အခန်း ၃၃၅
Vol. 34 Ch. 335
အခန်း (၃၃၅) - စစ်ပွဲ
“မဟူရာမိုးမခအဖွဲ့အစည်းက ကျူးကျော်တိုက်ခိုက်ခံရတော့မယ် ဟုတ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ ရွှီနင် အလွန်အံ့ဩတုန်လှုပ်သွားလေသည်။
မှော်သိုင်းလောကတွင် မှော်သိုင်းပညာရှင်များအတွက် အရင်းအမြစ်များရှားပါးလှရာ ၎င်းအရင်းအမြစ်များအတွက် အဖွဲ့အစည်းများအကြားတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပေသည်။
တစ်ခါတစ်ရံတွင် ပွတ်တိုက်မှုများ ပြင်းထန်လွန်းလှပြီး အဖွဲ့အစည်းများ လုံးဝပျက်သုဉ်းသွားသည့် ဖြစ်ရပ်များပင် ရှိခဲ့ဖူးလေသည်။
“အဲဒါကို မင်း ဘယ်သူ့ဆီက ကြားလာတာလဲ”
ရွှီနင်၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားချေပြီ။
“ဒီနေ့ နည်းပြကျန်းဆီ ပစ္စည်းသွားပို့တော့ ခြံဝင်းထဲမှာ တပည့်တွေ ပြောနေကြတာ ကြားခဲ့တာပဲ...”
ကျွမ့်ဟူက ဆက်၍ ပြောလေသည်။
“ကြားရသလောက်တော့ မဟူရာမိုးမခအဖွဲ့အစည်း အပြင်ဘက်ကို ရောက်နေတဲ့ မှော်သိုင်းပညာရှင်တွေအားလုံးကို ပြန်ခေါ်ထားပြီး အချိန်မရွေး ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် အသင့်ပြင်ထားကြတယ်တဲ့”
“ဒီလိုလား...”
ရွှီနင်၏ မျက်ဝန်းများထဲတွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရွှီနင်သည် မှော်ဆေးပင်များ ရင့်မှည့်လာမည့်အချိန်အား စောင့်ဆိုင်းရင်း ခြံဝင်းထဲတွင်သာ နေထိုင်နေခဲ့သဖြင့် အပြင်သို့ထွက်ကာ သတင်းများ မစုံစမ်းဖြစ်ခဲ့ပေ။
သို့သော် လွန်ခဲ့သော ရက်ပိုင်းတွင် ကျန်းထူနှင့် အခြားနှစ်ဦး၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုများကို ပြန်လည်စဉ်းစားကြည့်ပြီးနောက် ကျွမ့်ဟူပြောသည့်စကားမှာ အမှန်ဖြစ်နိုင်ကြောင်း ရွှီနင် ခံစားမိလိုက်သည်။
“အစ်ကိုရွှီ... ကျွန်တော်တို့...”
ကျွမ့်ဟူသည် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ရွှီနင်ကို ကြည့်လိုက်သည်။
သာမန်လူတစ်ယောက်အနေဖြင့် မှော်သိုင်းပညာရှင်များ၏ တိုက်ပွဲကြားထဲ ပါဝင်ပတ်သက်မိပါက သေချာပေါက် အသက်အန္တရာယ် ရှိနိုင်ပေသည်။
“ထွက်ပြေးကြမလား”
ကျွမ့်ဟူက ရွှီနင်ကို မေးလိုက်သည်။
ရွှီနင်သည် ပုံမှန်အားဖြင့် သူ့အပေါ် ဂရုစိုက်တတ်သည်။ ရွှီနင်၏ စိတ်နေသဘောထားမှာ ယုံကြည်စိတ်ချရကြောင်း သူသိထားသဖြင့် ဤသတင်းကို ကြားပြီးနောက် ရွှီနင်ကို ဦးစွာ လာပြောပြခြင်း ဖြစ်သည်။
ဤသို့လာပြောရခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ သူ၏ ရင်ထဲမှ အထိတ်တလန့်ဖြစ်မှုအား ငြိမ်သက်သွားစေရန်ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာ ရွှီနင်ထံမှ အကြံဉာဏ်တောင်းခံရန်ပင်။
“ထွက်ပြေးမယ် ဟုတ်လား”
ရွှီနင် မျက်မှောင်ကြုံ့သွားလေသည်။
ရွှီနင်အတွက် ထွက်ပြေးခြင်းသည် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်သည်။
ထို့အပြင် သူ၏ လက်ရှိခွန်အားဖြင့် ထွက်ပြေးရန်မှာ မခက်ခဲလှပေ။ သူသည် ကျွမ့်ဟူကိုပင် အတူခေါ်သွားနိုင်စွမ်း ရှိသေးလေသည်။
သို့သော် ဤသည်က သူ၏ အခွင့်အရေးဖြစ်နိုင်ကြောင်း ရွှီနင် သဘောပေါက်လိုက်သည်။
အကယ်၍ သူသာ မှော်သိုင်းပညာရှင်များ၏ တိုက်ပွဲတွင် ပါဝင်ခဲ့လျှင် အကျိုးအမြတ်အချို့ ရရှိနိုင်ပေလိမ့်မည်။
“အင်း...”
ရွှီနင်က ကျွမ့်ဟူကို တစ်ချက်ကြည့်လိုက်သည်။
“မင်း ထွက်ပြေးချင်လို့လား”
ရွှီနင်သည် ထွက်မပြေးရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း အကယ်၍ ကျွမ့်ဟူသာ ထွက်ပြေးချင်ပါက သူ ကူညီပေးရန် ဆန္ဒရှိလေသည်။
“ဟုတ်ကဲ့”
ကျွမ့်ဟူ ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုရင်တော့ မင်း မဟူရာမိုးမခအဖွဲ့အစည်းကနေ ထွက်သွားနိုင်အောင် ငါကူညီပေးမယ်”
ရွှီနင်က ပြောလိုက်သည်။
မဟူရာမိုးမခအဖွဲ့အစည်းတွင် အစေခံများအား ခွင့်ပြုချက်မရှိဘဲ ကျောင်းတော်အတွင်း အဝင်အထွက် ပြုလုပ်ခွင့် မပေးထားပေ။
အကယ်၍ အစေခံတစ်ဦးဦးက ဤနေရာမှ အောင်မြင်စွာ ထွက်ခွာလိုပါက အစောင့်များအား ရှောင်ကွင်းသွားရမည် ဖြစ်သည်။
သို့မဟုတ်ပါက ဖမ်းဆီးခံရသည်နှင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်မှာ အသေအချာပင်။
“အစ်ကိုရွှီက မသွားဘူးလား”
ကျွမ့်ဟူ အနည်းငယ် အံ့အားသင့်သွားသည်။
“ငါကတော့ လောလောဆယ် ထွက်မသွားသေးဘူး”
ရွှီနင်က ပြောလိုက်သည်။
“ဒါပေမဲ့ အစောင့်တွေ အာရုံလွှဲသွားအောင်တော့ ငါကူညီပေးနိုင်ပါတယ်”
“အစ်ကိုရွှီရာ...”
ထိုစကားကို ကြားသောအခါ ကျွမ့်ဟူ အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။
“အစောင့်တွေကို အာရုံလွှဲဖို့ဆိုတာ တော်တော်လေး အန္တရာယ်များတယ်နော်...”
“ရပါတယ်... ငါ့ကိုယ်ငါ ကာကွယ်နိုင်မယ့် နည်းလမ်းရှိပါတယ်”
ရွှီနင် ပြန်ဖြေလိုက်သည်။
ကျွမ့်ဟူ အံကြိတ်လိုက်သည်။
“ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် အစ်ကိုရွှီ”
…
နောက်တစ်နေ့…
နံနက်စောစောအချိန်တွင်…
ရွှီနင်သည် မနေ့ညက ကျွမ့်ဟူနှင့် တိုင်ပင်ထားသည့် အစီအစဉ်အတိုင်း လိုက်နာကာ ကျွမ့်ဟူအား မဟူရာမိုးမခကျောင်းတော်မှ ထွက်ခွာသွားနိုင်ရန် ကာကွယ်ပေးလိုက်လေသည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက်တွင် ကျွမ့်ဟူ ပျောက်ဆုံးသွားသည့်သတင်းအား ကျန်းထူ ကြားသိလိုက်ရသည်။
“မဟူရာမိုးမခအဖွဲ့အစည်း ကျူးကျော်ခံရတော့မယ်ဆိုတဲ့ သတင်းက အစေခံတွေဆီတောင် ပျံ့သွားပုံရတယ်”
ကျန်းထူသည် အသက် လေးဆယ်အရွယ် လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။
သူသည် အခန်းထဲရှိ ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ကွမ်ယွဲ့နှင့် ချန်ဟယ်ရှင်းတို့သည် တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသည်။
“ဆရာ... ကျွန်တော်တို့က ဒီမှာထိုင်ပြီး သေမယ့်အချိန်ကိုပဲ စောင့်နေကြရတော့မှာလား”
ချန်ဟယ်ရှင်းက မေးလိုက်သည်။
ချန်ဟယ်ရှင်းသည် မဟူရာမိုးမခအဖွဲ့အစည်းသို့ ရောက်ရှိလာသည်မှာ နှစ်နှစ်ပင် မပြည့်သေးဘဲ အဆင့်တစ် မှော်သိုင်းပညာရှင်အဆင့်တွင်သာ ရှိသေးသည်။
ဤတိုက်ပွဲတွင် သူသည် မတော်တဆတစ်ခုခုနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
“ငါတို့က ဒီအတိုင်းထိုင်ပြီး သေဖို့စောင့်နေမှာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီဖရိုဖရဲအခြေအနေကို ရှောင်လွှဲလို့တော့ မရနိုင်ဘူးလေ...”
ကျန်းထူမှာ အနည်းငယ် လက်မှိုင်ချနေပုံရသည်။
သူသည် မဟူရာမိုးမခအဖွဲ့အစည်း၏ နည်းပြတစ်ဦးဖြစ်ရာ မကြာမီ ဖြစ်ပေါ်လာတော့မည့် အကျပ်အတည်းတွင် အဓိကအင်အားစု ဖြစ်လာပေလိမ့်မည်။
ကျန်းထူသည် သူ၏ကိုယ်ပိုင်လုံခြုံရေးကိုပင် အာမမခံနိုင်ဖြစ်နေချေပြီ။
“မင်းတို့ရနိုင်သလောက် အချိန်လေးကို အမိအရယူပြီး မင်းတို့ရဲ့ မှော်ကျင့်စဉ်တွေကို ပိုပြီးကျွမ်းကျင်အောင် လေ့ကျင့်ထားကြ။ ဒါမှ အန္တရာယ်ကြုံလာတဲ့အခါ အသက်ရှင်နိုင်မယ့် အခွင့်အလမ်း ပိုများလိမ့်မယ်”
ကျန်းထူက ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ ဆရာ”
ကွမ်ယွဲ့နှင့် ချန်ဟယ်ရှင်းတို့က တုံ့ပြန်လိုက်ကြသည်။
“ပြီးတော့...”
ကျန်းထူက ခေတ္တမျှ ရပ်တန့်လိုက်သည်။
“အစေခံတွေကို သေချာစောင့်ကြည့်ထားကြ။ သူတို့ကို ထပ်ပြီး ထွက်မပြေးစေနဲ့။ သူတို့အကုန်လုံးသာ ထွက်ပြေးသွားရင် ငါတို့ကို အလုပ်အကျွေးပြုမယ့်သူ ရှိတော့မှာမဟုတ်ဘူး”
“နားလည်ပါပြီ ဆရာ”
ချန်ဟယ်ရှင်းက ပြောလိုက်သည်။
“အဲဒီအစေခံတွေကို သေသေချာချာ ဆုံးမထားလိုက်ပါ့မယ်။ သူတို့ရဲ့ ဖြစ်ကတတ်ဆန်း လုပ်ရပ်တွေကြောင့် တခြားလူတွေရဲ့ စိတ်တွေကို မရှုပ်ထွေးသွားစေရပါဘူး”
ကွမ်ယွဲ့က မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။
သူမသည် မူလက ထိုအစေခံများအား လွှတ်ပေးလိုက်ရန် ကျန်းထူအား အကြံပြုချင်နေခဲ့သည်။
ကွမ်ယွဲ့၏ အမြင်တွင် ဤအစေခံများအနေဖြင့် ဖြစ်ပေါ်လာမည့် စစ်ပွဲအတွင်း အသက်ရှင်ကျန်ရစ်ရန် ခက်ခဲလှပေမည်။ ထို့ကြောင့် သူတို့ကို လွှတ်ပေးလိုက်ခြင်းက အသက်ရှင်ခွင့်ရစေနိုင်ပေသည်။
သို့သော် ကျန်းထူနှင့် ချန်ဟယ်ရှင်းတို့၏ ပုံစံအား မြင်ပြီးနောက် သူမ ဘာမှ ဆက်မပြောဖြစ်တော့ပေ။
အမှန်တကယ်တွင် မှော်သိုင်းပညာရှင်အများစု၏ အမြင်၌ သာမန်လူသားများ၏ အသက်သည် ပြောပလောက်စရာပင် မဟုတ်ချေ။
…
နောက်ထပ် လဝက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက်…
လွန်ခဲ့သော လဝက်အတွင်း မဟူရာမိုးမခအဖွဲ့အစည်း၏ လေထုမှာ ပိုမို၍ ဖိအားကြီးမားလာခဲ့သည်။
လူတိုင်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ ဖိအားအောက်တွင် ကျရောက်နေကြလေသည်။
‘စစ်ပွဲက နောက်နှစ်ရက် သုံးရက်အတွင်း စလောက်တယ်...’
ရွှီနင်သည် နောက်ဖေးခြံဝင်းထဲရှိ မှော်ဆေးပင်များအား ပြုစုပျိုးထောင်ရင်း တွေးလိုက်မိသည်။
‘မဟူရာမိုးမခအဖွဲ့အစည်း ပြစ်မှားမိတဲ့ အဖွဲ့အစည်းနှစ်ခုက သာမန်လူတွေတော့ မဟုတ်လောက်ဘူး။ တစ်ဖက်လူက မဟူရာမိုးမခအဖွဲ့အစည်းကို လုံးဝ ဖျက်ဆီးပြီး သိမ်းပိုက်ချင်နေတဲ့ ရည်ရွယ်ချက် ရှိနေတယ်...’
ဤသည်မှာ ရွှီနင် မကြာသေးမီကမှ သိရှိထားခဲ့သော အကြောင်းအရာဖြစ်သည်။
‘အဆင့်လေး မှော်သိုင်းပညာရှင်တစ်ယောက်နဲ့ ထိပ်တိုက်မရင်ဆိုင်ရသရွေ့ ငါ့လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါဘူး...’
ရွှီနင်သည် မဟူရာမိုးမခကျောင်းတော်တွင် တည်ငြိမ်နေသော လူအနည်းစုထဲမှ တစ်ဦးဖြစ်ပေသည်။
သူသည် ယခင်က ဤမှော်ဆေးပင်များအား အသုံးပြုကာ အရှိန်အဝါဖုံးကွယ်ဆေးလုံး တစ်လုံးကို ဖော်စပ်ခဲ့သည်။
အရှိန်အဝါဖုံးကွယ်ဆေးလုံး၏ အစွမ်းဖြင့် သူ၏ အစစ်အမှန်ခွန်အားများကို ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။ စစ်ပွဲ စတင်လာသောအခါ သာမန်လူတစ်ဦးအား မည်သူကမျှ အာရုံစိုက်နေမည် မဟုတ်ပေ။
ဝုန်း…
ရွှီနင် နောက်ဖေးခြံဝင်းထဲမှ ထွက်လာသည်နှင့် မဟူရာမိုးမခကျောင်းတော်၏ တံခါးပေါက်၌ ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာလေသည်။
ရွှီနင်သည် ဆူညံသံများကို ကြားလိုက်ရတော့သည်။
“ရန်သူတွေ တိုက်ခိုက်လာပြီဟေ့”
ရွှီနင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
“အစေခံတွေ အကုန်စုကြစမ်း”
ထိုအချိန်မှာပင် ရှေ့ဘက်ခြံဝင်းထဲမှ ချန်ဟယ်ရှင်း၏ အသံမှာ ထွက်ပေါ်လာလေသည်။
ရွှီနင် တစ်ချက် စဉ်းစားလိုက်ပြီး ထိုနေရာသို့ အပြေးအလွှား သွားလိုက်သည်။
ချန်ဟယ်ရှင်းသည် အစေခံအားလုံးကို ခြံဝင်းထဲတွင် စုဝေးစေလိုက်သည်။
“စစ်ပွဲဖြစ်လာတဲ့အခါ မင်းတို့အားလုံး ခြံဝင်းထဲမှာပဲ နေကြရမယ်။ အခြေအနေ ရှုပ်ထွေးနေတုန်း ထွက်ပြေးဖို့ ကြိုးစားလို့ ငါမိသွားရင် မင်းတို့ကို သတ်ပစ်မယ်”
ချန်ဟယ်ရှင်းက ခြိမ်းခြောက်လေသည်။
ချန်ဟယ်ရှင်းက အစေခံများကို ဤမျှ တင်းကျပ်နေရခြင်း၏ အကြောင်းရင်းမှာ စိတ်ပိုင်းဆိုင်ရာ မညီမျှမှုများကြောင့် ဖြစ်သည်။
အမှန်တကယ်တွင် ချန်ဟယ်ရှင်း ကိုယ်တိုင်သည်လည်း မဟူရာမိုးမခအဖွဲ့အစည်းမှ တိတ်တဆိတ် ထွက်ခွာသွားချင်နေခဲ့သည်။
သို့သော် မဟူရာမိုးမခအဖွဲ့အစည်းရှိ လူတိုင်းအား ရန်သူမှ မှတ်သားထားပြီးဖြစ်ကြောင်း ဆရာဖြစ်သူ ကျန်းထူသည် သူ့အား ပြောပြထားခဲ့သည်။ စစ်ပွဲအတွင်း ထွက်ပြေးခဲ့လျှင်ပင် သူတို့သည် အလိုက်ခံရပြီး အသတ်ခံရမည်သာ ဖြစ်သည်။
ထို့အပြင် တိုက်ပွဲကြားထဲမှ တစ်စုံတစ်ယောက် ထွက်ပြေးသွားပါက မဟူရာမိုးမခအဖွဲ့အစည်း ကိုယ်တိုင်သည်လည်း ထိုကိစ္စအား လိုက်လံအရေးယူပေလိမ့်မည်။
ဤအချက်များအားလုံးကြောင့် ချန်ဟယ်ရှင်းသည် အစေခံများအား သက်တောင့်သက်သာ မနေစေချင်တော့သည့် ခံစားချက်မျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
အစေခံများအား ဆူပူကြိမ်းမောင်းပြီးနောက် ချန်ဟယ်ရှင်း ထွက်ခွာသွားလေသည်။
ချန်ဟယ်ရှင်း၏ ကြိမ်းမောင်းမှုကို ခံလိုက်ရပြီးနောက် ထွက်ပြေးချင်နေသော အစေခံများမှာ လန့်ဖျပ်သွားကြသည်။
သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စစ်ပွဲ၏ဒဏ် မခံရစေရန် ဆုတောင်းရင်း မိမိတို့၏ အခန်းအသီးသီးသို့ ပြန်သွားကြတော့သည်။
ရွှီနင်တစ်ယောက်သာ အခန်းထဲ ပြန်ရောက်ပြီးနောက် တိတ်တဆိတ် ခိုးထွက်လာကာ ဆူညံသံများ ထွက်ပေါ်ရာနေရာသို့ သွားရောက်ခဲ့လေတော့သည်။