အခန်း (၆၇၂)
Vol. 57 Ch. 672
အခန်း 672
ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် ချင်းပေါင်၏ဦးခေါင်းကို တစ်စစီ ပေါက်ကွဲသွားစေခဲ့သည်။ ရေခဲစိတ်စွမ်းအင်သိုင်းကြောင့် လွင့်စင်ထွက်သွားသည့် သွေးစများမှာ သွေးရေခဲမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချင်းပေါင်၏ခန္ဓာကိုယ်သည် မြေပြင်တွင် လဲကျနေသည်။
ချန်ကျဲ့သည် လက်ကိုပြန်သိမ်းလိုက်ပြီး မြေပြင်တွင် ပြန့်ကျဲနေသည့် အလောင်းများကို ကြည့်လိုက်သည်။ သူ အခင်းနေရာကို ရှင်းလင်းရန် ပြင်နေစဉ် လက်ခုပ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။
ဖြန်း ဖြန်း ဖြန်း…
ချန်ကျဲ့ ထိတ်လန့်သွား၏။ သူတစ်ခုခု လွတ်သွားပြီဖြစ်ကြောင်းလည်း နားလည်လိုက်သည်။ ချန်ကျဲ့ ခေါင်းလှည့်ကြည့်လိုက်ရာ အဖြူရောင်ဝတ်လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုလူသည် သူ၏နောက်ရှိ အိမ်ခေါင်မိုးထက်တွင် ရပ်နေသည်။ သူသည် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်လျက် အံ့ဩဟန်စွက်သည့် မျက်နှာအမူအရာဖြင့် ချန်ကျဲ့ကိုကြည့်ကာ လက်ခုပ်တီးနေသည်။
ကျောက်ယာ။
ချန်ကျဲ့ အကြည့်မလွှဲဘဲ မျက်နှာတင်းမာသွားသည်။
သူပဲ။
ထို့နောက် လေခွင်းသံနှင့်အတူ လူသုံးဦးဆင်းလာကာ သူ့အား ဝန်းရံလိုက်ကြသည်။
တစ်ဦးသည် ဓားရှည်ကိုင်ဆောင်ထားကာ အေးစက်စူးရဲသည့်အကြည့်များ ပိုင်ဆိုင်သည်။
တစ်ဦးသည် ပျင်းရိပျင်းတွဲဟန်ဖြင့် လက်ပိုက်ထားသည်။
တစ်ဦးသည်တော့ လက်နှစ်ဖက်နောက်ပစ်ထားလျက် မောက်မာထောင်လွှားဟန်ရှိသည်။
သူတို့သည် အနောက်ကျင်းကန်းဂိုဏ်းမှ ကျောက်ယာ၏သက်တော်စောင့်များဖြစ်သော အားသာ့၊ အားအာ့နှင့် အားစန်းတို့ ဖြစ်သည်။
သူတို့လေးဦးသည် ချန်ကျဲ့အား ထွက်ပြေးရန် လမ်းပေါက်မရှိအောင် ပိတ်ဆို့ဝန်းရံထားကြသည်။
ချန်ကျဲ့သည် မိမိကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ကျောက်ယာဘက်သို့ လှည့်လိုက်သည်။ ဤအုပ်စုတွင် ကျောက်ယာသာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိသူ မဟုတ်ပါလော။ ထို့ကြောင့် ချန်ကျဲ့သည် ကျောက်ယာအား လက်သီးယှက်အရိုအသေပြုလျက် ပြောလိုက်သည်။
“ညီနောင်ကျောက် ကျွန်တော် မင်းကို ဒီနေရာမှာ တွေ့ရမယ်လို့ မျှော်လင့်မထားမိဘူးပဲ”
ချန်ကျဲ့၏စကားတွင် ကျောက်ယာသည် တည်တံ့သောအမူအရာဖြင့် မျက်လုံးအစုံတွင်တော့ အသိအမှတ်ပြုမှုအချို့ ထင်ဟပ်နေသည်။
အန္တရာယ်ကျရောက်နေတဲ့ အခြေအနေမှာတောင် တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းနိုင်တယ်။ တကယ့်ကို မှတ်သားထိုက်တဲ့လူပေပဲ။
ထိုသို့အတွေးဖြင့် ကျောက်ယာလည်း လက်သီးယှက်အရိုအသေပြုလိုက်သည်။
“ဟုတ်ပါ့ဗျာ။ ညဘက် အပျင်းပြေလမ်းပတ်လျှောက်ရင်း ညီနောင်ချန် လူသတ်မှုကျူးလွန်နေတဲ့မြင်ကွင်းကို မြင်တွေ့လိုက်ရတယ်တဲ့လေ။ တကယ့်ကို အံ့ဩစရာပါပဲ”
ချန်ကျဲ့ ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်ပြောသည်။
“ညိနောင်ကျောက်ကတော့ နောက်နေပါပြီ”
ကျောက်ယာမှ ဆက်ပြောသည်။
“ညီနောင်ချန်က စီးပွားရေးလုပ်ငန်းရှင်မဟုတ်ဘူးလား။ စီးပွားရေးသမားတစ်ယောက်က ဒီလိုညသန်းခေါင်ကြီးမှာ လူသတ်နေတယ်ဆိုတာ အလုပ်အကိုင်က ဓားပြဖြစ်သွားလို့မှမဟုတ်ရင် တခြားဘာကြောင့်ဖြစ်နိုင်သေးလဲနော်”
ကျောက်ယာသည် သူ့ကို စနောက်နေခြင်းဖြစ်ကြောင်း ချန်ကျဲ့သိသည်။ ထို့ကြောင့် လက်သီးယှက်အရိုအသေပြုလျက် ပြန်ဖြေသည်။
“ညီနောင်ကျောက် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် မင်းကို လိမ်ခဲ့မိတယ်။ ကျွန်တော်က တကယ်တော့ စီးပွားရေးသမားတစ်ယောက်ဆိုတာထက် သိုင်းလောကသားတစ်ယောက်ပါ”
“အို စီးပွားရေးသမားမဟုတ်ဘူးလား။ ဒါဆို ညီနောင်က တကယ်ပဲ ဘယ်သူများလဲ”
ကျောက်ယာသည် ချန်ကျဲ့ကို ပြုံးလျက် ကြည့်နေခဲ့ကာ ဆက်မေးသည်။ ချန်ကျဲ့လည်း လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ကျားဖြူခန်းမရဲ့ချန်ကျိုစစ်က မင်းကိုနှုတ်ဆက်ပါတယ် ညီနောင်ကျောက်”
“အို ကျားဖြူခန်းမရဲ့ချန်ကျိုစစ်တဲ့။ ဟားဟား ညီနောင်က အဲဒီအမည်ကျော်ကြားတဲ့ ချန်ကျိုစစ်ဖြစ်နေမယ်လို့ ကျွန်တော် လုံးဝ ထင်မထားမိဘူးပဲ။ ကျွန်တော် မင်းအကြောင်းတွေ ကြားဖူးတယ်။ အရင်တစ်ခေါက်က ညီနောင်က ကျွန်တော့်ကို ကျားဖြူခန်းမအရှင်သခင်ချန်ကျိုစစ်က လမ်းလေးလမ်းကို ဘယ်လိုစီမံခန့်ခွဲတဲ့အကြောင်း သေချာရှင်းပြသွားတုန်းကအကြောင်းကို ပြန်စဉ်းစားကြည့်လိုက်ရင် အင်း.. ငါးကို ရေကူးနည်းသင်ပေးနေသလိုပါပဲလား”
ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ညီနောင်ကျောက် မြှောက်ပင့်လွန်းနေပါပြီ”
ကျောက်ယာမှ ပြန်ပြောသည်။
“ပြီးခဲ့တဲ့အကြောင်းတွေ ပြန်ပြောတာ တော်လောက်ပြီ။ အခုကိစ္စကို ပြောရအောင်ပါ ညီနောင်ချန်။ ခင်ဗျားပြစ်မှုကျူးလွန်တာကို ကျွန်တော်တို့ လက်ပူးလက်ကြပ်မိထားတယ်။ ခင်ဗျားမှာ ပြောစရာရှိသလား”
“ဒါမှမဟုတ် ညီနောင်ချန်က ကျွန်တော်တို့ကိုပါ လူသတ်နှုတ်ပိတ်ဖို့ ကြံစည်နေတာများလား”
ချန်ကျဲ့ ကသိကအောက်နိုင်လှစွာ ပြုံးလိုက်ပြီး ပြောသည်။
“ညီနောင်ကျောက်ကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော် သူတို့ကိုသတ်တယ်ဆိုတာ ကျွန်တော်တို့ကြားမှာ အငြိုးအတေးရှိလို့ပဲ။ ကျွန်တော်နဲ့ ညီနောင်ကျောက်ကြားမှာ ဘာအငြိုးအတေးမှ မရှိဘဲနဲ့။ ကျွန်တော်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး”
ကျောက်ယာမှ ပြန်ပြောသည်။
“အို ဟုတ်လား။ ညီနောင်ချန်က ကျွန်တော်တို့ကို မသတ်ဘူးဆိုတော့ ကျွန်တော်တို့ သခင်ကြီးယဲ့လုဆီ သွားတိုင်ကြားလိုက်မှာကို မကြောက်ဘူးလား။ အဲဒီအခါကျ ညီနောင်ချန်ရဲ့ ကျားဖြူခန်းမအရှင်သခင်နေရာကို မထိန်းသိမ်းနိုင်တော့ရုံတင်မကဘဲ အသက်အန္တရာယ်ပါ ရှိလာနိုင်တယ်နော်”
“အဲဒါတောင်မှ ညီနောင်ချန်က ကျွန်တော်တို့ကို မသတ်ဘူးလား”
ကျောက်ယာသည် ချန်ကျဲ့အား ကျီစယ်စနောက်ခြင်းသော အမူအရာဖြင့် ကြည့်နေခဲ့သည်။
ချန်ကျဲ့မှ ကသိကအောင်နိုင်စွာသော အပြုံးဖြင့် ပြန်ပြောသည်။
“ညီနောင်ကျောက် ဘာလို့ အဲဒီလိုကြီးပြောရတာလဲဗျာ။ ဟုတ်တယ်၊ ကျွန်တော် မင်းပြောသလို လူသတ်နှုတ်ပိတ်ဖို့ တွေးခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ အငြိုးအတေးအတွက် လက်တုံ့ပြန်နိုင်ခဲ့ပေမဲ့ ကျွန်တော်လူသတ်ခဲ့တဲ့ သက်သေကို ချန်ခဲ့မိတယ်လေ’
“ပုံမှန်အခြေအနေမှာဆို ကျွန်တော်လည် မင်းတို့ကို လူသတ်နှုတ်ပိတ်ဖို့ကိုပဲ ရွေးချယ်မိမှာ”
“အတင့်ရဲလိုက်တာ”
ချန်ကျဲ့၏စကားကြောင့် အားစန်း ဒေါသထွက်သွား၏။
“မင်းက ငါတို့သခင်ကို သတ်ဖို့တွေးရဲတယ်ပေါ့လေ။ ငါတို့သာ လှုပ်ရှားလိုက်ရင် မင်းကို ချက်ချင်း ဖမ်းချုပ်ပြီး သေရတာထက် ဆိုးရွားတဲ့အရသာကို ခံစားရစေနိုင်တယ်ဆိုတာ ယုံသလား”
သို့သော် ကျောက်ယာသည် လက်ဆန့်ထုတ်ကာ အားစန်းကို တားလိုက်သည်။ ထို့နောက် ချန်ကျဲ့ကို မေးသည်။
“ဒါဆို ဘာလို့ မလှုပ်ရှားတာလဲ”
“ကျွန်တော် မင်းကို အနိုင်မတိုက်နိုင်ဘူး”
ချန်ကျဲ့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
“မင်းက ဂုဏ်သတင်းကြီးတဲ့ ဂိုဏ်းကြီးတစ်ခုခုရဲ့ ဂိုဏ်းတပည့်တွေဖြစ်လောက်မယ်။ မင်းရဲ့အသွင်အပြင်အရ ဂိုဏ်းငယ်လေးတွေကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီလူသုံးယောက်က အင်အားကြီးမားပြီးတော့ ချီစွမ်းအင်မြင့်မားကြတယ်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်တွေ ဖြစ်နိုင်တယ်”
ထိုအခါ အားစန်းမှ ထောင်လွှားစွာ ပြောသည်။
“မင်းက အမြင်ရှိသားပဲ”
ချန်ကျဲ့မှ ဆက်ပြောသည်။
“မင်းတို့သိတဲ့အတိုင်း မင်းတို့ရဲ့အင်အားနဲ့ ငါ့ကိုသတ်ဖို့က ပုရွတ်ဆိတ်တစ်ကောင်ကို ဖိသတ်တာထက်တောင် လွယ်သေးတယ်မဟုတ်လား”
အားသာ့တို့သုံးဦးသည် ဘာမှမတုံ့ပြန်ကြပေ။ သို့သော် သူတို့၏မျက်နှာအမူအရာများသည်တော့ ချန်ကျဲ့မှာ စဉ်းစားချင့်ချိန်တတ်သည်ဟု အသိအမှတ်ပြုနေကြောင်း ထင်ရှားလှသည်။
ချန်ကျဲ့ ကျောက်ယာဘက်သို့ ပြန်လှည့်လိုက်ပြီး ပြောသည်။
“ညီနောင်ကျောက်ရဲ့အင်အားကိုတော့ ကျွန်တော် မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ ဒီလူသုံးယောက်က မင်းနောက်လိုက်ဆိုမှတော့ မင်းက သာမန်တော့ မဖြစ်နိုင်ဘူးလေ။ ဂိုဏ်းကြီးတစ်ခုခုရဲ့ဆက်ခံသူ ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်။ မင်းလိုအဆင့်အတန်းမျိုးကို ကျွန်တော် မဆင်မခြင် မပြုမူရဲပါဘူး”
“အဲဒီတော့ အခု ကျွန်တော်က လွတ်မြောက်ဖို့လမ်းမရှိဘဲ တကယ့်ကို ကျဉ်းထဲကြပ်ထဲအခြေအနေဖြစ်နေတာပါ”
ချန်ကျဲ့သည် ကူကယ်ရာမဲ့နေသည့် မျက်နှာအမူအရာဖြင့် ကျောက်ယာကို အရိုအသေပြုလျက် ပြောသည်။
“ညီနောင်ကျောက် အခု ကိစ္စတွေက ဒီအခြေအနေဖြစ်နေပြီ။ ကျွန်တော့်ရဲ့ကံကြမ္မာကို မင်းပဲ ဆုံးဖြတ်လိုက်ပါတော့”
ကျောက်ယာသည် ချန်ကျဲ့ကို ကြည့်လျက် ပြောသည်။
“ညီနောင်ချန်က တကယ်တည့်တိုးဆန်တာပဲ”
“ထားလိုက်ပါတော့လေ။ ကျွန်တော်က ဒီတိုင်း လမ်းဖြတ်သွားရင်း အမှတ်မထင် မြင်လိုက်မိရုံပါပဲ။ ကျန်တာတော့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး။ ဒါပေမဲ့ ညီနောင်ချန် မင်းဒီနေ့ ကျွန်တော့်အပေါ် ကျေးဇူးကြွေးတစ်ခုတင်သွားပြီနော်။ အဲဒါကို မှတ်ထားပေးပါဦး”
“ကျေးဇူးကြွေးလား”
ချန်ကျဲ့ ကျောက်ယာကို ကြည့်နေခဲ့သည်။ ကျောက်ယာမှ ပြန်ပြောသည်။
“ဟုတ်တယ်။ ကျေးဖူးကြွေးတင်သွားပြီ။ ကျေးဇူးကြွေးတစ်ခုအတွက် တောင်းဆိုမှုတစ်ခုပေါ့။ အနာဂတ်မှာ ကျွန်တော် မင်းရဲ့အကူအညီကို လိုအပ်ခဲ့ရင် ညီနောင်ချန် ဒီကျေးဇူးကြွေးကို ပြန်ဆပ်ရမယ်”
ချန်ကျဲ့မှ ပြောသည်။
“ဒီကျေးဇူးကြွေးပြန်ဆပ်ဖို့အတွက်ကို ညီနောင်ကျောက်အနေနဲ့ ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ်သတ်မသေခိုင်းဖို့ပဲ မျှော်လင့်ပါတယ်။ အဲဒါကျ ကျွန်တော် မလုပ်နိုင်တာမလို့ပါ”
ကျောက်ယာ ရယ်လိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကျွန်တော့်တောင်းဆိုမှုက သေချာပေါက် ညီနောင်ချန်ရဲ့အသက်ကို တောင်းဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ အဆင်ပြေတယ်မလား”
“ကောင်းပြီ။ ကျွန်တော် ညီနောင်ကျောက်အပေါ် ကျေးဇူးကြွေးတစ်ခုတင်သွားရပါပြီ”
ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
ထိုအခါ ကျောက်ယာမှ ပြောသည်။
“ကောင်းပြီ။ ပြောသင့်တာ အကုန်ပြောပြီးပြီဆိုတော့ ညီနောင်ချန် ကျွန်တော်တို့သွားလိုက်ပါဦးမယ်”
စကားအဆုံး၌ ကျောက်ယာသည် အားသာ့၊ အားအာ့နှင့် အားစန်းတို့ကို မျက်လုံးအချက်ပြလိုက်ပြီး အဝေးသို့ လှညှ်ပြန်ထွက်သွားတော့သည်။
ချန်ကျဲ့ နဖူးမှ ချွေးစေးများကို ပွတ်သုတ်လိုက်ပြီး သူအင်အားတိုးတက်ဖို့အတွက် သေချာအချိန်ပေးရတော့မည်ဟု စိတ်ထဲမှ တွေးလိုက်သည်။ သို့မဟုတ်ပါက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်များ ချဉ်းကပ်လာပါက ဤကဲ့သို့ပင် သတိမထားမိဘဲ ဖြစ်နေရလိမ့်မည်။