← Chapters

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း (၃၃၉) - ရေခဲငှက်မွေးကျောင်းတော်သို့ ဝင်ရောက်ခြင်း

“ဘာတွေ ဖြစ်သွားတာလဲ”

ဒုကျောင်းအုပ်ထံသို့ ဖမ်းဆီးဆက်သခံရတော့မည့် လုဝမ့်အမည်ရှိ လူငယ်လေးမှာ အံ့အားသင့်မှင်တက်သွားရလေသည်။

သူ၏အသက်ရှင်သန်ခွင့်မှာ ကုန်ဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း အခြေအနေများသည် ဤမျှ ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့နောက်သို့ လိုက်လံဖမ်းဆီးသူအားလုံးမှာ သေဆုံးသွားခဲ့ချေပြီ။

“ဒါက...”

ပြင်းထန်စွာ ဒဏ်ရာရထားသော အဘိုးအိုသည် သူ့ရှေ့မှ မြင်ကွင်းအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။

“ဦးလေးကျန်း”

လုဝမ့်သည် ဒဏ်ရာရနေသော အဘိုးအိုထံသို့ အမြန်သွားကာ ထိုင်နိုင်ရန် တွဲကူပေးလိုက်လေသည်။

“ဦးလေးကျန်း၊ အဆင်ပြေရဲ့လား”

လုဝမ့်မှာ သူ့ရှေ့တွင် ဖြစ်ပျက်သွားသည်များ၏ အကြောင်းရင်းကို စဉ်းစားရန် အချိန်မရှိသေးပေ။ သူသည် ဦးလေးကျန်း၏ အခြေအနေကိုသာ စိုးရိမ်တကြီးဖြင့် အရင်မေးမြန်းလိုက်သည်။

ဦးလေးကျန်းက လက်ကာပြလိုက်သည်။

ထို့နောက် ထူထပ်သော တောအုပ်ဆီသို့ အသံကျယ်ကျယ်ဖြင့် အားယူကာ အော်ပြောလိုက်လေသည်။

“ဘယ်မိတ်ဆွေကများ ကျုပ်တို့ကို တိတ်တဆိတ် ကူညီပေးလိုက်တာလဲ”

“ကျုပ်ပါ”

ဦးလေးကျန်း စကားပြောပြီးနောက် ရွှီနင်သည် တောအုပ်ထဲမှ ထွက်လာလေသည်။

“မင်းက...”

ဦးလေးကျန်းသည် ရွှီနင်၏ နုပျိုသော မျက်နှာကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားမိသည်။

ဤလူငယ်လေးသည် အဆင့်လေး မှော်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သူ ခံစားသိရှိနိုင်ပြီး ထို့ထက်ပိုသည်မှာ ဤလူငယ်သည် အဆင့်တူ မှော်ပညာရှင်များအား ချက်ချင်းသတ်ဖြတ်နိုင်သော အဆင့်လေး မှော်ပညာရှင်တစ်ယောက် ဖြစ်နေပေသည်။

ဦးလေးကျန်းတစ်ယောက် နားမလည်နိုင် ဖြစ်သွားရလေသည်။

ဤလူငယ်လေးသည် သူစိမ်းတစ်ယောက်သာဖြစ်ရာ သူတို့အတွက် အဘယ်ကြောင့် အသက်စွန့်၍ ဝင်ရောက်တိုက်ခိုက်ပေးရသနည်း။ သူသည် တရားမျှတမှုအတွက် အမှန်တကယ် ရပ်တည်ပေးခဲ့ခြင်းလော။

“ကျုပ်နာမည်က ရွှီနင်ပါ။ အထီးကျန်လေပြင်းဒေသ မြောက်ပိုင်းက တစ်ကိုယ်တော် မှော်ပညာရှင်တစ်ယောက်ပါ”

ရွှီနင်က သူ၏ သရုပ်မှန်ကို ဖုံးကွယ်မထားပေ။

“တစ်ကိုယ်တော် မှော်ပညာရှင် ဟုတ်လား”

ဦးလေးကျန်းနှင့် လုဝမ့်တို့မှာ အံ့အားသင့်သွားကြလေသည်။

တစ်ကိုယ်တော် မှော်ပညာရှင်များအား တွေ့ရသည်မှာ ဆန်းကျယ်လှသည် မဟုတ်သော်လည်း အဆင့်လေးသို့ ရောက်ရှိနေသူကိုမူ တွေ့ရခဲလှပေသည်။

တစ်ကိုယ်တော် မှော်ပညာရှင်များ၏ ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိရန်မှာ အလွန်ခက်ခဲလှပြီး အဆင့်တက်ရန် ပတ်ဝန်းကျင်မှာလည်း သာမန်ထက် ပိုမိုခက်ခဲလှသည်။

အထီးကျန်လေပြင်းဒေသ တောင်ပိုင်းတစ်ခုလုံးတွင် အဆင့်လေးနှင့် အထက်သို့ ရောက်ရှိနိုင်သော တစ်ကိုယ်တော် မှော်ပညာရှင်မှာ အနည်းငယ်မျှသာ ရှိပေသည်။ ထို့အပြင် ရွှီနင်က အလွန် ငယ်ရွယ်နေသေးသည် မဟုတ်ပါလော။

“ဟုတ်ပါတယ်”

ရွှီနင် ခေါင်းညိတ်ပြလိုက်သည်။

ဦးလေးကျန်းသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လုဝမ့်၏ အကူအညီဖြင့် မတ်တပ်ရပ်လိုက်လေသည်။ သူက လက်နှစ်ဖက်ကို ယှက်ကာ ရွှီနင်အား ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကျုပ်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးနဲ့ ကျုပ်က အရမ်းပဲ ကျေးဇူးတင်ရှိပါတယ်”

ရွှီနင်က ပြုံးလိုက်သော်လည်း မည်သည်ကိုမျှ ပြန်မပြောပေ။

ဦးလေးကျန်း စိတ်ဝင်စားသွားမိသည်။ ရွှီနင်၏ တုံ့ပြန်မှုမှာ သူ၏ ကျေးဇူးတင်စကားကို လက်ခံလိုက်သည်ဆိုသည့် အဓိပ္ပာယ်ပင်။

“ညီလေးရွှီ... မင်းက ကျုပ်တို့ကို အများကြီး ကူညီပေးခဲ့တယ်။ မင်း ဘာပြန်လိုချင်လဲဆိုတာ ကျုပ်တို့ မသိပေမဲ့ မင်းစိတ်တိုင်းကျဖြစ်အောင် ကျုပ်တို့ အကောင်းဆုံး ကြိုးစားပြီး ဖြည့်ဆည်းပေးပါ့မယ်”

ရွှီနင်သည် သူတို့ကို ကယ်တင်ရာတွင် ရည်ရွယ်ချက်တစ်ခု ရှိနေပုံရကြောင်း ဦးလေးကျန်း ရိပ်မိလိုက်သည်။

သို့သော် ဤအချက်က မသင့်လျော်ဟု ဦးလေးကျန်း မထင်မိပေ။

အကယ်၍ ရွှီနင်ကသာ အမှန်တကယ် ရက်ရောပြီး ကျေးဇူးတုံ့ပြန်မှုကို မတောင်းဆိုပါက ဦးလေးကျန်းတစ်ယောက် အခြေအနေတစ်ခုလုံးအပေါ် သံသယဝင်မိပေလိမ့်မည်။

“အစ်ကိုကျန်း...”

ရွှီနင်က ဦးလေးကျန်း၏ စကားကို ဆက်၍ ပြောလိုက်သည်။

“စောစောက ကျုပ် ပုန်းနေတုန်း ခင်ဗျားတို့ ပြောနေတာတချို့ကို ကြားလိုက်ရတယ်...”

ဦးလေးကျန်း၏ မျက်လုံးများ တွန့်သွားလေသည်။

“ခင်ဗျားတို့ရဲ့ သခင်လေးက မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုခုရဲ့ ဆက်ခံသူ ဖြစ်ပုံရတယ်နော်”

ရွှီနင်က သူ့ရည်ရွယ်ချက်ကို ဦးစွာ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးလေးကျန်းက လုဝမ့်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်”

“ကျုပ်ရဲ့ သခင်လေးက ရေခဲငှက်မွေးကျောင်းတော်ရဲ့ ဆက်ခံသူပါ”

ဦးလေးကျန်း ပြန်ဖြေလိုက်လေသည်။

သူတို့၏ လက်ရှိအခြေအနေအရ ရွှီနင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

ထို့အပြင် ရွှီနင်မှာ သူတို့၏ စကားပြောဆိုမှုများကို ကြားခဲ့ပြီးဖြစ်ရာ သူတို့၏ အခြေအနေကို အကြမ်းဖျင်းအားဖြင့် နားလည်ထားပြီး ဖြစ်ပေလိမ့်မည်။

“ရေခဲငှက်မွေးကျောင်းတော်ရဲ့ အရင်ကျောင်းအုပ်က သခင်လေးရဲ့ အဖိုးဖြစ်သူပါ”

ဦးလေးကျန်းက ဆက်ပြောသည်။

“သခင်လေးရဲ့ မိဘနှစ်ပါးလုံးက အရေးအခင်းတစ်ခုမှာ ဆုံးပါးသွားခဲ့တာကြောင့် ကျောင်းအုပ်ကြီးက သခင်လေးကို အရမ်းအရေးပေးခဲ့တယ်။ သခင်လေးကို ရေခဲငှက်မွေးကျောင်းတော်ရဲ့ ဆက်ခံသူအဖြစ် ပျိုးထောင်ပေးဖို့ သူ အစောကြီးကတည်းက စဉ်းစားထားခဲ့တာပါ”

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်က သခင်လေး တိုးတက်လာပြီး အဆင့်သုံး မှော်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီသတင်းကို ကြားတော့ ကျောင်းအုပ်ကြီးက အရမ်းဝမ်းသာသွားပြီး သခင်လေး အမြင်ကျယ်လာစေဖို့နဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာစေဖို့အတွက် ကျုပ်ကို အပြင်လောကဆီ ခေါ်သွားခိုင်းခဲ့တာပဲ”

“ဒါကြောင့် ကျုပ် သခင်လေးကို အထီးကျန်လေပြင်းဒေသရဲ့ အလယ်ပိုင်းတစ်ဝိုက်ကို ခေါ်သွားခဲ့တယ်။ အဆုံးသတ်မှာတော့ သခင်လေးက ဒီခရီးစဉ်ကနေ အများကြီး အကျိုးအမြတ် ရခဲ့ပါတယ်။”

“ဒါပေမဲ့ ကျုပ်တို့ အထီးကျန်လေပြင်းဒေသရဲ့ အနောက်ဘက်ကို သွားဖို့ ပြင်နေတုန်းမှာပဲ ကျောင်းအုပ်ကြီးက ရုတ်တရက် ဆုံးပါးသွားပြီး ရေခဲငှက်မွေးကျောင်းတော်ရဲ့ အစွမ်းထက်နည်းပြဖြစ်တဲ့ ယင်ချင်းလိန်က ဒုတိယကျောင်းအုပ် ဖြစ်လာတယ်ဆိုတဲ့ သတင်း ရောက်လာခဲ့တယ်”

ဤအကြောင်းကို ပြောနေစဉ် ဦးလေးကျန်း၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လွင်နေလေသည်။

သူသည် ကျောင်းတော်အုပ်ကြီးနှင့် နက်ရှိုင်းသော သံယောဇဉ် ရှိခဲ့ကြောင်း ထင်ရှားလှပေသည်။

“သတင်းရရချင်းမှာပဲ ကျုပ်တို့ အခြွေအရံတွေနဲ့အတူ အထီးကျန်လေပြင်းဒေသ တောင်ပိုင်းကို ပြန်လာခဲ့ကြတယ်။ ဒါပေမဲ့ အထီးကျန်လေပြင်းဒေသ တောင်ပိုင်းကို ရောက်ခါနီးမှာပဲ ကျုပ်တို့ ရုတ်တရက် တိုက်ခိုက်ခံခဲ့ရတယ်။ အဲဒီတိုက်ခိုက်တဲ့သူတွေ အားလုံးက ရေခဲငှက်မွေးကျောင်းတော်က လူတွေဖြစ်ပြီးတော့ ယင်ချင်းလိန်ရဲ့ လက်အောက်ငယ်သားတွေချည်းပဲ”

ဦးလေးကျန်း၏ မျက်လုံးများမှာ အနည်းငယ် အေးစက်သွားသည်။

“ဒီလူတွေက သူတို့ရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ ဖုံးကွယ်မထားဘူး။ သူတို့ရဲ့ သရုပ်မှန်ကို ပေါ်ပေါ်ထင်ထင်ပဲ ထုတ်ပြခဲ့ကြတယ်။ ယင်ချင်းလိန်က ယာယီကျောင်းအုပ်ရာထူးကို ရယူနိုင်ဖို့အတွက် ကျုပ်တို့ကို သတ်ဖို့ ယင်ချင်းလိန်ရဲ့ အမိန့်ကို သူတို့က လက်ခံခဲ့ကြတာပဲ”

“ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ကျောင်းအုပ်ကြီးကို ထောက်ခံသူတဲ့တွေ အများကြီး ရှိနေသေးလို့ပဲ။ သခင်လေးသာ ပြန်ရောက်သွားတာနဲ့ ယင်ချင်းလိန်က ယာယီကျောင်းအုပ် ရာထူးကို သေချာပေါက် ဆုံးရှုံးရလိမ့်မယ်။ ဒါကြောင့် သူက သခင်လေးကို သတ်ဖို့ လိုအပ်နေတာပေါ့”

“အဲဒီလိုကိုး...”

ရွှီနင် ခေါင်းညိတ်လိုက်လေသည်။

“ဒါဆို ခင်ဗျားတို့ရဲ့ နောက်ထပ် အစီအစဉ်တွေက ဘာတွေလဲ”

ရွှီနင် ထပ်မေးလိုက်သည်။

“ကျုပ်လည်း သေချာမသိသေးဘူး”

ဦးလေးကျန်း၏ အမူအရာမှာ တုံ့ဆိုင်းနေသည်။

“ယင်ချင်းလိန်က ဒီတစ်ခါ မအောင်မြင်ခဲ့တော့ သူ သေချာပေါက် နောက်ထပ် လှုပ်ရှားမှုတွေ လုပ်လာလိမ့်မယ်။ ကျုပ်တို့သာ ရေခဲငှက်မွေးကျောင်းတော်ကို ဇွတ်ပြန်မယ်ဆိုရင် ယင်ချင်းလိန်ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်။ ဒါပေမဲ့ ကျုပ်က သခင်လေးနဲ့အတူ ထွက်သွားပြီး ရေခဲငှက်မွေးကျောင်းတော်ရဲ့ ကျောင်းအုပ် ရာထူးကို စွန့်လွှတ်လိုက်မယ်ဆိုရင်လည်း ကျုပ် တကယ်ကို မကျေနပ်နိုင်ဘူး...”

“အစ်ကိုကျန်း၊ အထီးကျန်လေပြင်းဒေသ တောင်ပိုင်းမှာရှိတဲ့ ရေခဲငှက်မွေးကျောင်းတော်ရဲ့ ပျမ်းမျှအင်အားက ဘယ်လိုရှိလဲ”

ရွှီနင် ရုတ်တရက် မေးလိုက်လေသည်။

ဦးလေးကျန်းက ရွှီနင်ကို တစ်ချက်ကြည့်လိုက်ပြီး အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“အလယ်အလတ်အဆင့် မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ကျောင်းအုပ်ကြီး သက်ရှိထင်ရှားရှိစဉ်က သူက အဆင့်ခြောက် မှော်ပညာရှင်တစ်ယောက် ဖြစ်ခဲ့တာဆိုတော့ ရေခဲငှက်မွေးကျောင်းတော်က အတော်လေး နာမည်ကြီးခဲ့တာပါ”

“ယင်ချင်းလိန်ရဲ့ အင်အားကရော ဘယ်လောက်လဲ”

ရွှီနင် တွေးတောကာ မေးလိုက်သည်။

“သူက အဆင့်ငါး မှော်ပညာရှင်တစ်ယောက်ပါ”

ဦးလေးကျန်းက ပြောလေသည်။

“အဆင့်ငါး မှော်ပညာရှင်...”

ရွှီနင် နက်ရှိုင်းစွာ တွေးတောလျက် ခေါင်းညိတ်လိုက်သည်။

အချိန်အတန်ကြာပြီးနောက် ရွှီနင်က ပြောလိုက်သည်။

“အစ်ကိုကျန်း၊ ကျုပ် ခင်ဗျားတို့ရဲ့ ရေခဲငှက်မွေးကျောင်းတော်ကို ဝင်ခွင့်ရနိုင်မလား”

“မင်းက ရေခဲငှက်မွေးကျောင်းတော်ကို ဝင်ချင်တယ် ဟုတ်လား”

ဦးလေးကျန်းသည် ရွှီနင်ကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။

ရွှီနင်သည် ဦးလေးကျန်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

အမှန်စင်စစ် ရွှီနင်သည် ဤအခွင့်အရေးကို အသုံးချ၍ ရေခဲငှက်မွေးကျောင်းတော်သို့ ဝင်ရောက်လိုခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လက်အောက်ခံများအားလုံးမှာ အဆင့်လေး မှော်ပညာရှင်များ ဖြစ်ကြရာ သေချာပေါက် သာမန်မဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။

ရွှီနင် ခန့်မှန်းခဲ့သည့်အတိုင်းပင် ရေခဲငှက်မွေးကျောင်းတော်သည် အထီးကျန်လေပြင်းဒေသ တောင်ပိုင်း၌ အလယ်အလတ်အဆင့် လျှို့ဝှက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရလေသည်။

ဦးလေးကျန်းသည် ရွှီနင်ကို ကြည့်ရင်း သဘောပေါက်သွားတော့သည်။

ဤသည်မှာ ရွှီနင်မှ သူတို့အား တောက်လျှောက် ကူညီပေးခဲ့ရခြင်း၏ ရည်ရွယ်ချက် ဖြစ်နေပေသည်။

ဤအချက်ကို ဦးလေးကျန်း နားလည်နိုင်ပေသည်။

တစ်ကိုယ်တော် မှော်ပညာရှင်တစ်ယောက်အနေဖြင့် ရွှီနင်အတွက် အရင်းအမြစ်များ ရရှိရန် သေချာပေါက် ခက်ခဲမည်ဖြစ်ရာ မှော်ပညာရှင် ကျောင်းတော်တစ်ခုသို့ ဝင်ရောက်ခြင်းက အမှန်တကယ် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

‘ဒီရွှီနင်ကလည်း အဆင့်လေး အထွတ်အထိပ် မှော်ပညာရှင်တစ်ယောက်ပဲ။ သူသာ ငါတို့နဲ့အတူ ရေခဲငှက်မွေးကျောင်းတော်ကို ပြန်လိုက်လာနိုင်မယ်ဆိုရင် ငါတို့မှာ အစွမ်းထက်တဲ့ အကူအညီတစ်ခု ထပ်တိုးလာမှာပဲ။ ငါတို့ဘက်မှာ သူရှိနေမယ်ဆိုရင် ယင်ချင်းလိန်ကို တိုက်ခိုက်ဖို့ ပိုပြီး အခွင့်အရေးများလာလိမ့်မယ်’

ဦးလေးကျန်း စိတ်ထဲမှ တွေးလိုက်လေသည်။

All Chapters