← Chapters

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း ၃၃၇

Vol. 34 Ch. 337

အခန်း (၃၃၇) - တောင်ဘက်သို့ ထွက်ပြေးခြင်းနှင့် အဆင့်လေး

“ဒီနေရာကနေ ထွက်ပြေးရမယ်...”

ကွမ်ယွဲ့တစ်ယောက် သိသိသာသာပင် စိတ်လှုပ်ရှားသွားလေသည်။

မဟူရာမိုးမခအဖွဲ့အစည်းအနေဖြင့် ဤအကျပ်အတည်းမှ ပြန်လည်ရုန်းထနိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို သူမလည်း ရိပ်မိထားပုံရသည်။

“ဒါပေမဲ့ ငါက ဘယ်ကို ထွက်ပြေးရမှာလဲ...”

ကွမ်ယွဲ့ မျက်မှောင်ကြုံ့လိုက်သည်။

မဟူရာမိုးမခအဖွဲ့အစည်းသာ ပျက်စီးသွားပါက အဖွဲ့အစည်း၏ တပည့်များဖြစ်သော သူတို့သည်လည်း ပစ်မှတ်စာရင်းထဲသို့ ပါဝင်သွားပေလိမ့်မည်။

သူမသာ ရန်သူတို့၏ နယ်မြေထဲတွင် ပေါ်လာပါက အသက်အန္တရာယ် ရှိလာနိုင်ချေပြီ။

“ဝေးဝေးပြေးနိုင်လေ ပိုကောင်းလေပဲ”

ရွှီနင်က ပြောလိုက်သည်။

“အင်း...”

ကွမ်ယွဲ့သည် အခြေအနေကို ချိန်ဆလိုက်ပြီး ရွှီနင်ကို ကြည့်လိုက်သည်။

“ရှင်လည်း ဒီနေရာကနေ ထွက်ပြေးမှာလား”

“ဒါပေါ့”

ရွှီနင် ခေါင်းညိတ်လိုက်လေသည်။

မမျှော်လင့်ထားသည့် ကိစ္စများ ဖြစ်လာမည်စိုး၍ ရွှီနင်သည် ဤနေရာတွင် ဆက်နေရန် အစီအစဉ်မရှိတော့ချေ။

ထို့အပြင် သူသည် အဆင့်လေးသို့ တက်လှမ်းရန်အတွက် လုံလောက်သော စွမ်းအင်ယူနစ်များကိုလည်း စုဆောင်းရရှိပြီး ဖြစ်ပေသည်။

“ရှင် ဘယ်ကိုသွားမှာလဲ”

ကွမ်ယွဲ့က မေးလိုက်သည်။

“အထီးကျန်လေပြင်းဒေသရဲ့ တောင်ဘက်ကို သွားမှာ”

ရွှီနင်က အဖြေပေးလိုက်သည်။

ရွှီနင်၌ အစီအစဉ် ရှိပြီးသား ဖြစ်လေသည်။

အထီးကျန်လေပြင်းဒေသ၏ မြောက်ပိုင်းနှင့် ယှဉ်လျှင် တောင်ပိုင်းရှိ မှော်ပညာရှင် အသိုင်းအဝိုင်းမှာ ပိုမိုကြီးမားကျယ်ပြန့်လေသည်။

ထိုနေရာတွင် မှော်ပညာရှင် အဖွဲ့အစည်းများ ပိုမိုများပြားရာ စစ်ပွဲများသည်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်မှာ သေချာလှပေသည်။

ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် အရင်းအမြစ် အမြောက်အမြားရရှိရန် အခွင့်အရေးများ ရှာဖွေရသည်မှာ အလွယ်ကူဆုံး ဖြစ်လေသည်။

“အထီးကျန်လေပြင်းဒေသရဲ့ တောင်ပိုင်းလား...”

ကွမ်ယွဲ့တစ်ယောက် စိတ်ဝင်စားသွားမိသည်။

“ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့လို့ ရမလား”

ကွမ်ယွဲ့က ရွှီနင်ကို တောင်းဆိုလိုက်လေသည်။

အထီးကျန်လေပြင်းဒေသ မြောက်ပိုင်းမှ တောင်ပိုင်းသို့ ပြောင်းရွှေ့မည်ဆိုပါက သူမကဲ့သို့ အဆင့်နှစ် မှော်ပညာရှင်တစ်ယောက်အတွက် အသက်အန္တရာယ် ရှိလာနိုင်မှန်း သူမ ကောင်းကောင်း သိထားပေသည်။

အချို့သော မှော်ပညာရှင်အဖွဲ့အစည်းများအား ဖြတ်သန်းသွားသည့်အခါ စွမ်းအားကြီးမားသော မှော်ပညာရှင်များသည် အားနည်းသော တစ်ကိုယ်တော် မှော်ပညာရှင်များကို ပြန်ပေးဆွဲကာ ၎င်းတို့၏ လက်အောက်ခံများအဖြစ် အတင်းအကျပ် ခိုင်းစေတတ်ကြသည်။

အခြေခံအားဖြင့် ထိုသူတို့၏ လွတ်လပ်ခွင့်ကို ရုပ်သိမ်းကာ ၎င်းတို့၏ ကျင့်ကြံမှုတွင် အတင်းအကျပ် ကူညီခိုင်းလေ့ရှိကြသည်။

အချို့သော မှော်ပညာရှင်များသည် သူတို့၏ ကိုယ်ပိုင်မှော်ပညာရပ်များကို လေ့လာရန် သို့မဟုတ် မှော်ဆေးရည်များ ဖော်စပ်ရန်အတွက် အားနည်းသော မှော်ပညာရှင်များအား စမ်းသပ်ခံအဖြစ်ပင် အသုံးပြုတတ်ကြသေးသည်။

ထို့ကြောင့် မိမိ၏ မှော်ပညာရှင်ကျောင်းတော်မှ ထွက်ခွာကာ တစ်ကိုယ်တော် မှော်ပညာရှင်တစ်ဦးအဖြစ် ရပ်တည်ခြင်းမှာ အန္တရာယ်များပေသည်။

“ရပါတယ်”

ရွှီနင်က မငြင်းဆန်ခဲ့ချေ။

သူ၏ နေ့စဉ်လိုအပ်ချက်များနှင့် အသေးအမွှား အလုပ်များကို လုပ်ကိုင်ပေးရန် လူတစ်ယောက် ရှာထားခြင်းက ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပေသည်။

ထို့အပြင် သူသည် ကွမ်ယွဲ့အပေါ် အမြင်ကောင်းများ ရရှိစေခဲ့သည်။

“မဟူရာမိုးမခအဖွဲ့အစည်းရဲ့ ဂိုဏ်းအုပ်ကြီးကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားပြီ။ ခုထိ ခုခံနေသေးတဲ့ မဟူရာမိုးမခအဖွဲ့အစည်းရဲ့ တပည့်တွေ... အမြန် လက်နက်ချကြစမ်း”

ကျယ်လောင်သော အသံကြီးတစ်သံသည် မဟူရာမိုးမခအဖွဲ့အစည်း တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။

“အဲဒါ ဂိုဏ်းအုပ်ကြီးဖန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဆင့်လေး မှော်ပညာရှင်တစ်ယောက်ရဲ့ အသံပဲ”

ရွှီနင်နှင့် ကွမ်ယွဲ့တို့နှစ်ဦးလုံး သူတို့ ပြဿနာကြီးကြီးမားမား တက်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။

“သွားမယ်”

ကျောင်းအုပ်ကြီးဖန်း အဝေးသို့ ထွက်ပြေးသွားကြောင်း သိလိုက်ရပြီးနောက် ရွှီနင်သည် သူ၏ လှုပ်ရှားမှုများကို အရှိန်မြှင့်ကာ ကွမ်ယွဲ့အား ဆွဲယူ၍ မဟူရာမိုးမခအဖွဲ့အစည်း အပြင်ဘက်သို့ ထွက်ပြေးလေတော့သည်။

ရွှီနင်နှင့် ကွမ်ယွဲ့တို့သာမက အခြားသော မဟူရာမိုးမခအဖွဲ့အစည်း၏ တပည့်များနှင့် နည်းပြများပင်လျှင် တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးကာ ထွက်ပြေးကုန်ကြချေပြီ။

“မဟူရာမိုးမခအဖွဲ့အစည်းက ထွက်ပြေးတဲ့ကောင်တွေကို လိုက်ဖမ်းကြစမ်း”

နေရာတိုင်းတွင် လိုက်လံဖမ်းဆီးနေသော အသံများ ဆူညံနေလေသည်။

ရွှီနင်နှင့် ကွမ်ယွဲ့တို့သည်လည်း ရန်သူ့အုပ်စု အတော်များများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရလေသည်။

သို့သော် ရွှီနင်သည် သူတို့အားလုံးကို အလွယ်တကူ အနိုင်ယူလိုက်ပြီးနောက် ကွမ်ယွဲ့အား ခေါ်ဆောင်ကာ မဟူရာမိုးမခအဖွဲ့အစည်း၏ နယ်မြေထဲမှ ထွက်ခွာလာခဲ့လေသည်။

…

လူသူကင်းမဲ့သော တောင်တန်းတစ်ခုအတွင်း၌…

“နောက်က လိုက်လာတဲ့သူတွေ မရှိလောက်တော့ဘူး”

နေ့ဝက်ခန့် မရပ်မနား ပြေးလာပြီးနောက် ရွှီနင်နှင့် ကွမ်ယွဲ့တို့ နောက်ဆုံးတွင် ရပ်တန့်လိုက်ကြလေသည်။

“ခဏလောက် နားကြရအောင်”

ရွှီနင်နှင့် ကွမ်ယွဲ့တို့သည် ဂူတစ်ဂူအား ရှာတွေ့သွားခဲ့ကြသည်။

“ငါတို့ နှစ်ရက်နေရင် ခရီးဆက်ကြမယ်”

သူတို့ အားအင်ပြည့်ဖြိုးစေရန် အစားအစာအချို့ကို စားသောက်လိုက်ကြသည်။

ရွှီနင်သည် ဂူအတွင်းပိုင်းသို့ ဝင်သွားပြီးနောက် တစ်ယောက်တည်း တင်ပျဉ်ခွေထိုင်နေလိုက်သည်။

သူသည် အဆင့်လေး မှော်ပညာရှင်အဖြစ်သို့ တက်လှမ်းရန် အဆင်သင့် ဖြစ်နေလေပြီ။

ကွမ်ယွဲ့သည် တရားထိုင်နေသော ရွှီနင်အား တိတ်တဆိတ် ကြည့်နေမိသည်။

သူမ၏ မျက်လုံးများထဲတွင် ရွှီနင်နှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များ ပြည့်နှက်နေလေသည်။

မနေ့ကအထိ ရွှီနင်သည် သူမအမြင်တွင် သာမန် အစေခံတစ်ဦးသာ ဖြစ်ခဲ့သော်လည်း ယနေ့ သူပြသခဲ့သော စွမ်းအားများမှာ ရွှီနင်အပေါ် သူမ၏ နားလည်မှုအား အသစ်တစ်ဖန် ပြောင်းလဲသွားစေခဲ့သည်။

‘ဘယ်လိုပဲဖြစ်ဖြစ် သေဘေးကနေ လွတ်လာတာကိုက ကံကောင်းနေပြီ... အခုချိန်ကစပြီး ငါ့ခရီးလမ်းလေး အနည်းငယ် ချောမွေ့ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ...’

ကွမ်ယွဲ့ ဆုတောင်းလိုက်မိသည်။

ထို့နောက် သူမသည် မျက်လုံးများကိုမှိတ်ကာ တင်ပျဉ်ခွေလိုက်သည်။ သူမသည် ဂူနံရံကိုမှီလျက် အိပ်ပျော်သွားတော့သည်။

ရွှီနင်ကမူ သိုင်းပညာမျက်နှာပြင်ကို ဖွင့်နေလေပြီ။

––

အဆင့်လေး မှော်ပညာရှင်အဖြစ် အဆင့်မြှင့်တင်ရန် စွမ်းအင်ယူနစ် ၂,၅၀၀ ကို အသုံးပြုမည်လော။

လုပ်မည် / မလုပ်ပါ

––

‘လုပ်မည်’

ရွှီနင်၏ စိတ်ဆန္ဒအရ သူသည် နောက်ထပ်နယ်ပယ်တစ်ခုကို အောင်မြင်စွာ ထိုးဖောက်ကျော်လွှားနိုင်ခဲ့လေပြီ။

အဆင့်လေး မှော်ပညာရှင်တစ်ဦးသည် မှော်ပညာလောကတွင် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။

‘ဒီခံစားချက်က တော်တော်လေး ကောင်းတာပဲ...’

ရွှီနင်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော မှော်ပညာရှင်တစ်ဦး၏ စွမ်းအားများကို ခံစားနေရသည်။

‘ငါ့မှာ စွမ်းအင်ယူနစ် ၅၀၀ ကျော် ကျန်သေးတယ်။ ဒီပမာဏနဲ့ဆိုရင် ငါ ပိုအဆင့်မြင့်တဲ့ မှော်ပညာရပ်တစ်ခုကို ကျင့်ကြံနိုင်ပြီ’

ရွှီနင် စိတ်ထဲမှ တွေးလိုက်လေသည်။

မှော်ပညာလောကသည် သိုင်းလောကနှင့် ကွာခြားပေသည်။ သိုင်းလောက၏ သဘာဝစွမ်းအားများအား ကျင့်စဉ်များဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။

သို့သော် မှော်ပညာလောကတွင်မူ မည်သည့် သဘာဝစွမ်းအားအခြေခံ မှော်ပညာရပ်ကိုမဆို ကျင့်ကြံနိုင်လေသည်။ အောင်မြင်စွာ ကျင့်ကြံနိုင်သရွေ့ မှော်ပညာရှင်တစ်ဦး၏ စွမ်းအားဖြင့် ယင်းကို အသက်သွင်းနိုင်ပေသည်။

‘ဘယ်မှော်ပညာရပ်ကို ရွေးရမလဲ...’

သွမ့်ဟွေးယောင့်တစ်ယောက် သူ့အားပေးထားသော မှတ်ဉာဏ်ပုံဆောင်ခဲထဲတွင် မှော်ပညာရပ် တစ်ရာကျော် ပါရှိနေလေသည်။

“ဒါလေးပဲ...”

ပညာရပ်မျိုးစုံကို စစ်ဆေးကြည့်ပြီးနောက် ရွှီနင်သည် သူကျင့်ကြံမည့် မှော်ပညာရပ်ကို ရွေးချယ်အတည်ပြုလိုက်သည်။

ဤမှော်ပညာရပ်အား ဆွဲငင်အားနယ်မြေဟု ခေါ်ဆိုလေသည်။ ၎င်းကို ကျင့်ကြံပြီးပါက သတ်မှတ်ထားသော အကွာအဝေးအတွင်း၌ ဆွဲငင်အားကို ခြယ်လှယ်နိုင်မည် ဖြစ်သည်။

‘မှတ်သားမည်...’

ရွှီနင်သည် ၎င်းကို သိုင်းပညာမျက်နှာပြင်ပေါ်တွင် အလွယ်တကူ မှတ်သားလိုက်လေသည်။

––

ဆွဲငင်အားနယ်မြေကို ကျင့်ကြံရန် စွမ်းအင်ယူနစ် ၅၀၀ အသုံးပြုမည်လော။

လုပ်မည် / မလုပ်ပါ

––

‘လုပ်မည်’

ရွှီနင်သည် မှော်ပညာရပ်အသစ်တစ်ခုအား လွယ်လွယ်ကူကူ သင်ယူတတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

‘စွမ်းအင်ယူနစ် ၅၀၀ ကုန်ကျတဲ့ မှော်ပညာရပ်တွေက တကယ်ကို ပိုအစွမ်းထက်တာပဲ...’

ရွှီနင်သည် ထိုပညာရပ်ကအား စမ်းသပ်ပြီးနောက် စိတ်ထဲမှ တွေးလိုက်လေသည်။

မှော်ပညာလောကမှ မှော်ပညာရပ်များသည် သိုင်းလောကမှ သိုင်းပညာရပ်များနှင့် ကွာခြားလှပေသည်။

သိုင်းလောကတွင် နယ်ပယ်တစ်ခုတည်း၌ ရှိနေသရွေ့ ကျင့်စဉ်တစ်ခုအား လေ့ကျင့်ရန် ကုန်ကျသော စွမ်းအင်ပမာဏမှာ အတူတူပင် ဖြစ်သည်။

သို့သော် မှော်ပညာလောကမှ မှော်ပညာရပ်များသည် စုစုပေါင်း တိုက်ခိုက်နိုင်စွမ်းအပေါ် မူတည်၍ ကုန်ကျသော စွမ်းအင်ပမာဏမှာ ကွဲပြားလေသည်။

‘ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် အထီးကျန်လေပြင်းဒေသရဲ့ တောင်ပိုင်းကို အန္တရာယ်ကင်းကင်းနဲ့ ရောက်နိုင်လောက်မှာပါ...’

ရွှီနင် တွေးလိုက်မိသည်။

‘ထပ်ပြောရရင် အထီးကျန်လေပြင်းဒေသရဲ့ တောင်ပိုင်းကို ရောက်ပြီးသွားရင်လည်း အဲဒီမှာ ငါလွယ်လွယ်ကူကူ ခြေကုပ်ယူနိုင်လောက်တယ်...’

သိုင်းပညာမျက်နှာပြင်၏ အကူအညီဖြင့် မှော်ပညာလောကရှိ ရွှီနင်၏ အတွေ့အကြုံများမှာ သွမ့်ဟွေးယောင့်ထက် အဆတစ်ရာမက ပိုမိုချောမွေ့နေခဲ့လေသည်။

သွမ့်ဟွေးယောင့်၏ ကြိုးစားမှုတိုင်းသည် ရွှီနင်၏ ပထမဆုံးအကြိမ် ကြိုးစားမှုလောက် ဘယ်တော့မှ မချောမွေ့ခဲ့ပေ။

သူတို့ တစ်ညတာ အနားယူလိုက်ကြသည်။

ရွှီနင်နှင့် ကွမ်ယွဲ့တို့၏ အားအင်များ ပြန်လည်ပြည့်ဖြိုးလာခဲ့လေသည်။

“ဟင်”

ကွမ်ယွဲ့ နိုးလာပြီး ရွှီနင်ကို မြင်လိုက်ရချိန်တွင် သူမ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

ရွှီနင်မှာ မနေ့ကနှင့် မတူဘဲ ကွဲပြားနေကြောင်း သူမ အာရုံခံမိလိုက်သည်။

“ရွှီနင်...”

ကွမ်ယွဲ့က ရွှီနင်၏ နာမည်ကို ခေါ်လိုက်ပြီးနောက် သူမ ရွှီနင်အပေါ် ရိုင်းစိုင်းသွားကြောင်း သတိပြုမိသွားသဖြင့် စကားလုံးအသုံးအနှုန်းကို အလျင်အမြန် ပြောင်းလဲကာ ပြောလိုက်သည်။

“အစ်ကိုရွှီ... ရှင် ပိုတိုးတက်လာသလိုပဲနော်”

သူမသည် ယခုအခါ ရွှီနင်အပေါ် လုံးလုံးလျားလျား မှီခိုနေရပြီဖြစ်ကြောင်း ကွမ်ယွဲ့ သိထားပေသည်။ ယခု သူတို့၏ အဆင့်အတန်းများက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

“ငါ အဆင့်လေး မှော်ပညာရှင်အဖြစ် အဆင့်တက်သွားပြီ”

ရွှီနင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ပေ။

“အဆင့်လေး မှော်ပညာရှင်”

ကွမ်ယွဲ့တစ်ယောက် မျက်မှောင်ကြုံ့သွားပြီး မှင်တက်နေသော အမူအရာ ဖြစ်သွားလေသည်။

အဆင့်လေး မှော်ပညာရှင်ဆိုသည်မှာ မဟူရာမိုးမခအဖွဲ့အစည်း၏ ဂိုဏ်းအုပ်ကြီးနှင့် အဆင့်တူပင် ဖြစ်သည်။

ရွှီနင်သည် အလွန် ငယ်ရွယ်ပုံရသော်လည်း ဤနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။

‘သူက ဘယ်က ရောက်လာတာလဲ... ဘာလို့ အရင်တုန်းက အစေခံအဖြစ် အလုပ်လုပ်ခဲ့ရတာလဲ’

ကွမ်ယွဲ့၏ စိတ်ထဲတွင် မေးခွန်းများဖြင့် ချာချာလည်နေသော်လည်း အဆုံးတွင် သူမ၏ စူးစမ်းလိုစိတ်ကို မြိုသိပ်ထားလိုက်ပြီး မမေးမြန်းတော့ချေ။

All Chapters