အခန်း (၆၇၁)
Vol. 57 Ch. 671
အခန်း 671
ချန်ကျဲ့သည် ရေခဲစိတ်စွမ်းအင်သိုင်းကို ဖြည်းဖြည်းချင်း ယဉ်ပါးလာခဲ့သည်။
ချန်ကျဲ့သည် ထိုသို့အဖြစ်အပျက်ကြောင့် အံ့ဩသွားခဲ့သော်ငြား ခဏမျှစဉ်းစားကြည့်ပြီးနောက် နားလည်သွားခဲ့သည်။ ယန်ချွမ်ကျင့်စဉ်သည် လီချွမ်းကျင့်စဉ်၏ ကနဦးကျင့်စဉ်ဖြစ်သည်။
၎င်း၏အင်အားသည် အထင်ကြီးလောက်ဖွယ် မဟုတ်သည့်တိုင် လီချွမ်းရှိ အရာအားလုံးကို လိုက်လျောညီထွေဖြစ်နိုင်စွမ်းရှိပြီး တိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ယန်ချွမ်ကျင့်စဉ်ဖြင့် များစွာသော သိုင်းပညာများ၊ သိုင်းကျင့်စဉ်များကို ကျင့်ကြံနိုင်သည်။ ယန်ချွမ်ကျင့်စဉ်သည် အခြေခံဖြစ်၏။
ယန်ချွမ်ကျင့်စဉ်သည် အရေးမပါလှဟု ထင်ရနိုင်သော်ငြား တကယ်တမ်းတွင် အရေးအပါဆုံး သိုင်းကျင့်စဉ်ဖြစ်သည်။
ယန်ချွမ်ကျင့်စဉ်မရှိပါက အခြားကျင့်စဉ်များသည် ၎င်းတို့၏ ပင်ကိုယ်အင်အားနှင့် မြောက်များစွာသော အသုံးဝင်ပုံများ ရှိသည့်တိုင် ပြင်းထန်သည့် နောက်ဆက်တွဲအကျိုးဆက်များလည်း ရှိလိမ့်မည်။ ယန်ချွမ်ကျင့်စဉ်သည် ၎င်းအကျိုးဆက်များကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်။
ယန်ချွမ်ကျင့်စဉ်၏ အံ့ဩဖွယ်အကျိုးကျေးဇူးများသည် ချန်ကျဲ့အား ရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံနိုင်စေခဲ့ပြီး ချန်ကျဲ့သည် ၎င်းကိုအသုံးပြု၍ ချင်းယင်ကို သတ်ရန် စီစဉ်ထားသည်။
ချန်ကျဲ့သည် ချင်းယင်ကိုသတ်ပြီး ငါးဖမ်းကုန်သည်အဖွဲ့ကို သိမ်းယူရန် ဆုံးဖြတ်ထားသည်။ အခင်းနေရာတွင်တော့ နန်ပါးထျန်းကို အပြစ်ပုံချရန်အတွက် ရေခဲစိတ်စွမ်းအင်သိုင်း၏ ခြေရာလက်ရာများ ချန်ထားရစ်ခဲ့လိုက်မည်။
“လူသတ်သမားက ကျုပ် ချန်ကျိုစစ် မဟုတ်ဘူး။ လူသတ်သမားက နန်ပါးထျန်းပဲ။ ဒီကိစ္စက ကျုပ်ချန်ကျိုစစ်နဲ့ ဘာဆိုင်လို့လဲ”
ချန်ကျဲ့မှ ရေခဲစိတ်စွမ်းအင်သိုင်းအား ထုတ်သုံးလာသည်ကို မြင်သောအခါ ချင်းယင်သည် ချန်ကျဲ့၏အကြံအစည်ကို ချက်ချင်း နားလည်လိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် အော်ဟစ်၏။
“ချန်ကျိုစစ် မင်းက တကယ်ကောက်ကျစ်တာပဲ”
ထိုအခါ ချန်ကျဲ့ ရယ်လိုက်သည်။
“ဟားဟား ချီးမွမ်းစကားအတွက် ကျေးဇူးပဲ”
ချင်းယင်မှ အော်ဟစ်ပြောဆိုသည်။
“ပြေးတော့။ ဘာနည်းလမ်းပဲ သုံးရသုံးရ လွတ်အောင်ပြေး။ ဘယ်သူဖြစ်ဖြစ် အသက်ရှင်အောင်နေ”
ထို့နောက် ချင်းယင်သည် လက်နှစ်ဖက်ကို ပင့်မြှောက်၍ သွေးလင်းယုန်လက်သည်းသိုင်းကို ထုတ်လွှတ်လိုက်သည်။
လင်းယုန်ဟစ်ကြွေးသံနှင့်အတူ ချင်းယင်သည် ချန်ကျဲ့ကို အားကုန်သုံးတိုက်ခိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှ ချီစွမ်းအင်များကို လည်ပတ်စေကာ သူ၏လင်းယုန်လက်သည်းများဖြင့် ချန်ကျဲ့ကို လှမ်းဖမ်းဆုပ်သည်။
သွေးလင်းယုန်လက်သည်းသိုင်းသည် လင်းယုန်လက်သည်းလှုပ်ရှားပုံမှ တီထွင်ဖန်တီးထားသည့် သိုင်းပညာဖြစ်ပြီး တိုက်ခိုက်စွမ်းအား မြင့်မားကာ ဖျက်ဆီးနိုင်စွမ်းလည်း ကြောက်မက်ဖွယ်ကြီးမားသည်။ ၎င်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာဖြစ်သည်။ ချင်းယင်သည် သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်၌ လူသားဆန်မှုတစ်စကို ထုတ်ဖော်ပြသခဲ့သည်။
ချင်းယင်သည် သူ၏ညီငယ်များ အသက်ရှင်နိုင်ဖို့ အခွင့်အရေးတစ်မျှင်စာလေးအတွက် ချန်ကျဲ့ကို အားကုန်သုံး၍ တစ်ဟုန်ထိုး တိုက်ခိုက်လေသည်။
သို့သော် ချန်ကျဲ့သည် သူတို့ကို အခွင့်အရေးမပေးပေ။ ယန်ချွမ်ကျင့်စဉ်သည် လျှပ်စီးကိုယ်ဖော့သိုင်းအား လောင်စာအဖြစ် အားဖြည့်ပေးနေခဲ့ရာ ချန်ကျဲ့သည် မူလနေရာမှ ဝှစ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး နောက်တဒင်္ဂတွင် ချင်းဟူ၏ဘေး၌ ပြန်ပေါ်လာသည်။
ချင်းဟူသည် ချန်ကျဲ့ကို မြင်လိုက်ရသည်တွင် အလွန်လန့်ဖျပ်သွားရပြီး အတိတ်က ချန်ကျဲ့၏ အရိုက်နှက်ခံခဲ့ရခြင်းကိုပင် သတိရသွားခဲ့သည်။
သို့သော် သေခြင်းရှင်ခြင်းအခြေအနေနှင့် ကြုံတွေ့ရချိန်တွင် အတိတ်က မှတ်ဉာဏ်ဆိုးများကို အရေးမထားနိုင်တော့ပေ။ ချန်ကျဲ့အား ကျားလက်သည်းသိုင်းဖြင့် တန်ပြန်တိုက်ခိုက်သည်။
ချန်ကျဲ့သည် အလုပ်ရှုပ်ခံပြီး ရှောင်တိမ်းရန်ပင် စိတ်မဝင်စားချေ။ ရေခဲစိတ်စွမ်းအင်သိုင်း ထုတ်လွှတ်ထားသည့် လက်ကို ဆန့်ထုတ်၍ ချင်းဟူကို တိုက်ခိုက်လိုက်သည်။ ဂျွတ်ခနဲအသံနှင့်အတူ ချင်းဟူမျာ အရိုးများ ကျိုးပဲ့ကာ အရွတ်များ ပြဲဆုတ်သွားတော့သည်။
ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် ချင်းဟူ၏ လက်ကောက်ဝတ်ကို တစ်စစီ စုတ်ပြဲသွားစေခဲ့သည်။ ထို့နောက် ချင်းဟူ၏လည်မျိုကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
ချန်ကျဲ့သည် ချင်းဟူကို လည်မျိုမှ ဆုပ်ကိုင်ကာ လေပေါ်မြှောက်လိုက်သည်။ ချင်းဟူသည် အသက်ရှူကြပ်ခြင်းကြောင့် မျက်လုံးများ ပြူးကျယ်ထွက်နေခဲ့သည်။ ချန်ကျဲ့ သူ၏လက်သို့ အအေးဓာတ်ချီစွမ်းအင် ပို့လွှတ်စီးဆင်းစေလိုက်သည်။ နောက်တဒင်္ဂ၌ အရိုးကျိုးသံနှင့်အတူ ချင်းဟူ၏လည်တိုင်ရိုးကို လိမ်ချိုးပစ်လိုက်သည်။
“ချင်းဟူ”
ချင်းယင်သည် ဒေါသတကြီး အော်ဟစ်လိုက်ရင်း ချန်ကျဲ့အား နောက်ဘက်မှ ခုန်အုပ်တိုက်ခိုက်သည်။ ချန်ကျဲ့ ကိုယ်ကိုလှည့်ကာ သူ့ထံ ဦးတည်လာနေသည့် လင်းယုန်လက်သည်းကို ရှောင်လိုက်သည်။
ချင်းယင်သည် ပစ်မှတ်ကိုလွဲချော်သွားသဖြင့် လက်သည်းဖြင့် ဖမ်းဆုပ်ခြ်းမှ လွှဲရိုက်တိုက်ခိုက်ခြင်းပုံစံသို့ ပြောင်းလဲတိုက်ခိုက်သည်။
ချန်ကျဲ့ နောက်လှန်ရှောင်တိမ်းလိုက်ပြီးနောက် ချင်းယင်၏ အကာအကွယ်မဲ့နေသည့် ရင်ဘတ်အား ပခုံးဖြင့် အားပြင်းပြင်း တိုက်လိုက်သည်။ ယန်ချွမ်ကျင့်စဉ်အားဖြည့်ထားသည့် ရေခဲစိတ်စွမ်းအင်သိုင်း၏ အအေးဓာတ်ချီစွမ်းအင်သည် ချင်းယင်အား သွေးတစ်ပွက် အန်ထွက်သွားစေခဲ့သည်။
ချင်းယင်သည် နောက်သို့ ဆက်တိုက် ဒယီးဒယိုင် နောက်ဆုတ်သွားရသည်။ ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ကိုယ်ကို အရှိန်ပြင်းစွာ လှည့်ပတ်၍ ချင်းယင်အနီးသို့ အမြန်နှုန်းဖြင့် ရောက်သွားစေခဲ့ကာ အအေးဓာတ်ချီစွမ်းအင်စီးဆင်းနေသည့် လက်သီးဖြင့် ချင်းယင်၏ရင်ဘတ်ကို ထိုးနှက်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း…
အရှိန်လျင်မြန်လှစွာသော အဆက်မပြတ် တရစပ်တိုက်ခိုက်မှုသည် ချင်းယင်ကို ဆိုးဆိုးရွားရွား သွေးအန်ထွက်စေခဲ့ပြီး အတွင်းအင်္ဂါများကို ပျက်စီးစေခဲ့သည်။
ဘုန်း
နောက်ဆုံးတွင်တော့ ချန်ကျဲ့သည် လက်ဝါးသိုင်းကွက်ဖြင့် ချင်းယင်အား လေထဲ လွင့်ထွက်သွားစေခဲ့သည်။ ချင်းယင်သည် သွေးအန်ထွက်သွားရပြန်ကာ နေရာအနှံ့ သွေးများ ပြန့်ကျဲကုန်တော့သည်။
ထို့နောက် ကြမ်းပြင်သို့ ပက်လက်အနေအထားဖြင့် ပြုတ်ကျသွားခဲ့သည်။ သူ၏ပါးစပ်မှာ သွေးများ၊ ရေခဲမှုန်များဖြင့် အမြှုပ်ထနေသည်။ ခန္ဓာကိုယ်မှာ တွန့်လိမ်အကြောဆွဲနေ၏။ ခဏကြာပြီးနောက်တွင်မူ အသက်မဲ့သွားသည်ဖြစ်မည်။ ငြိမ်သက်သွား၏။
ချန်ကျဲ့ ထို့နောက် ချင်းပေါင်ကို လှမ်းကြည့်လိုက်သည်။ ချင်းပေါင်သည် တံခါးဝသို့ ရောက်နေပြီဖြစ်၏။
ချန်ကျဲ့ လိုက်ဖမ်းရန် ခြေထောက်ကြွလိုက်သည်။ သို့သော် ချင်းယင်မှ သူ့ဘောင်းဘီစအား လှမ်းဆွဲထားခြင်း ခံလိုက်ရလေသည်။
ချန်ကျဲ့ ချင်းယင်ကို ငုံ့ကြည့်လိုက်သည်။ တကယ်တော့ ချင်းယင်မှာ အသိစိတ်လွတ်နေပြီဖြစ်သည့်တိုင် သူ့ခြေထောက်ကို ဆွဲထားချင်နေသေးသည်။ ချင်းယင်မှ တောင်းပန်တိုးလျှိုးလာသည်။
“သူတို့ကို အသက်ရှင်ခွင့်ပေးလိုက်ပါ…”
သူ၏အသံမှာ တောင်းပန်တိုးလျှိုးဟန်များ သိသိသာသာ ပါဝင်နေသည်။
ချန်ကျဲ့ ချင်းယင်၏လက်ကို ခါထုတ်လိုက်သည်။
“မင်းသာ ငါ့နေရာမှာဆိုရင် ရန်သူကို အသက်ရှင်ခွင့်ပေးမှာတဲ့လား”
ချန်ကျဲ့၏စကားတွင် ချင်းယင်မှာ သွေးများဖြင့် နင်သွားကာ အပြင်းအထန် ချောင်းဆိုးလေသည်။ သူ၏ခန္ဓာကိုယ်သည် အပြင်းအထန် အကြောဆွဲစပြုလာနေလေပြီ။ ချန်ကျဲ့မှ ပြောသည်။
“ငါ မင်းရဲ့ တစ်နှစ်အရွယ်သမီးလေးကို အသက်ရှင်လျက် ချန်ထားပေးမယ်။ အဲဒါက ငါ့ရဲ့ နောက်ဆုံးသက်ညှာမှုပဲ”
ထနို့နောက်တွင်မူ ချင်းယင်၏ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ အသက်မရှူတော့ပေ။
ချင်းယင် သေသွားခဲ့ပြီ။
ထိုအချိန်၌ ချင်းပေါင်သည် သတိလွတ်လောက်အောင် ကြောက်ရွံ့ချောက်ချားနေခဲ့ပြီး အသည်းအသန် ထွက်ပြေးနေခဲ့သည်။ သို့သော် သူသည် ချန်ကျဲ့လက်မှ လွတ်အောင်ပြေးနိုင်ပါမည်လော။
ချန်ကျဲ့သည် လျှပ်စီးကိုယ်ဖော့သိုင်းကို အသုံးပြုလိုက်ရာ ချက်ချင်းပင် ချင်းပေါင်ကို လိုက်မီသွားပြီး ချင်းပေါင်၏ရှေ့၌ ပိတ်ရပ်လိုက်သည်။
ချင်းပေါင်သည် ချန်ကျဲ့၏တိုက်ခိုက်မှုတစ်ချက်တွင် မြေပြင်ပေါ် လဲကျသွား၏။
“ခန်းမအရှင်သခင်ချန် ခန်းမအရှင်သခင်ချန် ကျွန်တော်အညံ့ခံပါတယ်။ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ အသက်ချမ်းသာပေးပါ”
ချန်ကျဲ့ ချင်းပေါင်းကို မေးသည်၊
“မင်းကို ဘာလို့ အသက်ချမ်းသာပေးသင့်တာလဲ”
ချင်းပေါင်မှ ပြောသည်။
“ကျွန် ကျွန်တော် ခန်းမအရှင်သခင်ချန်ရဲ့ခွေးတစ်ကောင်ဖြစ်ပေးနိုင်ပါတယ်။ အစ်ကိုချင်းယင်က နန်ပါးထျန်းအတွက် လုပ်ပေးခဲ့သလိုမျိုးပါ”
“ငါ့အတွက် ခွေးတစ်ကောင်ဖြစ်ပေးမယ်တဲ့လား”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ငါ ခုနကပဲ မင်းအစ်ကိုနှစ်ယောက်ကို သတ်လိုက်တာနော်”
“အဲဒါက… အဲဒါက အရေးမကြီးပါဘူး။ သိုင်းလောကမှာ ဆွေမျိုးသားချင်းတစ်ယောက်၊နှစ်ယောက်လောက် မဆုံးရှုံးဖူးတဲ့သူ ဘယ်သူရှိလို့လဲ။ သူတို့က ခန်းမအရှင်သခင်ချန်ကို ဆန့်ကျင်ခဲ့တာလေ။ သူတို့က သေဖို့ထိုက်တန်ပါတယ်”
“ကျွန် ကျွန်တော်ကိုယ်တိုင်တောင် ခန်းမအရှင်သခင်ချန်အတွက် အဲဒီနှစ်ယောက်ကို သတ်ပေးချင်မိပါတယ်။ ခန်းမအရှင်သခင်ချန်သာ ကျွန်တော့်ကို အခွင့်အရေးပေးမယ်ဆိုရင် ကျွန်တော် ကျွန်တော်ရဲ့သစ္စာကို သက်သေပြဖို့အတွက် သူတို့ရဲ့မိသားစုတွေကို သွားသတ်ပေးနိုင်ပါတယ်။ ခန်းမအရှင်သခင်ချန် အဲဒါဆို လုံလောက်မလား”
ထိုအခိုက်အတန့်၌ ချင်းပေါင်မှာ မိမိကိုယ်ကိုယ် သစ္စာစောင့်သိမှုအား သက်သေပြနိုင်မည့် ပြီးပြည့်စုံသည့်နည်းလမ်းကို စဉ်းစားနိုင်ခဲ့သည်ဟူသည့်အတွေးဖြင့် မျက်လုံးအစုံမှာ မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။
ထိုနည်းလမ်းမှာ ကွယ်လွန်သူ သူ့အစ်ကိုနှစ်ယောက်၏ မိသားစုဝင်များကို အမြစ်ပြတ်သုတ်သင်ရန် ဖြစ်လေသည်။
ထိုအခါ ချန်ကျဲ့ ချင်းပေါင်ကို ကြည့်လိုက်သည်။
“ချင်းပေါင် မင်း အခုပြောနေတာတွေက ငါ့စိတ်ကို ဝေဝါးအောင်လုပ်ပြီး နောက်မှ လက်စားပြန်ချေဖို့လား ဒါမှမဟုတ် တကယ်ပဲ မင်းရဲ့စိတ်ရင်းအမှန်လားဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ ငါမင်းကို ပြောလိုက်မယ်။ ငါ မင်းလိုလူကို ငါ့အနားမှာ မထားရဲဘူး။ သေလိုက်တော့”
“အာ”
ချင်းပေါင်သည် အံ့အားသင့်စွာ အာမေဍီတ်ပြု၏။ တစ်ပြိုင်နက်တည်းပင် ချန်ကျဲ့သည် ရေခဲစိတ်စွမ်းအင်သိုင်း စီးဆင်းနေသည့် လက်ဖဝါးဖြင့် ချင်းပေါင်၏ အသက်သွေးကြောတည့်တည့်သို့ ရိုက်ချလိုက်တော့သည်။