ငါက သူ့ခွေးပဲ
Vol. 118 Ch. 1586
ဤစကားသာ ကျန်းကျန့်ရန်၏ နားထဲ ရောက်သွားပါက သူ အခါတစ်ရာ သေလျင်တောင်မှ မလုံလောက်နိုင်ပေ။
ချမ်ရှုံးထောင်တောင်မှ ပါးစပ်အဟောင်းသား ဖြစ်ကာ ယဲ့ဖန်အား မယုံသလို ကြည့်နေသည်။ ဤလောက၌ သေတွင်းတူးနေသော လူတစ်ယောက် ရှိသည်ကို မယုံနိုင် ဖြစ်နေပုံရသည်။
ကျိုးကျစ်ကော်သည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် အားပါးတရ အော်ရယ်လေသည်။
“မင်းတော့ သွားပြီ၊ ဟေ့ကောင် မင်းတော့ လုံးဝ ဇာတ်သိမ်းပြီ”
*ကျန်းကျန့်ရန်ကို ဒီလို စော်ကားရဲမှတော့ ဒီကောင် သေချာပေါက် သေမှာပဲ*
“မင်းအဖေကို မင်း မြန်မြန်လာခိုင်းလိုက်၊ ငါ မင်းရယ်သံကို မုန်းနေပြီ၊ မကြာခင် ငါ တစ်မိနစ်ကုန်တိုင်း ငါ မင်း လက်တစ်ချောင်းစီကို ချိုးမိတော့မယ်”
ယဲ့ဖန်က ကျိုးကျစ်ကော်ကို စိုက်ကြည့်၍ ပြောလိုက်သည်။ ထိုစကားကြောင့် ဘေးလူများ ထိတ်လန့်သွားသည်။
*မောက်မာလိုက်တာ*
*ရူးလွန်းတယ်*
ကျိုးကျစ်ကော်က ကျန်းကျန့်ရန်နှင့် ကျိုးလန်လင်းကို ခေါ်ထားပြီးမှန်း သိသော်လည်း ယဲ့ဖန်က ကျိုးကျစ်ကော်ကို ဤအပြုအမူနှင့် ပြောဆိုရဲသည်တဲ့လား။
*အရူး*
*ဒီလူက အရူးပဲ*
ကျိုးကျစ်ကော် ထပ်မရယ်ဘဲ မနေနိုင်ချေ။ သူ ယဲ့ဖန်ကို ပျယ်ရယ်ပြုချင်သော်လည်း ယဲ့ဖန်၏ မျက်လုံးတွင်းမှ ပြင်းပြသော လူသတ်ချင်စိတ်ကို မြင်သောအခါ ပြောချင်သော စကားများက လည်ချောင်းဝ၌ တစ်ဆို့ သွားရသည်။
*သူ အတည်ပြောနေတာပဲ*
*သူ ငါ့ကို တကယ် သတ်ရဲတယ်*
*ဒီသောက်အရူးကတော့*
*ရူးလွန်းတယ်*
*ကျိုးကြောင်းမသိတတ်တဲ့ စိတ္တဇသမားလိုပဲ*
“ဟေ့ကောင် မင်း ဒီလို အပြုအမူနဲ့ ပြောရဲမယ်ဆိုရင် မင်း ကြာကြာ အသက်ရှင်ရမှာ မဟုတ်ဘူး”
ချမ်ရှုံးထောင်က အေးစက်စွာ ခနဲ့လိုက်သည်။ ယဲ့ဖန်က သူ့ကို အသာ တစ်ချက်ကြည့်လိုက်သည်။
“မင်း ခုနက ဒီလောကမှာ လက်သီးက အမာကြောဆုံးပဲလို့ ပြောခဲ့တယ်မလား၊ ဒါဆိုရင်တော့ ငါ့လက်သီးက အကြီးဆုံးပဲ၊ ပြီးတော့ ငါ လုပ် … မဟုတ်ဘူး ငါ ကျိုးကြောင်းဆီလျော်တယ် ပြောရင် ဆီလျော်တယ်ပဲ”
“ငါ့မိတ်ဆွေတွေကို ထိရဲတာက ငါ့လက်သီးကို တောင်းတာနဲ့ အတူတူပဲ”
*မောက်မာတယ်*
*ခြယ်လှယ်လွန်းတယ်*
သို့သော် ချမ်ရှုံးထောင်က ဟာသကြီးတစ်ပုဒ်ကို ကြားရသကဲ့သို့ မှတ်ယူထားသည်။
*မင်းလက်သီးက အကြီးဆုံး ဟုတ်လား*
*ဒီစကားကို စစ်သည်တော်တွေ တိမ်လို ပေါနေတဲ့ ရှုကျိုးမှာမှ လာပြောရဲတယ်လို့၊ ဒီကောင် အိပ်မက်က မနိုးသေးတာလား၊ ဦးနှောက်က ချောင်နေတာလား*
“ငါ့အဖေ လာတဲ့အခါကျရင် မင်းရဲ့ ဒီအပြုအမူကို ဆက်ထိန်းထားနိုင်ပါစေလို့ ငါ မျှော်လင့်တယ်”
ကျိုးကျစ်ကော်က အထင်သေးစွာ ပြုံးနေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်အား ကျားကို မကြောက်တတ်သော မွေးကင်းစ နွားပေါက်တစ်ကောင်ဟု မှတ်ယူထားသည်။
*မင်းဘေးမှ သန်မာတဲ့ လူမိုက်နှစ်ကောင် ရှိတာနဲ့ ဟုတ်နေပြီ ထင်နေလား*
*အဓိပ္ပာယ် မရှိလိုက်တာ*
ချမ်ရှုံးထောင်ကလည်း ယဲ့ဖန်ကို လူပြက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။ တူကြီး လီထိုက်နှင့် အခြားသူများတောင်မှ လက်ရှိတွင် သက်ပြင်းချနေကြသည်။
ယဲ့ဖန်၏ စိတ်ထားက မြင့်မားလွန်းသော်လည်း အခြေအနေကို မည်သို့ အကဲဖြတ်ရမလဲ မသိသည်က စိတ်မကောင်းစရာပင်။
*ဒီအချိန်က မင်းရဲရင့်ရမယ့် အချိန်လို့ ထင်နေတာလား၊ ကျန်းကျန့်ရန် သည်းခံတတ်တဲ့လူလို့ ထင်နေလား*
*သွားပြီ*
သူတို့ အမှားမဟုတ်လျင်တောင်မှ ကျန်းကျန့်ရန်က ယဲ့ဖန်ထံ၌ ဤသို့ အပြောခံနေရသည်။ ဤသည်ကို သူတို့ မကျေနပ်ပါ။
ဤသည်က ချမ်ရှုံးထောင်ကို အလွန် ကျေနပ်သွားစေသည်။ သူတို့ ယခု ယဲ့ဖန်ကို သတ်နိုင်ပေတော့မည်။
မကြာခင်မှာပင် အပြင်ဘက်မှ ကားသံများ ထွက်ပေါ်လာသည်။
စစ်ကားများ အရှေ့၌ တစ်စီးပြီးတစ်စီး ရပ်လာသည်ကို ပြတင်းပေါ်မှတစ်ဆင့် လူတိုင်း မြင်နေရသည်။ ထို့နောက် ပရော်ဖက်ရှင်နယ် စစ်သားများ စစ်ကားပေါ်မှ ခုန်ဆင်းလာကြသည်။ အားလုံး လက်နက်အပြည့်ဖြင့် ဝင်လာလေသည်။
ဤသည်ကိုမြင်သော် ကျိုးကျစ်ကော် ချက်ချင်း ဝမ်းသာသွားပြီး သဘောကျစွာ ရယ်မော၍ ယဲ့ဖန်အား ရက်စက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
“မျိုးမစစ်ကောင် မင်း သေဖို့ပြင်ထား”
ဤသည်ကိုမြင်သော် ချမ်ရှုံးထောင်ကလည်း အားရကျေနပ်သော အမူအရာများ ပြလာသည်။
*မာနကြီးတဲ့ကောင် သူ့တုံးအမှုအတွက် ပြန်ပေးဆပ်ရတော့မယ်*
တူကြီး လီထိုက်နှင့် အခြားသူများမှာမူ ခါးသီးသော မျက်နှာများ ဖြစ်နေကြသည်။ သူတို့ ဘာဖြစ်တော့မလဲ သိနေကြလေသည်။
ပထမဆုံး ဝင်လာသူက ပခုံးကျယ်ကျယ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ကျိုးကျစ်ကော်နှင့် အတော်လေး တူသဖြင့် ကျိုးကျစ်ကော်၏ ဖခင် ကျိုးလန်လင်သာ ဖြစ်လေ၏။
သို့သော် အားလုံး၏ အကြည့်က သူ့ကို ကျော်သွားပြီး ကျိုးလန်လင်ဘေးမှ ကျိုးကျစ်ကော်နှင့် အသက်တူသော လူငယ်ထံ အကြည့်ရောက်နေသည်။
ကျန်းကျန့်ရန်၊ အသက်နှစ်ဆယ့်ခုနစ်နှစ် ဗိုလ်မှူးကြီး၊ အင်ပါယာ၏ အငယ်ဆုံး ဗိုလ်မှူးကြီး။
“အဖေ ရောက်လာပြီလား၊ ဒီမှာ ပြဿနာ တက်နေတာ၊ အဲ့မျိုးမစစ်ကောင်ပေါ့ ကျွန်တော်တို့ စစ်သားတွေကို သတ်ပစ်တာ”
ကျိုးကျစ်ကော်က ယဲ့ဖန်ကို လက်ညှိုးထိုးလိုက်ပြီးနောက် မီးစာကို ထပ်ထည့်၍ ပြောလိုက်သည်။
“ခုနလေးတင် သူက ယဲ့ဘုရင်နဲ့ ဗိုလ်မှူးကြီးကျန်းကို စော်ကားနေတာ၊ ဗိုလ်မှူးကြီးကျန်းက သူ့ခွေးတွေထဲက တစ်ကောင် လို့တောင် ပြောနေသေးတယ်”
ကျန်းကျန့်ရန်နှင့် ကျိုးလန်လင်တို့၏ အကြည့်က ယဲ့ဖန်ပေါ် ပြိုင်တူ ကျရောက်လာသည်။ သို့သော် ယဲ့ဖန်က မသိချင်ယောင်ဆောင်၍ လှည့်ပင်မကြည့်ဘဲ အေးအေးလူလူ လက်ဘက်ရည် သောက်နေ၏။
“မင်း ဟန်ကိုယ့်နေလိုက်ဦးပေါ့ကွာ”
ချမ်ရှုံးထောင်က အထင်သေးစွာ ပြုံးနေသည်။
*အန္တရာယ်က အနားနီးနေတာတောင် ဒီကောင်က မောက်မာလွန်းနေသေးတယ်ပေါ့*
ယဲ့ဖန်ကို မြင်လိုက်ရသောအခိုက်တွင် ကျန်းကျန့်ရန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သို့သော် ကျိုးလန်လင် ကမူ ချက်ချင်း အော်ဟစ်လာသည်။
“အမြင့်ကိုမသိတဲ့ မျိုးမစစ်ကောင်ပါလား၊ ငါ့လန်လင်တပ်က စစ်သားတွေကို သတ်ပြီး ငါတို့ကို မသိချင်ယောင် ဆောင်ရဲတယ်ပေါ့လေ၊ မင်း ဒီနေ့ သေရမယ်ကွ”
သူ ပြောပြီးသည်နှင့် ပစ္စတိုကို ဆွဲထုတ်၍ ယဲ့ဖန်ကို ချိန်လေသည်။ သူ့မျက်လုံးများက လူသတ်ချင်စိတ်တို့ဖြင့် တောက်လောင်နေ၏။
“သွားသေလိုက်တော့ ခွေးမသား”
“ဒိုင်း”
ရုတ်တရက် သေနတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“အား…”
ငယ်သံပါအောင် အော်ဟစ်လိုက်သော အသံတစ်သံသည်လည်း ခန်းမအနှံ့ ပဲ့တင်ထပ်သွားသည်။
သို့သော် လူတိုင်း၏ အမူအရာက သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေပြီး မျက်လုံးတွင် ကြောက်ရွံ့စိတ်များ ပြည့်နေကာ ပစ္စတိုကိုင်ထားသော ကျန်းကျန့်ရန်အား ကြောက်လန့်တကြား ကြည့်နေကြသည်။
ကျန်းကျန့်ရန်သည် လက်ထဲ၌ ပစ္စတိုသေနတ်ကို ကိုင်ထားပြီး သေနတ်ပြောင်းဝမှ မီးခိုးများ ဝေနေသေးသည်။ သူ့မျက်နှာက ခံစားချက် ကင်းမဲ့နေကာ ကြမ်းပြင်ပေါ် လဲကျ၍ အော်ဟစ်နေသော ကျိုးလန်လင်အား မထုံတတ်တေးဖြင့် ကြည့်နေလေသည်။
*ဘာဖြစ်သွားတာလဲ*
လူတိုင်း အံ့ဩသွားသည်။
*ဘာလို့ ကျန်းကျန့်ရန်က ကျိုးလန်လင်ကို သေနတ်နဲ့ ပစ်တာလဲ*
*ဘာပြဿနာ ဖြစ်လို့လဲ*
“ဗိုလ်မှူးကြီးကျန်း ခင်ဗျား ဘာလုပ်တာလဲ”
ကျိုးကျစ်ကော်သည်လည်း အံ့ဩနေပြီး ကျန်းကျန့်ရန်အား ဖြူရော်နေသော မျက်နှာနှင့် မေးလိုက်သည်။
သို့သော် ကျန်းကျန့်ရန်က ကျိုးကျစ်ကော်၏ စကားကို မကြားချင်ယောင်ဆောင်၍ ယဲ့ဖန်ထံ တစ်လှမ်းချင်း လျှောက်သွားသည်။
ထို့နောက် အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်၌ သူသည် ယဲ့ဖန်ရှေ့တွင် ဒူးထောက်၍ နှုတ်ဆက်လေသည်။
“အရှင်မင်းမြတ်”
ထိုစကားလုံးနှစ်လုံး ထွက်လာသည်နှင့် ဘေးမှလူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အားလုံး၏ မျက်နှာတွင် အံ့ဩသော အရိပ်အယောင်များ ပြည့်နှက်လာ၏။
*ကျန်းကျန့်ရန်က သူ့အရှေ့က လူငယ်လေးဆီမှာ ဒူးထောက်တယ်တဲ့လား*
*ဒီအင်ပါယာရဲ့ ဗိုလ်မှူးကြီးကို ဒူးထောက် အရိုအသေပေးအောင် လုပ်နိုင်တဲ့ သူက ဘယ်သူလဲ*
*အရှင်မင်းမြတ်တဲ့လား*
အင်ပါယာတစ်ခုလုံးတွင် ကျန်းကျန့်ရန် အရှင်မင်းမြတ်ဟု ခေါ်ဆိုသောလူဟူ၍ နှစ်ယောက်သာ ရှိသည်။ ထိုနှစ်ယောက်တွင် တစ်ယောက်က အမျိုးသားဖြစ်ပြီး ကျန်တစ်ယောက်က အမျိုးသမီး ဖြစ်လေသည်။
အမျိုးသမီးမှာ လက်ရှိ ဧကရီဖြစ်သည်။ အမျိုးသားမှာမူ …
ဖြစ်နိုင်ချေကို တွေးမိပြီးနောက် လူတိုင်း ကြောက်လန့်တုန်လှုပ်လာပြီး မျက်လုံးတွင်းမှ ကြောက်လန့်သော အရိပ်အယောင်က ပိုမို ပြင်းထန်လာ၏။ သူတို့ ယဲ့ဖန်ကို ငေး၍သာ ကြည့်နေမိသည်။
သူတို့ ထိတ်လန့်နေသည်။ နားဝေတိမ်တောင် ဖြစ်နေကြသည်။ သူတို့ မြင်နေရသော အရာကို မယုံနိုင် ဖြစ်နေလေသည်။
*အဲ့ဒီလူက ရှုကျိုးမှာ ဘယ်လိုလုပ် ပေါ်လာတာလဲ*
ချမ်ရှုံးထောင်၏ မျက်နှာက ချက်ချင်း စိမ်းပြာသွားပြီး ခေါင်းတွင်တွင် ခါလာသည်။
“မဖြစ်နိုင်ဘူး၊ ဒါ အထင်မှားတာ၊ ဒါ အထင်မှားတာပဲ ဖြစ်ရမယ်”
ကျိုးကျစ်ကော်မှာမူ နေရာမှာတင် အေးစက်နေပြီး နားဝေတိမ်တောင် ဖြစ်နေကာ မသိလျင် သူ့ဝိညာဉ်က ခန္ဓာကိုယ်မှ လွင့်ထွက်သွားသည်ဟု ထင်မှတ်မှားရသည်။
သို့သော် ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် နှုတ်ခမ်းပိတ်၍ အင်းဟုသာ ပြောပြီး လက်ဘက်ရည် ဆက်သောက်နေကာ ဥပေက္ခာ ပြုထားသည်။
ထိုအချိန်တွင် ယဲ့ဖန်၏ အမိန့်မရှိသဖြင့် ကျန်းကျန့်ရန် မတ်တပ်ပင် ပြန်မရပ်သောကြောင့် ဆက်၍ ဒူးထောက်နေ၏။
ပတ်ဝန်းကျင်က အလွန် တိတ်ဆိတ်နေသည်။ ဘေးလူများအားလုံး အသက်အောင့်ထားမိပြီး အသက်ပင် မရှူရဲချေ။ သူတို့ စိတ်ဓာတ်ကျသလို ခံစားမိနေသည်။
ထိုသို့သောအချိန်၌ အားလုံး၏ ကြောက်လန့်နေသော အကြည့်က ယဲ့ဖန်ပေါ် စုဝေးကျရောက်နေသည်။ ထိုအကြည့်တွင် သွေးပျက်ခြင်း၊ စိုးရိမ်သောက ရောက်ခြင်း၊ မယုံနိုင်ခြင်းတို့ ပါဝင်နေသည်။
ကျိုးလန်လင်တောင်မှ သေနတ်ဒဏ်ရာက နာကျင်မှုကိုပင် မေ့သွားပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလာသည်။
“ဗိုလ်မှူးကြီးကျန်း သူ … သူက …”
“ယဲ့ဘုရင်”
ကျန်းကျန့်ရန်က အေးအေးလူလူ ပြန်ဖြေလိုက်သည်။ ထိုစကားနှစ်လုံး ထွက်လာချိန်တွင် ပတ်ဝန်းကျင်က စက္ကန့်ပိုင်းမျှ တိတ်ဆိတ်နေပြီးနောက် အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။
လူတိုင်း ကြက်သီးမွေးညင်းထလာပြီး မျက်လုံးများ ပြူးကျယ်လာ၏။ တစ်ယောက်ပြီး တစ်ယောက် ဓာတ်လိုက်သကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်လာကြသည်။
ဘယ်သူမှ အသံမထွက်သော်လည်း အားလုံး၏ ရင်ထဲ၌ မိုးကြိုးပစ်ချခံရပြီး တောတောင်ရေမြေများ မြည်ဟီး နေသလို ခံစားနေရသည်။
သူတို့အရှေ့မှလူက ယဲ့ဘုရင် ဖြစ်နေသည်တဲ့လား။ အမျိုးသမီးများက ပါးစပ်ကို တင်းနေအောင် လက်ဖြင့် အုပ်ထားမိပြီး မျက်နှာတွင် ကြောက်စိတ်များ ဖုံးနေကာ သူမတို့ မနေနိုင်ဘဲ အော်မိမည်ကို စိုးရွံ့နေ၏။
အမျိုးသားများမှာမူ နံရံကို မှီထားကြပြီး တစ်ကိုယ်လုံး တုန်နေကာ သူတို့ သတိမထားလျင် ကြမ်းပြင်ပေါ် ပြိုလဲကျမည်ကို စိုးရသည်။
*နောက်နေတာလား*
*ဟာသပဲ*
ကျိုးကျစ်ကော်၏ မျက်လုံးများ ပြူးနေကာ မျက်နှာက ရှုံ့မဲ့နေသည်။ သူ ရူးမတတ် ဖြစ်နေလေသည်။
*လတ်စသက်တော့ ဒီလူက ယဲ့ဘုရင် ဖြစ်နေပါလား*
*ငါ ယဲ့ဘုရင်နဲ့ ရန်ဖြစ်မိတာလား*
“မျိုးမစစ်ကောင်”
ထိုစဉ် ကျိုးလန်လင် ပြေးလာပြီး ကျိုးကျစ်ကော်အား ကြမ်းပြင်ပေါ် လဲကျအောင် ရိုက်နှက်၍ အော်ငေါက် လေသည်။
“ခွေးမသား၊ မင်း အရှင်မင်းမြတ်ကို ရန်စရုံတင် မကဘဲ မဟုတ်တမ်းတရားတွေ ပြောရဲသေးတယ်ပေါ့၊ ငါ မင်းကို မသတ်ဘူး ထင်နေလား”
ချက်ချင်းဆိုသလိုပင် သူက ကျိုးကျစ်ကော်ကို သေနတ်ဖြင့် ပစ်လေသည်။ လူတိုင်း အံ့အားသင့်သွားသည်။
*ဒီလူက ရက်စက်လွန်းတယ်၊ သူ့သားကိုတောင် တန်းပစ်နေတာပဲ*
သို့သော် ယဲ့ဖန်က လှောင်ရယ်နေ၏။ အကြောင်းမှာ ကျိုးလန်လင် ပစ်လိုက်သော နေရာတိုင်းက ကျိုးကျစ်ကော်၏ အဓိက ကိုယ်တွင်းအင်္ဂါများကို ရှောင်ထားခြင်း ဖြစ်သည်ကို တွေ့နေသောကြောင့်ပင်။
တစ်နည်းအားဖြင့်ဆိုရလျင် သူက သရုပ်ဆောင်နေခြင်းသာ။ ကျိုးကျစ်ကော်က အော်လိုက် ငိုလိုက် ဖြစ်နေသော်လည်း ကျိုးလန်လင်က ခွင့်လွှတ်ခြင်း မရှိချေ။
ကျိုးလန်လင်၏ မျက်နှာက ပြာနှမ်းနေပြီး လက်ရှိတွင် သူ့၌ ရွေးချယ်စရာ မရှိမှန်း သိနေ၏။
ယဲ့ဖန်သာ မကျေနပ်လျင် သူရော ကျိုးကျစ်ကော်ပါ နတ်ဆိုးအငွေ့အသက် အင်ပါယာမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် မဟုတ်ပါ။
*ဒီသောက်ရူးကတော့ လူတိုင်းကို ရန်စရုံနဲ့တင် အားမရလို့ နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးမှာ အဆိုးဆုံးလူကိုမှ သွားရန်စရတယ်လို့၊ သေချင်တော့တာပဲ*
“သူပြောတာ မှန်တယ်၊ ငါက တကယ်ကို သူ့ခွေးပဲ”
ထိုစဉ် ကျန်းကျန့်ရန်က တည်ငြိမ်စွာ ပြောလာသည်။
“ပြီးတော့ ငါက ရက်စက်တဲ့ခွေး”
ကျိုးလန်လင် တုန်လှုပ်သွားပြီး ပြာနှမ်းနေသော မျက်နှာနှင့် တောင်းပန်လေသည်။
“ဗိုလ်မှူးကြီးကျန်း ဒီကလေးက မသိတတ်လို့ပါ၊ လူကြီးဖြစ်တဲ့ ခင်ဗျားကပဲ သူ့အသက်ကို ချမ်းသာပေးပါလား”
ကျန်းကျန့်ရန်က ဘာမှမပြောဘဲ ယဲ့ဖန်ကို ကြည့်လိုက်သည်။ ယဲ့ဖန်က သူ့လက်ဘက်ရည်ကို ခွက်ထဲ လောင်းထည့်နေပြီး ပြောလာသည်။
“သူ နောင်တရလိမ့်မယ်လို့ ငါ ပြောခဲ့သားပဲ”
ထိုစကားတစ်ခွန်းတည်းနှင့် ကျိုးကျစ်ကော်တို့ သားအဖ ရေခဲကန်ထဲ ပြုတ်ကျသကဲ့သို့ ဖြစ်သွားလေသည်။
*ရက်စက်တယ်*
*သွေးအေးလွန်းတယ်*
ယဲ့ဖန်က လူသတ်ရန် ဆုံးဖြတ်ထားပြီးလေပြီ။ ကျိုးကျစ်ကော် တုန်လှုပ်နေပြီး မောက်မာသော အမူအရာ မရှိတော့ဘဲ ကံဆိုးကာ ငိုချင်စိတ်သာ ပေါ်နေသည်။
သူ လုံးဝ ကြောက်ရွံ့နေ၏။
ကျန်းကျန့်ရန်က အလေးအနက် ပြန်ဖြေလာ၏။
“ကျွန်တော် နားလည်ပါပြီ”
ကျန်းကျန့်ရန်က ကျိုးလန်လင်ကို ကြည့်၍ သုန်မှုန်သော မျက်နှာထားနှင့် ပြောလိုက်သည်။
“လမ်းဖယ်စမ်း”
“အဖေ ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော့်ကို ကယ်ပါဦး အဖေ”
ကျိုးကျစ်ကော်က ကျိုးလန်လင်ကို ချက်ချင်း တောင်းပန်ငိုယို၍ ပြောလာသည်။ သူ မသေချင်သေးပါ။ ကျိုးလန်လင် မတတ်သာဘဲ ပြုံး၍ ပြောလိုက်ရသည်။
“ဗိုလ်မှူးကြီးကျန်း ကျေးဇူးပြုပြီး အရှင်မင်းမြတ်ကို တောင်းပန်ပေးပါ၊ ကျွန်တော်တို့ ဘာမဆို ပြန်လျော်ကြေး ပေးပါ့မယ်၊ ခင်ဗျား ဘာကိုပဲ လိုချင်လိုလျင် ကျွန်တော် …”
“ဒိုင်း”
ကျိုးလန်လင် စကားဆုံးအောင်ပင် မစောင့်ဘဲ သေနတ်သံက ထပ်မံ၍ ထွက်ပေါ်လာ၏။