← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း (၃၄၀) - ပဋိပက္ခ

အကယ်၍ ယခင်ကသာဆိုလျှင် အဆင့်လေး လျှို့ဝှက်ပညာရှင်တစ်ဦးအား ရေခဲငှက်မွေးကျောင်းတော်သို့ သူ၏အဆက်အသွယ်များမှတစ်ဆင့် ဝင်ရောက်ရန် ကြိုးပမ်းပါက ဦးလေးကျန်းမှာ လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။

သို့သော် လက်ရှိအခြေအနေမှာ အလွန်ထူးခြားနေသဖြင့် ဦးလေးကျန်းက အလျင်အမြန်ပင် သဘောတူလိုက်လေသည်။

“ညီအစ်ကိုရွှီက ရေခဲငှက်မွေးကျောင်းတော်ကို ဝင်ဖို့ တကယ်ဆန္ဒရှိတယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့”

ဦးလေးကျန်းက ပြုံးလိုက်သည်။

“ရေခဲငှက်မွေးကျောင်းတော်ကို မင်းဝင်နိုင်ဖို့ ငါကူညီမိတ်ဆက်ပေးပါ့မယ်”

ဦးလေးကျန်း၏ စကားများက ရွှီနင်အတွက် အဖြေတစ်ခု ဖြစ်စေရုံသာမက သူ၏ဆုံးဖြတ်ချက်ကိုပါ ပိုမိုခိုင်မာသွားစေခဲ့သည်။

လုဝမ့်အား ရေခဲငှက်မွေးကျောင်းတော်သို့ ပြန်ခေါ်သွားပြီး ယင်ချင်းလိန်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် သူ ဆုံးဖြတ်လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း”

ရွှီနင်က လက်နှစ်ဖက်ကိုယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ ယခုအခါ သူသည် အတော်အတန် အင်အားကြီးမားသော လျှို့ဝှက်ပညာရှင် အဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်ခွင့်ရသွားပြီဟု မှတ်ယူနိုင်ပေသည်။

ဤနည်းဖြင့် ရေခဲငှက်မွေးကျောင်းတော်သို့ ဝင်ရောက်မည်ဆိုပါက သူသည် လုဝမ့်ဘက်မှ မားမားမတ်မတ် ရပ်တည်ရမည်ဖြစ်ကြောင်း ရွှီနင် သိထားလေသည်။

ရေခဲငှက်မွေးကျောင်းတော်သို့ ပြန်ရောက်ပြီးနောက်တွင် ယင်ချင်းလိန်နှင့် သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။

သို့သော် ရွှီနင်သည် ဤအရာများအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

“အစ်ကိုကျန်း... ကျွန်တော့်ဆီမှာ ကုသရေးဆေးတချို့ ရှိတယ်၊ အရင်သောက်လိုက်ပါဦး”

ရွှီနင်သည် သူလွယ်ထားသော အဝတ်အိတ်ထဲမှ ကုသရေးဆေးတစ်လုံးကို ထုတ်ယူကာ ဦးလေးကျန်းအား ကမ်းပေးလိုက်သည်။

“ကျေးဇူးပဲကွာ”

ဦးလေးကျန်းက ဆေးကိုလှမ်းယူလိုက်ပြီး လုဝမ့်၏ အကူအညီဖြင့် မျိုချလိုက်သည်။

သူတို့ ယူဆောင်လာခဲ့သော လျှို့ဝှက်ဆေးများမှာ ထွက်ပြေးစဉ်ကတည်းက ပျောက်ဆုံးသွားခဲ့လေပြီ။

ထို့နောက် ရွှီနင်သည် လိုက်လံတိုက်ခိုက်သူများ၏ အလောင်းများကို ရှာဖွေစစ်ဆေးလိုက်လေသည်။

ထိုသူများသည် အပြင်ဘက်တွင် မစ်ရှင်များကို မကြာခဏ ထွက်လုပ်လေ့ရှိသောကြောင့် အရင်းအမြစ်များစွာ သယ်ဆောင်လာခြင်း မရှိပုံရရာ ရွှီနင်အတွက် ထူးထူးခြားခြား မရလိုက်ပေ။

ရွှီနင်သည် တိုက်ပွဲမှရရှိလာသော ပစ္စည်းများကို ရေတွက်နေချိန်တွင် ဦးလေးကျန်းနှင့် လုဝမ့်တို့က ဘေးမှနေ၍ စကားတစ်ခွန်းမျှ မဟဘဲ ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။

“ဒါနဲ့ အစ်ကိုကျန်း...”

အသုံးဝင်မည့် အရင်းအမြစ်များကို သိမ်းဆည်းပြီးနောက် ရွှီနင်က ဦးလေးကျန်းအား ပြောလိုက်သည်။

“ကျွန်တော့်မှာ အဆင့်နှစ် မှော်ပညာရှင် အဖော်တစ်ယောက် ရှိတယ်ဗျ။ သူ့ကို ရေခဲငှက်မွေးကျောင်းတော်ကို ခေါ်လာပြီး ကျောင်းတော်ရဲ့ တပည့်တစ်ယောက်အဖြစ် ဝင်ခွင့်ပေးလို့ ရနိုင်မလား”

ရွှီနင်သည် ကွမ်ယွဲ့ကို မေ့ထားမည်မဟုတ်သည်မှာ သေချာလှပေသည်။

“ရတာပေါ့”

ဦးလေးကျန်းတွင် ငြင်းဆန်ရန် အကြောင်းပြချက် မရှိချေ။

“ကျေးဇူးတင်ပါတယ်”

ရွှီနင်က ပြောလိုက်သည်။

“အစ်ကိုကျန်း... ခင်ဗျားတို့ ခဏလောက် နားနေကြဦး၊ ကျွန်တော့်သူငယ်ချင်းကို သွားခေါ်လိုက်ပါဦးမယ်”

“ကောင်းပြီ”

ဦးလေးကျန်းက ပြန်ဖြေလိုက်သည်။

ရွှီနင် ကွမ်ယွဲ့ကို ရှာရန် ထွက်သွားသောအခါ လုဝမ့်မှာ မအောင့်နိုင်တော့ဘဲ မေးလိုက်လေသည်။

“ဦးလေးကျန်း... ရွှီနင်က ယုံကြည်ရပါ့မလား”

လုဝမ့်သည် အကောင်းမြင်တတ်သူ တစ်ဦးဖြစ်သော်လည်း သူ၏အဖိုး ရုတ်တရက် သေဆုံးသွားပြီး ယင်ချင်းလိန်၏ လူများမှ လိုက်လံတိုက်ခိုက်သည်ကို ခံရပြီးနောက်တွင် ထိလွယ်ရှလွယ် ဖြစ်လာခဲ့သည်။

“ပြောရခက်တယ်”

ဦးလေးကျန်း၏ မျက်ဝန်းများက နက်ရှိုင်းနေသည်။

“ဒီလူရဲ့ နောက်ခံက မရှင်းလင်းပေမယ့် သူ့ပါရမီကတော့ တကယ်ကို မြင့်မားလွန်းတယ်။ သူ့အကြောင်း သိဖို့က တော်တော်လေး ခက်ခဲတယ်။ ဒါပေမယ့် သူသာ ငါတို့ဘက်မှာ ရှိနေမယ်ဆိုရင် ရေခဲငှက်မွေးကျောင်းတော်ကို ပြန်ရောက်တဲ့အခါ ယင်ချင်းလိန်ကို ပြန်လည်ရင်ဆိုင်နိုင်မယ့် အခွင့်အရေးတွေ ပိုများလာမှာ သေချာတယ်”

“ဒါ့အပြင် သူက ငါတို့အသက်ကို အခုလေးတင် ကယ်တင်ခဲ့တာလေ။ ဒီအချက်ကို ထောက်ပြီးတော့ လတ်တလောမှာ သူ့ကို ယုံကြည်ထားလို့ ရပါတယ်”

“အင်း...”

လုဝမ့်က ခေါင်းညိတ်လိုက်ပြီး နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြုပ်သွားလေတော့သည်။

“ဦးလေးကျန်း... ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ”

လုဝမ့်က ထပ်မေးလိုက်သည်။

“သက်သာသွားပါပြီ”

ဦးလေးကျန်းက ရှင်းပြသည်။

“ခုနက ရွှီနင်ပေးတဲ့ ကုသရေးဆေးက တော်တော်လေး အစွမ်းထက်တယ်။ ဒီလောက်စွမ်းတဲ့ လျှို့ဝှက်ဆေးမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ ပုံမှန်ဆိုရင် တစ်ကိုယ်တော် မှော်ညာရှင်တစ်ယောက်က အဆင့်မြင့် အရင်းအမြစ်တွေနဲ့ ထိတွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ သူက ဒီလို လျှို့ဝှက်ဆေးမျိုးကို ပိုင်ဆိုင်ထားပြီး ငါ့ကိုလည်း လိုလိုလားလား ပေးတယ်ဆိုတော့ ဒီဆေးက သူကိုယ်တိုင် ဖော်စပ်ထားတာများလားလို့ ငါ သံသယဝင်မိတယ်”

“ဒါဆိုရင်တော့...”

ဦးလေးကျန်း၏ စကားကို ကြားပြီးနောက် ရွှီနင်သည် အံ့မခန်းစွမ်းဆောင်နိုင်သူ တစ်ဦးဖြစ်ကြောင်း လုဝမ့် ခံစားလိုက်ရသည်။

“ဒါနဲ့ ဦးလေးကျန်း...”

လုဝမ့်က ထပ်မေးလိုက်ပြန်သည်။

“ရွှီနင်ကို ရေခဲငှက်မွေးကျောင်းတော်ဆီ ထောက်ခံပေးပြီးရင် သူ့ကို ဘယ်လိုရာထူးမျိုး ပေးရမလဲ”

“သူ့ကို နည်းပြတစ်ယောက်ဖြစ်လာအောင် ငါ နည်းလမ်းရှာပေးရမယ်”

ဦးလေးကျန်းတွင် အစီအစဉ်တစ်ခု ရှိနေပုံရလေသည်။

“နည်းပြတစ်ယောက် ဖြစ်လာဖို့လား”

လုဝမ့်မှာ အံ့အားသင့်သွားရသည်။

“အဲဒါက မခက်ခဲဘူးလား။ သူက သန်မာတယ်ဆိုပေမယ့် အပြင်လူတစ်ယောက်ပဲလေ...”

“အခုက အဲဒါတွေကို တွေးနေရမယ့် အချိန်မဟုတ်ဘူး...”

ဦးလေးကျန်း၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားသည်။

“မင်း ရေခဲငှက်မွေးကျောင်းတော်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်သွားရင်တောင် ယင်ချင်းလိန်က သူ့ရာထူးကို ဖက်တွယ်ထားပြီး မင်းကို ကျောင်းအုပ်ရာထူး ဆက်ခံခွင့်မပေးဖို့ အကြောင်းပြချက်တွေ ရှာနေဦးမှာပဲ”

“အဲဒီအချိန်ကျရင် နှစ်ဖက်ကြားမှာ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်တာတွေရော၊ လျှို့ဝှက်တိုက်ခိုက်တာတွေရော သေချာပေါက် အများကြီး ဖြစ်လာလိမ့်မယ်။ ကျောင်းအုပ်ဟောင်းကို ထောက်ခံသူတွေရဲ့ အကူအညီနဲ့ဆိုရင် ကျောင်းအုပ်ရာထူးကို ချက်ချင်း ပြန်မယူနိုင်ဖို့ ရာခိုင်နှုန်းများပေမယ့် ရွှီနင်ကို နည်းပြရာထူးရအောင် လုပ်ပေးဖို့ကတော့ မခက်ခဲဘူး...”

“ရွှီနင်သာ နည်းပြတစ်ယောက် ဖြစ်လာခဲ့ရင် ငါတို့အဖွဲ့ရဲ့ အင်အားက နောက်ထပ်တိုးတက်လာမှာပဲ...”

“နားလည်ပါပြီ...”

လုဝမ့်က ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရေခဲငှက်မွေးကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် အလွန်ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားလေသည်။

…

နှစ်ရက်ကြာပြီးနောက်…

“ငါတို့ ရေခဲငှက်မွေးကျောင်းတော်ကို ရောက်ပြီ”

ရွှီနင်နှင့် အခြားသူများသည် နောက်ဆုံးတွင် ရေခဲငှက်မွေးကျောင်းတော်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့ကြလေပြီ။

ရေခဲငှက်မွေးကျောင်းတော်မှာ မဟူရာမိုးမခအဖွဲ့အစည်းနှင့် ဆင်တူလေသည်။ ထိုနေရာသည်လည်း လူနေနည်းပါးသော နေရာတစ်ခု ဖြစ်ပေသည်။

ယေဘုယျအားဖြင့်ပြောရလျှင် မှော်ပညာရှင်များ နေထိုင်ရာ နေရာအများစုမှာ တိတ်ဆိတ်ငြိမ်သက်ပြီး လူသူအလှမ်းဝေးသော နေရာများ ဖြစ်လေ့ရှိသည်။

ရေခဲငှက်မွေးကျောင်းတော်၏ အဝင်ဝကို ကြည့်ရင်း လုဝမ့်တစ်ယောက် အလွန်စိတ်လှုပ်ရှားနေပုံရသည်။

ကြမ်းတမ်းခက်ခဲသော ခရီးစဉ်ကြီးအပြီးတွင် သူသည် နောက်ဆုံး၌ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

ဤအခိုက်အတန့်တွင် လုဝမ့်၏ မျက်ဝန်းများက စူးရှထက်မြက်နေသည်။

ယင်ချင်းလိန်၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအတွက် သူ သေချာပေါက် ကလဲ့စားချေရပေမည်။

ထို့အပြင် လုဝမ့်၌ အခြားသော သံသယတစ်ခုလည်း ရှိနေသေးသည်။

သူ၏အဖိုး သေဆုံးရခြင်းမှာ ယင်ချင်းလိန်နှင့် ပတ်သက်နေမည်ဟု သူ သံသယဝင်နေမိသည်။

သံသယနှင့်အတူ သူ၏ရင်ထဲတွင် အမုန်းတရားများ ပေါက်ဖွားလာခဲ့လေသည်။

“နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ကြပြီပဲ...”

ဦးလေးကျန်း၏ မျက်ဝန်းများထဲတွင် ဝမ်းသာပျော်ရွှင်မှုအပြင် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်များလည်း ရှိနေလေသည်။

သူနှင့် ကျောင်းအုပ်ဟောင်းကြီးတို့ကြားရှိ ဆက်ဆံရေးမှာ အလွန်ပင် နက်ရှိုင်းလှပေသည်။

“အစ်ကိုကျန်း... ကျုပ်တို့ ဝင်ကြတော့မလား”

ရွှီနင်က မေးလိုက်သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း ရွှီနင်နှင့် ဦးလေးကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ပိုမိုရင်းနှီးကျွမ်းဝင်လာခဲ့ကြသည်။

ဦးလေးကျန်း၏ နာမည်မှာ ကျန်းရွှိဖြစ်ပြီး ရေခဲငှက်မွေးကျောင်းတော်တွင် နာမည်ဂုဏ်သတင်း ကြီးမားသူတစ်ဦးဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။

သူသည် နည်းပြတစ်ဦး မဟုတ်သော်လည်း ကျောင်းအုပ်ဟောင်းကြီး၏ ယုံကြည်ရသော လက်အောက်ငယ်သားတစ်ဦး ဖြစ်လေသည်။ ထို့အပြင် ရေခဲငှက်မွေးကျောင်းတော်ထဲတွင်လည်း ဩဇာလွှမ်းမိုးမှု ရှိလေသည်။

“ဝင်ကြမယ်”

ကျန်းရွှိသည် မျက်လုံးထဲမှ ခံစားချက်များကို ဖုံးကွယ်လိုက်သည်။

သူ၏မျက်ဝန်းများမှာ ပြန်လည်နောက်ကျိသွားသော်လည်း ထိုအထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ကိန်းအောင်းနေလေသည်။

သူတို့လေးယောက်သား ရေခဲငှက်မွေးကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားကြလေတော့သည်။

တစ်ချိန်တည်းမှာပင်…

ရေခဲငှက်မွေးကျောင်းတော်အတွင်း၌…

ခြံဝင်းတစ်ခုထဲတွင်…

“ဘာပြောတယ်... ကျန်းရွှိနဲ့ လုဝမ့်တို့ ပြန်ရောက်လာပြီ ဟုတ်လား”

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ၏လက်အောက်ငယ်သားအား အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဟုတ်ပါတယ် ကျောင်းအုပ်ကြီး”

လက်အောက်ငယ်သားက ပြန်ဖြေလိုက်သည်။

“သူတို့ ခုလေးတင် ရေခဲငှက်မွေးကျောင်းတော်ကို ပြန်ရောက်လာကြတာပါ”

“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ”

လူလတ်ပိုင်းအမျိုးသားက နံရံကို ရိုက်ချလိုက်ရာ လက်ဝါးရာတစ်ခုပင် ထင်ကျန်ရစ်လေသည်။

ထိုလူလတ်ပိုင်းမှာ ယင်ချင်းလိန်ပင် ဖြစ်လေသည်။

‘ငါလွှတ်လိုက်တဲ့ ထိပ်တန်းသိုင်းသမားတွေ အကုန်လုံး လမ်းမှာ ပြဿနာတက်သွားကြတာလား’

ယင်ချင်းလိန်၏ မျက်နှာထားမှာ အလွန်ဆိုးရွားနေသည်။

သူ့လက်အောက်ငယ်သားများ အားလုံးကို ရွှီနင် ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း သူ မသိသေးချေ။

‘လုဝမ့်က ရာထူးနေရာကို ငါ့ဆီက သေချာပေါက် ပြန်လုတော့မှာပဲ...’

ယင်ချင်းလိန်က နှုတ်ခမ်းကိုစေ့ကာ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းကြိုးစားလိုက်သည်။

“ပြီးတော့ သူက ရေခဲငှက်မွေးကျောင်းတော်ကို ပြန်ရောက်လာပြီဆိုရင် အင်အားသုံးပြီး သူ့ကို ရှင်းပစ်ဖို့ မဖြစ်နိုင်တော့ဘူး...”

အချိန်အတန်ကြာ စဉ်းစားပြီးနောက် ယင်ချင်းလိန်က လက်အောက်ငယ်သားကို အမိန့်ပေးလိုက်သည်။

“နည်းပြကုကို ဒီကိုခေါ်ခဲ့... ငါ သူနဲ့ ဆွေးနွေးစရာရှိတယ်လို့ ပြောလိုက်”

“ဟုတ်ကဲ့ပါ”

လက်အောက်ငယ်သားက ပြန်လည်တုံ့ပြန်လိုက်လေသည်။

All Chapters