောချင်မှန်း သိသာလှသည်။
“ငါ သိတယ်”
“တကယ်လား၊ ငါ့ကို သူ့နဲတွေ့ဖို့ ခေါ်သွားပေး”
အိုးရန်လင်း အလျင်စလို လောဆော်လိုက်ပြီး စိတ်မရှည်တော့ဟန် ပေါ်လာသည်။ သူသည် ပြည်ပမှ ဤအင်ပါယာသို့ အပြေးလာပြီး ယဲ့ဖန်နှင့် တွေ့ကာ သူ ရှာနေသောလူ ဟုတ်၊မဟုတ် အတည်ပြုချင်နေ၏။
“ကျုပ် ခင်ဗျားကို ခေါ်မသွားပေးနိုင်ဘူး”
ယဲ့ဖန်က သူ့တောင်းဆိုမှုကို ငြင်းပယ်လေသည်။
“ခင်ဗျားက သူလျှိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ ဒါဆို ကျုပ်လည်း သူလျှိုလို့ အထင်ခံရမှာ မဟုတ်ဘူးလား၊ ယဲ့ဘုရင်က သေချာပေါက် ကျုပ်ခေါင်းကို ဖြတ်မှာ”
ထိုစကားကိုကြားသော် အိုးရန်လင်းက မချိုမချဉ် ပြုံးလိုက်သည်။
“ငါ မင်းခေါင်းကို ဖြတ်မှာကို မကြောက်ဘူးလား”
“သူလျှိုလို့ စွပ်စွဲခံရပြီး အသတ်ခံရတာထက်စာရင် ခင်ဗျားလက်ထဲမှာ သေသွားတာက ပိုကောင်းတယ်၊ အနည်းဆုံးတော့ ကျုပ် ဘာဆိုးမွေမှ မချန်ခဲ့ဘူးလေ”
အိုးရန်လင်းသည် ထိုစကားကြောင့် အံ့ဩသွားသည်။ ထို့နောက် ယဲ့ဖန်အား ချီးကျူးလေသည်။
“ကောင်းပြီလေ၊ မင်းရဲ့ ကျင့်ကြံခြင်းက နိမ့်ကျပင်မယ့် ယောက်ျား ပီသသားပဲ၊ ငါ မင်းကို ပြောပြမယ်”
“တကယ်တော့ ငါ ယဲ့ဖန်ကို လိုက်ရှာနေတဲ့ အကြောင်းရင်းက သူ့ကို ငါတို့ အိုးရန်မိသားစုရဲ့ မျိုးဆက်လို့ သံသယ ရှိလို့ပဲ”
ထိုစကားက ယဲ့ဖန်၏ ခေါင်းထဲ ဗလာဖြစ်သွားစေသည်။
*အိုးရန်မိသားစု*
*အိုးရန်ချင်ရွှယ်*
*မဟုတ်မှလွဲရော …*
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါ့အစ်မကြီးက တူလေးတစ်ယောက်ကို မွေးခဲ့ပင်မယ့် ကံမကောင်းစွာနဲ့ ဆုံးပါးသွားတယ်၊ အဲ့နောက်ပိုင်း ငါ့အစ်မ ရူးသွားတယ်၊ သူ ဘယ်သွားလဲ ငါတို့ မသိသလို ဘယ်တော့မှ ထပ်ပေါ်မလာတော့ဘူး”
“မကြာသေးခင်က သူ့သားက ကျုံးကျိုး အင်ပါယာမှာ ပြန်မွေးဖွားလာပြီး ယဲ့မိသားစုကို ဖျက်ဆီးလိုက်တယ်လို့ ငါ ကြားလိုက်ရတယ်။ အဲ့လူက ယဲ့ဘုရင် ဖြစ်နိုင်ချေများတယ်၊ အဲ့ဒါကြောင့် ငါ သူ့ကို မေးချင်တာ”
ယဲ့ဖန် ထင်နေသည့်အတိုင်းပင်။ ထိုအချိန်တွင် ယဲ့ဖန်၏ အမူအရာက မှုန်မှိုင်းမှိုင်း ဖြစ်နေပြီး တစ်ခွန်းမှ မပြောနိုင်ချေ။
*ငါ့အရှေ့ကလူက ငါ့ဦးလေးလား*
“ငါ့မိသားစုက ငါ့တူလေးကို ပြန်အသက်သွင်းနိုင်မယ့် နည်းလမ်းကို နှစ်ပေါင်းများစွာ လိုက်ရှာနေတာ၊ အဲ့ဒါအတွက်နဲ့ လူတွေအများကြီး သေခဲ့ရတယ်၊ ငါ့အဖေက ငါ့ညီအစ်ကိုတွေကို မကြာခဏ အသုံးမကျဘူးလို့ မာန်မဲနေတာ၊ သူ့မျိုးဆက်ကို မထိန်းသိမ်းနိုင်လို့လေ”
“သူ တဖြည်းဖြည်း အိုလာတာကိုကြည့်ပြီး တူလေးကိုသာ ပြန်ခေါ်မလာနိုင်ဘူးဆိုရင် သူ သေရင်တောင် မငြိမ်းချမ်းမှာ စိုးရတယ်”
အိုးရန်လင်း၏ မျက်နှာက စိတ်သောကရောက်ပုံ ပေါ်နေသည်။ ဤအရာများက သူ့စိတ်ထဲ အချိန်ကြာမြင့်စွာ ရှိနေသောကြောင့် မရပ်မနား စကားပြောနေ၏။
“ပြီးတော့ ငါ့ရဲ့ မဆုတ်မနစ် ကြိုးစားတဲ့ အစ်မကလည်း ငါ့တူလေး သေသွားကတည်းက အိမ်ကို တစ်ခါမှ ပြန်မလာဘူး၊ ငါသာ ငါ့တူလေးကို ပြန်ခေါ်လာနိုင်ရင် သူလည်း အိမ်ပြန်လာကောင်း ပြန်လာနိုင်ပါရဲ့”
အိုးရန်လင်းက မိသားစုကို ခင်တွယ်သောလူမှန်း သိသာလှသည်။ သူ့ဖခင်ကို နောင်တမရစေချင်သလို သူ့အစ်မကိုလည်း ဒုက္ခမခံစေချင်ပါ။ ထို့ကြောင့် နှစ်ပေါင်းများစွာ လှည့်လည်သွားလာ၍ ယဲ့ဖန်ကို အသက်သွင်းနိုင်မည့် နည်းလမ်းကို လိုက်ရှာခဲ့သည်။
ထိုအကြောင်းပြချက်ကြောင့် သူ့ဇနီးနှင့်ပင် သူ တစ်ကြိမ်မက ပြဿနာတက်ခဲ့ပြီး သူ့မိန်းမက သူ့ကို ကွာရှင်းချင်ခဲ့သည်။
ယဲ့ဖန် နားထောင်လေ ပို၍ ထိတ်လန့်ရလေ ဖြစ်ကာ ကြက်သေ သေနေမိသည်။ သူ့အဘိုးက သူ့ကို အသက်ပြန်သွင်းရန် ကြိုးစားနေခဲ့သည်တဲ့လား။
“မင်း ဘာလို့ စကားမပြောတာလဲ”
ယဲ့ဖန်၏ အံ့ဩနေသော အမူအရာကိုကြည့်ပြီး အိုးရန်လင်း မသင်္ကာစွာ မေးလိုက်သည်။
“မဟုတ်ပါဘူး … ဘာမှမဟုတ်ဘူး၊ ကျုပ် နည်းနည်း အံ့ဩသွားလို့ပါ”
ယဲ့ဖန် ချက်ချင်း သတိဝင်လာပြီး မချိတရိ ပြုံးလိုက်သည်။
“တကယ်လား၊ ငါ့မိသားစုက ဒရာမာဇာတ်လမ်းတွေတောင် မှီမယ်မထင်ဘူး”
“တကယ်ကို ထိတ်လန့်စရာပဲ”
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အိုးရန်လင်း၏ မျက်နှာက သုန်မှုန်လာသည်။
“ယဲ့မိသားစုက ခွေးမသားတွေက ငါ့တူကို သတ်ရုံတင်မကဘဲ ငါတို့ကိုပါ အလိမ်အညာစကားတွေနဲ့ လှည့်စားခဲ့တယ်၊ ငါတို့ အိုးရန်မိသားစုက ရန်သူတွေများလွန်းလို့ ယဲ့မိသားစုပါ ဆွဲထည့်ခံရတာလို့ ပြောလိုက် သေးတယ်၊ ငါတို့ နှစ်အတော်ကြာအောင် လှည့်စားခံခဲ့ရတာ”
“ယဲ့မိသားစုက အစကနေ အဆုံးအထိ ကြိုးကိုင်ထားတယ်ဆိုတာကို မကြာသေးခင်ကအထိ ငါတို့ မသိခဲ့ဘူး၊ အဆိပ်ပြင်းတဲ့ကောင်တွေ၊ ယဲ့မိသားစုက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်”
အိုးရန်လင်းက သူ၏ စိတ်ထဲမှ မကျေနပ်စိတ်ကို ဘွင်းဘွင်းရှင်းရှင်း ဖော်ပြလာသည်။ ယဲ့ဖန်က သူနှင့် တစ်ခွန်းစ၊ နှစ်ခွန်းစ ဝင်ပြောသည်။
သူတို့နှစ်ယောက်၌ တူညီသော အတွေ့အကြုံများ ရှိနေ၍လားမသိချေ။ သူတို့ အလွန် နွေးထွေးစွာ ပြောဆိုကြပြီး မသိလိုက်မသိခင်မှာပင် အရုဏ်ဦးသို့ ရောက်လာသည်။
“ယုံရတဲ့လူနဲ့တွေ့ရင် ဝိုင်ခွက်တစ်ထောင် သောက်ရတယ်တဲ့၊ ဒီမှာ ဘာဝိုင်မှမရှိတာ စိတ်မကောင်းစရာပဲ၊ မဟုတ်ရင် ငါ မင်းနဲ့ စကားပြောရင်း ခွက်သုံးရာလောက် သောက်နေမှာ ဟားဟားဟား”
အိုးရန်လင်းက စိတ်လိုလက်ရ ရယ်နေသည်။
ယဲ့ဖန် ငိုရမလား၊ ရယ်ရမလား မသိတော့ချေ။ သူ့ဦးလေးသည် တကယ်ပင် အံ့ဩစရာကောင်းသော လူပင်။ အင်မော်တယ် ဧကရာဇ်အဆင့်ဖြစ်သော်လည်း ဘာယန်စွမ်းအင်မှ မရှိသော အမှိုက်ကောင်နှင့် သေရည် သောက်ချင်နေ၏။
ဤသို့ဖြစ်ချင်းမှာ ယဲ့ဖန်နှင့် အိုးရန်လင်းတို့က တစ်မိသားစုတည်းက ဖြစ်ပြီး ယဲ့မိသားစုကိုလည်း မုန်းတီး သောကြောင့်ပင်။ ဤသို့သော မုန်းတီးစိတ်ကို အပြင်လူများ မခံစားတတ်ပါ။
ထို့ကြောင့် အိုးရန်လင်းက ယဲ့ဖန်ကို တွေ့ရခဲသည့် ယုံကြည်ရသောလူဟု အထင်မှားနေသည်။ ယဲ့ဖန်က သူ့ကို နားလည်နိုင်မည်ဟု ခံစားမိနေ၏။ ယဲ့ဖန်က ပါဝင်ပတ်သက်သူ ဖြစ်သောကြောင့် နားမလည်ဘဲ နေပါမည်လော။
ယဲ့ဖန် ခေါင်းခါလိုက်မိသည်။ သူ့ဦးလေးက အလွန် ပွင့်လင်းလွန်းသည် မဟုတ်ပါတကား။
“ဟုတ်တယ် နှမြောစရာပဲ”
ယဲ့ဖန် သံယောင်လိုက်၍ ပြောလိုက်သည်။
“အင်း ဒီလိုလုပ်တာ ပိုကောင်းမယ်၊ မင်းနဲ့ငါ သွေးသောက် ညီအစ်ကိုဖွဲ့မယ်၊ ဒါဆို ငါတို့ ညီအစ်ကိုတွေ ဖြစ်လာပြီးတော့ အရက်သောက်မယ့် အခွင့်အရေး ပိုရလာမှာပဲ”
အိုးရန်လင်းက ရုတ်တရက် ပြောလာသည်။
*ဟမ်*
ယဲ့ဖန် အံ့ဩသွားသည်။ အိုးရန်လင်းက ပွင့်လင်းသူဟု သူ ထင်ထားသော်လည်း အံ့ဩစရာကောင်းသောသူ ဖြစ်နေပုံ ရသည်။
*တစ်ညလောက် စကားပြောရုံပဲ ပြောတာလေ၊ သောက်တောင် မသောက်ရသေးဘူး၊ အိုးရန်လင်းက ဒီအဆင့်ကို တက်နေပြီလား*
*ငါ့ဦးလေးနဲ့ သွေးသောက် ညီအစ်ကို ဖွဲ့ရမှာလား*
*ငါ့အဘိုးတော့ သွေးတက်လောက်တယ်*
“အဲ့လိုမကြည့်နဲ့၊ မင်းနောက်ခံကြောင့် မင်း သိမ်ငယ်သလို ခံစားနေရမှန်း ငါ သိတယ်၊ ငါ့လိုလူနဲ့ ညီအစ်ကို မဖြစ်ထိုက်ဘူးလို့ ခံစားနေရတယ် မဟုတ်လား …”
ယဲ့ဖန် မဲ့သွားသည်။
*အဲ့ဒါက အကြောင်းပြချက် မဟုတ်ဘူးလေ*
အိုးရန်လင်းက သူ့ရင်ဘတ်ကို နှစ်ချက် ပုတ်ပြသည်။
“ဒါပေမဲ့ စိတ်မပူနဲ့၊ ငါ အဆင့်အတန်းပေါ် မူတည်ပြီး ဘယ်တော့မှ မိတ်ဆွေမဖွဲ့ဘူး၊ ငါ့ကို ကျေနပ်အောင် လုပ်နိုင်သရွေ့ မင်းက သူတောင်းစားဖြစ်တောင် ကိစ္စမရှိဘူးကွ”
“မဟုတ်ပါဘူး … ကျုပ် မသင့်တော်သလို ခံစားရလို့ပါ”
ယဲ့ဖန် လက်ကာပြ၍ သွေးပျက်သလို မျက်နှာထားနှင့် ပြောလိုက်သည်။
သူ့ဦးလေးနှင့် သွေးသောက် ညီအစ်ကို ဖွဲ့လိုက်လျင် သူ့မိခင်အရင်းနှင့် တွေ့ချိန်ရောက်လာပါက အစ်မကြီးဟု ခေါ်ရတော့မလို ဖြစ်နေသည် မဟုတ်ပါလော။
*ရှုပ်ထွေးလိုက်တာ*
“ဘာဖြစ်လို့လဲ၊ ငါတော့ အဆင်ပြေတယ် ထင်တာပဲ၊ အများကြီး တွေးမနေနဲ့ ကောင်လေး၊ မင်းက မွေးကတည်းက ထူးချွန်မယ့်သူပါ၊ မင်းကိုယ်မင်း သိမ်ငယ်မနေနဲ့”
အိုးရန်လင်းက ယဲ့ဖန်ကို ပခုံးပုတ်၍ နှစ်သိမ့်လေသည်။
“ကျုပ်မှာ သိမ်ငယ်တတ်တဲ့ စိတ်ထား မရှိပါဘူး …”
ယဲ့ဖန် ငိုချင်နေသည်။ သူ အခါတစ်သောင်းမက သဘောမတူချင်သော်လည်း အိုးရန်လင်း၏ တက်ကြွနေသော စိတ်ကို ဖျောင်းဖျရ ခက်နေ၏။ သူ့ကို နားချ၍ မပြီးမချင်း လက်လျှော့မည့်ပုံ မရချေ။
“ဘာလို့လဲကွ၊ ဟေ့ကောင် ငါဆိုတဲ့ အိုးရန်လင်းက အခြား ဘယ်သူနဲ့မှ သွေးသောက် ညီအစ်ကို မဖွဲ့ဘူးကွ၊ မင်းကို ရှားရှားပါးပါး သဘောကျလို့ သွေးသောက်ဖွဲ့တာကွ၊ မင်းက ငါ့ကို ငြင်းချင်တာလား”
အိုးရန်လင်းက စိတ်ဆိုးသော ပုံစံနှင့် ယဲ့ဖန်ကို ကြည့်လာသည်။
“ပြောစမ်း မင်းက ငါ့ကို အထင်သေးတာလား”
“ကျုပ် … ကျုပ် မလုပ်ရဲပါဘူး”
ယဲ့ဖန် ငိုချင်နေ၏။ တကယ် နည်းလမ်းမရှိတော့သည့်ပုံပင်။ တစ်ဖက်လူက ဘာမှမဖြစ်ဘူးဟု ပြောသော်လည်း သူနှင့် သွေးသောက်မဖွဲ့လျင် သူ့အား အထင်သေးရာ ကျပေတော့မည်။
သို့သော် ယခုမှ သူ့အကြောင်းကို ဝန်ခံလိုက်လျင် အိုးရန်မိသားစုပါ ဆွဲထည့်ခံရမည်ကို စိုးရသည်။ သူသည် ရန်သူများစွာ ရှိနေပြီး ဖြစ်ပြီး အိုးရန်မိသားစု၏ နောက်ခံက ဘာလဲ သူ မသိပေ။
“ရပြီ”
သူ မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် အိုးရန်လင်းက သူ့ကို မြေကြီးပေါ် လဲကျအောင် ဖြောင်းခနဲ ချ၍ အားပါးတရ ရယ်လာသည်။
“ဒီနေ့ အိုးရန်လင်းက ဒီမိုးမြေကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ ပြီးတော့ … မင်းနာမည်က ဘာလဲ”
“ဖုန်း … ဖုန်းယဲ့ပါ”
“ဒီညီလေး ဖုန်းယဲ့နဲ့ သွေးသောက် ညီအစ်ကို ဖွဲ့ပါတယ်၊ နောင်အနာဂတ်မှာ ကျုပ်တို့ ကောင်းမွေဆိုးမွေကို အတူ ခံစား ဖြတ်ကျော်ပါ့မယ်။ ကျုပ်တို့ တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်း မမွေးခဲ့ပင်မယ့် တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်းမှာ အတူတူ သေချင်ပါတယ်”
ယဲ့ဖန် နှုတ်ခမ်းလှုပ်နေသော်လည်း အသံထွက်ရဲသည့် သတ္တိမရှိပေ။ အစ်ကိုကြီးဟူသော စကားလုံးက သူ့အတွက် အလွန် ရှက်စရာ ကောင်းနေ၏။
နောင်တွင် အိုးရန်လင်းသာ အဖြစ်မှန်ကို သိသွားပါက ကိုယ့်ကိုယ်ကိုယ် သတ်သေလောက်သည်။
“ဖြောင်း”
အိုးရန်လင်းက ယဲ့ဖန်၏ နောက်စေ့ကို ဖြောင်းခနဲချ၍ ဒေါသတကြီး ကြိမ်းမောင်းလာသည်။
“မင်းကိုယ်မင်း ကြည့်စမ်း၊ ငနာလေး၊ ဘယ်လိုအော်ရမလဲ မသိဘူးလား”
“အစ် … အစ်ကိုကြီး”
“ဟုတ်တယ် အစ်ကိုကြီး၊ အခု ငါတို့ အချင်းချင်း ခံစားချက်တွေ မျှဝေပြီး နောင် အတူရှင်သန်ပြီး အတူ သေကြမယ်”
အိုးရန်လင်းသည် ညီငယ်တစ်ယောက် ကောက်ရလိုက်ပြီးနောက် စိတ်ဓာတ် တက်ကြွနေပုံရပြီး အဆက်မပြတ် ရယ်နေ၏။
“ဟုတ် … ဟုတ်ကဲ့”
သို့သော် ယဲ့ဖန်ကတော့ သေချင်စော်နံသော အမူအရာနှင့် ဖြစ်နေလေသည်။