အခန်း (၆၇၀)
Vol. 57 Ch. 670
အခန်း 670
ထိုအခါ ကျိုးချူသည် လက်အောက်ငယ်သားများနှင့်အတူ ဌာနချုပ်ထဲ ဝင်သွားသည်။
ချီမုကောသည် သံနက်မြင်းတပ်ကို ဝင်ပေါက်ဆီသို့ ဦးဆောင်လာသည်။
အိမ်တော်ပိုင်ဆိုင်မှုများကို အပိုင်သိမ်းခြင်းသည် အကျိုးများသည့်ကိစ္စရပ် ဖြစ်သည်။ ယဲ့လုဖုန်းသည် ချီမုကောအား လိုက်ပါစေခဲ့ခြင်းမှာ အကျိုးအမြတ်ဖြတ်ယူရန်အတွက်ဖြစ်ကြောင်း သိသာလှသည်။ ချန်ကျဲ့မှာ ထိုအချက်ကို အဘယ်သို့များ သတိမထားမိဘဲ ရှိပါမည်နည်း။
အားလုံးရောက်သောအခါ ချီမုကောမှ ပြောသည်။
“ဘယ်လိုသိမ်းယူကြမလဲ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“တပ်မှူးချီမုကောက သခင်ကြီးယဲ့လုကို ကိုယ်စားပြုသူပါ။ အဲဒါကြောင့် တပ်မှူးချီ အရင်သိမ်းယူလိုက်ပြီး ကျွန်တော့်အတွက် တချို့တစ်ဝက် ထားခဲ့ပေါ့”
ချန်ကျဲ့၏တုံ့ပြန်မှုကို စိတ်ကျေနပ်စွာဖြင့် ချီမုကောသည် ချန်ကျဲ့ကို တစ်ချက်ကြည့်လာပြီး ပြောသည်။
“ကောင်းပြီ။ ဒါဆိုလည်း ငါအားနာမနေတော့ဘူး။ သွားကြစို့”
ချီမုကောနှင့်စစ်သည်များမှ ရွှေငွေရတနာများ၊ ရှေးဟောင်းပစ္စည်းများ၊ လက်ရေးလှကားချပ်များနှင့် အမျိုးမျိုးသော ပရိဘောဂများအား သိမ်းယူနေသည်ကို ချန်ကျဲ့ ကြည့်နေခဲ့သည်။
ထို့နောက် ကျိုးချူနှင့်အဖွဲ့သားများကို ပြောသည်။
“ငါတို့ ရွှေငွေရတနာတွေကို မယူဘူး။ ဌာနချုပ်ရဲ့အဖွဲ့သားတွေနဲ့ အစေခံတွေအကုန်လုံးကို စုစည်းလိုက်။ သူတို့က ငွေလိုချင်တာ၊ ငါတို့က လူလိုချင်တာ”
ထိုအခါ ကျိုးချူမှ ပြန်ပြောသည်။
“နားလည်ပြီ။ ညီနောင်တို့ လူတွေကို ဖမ်းလိုက်ကြ”
ထိုအမိန့်တွင် ကျားဖြူခန်းမအဖွဲ့သားများသည် ဌာနချုပ်ထဲ စီးနင်းဝင်ရောက်ကြသည်။
တဒင်္ဂလေးအတွင်း၌ ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်တစ်ခုလုံးမှာ ဖရိုဖရဲဖြစ်သွားတော့သည်။
ရှုပ်ထွေးဗြောင်းဆန်နေသည့် မြင်ကွင်းတွင် ချန်ကျဲ့သည် ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။ ကသောင်းကနင်းဖြစ်သည့် ကာလဟူသည် ဤသို့သာ ဖြစ်၏။
အစေခံမိန်းကလေးများ၊လုပ်သားများ ဆွဲခေါ်ထုတ်ခံနေရသည့် မြင်ကွင်းကို မြင်တွေ့နေရသည်တွင် ချန်ကျဲ့၏စိတ်ထဲ အနည်းငယ် စိတ်မကောင်းဖြစ်လာခဲ့သည်။ တစ်နေ့နေ့တွင် သူကျရှုံးသွားခဲ့ပါကလည်း သူ၏ဇနီးသည် ဤသို့လူမဆန်သည့် ဆက်ဆံပုံမျိုးဖြစ် ဆက်ဆံခံရနိုင်သည် မဟုတ်ပါလော။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ မနှစ်မြို့စွာ သက်ပြင်းချလိုက်သည်။
ထို့နောက် တိတ်ဆိတ်သည့်တစ်နေရာရှာဖွေကာ ထိုင်နေလိုက်သည်။ ရှောင်ဟူလည်း အနားရောက်လာပြီး ချန်ကျဲ့ဘေးတွင်ရပ်ကာ မြင်းတပ်စစ်သည်များမှ ရွှေငွေများ အတင်းသိမ်းယူနေသည့် ဖရိုဖရဲမြင်ကွင်းကို ကြည့်နေသည်။
ရှောင်ဟူမှ ပြောသည်။
“ဒီမုလန်လူမျိုးတွေက ပစ္စည်းဥစ္စာအတွက်ကို ဘယ်လိုတောင် တိရစ္ဆာန်တွေလို ငြင်းခုန်နေကြတာလဲပဲ”
ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။
“ချမ်းသာကြွယ်ဝမှုက လူ့စိတ်နှလုံးကို ကိုင်လှုပ်နိုင်တယ်။ အဲဒါကြောင့် အိမ်တော်ပိုင်ဆိုင်မှုတွေကို သိမ်းယူတော့ သူတို့ရဲ့ဗီဇထဲ စွဲနေတဲ့အတိုင်း ပြုမူမိတာပေါ့”
“ဗီဇ…”
ရှောင်ဟူသည် နောက်ထပ် သူမရင်းနှီးသည့် စကားလုံးကို ကြားလိုက်ရသော်ငြား ဆက်မမေးမြန်းနေပေ။ ထိုအစား ပြော၏။
“အစ်ကိုကျိုစစ် နန်ပါးထျန်း လွတ်သွားတာလား”
ရှောင်ဟူသည် နန်ပါးထျန်းနောက် လိုက်ဖမ်းစဉ်က မပါဝင်ခဲ့ပေ။
“အင်း”
ချန်ကျဲ့မှ ပြန်ဖြေသည်။
“သူ ဘယ်တော့လောက် လက်တုံ့ပြန်လာနိုင်လဲ”
ရှောင်ဟူမှ မေးသည်။
“ငါမသိဘူး”
ချန်ကျဲ့မှ ပြောသည်။
ထိုစဉ် ချန်ကျဲ့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောသည်။
“ရှောင်ဟူ မင်း ဒီနေရာကို နည်းနည်းလောက် စောင့်ကြည့်ထားပေး။ တစ်ယောက်ယောက် ငါ့ကိုမေးလာခဲ့ရင် ပင်ပန်းနေလို့ အိမ်ပြန်အနားယူနေတယ်ပဲ ပြောလိုက်”
“အာ အစ်ကိုကျိုစစ်က ဘယ်သွားမလို့လဲ”
“ရှင်းစရာကိစ္စလေးတွေရှိလို့”
ချန်ကျဲ့ ပြန်ပြောသည်။
ရှောင်ဟူသည် ထပ်မမေးလိုပေ။
“ဟုတ်ကဲ့ပါ”
ချန်ကျဲ့ နေရာမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
ချန်ကျဲ့သည် ချင်းယင်ကို သတ်ဖြန်ရန် ရည်ရွယ်ချက်ဖြင့် လင်းယုန်ခန်းမသို့ အိမ်ခေါင်မိုးများထက်မှ အရှိန်လျင်မြင်စွာ ပြေးသွားခဲ့သည်။
ဟုတ်ပါ၏။ သူ ဒုတိယနန်ပါးထျန်း မဖြစ်လိုပေ။ သူသည် ငါးဖမ်းကုန်သည်အဖွဲ့ကို အလိုရှိခြင်းဖြစ်ပြီး ၎င်းသည် ပြစ်ချက်ကင်းစင်ရမည်။ ထို့ကြောင့် လင်းယုန်ခန်းမမှ တစ်ဦးတည်းရပ်တည်ခွင့်ရသည့် ခန်းမတစ်ခု ဖြစ်လာမည့်အရေးကို သူခွင့်မပြုနိုင်ပေ။
ထိုသို့မဖြစ်လာစေရန် အရိုးရှင်းဆုံးနည်းလမ်းမှာ ချင်းယင်ကို သတ်ပစ်လိုက်ခြင်းဖြစ်သည်။
ယခုချက်ချင်း အစားထိုးနိုင်မည့်သူ မရှိပါက ယဲ့လုဖုန်းသည်လည်း ငါးဖမ်းကုန်သည်အဖွဲ့ကို ချန်ကျဲ့အား အပြည့်အဝ ထိန်းချုပ်ခွင့်ပေးရုံမှအပ အခြားမတတ်နိုင်ပေ။
ယဲ့လုဖုန်းဘက်မှ အစားထိုးနိုင်မည့်သူ ရှာတွေ့ချိန်တွင် ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ကို ခိုင်မြဲစွာ အခြေကုပ်ရယူထားပြီးဖြစ်ကာ ယဲ့လုဖုန်းကို ဆန့်ကျင်နိုင်မည့်အင်အား ရှိနေပြီးဖြစ်လိမ့်မည်။
သို့ဖြစ်ရာ ချင်းယင်အသက်ရှင်နေခြင်းသည် ချန်ကျဲ့အတွက် ခြိမ်းခြောက်မှုကြီးဖြစ်သည်။
ချန်ကျဲ့သည် ညအမှောင်ထဲ၌ သွက်လက်လျင်မြန်စွာ လှုပ်ရှားနေသည်။ အဝေးရှိ ကျောက်ယာသည် ချန်ကျဲ့ကို မြင်သောအခါ မျက်နှာအမူအရာ တည်တင်းသွား၏။
“သူ့နောက်လိုက်မယ်”
ချန်ကျိုစစ် ပြန်လာတာ ကိစ္စတစ်ခုခုရှိလိမ့်မယ်။
ထိုသို့အတွေးဖြင့် ကျောက်ယာသည် ချန်ကျဲ့ကို နောက်ယောင်ခံလိုက်ခဲ့သည်။
ကျောက်ယာတို့လေးဦးသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်များဖြစ်သောကြောင့် ချန်ကျဲ့ သတိမထားမိအောင် ရှောင်နိုင်ကြသည်။ သို့ဖြစ်ရာ ချန်ကျဲ့သည် သူနောက်ယောင်ခံအလိုက်ခံနေရခြင်းအား မသိချေ။
သို့ဖြစ့် လူငါးဦးသည် လင်းယုန်ခန်းမသို့ ဦးတည်နေကြသည်။
ထိုစဉ် လင်းယုန်ခန်းမ၌ ချင်းယင်သည် ခန်းမအရှင်သခင်ထိုင်ခုံတွင် ထိုင်လျက် အဆက်မပြတ် ချောင်းဆိုးနေသည်။ နန်ပါးထျန်းသည် သူ့ကို ကြမ်းကြုတ်ခက်ထန်စွာ တိုက်ခိုက်ခဲ့သောကြောင့် အတွင်းဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။
သို့သော် ထိုက်တန်ပါ၏။ နန်ပါးထျန်း ကျရှုံးသွားပြီး သူသည် ဌာနချုပ်မှ ခွဲထွက်ကာ အင်အားဟန်ချက်ညီမျှရေးအတွက် ကျားဖြူခန်းမကဲ့သို့ သီးခြားရပ်တည်နိုင်တော့မည်။
ထို့ပြင် ချန်ကျိုစစ်မှ နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်သုံးလိုက်ခြင်းသည် ယဲ့လုဖုန်းကို အမျက်ထွက်စေခဲ့ပြီး ထိုအတွက် ယဲ့လုဖုန်းသည် ချန်ကျိုစစ်အပေါ် အငြိုးထားပုံရလေသည်။ သို့ဖြစ်ရာ ချန်ကျိုစစ်ကျရှုံးဖို့ရာလည်း အချိန်သိပ်မလိုလောက်ပေ။ ထိုအခါကျ သူသည် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် ဖြစ်လာလိမ့်မည်။
မျန့်ရွှေစီရင်စုကို အုပ်စိုးနိုင်သူဖြစ်လာလိမ့်မည်။ ဟားဟား…
နန်ပါးထျန်း၊ ချန်ကျိုစစ်၊ ငါ ချင်းယင်ကမှ မျန့်ရွှေရဲ့ဘုရင်အစစ်ပဲကွ။
ချင်းယင်မှာ အတွေးထဲနစ်မြောရင်း ပီတိဖြာနေသည်။ သို့သော် ချင်းဟူသည် အလွန်မကျေမနပ်ဖြစ်နေ၏။
“အစ်ကိုကြီး သူတို့ဘယ်လိုတောင် ကျွန်တော်တို့ကို ဒီလိုမျိုးအနိုင်ကျင့်နိုင်ရတာလဲ။ ကျွန်တော်တို့လည်း နန်ပါးထျန်းကို တိုက်ခိုက်ဖို့ကူညီပေးခဲ့တာပဲကို ဘာလို့ ပိုင်ဆိုင်မှုတွေသိမ်းယူဖို့ အတူခေါ်သွားမခံရဘဲ ပြန်လွှတ်ခံရတာလဲ”
“အခုတော့ ကျွန်တော်တို့မှာ ချီမုကောနဲ့ ချန်ကျိုစစ် အကျိုးအမြတ်ရနေတာကို ထိုင်ကြည့်နေရတယ်။ ကျွန်တော်တို့က ဘာလို့ ဘာဝေစုမှ မရတာလဲ။ ကျွန်တော် လက်မခံနိုင်ဘူး မကျေနပ်ဘူးလို့”
ချင်းဟူမှ ကျယ်လောင်စွာ အော်ဟစ်သည်။
ချင်းပေါင်သည် ချင်းဟူကို နှစ်သိမ့်ရန် ကြိုးစား၏
“အစ်ကို၂ ကျွန်တော်တို့ အကျိုးအမြတ် အသေးအဖွဲလေးတွေကို မကြည့်ဘဲ ရေရှည်ကို ကြည့်သင့်တယ်လေ။ ကျွန်တော်တို့ သီးခြားရပ်တည်ရတဲ့အခါ သခင်ကြီးယဲ့လုက ကျွန်တော်တို့ကို လမ်းတွေ ချီးမြှင့်မှာ သေချာတယ်။ အဲဒီအခါကျ ကျွန်တော်တို့အတွက် အကျိုးအမြတ်တွေ အများကြီးမဟုတ်ဘူးလား။ ပိုင်နက်နယ်မြေကမှ ငွေသစ်ပင်အစစ်ဗျ။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ပိုင်ဆိုင်မှုကို သိမ်းယူတာလေးက ဘာမှမဟုတ်ပါဘူး”
“ညီလေးပြောတာ မှန်တယ်”
ချင်းဟူသည် ထောက်ခံလိုက်ပြီးနောက် ချင်းပေါင်ကို မေးသည်။
“သခင်ကြီးယဲ့လုက ငါတို့ကို ဘယ်လမ်းတွေကို ပေးမယ်ထင်လဲ”
ချင်းပေါင်မှ ပြောသည်။
“ကျွန်တော့်အထင်တော့ ကျွန်တော်တို့ ကျားဖြူခန်းမနဲ့ ပိုင်နက်လဲလှယ်သင့်မယ်ထင်တယ်။ ကျားဖြူခန်းမရဲ့ လမ်းမလေးခုနဲ့ နန်ရေကန်ဆားနယ်မြေကို ကျွန်တော်တို့ ယူလိုက်သင့်တယ်။ ဟား အဲဒီလိုဆို ကျွန်တော်တို့ ငွေရှာရလွယ်တဲ့ လမ်းတွေကို ပိုင်ဆိုင်နိုင်ပြီလေ”
“ဟုတ်တယ် ဟုတ်တယ်။ ငါတို့ အဲဒီလမ်းလေးလမ်းနဲ့ နန်ရေကန်ဆားနယ်မြေကို တောင်းဆိုရမယ်”
“ဟားဟားဟား… မင်းတို့စိတ်ကူးယဉ်နေတာ အတော်လှပါရောလား”
ချင်းဟူနှင့် ချင်းပေါင်တို့ စိတ်ကူးယဉ်နေစဉ် အသံတစ်ခု ထွက်ပေါ်လာ၏။
“ဘယ်သူလဲ”
ညီအစ်ကိုသုံးဦးသည် အသံကြောင့် ထိတ်လန့်သွားကြကာ လင်းယုန်ခန်းမထဲ ခိုးဝင်နေသူရှိကြောင်း နားလည်သွားခဲ့သည်။
ရုတ်တရက် အပြင်ဘက်မှ လူရိပ်တစ်ခု တစ်ဟုန်ထိုး ဝင်ရောက်လာကာ ချင်းယင်အား လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တိုက်ခိုက်သည်။ အငိုက်မိသွားသဖြင့် ချင်းယင်မှ အော်ငေါက်၏။
“အတင့်ရဲလိုက်တာ”
ကျူးကျော်လာသူ၏ လက်ဝါးရိုက်ချက်အား ချင်းယင် လက်ဝါးသိုင်းကွက်ဖြင့် အမြန်ခုခံလိုက်သည်။
ဂျွတ်
ကျိုးပဲ့သံကဲ့သို့ အသံတစ်ခုထွက်ပေါ်လာပြီး ချင်းယင်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းအလား လွင့်ထွက်သွားခဲ့သည်။ ထို့နောက် စားပွဲတစ်လုံးပေါ် အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့ကာ စားပွဲလည်း တစ်စစီ ကျိုးပဲ့သွားရသည်။
အဟွတ်
ချင်းယင်မှာ ဒဏ်ရာဟောင်းပြန်ထသွားပြီး သွေးအန်ထွက်သွား၏။
သူသည် တံခါးဝကို စူးရဲစွာ စိုက်ကြည့်နေသည်။
“မင်းဘယ်သူလဲ”
ကျူးကျော်သူသည် ခေါင်းငုံ့ထားလျက် တံခါးဝတွင် ရပ်နေသည်။ ချင်းယင်၏အမေးစကားတွင် ထိုလူ ခေါင်းမော့လာ၏။
ချင်းယင်၏မျက်လုံးများ ထိတ်လန့်ချောက်ချားမှုဖြင့် ပြူးကျယ်သွားခဲ့သည်။
“ချန်ကျိုစစ်”