အခန်း (၆၇၈)
Vol. 57 Ch. 678
အခန်း ၆၇၈
ယခုတွင် ဆေးဖက်ဝင်ပစ္စည်း၃၆မျိုးလုံး ပြည့်စုံသွားပြီး အဓိကပါဝင်ပစ္စည်းနှစ်မျိုးထဲမှ တစ်မျိုးကို ရရှိသွားခဲ့ပြီဖြစ်ရာ ဆေးလုံးဖော်စပ်မှုအောင်မြင်နိုင်မည့် ရာခိုင်နှုန်းကို သိသိသာသာ တိုးမြင့်သွားစေခဲ့သည်။
ချန်ကျဲ့ ဤအကျိုးရလဒ်ကြောင့် စိတ်ကျေနပ်သွား၏။
ထို့ပြင် ထိုဆေးဖက်ဝင်ပစ္စည်းများကြား၌ သီးသန့်သိမ်းဆည်းထားသည့် စန္ဒကူးသစ်သားသေတ္တာတစ်လုံးကို ရှာတွေ့ခဲ့သည်။ ဖွင့်ကြည့်လိုက်ရာ စိတ်ဝိဉာဉ်ပြောင်းလဲဆေးတစ်လုံး ရှိနေသည်။
စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးသည် သံမဏိအရိုးအဆင့်မှ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တိုးတက်စေနိုင်သည့် ရတနာတစ်ပါးဖြစ်သည်။
ချန်ကျဲ့သည် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ရရှိလိုက်သဖြင့်လည်း စိတ်ကျေနပ်သွားသည်။ ချင်းယင်တို့ညီအစ်ကိုသုံးဦးကို သတ်ဖြတ်ပြီးနောက်တွင် ငါးဖမ်းကုန်သည်အဖွဲ့၌ ကျန်ရှိသည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်မှာ အတော်လေး အားနည်းသေးသည့် ရှောင်ဟူသာလျှင် ရှိလေသည်။
မျန့်ရွှေအတွင်း ငါးဖမ်းကုန်သည်အဖွဲ့၏ လွှမ်းမိုးနိုင်စွမ်းကို ထိန်းသိမ်းရန်အတွက် အဖွဲ့အတွင်း၌ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များ ထပ်မံလိုအပ်ပေသည်။
သို့သော် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကို ပျိုးထောင်ခြင်းမှာ လွယ်ကူသည့်အရာမဟုတ်ပေ။ ချန်ကျဲ့သည် မျန့်ရွှေတွင် အခြေချချိန်မှာ တစ်နှစ်သာကြာသေးသောကြောင့် အခြေခံအုတ်မြစ်သည် မနက်ရှိုင်းချေ။
သို့ဖြစ်ရာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များကို လက်အောက်တွင့် ပျိုးထောင်ခြင်းငှာ ခက်ခဲ၏။ ယခုတွင် ဤစိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ရရှိလိုက်ရာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးကို တိုက်ရိုက် ရရှိနိုင်ပေတော့မည်။
ဒါပေမဲ့ ဒီစိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ဘယ်သူ့ကိုပေးသင့်လဲ။
ရှောင်ဟူကိုတော့ ထည့်မတွက်ပေ။ သို့ဖြစ်ရာ ရင်းနှီးသည့် လက်အောက်ငယ်သားများထဲတွင် ကျိုးချူနှင့် စစ်ရှီး ကျန်ရှိမည်။ ချန်ကျူးနှင့် ချန်ကုံတို့သည် အလွန်ငယ်ရွယ်သေးသောကြောင့် သူတို့ကိုလည်း ထည့်မတွက်သေးပေ။
ဒါဆို ကျိုးချူနဲ့ စစ်ရှီးပဲ ကျန်တယ်။ သူတို့နှစ်ဦးလုံးသည် သူ၏ ညာလက်ရုံးများဖြစ်ကြပြီး ကျိုးချူသည် အပြင်ဘက်ရှိ ကိစ္စအဝဝကို ကိုယ်စားပြုလုပ်ဆောင်ကာ စစ်ရှီးသည် အဖွဲ့အတွင်း အရေးကိစ္စအများစုကို ကိုင်တွယ်သည်။
စစ်ရှီးသည် နောက်မှ ဘက်ပြောင်းလာသည့် အဖွဲ့သားအသစ်ဖြစ်သော်ငြား စာရင်းကိုင်ခေါင်းဆောင်ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် သူ့အပေါ် အလွန်သစ္စာရှိသည့် နောက်လိုက်များ ဖြစ်ကြသည်။ သူ့အနေဖြင့် သူတို့ကို ခွဲခြားဆက်ဆံ၍ မဖြစ်ချေ။
ချန်ကျဲ့ ပြန်တွေးလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
“ကျိုးချူ မင်းအတွက်”
“အာ”
ကျိုးချူသည် ချန်ကျဲ့ကမ်းပေးလာသည့် ဆေးလုံးကိုကြည့်လိုက်သည်။ ဤဆေးလုံးသည် လူတစ်ယောက်၏ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်ဟု တင်စားရလောက်သည့်အရာဖြစ်သောကြောင့် ကျိုးချူ၏မျက်နှာထက်တွင် အံ့အားသင့်ခြင်းများ အတိုင်းသား ထင်ဟပ်လာခဲ့သည်။
“ခန်းမအရှင်သခင် မင်… ငါ့ကိုပေးတာလား”
ချန်ကျဲ့ ကျိုးချူကို သေချာကြည့်၍ ပြောသည်။
“ယူလေ၊ ဘာလို့မယူသေးတာလဲ”
“ယူမယ် ယူမယ်”
ကျိုးချူသည် အမြန်လှမ်းယူလိုက်ပြီးနောက် သူ့လက်ထဲရှိ ဆေးလုံးကိုကြည့်လျက် မထိန်းချုပ်နိုင်စွာ မျက်ရည်များ စီးကျလာလေသည်။
သူ့စိတ်ထဲ အတွေးပေါင်းစုံ ရှုပ်ယှက်ခတ်နေ၏။
သူသည် များသောအားဖြင့် ပေါ့ပျက်ပျက်ဟန် ပျော်ရွှင်စနောက်နေတတ်သော်ငြား လူသားဆက်ဆံရေးများကြားရှိ နွေးထွေးမှုနှင့် အေးစက်မှုတို့ကို အလွန် သတိထားမိတတ်သူဖြစ်သည်။
လွန်ခဲ့သည့်တစ်နှစ်က သူသည် ဘယ်လိုလူမျိုးဖြစ်ခဲ့သနည်း။ ဇနီးဖြစ်သူ၏မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခဲ့ရသည့် ယောက်ျားတစ်ယောက်ဖြစ်ခဲ့ပြီး လူတိုင်း၏အထင်အမြင်သေးခြင်းကို ခံခဲ့ရသည်။ လူတိုင်းထံမှ ဆန်ကုန်မြေလေး အရှုံးသမားဟူသည့် အကြည့်များနှင့် ရင်ဆိုင်ခဲ့ရသည်။
သူသည် ခွေးချီးတစ်ပုံထက် ဘာမှမသာသည့်လူ ဖြစ်ခဲ့သည်။
သို့သော် ကျိုစစ်နှင့် ဆုံတွေ့ခဲ့ပြီး ကျိုစစ်နောက်သို့ လိုက်ခဲ့ချိန်မှ စတင်ကာ တစ်ဟုန်ထိုး ပြောင်းလဲတိုးတက်မှုကြီးကို ခံစားခဲ့ရသည်။
လွန်ခဲ့သည့်နှစ်အတွင်း၌ သူ၏အဆင့်အတန်းသည် စွင်းမိသားစု၏ အနှိမ်ခံဘဝမှသည် အသိအမှတ်ပြုခံလာရကာ တဖြည်းဖြည်းနှင့် စွင်းမိသားစုမှ တလေးတစားဆက်ဆံရသူ ဖြစ်လာခဲ့သည်။
ကျိုစစ်သည် သူ့ကံကြမ္မာကို အမှန်တကယ် ပြောင်းလဲပေးခဲ့၏။
ယခုတွင်လည်း ကျိုစစ်သည် သူ့အား အလွန်အဖိုးတန်သည့် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ပေးလာပြန်သည်။
စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးဆိုတာ ဘာကိုကိုယ်စားပြုသလဲ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ဖြစ်လာမယ်လို့ ဆိုလိုတာလေ။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ဆိုတာကရော ဘာကို ကိုယ်စားပြုသလဲ။
ရာထူးအဆင့်အတန်းကို ကိုယ်စားပြုတာ။
ဆိုလိုတာက အခုအချိန်က စပြီးတော့ ငါကျိုးချူက မျန့်ရွှေမှာ မော်ကြွားစွာ ရပ်တည်နိုင်တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့မယ်လို့ ဆိုလိုတာပဲ။ အဆင့်အတန်းတစ်ခုဆီ တက်လှမ်းသွားပြီလို့ ဆိုလိုတာပဲ။
စွင်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းသွားပါက စွင်းမိသားစုသည်လည်း သူ့ကို လေးစားမှုဖြင့် ဆက်ဆံရုံမှအပ တတ်နိုင်တော့မည် မဟုတ်ပေ။ ကျိုးချူသည် အတိုင်းအဆမရှိ ပျော်ရွှင်နေမိတော့သည်။
အမျိုးသားတစ်ဦး၏အလှည့်အပြောင်းကြောင့် ရင်ဖိုရသည့်ခံစားချက်ကို လူအများစု နားလည်ကြလိမ့်မည် မဟုတ်ပေ။
သို့သော် သူနားလည်သည်။ ဒီနေ့ဒီအချိန် သူ၏အောင်မြင်မှုများသည် ကျိုစစ်ကြောင့်ဖြစ်ကြောင်းကို ပို၍ပင် နားလည်သေးသည်။
ကျိုစစ်၏ တစ်လှမ်းပြီးတစ်လှမ်း ထောက်ပံ့ပေးမှုများသာ မရှိခဲ့ပါက သူသည် အထင်မြင်သေးခံရသည့် ခင်ပွန်တစ်ဦးအဖြစ်သာ ရှိနေရပြီး အခြားသူများ၏ အထင်မြင်သေးသည့် အကြည့်များကို သည်းခံနေရလိမ့်ဦးမည် မဟုတ်ပါလော။
ထိုသို့အတွေးများဖြင့် ကျိုးချူ၏မျက်လုံးအစုံမှာ မျက်ရည်များ ရစ်ဝဲနေတော့သည်။
“ခန်းမအရှင်သခင် ငါ…”
ကျိုးချူသည် မျက်လုံးများကို လက်ဖြင့်ကာလိုက်သည်။ ချန်ကျဲ့နှင့် ရှောင်ဟူတို့ အကြည့်ချင်းဆုံလိုက်ကြပြီး ချန်ကျဲ့ ရယ်မောတော့သည်။
“ဟေး ဟေး ဟူဇစ် မြင်လား။ မင်းအစ်ကိုကျိုးက မိန်းမကြီးတစ်ယောက်လို ငိုနေတယ်ကွ”
ဟူဇစ်လည်း ထိန်းမရစွာ ရယ်လိုက်ပြီး ပြောသည်။
“ဟားဟား ကျွန်တော့်အစ်ကိုကျိုးက ဘယ်တုန်းကများ မိန်းမကြီးနဲ့ မတူတဲ့အချိန်ရှိဖူးလို့လဲဗျာ”
“သွားသေလိုက်”
ကျိုးချူသည် မျက်ရည်ဝဲနေသည့် မျက်လုံးများဖြင့် ရှောင်ဟူကို လှမ်းကန်လိုက်သည်။ ရှောင်ဟူသည် အမြန်ရှောင်တိမ်းလိုက်၏။
ရုတ်ချည်းပင် သူတို့သုံးဦးသည် အားရပါးရ ရယ်မောလိုက်ကြလေသည်။ အမျိုးသားများကြားရှိ သံယောဇဉ်မေတ္တာဟူသည် တစ်ခါတရံတွင် ဤမျှရိုးရှင်းပါ၏။
သူတို့သည် မျန့်ရွှေစီရင်စု၏ ရွာငယ်လေးတစ်ခုတွင် ဆုံတွေ့ခဲ့ကြပြီး ယခုအခြေအနေအထိ ရောက်လာခဲ့ကြကာ သေခြင်းရှင်ခြင်းတို့ကိုလည်း အတူကျော်ဖြတ်ခဲ့ကြဖူးသည်။ သူတို့၏ဆက်ဆံရေးသည် ညီအစ်ကိုများအလားပင်။ ချန်ကျဲ့သည် အသက်ငယ်သော်ငြား ကျိုးချူနှင့် ရှောင်ဟူတို့သည် သူ့ကို အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ဆက်ဆံပေးကြသည်။
ချန်ကျဲ့ ကျိုးချူ၏ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။
“အခုလောက် ကောင်းတဲ့အချိန်မရှိတော့ဘူး။ ရှောင်ဟူ မင်းအစ်ကိုကျိုး ဒီမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်နေတုန်း ကာကွယ်ပေးထားလိုက်”
ကျိုးချူမှ ပြောသည်။
“ကောင်းပြီ”
ရှောင်ဟူမှ ပြောသည်။
“ဟုတ်ကဲ့”
ထို့နောက် ကျိုးချူသည် ဆေးလုံးကိုသောက်လိုက်ပြီး ဧည့်ခန်းထဲတွင်ပင် အဆင့်တက်လှမ်းရန် ကြိုးပမ်းတော့သည်။
ထိုစဉ် ချန်ကျဲ့သည် လုပ်စရာမရှိသဖြင့် ဘေးရှိ အခန်းတစ်ခုသို့ သွားလိုက်သည်။
အခန်းထဲဝင်လိုက်သည်နှင့် ချန်ကျဲ့သည် မျက်စိရှေ့ရှိအရာများ၏ ဆွဲဆောင်ခံလိုက်ရသည်။ ဤအခန်းထဲတွင် နံရံအပြည့် စာအုပ်များရှိနေသည်။ အားလုံးသည် သိုင်းကျမ်းများဖြစ်၏။
ချန်ကျဲ့သည် စာအုပ်များကို ကြည့်ရှုကြည့်လိုက်ရာ ဖန်းရှစ်ကျုံး စုဆောင်းထားသည်ထက် ပိုများသည့် သိုင်းကျမ်းများကို တွေ့လိုက်ရသည်။ ဖန်းရှစ်ကျုံး၏စုဆောင်းမှုနှင့် တူညီသည့် သိုင်းကျမ်းများကို ဖယ်လိုက်သည့်တိုင် သိုင်းကျမ်း၃၄အုပ်ခန့် ရှိသေးပေသည်။
ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ။
ချန်ကျဲ့သည် နန်ပါးထျန်း၏စုဆောင်းမှုများကို အစမှ အဆုံးအထိ ကြည့်ရှုသည်။
နန်ပါးထျန်း၏စုဆောင်းမှုများသည် ဖန်းရှစ်ကျုံး၏စုဆောင်းမှုများထက် ပိုမိုကောင်းမွန်၏။
လျိုကျင့်နယ်ပယ်အဆင့်အတွက် အခြေခံသိုင်းကျမ်း၂၀ခန့်ရှိသည်။
သံမဏိအရိုးအဆင့်အတွက် အလယ်အလတ်အဆင့်သိုင်းကျမ်း ၇အုပ်၊၈အုပ်ခန့် ရှိသည်။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းကျမ်း၃အုပ်လည်း ရှိသေးသည်။
တစ်အုပ်မှာ ဖုဟူလက်သီးသိုင်းဖြစ်ပြီး တစ်အုပ်သည် ကြမ်းကြုတ်ကျားသိုင်း၁၃ကွက် တစ်ဖက်သွားဓားသိုင်းဖြစ်သည်။ အတွင်းအားကျင့်စဉ်ဖြစ်သည့် သုံးမျိုးပေါင်းစည်းစွမ်းအင်သိုင်းလည်း ရှိသည်။
ဖုဟူလက်သီးသိုင်းနှင့် ကြမ်းကြုတ်ကျားသိုင်း၁၃ကွက်တို့သည် ဂိုဏ်းတစ်ခုတည်းမှ ဆင်းသက်လာပုံရ၏။ ထိုသိုင်းနှစ်ခုသည် အလွန်ဆက်နွယ်မှုရှိကာ သိုင်းကျမ်းတစ်တွဲတည်းပင် ဖြစ်နိုင်လောက်ပေသည်။