အံ့ဩစရာ ကောင်းသောကိစ္စ
Vol. 118 Ch. 1581
“ညီငယ်လေး မင်း အခု ငါ့ကို ယဲ့ဖန် ဘယ်မှာလဲ ပြောလို့ရပြီလား"
အိုးရန်လင်း အလွန် ပျော်နေသဖြင့် ပါးစပ်ပင် မစေ့နိုင်ချေ။
“သူ မရှိတော့ဘူး”
“ဘာ”
အိုးရန်လင်း ရုတ်တရက် ထအော်လိုက်မိသည်။
“မရှိတော့ဘူး ဟုတ်လား၊ သူ ပြီးခဲ့တဲ့ ရက်တွေတုန်းက အကောင်းကြီး အသက်ရှင်နေတာ မဟုတ်ဘူးလား”
ယဲ့ဖန် ကိုယ့်ခေါင်းကိုယ် ပြန်ခေါက်မိပြီးမှ အသိပြန်ဝင်လာသည်။
“ကျွန်တော် ပြောချင်တာက အခု သူ နန်းတော်မှာ မရှိဘူးလို့ ပြောတာ”
“ယီးပဲ၊ နောက်တစ်ခါကျရင် မင်း အပြည့်အစုံ ပြောပါကွ၊ ငါ လန့်လွန်းလို့ နှလုံးရောဂါ ရတော့မယ်”
အိုးရန်လင်းက သူ့ကို စိတ်ဆိုးမာန်ဆိုး ကြည့်လာသည်။
“သူ ဘယ်ကိုသွားတာလဲ”
“သူ မြောက်ဘက်ကို သွားတယ်”
ယဲ့ဖန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။
“သေစမ်း ခြေတစ်လှမ်း နောက်ကျသွားတဲ့ပုံပဲ”
အိုးရန်လင်း စိတ်ပျက်သွားသည်။ သူသည် ယဲ့ဖန်အား မိသားစုနှင့် တွေ့ဆုံရန် အသည်းအသန် ပြန်ခေါ်သွား ချင်နေ၏။
ထိုသို့ဆိုလျင် သူ့ဖခင်၏ ဆန္ဒ ပြည့်ဝသွားပြီး သူ့အစ်မသည်လည်း ချစ်ရသော သားကို ဆုံးရှုံးရသည့် ဒုက္ခကို ထပ်ခံစားရတော့မည် မဟုတ်ပါ။
“သူ ဒီအတောအတွင်း ပြန်လာဦးမယ် မထင်ဘူး၊ ဒါမှမဟုတ် ခင်ဗျား မနက်ဖြန် ပြန်လာမလား”
ယဲ့ဖန် အကြံပေးလိုက်သည်။ ယခုအရေးကြီးဆုံး အရာမှာ ဤလူအား အင်ပါယာအတွင်းမှ မြန်မြန် နှင်ထုတ်ရန် ဖြစ်သည်။
ယဲ့ဖန် တစ်ခါမှ လူတစ်ယောက်ကို အလွန် မကြောက်ဖူးပါ။ ယခုအခါတွင်မူ အိုးရန်လင်းကို ကြည့်ပြီး သူ သွေးပျက်နေ၏။
ယခု သူ သွေးသောက်ညီအစ်ကို ဖွဲ့ခံရသည်။ ထို့ထက်ကြာလျင် သူ့အား မိဘများနှင့် မိတ်ဆက်ပေးရန် သူ့ကို အိမ်ခေါ်သွားနိုင်ချေ ရှိသည်။
ဤလူကို သူ လှည့်စားနိုင်သော်လည်း အိုးရန်မိသားစုထဲမှ လူတိုင်းကို သူ လှည့်စားနိုင်မည်ဟု အာမမခံနိုင်ချေ။
“အဆင်မပြေဘူး၊ သူ့ကို စောစောတွေ့နိုင်လေ၊ သူ့ကို ပိုစောစော အိမ်ပြန်ခေါ်သွားနိုင်လေပဲ၊ တစ်ရက် နှောင့်နှေးရင် ငါ့မိသားစုက တစ်ရက် ပိုခံစားရမှာ”
အိုးရန်လင်း အခိုင်အမာ ခေါင်းခါပြီးနောက် ယဲ့ဖန်ကို နှုတ်ဆက်လေသည်။
“ညီလေး ငါ အခု သွားလိုက်ဦးမယ်၊ မနက်ဖြန် ငါ မင်းကို အရက်သောက်ဖို့ လာရှာမယ်”
ယဲ့ဖန်က ရယ်ရမလား ငိုရမလား မသိတော့ဘဲ သူ့အား လက်ပြနှုတ်ဆက်လေသည်။ အိုးရန်လင်း ထွက်သွားတာ သေချာကြောင်း အတည်ပြုပြီးနောက် သူ အသံမြှင့်၍ အော်ပြောလိုက်သည်။
“တစ်ယောက်ယောက် လာကြစမ်း၊ အခုချက်ချင်း သွားမယ်၊ တောင်ဘက်ကို သွားမယ်”
“တောင်ဘက်ကို ဟုတ်လား၊ ငါတို့ မြောက်ဘက်ကို အရင်သွားမယ်လို့ ဆုံးဖြတ်ထားတာ မဟုတ်ဘူးလား”
ကြက်ကတုံးက ယဲ့ဖန်ဘေးနားသို့ ပေါ်လာပြီး တအံ့တဩ မေးလေသည်။
“မဟုတ်ဘူး လုံးဝ မြောက်ဘက်ကို သွားလို့မရဘူး”
သူ့ဦးလေး၏ အကျင့်စရိုက်ရဆိုလျင် မြောက်ဘက်ကို သွားမှာ အသေအချာပင်။
“ဒါဆို ချက်ချင်း သွားဖို့မလိုဘူး မဟုတ်လား”
ကြက်ကတုံးက သမ်းဝေနေသည်။
“အခု လူတိုင်း နားနေတုန်းပဲ ရှိသေးတယ်”
ယဲ့ဖန် ရှေ့တိုးလာပြီး သူ့အား ခိုက်ခိုက်တုန်သွားစေမည့် စကားကို ပြောလာသည်။
“မင်းက သခင်လား၊ ငါက သခင်လား၊ ဒါဆို ငါ မင်းကို မီးကင်ပစ်လိုက်မယ်”
ကြက်ကတုံး တုန်လှုပ်သွားပြီး အာခေါင်ပင် ခြောက်သွေ့လာသည်။
“ထပြီ၊ ထပါပြီ၊ ယဲ့ဘုရင်က လျှို့ဝှက်ပြီး သွားချင်တာကိုး”
ပိုင်ရွှယ်သည် ပင်ပန်းလွန်းသဖြင့် စားပွဲပေါ်၌ အိပ်ပျော်နေလေ၏။ ရုတ်တရက် သူမ ဆူဆူညံညံအသံများ ကြားပြီး နိုးလာသည်။ ထို့နောက် သူမ ရီဝေဝေဖြင့် အပြင်သို့ ပြေးထွက်လာ၏။
“အရှင်မ၊ အရှင့်ဖိနပ်၊ အင်္ကျီ”
နန်းတွင်းသူလေးက သူမအနောက်မှ အပြေးအလွှား လိုက်လာသည်။ ပိုင်ရွှယ်က မြို့တံတိုင်းပေါ်သို့ ခြေဗလာဖြင့် ပြေးသွားပြီး ယဲ့ဖန်နှင့် အခြားသူများ ထွက်သွားသည်ကို ကြည့်ကာ ငိုကြွေးလေသည်။
“မင်းတို့ ဘာလို့ ငါ့ကို မနှိုးတာလဲ”
သူမ နန်းတွင်းသူများကို ပြန်လှည့်ကြည့်လေသည်။ သူမ ယဲ့ဖန်နှင့် တွေ့နိုင်မည့် အခွင့်အရေးကို လွဲချော်သွား ရလေပြီ။
“ဒါ အရှင်ယဲ့ဘုရင်ရဲ့ အမိန့်ပါ၊ အရှင်မက အရမ်း ပင်ပန်းနေလို့ အရှင်မကို မနှောင့်ယှက်ဘဲ ဆက်အိပ်ခိုင်းထားဖို့ မှာထားလို့ပါ”
“အဲ့သေနာကြီးကတော့”
ပိုင်ရွှယ် စိတ်ပျက်သွားပြီး ရုတ်တရက် ရှေ့ပြန်လှည့်၍ ယဲ့ဖန်ကို အော်ပြောလိုက်သည်။
“ယဲ့ဖန် ရှင် မြန်မြန် ပြန်လာရမယ်၊ ကျွန်မကို အကြာကြီး မစောင့်ခိုင်းထားနဲ့၊ ကျွန်မ မနေနိုင်ဘူး”
ဤရက်ပိုင်းအတွင်း သူမသည် နန်းတွင်းရေးရာများနှင့် အလုပ်များနေပြီး ယဲ့ဖန်နှင့် မတွေ့ရပေ။ ထို့ကြောင့် သူမ နှစ်တစ်နှစ်မှ ကျော်လွန်ဖြတ်သန်းနေရသည်ဟုပင် ခံစားနေရသည်။
ယခု ယဲ့ဖန် ဘယ်လောက်ကြာအောင် ထွက်သွားမလဲ မသိနိုင်သည်ကို တွေးမိပြီး သူမ၏ အတွေးများ ပြည့်လျှံလာသည်။
“အရှင်မ၊ အရှင့် အပြုအမူကို သတိထားပါ”
“အရှင်မ၊ အရှင့်စကားနဲ့ အပြုအမူတွေကို သတိထားပေးပါ”
နန်းတွင်းသူများ ကြောက်လန့်သွားသည်။ နိုင်ငံ၏ အရှင်သခင်ဖြစ်သူ ပိုင်ရွှယ်က သူမခံစားချက်ကို လူမြင်ကွင်း၌ ထုတ်ပြောနေသည်ကို အပြင်လူများ မြင်သွားပါက အဆင်ပြေနိုင်ပါ့မည်လော။
ထိုအချိန်မှာပင် အိုးရန်လင်းသည်လည်း နောက်ပြန်လှည့်လာသည်။ သူ့ညီ ယဲ့ဖန် ဘယ်မှာနေသလဲ သူ မေးရန် မေ့သွားကြောင်း သတိရသွားသောကြောင့်ပင်။
ထိုစဉ် လူရိပ်တစ်ခု အနားရောက်လာသည်။ ထိုလူကို မြင်သည်နှင့် အိုးရန်လင်းက မျက်နှာချိုသွေးသော အပြုံးမျိုး ပြုံးလိုက်သည်။
“ရှင်မ”
အိုးရန်လင်း၏ ဇနီးသည် လီဟွမ်ဟွမ် ရောက်လာခြင်းပင်။ သူမ အတော်ကြာအောင် တစ်ကိုယ်တည်း နေခဲ့ရသဖြင့် အိုးရန်လင်းနှင့် ကွာရှင်းလုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် အိုးရန်လင်း မတတ်သာဘဲ သူ့ဇနီးနှင့်အတူ ခရီးထွက်ရတော့သည်။
အခန်းလွတ်၌ တစ်ကိုယ်တည်း နှစ်ပေါင်းများစွာ နေခဲ့ရ၍ သူမမျက်နှာတွင် ဝမ်းနည်းပူဆွေးမှုနှင့် ပြည့်နေပြီး “ကျွန်မ မပျော်ဘူး” ဟု မျက်နှာ၌ ရေးထားသလို ဖြစ်နေ၏။
“လူက ဘယ်မှာလဲ”
လီဟွမ်ဟွမ်က အေးစက်စွာ မေးလာသည်။ အိုးရန်လင်းသည် သူ့ချစ်ဇနီးအား နှစ်ပေါင်းများစွာ ပစ်ပယ်ထားမိသည့်အတွက် အပြစ်ရှိသလို ခံစားမိသည်။ ထို့ကြောင့် လီဟွမ်ဟွမ်အပေါ်၌ သူ့အပြုအမူက ကျိုးနွံလေသည်။
သူ စောဒက မတက်ရဲဘဲ ရယ်၍ ပြောလိုက်သည်။
“အဲ့ကောင်လေးက မြောက်ဘက်ကို သွားတယ်တဲ့၊ နန်းတော်ထဲမှာ မရှိဘူး”
“မြောက်ဘက်ကို သွားတယ် ဟုတ်လား၊ ငထုံကောင်၊ ယဲ့ဘုရင်က လွန်ခဲ့တဲ့ နာရီဝက်တုန်းက နန်းတော်ထဲမှာ ရှိသေးတယ်ဆိုတာကို ငါ အခုလေးတင် သိလာတာ”
“မဖြစ်နိုင်ဘူး၊ သူ မြောက်ဘက်ကို သွားပြီလို့ ငါ့ညီက ငါ့ကို အသေအချာ ပြောတာ၊ ပြီးတော့ ငါ့ညီက ငါ့ကို မညာနိုင်ပါဘူး”
အိုးရန်လင်းက အလေးအနက် ပြောလာသည်။ ယခုအချိန်အထိ သူ လှည့်စားခံနေရမှန်း မသိသေးချေ။
“ဒီနိုင်ငံကို ရှင် အခုမှ ပထမဆုံး ရောက်ဖူးတာကို၊ ရှင် ဘယ်ကနေ ညီရလာတာလဲ”
လီဟွမ်ဟွမ် မေးလိုက်သည်။
*သူ လှည့်စားခံလိုက်ရတာလား*
“ခုနလေးတင် တွေ့လာတာ၊ ဘာလို့မှန်း မသိဘူး၊ ငါ့ညီကို တွေ့တာနဲ့ ရင်းနှီးသလို ခံစားရတာ၊ ငါတို့ တစ်ညလုံး စကားတွေ ပြောပြီး နောက်ဆုံးတော့ သွေးသောက် ညီအစ်ကို ဖွဲ့ဖို့ ဆုံးဖြတ်လိုက်တာပဲ၊ ရှင်မကို ပြောရဦးမယ်၊ ငါ့ညီက ပါရမီရှင်နဲ့ တူပင်မယ့် သူက ကျင့်ကြံမှုမရှိတဲ့ အမှိုက်ကောင်ပဲ၊ ဒါပေမဲ့ သူက မာနရှိတယ်၊ သူက လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါမျိုး ရှိပြီး အရမ်း ထူးခြားတာ”
“အဲ့ကောင်လေးက သူ့ရဲ့ သိမ်ငယ်တဲ့စိတ်ကြောင့် အစက ငါနဲ့ သွေးသောက်မဖွဲ့ရဲဘူးလေ၊ နောက်ဆုံး ငါပဲ သူ့ကို ဒူးထောက်အောင် ဖိအားပေးပြီး သွေးသောက်ဖွဲ့ပစ်လိုက်တယ်၊ ဟားဟား”
လီဟွမ်ဟွမ် မျက်နှာပျက်သွားသည်။
“ရှင် ပြောနေတဲ့လူက ပိန်ပြီး ချောမောတဲ့ မျက်နှာ၊ ဓားသွားလို မျက်ခုံးနဲ့ ကြယ်တာရာလို စူးရှတဲ့ မျက်လုံး ရှိပြီးတော့ ခပ်မိုက်မိုက် ပြုံးတတ်တဲ့လူလား”
“ဟုတ်တယ် ဟုတ်တယ်၊ ရှင်မ သူ့နဲ့ တွေ့ခဲ့တာလား”
အိုးရန်လင်း တအံ့တဩ မေးလိုက်သည်။ လီဟွမ်ဟွမ် မျက်နှာမဲ့သွားပြီး အိုးရန်လင်းကို ဓာတ်ပုံတစ်ပုံ ပေးလိုက်သည်။
“ရှင်နဲ့ သွေးသောက်ဖွဲ့ခဲ့တဲ့လူက သူ မဟုတ်ဘူးလား”
အိုးရန်လင်း သေချာယူကြည့်ပြီးနောက် တအံ့တဩ ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် ဟုတ်တ် သူပဲ၊ ရှင်မ မင်းလည်း သူ့ကို သိတာလား”
“ဖြောင်း”
လီဟွမ်ဟွမ် သူ့ခေါင်းကို ရိုက်ပြီး သက်ပြင်းချလေသည်။ သူမ ဘာမှမတတ်နိုင်ဘဲ ပြောစရာ စကားမဲ့နေ၏။
“ရှင်မ မင်း ဘာဖြစ်တာလဲ”
အိုးရန်လင်း သတိထား၍ မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မုန်တိုင်းမထန်ခင် သာယာနေသည်ဟု သူ အပြင်းအထန် ခံစားမိနေသည်။
“အရူးကောင်”
လီဟွမ်ဟွမ် ဒေါသထွက်လွန်းသဖြင့် အိုးရန်လင်းကို လက်သီးဖြင့် ထိုးလိုက်သည်။ သူမ တကယ် စိတ်တိုနေလေပြီ။
သူမတို့ နှစ်ပေါင်းများစွာ ရှာနေသောလူက သူတို့ရှေ့၌ ရှိနေသော်လည်း အိုးရန်လင်းက သူ့ကို သွားခွင့်ပေး လိုက်သည်တဲ့လား။
သံဖိနပ်ကို စီး၍ ဘယ်ကိုသွားရမလဲ မသိသကဲ့သို့ အချည်းနှီး ဖြစ်သွားပြီ မဟုတ်ပါလော။ ဤအရူးကို အပြစ်တင်ရ ပေတော့မည်။
အိုးရန်လင်း၏ မျက်လုံးတစ်ဖက် ရောင်ကိုင်းသွားပြီး ပန်ဒါမျက်လုံး ဖြစ်နေသည်။ သူ မျက်နှာရှုံ့မဲ့သွားပြီး အပြစ်ကင်းစွာ ပြောလိုက်သည်။
“ရှင်မ မင်း ဘာလုပ်တာလဲ”
*ဒီမိန်းမ အရင်ကလည်း မျက်နှာသာ မပေးဘူး၊ အခု ဘာလို့ လူကို လာရိုက်နေတာလဲ*
*ငါ့အနာဂတ်ကြီးက မှောင်မိုက်လိုက်တာ*
*မဖြစ်ဘူး၊ ကွာရှင်းရမယ်၊ ကွာကိုကွာရှင်းရမယ်*
“ရှင့်ညီဆိုတာက ကျွန်မတို့ နှစ်ပေါင်းများစွာ လိုက်ရှာနေတဲ့ တူလေးဆိုတာ ရှင် သိလား”
လီဟွမ်ဟွမ်က အိုးရန်လင်းကို စူးစိုက်ကြည့်၍ နုတ်နုတ်စင်းချင်နေလေသည်။
*ဒီလိုအရူးမျိုး ဘယ်လိုလုပ် ရှိနေတာလဲ*
*တွေ့တွေ့ချင်း ရင်းနှီးသလို ခံစားရတယ် ဟုတ်လား၊ ဒါ အဓိပ္ပာယ် မရှိလွန်းဘူးလား*
*ဘာ*
အိုးရန်လင်းတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားပြီး ကြက်သေ သေသွားလေသည်။
“မင်း နောက်နေတာ မဟုတ်လား၊ မင်း နောက်နေတာပဲ ဖြစ်မယ်”
*ဘယ်လိုလုပ် ဒီလို တိုက်ဆိုင်မှုမျိုး ရှိနေတာလဲ*
*မဟုတ်ဘူး ဒီလို ဆိုးရွားတဲ့ကိစ္စမျိုး ဘယ်လိုလုပ် ရှိနေတာလဲလို့ ပြောရမှာ*
“ကျွန်မ ရှင် ဝိညာဉ်လွင့်သွားအောင် လုပ်ပေးရမလား၊ အိုးရန်လင်း ရှင်က တော်တော် ဟုတ်နေတာပဲ၊ ရှင့်တူနဲ့တောင် သွေးသောက် ညီအစ်ကို ဖွဲ့လိုက်သေးတယ်၊ ရှင် ပြောကြည့်စမ်း၊ နောင် သူ ကျွန်မနဲ့ တွေ့ရင် ကျွန်မကို ဒေါ်ဒေါ်လို့ ခေါ်ရမှာလား၊ မရီးလို့ ခေါ်ရမှာလား”
လီဟွမ်ဟွမ် ဒေါသထွက်နေသည်။ သူမ နှစ်ကြိမ်မျှ ညည်းနေပြီး အိုးရန်လင်းအား အေးစက်စက် ကြည့်နေ၏။
“ငါ”
အိုးရန်လင်း ရုတ်တရက် ရှက်ရွံ့သွားပြီး ကျင်းတူး၍ ပုန်းချင်စိတ် ပေါက်နေသည်။
“သူက ရှင်နဲ့ ညီအစ်ကို မဖွဲ့ချင်တာကို ရှင်က သူ့ကို အတင်း ဒူးထောက်အောင် လုပ်တယ်၊ ရှင် ဘာတွေများ တွေးနေလဲ ပြောပါဦး၊ ရှင် အဲ့တုန်းက သူ့အမူအရာကို သတိမထားမိဘူးလား၊ အဲ့အချိန်တုန်းက သူ ဘယ်လို ဖြစ်နေမလဲ ကျွန်မ တွေးကြည့်လို့တောင် ရတယ်၊ ရှက်ဖို့ကောင်းလိုက်တာ”
“ကျွန်မ မှန်းကြည့်စမ်းမယ်၊ ရှင် သူ့ကို အစ်ကိုကြီးလို့ခေါ်ဖို့ အတင်း ဖိအားခဲ့တာ မဟုတ်လား၊ ဟမ် ဟုတ်တယ်မလား၊ အစ်ကိုကြီးလို့ ခေါ်ခိုင်းတာမလား”
အိုးရန်လင်း သေချင်စိတ်ပေါက်သွားသည်။
“အဲ့သေနာလေးကတော့ … ငါ သူ့ကို ရှာနေမှန်း သိတာတောင် ဘာမှမပြောဘူး၊ နောက်တစ်ခါ ငါ သူနဲ့တွေ့ရင် သူ့ကို ကောင်းကောင်းကြီး ဆော်ပစ်ဦးမယ်”
အိုးရန်လင်း ဒေါသတကြီး ကြုံးဝါးလေသည်။ သူ ယုံကြည်ရသော ညီအစ်ကိုတစ်ယောက် ရပြီဟု ထင်လိုက်သော်လည်း ထိုကောင်လေးက သူ့တူ ဖြစ်နေသည်။
လက်ရှိတွင် အိုးရန်လင်း အသိပြန်ဝင်လာသည်။ ထိုအချိန်က သူ့အမူအရာက တကယ်ပင် ပျက်ယွင်းနေခဲ့ပုံ ရသည်။
သူ့မျက်နှာက မည်းမှောင်နေပြီး မသိမသာ အကြည့်လွှဲတတ်သည်။ သူ့ကိုယ်သူ အသားယူခံနေရသကဲ့သို့ စိတ်မသက်မသာ ဖြစ်၍ အပြစ်ရှိသလို ခံစားနေရပုံ ပေါ်သည်။
ယခု ပြန်တွေးကြည့်လျင်လည်း သူ တကယ် ယဲ့ဖန်အပေါ် အခွင့်ကောင်း ယူခဲ့မိပုံပင်။ သူ့တူနှင့် သူက အချင်းချင်း ညီအစ်ကိုဟု ခေါ်ခဲ့ကြသည်။ ဤသည်သာ အပြင်သို့ ပျံ့သွားပါက အင်မော်တယ် ဧကရာဇ်အဆင့်ဖြစ်သော သူ့မျက်နှာကို ဘယ်နားသွားထားရမည်နည်း။
“ရှင် ပြောကြည့်စမ်း၊ ရှင့်အဖေသာ သူ့ရဲ့ အဖိုးတန်မြေးလေးကို ရှင်က ထွက်ပြေးခွင့်ပေးလိုက်ပြီးတော့ သူနဲ့ ရှင် ညီအစ်ကို ဖွဲ့တယ်ဆိုတာကိုသာ သိသွားရင် သူ ဘာလုပ်မယ်ထင်လဲ”
လီဟွမ်ဟွမ် ပျက်ရယ်ပြုလာသည်။ ထိုစကားကိုကြားသော် အိုးရန်လင်း တုန်သွားပြီး မျက်နှာတစ်ခုလုံး မည်းမှောင်လာ၏။
သူ့အဖေ၏ ဒေါသထွက်နေသော မျက်နှာကို တွေးမိပြီး သူ မတုန်လှုပ်ဘဲ မနေနိုင်ချေ။ ဤအကြောင်းကိုသာ သိသွားပါက သူ့ကို အရှင်လတ်လတ် အရေခွံ ခွာလောက်သည် မဟုတ်ပါလော။
“တတိယ အိုးရန်သခင်လေး၊ ရှင်က တော်တော် တော်တာပဲ၊ ရှင်က အိုးရန်မိသားစုတစ်ခုလုံးမှာ အင်အား အကြီးဆုံးလို့ ထင်နေတာ၊ အင်မော်တယ် ဧကရာဇ် အဆင့်ကြီးက သူ့တူနဲ့ သွေးသောက် ဖွဲ့ချင်တယ်တဲ့၊ ရှင်က ကိုးပြည်နယ်တစ်ခုလုံးမှာ ပထမဆုံးလူပဲ၊ တကယ့်လူ၊ တော်ပါပေတယ်”
လီဟွမ်ဟွမ်က ဆက်၍ ကြိမ်းမောင်းဆဲပင်။ သို့သော် သူမပြောသော စကားလုံးတိုင်းက အိုးရန်လင်း၏ နှလုံးသားကို ဓားနှင့် ထိုးနေသလိုပင်။
စိတ်ထိခိုက်နေသော အမျိုးသမီးတစ်ယောက်၏ လျာစောင်းက မည်မျှ ထက်မလဲ မတွေးရဲစရာပင်။
အိုးရန်လင်း ရင်ဘတ်ကို လက်ဖြင့်အုပ်လာပြီး မွန်းကြပ်သလို ခံစားလာရကာ ငိုချင်စိတ်ဖြင့် ပြောလိုက်သည်။
“မပြောနဲ့၊ ကျေးဇူးပြုပြီး မပြောပါနဲ့တော့”
လက်ရှိတွင် သူ တကယ် မျက်နှာမပြဝံ့ချေ။ ဤသတင်းသာ ပျံ့သွားပါက သူသည် လူရယ်စရာ ဖြစ်လာမည်ဖြစ်ပြီး သူ့အဖေ၏ သင်ခန်းစာ ပေးခြင်း ခံရနိုင်ချေ များသည်။
ဒဏ်ရာက တိမ်သည် ထင်ရသော်လည်း ပြင်းလှသည်။
*ငါ ဘာမှလည်း မလုပ်မိတာကို*
*အဲ့သေနာလေးက ငါ့ကို ထိခိုက်အောင် လုပ်တယ်*
“ဪ ကျွန်မ မပြောတော့ပါဘူး၊ အဲ့တော့ ရှင် ဘယ်သူ ပြောမလဲ ကြောက်နေစရာ မလိုပါဘူး၊ ဟုတ်တယ်မလား အစ်ကိုကြီး”
လီဟွမ်ဟွမ်က သူ့ကို ဆက်၍ အညှာအတာမဲ့စွာ မခံချင်အောင် ပြောနေသည်။
*အစ်ကိုကြီး*
ထိုစကားလုံးက ယခု အိုးရန်လင်း၏ နားထဲတွင် အလွန် ခါးသီးလှသည်။
“အား … ယဲ့ဖန် ငါ မင်းကို လုံးဝ အလွတ်မပေးဘူးကွ”